ဂေါတမဘုရားရှင်
၂၈။ သုံးလောကထွတ်တင် ဂေါတမဗုဒ္ဓဝင်
[ပြင်ဆင်ရန်]သုမေဓာဆုတောင်းခန်း
[ပြင်ဆင်ရန်]လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအစ
[ပြင်ဆင်ရန်]ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သော် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း အထက်၌ ရှုချင်စဖွယ် ပျော်မွေ့ဖွယ်ကောင်းသော “အမရဝတီ” မြို့သည် ရှိခဲ့၏။ ထိုမြို့သည် စားသောက်ဖွယ် ထမင်း အဖျော်ယမကာတို့နှင့် ပြည့်စုံ၍ ဆင်သံ၊ မြင်းသံ၊ စည်ကြီးသံ၊ ခရုသင်းသံ၊ ရထားသံတို့အပြင် “စားကြကုန်၊ သောက်ကြကုန်” ဟူ၍ စားဖွယ်နှင့်စပ်သော ကြွေးကြော်သံ စသောအသံဆယ် ပါးတို့ဖြင့် တိတ်ဆိတ်ခြင်းမရှိခဲ့၊ မြို့အင်္ဂါအားလုံး ပြည့်စုံ၏။ လုပ်ငန်းဌာနတို့ဖြင့် စည်ကား၏။ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံ၏။ လူအမျိုးမျိုးတို့နှင့် ရော>ပမ်းလျက် ကြက်ပျံမကျ စည်ကားလှ၏။ နတ်ပြည်ကဲ့သို့ ပြည့်စုံ၍ ဘုန်းရှင် ကံရှင်တို့၏ နေရာဖြစ်ခဲ့၏။ ပစ္စည်းဥစ္စာ ကုဋေများစွာ ကြွယ်ဝသော သုမေဓာပုဏ္ဏားသည် ထိုအမရ ဝတီမြို့၌ နေခဲ့သည်။ ပညာရှိသောကြောင့် သုမေဓာဟု ထင်ရှား ကျော်ကြားခဲ့သည်။ ထိုပုဏ္ဏားသည် လှပတင့် တယ် ရှုချင်ဖွယ်ဖြစ်ခဲ့၏။ လူတကာ၏ စိတ်ကို ရွှင်လန်းစေနိုင်သော ရုပ်ဆင်းအင်္ဂါ လက္ခဏာနှင့် ပြည့်စုံ၏။ အခြားတစ်ပါး သော အမှုကိစ္စကိုမပြု၊ ပုဏ္ဏားတို့၏ အတတ်ပညာဖြစ်သော ဗေဒင်သုံးပုံတို့ကိုသာ သင်ယူခဲ့သည်။ ဗေဒင်ကို သရဇ္ဈာယ်တတ်၍ ဗေဒင်သုံးပုံတို့ကို ဆောင်ထားနိုင်၏။ ဗေဒင်တို့၌ ကျွမ်းကျင်လိမ္မာခဲ့၏။ လက္ခဏာကျမ်း၊ ဣတိဟာသကျမ်းတို့၌ အထွတ်အထိပ်သို့ ရောက်ခဲ့၏။
ဘဝ၏ကျဉ်းကျပ်ဆင်းရဲမှုကို ဆင်ခြင်မိခြင်း
[ပြင်ဆင်ရန်]သုမေဓာသူဌေးသားသည် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်၍ “ဘဝသစ်၌ ဖြစ်ရခြင်းသည် ဆင်းရဲ၏။ စုတိပြတ်ကြွေ သေရခြင်းသည်လည်း ဆင်းရဲ၏။ ပဋိသန္ဓေနေရခြင်းသဘော၊ အိုရခြင်းသဘော၊ နာရခြင်းသဘောသည်ရှိ၏။ ထိုအိုခြင်း ကင်းရာ၊ နာခြင်း ကင်းရာ၊ သေခြင်း ကင်းရာ နိဗ္ဗာန်ကို ရှာမှီး တော့အံ့။ ကျင်ကြီးကျင်ငယ် စသော အပုပ်အသိုး အမျိုးမျိုးတို့ဖြင့်ပြည့်သော ဤကိုယ်ကောင် ပုပ်ကို မငဲ့ကွက်ဘဲ စွန့်ပစ်၍သွားရမူ ကောင်းလေစွ။ ဘဝမှလွတ် မြောက်ကြောင်း လမ်းစဉ်သည် မရှိဘဲမနေရာ၊ မုချရှိရမည်။ ထိုလွတ်မြောက်ကြောင်း လမ်းစဉ်ကို ရှာမှီးတော့အံ့။ ဆင်းရဲရှိသော် ချမ်းသာရှိ့သကဲ့သို့ ဘဝရှိသော် ဘဝကင်းရာ နိဗ္ဗာန်ရှိရာ၏။ အပူရှိသော် အအေးရှိသ ကဲ့သို့ လောဘ၊ ဒေါသ၊ မောဟမီး သုံးမျိုးရှိသော် ထိုမီးကင်းရာ နိဗ္ဗာန်လည်း ရှိသင့်၏။ မစင်လူးသော ယောကျ်ား သည် ရေပြည့်နေသော ရေကန်ကို တွေ့ပါလျက် ထိုကန်ကို မရှာမှီးဘဲနေအံ့။ ထိုရေကန်၏ အပြစ် မဟုတ်ချေ။ ထို့အတူ ကိလေသာကို ဆေးကြောရာ နိဗ္ဗာန်ရှိပါလျက် ထိုနိဗ္ဗာန်ကို မရှာမှီးခြင်းသည် နိဗ္ဗာန်၏ အပြစ်မဟုတ်ချေ။ ရန်သူဝိုင်းခြင်း ခံထားရသော ယောကျ်ားသည် ပြေးသွားစရာ လမ်းရှိပါလျက် မပြေးဘဲနေခြင်းသည် လမ်း၏ အပြစ်မဟုတ်ချေ။ ထို့အတူ ကိလေသာရန်သူ ဝိုင်းရံခြင်း ခံရသူသည် အေးငြိမ်းရာ နိဗ္ဗာန်ရှိပါလျက် ထိုနိဗ္ဗာန်သို့ သွားရာလမ်းခရီးကို အသုံးမပြုခြင်းသည် နိဗ္ဗာန်သို့သွားရာ လမ်းခရီး၏ အပြစ်မဟုတ်ချေ။ ယောကျ်ားသည် ဆေးဆရာရှိပါလျက် အနာရောဂါကို မကုစား။ ထိုသို့မကုစားခြင်းသည် ဆေးဆရာ၏ အပြစ်မဟုတ် သကဲ့သို့ ထို့အတူ ပင် ကိလေသာအနာ နှိပ်စက်ခံရသူသည် ထိုကိလေသာ အနာကို ကုစားနိုင်သော ဆရာကို မရှာမှီးက ဆရာ၏ အပြစ်မဟုတ်။ မရှာမှီးသော ကိလေသာအနာရှိသူ၏ အပြစ်သာဖြစ်သည်။ လည်ပင်း၌ ဆွဲထားသော အကောင်ပုပ်ကို ဆွဲဖြုတ်ပြီး ချမ်းသာရာသို့ သွားသကဲ့သို့ ထို့အတူ ကျင်ကြီး ကျင်ငယ် စက်ဆုပ်ဖွယ် အပြစ်အမျိုးမျိုးတို့၏ စုဝေးရာ ဤကိုယ်ကောင်ပုပ်ကို စွန့်ပစ်၍ သွားပါတော့အံ့။ လှေပိုင်ရှင် လှေစီးသူ တို့သည် ရေယိုနေသော လှေကို စွန့်ပစ်၍ သွားသကဲ့သို့ ထို့အတူ ဒွါရကိုးပေါက် ရှိ၍ အမြဲမပြတ် ယိုစီးလျက်ရှိသော ဤခန္ဓာကိုယ်ယုတ် အကောင်ပုပ်ကို စွန့်ပစ်၍ သွားပါတော့အံ့။ သူခိုးဓါးပြတို့နှင့်အတူ ခရီးသွားသော ဘဏ္ဍာထုပ် ပိုင်ရှင်သည် ဘဏ္ဍာထုပ်ကို လုယက်မည် စိုးရိမ်၍ သူခိုးတို့ကို ဖယ်ရှောင် သွားသကဲ့သို့ ကုသိုလ်တရားကို လုယက် ဖျက်ဆီးတတ်သော ခန္ဓာကိုယ်ကို စွန့်ပစ်ကာ ဖယ်ရှောင်၍ သွားပါတော့အံ့”ဟု အကြံဖြစ်ခဲ့လေသည်။
သုမေဓာပုဏ္ဏား တောထွက်တော်မူခြင်း
[ပြင်ဆင်ရန်]သုမေဓာပုဏ္ဏားသည် ဘဝဆင်းရဲနှင့် ဘဝဆင်းရဲမှ လွတ်မြောက်ရန် အမျိုးမျိုး အဖုံဖုံ တွေးတောပြီးနောက် စည်းစိမ်ဥစ္စာ တို့၏ အနှစ်မပါ၊ အကာပြဲ့ပြဲ့ဖြစ်ပုံ၊ ကိုယ်မပိုင်ပါဘဲလျက် ကိုယ်ပိုင်ဟူ၍ လွဲမှားစွာခံယူထားပုံကို မြင်မိခဲ့ပြန်ပါသည်။ “ငါ့တွင်ရှိသော ကုဋေကုဋာမက များပြားလှသည့် ပစ္စည်းဥစ္စာများသည် မိဘက်ဖဘက် ဆွေမျိုးအဆက်ဆက်မှရခဲ့သော ပစ္စည်း ဥစ္စာများဖြစ်ခဲ့သည်။ ငါ၏အမိအဖ အဖိုးအဖွားတို့သည် ဥစ္စာအစုတို့ကို ရှာဖွေ စုဆောင်းထားခဲ့၏။ ထိုအမိအဖ အဖိုးအဖွားတို့ကား တမလွန်လောကသို့ သွားခဲ့ကြလေပြီ။ ထိုသူတို့သည် ထိုပစ္စည်းဥစ္စာ များအနက်မှ အသပြာ တစ်ပြား တစ်ချပ်ကိုမျှ ယူဆောင်၍ မသွားနိုင်ခဲ့ကြပါတကား။ ငါသည်ကား သံသရာသို့ ယူဆောင်သွားနိုင်သည့် နည်းလမ်းကို ကျင့်သုံးမှ တော်တော့ မည်”ဟု ကြံစည် ပြီးလျှင် ကုဋေအရာမက များပြားလှသော ပစ္စည်းဥစ္စာတို့ကို ကိုးကွယ်ရာရှိသူ ကိုးကွယ်ရာမဲ့သူတို့အား ပေးလှူခဲ့ပြီးလျှင် တစ်ယောက် ထီးတည်း အမရဝတီမြို့မှ ထွက်၍ ဟိမဝန္တာတောသို့ ဝင်ခဲ့လေသည်။ ဟိမဝန္တာတော အနီး ဓမ္မိကတောင်၌ သင်္ခမ်းကျောင်းကို ကောင်းစွာ ဆောက်လုပ်ခဲ့၏။ သစ်ရွက်မိုး ကျောင်းကို ဖန်ဆင်းခဲ့၏။ အပြစ်ငါးပါး ကင်းသော စင်္ကြံကို စီစဉ်ထားခဲ့၏။ ဂုဏ်ကျေးဇူးရှစ်ပါးနှင့် ပြည့်စုံသော အဘိညာဉ်အားကို ဆောင်စေနိုင်သည့် ကျောင်းသင်္ခမ်းမျိုး ဖြစ်ခဲ့လေသည်။ ထိုကျောင်းသင်္ခမ်း၌ အပြစ်ကိုးပါးရှိသော အဝတ်ပုဆိုးကို စွန့်ပယ်၍ ဂုဏ်ကျေးဇူး တစ်ဆယ့်နှစ် ပါးနှင့် ပြည့်စုံသော လျှော်တေသင်္ကန်းကို ဝတ်ဆင် လျက် ရသေ့ရဟန်းပြုခဲ့၏။ သုမေဓာ ရှင်ရသေ့သည် အပြစ်ရှစ်ပါး ရှိသော သင်္ခမ်းကျောင်းကို စွန့်ခဲ့ပြန်၍ ဂုဏ်ကျေးဇူးဆယ်ပါးနှင့် ပြည့်စုံသော သစ်ပင်ရင်းသို့ ချဉ်းကပ်၏။ စိုက်ပျိုးကြဲချသော ဆန်စပါးမှဖြစ်သော အစာ အာဟာရကို ပယ်စွန့်၍ ဂုဏ်အပေါင်းနှင့် ပြည့်စုံသော အလိုလိုကြွေကျသည့် သစ်သီးအစာအာဟာရကိုသာ စားသုံးခဲ့လေသည်။ ထိုင်ခြင်း၊ ရပ်ခြင်း၊ စင်္ကြံကြွခြင်းဖြင့် ကမ္မဋ္ဌာန်းတရားကို အားထုတ်ခဲ့သဖြင့် ခုနစ်ရက်အတွင်း သမာပတ်ရှစ်ပါးနှင့်တကွ အဘိညာဉ်ငါးပါးကို ရတော်မူခဲ့လေသည်။
ဒီပင်္ကရာဘုရားရှင် လောက၌ ပွင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော် သုမေဓာရှင်ရသေ့ သမာပတ်ချမ်းသာကို ခံစားနေစဉ် လောကသုံးပါး၏ အကြီးအမှူး ဦးစီးခေါင်း ဆောင် ဖြစ်တော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားရှင် ပွင့်တော်မူခဲ့သည်။ ထိုဒီပင်္ကရာ မြတ်စွာဘုရား ပဋိသန္ဓေယူ သော အခါ၊ ဖွားတော်မူသောအခါ၊ ဘုရားဖြစ်တော် မူသောအခါ၊ တရားဦး ဟောတော်မူသောအခါတို့၌ လောက ဓာတ်စကြ ဝဠာ တိုက်တစ်သောင်းသည် အောက်သို့ သက်၍လှုပ်၏၊ အထက်သို့တက်၍လှုပ်၏။ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဝဲယာ ယိမ်းနွဲ့ကာ လှုပ်၏။ သို့သော် သုမေဓာရှင်ရသေ့သည် ဈာန် သမာပတ်ချမ်း သာ၌သာ ပျော်မွေ့နေခဲ့၍ ထိုနိမိတ် ကြီးများကို တွေ့မြင် သိရှိတော်မမူလိုက်ပေ။ ဒီပင်္ကရာ မြတ်စွာဘုရားရှင်သည် ရဟန္တာ လေးသိန်း ခြံရံလျက် ဒေသစာရီကြွချီတော်မူခဲ့ရာ လွန်စွာမွေ့လျော် ပျော်ဖွယ်ရာ ကောင်းသော “ရမ္မာ” ပြည်သို့ ရောက်တော်မူခဲ့သည်။ ရမ္မာပြည် “သုဒဿန” ကျောင်းတော်၌ ကိန်းအောင်း စံပျော်တော်မူခဲ့၏။ ပြည်သူပြည်သား လူအများတို့သည် မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ကို ယူဆောင်ကာ ပန်းနံ့သာ တို့ကို လက်စွဲကုန်လျက် ရတနာသုံးပါးတို့၌ ကိုင်းညွတ် သောစိတ်ဖြင့် ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ကြကုန်၏။ ဘုရားရှင်ဟောကြားတော်မူသော တရားဒေသနာ တော်ကို နာယူကြ ကုန်ပြီးနောက် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းပင့် ဖိတ်ကြပြီးလျှင် ဘုရားရှင်အား လက်ယာရစ်လှည့် အရိုအသေပြုကာ ရှောင်ဖယ်သွားကြကုန်၏။ နောက်တစ်နေ့ရောက်သောအခါ အလှူကြီးကို စီစဉ်ရန် မြို့ကို တန်ဆာဆင် ကြကုန်၏။ တိုင်းစွန်ပြည်ဖျား၌ ဘုရားရှင်ကြွလာမည့်လမ်းကို မြေဖို့ခြင်း၊ မြေအညီ အညွတ်ပြုခြင်း၊ သဲဖြူခင်း ရာဇမတ်ကာခြင်း၊ ပန်း ပေါက်ပေါက်တို့ ကြဲဖြန့်ခြင်း၊ တံခွန်ကုက္ကား မုလေးပွားတို့ကို စိုက်ထူခြင်း၊ ငှက်ပျောပင် စိုက်ခြင်း ရေပြည့်အိုး တည်ထားခြင်းတို့ကို ဝမ်းပမ်းတသာ ပြုကြကုန်၏။ ထိုအခါ သုမေဓာရှင်ရသေ့သည် သင်္ခမ်းကျောင်းမှထွက်၍ လျှော်တေ သင်္ကန်းကို ခါလျက် ကောင်းကင် ခရီးဖြင့် သွားလေလျှင် “ရမ္မာ” ပြည်သူ ပြည်သားတို့ ဝမ်းမြောက်ဝမ်းသာ လမ်းပြင်နေကြသည်ကို တွေ့မြင်ရသည်။ ထိုအခါ ကောင်းကင်မှ ဆင်းသက်၍ “အို အချင်းတို့...ရွှင်ရွှင် လန်းလန်း ဝမ်းပန်းတသာ မည်သူ၏ အကျိုးငှာ လမ်းခရီးကို သုတ်သင်နေ ကြပါ သနည်း”ဟု မေးလေလျှင် ပြည်သူပြည်သား လူအများတို့က “အို ရှင်ရသေ...လောက၌ သစ္စာလေးပါး တရားကိုသိ၍ လောက၌ အမြတ်ဆုံး ဖြစ်တော်မူကာ လောက၏ရှေ့သွား ဒီပင်္ကရာမြတ်စွာဘုရားသည် လောက၌ ထင်ရှားပွင့် တော်မူလေပြီ။ ထိုဘုရားရှင်အလို့ငှာ လမ်းခရီးကို သုတ်သင် ကြပါကုန်၏”ဟု ဖြေကြားခဲ့ကြ၏။
သုမေဓာရှင်ရသေ့သည် ဘုရားဟူသော အသံကို ကြားရသောအခါ နှစ်သက်ခြင်းပီတိသည် တစ်ကိုယ်လုံး၌ ပျံ့နှံ့ခဲ့ရ သည်။ ‘ဘုရား ဘုရား’ ဟုဆိုလျက် ဝမ်းမြောက်ခြင်း သောမနဿသည် ရင်တွင်း၌ တလှိုက်လှိုက် ဖြစ်ခဲ့၏။ ထိုနေရာ၌ရပ်လျက် “ငါသည် ထိုဘုရားထံ၌ ကုသိုလ် မျိုးစေ့တို့ကို စိုက်ပျိုးတော့အံ့၊ အခွင့်ကောင်းကို ယူတော့အံ့”ဟု ကြံစည်ခဲ့သည်။ “အို အချင်း တို့...သင်တို့သည် ဘုရားရှင်အတွက် လမ်းခရီးကို သုတ်သင်ပါမူ ငါ့အားလည်း တစ်နေရာပေးကြပါ။ ငါလည်းခရီးလမ်းကိုသုတ်သင်ပါမည်”ဟု တောင်းခံခဲ့လေသည်။ ထိုအခါ “ရမ္မာ” ပြည်သူ ပြည်သားတို့သည် သုမေဓာရှင်ရသေ့ တန်ခိုး အာနုဘော် ရှိကြောင်းကို သိကြသဖြင့် ရေနှင့် ဆက်စပ်၍ ရွှံ့ညွန်ပေါ များပြီး မညီညွတ်သော နေရာတစ်ခုကိုပေးကြကုန်၏။ သုမေဓာ ရှင်ရသေ့သည် ဘုရားဂုဏ်ကို အာရုံယူ၍ ]ဘုရား ဘုရား}ဟု ဆင်ခြင်လျက် “ငါသည် ဤနေရာကို တန်ခိုးစွမ်းဖြင့် ပြင်ဆင်သုတ်သင်ရန် စွမ်းနိုင်၏။ သို့သော် ငြားလည်း ကိုယ်တိုင်ကိုယ်ကျသာ ကိုယ်ဖြင့်ကာယကံမြောက် ပြုလုပ်၍ ကုသိုလ်မျိုးစေ့ကို ရယူသင့်၏”ဟု ကြံစည်ပြီးလျှင် မြေမှုန့်တို့ကို ထမ်းယူ၍ မညီမညွတ်ရွှံ့ဗွက် နေရာကို ဖို့တော်မူခဲ့၏။
ဒီပင်္ကရာဘုရားရှင် ကြွလာတော်မူခြင်း
[ပြင်ဆင်ရန်]သုမေဓာရှင်ရသေ့၏ တာဝန်ကျရာနေရာကို ပြုပြင်ဖို့လုပ်၍ မပြီးသေးမီ ဒီပင်္ကရာဘုရားရှင်သည် အဘိညာဉ်ခြောက်ပါး ကို ရရှိတော်မူကြကုန်၍ တာဒိဂုဏ်နှင့်ပြည့်စုံကာ ကိလေသာအညစ်အကြေး ကင်းစင်တော်မူကြ ကုန်သော ရဟန္တာ အရှင်သူမြတ် လေးသိန်းတို့ ခြံရံလျက် ကြွလာတော်မူသည်။ နတ်လူတို့သည် ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြိုဆိုခဲ့ ကြ၏။ နတ်တို့သည် နတ်၌ဖြစ်သော ပန်းနံ့သာ အမွှေးအထုံတို့ကို ကြဲဖြန့်ကုန်လျက် နတ်၌ဖြစ်သော တူရိယာတို့ကို ပူဇော်တီးခတ်ကြကုန်၏။ လူတို့ကလည်း နတ်တို့နည်းတူ နံ့သာပန်းတို့ဖြင့် လည်းကောင်း၊ တူရိယာတို့ကို တီးမှုတ်ခြင်း ဖြင့်လည်းကောင်း ပူဇော်ခဲ့ကြကုန်၏။ ကောင်းချီးကြွေးကြော် သာဓုခေါ်ကြကုန်၏။ ဘုရားရှင်သည် အနှိုင်းမဲ့သော ဘုရားရှင်၏ တင့်တယ် စံပယ်ခြင်းဖြင့် ရွှေဂူမှထွက်သော ခြင်္သေ့မင်းကဲ့သို့ ထိုတန်ဆာဆင် သုတ်သင် ထားသော လမ်းခရီးသို့ လှမ်းကြွ တော်မူလာခဲ့သည်။ နတ်လူတို့သည် အချင်းချင်း မြင်ခဲ့ကြကုန်၏။ ထိုနတ်လူတို့ သည် လက်အုပ်ချီလျက် ဘုရားရှင်၏ နောက်မှ အစဉ်လိုက်ခဲ့ ကြကုန်၏။
သုမေဓာရှင်ရသေ့သည် တန်ဆာဆင်ယင် သုတ်သင်ထားသော လမ်းမဖြင့် ကြွချီတော်မူလာသော ဘုရားရှင်ကို စတင် ဖူးမြင်ခဲ့ရသည်။ ဘုရားရှင်သည် သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်တို့၏ လက္ခဏာတော်ကြီး ရှစ်ဆယ်သော လက္ခဏာငယ်တို့ဖြင့် ရွှန်းရွှန်းအိအိ တင့်တယ်လှပါဘိ၏။ တစ်လံမျှ လောက်သော အမြဲမပြတ် တောက်ပသော ရောင်ခြည်တော်တို့ဖြင့် ဝန်းရံကာ လျှပ်စစ် လျှပ်နွယ် လျှပ်ပန်းတို့ ယှက်သန်းသည့်ပမာ ပြိုးပြိုးပြက်သော ရောင်ခြည်တော်ခြောက်ဆိုင်တို့ ကွန့်မြူးနေခဲ့သည်။ ရူပကာယတော်သည် တင့်တယ်ခြင်း အထွတ်အထိပ်သို့ ရောက်နေ တော်မူခဲ့သည်။ သုမေဓာရှင်ရသေ့သည် “ယနေ့ ငါသည် ဒီပင်္ကရာ ဘုရားရှင်ထံတော်၌ အသက် ကိုစွန့်ရန် သင့်၏။ ဘုရားရှင်သည် ညွန်ပြောင်း၌ ဆင်းရဲစွာ နင်းကြွ တော်မမူပါစေလင့်။ ပတ္တမြား ပျဉ်တံတားကို နင်းကြွတော်မူသကဲ့သို့ ရဟန္တာ လေးသိန်းတို့နှင့်တကွ ငါ၏ကျောက်ကုန်း (ကျောပြင်) ကိုနင်း၍ ကြွတော်မူ ပါစေသတည်း။ ထိုသို့နင်းကြွ တော်မူပါက ရှည်မြင့်စွာသော ကာလ ပတ်လုံး အကျိုးစီးပွားကို ဧကန်ရလတ္တံ့”ဟု ဆင်ခြင်ပြီးလျှင် ဆံကျစ်ကိုဖြေ၍ သစ်နက် လျှော်တေ သင်္ကန်းကို ညွန်ပျောင်း၌ ဖြန့်ခင်းကာ အလျားမှောက် ခဲ့လေသည်။
ဒီပင်္ကရာဘုရားရှင်ထံ ဆုပန်ခြင်း
[ပြင်ဆင်ရန်]ထို့နောက် သုမေဓာရှင်ရသေ့သည် ညွန်ပျောင်း၌ လျောင်းလျက်သာ မျက်စိကိုဖွင့်၍ ဘုရားရှင်၏ ကျက်သရေတော်ကို ဖူးမြော်ကြည်ညို လျက် “ငါသည် အလိုရှိသော် ဤနေရာ၌ပင် ကိလေသာ ကုန်ခန်း ရဟန္တာဖြစ်နိုင် ရာ၏။ ဤဘုရား ရှင်သာသနာတော်၌ မထင်ရှားသော အသွင်ဖြင့် တရားကို မျက်မှောက်ပြုကာ ကျွတ်တမ်းဝင်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ငါသည် နတ်နှင့်တကွသော လောက၌ သဗ္ဗညုတရွှေဉာဏ်တော်ကိုရ၍ ဘုရားဖြစ် စေဦးအံ့။ ငါသည် စွမ်းအားရှိသော ယောကျ်ား ဖြစ်ပါလျက် တစ်ယောက်တည်း သံသရာကို ကူးမြောက်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ သဗ္ဗညုတရွှေဉာဏ် တော်ကိုရ၍ နတ်နှင့်တကွသော လောကကို ကယ်တင်တော့အံ့။ သံသရာ တည်းဟူ သော ရေအလျင်ကိုဖြတ်၍ ဘဝသုံးပါးကို ဖျက်ဆီးပြီးလျှင် တရားတည်းဟူသော လှေသင်္ဘောသို့ တက်စီးလျက် နတ်နှင့်တကွသော လောကကို နိဗ္ဗာန်ဟူသော တစ်ဘက်ကမ်းသို့ ပို့ဆောင်အံ့”ဟု ဆုပန်ရန် ရည်ရွယ်ပြီး “ငါသည် လူသားဖြစ်ခြင်း၊ ယောကျ်ားအာဇာနည် ဖြစ်ခြင်း၊ အရဟတ္တဖိုလ်ကိုရနိုင်သည့် ကုသိုလ်အဆောက် အဦးရှိပြီးဖြစ်ခြင်း၊ သက်တော်ထင်ရှား ဒီပင်္ကရာ ဘုရားရှင်ကို ဖူးတွေ့ရခြင်း၊ ရသေ့ ရဟန်းဖြစ်ခြင်း၊ ဈာန်အဘိညာဉ် နှင့် ပြည့်စုံခြင်း၊ ဆုတောင်းခြင်း၊ အလွန်ပြင်းပြသော ဆန္ဒရှိခြင်း ဟူသော ဘုရားဆုပန်မှု၌ ပြီးမြောက်စေနိုင်သော အင်္ဂါရှစ်ပါးနှင့်လည်း ပြည့်စုံခဲ့သည်။ ထိုကြောင့် ငါ၏ဘုရားဆုပန်ခြင်းသည် ပြီးပြည့်စုံနိုင်ရာ၏”ဟု ကြံစည်ခဲ့လေသည်။ ကြံစည်သည့် အတိုင်းပင် သုမေဓာရှင်ရသေ့သည် နှုတ်မှ ဖွင့်ဟ၍ ဒီပင်္ကရာဘုရားရှင်ရှေ့မှောက်၌ ဆုပန်ခဲ့လေသည်။
ထိုစဉ်က ယသောဓရာဒေဝီအလောင်းသည် ရမ္မာဝတီမြို့ဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ သုမိတ္တာဟု ထင်ရှားသော အမျိုးသမီး ဖြစ်ခဲ့သည်။ ထိုသုမိတ္တာသည် ဒီပင်္ကရာ ဘုရားရှင်အား ပူဇော်ခြင်းငှာ ကြာရှစ်ခိုင်ကိုယူ၍ သုမေဓာရှင်ရသေ့ ဘုရား ဆုပန်မည့်နေရာဖြစ်သော ပြည်သူပြည်သားတို့၏ စုဝေးရာသို့ ချဉ်းကပ်ခဲ့၏။ ထိုလူစုလူဝေး၌ ကျောပြင်ကို တံတား အသွင်ပြု၍ ညွန်ပျောင်း၌ လျောင်းနေသော သုမေဓာရှင်ရသေ့ကို တွေ့ရသည့်အခါ ကြာမြင့်စွာသော ကာလပတ်လုံး အစဉ်တစိုက် ချစ်ခင်ကြင်နာခဲ့ရသော သံယောဇဉ်ဓာတ်ခံ အထုံဝါသနာကြောင့် သုမေဓာရှင်ရသေ့ သည် သုမိတ္တာ၏ စိတ်ကို ဆွဲဆောင်နိုင်ခဲ့၏။
သုမိတ္တာ၏စိတ်တွင် “သုမေဓာရှင်ရသေ့ကို ဖူးမြင်ရသဖြင့် သူမ၏ အသက်ရှင်ခြင်းသည် အကျိုး ရှိလေစွ”ဟု အောက်မေ့ ထင်မှတ်ခဲ့၏။ ကုသိုလ်ကောင်းမှု၌ တက်ကြွသော သုမေဓာ ရှင်ရသေ့ကို လွန်စွာကြည်ညိုခဲ့သည်။ “အရှင်ရသေ့...ဘုရားရှင်အား ပေးလှူရန် သင်၏လက်တွင် လှူဖွယ် ပစ္စည်းကို မမြင်ပါ၊ အရှင်ရသေ့အား ကြာပန်းငါးခိုင်ကို လှူပါ၏။ ကြာပန်းသုံးခိုင်သာ ကျွန်ုပ်အတွက်ဖြစ်ပါစေ။ အရှင်ရသေ့သည် အရှင်၏ သမ္မာသမ္ဗောဓိ ဉာဏ်ရရန် ဆောင်ရွက်နေသမျှ ကာလပတ်လုံး အရှင်ရသေ့နှင့် အတူတကွ ပေါင်းဆုံမိ ခြင်းဖြစ်ပါစေ”ဟု ပြောဆိုလျက် အရှင်ရသေ့ ၏ လက်သို့ ကြာငါးခိုင်ကို အပ်နှင်း လှူဒါန်းခဲ့လေသည်။
ဒီပင်္ကရာဘုရားရှင်ထံ ဗျာဒိတ်ခံယူတော်မူခြင်း
[ပြင်ဆင်ရန်]အဝေးမှဆောင်ယူလာသော လှူဖွယ်ပစ္စည်းဝတ္ထုကို ခံယူတော် မူထိုက်သော လောကသိမြင် ဒီပင်္ကရာ ဘုရားရှင်သည် အလောင်းတော် သုမေဓာရှင်ရသေ့၏ ဦးခေါင်းအနီး၌ မားမားမတ်မတ် ရပ်တော်မူ လျက် ဤဗျာဒိတ်စကားကို မိန့်ကြားတော်မူခဲ့ပါသည်။ ]ဆံကျစ်ကို ထုံး၍ ထက်မြက်သော အကျင့်ရှိသည့် ညွန်ပျောင်း၌ ဝမ်းလျား မှောက်နေသော ဤရသေ့ကို ရှုကြည့်ကြကုန်လော့။ ဤရသေ့သည် ဘုရားဖြစ်ရန် ဆုတောင်း၍ ညွန်ပျောင်း၌ ဝမ်းလျား မှောက် လျောင်းလျက်ရှိ၏။ ထိုရသေ့၏ ဆုတောင်းသည် ပြည့်စုံ လတ္တံ့။ ဤကမ္ဘာမှ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအကြာ ဘဒ္ဒကမ္ဘာ၌ တစ်လောကလုံး၏ အမြတ်ဆုံး မြတ်စွာဘုရား ဖြစ်လတ္တံ့။ ကပိလဝတ် နေပြည်တော်သည် ဘုရားလောင်း ၏ ပျော်မွေ့ဖွယ်ကောင်းသော ဇာတိချက်ကြွေ မွေးဖွားရာမြို့တော် ဖြစ်လတ္တံ့။ ထိုမြို့တော်မှ မြတ်သော တောထွက် တော်မူခြင်းဖြင့် တောထွက်တော်မူ၍ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကိုပြုလျက် ပြုနိုင်ခဲသော ဒုက္ကရစရိယာ အကျင့်ကို ကျင့်တော်မူ လတ္တံ့။ ဆိတ်ကျောင်းညောင်ပင်ရင်း၌ ထိုင်တော်မူလျက် သုဇာတာ မည်သော သတို့သမီးလှူဒါန်းသည့် နို့ဃနာဆွမ်းကို ခံယူ ၍ နေရဉ္ဇရာ မြစ်ကမ်း၌ နို့ဃနာဆွမ်း ဘုဉ်းပေးပြီးလျှင် နတ်တို့ စီရင်သော မြတ်သော ခရီးဖြင့် ဗောဓိပင်ရင်းသို့ ချဉ်းကပ်လတ္တံ့။ ထို့နောက် အတုမရှိ များစွာသော အခြံအရံရှိသော ဘုရားအလောင်း တော်သည် သဗ္ဗညုတဉာဏ်တော်၏ ကြည်လင်ရာ ဗောဓိမဏ္ဍိုင်ကို လက်ယာရစ် လှည့်တော်မူ၍ ညောင်ဗုဒ္ဓဟေ ပင်ရင်း၌ သစ္စာလေးပါး တရားတို့ကို ထိုးထွင်း သိမြင်တော်မူကာ ဘုရားဖြစ်တော်မူလတ္တံ့။
ထိုဘုရားရှင်၏ မွေးမိခင်သည် မယ်တော်မာယာဒေဝီဖြစ်၍ ခမည်းတော်သည် သုဒ္ဓေါဒန မင်းကြီး ဖြစ်လတ္တံ့။ ထိုဘုရားရှင်၏ ဘွဲ့အမည်တော်ကား ]ဂေါတမ} ဖြစ်လတ္တံ့။ အာသဝေါ ကင်း၍ ရာဂမရှိ တည်ကြည်သော စိတ်ရှိကုန် သော အမြတ်ဆုံးတပည့် အဂ္ဂသာဝကတို့သည်ကား ဥပတိဿနှင့် ကောလိတတို့ဖြစ် ကုန်လတ္တံ့။ အလုပ်အကျွေး ရဟန်းသည်ကား အာနန္ဒာဖြစ်၍ ထိုဘုရားရှင်ကို လုပ်ကျွေးလတ္တံ့။ အာသဝေါမရှိ ရာဂကင်း၍ တည်ကြည်သော စိတ်ရှိကုန် သော အမြတ်ဆုံးတပည့်မ အဂ္ဂသာဝိကာတို့သည်ကား ခေမာနှင့် ဥပ္ပလဝဏ်တို့ ဖြစ်ကုန်လတ္တံ့။ ထိုဘုရားရှင်၏ ဗောဓိပင်သည် ညောင်ဗုဒ္ဓဟေပင်ဖြစ်လတ္တံ့။ အမြတ်ဆုံး အလုပ်အကျွေးဒါယကာ အဂ္ဂဥပဋ္ဌာက ဥပါသကာတို့ သည်ကား စိတ္တနှင့် ဟတ္ထအာဠဝကတို့ ဖြစ်ကုန်လတ္တံ့။ အမြတ်ဆုံး အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌာက ဥပါသိကာတို့သည်ကား ဥတ္တရာနှင့် နန္ဒမာတာ တို့ဖြစ်ကုန်လတ္တံ့”ဟု ဗျာဒိတ်စကား >မက်ကြား တော်မူခဲ့လေသည်။
နတ်လူတို့ကြွေးကြော်၍ ဆုတောင်းကြခြင်း
[ပြင်ဆင်ရန်]နတ်လူတို့သည် အတုမရှိသော ဘုရားရှင်၏ ဗျာဒိတ်စကားတော်ကို ကြားနာရလျှင် “ဤရသေ့ကား ဘုရားအလောင်း၊ ဘုရားမျိုးစေ့၊ ဘုရားအညွှန့် စင်စစ်ဖြစ်သတတ်”ဟု ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်ကြကုန်၏။ လက်ပန်း ပေါက်ခတ် ကြကုန် ၏။ လောကဓာတ် တိုက်တစ်သောင်းရှိ နတ်လူတို့သည် လက်အုပ်ချီမိုး ရှိခိုးကြကုန်၏။ “မြစ်ကို ကူးကုန်သော သူတို့သည် မျက်နှာချင်းဆိုင် ဆိပ်ကမ်းကို ဖြောင့်ဖြောင့် မကူးနိုင်ဘဲ လွဲချော်ခဲ့သော် အောက်ဆိပ်ကမ်း ကို ယူ၍ မြစ်ကို ကူးကုန်သကဲ့သို့ ဤအတူပင် ငါတို့သည်လည်း ဤဒီပင်္ကရာ မြတ်စွာဘုရား၏ သာသနာတော်၌ မဂ်ဖိုလ်မရ လွဲချော်ခဲ့သော် နောင်လာမည့် အနာဂတ် ကာလတွင် ပွင့်တော်မူမည့် ဂေါတမ ဘုရားရှင်၏ မျက်မှောက်၌ ကျွတ်တမ်း ဝင်ရပါလို၏”ဟု ဆုတောင်းမှုပြုကြကုန်၏။
ဒီပင်္ကရာ ဘုရားရှင်သည် သုမေဓာရှင်ရသေ့အား ဗျာဒိတ်စကား မိန့်ကြား တော်မူပြီးလျှင် လက်ယာ ခြေတော်ကို ကြွချီတော်မူခဲ့သည်။ ထိုအရပ်၌ ရှိကြ ကုန်သော ဒီပင်္ကရာဘုရားရှင်၏ သားတော် သံဃာတော် အရှင်မြတ်တို့သည် သုမေဓာရှင်ရသေ့ကို အရိုအသေပြုခဲ့ကြသည်။ နတ်၊ လူ၊ အသုရာတို့သည် ရိုသေစွာ ရှိခိုး၍ ဖဲသွားခဲ့ကြကုန်၏။ သုမေဓာရှင်ရသေ့သည် ဘုရားရှင်နှင့် သံဃာတော်များ ကြွသွားတော်မူသည်ရှိသော် ညွန့်ပျောင်း၌လျောင်းရာမှ ထ၍ တင်ပလ္လင်ခွေပြီး ထိုင်နေလျက် --- “ငါသည် သုခဝေဒနာဖြင့် ချမ်းသာသူ၊ ပါမောဇ္ဇဖြင့် ဝမ်းမြောက်သူ၊ ပီတိဖြင့် နှစ်သက်ခြင်းရှိသူဖြစ်ခဲ့ပြီ။ ငါသည် ဈာန်၌လေ့လာပြီးဖြစ်ခဲ့ပြီ၊ အဘိညာဉ် အပြီးအဆုံးသို့ ရောက်ခဲ့၏။ လောကဓာတ် တိုက်တစ်သောင်း၌ ငါနှင့်တူသူမရှိ”ဟု ကြံစည်လျက် ဝမ်းမြောက် ဝမ်းသာ စိတ်ချမ်းသာမှုကို ခံစားခဲ့ရလေသည်။
သုဒ္ဓါဝါသဗြဟ္မာကြီးများ လာရောက်လျှောက်ထားကြခြင်း
[ပြင်ဆင်ရန်]သုမေဓာရှင်ရသေ့သည် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက် ဝမ်းမြောက် ဝမ်းသာဖြစ်နေစဉ် တစ်သောင်း သော လောကဓာတ်ရှိ သုဒ္ဓါဝါသဗြဟ္မာကြီး တို့သည် လာကြကုန်၍ ကြီးကျယ်သော ကြွေးကြော်သံ ကို ပြုခဲ့ကြကုန်၏။“သုမေဓာရှင်ရသေ့...ရှေးအခါ ဘုရားလောင်းတို့ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေကြ သောအခါ ထင်ကုန်သော နိမိတ်တို့သည် ယခုအခါ၌လည်း ထင်ကုန်၏။ ထို့ကြောင့် ရှင်ရသေ့သည် မုချဧကန် ဘုရားဖြစ်ပါလိမ့်မည်။ ရှေးအခါက ဘုရားအလောင်းများ ဗျာဒိတ်ခံယူသော အခါကကဲ့သို့ပင် ဤအတိတ်နိမိတ်တို့ ထင်ကုန်၏။
- • အချမ်းသည်ကင်းပျောက်၊ အပူသည်ငြိမ်းအေးခြင်းသို့ရောက်၏။
- • လောကဓာတ် တိုက်တစ်သောင်းသည် အသံတိတ်ဆိတ်၍ အနှောင့် အယှက် ကင်းကုန်၏။
- • ပြင်းထန်သော လေတို့ မတိုက်ခတ်ကုန်။
- • မြစ်တို့ မစီးဆင်းဘဲ တည်ငြိမ်နေကြကုန်၏။
- • ကုန်း၌ဖြစ်သောပန်း၊ ရေ၌ဖြစ်သောပန်းတို့သည် ပွင့်ကြကုန်၏။
- • နွယ်ပင်၊ သစ်ပင်အားလုံးတို့သည် အသီးသီးကြကုန်၏။
- • ကောင်းကင်၌တည်သော ရတနာတို့သည် အရောင်တောက်ပကြ ကုန်၏။
- • လူ့ပြည်နတ်ပြည်ရှိ တူရိယာတို့သည် မတီးခတ်ဘဲ အလိုလိုမြည်ကုန်၏။
- • ဆန်းကြယ်သော ပန်းမိုးတို့သည် ရွာကုန်၏။
- • မဟာသမုဒ္ဒရာသည် ဝဲလည်၏။
- • တစ်သောင်းသော လောကဓာတ် သည် တုန်လှုပ်၏။
- • တစ်သောင်းသော လောကဓာတ်ရှိ ငရဲမီးတို့ သည် ငြိမ်းအေးကုန်၏။
- • နေမင်းသည် အညစ်အကြေးကင်း၏။
- • ကြယ်တာရာတို့ သည် ပေါ်ကုန်၏။
- • နွေခေါင်ခေါင်၌ မြေမှရေသည် ပန်းထွက်ကုန်၏။
- • ကြယ်တာရာနက္ခတ်အပေါင်းတို့ဖြင့် ကောင်းကင်၌ တင့်တယ်ကုန်၏။
- • ဝိသာခါ နက္ခတ်သည် စန်းနှင့်ယှဉ်လျက် ရှိ၏။
- • တွင်းအောင်းချောက်နေ သတ္တဝါတို့သည် အပြင်သို့ထွက်ကြကုန်၏။
- • သတ္တဝါတို့သည် ပျော်မွေ့ကြကုန်လျက် တင်းတိမ် ရောင့်ရဲကြကုန်၏။
- • သတ္တဝါတို့၏ အနာရောဂါတို့သည် ကင်းပျောက်ကြကုန်၏။
- • သတ္တဝါတို့အား ကြောက်လန့်ဖွယ် ဘေးတို့မဖြစ်ခဲ့။
- • မြူမှုန်များမထကြ။
- • မကောင်းသော ရနံ့များ ကင်းကုန်၏။
- • နတ်၌ဖြစ်သော ရနံ့များ လှိုင်နေကြ၏။
- • အရူပဗြဟ္မာမှ တစ်ပါး အလုံးစုံသောနတ်၊ ဗြဟ္မာတို့ကို မြင်ကြကုန်၏။
- • ငရဲအားလုံးတို့ကိုလည်း မြင်ရကုန်၏။
- • နံရံ၊ တံတိုင်း၊ တံခါး၊ ကျောက်တောင်တို့သည် ဟင်းလင်းပွင့်ကုန်၏။
- • ထိုခဏ၌ မွေးဖွားခြင်း၊ သေခြင်း အလျှင်းမရှိပါ။
ဤနိမိတ်များတို့သည် ယခုလည်း ထင်ပါကုန်၏။ ထို့ကြောင့် သင်ရသေ့ သည် မုချဧကန် ဘုရားဖြစ်ပါလိမ့်မည်။ ရှင်ရသေ့...သင်သည် ရှေ့သို့သာတက်ပါ။ နောက်မဆုတ်ပါနှင့်။ သင်သည် မုချဧကန် ဘုရားဖြစ်ပါလိမ့်မည်။ ဤအကြောင်းကို ငါတို့သိကြပါကုန် ၏”ဟု ကြီးကျယ်သော အသံကို ပြုခဲ့ကြ လေသည်။
မုချဘုရားဖြစ်မည်ဟု ဆင်ခြင်တော်မူခြင်း
[ပြင်ဆင်ရန်]သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်၏ စကားတော်ကို လည်းကောင်း၊ တစ်သောင်းသော လောကဓာတ်မှ နတ်ဗြဟ္မာတို့၏ ကြီးကျယ် သော အသံတို့ကိုလည်းကောင်း ကြားရလေလျှင် နှစ်သက်ရွှင်လန်းစွာဖြင့်--- “မြတ်စွာ ဘုရားတို့သည် မှားမှန်မတိကျ၊ နှစ်ခွသောစကားကို ဆိုလေ့ မရှိကုန်။ ဘုရားရှင်တို့အား ချွတ်ယွင်းသော စကား၊ အချည်းနှီးသော စကားတော်သည် မရှိကြ။ ထို့ကြောင့် ငါသည် ဘုရားမုချဖြစ်ရမည်။ ကောင်းကင်သို့ပစ်တင် သော ခဲသည် မြေပြင်ပေါ်သို့ မုချ ပြန်ကျ သကဲ့သို့ ဘုရားရှင်တို့၏ စကားသည် မုချမချွတ် မှန်ကန်၏။ သတ္တဝါတို့၏ သေခြင်းသည် မုချမြဲသကဲ့သို့ ဘုရားရှင် တို့၏စကားတော်သည် မုချမြဲ၏။ ညဉ့်ကုန်လျှင် နေ့ဖြစ်သကဲ့သို့ ဘုရား ရှင်တို့၏ စကားတော်သည် မုချမြဲ၏။ လိုဏ်ဂူအိပ်ယာမှ ထွက်လာသော ခြင်္သေ့မင်းသည် အမြဲဟောက် တတ် သကဲ့သို့ ဘုရားရှင် တို့၏စကားတော်သည် မုချ မြဲ၏။ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် မုချသားဖွားရသကဲ့သို့ ဘုရားရှင် တို့၏ စကားသည် မုချမြဲ၏။ ဘုရားရှင်တို့အား ချွတ်ယွင်းသော စကားသည် မရှိပါချေ။ ထို့ကြောင့် ငါသည် မုချ ဧကန် ဘုရားဖြစ် လိမ့်မည်”ဟု ဆင်ခြင်ခဲ့လေသည်။
ဘုရားဖြစ်ရန် အကျင့်ကို ရှာမှီး၍ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် မုချဧကန်ဘုရားဖြစ် မည်ကို ဆင်ခြင်ပြီးနောက် အရပ်ဆယ်မျက်နှာတို့၌ ရှိရှိသမျှ သဘောတရား တို့တွင် ဘုရားအဖြစ်ကို ပြုတတ်သော သဘောတရားတို့ကို ထိုမှဤမှ စူးစမ်းဆင်ခြင်ခဲ့သည်။ ဒါနသီလစသည့် ပါရမီဆယ်ပါးတို့ကို ပြတ်သားစွာ တွေ့မြင်ခဲ့လေသည်။ တွေ့မြင်သည့်အတိုင်း ပါရမီဖြည့်ကျင့်ရန် ထက်သန်သော စိတ်ဓာတ်ဖြင့် ဆုံးဖြတ်ခဲ့လေသည်။ ရှေးဘုရားအလောင်းတို့၏ လေ့ကျက် အပ်သော လမ်းမ သဖွယ်ဖြစ်သည့် ဒါနပါရမီကို ရှေးဦးစွာ တွေ့ခဲ့သည်။ အလောင်းတော်သည် အယုတ်အလတ်အမြတ်မရွေး တောင်းခံ သူများကို တွေ့သော် ရေပြည့်အိုးကို မှောက်ချလိုက်သကဲ့သို့ တွယ်တာငဲ့ကွက်ခြင်း အလျဉ်းမရှိဘဲ အကြွင်းမဲ့ ပေးလှူကာ ဒါနပါရမီကို မြဲမြံစွာ ဆောက်တည် ရန်ဆုံးဖြတ်ခဲ့သည်။
အလောင်းတော်သည် “ဘုရားအဖြစ် ပြုတတ်ကုန်သော တရားတို့သည် ထိုဒါနပါရမီမျှသာမက အခြားလည်း ရှိနိုင်သေး၏”ဟု စူးစမ်းပြန်သော် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သည့် နှစ်ခုမြောက်သော သီလ ပါရမီကို တွေ့ခဲ့ပြန်သည်။ စာမရီသားငှက်သည် ချုံနွယ်တစ်ခုခု၌ မြီးဆံငြိ နေလတ်သော် အသက်ကိုသာ စွန့်၍ မြီးဆံကို စောင့်ရှောက်သကဲ့သို့ အခါခပ် သိမ်း သီလကို စောင့်ထိန်းကာ သီလပါရမီကို မြဲမြံစွာ ဖြည့်ကျင့်ရန် ဆုံးဖြတ်ခဲ့ ပါသည်။ တစ်ဖန် သမ္မာသမ္ဗောဓိ ဉာဏ်ကို ရင့်ကျက်စေတတ်သည့် တရားကို ရှာခဲ့ ပြန်ပါသည်။ ကြာမြင့်စွာ ထောင်ကျသော သူသည် ထိုထောင်ကို အလို မရှိဘဲ လွတ်မြောက်ခြင်းကိုသာ ရှာမှီးသကဲ့သို့ ဘဝဟူသမျှကို ထောင်နှောင် အိမ်ဟု မှတ်ယူကာ တောထွက်ခြင်း နေက္ခမ္မပါရမီကို မြဲမြံစွာ ကျင့်သုံးဆောက်တည်ရန် ဆုံးဖြတ် ခဲ့ပါသည်။ အလောင်းတော်သည် သမ္မာ သမ္ဗောဓိဉာဏ် ရင့်သန် ရေးအတွက် တစ်ခုပြီးတစ်ခု ဆက်လက် ရှာဖွေခဲ့ပါသည်။ ဆွမ်းခံသော ရဟန်းသည် အယုတ်၊ အလတ်၊ အမြတ်မရွေး အမျိုးတို့ အိမ်သို့ ဆွမ်းခံသော် ဆွမ်းအာဟာရကို ရသကဲ့သို့ ပညာရှိအသီးသီးကိုမေးပြီး ဆည်းကပ် သင်ယူလျက် ပညာပါရမီကို ဖြည့်ကျင့်ရန် ဆုံးဖြတ်ခဲ့ပါသည်။
ထို့နောက် သားတို့သနင်း ခြင်္သေ့မင်းသည် ထိုင်ခြင်း၊ ရပ်ခြင်း၊ သွားခြင်းတို့၌ မတွန့်ဆုတ်သော ဝီရိယရှိလျက် အခါခပ်သိမ်း တက်ကြွနေသကဲ့သို့ ဘဝတိုင်းဘဝတိုင်း လုံ့လဝီရိယကို မြဲမြံစွာ ပင့်မြှောက်၍ ဝီရိယပါရမီကို ဖြည့်ကျင့်ရန် ဆုံးဖြတ်ခဲ့ပါသည်။ မြေကြီးသည် စင်ကြယ် မစင်ကြယ် အလုံးစုံပစ်ချသော အရာဝတ္ထုကို ခံယူသကဲ့ သို့လည်းကောင်း၊ ထိုအရာဝတ္ထု အားလုံးတို့၌ မုန်းခြင်း၊ ချစ်ခြင်းအလျှင်းမရှိသကဲ့သို့လည်းကောင်း ထို့အတူ အလောင်းတော် သုမေဓာရှင်ရသေ့သည်လည်း သတ္တဝါအားလုံးတို့အား မြတ်နိုးခြင်း မထီမဲ့မြင်ပြုခြင်းတို့၌ သည်းခံလျက် ခန္တီပါရမီကို ဖြည့်ကျင့်ကာ သမ္မာသမ္ဗောဓိဉာဏ် ရရေးကိုသာ ရှေးရှုခဲ့ပါသည်။
သောကြာကြယ်သည် နွေ၊ မိုး၊ ဆောင်းဥတုသုံးပါးတို့၌ သွားမြဲလမ်းမှ မဖဲမရွေ့သကဲ့သို့ အလောင်းတော်သည် မှန်ကန်သော သစ္စာစကားကို ပြောဆိုမြဲ အတိုင်း မဖဲမရွေ့ ချိန်ခွင်သဖွယ် အလယ်တည့်တည့် မှန်ကန်စွာ ဆိုခဲ့သည်။ လိမ်လည်ပြောဆိုမှုကို လုံးဝမပြုမူဘဲ သစ္စာပါရမီကို မြဲမြံစွာ ဖြည့်ကျင့်တော်မူရန် ဆုံးဖြတ်ခဲ့သည်။ တုန်လှုပ်ခြင်းမရှိ ကောင်းစွာတည်သော ကျောက်တောင်သည် လေပြင်းမုန်တိုင်းတို့ကြောင့် မလှုပ်၊ တည်မြဲနေရာ၌ပင် ရပ်တည်သကဲ့သို့ ဘုရား ဖြစ်ရေးအတွက် ပြုလုပ်ဆောင်ရွက်ရန် ဆုံးဖြတ် အဓိဋ္ဌာန်ပြုထားသည့် အတိုင်း ယိမ်းယိုင်တုန်လှုပ်မှုမရှိဘဲ အဓိဋ္ဌာန်ပါရမီကို ဖြည့်ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။ ရေသည် ကောင်းသူမကောင်းသူတို့ကို အအေးဖြင့် အညီအမျှ တွေ့ထိ၍ အညစ်အကြေးတို့ကို မျှောသကဲ့သို့ အလောင်းတော်သည် အကျိုးကို ဆောင်သူ၊ မဆောင်သူတို့၌ အညီအမျှ မေတ္တာပွားကာ မေတ္တာပါရမီကို ဖြည့်ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။
အလောင်းတော်သည် ဘုရားဖြစ်ဖို့ရန် သဘာဝ တရားတို့ကို ဆက်လက် စူးစမ်းရှာဖွေခဲ့ရာ ရှေးဘုရားအလောင်း သူတော်ကောင်း တို့ အမြဲမပြတ် မှီဝဲအပ်သော ပါရမီတစ်မျိုးကို တွေ့ခဲ့ပြန် သည်။ ထိုပါရမီကား ပါရမီဆယ်ပါး တို့တွင် နောက်ဆုံးပါရမီဖြစ်သည့် ဥပေက္ခာပါရမီပင် ဖြစ်လေသည်။ မြေကြီးသည် စင်ကြယ်သောအရာ၊ မစင်ကြယ် သော အရာတို့ကို ပစ်ချခံရသည်ရှိသော် ထိုအရာနှစ်မျိုးတို့၌ မုန်းခြင်း ချစ်ခြင်း အလျင်း မရှိဘဲ လျစ်လျူရှုသကဲ့သို့ ထို့အတူ အလောင်းတော် သည် ချမ်းသာခြင်း၊ ဆင်းရဲခြင်းတို့၌ ချိန်ခွင်သဖွယ် ခံစားကာ ကောင်းဆိုးနှစ်တန်ကို လျစ်လျူရှုနိုင် သည့် ဥပေက္ခာပါရမီကို မြဲမြံစွာ ဖြည့်ကျင့်တော်မူရန် ဆုံးဖြတ်ခဲ့သည်။ လောက၌ သမ္မာသမ္ဗောဓိ ဉာဏ်ကို ရင့်ကျက်စေတတ်သည့် ပါရမီဆယ်ပါး အကျင့်တရားများကို သုံးသပ်ပြီးနောက် ဆုံးဖြတ် ချက်အတိုင်း အရိုးကြေကြေ အရေခန်းခန်း မလျော့သောဇွဲလုံ့လဖြင့် ဖြည့်ကျင့်ခဲ့သော အလောင်း တော်၏ ကြိုးပမ်းမှု သည်ကား အံ့မခန်းပင် ဖြစ်ပါသည်။
ပါရမီများ ဖြည့်ကျင့်တော်မူခန်း
[ပြင်ဆင်ရန်]အလောင်းတော် ပါရမီဖြည့် ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ဘုရားဖြစ်ရန်ဟူသော ကြီးမားသော ရည်ရွယ်ချက်၊ ကြီးမားသော ဆန္ဒ ရှိတော်မူခဲ့၏။ ထိုကြီးမား သော ရည်ရွယ်ချက်နှင့် ဆန္ဒတော် ပြည့်ဝစေရန် ကြီးမားသော လုပ်ငန်း လမ်းစဉ်ကို ကြီးမားသော ဇွဲဝီရိယ တို့ဖြင့် ဘဝများစွာ ဆောင်ရွက်ခဲ့ရသည်။ ဒီပင်္ကရာဘုရားရှင် ခြေတော်ရင်း၌ နိယတဗျာဒိတ်ကို ခံတော်မူသည်မှစ၍ လေးအသ င်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ ပတ်လုံး ဒါန၊ သီလစသော ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခဲ့ရသည်။ နောက်ဆုံး လူ သာမန်တို့ မလုပ်နိုင်သည့် အသက်ကိုပင် မငဲ့ကွက် မညှာတာဘဲ စွန့်လွှတ် လှူဒါန်းဖြည့်ကျင့်ခဲ့ရသည်။ ဤသို့ဖြည့် ကျင့်ရာ၌ ဥစ္စာ သားမယား တိုင်းကား ပြည်ရွာတို့ကို ငဲ့ကွက် ညှာတာမှု မရှိဘဲ စွန့်လွှတ် လှူဒါန်း ဖြည့်ကျင့်ရသည့် ဒါနပါရမီ၊ မျက်စိ၊ နား၊ နှာ၊ အင်္ဂါ၊ ခြေလက်တို့ကို ငဲ့ကွက်ညှာတာမှု မရှိဘဲ စွန့်လွှတ်လှူဒါန်း ဖြည့်ကျင့်ရသည့် ဒါနဥပပါရမီ၊ နောက်ဆုံးလူသာမန်တို့ မလုပ်နိုင်သည့် အသက်ကိုပင် မငဲ့ကွက် မညှာတာဘဲ လှူဒါန်းဖြည့် ကျင့်ရ သည့် အလွန်မွန်မြတ် သော ဒါနပရမတ္ထ ပါရမီတော်တို့ကို ပြင်းထန်စွာ ဇွဲ၊ မာန်အပြည့်ဖြင့် ဖြည့်ကျင့်ခဲ့သည်။ ဤသို့ အပင်ပန်းခံ ဇွဲမာန် အပြည့်ဖြင့် သူမတူအောင် ဖြည့်ကျင့်ခဲ့ခြင်းမှာ သမ္မာသမ္ဗောဓိဉာဏ် ရင့်သန်စေ၍ သုံးလောက ထွတ်ထား ဘုရားဖြစ်ဖို့ရန်ပင် ဖြစ်၏။ ဘဝများစွာ ဖြည့်ကျင့်ခဲ့သည့် ပါရမီများအနက် ဤဘဒ္ဒ ကမ္ဘာ၌ ဖြည့်ကျင့်ခဲ့ရ သည့် ပါရမီတို့သည်ပင် မရေမတွက်နိုင်အောင် များပြားလှပါ၏။ မရေမ တွက်နိုင်ပင် ဖြစ်ခဲ့၏။ ဘဝအချို့၌ ပါရမီ ဖြည့်ကျင့်ခဲ့ပုံ တို့ကို အောက်တွင် သာဓကအဖြစ် ဖေါ်ပြအပ်ပါသည်။
ဒါနပါရမီကို ဖြည့်ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် အကိတ္တိရှင်ရသေ့ဘဝဖြင့် သစ်သီးသစ်ရွက် အစာအာဟာရတို့ကိုသာ သုံးဆောင်နေရာ တစ်နေ့တွင် သိကြားမင်းက အလှူခံယောင်ဆောင်ကာ အလှူခံခဲ့သဖြင့် အစာမစားဘဲ သုံးရက်တိုင်တိုင် လှူဒါန်းပြီး ဒါနပါရမီကို ဖြည့်ကျင့်ခဲ့ပါသည်။ သင်္ခပုဏ္ဏားဘဝ၌ မဟာသမုဒ္ဒရာကိုကူးရန် သင်္ဘောဆိပ်သို့ ပူပြင်းသည့် သဲသောင်ပြင်ကိုဖြတ်၍ သွားစဉ် ခရီးရင်ဆိုင်၌ ဖိနပ်မပါဘဲ ကြွလာသော ပစ္စေကဗုဒ္ဓါကိုမြင်ရ၍ ၎င်းင်းစီးထားသော ဖိနပ်ကိုချွတ်ကာ ထီးဖိနပ်ကို လှူဒါန်းခဲ့ပြီ၊ ၎င်းင်းကမူ ဖိနပ်မပါ ထီးမရှိဘဲ ပူပြင်းသည့် သဲသောင်ပြင်ကို သွားခဲ့ခြင်းဖြင့် ဒါနပါရမီကို ဖြည့်ကျင့် ခဲ့သည်။ ဓနဉ္စယမည်သော မင်းဘဝ၌ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်နေသော တိုင်းခရိုင် ဇနပုဒ်သား တို့က အလှူခံသဖြင့် မင်္ဂလာဆင်တော်ကို လှူဒါန်းကာ ဒါနပါရမီ ဖြည့်ကျင့် ခဲ့သည်။ မှူးကြီးမတ်ရာ သေနာပတိတို့ က မင်္ဂလာဆင်တော်ကို လှူသဖြင့် မင်းကြီးကို ငြူစူကြရာ မင်းကြီးက “အလှူခံရှိလျှင် မင်္ဂလာဆင်တော် သာမက မင်းစည်းစိမ်ကိုပါ လှူမည်။ သဗ္ဗညုတဉာဏ်တော်ကိုသာ ချစ်ခင်မြတ်နိုးပါသည်”ဟု ပြန်လည်ပြောကြားခဲ့သည်။ မဟာသုဒဿနစကြဝတေးမင်းဘဝတွင် အလှူခံတို့ အလိုရှိသော ပစ္စည်းဥစ္စာ ရတနာတို့ကို တွယ်တာငြိကပ်မှုမရှိဘဲ သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်စေရန် ရည်စူးပြီး လှူဒါန်းကာ ဒါနပါရမီကို ဖြည့်ကျင့်ခဲ့သည်။ ဇမ္ဗူဒိပ်မင်း အားလုံး တို့၏ ပူဇော်ခြင်းခံရသော ဂေါဝိန္ဒပုဏ္ဏားကြီးဘဝ၌ တစ်ဦး တစ်ယောက်မျှ မလုပ်နိုင်သော မဟာသမုဒ္ဒရာ နှင့်တူသော ထမင်းရေချောင်းစီး အလှူကြီးကို ပေးလှူ၍ ဒါနပါရမီကို ဖြည့်ကျင့်ခဲ့သည်။ နိမိမင်းကြီးဘဝတွင် မုခ်လေးခု၌၊ ဇရပ်လေးဆောင်ကို ဆောက်လုပ်ပြီး သား၊ ငှက်၊ တိရစ္ဆာန် နှင့်တကွ လူအပေါင်းတို့အား အဝတ်၊ အထည်၊ အိပ်ရာနေရာ၊ ထမင်း အဖျော် တို့ကို မပြတ်ပေးလှူကာ ဒါနပါရမီတို့ကို ဖြည့်ကျင့်၍ ဗောဓိဉာဏ် ရင့်သန် စေရန် အားထုတ်ခဲ့သည်။
သိဝိမင်းကြီးဘဝ၌ သိကြားမင်းက ပုဏ္ဏားအိုယောင်ဆောင်၍ မျက်စိတစ်လုံး အလှူခံသည်ကို သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုးသောကြောင့် သိဝိကဆေးဆရာကို မျက်စိနှစ်လုံးထုတ်စေ၍ ပုဏ္ဏား အား လှူဒါန်းကာ ဒါနဥပပါရမီကို ဖြည့်ကျင့်ခဲ့သည်။ ဝေဿန္တရာမင်းဘဝ၌ ရတနာဆင်တော်ကို လှူမိ၍ မင်းစည်းစိမ်ကို စွန့်လွှတ်ကာ ဝင်္ကပါ တောင်တန်းသို့ ထွက်ခဲ့ရသည့်အပြင် လူသာမန်တို့ ပြုနိုင်ခဲသော သားတော်ဇာလီ၊ သမီးတော် ကဏှာဇိန်နှင့် ဇနီးသည် မဒ္ဒီမိဖုရား တို့ကိုပင် မငဲ့မကွက် မညှာမတာ လှူဒါန်းကာ ဒါနဥပပါရမီ ဖြည့်ခဲ့ပါသည်။ သစ်သီး သစ်ရွက်ကိုသာ စားတတ်၍ သူတစ်ပါးအား ညှင်းဆဲခြင်းကို ပြုလေ့ မရှိ သည့် ယုန်ပညာရှိဘဝ၌မူ “ငါ့ထံအလှူခံလာပါက သစ်သီး သစ်ရွက်သာ ပေးစရာရှိ၏။ အစာအာဟာရ အကျိုးငှာ အလှူခံလာသော သူအတွက် အကျိုးမရှိနိုင်၊ အလှူခံလာသူ၏ စိတ် အလိုပြည့်စေရန် ငါ၏ကိုယ်ကို လှူတော့အံ့”ဟု အကြံဖြစ်ခဲ့၏။ ထိုအကြံကို သိကြားမင်းသည် သိ၍ အလောင်း တော်၏ ပါရမီဖြည့်ကျင့်မှုကို စူးစမ်းရန် ပုဏ္ဏားအသွင် ဆောင်၍ အစာအာဟာရကို အလှူခံတော့၏။ ထိုအခါ ယုန်ပညာရှိသည် “အို ပုဏ္ဏား...ကျွန်ုပ်သည် ရှေးအခါက မလှူဖူးသေးသော အလှူကို လှူအံ့။ သင်ပုဏ္ဏားသည် သီလနှင့်ပြည့်စုံ၏။ သူတစ်ပါးအား ညှင်းဆဲမှုသည် သင့်အား မလျော်။ ထင်းကိုစု၍ မီးကိုသာ မွှေးပါလော့”ဟု ဆိုသည်။ မီးပုံသည် တောက်လောင်လျက် ဟူးဟူးမြည်၏။ ယုန်ပညာရှိသည် “အိုပုဏ္ဏား...ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ကိုမီး၌ ကျက်စေအံ့။ သင်သည် ကျက်သော အသားကို စားပါလော့”ဟု ဆိုလျက် ကိုယ်ကိုခါကာ မီးပုံတွင်းသို့ ခုန်ဆင်း လေ၏။ ယုန်ပညာရှိသည် အရေပါး၊ အရေထူ၊ အသား၊ အကြော၊ အရိုး၊ ဟဒယဝတ္ထုကို ဖွဲ့သောနှလုံး သားနှင့်တကွ အလုံးစုံသော ကိုယ်ကို ပုဏ္ဏားအား အကြွင်းမဲ့လှူဒါန်း၍ လူတကာပြုနိုင်ခဲသော ဒါနပရမတ္ထပါရမီကို ဖြည့်ကျင့် ခဲ့ပါသည်။
သီလပါရမီကို ဖြည့်ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ဒါနပါရမီကိုသာမက ဒုတိယမြောက် သီလပါရမီကိုလည်း အသက်ကိုပဓာနမထား၊ သဗ္ဗညုတ ဉာဏ်ကိုသာ အဓိကထား ဖြည့်ကျင့်ခဲ့ ပါသည်။ သီလပါရမီ ဖြည့်ကျင့်ပုံနှင့် စပ်လျဉ်း၍ အကျဉ်းမျှ ဖော်ပြလိုပါသည်။ အမိကိုလုပ်ကျွေးနေသော သီလဝဆင်မင်းဘဝ သီလပါရမီကို ဖြည့်ကျင့် ခဲ့သည်။ ထိုဆင်မင်းသည် ဖမ်းယူခြင်းငှာ ကပ်လာသူတို့ကို အမျက် ထွက်၍ ပြန်လည်တုံ့ပြန်ပါက ကပ်လာသောသူတို့ကို မဆိုထားဘိ၊ ၎င်းင်းတို့၏ တစ်တိုင်းပြည် လုံးကိုပင် ကြေမှုန့်ပျက်စီးစေနိုင်သော အစွမ်းသတ္တိရှိ၏။ သို့သော် သီလကို ထိခိုက်မည်စိုး၍ မင်းကစေခိုင်းသဖြင့် လာဖမ်းသော မုဆိုးကို အမျက်မထွက်ဘဲ အသာတကြည် အဖမ်းခံကာ ၎င်းင်း၏ကိုယ်ကို ပေးလှူခဲ့ပြီး သီလပါရမီကို ဖြည့်ကျင့်ခဲ့သည်။ တန်ခိုးကြီးသော ဘူရိဒတ္တနဂါးမင်းဘဝက “ငါ၏အရေပါး၊ အရေထူ၊ အသား၊ အကြော၊ အရိုးတို့ကို ပြုဖွယ် ကိစ္စရှိပါ က ယူကြပါစေ”ဟု အဓိဋ္ဌာန်လျက် တောင်ပို့ထိပ်၌ တက်နေခဲ့၏။ ကျေးဇူး မသိတတ်သော နေသာဒပုဏ္ဏား၏ လမ်းညွှန်မှုဖြင့် အလမ္ပာယ်ပုဏ္ဏားသည် ၎င်းင်းကိုဖမ်း၍ ပခြုပ်၌ ထည့်သော်လည်း သီလပျက်မည် စိုးရိမ်၍ လုံးဝအမျက် မထွက်ခဲ့။ ၎င်းင်း၏အသက်ကို စွန့်ရန် မြက်ပင်ထက်ပေါ့ပါး၍ သီလကျိုး ပျက်မည်ကို မြေကြီးကို လှန်ရသကဲ့သို့ ဝန်လေးခဲ့သည်ဟု ဉာဏ်၌ ထင်မြင် ခဲ့သည်။ ထို့ကြောင့် အလမ္ပာယ် သမားကို လုံးဝအမျက်မထွက်ဘဲ အဖမ်းခံ၍ သီလပါရမီကို ဖြည့်ကျင့်ခဲ့သည်။
တန်ခိုးကြီးသော စမ္ပေယျနဂါးမင်း ဘဝကလည်း အလမ္ပာယ်သမားကို လုံးဝအမျက်မထွက်ခဲ့။ ထိုနဂါးမင်းသည် အမျက်ထွက်က ကုန်းကို ရေဖြစ် အောင်၊ ရေကို ကုန်းဖြစ်အောင် အလမ္ပာယ် သမားကို ပြာဖြစ်အောင် ပြုနိုင်စွမ်း ရှိသော်လည်း လုံးဝအမျက်မထွက်စေဘဲ ခန္ဓာကိုယ်ကို အပ်နှင်းကာ အဖမ်းခံ၍ သီလပါရမီကို ဖြည့်ကျင့်ခဲ့သည်။ အားကြီးသော တောကျွဲမင်းဘဝက လျှပ်ပေါ်လော်လည်သော မျောက်သည် တစ်နေ့လျှင် တစ်ကြိမ်၊ နှစ်ကြိမ် သုံးလေး ကြိမ်လောက် လာလတ်၍ ထိုကျွဲမင်း ၏ ပခုံး၊ နဖူး၊ မျက်နှာတို့၌ ကျင်ငယ်ကိုလည်း စွန့်၏။ ကျင်ကြီးကိုလည်း စွန့်၏။ လော်လည်သော မျောက်၏ ယုတ်ညံ့သော အပြုအမူကို သစ်ပင်စောင့် နတ်မင်းကပင် မနှစ်သက်၊ အမျက်ထွက်၏။ သို့သော် ကျွဲမင်းကမူ သီလပျက်မည်ကို ကြောက်၍ အမျက်မထွက်ဘဲ သည်းခံကာ သီလပါရမီကို ဖြည့်ကျင့်ခဲ့၏။
ဆတ်မင်းဘဝက ကြွေးရှင်တို့ နှိပ်စက်၍ မြစ်အတွင်း ခုန်ဆင်း သေကြောင်း ကြံခဲ့သူကို ဆတ်မင်းက အသက်ကို ပဓာနမထားဘဲ မြစ်အတွင်း ဆင်းကာ ကယ်ခဲ့၏။ ထိုယောကျ်ားသည် ကျေးဇူးမသိ တတ်ဘဲ ဆတ်မင်းရှိရာ နေရာကို မင်းအားပြောခဲ့၏။ မင်းသည် ထိုဆတ်မင်းကို ဖမ်းယူအံ့သောငှာ လာလတ် သော် ဆတ်မင်းက ကျေးဇူးမသိ တတ်သော ယောကျ်ား၏ အကြောင်းကို ပြောပြသဖြင့် မင်းသည် ကျေးဇူးမသိတတ်သူ ယောကျ်ားအား သတ်ရန် လုံ့လပြုခဲ့သည်။ ထိုအခါ ဆတ်မင်းသည် ထိုယောကျ်ားကို အမျက်မထွက်မူ၍ ထိုယောကျ်ားအသက်ကို အလှူခံကာ မိမိကိုယ်တိုင် ဘုရင့်ထံ အဖမ်းခံပြီး သီလပါရမီကို ဖြည့်ကျင့်ခဲ့သည်။ မာတင်္ဂရသေ့ဘဝကလည်း ၎င်းင်းအား ကျိန်ဆဲသော ဇာတိမန္တပုဏ္ဏားကို အမျက်မထွက်မူ၍ ထိုပုဏ္ဏား၏ထိပ်၌ ကျရောက်မည့် အသက်သေစေနိုင်သည့် ဘေးကိုပင် မိမိအစီအမံဖြင့် လွတ်စေကာ သီလကို လုံခြုံစွာ ဆောက်တည်၍ သီလပါရမီကို ဖြည့်ကျင့်ခဲ့၏။
ဓမ္မဒေဝပုတ္တနတ်သားဘဝကလည်း ၎င်းင်းအားအမျက်ထွက်ကာ သူ၏ရထားဦးကို တိုက်ခိုက်၍ ခရီးရင်ဆိုင်ပြုခဲ့သော အဓမ္မနတ်သားကို အမျက်မထွက်ဘဲ သည်းခံခဲ့၏။ အကယ်၍ ဓမ္မနတ်သားသာ အမျက်ထွက်ခဲ့ ပါက အဓမ္မနတ်သား သည် အခြံအရံနှင့်တကွ မြူမှုန်ဖြစ်သွားနိုင်ခဲ့၏။ သို့သော် ဓမ္မနတ်သားသည် သီလကိုစောင့်ရှောက်လို၍ သည်းခံကာ ပါရမီကို ဖြည့်ကျင့်ခဲ့သည်။ ဇယဒ္ဒိသ မင်း၏သားတော် အလီနသတ္တုမင်း သားဘဝ ကလည်း သီလကျိုးပျက်ခြင်းမှ ကြောက်ခြင်းကြောင့် သားစားဘီလူး စူဠပေါရိသာဒကို အနည်းငယ် ထိတ်လန့်ခြင်းကိုမျှ မပြုမူ၍ နှစ်သက်ဖွယ်သော စကားတို့ကိုသာ ပြောဆိုခဲ့ပြီး စားဖို့ရန် ကိုယ်ကိုအပ်နှင်းခဲ့လေသည်။ အလောင်းတော်သည် ဤသို့လျှင် အသက်ကိုပင် မစောင့်ရှောက်ဘဲ သီလကို စောင့်ရှောက်ကာ သီလပါရမီကို ဖြည့်ကျင့် ခဲ့သည်။ စူဠပေါရိသာဒသည် မင်းသားကို မစားမူ၍ အကျွတ်တရားပင် ရခဲ့လေသည်။ပြင်းထန်သော အဆိပ်ရှိသော သင်္ခပါလ နဂါးမင်းဘဝကလည်း ၎င်းင်း၏ အရေပါး၊ အရေထူ၊ အသား၊ အကြော၊ အရိုး တို့ကို ပြုဖွယ်ကိစ္စရှိက ယူကြပါစေဟု အဓိဋ္ဌာန်လျက် လမ်းဆုံလမ်းခွ လမ်းမ၌ ဥပုသ်စောင့်သုံး၍ နေခဲ့သည်။ သနားခြင်း ကင်းမဲ့ ကုန်သော မုဆိုးသားတို့သည် ထိုနဂါးမင်းကို ညှင်းဆဲ လျက် ဆောင်ယူ သွားခဲ့ ကြကုန်၏။ နဂါးမင်း သည် အမျက်ထွက်၍ တုံ့ပြန်လိုက သမုဒ္ဒရာ၊ တော၊ တောင်နှင့်တကွ သော မြေကြီးကို နှာခေါင်းလေဖြင့် လောင်ကျွမ်း စေနိုင်၏။ သို့သော်လည်း တုံ့ပြန်ခြင်းမပြု၊ အမျက်မထွက်ဘဲ သီလကိုသာ စောင့်ရှောက်ကာ ပါရမီကို ဖြည့်ကျင့်ခဲ့လေသည်။
နေက္ခမ္မပါရမီကို ဖြည့်ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် သမ္မာသမ္ဗောဓိဉာဏ် ရင့်သန်စေရန်အတွက် ဘဝများစွာ ကာမဂုဏ်မှ ခွါရှောင်ခြင်း၊ ကာမဝဋ်နှောင် လူ့ဘောင် လူ့ဘဝမှ ခွါရှောင် တောထွက်ခြင်း ဟူသော နေက္ခမ္မပါရမီကိုလည်း ကျင့်ခဲ့ပါသည်။ ထိုအကျင့်နှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ဖော်ပြအပ်ပါသည်။ ယုဓဉ္စယမင်းသားဘဝက နေမထွက်မီ ပေါ်ပေါက်ခဲ့သော ဆီးနှင်း ပေါက်တို့ နေထွက်လာသောအခါ ပျောက်ကွယ်ခြင်း ကို သံဝေဂယူ၍ မင်းအဖြစ်ကိုစွန့်လွှတ်ကာ တောထွက်ခဲ့သည်။ သောမနဿ မင်းသားဘဝက ရသေ့စဉ်းလဲကို ဆရာ တင်ထားသော ခမည်းတော်မင်းကြီး၏ အမိန့်ဖြင့် သူသတ်တို့၏ နှောင်ဖွဲ့ခြင်းကိုခံရပြီး ခမည်းတော်မင်းကြီး သည် ရသေ့စဉ်းလဲ၏ အဖြစ်မှန်ကိုသိမှ သားတော်အား အပြစ်မှ ပလပ်ခဲ့သည်။ ထိုအခါ သားတော် သောမနဿ မင်းသား သည် ကာမဂုဏ်အပြစ်ကိုမြင်ကာ မင်းစည်းစိမ်ကို စွန့်လွှတ်၍ တောထွက်ခဲ့သည်။ အယောဃရ မင်းသားဘဝက ဘီလူးမ၏ အန္တရာယ်ကို ကြောက်၍ သံအိမ်အတွင်း မွေးဖွားခဲ့ရပြီး သံအိမ်၌ ကြီးပြင်း ခဲ့ရလေသည်။ သံအိမ်၌ နေခဲ့ရပြီး ဘီလူးရန်မှ လွတ်သော်လည်း သေမင်းရန်မှ မလွတ်သေးဟု သံဝေဂယူ၍ မင်းစည်းစိမ်ကို စွန့်လွှတ်ကာ တောထွက်တော် မူခဲ့သည်။ မဟာကဉ္စန သတို့သားဘဝက အမိအဖ အပေါင်းအသင်း တို့က ကာမဖြင့် သိမ်းသွင်းခဲ့သော်လည်း ကာမကိုရွံမုန်းလျက် ထွက်မြောက်မှု၌သာ ပျော်မွေ့ခဲ့၍ တောထွက်ခဲ့သည်။ သောဏ သူဌေးသား ဘဝက “လူ့ဘောင် လူ့ဘဝကို အမိုက်မှောင် လွှမ်းမိုးသော အမိုက်တိုက် လောက”ဟု ရှုမြင်ခဲ့ပြီး အမိအဖဘက်မှလာသော စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ကာ တောထွက်ခဲ့သည်။ ဤသို့အားဖြင့် ဘဝများစွာ တောထွက်ခြင်း နေက္ခမ္မပါရမီကို ဖြည့်ကျင့်တော် မူခဲ့လေသည်။
ပညာပါရမီကို ဖြည့်ကျင့်ခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် သမ္မာသမ္ဗောဓိဉာဏ် ရင့်သန်စေရန်အတွက် ပညာပါရမီကိုလည်း ဖြည့်ကျင့် ခဲ့ပါသည်။ အလောင်းတော်သည် သေနကအမတ်ဘဝက အလုံးစုံသော ပညာအရပ်ရပ် တို့ကို တတ်မြောက်သဖြင့် ဗာရာဏသီ မင်းကြီးက ကြီးစွာသော စည်းစိမ်ဥစ္စာကို ပေး၍ အမတ် အရာ၌ထားကာ ချီးမြှောက်ခဲ့၏။ ထိုအခါ ပုဏ္ဏားအိုတစ်ယောက်သည် ငယ်ရွယ်သူကို ဇနီးမယားပြုခဲ့၍ ငယ်ရွယ်သူဇနီးမယားမှာ ကာမဂုဏ်၌ မရောင့်ရဲနိုင်ခဲ့သဖြင့် ငယ်ရွယ်သူ ပုဏ္ဏားတစ်ယောက်ကို လင်မြှောင်အဖြစ် ထားခဲ့၏။ ဇနီးသည်မှာ လင်မြှောင်နှင့် ပျော်ပါးနိုင်ရန်အတွက် ပုဏ္ဏားအိုကြီးကို အလှူခံထွက်ခိုင်း၏။ အလှူခံ ထွက်စဉ် လမ်းခရီးအကြား၌ အိပ်ကိုဖွင့်၍ မုန့်ကိုယူစားရာ အိပ်ကိုပြန်မပိတ်မိဘဲ ရေသွားသောက်၏။ မြွေသည် အိပ်ထဲဝင်နေသည်ကို မသိခဲ့။ ထိုသို့ အိပ်အတွင်း၌ မြွေဝင်နေသည်ကို သစ်ပင်စောင့်နတ် က သိ၍ “ပုဏ္ဏားကြီး...လမ်းခရီး အကြား၌ သင်နားနေလျှင် သင်သေမည်။ ယနေ့ အိမ်အရောက် သွားလျှင် မယားသေမည်”ဟု ပြောခဲ့သည်။ ပုဏ္ဏားကြီးသည် ပြောသူကိုလည်း မမြင်သဖြင့် ကြောက်လန့်ငိုကြွေးခဲ့၏။
ထိုအချိန်သည် သေနကအမတ်က တိုင်းသူပြည်သားတို့ကို တရားဟော နေချိန်ဖြစ်၍ ပုဏ္ဏားကြီး သည် ငိုလျက်ပင် တရားပွဲသို့ သွားခဲ့၏။ အလောင်းတော် သေနကအမတ်သည် ပုဏ္ဏားကြီးအား ငိုခြင်းအကြောင်းကို မေးရာ ပုဏ္ဏား အိုကြီးက သစ်ပင်စောင့်နတ် ပြောသည်ကို ပြန်လည်ပြောကြားခဲ့သည်။ ထိုအခါ အလောင်းတော် သေနကပညာရှိ အမတ်သည် ကျိုးကြောင်း ဆင်ခြင် တွေးတော၍ စုံစမ်းမေးမြန်းရာ အိပ်၌ မြွေရှိသည်ကို ဖော်ထုတ် နိုင်ခဲ့၏။ အလောင်းတော်၏ ကျိုးကြောင်းသိမြင်သော ပညာရှိမှုကြောင့် ပုဏ္ဏား ဇနီးမောင်နှံတို့မှာ အသက်ဘေးမှ ချမ်းသာရာရ ခဲ့သည့်အပြင် ပုဏ္ဏားမငယ်၏ လင်မြှောင်ကိုပါ ဖေါ်ထုတ်ပေးခဲ့လေသည်။ ဤသို့လျှင် အလောင်း တော်သည် ပညာပါရမီကို ဖြည့်ကျင့်ခဲ့ပါသည်။ ဝိဓုရသုခမိန်ဘဝ မဟောသဓာပညာရှိ ဘဝစ သည့်ဘဝများစွာ တို့၌လည်း မိမိပညာစွမ်းဖြင့် သတ္တဝါတို့အကျိုးကို ဆောင်ရွက်ပြီး ပါရမီ ဖြည့်ခဲ့လေသည်။
ဝီရိယပါရမီကို ဖြည့်ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် သမ္မာသမ္ဗောဓိဉာဏ်ရင့်သန်စေရန်အတွက် ဝီရိယပါရမီကိုလည်း ဖြည့်ကျင့်ခဲ့ ပါသည်။ အလောင်းတော်သည် မဟာဇနက မင်းသားဘဝက အလောင်းတော်အပါအဝင် လူအများ တို့သည် သင်္ဘော နစ်မြုပ်၍ သမုဒ္ဒရာရေပြင်၌ ကစဉ့်ကလျားဖြစ်ခဲ့ကြရာ အလောင်းတော်မှ တစ်ပါး ကျန်ပုဂ္ဂိုလ်များသည် ဝီရိယထားကာ ကူးခတ်ခြင်း မပြုခဲ့ကြရှာ၍ ရေသတ္တဝါတို့၏ အန္တရာယ်နှင့် တွေ့ခဲ့ရသည့်အပြင် ဝဲဇလုပ်၌ နစ်မြုပ်ခဲ့ကြရ ရှာသည်။ အလောင်းတော် ဇနကမင်းသားမှာမူ “သေမှသာ သေစေတော့” ဟူသော စိတ်ထား ဇွဲလုံ့လအားဖြင့် ကူးခတ်ခဲ့၍ နတ်သမီး၏ အကူအညီ ကို ရကာ အသက်မသေခဲ့သည့်အပြင် ရှင်ဘုရင်ပင် ဖြစ်ခဲ့ရလေသည်။ ဤသည်ကို ထောက်ထား၍ အလောင်းတော်၏ ဝီရိယပါရမီ ဖြည့်ကျင့်မှုစွမ်းအားသည် ကြည်ညိုဖွယ်ရာပင် ဖြစ်လေသည်။ ဇွဲလုံ့လသန်သန် မှန်ကန်စွာဖြည့်ကျင့် ခဲ့ပါသဖြင့် သဗ္ဗညုတဉာဏ်တော်မြတ် အောင်ပန်းကို ဆွတ်လှမ်းတော် မူနိုင်ခဲ့ လေသည်။
ခန္တီပါရမီကို ဖြည့်ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် သမ္မာသမ္ဗောဓိဉာဏ် ရင့်သန်စေရန်အတွက် ခန္တီပါရမီကိုလည်း အထွတ်အထိပ် ရောက်အောင် ဖြည့်ကျင့်ခဲ့ပါသည်။ အလောင်းတော်သည် ခန္တီဝါဒီရသေ့ဘဝက ဗာရာဏသီပြည့်ရှင် ကလာဗုမင်းသည် အမျိုးမျိုး နှိပ်စက်ခဲ့သည်။ သို့သော် အလောင်းတော်သည် သမ္မာသမ္ဗောဓိ ဉာဏ်အတွက် ခန္တီဝါဒကို လုံးဝမစွန့်လွှတ်။ အသက် ကိုသာ အသေခံခဲ့သည်။ ကလာဗုမင်းသည် ပထမဦးစွာ “ရှင်ရသေ့သည် အဘယ်အယူ ရှိသနည်း”ဟု မေး၏။ အလောင်းတော်က “ငါရသေ့သည် ခန္တီဝါဒီ-သည်းခံခြင်း အယူရှိ၏”ဟု ဖြေ၏။ ထိုအခါ ကလာဗုမင်းက သူသတ်တို့ ကို ရသေ့အား ရိုက်ပုတ်စေခဲ့၏။ နောက်တစ်ဖန် အလောင်းတော်၏ လက်နှစ်ဖက် ခြေနှစ်ဖက် တို့ကို ဖြတ်ပစ်စေခဲ့၏။ အလောင်းတော်သည် သည်းခံခြင်းအယူကို မစွန့်လွှတ်။ နောက်တစ်ဖန် နားနှာခေါင်းတို့ကို ဖြတ်စေပြန်၏။ အလောင်း တော်ကား မတုန်မလှုပ် သည်းခံတော်မူခဲ့၏။ ကလာဗုမင်းသည် “ရှင်ရသေ့...သင်၏ ခန္တီတရားကို သင်သည်ပင် ဦးထိပ်ထား၍ နေလေတော့”ဟု ဆိုလျက် အလောင်းတော်၏ ရင်ဝကို ခြေဖြင့်ကန်၍ သွားခဲ့၏။ အလောင်း တော်က “ကလာဗု မင်းသည် ငါ၏လက်ခြေတို့ကို ဖြတ်၏။ နားနှာခေါင်းတို့ကို ဖြတ်၏။ ထိုမင်းသည် အသက်ရှည်ပါစေ။ ငါကဲ့သို့သော ပညာရှိတို့သည် အမျက် မထွက်ကြပါ”ဟု ပြောဆို၍ သည်းခံတော်မူ၏။ အလောင်း တော်သည် ထိုနေ့၌ပင် ကလာဗုမင်း၏ နှိပ်စက်ညှင်းဆဲသည့် ဒဏ်ရာဒဏ်ချက်ဖြင့် အသက်ကုန်ခြင်းသို့ ရောက်ခဲ့၏။ အလောင်းတော်သည် သည်းခံခြင်း ခန္တီဥပပါရမီ၊ အသက်ကို စွန့်လွှတ်သည်းခံခြင်း ခန္တီပရမတ္ထပါရမီတော်တို့ကို အထွတ်အထိပ် ရောက်အောင် ဖြည့်ကျင့်ခဲ့သည်။ အလောင်းတော်၏ သမ္မာသမ္ဗောဓိဉာဏ် ရင့်သန်စေရန်အတွက် ခန္တီပါရမီဖြည့်ကျင့်မှုကို ကြားရ မြင်ရသူတို့အဖို့ ကြက်သီးမွေးညင်းထသည်အထိ ကြည်ညိုဖွယ်ရာ အတိပင် ဖြစ်ပါသည်။
သစ္စာပါရမီကို ဖြည့်ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် သမ္မာသမ္ဗောဓိဉာဏ် ရင့်သန်စေရန် သစ္စာပါရမီ ကိုလည်း ဖြည့်ကျင့်ခဲ့ပါသည်။ အောက်ပါဖြစ် တော်စဉ်များကို ထောက်ရှု၍ အလောင်းတော်၏ သစ္စာပါရမီ ဖြည့်ကျင့်မှုမှာလည်း ကြည်ညိုဖွယ်ရာပင် ဖြစ်ပါသည်။ မျောက်မင်းဘဝက အလွန်ဆိုးသွမ်းသော မိကျောင်းတစ်ကောင်၏ နှောင့်ယှက်မှုကြောင့် မြစ်တစ်ဘက်ကမ်းသို့ မကူးနိုင်ခဲ့။ တစ်ချိန်သော် မိကျောင်းသည် မျောက်မင်းကိုမြင်၍ သူ့ထံလာရန် ပြောခဲ့၏။ မျောက်မင်းကလည်း “လာမည်”ဟု ဝန်ခံခဲ့၏။ မျောက်မင်းသည် သစ္စာပါရမီကို ဖြည့်လို၍ ဝန်ခံ ခဲ့သည့်အတိုင်း မိကျောင်းထံ ဖြောင့်မတ် စွာသွားကာ ထိုမိကျောင်း၏ ဦးထိပ်ကို နင်းလျက် မြစ်၏ဟိုမှာဘက်ကမ်း၌ တည်ခဲ့လေသည်။ ဆိုခဲ့သည့် အတိုင်း မယွင်းမဖောက် သစ္စာပါရမီကို ဖြည့်ကျင့်ခဲ့သည်။ သစ္စမည်သော ရသေ့ဘဝက သစ္စာစကားဖြင့် လောကကို စောင့်ရှောက်ခဲ့၏။ လူအပေါင်းကို ညီညွတ်အောင် ပြုခဲ့၏။ ဤသို့အားဖြင့် သစ္စာပါရမီကို ဖြည့်ကျင့်ခဲ့၏။ အတောင်အလက် မစုံသေးသော ငုံးငယ်ဖြစ်စဉ်က အမိအဖ တို့နှင့်အတူ အသိုက်၌ ရှိနေစဉ် တောမီးသည် အလျှံတပြောင်ပြောင် တောက်လောင်၍ လာခဲ့လေသည်။ ထိုအခါ အမိအဖတို့သည် ၎င်းင်းတို့၏ အသက်ဘေးကြောင့် အလောင်းတော်ကို စွန့်ပစ်၍ ပြေးခဲ့ကြကုန်၏။ အလောင်းတော်သည် သီလဂုဏ်၊ သစ္စာဂုဏ်ကို အာရုံပြုကာ ရှေးဘုရားရှင်တို့ကို အောက်မေ့လျက် “ငါ့အား အတောင်တို့သည် ရှိပါ၏၊ သို့သော် မပျံနိုင်ကုန်။ ခြေတို့သည် ရှိပါကုန်၏။ မသွားနိုင်ကုန် အမိအဖတို့သည် သေဘေးကြောင့် ပြေးကြကုန်ပြီ။ ဤမှန်သော သစ္စာစကားကြောင့် ခဏ၌ တောမီးသည် နောက်သို့ ပြန်ဆုတ် ပါစေ”ဟု သစ္စာပြုသည့်ခဏ၌ တောမီးသည် ငြိမ်းခဲ့၏။ ကပ်ကမ္ဘာကာလ အခါသမယပတ်လုံး မပျက်မပြုန်းတည်နေမည့် အလောင်းတော်၏ သစ္စာပါရမီ ပါတည်း။
ငါးမင်းဘဝဘဝက နွေဥတုနေပူကြောင့် ရေအိုင်ရှိ ရေတို့သည် ခန်းကုန်၏။ အလောင်းတော်၏ ဆွေတော်မျိုး တော်တို့ကို ကျီးစသော သတ္တဝါ တို့သည် ညှင်းဆဲသတ်ဖြတ် စားသောက်ကြပါကုန်၏။ အလောင်းတော်သည် ၎င်းင်းနှင့်တကွ ဆွေတော်မျိုးတော်တို့၏ အကျိုးငှာ “ငါသည် မိမိကိုယ်ကို အောက်မေ့နိုင်သောအခါ သိကြားလိမ္မာသူ၏ အဖြစ်သို့ ရောက်သောအခါ မှစ၍ စေတနာဖြင့် တစ်ဦးတစ်ယောက်သော သတ္တဝါကိုမျှ မညှင်းဆဲခဲ့ဖူးပါ။ ဤမှန်သော သစ္စာစကားကြောင့် မိုးသည် ရွာသွန်းပါစေ”ဟု သစ္စာပြုခဲ့သည်။ ထိုခဏ၌ မိုးသည်ရွာသွန်းခဲ့လေသည်။ ဤကား အလောင်း တော်၏ သစ္စာပါရမီပင် ဖြစ်ပါသည်။
ကဏှဒီပါယနရသေ့ဘဝက အနှစ်ငါးဆယ်ကျော်ကာလပတ်လုံး မပျော်မွေ့ဘဲ ရသေ့ဘဝ၊ ရသေ့အကျင့်၌ နေခဲ့၏။ တစ်နေ့သောအခါ လူ့ဘဝက အဆွေဖြစ်ခဲ့သော ပုဏ္ဏားသည် ဇနီးနှင့်ယညဒတ္တမည်သော သားငယ်ကိုခေါ်၍ အလောင်း တော်၏ ကျောင်းသင်္ခမ်းသို့ ရောက်ခဲ့၏။ ယညဒတ္တမည်သော ကလေးငယ်သည် ဆော့ကစားစဉ် မြွေကိုက်ခံရ၍ မြွေဆိပ်တက်ကာ မူးမေ့နေခဲ့သည်။ ထိုအခါ အလောင်းတော်သည်---“ငါသည် ရသေ့ဘဝဖြင့် ခုနစ်ရက်မျှသာ ကုသိုလ်ကို အလိုရှိ၍ ရသေ့အကျင့်ကို ကျင့်ခဲ့၏။ ရသေ့ဘဝဖြင့် ပျော်မွေ့၏။ ထိုမှနောက်၌ အနှစ်ငါးဆယ်တို့ပတ်လုံး အလိုမရှိဘဲ ရသေ့အကျင့်ကို ကျင့်ခဲ့ရ၏။ ရသေ့ ဘဝဖြင့် မပျော်ပိုက်ခဲ့။ ဤမှန်သော သစ္စာစကားကြောင့် ကလေး ယညဒတ္တသည် အဆိပ်ပြေပါစေသတည်း၊ ချမ်းသာရာ ရပါစေသတည်း” ဟုသစ္စာပြုခဲ့လေသည်။ ထိုခဏ၌ပင် မြွေဆိပ်ကျ၍ ချမ်းသာရာရခဲ့သည်။ အလောင်းတော်သည် ပုဏ္ဏားတို့၏ ကြည်ညိုမှု လာဘသက္ကာရကို မငဲ့ကွက်။ ရသေ့ဘဝ၌ မပျော်ပိုက်ခဲ့သည်ကို မပျော်ပိုက်ကြောင်း မှန်ကန်သော သစ္စာ စကားကိုသာလျှင် ရဲဝံ့စွာ ဆိုခဲ့ပါသည်။ သုတသောမမင်းဘဝက ပေါရိသာဒ၏ ဖမ်းယူခြင်းကို ခံခဲ့ရသည်။ ပေါရိသာဒသည် အလောင်းတော်ကို “သူ့ထံပြန်လာ၊ မလာ သဘောအတိုင်း ပြုပါ” ဟု ပြောသည့်အခါ အလောင်း တော်က “ပြန်လာမည်”ဟု ဝန်ခံပြောဆို ခဲ့သည်။ အလောင်းတော်သည် မိမိနန်းစိုက်ရာ ဣန္ဒပတ္တ မြို့သို့ပြန်၍ မယ်တော်ခမည်းတော်တို့အား မင်းအဖြစ်ကို အပ်နှင်းကာ ပေါရိသာဒသည် အလောင်းတော်အား သတ်မည် မသတ်မည်ကို လုံးဝမစဉ်းစားဘဲ ]ပြန်လာမည်}ဟု ဝန်ခံခဲ့သည့် စကားအတိုင်းသာ ပေါရိသာဒထံ ပြန်သွားခြင်းဖြင့် အလွန်မြတ်သော သစ္စာပါရမီကို ဖြည့်ကျင့် ခဲ့လေသည်။
အဓိဋ္ဌာန်ပါရမီကို ဖြည့်ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် သမ္မာသမ္ဗောဓိဉာဏ်ရင့်သန်စေရန်အတွက် မိမိရည်ရွယ်မှန်းထား ဆုံးဖြတ်ထား သည့်အတိုင်း ဆောက်တည်ရသည့် အဓိဋ္ဌာန်ပါရမီကိုလည်း ဖြည့်ကျင့်ခဲ့၏။ တေမိယမင်းသား ဘဝက အလောင်းတော်၏ ဖြည့်ကျင့် မှုသည် အံ့မခန်းပင်ဖြစ်၏။ အထွတ်အထိပ် ရောက်အောင် ဖြည့်ကျင့်ခဲ့၏။
ကာသိတိုင်းအရှင် ဘုရင်မင်းမြတ်၏ သားတော် တေမိမင်းသားသည် ထီးဖြူကိုမြင်၍ ထိုထီးဖြူကို ဆောင်းမိုးခဲ့ရခြင်း ဟူသော အကြောင်းကြောင့် ရှေးအခါက ငရဲသို့ လားခဲ့ရခြင်းကို မြင်တော် မူခဲ့သည်။ ထီးဖြူဆောင်း၍ မင်းလုပ်ရန် ကြောက်လန့်ခဲ့သည်။ ထိုအခါ အလောင်းတော် တေမိ မင်းသားသည် အ-သူ၊ နားပင်းသူ၊ သွားလာခြင်းမှ ကင်းသည့် ဆွံ့သူအဖြစ် အဓိဋ္ဌာန်ကာ ဆောက်တည်၍ တစ်ဆယ့်ခြောက်နှစ်တို့ ကာလပတ်လုံး နေခဲ့သည်။ အဓိဋ္ဌာန် ဆောက် တည် ထားသော ဘုရားအလောင်းတော်ကို မြေမြှုပ်ရန်အထိ အနုနည်း အကြမ်းနည်း စမ်းသပ်မှု အမျိုးမျိုး တို့ဖြင့် စမ်းသပ်ခဲ့သော်လည်း အဓိဋ္ဌာန်ကို မဖျက်ခဲ့ပေ။ ဤသို့အားဖြင့် လူတကာ ပြုနိုင်ခဲ သော အမြင့်မြတ်ဆုံး အထွတ်အထိပ်ဖြစ်သော အဓိဋ္ဌာန်ပါရမီကို ဖြည့်ကျင့်တော်မူခဲ့သည်။
မေတ္တာပါရမီကို ဖြည့်ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် သမ္မာသမ္ဗောဓိဉာဏ် ရင့်သန်စေရန် အဖက်ဖက်မှ မလိုရအောင် သတိကြီးစွာ ထားပြီး မေတ္တာ ပါရမီကိုလည်း ဘဝများစွာ ဖြည့်ကျင့်ခဲ့ရပါ၏။ အောက်ပါ ဖြစ်တော်စဉ်အချို့မှာ အလောင်းတော်၏ မေတ္တာပါရမီ ဖြည့်ကျင့်မှု၏ သာဓကအချို့ပင် ဖြစ်ပါသည်။ ရွှေကဲ့သို့ ဝါဝင်းသောအဆင်းရှိ၍ သာမမည်သော ရသေ့ပျိုဘဝက တောအုပ်အတွင်း၌ အသားကို စားလေ့ရှိသော ခြင်္သေ့၊ ကျားသစ်၊ကျားတို့ကို သော်လည်း မေတ္တာစစ်စစ်ဖြင့် တရင်း တနှီး ကျင့်သုံးဆက်ဆံခဲ့၏။ အလောင်း တော်သည် ခြင်္သေ့၊ ကျား၊ သစ်၊ ဝံ၊ ကျွဲ၊ ချေ၊ စိုင်၊ ဆတ်၊ သမင်၊ တောဝက် တို့ဖြင့် ခြံရံကာ နေခဲ့၏။ ဤသို့ ကြမ်းတမ်းသော သတ္တဝါတို့ကို အဖေါ်ပြု၍ နေနိုင်ခြင်းသည် အလောင်း တော်၏ မေတ္တာစွမ်းအား မေတ္တာပါရမီ၏ အထောက်အပံ့ပင် ဖြစ်ခဲ့ ပါသည်။
ဧကရာဇာမင်းဘဝက အလောင်းတော်သည် မြတ်သောသီလကို ဆောက်တည်၍ ကာသိတိုင်းသူ တိုင်းသားတို့ကို ညင်သာစွာ ပြောဆို ဆုံးမ ခဲ့၏။ ဒဗ္ဗသေနမင်းသည် အလောင်းတော်၏ သီလရှိမှု၊ နူးညံ့သိမ်မွေ့မှု၊ မေတ္တာ စိတ်ထား မှုတို့ကို အခွင့်ကောင်းယူကာ အလောင်းတော်၏ မင်းစည်းစိမ်ကို သိမ်းယူလျက် အလောင်းတော်အား တွင်း၌မြှုပ်၍ သတ်ခဲ့၏။ သို့သော် အလောင်းတော်သည် ထိုဒဗ္ဗသေနမင်းကို ရန်တုံ့မူခြင်း ပြန်လည်မပြုဘဲ ချစ်လှစွာသော သားတစ်ယောက်ကဲ့သို့ ရှုကြည့်ကာ မေတ္တာအပြည့်အဝ ထားခဲ့သည်။ အလောင်းတော်သည် အသက်ကိုပင် မငဲ့ကွက် မညှာတာမူ၍ မေတ္တာပါရမီကို အထွတ်အထိပ်ရောက်အောင် ဖြည့်ကျင့်ခဲ့ပါသည်။
ဥပေက္ခာပါရမီကို ဖြည့်ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် သမ္မာသမ္ဗောဓိဉာဏ် ရင့်သန်စေရန် ဥပေက္ခာပါရမီ ကိုလည်း ချန်မထားဘဲ ဘဝများစွာ ဖြည့်ကျင့်ခဲ့ပါသည်။ မဟာလောမဟံသ ရသေ့ဘဝက ကျင့်ခဲ့သော အကျင့်သည် ဥပေက္ခာပါရမီ ဖြည့်ကျင့်ခဲ့ခြင်း၏ အဓိက သာဓက တစ်ရပ်ပင် ဖြစ်ပါသည်။
အလောင်းတော် မဟာလောမဟံသရသေ့သည် သုသာန်၌ သူသေကောင် အရိုးကို ခေါင်းအုံး၍ အိပ်ခြင်းကို ပြုခဲ့၏။ ထိုသုသာန်၌ ရသေ့အကျင့်ကို ကျင့်ခဲ့၏။ ရွာသူရွာသား သူငယ်အချို့သည် လာလတ်၍ ပြောင်လှောင်ကာ တံတွေးထွေးခြင်း၊ ကျင်ငယ်စွန့်ခြင်း စသည်ဖြင့် အလောင်းတော်ကို အမျိုးမျိုး ဆင်းရဲဒုက္ခကို ဖြစ်စေခဲ့ကြကုန်၏။ အချို့သော သူငယ်များကမူ ရွှင်လန်း တက်ကြွသော စိတ်၊ ကြည်ညိုသောစိတ်တို့ဖြင့် ပန်းနံ့သာ၊ ဆွမ်းဘောဇဉ်တို့ကို ရိုရိုသေသေ လာရောက် လှူဒါန်းကြကုန်၏။ ထိုသူငယ်တို့သည် အလောင်းတော်အား ချမ်းသာသုခကို ဖြစ်စေ ကြကုန်၏။ သို့သော်လည်း အလောင်းတော်သည် သူငယ်အားလုံးတို့အား တူမျှသောစိတ် ထား၍ ချစ်ခြင်းမုန်းခြင်း အလျင်း မရှိခဲ့ပေ။ ဤကား အလောင်းတော်၏ ဥပေက္ခာပါရမီ ဖြည့်ကျင့် ခြင်း ပင် ဖြစ်ပါသည်။
စရိယာသုံးပါး
[ပြင်ဆင်ရန်]ဘုရားအလောင်းတော်မြတ်သည် ဘဝများစွာ ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ စရိယာသုံးပါး ခေါ်ရည်ရွယ်ချက် ရည်မှန်း ချက်ကြီး သုံးပါး ဦးထိပ်ထား၍ ဖြည့်ကျင့်ခဲ့သည်။ လောကတ္ထစရိယာ ခေါ်လောကသားအားလုံး ချမ်းသာရေး ဟူသော ရည်ရွယ်ချက်ဖြင့် လောကသား တို့ အကျိုးစီးပွားကို အသက်ခန္ဓာ ငဲ့ကွက်မှုမပါဘဲ အစွမ်းကုန် ကြိုးပမ်း ဖြည့်ကျင့် တော်မူခဲ့သည်။ ဉာတတ္ထစရိယာ ဟူသောရည်ရွယ်ချက်ဖြင့် ဆွေတော်မျိုးတော်တို့ အကျိုးစီးပွား အတွက် မိမိအသက် ခန္ဓာကို စွန့်ကာ အားထုတ်ဆောင်ရွက်ခဲ့သည်။ ဗုဒ္ဓတ္တစရိယာ ဟူသော ပဓာန ရည်ရွယ်ချက်တော်ကြီး အောင်မြင်ရေး အတွက်မူ ဘဝတိုင်း ဘဝတိုင်း ဆုတ်ဆိုင်းမရှိ မနေမနား စွန့်စားရဲဝံ့စွာ အားထုတ်ခဲ့သည်။ ဤသို့သော ရည်ရွယ်ချက် ရည်မှန်းချက် ကျင့်ဆောင်ချက်ကြီး သုံးပါးကို ဘဝမခြား မရပ်မနား စွမ်းအားအပြည့် ဖြည့်ကျင့်ခဲ့သဖြင့် နောက်ဆုံး ဘဝဝယ် သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုတ ဉာဏ်ရှင် ဘုရား သခင်ဘဝသို့ ရောက်တော်မူခဲ့သည်။ သုမေဓာရှင်ရသေ့ ဘဝကပင် မိမိ၏ရည်ရွယ် ချက်ဖြစ်သော “တိဏ္ဏောတာရေယျံ ငါကိုယ်တိုင် သံသရာတစ်ဘက်ကမ်း ကူးသန်း လွတ်မြောက် ခဲ့လျှင် ဝေနေများ စွာ သတ္တဝါတို့အားလည်း သံသရာဝဲဇလုပ်မှ ဆွဲထုတ် ကယ်တင် တော်မူအံ့” ဟူသော စိတ်အကြံပြည့်ဝသဖြင့် ဝေနေယျများစွာတို့အား ဆင်းရဲကင်းရာ နိဗ္ဗူတာသို့ ပို့ဆောင်နိုင်ခဲ့လေသည်။
စွန့်ခြင်းကြီးငါးပါး(ပဉ္စမဟာပရိစ္စာဂ)
[ပြင်ဆင်ရန်]ဘုရားအလောင်းတော်သည် ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်တော်မူစဉ် ဒါနပါရမီအထူးကို ဖြည့်ကျင့်ခဲ့သည်။ ဒါန ပါရမီသည် အခြေခံပါရမီကြီးဖြစ်သဖြင့် အလှူခံပုဂ္ဂိုလ်တို့၏ ဆန္ဒကို ဖြည့်ဆည်းဖို့ရာ လှူဖွယ်ဝတ္ထုအပေါ် မူတည်၍ အဆင့်ငါးဆင့် ခွဲခြားထားသည်။ ထိုစွန့်ခြင်းတို့သည် သာမန်စွန့်ခြင်းထက် ပိုမိုကြီးမားခက်ခဲသဖြင့် စွန့်ခြင်းကြီး ငါးပါးဟု ခေါ်ကြသည်။ လူသာမန်တို့ ကျင့်ဆောင်ရန် ခက်ခဲလှလေသည်။ ပါဠိဘာသာအားဖြင့် ပဉ္စမဟာ ပရိစ္စာဂဟု အမည်သတ်မှတ် ခဲ့သည်။ ထိုစွန့်ခြင်းကြီးငါးပါးမှာ အောက်ပါတို့ ဖြစ်ကြသည်။ ဘုရားအလောင်း တော်မြတ်သည် သာမန်လူတို့ပြုနိုင်ခဲသော အတွင်းအပြင် ပစ္စည်းဥစ္စာရတနာတို့ကို ငြိကပ်တွယ်တာမှု အလျင်း ကင်းစွာဖြင့် အလိုရှိသူ တို့အား ပေးလှူခဲ့သည်။ ထိုသို့သော စွန့်လှူမှုကို ဓနပရိစ္စာဂဟု ဆိုကြသည်။ ထိုမှတစ်ဆင့်တက်၍ လူသားတိုင်း လိုလားတောင့်တ ခုံမင်မြတ်နိုး နှစ်သက် စွဲမက်လှသော တိုင်းပြည်နိုင်ငံ မြို့ရွာများကို လိုလားသူတို့အား စွန့်လှူခြင်းကို ရဋ္ဌပရိစ္စာဂဟု ဆိုသည် ထိုသို့သော ဓနပရိစ္စာဂ သို့မဟုတ် ရဋ္ဌပရိစ္စာဂတို့သည် ပစ္စည်းစွန့်လှူမှုတွင် အဆင့်အမြင့်ဆုံး စွန့်လှူမှုဖြစ်သည်။
ထိုသို့ပစ္စည်း ဥစ္စာစွန့်လှူနိုင်သော်လည်း မိမိ၏ရင်သွေးသည်းချာ သားသမီး ရတနာများကို စွန့်လှူရန်မူ သာ၍ ခဲယဉ်းလှသည်။ မိမိအသက်ပမာ မြတ်နိုး ရသော သားသမီးများကို စွန့်လှူမှုကို ဘဝများစွာဖြည့်ကျင့် ဆောင်ရွက် ခဲ့သည်။ သားသမီးများအား စွန့်လှူမှုကို ပုတ္တပရိစ္စာဂဟု ခေါ်ကြ သည်။ သားသမီးထက် ဇနီးမယား ကြင်ဖေါ်သက် ထားကို စွန့်လှူမှုသည် သာ၍ ခက်ခဲပြန်သည်။ အသက်မက ချစ်မဝသည့် ဘဝကြင်ဖေါ် အလိမ္မာပြည့်ဝ သည့် ဇနီးမယား များကိုလည်း သဗ္ဗညုတဉာဏ်တော် ရရှိရေး အတွက် စွန့်လှူပါရမီ ဖြည့်ခဲ့သည်။ ထိုသို့သော ဖြည့်ကျင့်မှုကို ဘရိယပရိစ္စာဂဟု ခေါ်ကြသည်။
ပစ္စည်းဥစ္စာ သားသမီးဇနီးကြင်ယာ စွန့်လွှတ်မှုသည် မိမိခန္ဓာကိုယ်နှင့် မပတ်သက်သဖြင့် စွန့်လှူနိုင်သည်ဟု ဆိုကောင်း ဆိုစရာရှိပါသည်။ အမှန်မှာမူ ဤသို့မဟုတ်ပါ။ ဘုရားအလောင်း တော်တို့သည် မိမိ၏ခန္ဓာကိုယ် အစိတ် အပိုင်း မျက်စိ၊ နား၊ နှာ၊ ကိုယ်အင်္ဂါ၊ ခြေလက်တို့ကို အလှူခံလာပါက အချိန်မရွေး တွန့်ဆုတ်မှုမရှိ ပေးလှူခဲ့သည်သာ ဖြစ်ပါသည်။ ထိုသို့ အင်္ဂါကြီးငယ် ခြေလက်မျက်စိ စသည်တို့ကို ပေးလှူမှုကို အင်္ဂပရိစ္စာဂ အင်္ဂါကြီးငယ် စွန့်လှူမှုဟု ခေါ်ပါသည်။ ထိုထက် အခက် အခဲဆုံး အမက်မောဆုံး အရာမှာ အသက်ဖြစ်ပါသည်။ သတ္တဝါတိုင်းသည် အသက် ကို စုံမက်ကြပါသည်။ အသက်ခန္ဓာအတွက် အားလုံးကို စွန့်လွှတ် တတ်ကြမြဲ ဖြစ်ပါသည်။ ဘုရားအလောင်းတို့မှာမူ မြတ်နိုးတွယ်တာရာ အကောင်းဆုံး မိမိအသက်နှင့် ခန္ဓာကိုယ်ကို လိုလားသူတို့အား စွန့်လှူခဲ့ပါသည်။ ထိုသို့စွန့် လှူမှုကို ဇီဝိတပရိစ္စာဂဟု ဆိုပါသည်။ ထိုသို့ စွန့်ခြင်းကြီး ငါးပါးကို ဖြည့်ကျင့်ခဲ့ပြီး သဗ္ဗညုတ ရွှေဉာဏ်တော် မြတ်ကို အရယူ တော်မူခဲ့ပါသည်။
ပါရမီဆယ်ပါး အပြားသုံးဆယ်
[ပြင်ဆင်ရန်]ဒါန၊ သီလ၊ နေက္ခမ္မ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရာ၌ သာမန်အခြေအနေဖြင့် ဖြည့်ကျင့်လျှင် ပါရမီဟု ခေါ်သည်။ ခြေလက်အင်္ဂါ အနစ်နာခံ စွန့်လွှတ်ပြီး ဖြည့်ကျင့်လျှင် ဥပပါရမီဟု ခေါ်သည်။ အသက်ခန္ဓာကို စွန့်၍ ဖြည့်ကျင့်လျှင် ပရမတ္ထပါရမီဟု ခေါ်သည်။
အလောင်းတော် ဖွားမြင်တော်မူခန်း
[ပြင်ဆင်ရန်]မဟာမာယာဒေဝီ ဒေဝဒဟသို့ ကြွချီခြင်း
[ပြင်ဆင်ရန်]သီရိမဟာမာယာဒေဝီ မိဖုရားကြီးသည် ဆီကို သပိတ်ဖြင့် ဆောင်သကဲ့သို့ ဘုရားအလောင်းတော်ကို ဆယ်လပတ်လုံး ဝမ်း၌ လွယ်ခဲ့ရသည်။ ကိုယ်ဝန် ရင့်မာခြင်းသို့ ရောက်လတ်သော် မိဘဆွေမျိုး တို့နေရာ ဒေဝဒဟ ပြည်သို့ သွားလို သော ဆန္ဒ ဖြစ်ပေါ်ခဲ့၍ သုဒ္ဓေါဒနမင်းကြီးအား လျှောက်ထား လေရာ သုဒ္ဓေါဒနမင်းကြီးက ခွင့်ပြုခဲ့သည်။ သုဒ္ဓေါဒန မင်းကြီးသည် ကပိလဝတ် ပြည်မှ ဒေဝဒဟ ပြည်သို့တိုင်အောင် ခရီးလမ်းကို ညီညွတ်စွာ ပြင်ဆင်စေ၍ ငှက်ပျောပင် စိုက်ခြင်း၊ ရေပြည့်အိုး တည်ခြင်း၊ တံခွန် ကုက္ကား၊ မုလေးပွားတို့ဖြင့် တန်ဆာဆင်ခြင်းကို လမ်းတလျှောက် ပြုပြင်ထား ခဲ့သည်။ မိဖုရားကြီးကို ရွှေထမ်းစင်ပေါ်၌ ထိုင်စေလျက် အမတ်ပေါင်း တစ်သောင်းတို့ဖြင့် ပင့်ချီ စေကာ များသော အခြံအရံ၊ ထည်ဝါခမ်းနားသော အစီအစဉ်ဖြင့် ပို့စေခဲ့သည်။
လုမ္ဗိနီအင်ကြင်းတော
[ပြင်ဆင်ရန်]ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် နှစ်ပြည်ထောင်တို့၏ အကြား၌ လူအများတို့ အသုံးပြုခြင်းငှာ ထိုက်သော လုမ္ဗိနီ မည်သော အင်ကြင်း တောသည် ရှိခဲ့၏။ မဟာမာယာဒေဝီ မိဖုရားကြီးသည် ထိုအင်ကြင်းတောသို့ ဆိုက်ရောက်သော အခါ အင်ကြင်းပင်တို့သည် ပင်ရင်း ပင်ခြေမှ အစပြု၍ အခက်အဖျားတိုင်အောင် အပင်တိုင်း ပင်လုံးကျွတ် ပွင့်နေခဲ့ကြ ကုန်၏။ အင်ကြင်းပင်တို့၏ အပွင့်၊ အခက်၊ အလက်ကြားတို့၌ အဆင်းငါးမျိုး အရောင်ငါးသွယ်ရှိကုန်သော ပျား၊ ပိတုန်းအုပ်စု တို့သည်လည်းကောင်း၊ အမျိုးမျိုးသော ငှက်အပေါင်းတို့ သည်လည်းကောင်း ချိုမြိန်သာယာ နာပျော်ဖွယ် ရှိကုန်သော အသံတို့ဖြင့် ဝဲပျံကွန့်မြူး တွန်ကျူးလျက်ရှိခဲ့ကုန်၏။ ထိုအင်ကြင်းတော တစ်ခုလုံးသည် သိကြားမင်း၏ စိတ္တလတာမည်သော ဥယျာဉ်နှင့် မခြားခဲ့။ ပျော်မွေ့ဖွယ်ရာ ဆန်းကြယ်စွာ ဖြစ်ခဲ့၏။ ထိုသို့ လွန်လွန် ကဲကဲ ပျော်မွေ့ ဖွယ်ကောင်းသော အင်ကြင်းတောကို မြင်၍ မိဖုရားကြီး၌ သက်ဝင်ခိုနား ကစားရွှင်မြူးလိုသော စိတ်သည် ဖြစ်ခဲ့သည်။ အမတ်တို့သည် မဟာမာယာဒေဝီမိဖုရားကြီးကို ခေါ်ဆောင်ကြကာ အင်ကြင်းတောသို့ ဝင်ခဲ့ကြသည်။ မဟာမာယာ ဒေဝီမိဖုရားကြီး အင်ကြင်း တောသို့ ဝင်တော် မူသည့် ခဏ၌ပင် စကြဝဠာ တိုက်တစ် သောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့သည် ယနေ့ အလောင်းတော်သူမြတ်သည် မယ်တော်၏ ဝမ်းကြာတိုက်မှ မီးရှူးသန့်စင် ဖွားမြင်တော် မူမည်ဖြစ်ကြောင်း အုတ်အုတ် ကျက်ကျက် ပဲ့တင်ထပ်သော အသံကို ဖြစ်စေခဲ့ကြကုန်၏။ အလောင်းတော်၏ ဖွားမြင်ခြင်း ဝိဇာတမင်္ဂလာကို ပူဇော်သကာပြုသည့် အနေဖြင့် ကောင်းကင်ဝယ် နတ်ထီးဖြူတို့ကို လွှမ်းဖုံး မိုးကာ၍ မင်္ဂလာသီချင်းတို့ကို သီဆိုခဲ့ ကြကုန်၏။ နတ်၌ဖြစ်သော တူရိယာသံ၊ ခရုသင်းသံတို့ ဘဝဂ်လျှံမျှ ဖြစ်ခဲ့ကုန်၏။
အလောင်းတော် ဖွားမြင်တော်မူခြင်း
[ပြင်ဆင်ရန်]မဟာမာယာဒေဝီ မိဖုရားကြီးသည် အင်ကြင်းပင်ရင်းသို့ ကပ်ရောက်၍ အင်ကြင်းခက်ကို ကိုင်လိုစိတ်ဖြစ်ပေါ်ခဲ့၏။ အင်ကြင်းခက်သည် ကောင်းစွာ ပြုတ်ထားသော ကြိမ်ညွန့်ကဲ့သို့ အောက်သို့ ညွတ်ကိုင်းလာကာ မိဖုရားကြီး၏ လက်အနီးသို့ ကပ်ရောက်လာ၏။ မိဖုရားကြီးသည် လက်ကို ဆန့်တန်း၍ အင်ကြင်းခက်ကို ဆွဲကိုင်ခဲ့၏။ အင်ကြင်း ခက်ကို ဆွဲကိုင်သော ခဏ၌ပင် မိဖုရားကြီးအား ကမ္မဇလေသည် တုန်လှုပ်လာခဲ့သည်။ ထိုအခါ မောင်းမ မိဿံ ခြွေရံပရိသတ် တို့သည် တင်းတိမ် ကန့်လန့်ကာတို့ကို ကာရံကြကုန်၍ အများစုသည် အပါးမှ ဖဲခဲ့ကြကုန်၏။ မင်္ဂလာ အင်ကြင်းခက်ကို ဆွဲကိုင်လျက် ရပ်တည်စဉ်ပင် အလောင်းတော်ကို မီးရှုးသန့်စင် ဖွားမြင် တော်မူခဲ့လေသည်။ ဖွားမြင်ပြီးခဏ၌ ကိလေသာမှ အထူး စင်ကြယ်ကုန်သော မဟာဗြဟ္မာကြီး လေးယောက်တို့သည် ရွှေကွန်ရက်ဖြင့် ဘုရားအလောင်းကို ခံယူကြကုန်၍ မယ်တော်ရှေ့မှ ရပ်တည်ကာ “အရှင်မိဖုရား...ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါလော့၊ အရှင်မိဖုရား ဖွားမြင်သော သားတော် သည် တန်ခိုးအာနုဘော် ကြီးပါ၏”ဟု ပြောကြားကြလေကုန်၏။ ဘုရားအလောင်းတော်မှ တစ်ပါး အခြားသော သတ္တဝါတို့သည် အမိဝမ်းမှ ဖွားမြင်ကြ ကုန်သည် ရှိသော် စက်ဆုပ်ဖွယ်ရှိသော အညစ်အကြေးတို့ဖြင့် လိမ်းကျံကုန်သည်ဖြစ်၍ ဖွားမြင်ခဲ့ ကြကုန်၏။ ဘုရားအလောင်းတော်မှာမူ ထိုကဲ့သို့ မဟုတ်မူဘဲ တရားဟောပလ္လင်မှ သက်ဆင်းသော တရားဟော ဓမ္မကထိကကဲ့သို့လည်းကောင်း၊ ရောင်ခြည် တစ်ထောင်ဆောင်သော နေမင်းသည် ရွှေတောင် ကို ဖောက်၍ ထွန်းလင်း ထွက်ပြူလာသကဲ့သို့ လည်းကောင်း ကြောက်လန့် ခင်းကင်း ရဲတင်းစွာဖြင့် မျက်လုံးတော်တို့ကို ဖွင့်၊ ခြေတော်တို့ကို ဆန့်၊ လက်ဝါးတော် တို့ကို ဖြန့်လျက် ငြိမ်သက်ချမ်းသာစွာ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့၏။
အလောင်းတော် ရဲရဲတောက်စကား ကြုံးဝါးတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားအလောင်း ဖွားမြင်သည်ရှိသော် ဘုရားအလောင်းနှင့် ဘုရား အလောင်းမယ်တော်တို့အား အရိုအသေပြုခြင်းငှာ ကောင်းကင်မှ ရေအလျဉ် နှစ်သွယ်တို့သည် ထွက်လာ၍ ဘုရားအလောင်းနှင့် ဘုရားအလောင်း မယ်တော်တို့၏ ကိုယ်၌ အပူအအေးမျှတမှုကို ပြုကြကုန်၏။ ထိုအခါ ဘုရားအလောင်းကို ရွှေကွန်ရက်ဖြင့် ခံ၍ တည်ကုန်သော မဟာဗြဟ္မာကြီး တို့၏ လက်မှ စတုမဟာရာဇ် နတ်မင်းကြီး လေးယောက် တို့သည် သိမ်မွေ့သော အတွေ့ရှိသည့် သစ်နက်ရေဖြင့် ခံယူခဲ့ကြကုန်၏။ ထိုနတ်မင်းကြီး လေးယောက်တို့လက်မှ လူတို့က ဘွဲ့ဖြူပုဆိုးဖြင့် အလောင်း တော်ကို ခံယူ ခဲ့ကြကုန်၏။ အလောင်းတော်သည် လူတို့၏ လက်မှ လွတ်၍ မြေကြီး၌ တည်လျက် အရှေ့ အရပ် မျက်နှာကို ကြည့်ခဲ့၏။ အထောင်မက များစွာကုန်သော စကြဝဠာတို့သည် တစ်ပြင်တည်း ဖြစ်ကုန်၏။ အရှေ့ အရပ်၌ ရှိသော နတ်လူတို့သည် နံ့သာပန်းတို့ဖြင့် ပူဇော်ကုန်လျက် “အို ယောကျ်ားမြတ် အရှေ့အရပ်၌ အရှင်နှင့် တူသူမရှိ၊ အရှင်သည်သာ အမြတ်ဆုံးဖြစ်ပါ၏”ဟု ကြွေးကြော်ခဲ့ကြကုန်၏။ အရှေ့အရပ်မျက်နှာအတူ အရပ်မျက်နှာ တို့ကို အလောင်းတော်သည် အစဉ်အတိုင်းကြည့်တော်မူခဲ့၍ အရပ်ဆယ်မျက်နှာရှိ နတ်လူတို့က ပန်းနံ့သာတို့ဖြင့် ပူဇော်ကာ အမြတ်ဆုံးယောကျ်ားဖြစ်ကြောင်း ကြွေးကြော်ခဲ့ကြသည်။ အရပ်ဆယ်မျက်နှာတို့၌ အရှင်မြတ်နှင့်တူသူ တစ်စုံတစ်ယောက်ကိုမျှ မြင်တော်မမူသောကြောင့် အလောင်းတော်သည် မြောက်မျက်နှာအရပ်သို့ မျက်နှာတူရူ ခုနစ်ဖဝါး လှမ်းကြွတော်မူ၍ ခုနစ်ဖဝါး မြောက်၌ ရပ်တော်မူကာ---
- “အဂ္ဂေါဟမသ္မိ လောကဿ= ငါသည် လူသုံးပါးတို့တွင် အမြတ်ဆုံး။
- ဇေဋ္ဌောဟမသ္မိ လောကဿ= ငါသည် လူသုံးပါးတို့တွင် အကြီးဆုံး။
- သေဋ္ဌောဟမသ္မိ လောကဿ= ငါသည် လူသုံးပါးတို့တွင် ချီးမွမ်းအပ်ဆုံး။
- အယမန္တိမာ ဇာတိ= ယခုဘဝသည် နောက်ဆုံး ပဋိသန္ဓေနေခြင်းဖြစ်၏။
- နတ္ထိဒါနိ ပုနဗ္ဘဝေါ= တစ်ဖန်ဘဝသစ် ဖြစ်ရခြင်းမရှိတော့”
ဟုစကြဝဠာ တိုက်ပေါင်း တစ်သောင်းလုံးကို အလောင်းတော်၏ အသံတော်ဖြင့် ရဲရဲတောက်စကား ကြုံးဝါးကျူးရင့်တော်မူခဲ့သည်။ အလောင်းတော် မြောက်အရပ်သို့ ခုနစ်ဖဝါး လှမ်းကြွတော် မူသောအခါ မဟာဗြဟ္မာမင်းက ထီးဖြူကို ဆောင်းမိုး၍ သုယာမနတ်မင်းက သားမြီးယပ်ကို ကိုင်ဆောင်လျက် ကျန်နတ်တို့က ရွှေခြေနင်း၊ သံလျက် စသော မင်းမြောက်တန်ဆာ ငါးပါး တို့ကို ကိုင်ဆောင်ကာ ဘုရားလောင်းနောက်မှ လိုက်ပါခဲ့ကြကုန်၏။
ဖွားဖက်တော်ခုနစ်ဦး
[ပြင်ဆင်ရန်]အလောင်းတော်ကို ဖွားမြင်တော်မူသောကာလ ထိုခဏ၌ပင်
- ၁။ ဘဒ္ဒကဉ္စနာမည်သော ရာဟုလာမယ်တော် ယသောဓရာမင်းသမီး
- ၂။ အာနန္ဒာမင်းသား
- ၃။ ဆန္နအမတ်
- ၄။ ကာဠုဒါယီအမတ်
- ၅။ ကဏ္ဍကမြင်းတော်
- ၆။ မဟာဗောဓိပင်
- ၇။ ရွှေအိုးကြီးလေးလုံး---
ဤခုနစ်ပါးတို့သည်လည်း တစ်ပြိုင်နက် ဖွားမြင်ဖြစ်ပေါ်လာခဲ့ကြကုန်၏။ အလောင်းတော်နှင့် အတူ တကွ ဖွားဖော်ဖွားဖက်ဖြစ်လာသောကြောင့် ဖွားဖက်တော်ခုနစ်ပါးဟု ခေါ်ဆိုကြကုန်၏။ ထိုရွှေအိုး ကြီးလေးလုံးတို့အနက် တစ်လုံးကား သင်္ခအမည်ရှိ၍ တစ်ဂါဝုတ်ပမာဏရှိ၏။ တစ်လုံးကား ဇလအမည်ရှိ၍ နှစ်ဂါဝုတ်ပမာဏရှိ၏။ တစ်လုံးကား ဥပ္ပလအမည်ရှိ၍ သုံးဂါဝုတ်ပမာဏရှိ၏။ တစ်လုံးကား ပုဏ္ဍရိကအမည်ရှိ၍ လေးဂါဝုတ် (တစ်ယူဇနာ) ပမာဏရှိ၏။
ကာဠဒေဝီလရသေ့ကြီး
[ပြင်ဆင်ရန်]ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် နှစ်ပြည်ထောင်နေ လူအပေါင်းတို့သည် မိဖုရားကြီး မဟာ မာယာဒေဝီနှင့် ဘုရားအလောင်းတော် မင်းသား တို့ကို ယူဆောင်၍ ကပိလဝတ် ပြည်သို့သာလျှင် သွားကြကုန်၏။ ကပိလဝတ် ပြည်သို့ ရောက်သောနေ့၌ပင် သိကြားမင်းနှင့်တကွ တာဝတိံသာနတ် အပေါင်းတို့သည် တာဝတိံသာနတ်ပြည်၌ “ကပိလဝတ်ပြည်တွင် သုဒ္ဓေါဒန မင်းကြီးအား သားတော်ဖွားမြင်ပြီ။ ထိုသားတော်သည် ဗောဓိပင်ရင်း၌ ဘုရား ဖြစ်လတ္တံ့”ဟု ရွှင်လန်းဝမ်းမြောက် ကြကုန်လျက် အဝတ်ပုဆိုးတို့ကို မြှောက်ကာ မြူးတူးပျော်ပါး၍ နေခဲ့ကြကုန်၏။ ထိုအချိန် ကား သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်တွင် ဝင်ထွက်သွားလာကာ အစဉ်အဆက် စံနေခဲ့သော အဘိညာဉ် ငါးပါး၊ သမာပတ်ရှစ်ပါးတို့ကို ရသည့် ကာဠဒေဝီလရသေ့ကြီးသည် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ ဆွမ်းကိစ္စ ပြီးသော် နေ့သန့်ရန်အလို့ငှာ တာဝတိံသာနတ်ပြည်သို့ ကြွနေချိန် ဖြစ်သည်။
တာဝတိံသာနတ်ပြည်၌ သမာပတ်ချမ်းသာဖြင့် နေ့သန့်ပြီးနောက် ထိုင်နေတော် မူစဉ် မြူးတူး ပျော်ပါးနေကြသော တာဝတိံသာနတ်များကို မြင်၍ မေးကြည့်ခဲ့ရာ ကပိလဝတ်ပြည် သုဒ္ဓေါဒန မင်းကြီးအား သားတော်တစ်ပါး ဖွားမြင် ရရှိကြောင်း၊ ထိုသားတော်သည် ဗောဓိမဏ္ဍိုင်၌ ဘုရားစင် စစ် ဧကန်ဖြစ်တော် မူ၍ ဓမ္မစကြာတရားဦးကို ဟောတော်မူမည် ဖြစ်ကြောင်း၊ ထိုဘုရားရှင်၏ အဆုံးအပိုင်းအခြားမရှိသော ဘုရား၏ တင့်တယ်ခြင်းကို ဖူးမြင်ရ မည်ဖြစ်၍ တရားတော်ကို နာရမည်ဖြစ်သောကြောင့် ပျော်ပါးနေကြ ကြောင်း ပြောကြား လျှောက်ထား ကြလေသည်။ ကာဠဒေဝီလရသေ့ကြီးသည် ထိုနတ်တို့ စကားကို ကြားရ၍ တာဝတိံသာနတ်ပြည်မှ အလျင်အမြန် ပြန်လာခဲ့ပြီးလျှင် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်သို့ ဝင်၍ ခင်းထားသော နေရာ၌ ထိုင်၏။ ထိုနောက် သုဒ္ဓေါဒနမင်းကြီးအား “မင်းကြီး ...သင် မင်းကြီးသည် သားတော် ဖွားမြင်ရရှိလေသလော။ ထိုသားတော်ကို ရှုမြင်လိုပါ၏”ဟု ဆိုခဲ့လေသည်။ သုဒ္ဓေါဒနမင်းကြီးသည် သားတော်မင်းသားငယ်ကို တန်ဆာဆင်လျက် ရသေ့ကြီးအား ရှိခိုးစေရန် ရသေ့ကြီးထံ ရှေးရှုဆောင်ခဲ့၏။ ထိုအခါ ဘုရားအလောင်း မင်းသားငယ်၏ ခြေနှစ်ဖက်တို့သည် ရသေ့ကြီး၏ ဦးခေါင်းထက် ဆံကျစ်တို့အပေါ်၌ ရပ်တည်ခဲ့ကြသည်။ ဘုရားအလောင်းတော်မှာ ထိုနောက်ဆုံးဘဝအနေဖြင့် ရှိခိုးထိုက်သော တစ်ပါးသော သူမည်သည် မရှိခဲ့။ အလောင်းတော်၏ ဦးခေါင်းကို ရသေ့၏ ခြေရင်း၌ ထားမိခဲ့ငြားအံ့။ ရသေ့၏ ဦးခေါင်းသည် ခုနစ်စိတ် ကွဲသွား နိုင်ရာ၏။ ရသေ့သည် “ငါ၏ ကိုယ်ကို ဖျက်ဆီးခြင်းငှာ မသင့်”ဟု ကြံစည်လျက် ထိုင်ရာမှ ထကာ အလောင်းတော်မြတ်ကို လက်အုပ်ချီခဲ့၏။
မင်းကြီးလည်း ထိုအံ့ဖွယ်သရဲကို မြင်ရ၍ သားတော် အလောင်းမင်းသားကို ရှိခိုးလေတော့၏။ ကာဠဒေဝီလ ရသေ့ကြီး သည် ရှေးလွန်လေပြီးသော ကမ္ဘာလေးဆယ်၊ နောင်လာလတ္တံ့သော ကမ္ဘာလေး ဆယ်၊ ရှေ့နောက် ကမ္ဘာရှစ်ဆယ်တို့ကို အောက်မေ့ သိမြင်နိုင်၏။ အလောင်းတော်၏ လက္ခဏာ ပြည့်စုံမှုကို မြင်၍ ဘုရားဖြစ်မည်၊ မဖြစ်မည်ကို စူးစမ်း ဆင်ခြင်သော် ဘုရား စင်စစ် ဖြစ်မည်ဟု အနာဂတံသဉာဏ်ဖြင့် သိမြင်ခဲ့၍ “ဤမင်းသားငယ် သည် အံ့ဖွယ်သရဲ ယောကျ်ားမြတ်ပေတည်း”ဟူ၍ ပြုံးရယ်ခြင်းကို ပြုခဲ့၏။ ထိုနောက် ဘုရားဖြစ်သော ဤယောကျ်ား မြတ်ကို မိမိဖူးမြင် ခွင့်ရ, မရ ဆင်ခြင်ပြန်သော် ဖူးမြင်ခွင့် ရမည်မဟုတ်။ ဘုရားမဖြစ်မီ အကြား၌သာ စုတေ၍ သစ္စာလေးပါး တရားကို သိခြင်းငှာ မတတ်နိုင်ဘဲ အရူပဗြဟ္မာ့ဘုံ ၌သာ ဖြစ်ရမည်ကို သိမြင်ခဲ့သဖြင့် “ငါ့အား စင်စစ် ကြီးစွာသော ဆုံးရှုံး ခြင်းသည် ဖြစ်ပါပေ၏”ဟု စဉ်းစားမိကာ ငိုကြွေးခဲ့လေသည်။
နာလကလုလင် ရဟန်းပြုခြင်း
[ပြင်ဆင်ရန်]ကာဠဒေဝီလရသေ့သည် “ငါ၏ ဆွေမျိုးတို့၌ တစ်စုံတစ်ယောက်သော သူသည် ဤအလောင်း တော်မင်းသားဖြစ်သော ဘုရားကို ဖူးတွေ့ခြင်းငှာ ရနိုင်သလော”ဟု ဆင်ခြင်သည် ရှိသော် မိမိ၏ တူဖြစ်သော နာလကလုလင်ကို မြင်သဖြင့် ခေါ်ယူ၍ မိမိထံရောက်လာသော် “တူမောင်နာလက ...သုဒ္ဓေါဒန မင်းကြီး၏ နန်းတော်၌ သားတော်တစ်ပါး ဖွား၏။ ထိုသားတော်သည် ဘုရားညွန့်လျာ ဖြစ်သည်။ ထိုသားတော်သည် အသက်သုံးဆယ့်ငါးနှစ်ပြည့်လျှင် မချွတ်ဧကန် ဘုရားဖြစ်မည်။ ထိုဘုရားရှင်ကို ဖူးမြင်ရခြင်းငှာ ယခုပင် ရဟန်း ပြုလေလော့”ဟု တိုက်တွန်း ပြောဆိုခဲ့သည်။ နာလက လုလင်သည်လည်း သင်္ကန်းသပိတ် ပရိက္ခရာ တို့ကို ရှာမှီး၍ ရဟန်းပြုကာ ဘုရားအလောင်း တော်ရှိရာသို့ လက်အုပ်ချီလျက် ဟိမဝန္တာတောသို့ ဝင်ကာ ရဟန်းတရားကို ရှေးဦးစွာ ကျင့်တော်မူခဲ့၏။
အမည်မှည့်မင်္ဂလာနှင့် လက္ခဏာနိမိတ်ဖတ်ကြားခြင်း
[ပြင်ဆင်ရန်]သုဒ္ဓေါဒနမင်းကြီးသည် အလောင်းတော်မင်းသား မွေးဖွားပြီးနောက် ငါးရက်မြောက်သောနေ့၌ “ခေါင်းဆေးမင်္ဂလာပြု၍ အမည်မှည့်အံ့”ဟု ရွှေနန်းတော်ကို နံ့သာမျိုးလေးပါးတို့ဖြင့် လိမ်းကျံခဲ့ သည်။ ပေါက်ပေါက်နှင့် တကွပန်းငါးမျိုးတို့ကို ကြဲဖြန့်ကာ တန်ဆာဆင်ခဲ့သည်။ ရေမရော သော နို့ဃနာထမင်းကို ချက်စေခဲ့သည်။ ထို့နောက် ဗေဒင်သုံးပုံတို့ကို တစ်ဖက်ကမ်း ရောက် တတ်မြောက် ကုန်သော ပုဏ္ဏားပညာရှိ တစ်ရာ့ရှစ်ယောက်တို့ကို ပင့်ဖိတ်၍ ကောင်းမွန်စွာ စီစဉ်ထားသော နို့ဃနာထမင်းကို ကျွေးမွေးခဲ့၏။ ယင်းသို့ ကျွေးမွေးပြီးသော် ကြီးစွာသော ပူဇော်သက္ကာရကို ပြုပြီး အလောင်းတော်မင်းသား၏ လက္ခဏာတော်တို့ကို ဖတ်ကြား လျှောက်ထား စေခဲ့၏။
ထိုတစ်ရာ့ရှစ်ယောက်သော ပုဏ္ဏားတို့တွင် ရာမပုဏ္ဏား၊ ဓဇပုဏ္ဏား၊ လက္ခဏပုဏ္ဏား၊ ဇောတိမန္တ ပုဏ္ဏား၊ ယညပုဏ္ဏား၊ သုဘောဇပုဏ္ဏား၊ သုယာမပုဏ္ဏား ဤပုဏ္ဏားပညာရှိ ခုနစ်ယောက် တို့က အလောင်းမင်းသား၏ လက္ခဏာတော်တို့ကို စိစစ်ကြည့်ရှုပြီးလျှင် လက်နှစ် ချောင်းစီ ထောင်ခဲ့ကြ ကုန်၏။ “ဤမင်းသားငယ်သည် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေခဲ့ လျှင် လေးကျွန်းသနင်း စကြာမင်း ဖြစ်လိမ့်မည်။ လူ့ဘောင်ကို ခွါ၍ ရဟန်းပြုခဲ့လျှင် ဘုံသုံးပါး၌ ဘုရားဖြစ်လိမ့် မည်”ဟု တစ်ခုခုကို ယတိပြတ် မဆုံးဖြတ်နိုင်ကြဘဲ နိမိတ်ဖတ်ခဲ့ကြကုန်၏။ အသက်အရွယ်အငယ်ဆုံး ကောဏ္ဍည နွယ်ဖွား သုဒတ္တပုဏ္ဏားကမူ အလောင်းမင်းသား၏ မဟာပုရိသလက္ခဏာ တို့နှင့် အလုံးစုံ ပြည့်စုံမှုကို မြင်သိခဲ့၍ “အလောင်း မင်းသားသည် လူ့ဘောင်၌ နေရန် အကြောင်းမရှိ။ ဧကန်စင်စစ် ကိလေသာအမိုးကို ဖျက်ချိုးဖွင့်လှစ်သည့် ဘုရား ဧကန် ဖြစ်လတ္တံ”ဟု ပြောဆိုကာ လက်တစ်ချောင်းကိုသာ ထောင်လျက် အပြီးအပြတ် ဆုံးဖြတ်ကာ နိမိတ်ဖတ်ကြားခဲ့သည်။
အလောင်းတော်မင်းသားအား “ဘုရားစင်စစ်ဖြစ်လိမ့်မည်”ဟု နိမိတ် ဖတ်ကြားခဲ့ကြပြီးနောက် အလောင်းတော်မင်းသား ၏ အမည်ကို မှည့်ခေါ်ကြရန် ဆင်ခြင်ကြပြန်သော် အလုံးစုံသော လောက၏ အကျိုးစီးပွား ပြီးစီးအောင် ဆောင်ရွက် နိုင်စွမ်းရှိမည့် အကြောင်းနိမိတ်ကို အစွဲပြုကာ “သိဒ္ဓတ္ထ” ဟူသော အမည်ကို မှည့်ခဲ့ကြကုန်၏။
နိမိတ်ကြီးလေးပါးကို မမြင်ရန် အစီအမံပြုခြင်း
[ပြင်ဆင်ရန်]သုဒ္ဓေါဒနမင်းကြီးသည် “ငါ၏ သားတော်သည် အဘယ်ကို မြင်၍ ရဟန်း ပြုမည်နည်း”ဟု ပုဏ္ဏားတို့ကို မေးခဲ့သည်။ ပုဏ္ဏားတို့က “အလောင်းတော် မင်းသားသည် သူအို၊ သူနာ၊ သူသေ၊ ရဟန်း-ဟူသော နိမိတ်ကြီး လေးပါးတို့ကို မြင်၍ ရဟန်းပြုမည်ဖြစ်ကြောင်း သုဒ္ဓေါဒနမင်းကြီးအား ပြန်လည် လျှောက်ထားခဲ့ကြသည်။ ထိုအခါ သုဒ္ဓေါဒနမင်းသည် “ဤနေ့မှစ၍ ဤသို့ သဘောရှိ ကုန်သော နိမိတ်တို့ကို ငါ၏ သားတော် အလောင်းမင်းသားထံ မကပ်ရောက်စေလင့်။ ငါ၏ သားတော်အား ဘုရားဖြစ်ရန် အလိုမရှိပါ။ ကျွန်းငယ်နှစ်ထောင် အခြံအရံရှိသော ကျွန်းကြီး လေးကျွန်းတို့ကို အစိုးရသည့် စကြာမင်းသာဖြစ်စေလျက် သုံးဆယ့်ခြောက် ယူဇနာ အဝန်းအဝိုင်း ရှိသော ပရိသတ်ဖြင့် ခြံရံကာ ကောင်းကင်ပြင်၌ စကြာရတနာဖြင့် လှည့်လည် သွားလာသည်ကိုသာ မြင်လိုသည်”ဟု မိန့်ဆိုတော်မူခဲ့သည်။ ထို့နောက် သုဒ္ဓေါဒနမင်းကြီးသည် သူအို၊ သူနာ၊ သူသေ၊ ရဟန်း-ဟူသော နိမိတ်တို့ကို အလောင်းမင်းသား မြင်နိုင်သော အရပ်သို့ မကပ်ရောက်စေရန် တစ်ဂါဝုတ်၊ တစ်ဂါဝုတ်သော အရပ်တို့၌ အစောင့်အရှောက်ကို ချထားစေခဲ့၏။
အလောင်းမင်းသား ခေါင်းဆေးမင်္ဂလာပြုသော အခမ်းအနားသို့ လာရောက်ကြကုန်သော ဆွေတော်ရှစ်သောင်း မျိုးတော် ပေါင်းတို့သည် “ဤမင်းသားသည် ဘုရားပင် ဖြစ်စေ၊ သို့မဟုတ် စကြဝတေးမင်းပင် ဖြစ်စေ၊ ငါတို့သည် ဤမင်းသား ၏ အခြံအရံအဖြစ် တစ်ယောက်စီ တစ်ယောက်စီသော သားကို ပေးကြကုန်အံ့၊ ဤမင်းသား ဘုရား ဖြစ်လျှင် မင်းသားရဟန်း အပေါင်းခြံရံလျက်သာလျှင် လှည့်လည်သွားလာရလတ္တံ့။ အကယ်၍ စကြာမင်း ဖြစ်ခဲ့ပါမူ မင်းသားလူပျိုတော်တို့ ခြံရံကုန်လျက် လှည့်လည် သွားလာရလတ္တံ့”ဟု တစ်ယောက်စီ တစ်ယောက်စီသော သားကို ပေးရန် ဝန်ခံစကား ပြောခဲ့ကြကုန်၏။ ထိုအခါ သုဒ္ဓေါဒနမင်းကြီးသည် သားတော် သိဒ္ဓတ္ထမင်းသားအား အဆင်း အင်္ဂါနှင့် ပြည့်စုံကုန်၍ အပြစ်အနာအဆာ ကင်းကုန်သော နို့ထိန်းတို့ကိုသာ ခယလုပ်ကျွေးစေခဲ့၏။ အလောင်းတော် မင်းသားသည် များစွာသော အခြံအရံ ပရိသတ်ဖြင့်လည်းကောင်း၊ ကြီးမြတ်သော အသရေ၏ တင့်တယ်ခြင်းဖြင့်လည်းကောင်း ကြီးပွားခဲ့ရ၏။
မယ်တော်နတ်ရွာစံ ကံတော်ကုန်ခြင်း
[ပြင်ဆင်ရန်]အလောင်းတော်မင်းသားကို ဖွားမြင်တော်မူပြီးနောက် ခုနစ်ရက် မြောက်သောနေ့ ရောက်သောအခါ မယ်တော် မဟာ မာယာဒေဝီမိဖုရားကြီးသည် သေလွန်ရအံ့သော ကာလအပိုင်းအခြားသို့ ရောက်ခဲ့ပြီဖြစ်၍ စုတိပြတ် ကြွေ သေလွန်ခဲ့ပြီး လျှင် တုသိတာနတ်ပြည်၌ “သန္တုသိတ” နတ်သား ဖြစ်ခဲ့လေသည်။ မယ်တော်မိဖုရားကြီး နတ်ရွာစံသော အခါ မိထွေး တော် မဟာပဇာပတိဂေါတမီ ဒေဝီသည် မိမိသားရင်း နန္ဒကို အထိန်းတော်များထံ အပ်နှံပြီး အလောင်းတော် မင်းသား ကို သားရင်းနှင့်မခြား နို့ချိုတိုက်ကျွေး၍ မွေးမြူခဲ့လေသည်။
ပါရမီဆယ်ပါးကို ဖြည့်ကျင့်ပုံ အခြင်းအရာကိုလိုက်၍ သုံးမျိုးခွဲခြား ဖြည့်ကျင့်ခဲ့ကြသည်။ ဒါနပါရမီ၊ ဒါနဥပပါရမီ၊ ဒါနပရမတ္ထပါရမီ ဤနည်းအတိုင်း ခွဲခြားသတ်မှတ် ခေါ်ဆိုအပ်သဖြင့် ပါရမီဆယ်ပါး အပြားသုံးဆယ် ဖြစ်လာလေ သည်။ ဤသို့လျှင် အလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကာလအတွင်း သမ္မာသမ္ဗောဓိ ဉာဏ်ရင့်သန်စေ၍ ဘုံသုံးပါး၌ ဘုရားဖြစ်ဖို့ရန် ပါရမီ ဆယ်ပါး၊ အပြားသုံးဆယ်တို့ကို သူမတူအောင် ဖြည့်ကျင့်ခဲ့ပါသည်။
လယ်ထွန်မင်္ဂလာပြုခန်း
[ပြင်ဆင်ရန်]လယ်ထွန်မင်္ဂလာပြုခြင်း
[ပြင်ဆင်ရန်]တစ်နေ့သောအခါ သုဒ္ဓေါဒနမင်းကြီး၏ ရာသီအလိုက် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော လယ်ထွန် မင်္ဂလာသဘင်သည် ဖြစ်ခဲ့၏။ ထိုနေ့၌ ကပိလဝတ် မင်းနေပြည်တစ်ခုလုံးကို နတ်ဗိမာန်ကဲ့သို့ တန်ဆာဆင်ခဲ့ကြကုန်၏။ အလုပ်သမား များမှအစ အလုံးစုံသော ပြည်သူ ပြည်သားတို့သည် အဝတ်သစ် များကို ဝတ်ဆင်ခဲ့ကြကာ အမွှေးနံ့သာတို့ လိမ်းကျံ ပန်ဆင် ကုန်၍ မင်းရင်ပြင်၌ စုဝေးကြကုန်၏။ လယ်ထွန်မင်္ဂလာ ကျင်းပမည့်နေရာ၌ ထွန်တုံးပေါင်း တစ်ထောင်ကို ပြင်ဆင်ထားခဲ့ကြကုန်၏။ ထိုထွန်တုံး တစ်ထောင်အနက် ထွန်တုံးရှစ်ရာမှာ မင်းကြီးနှင့် မင်းညီမင်း သားများ အတွက် ပြင်ဆင်ထား ခဲ့ကြပြီး ထွန်တုံးနှစ်ရာကို လယ်တော်သားများအတွက် ပြင်ဆင်ထားခဲ့ ကြသည်။ သုဒ္ဓေါဒနမင်းကြီး မောင်းနှင်မည့် မင်္ဂလာ ထွန်တုံးတော်ကို နီမြန်းသော ရွှေဖြင့် အလုံးစုံ တန်ဆာဆင်၍ ထားကြကုန်၏။ သုဒ္ဓေါဒနမင်းကြီးသည် မှူးကြီးမတ်ရာ သေနာပတိ ကိုယ်ရံတော်တို့ ခြံရံလျက် မင်းခမ်းမင်းနား အစီအရင်ဖြင့် ကပိလဝတ်နေပြည်တော်မှ လယ်ထွန်မင်္ဂလာ ကျင်းပမည့်နေရာသို့ ထွက်တော်မူ သည်ရှိသော် သားတော် အလောင်း မင်းသားကိုလည်း ဆောင်ယူတော်မူခဲ့သည်။ လယ်ထွန်မင်္ဂလာ သဘင် ဆင်ယင်ကျင်းပရာ နေရာအနီး၌ ထူးခြားလွန်ကဲစွာ မွေ့လျော်ဖွယ် ရှိ၍ အရွက်အခက် ပြည့်သိပ် အေးမြသောအရိပ်ရှိသော ဇမ္ဗုသပြေပင် အောက်၌ ကမ္ဗလာခင်းနှီးကို ကောင်းစွာ ခင်းကျင်းခဲ့၏။ အထက်မှလည်း နီမြန်းသော ကမ္ဗလာမျက်နှာကြက်ကို ဖွဲ့ယှက် တပ်ဆင်၍ တင်းတိမ်ကန့်လန့် ကာတို့ဖြင့် ထက်ဝန်းကျင် ဝန်းရံကာ လုံခြုံစွာ အစောင့် အကြပ်တို့ကို ချထားခဲ့၏။ ထိုနေရာ၌ သားတော်အလောင်းမင်းသားကို အထိန်းအယတို့ဖြင့် ထားတော် မူပြီး မှူးမတ်အပေါင်း ခြံရံလျက် မင်္ဂလာ လယ်တော်သို့ ကြွချီတော် မူခဲ့သည်။ မင်္ဂလာ လယ်တော်သို့ ရောက်သော် သုဒ္ဓေါဒနမင်းကြီးသည် မိမိအတွက် စီစဉ်ထားသော ရွှေထွန်တော်ကို စီးနင်း မောင်းနှင်တော်မူခဲ့၏။ မင်္ဂလာ အခမ်းအနားပါ မှူးမတ်အပေါင်း ခုနစ်ရာ ကိုးဆယ့်ကိုးယောက် တို့ သည် ၎င်းင်းတို့အတွက် စီစဉ်ထားသော ငွေထွန်တုံး များကိုလည်းကောင်း၊ လယ်တော်သား နှစ်ရာ တို့သည် ထွန်တုံးနှစ်ရာတို့ကိုလည်းကောင်း အသီးသီး စီးနင်း မောင်းနှင်ခဲ့ကြကုန်၏။ ထိုလယ်ထွန်မင်္ဂလာ အခမ်းအနားကား အလွန်ပင် စည်ကားကြီးကျယ်ခဲ့လေသည်။
အလောင်းတော် အာနာပါနပဌမဈာန်ကို ရတော်မူခြင်း
[ပြင်ဆင်ရန်]ထိုအခါ အလောင်းတော်မင်းသားကို ခြံရံစောင့်ရှောက်နေကြကုန်သော အထိန်းအယ အစောင့် အရှောက်တို့သည် လယ်ထွန်မင်္ဂလာကျင်းပနေသော မင်းကြီး၏ အသရေတော်ကို ကြည့်လိုခဲ့ကြ၍ တင်းတိမ်ကန့်လန့်ကာ အတွင်းမှ အပြင်သို့ ထွက်သွားခဲ့ကြကုန်၏။ ထိုအခိုက် အလောင်းတော် မင်းသားသည် ကိုယ်တောြ်မတ်၏ အနီးအပါး၌ တစ်စုံ တစ်ယောက်သော သူကိုမျှ မမြင်ရ၍ နေရာမှ လျင်စွာ ထပြီးလျှင် တည်ကြည်သော ဣန္ဒြေတော်ဖြင့် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူလျက် ဝင်လေထွက်လေတို့ကို အာရုံ ပြုကာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူခဲ့သဖြင့် ရူပါဝစရပဌမ ဈာန်ကို ရတော်မူ ခဲ့လေသည်။
အလောင်းတော်မင်းသား စံနေတော်မူသော ဇမ္ဗုသပြေပင်၏ အရိပ်သည် မွန်းလွဲသော်လည်း ပြောင်းလဲခြင်းမရှိဘဲ အလောင်းတော် မင်းသားကို ထားစအခါကကဲ့သို့ပင် အဝန်းအဝိုင်းအနေ အားဖြင့် ထူးခြားစွာ တည်နေခဲ့သည်။ အလောင်း မင်းသား စံနေသော ဇမ္ဗုသပြေပင်မှတစ်ပါး ကျန်သစ်ပင်များ၏ အရိပ်များမှာကား ရွေ့ရှား ပြောင်းလဲလျက် မွန်းလွဲသော အခါ အရိပ်များ အရှေ့ဘက်သို့ ရောက်၍ နေခဲ့ကြကုန်၏။
သုဒ္ဓေါဒနမင်းကြီး သားတော်ကို နှစ်ကြိမ်မြောက်ရှိခိုးခြင်း
[ပြင်ဆင်ရန်]အထိန်းတော်တို့သည် ထိုအကြောင်းကို မင်းကြီးအား လျှောက်တင် ကြသောအခါ သုဒ္ဓေါဒန မင်းကြီးသည် လျင်စွာ လာလတ်၍ တင်းတိမ် ကန့်လန့်ကာတို့ကို ဖွင့်၍ကြည့်သော် အသရေရှိသော နေရာထက်၌ အလောင်းတော်မင်းသား တင်ပလ္လင်ဖွဲ့ခွေ ငြိမ်သက်စွာ စံနေတော်မူသည်ကို လည်းကောင်း သပြေပင်အရိပ် မရွေ့မရှား ပကတိအတိုင်း အဝန်းအဝိုင်း ပြုလျက် တည်နေသည် ကိုလည်းကောင်း အံ့ဩဖွယ်ရာ ထူးခြားစွာ မြင်ရ သည်ရှိသော်--- “အို... ချစ်သားမြတ်၊ သင်ချစ် သားမြတ်အား ခမည်းတော်၏ ဤယခု အကြိမ်ရှိခိုးခြင်းသည် နှစ်ကြိမ်မြောက် ရှိခိုးခြင်း ပါတည်း”ဟု နှုတ်>မက် ပြောဆိုကာ သားတော်ကို ရှိခိုးခဲ့သည်။
နန်းပြာသာဒ်သုံးဆောင် ဆောက်လုပ်ခြင်း
[ပြင်ဆင်ရန်]အလောင်းတော်မင်းသားသည် အလွန်ကြီးကျယ်သော သုခချမ်းသာဖြင့် အစဉ်အတိုင်း ကြီးပွားခဲ့ရာ သက်တော် တစ်ဆယ့် ခြောက်နှစ်အရွယ်သို့ ရောက်တော်မူခဲ့သည်။ သုဒ္ဓေါဒနမင်းကြီးသည် သားတော်စံနေရန် ပြာသာဒ် သုံးဆောင် ဆောက်လုပ်လိုသော အကြံရှိတော်မူ၍ နေပြည်တော် အတွင်းရှိ ဗိသုကာ၊ လက်သမား၊ ပန်းရန်၊ ပန်းပု၊ ပန်းချီအတတ်သည်တို့ကို ဆင့်ခေါ် စည်းဝေးစေပြီးလျှင် သားတော်စံမြန်းရန် ဆောင်း၊ နွေ၊ မိုး ဥတုသုံးလီ လျော်ညီ သင့်မြတ် နန်းပြာ သာဒ်သုံးဆောင်တို့ကို ဆောက်လုပ်စေခဲ့၏။ ဆောင်းရာသီ၌ စံမြန်းတော်မူရန် ရမ္မနန်း ပြာသာဒ် ဆောင်ကိုလည်းကောင်း၊ နွေရာသီ၌ စံမြန်းတော်မူရန် သုရမ္မနန်း ပြာသာဒ်ဆောင် ကိုလည်း ကောင်း၊ မိုးရာသီ၌ စံမြန်း တော်မူရန် သုဘနန်းပြာသာဒ်ဆောင်ကိုလည်းကောင်း ထိုသုံးဆောင်လုံးကို အလျား၊ အနံ၊ အမြင့် ပမာဏ ညီမျှကြစေ ကုန်လျက် ရမ္မနန်းပြာသာဒ်ဆောင်ကို ဘုံကိုးဆင့်၊ သုရမ္မ နန်းပြာ သာဒ်ဆောင်ကို ဘုံခုနစ်ဆင့်၊ သုဘနန်း ပြာသာဒ် ဆောင်ကို ဘုံငါးဆင့် ထား၍ ဆောက်လုပ် စေခဲ့၏။ နန်းပြာသာဒ်သုံးဆောင် ဆောက်လုပ်ပြီးသော အခါ သားတော် မင်းသားကို နေစေလျက် ကချေသည်ရံရွေတော် လေးသောင်းတို့ကို လုပ်ကျွေးစေခဲ့၏။ အလောင်းတော်သည် နတ်သမီး အပေါင်းတို့နှင့် တင့်တယ်သော နတ်ပြည်ကဲ့သို့ တန်ဆာဆင်သော ကချေ သည်တို့ဖြင့် ခြံရံလျက် နတ်နန်းတမျှ ခံစားခဲ့၏။ ယောကျ်ားတစ်ယောက်မျှမပါဘဲ အမျိုးသမီး ကချေ သည် တို့သည်သာ အတီးအမှုတ် တူရိယာတို့ဖြင့် အလောင်းတော် မင်းသားကို ဖျော်ဖြေခဲ့ကြကုန်၏။ အလောင်းတော် သည် ကြီးစွာသော စည်းစိမ်ချမ်းသာကို ဥတုသုံးပါး အလှည့်အားဖြင့် ပြာသာဒ် သုံးဆောင်တို့၌ လှည့်လည်ကာ ခံစားနေ ထိုင်ခဲ့လေသည်။
လေးတော်တင်ခန်း
[ပြင်ဆင်ရန်]လေးအတတ်ပညာကို ပြခြင်း
[ပြင်ဆင်ရန်]သုဒ္ဓေါဒနမင်းကြီးသည် “ငါ၏ သားတော် သိဒ္ဓတ္ထမင်းသားသည် ယခုအခါ အရွယ်တော်မြောက် တစ်ဆယ့်ခြောက်နှစ် သို့ ရောက်ခဲ့ပေပြီ။ ငါ့သားတော်ကို မင်းအဖြစ်၌ တည်စေတော့အံ့။ သာကီဝင် မင်း အပေါင်း တို့သည် မိမိတို့၏ နန်းအိမ်၌ အရွယ်ရောက်ပြီးကုန်သော သမီးကညာတို့ကို ငါ၏ စံနန်းတော်သို့ အရောက်ပို့ဆက်ကြကုန်လော့”ဟု သဝဏ်လွှာ အသီးသီးကို ပေးပို့တော်မူခဲ့သည်။
သာကီဝင်မင်းအပေါင်းတို့သည် “သိဒ္ဓတ္ထမင်းသားသည် ပညာမတတ်၊ ရုပ်အဆင်းနှင့် ပြည့်စုံသူ သက်သက်သာ ဖြစ်ချေ သည်။ သားမယားတို့အား ကျွေးမွေးထိန်းသိမ်းရန်တာဝန်ကို ဆောင်ရွက်နိုင် မည့်သူ မဟုတ်။ ထို့ကြောင့် သမီးတော် များကို မပို့နိုင်ကုန်”ဟု ငြင်းဆန်သောစကား ဆိုခဲ့ကြကုန်၏။ သုဒ္ဓေါဒနမင်းကြီးသည် သာကီဝင်မင်းတို့ ပြန်ကြား သော စကားကို သားတော် သိဒ္ဓတ္ထမင်းသားအား ပြောပြခဲ့ရာ အလောင်းတော်မင်းသားက “ခမည်းတော် မင်းကြီး ... သားတော်မှာ အတတ်ပညာ သင်ကြားဖွယ် မလိုပါ။ ဆွေတော် မျိုးတော်တို့ကို အဘယ်အတတ်ပညာကို ပြသင့် ပါသနည်း”ဟု မေးလေလျှင် မင်းကြီးက “သားတော်...လေးအတတ်ကို ပြသင့်သည်”ဟု မိန့်ခဲ့လေ သည်။ အလောင်း တော်မင်းသားက ယနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ဆွေတော် မျိုးတော် တို့အား လေးအတတ်ကို ပြပါမည်။ လေးအတတ် ပြမည့်အကြောင်း မြို့တော်အတွင်း၌စည်ကို လည်စေ တော်မူပါလော့”ဟု လျှောက်တင်ခဲ့ သဖြင့် သုဒ္ဓေါဒနမင်းကြီးကလည်း ကပိလဝတ်မြို့အလုံး ၌ စည်လည်စေတော်မူ ခဲ့သည်။
အလောင်းတော်သိဒ္ဓတ္ထမင်းသားသည် ခုနစ်ရက်မြောက်သော နေ့၌ နေရာအသီးသီးတို့တွင် မင်းနှင့်တကွမှူးမတ် ပရိသတ်တို့ စုံညီသောအခါ မင်းချင်းယောကျ်ားတို့ ဆက်သသည့် ဗိုလ်ခြေတစ် ထောင် တင်ချရသော လေးကို ရတနာပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျက်ပင် လေးတော် ကို တင်ချ ပြခဲ့သည်။ သာကီဝင်မင်းပေါင်း ရှစ်သောင်းတို့သည် အလောင်းတော်မြတ် လေးကြိုးကို ညှိခတ်၍ ပြလျှင်ပင် ရွှင်လန်းဝမ်းမြောက် လက်ပန်းပေါက် ခတ်ခဲ့ကြကုန်၏။ အလောင်းတော်မြတ် ဗောဓိသတ်သည် ကပိလဝတ်နေပြည်တော်အတွင်း နာမည်ကြီးကာ ကျော်စော ထင်ရှား ကုန်သော အက္ခဏဝေဓိ၊ ဝါလဝေဓိ၊ သရဝေဓိ၊ သဒ္ဒဝေဓိ အမည်ရှိကုန်သော လေးဆရာကြီးတို့ကို ခေါ်တော် မူ၍ မင်းရင်ပြင်၌ စုဝေးစေပြီးသော် သုံးသောင်း သုံးသောင်းစီသော မြားတို့ကို အသီးသီးပေးအပ်၍ အလောင်းတော် မူကား ဝဇိရစိန်စဉ်းသွားတပ်ထားသော လေးတော်ကို စွဲကိုင်ခဲ့သည်။ ၎င်းင်းနောက် ထိုလေးဆရာကြီးတို့ကို တစ်ညီတညွတ်တည်း၊ တစ်ပြိုင်နက်တည်း အလောင်းတော်ကို ပစ်ကြရန် အမိန့်ပေးခဲ့သည်။
ထိုအခါ လေးဆရာကြီး တို့က “အရှင့်သား...အကျွန်ုပ်တို့ကား လျှပ်တစ်ပြက်အတွင်း အချက် များစွာ မှန်အောင် ပစ်နိုင် သော အက္ခဏဝေဓိ၊ သားမြီးမွေးမျှင်ကိုပင် ထက်ဝက်ဗဟို ဖောက်ထွင်းအောင် ပစ်နိုင်သော ဝါလဝေဓိ၊ ရှေ့ပစ်သော မြားကို နောက်မြားဖြင့် မှန်အောင် ပစ်နိုင်သော သရဝေဓိ၊ မျက်စိဖြင့် မကြည့်ရှုရဘဲ အသံကို နားထောင်၍ မှန်အောင် ပစ်နိုင်သော သဒ္ဒဝေဓိ လေးဆရာကြီးများ ဖြစ်ကြပါသည်။ အရှင့်သားကား အသက်နုနယ် ပျိုရွယ်သူ ဖြစ်ပါသည်။ အကျွန်ုပ်တို့ မပစ်ရက် ပါကုန်”ဟု လျှောက်ဆိုခဲ့ကြကုန်၏။
အလောင်းတော်မင်းသားက “မစိုးရိမ်ကြကုန်လင့်၊ သင်တို့ မှန်အောင်သာ ပစ်ကြပါကုန်”ဟု ပြန်လည် အမိန့်ရှိကာ မင်းရင်ပြင်အလယ်၌ ရွှေခြင်္သေ့မင်း ကဲ့သို့ မကြောက်မရွံ့ ရပ်တည်ခဲ့သည်။ လေးဆရာ ကြီးတို့သည် အလောင်းတော် ကို စွမ်းအားရှိသမျှ မှန်အောင် ပစ်ကြသော်လည်း မြားတစ်စင်းတည်း ဖြင့် မြားသွားအချင်းချင်း၊ မြားမြီးအချင်းချင်း၊ မြားတံ အချင်းချင်း၊ မြားရွက် အချင်းချင်း တစ်စင်းကို တစ်စင်းထပ်ကာ ကျစေ၍ သရဂဗ္ဘခေါ် မြား တိုက်ခန်းကြီး ဖြစ်အောင် ပြုတော်မူခဲ့လေသည်။ လေးဆရာကြီးတို့၏ မြားပေါင်း သုံးသောင်းစီကား ကုန်ခဲ့လေပြီ။ အလောင်းတော် မင်းသားသည် မြားတိုက်ခန်းကြီးကို မပျက်စီးစေမူဘဲ ခုန်လွှားပျံတက်၍ အပြင်သို့ ထွက်တော် မူခဲ့သည်။ အလောင်း တော်မင်းသားက မြားအတတ်ကို ပြသသောအခါ ဆွေတော်မျိုးတော်တို့သည် အလောင်းမင်းသားအပေါ်၌ သံသယ ကင်းပျောက် လေးစားချစ်ခင်ခြင်း သို့ ရောက်ခဲ့ကြကုန်၏။
နန်းတက်တော်မူခြင်း
[ပြင်ဆင်ရန်]ဆွေတော်မျိုးတော်တို့သည် အလောင်းတော်၏ အံ့မခန်းသော ပညာစွမ်းရည်ကို မြင်ကြရ၍ အားရ နှစ်သက်ကြ ကုန်သ ဖြင့် သာကီဝင် မင်းသမီးကညာတို့ကို တင့်တယ်စွာ တန်ဆာဆင်ယင်ကြပြီး အလောင်းတော် သိဒ္ဓတ္ထမင်းသားထံ ပို့ဆောင်အပ်နှံခဲ့ကြကုန်၏။ မင်းသမီးကညာအပေါင်း တို့ကား လေးသောင်းအရေအတွက် ရှိခဲ့သည်။ ထိုလေးသောင်း သော သာကီဝင်မင်းသမီးများအနက် ထိပ်ခေါင်တင် အထွတ်အဖျား တောင်ညာစံဒေဝီ အဂ္ဂမဟေသီ မိဖုရားကြီးကား ဘဒ္ဒကဉ္စနာ ယသောဓရာပင် ဖြစ်ခဲ့သည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး အမှူးပြုသော ကပိလဝတ်ပြည် သာကီဝင် မင်းအပေါင်း ရှစ်သောင်းသော ဆွေတော်မျိုးတော်တို့သည် ကြီးမြတ်ခမ်းနားသော နန်းတက်မင်္ဂလာသဘင် ဆင်ယင် ကျင်းပကြ၍ အလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသားအား ယသောဓရာကို တောင်ညာစံဒေဝီမဟေသီအဖြစ် ထားစေလျက် ထီးဖြူတော်ကို စိုက်ထောင် ဆောင်းမိုးပြီး ရာဇာဘိသိက်ရေချမ်း သွန်းဖြန်းကြကုန်၏။
အလောင်းတော် တောထွက်တော်မူခန်း
[ပြင်ဆင်ရန်]မင်္ဂလာဥယျာဉ်တော်သို့ ထွက်တော်မူခြင်း
[ပြင်ဆင်ရန်]သိဒ္ဓတ္ထအလောင်း မင်းသားသည် သက်တော် တစ်ဆယ့်ခြောက်နှစ် အရွယ်တွင် ကပိလဝတ် ထီးနန်းကို သိမ်းမြန်း စိုးစံတော်မူကာ ယသောဓရာ အမှူးရှိသော မင်းသမီး လေးသောင်းတို့၏ အပြုအစု အယုအယကို ခံတော်မူ လျက် တစ်ဆယ့်သုံးနှစ်တို့ ကာလပတ်လုံး မင်းစည်းစိမ်ကို ခံစားခဲ့၏။ တစ်နေ့ သောအခါ ဥယျာဉ်တော်သို့ ကစားရန် ထွက်တော်မူလိုသဖြင့် ကုမုဒြာကြာပန်း အတူ ဖြူစင်သော အဆင်းရှိသော အာဇာနည်မြင်း လေးကောင် ကသည့် မင်္ဂလာရထားဖြင့် ဥယျာဉ်တော်သို့ ရှေ့ရှု ထွက်တော် မူခဲ့သည်။ အလောင်းတော် မင်းသား လမ်းခရီးအကြားသို့ ရောက်သောအခါ နတ်တို့သည် “သိဒ္ဓတ္ထ မင်းသား ဘုရားဖြစ်ရန် အချိန်နီးကပ်ခဲ့လေပြီ။ ထို မင်းသားအား တောထွက်၍ ရဟန်းပြုကြောင်း ရှေ့ပြေးပုဗ္ဗနိမိတ်ကို ပြကြကုန်အံ့”ဟု တိုင်ပင်ကြကုန်၏။
သူအိုနိမိတ်ကို မြင်တော်မူခြင်း
[ပြင်ဆင်ရန်]နတ်သားတစ်ယောက်ကို ဆံကဖြူ၊ သွားကပြုန်း၊ ခါကကုန်း၍ တောင်ဝှေးကို လက်စွဲကာ တုန်တုန်ရီရီဖြစ်၍ နေသော သူအိုပုံဟန်ဖန်ဆင်း၍ ပြစေကြကုန်၏။ ထိုသူအိုနိမိတ်ကို ဘုရားအလောင်းနှင့် ရထားထိန်းတို့သာ မြင်ကြရကုန်၏။ အခြားသူတို့ မမြင်ခဲ့ကြရကုန်။ အလောင်းတော်မင်းသား သည် သူအိုကို မြင်ရသောအခါ---“အချင်းရထား ထိန်း ...ထိုသူ၏ ဆံပင်များသည် အခြားသူ၏ ဆံပင်များနှင့် မတူကုန်။ ဖွေးဖြူလျက်ရှိကုန်၏။ ကိုယ်မှာလည်း သွားကကြွေ၊ အသားအရေကနည်းပါး၊ ခါးကလည်းကုန်း၊ တုန်တုန် ရီရီဖြစ်၍ နေ၏၊ ထိုသူကား အဘယ် အမည်ရှိသော သူနည်း” ဟု မေးလေလျှင် ရထားထိန်းက “အရှင် မင်းသား...ဤသူကား သူအိုပါ တည်း”ဟု ပြန်ကြား လျှောက်ထား ခဲ့လေ သည်။ သူအိုဟူသော စကားကိုမျှ မကြား ဖူးသော အလောင်းတော်မင်းသားသည်--- “အချင်း ရထားထိန်း... ငါသည်လည်း အိုခြင်းသဘောရှိသလော”ဟု မေးလေလျှင် ရထားထိန်းက “အရှင်မင်းသား ...အရှင်မင်းသားရော ကျွန်ုပ်တို့ပါ ခပ်သိမ်းသော သူတို့သည် အိုခြင်းသဘော ရှိပါကုန်၏”ဟု ပြန်ကြားလျှောက် ထားလေ၏။ အလောင်း တော်မင်းသားသည် “ပဋိသန္ဓေ တည်နေမှုဇာတိ တရားရှိလျှင် အိုမင်းခြင်းဇရာတရားသည် မုချဧကန်အမှန် ဖြစ်ပေ မည်”ဟု ထိတ်လန့်ခြင်းသံဝေဂ ဉာဏ်ဖြစ်ခဲ့၍ ထိုသူအိုကို မြင်ရာအရပ်မှပင် ပြန်လှည့်၍ နန်းတော်သို့သာ ပြန်ခဲ့သည်။ ခမည်းတော် သုဒ္ဓေါနမင်းကြီးက သားတော်အလောင်းမင်းသားသည် လမ်းခရီးအကြား တွင် သူအိုကိုမြင်၍ ဥယျာဉ် တော်သို့ ရောက်အောင် မသွားဘဲ သူအိုကိုမြင်ရာအရပ်မှ ပြန်လှည့်လာခဲ့ကြောင်း သိရလေလျှင် အလောင်းတော်အား ရဟန်းပြုရန် အမှတ်မရစေရေးအတွက် ကာမဂုဏ်စည်းစိမ်တို့ကို ရှေးယခင် ကထက် တိုး၍ စီမံပေးခဲ့သည့်အပြင် အစောင့်အရှောက်တို့ကိုလည်း တိုးမြှင့်၍ အရပ်လေးမျက်နှာတို့၌ နှစ်ဂါဝုတ် နှစ်ဂါဝုတ်တိုင် စီမံချထားပေးခဲ့သည်။
သူနာနိမိတ်ကို မြင်တော်မူခြင်း
[ပြင်ဆင်ရန်]ထိုသို့ သူအိုနိမိတ်ကိုမြင်ပြီးနောက် လေးလပြည့်မြောက်တစ်ရက်သော နေ့ရောက်ပြန်သော် အလောင်းတော်မင်း သားသည် ရှေးနည်းအတူပင် အာဇာနည်မြင်းက,သော ရထားဖြင့် ဥယျာဉ်တော် သို့ ထွက်တော်မူခဲ့ပြန်သည်။ လမ်းခရီးကြားအရောက် နတ်တို့ဖန်ဆင်းထားသော ရောဂါဖိစီးနေသည့် သူနာယောကျ်ားကို မြင်ခဲ့ပြန်သည်။ ထိုအခါ ရထားထိန်းကို မေးခဲ့ပြန်၏။ ရထားထိန်းကလည်း သူနာဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။ ထိုအခါ အလောင်းတော်မင်းသားက “အချင်းရထားထိန်း...ငါသည်လည်း နာဖျားခြင်း သဘောရှိသလော”ဟု မေးလေလျှင် ရထားထိန်းက “အရှင်မင်းသား အရှင်မင်းသားရော အကျွန်ုပ်တို့ပါ ခပ်သိမ်းသော သူတို့သည် နာဖျားခြင်း သဘော ရှိကြပါကုန်၏”ဟု ပြန်ကြားလျှောက်ထားခဲ့သည်။ ထိုအခါ အလောင်း တော်မင်းသားသည် “ပဋိသန္ဓေ တည်နေမှု ဇာတိတရားရှိလျှင် အိုမင်းခြင်း ဇရာတရား၊ နာဖျားခြင်း ဗျာဓိတရားသည် မုချဧကန် အမှန်ဖြစ်ပေမည်”ဟု ထိတ်လန့် ခြင်းသံဝေဂ ဉာဏ်ဖြစ်ခဲ့၍ ထိုသူနာကို မြင်ရာအရပ်မှပင် ပြန်လှည့်၍ နန်းတော်သို့သာ ပြန်ခဲ့လေသည်။ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည် သားတော်အလောင်းမင်းသားသည် လမ်းခရီးအကြားတွင် သူနာကိုမြင်၍ ဥယျာဉ် တော်သို့ ရောက်အောင် မသွားဘဲ သူနာကိုမြင်ရာအရပ်မှ ပြန်လှည့် လာခဲ့ကြောင်း သိရလေလျှင် ရှေးယခင် သူအိုကို မြင်ခဲ့စဉ် ပြန်လှည့်ခဲ့သည့် အတိုင်းပင် အလောင်း တော်အား ရဟန်းပြုရန် အမှတ်မရစေရေးအတွက် ကာမဂုဏ် စည်းစိမ်တို့ကို ရှေးယခင်က ထက် တိုး၍ စီမံပေးခဲ့သည့်အပြင် အစောင့်အရှောက်တို့ကိုလည်း တိုးမြှင့်၍ အရပ်လေး မျက်နှာတို့၌ သုံးဂါဝုတ် သုံးဂါဝုတ်တိုင် စီမံချထားပေးခဲ့သည်။
သူသေနိမိတ်ကို မြင်တော်မူခြင်း
[ပြင်ဆင်ရန်]ထိုသို့ သူနာနိမိတ်ကို မြင်ပြီးနောက် လေးလပြည့်မြောက် တစ်ရက်သော နေ့ရောက်ပြန်သော် အလောင်းတော်မင်းသား သည် ရှေးနည်းအတူပင် အာဇာနည်မြင်းက,သော ရထားဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူခဲ့ပြန်သည်။ ထိုအခါ၌ လည်း နတ်တို့ဖန်ဆင်းထားသော သူသေကို မြင်ခဲ့ပြန်၏။ ထိုအခါ ရထားထိန်းကို မေးခဲ့ပြန်၏။ ရထားထိန်းကလည်း လူသေဖြစ်ကြောင်းနှင့် ထိုသူသေကို သုသာန်သို့ပို့၍ မီးသင်္ဂြိုဟ်မှုပြုရန်အတွက် လူအများစုဝေး ဝိုင်းအုံကာ ထမ်းစင်ပြု လုပ် နေကြခြင်း ဖြစ်ကြောင်း ပြန်လည်လျှောက်ထား ခဲ့သည်။ ထိုအခါ အလောင်းတော်မင်းသားက “အချင်းရထား ထိန်း...ငါလည်း သေခြင်း သဘောရှိသလော”ဟု မေးလေလျှင် ရထားထိန်းက “အရှင်မင်းသား၊ အရှင်မင်းသားရော အကျွန်ုပ်တို့ပါ ခပ်သိမ်းသောသူတို့သည် သေခြင်းသဘော ရှိပါကုန်၏။ သတ္တဝါတိုင်းသည် သေခြင်းမှ မလွတ်နိုင်ကြ ပါကုန်”ဟု ပြန်လည် လျှောက်ထားခဲ့လေသည်။ အလောင်းတော်မင်းသားသည် “ပဋိသန္ဓေ တည်နေမှု ဇာတိတရား ထင်ရှားရှိသူသည် အိုမင်း ရင့်ရော်မှု ဇရာတရား၊ နာဖျားမှု ဗျာဓိတရား၊ စုတိပြတ်ကြွေသေ လွန်မှုမရဏတရား ထင်ရှားရှိမည်သာ ဖြစ်ပေစွ တကား”ဟု ထိတ်လန့်မှုသံဝေဂဉာဏ် ဖြစ်ကာ မျက်နှာမရွှင် မကြည်မလင် ဖြစ်ခဲ့ပြီး ထိုသူသေ မြင်ရာအရပ်မှပင် ပြန်လှည့်၍ နန်းတော်သို့သာ ပြန်ခဲ့သည်။ ခမည်းတော် မင်းကြီးသည် သားတော် အလောင်းမင်းသား သူသေကိုမြင်၍ ဥယျာဉ်တော်သို့ ရောက်အောင် မသွားဘဲ သူသေကို မြင်ရာအရပ်မှ ပြန်လှည့် လာခဲ့ကြောင်း သိရလေလျှင် ရှေးယခင်က သူအို သူနာတို့ကို မြင်ခဲ့၍ ပြန်လှည့် ခဲ့သည့်အတိုင်းပင် အလောင်းတော် အား ရဟန်းပြုရန် အမှတ်မရစေရေး အတွက် ကာမဂုဏ်စည်းစိမ်တို့ကို တိုး၍ တိုး၍သာ စီမံပေးခဲ့သည့် အပြင် အစောင့်အရှောက်တို့ကိုလည်း အရပ်လေးမျက်နှာတို့၌ တစ်ယူဇနာ တစ်ယူဇနာခန့် ရှိသော အရပ်တို့တွင် တိုး၍ ချထားပေးခဲ့သည်။
ရဟန်းနိမိတ်ကို မြင်တော်မူခြင်း
[ပြင်ဆင်ရန်]ထိုသို့လူသေနိမိတ်ကို မြင်ပြီးနောက် လေးလပြည့်မြောက် တစ်ရက်သော နေ့သို့ရောက်ပြန်သော် ရှေးယခင်ကကဲ့သို့ အာဇာနည် မြင်းကသော ရထားဖြင့် ဥယျာဉ်တော် ကစားထွက်ခဲ့ပြန်သည်။ ထိုအကြိမ်၌လည်း လမ်းခရီးအကြား၌ နတ်တို့ဖန်ဆင်းထားသော ဆံမုတ်ဆိတ်ကို ပယ်ပြီး ဦးပြည်းတုံးကာ ဖန်ရည် စွန်းသော သင်္ကန်းကို ဝတ်ရုံထားသည့် ရဟန်းအသွင်ကို မြင်ခဲ့ပြန်သည်။ ရထား ထိန်းကို မေး၍ ရထားထိန်း၏ လျှောက်တင်ချက်အရ ဤဖန်ရည်စွန်းသော အဝတ်ကို ဝတ်ထားသူသည် ရဟန်းဖြစ်ကြောင်း၊ ဒါနစသော ကုသိုလ်တရား တို့ကို ပြုကျင့်၍ ဖန်ရည်စွန်းသော အဝတ်ကိုဝတ်ဆင်ကာ လူ့အဖြစ် လူ့ဘဝမှ လွတ်မြောက်လာသူဖြစ်ကြောင်း ရဟန်း၏ ဂုဏ်ကျေးဇူးတို့ကို သိရလေ လျှင် ရဟန်းအဖြစ်ကို နှစ်သက်တော်မူကာ “ငါသည်ယနေ့ပင် ရဟန်းပြုပေအံ့”ဟု ဆောက်တည်တော်မူပြီးလျှင် ဥယျာဉ်တော်သို့ ရောက်အောင်ကြွသွားခဲ့၏။
ထိုနေ့တွင် မင်္ဂလာဥယျာဉ်တော်၌ မြူးပျော် ကစားကာ စည်းစိမ်ခံစား ပြီးနောက် မင်္ဂလာရေကန်၌ ရေချိုးခဲ့၏။ နေဝင် ခါနီး အချိန်ကာလ၌ မင်္ဂလာ ကျောက်ဖျာပေါ်တွင် တင့်တယ်စွာ ထိုင်နေခဲ့၏။ အလောင်းမင်းသားသည် ကိုယ်ကို တန်ဆာဆင်လိုသော ဆန္ဒဖြစ်ပေါ်ခဲ့သည်။ ထိုအခါ သိကြားမင်း သည် အလောင်းတော်၏ ဆန္ဒကိုသိခဲ့၍ ဝိသကြုံ နတ်သားကို ခေါ်ကာ --- “ဝိသကြုံနတ်သား ...အလောင်းတော်သည် တန်ဆာဆင်လိုသော ဆန္ဒဖြစ်ပေါ် နေ၏၊ အလောင်းတော်၏ ဤအကြိမ် တန်ဆာဆင်ခြင်းသည် လူ့လောကတွင် နောက်ဆုံးတန်ဆာဆင်ခြင်း ဖြစ်ပါ၏။ သင်သွား၍ တန်ဆာ ဆင် ပေးပါလော့” ဟု စေခိုင်းခဲ့သည်။ ဝိသကြုံနတ်သားသည် အလောင်းတော်၏ အသုံးတော်ခံ ဆတ္တာသည်ဟန် တူစွာ ဖန်ဆင်း၍ နတ်၌ဖြစ်သော အဝတ်ပုဆိုးတို့ဖြင့် တန်ဆာဆင်ပေးခဲ့သည်။
သားတော်ရာဟုလာ ဖွားမြင်ခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ရွှေနန်းတော်သို့ပြန်ရန် မြတ်သော ရထားထက်သို့ တက်စီးတော်မူလေလျှင် နန်းတော်မှ မင်းချင်း ယောကျ်ားတို့သည် လျင်စွာ လာလတ်၍ “အဂ္ဂမဟေသီယသောဓရာ” မိဖုရား သည် သားတော်ကို ဖွားမြင်ကြောင်း လျှောက်ထားကြကုန်၏။ ထိုအခါ အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် “ငါ့ကိုဖမ်းစားမည့် ရာဟု အသူရိန်ကား ဖွားမြင်ခဲ့လေပြီ။ အနှောင်အဖွဲ့ ကြီးကား ဖြစ်ခဲ့လေပြီ”ဟု မိန့်တော်မူခဲ့သည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် “ငါ့သားတော် အလောင်းမင်းသားက အဘယ်စကားကို ပြောကြားလိုက်သနည်း”ဟု မေးလေလျှင် မင်းချင်းတို့က အလောင်းတော် မင်းသား ပြောကြားလိုက်သော စကားကို ပြန်လည် လျှောက်တင်ခဲ့ကြ၍ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးက “ဤအချိန်မှစ၍ ငါ၏မြေးတော်သည် ရာဟုလာမင်းသားဟု အမည်တွင်စေ”ဟု မိန့်ဆိုခဲ့လေသည်။
သာကီဝင်မင်းသမီး ကိသာဂေါတမီ အငြိမ်းကဗျာ ကျူးရင့်ခြင်း
[ပြင်ဆင်ရန်]အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် တန်ဆာဆင်ထားသည့် ရထားကို စီးလျက် များစွာသော အခြံအရံ၊ အလွန် နှစ်သက်ဖွယ်ရှိသော အသရေတော်၏ တင့်တယ်ခြင်း အထွတ်အထိပ်ဖြင့် ကပိလဝတ် နေပြည်တော်သို့ ပြန်ဝင်တော်မူ ခဲ့သည်။ ထိုအခါ အဆင်းအသရေ ဂုဏ်နကြွေကြွ ကြီးကျယ် မြင့်မြတ်သော ကိသာဂေါတမီ အမည်ရှိသော သာကီဝင် မင်းသမီးပျိုသည် အလောင်းတော် မင်းသား၏ ကိုယ်ရေရွှန်းအိ အသရေတော်ရှိမှုကို တွေ့မြင်ရသဖြင့် နှစ်သက် ခြင်း ဖြစ်ကာ--- “အလှတွင်အယဉ်ဆင့်, ကျက်သရေတင့်လှသည့် အလိမ္မာထွတ်ဖူး ဤသို့သော သားထူးကို မွေးဖွား ခဲ့ကြ, သားကောင်းမိခင်ခေါ်တွင် ခံရသည့် ဘုန်းရှင်ကံရှင် ထိုမိခင်သည် ကြည်သာ ရွှင်ပြုံး, နှလုံးပီတိ, ဂွမ်းဆီထိသို့ ငြိမ်းအေးဘိစွတကား။ အလှတွင် အယဉ်ဆင့်, ကျက်သရေတင့်လှသည့် အလိမ္မာထွတ်ဖူး ဤသို့သော သားထူးကို မွေးမြူခဲ့ကြ သားကောင်း ဖခင်ခေါ်တွင်ခံရသည့် ဘုန်းရှင်ကံရှင် ထိုသို့သော ဖခင်သည် ကြည်သာရွှင်ပြုံး နှလုံးပီတိ, ဂွမ်းဆီထိသို့ ငြိမ်းအေးဘိ စွတကား။ ယောကျ်ားပီသ ဂုဏ်ရည်ဝသည့် အလှတွင် အယဉ်ဆင့် ကျက်သရေ တင့်လှသည့် အလိမ္မာထွတ်ဖူး ဤသို့သော သခင်ထူးကို ချစ်ကြင်စွာလှ ပေါင်းဖက်ရသည့် ဘုန်းလှကံလှ ထိုသို့သော အိမ်ရှင်မသည် ကြည်သာရွှင်ပြုံး နှလုံးပီတိ ဂွမ်းဆီထိသို့ ငြိမ်းအေးဘိစွတကား”ဟူသော ကဗျာကို သီဆိုကျူးရင့်ခဲ့ လေသည်။
ကိသာဂေါတမီ မင်းသမီးပျိုသည် ကိလေသာအာရုံ ကာမဂုဏ်ကို တိမ်းညွှတ်သည့် ရည်ရွယ်ချက်ဖြင့် အငြိမ်းကဗျာကို သီဆိုခဲ့သော်လည်း အလောင်းတော် မင်းသားကမူ ကိလေသာအာရုံ ကာမဂုဏ်မှ ငြိမ်းရာ(နိဗ္ဗုတာ)ကို စွဲယူ သရုပ် ဖော်ခဲ့သည်။ “ငါ၏ညီမတော် သာကီဝင်မင်းသမီးပျို ကိသာ ဂေါတမီသည် တင့်တယ်လှပသော ကိုယ်ကာယ ပိုင်ရှင်၏ အမိအဖ ကြင်ယာနှမတို့၏ စိတ်နှလုံး ရွှင်ပြုံးငြိမ်းချမ်းစွဟု အငြိမ်းကဗျာကို သီဆိုကျူးရင့်ခဲ့ပေသည်။ အဘယ်တရား များ ငြိမ်းအေးမှ နှလုံးစိတ်ဝမ်း ဧကန်အမှန် ငြိမ်းချမ်းပါမည်နည်း” ဟု ဆင်ခြင်ကြံဆ ခဲ့သည်။
ကိလေသာအာရုံ ကာမဂုဏ်တို့၌ ငြီးငွေ့နေခဲ့သော အလောင်းတော်သည် ရာဂ, ဒေါသ စသော ကိလေသာဟူ အပူခပ်သိမ်း အေးငြိမ်းမှ စင်စစ်ဧကန် အမှန် ငြိမ်းပေမည်။ ကိသာဂေါတမီ မင်းသမီး ပျိုသည် ငါ့အား အငြိမ်းဓာတ်နှင့် ဆက်စပ်သော စကားကို ပြောဆိုခဲ့လေသည်။ ငါကား ဒုက္ခခပ်သိမ်း ငြိမ်းရာ အမှန် နိဗ္ဗာန်ပရမတ်ကို ရှာမှီးနေ သူဖြစ်ခဲ့၏။ ယနေ့ပင် ငါသည် အိမ်ရာ တည် ထောင် လူ့ဘောင်ကို ခွါစွန့်၍ ရဟန်းပြုပြီးလျှင် နိဗ္ဗာန်တရားမြတ် အအေးဓာတ်ကို ရှာမှီး သင့်လေပြီ”ဟု တောထွက်တော်မူရန် အကြံဖြစ်ခဲ့သည်။ ငါဝတ်ဆင်ထားသော ဤပုလဲသွယ် သည် ငါ့အား နိဗ္ဗုတိ အငြိမ်းဓာတ်ကို အရရှာရန် သတိပေးသည့် ကိသာဂေါတမီ မင်းသမီးအတွက် ဆရာစား ဖြစ်ပါစေ”ဟု မိန့်ဆိုကာ တစ်သိန်းထိုက်တန်သော ရတနာလည်ဆွဲ ပုလဲသွယ် တန်ဆာကို လည်ပင်းတော်မှ ဖြုတ်၍ ကိသာဂေါတမီထံ ပို့စေခဲ့၏။ ကိသာဂေါတမီ မင်းသမီးကမူ “မောင်တော် သိဒ္ဓတ္ထမင်းသားကား ငါ့အပေါ် တိမ်းညွတ်သော စိတ်ရှိတော်မူ၍ လက်ဆောင်ပဏ္ဏာပေးပို့ခြင်း ဖြစ်ပေသည်”ဟု အထင်တော်ရောက် လွန်စွာ ဝမ်းမြောက်ခဲ့လေသည်။
အလောင်းတော်သံဝေဂရ၍ တောထွက်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်မင်းသားသည် နန်းတော်သို့ရောက်သော် ကြီးကျယ် များမြတ်သော အသရေတော်ဖြင့် စံနန်းပြာသာဒ်သို့ တက်ကာ သလွန်တော် ပေါ်၌ လျောင်းစက်တော်မူခဲ့၏။ ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့၌ ကျွမ်းကျင် လိမ်မာ ကုန်သော ရံရွေတော်ကချေသည် အပေါင်းတို့သည် အလောင်း တော် မင်းသားအား ငါးဖြာအာရုံ ကာမဂုဏ်တို့၌ ပျော်ပါးမွေ့လျော်စေရန်အတွက် တီးမှုတ်ကခုန်၊ သီဆိုဖျော်ဖြေခဲ့ကြကုန်၏။ အလောင်းတော် မင်းသားသည် ကိလေသာ အာရုံ ကာမဂုဏ်တို့၌ ငြီးငွေ့သော စိတ်ရှိတော်မူ၍ ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့၌ အလျှင်းပင် ပျော်မွေ့တော်မမူ သဖြင့် တစ်ခဏမျှဖြင့်ပင် အိပ်ပျော်ခြင်းသို့ ရောက်တော်မူခဲ့၏။ အလောင်းတော် အိပ်ပျော်တော် မူလေလျှင် ကချေသည် ရံရွေအပေါင်းတို့သည်လည်း တူရိယာတို့ကို ဖိလျက် အိပ်စက်ခဲ့ကြကုန်၏။
အလောင်းတော်မင်းသားသည် စက်ရာမှ နိုး၍ သလွန်ပေါ်တွင် ထိုင်နေတော် မူလျက် ကြည့်ရှု လေသော် အချို့သော ကချေသည်များက ပါးစပ်ကိုဟ သွားရည် များ ကျလျက်၊ အချို့သော ကချေသည်များက သွားများကို တကျီကျီ ကြိတ်လျက်၊ အချို့သောကချေသည်များက မြည်တမ်း ယောင်ယမ်းလျက်၊ အချို့သော ကချေသည်များက ပါးစပ် ခံတွင်း ဟင်းလင်းပွင့်ကာ ဆံပင်ဗရပွေ ပြေကျ ကုန်လျက်၊ အချို့ကချေသည်တို့က ခါးဝတ်ကကင်း ဟင်းလင်း ဖြစ်ကြကုန်လျက် သုသာန် တစ သင်းချိုင်းဝနှယ် စက်ဆုပ်ဖွယ်ရာ အိပ်ပျော်နေကြသည်ကို မြင်တော် မူခဲ့သည်။ ထိုသို့ မြင်ရလေ လျှင် ရှေးယခင်ကထက် တိုး၍ ကာမဂုဏ်တို့ အပေါ်၌ တပ်ခြင်းကင်းသော စိတ်ဖြစ်တော်မူခဲ့၏။ အလောင်းတော်မင်းသားသည် “ယနေ့ပင် ငါသည် တောထွက်ဖို့ သင့်ပြီ”ဟု ကြံစည်တော်မူကာ အသရေရှိသော အိပ်ရာတော်မှ ထလျက် တံခါး အနီးသို့ သွားလေလျှင် တံခါးခုံ၌ ခေါင်းဆိုက်၍ အိပ်နေသော ဆန္နအမတ်ကို မြင်ခဲ့သည်။ ဆန္နအမတ်ကို အိပ်ရာမှ နှိုး၍ “ဆန္န...ငါ ယနေ့ တောထွက်တော် မူလိုသည်။ မည်သူတစ်ဦးတစ်ယောက် ကိုမျှ အသိမပေးဘဲ လျင်မြန်သော အဟုန်နှင့်ပြည့်စုံသော အာဇာနည်သိန္ဓောမြင်းတစ်ကောင်ကို အမြန်သွား၍ ကကြိုးတန်ဆာ ဆင်ပါ လေ”ဟု စေခိုင်းခဲ့၏။ ဆန္နအမတ်သည်လည်း နံ့သာ၊ ဆီမီးတို့ တညီးညီး တောက်ပလျက် မြတ်လေးပန်း မျက်နှာကြက် အောက်တွင် အိပ်၍နေသော ကဏ္ဍကမြင်းတော်ကို တွေ့မြင်ရ၍ ကဏ္ဍကမြင်းတော်ကို ကကြိုးတန်ဆာစုံလင်စွာ ပြင်ဆင်ခဲ့သည်။ ကဏ္ဍက မြင်းတော်ကလည်း ယနေ့ငါ့ကို ကကြိုးတန်ဆာ ဆင်ခြင်းသည် ရှေးယခင်နှင့်မတူ ထူးခြားလှ၏။ ယနေ့ညဉ့် အရှင့်သားတော်သည် ငါ့ကိုစီး၍ မြတ်သောတောထွက်ခြင်းကို ပြုတော်မူလိမ့်မည်ဟု သိတော်မူ၍ အလွန်အားရ နှစ်သက်စွာဖြင့် ပြင်းထန်စွာ မြည်ဟီးခဲ့လေသည်။ ထိုမြင်းဟီသံကို မည်သူကမှ မကြားရအောင် နတ်များက ပိတ်ပင်ထားခဲ့သည်။
ဆန္နအမတ်သည် ကဏ္ဍကမြင်းတော်ကို ယူရန်သွားနေစဉ် အလောင်းတော်သည် တောမထွက်မီ သားတော်ကို ကြည့်ရှု ရန် ရာဟုလာမယ်တော် ယသောဓရာ တိုက်ခန်းသို့ သွား၍ ကန့်လန့် ကာကြာခြည်ကို လှပ်လိုက် လေလျှင် ဒေဝီ မဟော် မယ်ယသော်က စိတ်တော် မချသဖြင့် သားလူလှကို ရင်ဝတွင် ချီပိုက်လျက် အိပ်ပျော်ခိုက် ဖြစ်လေသည်။ ယသောဓရာ၏ လက်ကိုဖယ် ကာ သားတော်ကို ချီပွေ့ပါက ယသောဓရာ နိုးခဲ့လျှင် ငါ့အား တောထွက်ခြင်း အန္တရာယ်ဖြစ် တော့မည်။ ဘုရားဖြစ်ပြီးမှသာ သားတော်ကို ကြည့်တော့မည်ဟု စိတ်ကို ဆုံးဖြတ်လျက် ဇနီးကြင်ရာ သားသက်လျာကို ပယ်ခွါရက်ရက် စွန့်ပစ်ခဲ့ပြီး ရွှေနန်းပြာသာဒ်ထက်မှ ဆင်းသက်ခဲ့တော့သည်။ ကဏ္ဍက မြင်းတော်အနီးသို့ ရောက်သော် “အမောင်...ကဏ္ဍက ငါသည် သင့်ကို အမှီပြု၍ တောထွက်ကာ ဘုရားဖြစ် တော်မူပြီးလျှင် နတ်နှင့်တကွသော သတ္တလောက ကို သံသရာရေအလျဉ်မှ ကယ်တင်တော့အံ့”ဟု မိန့်ကြားတော် မူပြီးနောက် ကဏ္ဍကမြင်းတော်ကို တက်စီးလျက် တောထွက်တော်မူခဲ့ လေသည်။
ဝသဝတ္တီမာရ်နတ်သားဟန့်တားခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ကဏ္ဍကမြင်းကို စီးလျက် မြင်းမြီးဆွဲအမတ် မောင်ဆန်နှင့်အတူ သုံးဦးသော သူတို့မှာ အလောင်းတော်သူမြတ်၏ ဘုန်းကံကြောင့် တံခါးစောင့်နတ်တို့က ဖွင့်လှစ်ထားသော နန်းမြို့တော် တံခါးမကြီးမှ ထွက်ခဲ့ကြသည်။ ထိုသို့ထွက်တော်မူစဉ်ပင် သံသရာဝဋ်အတွင်းမှ သတ္တဝါတို့ လွတ်မြောက်ခြင်းကို အလျှင်းပင် မနှစ်သက် ကန့်ကွက်တတ်သော ဝသဝတ္တီမာရ် နတ်သားသည် ကောင်းကင်၌ ရပ်တည်လျက် “ကျွန်းငယ် နှစ်ထောင် အခြံအရံ ရှိသော လေးကျွန်းသနင်း စကြာမင်း ဖြစ်တော်မူလိမ့်မည်။ ပြန်လှည့်တော်မူပါ အရှင်မင်းသား”ဟု ဟန့်တားပြောဆို လာခဲ့သည်။ ထိုအခါ အလောင်းတော်က --- “အိုမာရ်နတ်သား...စကြာရတနာ ဆိုက်ရောက် လာမည့် အကြောင်းကို သင်၏ အလျင် စောစောကပင် ကြိုတင်၍ ငါသိခဲ့ပါ၏။ ငါသည် လေးကျွန်သနင်း စကြာမင်း အဖြစ်ကို လုံးဝအလိုမရှိပါ။ ဟယ် မာရ်နတ်...သင်သည် ဖယ်ပါလော့၊ ငါနှင့် နီးစပ်၊ ငါ့ရှေ့ရပ်၍ ဟန့်တား ပိတ်ကာ မရပ်ပါနှင့်။ ငါသည် သတ္တဝါဗိုလ်ခြေ များဝေနေ တို့ကို အောင်မြင်ကွန်းထောက် နိဗ္ဗာန်အရောက် ပို့မည့် ဘုရားရှင် ဖြစ်အောင် လုံးလကြိုးကုတ် အားထုတ်ပေအံ့”ဟု ရဲရဲတောက် စကား ပြန်လည် မိန့်ကြားတော်မူခဲ့သည်။
နတ်ဗြဟ္မာတို့ အနော်မာမြစ်သို့ ပို့ကြခြင်း
[ပြင်ဆင်ရန်]အလောင်းတော်ကြွချီရာ လမ်းတစ်လျှောက်၌ ရှေ့နောက်ဝဲယာ လေး မျက်နှာမှ နတ်ဗြဟ္မာအပေါင်း ခြောက်သောင်းစီ ခြောက်သောင်းစီတို့သည် မီးရှုးမီးတိုင်တို့ကို ညှိထွန်းကိုင်ဆောင်ကာ နောက်ပါးမှ လိုက်လာ ပူဇော်ခဲ့ ကြကုန်၏။ အမွှေးနံ့သာအထုံ ပန်းမျိုးစုံတို့ဖြင့်လည်းကောင်း၊ တံခွန် ကုက္ကား မုလေးပွားတို့ဖြင့်လည်းကောင်း ဝန်းရံပူဇော်ကြကုန် လျက် နတ်တူရိယာ အမျိုးမျိုးတို့ကို တီးမှုတ် လိုက်ပါခဲ့ကြကုန်၏။ အလောင်းတော်သည် တစ်ညဉ့်ချင်းဖြင့်ပင် သာကိယ၊ ကောဠိယ၊ မလ္လ သုံးပြည်ထောင်တို့ကို ကျော်လွန်ကာ ယူဇနာ သုံးဆယ်ရှိသော ခရီးပေါက်၍ အနောမာ မစ်ကမ်းသို့ ဆိုက်ရောက်တော်မူခဲ့၏။
ဆံတော်ပယ်၍ ရဟန်းပြုတော်မူခန်း
[ပြင်ဆင်ရန်]ဆံတော်ပယ်၍ အဓိဋ္ဌာန်ပြုကာ ကောင်းကင်သို့ မြှောက်ခြင်း
[ပြင်ဆင်ရန်]အနော်မာမြစ်ကမ်းသို့အရောက် ဖနောင့်ဖြင့် မြင်းတော်ကိုခတ်လျက် မြစ်ကိုကူးရန် အချက်ပေးလိုက် လေလျှင် ကဏ္ဍက မြင်းတော်သည် ဤမှာဘက်ကမ်းမှ ခုန်၍ ရှစ်ဥသဘ ကျယ်ပြန့်သော အနော်မာ မြစ်၏ ဟိုမှာ ဘက်ကမ်းသို့ ရောက်ခဲ့ ၏။ အလောင်းတော်သည် မြင်းပေါ်မှ ဆင်းတော်မူကာ သဲသောင်ပြင်၌ ရပ်တော်မူလျက် “အချင်းဆန္န... သင် သည် ငါ၏အဆင်တန်ဆာ တို့နှင့်တကွ ကဏ္ဍကမြင်းကို ယူဆောင်၍ တိုင်းတော်ပြည်တော်သို့ ပြန်လေ တော့။ ငါကား ဤအရပ်၌ ရဟန်း ပြုတော့အံ့”ဟု မိန့်ကြားတော်မူခဲ့သည်။ ဆန္နအမတ်က ပြုစုလုပ်ကျွေးရန် အခွင့်တောင်း သည်ကို ခွင့်ပေးတော်မမူဘဲ တိုင်းပြည်သို့ပြန်ရန်သာ မိန့်တော်မူပြီးလျှင် အဆင်တန်ဆာတို့နှင့်တကွ ကဏ္ဍက မင်းတော်ကို ဖွားဖက်တော် ဆန္နအမတ်အား လွှဲအပ်တော် မူခဲ့သည်။ ထို့နောက် အလောင်းတော်သည် လက်ယာ က်ဖြင့် သံလျက်ကို စွဲကိုင်ကာ လက်ဝဲ လက်ဖြင့် မကိုဋ်နှင့် တကွသော ဆံထုံးကို ကိုင်၍ ဖြတ်ပယ်တော်မူခဲ့၏။ ဆံတော် တို့သည် လက်နှစ်သစ်ပမာဏ အညီအမျှ ကြွင်းကျန်ခဲ့၍ အလောင်းတော်၏ အသက်ထက်ဆုံးပင် အသစ်တစ်ဖန် မရိတ်မ ပယ်ရ တော့ဘဲ တည်ရှိနေခဲ့၏။ ဆံတော်ကို ပယ်သည်နှင့် မုတ်ဆိတ် ကျင်စွယ် တို့လည်း ပယ်ပြီးသားဖြစ်ကာ ဆံတော် ကဲ့သို့ပင် တစ်သက်တာလုံး တင့်တယ် သပ္ပါယ်စွာ တည်ရှိခဲ့ကြကုန်၏။ အလောင်းတော်သည် ပယ်ပြီးသော ဆံတော် ကို ကိုင်ကာ “ငါသည် အကယ် စင်စစ် ဘုရားဖြစ်မည့်သူမှန်က ဤဆံတော်တို့သည် ကောင်းကင်၌ တည်ပါစေ သတည်း”ဟု အဓိဋ္ဌာန်ပြု၍ ကောင်းကင်သို့ ပစ်တင်ခဲ့ရာ ဆံတော်သည် ကောင်းကင် တစ်ယူဇနာအထက်၌ ပန်းဆိုင်း ကို ဆွဲထားသည့် ပမာ တည်ရှိခဲ့ ပါ၏။ ထိုအခါ သိကြားမင်းသည် ထိုဆံတော်ကို ယူ၍ ၎င်းင်းစံရာ တာဝတိံသာ နတ်ပြည်၌ “စူဠာမဏိစေတီတော်”ကို တည်ထားကိုးကွယ်ခဲ့သည်။
ဃဋိကာရဗြဟ္မာ လှူဒါန်းသော ပရိက္ခရာဖြင့် ရဟန်းပြုတော်မူခြင်း
[ပြင်ဆင်ရန်]ထို့နောက် အလောင်းတော်သည် “ငါ၏ ကာသိတိုင်းဖြစ် ပုဆိုးသည် အဖိုးများစွာ ထိုက်တန်၏။ ရဟန်းတို့နှင့် မသင့် လျော်”ဟု ဆင်ခြင်တော် မူပြန်၏။ ထိုအခါ ကဿပဘုရားရှင် လက်ထက်က မိတ်ဆွေတော်ဖူးသော “ဃဋိကာရ ဗြဟ္မာကြီးသည် အလောင်းတော်၏ ဆင်ခြင်မှုကို သိတော်မူ၍ ရဟန်းတို့၏ အသုံးအဆောင် ရှစ်ပါးသော ပရိက္ခရာ တို့ကို လာရောက် လှူဒါန်းခဲ့သည်။ အလောင်းတော်သည် ဃဋိကာရဗြဟ္မာကြီး လှူဒါန်းသော သင်္ကန်းတို့ကို လဲလှယ်ဝတ်ရုံ၍ ဝတ်လဲတော်အစုံကို ကောင်းကင်သို့ မြှောက်တင်ခဲ့ပြန်လေသည်။ ဃဋိကာရဗြဟ္မာကြီးသည် အလောင်းတော် ပစ်မြှောက်လိုက်သော ဝတ်လဲတော်အစုံကို ယူဆောင်၍ ဗြဟ္မာ့ပြည်၌ “ဒုဿစေတီ”ကို တည်ထား ကိုးကွယ်ခဲ့လေသည်။
ဆန္နအမတ် ပြည်တော်ပြန်ခြင်းနှင့် ကဏ္ဍကမြင်းတော် ရင်ကွဲနာကျခြင်း
[ပြင်ဆင်ရန်]ဆန္နအမတ်သည် အလောင်းတော်၏ အမိန့်တော်အရ အလောင်းတော်၏ တန်ဆာရတနာတို့နှင့် ကဏ္ဍကမြင်းကို ယူဆောင်၍ ပြည်တော်သို့ အပြန်တွင် ကဏ္ဍကမြင်းတော်သည် “ယခုမှ နောက် ငါ၏အရှင်သခင်အား တစ်ဖန် ဖူးမြင်ရခြင်းသည် မရှိပြီ”ဟု တသလွမ်းဆွတ်လျက် အလောင်းတော် မျက်စိဖြင့် မြင်လောက်သော အရပ်ကို လွန်လေ လျှင် အလွန်ချစ်ခင်လှသော အလောင်းတော်နှင့် ကွေကွင်းရခြင်းကြောင့် ဖြစ်ပေါ်လာသော သောကကို အောင့်အည်း သည်း ခံခြင်းငှာ မစွမ်းနိုင်ရှာဘဲ ရင်ကွဲနာကျ သေဆုံးခဲ့ရ၏။ ထိုဖွားဖက်တော် မြင်းဘဝမှ စုတေသော် တာဝတိံသာ နတ်ပြည်၌ “ကဏ္ဍက” မည်သော နတ်သားဖြစ်ခဲ့တော့သည်။
ရာဇဂြိုဟ်ပြည်သို့ ကြွချီတော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ရဟန်းပြုပြီးလတ်သော် ထိုအရပ်အနီး၌ တည်ရှိသော အနုပိယမည်သော သရက်တော၌ ခုနစ်ရက်တိုင်တိုင် ရဟန်း ချမ်းသာဖြင့် နေတော်မူခဲ့သည်။ ခုနစ်ရက်ပြည့်သောအခါ ယူဇနာသုံးဆယ် ဝေးကွာသော ရာဇဂြိုဟ်ပြည်သို့ ခြေလျင်ကြွတော်မူခဲ့သည်။ ရာဇဂြိုဟ်ပြည် ရောက်ပြီးနောက် ဆွမ်းခံဝင်ရန်အတွက် မြို့၏ အရှေ့တံခါး၌ ရပ်ကာ “ငါသည် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရကိုကြားသိစေခဲ့သော် ဗိမ္ဗိသာရမင်းကြီးသည် ငါ့အား ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန၏သားတော် သိဒ္ဓတ္ထမင်းသား ဟူသော အမြင်ဖြင့် အလေးဂရုပြုကာ များစွာသော ပစ္စည်းတို့ကို ပို့ပေလိမ့်မည်။ ရဟန်းဖြစ်သောငါသည် ဗိမ္ဗိသာရမင်းကို အကြောင်းကြားသိစေ၍ ပစ္စည်းလေးတန် ခံယူရန်မသင့်ချေ။ ယခုပင်ဆွမ်းခံ လှည့်လည်ပေအံ့”ဟု ကြံစည်တော်မူလျက် ပံ့သကူသင်္ကန်းကို ဝတ်ရုံတော်မူကာ သပိတ်တော်ကို စွဲကိုင်၍ အရှေ့တံခါးဖြင့်ပင် မြို့တွင်းသို့ ဝင်ကာ အိမ်စဉ်အတိုင်း ဆွမ်းခံ ကြွတော်မူခဲ့သည်။
ဗိမ္ဗိသာရမင်းနှင့် တွေ့တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော် ဆွမ်းခံဝင်သည်ရှိသော် ဗိမ္ဗိသာရမင်းသည် အလွန် ငြိမ်သက်စွာသော ဣန္ဒြေဖြင့် ရာဇဂြိုဟ်ပြည်တွင်း ဆွမ်းခံဝင်တော် မူလာသည့် ဘုရားအလောင်းတော်ကို မြင်တော်မူခဲ့သည်။ ပြည်သူပြည်သား လူအများကလည်း အလောင်းတော်၏ အတုမရှိသော အဆင်းတော်ကို ဖူးမြော် တွေ့မြင် ကြရသဖြင့် ရာဇဂြိုဟ်တစ်မြို့လုံး အုံးအုံး ကြွက်ကြွက် လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ကြ သည်။ သူတစ်မျိုး ငါတစ်ဖုံ အချင်းချင်း ပြောဆိုခဲ့ကြသည်။ မင်းချင်း ယောကျ်ား များက လည်း ဗိမ္ဗိသာရ မင်းကြီးထံမှောက် သွားရောက်ကြပြီးလျှင် “အရှင် မင်းကြီး... အံ့ဩဖွယ်ရှိသော ရဟန်း တစ်ပါး သည် ရာဇဂြိုဟ်ပြည်တွင်း၌ ဆွမ်းခံလှည့်လည် နေပါသည်”ဟု လျှောက်တင်လေလျှင် ဗိမ္ဗိသာရမင်းကြီးက “အချင်းတို့...ထိုအံ့ဩဖွယ်ကောင်းသော ရဟန်းကို စုံစမ်းကြကုန်။ ထိုရဟန်း သည် ဘီလူးဖြစ်က မြို့ပြင်သို့ အရောက် ကွယ်ပျောက်လိမ့်မည်။ နတ်ဖြစ်က ကောင်းကင်ခရီးဖြင့် သွားလိမ့်မည်။ လူသားစင်စစ်ဖြစ်က မိမိရသော ဆွမ်းကို တစ်နေရာရာ၌ စားသုံးပေလိမ့်မည်”ဟု ပြောဆို စေလွှတ်ခဲ့သည်။ အလောင်းတော် သည် အနီအဖြူ အကြောင်အကြား၊ အကြမ်းအနု ရော>ပမ်းသည့် မိဿက ဆွမ်းကို မျှတလောက်ရုံသာ ခံတော်မူပြီးလျှင် အရှေ့တံခါးဖြင့်ပင် မြို့တွင်းမှ ပြန်ထွက် ခဲ့သည်။ မြို့အနီး ပဏ္ဍဝတောင်ထိပ်၌ အရှေ့၌ မျက်နှာမူသော ဂူဝဝယ် အရှေ့သို့ မျက်နှာမူကာ ထိုင်နေတော်မူ၍ အနုအကြမ်း ရော>ပမ်းသော ဆွမ်းကို ဘုဉ်းပေးတော်မူခဲ့၏။
ဗိမ္ဗိသာရမင်းကြီး လွှတ်ထားသော မင်းချင်းယောကျ်ား သုံးယောက်အနက် တစ်ယောက်သော မင်းချင်းယောကျ်ားသည် ဗိမ္ဗိသာရမင်းကြီးထံ ပြန်၍ ပဏ္ဍဝတောင်ခြေ၌ ထိုင်လျက် ရဟန်းတော်သည် ဆွမ်းဘုဉ်းပေးလျက် ရှိကြောင်း လျှောက် တင်ခဲ့သည်။ ဗိမ္ဗိသာရမင်းကြီးသည် ရထားဖြင့် အလောင်း တော်ရှိရာ ပဏ္ဍဝတောင်သို့ လာခဲ့၍ ရဟန်းတော်နှင့် ဝမ်းမြောက် စကား ပြောကြားခဲ့လေသည်။ ဗိမ္ဗိသာရမင်းကြီးက --- “အဆွေတော်...သင်ကား အသက်အရွယ်နုနယ် ပျိုမြစ် ပါသေး၏။ အလုံး အရပ် အဆင်းသဏ္ဌာန်ကြန်အင် လက္ခဏာနှင့်လည်း ပြည့်စုံ၏။ ဇာတ်နှင့် ပြည့်စုံသူ ခတ္တိယနွယ် စင်ကြယ်သူတစ်ယောက် ဟုလည်း အကျွန်ုပ်ယူဆ၏။ အကျွန်ုပ်စိုးပိုင်သည့် အင်္ဂတိုင်း၊ မဂဓတိုင်းတို့၌ မင်းစည်းစိမ်ကို ပေးပါ၏။ ထီးနန်းအုပ်ချုပ် မင်းလုပ်တော်မူပါ။ အရှင်၏ အမျိုးဇာတ်အနွယ်ကိုလည်း မိန့်ကြား တော်မူပါ”ဟု ဖိတ်ကြားတော်မူခဲ့သည်။ ထိုအခါ အလောင်း တော်က ကိုယ်တော်မြတ် လာခဲ့သော အရပ်မျက်နှာကို ညွှန်းပြတော်မူလျက် သာကီဝင်မင်းမျိုးမှ ရဟန်းပြုခဲ့သူ ဖြစ်ကြောင်း၊ ဝတ္ထုကာမ တို့ကို လုံးဝတောင့်တမှု မရှိကြောင်း၊ နိဗ္ဗာန်ကိုသာ ရည်သန် တောင့်တ ရဟန်းဘဝကို ရယူခဲ့ပါကြောင်း၊ နိဗ္ဗာန်ကို လျင်စွာရဖို့ရန်အတွက် ယခုပင် တောအရပ်သို့ ချဉ်းကပ်၍ ဒုက္ကရစရိယာကို ကျင့်တော့မည်ဖြစ်ကြောင်း ပြန်လည် မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ဗိမ္ဗိသာရမင်းကြီးက အရှင်၏ နေက္ခမ္မဓာတ်ခံ စိတ်ဆန္ဒမှန်ကို ကိုယ်တိုင် သိခွင့်ရသဖြင့် အရှင်သည် မုချဧကန် ဘုရားဖြစ်မည်ကို ယုံကြည်ပါ ကြောင်းနှင့် ဘုရားဖြစ်ပါက ရှေးဦးစွာ ရာဇဂြိုဟ်သို့ ကြွရောက်စေလိုကြောင်း လျှောက်ထား တောင်းပန်ခဲ့ လေသည်။
အာဠာရဂိုဏ်းဆရာကြီးထံ နည်းခံခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ဗိမ္ဗိသာရမင်းကြီးအား ဝန်ခံစကားပြောကြား ပြီးနောက် နိဗ္ဗာန်ချမ်းသာကို ဖွေရှာအံ့သောငှာ ဒေသစာရီခရီး အစဉ်အတိုင်း ကြွချီလတ်သော် ကာလာမအနွယ်ဖြစ်၍ အာဠာရမည်သော ဂိုဏ်းဆရာကြီး ထံသို့ ရောက်တော်မူခဲ့သည်။ အာဠာရဂိုဏ်းဆရာကြီး၏ ခွင့်ပြုချက်အရ ထိုအာဠာရဆရာကြီးတို့၏ အကျင့်လမ်းစဉ်ကို နာယူသင်ကြားတော်မူခဲ့သည်။ အလောင်းတော်သည် ပညာဉာဏ် အလွန်ကြီးမြတ်သူ ဖြစ်၍ အကျင့်လမ်းစဉ်ကို သင်ယူရန် နှုတ်တော်ကို လှုပ်ကာမျှဖြင့် “ထိုအကျင့်လမ်းစဉ်ကို ငါသိပြီ” ဟူသော အခြေရောက်အောင် လွယ်ကူစွာ တတ်မြောက် သိမြင်တော်မူခဲ့သည်။ အာဠာရဂိုဏ်းဆရာကြီးသည် အာကိဉ္စညာယတန တိုင်အောင်သော လောကီ သမာပတ် ဈာန်ခုနစ်ရပ်သို့ ဆိုက်ရောက် မျက်မှောက်ပြု သကဲ့သို့ အလောင်းတော်သည်လည်း ကသိုဏ်းပရိကံများကို ကြိုးစားအားထုတ်တော် မူခဲ့ရာ နှစ်ရက် သုံးရက်ဖြင့်ပင် ထိုလောကီသမာပတ် ဈာန်ခုနစ်ရပ်တို့ကို ကိုယ်တိုင် မျက်မှောက် ဆိုက်ရောက် သိမြင်ခဲ့ပြီး ထိုသမာပတ်ချမ်းသာကို ဝင်စား၍ နေတော်မူခဲ့သည်။
အာဠာရဂိုဏ်းဆရာကြီးကား သူတော်ကောင်းကြီးတစ်ဦး ဖြစ်သည်။ သူတစ်ပါး ကြီးပွား၍ ကောင်းစားသည်ကို မနာလိုဝန်တိုသော ဣဿာ တရားမှလည်း ကင်းလှသည်။ အလောင်းတော်၏ လောကီသမာပတ် ဈာန်ခုနစ်ရပ်ကို ရသောအဖြစ်ကို သိရလေလျှင် ဂိုဏ်းဆရာကြီးသည် လွန်စွာဝမ်းမြောက် လှသဖြင့် “အရှင်မြတ်ကဲ့သို့ ထက်မြက်သော ပညာရှင် သီတင်းသုံးဖော်ကို တွေ့မြင်ကြရ၍ အကျွန်ုပ်တို့ကား အရတော်လှပါဘိ” ဟူ၍ပင် ဝမ်းမြောက် စကားကို အားပါးတရ ပြောကြားခဲ့လေသည်။ ထိုမျှ သာမက အလောင်းတော်အား ၎င်းင်း၏ တပည့်ဂိုဏ်းပရိသတ်ကို ထက်ဝက်ခွဲ၍ အပ်နှင်းခြင်း၊ ဒါယကာ ဒါယိကာမတို့ကို အလောင်းတော်အား သွားရောက် ပူဇော် စေခြင်း၊ ရရှိလာ သော ပစ္စည်းဝတ္ထု ညောင်စောင်းအင်းပျဉ် စသည်ကို အလောင်းတော်အား ရှေးဦးစွာ သုံးစွဲစေ၍ ကြွင်းကျန်မှသာ မိမိက သုံးစွဲ ခြင်းဖြင့် စိတ်သဘောထား ကြီးမား မြင့်မြတ်သူပီပီ အလောင်းတော်မြတ်ကို အမြတ်တနိုး ပူဇော်မှုကို ပြုခဲ့လေသည်။
အာဠာရဆရာကြီးထံမှ ဖဲခွါခဲ့ခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် မိမိရရှိခံစားနေသော လောကီသမာပတ် ဈာန်ခုနစ် ရပ်၏ အကျိုးများကို စဉ်းစားဆင်ခြင် တော်မူခဲ့လေသည်။ လောကီ သမာပတ် ဈာန်ခုနစ်ရပ်သည် တမလွန်ဘဝ၌ အာကိဉ္စညာယတနဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေ ကျိုးပေးမည့် အခြင်းအရာကို ကောင်းစွာ သိမြင်ခဲ့လေသည်။ ထိုအခါ လောကီသမာပတ် ဈာန်ခုနစ်ရပ်သည် ဝဋ်ဆင်းရဲ ၌ အကျုံးဝင်သော တရားများသာ ဖြစ်ခဲ့၍ ဝဋ်ဆင်းရဲမှ လွတ်ရန်၊ တပ်ခြင်းကင်းရန်၊ ကိလေသာ ခပ်သိမ်းချုပ်ငြိမ်းရန် မဖြစ်နိုင်ခဲ့ချေ။ ထိုဈာန်၏ အကျိုးပေးရာ အာကိဉ္စညာ ယတနဗြဟ္မာ့ဘုံမှာလည်း ဇာတိဘေး၊ ဇရာဘေး၊ မရဏဘေး တို့မှ မလွတ်သော ဌာနသာ ဖြစ်၍ သေမင်းကျော့ကွင်းဖြင့် ဝန်းရံနှောင်ချုပ် ထားဆဲပင် ဖြစ်ချေသည်ဟု ဆင်ခြင် စဉ်းစားခဲ့လေသည်။ ထိုသို့ ဆင်ခြင်စဉ်းစား ပြီးနောက် လောကီသမာပတ်ဈာန်ခုနစ်ရပ်ကို လေ့လာသုံးစွဲရန် စိတ်မရှိ တော့ဘဲ အာဠာရဂိုဏ်းဆရာကြီးထံမှ အလောင်းတော်သည် ဖဲခွါတော်မူခဲ့လေသည်။
ဥဒကဂိုဏ်းဆရာကြီးထံ ရောက်ပြန်ခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် အာဠာရဆရာကြီးထံမှ ဖဲခွါခဲ့ပြီးနောက် နိဗ္ဗာန် ချမ်းသာကို ရှာမှီးရန် အစဉ်သဖြင့် ကြွချီတော် မူခဲ့ရာ ရာမ၏သားဖြစ်သူ ဥဒကဂိုဏ်းဆရာကြီးထံ ရောက်ခဲ့ပြန်သည်။ ဥဒကဂိုဏ်းဆရာကြီး၏ ကျင့်စဉ်သည် နေဝသညာနာသညာယတန လောကီဈာန် ရသည့်တိုင်အောင် သင်ရိုး ဟောစဉ်ဖြစ်ခဲ့သည်။ အလောင်းတော်သည် ထိုအကျင့်လမ်းစဉ်ကိုလည်း အာဠာရဂိုဏ်း ဆရာကြီး၏ အကျင့်လမ်းစဉ်ကို သင်ယူသကဲ့သို့ နှုတ်တော်ကို လှုပ်ကာ မျှဖြင့်ပင် လွယ်ကူစွာ တတ်မြောက် သိမြင်ခဲ့သည်။ ထိုနောက် ကသိုဏ်းပရိကံများကို ကြိုးစားအားထုတ်တော် မူခဲ့ရာ မကြာမီ နှစ်ရက်သုံးရက် အတွင်းမှာပင် နေဝသညာနာသညာယတန ဈာန်တိုင်အောင်သော လောကီ သမာပတ် ဈာန်ရှစ်ရပ်တို့ကို ကိုယ်တိုင် မျက်မှောက် ဆိုက်ရောက်သိမြင်ကာ ထိုသမာပတ် ဈာန်ချမ်းသာကို ဝင်စား၍ နေထိုင် တော်မူခဲ့လေသည်။
ဥဒကဂိုဏ်းဆရာကြီးသည်လည်း အာဠာရဂိုဏ်းဆရာကြီးကဲ့သို့ပင် သူတော်ကောင်းကြီးတစ်ဦး ဖြစ်သည်။ အလောင်း တော်သည် လောကီ သမာပတ် ဈာန်ရှစ်ရပ်သို့ ဆိုက်ရောက်မျက်မှောက် ပြုကြောင်း သိရသောအခါ ဥဒကဂိုဏ်းဆရာ ကြီးမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့လေသည်။ ဥဒက ဂိုဏ်းဆရာကြီးသည်လည်း အာဠာရဂိုဏ်း ဆရာကြီး ကဲ့သို့ပင် ဣဿာမစ္ဆရိယ အညစ်အကြေး ကင်းဝေးသူပီပီ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရုံသာမက “အသင်ယောကျ်ားမြတ် ... အကျွန်ုပ်၏ဖခင် ရာမဆရာကြီး သိသော တရားတို့ကို အသင်ယောကျ်ားမြတ်လည်း ကုန်စင်ဆိုက်ရောက် တတ်မြောက် ရရှိခဲ့ပါပေပြီ။ ကျွန်ုပ်၏ ဖခင် ရာမဆရာကြီးကဲ့သို့ အသင် ယောကျ်ားမြတ်လည်း သမာပတ်ရှစ်ပါးလုံး ရရှိသူ ဖြစ်ပါပေသည်။ ယောကျ်ားမြတ်သာ ဤဂိုဏ်းကြီးကို ထိန်းသိမ်း စောင့်ရှောက်တော်မူ ပါလော့”ဟု တပည့် ဂိုဏ်းပရိသတ်တစ်ခုလုံးကို အလောင်းတော်အား လွှဲအပ်ကာ မိမိ၏ဆရာအရာ၌ တင်ထားတော်မူခဲ့ လေသည်။
ဥဒကဂိုဏ်းဆရာကြီးထံမှ ဖဲခွါခဲ့ခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် “နေဝသညာနာသညာယတနတိုင်အောင်သော လောကီသမာပတ် ဈာန်ရှစ်ရပ် ရရှိထားသူသည် ဤဘဝမှ စုတေ၍ တမလွန် ဘဝတွင် နေဝသညာနာသညာယတန ဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေနေရမည်”ကို ကောင်းစွာ သိမြင်တော်မူခဲ့သည်။ “နေဝသညာ နာသညာယတနဘုံသည် ဘဝဂ်ခေါ်သော ဘုံဖြစ်စေကာမူ ပဋိသန္ဓေနေခြင်း ဇာတိဘေး၊ အိုခြင်းဇရာဘေး၊ သေခြင်း မရဏ ဘေးတို့မှ မလွတ်မြောက်နိုင်သေး၊ သေမင်း၏ ကျော့ကွင်းဖြင့် ဝန်းရံထားဆဲပင် ဖြစ်သေးသည်”ဟု ဆင်ခြင်မိ၍ လောကီသမာပတ် ဈာန်ရှစ်ရပ်တို့၌ ငြီးငွေ့တော်မူကာ ထိုဥဒက ဂိုဏ်းဆရာကြီး ထံမှ ဖဲခွါတော်မူခဲ့လေသည်။
ဒုက္ကရစရိယာ ကျင့်တော်မူခန်း
[ပြင်ဆင်ရန်]ဥရုဝေလတောအုပ်သို့ ကြွတော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ဥဒကဂိုဏ်းဆရာကြီးထံမှ ဖဲခွါခဲ့ပြီးနောက် နိဗ္ဗာန် တရားကို ရှာမှီးတော်မူရန် မဂဓတိုင်း၌ အစဉ် သဖြင့် ဒေသစာရီ လှည့်လည်တော် မူခဲ့ရာ သေနာနိဂုံးသို့ ဆိုက်ရောက် တော်မူခဲ့သည်။ ထိုသေနာနိဂုံး၏ အနီး၌ ဥရုဝေလတောအုပ်ရှိခဲ့သည်။ ထိုဥရုဝေလတောအုပ်၌ ပဓာန အလုပ်ကို လုပ်ရန် သင့်မသင့်ကို အလောင်းတော်သည် လေ့လာခဲ့သည်။ ထိုဥရုဝေလ တောအုပ်၌ သူတော်သူမြတ်တို့ မွေ့လျော်လောက်သည့် မြေနေမြေထား၊ စိတ်ကြည်နူး ဖွယ် ကောင်းသော တောအုပ်၊ စင်ကြယ်သော ရေအလျဉ်၊ တသွင်သွင် စီးဆင်း နေသော နေရဉ္ဇရာမြစ်၊ သာယာသော သဲသောင်ပြင်၊ တောနေရဟန်းတို့ ဆွမ်းခံရန် အဆင်ပြေမည့် ပတ်ဝန်းကျင်ရှိ ရွာငယ်ကလေးများကို တွေ့မြင် ခဲ့ရသည်။ “ဤအရပ်သည် နိဗ္ဗာန်ကို လိုလားသော ငါ့အဖို့ ကမ္မဋ္ဌာန်း အလုပ်ကို အားထုတ်ရန် စွမ်းဆောင်နိုင်မည့် နေရာဖြစ် ချေသည်” ဟု အကြံကောင်းရကာ သစ်ရွက်မိုး သင်္ခမ်းကျောင်းကလေးကို ဆောက်လုပ်၍ ပဓာနအလုပ် အားထုတ်ရန် နေတော် မူခဲ့လေသည်။
ဥပမာသုံးမျိုး ထင်လာခြင်း
[ပြင်ဆင်ရန်]ထိုအခါ အလောင်းတော်၏ ဉာဏ်၌ ရှေးကမကြားဖူးသော အံ့ဩဖွယ်ရာ ဥပမာသုံးမျိုးတို့ ထင်လာခဲ့ကုန်၏။ ရေ၌ချ ထားကာ အစေးရှိသော ထင်းစိုကြီးကို မီးအလိုရှိသော ပုဂ္ဂိုလ်သည် မီးပွတ် ခုံကိုယူ၍ မည်မျှပင် ပွတ်စေကာမူ မီးကို မရနိုင်သကဲ့သို့ အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း၊ ဠိုချင် တောင့်တမှု ကာမတဏှာဟူသော အစေး ဓာတ် မကင်းမူ၍ ဝတ္ထုကာမ တည်းဟူသော ရေမှကင်းလွတ်ရာအရပ်၌ မနေသေးဘဲ မည်မျှပင် ကိလေသာ ကုန်ရန် ဆင်းရဲစွာကျင့်ကြံ ကြိုးကုတ် အားထုတ်ကြသော်လည်း ထိုသမဏ ဗြာဟ္မဏ တို့သည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ထိုးထွင်း၍ မသိနိုင် ကြကုန်ဘဲ ဆင်းရဲရုံမျှသာ ဖြစ်ကြလိမ့်မည်။ ဤဥပမာ သည် အလောင်းတော်၏ ဉာဏ်၌ ရှေးဦးပဌမ ထင်လာခဲ့သည်။
အလောင်းတော်အား မကြုံစဖူး အလွန်ထူးသော ဒုတိယဥပမာသည် ထင်လာခဲ့ပြန်သည်။ ရေနှင့်ဝေး ကွာ ကုန်းပေါ်၌ ထားသော အစေးရှိသော ထင်းတုံးကြီးကို မီးအလိုရှိသော ပုဂ္ဂိုလ်သည် မီးပွတ်ခုံကိုယူ၍ မည်မျှပင် ပွတ်စေကာမူ မီးကိုမရနိုင်သကဲ့သို့ အချို့သော သမဏဗြာဟ္မဏတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်း ကောင်း၊ လိုချင်တောင့်တမှု ကာမတဏှာတည်းဟူသော အစေးဓာတ်မကင်းသေးပါဘဲ ဝတ္ထုကာမတည်း ဟူသော ရေမှ ကိုယ်စိတ်တို့ဖြင့် ဖဲခွါ၍နေပြီး မည်မျှပင် ကိလေသာကုန်ရန် ဆင်းဆင်းရဲရဲ ကျင့်ကြံကြိုးကုတ်အား ထုတ်ကြသော် လည်း ထိုသမဏ ဗြာဟ္မဏတို့သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ထိုးထွင်း၍ မသိနိုင်ကြကုန်ဘဲ ဆင်းရဲရုံမျှသာ ဖြစ်ကြလိမ့်မည်ဟု ဒုတိယဥပမာ ထင်လာခဲ့ပြန်သည်။
ရေ၌ဝေးကွာ ကုန်းပေါ်မှာထား၍ အစေးကင်းကွာ ခြောက်သွေ့နေသော ထင်းတုံးကို မီးအလိုရှိသော ပုဂ္ဂိုလ်သည် မီးပွတ်ခုံကိုယူ၍ ပွတ်သည်ရှိသော် မီးကိုရရှိနိုင်သကဲ့သို့ အချို့သော သမဏဗြာဟ္မဏ တို့သည် ကိုယ်ဖြင့် လည်း ကောင်း၊ စိတ်ဖြင့်လည်းကောင်း လိုချင်တောင့်တ မှုတဏှာ ဟူသော အစေးဓာတ်လည်း ကင်း၍ ဝတ္ထုကာမတည်း ဟူသော ရေမှလည်း ကိုယ်စိတ် တို့ဖြင့် ဖဲခွါ၍နေကာ ကိလေသာကုန်ရန် ဆင်းဆင်းရဲရဲ မှန်ကန်သော ရဟန်းတရားကို အားထုတ် လျှင်သော်လည်းကောင်း၊ မပင်မပန်း သက်သက် သာသာဖြင့် မှန်ကန်သော ရဟန်းတရားကို အား ထုတ်လျှင်သော် လည်း ကောင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ထိုးထွင်း သိမြင်နိုင်ကြကုန်၏ ဟု မကြုံစဖူး အလွန် ထူးကဲသော တတိယမြောက် ဥပမာသည် အလောင်းတော် ၏ ဉာဏ်၌ ထင်လာခဲ့ပြန်၏။
ပဉ္စဝဂ္ဂီငါးဦး
[ပြင်ဆင်ရန်]အလောင်းတော်ကို အမည်မှည့်သော မင်္ဂလာအခမ်းအနား၌ လက္ခဏာ ဖတ်ခဲ့ကြသော ပညာရှိပုဏ္ဏား ရှစ်ယောက်အနက် ကောဏ္ဍညပုဏ္ဏားမှ တစ်ပါး ကျန်ခုနစ်ဦးသော ပုဏ္ဏားတို့သည် အသက်အတိုင်း တည်နေခဲ့ကြ၍ အလောင်းတော် တောမထွက်မီကပင် စုတေခဲ့ကြကုန်ပြီ။ ကောဏ္ဍညပုဏ္ဏား သည်သာ အလောင်းတော်မင်းသား တောထွက်၍ ရဟန်း ပြုကြောင်း ကြားသိ ခဲ့ရသဖြင့် ပုဏ္ဏားခုနစ်ဦးတို့၏ သားတို့ထံသွားကာ “သိဒ္ဓတ္ထမင်းသား သည် ဘုရားဧကန် ဖြစ်မည် ဖြစ်ကြောင်း၊ အမောင်တို့သည် ရဟန်းပြုလိုက လာကြ ကုန်”ဟု ပြောလေလျှင် ပုဏ္ဏားသားခုနစ်ယောက်အနက် လေးယောက်သာ သဘောတူခဲ့ကြ၍ ကောဏ္ဍညပုဏ္ဏား ရှေ့သွားပြုကာ ရဟန်းပြုခဲ့ကြသည်။ ရဟန်းငါးပါးအစုရှိသော ထိုပုဏ္ဏားသား ပဉ္စဝဂ္ဂီငါးဦးတို့သည် ရွာနိဂုံး စသည်တို့၌ အစဉ်သဖြင့် လှည့်လည်ကာ အလောင်းတော်ကို ရှာဖွေခဲ့ကြ ရာမှ ဥရုဝေလတောအုပ်၌ အလောင်းတော်ကို တွေ့ခဲ့ကြရသည်။ အလောင်းတော်ကို “ဘုရားဖြစ်တော့မည်၊ ဘုရားဖြစ်တော့မည်”ဟူသော မျှော်လင့်ချက်ဖြင့် အလောင်းတော်၏ သင်္ခမ်းကျောင်းတို့ကို တံမြက်လှည်းခြင်း၊ ရေပူရေချမ်း ကမ်းလှမ်းခြင်း စသည်ဖြင့် ပြုစုလုပ်ကျွေးခဲ့ကြကာ အလောင်းတော်၏ အနီး အပါးမှာပင် လှည့်လည်နေခဲ့ကြသည်။
ပဓာနအလုပ် ဒုက္ကရစရိယာ ကျင့်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ဥရုဝေလတောအုပ်၌ အရေမျှကြွင်းပါစေ အကြောမျှ ကျန်ပါစေ၊ အရိုးမျှရှိပါစေ၊ အသွေးအသား တို့ ခန်းခြောက်သွား ပါစေ မလျှော့သောဇွဲ၊ ပြင်းထန်သော လုံ့လဖြင့် သဗ္ဗညုတ ရွှေဉာဏ်မြတ်ကို ရဖို့ရန်အတွက် ပဓာနအလုပ်၊ လူသာမန်တို့ ကျင့်ရန်ခဲယဉ်းသော ဒုက္ကရ စရိယာ အကျင့်ကို ကျင့်ခဲ့လေသည်။ သဗ္ဗညုတဉာဏ်ကို မရမချင်း တစ်ဆတစ်ဆတိုး၍ ကျင့်ခဲ့သည်။ သေနာနိဂုံးသို့ ဆွမ်းခံဝင်ပြီး မေတ္တာဘာဝနာကို ပွားများခဲ့သည်။
ကြွေကျသော သစ်သီးဖြင့် မျှတခြင်း
[ပြင်ဆင်ရန်]အစာအာဟာရကို အဝစားပြီး မေတ္တာပွားရုံမျှဖြင့် သဗ္ဗညုတဉာဏ်ကို မရနိုင်ကြောင်း သိပြန်သဖြင့် အလိုလို ကြွေကျ သော သစ်သီးကြီးငယ်တို့ကိုသာ စားပြီး ကမ္မဋ္ဌာန်းအလုပ်ကို ကြိုးစားအားထုတ် ခဲ့ပြန်သည်။ အလိုလို ကြွေကျသော သစ်သီးကို ရှာဖွေရခြင်းသည် ကြောင့်ကြခြင်း တစ်မျိုးပင်ဖြစ်၍ သစ်သီးရှာဖွေခြင်းမပြုတော့ဘဲ မိမိမှီ၍ ကမ္မဋ္ဌာန်း အလုပ်လုပ်နေသော သစ်ပင်မှကြွေကျသော သစ်သီးမျှဖြင့်သာ မျှတခဲ့ပြန်သည်။
လက်ကတီးကြားမှ ချွေးများယိုထွက်ခဲ့ခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် အစာအာဟာရကို လျှော့၍လျှော့၍ စားသုံးကာ ကျင့်ခဲ့သလို ကာမဝိတက် စသည်တို့နှင့်တကွ ဖြစ်သော အကုသိုလ်စိတ် မဖြစ် စေရန် သွားဖြင့် သွားကိုကြိတ်၍ လျှာဖြင့် အာစောက်ကိုထိကာ ကုသိုလ်စိတ်ဖြင့် အကုသိုလ်စိတ်ကို ဖိနှိပ်ခဲ့၏။ ဖျစ်ညှစ်ခဲ့၏။ ပင်ပန်း စေခဲ့၏။ ထိုအခါ လက်ကတီးကြားမှ ချွေးတို့သည် ယိုထွက် ခဲ့ကုန်၏။ အလောင်းတော်၏ ဝီရိယကား အလွန် ပြင်းထန်လှ၏။ တွန့်ဆုတ်မှု လုံးဝမရှိခဲ့။ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ် လုံးကို ထိုးဆွသကဲ့သို့ ဖြစ်ခဲ့သဖြင့် အလောင်းတော်၏ ကိုယ်တွင် ပူလောင်မှုဖြစ်ခဲ့သည်။ ငြိမ်းအေး မှုကား မရရှိခဲ့။
နားတော်မှ လေတို့ ပြင်းထန်စွာ တိုးထွက်ကုန်ခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ထွက်လေဝင်လေနှစ်ပါးကို အောင့်ချုပ်၍ ထားလျှင် ဈာန်ကိုဖြစ်စေ လိမ့်မည် ဟူသော ယူဆ ချက်ဖြင့် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှလည်းကောင်း၊ ထွက်လေ ဝင်လေတို့ မထွက်မဝင်နိုင်အောင် ချုပ်တည်း၍ အောင့်ထားခဲ့သည်။ ထိုအခါ လေတို့သည် ခံတွင်းနှင့် နှာခေါင်းမှ ထွက်ခွင့်မရသဖြင့် နားပေါက်မှ တိုး၍ထွက်ခဲ့ကြ ကုန်၏။ နားမှ တိုး၍ထွက် သော လေ၏အသံသည် ပန်းပဲသမား တို့၏ ဖားဖိုမှ လေထွက်သကဲ့သို့ အလွန်ပြင်းထန် လှကုန်၏။ သို့သော် အလောင်းတော်ကား ဆုတ်နစ်မှု လုံးဝမဖြစ်ခဲ့။ ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံးကို ထိုးဆွသကဲ့သို့ ဖြစ်ခဲ့သဖြင့် အလောင်းတော်၏ ကိုယ်တွင် ပူလောင်မှုဖြစ်ခဲ့သည်။ ငြိမ်းအေးမှုကား မရှိခဲ့။
ဦးခေါင်းကို ချွန်းဖြင့် ထိုးဆွသကဲ့သို့ ခံစားရခြင်း
[ပြင်ဆင်ရန်]တစ်ဖန် အလောင်းတော်သည် ခံတွင်းမှလည်းကောင်း၊ နှာခေါင်းမှ လည်းကောင်း၊ နားပေါက် တို့မှလည်းကောင်း ထွက်လေဝင်လေတို့ကို မထွက်မဝင်နိုင်အောင် ချုပ်တည်း၍ အောင့်ထား ခဲ့ပြန်သည်။ ထိုအခါ လေတို့သည် ခံတွင်း၊ နှာခေါင်း၊ နားပေါက်တို့မှ ထွက်ခွင့် မရကြသဖြင့် ဦးခေါင်းသို့တက်၍ တိုးဝှေ့ထိုးဆွခဲ့ကြကုန်၏။ အားကြီးသော ယောကျ်ားသည် ထက်လှစွာသော ချွန်းဖြင့် ဦးခေါင်း၌ ထိုးဆွဖိနှိပ်သကဲ့သို့ ခေါင်းကိုက် ခေါင်းခဲသော ဝေဒနာသည် ပြင်းထန်စွာ ဖြစ်၏။ အားကြီးသော ယောကျ်ား တစ်ယောက်သည် သားရေကြိုးဖြင့် ဦးခေါင်းကို ရစ်ပတ်၍ တင်းကြပ် စွာ ဆွဲသောအခါ ပြင်းထန်သော ဝေဒနာကို ခံစားရသကဲ့သို့ ဆင်းရဲကြီးစွာ ခံစားရသည်။ ထိုအခါ၌လည်း အလောင်း တော်၏ ဝီရိယကား ပြင်းထန်မြဲ ပြင်းထန်ခဲ့သည်။ ဆုတ်နစ်ခြင်း အလျှင်းမရှိခဲ့။ သို့သော် ထိုဆင်းရဲစွာ အားထုတ် ခဲ့ခြင်းက အလောင်းတော်၏ တစ်ကိုယ်လုံးကို ထိုးဆွသကဲ့သို့ ဖြစ်ခဲ့ရကား ပူလောင်မှု ဖြစ်ခဲ့ရသည်။ ငြိမ်းအေးမှုကို မရရှိခဲ့။
ဝမ်းဗိုက်ကို ဓားငယ်နှင့် ခွဲသကဲ့သို့ ခံစားရခြင်း
[ပြင်ဆင်ရန်]တစ်ဖန် အလောင်းတော်သည် ထွက်သက်ဝင်သက် မရှိသော ဈာန်ကို ဖြစ်စေရန် ခံတွင်း၊ နှာခေါင်း၊ နားပေါက်တို့မှ ထွက်လေဝင်လေမရှိအောင် ချုပ်တည်းမြဲချုပ်တည်း၍ အောင့်မြဲ အောင့်ထား ခဲ့ပြန် သည်။ ထိုအခါ လေတို့သည် ဝမ်းဗိုက်ကို ဖြတ်တောက်နေသကဲ့သို့ လွန်စွာထိုး ကျင့်ခဲ့ကုန်၏။ နွားသတ်သမားသည် ထက်စွာသော သားလှီးဓားဖြင့် ဝမ်းဗိုက်ကို ဖြတ်လှီး နေသကဲ့သို့ ဖြစ်ခဲ့၏။ ထိုသို့ ခံစားရသော်လည်း အလောင်းတော်သည် ဆုတ်နစ်ခြင်း အလျှင်း မရှိခဲ့။ ဝီရိယကား အလွန်ပြင်း ထန်မြဲ ပြင်းထန်လျက်ပင်ရှိခဲ့၏။ ပြင်းထန်စွာ အားထုတ်မှုကြောင့် အလောင်း တော်၏ ခန္ဓာကိုယ် သည် ပူလောင်မှုဖြစ်ခဲ့ရသည်။ ငြိမ်းအေးမှုကို မရရှိခဲ့သေး။
မီးကျီးတွင်း၌ မီးကင်သကဲ့သို့ ပူလောင်မှု ခံစားရခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် “ဈာန်ကို ထပ်မံဖြစ်စေအံ့”ဟု မလျှော့သော ဇွဲလုံ့လဖြင့် ခံတွင်း၊ နှာခေါင်း၊ နားပေါက်တို့မှ ထွက်လေ ဝင်လေတို့ မထွက် မဝင်အောင် ချုပ်တည်းမြဲချုပ်တည်း၊ အောင့်မြဲအောင့်၍ ထားခဲ့ပြန်၏။ ထိုအခါ အလောင်းတော်၏ တစ်ကိုယ်လုံး၌ ပူလောင်ခြင်းသည် ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာခဲ့တော့သည်။ အားရှိသော ယောကျ်ားနှစ်ယောက်တို့က အားနည်းသော ယောကျ်ား တစ်ယောက်ကို လက်ဝဲလက်ယာ လက်မောင်းကို ဆွဲကိုင်ပြီး မီးကျီးတွင်း၌ အပြန်ပြန် အလှန်လှန် ကင်ကြသကဲ့သို့ အလောင်းတော်၏ ကိုယ်သည် တစ်ကိုယ်လုံး ခြစ်ခြစ် တောက်ပူခဲ့သည်။ ထိုအခါ၌ လည်း အလောင်းတော်၏ အားထုတ်မှုသည် ဆုတ်ယုတ်ခြင်းမရှိ ပြင်းထန်လှဘိ၏။ ထိုပဓာန အလုပ်ပြင်းထန်စွာ အားထုတ်မှုဖြင့် ငြိမ်းအေးမှုကား မရခဲ့သေးချေ။
စင်္ကြံအတွင်း လဲကျခဲ့ခြင်း
[ပြင်ဆင်ရန်]ထိုသို့အလောင်းတော်သည် ပဓာနအလုပ်ကို ပြင်းထန်စွာ လုပ်ခဲ့လေ သောကြောင့် ကိုယ်တွင်းပူနာ ဖြစ်ပွားလာပြီး စင်္ကြံအတွင်းမှာပင် မူးမေ့သွားကာ ထိုင်လျက်သာလျှင် တိမ်းလဲသွားခဲ့ရှာသည်။ စင်္ကြံအနီးရှိ နတ်တို့က ဘုရား အလောင်းတော်ကို မြင်လေလျှင် အချို့နတ်တို့က “ရဟန်းဂေါတမ သေပြီ”ဟု လည်းကောင်း၊ အချို့နတ်တို့က “ရဟန်းဂေါတမသည် သေအံ့မူးမူး ဖြစ်နေသည်”ဟူ၍ လည်းကောင်း၊ အချို့နတ်တို့က “ရဟန်းဂေါတမသည် သေပြီး လည်းမဟုတ်၊ သေအံ့မူးမူး လည်းမဟုတ် ရဟန္တာဖြစ်သွားပြီ။ ဤသို့နေခြင်းကား ရဟန္တာ၏ နေပုံမျိုးပင်ဖြစ်သည်”ဟု လည်းကောင်း ထင်ကြေးပေးခဲ့ကြကုန်၏။
အစာကိုလျှော့၍ စားသုံးခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် “ငါသည်အစာအာဟာရကို လုံးဝဖြတ်တောက်၍ ကျင့်ပါမူ ကောင်းလိမ့်မည်”ဟု အကြံဖြစ်တော် မူခဲ့ပြန်သည်။ ထိုအခါ နတ်တို့သည် အလောင်းတော်ထံ ချဉ်းကပ်၍ “အို အရှင်သူမြတ်... သင်သည် အစာ အာဟာရကို လုံးဝ ဖြတ်တောက်တော်မမူပါလင့်။ သင်သည် အစာအာဟာရကို လုံးဝ ဖြတ်တောက်၍ ကျင့်တော်မူပါလျှင် ငါတို့သည် သင်၏ကိုယ်တွင်းသို့ မွေးညင်းပေါက်တို့မှ နတ်ဩဇာကို ထည့်သွင်း ကြရပါလိမ့်မည်”ဟု ပြောဆို လျှောက်ထား ခဲ့ကြလေသည်။ ထိုအခါ အလောင်းတော်က “ငါသည် အစာ အာဟာရကို လုံးဝမစားဟု ဝန်ခံပြီးမှ နတ်တို့မွေးညင်းပေါက်မှ သွင်းသော နတ်ဩဇာဖြင့် မျှတ၍ နေခဲ့ပါမူ ငါသည် မုသားစကားကို ပြောသကဲ့သို့ ဖြစ်ပေတော့မည်”ဟု ဆင်ခြင်ပြီးလျှင် နတ်တို့အား နတ်ဩဇာမသွင်းရန် တားမြစ်၍ မျှတရုံလောက်သော အစာအာ ဟာရကို သုံးဆောင်ကာ တရားကို ကျင့်မည် ဖြစ်ကြောင်း ပြန်လည် မိန့်တော်မူခဲ့သည်။ ထိုအခါမှ စ၍ အလောင်းတော် သည် တစ်လက်ခုပ် တစ်လက်ခုပ်မျှ လောက်သော ပဲနောက်ရည်ကို ဖြစ်စေ၊ ပဲပိစပ်ရည်ကိုဖြစ်စေ၊ ကုလားပဲရည် ကို ဖြစ်စေ၊ စားတော်ပဲရည်ကို ဖြစ်စေ အနည်းငယ် အနည်းငယ်သော အစာအာဟာရကို ဝါးမျို မှီဝဲ ခဲ့လေသည်။
အရိုးပြိုင်းပြိုင်း ကျတော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် အနည်းငယ် အနည်းငယ်မျှသော အစာအာဟာရ ကိုသာ မှီဝဲခဲ့၍ ကိုယ်ကာယတော်သည် ပိန်ကြုံခြင်းသို့ ရောက်ခဲ့သည်။ အစာ အာဟာရနည်းပါးမှုကြောင့် အင်္ဂါကြီးငယ်တို့သည် ကန်စွန်းနွယ်၏ အဆစ်ကဲ့သို့ လည်းကောင်း၊ နွယ်ပုပ်နွယ်ငန်း၏ အဆစ် ကဲ့သို့လည်းကောင်း ဖြစ်ပေါ် လာခဲ့ကုန်၏။ ကျောက်ကုန်းရိုးသည် ပုတီး ကုန်းကဲ့သို့ အနိမ့်အမြင့် ဖြစ်ပေါ် ခဲ့ကုန်၏။ နံရိုးတို့သည် ဖရိုဖရဲ အထက်တင်အောက်ကျ ပျက်စီး၍ ကျနေသော ဇရပ်အို၏ အခြင်ရနယ်တို့ကဲ့သို့ ဖရိုဖရဲ အထက်တင် အောက်ကျဖြစ်ခဲ့ကြကုန်၏။ နက်သောရေတွင်း၌ ရေဝန်းသည် နက်ရှိုင်း၍ အောက်သို့ဝင်နေသည်ဟု ထင်ရသကဲ့သို့ အလောင်းတော်၏ မျက်ကွင်း၌ မျက်လုံးတော်တို့သည် နက်ရှိုင်း ၍ အောက်သို့ဝင်နေခဲ့ကြကုန်၏။ ဗူးခါးသီးနုနုကို ခူးကာ နေလှန်း ထား၍ ရှုံ့တွနေသကဲ့သို့ အလောင်း တော်၏ ဦးခေါင်းတော်သည် ရှုံ့တွ၍နေခဲ့၏။ အလောင်းတော်၏ ဝမ်းရေနှင့် ကျောသား ကပ်၍နေခဲ့ပြီ။ ဝမ်းရေကို စမ်းလိုက် လျှင် ကျောသားကိုပါ ကိုင်မိတော့၏။ ကျောသား ကို စမ်းလိုက်လျှင် ဝမ်းရေကိုပါ ကိုင်မိတော့၏။ ကျင်ကြီး ကျင်ငယ်ကို စွန့်မည်ဟု ထိုင်လိုက်သော အခါ အစာအာဟာရဓာတ်က ဝမ်းထဲ၌ မရှိသောကြောင့် ကျင်ငယ်က လုံးဝမထွက်ခဲ့။ ကျင်ကြီးသော်မူ ကွမ်းသီးတစ်လုံးစာမျှသာ အနည်းငယ် ခဲယဉ်းစွာ ထွက်ခဲ့၏။ တစ်ကိုယ်လုံးမှ ချွေးများ ယိုစီးကျလာခဲ့၏။ ထိုနေရာမှာပင် မှောက်ခုံ လဲခဲ့တော့၏။ အလောင်းတော်သည် ကိုယ်ကာယကို သက်သာ စေလို၍ လက်တော်ဖြင့် ပွတ်သပ်လိုက်လျှင် အမြစ်ဆွေးနေကုန်သော အမွေးတို့ ကိုယ်မှ ကျွတ်ကျကာ လက်တွင် ကပ်ငြိ၍ ပါလာခဲ့ကုန်၏။
ကိုယ်ရေအဆင်း ပျက်စီးကုန်ခြင်း
[ပြင်ဆင်ရန်]အလောင်းတော်၏ ပင်ကိုယ်ပကတိ ကိုယ်ကာယတော်၏ အဆင်းသည် သိင်္ဂနိက် ရွှေစင် အဆင်းကဲ့သို့ ဝါဝင်း၍ ရှိခဲ့၏။ သို့သော် ပဓာနအလုပ် ဒုက္ကရစရိယာ ကျင့်နေသော အချိန်၌ မြင်ရသူလူတချို့က “ရဟန်းဂေါတမသည် အသားမဲ၏”၊ တချို့ကမူ “ရဟန်းဂေါတမသည် အသားညို၏” တချို့ကမူ “ရဟန်းဂေါတမသည် ရွှေသောအဆင်းရှိ၏” တချို့က“ရဟန်းဂေါတမ သည် ကြမ်းပိုး၏ ကျောက်ကုန်းကဲ့သို့ မွဲပြာသော အရေအဆင်းရှိ၏”ဟု အသီးသီး ပြောဆိုရ လောက်အောင်ပင် ပင်ကိုယ် ဝါဝင်းနေသော အရေအဆင်း တို့ကား အလွန်ပျက်စီး၍ နေခဲ့လေပြီ။
ဘုရားဖြစ်တော်မူခန်း
[ပြင်ဆင်ရန်]အကျင့်ပြောင်း၍ ကျင့်ရန် ကြံစည်တော်မူခြင်း
[ပြင်ဆင်ရန်]ထိုအချိန်၌ အလောင်းတော်၏ စိတ်သန္တာန်ဝယ် “အတိတ်ကာလက တရားအားထုတ်ခြင်းကြောင့် ဖြစ်ကုန်သော အလွန် ကြမ်းတမ်း ခါးသီးသော ဆင်းရဲကို ခံစားခဲ့ကြကုန်သည့် သမဏဗြာဟ္မဏ တို့သည် ငါခံစားခြင်း လောက်သာ လျှင် ဖြစ်ခဲ့၏။ ငါခံစားရသော ဆင်းရဲဒုက္ခထက် မပိုနိုင်။ အနာဂတ်ကာလ၌လည်း တရားအားထုတ်ခြင်း ကြောင့် ဖြစ်ကုန် သော ပြင်းထန်သည့် ဆင်းရဲဒုက္ခကို ခံစားကြမည့် သမဏဗြာဟ္မဏတို့သည် ငါခံစားရခြင်းမျှလောက် သာ ဖြစ်လိမ့် မည်။ ငါခံစားရသော ဆင်းရဲဒုက္ခထက် မပိုနိုင်။ ယခုပစ္စုပ္ပန်ကာလ၌ တရားအား ထုတ်ခြင်းကြောင့် ဖြစ်ကုန်သော အလွန်ကြမ်းတမ်း စပ်ရှားသော ဆင်းရဲကို ခံစားနေကြကုန်သည့် သမဏဗြာဟ္မဏ တို့သည်လည်း ယခု ငါခံစား နေရသော ဆင်းရဲဒုက္ခမျှလောက်သာ ဖြစ်လိမ့်မည်။ ငါခံစားနေရသော ဆင်းရဲဒုက္ခထက် မပိုနိုင်။ ငါသည် အလွန် ပြင်းထန်စပ်ရှား၍ လူသာမန်တို့ ကျင့်နိုင်ဘို့ဝေး ကြံတွေးရုံမျှနှင့်ပင် ကြက်သီးထလောက်သည့် အကျင့်ကို မဆုတ်မနစ် ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့သော်လည်း လူတကာ တို့၏ ကုသိုလ် ကမ္မပထတရားထက် သာလွန်သော အရိယာ ဖြစ်နိုင်သည့် ဉာဏ်အမြင် အထူးကို မရခဲ့။ သစ္စာလေးပါးကို သိရန် အခြားလမ်းစဉ် ရှိနိုင်သေး သလော”ဟု အကြံသည် ဖြစ်ခဲ့၏။
အလောင်းတော်သည် ထိုအခါ ငယ်စဉ်ကလေးဘဝက သပြေရိပ်၌ ရရှိခဲ့သော ပဌမဈာန်ကို ပြန်၍သတိရခဲ့၏။ ခမည်းတော်သုဒ္ဓေါဒန သာကီဝင် မင်းကြီး လယ်ထွန်မင်္ဂလာပြုချိန် အေးမြသော သပြေရိပ်ဝယ် ထိုင်လျက် ကာမဂုဏ် တို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ဝိတက်၊ သုံးသပ် ဆင်ခြင်ခြင်း ဝိစာရနှင့်တကွ ဖြစ်သော နှစ်သိမ့်ခြင်းပီတိ၊ ချမ်းသာခြင်းသုခရှိသော အာနာပါန ပဌမဈာန်ကို ရခဲ့ဖူးသည်ကို အမှတ်ရခဲ့၏။ ထိုပဌမဈာန် လမ်းကြောင်း အကျင့် သည်ပင် သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရဖို့ရန် အကျင့်မှန် ဧကန်ဖြစ်ပေမည်ဟု သိမြင်တော် မူခဲ့သည်။ ထို့နောက် တစ်ဖန် စဉ်းစားဆင်ခြင် မိပြန်သည်မှာ “ငါသည် ဤမျှလောက် ပင်ပန်းနွမ်းနယ်ခြင်းသို့ ရောက်၍ နေသော ကိုယ်ဖြင့် ထိုအာနာပါနပဌမဈာန်ကို ရဖို့ရန် အားထုတ်နိုင်မည် မဟုတ်။ ထမင်းမုန့်ကြမ်း အစာရေ စာကိုလှမ်း၍ ခန္ဓာကိုယ်ကို တစ်ဖန်လန်းဆန်း စေပြီးမှ ထိုအာနာပါနပဌမဈာန်ကို ရအောင် ကြိုးစား အားထုတ်ရမူ ကောင်းလေစွ”ဟု စဉ်စား ဆင်ခြင်မိခဲ့သည်။ အလောင်းတော်သည် သပိတ်ကို ယူတော်မူ၍ သေနာနိဂုံးသို့ ဆွမ်းခံဝင်ကာ ရရှိခဲ့သော အစာ အာဟာရကြမ်း ရောရောနှောနှော ဆွမ်းကို ဘုဉ်းပေး၍ ညှိုးနွမ်းသော ကိုယ်ကာယတော်ကို မျှတစေတော်မူခဲ့သည်။ နှစ်ရက်သုံးရက် အတွင်းမှာပင် ကိုယ်ကာယတော်သည် ပြည့်ဖြိုး၍ မဟာပုရိသ လက္ခဏာတော်ကြီးများ ပေါ်လာကာ အသားအရေ စိုပြေ၍ လာခဲ့တော့သည်။
ပဉ္စဝဂ္ဂီတို့ ဘုရားအလောင်းတော်ကို စွန့်ခွါကြခြင်း
[ပြင်ဆင်ရန်]ပဉ္စဝဂ္ဂီငါးဦးတို့သည် “ရဟန်းဂေါတမသည် ရသောတရားကို ငါတို့အား ပြောကြားလိမ့်မည်”ဟူသော မျှော်လင့်ချက်ဖြင့် အလောင်းတော်ကို လုပ်ကျွေး နေခဲ့ကြကုန်၏။ အလောင်းတော်သည် အစာ အာဟာရ မစား မသောက်ဘဲ ကျင့်နေခဲ့ရာ မှ အစာအာဟာရကြမ်း ရောရောနှောနှောဆွမ်းကို ဘုဉ်းပေးနေသည်ကို မြင်ရလေလျှင် “ရဟန်းဂေါတမ သည် ပစ္စည်း လာဘ် လာဘများရန် ကျင့်သူ ကမ္မဋ္ဌာန်းလူထွက် ဖြစ်ခဲ့ပေပြီ”ဟု အလောင်းတော်ကို စွန့်ခွါကာ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောသို့ ဖဲကြွတော်မူခဲ့ကြ ကုန်၏။
အိပ်မက်ကြီးငါးပါး မြင်မက်တော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ပဉ္စဝဂ္ဂီငါးဦးတို့ ဖဲခွါသွားပြီးနောက် ကိုယ်တော်မြတ် တစ်ပါးတည်း ဆိတ်ငြိမ်မှု အထူးရသော ကြောင့် တရားအားထုတ်ရာ၌ သမာဓိသည် အထူးတိုးတက်၍ လာခဲ့သည်။ တစ်ဆယ့် ငါးရက်ခန့် ကြာသော တစ်နေ့၌ ညသန်းခေါင်ကျော် မိုးသောက်ဘက်သို့ အရောက်တွင် အိပ်မက်ကြီး ငါးပါးတို့ကို မြင်မက်တော်မူခဲ့သည်။
- မြေအပြင်ကို အိပ်ရာပြုလျက် ဟိမဝန္တာကို ခေါင်းအုံးပြု၍ အရှေ့ သမုဒ္ဒရာ၌ လက်ဝဲလက်၊ အနောက်သမုဒ္ဒရာ၌ လက်ယာလက်ကို ထားကာ တောင်သမုဒ္ဒရာ၌ ခြေတော်နှစ်ဖက်ကို ထားပြီး အိပ်စက် ခဲ့ရခြင်း။
- တိရိယာမည်သော မြက်ပင်မျိုးသည် ထမ်းပိုးခန့်ပမာဏရှိ၍ နီမြန်းသော ရိုးတံဖြင့် ကိုယ်တော် ၏ ချက်တော်မှ ဖောက်ထွက်၍ တဖြည်းဖြည်း မြင့်တက် သွားကာ မိုးကောင်းကင်ကို ထိလျက် တည်နေခဲ့ခြင်း။
- ကိုယ်လုံးဖြူ၍ ဦးခေါင်းနက်သော ပိုးလောက်တို့သည် ခြေသည်း တော်များမှ ပုဆစ်ဒူးဝန်းအထိ တရွရွ တက်ရောက် ဖုံးလွှမ်းခဲ့ကြခြင်း။
- ညို၊ ရွှေ၊ နီ၊ ရော် အဆင်းလေးမျိုးရှိသည့် ငှက်လေးမျိုးတို့သည် အရပ် လေးမျက်နှာမှ ပျံလာခဲ့ ကြ၍ ကိုယ်တော်၏ ခြေတော်ရင်း၌ ဝပ်စင်းမိသောအခါ ငှက်အားလုံးသည် ကိုယ်လုံး ဆွတ်ဆွတ်ဖြူခဲ့ကြ ကုန်ခြင်း။
- ကြီးစွာသော မစင်တောင်ကြီး၏ အထက်၌ ထိုမစင်ဖြင့် မလိမ်းကျံ ဘဲ လူးလာတုံ့ခေါက် စင်္ကြံလျှောက်ခဲ့ရခြင်း---ဟူသော အိပ်မက်ငါးပါးကို မြင်မက်တော် မူခဲ့လေသည်။
အလောင်းတော်သည် ထိုမြင် မက်ခဲ့သော အိပ်မက်များအရ “ငါသည် ယနေ့ပင် မချွတ်ဧကန် ဘုရားဖြစ်မည်မှန်၏”ဟု ဆုံးဖြတ်မှုပြုတော်မူခဲ့သည်။
သုဇာတာ ဃနာနို့ဆွမ်းကပ်လှူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် နံနက်မိုးသောက် အလင်းရောက်သော် ကိုယ်လက် တို့ကို သုတ်သင်၍ ထိုအရပ်မှ ထွက်ခဲ့ပြီး လျှင် သုဇာတာသူဌေးသမီး နှစ်စဉ် အပူဇော် အပသရောက်သော ညောင်ပင်ရင်း၌ ဆွမ်းခံအချိန်ကို ငံ့လင့်တော် မူကာ အရှေ့အရပ်သို့ မျက်နှာမူထိုင်နေတော်မူခဲ့၏။
ထိုအခါက ဥရုဝေလတောအုပ်အနီး သေနာနိဂုံးတွင် သေနာနီသူကြွယ် အိမ်၌ မွေးဖွားသောကြောင့် သုဇာတာမည်သော သူကြွယ်သမီးသည် အရွယ်သို့ ရောက်လတ်သော် ထိုညောင်ပင်ရင်း၌ “အကျွန်ုပ်သည် အမျိုး ဇာတ်တူ သူဌေး အိမ်သို့ရောက်၍ သားဦးယောကျ်ားလေး မွေးပါက အရှင် ညောင်ပင် စောင့်နတ်မင်းအား နှစ်စဉ် အဖိုးတစ်သိန်း န်သော နို့ဃနာဖြင့် ပူဇော်မှုကို ပြုပါမည်”ဟု ဆုတောင်းခဲ့လေသည်။ ထိုသုဇာတာသည် ဆုတောင်းတိုင်း ပြည့်စုံခဲ့၏။ ထိုကြောင့် နှစ်စဉ် ထိုညောင်ပင်၌ နို့ဃနာဖြင့် ဗလိနတ်စာ ပူဇော်ပသမှုဖြစ်ခဲ့သည်။ သုဇာတာသည် ညောင်ပင်၌ ဗလိနတ်စာ နို့ဃနာဖြင့် ပူဇော်မှုပြုသည့် အချိန်သည် အလောင်းတော်မြတ် ဒုက္ကရစရိယာ ကျင့်ခဲ့သော ကာလ ခြောက်နှစ်ပြည့်မြောက်ခဲ့ပြီး ဆွမ်းခံကြွကာ ဆွမ်းအာဟာရ မျှတသည့် အချိန်နှင့် တိုက်ဆိုင်ခဲ့လေသည်။ သုဇာတာ သူဌေးကတော်သည် “ကဆုန် လပြည့်နေ့၌ စောစောပင် ဗလိနတ်စာ နို့ဃနာဖြင့်ပူဇော်မှုပြုပေအံ့”ဟု ကြံစည်ကာ စောစောထ၍ နွားမရှစ်ကောင်မှ နို့ကို ညှစ်သောအခါ သားငယ် ဖြစ်သော နွားကလေးများသည် အမိနို့စားနွားမ၏ နို့တိုင်အနီးသို့ မကပ် ရောက်ခဲ့ကုန်။ နို့ခံခွက်ကို နို့တိုင်အနီးသို့ ထည့်သွင်းခံယူလိုက်လျှင် မညှစ်ရဘဲ အလိုလို နို့ရည်များစီးကျလာခဲ့၏။ ထိုအံ့ဖွယ်ကို မြင်ရ၍ သုဇာတာ သူဌေးကတော်သည် မိမိလက်ဖြင့် နွားနို့ရည်ကို ယူ၍ အိုးသစ်၌ ထည့်ပြီးလျှင် မိမိလက်ဖြင့် မီးကို မွှေး၍ နို့ဃနာကို ကျိုချက်ခဲ့သည်။
နတ်ဗြဟ္မာတို့ ကူညီကြခြင်း
[ပြင်ဆင်ရန်]သုဇာတာသူဌေးကတော်သည် နို့ဃနာကို ကျိုချက်သည်ရှိသော် ကြီးကုန် ကြီးကုန်သော အမြှုပ်ကြီးများထ၍ လက်ယာရစ်လှည့်လည်ကုန်၏။ နို့တစ်ပေါက်မှ အပြင်သို့ မကျရောက်ခဲ့။ မီးခိုးသည် ခုံလောက်အထက် အနည်း ငယ်မျှပင် မတက်ခဲ့။ လောကကို စောင့်သော လောကပါလ နတ်မင်းကြီး လေးယောက် တို့သည် ခုံလောက်တို့၌ အစောင့်အရှောက်ကို ယူခဲ့ကုန်၏။ မဟာ ဗြဟ္မာကြီးက ထီးကို မိုးပေးခဲ့၏။ သိကြားမင်းက မီးစများကို ညီအောင် ညှိ လျက် မီးကို တောက်စေခဲ့၏။ နတ်တို့သည် ကျွန်းငယ်နှစ်ထောင် အရံရှိသော ကျွန်းကြီး လေးကျွန်းတို့၌ နတ်လူများ သုံးစွဲကောင်းသော ဩဇာကို မိမိတို့၏ နတ်တန်ခိုးဖြင့် တုတ်တံ၌ စွဲနေသော ပျားလပို့ကို ညှစ်၍ ပျားရည်ကို ယူသကဲ့သို့ ဆောင်ယူ ကြကုန်၍ ထိုနို့ဃနာအိုး၌ ထည့်ခဲ့ကြကုန်၏။
သူဌေးကတော် သုဇာတာသည် နို့ဃနာကျိုချက်ရာ၌ အံ့ဖွယ်များစွာကို တွေ့ခဲ့ရ၍ ပုဏ္ဏာမည်သော ကျွန်မကို ခေါ်ကာ “ပုဏ္ဏာ...ငါတို့၏ ညောင်ပင် စောင့်နတ်သည် ယနေ့ စိတ်ကြည်လင်ပုံရ၏။ ငါသည် အနှစ်နှစ်ဆယ်ကျော် ကာလ အတွင်း ဤကဲ့သို့သော အံ့ဖွယ်မျိုးကို မမြင်စဖူး။ လျင်မြန်စွာ သွား၍ နတ်မင်း၏ နေရာညောင်ပင်ကို ရှင်းလင်း သုတ်သင်ပါလေ”ဟု ပြောဆို စေခိုင်း ခဲ့၏။ ပုဏ္ဏာကျွန်မသည် ညောင်ပင်သို့ရောက်သော် ညောင်ပင်ရင်း၌ အရှေ့ လောကဓာတ်ကို မျက်နှာပြုကာ ထိုင်နေတော်မူသော အလောင်းတော်ကို လည်းကောင်း၊ အလောင်းတော်၏ ကိုယ်မှ ထွက်သော အရောင်တို့ဖြင့် ညောင်ပင်တစ်ပင်လုံး ရွှေရောင်အဆင်း ဝါဝင်းနေသည်ကိုလည်းကောင်း တွေ့မြင်ခဲ့ရ၍ “ယနေ့ ငါတို့၏ ညောင်စောင့်နတ်မင်းသည် ညောင်ပင်မှ ဆင်းသက်၍ မိမိလက်ဖြင့်ပင်လျှင် ပူဇော်သက္ကာ ဗလိ နတ်စာကို ခံယူရန် ထိုင်နေသည်”ဟု ထင်ခဲ့၏။ ထိတ်လန့် တုန်လှုပ်သွားခဲ့၏။ အိမ်သို့ လျင်မြန်စွာ ပြန်ခဲ့၍ သုဇာတာသူဌေးကတော်အား ထိုအကြောင်းကို ပြောကြားခဲ့လေ၏။
သုဇာတာသူဌေးကတော်သည် ကျွန်မ၏စကားကို ကြားရသောကြောင့် အလွန်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ “ပုဏ္ဏာ...သင်သည် ယနေ့မှစ၍ သမီးကြီးအရာ၌ တည်စေသတည်း”ဟု ပြောဆို၍ သမီးအား ထိုက်တန်သော အလုံးစုံ သော တန်ဆာတို့ကို ပေးခဲ့သည်။ သုဇာတာသည် အဖိုးတစ်သိန်း ထိုက်တန်သော “ရွှေခွက်၌ နို့ဃနာကို ထည့်အံ့”ဟု စိတ်အကြံဖြစ်ခဲ့သည်။ တစ်သိန်းတန်သော ရွှေခွက်ကို ထုတ်ယူ၍ ကျက်ပြီးသော နို့ဃနာကို လောင်းထည့်ခဲ့၏။ အလုံးစုံသော နို့ဃနာသည် ပဒုမ္မာကြာရွက်မှ ရေသည် လျှောကျသကဲ့သို့ လျှောကျကာ ရွှေခွက်၌ တည်ခဲ့၏။ ရွှေခွက်တစ်ခွက် ပြည့်ရုံမျှသာ ဖြစ်ခဲ့သည်။
သုဇာတာသူဌေးကတော်သည် ထိုနို့ဃနာရွှေခွက်ကို အခြားရွှေခွက် တစ်ခွက်ဖြင့် ဖုံးအုပ်၍ ဖြူစင်သော အဝတ်ဖြင့် တန်ဆာဆင်ခဲ့၏။ ထို့နောက် ရွှေခွက်ကို ဦးခေါင်းထက်၌ ထား၍ ကြီးကျယ်သော အခမ်းအနားဖြင့် ညောင်ပင်ရင်းသို့ ကပ်ခဲ့၏။ ညောင်ပင်ရင်းသို့ ရောက်၍ အလောင်းတော်ကို မြင်ရသော် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ “ညောင်ပင်စောင့် တ်မင်း” ဟူသော အမှတ်သညာဖြင့် မြင်ရာအရပ်မှစ၍ ကိုယ်ကိုညွတ်လျက် သွားခဲ့၏။ ဦးခေါင်းမှ ရွှေခွက်ကိုချ၍ ဖွင့်ကာ ရွှေကရားဖြင့် နံ့သာမျိုးစုံ ထုံထားသော ရေကိုယူ၍ အလောင်းတော်ထံသို့ ချဉ်းကပ် ရပ်တည်ခဲ့လေသည်။ ဃဋိကာရဗြဟ္မာကြီး လှူဒါန်းသော သပိတ်တော်သည် ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်နေစဉ် တစ်လျှောက် ပျောက်ကွယ်ခြင်းသို့ ရောက်ခဲ့လေသည်။ အလောင်းတော် သည် သပိတ်တော်ကို မမြင်ရသော် လကျ်ာလက်ကို ဆန့်တန်း၍ ရေကိုခံယူခဲ့၏။ သုဇာတာသည် အလောင်းတော်၏ ကြည့်သောအခြင်းအရာကို မှတ်သား၍ “အို အရှင်...အကျွန်ုပ်သည် အရှင်တို့အား ရွှေခွက်နှင့်တကွသော နို့ဃနာကို လှူအပ်ပါပြီ။ ထိုရွှေခွက်ကို ခံတော်မူ၍ အလိုရှိသည့်အတိုင်း ပြုတော်မူပါ။ အကျွန်ုပ်တို့၏ စိတ်နှလုံးအလိုဆန္ဒသည် ပြည့်စုံပြီးမြောက် သကဲ့သို့ ထို့အတူ အရှင်တို့၏ စိတ်နှလုံးဆန္ဒသည်လည်း ပြီးမြောက်ပါစေ သတည်း”ဟု ပြောဆို ဆုတောင်း၍ ပြန်သွားခဲ့လေသည်။
နို့ဃနာဆွမ်းကို ဘုဉ်းပေးတော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ထိုင်နေရာမှ ထတော်မူ၍ ညောင်ပင်ကို လက်ယာရစ် လှည့်လည်မှုကို ပြုလျက် ရွှေခွက်ကို ယူပြီး နေရဉ္ဇရာမြစ်ကမ်းသို့ ကြွတော်မူခဲ့၏။ ထိုမြစ်၌ ရှေးက များစွာသော ဘုရားအလောင်းတော်တို့၏ ဘုရားဖြစ်မည့်နေ့၌ ဆင်းသက်၍ ရေချိုးရာဌာနဖြစ်သော “သုပတိဋ္ဌိတ” မည်သော ရေချိုးဆိပ် သည် ရှိခဲ့၏။ နေရဉ္ဇရာမြစ်ကမ်း၌ ရွှေခွက် ကို ချထား၍သုပတိဋ္ဌိတရေဆိပ်သို့ ဆင်းသက်၍ ရေချိုးပြီးလျှင် သင်္ကန်းကို ဝတ်ရုံပြီး အရှေ့အရပ်သို့ မျက်နှာမူကာ ထိုင်တော်မူပြီး နောက် သုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်းကို ထန်းသီးမှည့် စေ့ခန့်ပမာဏရှိသော လေးဆယ့် ကိုးလုတ်ကို ဘုဉ်းပေးတော်မူခဲ့၏။ ထိုလေးဆယ့်ကိုးလုတ်သော နို့ဃနာဆွမ်းသည် ဘုရားဖြစ် တော်မူပြီးနောက် လေးဆယ့်ကိုးရက်ပတ်လုံး ဗောဓိပင်အနီး၌ သီတင်းသုံး နေထိုင်တော်မူသော ဘုရားရှင်အတွက် အာဟာရကိစ္စ ပြီးပြည့်စုံခဲ့၏။ ထိုလေးဆယ့် ကိုးရက် အတွင်း အခြား အာဟာရ သည် မရှိခဲ့။ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်း၊ ကိုယ်လက် သုတ်သင်ခြင်း တို့သည်လည်း မရှိကုန်။ ဈာန်မဂ်ဖိုလ် သမာပတ် ချမ်းသာဖြင့်သာ အချိန်ကို ကုန်လွန် စေခဲ့သည်။
ရွှေခွက် မျှောတော်မူခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် ထိုနို့ဃနာဆွမ်းကို ဘုဉ်းပေးတော်မူပြီးသောအခါ ရွှေခွက်ကိုယူ၍ “ငါသည် ယနေ့ အကယ်၍ ဘုရားဧကန်ဖြစ်ပါမူ ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသတည်း”ဟု အဓိဋ္ဌာန်တော်မူ၍ ရွှေခွက်ကို မြစ်ရေ ကြောသို့ မျှောခဲ့၏။ ထိုရွှေခွက်သည် ရေအလျဉ်ကို ဖြတ်လျက် မြစ်လယ်သို့ သွားကာ မြစ်၏အလယ်၌သာလျှင် အဟုန်နှင့်ပြည့်စုံသော မြင်းကဲ့သို့ အတောင် ရှစ်ဆယ်ခန့်ရှိသော ရေညာအရပ်သို့ ဆန်တက်ကာ ရေဝဲဇလုပ်၌ နစ်မြုပ်ခဲ့ပြီး ကာဠနဂါးမင်း ၏ဘုံဗိမာန်သို့ရောက်ခဲ့၏။ ထိုနဂါးမင်း၏ဘုံဗိမာန်၌ ကကုသန်၊ ကောဏာဂုံ၊ ကဿပ ဘုရားသုံးဆူတို့ ဘုရားဖြစ်မည့်နေ့၌ အသုံးပြုခဲ့သော ရွှေခွက်သုံးလုံးတို့ကို ထိ၍ “ကလိ၊ ကလိ”ဟု မြည်ကာ ထိုရွှေခွက်သုံးလုံးတို့၏ အောက်၌တည်ခဲ့၏။ ကာဠနဂါးမင်းသည် ထိုရွှေခွက် ထိသံကို ကြားရ၍ ယမန်နေ့က ဘုရား တစ်ဆူပွင့်၍ ယနေ့လည်း ဘုရားတစ်ဆူ ပွင့်ပြန်ပြီ”ဟု ပြောဆို၍ များစွာသော ပုဒ်တို့ပါရှိသည့် ဂါထာတို့ဖြင့် ချီးမွမ်း ထောမနာ ပြုကာ ထခဲ့၏။
အလောင်းတော်သည် နေရဉ္ဇရာမြစ်ကမ်းနားဝယ် အလွန်မွှေးကြိုင် ရနံ့လှိုင်သော ပန်းတို့ပွင့်လျက် စိမ်းလဲ့ညိုမှိုင်း မြင်သူတိုင်း နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော အင်ကြင်းတော၌ နေ့သန့်တော်မူကာ အာနာပါန ကမ္မဋ္ဌာန်းစီးဖြန်း အားထုတ်တော်မူ၍ သမာပတ်ရှစ်ပါး အဘိညာဉ်ငါးပါးတို့ကို ဖြစ်စေ တော်မူခဲ့သည်။ ညနေချမ်းအချိန်သို့ ရောက် သောအခါ နတ်ဗြဟ္မာတို့ တန်ဆာဆင်ထား၍ ရှစ်ဥသဘ ကျယ်သော နတ်လမ်းမဖြင့် ခြင်္သေ့မင်းကဲ့သို့ တင့်တယ် သပ္ပါယ်သော အသွင်ဖြင့် မဟာဗောဓိပင်သို့ ရှေ့ရှုကြွတော်မူခဲ့သည်။ ထိုအခါ နတ်နဂါး၊ ဘီလူး၊ ဂန္ဓဗ္ဗနတ်တို့သည် နတ်၌ဖြစ်သော ပန်းနံ့သာ အမွှေးအထုံတို့ဖြင့် ကြဲဖြန့်ပူဇော်ခဲ့ကြကုန်၏။ နတ်သီချင်းတို့ကိုလည်း သီဆိုခဲ့ကြကုန်၏။ စကြဝဠာ ပေါင်း တိုက်တစ်သောင်းလုံးလည်း နတ်ဗြဟ္မာ တို့၏ ကြေငြာဟစ်ကြွေး၊ ကောင်းချီး ပေး သော အသံတို့ဖြင့် ဖုံးလွှမ်းခဲ့၏။
သောတ္ထိယ မြက်ထမ်းပုဏ္ဏားထံမှ မြက်ရှစ်ဆုပ်အလှူခံခြင်း
[ပြင်ဆင်ရန်]ထိုအခါ သောတ္ထိယမည်သော မြက်ထမ်းယောကျ်ားသည် မြက်တို့ကို ထမ်း၍ ခရီးလမ်း ရင်ဆိုင်လာသည်ရှိသော် အလောင်းတော်သူမြတ်၏ အခြင်းအရာကို သိ၍ မြက်ရှစ်ဆုပ်ကို ပေးလှူ တော်မူခဲ့၏။ အလောင်းတော် သူမြတ်သည် မြက်ရှစ်ဆုပ်တို့ကို ယူဆောင်တော်မူ၍ မဟာဗောဓိပင်၏ တောင်ဘက်မှ မြောက်ဘက်အရပ်သို့ မျက်နှာမူရပ် တော်မူခဲ့သည်။ ထိုခဏ၌ စကြဝဠာ တောင်ပိုင်းသည် အောက်သို့နိမ့်ရှိုင်းကာ မဟာအဝီစိသို့ ထိအံ့သကဲ့သို့ တည်ခဲ့၏။ စကြဝဠာ မြောက်ပိုင်းကား ဘဝဂ်သို့ ခိုက်အောင် ပျံတက်အံ့သကဲ့သို့ မြင့်တက်ခဲ့လေ၏။ ထိုအခါ အလောင်းတော် သည် “ဤအရပ်သည်ကား အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်သို့ ရောက်ရန် အရပ် မဟုတ်နိုင်” ဟု ဆင်ခြင်ကာ ဗောဓိပင်ကို လကျ်ာရစ်လှည့်တော်မူခဲ့၏။ တစ်ဖန် အနောက် မျက်နှာသို့ ကြွခဲ့၍ အရှေ့အရပ်သို့ ရှေးရှု မျက်နှာမူကာ ရပ်တော်မူခဲ့ပြန်သည်။ ထိုသို့ ရပ်သည့် အခါ၌လည်း စကြဝဠာ အနောက်ဘက်သည် နိမ့်ရှိုင်း၍ အရှေ့ပိုင်းသည် မြင့်တက်ခဲ့ပြန်သည်။ ဤအရပ် သည်လည်း သဗ္ဗညုတဉာဏ်၏ ကြည်ရာအရပ်မဟုတ်ဟု ဆင်ခြင်၍ ဗောဓိပင်ကို လက်ယာရစ်လှည့်၍ ကြွသွား ခဲ့ပြန်သည်။ တစ်ဖန်မြောက်မျက်နှာ အရပ်သို့ ကြွသွားခဲ့၍ တောင်ဘက်သို့ မျက်နှာမူ ရပ်တော်မူခဲ့ပြန်သည်။ ထိုသို့ ရပ်သည့် အချိန်၌လည်း ရှေ့က အရပ်များ အတိုင်းပင် မြောက်ဘက်က နိမ့်ရှိုင်း ၍ တောင်ဘက်ကမြင့်တက်ခဲ့ပြန်ပါသည်။ အလောင်းတော်မြတ် သည် ဗောဓိပင်ကို ဆက်လက်၍ လက်ယာရစ်လှည့် ကာ အရှေ့အရပ်သို့ ကြွသွားတော်မူပြီး အနောက် အရပ်သို့ ရှေးရှုမျက်နှာမူကာ ရပ်တော်မူခဲ့သည်။
ပလ္လင်တော်၌ ထိုင်နေတော်မူခြင်း
[ပြင်ဆင်ရန်]မဟာဗောဓိပင်၏ အရှေ့အရပ်ဝယ် ခပ်သိမ်းသော ဘုရားရှင်တို့၏ အပရာဇိတပလ္လင်ပေါက်ရာ အရပ်သည် အဝိဇဟိတ ဌာနဖြစ်သောကြောင့် မတုန်မလှုပ် တည်နေခဲ့သည်။ အလောင်း တော်သူမြတ်သည် “ဤအရပ်သည်ကား ခပ်သိမ်းသော ဘုရားရှင်တို့၏ ကိလေသာတို့ကို ဖြိုဖျက်ရာ အောင်မြေ အရပ် မှန်ပေသည်”ဟု သိရှိတော်မူ၍ ယူဆောင်ခဲ့သော မြက်ရှစ်ဆုပ်တို့ကို အဖျားမှကိုင် ကာ ကြဲဖြန့်တော်မူခဲ့၏။ ထိုသို့ ကြဲဖြန့်လိုက်သော ခဏ၌ပင် တစ်ဆယ့် လေးတောင် ပမာဏရှိသော အပရာဇိတပလ္လင်တော်သည် ဖြစ်ပေါ်၍ လာခဲ့လေသည်။ ဘဝများစွာ ဖြည့်ကျင့်ခဲ့ သည့် ပါရမီတော် အစွမ်းကြောင့် ထိုမြက်ရှစ်ဆုပ်တို့သည် မြက်အသွင်ကွယ်ပျောက်၍ ပန်းချီ ပန်းပုဆရာတို့ ထုလုပ်ခြင်းငှာ မစွမ်းသာ သော အလွန်အံ့ဩဖွယ်ကောင်းသည့် ပလ္လင်သဏ္ဌာန် ပေါ်ပေါက်လာ တော့သည်။ အလောင်းတော် သူမြတ် သည် မဟာဗောဓိပင်ကို ကျောထောက် နောက်ခံထား၍ အရှေ့အရပ်သို့ ရှေးရှု မျက်နှာပြုတော်မူလျက် မြဲမြံသော စိတ်ထား ဖြင့်---“အရေမျှ ကျန်လိုက ကျန်စေ၊ အကြောမျှ ကျန်လိုက ကျန်စေ၊ အရိုးမျှ ကျန်လိုက ကျန်စေ၊ အသား အသွေးအားလုံး ခြောက်၍ သွားလိုကသွားပါစေ၊ ငါသည် ဘုရားမဖြစ်က ဤယခု ဖွဲ့ခွေထားသော တင်ပလ္လင်ကို အဘယ်နည်း နှင့်မျှ မဖျက်တော့” ဟုအင်္ဂါလေးပါးရှိသော ဝီရိယဖြင့် ဆောက်တည်ကာ အရာအထောင်သော မိုးကြိုးစက်တို့ စုပေါင်းကျရောက်သော်လည်း မပျက်စီးဘဲ ရန်သူတို့ကို အောင်ပွဲယူမည့် အပရာဇိတ ပလ္လင်ထက်၌ တင်ပလ္လင်ခွေ ထိုင်နေတော် မူခဲ့လေသည်။
မာရ်နတ်စစ်သည်တို့ ချီတက်လာခြင်း
[ပြင်ဆင်ရန်]အလောင်းတော်သည် မဟာဗောဓိပင်ရင်းရှိ အပရာဇိတပလ္လင်တော်၌ သဗ္ဗညုတဉာဏ်ကို ရယူရန် ထိုင်နေတော်မူသည်။ သိကြားမင်းသည် ဝိဇယုတ္တရ ခရုသင်းကိုမှုတ်၍ ပူဇော်ရပ်တည်လာခဲ့၏။ ပဉ္စသီခ နတ်သားသည် ဗေဠုဝစောင်းကို တီး လျက်၊ သုယာမနတ်မင်းသည် သားမြီးယပ်ကိုခပ်လျက်၊ သန္တုဿိတနတ်မင်းသည် ပတ္တမြားယပ်ဝန်းကိုခပ်လျက်၊ သဟမ္ပတိဗြဟ္မာမင်း သည် သုံးယူဇနာ ရှိသော ထီးဖြူကို မိုးလျက်၊ ကာဠနဂါးမင်းသည် ကချေသည် နဂါးမရှစ်သောင်း ခြံရံကာ ချီးမွမ်းထောမနာ ဂါထာများကို သီဆိုရင့်ကျူးလျက် စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်း တို့သည် အမွှေးနံ့သာ အခိုး အထုံတို့ကို ကြဲဖြန့်လျက် ပူဇော်ရပ်တည် လာခဲ့ကြကုန်၏။
ထိုအခါ မာရ်နတ်သည် “ဤသိဒ္ဓတ္ထမင်းသားသည် ငါ၏ နယ်ပယ် ဘုံသုံးပါးမှ လွန်မြောက်ရန် ကြိုးစားအား ထုတ်နေ လေပြီ၊ ဘုံသုံးပါးတည်းဟူသော နယ်ပယ်မှ လွန်မြောက်ရန် အခွင့်အရေး ဘယ်နည်းနဲ့မျှ မပေးနိုင်”ဟု ကြံစည် ကာ မိမိနေထိုင်ရာ ဝသဝတ္တီနတ်ပြည်သို့သွား၍ မာရ်စစ်သည် ဗိုလ်ပါတို့ကို စုဝေးစေပြီး “အချင်းတို့ ...ကြောက်မက် ဖွယ်ကောင်းသော အဆင်းကို ဖန်ဆင်း ကြကုန်၍ တစ်ဦးတစ်ဦးလျှင် လက်နက်တစ်မျိုးစီ ကိုင်ဆောင်ကာ သိဒ္ဓတ္ထမင်းသား ရှိရာအရပ်သို့ သွားရောက်ဖျက်ဆီးကြကုန်” ဟု စေခိုင်းခဲ့သည်။ ၎င်းင်းကမူ ယူဇနာတစ်ရာ့ငါးဆယ် ရှိသော ဂိရိမေခလာဆင်ကို စီး၍ လက်တစ်ဖက်လျှင် လက်နက်တစ်မျိုးစီဖြင့် လက်နက်မျိုးပေါင်း တစ်ထောင် ကို ကိုင်စွဲ လိုက်ပါလာခဲ့သည်။ အလောင်းတော်ထံချီတက် လာသော မာရ်နတ်စစ်တပ် ကြီးကား မာရ်နတ်၏ရှေ့မှ တစ်ဆယ့်နှစ်ယူဇနာ၊ လက်ယာဘက်မှ တစ်ဆယ့်နှစ် ယူဇနာ၊ လက်ဝဲဘက်မှ တစ်ဆယ့်နှစ်ယူဇနာ၊ အထက်၌ ကိုးယူဇနာရှိ၍၊ နောက်မျက်နှာကမူ စကြဝဠာတိုက် အဆုံးတိုင် အောင် များပြားခဲ့၏။
ဤသို့ မာရ်နတ်စစ်တပ်ကြီး ဗောဓိမဏ္ဍိုင်သို့ ရှေးရှုချီတက် လာလေလျှင် အလောင်းတော်အား ပူဇော်လျက်ရှိကြ ကုန်သော နတ်ဗြဟ္မာတို့သည် တစ်ဦးတစ်ယောက်မျှ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခြင်း မရှိခဲ့ကြကုန်။ မျက်နှာမူရာ အရပ်သို့ ထွက်ပြေးခဲ့ကြကုန်၏။ ဗောဓိပင်၏ အနီးအပါး၌ ရပ်တည်၍ နေဝံ့သူ၊ တစ်စုံတစ်ယောက်မျှ မရှိခဲ့တော့ချေ။ ထိုအချိန်၌ အလောင်းတော် သူမြတ်သည် ဆိတ်ငြိမ် သော ဗိမာန်အတွင်း၌ ဗြဟ္မာမင်းကြီးတစ်ဦးတည်းသာ နေသကဲ့သို့ တစ်ပါး တည်းသာလျှင် နေတော်မူခဲ့လေသည်။ အလောင်းတော်သည် မာရ်နတ်၏ စစ်သည်တို့ ရှေးရှုလာသည်ကို မြင်လေ လျှင် “ဤမျှများပြား သော မာရ်နတ်၏ စစ်သည်တို့သည် ငါတစ်ဦးတည်းကို ရည်စူးကာ ကြီးစွာသော လုံ့လ ပြုခဲ့ကြကုန်၏။ ဤအရပ်၌ ငါ၏ အမိ၊ အဖ၊ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်း မရှိခဲ့၊ ငါဆည်းပူးခဲ့သော ပါရမီဆယ်ပါး တရားတို့သည် သာလျှင် ငါ၏ အခြံအရံပရိသတ် ဖြစ်ချေ သည်။ ငါ၏ ပါရမီ ဆယ်ပါး ရဲမက် များကိုသာ အားကိုးအားထားပြု၍ ပါရမီ လက်နက်ဖြင့်ပင် မာရ်နတ်၏ စစ်သည်တို့ကို ဖျက်ဆီး၍ အနိုင်ယူရ တော့မည်” ဟု နှလုံးသွင်းကာ ပြုခဲ့သော ပါရမီတော်တို့ကို စဉ်းစားဆင်ခြင်၍ နေတော်မူခဲ့လေသည်။
လက်နက်ကြီး ကိုးမျိုးဖြင့် တိုက်ခိုက်ခြင်း
[ပြင်ဆင်ရန်](က) လေမုန်တိုင်းလက်နက် = မာရ်နတ်သားသည် အလောင်းတော်သူမြတ်အား လက်နက်ကြီး ကိုးမျိုးဖြင့် ပစ်လွှင့်တိုက်ခိုက်ခဲ့ရာ ရှေးဦးစွာ လေမုန်တိုင်းကို တိုက်ခတ်စေခဲ့၏။ ထိုခဏ၌ အရှေ့အနောက်တောင်မြောက် ဝဲယာမှ လေတို့ သည် ဖြစ်ပေါ် ထကြွလာခဲ့ကြ ကုန်၏။ ထိုလေ မုန်တိုင်းသည် တစ်ယူဇနာမှ သုံးယူဇနာအထိ ပမာဏရှိသော တောင်ထွတ်တောင်ရံတို့ကို ဖြိုခွဲ ဖောက်ထွင်းကာ တော၊ တောင်၊ ချုံနွယ်ပိတ်ပေါင်းနှင့်တကွ ရွာနိဂုံးတို့ကို ပြားပြား ဝပ်အောင် တိုက်ခတ် နိုင်စွမ်းရှိသော်လည်း အလောင်းတော်သူမြတ်၏ ကောင်းမှုရှိန်စော် တန်ခိုးတော်ကြောင့် သင်္ကန်းနားကိုမျှပင် တုန်လှုပ်စေခြင်းငှာ မစွမ်းနိုင်ခဲ့။
(ခ) ရေအလျဉ်လက်နက် = မာရ်နတ်သားသည် လေမုန်တိုင်းဖြင့် အလောင်း တော်ကို ချောက်ချားမှု မပြုနိုင်ခဲ့၍ နှလုံးမသာမယာဖြစ်ကာ “ကြီးစွာသော ရေအလျဉ်ဖြင့် သတ်အံ့” ဟု ကြံစည်လျက် မိုးတိမ်တို့ကို ခဏချင်းတက်စေကာ မိုးကြီးသည်းစွာ ရွာသွန်း စေခဲ့သည်။ ထိုရေ အလျဉ်သည် မဟာပထဝီမြေကြီးကို အပေါက်ကြီးများဖြစ်အောင် တော ဖျား တောင်ဖျား သစ်ပင် ဖျားတို့ကို တိုက်စားလွှမ်းမိုးအောင် စွမ်းဆောင်နိုင်သော်လည်း အလောင်းတော် သူမြတ် အား သင်္ကန်း တော် ချည်တစ်မျှင်ကိုမျှ စိုစွတ်အောင် မစွမ်းဆောင်နိုင်ခဲ့။
(ဂ) ကျောက်ခဲမိုးလက်နက် = မာရ်နတ်သားသည် လေ၊ ရေတို့ဖြင့် အလောင်းတော်ကို နှိပ်စက်သော် လည်း အလောင်းတော်၏ ပါရမီရှိန်စော် အာနုဘော်ကြောင့် ထိခိုက်မှုမရှိ။ ပကတိ ချမ်းမြေ့စွာ သီတင်းသုံးနေတော် မူသည်ကို မြင်ပြန်သော် စိတ်နှလုံး မသာမယာဖြင့် ကျောက်ခဲမိုးကို ရွာစေ ခဲ့ပြန်သည်။ ကြီးစွာသော ကျောက်ခဲ တုံးကြီးများသည် တောင်ထွတ်ကြီး များပမာ အခိုးအလျှံထွက်ကာ ကောင်းကင် ခရီးဖြင့် လိမ့်လာခဲ့ကြကုန်၍ အလောင်းတော်အနီးသို့ ရောက်သော အခါ နတ်၌ဖြစ်သော ပန်းကုံးပန်းလုံး ကြီးများ အဖြစ်သို့ ရောက်ခဲ့ပြန်လေသည်။
(ဃ) ဓားစသောလက်နက် (လက်နက်မိုး) = ထို့နောက် မာရ်နတ်သားသည် လက်နက်မိုးကို ရွာသွန်းစေခဲ့ပြန်သည်။ တစ်ဖက်အသွား၊ နှစ်ဖက်အသွားရှိသော ဓားလှံစသော လက်နက် အမျိုးမျိုး တို့သည် အခိုးအလျှံလွှတ်ကာ ကောင်းကင် မှလာခဲ့ကြကုန်၍ အလောင်းတော်၏ အထံသို့ရောက်သော် မဟာဗောဓိမဏ္ဍိုင်အဝန်း၌ မုလေးပန်းစသည် အဖြစ် ကျရောက်လာခဲ့ကြကုန်၏။
(င) မီးကျီးခဲမိုးလက်နက် = ထိုနောက်မှ တစ်ဖန် မာရ်နတ်သားသည် မီးကျီးခဲမိုးကို ရွာစေခဲ့ပြန် သည်။ ပေါက်ပန်းပွင့် အသွင်ရှိသော မီးကျီးခဲတို့သည် ကောင်းကင်ခရီးဖြင့် လာခဲ့ကြ ပြီးလျှင် ဘုရားအလောင်းတော်၏ ခြေတော်ရင်း၌ နတ်၌ဖြစ်သော ပန်းအသွင်ဖြင့် ဖရိုဖရဲကြဲပြန့်ခဲ့ကြကုန်၏။
(စ) ပြာပူမိုးလက်နက် = ထိုနောက် တစ်ဖန် ပြာပူမိုးကို ရွာစေခဲ့ပြန်သည်။ မီး၏အဆင်းရှိ၍ အလွန်ပူပြင်းသော ပြာပူသည် ကောင်းကင်ခရီးဖြင့် လာပြီးလျှင် အလောင်း တော်၏ ခြေတော်ရင်း၌ စန္ဒကူးမှုန့် အသွင်ဖြင့် ကျရောက် ခဲ့လေသည်။
(ဆ) သဲပူမိုးလက်နက် = ထိုနောက်မှတစ်ဖန် သဲပူမိုးကို ရွာစေခဲ့ပြန်သည်။ အလွန်သိမ်မွေ့ နူးညံ့သော သဲမှုန့်တို့သည် အခိုးအလျှံ လွှတ်ကာ ကောင်းကင်မှလာပြီးလျှင် ဘုရားအလောင်းတော်၏ ခြေတော်ရင်း၌ နတ်ပန်းများအသွင်ဖြင့် ကျရောက် ခဲ့ကြကုန်သည်။
(ဇ) ညွန်မိုးလက်နက် = ထို့နောက် တစ်ဖန် ညွန်မိုးကို ရွာသွန်းစေခဲ့ပြန်သည်။ ထိုရွှံ့ညွန်သည်လည်း အခိုး အလျှံလွှတ်ကာ ကောင်းကင်မှ လာရောက်ခဲ့၍ အလောင်းတော် မြတ်၏ ခြေတော်ရင်း၌ နတ်၌ဖြစ်သော နံ့သာပျောင်းဖြစ်ကာ ကျရောက်ခဲ့ကြပြန်သည်။
(ဈ) အမိုက်မှောင်လက်နက် = မာရ်နတ်သားသည် ၎င်းင်းပစ်လွှတ်ခဲ့သော လက်နက်များသည် အလောင်း တော်သူမြတ် ကို ထိခိုက်မှုမရှိခဲ့သည့်အပြင် ပန်းပေါက်ပေါက်များ အသွင်ဖြင့် ဘုရားအလောင်းထံမှောက် ရောက်ခဲ့ကြကုန်၍ အမိုက်မှောင်ဖြင့် ချောက်လှန့်၍ ပြေးစေတော့အံ့ဟု ကြံရွယ်ပြီး အမိုက်မှောင်ကြီးကို ဖြစ်စေခဲ့၏။ ထိုမာရ်နတ်မင်း ဖန်ဆင်းခဲ့သော အမိုက်မှောင်ကြီးသည် လကွယ်မိုးမှောင် သန်းခေါင် တောလယ် အင်္ဂါလေးပါးရှိသော အမိုက် မှောင်ကြီးကဲ့သို့ ဖြစ်၍ အလောင်းတော်ထံမှောက် ရောက်သော် အမှောင်ကိုခွင်း အလင်းကို ဆောင်သည့် နေရောင်နှင့် တွေ့ထိရသကဲ့သို့ အမိုက်မှောင်သည် ပျောက်ကွယ် ခဲ့တော့သည်။
မာရ်နတ်သား စက်လက်နက်များ လွှတ်ပြန်ခြင်း
[ပြင်ဆင်ရန်]မာရ်နတ်သားသည် လက်နက်ကြီး ကိုးမျိုးတို့ကို လွှတ်၍ တိုက်ဖျက် သော်လည်း အရာမရောက် သဖြင့် နောက်ထပ် တစ်ဖန် ဥက္ကာကျအောင် ပြုခဲ့ပြန်သည်။ ဥက္ကာကျခြင်းကြောင့် စကြဝဠာ တိုက်တစ်သောင်းလုံး အခိုးတွေ ဖုံး၍ နေကုန်၏။ ကောင်းကင်တစ်ခုလုံး မိုးတိမ်မရှိဘဲ မိုးချုန်း နေခဲ့သည်။ မိုးကြိုးပေါင်း မြောက်မြားစွာတို့ ကျရောက်ခဲ့ ကုန်၏။ သို့သော် ဘုရားအလောင်းကို တစ်စုံ တစ်ရာ မထိခိုက်ခဲ့။ သိဒ္ဓတ္ထမင်းသား၏ ဦးခေါင်းကို ထောင်းထောင်း ပြတ်ကြွေ မြေသို့ ခစေရမည်ဟု ကြံစည်၍ စက်လက်နက်ကို တစ်ဖန်လွှတ်ခဲ့ ပြန်၏။ ထိုစက်လက်နက် သည် မြေ၌ ပစ်လွှင့်က တစ်ဆယ့်နှစ်နှစ်ကြာ မြက်မပေါက်၊ ကောင်းကင်၌ ပစ်လွှင့်က တစ်ဆယ့်နှစ်နှစ်ပတ်လုံး မိုးရေမကျ၊ မိုးခေါင်၏။ မြင်းမိုရ်တောင်ကို ပစ်လွှတ်က မြင့်မိုရ်တောင် နှစ်ခြမ်းကွဲ ကျနိုင်သည်။ ထိုစက်လက်နက်သည် ကောင်း ကင်မှ မိုးကြိုးထစ်ချုန်း သကဲ့သို့ လာပြီးလျှင် ဘုရားရှင်၏ ခြေရင်း၌ ခွေ၍ကျခဲ့လေသည်။
မာရ်စစ်သည်တို့ကို တိုက်ခိုက်စေရန် တိုက်တွန်းခြင်း
[ပြင်ဆင်ရန်]ထိုအခါ မာရ်နတ်သားသည် အလောင်းတော်ကို ပြေးစေခြင်းငှာ မတတ်နိုင်သဖြင့် လွန်မင်းစွာ အမျက်ထွက်ပြီးလျှင် “အချင်းတို့၊ အဘယ့်ကြောင့် တည်နေ ကြကုန်သနည်း၊ ဤသိဒ္ဓတ္ထမင်းသားကို ဖမ်းကြကုန်လော့၊ သတ်ကြ ကုန်လော့၊ ပြေးစေကြပါကုန်လော့”ဟု သူ၏ စစ်တပ်ကို စေခိုင်းခဲ့၏။ မာရ်နတ် ကိုယ်တိုင်လည်း ဂိရိမေခလာဆင်ကို တက်စီးကာ ဘုရား အလောင်းတော်သို့ ကပ်ရောက်ပြီးလျှင် “အို သိဒ္ဓတ္ထမင်းသား...ဤရတနာ ပလ္လင်မှ ထသွား ပါလော့။ ဤပလ္လင် တော် သည် သင့်အတွက်မဟုတ်။ ငါ၏ အတွက်သာ ဖြစ်ချေသည်”ဟု ကြိမ်းဝါး ပြောဆိုခဲ့လေသည်။ အလောင်းတော် သူမြတ်သည် မာရ်နတ်၏ စကားကို ကြားရသောအခါ “အို မာရ်နတ်သား ...သင်သည် ပစ္စည်းဥစ္စာ၊ ပြည်ရွာသားမယား တို့ကို ပေးလှူခြင်းဟူသော ပါရမီဆယ်ပါး၊ ဇီဝိန်အသက်ကိုပင် ပေးလှူခြင်းဟူသော ပရမတ္ထပါရမီ ဆယ်ပါးတို့ကို ဖြည့်ကျင့်ခဲ့သူမဟုတ်။ ဖြည့်ကျင့်ရန်လည်း သင်အားမထုတ်ခဲ့။ ငါသည်သာလျှင် ထိုပါရမီဆယ်ပါး အပြားသုံးဆယ် တို့ကို ဘဝပေါင်းများစွာ အရိုးကြေကြေ အရေခန်းခန်း ဖြည့်ကျင့်အားထုတ်ခဲ့ပါ၏။ အလွန်တရာ ပြုနိုင်ခဲသည့် ကိုယ်ခန္ဓာနှင့် ပြည်ရွာသားမယားဥစ္စာအားဖြင့် ငါးပါးသော စွန့်ခြင်းကြီး တို့ကိုလည်း မငဲ့ကွက် မညှာတာ စွန့်လှူခဲ့ ပါ သည်။ ဤပလ္လင်တော် သည် ပါရမီတော်တို့ကြောင့်သာ ဖြစ်ပေါ် လာသော ပလ္လင်ဖြစ်၍ သင်နှင့် မထိုက်။ ငါနှင့်သာ ထိုက်ပါသည်။ ဤပလ္လင်သည် သင့်အတွက် မဟုတ်။ ငါ့အတွက်သာ ဖြစ်ပါသည်”ဟု မေတ္တာရှေ့ထား ပြောကြားခဲ့လေသည်။
အလောင်းတော်သည် ဆက်လက်၍ မာရ်နတ်သားအား မေးမြန်းခဲ့ပါသည်။ “ဟယ် မာရ်နတ် ...သင်သည် ပါရမီတော် တို့ကြောင့် အလိုလို ပေါက်လာသော ဤပလ္လင်ကို သင့်ပလ္လင်ဟု ဆိုချေ၏။ သင်သည် ဒါနစသော ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ သင့်အား သက်သေအထောက်အထား ရှိပါ သလား”ဟု မေးခဲ့လေသည်။ ထိုအခါ မာရ်နတ်က “ဤမျှ လောက် ရှိကုန်သော မာရ်စစ်သည် ဗိုလ်ပါအပေါင်းတို့သည် ငါ၏သက်သေဖြစ်၏”ဟု ပြောဆို၍ မာရ်နတ်သည် မာရ်စစ်သည် ဗိုလ်ပါတို့သို့ ရှေးရှုလက်ကို တန်းခဲ့၏။ ထိုခဏ၌ မာရ်နတ်၏ စစ်တပ် ပရိသတ်သည် “ငါတို့သည် သက်သေ ဖြစ်ကြောင်း” ဝန်ခံပြောဆိုသောအသံသည် မြေပြိုသောအခါ ဖြစ်ပေါ်လာ သော အသံကဲ့သို့ ဖြစ်ခဲ့လေသည်။ ထိုအခါ မာရ်နတ်သားသည် အလောင်းတော်မြတ်ကို “သိဒ္ဓတ္ထ မင်းသား...သင်သည် ဒါနစသော ပါရမီတို့ကို ဖြည့်ကျင့် လှူဒါန်း ခဲ့သည်ဟု ဆိုခဲ့သည်။ ထိုသို့ ဖြည့်ကျင့်လှူဒါန်းမှု၌ သင့်မှာလည်း သက်သေရှိပါ သလော”ဟု မေးခဲ့လေ သည်။ အလောင်းတော် သူမြတ်သည် “ဟယ် မာရ်နတ်...သင်ကား သင့်ပရိသတ်ကို မတရား သက်သေခံ စေခဲ့လေပြီ၊ ဤမြေကြီးကား သင့်အားလည်းကောင်း၊ ငါ့အား လည်းကောင်း သမာသမတ် ညီမျှသော မြေကြီးဖြစ် ချေသည်။ စေတနာလည်း မရှိ၊ သင်နှင့်ငါ့အဖို့ သမာသမတ်ညီမျှ၍ လုံးဝစေတနာ မရှိသော ဤမြေကြီး သည် ယခုပင်လျှင် ငါ၏သက်သေဖြစ်ပါလိမ့်မည်”ဟု မိန့်တော်မူကာ လက်ယာ လက်တော်ကို သင်္ကန်းတွင်းမှထုတ်လျက် မဟာပထဝီ မြေကြီးကို ရှေးရှု ညွန်ပြတော်မူခဲ့ လေသည်။
မဟာပထဝီမြေကြီးက သက်သေပြုခြင်း
[ပြင်ဆင်ရန်]ထိုခဏမှာပင် မဟာပထဝီမြေကြီးသည် အိုးထိန်းစက်ကဲ့သို့ သွက်သွက် လည်ကာ သည်းထန်စွာ မြည်ဟည်းခဲ့၏။ မြေကြီး၏ အသံသည် ကောင်းကင် တစ်ခွင်လုံး မိုးချုန်းသကဲ့သို့ ဖြစ်ခဲ့လေသည်။ မြင်းမိုရ်တောင်ကိုရံ၍ တည်သော တောင်စဉ်ခုနစ်ထပ်နှင့်တကွ ဟိမဝန္တာတောင်စသည် တို့သည် လည်းကောင်း၊ စကြဝဠာတိုက်အလုံးသည် လည်း ကောင်း၊ ကြောက်လန့်ဘနန်း ကြောက်မက်ဖွယ် ထစ်ချုန်း၍ မီးပေါက်မီးပွား တဖွားဖွား၊ တဖြုန်းဖြုန်းကျ လာခဲ့ ကုန်၏။ မာရ်နတ်သားသည် အားထားကိုးကွယ်ရာမရှိ၊ အလွန်အမင်း ကြောက်လန့် ရကား စစ်တံခွန်ကြီးကိုလှဲ ကာ ထိုနေရာမှာပင် လက်နက်တစ်ထောင်ကိုလည်း စွန့်ပစ်ခဲ့၍ ဆင်ကြီးကိုလည်း ပြန်မကြည့်ဘဲ ဦးတည်ရာသို့ ရှေးရှုအား သွန် ပြေးခဲ့လေတော့သည်။ မာရ်နတ်ပြေးလျှင် မာရ်စစ်တပ်ကြီးသည်လည်း ဖရိုဖရဲပြိုကွဲ ပျက်စီးကာ ဝသဝတ္တီ နတ်ပြည်သို့ ပြန်ပြေးကြကုန်၏။
နေမဝင်မီ ဒေဝပုတ္တမာရ်ကို အောင်မြင်တော်မူခြင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရား အလောင်းတော်သည် ကဆုန်လပြည့် နေမဝင်မီပင် ဒေဝပုတ္တမာရ်ကို အောင်မြင် တော်မူခဲ့သည်။ ထိုခဏ၌ မာရ်နတ်လာစဉ်က ပြေးကြကုန်သော နတ်ဗြဟ္မာတို့သည် မာရ်နတ်စစ် တပ်ကြီး ဖရိုဖရဲပြိုကွဲ ပျက်စီးသွား သည်ကို တွေ့မြင်ကြရလေလျှင် “မာရ်နတ်ကား ရှုံးလေပြီ၊ သိဒ္ဓတ္ထမင်းသားကား အောင်လေပြီ၊ အောင်ပွဲ ပူဇော်မှုကို ငါတို့ပြုကြကုန်အံ့” ဟု နဂါး၊ ဂဠုန်၊ ဂုမ္ဘဏ်တို့နှင့်တကွ နတ်ဗြဟ္မာအပေါင်းတို့သည် ကောင်းချီး ပေးကာ ကြွေးကြော် ကြကုန်လျက် နံ့သာပန်းစသည်တို့ကို လက်စွဲကုန်ပြီး အလောင်းတော်စံရာ မဟာဗောဓိပလ္လင်သို့ တညီတညွတ် တည်း စုဝေး ရောက်လာခဲ့ကြကုန်၏။
နတ်ဗြဟ္မာတို့က ကြွေးကြော်ခြင်း
[ပြင်ဆင်ရန်]မဟာဗောဓိပလ္လင်သို့ စုဝေးရောက်ရှိလာကြကုန်သော နဂါး၊ ဂဠုန်၊ ဂုမ္ဘဏ်၊ အသုရာ၊ နတ်ဗြဟ္မာ စသည်တို့သည် “ဤယနေ့ ဤအောင်ပွဲသည် အသရေတော်ပြည့်ဝ မြတ်ဗုဒ္ဓ၏ ပါရမီဓာတ်ခံ ရင့်သန်မှုကြောင့် ရရှိခဲ့သော ခြိမ့်ခြိမ့်သဲသဲ မြတ်အောင်ပွဲတည်း။ စိတ်ထားယုတ်မာ ပညာကန်းပုပ် မာရ်နတ်ယုတ်၏ ဘုန်းရှိန်ကိုကြောက် တပ်ကိုခေါက်ကာ ပြေးခဲ့ရရှာသည့် စစ်ရှုံးပွဲတည်း”ဟူ၍ ကဆုန်လပြည့် ဒေဝပုတ္တမာရ်ကို အောင်မြင်ခဲ့သည့်နေ့က အပရာဇိတအောင်ခန်း ပလ္လင်နန်းဝယ် နတ်နဂါးအပေါင်းတို့ကလည်းကောင်း၊ ဂဠုန်မင်းအပေါင်းတို့ကလည်းကောင်း၊ နတ်မင်းအပေါင်း တို့က လည်းကောင်း၊ ဗြဟ္မာအပေါင်းတို့ကလည်းကောင်း အသီးသီး အုပ်စုအလိုက် ဘုရားရှင်၏ ကောင်းတင်းခြိမ့်ညံ အောင်ပွဲသံကို စကြဝဠာတိုက် သောင်းလုံးခိုက်အောင် ကြွေးကြော်ခဲ့ ကြကုန်၏။
ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့ နေမဝင်မီပင် ဒေဝပုတ္တ မာရ်ဟူသော ဝသဝတ္တီ မာရ်နတ်ကို အောင်မြင်တော်မူ၍ ထိုနေ့ ညဉ့်ဦးယံဝယ် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ သန်းခေါင် ယံဝယ် ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံဝယ် အာသဝက္ခယဉာဏ် တည်းဟူသော ဝိဇ္ဇာဉာဏ်သုံးပါးတို့ကို အစဉ်အတိုင်း ရတော်မူကာ သုံးလောကထွတ်ထား ဘုရား အဖြစ်သို့ ကဆုန်လပြည့်နေ့ မိုးသောက်ယံတွင် ရောက်ရှိတော်မူ ခဲ့လေ သည်။
ဘုရားဖြစ်တော်မူသောအခါ အံ့ဩဖွယ်တို့ ဖြစ်ပေါ်လာခြင်း
[ပြင်ဆင်ရန်]အလောင်းတော်မြတ်သည် နေအရုဏ်တက်ချိန်၌ သဗ္ဗညုတဉာဏ်တော် ကိုရ၍ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ လောကဓာတ် စကြဝဠာအပေါင်း တိုက်တစ်သောင်းလုံး အလှဆုံး တန်ဆာဆင် ပြီးသား ဖြစ်နေခဲ့၏။ အရှေ့ဖျား စကြဝဠာ အနားရေး၌ စိုက်ထောင်ထား ကုန်သော တံခွန်၊ ကုက္ကားတို့၏ အရောင်သည် အနောက်ဖျား စကြဝဠာ အနားရေးသို့လည်းကောင်း၊ အနောက်ဖျား စကြဝဠာအရေး၌ စိုက်ထောင် ထားကုန်သော တံခွန်၊ ကုက္ကားအရောင်တို့သည် အရှေ့ဖျားစကြဝဠာ အနားရေးသို့လည်းကောင်း၊ တောင်အရပ်ဖျား စကြဝဠာအနားရေး ၌ စိုက်ထောင် ထားသော တံခွန်၊ ကုက္ကားတို့၏ အရောင်တို့သည် မြောက်အရပ်ဖျား စကြဝဠာ အနားအရေး သို့လည်း ကောင်း၊ မြောက်အရပ်ဖျား စကြဝဠာ အနားရေးမ၌ စိုက်ထောင် ထားသော တံခွန်၊ ကုက္ကား တို့၏ အရောင်တို့သည် တောင်အရပ်ဖျား စကြဝဠာ အနားရေးသို့ လည်းကောင်း၊ မြေပြင်၌ စိုက်ထောင်ထားကုန်သော တံခွန်ကုက္ကား အရောင်တို့သည် ဗြဟ္မာ့ပြည်ကို လည်းကောင်း၊ ဗြဟ္မာ ပြည်၌ ဖွဲ့ယှက်ထားကုန်သော တံခွန်ကုက္ကား အရောင်များသည် မြေအပြင်ကို လည်းကောင်း ထိခိုက်၍ တည်နေခဲ့ကြ ကုန်၏။ စကြဝဠာတိုက်ပေါင်း တိုက်တစ်သောင်းတို့၌ အပွင့်ပွင့် သော သစ်ပင် အမျိုးမျိုးတို့သည် ရာသီမလင့် တစ်ပြိုင်နက်တည်း ပွင့်ခဲ့ကြကုန်၏။ အသီးသီးသော သစ်ပင် အမျိုးမျိုး တို့သည် ရာသီမလင့် တစ်ပြိုင်နက်တည်း အခိုင်လိုက် အ>ပတ်လိုက် သီးခဲ့ကြကုန်၏။
ပင်စည်ပန်း၊ အခက်ပန်း၊ အနွယ်ပန်းတို့သည် အဆန်းတကြယ် ပွင့်ခဲ့ကြ ကုန်၏။ ကောင်းကင်မှ အပင်ကို မမြင်ရဘဲ ပန်းခိုင်များ တွဲလျားကျနေခဲ့ကြကုန်၏။ အောက်မြေအလွှာ ကျောက်ဖျာ ကြီးများကို ဖောက်ခွဲ၍ အဆင့်ဆင့် ခုနစ်ထပ်စီ ခုနစ်ထပ်စီ ကြယ်ပွင့်များ ပမာပေါ် လာခဲ့ကြကုန်၏။ စကြဝဠာ အပေါင်း တိုက်တစ်သောင်းသည် မြေတသိမ့်သိမ့် တငြိမ့်ငြိမ့် တုန်လှုပ် လျက် ရှိခဲ့၏။ ၎င်းင်းအပြင် အလောင်းတော် ဖွားမြင်စဉ်က ဖြစ်ခဲ့သော နိမိတ်ကြီး သုံးဆယ့်နှစ်ပါး တို့သည်လည်း ထင်ရှားဖြစ်ပေါ်လာခဲ့ကြကုန်၏။
ဥဒါန်းကျူးရင့်တော်မူခြင်း
[ပြင်ဆင်ရန်]လူနတ်ဗြဟ္မာသတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူလျက် အသရေတော် တင့်တယ်ခြင်းဖြင့် တင့်တယ်ခြင်းရှိတော် မူသော သဗ္ဗညုတ ဘုရားရှင်သည် ရှေးရှေးအခါက ပွင့်တော်မူခဲ့ကြ ကုန်ပြီး သော အသိန်းမက များပြားလှစွာ ကုန်သော ဘုရားရှင်တို့သည် ဥဒါန်းကျူးရင့် တော်မူသကဲ့ သို့ပင် ဥဒါန်း ကျူးရင့်တော်မူလေသည်။ “အို ခန္ဓာတည်းဟူသော အိမ်ကို ဆောက်လုပ်တတ်သော တဏှာ ယောက်ျား လက်သမား ...သင် တဏှာ ယောက်ျား လက်သမားကို ရှာနေသော ငါသည် သဗ္ဗညုတဉာဏ်ကို မရခဲ့၍ ဘဝများစွာ သံသရာကာလ ပတ်လုံး မရပ်မနား တဖားဖားလျှင် ပြေးသွားကျင်လည်ခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော တဏှာယောကျ်ား လက်သမား ...အဖန်တလဲလဲ ပဋိသန္ဓေ နေရခြင်းသည် ပင်ပန်းဆင်းရဲလှပါဘိ။ သင်တဏှာယောက်ျား လက်သမားသည် ခန္ဓာတည်း ဟူသော အိမ်ကို နောက်တစ်ဖန် ဆောက်ရန် မရှိပြီ”
“အို ခန္ဓာတည်းဟူသော အိမ်ကို ဆောက်လုပ်တတ်သော တဏှာ ယောကျ်ား လက်သမား ...ဘုရားဖြစ်သော ယခုအခါ ၌ သင်တဏှာ ယောက်ျား လက်သမားကို ငါသည် သဗ္ဗညုတဉာဏ်ကို ရသဖြင့် ဒိဋ္ဌထင်ထင် မြင်ခဲ့ရပြီ။ သင်တဏှာ ယောက်ျားလက်သမားသည် ဒုက္ခယှက်လိမ် ခန္ဓာကိုယ်တည်း ဟူသော အိမ်ကို သင်ဆောက်လုပ်နိုင် တော့မည်မဟုတ်။ သင်တဏှာယောကျ်ား လက်သမား၏ ခန္ဓာတည်းဟူသော အိမ်၌ ထုတ်လျောက်ဒိုင်းမြား ကိလေသာ တရားတို့ကို စိစိကြေညက် ငါချိုးဖျက် ခဲ့ ပေပြီ။ အဝိဇ္ဇာတည်း ဟူသော အိမ်၏ အထွတ်ကို မှုန့်မှုန့်ကြေမွ ငါဖျက်ချခဲ့ ပေပြီ။ သံသရာ စက်ကွင်းမှ လွတ်ကင်းရာ အမှန် နန်းနိဗ္ဗာန်သို့ ငါဆိုက်ရောက်ခဲ့ပေပြီ။ တဏှာကုန်ပျောက်၊ အရဟတ္တ ဖိုလ်သို့ ငါမျက်မှောက်ပြုခဲ့ပေပြီ”ဟု ဥဒါန်း ကျူးရင့် တော်မူလေသည်။
သတ္တဌာန စံနေတော်မူခန်း
[ပြင်ဆင်ရန်]ပလ္လင်္ကသတ္တာဟ - အပရာဇိတပလ္လင်တော်၌ ခုနစ်ရက်သီတင်းသုံးတော်မူခြင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင်သည် ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်တော်မူ၍ အပရာဇိတပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ တော်မူစဉ်--- “ငါသည် ဤအပရာဇိတပလ္လင်တော်ကို ရဖို့ရန် ပါရမီ ဆယ်ပါး တို့ကို သူမတူအောင် ဖြည့်ကျင့်လျက် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကာလ ပတ်လုံး ကျင်လည်ခဲ့ရပါ၏။ ဤပလ္လင်တော်ကို ရရှိဖို့ရန် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး တန်ဆာ ဆင်အပ်ပြီးသော ဦးခေါင်းတော်များ၊ မျက်လုံးတော် အစုံများ၊ နှလုံးသားများ၊ ဇာလီ မင်းသားကဲ့သို့သော သားတော်များ၊ ကဏှာဇိန် ကဲ့သို့သော သမီးတော်များ၊ မဒ္ဒီဒေဝီ ကဲ့သို့သော ဇနီးမယား များကို အလှူခံပုဂ္ဂိုလ်တို့၏ အလိုကျ အသုံးပြုနိုင်ရန် လှူခဲ့ပေါင်းများလှပြီ။ ဤပလ္လင် သည် ငါဘုရား၏ မာရ်ငါးပါး ကို တစ်စမကြွင်း ပယ်ရှင်း အောင်မြင်ရာ ပလ္လင်လည်း ဖြစ်ခဲ့သည်။ ဘုန်းကျက်သရေရှိ ကာ အလွန်မြင့်မြတ် သော ပလ္လင်လည်း ဖြစ်ခဲ့သည်။ ဤအပရာဇိတ ပလ္လင်တော်၌ ထိုင်နေတော်မူစဉ်ပင် ငါသည်ဘုရားဖြစ် ရန် ကြံစည်တောင့် တ လိုလားအပ်သမျှတို့ ပြည့်စုံခဲ့ကုန်ပြီ။ ဤမျှ ကျေးဇူးများသော ပလ္လင်တော်မှ ငါမထသေး” ဟုကြံစည်လျက် ကုဋေ အသိန်းမက များလှစွာသော အရဟတ္တဖိုလ် စတုတ္ထ ဈာန်သမာပတ် တို့ကို ဝင်စားလျက် ဝိမုတ္တိသုခကို ခံစားသုံး ဆောင်တော်မူကာ ဤအပရာဇိတ ပလ္လင်တော်ပေါ်တွင် ခုနစ်ရက်ကြာ သီတင်းသုံး ထိုင်နေတော် မူခဲ့သည်။ ထိုအပရာ ဇိတပလ္လင်တော်၌ ထိုင်နေတော်မူစဉ် ပဋိစ္စသမုပ္ပါဒ် တရားတို့ကို အနုလုံ၊ ပဋိလုံ အပြန်ပြန် အလှန်လှန် အဖန်ဖန် အထပ်ထပ် သုံးသပ်ဆင်ခြင်တော်မူခဲ့သည်။
အနိမိသသတ္တာဟ - ဗောဓိပင်နှင့် ပလ္လင်တော်ကို ခုနစ်ရက် စူးစိုက်ကြည့်နေတော်မူခြင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးနောက် ခုနစ်ရက်ပတ်လုံး အပရာဇိတ ပလ္လင်ထက်၌ အရဟတ္တဖိုလ်ချမ်းသာကို ခံစားသုံးဆောင် နေတော်မူစဉ် ခုနစ်ရက်မြောက်သောနေ့၌ အချို့သော နတ်ဗြဟ္မာတို့က “ဘုရားရှင်သည် ယခု ထက်တိုင် ပလ္လင်တော်မှ ထတော်မမူသေး။ ပလ္လင်တော်၌ တပ်မက်ခြင်း တဏှာကို မစွန့်လွှတ်။ ယခုရရှိပြီးသော ဂုဏ်ကျေးဇူးမှတစ်ပါး အခြား ဘုရား ဖြစ်အောင် ပြုနိုင်သေးသည့် ဂုဏ်ကျေးဇူးများ ရှိနိုင်သေးသလော”ဟု ယုံမှား သံသယဖြစ် ပေါ်လာခဲ့ကြသည်။ ရှစ်ရက်မြောက်သော နေ့၌ အရဟတ္တဖိုလ် သမာပတ်မှ ထတော်မူ၍ နတ်ဗြဟ္မာ အချို့၏ သံသယကို သိတော်မူသဖြင့် ထိုသံသယကို ပယ်ဖျောက်အံ့သောငှာ ကောင်းကင်သို့ ပျံတက်၍ ရေမီးအစုံ အစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူခဲ့လေသည်။ ထိုသို့ တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် ကောင်းကင်မှ ဆင်းသက်၍ အပရာဇိတပလ္လင်မှ အနည်းငယ် အရှေ့အရပ်သို့ ယွန်းသော မြောက်အရပ်၌ ရပ်တော်မူ၍ “ငါသည် ဤအပရာဇိတပလ္လင် ပေါ်၌ သဗ္ဗညုတ ရွှေဉာဏ် တော်ကို ရအပ်ပြီ” ဟု ဆင်ခြင်တော်မူခဲ့သည်။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော်တို့၏ အင်အားဖြစ်သော အရဟတ္တ မဂ်ဉာဏ်နှင့် သဗ္ဗညုတ ဉာဏ် တို့ကို ရတော်မူရာ အပရာဇိတပလ္လင်တော်နှင့် မဟာဗောဓိပင်တို့ကို မမှိတ်သော မျက်လုံး တော်ဖြင့် ကြည့်တော်မူလျက် ခုနစ်ရက်ပတ်လုံး သီတင်းသုံး နေတော်မူခဲ့သည်။ ထိုအရပ်သည် “အနိမိသစေတီ”ဟု အမည်တွင်ခဲ့၏။
စင်္ကမသတ္တာဟ - စင်္ကြံကြွ၍ ခုနစ်ရက် နေတော်မူခြင်း
[ပြင်ဆင်ရန်]တတိယသတ္တာဟသို့ ရောက်သောအခါ မြတ်စွာဘုရားရှင်သည် အပရာဇိတ ပလ္လင်တော်နှင့် အနိမိသ စေတီတို့အကြား အရှေ့အနောက် အလျားရှိသော နတ်ဗြဟ္မာတို့ ဖန်ဆင်းထားသည့် ရတနာ စင်္ကြံ၌ တရားတော်ကို ဆင်ခြင်ကာ ဖလ သမာပတ်ကို ဝင်စားပြီး လူးလာတုံ့ခေါက် စင်္ကြံလျှောက်လျက် ခုနစ်ရက်ကို ကုန်လွန်စေတော်မူခဲ့သည်။ ထိုအရပ်သည် “ရတနာစင်္ကမစေတီ”ဟူ၍ အမည်တွင်ခဲ့ လေသည်။
ရတနာဃရသတ္တာဟ - ရတနာဃရရွှေအိမ်၌ ခုနစ်ရက် စံနေတော်မူခြင်း
[ပြင်ဆင်ရန်]စတုတ္ထသတ္တာဟသို့ ရောက်သောအခါ မြတ်စွာဘုရားရှင်သည် မဟာဗောဓိပင်မှ အနောက်မြောက် ထောင့်အရပ်ဝယ် နတ်ဗြဟ္မာတို့ ဖန်ဆင်းအပ်သော ရတနာဃရရွှေအိမ်၌ ထက်ဝယ် ဖွဲ့ခွေ စံနေတော် မူခဲ့သည်။ အဘိဓမ္မာ တရားတော်ကို ဆင်ခြင်တော်မူပြီး အနန္တနယ သမန္တပဋ္ဌာန်း ကျမ်းကြီးကို သုံးသပ်ဆင်ခြင်တော်မူသောအခါ ဘုရားရှင်၏ သန္တာန်တော် ၌ အလွန်နှစ်သက် ဝမ်းမြောက်ခြင်းပီတိ ဖြစ်ပွားလာခဲ့သည်။ ပီတိတရား ပွားသောကြောင့် အသွေးတော် ကြည်လင် ခဲ့၏။ အသွေးတော် ကြင်လင်ခြင်းကြောင့် အရေတော်ကြည်လင်ခဲ့၏။ အရေတော် ကြည်လင်ခြင်းကြောင့် ကိုယ်တော်မှ ရောင်ခြည်တော်တို့ ထွက်ပေါ်ကွန့်မြူးလာခဲ့ကုန်၏။
အဇပါလသတ္တာဟ - ဆိတ်ကျောင်းညောင်ပင်၌ ခုနစ်ရက်သီတင်းသုံးတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် မဟာဗောဓိပင်အနီး၌ ခုနစ်ရက်လေးလီ သီတင်းသုံး နေတော်မူပြီးနောက် ပဉ္စမ သတ္တာဟသို့ ရောက် သောအခါ ဗောဓိပင်မှ အရှေ့ အရပ်၌ တည်ရှိသော ဆိတ်ကျောင်းသားတို့ ခိုနား ရာ အဇပါလညောင်ပင်ရင်း သို့ ကြွတော်မူပြီး ခုနစ်ရက်ပတ်လုံး တရားကိုဆင်ခြင်ကာ ဖလသမာပတ် ကို ဝင်စားသီတင်းသုံး နေတော်မူခဲ့သည်။ ထိုအခါ မာရ်နတ်သားသည် ဘုရားနောက် တကောက်ကောက် လိုက်လျက် ဘုရားရှင်၏ အပြစ်ကို ရှာခဲ့သော်လည်း နှမ်းစေ့ပေါက်မျှ မတွေ့ရ၍ ဤသိဒ္ဓတ္ထမင်းသားသည် “ငါ၏ အလိုနိုင်ငံ ဘုံသုံး တန်ကို တော်လှန် လွန်မြောက်သွားခဲ့ လေပြီ”ဟု ဘုရားရှင်နှင့် မနီးမဝေးသော လမ်းမကြီးပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ တစ်ဆယ့်ခြောက်ကြောင်းသော အရေးကို ရေးခြစ် ဆွဲငင်ခဲ့လေသည်။ “ငါသည် သိဒ္ဓတ္ထမင်းသားကဲ့သို့ ရှေးရှေးဘဝတို့က ဒါနပါရမီကို မဖြည့်ကျင့်ခဲ့။ ထို့ကြောင့် ထိုအလောင်းမင်းသားနှင့် တူသူ မဖြစ်နိုင်ဟု ပထမအရေးအကြောင်းကို ဆွဲခဲ့၏။ ထိုနောက် သီလ ပါရမီ အတွက် တစ်ကြောင်း၊ နေက္ခမ္မပါရမီအတွက် တစ်ကြောင်း၊ ပညာပါရမီ အတွက် တစ်ကြောင်း၊ ဝီရိယပါရမီအတွက် တစ်ကြောင်း၊ ခန္တီပါရမီအတွက် တစ်ကြောင်း၊ သစ္စာပါရမီအတွက် တစ်ကြောင်း၊ အဓိဋ္ဌာန်ပါရမီအတွက် တစ်ကြောင်း၊ မေတ္တာပါရမီအတွက် တစ်ကြောင်း၊ ဥပေက္ခာပါရမီအတွက် တစ်ကြောင်း၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်ကိုရရန် ကောင်းမှုဆယ်လီ ပါရမီ တို့ကို မကျင့်ခဲ့မှုအတွက် တစ်ကြောင်း၊ အာသယာနုဉာဏ်ရရန် မကျင့်ခဲ့မှု အတွက် တစ် ကြောင်း၊ မဟာကရုဏာ သမာပတ္တိ ဉာဏ်ရရန် မကျင့်ခဲ့မှု အတွက် တစ်ကြောင်း၊ ယမကပါဋိဟာရိယ ဉာဏ်ရရန် မကျင့်ခဲ့မှု အတွက် တစ်ကြောင်း၊ အနာဝရဏဉာဏ်ရရန် မကျင့်ခဲ့မှုအတွက် တစ်ကြောင်း၊ သဗ္ဗညုတဉာဏ်ရရန် မကျင့်ခဲ့ မှုအတွက် တစ်ကြောင်း ဒါနပါရမီတွင် စဉ်းစားဆင်ခြင်သကဲ့သို့ စဉ်းစားဆင်ခြင်ကာ အကြောင်း အရေး တစ်ဆယ့်ခြောက်ကြောင်းတို့ကို ရေးခြစ်မှိုင်တွေ နေခဲ့လေသည်။
မာရ်နတ်၏သမီးသုံးယောက် လာရောက်ဖြားယောင်းခြင်း
[ပြင်ဆင်ရန်]တဏှာ၊ အရတီ၊ ရဂါအမည်ရှိ မာရ်နတ်သမီးသုံးယောက်တို့သည် ဖခင်ကို မတွေ့ရ၍ ရှာကြည့်ခဲ့ ကြသော် နှလုံးမသာ မယာဖြင့် မြေကြီးပေါ်တွင် အရေးအကြောင်း ရေးခြစ်နေသည့် ဖခင်ကို တွေ့ခဲ့ရသည်။ ဖခင် မာရ်နတ်၏ ပြောပြချက် အရ ဘုရားရှင်သည် သူ၏အလိုနိုင်ငံ ဘုံသုံးတန်မှ လွန်ပြီး ဖြစ်ကြောင်းနှင့် ဘုရားရှင်၌ အပြစ်တစ်စုံ တစ်ရာ မတွေ့ရ ၍ စိတ်မချမ်းမသာ ဖြစ်နေ ကြောင်းကို သိရသောအခါ မာရ်နတ်၏ သမီးသုံးယောက်တို့က “ဖခင်...ကျွန်ုပ်တို့ သည် ရဟန်းကြီး ဂေါတမကို ရာဂကျော့ကွင်း စသည်ဖြင့် ဖွဲ့ချည်၍ ခေါ်ဆောင်ခဲ့ပါအံ့။ ဖခင်...စိတ်မချမ်း မသာ မဖြစ်ပါ နှင့်”ဟု ပြောဆိုခဲ့ကြပြီး ဘုရားရှင်ထံ ချဉ်းကပ်၍ “အရှင်ရဟန်း...အရှင်မြတ်၏ ခြေရင်း၌ လုပ်ကျွေး ပြုစုပါရစေ”ဟု ပြောခဲ့ကြကုန်၏။
ဘုရားရှင်သည် ထိုနတ်သမီး သုံးယောက် တို့၏ ပြောစကားကို စိတ်၌ မညွတ်။ မျက်လုံးတော်မျှ ကိုပင် ဖွင့်မကြည့်ခဲ့ ပါ။ ဥပဓိကုန်ရာ အရဟတ္တဖိုလ် ချမ်းသာကိုသာ ခံစား နေတော်မူခဲ့၏။ မာရ်နတ်၏ သမီးသုံး ယောက်တို့သည် ဘုရားရှင်ကို အဆင်း၊ အရွယ်၊ အနံ့၊ အမူအရာတို့ဖြင့် အမျိုးမျိုး သဏ္ဌာန်လုပ် သရုပ်ဆောင်ကာ ဖြားယောင်းခဲ့ကြ ပါကုန်သော်လည်း ဘုရားရှင်ကား အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိခဲ့ပါပေ။ ဘုရားရှင်က ထိုနတ်သမီးုံးယောက် တို့အား--- “သင်တို့သည် ဖဲကြကုန်လော့၊ သွားကြကုန်လော့။ ဘယ်အကျိုးကို မြင်၍ သင်တို့ ဤသို့အား ထုတ်ခဲ့ကြကုန်သနည်း။ သင်တို့ ပြုလုပ်သော အမှုမျိုးသည် ရာဂစသည် မကင်းသေးသူတို့၏ရှေ့၌ ပြုလုပ်ခြင်းငှာသာ သင့်၏။ ငါဘုရားသည်ကား ရာဂ၊ ဒေါသ၊ မောဟတရားတို့ကို အကြွင်းမဲ့ ပယ်ခဲ့ပြီးပြီ” ဟုပြောဆိုကာ တရားဟော တော် မူခဲ့၏။ ထိုအခါ နတ်သမီးသုံးယောက်တို့သည် “ဤရဟန်းကြီး ဂေါတမသည် ပူဇော် အထူးကို ခံတော်မူထိုက် သော အရဟံဂုဏ်ရှင်၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော သုဂတဂုဏ်ရှင် ဖြစ်၍ လောက၌ ရာဂစသည်ဖြင့် သွေးဆောင်ဖြား ယောင်းရန် လွယ်ကူသူ မဟုတ်”ဟု ပြောဆိုကြကာ ဖခင် မာရ်နတ်ထံသို့ ပြန်ခဲ့ကြကုန်၏။
မုစလိန္ဒာသတ္တာဟ - မုစလိန္ဒာအိုင်အနီး ကျည်းပင်ရင်း၌ ခုနစ်ရက် သီတင်းသုံးနေတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် အဇပါလ ညောင်ပင်ရင်း၌ ခုနစ်ရက်ပြည့်မြောက်သောအခါ ထိုအဇပါလ ညောင်ပင် ရင်းမှဖဲခွါခဲ့ပြီး လျှင် မဟာဗောဓိပင်မှ အရှေ့တောင်ဘက် မုစလိန္ဒာအိုင်အနီး ကျည်းပင်ရင်း သို့ ကြွတော်မူကာ အရဟတ္တဖိုလ် ချမ်းသာကို ခံစားတော်မူ၍ ခုနစ်ရက် လွန်မြောက် စေခဲ့သည်။ ထိုကျည်းပင်ရင်း၌ သီတင်းသုံးနေတော်မူစဉ် အခါမဲ့ မိုးကြီး ရွာသွန်းဖြိုးခဲ့သည်။ ဤမိုးသည် စကြာမင်း ပေါ်ထွန်းသောအခါ၊ ဘုရားရှင်များ ပွင့်ထွန်း ပေါ်ပေါက် သောအခါ၌သာ ရွာသွန်းမြဲမိုးကြီး ဖြစ်ခဲ့သည်။ ထိုအခါ မုစလိန္ဒာ အိုင်၌ရှိသော နဂါးမင်းသည် ဘုရားရှင်ကို အအေး၊ အချမ်း အစ ရှိသည်တို့ မထိပါးစေရန် အခွေခုနစ်ထပ်တို့ဖြင့် ရစ်ပတ် ကာရံလျက် မကျဉ်းမြောင်းသော ကုဋိတိုက်၌ နေထိုင်ရသကဲ့သို့ ဘုရားရှင်ကို နေစေခဲ့သည်။ ဘုရားရှင်သည် အရဟတ္တ ဖိုလ်ချမ်းသာ ဖြင့်သာလျှင် ထိုအရပ်၌ ခုနစ်ရက်ကို လွန်မြောက် စေခဲ့သည်။
ရာဇာယတနသတ္တာဟ -လင်းလွန်းပင်ရင်း၌ ခုနစ်ရက် သီတင်းသုံးနေတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် မုစလိန္ဒာအိုင်အနီး ကျည်းပင်ရင်း၌ ခုနစ်ရက်လွန်မြောက် ခဲ့ပြန်သော် မဟာဗောဓိ ပင်၏ တောင်မျက် နှာ လင်းလွန်းပင်ရင်းသို့ ကြွသွား တော်မူ၍ ထိုအရပ်၌လည်း အရဟတ္တဖိုလ် ချမ်းသာဖြင့်သာ ခုနစ်ရက်ကို လွန် မြောက် ခဲ့ပါသည်။ ဤသို့အားဖြင့် ခုနစ်ရက်ခုနစ်လီ (၇_၇=၄၉) လေးဆယ့်ကိုးရက် ပြည့်ခဲ့ လေပြီ။ ဤလေး ဆယ့် ကိုးရက်အတွင်း၌ ဘုရားရှင်သည် ခံတွင်းတော် ဆေးခြင်း၊ မျက်နှာတော် သစ်ခြင်း၊ ကိုယ်လက် သုတ်သင်ခြင်း၊ ဆွမ်း ဘုဉ်း ပေးတော် မူခြင်း မရှိခဲ့ပါ။ ဈာန်ချမ်းသာ၊ ဖိုလ်ချမ်းသာ ဖြင့်သာလျှင် သီတင်းသုံး နေတော်မူခဲ့ပါသည်။ ရက် ပေါင်းလေး ဆယ့်ကိုးရက် ပြည့်သောအခါ ဘုရားရှင် သည် ထိုလင်းလွန်းပင်ရင်း၌ သီတင်းသုံးလျက်ပင် မျက်နှာတော် သစ်လိုသော စိတ်အကြံ ဖြစ်ပေါ်ခဲ့ ၏။ ထိုအခါ သိကြားမင်းသည် ဆေးကြစုသီးကို လည်းကောင်း၊ နဂါးပြည်၌ ဖြစ်သော ကွမ်းရိုးဒန်ပူ ကို လည်းကောင်း၊ အနောတတ္တရေအိုင်မှ ရေကိုလည်းကောင်း ဆောင်ယူ၍ ဘုရားရှင်ထံ ဆက်ကပ်ခဲ့ လေသည်။ ဘုရားရှင်သည် ခံတွင်းဆေးကြောခြင်း၊ ကိုယ်လက်သုတ်သင်ခြင်း၊ မျက်နှာတော်သစ် ခြင်း ကိစ္စ ပြီးလတ်သော် ထိုလင်းလွန်းပင်ရင်း၌သာ သီတင်းသုံး ထိုင်နေတော် မူခဲ့သည်။
တပုဿနှင့် ဘလ္လိက ဒွေဝါစိက သရဏဂုံတည်ခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် လင်းလွန်းပင်ရင်း၌ စံနေတော်မူသောအခါ တပုဿနှင့် ဘလ္လိကကုန်သည်ညီနောင် နှစ်ယောက် တို့သည် မုန့်ကြွက်ကျစ်နှင့် ပျားဆုပ်မုန့် တို့ကို ယူဆောင်၍ ဘုရားရှင်ထံ ချဉ်းကပ်ကာ လှူဒါန်းပူဇော် ခဲ့ကြသည်။ ထိုကုန်သည်ညီနောင် နှစ်ယောက်တို့သည် လှည်းအစီးပေါင်း ငါးရာဖြင့် ဥက္ကလာပဇနပုဒ်မှ မဇ္ဈိမဒေသသို့ ကုန်ကူး သန်းမှုပြုရန် သွားခဲ့ ကြရာ ထိုကုန်သည်ညီနောင် နှစ်ယောက်နှင့် ရှေးရှေးဘဝက ဆွေမျိုးတော်စပ် ခဲ့ဖူးသော နတ်၏ လမ်းညွှန်ချက်အရ ဘုရားပွင့်မှန်း သိကာ ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ကြခြင်း ဖြစ်သည်။ ဘုရားရှင်သည် ထိုကုန်သည် ညီနောင် လှူဒါန်း သော မုန့်တို့ကို ခံယူဖို့ရန် ဃဋိကာရဗြဟ္မာလှူဒါန်းသော သပိတ်တော်သည် ကွယ်ခဲ့ပြီးဖြစ် သောကြောင့် “ရှေးရှေးသော ဘုရားတို့ လက်တော်ဖြင့် ဆွမ်းကို မခံယူကြကုန်။ အဘယ်အရာ ဝတ္ထုဖြင့် အလှူခံရ ပါမည်နည်း”ဟု ကြံစည် ခဲ့လေသည်။ ထိုအခါ နတ်မင်းကြီး လေးပါးတို့သည် မြတ်စွာဘုရား၏ စိတ်အကြံကို သိ၍ ဣန္ဒနီလာ ပတ္တမြားညို ကျောက်သပိတ်တော် လေးလုံးကို ဆက်ကပ်လာကြရာ ဘုရားရှင်သည် ပယ်တော်မူခဲ့၏။ တစ်ဖန် ပဲနောက် အဆင်းရှိသော ကျောက်သပိတ်လေးလုံးတို့ကို လှူဒါန်းခဲ့ကြပြန်၏။ ဘုရားရှင်သည် နတ်မင်းကြီး လေးဦးတို့၏ သဒ္ဓါ ကြည်ညိုမှုကို ငဲ့ကွက်၍ လေးလုံးစလုံးကိုပင် အလှူခံတော်မူ၍ တစ်လုံးပေါ် တစ်လုံးထပ်လျက် ဆင့်လျက် လက်တော်ဖြင့်ဖိ၍ သုံးသပ်လေလျှင် အနားလေးရစ်ပါ အလယ်အလတ် ပမာဏရှိသည့် သပိတ်တော် တစ်လုံး ဖြစ်ခဲ့သည်။
ထိုသပိတ်တော်ဖြင့် ကုန်သည်ညီနောင် လှူဒါန်းသော မုန့်တို့ကို ခံယူလျက် ထိုညီနောင်နှစ်ယောက် တို့အား အနုမောဒနာတရား ဟောကြားတော် မူခဲ့သည်။ ထိုညီနောင်နှစ်ယောက်တို့သည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ ကိုးကွယ်ရာ လည်းလျောင်းရာဟူ၍ ဆည်းကပ် ခြင်းသို့ ရောက်ကုန်၍ ဒွေဝါစိက သရဏဂုံတည် ဥပါသကာများ ဖြစ်ခဲ့ကြကုန်၏။ ထိုကုန်သည်ညီနောင်တို့သည် ဘုရားရှင်ထံ အမြဲဆည်းကပ် ပူဇော်ရန် အတွက် အရာဝတ္ထုတစ်ခုခုကို ပေးပါရန် တောင်းခံလျှောက်ထားရာ ဘုရားရှင်က လက်ယာလက်တော်ဖြင့် ဦးခေါင်း တော်ကို သုံးသပ်၍ ဆံတော်ဓာတ်တော်တို့ကို ချီးမြှောက် ပေးသနားတော်မူခဲ့သည်။ ထိုဆံတော် ဓာတ်များကို ရွှေကြုတ် ဖြင့် ဆောင်ယူကာ မိမိတို့၏ မြို့ရွာ၌ ဥက္ကလာပစေတီ တည်ထား ကိုးကွယ်ခဲ့လေသည်။
တရားတော်၏ နက်နဲပုံကို ဆင်ခြင်တော်မူခန်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် တရားတော်၏ နက်နဲပုံကို ဆင်ခြင်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် လင်းလွန်းပင်ရင်း သီတင်းသုံးနေရာမှ ထတော်မူပြီးလျှင် တစ်ဖန် အဇပါလ ညောင်ပင်ရင်းသို့ ကြွတော်မူခဲ့၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူခဲ့ပြန်၏။ ထိုသို့ တစ်ပါးတည်း ထိုင်နေတော်မူခဲ့စဉ် “ငါဘုရား ထိုးထွင်း သိမြင်ခဲ့သော ဤသစ္စာလေးပါး တရားသည် နက်နဲလှ၏။ မြင်နိုင်ခဲ၏။ လွန်စွာသိနိုင်ခဲ၏။ ငြိမ်းချမ်းလှ၏။ မွန်မြတ် လှ၏။ သိမ်မွေ့လှ၏။ အတွေး အခေါ် သမားတို့ သက်ဝင်ကျက်စားသည့် တရားမဟုတ်။ အကျင့်မှန်ကို ကျင့်ကုန်သော ပညာရှိ တို့သာ သိမြင်သော တရားဖြစ်၏။ ငါဘုရား ထိုးထွင်း၍သိတော်မူခဲ့သော အကြောင်းအကျိုး ဆက်စပ် ဖြစ်ပွား သည့် ပဋိစ္စသမုပ္ပါဒ်တရားသည် သိမြင်နိုင်ခဲလှ၏။ ခပ်သိမ်းသော သင်္ခါရ တရားတို့၏ ချုပ်ငြိမ်းရာ၊ ဥပဓိ အလုံးစုံကို အကုန်ပယ်စွန့်ရာ၊ တဏှာအားလုံးတို့၏ ကုန်ခန်းရာ၊ တစ်ထောင့်ငါးရာ ကိလေသာရာဂတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန် တရားကား သာ၍ပင် မြင်နိုင်ခဲလှ၏။ ငါဘုရားသည် ထိုမျှလောက် နက်နဲသော တရားကို ဟောကြားငြားအံ့။ ငါဘုရား၏ တရားကို မသိမြင်နိုင်၊ နားမလည်နိုင် ကြလျှင်ငါဘုရားအဖို့ ပင်ပန်းနွမ်းနယ်ရုံသာ ဖြစ်လေရာ၏”ဟု ဆင်ခြင်၍ တရားမဟောရန် အကြံဖြစ်တော်မူခဲ့သည်။ ကြောင့်ကြမဲ့နေတော် မူရန် စိတ်ဖြစ်ပေါ်တော်မူခဲ့သည်။
သဟမ္ပတိဗြဟ္မာကြီး တရားဟောရန် တောင်းပန်လာခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် သတ္တဝါတို့အား တရားဟောဖို့ရန် အားမထုတ်လိုသော စိတ်ညွတ်ကြောင်းကို သဟမ္ပတိဗြဟ္မာကြီး သိသောအခါ “အို အချင်းတို့ လောကကြီးသည် ပျက်စီးတော့မည်တကား။ လောက၌ တရားအလုံးစုံကို သိတော်မူသော သုံးလောကထွတ်ထား ဘုရားရှင်၏ စိတ်နှလုံးတော် သည် တရားမဟောရန် ညွတ်ခဲ့လေပြီ တကား”ဟု စိတ်အကြံဖြစ် ပြီးလျှင် တစ်သောင်းသော စကြဝဠာတိုက်မှ သိကြားမင်း၊ သုယာမနတ်မင်း၊ သန္တုသိတ နတ်မင်း၊ နိမ္မာနရတိနတ်မင်း၊ ဝသဝတ္တီနတ်မင်း၊ မဟာဗြဟ္မာအပေါင်းတို့ကို ခေါ်ဆောင်၍ ဘုရားရှင်ထံ ချဉ်းကပ်ကာ “ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား...ဘုရားရှင်၏ တရားတော်များကို သဘောပေါက် သိမြင်နိုင်သော ပုဂ္ဂိုလ်များလည်း ရှိပါသေးသည်။ မြတ်စွာဘုရားသည် တရားတော်ကို ဟောကြားတော် မူပါလော့”ဟူ၍ တရားဟော ဖို့ရန် တောင်းပန်လျှောက်ထားခဲ့လေ သည်။
ဘုရားရှင် သတ္တလောကကို ကြည့်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် သဟမ္ပတိဗြဟ္မာကြီး၏ တောင်းပန်မှုကို လက်ခံတော်မူပြီး ဗြဟ္မာကြီးအား တရားဟောဖို့ရန် ဝန်ခံပြီး နောက် “ငါဘုရားသည် အဘယ် သူအား ရှေးဦးစွာ တရားကို ဟောရပါအံ့နည်း”ဟု ကြံစည်ဆင်ခြင်ခဲ့၏။ “အာဠာရ ရသေ့ဂိုဏ်း ဆရာကြီးသည် ပညာရှိခဲ့၏။ ထိုဆရာကြီးသည် ဤတရားတော်ကို ဆောလျင်စွာ ထိုးထွင်း၍ သိလတ္တံ့”ဟု စိတ်အကြံဖြစ်၍ ကြည့်ရှုသည်ရှိသော် အာဠာရသေ့ ဂိုဏ်းဆရာကြီးသည် ခုနစ်ရက်မြောက်က သေလွန်ခဲ့သည်ကို မြင်တော်မူခဲ့သည်။ ထိုနောက် ဥဒကရသေ့ကို ကြည့်ရှု ခဲ့ပြန်သည်။ ထိုဥဒကရသေ့သည်လည်း ညဉ့်ဦးယံ အချိန်ကပင် သေလွန်ခဲ့ကြောင်း ဉာဏ်၌ထင်ကာ သိခဲ့ပြန်သည်။ ထိုနောက်တစ်ဖန် “ပဉ္စဝဂ္ဂီ ငါးဦးတို့သည် ငါဘုရားအပေါ် လွန်စွာကျေးဇူး များခဲ့ကြ၏။ ထိုပဉ္စဝဂ္ဂီငါးဦးတို့သည် ယခုအခါ ဘယ်အရပ်မှာ ရှိနေခဲ့ကြကုန်သနည်း”ဟု ဆင်ခြင်ခဲ့ပြန်သော် ဗာရာဏသီပြည်အနီး ဣသိပတနမည်သော မိဂဒါဝုန်တော၌ နေကြကြောင်းကို မြင်တော်မူခဲ့၏။ “ဝါဆိုလပြည့်နေ့၌ ဗာရာဏသီပြည် မိဂဒါဝုန်တောသို့ ကြွ၍ ပဉ္စဝဂ္ဂီငါးဦးတို့ကို ဓမ္မစကြာ တရားထူးကို ဟောအံ့”ဟု နံနက်စောစော ကပင်ထ၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ တစ်ဆယ့်ရှစ်ယူဇနာ ကွာဝေးသော ခရီးကိုကြွတော်မူခဲ့၍ ထိုနေ့ ညနေချမ်းအချိန်ဝယ် ဣသိပတနမိဂဒါဝုန် တောသို့ ဆိုက်ရောက် တော်မူခဲ့သည်။
ဘုရားရှင်နှင့် တွေ့သော်လည်း ဘုရားမှန်းမသိသော ဥပက
[ပြင်ဆင်ရန်]ဘုရားရှင်သည် မဟာဗောဓိမှ ဗာရာဏသီပြည်သို့ မြေပြင်မှ ခြေလျင် ကြွသွားတော်မူလတ်သော် မဟာဗောဓိနှင့် ဂယာ အကြား ခရီးရှည်သွားသော ဘုရားရှင်ကို ဥပကအာဇီဝက တက္ကတွန်းက တွေ့မြင်ခဲ့လေသည်။ ထိုအခါ ဥပက တက္က တွန်းက ဘုရားရှင်ကို “ငါ့ရှင်...သင်၏ ဣန္ဒြေတို့သည် အထူးသဖြင့် ကြည်လင်ကုန်၏။ အရေအဆင်းသည် စင်ကြယ် ၏။ ဖြူစင်၏။ ငါ့ရှင်...သင်သည် အဘယ်သူကို ရည်ညွှန်း၍ ရဟန်းပြုသနည်း။ သင်၏ ဆရာကား အဘယ်သူနည်း။ သင်သည် အဘယ်သူ၏ တရားကို နှစ်သက် သနည်း”ဟု မေးမြန်းခဲ့သည်။
“ဥပက...ငါသည် အလုံးစုံကို လွှမ်းမိုးနိုင်၏။ အလုံးစုံကိုသိ၏။ ကိလေသာဖြင့် မလိမ်းကျံ။ အလုံး စုံကို စွန့်အပ်ပြီ။ တဏှာ၏ကုန်ရာ နိဗ္ဗာန်ကို အာရုံပြု၏။ အလုံးစုံသော ကိလေသာမှလွတ်၏။ ကိုယ်တိုင် အထူးသိမြင်ပြီးဖြစ်၍ အဘယ် သူကို ဆရာအဖြစ် ညွှန်းရပါအံ့နည်း။ ဥပက...ငါ့အား ဆရာမရှိ၊ ငါနှင့်တူသူမရှိ၊ နတ်နှင့်တကွသော လောက၌ ငါ့အား ဖက်ပြိုင်နိုင်သော ပုဂ္ဂိုလ်လည်းမရှိ။ ငါသည် လောက၌ ရဟန္တာတည်း။ အတုမရှိသော သူတည်း။ နတ်လူတို့၏ ဆရာ တည်း။ အလုံးစုံသော တရားတို့ကို ကိုယ်တိုင် သိတော်မူသော တစ်ဆူတည်းသော ဘုရားတည်း။ ကိလေသာ မီးမရှိ၍ ငြိမ်းချမ်း လှ၏။ ငါသည် ဓမ္မစကြာဒေသနာတော်ကို ဟောခြင်းငှာ ကာသိတိုင်း ဗာရာဏသီ ပြည်သို့ သွားအံ့။ အမြိုက် စည်ကြီးကို တီးခတ်အံ့” ဟုအမိန့်ရှိတော်မူခဲ့သည်။ ထိုအခါ ဥပကက “ငါ့ရှင်...သင်ဝန်ခံသည့် အတိုင်းဆိုလျှင် အဆုံးမရှိသော ဉာဏ်နှင့်ပြည့်စုံကာ မာရ်ငါးပါးကို အောင်တော်မူသော ဘုရားဖြစ်ထိုက်ပေ၏”ဟု ဆိုခဲ့လေသည်။ ဘုရားရှင်က ဆက်လက်၍ “ဥပက...အာသဝေါတရား ကုန်ခြင်းသို့ ရောက်ပြီးသော ငါကဲ့သို့သော ပုဂ္ဂိုလ်သည် စင်စစ် ဇိန မည်၏”ဟု မိန့်တော်မူ ပြန်သည်။ ထိုအခါ ဥပကသည် ဘုရားရှင်နှင့် တွေ့ပါလျက် ဘုရားမှန်း မသိဘဲ “ငါ့ရှင်...ဤသို့လည်း ဖြစ်နိုင်ရာ၏။ ဟုတ်ပေရာ၏။ ဟုတ်ချင်လည်း ဟုတ်မှာ ပါလေ” ဟုဆိုကာ ဦးခေါင်းကို ငြိမ့်လျက် လမ်းဖယ်၍သွားခဲ့လေ၏။
သတ္တဝါတို့အား ချေချွတ်တော်မူခန်း
[ပြင်ဆင်ရန်]ဘုရားရှင် ဓမ္မစကြာတရားဦးကို ဟောတော်မူခြင်း
[ပြင်ဆင်ရန်]ပဉ္စဝဂ္ဂီငါးဦးတို့သည် ဘုရားရှင်ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ခဲ့ကြ၍ “ငါ့ရှင်တို့... ရဟန်း ကြီး ဂေါတမသည် ပစ္စည်းလေးပါး ပေါများ စေရန် မြို့ရွာသို့ လှည့်လည်ခဲ့၍ ပြည့်ဖြိုး သောကိုယ်၊ ကြည်လင်သောဣန္ဒြေ၊ ရွှေနှင့်တူသော အဆင်း ရှိသည်ဖြစ်၍ ဤအရပ်သို့ ကြွလာတော်မူခဲ့၏။ ဤရဟန်းကြီးဂေါတမသည် ကမ္မဋ္ဌာန်းလူထွက်ဖြစ်ခဲ့ပြီ။ ဤရဟန်းကြီး ဂေါတမ အား သပိတ်သင်္ကန်း လှမ်းယူခြင်း ခရီးဦးကြိုဆိုခြင်း မပြုကြ ကုန်အံ့”ဟု ကတိကဝတ် ထားခဲ့ကြပြီး နေထိုင်ရန်နေရာကိုမူ ခင်းပေးထား ခဲ့ကြကုန်၏။ ဘုရားရှင်သည် စကြဝဠာအနန္တရှိ အနန္တသတ္တဝါ တို့အပေါ်၌ ဖြန့်ကြက် ပို့လွှတ်ထားတော်မူသော အနောဓိသ မေတ္တာဓာတ်တော်ကို ပဉ္စဝဂ္ဂီ ငါးဦးတို့အပေါ် စုပြုံထား ရှိပြီး ဩဓိသမေတ္တာဓာတ်ဖြင့် ပို့လွှတ်တော်မူ၏။ ဘုရားရှင် ပို့လွှတ်တော်မူ သော ဩဓိသမေတ္တာဓာတ်၏ စွမ်းအား ကြောင့် ပဉ္စဝဂ္ဂီငါးဦး တို့သည် ထားခဲ့သော မိမိတို့၏ ကတိကဝတ်ကို ထိန်းသိမ်းခြင်းငှာ မစွမ်းနိုင်ဘဲ မိမိတို့ အလိုလိုသာလျှင် ဘုရားရှင်အပေါ် ပြုရမည့်ဝတ်ကြီး ဝတ်ငယ်တို့ကို ပြုကြကုန်၏။ ခရီးဦး ကြိုဆိုခြင်း၊ သပိတ်သင်္ကန်းတို့ကို လှမ်းယူ ခြင်း၊ ရှိခိုးခြင်းအစရှိသည် တို့ကို ပြုခဲ့ကြကုန်၏။
ဘုရားရှင်အား သဗ္ဗညုဘုရားရှင်အဖြစ်ကို မသိခဲ့ကြကုန်၍ ရဟန်းဂေါတမ ဟူသော အမည်ဖြင့် လည်းကောင်း၊ ငါ့ရှင်ဟူသော ပြောကြား ခြင်းဖြင့် လည်းကောင်း ပြောဆိုသုံးစွဲခဲ့ကြကုန်၏။ ထိုအခါ ဘုရားရှင်က ပဉ္စဝဂ္ဂီ ငါးဦးတို့ကို “ရဟန်းတို့...ငါဘုရားကို ]ရဟန်း ဂေါတမ}ဟူသော အမည်ဖြင့် လည်းကောင်း၊ ‘ငါ့ရှင်’ဟူသော ပြောကြားခြင်း ဖြင့်လည်းကောင်း ပြောဆို သုံးစွဲခြင်း မပြုကြကုန်လင့်။ ပူဇော်အထူးကို ခံယူတော်မူထိုက်၍ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်း တော်မူသော သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံသော ဘုရားစင်စစ် ငါဖြစ်တော်မူခဲ့ပြီ”ဟု ဘုရားအဖြစ်ကို သိစေခဲ့၏။ ထိုနောက် ခင်းထားအပ်သော မြတ်သော ဘုရားရှင်နေရာ၌ ထိုင်တော်မူ၍ ဝါဆို လပြည့်နေ့ နေအဝင် လအထွက် အချိန်တွင် ပဉ္စဝဂ္ဂီငါးဦး တို့အား အတုမရှိ မြတ်တော် မူသော ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောတော်မူခဲ့ သည်။
ထိုပဉ္စဝဂ္ဂီငါးဦးတို့တွင် ကောဏ္ဍညသည် ဒေသနာတော်၏အဆုံး၌ နတ်ဗြဟ္မာ တစ်ဆယ့်ရှစ်ကုဋေ တို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်ကာ ဧဟိဘိက္ခု ဖြစ်တော်မူခဲ့သည်။ ဘုရားရှင်သည် ထိုမိဂဒါဝုန် တော၌သာ ဝါကပ်တော် မူ၍ နှစ်ပါးသော ရဟန်းတို့ကို ဆုံးမသော် ကျန်သုံးပါးသော ရဟန်းတို့က ဆွမ်းအလို့ငှာ လှည့်လည်၍ ခြောက်ဦးသား တို့ မျှတခဲ့ကြကုန်၏။ ရဟန်းသုံးပါးတို့ကို ဆုံးမလျှင် ကျန်ရဟန်းနှစ်ပါးတို့က ဆွမ်းခံခဲ့ကြသည်။ ကောဏ္ဍညမထေရ် သောတာပန်တည်ပြီး နောက်တစ်နေ့ ဝပ္ပ သောတာပတ္တိဖိုလ်၌ တည်ခဲ့သည်။ နောက်တစ်နေ့ ဘဒ္ဒိယ၊ နောက်တစ်နေ့ မဟာနာမ်၊ နောက်တစ်နေ့ အဿဇိတို့ သောတာပတ္တိဖိုလ်၌ တည်ကာ ဧဟိဘိက္ခုရဟန်းများ ဖြစ်ခဲ့ကြလေသည်။ ပဉ္စဝဂ္ဂီ ငါးဦးလုံး သောတာပတ္တိဖိုလ်၌တည်ကြ ကုန်ပြီးနောက် ဝါဆိုလ ပြည့်ကျော် (၅)ရက်နေ့တွင် အနတ္တလက္ခဏ သုတ္တန်ကို ဟောတော်မူရာ ပဉ္စဝဂ္ဂီမထေရ်ငါးဦးလုံး အာသဝေါကင်းကွာ ရဟန္တာ အရှင်မြတ်ကြီးများ ဖြစ်ခဲ့ကြသည်။
ယသသူဌေးသား ရဟန်းပြုတော်မူခြင်း
[ပြင်ဆင်ရန်]ပဉ္စဝဂ္ဂီရဟန်းငါးဦးတို့နှင့် အရှင်နာလကမထေရ်တို့အား ဓမ္မစက္ကပဝတ္တန သုတ္တန်၊ အနတ္တလက္ခဏ သုတ္တန်၊ နာလက သုတ္တန်တို့ကို ဟောကြားချေချွတ် တော်မူ၍ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန် တော၌ သီတင်းသုံးနေ တော်မူစဉ် သေနာနိဂုံးသူ နို့ဃနာဆွမ်းလှူခဲ့သည့် သူဌေး ကတော် ကြီး သုဇာတာ၏သား ယသအမျိုးကောင်း သားသည် ကိလေသာရွံမုန်း၍ အိမ်ကို စွန့်ကာ တောထွက် လာသည်ကို မြင်တော်မူသောအခါ “ချစ်သား ယသ...လာခဲ့လော။ ငါဘုရားသည် သင်ချစ်သားအား နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို ဟောပြတော်မူအံ့”ဟု ဖိတ်ခေါ် မိန့်ကြား တော်မူခဲ့သည်။ ထိုညဉ့်၌ပင် ယသ အမျိုးကောင်းသားသည် သောတာပတ္တိဖိုလ်၌ တည်ခဲ့၏။ ထိုနောက် အထက်မဂ် အထက်ဖိုလ်များသို့ အဆင့်ဆင့်တက်ကာ ရဟန္တာဖြစ်ခဲ့သည်။ ယသ သတို့သား၏ အဆွေခင်ပွန်း ဖြစ်ကုန်သော ငါးဆယ့်လေး ယောက်သော အမျိုးကောင်းသား တို့လည်း ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့် ရဟန်းပြုခဲ့ကြပြီး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြကုန်၏။
ရဟန္တာခြောက်ကျိပ်တို့ကို သာသနာပြု စေလွှတ်တော်မူခြင်း
[ပြင်ဆင်ရန်]ထိုအခါ ဘုရားရှင်နှင့် ရဟန္တာခြောက်ကျိပ်တို့သည် ဣသိပတန မိဂဒါဝုန် တော၌ ဝါကပ်တော် မူခဲ့ကြသည်။ ဘုရား ရှင်သည် ဝါကျွတ်သောအခါ ပဝါရဏာပြု၍ ရဟန်းခြောက်ကျိပ်တို့ကို “ရဟန်း တို့...ဒေသစာရီ လှည့်လည် ကြကုန် လော့”ဟု အရပ်လေးမျက်နှာတို့သို့ စေလွှတ်၍ ကိုယ်တော် တိုင်ကမူ ဥရုဝေလတောအုပ်သို့ ကြွတော်မူခဲ့သည်။
ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့ကို ဆုံးမတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် ဥရုဝေလ တောအုပ်သို့ကြွစဉ် လမ်းခရီးအကြား၌ ကပ္ပါသိက တောအုပ်အတွင်းဝယ် ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့ကို ဆုံးမတော် မူခဲ့၏။ ထိုဘဒ္ဒဝဂ္ဂီမင်းသားသုံးကျိပ်တို့တွင် ဂုဏ်အား ဖြင့် အငယ်ဆုံး သောတာပန်ဖြစ်၍ အမြင့်ဆုံး အနာဂါမ်ပုဂ္ဂိုလ်တို့ ဖြစ်ခဲ့ကြကုန်၏။ ထိုမင်းသား သုံးကျိပ်တို့ကိုလည်း “ဧဟိဘိက္ခု” ရဟန်းများအဖြစ် ရဟန်းပြုပေးပြီးလျှင် အရပ်လေး မျက်နှာသို့ သာသနာပြုစေလွှတ်၍ ဘုရားရှင်ကမူ ဥရုဝေလ တောအုပ်သို့ ဆက်လက်ကြွချီ တော် မူခဲ့သည်။
ရသေ့ညီနောင်သုံးဦးတို့ကို ချေချွတ်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့ကို ရဟန်းပြုတော် မူပေးပြီး နောက် ခရီးဆက်၍ ကြွချီခဲ့ရာ ဥရုဝေလ တောအုပ်သို့ ရောက်ခဲ့သည်။ ထိုအချိန်၌ ဥရုဝေလတောအုပ်တွင် ဥရုဝေလ ကဿပ အစ်ကိုကြီးသည် တပည့်ရသေ့ ငါးရာနှင့် အတူနေခဲ့၍ ညီလတ် နဒီကဿပ ရသေ့သည် တပည့် ရသေ့သုံးရာ၊ ညီငယ် ဂယာကဿပ ရသေ့သည် တပည့်ရသေ့ နှစ်ရာနှင့်အတူ နေခဲ့ကြသည်။ ထိုဥရုဝေလတောအုပ်၌ ရှင်တော်ဘုရားသည် တန်ခိုးပြာဋိဟာ သုံးထောင့် ငါးရာ တစ်ဆယ့်ခြောက် တို့ကိုပြ၍ ရသေ့အခြံအရံ ရှိကုန်သော ညီနောင်သုံးယောက်တို့ကို ၎င်းင်းတို့၏ တပည့်အခြံ အရံများနှင့် အတူ ဆုံးမတော်မူလျက် “ဧဟိဘိက္ခု” ရဟန်းအဖြစ်ဖြင့် ရဟန်း ပြုပေးတော် မူခဲ့သည်။ ထိုရဟန်း တို့ကို ဂယာသီသ၌ အာဒိတ္တပရိယာယ သုတ္တန်ကို ဟောတော်မူ၍ အရဟတ္တဖိုလ်၌ အသီးသီးတည် စေတော် မူခဲ့သည်။
ဘုရားရှင် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် ရသေ့ညီနောင် ရဟန္တာတစ်ထောင်ခြံရံလျက် ဗိမ္ဗိသာရ မင်းအား ပေးထားခဲ့သော ကတိစကားအတိုင်း ရာဇဂြိုဟ်ပြည်သို့ ကြွတော် မူခဲ့၏။ ရာဇဂြိုဟ်ပြည်ရောက်သောအခါ ဘုရား ရှင်နှင့် ရဟန္တာများသည် ရာဇဂြိုဟ်ပြည် အနီးဝန်းကျင် ထန်းတောဥယျာဉ်၌ သီတင်းသုံးနေတော် မူခဲ့၏။ ဗိမ္ဗိသာရမင်းသည် ဥယျာဉ်စောင့်၏ လျှောက်တင်ချက် အရ ဘုရားရှင် ကြွလာကြောင်း ကြား သိရသောအခါ တစ်သိန်းနှစ်သောင်းသော ပုဏ္ဏား သူကြွယ်တို့ ခြံရံလျက် ဘုရားရှင်ထံချဉ်းကပ်ခဲ့၏။ ပုဏ္ဏားသူကြွယ်တို့သည် ဘုရားရှင်နှင့် ရဟန္တာများကို ဖူးတွေ့ရသော် ၎င်းင်းတို့၏စိတ်၌ “ရဟန်း ဂေါတမသည် ဥရုဝေလကဿပထံတွင် မြတ်သောအကျင့်ကို ကျင့်သလော၊ သို့မဟုတ် ဥရုဝေလ ကဿပက ရဟန်းဂေါတမထံတွင် မြတ်သော အကျင့်ကို ကျင့်သလော” ဟု အကြံသည် ဖြစ်ခဲ့ ကြကုန်၏။ ဘုရားရှင်သည် ပုဏ္ဏား သူကြွယ်တို့ ၏ စိတ်အကြံကိုသိ၍ ဥရုဝေလကဿပကို “ဥရုဝေလတော ၌နေသော ချစ်သား ကဿပ...သင်သည် အကျင့်ဖြင့် ကြုံလှီသော ကိုယ်ရှိသော ရသေ့တို့ကို ဆုံးမတတ်သော ဆရာဖြစ်ပါလျက် အဘယ်အပြစ်ကိုမြင်၍ မီးပူဇော်ခြင်းကို စွန့်ပယ်ခဲ့ပါသနည်း”ဟု စသည် ဖြင့်မေးသည်ရှိသော် ဥရုဝေလကဿပက ဘုရားရှင်၏ အလိုကိုသိ၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အဆင်းအနံ့စသော အာရုံငါးပါး ကာမဂုဏ်တရားတို့ကိုလည်းကောင်း၊ မိန်းမတို့ကိုလည်းကောင်း ယဇ်ပူဇော်ခြင်းဖြင့် ပြည့်စုံ ကုန်၏”ဟု ဆိုကြကုန်၏။ ထိုအလုံးစုံသော ကာမဂုဏ်တို့သည် ခန္ဓာဟူသော ဥပဓိတို့၌ ကပ်ငြိသော အညစ်အကြေးသာ ဖြစ်ခဲ့ပါသည်။ ထိုသို့ဖြစ်သည်ကိုသိသောကြောင့် ယဇ်ပူဇော်ခြင်းကို မနှစ် သက်ပါ၊ မမွေ့လျော်ခဲ့ပါ”ဟု စသည် ဖြင့် ပြန်လည်လျှောက်တင် ခဲ့ပါသည်။ ယင်းသို့ လျှောက်ထားပြီးနောက် မိမိ၏ သာဝကအဖြစ်ကို ပြခြင်းငှာ ဘုရားရှင်၏ ခြေဖမိုးတော်၌ ဦးခေါင်းကို ထားလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာ ဘုရား...အရှင်ဘုရားသည် အကျွန်ုပ်၏ ဆရာ ဖြစ်ပါသည်။ အကျွန်ုပ်သည် တပည့်ဖြစ်ပါ၏”ဟူ၍ လျှောက်ထားကာ ထန်းခုနစ်ဆင့် ခန့်တိုင်အောင် အထက်ကောင်းကင်သို့ ပျံတက်၍ တန်ခိုးပြခဲ့၏။ ထိုသို့ ခုနစ်ကြိမ်တိုင်တိုင် ကောင်းကင်သို့ ပျံတက်ကာ တန်ခိုးပြ ပြီးနောက် ကောင်းကင်မှ ဆင်းသက် ကာ မြတ်စွာဘုရားရှင်ကို ရှိခိုးလျက် တင့်အပ် လျောက်ပတ်သော အရပ်၌နေခဲ့သည်။
ပုဏ္ဏားတို့သည် ဥရုဝေလကဿပ၏ တန်ခိုးပြာဋိဟာကို မြင်ကြရ သောအခါ “ဩ...မြတ်စွာ ဘုရားသည် တန်ခိုးအာနု ဘော် ကြီးမားတော် မူပါပေ၏။ မိစ္ဆာဒိဋ္ဌိ အယူရှိလျက် မိမိကိုယ်ကို ရဟန္တာ ဟု မှတ်ထင်နေသော ဥရုဝေလကဿပ ကိုပင် ဒိဋ္ဌိကွန်ရက်ကို ချိုးဖျက်တော်မူကာ မြတ်စွာ ဘုရား ရှင်သည် ယဉ်ကျေးအောင် ဆုံးမတော်မူနိုင်ပါပေ ၏”ဟု မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူး တို့ကို ချီးမွမ်းပြောဆိုခဲ့ကြကုန်၏။
ဘုရားရှင် ရာဇဂြိုဟ်ပြည်တွင်း ဆွမ်းစားကြွတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်တွင်း ဆွမ်းစားကြွတော်မူကာနီးအချိန်၌ ဘုရားရှင်ကို လာရောက် ဖူးမြော်ကြသူ ရာဇဂြိုဟ်ပြည်သား လူအများတို့သည် သုံးဂါဝုတ်မျှရှိသော လမ်းခရီး၌ ပြည့်လျှံ လျက်ရှိကုန်၏။ ဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး ရှစ်ဆယ်သော လက္ခဏာ တော် ငယ်တို့ဖြင့်လည်းကောင်း၊ ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့်လည်းကောင်း တင့်တယ်လှပ အသရေတော်ပြည့်ဝနေသည့် ရူပကာယတော်ကို ဖူးမဝဖြစ်ခဲ့ ကြသည်။ ဥယျာဉ် တစ်ခုလုံး လမ်းတစ်လျှောက်လုံး ဘုရားဖူးသူ လူအပေါင်းနှင့် ပြည့်နေခဲ့၍ ရဟန်း တော်တစ်ပါး ထွက်နိုင် လောက်သော အရပ်ပင်မရှိ ဖြစ်ခဲ့ရသည်။ ထိုအခါ သိကြားနတ်မင်းသည် နိဗ္ဗာန်ဆော် လုလင်ပျို သဏ္ဌာန် ဖြင့် ဘုရားရှင်နှင့် သံဃာတော်များ ကြွနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ ရသည်။
ဗိမ္ဗိသာရမင်းကြီး ဝေဠုဝန်ဥယျာဉ်ကို လှူဒါန်းတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် နတ်တို့သနင်း သိကြားမင်း နိဗ္ဗာန်ဆော်လုလင်ပျို စီစဉ် ပေးသော ခရီးဖြင့် ရဟန်းပေါင်း တစ်ထောင် ခြံရံကာ ရာဇဂြိုဟ်ပြည်တွင်းသို့ ဝင်တော်မူခဲ့၏။ ဗိမ္ဗိသာရမင်းကြီးသည် နန်းတော်သို့ပင့်ကာ ဆွမ်းခဲဖွယ် ဘောဇဉ် တို့ကို ဆက်ကပ်လှူဒါန်းခဲ့၏။ ဆွမ်းကိစ္စပြီးသော် ဗိမ္ဗိသာရ မင်းကြီး သည် ဘုရားရှင်ထံ ချဉ်းကပ်၍ “ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော် သည် ရတနာသုံးပါးနှင့်ကင်းကွာ၍ မနေနိုင်ပါ။ အခါဟုတ် မဟုတ် ဘုရားရှင်ထံမှောက် လာရောက် လိုပါ၏။ ယခုအရှင်ဘုရား သီတင်း သုံးတော်မူရာ ထန်းပင်ဥယျာဉ်သည် မြို့နှင့် ဝေးလွန်းလှ ပါသည်။ ဝေဠုဝန် ဥယျာဉ်သည်ကား မြို့နှင့် မဝေးလွန်း၊ မနီးလွန်းဖြစ်ပါသည်။ သွားလမ်း လာလမ်း နှင့်လည်း ပြည့်စုံပါ၏။ ဝေဠုဝန်ဥယျာဉ်ကို အလှူခံတော်မူပါ”ဟု လျှောက် ထားခဲ့လေ သည်။ ထိုနောက် မင်းကြီး သည် ဘုရားရှင်၏လက်တော် ၌ ရေစက်ကိုကျစေကာ ဥယျာဉ်တော်ကို ဘုရားရှင်နှင့်တကွ သံဃာတော်များ အား လှူဒါန်းခဲ့လေသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် “မြတ်စွာ ဘုရားရှင်၏ အဆုံးအမ သာသနာတော်၏ အမြစ် တို့သည် တွယ်ငြိ ကုန်ပြီ” ဟု ဝမ်းမြောက်ဝမ်းသာ ကောင်းချီးပေးသည့်အလား သွက်သွက်ခါ တုန်လှုပ် လေတော့ သည်။ အစိန္တေယျ သုံးလောကထွတ်ထား မြတ်စွာဘုရား ရှင်သည် ရာဇဂြိုဟ်ပြည်သို့ ရောက်သည့်နေ့၌ပင် ရာဇဂြိုဟ် ပြည့်ရှင် ဗိမ္ဗိသာရ မင်းကြီးနှင့်တကွ အခြံအရံပုဏ္ဏား တစ်သိန်းတစ်သောင်းတို့သည် သောတာပတ္တိ ဖိုလ်၌ တည်ခဲ့ကြ ကုန်၏။
အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ ဘုရားရှင်ထံ ရောက်လာခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဥပတိဿခေါ် အရှင်သာရိပုတ္တရာ နှင့် ကောလိတ ခေါ် အရှင်မဟာမောဂ္ဂလာန် ပရိဗိုဇ် ရဟန်းနှစ်ဦးတို့သည် ရာဇဂြိုဟ်မြို့ ကို ဂေါစရဂါမ် ပြု၍ မသေရာ အမြိုက်နိဗ္ဗာန် တရားကို ရှာမှီးကုန်လျက် နေထိုင်ခဲ့ကြကုန်၏။ အရှင်သာရိ ပုတ္တရာ အလောင်းဥပတိဿသည် ဆွမ်းအလို့ငှာ မြို့တွင်းသို့ ဝင်လာသော် အရှင်အဿဇိ မထေရ်ကို လမ်းတွင်မြင်၍ ကြည်ညိုသော စိတ်ဖြစ်ကာ အနီးသို့ချဉ်း ကပ်ပြီးလျှင် “ယေဓမ္မာ ဟေတုပ္ပဘဝါ = ခန္ဓာငါးပါး အကြင်ဒုက္ခသစ္စာတရားတို့သည် သမုဒယသစ္စာ တဏှာလောဘ လျှင် အကြောင်းရင်း ရှိကုန်၏” ဟူသော ဂါထာရှေ့ထက်ဝက်ကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်ခဲ့လေ၏။ ဥပတိဿသည် မိမိ၏ အဆွေခင်ပွန်းဖြစ်သော ကောလိတခေါ် အရှင်မောဂ္ဂလာန် အလောင်းအား လည်း ထိုဂါထာ ဝက်ကိုသာလျှင် တစ်ဖန်ပြန် ဟောပြခဲ့၍ ထိုကောလိတသည်လည်း သောတာပတ္တိဖိုလ်၌ တည်ခဲ့သည်။
ထိုဥပတိဿနှင့် ကောလိတနှစ်ဦးတို့သည် မိမိတို့၏ ဆရာဖြစ်သော သိဉ္စည်းဆရာကြီးထံသွား၍ အကြောင်းစုံကို ပြောပြပြီးလျှင် ဆရာကြီးကိုပါ လိုက်ခဲ့ရန် ခေါ်သော်လည်း ငြင်းဆန်ခဲ့သဖြင့် ၎င်းင်းတို့၏ တပည့်ပရိသတ် ပရိဗိုဇ်ရဟန်း များနှင့်အတူ ဘုရားရှင်ထံသို့ သွား၍ ဘုရားရှင်၏ အဆုံးအမကို ရယူကာ ထိုဘုရားရှင်အထံ၌ ရဟန်းပြုခဲ့ကြလေ သည်။ ထိုနှစ်ဦးတို့တွင် အရှင် မဟာမောဂ္ဂလာန်သည် ရဟန်းဖြစ်သည့် နေ့မှ ခုနစ်ရက်မြောက်သော နေ့၌ ရဟန္တာဖြစ် ၍ အရှင် သာရိပုတ္တရာမှာမူ တစ်ဆယ့်ငါးရက်မြောက်သောနေ့၌ ရဟန္တာဖြစ်ခဲ့ကြသည်။ အရှင် သာရိပုတ္တရာ မထေရ် ရဟန္တာဖြစ်သော နေ့၌ ဘုရားရှင်သည် သာဝကအစည်းအဝေးကို ပြုတော်မူ၍ အရှင် သာရိပုတ္တရာနှင့် အရှင်မဟာ မောဂ္ဂလာန် နှစ်ပါးတို့ကို အဂ္ဂသာဝကအရာ၌ ထားတော်မူကာ လက်ယာ နှင့် လက်ဝဲရံထားတော်မူခဲ့သည်။
သုဒ္ဓေါဒနမင်းကြီးက သားတော်ဘုရားကို ပင့်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် ထိုဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော အခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် “ငါ၏သားတော်သည် ခြောက်နှစ် ပတ်လုံး ပြုနိုင်ခဲသော ဒုက္ကရစရိယာကို ကျင့်တော်မူ၍ လွန်မြတ်သော သဗ္ဗညုတ ဉာဏ်သို့ ရောက်ကာ ဘုရားဖြစ်တော်မူခဲ့၏၊ တစ်ဖန် မြတ်သော ဓမ္မစကြာတရားတော်ကို ဟောတော်မူပြီးနောက် ရာဇဂြိုဟ်ပြည် ကို ဂေါစရဂါမ်ပြုကာ ဝေဠုဝန်ကျောင်းတော်၌ နေတော်မူခဲ့၏”ဟု ကြားခဲ့ရသည်။ သုဒ္ဓေါဒနမင်းကြီး သည် အမတ်တစ် ယောက်ကို ခေါ်တော်မူ၍ “အချင်းအမတ်...သင်သည် ယောကျ်ားတစ်ထောင်ခြံရံလျက် ရာဇဂြိုဟ် ပြည်သို့ သွားပါ။ ငါ၏စကားဖြင့် ]အရှင်ဘုရား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး သည် ဖူးမြင်လိုပါ၏}ဟု လျှောက်ထား၍ သားတော်ကို ပင့်ဆောင်ကာ ပြန်လာခဲ့လော့”ဟု မိန့်ဆို၏။ ထိုအမတ်သည် မင်းချင်းယောကျ်ား တစ်ထောင်ခြံရံလျက် ယူဇနာခြောက်ဆယ်ခရီးကို သွားပြီး ဘုရားရှင် ပရိသတ်လေးပါး အလယ်၌ ထိုင်ကာ တရားဟော နေတော်မူသော အချိန်တွင် ဝေဠုဝန် ကျောင်းတော်သို့ ရောက်ခဲ့၏။ မင်းချင်းတို့နှင့်တကွ အမတ်သည် ပရိသတ် အစွန်း၌ ထိုင်လျက် တရားဒေသနာတော်ကို ကြားနာခဲ့ရာ ဒေသနာတော်အဆုံး၌ မင်းချင်းတို့နှင့်တကွ အမတ် သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့သဖြင့် ဘုရားရှင်ထံ ရှင်ရဟန်းအဖြစ်ကို တောင်းခဲ့ တော့သည်။ ဘုရားရှင်က “ရဟန်းတို့...လာကြကုန်”ဟု လက်ျာလက်တော်ကို ဆန့်တန်း တော်မူခဲ့၏။ ထိုခဏ၌သာလျှင် အမတ်နှင့်တကွ မင်းချင်း ယောက်ျားတို့သည် တန်ခိုးဖြင့်ပြီးသော သင်္ကန်း၊ သပိတ်၊ ပရိက္ခရာတို့ကို ဆောင်ကုန်လျက် ဝါခြောက်ဆယ်ရ မထေရ်ကြီးများကဲ့သို့ ဖြစ်ခဲ့ကုန်၏။ အရိယာပုဂ္ဂိုလ်တို့ မည်သည် လောကီရေးရာတို့၌ လျစ်လျူရှုမြဲ ဓမ္မတာဖြစ်၍ မင်းကြီးစေလွှတ်ခဲ့ သော သတင်းစကားကို ဘုရားရှင်အား လျှောက်ထားခြင်း မပြုခဲ့ကြတော့ချေ။ သုဒ္ဓေါဒနမင်းကြီး သည် စေလွှတ်လိုက်သော အမတ်လည်း ပြန်မလာ။ သတင်းစကားလည်း မကြားခဲ့ရ သဖြင့် အကြိမ်ကြိမ်ပင် ခိုင်းခဲ့ လေသည်။ မင်းချင်းယောက်ျားပေါင်း တစ်ထောင်စီ၊ တစ်ထောင်စီ အခြံအရံ ရှိသော အမတ်ပေါင်းကိုးယောက်တို့ကို ကိုးကြိမ်တိုင်တိုင် စေလွှတ်ခဲ့ပါသော်လည်း ၎င်းင်းတို့သည် အရဟတ္တဖိုလ်ကိစ္စ ပြီးကုန်ခဲ့ကြ၍ ဝေဠုဝန်ကျောင်းတော်၌သာ နေထိုင်ခဲ့ကြသည်။
နောက်ဆုံးအကြိမ်တွင် ကာဠုဒါယီအမတ်ကို စေခိုင်းခဲ့သည်။ ကာဠုဒါယီ အမတ်သည် သုဒ္ဓေါဒနမင်းကြီး၏ အတွင်း လူယုံတော်လည်း ဖြစ်၏။ အလွန် အကျွမ်းဝင်သော အမတ်လည်း ဖြစ်၏။ ဘုရားရှင်၏ ဖွားဖက်တော်လည်း ဖြစ်ခဲ့၏။ ဘုရားရှင် အလောင်းတော်ဘဝက ကစား ဖော်သူငယ်ချင်းလည်း ဖြစ်ခဲ့၏။ ထိုအမတ်ကို မင်းချင်းယောကျ်ား တစ်ထောင်နှင့်အတူ စေလွှတ်ခဲ့ ပြန်သည်။ ကာဠုဒါယီအမတ်သည် “ရဟန်းပြုခွင့်ရက ဘုရားရှင်အား ပါအောင် ပင့်ဆောင် ပေးပါ မည်”ဟု ဝန်ခံလျက် ဘုရားရှင်ထံသွားခဲ့ လေသည်။ ကာဠုဒါယီအမတ်နှင့် မင်းချင်း ယောက်ျား တစ်ထောင်တို့လည်း “ဧဟိဘိက္ခု” ရဟန်းများဖြစ်ခဲ့ကြကုန်၏။ ကာဠုဒါယီမထေရ် ရောက်ပြီးနောက် ခုနစ်ရက် ရှစ်ရက်မြောက်သောနေ့၌ ဆောင်းဥတုလွန်မြောက်၍ နွေဦးအချိန်သို့ ရောက်စဖြစ်ခဲ့၏။ ကာဠုဒါယီမထေရ်သည် အချိန်ကာလကို ငံ့လင့်၍ နေခဲ့၏။ သင့်တင့်လျောက်ပတ်သော အချိန်သို့ရောက်သော် ဘုရားရှင်ထံ ချဉ်းကပ်၍ ဂါထာပေါင်းခြောက်ဆယ်တို့ဖြင့် ကပိလဝတ်ပြည်သို့ ခရီးသွား ခြင်း၏ ကျေးဇူးကို ချီးမွမ်းလျှောက်ထားခဲ့၏။ ထိုအခါ ဘုရားရှင်က “ချစ်သား ကာဠုဒါယီ...အဘယ့်ကြောင့် ချိုမြိန်သာယာသော အသံဖြင့် ခရီးသွားခြင်း၏ အကျိုးကျေးဇူးကို ချီးမွမ်းပါသနည်း”ဟု မေးလေလျှင် “အရှင်မြတ်ဘုရား အရှင်ဘုရား၏ခမည်းတော် သုဒ္ဓေါဒန မင်းကြီးသည် အရှင်ဘုရားတို့ကို ဖူးမြော်လိုပါ၏။ ဆွေတော်မျိုးတော်တို့ကို ချီးမြှောက်တော် မူပါ ဘုရား”ဟု လျှောက်ထား၏။
မြတ်စွာဘုရား ကပိလဝတ်ပြည်သို့ ကြွတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျက် ရာဇဂြိုဟ်ပြည်မှ ထွက်ကာ တစ်နေ့လျှင် တစ်ယူဇနာနှုန်းဖြင့် ကြွတော်မူခဲ့၏။ ရာဇဂြိုဟ်ပြည်မှ ယူဇနာခြောက်ဆယ်ရှိသော ကပိလဝတ် ပြည်သို့ နှစ်လတို့ဖြင့် ရောက်ရန် ရည်မှန်း၍ အတုရိတဒေသစာရီခေါ် မမြန်လွန်း၊ မနှေးလွန်းသော ဒေသစာရီကို ကြွတော်မူခဲ့၏။ ကာဠုဒါယီမထေရ်သည် နေ့စဉ်နေ့တိုင်း အာကာသ ကောင်းကင် ခရီးဖြင့် သုဒ္ဓေါဒနမင်းကြီးထံကြွကာ ဘုရားရှင်သည် ကပိလဝတ်ပြည်သို့ ကြွလာပြီဖြစ်ကြောင်း၊ ယနေ့ဘုရားရှင်သည် ဤမျှသော ခရီးကို ရောက်ပြီ ဖြစ်ကြောင်း မိန့်ကြားလျက် သုဒ္ဓေါဒန မင်းကြီး လှူသော ဆွမ်းကို အလှူခံကာ ဘုရားရှင်အား ဆက်ကပ်ခဲ့၏။ ဘုရားရှင်ကလည်း လမ်းခရီး အကြားတစ် လျှောက် သုဒ္ဓေါဒနမင်းကြီး လှူသောဆွမ်းကိုသာ ဘုဉ်းပေးတော် မူခဲ့၏။ ကာဠုဒါယီ မထေရ်သည် ဘုရားရှင်၏ ဂုဏ်ကျေးဇူးနှင့် စပ်သော စကား တို့ဖြင့် သာကီဝင်မင်းမျိုးတို့ကို ဟောကြားပြောဆိုကာ ဘုရားရှင်အား မဖူးမြင်ရသေး ဘဲ ဘုရားရှင်ကို ကြည်ညိုစေခဲ့၏။
နိဂြောဓသာကီဝင်မင်းဥယျာဉ်၌ သီတင်းသုံးတော်မူခြင်း
[ပြင်ဆင်ရန်]သုဒ္ဓေါဒနမင်းကြီးအမှူးပြုသော သာကီဝင်မင်းအပေါင်းတို့သည် ဘုရားရှင် ကပိလဝတ်ပြည်သို့ ရောက်တော်မူလျှင် သီတင်းသုံးရန်အတွက် “နိဂြောဓသာကီဝင်မင်း၏ အရံဥယျာဉ်သည် နှလုံးမွေ့လျော်ပျော်ဖွယ်ရာ ဖြစ်၏။ ဘုရားရှင်နှင့် ရဟန်းတော်များအတွက် သင့်လျော် လျောက်ပတ်သော နေရာဖြစ်၏”ဟု စုဝေးဆုံးဖြတ်ကာ ထိုဥယျာဉ်၌ သုတ်သင်ရှင်း လင်းခြင်း၊ နေရာထိုင်ခင်းတို့ကို စီစဉ်ပေးခြင်း ပြုခဲ့ကြကုန်၏။ ဘုရားရှင် ကပိလဝတ်သို့ ရောက်တော်မူသောအခါ နံ့သာပန်းတို့ကို လက်စွဲကုန်လျက် ခရီးဦး ကြိုဆိုခြင်းကို ပြုခဲ့ကြကုန်၏။ ဘုရားရှင်ကို ပင့်ဆောင်၍ နိဂြောဓ ဥယျာဉ်သို့ သွားခဲ့ကြကုန်၏။ ထိုဥယျာဉ်အရံ၌ ဘုရားရှင်သည် ရဟန္တာအပေါင်း နှစ်သောင်းခြံရံလျက် သီတင်းသုံး နေတော်မူခဲ့သည်။
တန်ခိုးပြာဋိဟာ ပြတော်မူခြင်း
[ပြင်ဆင်ရန်]သာကီဝင်မင်းတို့သည် ဇာတိမာန် ခက်ထန်သူများ ဖြစ်ကုန်၏။ “သိဒ္ဓတ္ထ မင်းသားသည် ငါတို့ အောက် အလွန် ငယ်သူဖြစ်၏။ ငါတို့၏ ညီငယ်၊ ငါတို့၏တူငယ်၊ ငါတို့၏သား၊ ငါတို့၏ မြေးဖြစ်သည်”ဟု စိတ်ရှိခဲ့ကြ ကုန်လျက် ငယ်ကုန်ငယ်ကုန်သော မင်းသားမင်းသမီးတို့ကိုသာ ရှိခိုးစေကုန်၍ ကြီးသူတို့ကမူ နောက်မှ နေခဲ့ကြကုန်၏။ ထိုဆွေတော်မျိုးတော်တို့သည် ဤသို့ မရှိခိုးဘဲနေကြသည်ကို ဘုရားရှင် သိတော်မူသောအခါ အဘိညာဉ်၏ အခြေခံဖြစ်သော စတုတ္ထ ဈာန်ကို ဝင်စားတော်မူ၍ ထိုဈာန်မှထသည်ရှိသော် ကောင်းကင်သို့ပျံတက်ပြီး ထိုလူအပေါင်း ၏ ဦးခေါင်းထက်၌ ခြေဖဝါး အစုံမှ ပါလာသော မြေမှုန့်တို့ကို ကြဲချဘိသကဲ့သို့ ရေမီးအစုံအစုံ တည်းဟူသော တန်ခိုးပြာဋိဟာကို ပြတော်မူခဲ့၏။
သုဒ္ဓေါဒနမင်းကြီးသည် ထိုအံ့ဖွယ်သရဲ ထူးကဲမှုကို ဖူးမြင်ရ၍ “အရှင်မြတ် ဘုရား...အရှင်ဘုရားကို ဖွားမြင်သောနေ့၌ ကာဠဒေဝီလရသေ့အား ရှိခိုးရန် ဆောင်ယူခဲ့စဉ် အရှင်ဘုရား၏ ခြေတော် အစုံတို့သည် လည်၍ ကောင်းကင်သို့ ပျံတက် ကာ ရှင်ရသေ့၏ ဦးခေါင်းထက်၌ တည်သည်ကို တွေ့မြင်ခဲ့ရ၍ အကျွန်ုပ်တို့သည် အရှင်ဘုရား၏ ခြေတော် အစုံကို ရှိခိုးခဲ့ပါ၏။ ဤရှိခိုးခြင်းသည် အကျွန်ုပ်၏ ပထမအကြိမ် ရှိခိုးခြင်းဖြစ်ပါသည်။ လယ်ထွန်မင်္ဂလာ ဆင်ယင်ကျင်းပသော နေ့၌လည်း သပြေရိပ်ဝယ် မြတ်သော နေရာ၌ သိပ်၍ထားစဉ် အရှင်ဘုရား ၏နေရာ သပြေရိပ် သည် မပြောင်း မရွှေ့ဘဲ နေသည်ကို လည်းကောင်း၊ အရှင်ဘုရားသည် ဣန္ဒြေဖြင့် ထက်ဝယ် ဖွဲ့ခွေ ထိုင်နေတော်မူ သည်ကိုလည်းကောင်း မြင်ခဲ့ရ၍ အရှင်ဘုရား၏ ခြေတော်အစုံတို့ကို ရှိခိုးခဲ့ပါ၏။ ယင်းသို့ ရှိခိုးခြင်းသည် အကျွန်ုပ်၏ ဒုတိယအကြိမ် ရှိခိုးခြင်းဖြစ်ပါသည်။ ယခုအခါ၌ကား ရှေးကမမြင်ဖူး ထူးကဲသော တန်ခိုးပြာဋိဟာကို မြင်ရပြန်၍ အရှင်ဘုရား၏ ခြေတော် အစုံ တို့ကို ရှိခိုးပါ၏။ ဤယခု ရှိခိုးခြင်းသည် အကျွန်ုပ်၏ သုံးကြိမ်မြောက် ရှိခိုးခြင်း ဖြစ်ပါသည်”ဟု ဘုရားရှင်အား လျှောက်ထားခဲ့လေသည်။
သုဒ္ဓေါဒနမင်းကြီး ရှိခိုးသည်ရှိသော် ဘုရားရှင်အား မရှိခိုးဘဲ ရပ်တည်သူ တစ်စုံတစ်ယောက်မျှ မရှိခဲ့တော့ပေ။ အားလုံးသော သာကီဝင်မင်းတို့သည် ဘုရားရှင်အား ရှိခိုးခဲ့ကြကုန်တော့သည်။ ဘုရားရှင်သည် တန်ခိုးပြာဋိဟာ ပြတော်မူပြီးနောက် ကောင်းကင်မှ သက်ဆင်းကာ ခင်းထားသော နေရာ ထက်၌ ထိုင်နေတော်မူစဉ် အထွတ်အထိပ် သို့ရောက်သော အလွန်စည်ကား သော ဆွေတော် မျိုးတော်တို့၏ အစုအဝေးသည် ဖြစ်ခဲ့၏။ ထိုအခါ ပေါက္ခရဝဿ မိုးကြီးသည် ရွာချခဲ့လေသည်။ နီမြန်းသော မိုးရေအလျဉ်သည် အောက်၌ မြည်ဟီးလျက် စီးဆင်းသွားခဲ့၏။ ထိုမိုးသည် စိုစွတ်လို သော စိတ်ရှိသူကိုသာ စိုစွတ်၍ စိုစွတ်ရန် စိတ်မရှိသော သူကို မစိုစွတ်ခဲ့ပေ။ ထိုအံ့ဖွယ်ဖြစ်သော မိုးကိုမြင်ရ ပြန်သော အခါ ဆွေတော်မျိုးတော်တို့သည် “အံ့ဖွယ်သရဲဖြစ်ပါပေစွ၊ မဖြစ်စဖူး အထူးဖြစ်ပါပေစွ”ဟု ချီးမွမ်း အံ့ဩစကား ပြောဆိုခဲ့ကြလေသည်။
ဘုရားရှင်သည် “ယခုအခါ၌သာ ဆွေတော်မျိုးတော်တို့၏ အစုအဝေး၌ ပေါက္ခရဝဿမိုး ရွာသွန်း ဖြိုးသည်မဟုတ်။ ရှေးအခါကလည်း ရွာသွန်းဖြိုး ခဲ့ပြီ”ဟု မိန့်တော်မူကာ ဝေဿန္တရာဇာတ်တော်ကို ဟောတော်မူခဲ့၏။ ဝေဿန္တရာ ဇာတ်တော်ကို နာယူကြပြီးနောက် ဆွေတော်မျိုးတော်တို့သည် နေရာမှထကြကာ မြတ်စွာဘုရားကို ရှိခိုး၍ ပြန်သွား ခဲ့ကြကုန်၏။ ဘုရားရှင်နှင့် သံဃာတော်တို့အား “နက်ဖြန် တပည့်တော်တို့၏ ဆွမ်းကို အလှူခံပါ”ဟူ၍ ဖိတ်ကြား သွားသူ တစ်စုံတစ်ယောက် သောသူမျှ မရှိခဲ့ပေ။
ဘုရားရှင် ကပိလဝတ်ပြည်တွင်း ဆွမ်းခံဝင်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် နောက်တစ်နေ့၌ ရဟန္တာပေါင်းနှစ်သောင်း ခြံရံလျက် ကပိလဝတ်ပြည်တွင်း ဆွမ်းခံဝင်တော်မူခဲ့၏။ မြတ်စွာဘုရားကို ဆွေတော် မျိုးတော် တစ်ဦးတစ်ယောက်မျှ သွား၍ မပင့်ဖိတ်ခဲ့။ သပိတ်တော်ကို စောင့်ကြိုယူသူ မည်သူမျှမရှိခဲ့။ ဘုရားရှင်သည် တံခါးခုံ၌ ရပ်တော်မူလျက် “ရှေးဘုရားရှင်တို့သည် ဆွေတော်မျိုးတော်တို့ပြည်၌ ဆွမ်းအလို့ငှာ အဘယ်သို့ ကြွတော်မူသနည်း။ အိမ်စဉ်ကို ပယ်ဖျက်၍ အစိုးရကုန်သော မင်းတို့၊ လူတို့၏အိမ်သို့ ကြွခဲ့ကုန် သလော။ သို့မဟုတ် အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည်ကုန်သလော” ဟုဆင်ခြင် တော်မူခဲ့၏။ ရှေးအခါက တစ်ဆူသော ဘုရားရှင်သော်မျှ အိမ်စဉ်ကို ဖျက်သဖြင့် ဆွမ်းခံ ကြွခြင်းကို မြင်တော် မမူ၍ ယခုအခါ ငါသည်လည်း ရှေးဘုရားတို့အတိုင်းသာ အိမ်စဉ်လျှောက် ခြင်းဖြင့် ချီးမြှောက် လတ္တံ့။ နောင်အခါ ငါ၏ တပည့်သားတို့သည် ငါဘုရားကို အတုယူ၍ ဆွမ်းခံဝတ်ကို ဖြည့်ကျင့် ကုန်လတ္တံ့” ဟုဆုံးဖြတ်တော်မူကာ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့် လည် တော်မူခဲ့သည်။
သုဒ္ဓေါဒနမင်းကြီးသည် ဘုရားရှင်နှင့် သံဃာတော်များ ဆွမ်းခံ ကြွကြောင်း ကြားသိရသောအခါ ထိတ်လန့်သော စိတ်နှလုံးရှိသည်ဖြစ်၍ ပုဆိုးတော်ကို လက်တော်ဖြင့် မ,လျက် အဆောတလျင် နန်းတော်မှ ထွက်ခဲ့၏။ ဘုရားရှင်၏ ရှေ့တော်၌ ရပ်လျက် “အရှင်မြတ်ဘုရား ...အဘယ့်ကြောင့် တပည့်တော်တို့ကို အရှက်ရစေကုန်သနည်း။ ဤမျှလောက် သော ရဟန်းတို့အား ဆွမ်းကိုရခြင်းငှာ မတတ်နိုင်ဟူ၍ စိတ်ထားကာ ဆွမ်းခံကြွပါ သလော”ဟု လျှောက်ထားခဲ့၏။ ထိုအခါ ဘုရားရှင်က “မြတ်သော ခမည်းတော်မင်းကြီး...ဤသို့ဆွမ်းခံ သွားခြင်းသည် ငါတို့ အနွယ်၏ အလေ့ အကျင့်ဖြစ်၏”ဟု မိန့်တော်မူခဲ့၏။ ထိုအခါ မင်းကြီးက “အရှင်ဘုရား တပည့်တော်တို့၏ အနွယ်သည် မဟာသမ္မတ မင်း၏ အနွယ်ဖြစ်ပါသည်။ ဤမဟာသမ္မတမင်းမျိုး၌ တစ်ယောက်သော မင်းသည်လည်း ဆွမ်းခံသွားသည် မရှိခဲ့ပါ”ဟူ၍ ပြန်လည်လျှောက်ထားခဲ့၏။ ထိုအခါ ဘုရားရှင်က “မြတ်သောမင်းကြီး၊ မဟာသမ္မတမင်းမျိုး ဟူသော အမည်သည် အသင်မင်း ကြီး၏ အနွယ်ဖြစ်၏။ ငါဘုရား၏အနွယ် ဒီပင်္ကရာစသော ရှေးဘုရားရှင်တို့သည် ဆွမ်းခံ သွား သဖြင့်သာ အသက်မွေးကုန်၏”ဟု မိန့်တော်မူ၍ လမ်းခရီးမ၌ ရပ်လျက် သာလျှင် --- “မြတ်သော မင်းကြီး ...ဆွမ်းခံ အကျင့်၌ မမေ့မလျော့ရာ။ ကောင်းစွာကျင့်အပ်သော ဆွမ်းခံသွားခြင်း စသော အကျင့်ကို ကျင့်ရာ၏။ ဆွမ်းခံ သွားခြင်းစသော အကျင့်ကိုကျင့်သော သူသည် ပစ္စုပ္ပန် တမလွန် နှစ်တန်သော လောက၌ ကောင်းစွာနေရ၏” ဟုတရားဟောတော်မူခဲ့၏။ သုဒ္ဓေါဒန မင်းကြီးသည် တရားအဆုံး၌ သောတာ ပတ္တိဖိုလ်၌ တည်ခဲ့ သည်။ တစ်ဖန် ဘုရားရှင်သည် “မြတ်သောမင်းကြီး ကောင်းစွာ ကျင့်အပ် သောတရားကို ကျင့်ရာ၏။ မကောင်းသောတရားကို မကျင့်ရာ။ တရားကို ကျင့်သော သူသည် ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော ဘဝ၌ ချမ်းသာစွာ အိပ်ရ၏”ဟု ဆက်၍ ဟောခဲ့ပြန်သည်။ ထိုအခါ သုဒ္ဓေါဒနမင်းကြီးသည် သကဒါဂါမိဖိုလ်၌ တည်တော်မူခဲ့၏။ ဓမ္မပါလ ဇာတ်တော် ကို ကြားနာရသောအခါ အနာဂါမိဖိုလ်၌ တည်တော် မူပြီးလျှင် သေခါနီးကာလ၌ ထီးဖြူတော် အောက်အသ ရေရှိသော အိပ်ရာထက်ဝယ် ရဟန္တာ အဖြစ်သို့ရောက်ကာ ပရိနိဗ္ဗာန် ပြုတော်မူခဲ့သည်။
သုဒ္ဓေါဒနမင်းကြီးသည် သောတာပတ္တိဖိုလ်၌ မျက်မှောက်ပြုလေလျှင် ဘုရားရှင်၏ သပိတ်တော် ကိုယူ၍ သံဃာတော် နှင့်တကွ ဘုရားရှင်ကို နန်းတော်ပြသာဒ်ဆောင်သို့ ပင့်ဆောင်တော်မူ၍ မွန်မြတ်သော ဆွမ်းခဲဖွယ် ဘောဇဉ်တို့ဖြင့် လုပ်ကျွေးခဲ့၏။ ဆွမ်းကိစ္စ ပြီးသောအခါ ရာဟုလာ၏ မယ်တော် ယသောဓရာမိဖုရားကိုထား၍ အားလုံးသော မောင်းမ မိဿံ ချွေရံပရိသတ်နှင့်တကွ မိဖုရားတို့သည် လာရောက်ကြကုန်၍ ဘုရားရှင်ကို ရှိခိုးကြကုန်၏။ ရာဟုလာမယ်တော် ကား “အရှင်မ... သွားလော။ အရှင့်သားကို ရှိခိုးလော့”ဟု လျှောက်ထားလေလျှင် “အကယ်၍ ငါ့အား ကျေးဇူးရှိသည် ဖြစ်အံ့။ ကိုယ်တိုင်သာလျှင် အရှင့်သားသည် ငါ့ထံလာလတ္တံ့။ ငါ့ထံသို့ ကြွလာ မှသာလျှင် အရှင့်သားဖြစ်သော ဘုရားရှင်ကို ငါရှိခိုးတော့အံ့” ဟု ပြောဆိုခဲ့လေသည်။
ဘုရားရှင် ယသောဓရာတိုက်ခန်းသို့ ကြွတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို သပိတ်တော်ကို ယူစေ၍ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် နှစ်ပါးတို့နှင့်အတူတကွ ယသောဓရာမိဖုရား၏ ကျက်သရေတိုက်ခန်းသို့ ကြွတော်မူခဲ့သည်။ ယသောဓရာမိဖုရားသည် ဆောလျင်စွာလာလတ်၍ ခင်းထားသောနေရာ၌ ထိုင်နေ တော်မူသော ဘုရားရှင်၏ ခြေဖမျက်တော် နှစ်ဖက်တို့ကို ကိုင်၍ ခြေဖမိုးထက်၌ ဦးခေါင်း ကိုတင် ကာ ဘယ်ညာပြောင်းလှန်ပွတ်၍ အားရအောင် ရှိခိုးခဲ့၏။ သုဒ္ဓေါဒနမင်းကြီး သည် မင်းသမီး၏ ဘုရားရှင် အပေါ်၌ ချစ်ခြင်း မြတ်နိုးခြင်းရှိပုံ ဂုဏ်ကျေးဇူးတို့ကို လျှောက်ထားပြောဆိုခဲ့သည်။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား...သမီးယသောဓရာသည် အရှင်ဘုရားတို့ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်သည် ဟုကြားလျှင် သမီးတော် သည် ဖန်ရည်ဆိုးသောအဝတ်ကို ဝတ်ခဲ့ပါသည်။ အရှင်ဘုရားတို့ ဆွမ်းတစ်ထပ် သာစား သည်ဟု ကြားသိလျှင် သမီးတော်သည် ထမင်း တစ်ထပ်သာ စားခဲ့ပါသည်။ အရှင်ဘုရားတို့ သည် မြင့်သော မြတ်သော နေရာကို စွန့်သည်ဟု ကြားသိလျှင် သမီးတော်သည် ကြိုးပြားဖြင့် ရက်သော ညောင်စောင်း၌သာ အိပ်ခဲ့ပါ၏။ အရှင်ဘုရားတို့ ပန်းနံ့သာစသည်တို့မှ ရှောင်ကြဉ်ကြောင်း ကြားသိရသော် ပန်းပန်ခြင်း၊ နံ့သာလိမ်း ခြင်းတို့မှ ရှောင်ကြဉ်ခဲ့ပါ သည်။ အကျွန်ုပ် သမီးတော်သည် တစ်စုံတစ်ယောက်သော ဆွေမျိုး ကိုမျှ သူမအား လုပ်ကျွေးစေရန် ပြန်၍မကြည့်ဘဲ နေခဲ့ပါသည်” ဟု ယသောဓရာ၏ ဂုဏ်ကျေးဇူးကို ပြောဆို လျှောက်ထားခဲ့လေ သည်။ “ခမည်းတော် မင်းကြီး...သင်မင်းကြီးစောင့်ရှောက်ထားသော မင်းသမီးသည် ဉာဏ်ပညာ ရင့်ကျက်လျက် ယခုအခါ၌ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက် ခြင်းသည် အံ့ဩဖွယ်မဟုတ်သေး။ ပညာဉာဏ် မရင့်ကျက်သေးသော ရှေးအခါက စန္ဒတောင်ခြေ ရင်းဝယ် သူတစ်ပါး အစောင့်အရှောက်မရှိပါဘဲ မိမိကိုယ်ကို စောင့်ရှောက်ခဲ့ပြီ”ဟု စန္ဒကိန္နရီ ဇာတ်တော်ကို ဟောတော်မူကာ နေရာမှ ထတော်မူ၍ နိဂြောဓာရုံကျောင်းသို့ ပြန်ကြွတော်မူခဲ့သည်။
ညီတော်နန္ဒမင်းသား ရဟန်းပြုခြင်း
[ပြင်ဆင်ရန်]နောက်တစ်နေ့ နန္ဒမင်းသားအား အဘိသိက်သွန်း မင်္ဂလာ၊ အိမ်သစ် တက် မင်္ဂလာ၊ ဠက်ထပ် ထိမ်းမြားခြင်း မင်္ဂလာတို့ သည် ဖြစ်ခဲ့သည်။ ဘုရားရှင်သည် နန္ဒမင်းသား၏ အိမ်သို့ ကြွတော်မူ၍ မင်္ဂလာတရား ဟောကြားတော်မူပြီးလျှင် နန္ဒ မင်းသားကို သပိတ်တော်ယူစေ၍ ကျောင်းတော်သို့ ပြန်ကြွတော်မူခဲ့၏။ ဇနပဒကလျာဏီမင်းသမီးသည် နန္ဒမင်းသား ဘုရားရှင်နှင့် ပါသွားသည်ကို မြင်၍ “အရှင့်သား...လျင်မြန်စွာ ပြန်လာခဲ့ပါလော”ဟု မှာကြားခဲ့သည်။ ညီတော်နန္ဒ မင်းသားသည် မြတ်စွာဘုရားကို “သပိတ်တော်ကိုယူတော်မူပါ”ဟု ဘုရားရှင်အား မလျှောက် ထားဝံ့၍ ကျောင်းတော်သို့ ရောက်လာခဲ့၏။ ဘုရားရှင်သည် နန္ဒမင်းသား အလိုမရှိဘဲ နန္ဒမင်းသားကို ရဟန်းပြုပေးခဲ့သည်။
သားတော်ရာဟုလာ အမွေတောင်းခြင်း
[ပြင်ဆင်ရန်]ခုနစ်ရက်မြောက်သောနေ့၌ ရာဟုလာမယ်တော် ယသောဓရာမိဖုရား သည် သားတော်ရာဟုလာကို တန်ဆာဆင်၍ မြတ်စွာဘုရားထံသို့ စေလွှတ် ခဲ့၏။ “ချစ်သားရာဟုလာ...ထိုနှစ်သောင်းသော ရဟန္တာတို့ဖြင့် ခြံရံကုန်သော၊ ရွှေအဆင်း နှင့်တူသော အဆင်းရှိသော ထိုရဟန်းကြီးကို ရှုပါလော့။ ဤရဟန်းကြီးသည် သင်၏ဖခမည်းတော် ဖြစ်၏။ ထိုရဟန်း ကြီးတွင် ကြီးကုန်သော ရွှေအိုးကြီး လေးလုံးတို့သည်လည်း ရှိခဲ့ကုန်၏။ ထိုရဟန်းကြီး တောထွက်သောနေ့မှ စ၍ ထိုရွှေအိုး ကြီးလေး လုံးတို့သည် ပျောက်ခဲ့ကုန်၏။ သင်ချစ်သားသည် သွား၍ ထိုအမွေကို တောင်းခံပါလော့။ ‘ခမည်း တော် ငါသည် ဖခင်၏သားငယ်ဖြစ်၍ အဘိသိက်သွန်းခြင်းသို့ရောက်ကာ စကြဝတေး မင်း ဖြစ်ချင်ပါ၏။ ငါသည် ဥစ္စာကိုအလိုရှိပါ၏။ သားတော်အား ဥစ္စာပေးပါလော၊ သားသည် အဖ ဥစ္စာ၏ အရှင်ဖြစ်ပါသည်’ဟု လျှောက်ထား ပါလော့”ဟု သွန်သင်၍ ဘုရားရှင်ထံ စေလွှတ်ခဲ့၏။
ရာဟုလာမင်းသားသည်လည်း မြတ်စွာဘုရားရှင်ထံ သွား၍ အဖ၏ ချစ်ခြင်းကို ရသဖြင့် နှစ်သက် သောစိတ်ဖြစ်ကာ “ရဟန်းကြီး...သင်၏ အရိပ်သည် အေးမြလှ၏”ဟု ပြောဆို၍ လည်းကောင်း၊ အခြားတွတ်တီး တွတ်တာ ပြောဆို၍ လည်းကောင်း ဘုရားရှင်၏ ရှေ့တွင်ရပ်နေခဲ့၏။ ဘုရားရှင် သည် ဆွမ်းကိစ္စပြီးသောအခါ အနုမောဒနာတရား ချီးမြှင့်၍ နေရာမှ ထကာ ဖဲကြွတော် မူခဲ့၏။ ရာဟုလာ မင်းသားသည်လည်း “ရဟန်းကြီး ကျွန်ုပ်အား အမွေပေးပါ၊ အမွေပေး ပါ”ဟု အမွေတောင်း၍ ဘုရားနောက်က တကောက်ကောက်လိုက်ခဲ့တော့၏။ ရာဟုလာသည် ဘုရားရှင် နှင့်အတူ ကျောင်းတော်သို့ ရောက်ခဲ့တော့သည်။ ဘုရားရှင်သည် ‘ရာဟုလာအား လောကီ အမွေပေးက ဆင်းရဲလှ၏။ ရာဟုလာအား လောကုတ္တရာအမွေသာ ပေးတော့အံ့’ဟု ကြံစည်၍ “ချစ်သား သာရိပုတ္တရာ...ရာဟုလာအား ရှင်ပြုပေးလိုက်ပါ”ဟု အမိန့်ရှိခဲ့သည်။ အရှင်သာရိပုတ္တရာ ကလည်း ရာဟုလာအား ရှင်ပြုပေးခဲ့တော့၏။
ဘုရားရှင် ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို ဖိုလ်သုံးပါးတို့၌ တည်စေ၍ ရဟန်းသံဃာ အပေါင်း ခြံရံလျက် တစ်ဖန်သာလျှင် ရာဇဂြိုဟ် ပြည်သို့ ပြန်ကြွကာ ရင်းတိုက်တော၌ သီတင်း သုံးတော်မူခဲ့သည်။
ဇေတဝန်ကျောင်းတော်ကို အလှူခံတော်မူခြင်း
[ပြင်ဆင်ရန်]အနာထပိဏ်သူဌေးသည် လှည်းငါးရာတို့ဖြင့် အရင်းအနှီးဥစ္စာကိုယူ၍ ရာဇဂြိုဟ်ပြည်သို့ သွားပြီး လျှင် မိမိ၏ အဆွေ ခင်ပွန်းဖြစ်သော သူဌေးအိမ်သို့ သွားခဲ့၏။ ထိုအိမ်၌ ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံသော ဘုရားရှင်သည် လောက၌ ပွင့်တော်မူသည့်အကြောင်းကို သိရ၍ အနာထပိဏ်သူဌေးသည် လင်းအားကြီးအခါ၌ နတ်တို့၏ တန်ခိုးအာနုဘော်ဖြင့် ပွင့်သောတံခါးမှ ထွက်ကာ ဘုရားရှင်ကို ချဉ်းကပ်ခဲ့၏။ ဘုရားရှင်၏ တရားတော်ကို နာရ၍ သောတာပတ္တိ ဖိုလ်၌ တည်ခဲ့၏။ ဒုတိယ မြောက် ဖြစ်သော နောက်တစ်နေ့၌ ဘုရားအမှူးရှိသော ရဟန်းသံဃာ တော်တို့အား ကြီးစွာသော အလှူကိုပေး ၍ သာဝတ္ထိပြည်သို့ ကြွလာရန် ဘုရားရှင်ထံမှ ဝန်ခံချက်ကို ယူကာ သာဝတ္ထိပြည် သို့ ပြန်ခဲ့၏။ ရာဇဂြိုဟ်မှ လေးဆယ့်ငါးယူဇနာရှိသော သာဝတ္ထိပြည်သို့ အပြန်ခရီး လမ်း၌ အသပြာတစ်သိန်း တန်ကျောင်းကို တစ်ယူဇနာတစ်ကျောင်းကျစီ ဆောက်လုပ်စေခဲ့၏။ သာဝတ္ထိပြည်၌ ဇေတဝန် ဥယျာဉ်ကို ဇေတမင်းသား ထံမှ ရွှေဒင်္ဂါး အသပြာချင်း အစွန်းထိအောင်ခင်း၍ တစ်ဆယ့် ရှစ်ကုဋေ သော ရွှေဒင်္ဂါး အသပြာတို့ဖြင့်ဝယ်ကာ ၁၈-ကုဋေအကုန်ခံ၍ ကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းခဲ့၏။ ကျောင်းတော်ကြီး ဆောက်လုပ် ပြီးသောအခါ ဘုရားရှင်ကိုပင့်၍ ဘုရားအမှူးရှိသော အရပ်လေးမျက်နှာ၌ ရှိသည့် ရဟန်းသံဃာတော် တို့အား ရည်စူးကာ ၁၈-ကုဋေအကုန်ခံ၍ ကျောင်း လှူပွဲကြီး၊ ကျင်းပပြီးလျှင် ၅၄-ကုဋေသော အသပြာကို စွန့်လှူ၍ ဇေတဝန်ကျောင်းတော်ကို လှူဒါန်း ပူဇော်ခဲ့လေသည်။
သတ္တလောက၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် မဟာဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတဉာဏ်တော်ကိုရ၍ ဘုရားစင်စစ် ဖြစ်တော်မူသည်မှ ပရိနိဗ္ဗာန်ပြုရာ ညောင်စောင်း၌ လျောင်းတော် မူသည့်တိုင်အောင် လေးဆယ့်ငါးဝါသော ကာလပတ်လုံး သတ္တလောက၏ အကျိုး စီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သည်။ ဘုရားရှင်၏ ဘဝဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြည့်လျှင်ပင် အလွန့်အလွန် ကြည်ညို ဖွယ်ရာများကို ကြည်ညိုခွင့် ရကြသည်။ ဘုရားရှင်သည် မင်းမျိုးမှဖြစ်၍ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနနှင့် မယ်တော် မာယာ မိဖုရားတို့မှ မွေးဖွားခဲ့သည်။ နှစ်ဆယ့်ကိုးနှစ်အရွယ်အထိ ထီးနန်းအုပ်ချုပ် မင်းလုပ်ခဲ့ သည်။ မြတ်သော နန်းပြာသာဒ်သုံးဆောင်မှာ ရာဟုလာ၏မယ်တော် ဘဒ္ဒကဉ္စနာ ယသောဓရာနှင့်အတူ မောင်းမပေါင်း လေးသောင်းတို့နှင့် တကွ စည်းစိမ်ကို ခံစားခဲ့သည်။ သားတော် ရာဟုလာကိုပင် ရခဲ့သည်။ သို့သော် ထိုစည်းစိမ်ကို ကြာရှည်စွာ မခံစား။ သတ္တလောက၏ အကျိုးစီးပွားအတွက် ထိုစည်းစိမ် တို့ကို စွန့်လွှတ်ကာ မြင်းယာဉ်ဖြင့် တောထွက်တော်မူခဲ့၏။
ခြောက်နှစ်ပတ်လုံး ပြင်းထန်သော အကျင့်ကို အသားအရေများ ခန်းခြောက် သည့်တိုင် ကျင့်တော်မူ၍ မဟာဗောဓိ မဏ္ဍိုင်၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရကာ သတ္တဝါတို့၏ ကိုးကွယ်ရာ ဘုရား ဖြစ်တော်မူခဲ့သည်။ ဗြဟ္မာမင်း တောင်းပန်၍ ဓမ္မစကြာတရားတော်ကို ဟောတော်မူသော် တစ်ဆယ့်ရှစ် ကုဋေသော လူနတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားကိုသိကာ ကျွတ်တမ်း ဝင်ခဲ့ ကြကုန်၏။ နတ်လူတို့၏ အစည်းအဝေး၌ တရားဟောပြန်သော် အရေအတွက် အားဖြင့် ပြောဆိုတွက်ချက်ခြင်းငှာ မစွမ်းနိုင်သော သတ္တဝါတို့ ဒုတိယအကြိမ် သစ္စာ လေးပါးကိုသိကာ ကျွတ်တမ်း ဝင်ခဲ့ကြပြန်သည်။ ရာဟုလာကို ဆုံးမတော် မူစဉ်ကလည်း မရေမတွက်နိုင်သော သတ္တဝါများ တတိယအကြိမ် သစ္စာလေးပါးတရားကိုသိကာ ကျွတ်တမ်းဝင်ခဲ့ကြ ပြန်သည်။ အညစ် အကြေး ကင်းလျက် တင့်တယ်တော်မူသော ဘုရားရှင်သည် အလိုခပ်သိမ်းကို ပေးတတ်သော စိန္တာမဏိပတ္တမြားကဲ့သို့ လူနတ်ဗြဟ္မာ သတ္တဝါအားလုံးတို့ တောင့်တသော အရာအားလုံးကို ပေးတော်မူခဲ့၏။
ဘုရားရှင် နေ့စဉ်ဆောင်ရွက်တော်မူမြဲဖြစ်သော လုပ်ငန်းများ
[ပြင်ဆင်ရန်]ဘုရားရှင်သည် သီတင်းသုံးသမျှ ဒေသတို့ဝယ် အောက်ပါလုပ်ငန်း ငါးရပ်တို့၌ နေ့စဉ်အမြဲမပြတ် ဆောင်ရွက်ခဲ့ပါသည်။ ထိုလုပ်ငန်းငါးရပ်မှာ-
- (က) နံနက်ခင်း ဆောင်ရွက်သည့် လုပ်ငန်းရပ်များ
- (ခ) ဆွမ်းစားပြီးနောက် ဆောင်ရွက်သည့် လုပ်ငန်းရပ်များ
- (ဂ) ညဉ့်ဦးယံပိုင်း ဆောင်ရွက်သည့် လုပ်ငန်းရပ်များ
- (ဃ) သန်းခေါင်ယံပိုင်း ဆောင်ရွက်သည့် လုပ်ငန်းရပ်များ
- (င) မိုးသောက်ယံပိုင်း ဆောင်ရွက်သည့် လုပ်ငန်းရပ်များ-ဖြစ်ပါသည်။
နံနက်ခင်း ဆောင်ရွက်မြဲဖြစ်သော လုပ်ငန်းရပ်များ
[ပြင်ဆင်ရန်]ဘုရားရှင်သည် စောစောစီးစီး ထတော်မူ၍ အလုပ်အကျွေးရဟန်းတို့ကို ချီးမြှောက်တော်မူရန်နှင့် ရူပကာယကိုယ်တော် ချမ်းသာတော်မူစေရန် အတွက် မျက်နှာတော်သစ်ခြင်းစသော ကိုယ်လက် သုတ်သင်မှုကို ပြုတော် မူပါသည်။ ထို့နောက် ဆွမ်းခံဝင်ချိန်ကို ငံ့လင့်၍ ဆိတ်ငြိမ်ရာအရပ်၌ ဖလသမာပတ်ကို ဝင်စားကာ သီတင်းသုံးနေတော်မူသည်။ ဆွမ်းခံချိန် ကျရောက်သောအခါ သင်းပိုင်ကို ပြင်ဝတ်၍ ခါးပန်းကြိုးကိုဖွ ဲ့ကာ သင်္ကန်းကို ဝတ်ရုံပြီး သပိတ်တော်ကို ယူလျက် မြို့ရွာနိဂုံးအတွင်းသို့ ဆွမ်းခံဝင်တော်မူ၏။ ဆွမ်းခံဝင်တော်မူရာတွင် တစ်ခါတစ်ခါ တစ်ပါးတည်း၊ွျှစ်ခါ တစ်ရံ တပည့် ရဟန်းအပေါင်းခြံရံလျက် ကြွတော်မူသည်။ တစ်ခါတစ်ရံ ပကတိသော ကြွဝင်ခြင်းဖြင့် ကြွတော်မူ၍ တစ်ခါတစ်ရံ များသော တန်ခိုးပြာဋိဟာတို့ဖြင့် ကြွတော်မူ တတ်ပါသည်။
ဘုရားရှင်ဆွမ်းခံကြွလေလျှင် ဘုရားရှင်၏ရှေ့တော်မှ လေပြေလေညင်း တို့သည် သာသာယာယာ တိုက်ခတ်ကာ ဆွမ်းခံလမ်းတစ်လျှောက် မြေပြင်ကို စင်ကြယ်စေသည်။ အာကာတစ်ခွင် ကောင်းကင် ပြင်မှ မိုးသားတိမ်တိုက် တို့သည် ရေပန်းရေပွားတို့ကို တစ်ဖွားဖွားကျစေကုန်လျက် လမ်းတစ် လျှောက်ရှိ မြူမှုန်များကို သိပ်စေကြကုန်၏။ ကိုယ်တော်မြတ်၏ အထက်၌ ဗိတာန် မျက်နှာ ကြက်သဖွယ် လိုက်ပါကြကုန်၏။ အရပ်လေးမျက်နှာမှလာသော လေတို့သည် ထိုထိုအရပ်တို့တွင် ရာသီအလိုက် ပွင့်ကုန်သော စံပယ်၊ ကြက်ရုံး၊ စသော ပန်းများကို သယ်ဆောင်ခဲ့၍ ပန်းခင်းသော လမ်းဖြစ်အောင် ကြဲဖြန့် ထားကြကုန်၏။ ပန်းရနံ့တို့သည် လမ်းတစ်လျှောက် သင်းပြန့် ကြိုင်လှိုင် လျက် ရှိကုန်၏။ မြင့်မောက်သော မြေတို့သည် အလိုလိုနိမ့်ကျကုန်၍ နိမ့်ကျနေသော မြေတို့သည် အလိုလို မြင့်တက်လာကာ တစ်ညီတစ်ညွတ်တည်း ဖြစ်ကြ ကုန်၏။ ကျောက်တုံး၊ ကျောက်ခဲ၊ အိုးခြမ်းကွဲများ၊ သစ်ငုတ်၊ ဆူး၊ငြောင့်များ အလိုလို ပယ်ရှားနှင့်ကြကုန်၏။ ဆွမ်းခံဝင်မည့် မြိုရွာနိဂုံး အဝင် တံခါးခုံ အတွင်း လက်ယာ ခြေတော်ကို ချမိလျှင်ပင် ကိုယ်တော်မှ ညို၊ ရွှေ၊ ဖြူ၊ နီ၊ မောင်းရည်၊ ပြိုးပြက်၊ တစ်ခဲနက်သော ရောင်ခြည်တော် ခြောက်သွယ်တို့ ကွန့်မြူး ထွက်ပေါ်လာ ကြကုန်၏။ မြို့ရွာအတွင်းရှိ အဆောက်အအုံများ တိုက်တာအိုးအိမ်များကို ရွှေရောင်ဖြင့် သွန်းလောင်း သကဲ့သို့ အရောင် ပြိုးပြက် တစ်လက်လက်ထွက်၍ နေကြကုန်၏။ ဆင်၊ မြင်း၊ ကျွဲ၊ နွားတို့သည် လည်းကောင်း၊ ကျေးငှက် သာရကာတို့သည် လည်းကောင်း သတ္တဝါ မှန်သမျှတို့သည် နေရာဌာနတို့၌ တည်နေကြကုန်လျက်ပင် သာယာ ချိုမြိန်သော အသံကိုပြုကြကုန်၏။ တွန်မြည် ကြကုန်၏။ တူရိယာအမျိုးမျိုး တို့သည် အလိုလိုအသံမြည်ကြကုန်၏။ တီးခတ်သံတို့ ပဲ့တင်ထပ်မျှ ပြန့်တက်လာကြကုန်၏။ ထိုအမှတ် သညာတို့ဖြင့် ပြည်သူပြည်သား လူအများတို့သည် “ငါတို့မြို့ရွာ နိဂုံးသို့ ဘုရားရှင် ဆွမ်းခံ ဝင်လာချေပြီ”ဟု သိရှိကြကုန်၏။ ပြည်သူပြည်သားတို့ကလည်း ကောင်းမြတ်သော အဝတ်တန်ဆာတို့ကို ဝတ်ဆင်ကြကုန်လျက် ပန်းနံ့သာတို့ကို လက်စွဲ ကာ ဆွမ်း၊ ဆွမ်းဟင်းလျာ၊ လှူဖွယ်ဝတ္ထုအဖြာဖြာတို့ကို သယ်ယူ၍ မြို့လယ် လမ်းမသို့ တစ်စု တစ်ရုံးတည်း သွားရောက် စုဝေးကြကုန်၏။ ပျော်တစ်ပြုံးပြုံး အုံးအုံး ကျွက်ကျွက် ဖြစ်ကြကုန်၏။ ဘုရားရှင်နှင့် ရဟန်းသံဃာ တို့အား ပင့်ဖိတ်၍ နေရာထိုင်ခင်း စီစဉ်လှူဒါန်းပြီး ၎င်းင်းတို့ တတ်စွမ်းသမျှ ဆွမ်းအလှူဒါနများ ပြုကြကာ လုပ်ကျွေး ပြုစုကြကုန်၏။ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း ကိစ္စပြီးဆုံး လတ်သော် လူအများ၏ အတွင်းအဇ္ဈာ သယဓာတ်နှင့် လိုက်လျော ညီထွေဖြစ်စေရန် ကြည့်ရှုတော်မူလျက် အချို့သရဏဂုံသုံးပါး၌၊ အချို့ ငါးပါး သီလ၌၊ အချို့အောက်မဂ် အောက်ဖိုလ်တစ်ပါးပါး၌၊ အချို့အရဟတ္တမဂ် အရတ္တဖိုလ်၌ တည်စေရန် တရားပြ ဆုံးမတော်မူသည်။ ဤသို့ဖြင့်ဆွမ်းခံ ဝင်စဉ်ပင် သတ္တဝါတို့အား တရားပြကာ ချေချွတ်တော်မူသည်။
ထို့နောက်ဘုရားရှင်သည် အပိုစကားကို မိန့်ကြားတော်မမူဘဲ အလွန် သိမ်မွေ့စွာ နေရာမှ ထတော်မူ၍ ကျက်သရေ ရှိလှစွာဖြင့် ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ကျောင်းတော်သို့ ရောက်လေလျှင် ခင်းထားအပ်သော ဘုရားရှင်၏ နေရာတော်၌ သံဃာတော်များ၏ ဆွမ်းကိစ္စ ပြီးဆုံးချိန်ကို ငံ့လင့်တော်မူကာ ထိုင်နေတော်မူသည်။ အလုပ်အကျွေး ရဟန်းက သံဃာတော်များ ဆွမ်းကိစ္စပြီးဆုံးကြောင်းနှင့် ဣရိယာပထ မျှတတော်မူရန် အချိန်တန်ပါကြောင်း ဘုရားရှင် အားလျှောက်ထားတော်မူလေလျှင် ဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော်သို့ဝင်ရန် ကြွတော်မူ လေသည်။ ဤသည်တို့ကား ဘုရားရှင်၏ နံနက်ခင်းဆောင်ရွက်တော်မူမြဲဖြစ်သော လုပ်ငန်းရပ်များ ဖြစ်ပေသည်။
ဆွမ်းစားပြီးနောက် ဆောင်ရွက်တော်မူမြဲဖြစ်သော လုပ်ငန်းရပ်များ
[ပြင်ဆင်ရန်]ဘုရားရှင်သည် နံနက်ခင်း ဆွမ်းကိစ္စပြီးသော် ဂန္ဓကုဋီတိုက်သို့ ဝင်ရန် ကြွသွားစဉ် ဂန္ဓကုဋီတိုက် အတွင်း အလုပ် အကျွေးရဟန်း ခင်းထားသော နေရာ၌ ထိုင်တော်မူကာ ခြေတော်တို့ကို ဆေးကြောတော်မူ၏။ ခြေဆေး အင်းပျဉ်၌ ရပ်တော်မူလျက် ရဟန်းသံဃာတို့ကို---“ရဟန်း တို့...မမေ့မလျော့သော သတိတရားဖြင့် သိက္ခာသုံးပါးကို ပြည့်စုံအောင်အားထုတ်ကြ။
- လောက၌ ဘုရားပွင့်တော်မူခြင်းသည် ရခဲ၏။
- လူ့အဖြစ်သည်လည်း ရခဲ၏။
- သဒ္ဓါတရားနှင့် ပြည့်စုံခြင်းသည်လည်း ရခဲ၏။
- ရှင်ရဟန်းအဖြစ်သည်လည်းရခဲ၏။
- သူတော်ကောင်းတရားနာကြာရခြင်းသည်လည်းရခဲ၏”
ဟုဒုလ္လဘတရား ငါးပါးကိုပြ၍ နေ့စဉ် ဆုံးမတော်မူလေသည်။
ထိုခြေဆေးအင်းပျဉ်၌ ရပ်နေစဉ်ပင် အချို့သောရဟန်းတို့က ကမ္မဋ္ဌာန်း တရားကို လျှောက်ထား တောင်းခံကြကုန်၏။ ဘုရားရှင်သည် ထိုရဟန်းတို့အား စရိုက်အားလျော်စွာ ကမ္မဋ္ဌာန်းကို ပေးတော် မူလေသည်။ ရဟန်းအားလုံး တို့သည် ဘုရားရှင်ကို ရိုသေစွာ ရှိခိုးကြပြီးနောက် နေ့သန့် ရာဌာန၊ ညဉ့်သန့်ရာ ဌာနများသို့ အသီးသီးဖဲခွါသွားကြကုန်၏။ အချို့ရဟန်းတို့က တောအရပ်သို့၊ အချို့ရဟန်းတို့က သစ်ပင်ရင်းသို့၊ အချို့ရဟန်းတို့က တောင်ကြားတောင်ဝှမ်း စသည်သို့၊ အချို့ရဟန်းတို့က စတုမဟာရာဇ်၊ တာဝတိံသာစသော ကာမာဝစရနတ်ပြည် ခြောက်ထပ်သို့ အသီးသီး ကြွသွား တော်မူကြလေသည်။
ထို့နောင်မှ ဘုရားရှင်သည် ဂန္ဓကုဋီတိုက်တော်သို့ ဝင်တော်မူ၍ အလိုရှိတော်မူပါက လက်ယာနံတောင်းဖြင့် သတိ တရားမလွတ်ဘဲ တစ်ခဏမျှ မြတ်သောလျောင်းစက်မှုကို ပြုတော်မူ၏။ လျောင်း တော်မူခြင်းဖြင့် ကိုယ်ကာယ တော်ကို သက်သာစေပြီးနောက် လျောင်းတော်မူရာမှ ထတော် မူကာ ကျန်သောနေ့အချိန်ကို နှစ်ပိုင်းပိုင်းတော်မူ၍ နေ့၏ ကျန် ရှေ့ပိုင်း အချိန်၌ သတ္တလောကကို ကြည့်ရှုဆင်ခြင်တော်မူ၏။ နေ့၏ ကျန်နောက်ပိုင်း အချိန်၌မူ လူပရိသတ်အား အခွင့်အရေး ပေးတော်မူလေသည်။ ဆွမ်းခံရာ ဒေသဖြစ်သော ထိုထိုမြို့ရွာတို့၌နေသူ လူအပေါင်း တို့သည် နံနက်ခင်း အလှူပေးကြပြီးနောက် မွန်းလွဲသောအခါ ဝတ်ကောင်း တန်ဆာများကို ဝန်ဆင်ကြကုန်၍ ပန်းနံ့သာတို့ကို လက်စွဲ ကြကုန်လျက် တရားနာရန် ကျောင်းတိုက်အတွင်းသို့ စုဝေး ရောက်ရှိ လာကြကုန်၏။ ထိုအခါ ဘုရားရှင်သည် ဆိုက် ရောက်လာသော ပရိသတ်အား တရားဟော ကြားတော်မူ၏။ တရား ဆုံးသောအခါ ပရိသတ် သည် ဘုရားရှင်ကို မခွဲနိုင်မခွါရက် မြတ်နိုးတနာ ယုံကြည်မှုသဒ္ဓါဖြင့် အကြိမ်ကြိမ်ရှိခိုးပြီး တရားအရသာကို သံသယရှင်း ဉာဏ်အမြင် လင်းအောင် ခံစားရသဖြင့် ပီတိစိမ့်၍ နှစ်သိမ့်စွာ ပြန်သွား ကြကုန်၏။ ဤကား ဘုရားရှင်၏ ဆွမ်းစားပြီးနောက် နေ့ပိုင်းဆောင်ရွက် တော်မူမြဲဖြစ်သည့် လုပ်ငန်းရပ်များ ဖြစ်ပါသည်။
ညဉ့်ဦးယံပိုင်း ဘုရားရှင်ဆောင်ရွက်တော်မူမြဲဖြစ်သော လုပ်ငန်းရပ်များ
[ပြင်ဆင်ရန်]ဘုရားရှင်သည် နေ့ပိုင်းလုပ်ငန်းရပ်များကို ဆောင်ရွက်တော်မူပြီးနောက် ကိုယ်တော်ကို ရေသုံး သပ်တော်မူလိုလျှင် နေရာမှ ထတော်မူ၍ အလုပ် အကျွေးရဟန်း ချိုးတော်ရေစီမံရာဌာန ရေချိုးအိမ်သို့ ကြွတော်မူလို၍ ရေသုံးသပ်တော် မူလေသည်။ ရေသုံးသပ်တော်မူပြီးက သင်္ကန်းတော်ကို သေသပ်စွာ ဝတ်တော်မူ၍ အလုပ်အကျွေးရဟန်း ခင်းထားသော ဘုရား နေရာသို့ ကြွတော်မူပြီး တစ်ခဏမျှ အပန်းဖြေ ထိုင်နေတော်မူလေသည်။ ထိုအခါ ရဟန်းသံဃာများ ဘုရားရှင် ထံ ချဉ်း ကပ်ရန် အခွင့်ရကြသည်။ ထိုအချိန်သည် ရဟန်းသံဃာတို့၏ အလှည့်ဖြစ်သည်။ ရဟန်းတို့သည် ထိုထို နေ့သန့်ရာ ညဉ့်သန့်ရာအရပ်တို့မှ အသီးသီး လာရောက်ကြကာ ဘုရားရှင်အား ဆည်းကပ်ခစားကြသည်။ အချို့သော ရဟန်းတို့က ပြဿနာ မေးလျှောက်ကြသည်။ အချို့သော ရဟန်းတို့က ကမ္မဋ္ဌာန်း အတွေ့ အကြုံများကို မေးလျှောက် ကြလေသည်။ မရှင်းလင်းသော အချက် အလက်များကို မေးလျှောက်ကြသည်။ အချို့သော ရဟန်းတို့က တရား ဟောရန် လျှောက် ထားတောင်းပန်ကြပြန်သည်။ ဘုရားရှင်သည် ရဟန်းအားလုံးတို့၏ လိုလား တောင့်တချက်များကို ပြည့်စုံအောင် ချီးမြှောက်တော်မူလျက် ညဉ့်ဦးယံ အချိန်ကာလကို ကုန်လွန်စေခဲ့သည်။
သန်းခေါင်ယံပိုင်း ဆောင်ရွက်တော်မူမြဲဖြစ်သော လုပ်ငန်းရပ်များ
[ပြင်ဆင်ရန်]ညဉ့်ဦးယံပိုင်း အချိန်ကုန်လွန်ခဲ့သဖြင့် ရဟန်းတော်များသည် ဘုရားရှင်ကို ရှိခိုးဝတ်ပြု၍ ဖဲသွား ကြလေသော် နတ်ဗြဟ္မာတို့ အခွင့်ရကြ ပြန်သည်။ ဇာတိခေတ် စကြဝဠာတိုက်တစ်သောင်း၌ နေကြ ကုန်သော နတ်ဗြဟ္မာတို့က ဘုရားရှင်ထံ ရောက်လာကြပြန်၍ ပြဿနာများကို မေးလျောက်ကြသည်။ ဘုရားရှင်သည် နတ်ဗြဟ္မာတို့ မေးသမျှ ပြဿနာများကို တစ်ခုမကျန် ဖြေရှင်းပေးတော် မူရ၏။ ဤသို့ဖြင့်ပင် သန်းခေါင်းယံ အချိန်သည် ကုန်ခဲ့ရသည်။
မိုးသောက်ယံပိုင်း ဆောင်ရွက်တော်မူမြဲဖြစ်သည့် လုပ်ငန်းရပ်များ
[ပြင်ဆင်ရန်]ဘုရားရှင်သည် နံနက်အချိန်မှစကာ ထိုင်၍ လုပ်ငန်းများ ဆောင်ရွက် ခဲ့သဖြင့် ရူပကာယ ကိုယ်တော်သည် နွမ်းနယ် လှသည်။ ထိုနွမ်းနယ်မှုကို ပြေပျောက်စေရန် မိုးသောက်ယံအချိန်ကို သုံးပိုင်းပိုင်းကာ မိုးသောက်ယံပထမ အချိန်ကို စင်္ကြံကြွတော်မူ၍ ကုန်လွန်စေ၏။ ဒုတိယပိုင်းအချိန်၌ ဂန္ဓကုဋီတိုက် သို့ဝင်၍ လက်ယာနံစောင်းဖြင့် သတိမလွတ်စေဘဲ မြတ်သောလျောင်းစက်ခြင်းကို ပြုတော်မူသည်။ တတိယပိုင်းအချိန်သို့ ရောက်သောအခါ လျောင်းတော်မူရာမှ ထတော် မူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူပြီး အရဟတ္တဖိုလ် သမာပတ် ကိုလည်းကောင်း၊ မဟာကရုဏာ သမာပတ်ကို လည်းကောင်း ဝင်စားတော်မူ၍ ချေချွတ်ထိုက်သော သတ္တဝါတို့ကို ဗုဒ္ဓစက္ခုတော် စသည်ဖြင့် ကြည့်ရှုတော်မူလေသည်။ ချေချွတ်ထိုက်သော သတ္တဝါတို့ကို ရွှေဉာဏ်တော် ကွန်ရက်တွင် မြင်တော်မူပါက မည်မျှပင်ဝေးကွာသော ခရီးဖြစ်စေ၊ မည်မျှပင် ကြမ်းတမ်းသော ခရီးဖြစ်စေ အရောက်ကြွကာ ချေချွတ်တော်မူလေသည်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သီတင်းသုံးတော်မူရာ ထိုထိုအရပ် တို့၌ အထက် ဖော်ပြပါ လုပ်ငန်းရပ်များကို နေ့စဉ်မပြတ် ဆောင်ရွက်တော် မူခဲ့သည်။ ကြောင့်ကြမဲ့နေသည့် အချိန်ဟူ၍ မရှိခဲ့။ သတ္တလောက၏ အကျိုးငှာ တစ်နေ့လျှင် စက်နာရီအားဖြင့် နှစ်ဆယ့်လေးနာရီ ရှိသည့်အနက် ကိုယ်တော် အတွက် အပန်းဖြေချိန် လျောင်းစက် ချိန်သည် တစ်နာရီမျှသာ ဖြစ်ပါသည်။ မဟာကရုဏာဓာတ် ကြီးမြတ်တော်မူလှပေသည်။
ဂေါတမဘုရားရှင်လက်ထက် ကျွတ်တမ်းဝင်ခဲ့သော အရေအတွက်
[ပြင်ဆင်ရန်]ဂေါတမဘုရားရှင်လက်ထက် ကျွတ်တမ်းဝင်ခဲ့သော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အရေအတွက်သည်ကား အမှန်းအဆ ဂဏန်းမပြနိုင်အောင် များပြား လှပါသည်။ ဘုရားရှင်သည် ဗောဓိမဏ္ဍိုင်၌ ဘုရားဖြစ်သည်မှ ပရိနိဗ္ဗာန် စံသည်တိုင် အောင် အနှစ်လေးဆယ့်ငါးဝါတို့ ကာလပတ်လုံး မနေမနား ကြိုးစားအားထုတ်တော်မူလျက် လူ၊နတ်၊ ဗြဟ္မာ သတ္တဝါတို့အား သံသရာ ဝဲဇလုပ်မှ ကယ်ထုတ် တော်မူခဲ့၏။
ဘုရားဖြစ်ပြီးနောက် သဟမ္ပတိဗြဟ္မာမင်းကြီး၏ တောင်းပန်ချက်အရ ဗာရာဏသီပြည် မိဂဒါဝုန်တော ၌ ပဉ္စဝဂ္ဂီငါးဦး အမှူးထား၍ ဓမ္မစကြာ တရားဦး ဟောတော်မူသည်။ ရှေးဦးစွာ (ဓမ္မာဘိသမယ) တရားပွဲကြီး၌ တစ်ဆယ့်ရှစ်ကုဋေ သော လူနတ်ဗြဟ္မာ သတ္တဝါတို့ ကျွတ်တမ်းဝင်ခဲ့ကြသည်။ ထို့နောက် စကြဝဠာတိုက်တစ်သောင်းမှ လာရောက် ကြသော နတ်၊ လူတို့၏ ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး၌ တရားတော်ကို ဟောကြားတော်မူ၍ သတ္တဝါတို့ကို ချေချွတ်တော် မူခဲ့ရာ မင်္ဂလသုတ် ဒေသနာတော်အဆုံး၌ ကျွတ်တမ်းဝင်ခဲ့ကြသော လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ တို့၏ အရေအတွက်သည် ဂဏန်းပြ၍ပင် မရနိုင်လောက်အောင် အရေ အတွက်အားဖြင့် များပြားခဲ့ပါသည်။ တစ်ဖန်သားတော်ရာဟုလာ အရွယ်တော်မြောက် ဉာဏ်ပညာ ရင့်ကျက် ချိန်သို့ ရောက်သောအခါ ကပိလဝတ် နေပြည်တော်၌ပင် သားတော်ကို အမှူးထားပြီး လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့အား ဟောကြားတော်မူခဲ့သည့် သုံးကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး၌လည်း ရာဟုလော ဝါဒသုတ်တော်အဆုံးတွင် ကျွတ်တမ်းဝင်ခဲ့ကြသော လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့ အရေအတွက်သည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီး မှာကဲ့သို့ မရေမတွက်နိုင်လောက်အောင် များပြားလှပါသည်။
(ဓမ္မာဘိသမယ) တရားပွဲကြီး သုံးကြိမ်အပြင် အကြောင်းအားလျော်စွာ ကာလမရွေး ဒေသမရွေး ပုဂ္ဂိုလ်၊ သတ္တဝါမရွေး ကျွတ်ထိုက်သူမှန်သမျှ တရားဟောပြခဲ့ရာ တစ်သောင်းသော သတ္တဝါ၊ နှစ်သောင်းသော သတ္တဝါ၊ သုံးသောင်းသော သတ္တဝါတို့ ကျွတ်တမ်းဝင်ခဲ့ကြသည်။ တစ်ဦးစီ နှစ်ဦးစီ ကျွတ်တမ်းဝင်ခဲ့ကြသော သတ္တဝါတို့ကား ဂဏန်းအားဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် များပြားခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာသည် သတ္တဝါတို့အား ဝဋ်ဒုက္ခအပေါင်းမှ ကယ်တင်လိုသော အာသီသဖြင့် ပါရမီများကို ဖြည့်ခဲ့သည်။ သုမေဓာရသေ့ဘဝ ဘုရားဆုကို ပန်ဆင်စအခါက သန္နိဋ္ဌာန်ချခဲ့သော “သန္တာရေဿံ သဒေဝကံ=နတ်လူဗြဟ္မာ သတ္တဝါ တို့ကို သံသရာဝဲဇလုပ်မှ ကယ်တင်အံ့”ဟူသော ရည်ရွယ်ချက် အတိုင်း သဗ္ဗုညုတဉာဏ်တော်မြတ်ကို ရရှိတော်မူ သောအခါ ဘုရားရှင်သည် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါတို့အတွက် သစ္စာလေးပါး တရားဒေသနာ တော်များကို နားချိန်မယူ ဟောတော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃-ခုနှစ်တွင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဓမ္မစက္ကပဝတ္တနခေါ် တရားဦးဒေသနာ ဓမ္မစကြာသုတ်တော်ကို ဟောပြ တော်မူကာ ပထမဆုံးသော ဓမ္မရတနာကို စတင် ထုတ်ဖော်တော်မူခဲ့သည်။ သုတ်တော်ပြီးဆုံးချိန်တွင် အရှင်ကောဏ္ဍညမထေရ်နှင့် (၁၈)-ကုဋေသော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် အရိယာသူတော်စင်ဘဝသို့ ရောက်ကြသဖြင့် ပထမဆုံး သော သံဃရတနာ ပေါ်ပေါက်လာလေသည်။ ထိုနှစ် ဝါဆိုလ ပြည့်ကျော် (၅)-ရက်နေ့တွင် ပဉ္စဝဂ္ဂီသောတာပန် မထေရ် ငါးပါးတို့အား အနတ္တလက္ခဏသုတ်တော်ကို ဟောပြ တော်မူခဲ့ရာ ဒေသနာတော် အဆုံး၌ မထေရ်ငါးပါးလုံး ရဟန္တာဖြစ်ကြသဖြင့် ဘုရားရှင် သာသနာဝယ် ပထမဆုံး ရဟန္တာမထေရ်မြတ်တို့ ပေါ်ပေါက်လာတော့သည်။
ဤသို့ဖြင့် ဘုရားဖြစ်ပြီးစ ပထမဝါတော် အချိန်အတွင်းမှာပင် ဗုဒ္ဓရတနာ၊ ဓမ္မရတနာ၊ သံဃရတနာ ရတနာမြတ်သုံး ပါးကို အခိုင်အမာ ထွန်းတောက် စေတော်မူပြီးနောက် သစ္စာလေးပါးတရား ဒေသနာတော်များကို ဆက်လက် ဟောတော်မူခဲ့ရာ အရှင်ယသထေရ် စသော သံဃာတော်များ တိုးပွားလာ ခဲ့သည်။ ပထမဝါကျွတ် တော်မူပြီးနောက် ခြောက်ကျိပ်သော သံဃာတော်အပါး (၆၀)တို့အား သာသနာပြုကြွကြရန် စေလွှတ်တော်မူပြီး ဗုဒ္ဓသာသနာတော်ကြီး ကျယ်ပြန့်အောင် ဆောင်ရွက်တော်မူခဲ့သည်။
ဘုရားရှင်ကိုယ်တော်တိုင်နှင့် အရိယာသံဃာတော်မြတ်တို့၏ အားထုတ် ကြိုးပမ်းမှုကြောင့် ဗုဒ္ဓသာသနာတော်သည် မဇ္ဈိမဒေသတစ်ခွင် ပြန့်နှံ့လာသည်။ ဝေးလံသော ဒေသများသို့ပင် သာသနာ တော် ရောက်ရှိခဲ့သည်။ ဗိမ္ဗိသာရမင်း၊ ကောသလမင်း၊ ပုက္ကုသာတိမင်း၊ စဏ္ဍပဇ္ဇောတမင်း၊ ဥတေန မင်း၊ မဟာကပ္ပိနမင်း၊ သုဒ္ဓေါဒနမဟာရာဇ စသော မင်းအပေါင်းနှင့် ပေါက္ခရသာတိ၊ ဗြဟ္မာယု စသော မင်းဆရာဗြာဟ္မဏကြီးများပင် ဗုဒ္ဓသာသနာ တော်အပေါ် ယုံကြည် သက်ဝင်လာကြသဖြင့် ဗုဒ္ဓဓမ္မလင်းရောင်ခြည်သည် မဇ္ဈိမဒေသကြီး တစ်ခုလုံးကို လွှမ်းခြုံလာသည်။ လူတန်းစား လေးရပ် ဖြစ်သော ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿ၊ သုဒ္ဒတို့ဖြင့် အခြေခံခွဲခြား တည်ထောင်ထားသော မဇ္ဈိမ ဒေသကြီးသို့ လူတန်းစားခွဲခြားမှု ကင်းစင်သော ဗုဒ္ဓသာသနာတော် ရောက်ရှိ နာကြားရသောအခါ နိုင်ငံတော်၏ လူများစု ပြည်သူတို့သည် ဗုဒ္ဓဓမ္မ အနှစ်သာရများကို နှစ်သက်လက်ခံလာကြသည်။
သာသနာ့ဝန်ထမ်း ရဟန်းဘဝသို့ ဝင်ရောက်လာသောအခါ ဇာတ်ကွဲပြားမှု၊ ဆင်းရဲချမ်းသာကွဲပြားမှု၊ ပညာတတ် မတတ် ကွဲပြားမှု၊ အသိုင်းအဝိုင်း ပေါ,မပေါ ကွဲပြားမှု စသည်တို့ ချုပ်ငြိမ်း၍ သာကီဝင် မင်းသား ဘုရားသားတော် သကျပုတ္တဟူသော အသွင်သို့ အားလုံးသက်ဝင်ကြလေသည်။ သာသနာ တော်တွင် သိက္ခာဝါကြီးသူကို ငယ်သူက အရိုအသေပေး ရှိခိုးရသည့် အလေ့အထ ထွန်းကားလာ တော့သည်။ အမျိုးသမီးများသည်လည်း အမျိုးသားများ နှင့်အတူ သစ္စာလေးပါးတရား သိမြင်နိုင် ကြသောကြောင့် ယောကျ်ား မိန်းမ အယူအစွဲသည် ဗုဒ္ဓသာသနာတော်တွင် မရှိတော့သဖြင့် မဟာပဇာပတိဂေါတမီ၊ ယသောဓရာ၊ ခေမာ၊ ဥပ္ပလဝဏ်၊ နန္ဒာစသော ထေရီမ တို့ ပေါ်ထွက်လာ တော့သည်။ လူကြီးများကဲ့သို့ပင် လူငယ်လူရွယ် လူမမယ် လေးများပင် သစ္စာတရား သိမြင်နိုင်လာ ကြသဖြင့် လူကြီးလူငယ် အရွယ်မရွေး သာသနာတော်၏ ဝန်ကို ထမ်းဆောင်လာကြသည်။
ဘုရားရှင်သည် နေ့စဉ်နေ့တိုင်း သတ္တဝါတို့အတွက် တရားဟောတော် မူသကဲ့သို့ပင် မဇ္ဈိမဒေသအနှံ့ ဒေသစာရီကြွချီ၍ တရားဟောတော်မူခဲ့သည်။ လူသတ္တဝါများအတွက် ထိုသို့ဆောင်ရွက်သကဲ့သို့ပင် နတ်ဗြဟ္မာများအတွက်လည်း တရားဟောတော်မူခဲ့သည်။ လူနတ်ဗြဟ္မာတို့အတွက် ထူးမြတ်သော ဒေသနာတော်များကို မပြတ်ဟောပြ အကျိုး ဆောင်၍ နေသော်လည်း လောကီဂုဏ်သိန် ကျော်ကြားမှု ထင်ပေါ်မှုကို လိုလားကြသော ဣဿာ မစ္ဆရိယ ဒေသမာန် မာန အယူအဆမတူ လွဲမှားကြသူတို့၏ အတိုက်အခံ ပြုမှုကိုလည်း ခံယူတော်မူရသည်။
ဝသဝတ္တိနတ်ပြည်မှ မာရ်နတ်မင်း၊ ဗြဟ္မာ့ပြည်မှ ဗကဗြဟ္မာစသော နတ်ဗြဟ္မာများ၊ လူ့လောကမှ အင်္ဂုလိမာလ၊ ဒေဝဒတ္တ၊ နိဂဏ္ဌနာဋပုတ္တ၊ သစ္စကပရိဗိုဇ်စသော တိတ္ထိဆရာကြီးများ၊ စိဉ္စမာဏဝိကာ၊ သုန္ဒရီစသော သူများ၊ နာဠာဂိရိဆင်၊ နန္ဒောပနန္ဒနဂါး၊ အာဠာဝကဘီလူး စသော တိရစ္ဆာန်ရိုင်း များကို ယဉ်ပါးလိမ္မာ သစ္စာသိမြင် ကျွတ်တမ်း ဝင်သည်အထိ မေတ္တာစိတ်ဖြင့် အောင်ပွဲခံယူတော်မူ နိုင်ခဲ့သည်။ ဘုရားရှင်သည် လူသားတို့ အကျိုးအတွက် ဆောင်ရွက်တော်မူသကဲ့သို့ သတ္တမမြောက် ဝါတွင် အဘိဓမ္မာဒေသနာတော်ကို အကျယ်အပြန့် ဟောပြတော်မူ ရန်အတွက် တာဝတိံသာနတ်ပြည် သို့ ကြွရောက်တော်မူခဲ့သည်။
ဤသို့လျှင် ဘုရားရှင်သည် သက်တော်(၈၀) ဝါတော်(၄၅) ကာလကြာ အောင် သာသနာတော်သုံးရပ် တည်ရှိရေး အတွက် ဟောပြဆုံးမတော်မူခဲ့ သဖြင့် ဝေနေယျများစွာ သတ္တဝါတို့သည် သစ္စာလေးပါး တရားအရသာကို သိမြင်ခွင့် ရခဲ့ကြသည်။ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် အဂ္ဂသာဝက နှစ်ပါး ဦးထိပ်ထား၍ အသီတိမဟာသာဝက တပည့်ကြီး အပါး(၈၀)၊ ဧတဒဂ်ဘွဲ့ထူးရ မထေရ်ကြီး များ၊ ထေရီမကြီးများ၊ ဥပါသကဒါယကာကြီးများ၊ ဆဠဘိည, တေဝိဇ္ဇ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ မထေရ်မြတ်ကြီးများ၊ ရဟန္တာ၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်အရိယာများ၊ သီလဝန္တ ကလျာဏပုထုဇဉ်များဖြင့် စည်ပင် ပြန့်ပွားထွန်းကားအောင် ဆောင်ရွက်တော်မူနိုင်ခဲ့သည်။ ဘဝများစွာ ကုသိုလ်ပါရမီမျိုးစေ့စိုက်ပျိုးခဲ့ကြသော အမျိုးကောင်းသား အမျိုးကောင်းသမီး အသီးသီး တို့သည် မိမိတို့ ၏ အထုံဝါသနာအလျှောက် သာသနာတော်သို့ ဝင်ရောက်လာကြသဖြင့် ဗုဒ္ဓ သာသနာတော်သည် ထေရ, ထေရီ, ဥပါသက, ဥပါသိကာ ပရိသတ်လေးပါးတို့ဖြင့် မြင့်မား တက်ကြွ တောက်ပလှသည်။ သာသနာရှေ့ဆောင် ဧတဒဂ်ဘွဲ့ထူးရ မထေရ်ကြီးများဖြစ်ကြသော ---
အရှင်ကောဏ္ဍည၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ဘဒ္ဒိယ၊ အရှင်လကုဏ္ဍက ဘဒ္ဒိယ၊ အရှင်ပိဏ္ဍောလဘာရဒွါဇ၊ အရှင်မန္တာဏီပုတ္တပုဏ္ဏ၊ အရှင်မဟာ ကစ္စာန၊ အရှင်မဟာပန္ထက၊ အရှင်စူဠပန္ထက၊ အရှင်သုဘူတိ၊ အရှင်ခဒိရ ဝနိယရေဝတ၊ အရှင်ကင်္ခါရေဝတ၊ အရှင်သောဏကောဠိဝိသ၊ အရှင်သောဏ ကုဋိကဏ္ဏ၊ အရှင်သီဝလိ၊ အရှင်ဝက္ကလိ၊ အရှင်ရာဟုလာ၊ အရှင်ရဋ္ဌပါလ၊ အရှင်ကုဏ္ဍဓာန၊ အရှင်ဝင်္ဂီသ၊ အရှင်ဥပသေန ဝင်္ဂန္တပုတ္တ၊ အရှင်ဒဗ္ဗမလ္လပုတ္တ၊ အရှင်ပိလိန္ဒဝစ္ဆ၊ အရှင်ဗာဟိယဒါရုစိရိယ၊ အရှင်ကုမာရ ကဿပ၊ အရှင်မဟာကောဋ္ဌိတ၊ အရှင်အာနန္ဒာ၊ အရှင်ဥရုဝေလကဿပ၊ အရှင်ကာဠုဒါယီ၊ အရှင်ဗာကုလ၊ အရှင်သောဘိတ၊ အရှင်ဥပါလိ၊ အရှင်နန္ဒက၊ အရှင်နန္ဒ၊ အရှင်မဟာကပ္ပိန၊ အရှင်သာဂတ၊ အရှင်ရာဓ၊ အရှင်မောဃရာဇ စသော မထေရ်တို့ကြောင့် သာသနာတော်၏ ကျက်သရေသည် တက်နေဝန်းပမာ လင်းရောင်ဖြာခဲ့သည်။ မဟာပဇာပတိဂေါတမီထေရီ၊ ခေမာထေရီ၊ ဥပ္ပလဝဏ္ဏာထေရီ၊ ပဋာစာရာထေရီ၊ ဓမ္မဒိန္နာထေရီ၊ နန္ဒာထေရီ၊ ဗဟုပုတ္တိကသောဏာထေရီ၊ ဗကုလာထေရီ၊ ဘဒ္ဒါကုဏ္ဍလကေသာထေရီ၊ ဘဒ္ဒါ ကာပိလာနီထေရီ၊ ဘဒ္ဒါကစ္စာနာ ယသောဓရာထေရီ၊ ကိသာဂေါတမီထေရီ၊ သိင်္ဂါလက မာတာထေရီ စသော ရဟန္တာထေရီ မြတ်များကြောင်လည်း သာသနာနေဝန်း ထွန်းလင်းခဲ့ပြန်သည်။
တပုဿဘလ္လိကညီနောင်၊ အနာထပိဏ်သူဌေးကြီး၊ စိတ္တသူကြွယ်၊ ဟတ္ထကာဠဝက သီတင်းသည်၊ မဟာနာမသာကီဝင်မင်း၊ ဥဂ္ဂသူဌေး၊ ဥဂ္ဂတသူဌေး၊ သူရမ္ဗဋ္ဌသူဌေး၊ ဇီဝကဆေးဆရာ၊ နကုလ ပိတုသူဌေး စသော ဧတဒဂ်ရ ဥပါသကာ ဒါယကာတို့နှင့် သီဟသေနာပတိ၊ ဃောသက၊ သူဌေး ဥပါလိသူကြွယ်၊ ဇောတိက၊ ဇဋိလ၊ ကာဠဝဠိယစသော သူကြွယ်တို့ကြောင့် ကျောင်းအာရမ် ပစ္စည်း လေးပါး ပေါများခဲ့သည်။
သုဇာတာသူဌေကတော်၊ ဝိသာခါကျောင်းအမကြီး၊ ခုဇ္ဇုတ္တရာ၊ သာမာဝတီ မိဖုရားကြီး၊ ဥတ္တရာ နန္ဒမာတာ၊ သုပ္ပဝါသာ သာကီဝင်မင်းသမီး၊ သုပ္ပိယာဥပါသိကာ၊ ကာတိယာနီ ဥပါသိကာ၊ နကုလမာတာ ဥပါသိကာ၊ ကာဠီဥပါသီကာ စသော ဧတဒင်္ဂရ ဥပါသိကာ ဒါယိကာမကြီးတို့နှင့် မလ္လိကာဒေဝီ, ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာစသော ဥပါသိကာမကြီးတို့ကြောင့် သာသနာ ဝန်ထမ်း ရှင်ရဟန်းတို့ မပင်မပန် သာသနာပြုနိုင် ခဲ့ကြသည်။ သာကီဝင်မင်းမျိုးမှ ရဟန်းဖြစ်သော ဘုရားရှင်၏ ကောင်းစွာသန့်ရှင်းသော အဆုံးအမ သာသနာ သည် ပြန့်နှံ့၍ နေခဲ့ပြီ။ များစွာသော သတ္တဝါတို့လည်း သိခဲ့ကြပြီ။ ပြည့်စုံစည်ကားလျက် ကောင်းစွာပွင့်လင်းခဲ့ပေပြီ။ ဥပတိဿနှင့် ကောလိတ ရဟန်းနှစ်ပါးသည် အဂ္ဂသာဝက၊ စိတ္တနှင့် ဟတ္ထာဠဝကတို့သည် အလုပ်အကျွေး ဥပသကာ၊ နန္ဒမာတာနှင့် ဥတ္တရာတို့သည် အလုပ်အကျွေး ဥပါသိကာမတို့ ဖြစ်ခဲ့ကြကုန်၏။ ဘုရားရှင်သည် တစ်ဆယ့်ခြောက်တောင် မြင့်၍ တစ်လံမျှသော ရောင်ခြည်တော်သည် အမြဲခပ်သိမ်းရှိခဲ့၏။ အသက်တမ်းသည် အနှစ်တစ်ရာ အနည်းငယ်မျှသာရှိ၏။ ဘုရားရှင်သည် အသက်ရှစ်ဆယ်ပြည့် တည်နေ၍ များစွာသော သတ္တဝါအပေါင်းကို ကယ်တင် တော်မူခဲ့၏။ တရားတည်းဟူသော မီးရှုးတိုင်ကို နောင်လာ နောက်သား သတ္တဝါတို့အတွက် စိုက်ထားတော်မူခဲ့ပြီ။ မီးစာ ကုန်ခြင်းကြောင့် ငြိမ်းသောမီးကဲ့သို့ မကြာသောကာလတွင် ဘုရားရှင် သည် တပည့်သား သာဝက သံဃာတို့ကို စွန့်လွှတ်ကာ ဤလောက၌ ပရိနိဗ္ဗာန် ပြုပေတော့မည်။ အတုမရှိသော တန်ခိုးတော်၊ အားတော်၊ သုံးဆယ့် နှစ်ပါးသော လက္ခဏာတော်၊ ရောင်ခြည်တော် တို့အားလုံးသည် မကြာသော ကာလတွင် ကွယ်ပျောက်ကြပေတော့မည်။
ဘုရားရှင် ပရိနိဗ္ဗာန်စံခန်း
[ပြင်ဆင်ရန်]ဘုရားရှင် အိုမင်းရင့်ရော်ချိန် ကြွရောက်ခဲ့သော ခရီးစဉ်
[ပြင်ဆင်ရန်]ဘုရားရှင်သည် နှစ်တစ်ရာသက်တမ်း၌ ဇရာပိုင်းရောက်နေသည့် သက်တော်ခုနစ်ဆယ့်ကိုး၊ ရှစ်ဆယ် ပတ်ဝန်းကျင် ရောက်သည့်တိုင်အောင် လူနတ်ဗြဟ္မာသတ္တဝါတို့အတွက် အလုပ်လုပ်ဆဲပင် ဖြစ်ခဲ့သည်။ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ် တောင်၌ သီတင်းသုံးနေတော်မူစဉ် ဝေဒေဟီမိဖုရား၏ သားတော် မဂဓတိုင်း ရှင် ဘုရင်အဇာတသတ်၏ အမတ်ကြီး ဝဿကာရပုဏ္ဏားကို အကြောင်းပြု၍ မင်းတို့ မဆုတ်ယုတ် ကြောင်း အပရိဟာနိယတရားကို ဟောတော်မူခဲ့ သည့်အပြင် ရဟန်းတို့အားလည်း အပရိယာနိယ တရားများကို ဟောတော်မူခဲ့သည်။ ရာဇဂြိုဟ်ပြည်၌ ဘုရားရှင် အလိုရှိသမျှ နေတော်မူပြီးနောက် ရဟန်းသံဃာများနှင့်တကွ အမ္ဗလဋ္ဌိကာဥယျာဉ်သို့ ကြွရောက် သီတင်းသုံး ခဲ့ပြန် သည်။ ထိုဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ် သီလ၊ သမာဓိ၊ ပညာနှင့် စပ်လျဉ်း၍ ထပ်ခါတလဲလဲ ဟောကြား တော်မူခဲ့သည်။ အမ္ဗလဋ္ဌိကာ ဥယျာဉ်မှ တစ်ဖန် နာဠန္ဒမြို့သို့ ချဉ်းကပ်ခဲ့ပြန်သည်။ ထိုမြို့၌ နေတော်မူစဉ် စိတ်ကို ညစ်ညူးစေတတ်သည့် နီဝရဏတရား ငါးပါးတို့ကို ပယ်၍ သတိပဋ္ဌာန်တရား လေးပါးတို့ကို ပွားများ၍ နေကြရန် ဟောခဲ့ပြန်သည်။ နာဠန္ဒမြို့ ပါဝါရိက သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူပြီးနောက် ပါဋလိရွာသို့ ချဉ်းကပ်ခဲ့ပြန် သည်။ ပါဋလိရွာသား ဒါယကာ၊ ဒါယိကာမများကို သီလကို အဓိကထား၍ သီလ ပျက်ခြင်း၌ အပြစ်၊ သီလ ပြည့်စုံခြင်း၌ အကျိုး စီးပွားကို ဆောင်ရွက်ကြောင်း ဟောကြားတော်မူခဲ့သည်။
ထိုအချိန်က ပါဋလိရွာကို မဂဓတိုင်းအမတ်ကြီး သုနိဓနှင့် ဝဿကာရ ပုဏ္ဏားတို့သည် မြို့တည် လျက်ရှိ၏။ ဘုရားရှင် သည် သုနိဓနှင့် ဝဿဏရ တို့၏ ဆွမ်းကို အလှူခံ၍ အနုမောဒနာ ပြုပြီးနောက် ဂင်္ဂါမြစ်ကို ကူးအံ့သောငှာ ဂင်္ဂါ မြစ်သို့ ကြွသည်ရှိသော် ဂင်္ဂါမြစ်ရေက ပြည့်နေခဲ့သည်။ ထိုအခါ ဘုရားရှင်သည် အားရှိသော ယောက်ျားသည် ကွေးသောလက်ကို ဆန့်သကဲ့သို့ ဆန့်သောလက်ကို ကွေးသကဲ့သို့ ဂင်္ဂါမြစ်၏ ဤမှာဘက်ကမ်းမှ ကွယ်၍ ဟိုမှာ ဘက်ကမ်းသို့ ရောက်ခဲ့၏။ ကမ်းတစ်ဖက်သို့ သွားရောက်လိုသူ အချို့တို့သည် လှေဖောင်တို့ကို ရှာ၍ နေခဲ့ကြကုန်၏။ ထိုအခါ ဘုရားရှင်က---“နက်နဲကျယ်ဝန်းလှစွာသော တဏှာမြစ်ကို ကူးသော အရိယာ ပုဂ္ဂိုလ်သည် အရိယာမဂ် တံတား ကို ဆောက်၍ ကိလေသာ ညွန်ပျောင်း တို့ကို ပယ်စွန့်လျက် ကူးသွားကုန်၏။ လူအပေါင်း သည်ကား မြစ်ကို ကူးရန် ဖောင်ဖွဲ့ကြရ ၏။ တဏှာမြစ်ကို ကူးပြီးသော ပညာရှိ အရိယာပုဂ္ဂိုလ်ကား ဖောင်ကိုဖွဲ့ရန် မလိုတော့ပေ”ဟု ဥဒါန်းကျူးရင့် တော်မူခဲ့၏။
တစ်ဖန် ဘုရားရှင်သည် သံဃာတော်များနှင့်အတူ ပါဋလိရွာမှ ကောဋိရွာသို့ ကပ်ခဲ့ပြန်သည်။ ထိုရွာ၌လည်း သစ္စာ လေးပါး တရားကိုလည်းကောင်း၊ သီလ၊ သမာဓိ၊ ပညာနှင့်စပ်သော တရားတော် များကိုလည်းကောင်း ဟောခဲ့ပြန် သည်။ ကောဋိရွာမှ တစ်ဖန် နာတိကရွာသို့ ကြွတော်မူခဲ့ပြန်သည်။ နာတိကရွာ၌ ဘုရားရှင်သည် “ဓမ္မာဒါသ ဓမ္မပရိယာယ=လူတစ်ဦး သေဆုံးပါက မည်သည့်ဘုံသို့ ရောက်နှိုင်သည်ကို သိရှိရန် ထိုသူပြုလုပ်ခဲ့သည့် ကုသိုလ် အကုသိုလ်ကံကို မှန်သဘွယ်ကြည့်၍ ဆုံးဖြတ်နိုင်ကြောင်း ကြေးမုံတရား”ကို ဟောတော် မူခဲ့သည့်အပြင် သီလ၊ သမာဓိ၊ ပညာနှင့် စပ်လျဉ်းသော တရားတော်တို့ကို ထပ်ခါတလဲလဲ ဟောကြား တော်မူခဲ့သည်။ တစ်ဖန် နာတိကရွာမှ ဝေသာလီပြည်သို့ကြွကာ အမ္ဗပါလီ သရက်ဥယျာဉ်၌ သီတင်းသုံးလျက် သတ္တဝါတို့ကို တရားဟော၍ ချေချွတ် တော်မူခဲ့သည်။ ထိုအချိန်ထိ ဘုရားရှင်သည် ကျန်းမာဆဲပင်ဖြစ်ခဲ့၏။ အိုမင်းရင့်ရော်ခြင်း ဇရာတရား၏ ဒဏ်ချက် ကြောင့် ကိုယ်ပင်ပန်းမှုမျှသာ ဖြစ်ခဲ့သည်။
ဝေဠုဝရွာ၌ ဝါဆိုတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် အမ္ဗပါလီ၏ ဥယျာဉ်၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာကို ခေါ်၍ ရဟန်းသံဃာ တို့နှင့် အတူ ဝေဠုဝရွာသို့ ကြွတော် မူခဲ့၏။ တပည့်သာဝက ရဟန်းသံဃာတို့အား ဝေသာလီပြည်၏ ပတ်ဝန်းကျင်တွင် မိတ်ဆွေ၊ အသိအကျွမ်းများ ရှိရာ၌ ဝါကပ်စေပြီးလျှင် ဘုရားရှင်သည် ဝေဠုဝရွာ၌ ဝါကပ်တော်မူခဲ့၏။
ဝါဆိုပြီးသောအခါ ဘုရားရှင်သည် အိုမင်း ရင့်ရော်ခြင်းဇရာတရား၏ ဒဏ်ချက်ကိုသာမက ဗျာဓိတရား၏ ဒဏ်ချက် ကိုပါ ခံခဲ့ရတော့သည်။ ဘုရားရှင်အား သေလောက်အောင် ပြင်းထန်သည့် ဝေဒနာများဖြစ်ခဲ့သည်၊ ဘုရားရှင်သည် သတိထားဆင်ခြင်လျက် ပင်ပန်းမှုကို သည်းခံတော်မူခဲ့ရှာသည်။ အလုပ်အကျွေးရဟန်းသံဃာတို့ကို မသိစေဘဲ ပရိနိဗ္ဗာန်ပြုခြင်းငှာ မသင့်ကြောင်း ဆင်ခြင်တော်မူမိ၍ ရောဂါဝေဒနာကို ဘာဝနာ ဝီရိယဖြင့် ပယ်လျက် အသက် ရှည်စေနိုင်သော သမာပတ်ကို ဝင်စားကာ နေတော်မူခဲ့၏။ မကြာမီ ရောဂါသည် ပျောက်ကင်းခဲ့၏။ တစ်နေ့သောအခါ ဘုရားရှင်သည် ကျောင်းမှထွက်၍ ကျောင်းအာရာမ် အတွင်း ခင်းထားသော နေရာထက်၌ ထိုင်နေ တော်မူခဲ့သည်။ အရှင် အာနန္ဒာသည် ဘုရားရှင်ထံ ချဉ်းကပ် ၍ “အရှင်ဘုရား...တပည့်တော်သည် အရှင်ဘုရား၏ ကျန်းမာချမ်းသာ တော်မူခြင်းကို တွေ့မြင်ရ၍ စိတ်အေး ရပါ၏။ အရှင်ဘုရား မကျန်းမာခြင်းကြောင့် တပည့်တော် သည် အရပ် မျက်နှာများပင်မကွဲပြား၊ သတိပဋ္ဌာန်တရား စသည်တို့လည်း မထင်ခဲ့ပါကုန်။ ဘုရားရှင်သည် တစ်စုံတစ်ရာ မှာထားချက်ကို မပြုသေးသမျှ ပရိနိဗ္ဗာန် စံဝင်လိမ့်မည် မဟုတ်ဟု အောက်မေ့မိသောကြောင့်သာ တပည့်တော်မှာ သက်သာရာ ရခဲ့ပါသည်”ဟု လျှောက်ထားခဲ့လေသည်။
ထိုအခါ ဘုရားရှင်က--- “အာနန္ဒာ...ရဟန်းသံဃာသည် ငါဘုရားထံမှ ဘယ်အရာကို မျှော်လင့် နေသေးသနည်း။ ငါဘုရားသည် အတွင်းအပြင် မထားဘဲ တရားကို ဟောခဲ့ပြီးပြီ။ တရား၌ ဆရာစား မချန်ခဲ့။ လျှို့ဝှက်ချက် မထားခဲ့။ ငါဘုရားသည် ရဟန်းသံဃာကို ငါဘုရားပိုင်သိမ်းယူ၍ ငါဘုရားကို သာလျှင် အားကိုးကြစေဟုလည်း တောင့်တ မှုမရှိခဲ့ပါ။ ထိုသို့ တောင်တမှု မရှိသော ငါဘုရားသည် အဘယ်သို့သော် မှာထားချက်ကို ပြုရပါ အံ့နည်း”ဟု အမိန့်ရှိခဲ့သည်။
ထိုမှတစ်ဖန် ဘုရားရှင်က ဆက်လက် အမိန့်ရှိပြန်သည်မှာ--- “အာနန္ဒာ...ယခုငါဘုရားသည် အိုမင်းကြီးရင့်၍ အရွယ်လွန်နေ ပါပြီ။ အသက်အဆုံးပိုင်းသို့ ရောက်၍ အနှစ်ရှစ်ဆယ်ရှိပါပြီ။ ယခုအခါ ငါဘုရား၏ ဘဝနေဝင်ချိန် ဖြစ်ပါသည်။ လှည်းအိုသည် ဖွဲ့စည်းတုပ်နှောင်ခြင်းကြောင့် တည်တံ့နေသကဲ့သို့ ငါ၏ ခန္ဓာကိုယ် သည်လည်း ဖွဲ့စည်း တုပ်နှောင်ခြင်းနှင့် တူသော ဖလသမာပတ် ကြောင့်သာ တည်တံ့နေခြင်းဖြစ်ပါသည်။ အာနန္ဒာ...သင်တို့သည် သတိ ပဋ္ဌာန်တရားလေးပါးကို အဖန်ဖန်အထပ်ထပ် ရှုပွားဆင်ခြင်၍ လောက၌ ဖြစ်တတ်သော လိုချင်တပ်မက်ခြင်းနှင့် နှလုံး မသာယာ ခြင်းကို ပယ်ဖျောက်၍နေပါ။ ယခုအချိန်၌ဖြစ်စေ၊ ငါဘုရား ကွယ်လွန်သော အခါ၌ ဖြစ်စေ၊ မိမိတို့၏ ကိုယ်ကိုသာ မှီခိုရာပြု၍ တရားကိုသာ ကိုးကွယ်ရာပြုပြီး နေကြပါ။ ထိုသို့နေခဲ့ ပါလျှင် အကျင့် သိက္ခာကို လိုလားကုန် သော ရဟန်းတို့တွင် အမြတ်ဆုံးရဟန်း အဖြစ်သို့ ရောက်ကြပါလိမ့်မည်”ဟု မိန့်တော်မူခဲ့ပြန်ပါသည်။
အရိပ်အယောင် ပြတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် နံနက်အချိန်၌ ဝေသာလီပြည်တွင်း ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် အရှင်အာနန္ဒာအား ထိုင်ရာ အခင်းကို ယူလာစေ၍ စာပါလစေတီသို့ နေ့သန့်စင်ခြင်းငှာ ချဉ်းကပ် တော်မူခဲ့၏။ ခင်းထားသော နေရာထက်၌ ထိုင်နေတော်မူပြီးနောက် ရှိခိုး၍ ထိုင်နေသော အရှင် အာနန္ဒာအား--- “အာနန္ဒာ...ဝေသာလီပြည်သည် မွေ့လျော်ဖွယ် ရှိ၏။ ဥဒေန စေတီ၊ ဂေါတမက စေတီ၊ သတ္တမ္ဗစေတီ၊ ဗဟုပုတ္တကစေတီ၊ သာရန္ဒဒစေတီ၊ စာပါလစေတီတို့သည်လည်း ပျော်မွေ့ဖွယ်ကောင်း၏။ အာနန္ဒာ...တစ်စုံတစ်ယောက်သောသူသည် ပြီးစီးခြင်း၏ အခြေခံ ]ဣဒ္ဓိပါဒ်} တရားလေးပါး တို့ကို ပွားများထား၏။ လေ့ကျင့် ထား၏။ ယာဉ်ကဲ့သို့ ပြုထား၏။ တည်ရာကဲ့သို့ ပြုထား၏။ ဆောက်လုပ် ထား၏။ ကောင်းစွာဆည်းပူးထား၏။ ကောင်းစွာ အားထုတ်ထား၏။ ထိုသူသည် အလိုရှိခဲ့သော် အသက်တမ်း အာယုကပ်ပတ် လုံး ဖြစ်စေ၊ အသက်တမ်းအာယုကပ်ထက် ကျော်လွန်၍ ဖြစ်စေ တည်နေ နိုင်၏။ အာနန္ဒာ...ငါဘုရားသည် ပြီးစီးခြင်း ၏ အခြေခံ ]ဣဒ္ဓိပါဒ်} တရား လေးပါးတို့ကို ပွားများ ထားပြီး ဖြစ်၏။ လေ့ကျင့်ထားပြီး ဖြစ်၏။ ယာဉ်ကဲ့ သို့ ပြုထားပြီး ဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီး ဖြစ်၏။ ကောင်းစွာဆည်းပူးထားပြီး ဖြစ်၏။ ကောင်းစွာ အားထုတ် ထားပြီး ဖြစ်၏။ သို့ဖြစ်၍ ငါဘုရား အလို ရှိခဲ့သော် အသက်တမ်း ပတ်လုံး ဖြစ်စေ အသက်တမ်းထက် ကျော်လွန်၍ ဖြစ်စေတည်နေနိုင်ပါ၏” ဟု မိန့်ဆိုတော်မူခဲ့ သည်။
ဘုရားရှင်သည် ထင်ရှားသော အရိပ်အယောင်ကို ဤသို့ပင်ပြသော်လည်း အရှင်အာနန္ဒာသည်ကား သဘောမပေါက်ခဲ့။ “အရှင်ဘုရား...နတ်လူ တို့၏ အစီးအပွားအကျိုးငှာ လောကကို စောင့်ရှောက်ရန် ဘုန်းကြီးသော အရှင်ဘုရားသည် အာယုကပ်ပတ်လုံး တည်တော်မူပါလော့”ဟု ဘုရားရှင်ကို မတောင်းပန်မိခဲ့။ အရှင်အာနန္ဒာသည် မာရ်နတ်နှောင့်ယှက်ခံရသော စိတ်ရှိသကဲ့သို့ ဖြစ်ခဲ့ချေ၏။ ဘုရားရှင်သည် သုံးကြိမ်တိုင်တိုင် ပြောဆို၍ အရိပ် အယောင်ပြခဲ့သော်လည်း အရှင်အာနန္ဒာကား သဘောမပေါက်နိုင်၍ တောင်းပန်မှုကိုလည်း မပြုနိုင်ခဲ့ပါ။ အရှင် အာနန္ဒာကသာလျှင် “ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား...လူနတ်တို့၏ အကျိုးစီးပွား အလို့ငှာ အာယု ကပ်ပတ်လုံး တည်နေ တော်မူပါ”ဟု လျှောက်ထားမိခဲ့ပါလျှင် ထိုအချိန်၌ ဘုရားရှင်သည် အာယုသင်္ခါရကို လွှတ်မည်မဟုတ်သေးပေ။
မာရ်နတ်တောင်းပန်ခြင်း
[ပြင်ဆင်ရန်]အရှင်အာနန္ဒာ ဖဲသွား၍ မကြာမြင့်မီ ယုတ်မာသော မာရ်နတ်သည် ဘုရားရှင်ထံ ချဉ်းကပ်ခဲ့၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား...အရှင် ဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပါလော့။ ယခုအခါ ပရိနိဗ္ဗာန် ပြုတော် မူပါလော့။ ပရိနိဗ္ဗာန် ပြုချိန်တန်ပါပြီ။ အရှင်ဘုရားသည် ဤသို့သော စကားကို မိန့်တော်မူဖူးပါသည်။ “မာရ်နတ်...ငါဘုရား၏ တပည့် ပရိသတ် လေးပါးသည် တတ်သိလိမ္မာသည့် အချိန်၊ လောကုတ္တရာ တရားနှင့် လျော်သောအကျင့်ကို ကျင့်နိုင်သော အချိန်သို့ မရောက်သေးသမျှ ငါဘုရား ပရိနိဗ္ဗာန်မပြုနိုင်”ဟု မိန့်တော်မူဖူးပါသည်။ ယခုအခါ အရှင်ဘုရား၏ တပည့် ပရိသတ် လေးပါး တို့သည် တတ်သိလိမ္မာကြပါပြီ။ လောကုတ္တရာ တရားနှင့် လျော်သော အကျင့်ကို ကျင့်နိုင် ကြပါပြီ။ ထို့ကြောင့် ဘုရားရှင်သည် ပရိနိဗ္ဗာန်ပြုချိန် တန်ပါပြီ”ဟု လျှောက်ထားခဲ့သည်။ ထို့အပြင် မာရ်နတ်က ဆက်လက်၍ လျှောက်ထားခဲ့သည်မှာ “မာရ်နတ်...ငါဘုရား၏ မြတ်သော အကျင့်ဟု ဆိုအပ်သော ဤသာသနာ တော်သည် မပြည့်စုံသေး၊ မစည်ပင်သေး၊ မပြန့်ပွားသေးသမျှ ပရိနိဗ္ဗာန် မပြုနိုင်ပါ”ဟု မိန့်ခဲ့ဖူးပါသည်။ ယခုအခါ အရှင်ဘုရား၏ မြတ်သောအကျင့်ဟု ဆိုအပ်သော သာသနာတော် သည် ပြည့်စုံပါပြီ။ စည်ပင်ပါပြီ။ ပြန့်ပွားပါပြီ။ ထို့ကြောင့် အရှင်ဘုရားသည် ပရိနိဗ္ဗာန်ပြုရန် အချိန်တန်ပါပြီ”ဟု လျှောက်ထားခဲ့လေသည်။
အာယုသင်္ခါရ လွှတ်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် စာပါလစေတီ၌ နေစဉ် သတိရှိကာ ပညာနှင့်ဆင်ခြင်လျက် အသက်ရှည်ရန် ပြုပြင်မှု “အာယု သင်္ခါရ”ကို စွန့်လွှတ်တော်မူခဲ့၏။ ဘုရားရှင် အာယုသင်္ခါရကို စွန့်လွှတ်လိုက်သောအခါ ကြောက်မက်ဖွယ် မြေငလျင် အပြင်းအထန် လှုပ်လေတော့၏။ တော်လည်းသံတို့လည်း တခြိမ့်ခြိမ့် မြည်ဟည်းကုန်၏။ ထိုအခါ ဘုရားရှင်သည် “ငါဘုရားသည် အတုမဲ့နိဗ္ဗာန်နှင့် အဖန်ဖန်ဖြစ်မှု ဘဝကို နှိုင်းချိန်လျက် ဘဝဖြစ်ရန် ပြုပြင်တတ်သော ကံကို စွန့် ပယ်ခဲ့လေပြီ။ အဇ္ဈတ္တတရား၌ မွေ့လျော်ကာ တည်ကြည်သောစိတ် ရှိသည်ဖြစ်၍ ချပ်ဝတ်နှင့်တူသော မိမိသန္တာန်၌ ကိလေသာ ကွန်ရက်ကို ဖျက်ဆီးခဲ့လေပြီ”ဟု ကျူးရင့်တော်မူခဲ့၏။
မြေငလျင် ပြင်းစွာလှုပ်ခြင်းအကြောင်းကို မေးမြန်းလျှောက်ထားခြင်း
[ပြင်ဆင်ရန်]အရှင်အာနန္ဒာသည် မြေငလျှင်ကြီးစွာလှုပ်ခြင်း၏ အကြောင်းကို ဘုရားရှင်အား လျှောက်ထားခဲ့၏။ “ဘုန်းတော်ကြီး သော မြတ်စွာဘုရား အံ့ဩဖွယ်ရှိပါပေစွ၊ ကြက်သီးမွေးညင်း ထလောက်အောင် ကြောက်မက်ဖွယ် ကောင်းသော ဤ မြေငလျင် လှုပ်ခြင်းသည် အလွန်ကြီးကျယ်ပါပေစွ။ တော်လည်း သံတို့သည်လည်း တခြိမ့်ခြိမ့် မြည်ဟည်းသွား ပါ ကုန်၏။ အရှင်ဘုရား... မြေငလျင် လှုပ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း ဘုရား”ဟု မေးမြန်းလျှောက်ထား ခဲ့၏။ ထိုအခါ ဘုရားရှင်က အာနန္ဒာအား မြေငလျင်လှုပ်ခြင်း အကြောင်းရှစ်ပါး၊ ပရိသတ်ရှစ်ပါး၊ အဘိဘာယတန ရှစ်ပါး၊ ဝိမောက္ခရှစ်ပါး တို့ကို ဆက်လက်ဟောကြားတော်မူခဲ့သည်။ ထိုနောက် ဘုရားရှင်က ဆက်လက် အမိန့်ရှိခဲ့ပြန်သည်။ “ချစ်သား အာနန္ဒာ...မာရ်နတ်သည် ဘုရားဖြစ်ခါစ ဥရုဝေလ တော၌ သီတင်းသုံး နေတော်မူသည်မှ စ၍ ယခု စာပါလစေတီ၌ နေတော်မူသည့် အခါတိုင်အောင် ငါဘုရား ကို ပရိနိဗ္ဗာန်ပြုပါရန် အစဉ်တစိုက် လျှောက်ထားခဲ့လေပြီ။ မာရ်နတ်၏ ထိုလျှောက်ထားချက်အရ ယနေ့မှ နောက်သုံး လ လွန်မြောက်သောအခါ ငါဘုရား ပရိနိဗ္ဗာန်ပြုတော့မည့်အကြောင်းကို မာရ်နတ်သားအား ဝန်ခံကတိ ပြုခဲ့လေပြီ။ အာနန္ဒာ... ယနေ့ပင် အသက် ရှည်ရန် ပြုပြင်မှုအာယုသင်္ခါရကို စွန့်လွှတ်တော်မူခဲ့လေပြီ”ဟု မိန့်တော်မူခဲ့ လေသည်။
အရှင်အာနန္ဒာ လျှောက်ထားတောင်းပန်ခြင်း
[ပြင်ဆင်ရန်]ထိုအခါ အရှင်အာနန္ဒာသည် ဘုရားရှင်အား “အရှင်ဘုရား...လူနတ်တို့၏ အကျိုးစီးပွားနှင့် လောက ကို စောင့်ရှောက် ခြင်းငှာ အရှင်ဘုရားသည် အာယုကပ်ပတ်လုံး တည်နေတော်မူပါဘုရား”ဟု လျှောက်ထား တောင်းပန်ခဲ့၏။ ဘုရား ရှင် က “ချစ်သားအာနန္ဒာ...တော်လောက်ပြီ။ယခုမှ မတောင်းပန် နှင့်တော့။ ငါဘုရားကို တောင်းပန်ရန် အခါမဟုတ်ပြီ”ဟု မိန့်တော်မူခဲ့၏။ အရှင်အာနန္ဒာသည် သုံးကြိမ်တိုင်တိုင် လျှောက်ထား တောင်းပန်ခဲ့သည်။ ချစ်သား အာနန္ဒာ ...သင် သည် ငါဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်ပါလျက် အဘယ့်ကြောင့် သုံးကြိမ်တိုင်အောင် နှိပ်စက်ဘိသနည်း”ဟု မိန့်တော်မူခဲ့၏။ တစ်ဖန် အရှင်အာနန္ဒာက ပြီးစီးခြင်း၏ အခြေခံ ဣဒ္ဓိပါဒ် တရားလေးပါးတို့ကို အားထုတ်ပြီးသော အရှင်ဘုရားသည် အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ် ထက် ကျော်လွန်၍ ဖြစ်စေ အလိုရှိက တည်နိုင်ကြောင်းကို ကြားနာရဖူးပါကြောင်း ပြန်လည် လျှောက်ထားခဲ့သည်။
ဘုရားရှင်က အရှင်အာနန္ဒာအား “အာနန္ဒာ...သင်သည် ဣဒ္ဓိပါဒ်တရား လေးပါးကို ယုံကြည်ပါလျက် ငါဘုရားရှင် ထင်ရှားသည့် အရိပ်အယောင်ကို ပြသောအခါ သင်သည် မတားမြစ်ခဲ့။ ငါဘုရားသည် ဣဒ္ဓိပါဒ်တရားလေးပါးကို ပွားများပြီးဖြစ်၍ အလိုရှိက အာယုကပ်ပတ်လုံး တည်နေနိုင်ကြောင်း သင်ချစ်သားအား ငါအမိန့်ရှိခဲ့သည်။ သို့သော် သင်ချစ်သားသည် ငါဘုရား ပြောသော စကားကို သဘောမပေါက်နိုင်ခဲ့၊ ငါဘုရားအား တောင်းပန်ခြင်း မပြုနိုင်ခဲ့ပေ။ ဤသို့မတောင်းပန်ခြင်းသည် သင်၏ အပြစ်သာလျှင် ဖြစ်သည်။ ထိုအချိန်က ငါဘုရားအား တောင်းပန်လျှောက်ထား ခဲ့ပါမူ နှစ်ကြိမ်သာ ငြင်းပယ်၍ သုံးကြိမ်မြောက် တောင်းပန်ပါမူ သင်ချစ်သား၏ တောင်းပန် လျှောက်ထား ချက်ကို ငါဘုရား လက်ခံခဲ့ရာ၏။ ငါဘုရားသည် ထင်ရှားသော အရိပ်အယောင်ကို စာပါလစေတီ တွင် သီတင်းသုံးစဉ်ကသာ မိန့်ခဲ့သည် မဟုတ်။ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ် တောင်ထိပ်၊ ဂေါတမက ပညောင်ပင်၊ စောရပပါတ ချောက်ကမ်းပါး၊ ဝေဘာရတောင်နံပါး သတ္တပဏ္ဏိလိုဏ်ဂူ၊ ဣသိဂိလိ တောင်နံပါး ကျောက်ညိုလိုဏ်ဂူအရပ်၊ ရင်းတိုက်တော၊ မြွေပါးပျဉ် နှင့်တူသော တောင်ဝှမ်း၊ တပေါဒါရုံကျောင်း၊ ရှဉ့်စာကျွေးရာ ဝေဠုဝန်ကျောင်း၊ ဇီဝက၏ သရက်ဥယျာဉ်၊ မဒ္ဒကုစ္ဆိအရပ် မိဂဒါဝုန်တော အသီးသီးတွင် သီတင်းသုံး နေတော်မူစဉ်ကလည်း အရိပ်အယောင်ကိုပြ၍ ငါဘုရားသည် မိန့်ခဲ့ဖူးပါ၏။ ဘုရားရှင်သည် အရှင်အာနန္ဒာအား ဆက်လက်အမိန့်ရှိခဲ့ ပြန်သည်။ “အရှင်အာနန္ဒာ...ချစ်သောသူအားလုံးတို့နှင့် ရှင်လျက်ကွဲကွာခြင်း၊ သေ၍ကွဲကွာခြင်း၊ ဘဝခြားလျက် ကွဲကွာခြင်းတို့ကို ရှေးမဆွကပင် ငါဘုရား ဟောကြားခဲ့ပါပြီ။ ဖြစ်ခြင်းသဘော၊ ပြုပြင်ပေး ရခြင်းသဘောရှိ၍ ပျက်စီးခြင်းသဘောရှိသော တရားကို မပျက်စီးပါစေလင့်ဟု တောင့်တ ၍ မရစကောင်းပေ။ မုချဧကန် အမှန်ပျက်စီးမည်ဖြစ်ပါသည်။ ငါဘုရားသည် အသက်ရှည်ရန် ပြုပြင်မှု “အာယု သင်္ခါရ”ကို စွန့်လိုက်ပြီ။ သုံးလလွန်လျှင် ပရိနိဗ္ဗာန်စံ တော့မည်ဟူသော စကားကို အမှန်ပင်ပြောဆိုအပ်ပြီ။ ထိုစွန့်လွှတ်အပ်ပြီးသော အာယုသင်္ခါရနှင့် ပြောဆိုအပ်ပြီးသော ထိုစကားကို ငါဘုရားသည် အသက်ဟူသော အကြောင်းကြောင့်သော်မှလည်း ပယ်ဖျက် တော့မည် မဟုတ်”ဟု မိန့်တော်မူခဲ့လေသည်။
သာသနာ အရှည်တည်တံ့ရေး သုံးဆယ့်ခုနစ်ပါး
[ပြင်ဆင်ရန်]ဘုရားရှင်သည် အရှင်အာနန္ဒာအား ပြောကြားမိန့်ဆိုပြီးနောက်၊ ရဟန်းတို့အား စုဝေးစေ၍ သာသနာအရှည် တည်တံ့ရေးတရား သုံးဆယ့် ခုနစ်ပါးကို ဟောကြားတော်မူခဲ့ပါသည်။ ငါဘုရားသည် ထူးခြားသော ဉာဏ်ဖြင့်သိ၍ ဟောခဲ့သော တရားတို့မှာ သတိပဋ္ဌာန်လေးပါး၊ သမ္မပဓာန် လေးပါး၊ ဣဒ္ဓိပါဒ် လေးပါး၊ ဣန္ဒြေငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ မဂ္ဂင်ရှစ်ပါး တို့ဖြစ်၍ ဤတရားတို့ကို ပွားများလေ့လာ သည်ရှိသော် သာသနာ အရှည်တည်တံ့ပြီး လူနတ်တို့၏ စီးပွားချမ်းသာ ဖြစ်လေရာ၏”ဟု မိန့်တော်မူ ခဲ့သည်။ ထိုနောက် ရဟန်းတို့ကို ဆက်လက် မိန့်တော်မူခဲ့ပြန်ပါ သည်။
“ချစ်သားတို့...ယခု သင်တို့ကို ငါဘုရား မိန့်မှာဦးမည်။ ပြုပြင်ပေးရသော သင်္ခါရတရားတို့သည် ပျက်စီးတတ်ခြင်း သဘောရှိ၍ မမြဲကြကုန်။ မမေ့သော သတိဖြင့် ကိစ္စပြီးအောင် အားထုတ်ကြ။ ငါဘုရား သည် မကြာမီ ပရိနိဗ္ဗာန် ပြုတော့မည်။ ဤနေ့မှ သုံးလလွန်သောအခါ ငါဘုရားသည် ပရိနိဗ္ဗာန် ပြုပါတော့အံ့”ဟု မိန့်ခဲ့ပြန်ပါသည်။ တစ်ဖန် ဆက်၍--- “ရဟန်းတို့...ငါဘုရား၏ အရွယ် သည် ရင့်ရော်လှပြီ။ ဇရာဒုဗ္ဗလအချိန် ဖြစ်သည်။ အသက်ကြွင်းသည် နည်းလှလေပြီ။ သင်တို့ကို စွန့်၍ သွားရတော့မည်။ ငါဘုရားသည် မိမိ၏ ကိုးကွယ်ရာကို ပြုပြင်ပြီးပြီ။ ရဟန်း တို့...မမေ့မလျော့ သတိနှင့် နေရစ်ကြ။ ကောင်းသော သီလစင်ကြယ်သူတို့ ဖြစ်ကြကုန်လော။ သမာဓိတရား ကောင်းစွာထား၍ ကောင်းသော အကြံရှိသူတို့ ဖြစ်ကြ ကုန်လော။ မိမိစိတ်ကို အစဉ်မပြတ် စောင့်ရှောက်ကြ ကုန်လော။ ငါဘုရား၏ သာသနာတော်၌ မမေ့မလျော့ သတိနှင့် နေကြပါမူ သံသရာကို စွန့်ပယ်၍ ဒုက္ခ၏အဆုံးကို ပြုနိုင်ကြပေ လိမ့်မည်”ဟု မှာထား ပြောဆိုခဲ့လေသည်။
ဝေသာလီကို နောက်ဆုံးကြည့်တော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် ဝေသာလီပြည်သို့ ဆွမ်းခံဝင်၍ ဆွမ်းဘုဉ်းပေးတော် မူပြီးနောက် ဆွမ်းစားရာမှ ဖဲခဲ့ပြီးသော် ဝေသာလီ ပြည် ကို ဆင်ပြောင်ကြီး ကဲ့သို့ ပြန်၍လှည့်ကြည့်တော်မူခဲ့လေသည်။ “အာနန္ဒာ.. .ဤယခု ငါဘုရား ရှုကြည့်ခြင်းသည် ဝေသာလီပြည်ကို နောက်ဆုံးကြည့်ရှုခြင်း ပေတည်း”ဟု မိန့်တော်မူခဲ့၏။ ဘုရားရှင်သည် ရဟန်းသံဃာတို့နှင့်အတူ အရှင်အာနန္ဒာ ကို ခေါ်၍ ဘဏ္ဍုရွာသို့ ကြွရောက်တော်မူခဲ့သည်။ ဘဏ္ဍုရွာ၌ သီတင်းသုံးတော်မူစဉ် ရဟန်းတော် တို့ကို တရားဟောခဲ့ပြန်၏။
“ရဟန်းတို့...မြတ်သော အရိယသီလ၊ အရိယသမာဓိ၊ အရိယ ပညာ၊ လွတ်မြောက်မှု အရိယဝိမုတ္တိ၊ ဤလေးပါးသော တရားတို့ကို လျော်ကန်စွာ မသိခြင်းကြောင့် ရှည်လျားလှစွာသော ဤသံသရာ တစ်လျှောက် ကျင်လည်မျောပါး ပြေးသွားခဲ့ကြရကုန်၏။ ရဟန်းတို့ ငါဘုရားသည် ယခုအခါ ဤတရားလေးပါးတို့ကို မှန်ကန်စွာ သိခဲ့ပြီ။ ဘဝ၌ တပ်မက်ခြင်း ဘဝတဏှာကုန်ပြီ။ ဘဝသစ်၌ တစ်ဖန်ဖြစ်ခြင်း မရှိတော့ပြီ။ ဤသို့ ငါဘုရားသည် မှန်ကန်စွာသိသော တရားတို့ကို တပည့် သာဝကတို့အား ဟောပြခဲ့ပြီးလေပြီ။ လူနတ်တို့၏ဆရာ ငါဘုရားသည် ကိလေသာမီး လုံးဝ ငြိမ်း သည်ဖြစ်၍ ဒုက္ခ၏အဆုံးကို ပြုလေပြီ”ဟု ဟောတော်မူခဲ့ပါသည်။
ကိုးကားပြောဆိုသော တရားစကားတို့ကို အမှားအမှန် ဝေဖန်ဆုံးဖြတ်ရန် နည်းလမ်းဥပဒေများ
[ပြင်ဆင်ရန်]ဘုရားရှင်သည် ဘဏ္ဍုရွာ၌ အလိုရှိသမျှ နေတော်မူပြီးလျှင် အရှင်အာနန္ဒာ ကိုခေါ်၍ ရဟန်းသံဃာ များနှင့်အတူ ဟတ္ထိရွာ၊ အမ္ဗရွာနှင့် ဘောဂမြို့သို့ ချဉ်းကပ်တော်မူခဲ့ပြန်သည်။ ဘောဂမြို့ အာနန္ဒာစေတီ၌ သီတင်းသုံး နေတော်မူစဉ် “မဟာပဒေသလေးပါး” ခေါ် ဂုဏ်ရှိသူတို့ကို ကိုးကား ပြောဆို သော တရားစကားတို့ကို အမှားအမှန် ဝေဖန်ဆုံးဖြတ် တတ်ရန် နည်းလမ်း များကို ရဟန်းတို့အား ဟောတော်မူခဲ့ပြန်သည်။ ဘုရားရှင်၏ သတ္တဝါများအပေါ် သနားခြင်း မဟာကရုဏာ တော်သည် ကြီးမားလှပါဘိ။ တပည့် သာဝကများသည် သူတစ်ပါးပြောသည့် ဓမ္မဝိနယနှင့် မညီသော စကားတို့ကို နာယူမိ၍ အကျင့်စောင်းကာ အကျိုးယုတ်မည်ကို စိုးရိမ် တော်မူရှာခဲ့သည်။ သူတစ်ပါး ပြောတိုင်း လက်မခံဘဲ၊ ဓမ္မဝိနယနှင့် ကိုက်ညီမှသာ လက်ခံကြရန် ဆုံးမခဲ့ခြင်းဖြစ်သည်။
- (၁) “ရဟန်းတို့...ငါသည် ဤတရားစကားကို ဘုရားရှင်၏ မျက်မှောက်တော်မှ ကြားနာခဲ့ရ၏”ဟု ဆိုသော်လည်း ထိုတရားတော်ကို အလွယ်တကူ လက်မခံရန်၊
- (၂) “ငါသည် ဤမည်သော ကျောင်းမှ အကြီးအမှူး မထေရ်ကြီးနှင့် တကွသော သံဃာတော်များထံမှ
ဤတရားစကားကို ကြားနာခဲ့ရ၏”ဟု ဆိုသော်လည်း ထိုတရားတော်ကို အလွယ်တကူ လက်မခံရန်၊
- (၃) ဤမည်သော ကျောင်းမှ အကြားအမြင်များကာ ပါဠိတော်များကို နှုတ်ငုံဆောင်ကုန်သော သံဃာများထံမှ
ဤတရားစကားကို ကြားနာခဲ့ရ၏ဟု ဆိုသော်လည်း အလွယ်တကူလက်မခံရန်၊
- (၄) ဤမည်သောကျောင်းမှ ပါဠိတော်များကို နှုတ်ငုံဆောင်၍ အကြားအမြင်များသော မထေရ်ထံမှ
ဤတရားစကားကို ကြားနာခဲ့ရ၏ဟု ဆိုသော်လည်း ထိုတရားတော်ကို အလွယ်တကူ လက်မခံရန်၊ အထက်ပါ ကိုးကားပြောဆိုသော တရားစကားများကို အလွယ်တကူ လက်မခံသည့်နည်းတူ ပယ်လည်းမပယ်သေးဘဲ သုတ္တန်တရားတော်၌ သွင်းကြည့်ရမည်။ ဝိနည်းတော်၌ နှီးနှော ကြည့်ရပါမည်။ သုတ္တန်တရားတော်၌ သက်ဝင်ခြင်း၊ ဝိနည်းတော်နှင့် နှီးနှောမိခြင်း မရှိပါက ထိုကိုးကားသော တရားစကားများသည် ဘုရားရှင်၏ တရားစကား စစ်စစ်မဟုတ်ပါ။ မှားယွင်းစွာ သင်ယူထားသော တရားစကားသာ ဖြစ်ချေသည်”ဟု ဆုံးဖြတ်ချက် ချရမည် ဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပါသည်။
စုန္ဒရွှေပန်းတိမ်သည်၏ ဝက်ပျိုသားကို ဘုဉ်းပေးတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် အရှင်အာနန္ဒာကိုခေါ်၍ ရဟန်းသံဃာများနှင့်အတူ ဘောဂမြို့မှ ထွက်ခွာတော်မူကာ ပါဝါပြည် ရွှေပန်းတိမ်သည်၏သား စုန္ဒ၏ သရက်ဥယျာဉ်သို့ ချဉ်းကပ်တော်မူခဲ့ပြန်သည်။ စုန္ဒသည် မိမိ၏ သရက် ဥယျာဉ်၌ ဘုရားရှင်နှင့် သံဃာတော်များ သီတင်းသုံးနေတော်မူကြောင်း ကြားသိရ သောအခါ ဘုရားရှင်ထံ သွားရောက်၍ ရှိခိုးပူဇော်ပြီးလျှင် ရဟန်းသံဃာနှင့်တကွ ဘုရားရှင်အား နက်ဖြန်ဆွမ်းအလှူခံရန် ပင့်ဖိတ်ခဲ့သည်။ စုန္ဒသည် မိမိ၏နေအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်နှင့် နူးညံ့သော ဝက်ပျိုသား (သူကရမဒ္ဒဝ)တို့ကို စီရင်ချက်ပြုတ်ပြီးလျှင် ဘုရားရှင်နှင့် သံဃာတော် တို့အား ဆွမ်းကပ်ခဲ့လေသည်။ ထိုအခါ ဘုရားရှင်က “ချစ်သားစုန္ဒ သင်စီရင်ထားသော နူးညံ့သည့် ဝက်ပျိုသားဖြင့် ငါဘုရားအား လုပ်ကျွေး၍ အခြားခဲဖွယ်ဘောဇဉ်ဖြင့် သံဃာတော်များကို လုပ်ကျွေးပါ လေ”ဟု စုန္ဒအား မိန့်တော်မူခဲ့သည်။ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီးသောအခါ စုန္ဒကို ခေါ်ပြန်၍ “ချစ်သားစုန္ဒ. ..သင်၏ကြွင်းကျန်သော နူးညံ့သည့် ဝက်ပျိုသားကို တွင်းတူး၍ ထိုတွင်း၌ မြှုပ်နှံလော့။ နတ်နှင့်တတွသော ခပ်သိမ်း သော လောက၌ ထိုနူးညံ့သော ဝက်ပျိုသားကို စားမိခဲ့လျှင် ငါဘုရားမှတစ်ပါး ကောင်းစွာ အစာကြေအံ့သော ပုဂ္ဂိုလ်ကို ငါဘုရား မြင်တော်မမူ”ဟု မိန့်ဆိုတော် မူခဲ့ပါသည်။ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း ကိစ္စပြီးဆုံးသော် စုန္ဒကို တရားဟောတော်မူ၍ ကြွတော်မူခဲ့သည်။
ဘုရားရှင်သည် ရွှေပန်းတိမ်သည်၏သား စုန္ဒ၏ဆွမ်းကို ဘုဉ်းပေးပြီးသောအခါ ဘုရားရှင်အား ကြမ်းတမ်းသော ဝေဒနာ သေလောက်အောင် ပြင်းထန်သော ဝမ်းသွေးသွန်ရောဂါသည် ဖြစ်ပေါ် လာခဲ့သည်။ ဘုရားရှင်သည် ထိုဝေဒနာ ကို သတိဖြင့် ဆင်ခြင်လျက် ပင်ပန်းသည်ဟု မမှတ်ထင်ဘဲ သည်းခံ တော်မူခဲ့၏။
သောက်ရေ ဆောင်စေတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် အရှင်အာနန္ဒာကိုခေါ်၍ ရဟန်းသံဃာနှင့်အတူ ပါဝါ ပြည်မှ ကုသိနာရုံပြည်သို့ ကြွတော်မူခဲ့သည်။ ထိုသို့ကြွတော်မူစဉ် တစ်ခုသော သစ်ပင်ရင်းသို့ ချဉ်းကပ်မိသောအခါ “အာနန္ဒာ ...ငါဘုရား၏ ဒုကုဋ် သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေးပါ။ ငါဘုရား ပင်ပန်းလှပြီ။ ထိုင်ဦးအံ့”ဟု အရှင်အာနန္ဒာအား မိန့်တော်မူသည်။ ဘုရားရှင် သည် အရှင်အာနန္ဒာခင်းပေးသော နေရာ၌ ထိုင်တော်မူ၏။ “အာနန္ဒာ...ရေကို ဆောင်ပါလေ၊ ငါဘုရား မွတ်သိပ်လှ ပါ၏။ ရေသောက်ပါအံ့”ဟု မိန့်တော်မူ လေလျှင် အရှင်အာနန္ဒာက “အရှင်ဘုရား ...လှည်းအစီးငါးရာတို့ ယခုပင် ဖြတ်ကူးသွားကြပါကုန်၏။ ချောင်းသည် ရေနည်းသည်ဖြစ်၍ နောက်ကျု လျက်ရှိပါသည်။ ကကုဓမြစ်သည် မဝေးလှတော့ပါ။ ထိုမြစ်ရေသည် ကြည်လင်ပါ၏။ ချိုမြိန်ပါ ၏။ အေးမြပါ၏။ ညွန်ကင်းသော ရေဖြစ်ပါ၏။ ကောင်းသောဆိပ်ကမ်းလည်း ရှိပါ၏။ မွေ့လျော်ဖွယ်လည်း ဖြစ်ပါ၏။ ထိုမြစ်၌ ဘုရားရှင်သည် ရေကိုလည်း သောက် တော်မူရပါမည်။ ကိုယ်တော် ကိုလည်း အေးမြအောင် ပြုတော်မူရပါမည်”ဟု လျှောက်ထားခဲ့သည်။ ဘုရားရှင် သည် အရှင်အာနန္ဒာအား သောက်ရေဆောင် ယူရန် ဒုတိယအကြိမ် စေခိုင်းတော်မူပြန်သည်။ အရှင်အာနန္ဒာကလည်း ရှေးနည်းအတိုင်း ဘုရားရှင်အား လျှောက်ထားခဲ့သည်၊ ဘုရားရှင်သည် အရှင်အာနန္ဒာအား တတိယအကြိမ် စေခိုင်းတော်မူသောအခါ အရှင်အာနန္ဒာလည်း “ကောင်းပါပြီ” ဟု ဝန်ခံကာ သပိတ်တော်ကိုယူ၍ ထိုချောင်းဆီသို့ ချဉ်းကပ်ခဲ့တော့သည်။
ထိုအခါ လှည်းများဖြတ်ကူးထားသောကြောင့် နောက်ကျုလျက် စီးဆင်း နေသော ထိုချောင်းရေ အနည်းငယ်သည် အရှင်အာနန္ဒာချဉ်းကပ်သွား သောအခါ ကြည်လင်သန့်ရှင်း၊ နောက်ကျုခြင်းကင်း၍ စီးဆင်းနေခဲ့သည်။ အရှင်အာနန္ဒာ သည် ထိုသို့သော အံ့ဖွယ်အခြင်းအရာကို တွေးတောဆင်ခြင် လျက် သပိတ်တော်ဖြင့် သောက်ရေကို ခပ်ယူကာ ဘုရားရှင်ထံပြန်လာခဲ့၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား...အရှင်ဘုရား၏ တန်ခိုးအာနုဘော် ကြီးမားပါပေစွ။ အံ့ဩဖွယ် ရှိပါပေစွ။ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။ ယခုပင် လှည်းများ ဖြတ်ကူးထားသောကြောင့် နောက်ကျုကာ စီးဆင်းနေသော ရေသည် တပည့်တော်ချဉ်းကပ်သွားသောအခါ ကြည်လင်သန့်ရှင်း နောက်ကျုခြင်း ကင်းလျက် စီးနေခဲ့ပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား...သောက်ရေကို သုံးဆောင်တာ်မူပါလော့”ဟု လျှောက်ထားကာ ရေကိုဆက်ကပ်ခဲ့လေသည်။ ထိုအခါ ဘုရားရှင်သည် သောက်တော်ရေကို သုံးဆောင်တော်မူခဲ့၏။
ပုက္ကုသမလ္လမင်းသားနှင့် တွေ့ဆုံခြင်း
[ပြင်ဆင်ရန်]ကာလာမအနွယ် အာဠာရ၏တပည့် မလ္လမင်းသား ပုက္ကုသသည် ကုသိနာရုံမှ ပါဝါပြည်သို့အသွား သစ်ပင်ရင်း၌ ထိုင်နေတော်မူသော ဘုရားရှင်ကို တွေ့မြင်ရ၍ ဘုရားရှင်ထံချဉ်းကပ်ကာ ရှိခိုးပြီး နောက် “အံ့ဖွယ်ရှိပါပေစွ။ မဖြစ်စဖူး ဖြစ်ပါပေစွ။ အရှင်ဘုရား...ရဟန်းတို့သည် ငြိမ်သက်သော သမာပတ်ဖြင့် နေတော်မူကြပါပေစွတကား”ဟု လျှောက် ထား ပြောဆို၏။ ထိုနောက် ပုက္ကုသသည် သူ၏ဆရာ အာဠာရ၏အကြောင်းကို ဆက်လက်၍လျှောက် ထားခဲ့ပြန် သည်။ တစ်ချိန်သောအခါက အာဠာရအနီးမှ လှည်းငါးရာ ဖြတ်သွားရာ သမာပတ်ချမ်းသာဖြင့် နေခဲ့၍ မသိခဲ့ကြောင်း လျှောက်ထားသည်။ ထိုအခါ ဘုရားရှင်က “ပုက္ကုသ...အခါတစ်ပါး၌ ငါဘုရားသည် အာတုမမြို့ ကောက်ရိုးတဲတစ်ခု၌ သီတင်းသုံးနေခဲ့၏။ မိုးရွာပြီး ထစ်ချုန်း၍ မိုးများ ခြိမ်းကာ လျှပ်စစ်များပြက်၍ မိုးကြိုး ပစ်သောကြောင့် ကောက်ရိုးတဲ အနီး နွားလေးကောင်နှင့် လယ်သမားညီနောင် နှစ်ယောက်တို့ သေခဲ့ကြ၏။ သို့သော် ငါဘုရားသည် မိုးရွာသံ၊ မိုးချုန်း သံ၊ မိုးကြိုးပစ်သံတို့ကို မကြားလည်း မကြားခဲ့။ မမြင်လည်း မမြင်ခဲ့၊ ငါဘုရား၏ စိတ်သညာလည်း ရှိနေခဲ့ပါသည်ဟု ပြန်လည်အမိန့် ရှိခဲ့သည်။ ထိုအခါ ပုက္ကုသသည် လွန်မင်းစွာနှစ်သက်သွားပြီး သဒ္ဓါတရားပေါက်ကာ ဘုရားရှင် အား ရွှေအဆင်းရှိသော အဝတ်ချောပုဆိုးအစုံကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုနောက် ဘုရားရှင်သည် များစွာသော ရဟန်းသံဃာနှင့်အတူ ကကုဓာမြစ်သို့ ချဉ်းကပ်တော်မူ၍ ထိုမြစ်သို့ သက်ဆင်းလျက် ရေချိုးတော်မူ၊ သောက်တော်မူခဲ့၏။ မြစ်မှပြန်တက်ပြီးလျှင် သရက်တော သို့ ချဉ်းကပ်၍ “စုန္ဒ... ငါဘုရား၏ ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်၍ ခင်းပေး လော့။ ငါဘုရား ပင်ပန်းလှ၏။ လျောင်းစက်ဦး မည်”ဟု အရှင်စုန္ဒမထေရ်ကို မိန့်တော်မူခဲ့၏။ ဘုရားရှင် သည် သတိရှိဆင်ခြင်လျက် လက်ယာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကိုပြုကာ အနားယူခဲ့ ရပြန်၏။ ခရီးစဉ် တစ်လျှောက် မကြာခဏ အနားယူကာ ဝေဒနာကို သည်းခံခဲ့ ရရှာ၏။ ရာဂ မကင်း သေးသော အရှင်အာနန္ဒာကဲ့သို့သော တပည့်သာဝကများအဖို့၊ ရင်ထုမနာ ဖြစ်ခဲ့ရမည်မှာ အမှန်ပင်ဖြစ်သည်။
မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ ကြွတော်မူခြင်း
[ပြင်ဆင်ရန်]ဘုရားရှင်သည် ရဟန်းသံဃာနှင့်တကွ အရှင်အာနန္ဒာကို ခေါ်တော်မူ၍ ဟိရညဝတီမြစ်၏ ဟိုမှာဘက်ကမ်း၊့ုသိနာ ရုံမြို့အဝင် တံခါးအနီး လမ်းကွေ့၊ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ ဆိုက်ရောက်တော်မူခဲ့၏။ အင်ကြင်း ယျာဉ်သို့ ရောက်လျှင်ပင် “အာနန္ဒာ...အင်ကြင်းပင်အစုံတို့၏ အကြား၌ မြောက်အရပ်ကို ဦးခေါင်းပြုကာ ညောင်စောင်း ကိုခင်း ပါလေ။ အာနန္ဒာ...ငါဘုရား ပင်ပန်း လှပြီ၊ လျောင်းစက်ပါရစေ”ဟု မိန့်တော်မူခဲ့၏။ အရှင်အာနန္ဒာသည် ဘုရားရှင် မိန့်တော်မူ သည့်အတိုင်း ညောင်စောင်းကို ခင်းခဲ့၏။ ထိုအခါ ဘုရားရှင်သည် လက်ယာ ခြေတော်ပေါ်၌ လက်ဝဲ ခြေတော်ကို အနည်းငယ်ကျော်လွန်အောင် တင်ထား၍ သတိဖြင့် ဆင်ခြင် လျက် လက်ယာ နံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူခဲ့၏။ အင်ကြင်းပင် အစုံတို့သည် အခါမဲ့ပွင့် သော ပန်းတို့ဖြင့် ပင်လုံးကျွတ် ပွင့်လျက် ရှိကုန်၏။ ထိုအင်ကြင်းပန်းတို့သည် ဘုရားရှင်ကို ပူဇော် သည့် အနေဖြင့် ဘုရားရှင်၏ ကိုယ်တော်ထက်သို့ အဆက် မပြတ် ပန်းများကျနေခဲ့ကြ၏။ ကြဲဖြန့်သကဲ့သို့ ဖြစ်ခဲ့၏။ ကိုယ်တော်အပေါ် ပန်းများလွှမ်းကုန်၏။ နတ်တူရိယာ တို့သည်လည်း ဘုရားရှင်ကို ပူဇော်သည့်အနေဖြင့် ကောင်းကင်၌ တီးမှုတ်လျက် ရှိခဲ့ကုန်၏။ နတ်သီချင်းသံ တို့သည် လည်း ကောင်းကင်၌ သာယာငြိမ့်ငြောင်းစွာ ပြန့်လွင့်၍ အလိုလိုမြည်ကြကုန်၏။ ဝမ်းနည်းဖွယ် လွမ်းဆွတ်တသ ဖွယ်ကောင်းသည့် မြင်ကွင်း မျိုးပင်ဖြစ်ခဲ့သည်။
ထိုအခါ ဘုရားရှင်က အရှင်အာနန္ဒာအား “အာနန္ဒ...အင်ကြင်းပင် အစုံတို့ သည် ပင်လုံးကျွတ် အခါမဲ့ ပွင့်လျက် ငါဘုရား၏ကိုယ်တော်ထက်သို့ မပြတ်မစဲ ကြဲဖြန့်ခြင်း၊ မန္ဒာရဝနတ်ပန်းတို့ ကောင်းကင်မှ ကျလျက် ပူဇော်နေ ကြခြင်း၊ နတ်၌ဖြစ်သော စန္ဒကူးနံ့သာမှုန့်တို့ ကောင်းကင်မှကျကာ ငါဘုရား ကိုယ်တော်ပေါ် ကြဲဖြန့်သကဲ့သို့ ပူဇော်နေကြခြင်း၊ နတ်တူရိယာတို့ ကောင်းကင်၌ တီးမှုတ်နေကြခြင်း၊ နတ်သီချင်းသံတို့ ကောင်းကင်၌ သာယာ ငြိမ့်ငြောင်းစွာ ဖြစ်ပေါ်နေကြခြင်းဖြင့် ငါဘုရားရှင်ကို ပူဇော်နေခဲ့ကြ၏။ ဤမျှလောက်ပူဇော်ကာမျှဖြင့် ဘုရားရှင်အား ပူဇော်သည် မမည်။ အရို အသေပြုသည် မမည်။ အလေးပြုသည် မမည်။ မြတ်နိုးသည် မမည်။ အာနန္ဒာ ... ဤသာသနာ တော်၌ လောကုတ္တရာတရားနှင့်အညီ ကျင့်ကြံ နေထိုင် ကြပါမှ ငါဘုရားကို ပူဇော် သည်မည်၏။ အရိုအသေပြုသည်မည်၏။ အလေးပြုသည် မည်၏။ ဤသို့နှလုံးသွင်းလျက် သင်တို့ ကျင့်ကြံအားထုတ် နေထိုင်ကြရ မည်”ဟု မိန့်တော်မူခဲ့သည်။
အရှင်ဥပဝါဏမထေရ်အား ဖယ်ခိုင်းခြင်း
[ပြင်ဆင်ရန်]အရှင်ဥပဝါဏမထေရ်သည် ဘုရားရှင်၏ အလုပ်အကျွေးတစ်ပါး ဖြစ်ခဲ့၏။ ဘုရားရှင်အား ယပ်ခပ် လျက် ဘုရားရှင်၏ ရှေ့တော်၌ ရပ်တည်နေခဲ့သည်။ ထိုအခါ ဘုရားရှင်က “ရဟန်း ...ဖယ်သွား ပါလေ။ ငါဘုရားရှေ့၌ ရပ်မနေလင့်”ဟု မိန့်တော်မူကာ အရှင်ဥပဝါဏ ရဟန်းအား ဖယ်စေတော် မူခဲ့၏။ ထိုသို့ ဖယ်ခိုင်းခြင်း အကြောင်းကို အရှင်အာနန္ဒာက ဘုရားရှင်အား လျှောက်ထားသောအခါ ဘုရားရှင်က “တစ်သောင်းသော လောကဓာတ်ရှိ နတ်အပေါင်းတို့သည် ငါဘုရားကို ဖူးမြော်ရန် စုဝေးကာ လာရောက် ခဲ့ကြကုန်၏။ မလ္လမင်း တို့၏ ဥယျာဉ်၏ထက်ဝန်းကျင် တစ်ဆယ့်နှစ် ယူဇနာအတွင်း တန်ခိုးကြီးသော နတ်တို့သည် ပြည့်နေခဲ့၏။ သားမြီးဖျား ထိုးလောက်ရုံမျှသော အရပ်သည်ပင် မရှိခဲ့။ နတ်တို့က “ငါတို့သည် ဘုရားရှင်ကို ဖူးမြင်ရန် အဝေးမှ လာခဲ့ကြရ ကုန်၏။ ဘုရားရှင်တို့သည် လောက၌ တစ်ခါ တစ်ရံသာ ပွင့်တော်မူ ကုန်၏။ ဘုရားရှင်သည် ယနေ့ ညဉ့်နောက်ဆုံးယံ၌ ပရိနိဗ္ဗာန်စံတော့အံ့။ ထိုတန်ခိုးကြီး သော ဥပဝါဏ ရဟန်းသည် ဘုရားရှင်၏ ရှေ့တော်၌ကွယ်၍ ရပ်နေဘိ၏။ ငါတို့သည် နောက်ဆုံးအချိန်၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့် ရရှိတော့မည် မဟုတ်”ဟု ဥပဝါဏရဟန်းကို ကဲ့ရဲ့နေခဲ့ကြ၏။ ထို့ကြောင့် ငါဘုရားသည် ဥပဝါဏ ရဟန်း ကို ဖယ်ခိုင်းခြင်းဖြစ်သည်”ဟု ပြန်လည် မိန့်တော်မူခဲ့သည်။
သံဝေဂရစေတတ်သော ဌာနလေးပါး
[ပြင်ဆင်ရန်]“ဘုန်းတော်ကြီးသော မြတ်စွာဘုရား...အရပ်လေးမျက်နှာ၌ ဝါဆိုဝါကပ် ပြုတော်မူကြကုန်သော ရဟန်းသံဃာတို့သည် ဝါလကင်းလွတ် သီတင်းကျွတ် သည့်အခါ ဘုရားရှင်ထံ လာရောက် ဖူးမြော်လေ့ ရှိခဲ့ကြပါကုန်၏။ အရှင်ဘုရား ပရိနိဗ္ဗာန်စံပြီးသော အခါ၌ကား ထိုရဟန်းတို့သည် ဖူးမြော်ခွင့် ရကြတော့မည် မဟုတ်ပါ”ဟု အရှင်အာနန္ဒာက ဘုရားရှင်အား လျှောက်ထားခဲ့လေသည်။ ထိုအခါ ဘုရားရှင်က “အာနန္ဒာ...သဒ္ဓါတရား ရှိသောသူသည်---
- (၁) ဘုရားရှင် ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်၊
- (၂) အမြတ်ဆုံး သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူရာ မဟာဗောဓိပင်၊
- (၃) အမြတ်ဆုံး ဓမ္မစကြာတရားကို ဟောတော်မူရာ မိဂဒါဝုန်တော၊
- (၄) ခန္ဓာအကြွင်းမရှိသော အနုပါဒိသေသ နိဗ္ဗာန်ဓာတ်ဖြင့် ပရိနိဗ္ဗာန် ပြုရာ ကုသိနာရုံ---
တို့ကို အောက်မေ့လျက် လာရောက်ကုန်ငြားအံ့။ ထိုသို့ စေတီပုထိုးကို ဖူးမြော်ရန် လှည့်လည် သွားလာသူတို့သည် သေသည်၏ အခြားမဲ့၌ နတ်ရွာသုဂတိသို့ လားရောက် ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည်။