စည်းလုံးခြင်းသည်အင်အား
သင်ခန်းစာ (၃၁)
စည်းလုံးခြင်းသည် အင်အား
[ပြင်ဆင်ရန်]ရှေးအခါက ခွန်အားဗလနှင့်ပြည့်စုံသော ဝက်ကလေးတစ်ကောင် ရှိသည်။ သူ၏အမည်မှာ အားမာန်ဖြစ်သည်။ သူသည် ဘေးကင်းရန် လူတို့နှင့်ဝေးရာ တောအရပ်သို့ ထွက်လာခဲ့သည်။ တောအုပ် အတွင်းရှိ တောင်ကြားတစ်ခုတွင် အစာရေစာပေါ သောကြောင့် တောထဲရှိဝက်များ အုပ်စုဖွဲ့ နေထိုင် လျက်ရှိသည်။ ဝက်ကလေးအားမာန်သည် ထိုနေရာသို့ ရောက်သွားခဲ့၏။ အားမာန်သည် အခြား ဝက်များ၏ ကြောက်လန့်နေသည့် အမူအရာကို မြင်၍ “သင်တို့ ဘာဖြစ်လို့ ကြောက်လန့်နေကြ တာလဲ၊ ဘာကို ကြောက်လန့်နေကြတာလဲ”ဟု မေးလိုက်၏ ။ ။
ထိုအခါ အခြားဝက်များက “ဝက်ကလေး အားမာန်ရယ် ... အလွန်ဆိုးဝါးတဲ့ ကျားတစ်ကောင်ဟာ နေ့တိုင်းရောက်လာပြီး ဝက်တစ်ကောင်စီကို ကိုက်ချီစားသောက်နေပါတယ်၊ ဒါ့ကြောင့် ဝက်တွေအားလုံး ကြောက်လန့်နေကြတာပါ”ဟု ပြန်ပြောလေသည်။ ။
ထိုအခါ ဝက်ကလေးအားမာန်က “အဲဒီကျားကို သင်တို့ ပြန်လည်ခုခံပြီး မတိုက်ခိုက်ကြဘူး လား”ဟု မေးလိုက်၏။ “မဖြစ်နိုင်တာ အားမာန်ရယ်၊ ကျားကို ကျွန်ုပ်တို့ဝက်တွေက ဘယ်လိုလုပ် ပြန်တိုက်လို့ ရပါ့ မလဲ”ဟု ပြန်ဖြေကြသည်။ အားမာန်က “ဝက်တွေက အများကြီးပဲ၊ ကျားဆိုးက တစ်ကောင်တည်း၊ အားလုံးစုပေါင်းပြီး တိုက်ခိုက်ရင် ကျားဆိုးကြီးကို အနိုင်ရနိုင်ပါတယ်”ဟု ပြောသည်။ ထို့နောက် ကျားဆိုးကို ပြန်လည်တိုက်ခိုက်ရန် တိုင်ပင်ပြီး ကြိုတင်စီစဉ်ကြလေသည်။
ဝက်ကလေးအားမာန်သည် ကျားဆိုးကြီးကို တိုက်ခိုက်ရာ၌ မကြောက်ရန်နှင့် တုန်လှုပ်မှုမရှိစေရန် ဝက်များအား နှိုးဆော်ထားသည်။ ကျားဆိုးကြီးလာသောအခါ ဝက်အားလုံးက ကျားဆိုးကြီးအား စိုက်ကြည့်နေလိုက်ကြသည်။ ကျားဆိုးကြီးသည် ဝက်များကို ကြည့်လျက် “ခါတိုင်းဆိုရင် ဝက်တွေဟာ ငါ့ကို မြင်တာနဲ့ ခြေဦးတည့်ရာ ထွက်ပြေးသွားကြတယ်၊ သူတို့ထွက်ပြေးတာနဲ့ နီးစပ်ရာ ဝက်တစ်ကောင်ကို ကိုက်ချီပြီး စားပစ်လိုက်ရုံပဲ၊ ဒီနေ့တော့ ဝက်တွေက ထူးဆန်းနေလိုက်တာ”ဟု တွေးပြီး ရှေ့သို့ ဆက်မတိုးဘဲ ပြန်သွားခဲ့သည်။
တောထဲသို့ ရောက်သောအခါ ကျားဆိုးကြီး၏ စားကြွင်းစားကျန်များကို စားနေကျဖြစ်သော မြေခွေးသည် “ခါတိုင်း ဝက်တစ်ကောင်တစ်ကောင် နေ့တိုင်း စားနေကျဖြစ်ပြီး ဒီနေ့တော့ ဘာမှ မပါ လာပါလား၊ ကျားဖြစ်ပြီး ဝက်ကို မနိုင်တာ ရှက်စရာကောင်းလိုက်တာ”ဟု ကျားဆိုးကြီးကို လှောင်ပြောင်လိုက်၏။ ကျားဆိုးကြီးက “မဟုတ်ဘူး မြေခွေးရဲ့၊ ဝက်တွေဟာ ဒီနေ့ ပုံစံတစ်မျိုးဖြစ် နေတယ်၊ ငါ့ကို ကြောက်လန့်ပုံ မပေါ်ဘူး”ဟု ပြန်ပြောလိုက်သည်။ ထိုအခါ မြေခွေးက “သင် တစ်ချက်လောက် ဟိန်းဟောက်လိုက်ရင် ဝက်တွေအားလုံး ကြောက်လန့်ပြီး ပြေးကြမှာပါဗျာ”ဟု ကျားဆိုးကြီးကို မြှောက်ပြောလိုက်ပါသည်။ ထို့ကြောင့် ကျားဆိုးကြီးလည်း တောင်ကြားသို့ နောက် တစ်ကြိမ် သွားခဲ့လေသည်။
ကျားဆိုးကြီးသည် ဝက်များကို မြင်သည့်အခါ မြေပြင်ကို အမြီးဖြင့် တဗုန်းဗုန်းရိုက်ပြီး ဒေါသ ကြီးစွာ မြေကြီးကို ကုတ်ဖဲ့သည်။ ထို့နောက် ကျားဆိုးကြီးသည် ဟိန်းဟောက်လိုက်ပြီး ဝက်ကလေး အားမာန်ကို ခုန်အုပ်လိုက်၏။ ဝက်ကလေးအားမာန်သည် သူ၏ရှေ့၌ရှိသော တွင်းထဲသို့ အလျင်အမြန် ပြေးဆင်းပြီး ဝပ်နေလိုက်သည်။ ထိုအခါ ကျားဆိုးကြီးသည် အရှိန်ဖြင့် ခုန်အုပ်လိုက်ခြင်းကြောင့် ဝက်များ ကြိုတင်တူးထားသော တွင်းထဲသို့ ကျသွားခဲ့လေသည်။ ကျားဆိုးကြီး လုံးဝမလှုပ်ရှားနိုင်ဖြစ်သွားသည်။
ထိုအခါ ဝက်ကလေးအားမာန်သည် ကျားဆိုးကြီးကို အလျင်အမြန် ခုန်အုပ်လိုက်ပြီး သူ၏ ချွန်ထက်သော အစွယ်ဖြင့် ပေါင်မှ ရင်ဝအထိ ထိုးခွဲလိုက်သည်။ အခြားဝက်များကလည်း ကျားဆိုး ကြီးကို ဝိုင်း၍ တိုက်ခိုက်ကြသည်။ နောက်ဆုံး၌ စည်းလုံးညီညွတ်သော ဝက်များသည် မည်သည့်ဘေး အန္တရာယ်မှ မကျရောက်ဘဲ သာယာလှပသော တောင်ကြား၌ ပျော်ရွှင်စွာ နေထိုင်သွားကြလေသည်။