မာတိကာသို့ ခုန်သွားရန်

စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၁၀

ဝီကီရင်းမြစ် မှ
1094စန္ဒကုမာရဇာတ်တော်ကြီး — သစ္စာကြောင့် သိကြားမင်းဆင်း၍ ကယ်ဆယ်ခြင်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုအခါ ခဏ္ဍဟာလပုဏ္ဏားသည် ရွှေခွက်ကို မင်းသားလည်တော်အောက်၌ ညွတ်စေပြီးလျှင် သန်လျက်ကိုထမ်း၍ “အိမ်ရှေ့မင်း၏လည်ကို ဖြတ်အံ့”ဟုရပ်၏။ ထိုခဏ္ဍဟာလပုဏ္ဏား၏ ကြောက်မက်ဖွယ်အမူအရာကို စန္ဒာဒေဝီမိဖုရားမြင်လျှင် “ငါ့အား တစ်ပါးသောကိုးကွယ်ရာ မရှိပြီ။ သစ္စာစကားသာ ကိုးကွယ်ရာ ဖြစ်တော့သည်။ ငါ၏သစ္စာဖြင့် ချစ်စွာသောလင်သည် ချမ်းသာစေသတည်း”ဟု လက်အုပ်ချီ၍ ပရိသတ်တို့အလယ်၌ လှည့်လျက်-

“ပညာမရှိသော ခဏ္ဍဟာလပုဏ္ဏားသည် အကြင် မမှန်သောသဘောဖြင့် မကောင်းမှုကိုပြု၏။ ထိုခဏ္ဍဟာလပုဏ္ဏား မကောင်းမှုကိုပြု၏ဟုဆိုသော ငါ၏ ဟုတ်မှန်သောသစ္စာစကားဖြင့် ငါ၏လင်နှင့်အတူတကွ အသက်ထက်ဆုံး နေရစေသတည်း။ အကြင် ဘီလူး, ဖုတ်, မြိတ်, မြေစောင့်နတ်တို့သည် ရှိကုန်၏။ ထိုနတ်တို့သည် ငါ့အား ကံကျွေးပြုကြပါကုန်။ အကြင်နတ်တို့သည် ဤအရပ်သို့ လာကုန်လတ်၍ ငါ၏ကိုးကွယ်ရာကို ပြုကြပါကုန်။ သင်တို့အား စောင့်သောတရားကို တောင်းပန်ပါ၏။ ငါသည် လင်မှ ဘေးရန်ကို အောင်စေသတည်း”ဟု သစ္စာပြုပြီးလျှင် နတ်တို့ကို တောင်းပန်၏။

ထိုအခါ သိကြားမင်းသည် စန္ဒာဒေဝီမိဖုရား မြည်တမ်းသောအသံကိုကြား၍ ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိပြီး၍ ထိုခဏ ရဲရဲတောက်သောသံလှံတံကို လှည့်လည်လျက် ဧကရာဇ်မင်းကိုကြားစေ၍ ခြိမ်းခြောက်လိုရကား-

“ဟယ်၊ မင်းယုတ်။ ငါ့ကို သင် မသိလော။ သင့်ဦးခေါင်းကို ထောင်းထောင်းပြတ်အောင် ရိုက်ခတ်အံ့။ ဦးခေါင်းပြတ်ခြင်းကိုကြောက်လျှင် အပြစ်ကင်းသော စန္ဒကုမာရမင်းသားကို မသတ်လင့်။”

“ဟယ်၊ မင်းယုတ်။ နတ်ပြည်ကို တောင့်တသဖြင့် အပြစ်မရှိသော သား,မယား, သူဌေးသူကြွယ်တို့ကို သတ်သည်ကို အဘယ်မှာ သင် မြင်ဖူးသနည်း”ဟုဆို၏။

ထိုသို့ခြိမ်းခြောက်သော သိကြားမင်းစကားကို ဧကရာဇ်မင်း, ခဏ္ဍဟာလပုဏ္ဏားတို့သည် ကြောက်မက်ဖွယ်သောအရောင်အဝါ ဘုန်းအာဏာနှင့်လာသော မဖြစ်ဖူးမြဲသောအကြောင်းကို သိမြင်လျှင် ပြင်းစွာ ထိတ်လန့်ကြောက်ရွံ့သည်ဖြစ်၍ မင်းသား၊ မင်းသမီးမှစ၍ ခပ်သိမ်းစုံသောသူတို့ကို အနှောင့်အဖွဲ့မှ လွတ်စေ၏။ ထိုမင်းမိဖုရား, မင်းသား, မင်းသမီး, သူဌေးသူကြွယ်အပေါင်းတို့သည် အနှောင်အဖွဲ့မှ လွတ်ပြီးသော် အညီအညွတ် စည်းဝေးကြကုန်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။ ထိုယဇ်တွင်း၌ စည်းဝေးကုန်သော လူအပေါင်းတို့သည် အုတ်ခဲ တစ်ယောက်တစ်ခုစီဖြင့် 'ခဏ္ဍဟာလပုဏ္ဏားအား ဒဏ်ပေးခြင်းကိုပြု၏။ ထိုအုတ်ခဲဒဏ်ဖြင့် ခဏ္ဍဟာလပုဏ္ဏား သေလေ၏။

ခဏ္ဍဟာလကို သတ်ပြီးလျှင် လူအပေါင်းတို့သည် ဧကရာဇ်မင်းကို “သတ်အံ့”ဟုပြုကြကုန်၏။ ဘုရားလောင်းအိမ်ရှေ့မင်းသည် အဖ ဘဝရှင် မင်းဧကရာဇ်ကိုဖက်၍ လူအပေါင်းအား အဖ၏အသက် ချမ်းသာကြောင်းကို တောင်းပန်တော်မူ၏။ ပြည်သားပြည်သူ လူအပေါင်းတို့သည်လည်း-

“ဤမင်းယုတ်အား အသက်ကိုသာ ချမ်းသာပေးအံ့။ ထီးနန်းပြည်စည်းစိမ်ကို ငါတို့ မပေး။ မြို့တွင်းသို့ မဝင်စေရ။ မြို့ပြင်၌ ဒွန်းစဏ္ဍာပြု၍ နေစေကုန်အံ့”ဟုဆိုလျက် မင်းဝတ်တန်ဆာကို ပယ်ခွာချွတ်ယူ၍ သစ်ခေါက်ဆိုးကိုဝတ်စေပြီးလျှင် နနွင်းဆိုးပုဆိုးညစ်ကို ဦးခေါင်းရစ်၍ ဒွန်းစဏ္ဍားလုပ်ပြီးသော် ဒွန်းစဏ္ဍားနေရာအရပ်သို့ ပို့စေ၏။

အကြင်သူတို့သည် သူ့ကိုသတ်၍ မိမိမူလည်း ယဇ်ပူဇော်အံ့။ သူတစ်ပါးကိုမူလည်း ပူဇော်စေအံ့။ သူတစ်ပါးပူဇော်သည်ကိုလည်း ဝမ်းမြောက်အံ့။ ထိုသူတို့သည် ငရဲသို့သာ သွားရကုန်၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-

“သဗ္ဗေ ပဝိဋ္ဌာ နိရယံ၊ ယထာ တံ ပါပကံ ကရိတွာန။

န ဟိ ပါပကမ္မံ ကတွာ၊ လဗ္ဘာ သုဂတိံ ဣတော ဂန္တုံ။”

ဟူသော ဂါထာကို ဟောတော်မူ၏။

အဓိပ္ပာယ်ကား-

“ချစ်သားရဟန်းတို့။ ခပ်သိမ်းသောသူတို့သည် မကောင်းမှုကိုပြုသောကြောင့် အောက်ငရဲသို့ ဝင်ရလေကုန်၏။ မကောင်းမှုကိုပြုသောကြောင့် ဤလူ့ပြည်မှ သေသည်ရှိသော် နတ်ပြည်သို့ မရောက်ကုန်”ဟု ဟောတော်မူ၏။