၃၃။။ “သို့ပင်ဖြစ်လည်း၊ သူ့စစ်သည် နီး၊ ထုံးစံမှီး၍၊ ခရီးလမ်းစဉ်း၊ ခဲယဉ်းခက်,လွယ်၊ ကျဉ်း,ကျယ်,တို,ရှည်၊ အတည်တည်ကို၊ သိသည် ကာလ၊ ကြပ်မ တီထွင်၊ စီရင်ရမည်၊ ဖြစ်တော့သည်တည့်။ သူ့ပြည်, သူ့ရွာ၊ ခွါခဲ့ ရက်ရက်၊ အားအန် တက်လျက်၊ သူ့ရဲမက်များ၊ သူ့တပ်သားတို့၊ တိုင်းကား ပြည်စွန်၊ ခရီးလွန်မှ၊ အားခွန့် လျော့မည်၊ ရည်၍ အကြံ၊ အစစ် ခံက၊ နိုင်ငံတော်သား၊ လန့်ကြားမနေ၊ ပြည်ထဲဝေအံ့[၁]။ တတွေကြောင်းခြင်း၊ မည်သည့်မင်း၏၊ ပိုင်တွင်း ခြားနား၊ ရောက်လှာငြားက[၂]၊ စွမ်းအား ကြပ်ကြပ်၊ ဘယ်မင်းတပ်နှင့်၊ ဘယ်ရပ်,ဘယ်မြေ၊ အောင်ဘူးလေဟု၊ နန်းနေ စဉ်ဆက်၊ ဆင်းသက် မဆုံး၊ ပြောထုံး,ပြောလေ့၊ ပြော၍ ဆက်ညွှန်း၊ ကမ္ဘာခန်းလည်း၊ ဥဒါန်း မကျေ၊ သတင်းဝေစိမ့်။ ရှာဖွေဆွေးနွေး၊ ကြံဆ, တွေးသော်၊၊ အရေး,ဤသို့ မြင်သတည်း။။
၃၄။။ “ဤသို့ စေ့ရေ၊ ဖြစ်သောထွေကြောင့်၊ မြေ,ရေ အတွင်း၊ သူက မင်းကို၊ မချင်း,မဝင်၊ ပါစေချင်တည့်။ သင်၏ နိုင်ငံ၊ ပိုင်းရံ ခြားသီး၊ တပ်နှင့် ဆီးလော့။ ခရီး ချရပ်[၃]၊ နှစ်တပ် ဖက်ပြိုင်၊ နှစ်နိုင်ငံနား၊ နှစ်ပါး ရဲစွမ်း၊ အရည်စမ်းအံ့။ မှာတမ်း,စာခွေ၊[၄]၊ တမန်စေ၍၊ ပုံသေ ကြောင်းရာ[၅]၊ ပြီးသောခါမှ၊ မြို့ရွာ,ကျေးလက်၊ စုရုံးထွက်၍၊ ရဲမက် ပေါင်းမြောက်၊ တကျိပ်ယောက်မူ၊ တယောက်တည်းအပ်၊ အကြပ် တသီး၊ တင်တုံပြီးမှ၊ အကြီးရွေးယူ၊ တကျိပ်လူတွင်၊ အုပ်သူ အမတ်၊ တယောက်မှတ် ၍၊ အမတ် ဆယ်ဦး၊ တတပ်မှူးတည့်။ တပ်မှူး ဆယ်ကို၊ ဗိုလ် တဗိုလ်တည့်။ ဆယ်ဗိုလ်တွင် ချုပ်[၆]၊ နတ်ရှင်အုပ်မှ၊ မလှုပ်,မရှား၊ သို့ခန့်ထား၍၊၊ ချီသွား, လုပ်ကြံ ချင်သတည်း။။
၃၅။။ “ထိုကြောင့် မင်းကောင်း၊ နားတော်ညောင်းလော့။ အကြောင်း,အရေး၊ အတွေး,အခေါ်၊ အမြော်,အမြင်၊ ဆင်ခြင်,လိမ္မာ၊ ပညာ, အတတ်၊ အမတ် နှင့် မင်း၊ ညီညွတ်ခြင်းကို၊ ရန်တင်း ဘယ်က၊ ရန်စ မငြိမ်၊ တိုက်လှည်း နှိမ်အံ့[၇]၊၊ စိုးရိမ်,နှောင့်တော် မမူနှင့်။။