လက်ဝဲသုနန္ဒရ ၏
နန္ဒီသေနပျို့
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။။ အတုလ ဒေဝိန်၊ စောမုနိန်မူ၊ ဝရဇိန်စက်၊ လက်နက် သွေးသီ၊ ဂုဏ်မဖီသား၊ ပါရမီထူးကဲ၊ လက်စွဲတော်ပါ၊ ထက်မကွာဖြင့်[၁]၊ အာဏာ,ဇာတိ၊ ကြွင်းမရှိလျှင်၊ ဝိသယလုံး၊ ပတ်ကုံးတင့်စံ၊ ဂုဏ်ခံကိုးရိုး[၂]၊ ဂုဏ်မညှိုးက၊ ဖြတ်ချိုးခုတ်ချိုင်၊ ပွဲတိုင်းနိုင်ရှင့်။ ခေါင်တိုင် ခေါင်ထွတ်၊ တမွတ် ခေါင်ထိ ၊ ဓိပတိ မင်းစစ် ၊ သင်းကျစ် သရဖူ ၊ ဖြစ်တော် မူသည် ၊ သယမ္ဘူကျော် ၊ မြတ်ဇိနော်ကား၊ ပြည်တော်သာမိ[၃]၊ သာဝတ္ထိ၏၊ ပရိဝါရေ၊ သခိုက်မြေ၌၊ ရွှေဇေတဝန်၊ စိုးရှိလွန်မျှ၊ တံခွန် ထောင်စိုက်၊ ရွှေကျောင်းတိုက်ဝယ် ၊ ယာပိုက် လေးအင် ၊ မျှစဉ် တွင်၌ ၊ သခင် ကဝိ ၊ သာရိ ပုတ္တရာ၊ ထေရ်မြတ်စွာလျှင်၊ သံသာ မဆွ၊ ရှေးဘဝက၊ စစ်မ, သဘင်၊ အောင်ပွဲဆင်၍၊ အောင်မြင် သီးသီး၊ အောင်သံချီးလျက်၊ ရှားမီး ရည်တိ၊ ဉာဏ်ရောင်ညိဟု[၄]၊ ဝိဝရတ ၊ စသည် ဂါထာ၊ ရတနာ ပွင့်ညီ၊ ရွှေကုံး သီသို့၊ နန္ဒီသေန၊ ရှေးက အမတ်၊ ဖြစ်သောဇာတ်ကို၊ ဟောမှတ်သွယ်ဖြာ၊ ဒေသနာ သည်၊ ၊ သေနာပတိ ကျင့်ရေးတည်း။။