ဗိုလ်လည်းတိမ်းလည်၊ စစ်သည်တိမ်းပါး၊ လေသောအားကြောင့်၊ ရှေ့ဖျား စွန်းစွန်း၊ လက်နက်ဝန်းလျက်၊ လိုက်လွန်းသသူ၊ ဗိုလ်လူတို့အား၊ ခန့်ထား လျင်စွာ၊ လည်စိမ့်ငှါဟု ၊၊ ထိုခါ,တပ်တော် သိမ်းသတည်း။။
၉၀။။ တပ်တော် သိမ်းမြောက်၊ စခန်းထောက်တွင်၊ ရွှေမှောက် မင်းဖျား၊ မေးသည်များကို၊ မင်းပါး ကပ်မှီ၊ ဦးဖြင့် ချီလျက်၊ နန္ဒီသေန၊ မြွက်မဟက၊ များလှ ဗိုလ်ပါ၊ မတ်တကာတို့၊ ဂူဟာ ခြင်္သေ့၊ နေသော ရှေ့ကို၊ ကြောက်၍ တုံ့ပယ်၊ ယုန်သူငယ်လျှင်၊ နွမ်းနယ် ကြောက်ရွံ့၊ မသန်းဝံ့သို့၊ ဆိုင်းငံ့ လည်လှည့်၊ တပ်လုံးပြည့်မျှ၊ ရှုကြည့် တူရူ၊ နေကြ မူလည်း၊ မည်သူအားမျှ၊ မလျှောက်ကြတည့်။ ပြည်မ ဆီမီး၊ အမတ်ကြီး က၊ အပြီးစကား၊ သို့လျှောက်ကြား၏။ “ စက်သွား ဝရဇိန်၊ လက်နက်ရှိန်ကြောင့်၊ ကလိင်္ဂရာဇ်၊ မင်းစစ် ထွက်ရာ၊ ဗိုလ်ပါအများ၊ ဖိဆီးထားက၊ ပြေးသွား မသာ၊ ထိုမြို့ရွာဝယ်၊ ဘယ်မှာ ခန့်ထား၊ မြို့တံခါးကို၊ ဆီးတား ပိတ်ပင်၊ မသိမ်းခင်လျှင်၊ တိုက်ဝင်မိမည်၊ ဖြစ်တော့သည်တည့်။ ရိပ်ခြည်ထောက်မြော်၊ ရှင့်ဖုန်းတော်ကို၊၊ ထိုရော်,ပြောပ ခြိမ်းသတည်း။။
၉၁။။ “သို့ပင်ဖြစ်လည်း၊ စိစစ် ဆွေးနွေး၊ မင်းမှုရေးကို၊ ကြံတွေး ထောက်မြော်၊ အောက်မေ့သော်မူ၊ ကိုယ်တော်လက်တွင်၊ ရွှေနန်းတင်သည်၊ ရင်နှစ်တော်ကြီး[၁]၊ သူ့ သမီးလည်း၊ ထံနီးတော်ပါး၊ ခ,စား မကွာ၊ သို့ခြင်း ရာကြောင့်၊ စဉ်လာ ရုံးစည်း၊ ရှေးဆိုနည်းမူ၊ လက်သည်း ဆိတ်ရာ၊ လက် သာနာ ဟု[၂]၊ ပမာဆိုရိုး၊ သည် ထုံးမျိုးကြောင့်၊ စိုးစိုးရိမ်ရိမ်၊ အာဏာနှိမ်သည်၊ စည်းစိမ် သခင်၊ အရှင်တို့သာ၊ စိုးပိုင်ရာရှင့်။ ပမာနည်းကို၊ တကြောင်း ဆိုပိမ့်။ မြွေဖို,မြွေမ၊ မဆိုရတည့်။ ရှ,န ပြတ်နှိပ်၊ အဆိပ်သဖွယ်၊ ဓားလွယ်,ဓားမ၊ မကွဲကြတည့်။ ထိက မနား[၃]၊ အသွားနှင့်ချည်း၊ ဖြစ်သတည်းဟု၊ ထုံးနည်းကိုမျှော်၊ ကျွန်ုပ်သော်မူ၊ ကိုယ်တော်ကြိုက်ရာ၊ စိတ် ညီပါ”ဟု၊ နာသာမငြီး၊ လျှောက်ကန့်ဆီးသည်၊၊ မတ်ကြီး,နန္ဒီသေန တည်း။။