လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အကျိုးမရှိကြပါ၊ ငါ့သျှင်တို့ ယခု ငါတို့သည်လူတို့၏ တမန်မှုကို ဆောင်ကုန်အံ့၊ ဤသို့ ဆောင်လျှင် ထိုလူတို့သည် ငါတို့အား ပေးလှူ ကြဖို့ရာအမှတ်ရကြပေလိမ့်မည်၊ ဤသို့ လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက် ဝမ်းသာမငြင်းခုံကြရဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရပေလိမ့်မည်"ဟု ပြောဆိုကြကုန်၏။ အချို့သော ရဟန်းတို့က-
"ငါ့သျှင်တို့ မသင့်လျော်ပါ၊ လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အဘယ်အကျိုး ရှိကြပါမည်နည်း၊ လူတို့၏ တမန်မှုကို ဆောင်ခြင်းဖြင့် အဘယ်အကျိုးရှိကြပါမည်နည်း၊ ငါ့သျှင်တို့ ယခုငါတို့ သည် လူတို့အား အချင်းချင်း၏ လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သောဈာန် မဂ်ဖိုလ် တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကုန်အံ့၊ 'ဤအမည်ရှိသော ရဟန်းသည် ပဌမဈာန်ကိုရ၏၊ ဤ အမည်ရှိသော ရဟန်းသည် ဒုတိယ ဈာန်ကို ရ၏၊ ဤအမည်ရှိသော ရဟန်းသည် တတိယဈာန်ကို ရ၏၊ ဤအမည်ရှိသော ရဟန်းသည် စတုတ္ထ ဈာန်ကို ရ၏၊ ဤအမည်ရှိသောရဟန်းသည် သောတာပန်တည်း၊ ဤအမည်ရှိသော ရဟန်းသည် သကဒါဂါမ်တည်း၊ ဤအမည်ရှိသောရဟန်းသည် အနာဂါမ်တည်း၊ ဤအမည်ရှိသော ရဟန်းသည် ရဟန္တာတည်း၊ ဤအမည်ရှိသောရဟန်းသည် ဝိဇ္ဇာသုံးပါးကို ရ၏၊ ဤ အမည်ရှိသော ရဟန်းသည် အဘိညာဏ် ခြောက်ပါးကို ရ၏'ဟုပြောဆိုကုန်အံ့၊ ဤသို့ ပြောဆိုကြလျှင် ထိုလူတို့သည် ငါတို့အား ပေးလှူသင့်သည်ဟုမှတ်ထင်ကြပေလိမ့်မည်၊ ဤသို့ လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာမငြင်းခုံကြရဘဲ ချမ်းသာစွာ ဝါကပ်ကြရ ပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲရှိကြရပေလိမ့်မည်"ဟု ပြောဆိုကြကုန်၏။ ငါ့သျှင်တို့ လူတို့အား အချင်းချင်း၏့လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ် တရား၏ ဂုဏ်ကျေးဇူးကိုပြောခြင်းသည်သာလျှင် မြတ်၏ဟု သဘောတူညီကြလေ၏။
၁၉၄။ ထို့နောက် ထိုရဟန်းတို့သည် လူတို့အား အချင်းချင်း၏ လူတို့ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်၏၊ "ဤအမည်ရှိသော ရဟန်းသည် ပဌမဈာန်ကို ရ၏။ပ။ ဤအမည်ရှိသော ရဟန်းသည် အဘိညာဏ် ခြောက်ပါးကိုရ၏"ဟု ပြောဆိုကြကုန်၏။
ထိုအခါ ထိုလူတို့သည် "ငါတို့အား အရတော်ကြလေစွတကား၊ ငါတို့သည် ကောင်းစွာ ရကြပေစွတကား၊ အကြင်ငါတို့၏အထံ၌ ဤကဲ့သို့သော ရဟန်းတော်များသည် ဝါကပ်တော်မူကြပေသည်တကား၊ အကျင့်သီလနှင့် ကောင်းသော တရားဓမ္မရှိကုန်သော ဤရဟန်းတို့ကဲ့သို့သော ရဟန်းတို့သည် ဤအခါမှရှေးက ငါတို့၏အထံ၌ ဝါကပ်တော် မမူကြဖူးပေတကား"ဟု အကြင် ဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက် ဖွယ်မျိုးတို့ကို မိမိတို့ မသုံးဆောင်ကြ မခဲကြ မလျက်ကြ မသောက်ကြကုန်၊ မိဘ သား မယား ကျွန်အမှု လုပ် မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့အား မပေးကြကုန်၊ ထိုဘောဇဉ်ခဲဖွယ် လျက်ဖွယ် သောက် ဖွယ်တို့ကို ရဟန်းတို့အားသာ ပေးလှူကြကုန်၏။
ထိုအခါ ထိုရဟန်းတို့အား အဆင်းလှခြင်း ဣန္ဒြေပြည့်ဖြိုးခြင်း မျက်နှာအဆင်း ကြည်လင်ခြင်းကိုယ်ရေအဆင်း အထူးကြည်လင်ခြင်း ရှိကြကုန်၏။
ဝါမှ ထကုန်သော ရဟန်းတို့၏ မြတ်စွာဘုရားကို ဖူးမြော်ကန်တော့ရန် ချဉ်းကပ်ကြခြင်းသည်အလေ့အထပင် ဖြစ်၏။
ထိုအခါ သုံးလ လွန်မြောက်၍ ဝါမှ ထကုန်သော ထိုရဟန်းတို့သည် ကျောင်း အိပ်ရာ နေရာကိုသိုမှီးပြီးလျှင် သပိတ် သင်္ကန်းကို ယူ၍ ဝေသာလီမြို့သို့ ချဉ်းကပ်ကုန်၏၊ အစဉ်သဖြင့် ဝေသာလီမြို့မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ နေကြကုန်၏။