ပြီး လူဦးရေက နည်းပါးနေသည်။ မိုးလေဝဿ ရာသီဥတုကလည်း ကောင်းသဖြင့် သဘာဝပစ္စည်းနှင့်ပင် စားသုံး၍ မကုန်နိုင်လောက်အောင် ပြည့်လျှံနေသည်။ အေးချမ်းသာယာစွာပင် မကြောင့်မကျ၊ မတောင့်မတ စားသောက်နေထိုင်ရသဖြင့် သူတို့သည် ပွဲဆိုလျှင် စိတ်အေးလက်အေး ကြည့်ရှုအရသာခံယူနိုင်ကြသည်။ သင်ဖြူးပေါ်တွင် ကော်ဇောကြီးခင်းကာ ဇာခေါင်းအုံးဖြင့် တုံးလုံးပက်လက် ဇိမ်ခံပြီး ကြည့်ကြသည်။ ကွမ်းဆေး လက်ဖက်စားယင်း အချိန်ယူကာ ဝေဖန်ကြသည်။
ယခုအခါမှာကား ဟိုအခါကကဲ့သို့ မဟုတ်တော့ချေ။ ထမင်းနပ်မှန်ရန်အတွက် အပြေးအလွှားရှာဖွေ လုပ်ကိုင်နေကြရသည်။ လူတို့သည် ရှေးကကဲ့သို့ အချိန်ကို အချည်းနှီး ဖြုန်းမပစ်နိုင်ကြချေ။ အချိန်ကိုလု၍ အင်တိုက်အားတိုက် အလုပ်လုပ်နေကြရသည်။ သို့ကြောင့်လည်း တင်မောင်က ညဝက်စံနစ် သဘင်သစ်ကို တီထွင်လိုက်ခြင်း ဖြစ်သည်။ သူ၏ တီထွင်ခြင်းတို့၏ ပဓာနဖြစ်သော အကြောင်းရင်းမှာ ပွဲကြည့်ပရိသတ်ကို လေးစားခြင်းပင် ဖြစ်သည်။
“အကြင်အိမ်တွင် ဧည့်သည်သည် ငြီးငွေ့၍ ပြန်သွားငြားအံ့၊ ထိုအိမ်မှာ ကြက်သရေယုတ်သည်” ဟုဆိုသော စကားကို တင်မောင်သည် အမြဲသတိထားနေသည်။ သူ၏ ဇာတ်ရုံတွင်းမှ ပရိသတ်များ ငြီးငွေ့စိတ်ပျက်ပြီး ပြန်သွားကြမည်ကို လွန်စွာစိုးရိမ်ကြောက်ရွံ့သည်။ သို့ကြောင့်လျှင် သူသည် တခေတ်တခေတ်တွင် အသစ်အသစ် တီထွင်နေခြင်း ဖြစ်သည်။