မာတိကာသို့ ခုန်သွားရန်

စာမျက်နှာ:UN Charter (Burmese translation).djvu/36

ဝီကီရင်းမြစ် မှ
ဤစာမျက်နှာကို ပရုမဖတ်ရသေးပါ

တမ်းပလိတ်:Asc

အပိုဒ် - ၉၂။

အပြည်ပြည်ဆိုင်ရာ တရားရုံးသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အဓိက တရားစီရင်ရေးအဖွဲ့ ဖြစ်ရမည်။ ထိုတရားရုံးသည် ပူးတွဲပါ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။ ထိုဥပဒေမှာ အပြည်ပြည်ဆိုင်ရာ အမြဲတမ်း တရားရုံး၏ ဥပဒေပေါ်တွင် အခြေပြုသော ဥပဒေဖြစ်သည့်ပြင် ယခုလက်ရှိ ပဋိညာဉ် စာချုပ်တွင် လိုအပ်သော အစိတ်အပိုင်းအဖြစ်ဖြင့်လည်း ပါဝင်သည်။

အပိုဒ် - ၉၃။

၁။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် ပါဝင်သည့်အကြောင်းကြောင်းနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥပဒေနှင့် သက်ဆိုင်သည်ချည်းဖြစ်ကြသည်။

၂။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် မဟုတ်သော နိုင်ငံသည် အထွေထွေ ညီလာခံက လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ကိစ္စတစ်ခုစီ တစ်ခုစီ အလိုက် သတ်မှတ်ထားသည့် စည်းကမ်းချက်များအရ အပြည်ပြည်ဆိုင်ရာ တရားရုံးကဥပဒေနှင့် အကျုံးဝင်သော နိုင်ငံဖြစ်လာနိုင်သည်။

အပိုဒ် - ၉၄။

၁။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အသီးသီးသည် မိမိပါဝင်သော မည်သည့်အမှုတွင်မဆို အပြည်ပြည်ဆိုင်ရာ တရားရုံး၏ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရန် တာဝန်ယူရသည်။

၂။ အမှုတစ်ခုခုတွင် ပါဝင်သောအမှုသည် နိုင်ငံ တစ်နိုင်ငံက အဆိုပါတရားရုံး၏ စီရင်ချက်အရ မိမိအပေါ် ကျရောက်သောတာဝန်များကို ဆောင်ရွက်ရန် ပျက်ကွက်လျှင် တဘက်အမှုသည် နိုင်ငံသည် လုံခြုံရေးကောင်စီ၏ အကူအညီကို ရယူနိုင်သည်။ လုံခြုံရေးကောင်စံသည် မိမိလိုအပ်သည်ထင်မြင်လျှင် ထိုစီရင်ချက်အတိုင်း အတည် ဖြစ်အောင် မည်သို့ စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း ထောက်ခံချက်များပေးနိုင်သည်၊ သို့မဟုတ် ဆုံးဖြတ်နိုင်သည်။

အပိုဒ် - ၉၅။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၀င်နိုင်ငံများ၏ အငြင်းပွားမှုများကို ဖြေရှင်းပေးရန်အတွက် ရှိရင်းသဘောတူစာချုပ်များအရဖြစ်စေ၊ နောင်ချုပ်ဆို လတ္တံ့သော သဘောတူစာချုပ်များအရဖြစ်စေ ထိုနိုင်ငံများက အခြားတရားခုံရုံးများသို့ လွှဲအပ်ခြင်းကို ယခုလက်ရှိပဋိညာဉ်စာချုပ်ပါ အချက်ကြောင့် တားဆီးပိတ်ပင်ခြင်းမရှိစေရ။