မာတိကာသို့ ခုန်သွားရန်

စိဉ္စမာဏဝိကာဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၃-လောကဝဂ်။ ၉-စိဉ္စမာဏဝိကာဝတ္ထု

၁၇၆။ ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော။
ဝိတိဏ္ဏပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လာဘ်နည်းသောတိတ္ထိတို့၏ စေခိုင်းမှုကြောင့် ဘုရားရှင်နှင့် ကိုယ်ဝန်ရလေဟန်ဆောင်ကာ တရားနာပရိသတ်အလယ် စွပ်စွဲသော စိဉ္စမာဏဝိကာ မိန်းမယုတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဧကံ ဓမ္မံ၊ သစ္စာတရားတခုကို။ အတီတဿ၊ လွန်သော။ မုသာဝါဒိဿ၊ မုသားစကားကို ဆိုလေ့ရှိသော။ ဇန္တုနော၊ သတ္တဝါအား။ ဝိတိဏ္ဏပရလောကဿ၊ တမလွန်ဘဝကို စွန့်လွှတ်ထားသော။ အကာရိယံ၊ မပြုသင့်သော။ ပါပံ၊ မကောင်းမှုသည်။ နတ္ထိ၊ မရှိ။

စကားပြေ

မှန်သောသစ္စာတရားကို လွန်စေ၍ မုသားစကားကို ဆိုလေ့ရှိသော တမလွန်ဘဝကို စွန့်ပယ်ထားသူအား မပြုသင့်သော မကောင်းမှုမည်သည် မရှိ။
ဓမ္မံ— သစ္စာတရားရ၏။

စိဉ္စမာဏဝိကာ

သာဝတ္ထိပြည်၌ ပရိဗိုဇ်မ စိဉ္စမာဏဝိကာသည် နတ်သမီးတမျှ မြတ်သော အဆင်းကို ဆောင်၏။ တင့်တယ်ခြင်းသို့ ရောက်၏။ ကိုယ်မှအရောင်အဝါများ ထွက်၏။ မိန်းမမာယာ၌ ကျွမ်းကျင်လိမ္မာ၏။ နေရောင်နှင့်တွေ့သော ပိုးစုန်းကြူးအရောင်ပမာ လာဘ်လာဘနည်းပါးလာသော တိတ္ထိများ၏ တိုက်တွန်းချက်ဖြင့် ဘုရားရှင်အား အသရေကင်းမဲ့အောင်ပြုရန် တာဝန်ယူခဲ့သည်။

စိဉ္စမာဏဝိကာသည် ဘုရားရှင်အား ဖူးမြော်ရန်လာကြသော ပရိသတ်များအား သံသယဖြစ်စေရန် ဇေတဝန်ကျောင်းတော်၌ ညအိပ်ဟန်နှင့် နံနက်စောစော ကျောင်းမှပြန်လာဟန်ပြုခဲ့သည်။ တလနည်းပါး ဘယ်သို့သွားမည်နည်း၊ ဘယ်ကပြန်လာသနည်းဟု မေးသော် ကျွန်ုပ်သွားရာလာရာကို မေးဖို့မလိုကြောင်း ပြန်ဖြေသည်။ တလကျော်သော် ဘုရားနှင့် ဂန္ဓကုဋီတွင်အိပ်ကြောင်း ပြောသည်။ သုံးလလေးလလွန်သော် ဝမ်းဗိုက်ကို အဝတ်တို့ဖြင့် ကိုယ်ဝန်ရှိဟန်ပြသည်။ ရှစ်လကိုးလလွန်သော်အခါ သစ်သားပိုင်းဖြင့် ဝမ်းဗိုက်တွင်ချည်နှောင်ပြီး အဝတ်ဖြင့်ဖုံးကွယ်ထားသည်။ ဘုရားရှင်က တရားနာပရိသတ်အား တရားဟောနေစဉ် ဘုရားရှင်ကို စွပ်စွဲသည်။ ဘုရားရှင်က သင်ပြောသောစကားကို သင်နှင့်ငါသာ သိသည်ဟု ပြန်ပြောသည်။

သိကြားမင်းသည် နတ်သားလေးယောက်ကို ခေါ်ဆောင်၍ အမှန်တရား ဖြစ်စေသည်။ ဂန္ဓကုဋီတိုက်ဝတွင် စိဉ္စမာဏဝိကာသည် အရှင်လတ်လတ်မြေမျိုကာ အဝီစိငရဲသို့ ရောက်ရသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၆-၁၁၈။)

ပါဠိသဒ္ဒါခက်ဆစ်

အတီတဿ = အစ္စတ္ထာတိ အတီတော။ အတိ + ဣ + တ။
မုသာဝါဒိဿ = မုသာ ဝဒတိ သီလေနာတိ မုသာဝါဒီ။ မုသာ + ဝဒ် + ဏီ။
ဝိတိဏ္ဏပရလောကဿ = ဝိတိဏ္ဏော ပရလောကော ယဿာတိ ဝိတိဏ္ဏပရလောကော။ ဝိတိဏ္ဏ + ပရလောက + ယ။
အကာရိယံ = န ကာရိယံ အကာရိယံ။ န + ကာရိယ။ ကတ္တဗ္ဗန္တိ ကာရိယံ။ ကရ် + ဏျ။

စိဉ္စမာဏဝိကာဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၃-လောကဝဂ်

၉-စိဉ္စမာဏဝိကာဝတ္ထုအဋ္ဌကထာဂါထာ

၃၅၄။ နာ’ဒဋ္ဌာ ပရတော ဒေါသံ, အဏုံထူလာနိ သဗ္ဗသော၊
ဣဿရော ပဏယေ ဒဏ္ဍံ, သာမံ အပ္ပဋိဝေက္ခိယ။

ဣဿရော၊ ရေမြေသနင်း, အစိုးရမင်းသည်။ ပရတော၊ သူတစ်ပါး၏။ [ပရ၊ တောတိ ပရဿ။ ဇာ ၊ဋ္ဌ၊၄၊၁၉၃။] ဒေါသံ၊ အပြစ်ကို။ အဒဋ္ဌာ၊ (ကိုယ်တိုင်) မမြင်မူ၍။၂ သဗ္ဗသော၊ အလုံးစုံကုန်သော။၃ အဏုံထူလာနိ၊ ငယ်ကုန်ကြီးကုန်သော။ (ဝဇ္ဇာနိ၊ အပြစ် တို့ကို။) သာမံ၊ ကိုယ်တိုင်။ အပ္ပဋိဝေက္ခိယ၊ မစဉ်းစားမဆင်ခြင်မူ၍။ ဒဏ္ဍံ၊ အပြစ်ဒဏ်ကို။ န ပဏယေ၊ မပေးဆောင်မချမှတ်ရာ။၁ (ဋ္ဌ-၁၇၁)

၂။ အဒဋ္ဌာ။ ။ “နာ’ဒိဋ္ဌာ(သီ၊ သျာ၊ က၊ ဓမ္မယော)”ဟုလည်း ပါဌ်ရှိ၏၊ သို့သော် ရှု- ၃၈၁၌ ဒိသဓာတ်, တွာပစ္စည်း၊ သာသဒိသတော တဿ ဒိဋ္ဌော စသုတ်၌ စသဒ္ဒါဖြင့် တွာကို ရဋ္ဌာပြု, ဓာတွန်နှင့်တကွ ရအနုဗန်ကိုချေ, ဒခွင်း, ချေ, ကပ်၍ “ဒဋ္ဌာ”ဟု ရုပ်ပြီးစေသောကြောင့် “နာ’ဒဋ္ဌာ”သာ အမှန်ဖြစ်သည်။

၃။ သဗ္ဗသော။ ။ “သဗ္ဗာနိ(ဇာ ၊ဋ္ဌ၊၄၊၁၉၃)”ဟု ဖွင့်သဖြင့် သဗ္ဗသောဟူသော အဗျယ တဒ္ဓိတ်ပုဒ်နောင် ဒုတိယာယောဝိဘတ်ချေ၊ သောပစ္စည်းကား သကတ္ထတည်း၊ “သဗ္ဗာနိယေဝ သဗ္ဗသော”ဟု ပြု၊ (တစ်နည်း) သဗ္ဗနောင် ယောဝိဘတ်ကို နိပြု၊ ဒီဃောရေဟိသုတ်၌ ဝါသဒ္ဒါဖြင့် နိကို သောပြု(ဝိဗော၊၆၀)၊ ဓမ္မယော-၆၀၌ “သဗ္ဗပ္ပကာရေန”ဟု တစ်နည်းဖွင့်၏၊ “သဗ္ဗေန ပကာရေ- န သဗ္ဗသော”ဟု ပြု၍ “အဏုံထူလာနိ-ကုန်သော၊ ဝဇ္ဇာနိ-တို့ကို၊ သာမံ-ကိုယ်တိုင်၊ သဗ္ဗသောအလုံးစုံသော အပြားအားဖြင့်၊ အပ္ပဋိဝေက္ခိယ-၍”ဟု ပေး။

၁။ ပဏယေ။ ။ နီတိဓာတု-၃၀၅၌ ပဏဓာတ်, ဗျဝဟာရ(ဆောင်ခြင်း)အနက်, စုရာဒိ ဏယပစ္စည်း, ဧယျဝိဘတ်ဟု ဆို၏၊ ဓာတွတ္ထအလို ပပုဗ္ဗနီဓာတ်, နကိုဏပြု, ဤကို ဧပြု, ဧကို အယပြု, ဧယျကို ဧပြု၍ ပြီးစေရာ၏။

စိဉ္စမာဏဝိကာဝတ္ထုပါဠိဂါထာ

၃၅၅။ ဧကံ ဓမ္မံ အတီတဿ, မုသာဝါဒိဿ ဇန္တုနော၊
ဝိတိဏ္ဏပရလောကဿ, နတ္ထိ ပါပံ အကာရိယံ။

ဧကံ၊ တစ်ခုသော။ ဓမ္မံ၊ သစ္စာတရားကို။ အတီတဿ၊ ကျော်လွန်၍ ဖြစ်တည် သော။ [အတီတဿာတိ အတိက္ကမိတွာ ဌိတော။ ဣတိ၊ဋ္ဌ၊၈၃။] မုသာဝါဒိဿ၊ မမှန်စကား, ပြောကြားလေ့ရှိသော။ [မုသာ ဝဒတိ သီလေနာတိ မုသာဝါဒီ။ ဣတိ၊ဋ္ဌ၊၈၃။] ဝိတဏ္ဏပရလောကဿ၊ စွန့်လွှတ်အပ်သော တမလွန်လောကရှိသော။ (တမလွန်ဘဝကို ကျော ခိုင်းသော)။ ဇန္တုနော၊ သတ္တဝါ၏။ ဝါ၊ သည်။ အကာရိယံ၊ မပြုအပ်, မပြုနိုင်သော။ ပါပံ၊ မကောင်းမှုသည်။ ဝါ၊ မကောင်းမှုဟူ၍။ နတ္ထိ၊ မရှိ။ (ပါ-၁၇၆)

စိဉ္စမာဏဝိကာဝတ္ထုဂါထာနိဿယပြီးပြီ။