မာတိကာသို့ ခုန်သွားရန်

စူဠသုတသောမဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၂၅။ စူဠသုတသောမဇာတ် (၅)
1150ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၅၂၅။ စူဠသုတသောမဇာတ် (၅)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


စတ္တာလီသနိပါတ်

၅။ စူဠသုတသောမဇာတ်

လူ့ဘောင်၌ ငြီးငွေ့၍ ရဟန်းပြုခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အာမန္တယာမိ နိဂမံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠသုတသောမဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် နိက္ခမပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မဟာနာရဒ ကဿပဇာတ်နှင့် တူသလျှင်ကတည်း။ အထူးကား

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်သည် သုဒဿန အမည်ရှိသော မြို့ဖြစ်၏။ ထိုသုဒဿနမြို့၌ ဗြဟ္မဒတ်အမည်ရှိသော မင်းသည် မင်းပြု၏။ ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းအား လပြည့်ဝန်းကဲ့သို့ တင့်တယ်ခြင်းရှိသော မျက်နှာရှိသည်၏အဖြစ်ကြောင့် သောမသတို့သား ဟူသောအမည်ကို မှည့်ကုန်၏။ သိကြားလိမ္မာသော အဖြစ်သို့ရောက်သော ထိုသောမသတို့သားသည် အကြားအမြင်ကို နှစ်သက်တတ်၏။ စကားကောင်းကို နာခံလေ့ရှိ၏။ ထို့ကြောင့် ထိုသောမ သတို့သားကို သုတသောမဟူ၍ သိကုန်၏။ ထိုသုတသောမ မင်းသားသည် အရွယ်ရောက်လျှင် တက္ကသိုလ်ပြည်၌ အလုံးစုံသော အတတ်တို့ကိုသင်၍ ပြန်လာခဲ့ပြီးလျှင် ခမည်းတော်၏ ဥစ္စာဖြစ်သော ထီးဖြူကိုရ၍ တရားသဖြင့် မင်းပြု၏။ စည်းစိမ်ချမ်းသာသည် များ၏။ ထိုသုတသောမမင်းအား စန္ဒာဒေဝီ အမှူးရှိကုန်သော တစ်သောင်း ခြောက်ထောင်ကုန်သော မိဖုရားတို့သည် ရှိကုန်၏။ ထိုသုတသောမမင်းသည် နောက်အဖို့၌ သားသမီးတို့ဖြင့် ပွားများလျှင် အိမ်ရာထောင်သော လူ၏ဘောင်၌ မမွေ့လျော်သဖြင့် တောသို့ဝင်၍ ရဟန်းပြုလို၏။

ဆံဖြူတစ်ပင် တောထွက်ချင်

ထိုသုတသောမမင်းသည် တစ်နေ့သ၌ ဆေတ္တာသည်ကို ခေါ်တော်မူ၍ အမောင် ဆေတ္တာသည်... အကြင်အခါ၌ ငါ၏ ဦးခေါင်းတော်၌ ဆံဖြူမြင်ငြားအံ့၊ ထိုအခါ ငါ့အား တင်လျှောက်လော့ ဟု မိန့်တော်မူ၏။ ဆေတ္တာသည်သည် ထိုသုတသောမမင်း၏ စကားကိုဝန်ခံ၍ နောက်အဖို့၌ ဆံဖြူကိုမြင်လျှင် တင်လျှောက်၍ အမောင် ဆေတ္တသည်... ထိုသို့မြင်သော်ကား ထိုဆံဖြူကိုနုတ်၍။ ငါ၏လက်တော်၌ တင်ထားလော့ ဟု ဆိုလတ်သော် ရွှေမွေးညှပ်ဖြင့်နုတ်၍ လက်တော်၌ တင်ထား၏။ ထိုဆံဖြူကိုမြင်၍ ဘုရားလောင်း သုတသောမမင်းသည် ငါ၏ကိုယ်ကို အိုခြင်းသည် နှိပ်စက်အပ်၏ ဟု ထိတ်လန့်ရကား ထိုဆံဖြူကိုယူ၍ ပြာသာဒ်မှ ဆင်းသက်ပြီးလျှင် လူများမြင်ရာအရပ်ဝယ် ခင်းအပ်သော ရာဇပလ္လင်၌ နေတော်မူ၍ စစ်သူကြီး အမှူးရှိကုန်သော အမတ်ရှစ်သောင်းတို့ကို လည်းကောင်း၊ ပုရောဟိတ် အမှူးရှိကုန်သော ပုဏ္ဏားခြောက်သောင်းတို့ကို လည်းကောင်း၊ တစ်ပါးကုန်သော တိုင်းပြည်၌ နေကုန်သောသူတို့ကို လည်းကောင်း၊ ဇနပုဒ်သူတို့ကို လည်းကောင်း၊ နိဂုံးသူ အစရှိသည်တို့ကို လည်းကောင်း များစွာကုန်သောသူတို့ကို ခေါ်တော်မူ၍ ငါ၏ဦးခေါင်း၌ ဆံဖြူသည် ရောက်၏။ ငါသည် ကြီးရင့်အိုမင်းပြီ၊ ရဟန်းပြုလိုသည်၏အဖြစ်ကို သိကြကုန်လော့ ဟု ဆို၍ ကြားတော်မူလိုရကား-

၁၉၅။ အာမန္တယာမိ နိဂမံ၊ မိတ္တာမစ္စေ ပရိဿဇေ။
သိရသ္မိံ ပလိတံ ဇာတံ၊ ပဗ္ဗဇ္ဇံ ဒါနိ ရောစဟံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၉၅။ ဘောန္တော၊ အို... ပရိသတ် အပေါင်းတို့။ နိဂမံ၊ နိဂုံးသူတို့ကို လည်းကောင်း။ မိတ္တာမစ္စေ၊ အဆွေခင်ပွန်းတို့ကို လည်းကောင်း။ ပရိဿဇေ၊ အမှုလုပ်တို့ကိုလည်းကောင်း။ အဟံ၊ ငါသည်။ အာမန္တယာမိ၊ သိစေတော်မူ၏။ မမ၊ ငါ၏။ သိရသ္မိံ၊ ဦးခေါင်း၌။ ပလိတံ၊ ဆံဖြူသည်။ ဇာတံ၊ ရောက်၏။ ဒါနိ၊ ယခု။ အဟံ၊ ငါသည်။ ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။ ရောစ- ရောစေမိ၊ နှစ်သက်၏။

ထိုစကားကိုကြား၍ ထိုပရိသတ်တို့တွင် တစ်ယောက်သောသူသည် အလွန်ပင်ပန်းခြင်းသို့ ရောက်သည်ဖြစ်၍ တင်လျှောက်လိုရကား...

၁၉၆။ အဘုံ မေ ကထံ နု ဘဏသိ၊
သလ္လံ မေ ဒေဝ ဥရသိ ကပွေသိ။
သတ္တသတာ တေ ဘရိယာ၊
ကထံ နု တေ တာ ဘဝိဿန္တိ။

ဟူသော ဤဂါထာကို ဆို၏။

၁၉၆။ ဒေဝ၊ အရှင်မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ အဘုံ၊ အစီးအပွားမဲ့ဖြစ်သော စကားကို။ ကထံ-ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။ ဘဏသိ နု၊ မိန့်ဆိုတော်မူဘိသနည်း။ ဒေဝ၊ အရှင်မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ ဥရသိ၊ ရင်၌။ သလ္လံ၊ ထက်စွာသောလှံကို။ ကထံ ကပ္ပေသိ၊ အဘယ့်ကြောင့် ထိုးတော်မူဘိသနည်း။ တေ၊ အရှင်မင်းမြတ်အား။ သတ္တသတာ၊ ခုနစ်ရာကုန်သော။ ဘရိယာ၊ မိဖုရားတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ၊ အရှင်မင်းမြတ်၏။ တာ၊ ထို ခုနစ်ရာကုန်သော မိဖုရားတို့သည်။ ကထံ ဘဝိဿန္တိ နု၊ အသို့ ဖြစ်ကုန်လတ္တံ့နည်း။

ထို့နောင်မှ ဘုရားလောင်းသည် ထိုသူတင်လျှောက်သော စကားကို ပယ်တော်မူလိုရကား-

၁၉၇။ ပညာယိဟိန္တိ ဧတာ ဒဟရာ၊
အညမ္ပိ တာ ဂမိဿန္တိ။
သဂ္ဂဉ္စ ပတ္ထယာနော၊ တေန အဟံ ပဗ္ဗဇိဿာမိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၉၇။ ဧတာ၊ ထိုမိဖုရားတို့သည်။ ဒဟရာ၊ ပျိုနုကြကုန်သေးသည်။ ပညာယိဟိန္တိ၊ ထင်ကုန်၏။ အညမ္ပိ၊ မင်းတစ်ပါးသို့လည်း။ တာ၊ ထိုမိဖုရားတို့သည်။ ဂမိဿန္တိ၊ ဆည်းကပ်ကုန်လတ္တံ့။ သဂ္ဂဉ္စ၊ နတ်ပြည်ကိုလည်း။ ပတ္ထယာနော၊ တောင့်တသည်။ အဿ၊ ဖြစ်၏။ တေန၊ ထိုကြောင့်။ အဟံ၊ ငါသည်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။

မယ်တော်ကြီး ငိုကြွေးရပြီ

မှူးမတ်အစရှိကုန်သော သူတို့သည် ဘုရားလောင်းအား စကားတုံ့ပေးခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ မယ်တော်မိဖုရားအထံသို့ သွားကုန်ပြီးလျှင် ထိုအကြောင်းကို တင်လျှောက်ကြကုန်၏။ မယ်တော်မိဖုရားသည် အဆောတလျင် လာတော်မူလတ်၍ ချစ်သား... သင် ချစ်သားသည် ရဟန်းပြုလို၏ဟူသည် မှန်သလောဟု ဆို၍ သားတော်မင်းကို အပြစ်တင်သဖြင့် ငိုကြွေးမြည်တမ်းလိုရကား-

၁၉၈။ ဒုလ္လဒ္ဓံ မေ အာသိ သုတသောမ၊
ယဿ တေ ဟေမဟံ မာတာ။
ယံ မေ ဝိလပန္တိယာ၊ အနပေက္ခော ပဗ္ဗဇသိ ဒေဝ။
၁၉၉။ ဒုလ္လဒ္ဓံ မေ အာသိ သုတသောမ၊
ယံ တံ အဟံ ဝိဇာယိဿံ။
ယံ မေ ဝိလပန္တိယာ၊ အနပေက္ခော ပဗ္ဗဇသိ ဒေဝ။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

၁၉၈။ သုတသောမ၊ သုတသောမ အမည်ရှိတော်မူသော။ ဒေဝ၊ သားတော်မင်းမြတ်။ အဟံ၊ ငါသည်။ ယဿ၊ အကြင်သို့သဘောရှိသော။ တေ၊ သင်ချစ်သား၏။ မာတာ၊ မယ်တော်သည်။ ဟောမိ၊ ဖြစ်ရ၏။ ယံ-ယေန ကာရဏေန၊ အကြင့်ကြောင့်။ မေ၊ ငါ၏။ ဝိလပန္တိယာ၊ ငိုကြွေးမြည်တမ်းစဉ်ပင်။ အနပေက္ခော၊ ငဲ့ကွက်ခြင်းမရှိဘဲ။ တွံ၊ သင်ချစ်သားသည်။ ပဗ္ဗဇသိ၊ ရဟန်းပြုလိုဘိ၏။ တေန ကာရဏေန၊ ထိုကြောင့်။ မေ၊ ငါ၏။ လဘနံ၊ သားကို ရခြင်းသည်။ ဒုလ္လဒ္ဓံ၊ မကောင်းဖြင့် ရခြင်းမည်သည်။ အာသိ၊ ဖြစ်ခဲ့ပြီတကား။

၁၉၉။ သုတသောမ၊ သုတသောမ အမည်ရှိသော။ ဒေဝ၊ သားတော်မင်းမြတ်။ ယံ- ယေန ကာရဏေန၊ အကြင့်ကြောင့်။ တံ၊ သင်ချစ်သားကို။ အဟံ၊ ငါသည်။ ဝိဇာယိဿံ၊ ဖွားမြင်ရ၏။ ယံ-ယေန ကာရဏေန၊ အကြင့်ကြောင့်။ မေ၊ ငါ၏။ ဝိလပန္တိယာ၊ ငိုကြွေးမြည်တမ်းစဉ်ပင်။ အနပေက္ခော၊ ငဲ့ကွက်ခြင်း မရှိဘဲ။ တွံ၊ သင်ချစ်သားသည်။ ပဗ္ဗဇသိ၊ ရဟန်းပြုလိုဘိ၏။ တေန ကာရဏေန၊ ထိုသို့သော အကြောင်းကြောင့်။ မေ၊ ငါ၏။ လဘနံ၊ သားကိုရခြင်းသည်။ ဒုလ္လဒ္ဓံ၊ မကောင်းသော ရခြင်းမည်သည်။ အာသိ၊ ဖြစ်ရချေ၏တကား။

ခမည်းတော် တားမြစ်ပုံ

ဤသို့ နှစ်ဂါထာတို့ဖြင့် ငိုကြွေးမြည်တမ်းသော်လည်း ဘုရားလောင်းသည် မယ်တော်နှင့်တကွ တစ်စုံတစ်ခုသော စကားကိုမျှ ပြောဆိုတော်မမူ၊ မယ်တော်သည် ငိုကြွေးမြည်တမ်းလျက် အလိုလိုသာလျှင် တင့်အပ်လျောက်ပတ်စွာ နေ၏။ ထို့နောင်မှ ထိုသုတသောမမင်း၏ ခမည်းတော်အား ကြားလျှောက်ကြကုန်၏။ ခမည်းတော်သည် လာလတ်၍ သားတော်မင်းကို မေးလိုရကား-

၂၀၀။ ကော နာမေသော ဓမ္မော၊
သုတသောမ ကာ စ နာမ ပဗ္ဗဇ္ဇာ။
ယံ နော အမှေ ဇိဏ္ဏေ၊
အနပေက္ခော ပဗ္ဗဇသိ ဒေဝ။

ဟူသော ဤဂါထာကို ဆို၏။

၂၀၀။ သုတသောမ၊ သုတသောမ အမည်ရှိသော။ ဒေဝ၊ သားတော် မင်းမြတ်။ ယံ-ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ နော၊ ငါတို့၏။ ပုတ္တော၊ သားဖြစ်သော။ တွံ၊ သင် ချစ်သားသည်။ ဇိဏ္ဏေ၊ အိုမင်းကုန်သော။ အမှေ၊ ငါတို့ကို။ အနပေက္ခော၊ ငဲ့ကွက်ခြင်းမရှိဘဲ။ ပဟာယ၊ စွန့်၍။ ပဗ္ဗဇသိ၊ ရဟန်းပြုလိုဘိ၏။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ တံ၊ သင်ချစ်သားကို။ ဝဒါမိ၊ ဆိုအံ့။ တဝ၊ သင် ချစ်သား၏။ ဧသော ဓမ္မာ၊ ဤအိုမင်းသည်ဖြစ်၍ မွေးမြူတုံ့ မွေးမြူသင့်ကုန်သော မိဘတို့ကို မငဲ့မကွက် တောထွက်လိုခြင်း အကျင့်သည်။ ကော နာမ၊ အဘယ်အကျင့် မည်သနည်း။ ပဗ္ဗဇ္ဇာ၊ ရဟန်းပြုခြင်းသည်။ ကာ စ နာမ၊ အဘယ်မည်သော အကျိုးရှိသနည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ဆိတ်ဆိတ် နေတော်မူ၏။ ထိုအခါ သားတော်မင်းကို ခမည်းတော် မင်းကြီးသည် ချစ်သား သုတသောမ... မယ်တော် ခမည်းတော်တို့၌ ချစ်သား၏ ချစ်မြတ်နိုးခြင်းသည် အကယ်၍ မရှိသည် ဖြစ်စေဦး၊ သင်ချစ်သား၏ ပျိုနုကုန်သော သားတော် သမီးတော်တို့သည် သင်ချစ်သားနှင့် ကင်း၍ လူဖြစ်အံ့သောငှာ မစွမ်းနိုင်ကုန်လတ္တံ့၊ ထိုသားတော် သမီးတော်တို့ ကြီးခြင်းသို့ ရောက်သောအခါ ရဟန်းပြုရပါလတ္တံ့ ဟု ဆို၍ အကြောင်းကို ကြားလိုရကား-

၂၀၁။ ပုတ္တာပိ တုယှံ ဗဟဝေါ၊ ဒဟရာ အပတ္တယောဗ္ဗနာ။
မဉ္ဇူ တေပိ တံ အပဿန္တာ၊ မညေ ဒုက္ခံ နိဂစ္ဆန္တိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂၀၁။ တာတ သုတသောမ၊ ချစ်သား သုတသောမ။ မဉ္ဇူ၊ သာယာချေငံသော အသံရှိကုန်ထသော။ အပတ္တယောဗ္ဗနာ၊ အရွယ်သို့ မရောက်ကုန်သေးသော။ ဒဟရာ၊ ပျိုနုကုန်သော။ ဗဟဝေါ၊ များကုန်သော။ ပုတ္တာပိ၊ သားသမီးတို့သည်လည်း။ တုယှံ၊ သင်ချစ်သားအား။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုသားတော် သမီးတော်တို့သည်လည်း။ တံ၊ သင် ချစ်သားကို။ အပဿန္တာ၊ မမြင်ရကုန်သည်ရှိသော်။ ဒုက္ခ၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းသို့။ နိဂစ္ဆန္တိ မညေ၊ ရောက်ကုန်လတ္တံ့သည်ဟု ငါထင်မိ၏။

သုတသောမ တရားပြ

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ခမည်းတော်အား တရားဟောတော်မူလိုရကား-

၂၀၂။ ပုတ္တေဟိ စ မေ ဧတေဟိ၊
ဒဟရေဟိ အပတ္တယောဗ္ဗနေဟိ။
မဉ္ဇူဟိ သဗ္ဗေဟိပိ တုမှေဟိ၊
စိရမ္ပိ ဌတွာ ဝိနာသဘာဝေါ။

ဟူသော ဤဂါထာကို ဆို၏။

၂၀၂။ တာတ၊ ခမည်းတော်။ ဒဟရေဟိ၊ ပျိုနုကုန်ထသော။ အပတ္တယောဗ္ဗနေဟိ၊ အရွယ်သို့ မရောက်ကုန်သော။ မဉ္ဇူဟိ၊ သာယာချေငံသော ပြောဆိုသံရှိကုန်သော။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဧတေဟိ ပုတ္တေဟိ စ၊ ထို သားတော် သမီးတော်တို့နှင့် လည်းကောင်း။ တုမေဟိ စ၊ ခမည်းတော်တို့နှင့် လည်းကောင်း။ စိရံ၊ မြင့်ရှည်စွာ။ ဌတွာပိ၊ အတူတကွ နေရသော်လည်း။ မေ၊ အကျွန်ုပ်အား။ ဝိနာသဘာဝေါ၊ ပျက်စီးခြင်းသဘောရှိသည်သာလျှင်တကား။

မောင်းမများ ငိုကြွေးကြပုံ

ဤ ပုတ္တဟိ အစရှိသော ဂါထာဖြင့် ဘုရားအလောင်းသည် ခမည်းတော်အား တရားဟောတော်မူ၏။ ခမည်းတော်သည် သားတော်၏ တရားစကားကို ကြားရလျှင် ဆိတ်ဆိတ်နေ၏။ ထို့နောင်မှ ဘုရားလောင်း၏ ခုနစ်ရာကုန်သော မိဖုရားတို့အား ကြားကြလေကုန်၏။ ထိုမိဖုရားတို့သည်လည်း ပြာသာဒ်ထက်မှ ဆင်းသက်ကုန်ပြီးလျှင် ဘုရားလောင်း အထံတော်သို့ လာလတ်၍ ဖမျက်တော်တို့၌ ကိုင်ကုန်လျက် ငိုကြွေးလိုကုန်ရကား-

၂၀၃။ ဆိန္နံ နု တုယှံ ဟဒယံ၊
အဒု တေ ကရုဏာ စ နတ္ထိ အမှေသု။
ယံ နော ဝိကန္ဒန္တိယော၊
အနပေက္ခော ပဗ္ဗဇသိ ဒေဝ။

ဟူသော ဤဂါထာကို ဆို၏။

၂၀၃။ ဒေဝ၊ အရှင်မင်းမြတ်။ ယံ-ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ နော၊ အကျွန်ုပ်တို့၏။ ဝိကန္ဒန္တိယော၊ ငိုကြွေးကုန်စဉ်။ အနပေက္ခော၊ ငဲ့ကွက်ခြင်း ရှိတော်မမူဘဲ။ တွံ၊ အရှင်မင်းမြတ်သည်။ ပဗ္ဗဇသိ၊ ရဟန်းပြုတော်မူလိုဘိ၏။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ တံ၊ အရှင်မင်းမြတ်ကို။ မယံ၊ အကျွန်ုပ်တို့သည်။ ဝဒါမ၊ တင်လျှောက်ပါကုန်အံ့။ အမှေသု၊ အကျွန်ုပ်တို့၌။ တုယှံ၊ အရှင်မင်းမြတ်၏။ ဟဒယံ၊ မေတ္တာနှင့်ယှဉ်သော စိတ်တော်သည်။ ဆိန္နံ နု၊ ပြတ်တော်မူသလော။ အဒု၊ ထိုသို့မဟုတ်မူကား။ ကရုဏာ စ၊ စုံမက် သနားတော်မူခြင်းသည်လည်း။ တေ၊ အရှင်မင်းမြတ်အား။ နတ္ထိ၊ မရှိအလျှင်း ကင်းတော်မူပြီလော။

သုတသောမ တရားပြ

ဘုရားအလောင်းတော်သည် ခြေရင်း၌ လူးလဲငိုကြွေးကုန်သော ထိုမိဖုရားတို့၏ ငိုကြွေးသံကိုကြား၍ ထိုမိဖုရားတို့အား တရားစကားဖြင့် နှစ်သိမ့်စေလိုရကား-

၂၀၄။ န စ မယှံ ဆိန္နံ ဟဒယံ၊
အတ္ထိ ကရုဏာပိ မယှံ တုမှေသု။
သဂ္ဂဉ္စ ပတ္ထယာနော၊ တေန အဟံ ပဗ္ဗဇိဿာမိ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

၂၀၄။ ဘဂိနိယော၊ နှမတို့။ တုမေဟိ၊ သင်တို့၌။ မယှံ၊ ငါ၏။ ဟဒယဉ္စ၊ မေတ္တာနှင့်ယှဉ်သော စိတ်သည်လည်း။ န ဆိုန္နံ၊ မပြတ်မကင်း မရှင်းပါ။ မယှံ၊ ငါ့အား။ တုမှေသု၊ သင်တို့၌။ ကရုဏာပိ၊ သနားစုံမက်ခြင်းသည်လည်း။ အတ္ထိ၊ ရှိပါ၏။ ယသ္မာ၊ အကြင့်ကြောင့်။ သဂ္ဂဉ္စ၊ နတ် ပြည်ကိုလည်း။ ပတ္ထယာနော၊ တောင့်တသည်။ အဿ၊ ဖြစ်၏။ တေန၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုပေအံ့။

မိဖုရားကြီး တားမြစ်ခြင်း

ထို့နောင်မှ ဘုရားလောင်း၏ မိဖုရားကြီးအား တင်လျှောက်ကြကုန်၏။ ထိုမိဖုရားကြီးသည် လေးသော ကိုယ်ဝန်ရှိသည်ဖြစ်၍ ပြည့်သော ကိုယ်ဝန်ရှိလျက်လည်း လာလတ်သဖြင့် ဘုရားအလောင်းကို ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ ရပ်လျက် ငိုကြွေးမြည်တမ်းသဖြင့် တားမြစ်လိုရကား-

၂၀၅။ ဒုလ္လဒ္ဓံ မေ အာသိ သုတသောမ၊
ယဿ တေ အဟံ ဘရိယာ။
ယံ မေ ဝိလပန္တိယာ၊ အနပေက္ခော ပဗ္ဗဇသိ ဒေဝ။
၂၀၆။ ဒုလ္လဒ္ဓံ မေ အာသိ သုတသောမ၊
ယဿ တေ အဟံ ဘရိယာ။
ယံ မေ ကုစ္ဆိ ပဋိသန္ဓိံ၊ အနပေက္ခော ပဗ္ဗဇသိ ဒေဝ။
၂၀၇။ ပရိပက္ကော မေ ဂဗ္ဘော၊
ကုစ္ဆိဂတော ယာဝ နံ ဝိဇာယာမိ။
မာဟံ ဧကာ ဝိဓဝါ၊ ပစ္ဆာ ဒုက္ခာနိ အဒ္ဒက္ခိံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၀၅။ သုတသောမ၊ သုတသောမ အမည်တော်ရှိသော။ ဒေဝ၊ အရှင်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ယဿ၊ အကြင်သို့ သဘောရှိသော။ တေ၊ အရှင်မင်းမြတ်၏။ ဘရိယာ၊ မိဖုရားကြီးသည်။ ဟောမိ၊ ဖြစ်ရ၏။ ယံ-ယသ္မာ ကာရဏာ၊ အကြင့်ကြောင့်။ ဝိလပန္တိယာ၊ ငိုကြွေးမြည်တမ်းသော။ မေ၊ အကျွန်ုပ်အား။ အနပေက္ခော၊ ငဲ့ကွက်တော်မမူဘဲ။ တွံ၊ အရှင်မင်းမြတ်သည်။ ပဗ္ဗဇသိ၊ ရဟန်းပြုလိုဘိ၏။ တသ္မာ၊ ထို့ကြောင့်။ မေ-မမ၊ အကျွန်ုပ်၏။ လဒ္ဓံ၊ မိဖုရားကြီးအရာကို ရခြင်းသည်။ ဒုလ္လဒ္ဓံ၊ မကောင်းသော ရခြင်းသည်။ အာသိ၊ ဖြစ်ပေစွတကား။

၂၀၆။ သုတသောမ၊ သုဘာမ အမည်ရှိတော်မူသော။ ဒေဝ၊ အရှင်မင်းမြတ်။ ယံ-ယသ္မာ ကာရဏာ၊ အကြင့်ကြောင့်။ မေ၊ အကျွန်ုပ်၏။ ကုစ္ဆိပဋိသန္ဓိံ၊ ဝမ်း၌တည်သော ပဋိသန္ဓေကို။ အနပေက္ခော၊ ငဲ့ကွက်ခြင်း ကင်းတော်မူသည်ဖြစ်၍။ တွံ၊ အရှင်မင်းမြတ်သည်။ ပဗ္ဗဇသိ၊ ရဟန်းပြုတော်မူလိုဘိ၏။ တသ္မာ၊ ထို့ကြောင့်။ ယဿ၊ အကြင်သို့သဘောရှိသော။ တေ၊ အရှင်မင်းမြတ်၏။ ဘရိယာ၊ မိဖုရားကြီးဖြစ်သော။ အဟံ၊ အကျွန်ုပ်သည်။ တံ၊ အရှင်မင်းမြတ်ကို။ ဝဒါမိ၊ တင်လျှောက်ပါအံ့။ မေ၊ အကျွန်ုပ်သည်။ ယံ အဂ္ဂမဟေသိဋ္ဌာနံ၊ အကြင်မိဖုရားကြီး အရာကို။ လဒ္ဓံ၊ ရအပ်၏။ တံ၊ ထိုမိဖုရားကြီးအရာကို ရခြင်းသည်။ ဒုလ္လဒ္ဓံ၊ မကောင်းသော ရခြင်းသည်။ အာသိ၊ ဖြစ်ရချေ၏တကား။

၂၀၇။ ဒေဝ၊ အရှင်မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ ကုစ္ဆိဂတော၊ ဝမ်း၌တည်သော။ ဂဗ္ဘော၊ ကိုယ်ဝန်သည်။ ပရိပက္ကော၊ ရင့်ပါပြီ။ ယာဝ၊ အကြင်မျှလောက်။ နံ၊ ထိုသူငယ်ကို ဝိဇာယာမိ၊ ဖွားမြင်ပါလတ္တံ့။ တာဝ၊ ထိုသူငယ်ဖွားမြင်ရုံ။ အဓိဝါသေဟိ၊ သည်းခံတော်မူပါလော့။ ပစ္ဆာ၊ နောက်ကာလ၌။ အဟံ၊ အကျွန်ုပ်သည်။ ဝိဓဝါ၊ မုဆိုးမဖြစ်၍။ ဧကာ၊ တစ်ယောက်အထီးတည်း။ ဒုက္ခာနိ၊ ဆင်းရဲတို့ကို။ မာ အဒ္ဒက္ခိံ၊ မမြင်ပါရစေလင့်။

ထိုနောက်မှ ဘုရားလောင်းသည် မိဖုရားကြီးစကားကို ပယ်လိုရကား-

၂၀၈။ ပရိပက္ကော တေ ဂဗ္ဘော၊
ကုစ္ဆိဂတော ဣင်္ဃ တွံ ဝိဇာယဿု။
ပုတ္တံ အနောမဝဏ္ဏံ၊ တံ ဟိတွာ ပဗ္ဗဇိဿာမိ။

ဟူသောဤဂါထာကို ဆို၏။

၂၀၈။ ဒေဝိ၊ မိဖုရား။ တေ၊ ရှင်မိဖုရား၏။ ကုစ္ဆိဂတော၊ ဝမ်း၌တည်သော။ ဂဗ္ဘော၊ ကိုယ်ဝန်သည်။ ပရိပက္ကော စ၊ ရင့်သည်သာလျှင်တည်း။ ဣင်္ဃ၊ ငါ တိုက်တွန်းအံ့။ တွံ၊ သင်မိဖုယားကြီးသည်။ အနောမဝဏ္ဏံ၊ မယုတ်မမာ လှပစွာသော အဆင်းရှိသော။ ပုတ္တံ၊ သားတော်ကို။ ဝိဇာယဿု၊ ဖွားမြင် ရစ်လော့။ တံ ပုတ္တံ၊ ထိုရှင်မိဖုရားနှင့် တကွသော သားတော်တို့ကို။ ဟိတွာ၊ စွန့်၍။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။

ထိုမိဖုရားကြီးသည် ဘုရားအလောင်း၏ စကားကို ကြားလျှင် စိုးရိမ်ခြင်းကို ချုပ်တည်းအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ အရှင်မင်းမြတ် ယခုအခါ ဤနေ့မှစ၍ အကျွန်ုပ်တို့အား ဘုန်းကျက်သရေမည်သည် မရှိပြီ ဟု ဆို၍ လက်နှစ်ဖက်တို့ဖြင့် ရင်ကိုမလျက် မျက်ရည်တို့ကို ယိုစီးစေလျက် သည်းထန်စွာသော အသံဖြင့် ငိုကြွေး၏။ ထိုသို့ ငိုကြွေးသောအခါ ဘုရားလောင်းသည် ထိုမိဖုရားကြီးကို နှစ်သိမ့်စေလိုရကား-

၂၀၉။ မာ တွံ စန္ဒေ ရုဒိ၊ မာ သောစိ ဝနတိမိရမတ္တက္ခိ။
အာရောဟ ဝရပါသာဒံ၊
အနပေက္ခော အဟံ ဂမိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

၂၀၉။ ဝနတိမိရမတ္တက္ခိ၊ ညိုသင့်ရာဝယ် အောက်မည်းညိုပွင့်လို စိမ်းလဲ့ညိုသော မျက်လုံးရှိထသော။ စန္ဒေ၊ ရှင်မစန္ဒာ တောင်ညာတင်ထား မိဖုရား။ တွံ၊ ရှင်မိဖုရားသည်။ မာ ရုဒိ၊ မငိုကြွေးပါလင့်။ မာ သောစိ၊ မစိုးရိမ်ပါလင့်။ ဝရပါသာဒံ၊ ရွှေပြာသာဒ်တော်သို့။ အာရောဟ၊ တက်ပါလော့။ အဟံ၊ ငါသည်။ အနပေက္ခော၊ ငဲ့ကွက်ခြင်းမရှိ။ ဂမိဿာမိ၊ သွားတော့အံ့။

ထိုမိဖုရားကြီးသည် ဘုရားလောင်း၏ စကားကို ကြား၍ တည်အံ့သောငှာ မတတ်နိုင်ရကား ရွှေနန်းပြာသာဒ်တော်သို့ တက်၍ ငိုကြွေးလျက်နေ၏။ ထိုအခါ မိဖုရားကြီးကို ဘုရားလောင်း၏ သားတော်အကြီးသည် မြင်လေ၍ အဘယ့်ကြောင့်လျှင် ငါ၏ မယ်တော်မိဖုရားကြီးသည် ငိုကြွေးလျက် နေတော်မူသနည်းဟု ထိုမယ်တော်မိဖုရားကြီးကို မေးလိုရကား-

၂၁၀။ ကော တံ အမ္မ ကောပေသိ၊
ကိံ ရောဒသိ ပေက္ခသိ စ မံ ဗာဠှံ။
ကံ အဝဇ္ဈံ ဃာတေမိ၊ ဉာတီနံ ဥဒိက္ခမာနာနံ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၀။ အမ္မ၊ မယ်တော်ဖုရား။ တံ၊ မယ်တော်ဖုရားကို။ ကော၊ အဘယ်သူသည်။ ကောပေသိ၊ မျက်လိုခြင်းကို ပြုဘိသနည်း။ ကိံ၊ အဘယ့်ကြောင့်။ ရောဒသိ၊ ငိုတော်မူဘိသနည်း။ မံ၊ အကျွန်ုပ်ကို။ ဗာဠှံ၊ စိန်းစိန်း။ ကိံ ပေက္ခသိ စ၊ အဘယ့်ကြောင့် ကြည့်တော်မူဘိသနည်း။ က့ အဝဇ္ဈံ၊ သတ်ဖြတ်သင့်သော အပြစ်ရှိသော အဘယ်သူကို။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ဥဒိက္ခမာနာနံ၊ မြင်စဉ်ဆဲဆဲ။ အဟံ၊ အကျွန်ုပ်သည်။ ဃာတေမိ၊ သတ်ရအံ့နည်း။

ထိုနောက်မှ မယ်တော် မိဖုရားကြီးသည် သားတော်အား အကြောင်းကို ကြားလိုရကား-

၂၁၁။ န ဟိ သော သက္ကာ ဟန္တုံ၊
ဝိဇိတာဝီ ယော မံ တာတ ကောပေသိ။
ပိတာ တေ မံ တောတ အဝစ၊
အနပေက္ခော အဟံ ဂမိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၁။ တာတ၊ ချစ်သား။ ဝိဇိတာဝီ၊ မြေအပြင်၌ အောင်မြင်ပြီးသော ရန်ရှိသော။ ယော ပိတာ၊ အကြင်မောင်၏ ခမည်းတော်ဘုရားသည်။ မံ၊ ငါ့ကို။ ကောပေသိ၊ မချစ်စိမ်းကား မုန်းထားမျက်လိုတော်မူဘိ၏။ တာတ၊ ချစ်သား။ တေ၊ သင် ချစ်သား၏။ ပိတာ၊ ခမည်းတော်ဘုရားသည်။ အနပေက္ခော၊ ငဲ့ကွက်ခြင်းမရှိ။ အဟံ၊ ငါသည်။ ဂမိဿာမိ၊ သွားတော့အံ့။ ဣတိ၊ ဤသို့။ မံ၊ ငါ့ကို။ အဝစ၊ မိန့်တော်မူဘိ၏။ သော ပိတာ၊ ထိုမောင်၏ ခမည်းဘော်ဘုရားကို။ ဟန္တုံ၊ သတ်ဖြတ်စီရင်အံ့သောငှာ။ န ဟိ သက္ကာ၊ မတတ်ကောင်းသည်သာတကား။

သားတော်များ ငိုကြွေးကြပုံ

ထိုသားတော်ကြီးသည် မယ်တော်ဖုရား စကားကို ကြားရလျှင် မယ်တော်ဖုရား... မယ်တော်ဖုရားသည် အသို့ မိန့်တော်မူသနည်း၊ ဤသို့ ခမည်းတော်ဘုရား ရဟန်းပြုတော်မူသည် ဖြစ်လတ်သော် အကျွန်ုပ်တို့သည် ကိုးကွယ်ရာမရှိသော မည်သည် ဖြစ်ရကုန်လတ္တံ့ မဟုတ်လောဟု ဆို၍ ငိုကြွေးရလိုကား-

၂၁၂။ ယောဟံ ပုဗ္ဗေ နိယျာမိ၊
ဥယျာနံ မတ္တကုဉ္ဇရေ စ ယောဓေမိ။
သုတသောမေ ပဗ္ဗဇိတေ၊ ကထံ နု ဒါနိ ကရိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၂။ အမ္မ၊ မယ်တော်ဖုရား။ ယော အဟံ၊ အကွင်အကျွန်ုပ်သည်။ ပုဗ္ဗေ၊ ရှေး၌။ စတုအာဇညယုတ္တံ၊ အာဇာနည် မြင်းလေးစီး က, သော။ သဗ္ဗာလင်္ကာရပဋိမဏ္ဍိတံ၊ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်သော။ ရထံ၊ ရထားကို။ အဘိရုယှ၊ စီး၍။ ဥယျာနံ၊ ဥယျာဉ်သို့။ နိယျာမိ၊ ထွက်သွားရ၏။ မတ္တကုဉ္ဇရေ စ၊ အမုန်ယစ်သော

ဆင်ပြောင်တို့ကိုလည်း။ ယောဓေမိ၊ တိုက်စေ ထိုးစေရ၏။ သုတသောမေ။ ခမည်းတော် သုတသောမ မင်းမြတ်သည်။ ပဗ္ဗဇိတေ၊ ရဟန်းပြုတော်မူချေသော်။ ဣဒါနိ၊ ယခု။ ကထံ ကရိဿာမိ နု၊ အသို့ ပြုရပါမည်နည်း။

ထိုအခါ ခုနစ်နှစ်သာရှိသော ထိုသားတော်ကြီး၏ ညီတော် မင်းသားသည် ထိုနောင်တော်, မယ်တော် နှစ်ပါးတို့ ငို၍နေကုန်သည်တို့ကို မြင်လေ၍ မယ်တော် မိဖုရားကြီးအထံသို့ ချဉ်းကပ်၍ အဘယ်ကြောင့် မယ်တော်ဘုရားတို့သည် ငိုကြွေးတော် မူကုန်သနည်း ဟု မေး၍ အကြောင်းကို ကြားတည့်ရလျှင် ထိုသို့ဖြစ်သော်ကား ငိုတော်မမူလင့်၊ အကျွန်ုပ်သည် ရှေးဦးစွာ ခမည်းတော်ဘုရားအား ရဟန်းပြုစိမ့်သောငှာ ခွင့်မပေး ဟု ဆို၍ နှစ်ပါးကုန်သော နောင်တော် မယ်တော်တို့ကို နှစ်သိမ့်စေပြီးလျှင် အချီတော်မိန်းမနှင့်တကွ ရွှေနန်းပြာသာဒ်ထက်မှ ဆင်းသက်၍ ခမည်းတော်ဘုရား ခမည်းတော်မင်းမြတ်သည် မကွေကွင်းလိုပါကုန်သော အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူ၍ ရဟန်းပြုအံ့ဟု ဆိုတော်မူသတတ်၊ အကျွန်ုပ်သည် ခမည်းတော်ဘုရားအား ရဟန်းပြုစိမ့်သောငှာ ခွင့်မပေးအံ့ ဟု ခမည်းတော်ကို လည်၌ မြဲစွာဖက်၍ တားမြစ်လိုရကား-

၂၁၃။ မာတုစ္စ မေ ရုဒန္တျာ။
ဇေဋ္ဌဿ စ ဘာတုနော အကာမဿ၊
ဟတ္ထေပိ တေ ဂဟေဿံ၊
န ဟိ ဂစ္ဆသိ နော အကာမာနံ၊

ဟူသော ဤဂါထာကို ဆို၏။

၂၁၃။ တာတ၊ ခမည်းတော်ဘုရား။ မေ၊ အကျွန်ုပ်၏။ ရုဒန္တျာ၊ ငိုကြွေးသော။ မာတု စ၊ မယ်တော်ဘုရားအားလည်းကောင်း။ အကာမဿ၊ မကွေကွင်းလိုသော။ ဇေဋ္ဌဿ ဘာတုနော စ၊ အစ်ကိုကြီးအားလည်းကောင်း။ အကာမာနံ၊ ကွေကွင်းခြင်းကို အလိုမရှိကုန်သော။ နော အမှာကံ၊ အကျွန်တို့အား။ ပဟာယ၊ စွန့်ပစ်၍။ ပဗ္ဗဇိတုံ၊ ရဟန်းပြုအံ့သောငှာ။ တွံ၊ ခမည်းတော် မင်းမြတ်သည်။ န ဟိ ဂစ္ဆသိ၊ မသွားရသည်သာတည်း။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ ခမည်းတော် မင်းမြတ်၏။ ဟတ္ထေပိ၊ လက်တော်၌လည်း။ တံ၊ ခမည်းတော်ဘုရားကို။ ဂဟေဿံ၊ ဆွဲ၍ထားအံ့။

ဘုရားလောင်း သုတသောမသည် ဤသူငယ်သည် ငါ၏ဘေးရန်ကို ပြုချေ၏။ အဘယ်သို့သော အကြောင်းဖြင့် ထိုသူငယ်ကို ဖဲစေရပါမည်နည်း ဟု ကြံတော်မူ၏။ ထို့နောင်မှ အထိန်းတော်အား ကြည့်တော်မူ၍ အို အထိန်းတော်... ယခု ဤပတ္တမြားတုံး တန်ဆာကို ယူလော့၊ ဤပတ္တမြားတုံးသည် သင့်ဖိုဖြစ်လော့၊ ငါ့သားတော်ကို ချီယူဆောင်ပလေလော့။ ငါ၏ အန္တရာယ်ကို မပြုပါစေလင့် ဟု ဆို၍ မိမိသည် သားတော်ကို လက်၌ကိုင်၍ ပယ်အံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ အထိန်းတော်အား တံစိုးပေး၍ တစ်ပါးသောအရပ်သို့ ဆောင်ယူစိမ့်သောငှာ တိုက်တွန်းလိုရကား-

၂၁၄။ ဥဋ္ဌေဟိ တုံ ဓာတိ၊
ဣမံ ကုမာရံ ရမေဟိ အညတ္ထ။
မာ မေ ပရိပန္ထမကာသိ။
သဂ္ဂံ မမ ပတ္ထယာနဿ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၄။ ဓာတိ၊ အချီတော်မ။ တွံ၊ ရှင်မသည်။ ဥဋ္ဌေဟိ၊ ထလော့။ ဣမံကုမာရံ၊ ဤမင်းသားငယ်ကို။ အညတ္ထ၊ တစ်ပါးသော အရပ်၌။ ရမေဟိ၊ မွေ့လျော်စေလော့။ မေ၊ ငါ၏။ ပုတ္တော၊ သားငယ်သည်။ သဂ္ဂံ၊ နတ်ပြည်ကို။ ပတ္ထယာနဿ၊ တောင့်တသော။ မမ၊ ငါ၏။ ပရိပန္ထံ၊ ဘေးရန်ကို။ မာ အကာသိ၊ မပြုပါစေလင့်။

ထိုအထိန်းတော် မိန်းမသည် တံစိုးကိုယူ၍ မင်းသားငယ်ကို နှစ်သိမ့်စေ၍ ဆောင်ယူပြီးလျှင် တစ်ပါးသော အရပ်သို့သွား၍ ငိုကြွေးလိုရကား-

၂၁၅။ ယံနူနိမံ ဒဒေယျံ ပဘင်္ကရံ၊
ကော နု မေ ဣမိနာတ္ထော။
သုတသောမေ ပဗ္ဗဇိတေ၊
ကိံနု မေ နံ ကရိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၅။ ပဘင်္ကရံ၊ ပြိုးပြိုးပြက်ထွက်သော အရောင်ကို ပြုစေတတ်သော။ ဒဒေယျံ၊ လက်ဆောင်အဖြစ်ဖြင့် ပေးတော် မူအပ်သော။ ဣမံ မဏိံ၊ ဤပတ္တမြားတုံးကို။ ယ့နူန ဂဟိတံ၊ အကယ်၍ ယူအပ်၏။ သုတသောမေ၊ မင်းမြတ် သုတသောမသည်။ ပဗ္ဗဇိတေ၊ ရဟန်းပြုတော်မူချေသော်။ ဣမိနာ၊ ဤပတ္တမြားတုံးဖြင့်။ မေ၊ ငါ့အား။ ကော အတ္ထော နု၊ အဘယ်အကျိုး ရှိမည်နည်း။ နံ၊ ပတ္တမြားတုံးကို။ မေ၊ ငါသည်။ ကိံ ကရိဿာမိ နု၊ အသို့ပြုရပါမည်နည်း။

စစ်သူကြီး တားမြစ်ခြင်း

ထို့နောင်မှ စစ်သူကြီးသည် ဤမင်းသည် ငါ၏နန်းတော်၌ ဥစ္စာသည် နည်းပါး၏ဟူသော အမှတ်ကို ပြုသည်ထင်၏။ ထိုမင်းအား ဥစ္စာစပါးဖြင့် ပေါများသည်၏အဖြစ်ကို တင်လျှောက်ဦးအံ့ ဟု ကြံ၏။ ကြံပြီး၍ စစ်သူကြီးသည် နေရာမှထ၍ ရှိခိုးလျက် တင်လျှောက်လိုရကား-

၂၁၆။ ကောသော စ တုယှ့ ဝိပုလော၊
ကောဋ္ဌာဂါရဉ္စ တုယှံ ပရိပူရံ။
ပထဝီ စ တုယှံ ဝိဇိတာ၊
ရမဿု မာ ပဗ္ဗဇိ ဒေဝ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၆။ ဒေဝ၊ အရှင်မင်းမြတ်။ တုယှံ၊ အရှင်မင်းမြတ်၏။ ကောသော စ၊ ရွှေတိုက် ငွေတိုက်တော်သည်လည်း။ ဝိပုလော၊ ပြန့်ပြောပြည့်စုံ၏။ တုယှံ၊ အရှင်မင်းမြတ်၏။ ကောဋ္ဌာဂါရဉ္စ၊ ကျီကြသည်လည်း။ ပရိပူရံ၊ ပြည့်ဖြိုး၏။ တုယှံ၊ အရှင်မင်းမြတ်သည်။ ပထဝီ စ၊ မြေနေ လူအပေါင်းကိုလည်း။ ဝိဇိတာ၊ အောင်မြင်လွှမ်းမိုး အစိုးရတော်မူ၏။ ဒေဝ၊ အရှင်မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ ရမဿု၊ မွေ့လျော်တော်မူလော့။ မာ ပဗ္ဗဇိ၊ ရဟန်းပြုတော်မမူလင့်။

ထိုစကားကို ကြား၍ ဘုရားလောင်းသည် ပယ်တော်မူလိုရကား-

၂၁၇။ ကောသော စ မယှံ ဝိပုလော၊
ကောဋ္ဌာဂါရဉ္စ မယှံ ပရိပူရံ။
ပထဝီ စ မယှံ ဝိဇိတာ၊
တံ ဟိတွာ ပဗ္ဗဇိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၇။ မဟာသေနဂုတ္တ၊ စစ်သူကြီး။ မယှံ၊ ငါ၏။ ကောသော စ၊ ရွှေတိုက် ငွေတိုက်တော်သည်လည်း။ ဝိပုလော၊ ပြန့်ပြောပြည့်စုံ၏။ မယှံ၊ ငါ၏။ ကောဋ္ဌာဂါရဉ္စ၊ ကျီကြသည်လည်း။ ပရိပူရံ၊ ပြည့်စုံ၏။ မယှံ၊ ငါ၏။ ပထဝီ စ၊ မြေနေ လူအများကိုလည်း။ ဝိဇိတာ၊ အောင်မြင်တော်မူ၏။ တံ၊ ထို ရွှေတိုက် ငွေတိုက် အစရှိသည်ကို။ ဟိတွာ၊ စွန့်၍။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။

သူဌေးကြီး တားမြစ်ခြင်း

ထိုစကားကိုကြား၍ စစ်သူကြီးဖဲသည်ရှိသော် ကုလဝဍ္ဎန အမည်ရှိသော သူဌေးသည် နေရာမှထ၍ ရှိခိုးလျက် တင်လျှောက် တောင်းပန်လိုရကား-

၂၁၈။ မယှံ ဓနံ ပဟူတံ၊
သင်္ခါတုံ နောပိ ဒေဝ သက္ကောမိ။
တံ တေ ဒဒါမိ သဗ္ဗမ္ပိ၊
ရမဿု မာ ပဗ္ဗဇိ ဒေဝ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၈။ ဒေဝ၊ အရှင်မင်းမြတ်။ မယှံပိ၊ အကျွန်ုပ်အားလည်း။ ပဟူတံ၊ များစွာသော။ ဓနံ၊ ဥစ္စာသည်။ အတ္ထိ၊ ရှိ၏။ သင်္ခါတုံပိ၊ ရေတွက်အံ့သောငှာလည်း။ နော သက္ကောမိ၊ မတတ်နိုင်။ တံ သဗ္ဗမ္ပိ၊ ထိုအလုံးစုံသော ဥစ္စာကိုလည်း။ တေ၊ အရှင်မင်းမြတ်အား။ ဒဒါမိ၊ ဆက်သပါ၏။ ဒေဝ၊ အရှင်မင်းမြတ်။ တွံ၊ အရှင်မင်းမြတ်သည်။ ရမဿု၊ မွေ့လျော်တော်မူပါလော့။ မာ ပဗ္ဗဇိ၊ ရဟန်းပြုတော်မမူပါလင့်။

ဘုရားလောင်းသည် ထိုကုလဝဍ္ဎနသူဌေး တင်လျှောက်သောစကားကို ကြား၍ ပယ်တော်မူလိုရကား-

၂၁၉။ ဇာနာမိ ဓနံ ပဟူတံ၊
ကုလဝဍ္ဎန ပူဇိတော တယာ စသ္မိ။
သဂ္ဂဉ္စ မေ ပတ္ထယာနော၊
တေန အဟံ ပဗ္ဗဇိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

၂၁၉။ ကုလဝဍ္ဎန၊ ကုလဝဍ္ဎန အမည်ရှိသော။ မဟာ သေဋ္ဌိ၊ သူဌေးကြီး။ အဟံ၊ ငါသည်။ တဝ၊ သင့်အား။ ပဟူတံ ဓနံ၊ များစွာသော ဥစ္စာရှိသည်၏ အဖြစ်ကို။ ဇာနာမိ၊ သိပါ၏။ အဟံ၊ ငါသည်။ တယာ ပူဇိတော၊ သင် ပူဇော်ထိုက်သောသူသည်။ အသ္မိ၊ ဖြစ်၏။ သဂ္ဂဉ္စ၊ နတ်ပြည်ကိုလည်း။ မေ၊ ငါသည်။ ပတ္ထယာနော၊ တောင့်တော်မူ၏။ တေန၊ ထိုကြောင့်။ အဟံ၊ ငါသည်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။

ညီတော်ကို နန်းအပ်ပြီ

ထိုစကားကိုကြား၍ ကုလဝဍ္ဎနသူဌေး ဖဲသည်ရှိသော် ဘုရားလောင်းသည် သောမဒတ္တ အမည်ရှိသော ညီတော်ကို ခေါ်တော်မူ၍ ညီချစ် သောမဒတ်... ငါသည် ဆောင်းလှောင်သော တောကြက်ကဲ့သို့ ငြီးငွေ့၏။ လူတို့ဘောင်၌နေသော ငါ့ကို ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်ခြင်းသည် နှိပ်စက်၏။ ယနေ့ပင်လျှင် ရဟန်းပြုတော့အံ့၊ သင် ချစ်ညီသည် ဤမင်းအဖြစ်ကို ခံယူလော့ ဟု ဆို၍ မင်းအဖြစ်ကို ဆောင်နှင်းလိုရကား-

၂၂၀။ ဥက္ကဏ္ဌိတောသ္မိ ဗာဠှံ၊
အရတိ မံ သောမဒတ္တ အာဝိသတိ။
ဗဟုကာပိ မေ အန္တရာယာ၊
အဇ္ဇေဝါဟံ ပဗ္ဗဇိဿာမိ။

ဟူသော ဤဂါထာကို ဆို၏။

၂၂၀။ သောမဒတ္တ၊ ညီချစ် သောမဒတ်။ အဟံ၊ ငါသည်။ ဥက္ကဏ္ဌိတော၊ ဆောင်းလှောင်မိသော တောကြက်ကဲ့သို့ ငြီးငွေ့သည်။ အသ္မိ၊ ဖြစ်၏။ မံ၊ ငါ့ကို။ အရတိ၊ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်ခြင်းသည်။ ဗာဠှံ အဝိသတိ၊ ပြင်းထန်စွာ နှိပ်စက်ဘိ၏။ မေ၊ ငါ့အား။ ဗဟုကာ၊ များစွာကုန်သော။ အန္တရာယာ၊ အန္တရာယ်တို့သည်။ ပညာယန္တိ၊ ထင်ကုန်၏။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ အဟံ၊ ငါသည်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။

ထိုစကားကိုကြား၍ ညီတော် သောမဒတ်သည်လည်း ရဟန်းပြုလို၍ ထိုအကြောင်းကို နောင်တော်မင်းအား ထင်ရှား တင်လျှောက်လိုရကား-

၂၂၁။ ဣဒံစ တုယှံ ရုစိတံ၊
သုတသောမ အဇ္ဇေဝ ဒါနိ တွံ ပဗ္ဗဇ။
အဟမ္ပိ ပဗ္ဗဇိဿာမိ၊
န ဥဿဟေ တယာ ဝိနာ အဟံ ဌာတုံ။

ဟူသော ဤဂါထာကို ဆို၏။

၂၂၁။ သုတသောမ၊ မင်းမြတ် သုတသောမ။ ဣဒံ စ ပဗ္ဗဇိတဘာဝံ၊ ဤရသေ့ရဟန်း အဖြစ်ကိုလည်း။ တုယှံ တယာ၊ နောင်တော် မင်းမြတ်သည်။ ရုစိတံ၊ နှစ်သက်တော်မူ၏။ ဒါနိ၊ ယခု။ တွံ၊ နောင်တော် မင်းမြတ်သည်။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇ၊ ရဟန်းပြုတော်မူပါလော့။ အဟမ္ပိ၊ အကျွန်ုပ်သည်လည်း။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုပါအံ့။ တယာ၊ နောင်တော်မင်းမြတ်နှင့်။ ဝိနာ၊ ကင်း၍။ ဌာတုံ၊ တည်အံ့သောငှာ။ န ဥဿဟေ၊ မစွမ်းနိုင်ပါ။

ထိုအခါ ဘုရားလောင်းသည် ညီတော် သောမဒတ် တင်လျှောက်သော စကားကို ပယ်တော်မူလိုရကား-

၂၂၂။ န ဟိ သက္ကာ ပဗ္ဗဇိတုံ၊
နဂရေ န ဟိ ပစ္စတိ ဇနပဒေ စ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဆို၏။

၂၂၂။ တာတ၊ ညီချစ် သောမဒတ်။ မမ၊ ငါ၏။ ပဗ်ဗဇ်ဇာဓိပ္ပါယံ၊ ရဟန်းပြုလိုသောအဖြစ်ကို။ သုတွာဝ၊ ကြား၍လျှင်။ နဂရေ စ၊ သုဒဿနမြို့၌လည်းကောင်း။ ဇနပဒေ စ၊ ဇနပုဒ်၌ လည်းကောင်း။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဥဒ္ဓနေ၊ ခုံလောက်၌။ ကောစိ၊ တစ်စုံတစ်ယောက်သော သူသည်။ အဂ္ဂိံ၊ မီးကို။ န ပစ္စတိ၊ မညှိ။ တသ္မာ၊ ထို့ကြောင့်။ တယာ၊ သင် ညီချစ်သည်။ ပဗ္ဗဇိတုံ၊ ရဟန်းပြုအံ့သောငှာ။ န ဟိ သက္ကာ၊ မသင့်သည်သာတည်း။

ပြည်သူတို့ ငိုကြွေးကြပြီ

ထိုစကားကိုကြား၍ လူအများသည် ဘုရားအလောင်း ခြေတော်ရင်း၌ လူးလဲ၍ ငိုကြွေးလိုရား
သုတသောမေ ပဗ္ဗဇိတေ၊ ကထံ နု ဒါနိ ကရိဿာမ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဆို၏။

သုတသောမေ၊ သုတသောမ မင်းမြတ်သည်။ ပဗ္ဗဇိတေ၊ ရဟန်းပြုသည်ရှိသော်။ ဒါနိ၊ ယခု။ မယံ၊ ငါတို့သည်။ ကထံ ကရိဿာမ နု၊ အသို့ပြုရပါကုန်အံ့နည်း။

သုတသောမ တရားပြ

ထို့နောင်မှ ဘုရားလောင်းသည် အို လူများတို့... သင်တို့ မစိုးရိမ်ကြကုန်လင့်၊ ငါသည် ကြာမြင့်စွာ တည်သော်လည်း သင်တို့နှင့် ကွေကွင်းရသည် ဖြစ်လတ္တံ့။ ထိုစကားသည် မှန်၏။ ဖြစ်ပြီးသော သင်္ခါရသည် မြဲသောမည်သည် မရှိ ဟု ဆို၍ လူအများအား တရားဟောတော်မူလိုရကား-

၂၂၃။ ဥပနိယျတိဒံ မညေ၊
ပရိတ္တံ ဥဒကံဝ စင်္ကဝါရမှိ။
ဧဝံ သုပရိတ္တကေ ဇီဝိတေ၊
န စ ပမဇ္ဇိတုံ ကာလော။
၂၂၄။ ဥပနိယျတိဒံ မညေ၊
ပရိတ္တံ ဥဒကံ စင်္ကဝါရမှိ။
ဧဝံ သုပရိတ္တကေ ဇီဝိတေ၊
အန္ဓဗာလာ ပမဇ္ဇန္တိ။
၂၂၅။ တေ ဝဍ္ဎယန္တိ နိရယံ၊
တိရစ္ဆာနယောနိဉ္စ ပေတ္တိဝိသယဉ္စ။
တဏှာယ ဗန္ဓနဗဒ္ဓါ၊
ဝဍ္ဎေန္တိ အသုရကာယံ။

ဟူသော ဤ သုံးဂါထာတို့ကို ဆို၏။

၂၂၃။ တာတာ၊ အမောင်တို့။ စင်္ကဝါရမှိ၊ ခဝါသည်တို့၏ ပေါင်းအိုး၌။ ပက္ခိတ္တံ၊ ထည့်အပ်သော။ ပရိတ္တံ၊ အနည်းငယ်သော။ ဥဒကံ၊ ရေသည်။ ဥပနိယျတိ ဣဝ၊ လျင်စွာ ကုန်ခန်းသကဲ့သို့။ တထာ၊ ထို့အတူ။ သတ္တာနံ၊ သတ္တဝါတို့၏။ ဣဒံ ဇီဝိတံ၊ ဤအသက်သည်။ ဥပနိယျတိ၊ ကုန်လွယ်၏။ ဣတိ၊ ဤသို့။ မညေ၊ ငါ အောက်မေ့၏။ ဧဝံ- ယထာ ဝုတ္တနယေန၊ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ သုပရိတ္တကေ ဇီဝိတေ- သုပရိတ္တကာနံ ဇီဝိတာနံ၊ အလွန်တိုသော အသက်ရှိကုန်သော သတ္တဝါတို့အား။ ပမဇ္ဇိတုံ၊ မေ့လျော့အံ့သောငှာ။ န ကာလော၊ အခွင့်မရှိ။

၂၂၄။ တာတ၊ အမောင်တို့။ စင်္ကဝါရမှိ၊ ခဝါသည်တို့၏ ပေါင်းအိုး၌။ ပက္ခိတ္တံ၊ ထည့်အပ်သော။ ပရိတ္တံ၊ အနည်းငယ်သော။ ဥဒကံ၊ ရေသည်။ ဥပနိယျတိ ဣဝ၊ လျင်စွာ ကုန်ခန်းသကဲ့သို့။ တထာ၊ ထို အတူ။ သတ္တာနံ၊ သတ္တဝါတို့၏။ ဣဒံ ဇီဝိတံ၊ ဤ အသက်သည်။ ဥပနိယျတိ၊ ကုန်ခန်းလွယ်၏။ ဣတိ၊ ဤသို့။ မညေ၊ ငါ အောက်မေ့၏။ ဧဝံ- ယထာ ဝုတ္တနယေန၊ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ ဇီဝိတေ၊ အသက်သည်။ သုပရိတ္တကေ၊ အလွန်နည်းသည်။ အထ သန္တေ၊ ဖြစ်ပါလျက်။ ဗာလာ၊ သူမိုက်တို့သည်။ ပမဇ္ဇန္တိ၊ မေ့လျော့ကြကုန်၏။

၂၂၅။ တဏှာယ ဗန်ဓနဗဒ္ဓါ၊ တဏှာဟုဆိုအပ်သော အနှောင်အဖွဲ့သည် နှောင်ဖွဲ့အပ်ကုန်သော။ တေ ဗာလာ၊ ထို သူမိုက်တို့သည်။ နိရယဉ္စ၊ ငရဲပြည်ကိုလည်းကောင်း။ တိရစ္ဆာနယောနိဉ္စ၊ တိရစ္ဆာန်အမျိုးကို လည်းကောင်း။ ပေတ္တိဝိသယဉ္စ၊ ပြိတ္တာတို့၏ ဘုံကိုလည်းကောင်း။ ဝဍ္ဎယန္တိ၊ ပွားစေကုန်၏။ အသုရကာယဉ္စ၊ ကာလကဉ္စိက အသုရာမျိုးကိုလည်း။ ဝဍ္ဎေန္တိ၊ ပွားများစေကုန်၏။

ဆံတော်ကိုပယ်ပြီ

ဤသို့လျှင် ဘုရားလောင်းသည် လူများအား တရားဟောတော်မူပြီးလျှင် ပုဗ္ဗက အမည်ရှိသော ပြာသာဒ်သို့တက်၍ ခုနစ်ဆင့်မြောက်သော ဘုံ၌တည်လျက် သန်လျက်ဖြင့် ဦးသျှောင်တော်ကို ဖြတ်တော်မူ၍ ငါသည် သင်တို့နှင့် စိုးစဉ်းမျှတော်စပ်သည်မဖြစ်၊ မိမိတို့မင်းကို ဆောင်ယူကြကုန်လော့ ဟု ဆို၍ ဦးပေါင်းတော်နှင့်တကွ ဦးသျှောင်တော်ကို လူများအလယ်သို့ ပစ်လိုက်၏။ ထိုဦးသျှောင်တော်ကို ယူ၍ လူအများသည် မြေ၌လူးလဲ၍ ငိုကြွေး၏။ ထိုအရပ်၌ များစွာသော မြူအစုသည် ထောင်းထောင်းထ၏။ နောက်သို့ဆုတ်၍ တည်သော လူများသည် ထောင်းထောင်းထသော မြူကိုကြည့်၍ မင်း၏ ဦးသျှောင်တော်ကိုဖြတ်၍ မင်းသည် ဦးပေါင်းတော်နှင့်တကွ ဦးသျှောင်တော်ကို ပစ်လိုက်အပ်သည် ဖြစ်လတ္တံ့။ ထို့ကြောင့် ပုဗ္ဗကအမည်ရှိသော ပြာသာဒ်တော်၏ အနီး၌ ဤမြူအစုသည် ထောင်းထောင်းထ၏ ဟု ဆို၍ ငိုကြွေးလိုရကား-

၂၂၇။ ဥဟညတေ ရဇဂ္ဂံ အဝိဒူရေ။
ပုဗ္ဗကမှိ စ ပါပသာဒေ။
မညေ နော ကေသာ ဆိန္နာ၊
ယသဿိနော ဓမ္မရာဇဿ။

ဟူသော ဤဂါထာကို ဆို၏။

၂၂၇။ ဘောန္တော ပရိသာ၊ အို ပရိသတ်အများတို့။ အဝိဒူရေ၊ ဤမှ မဝေးလွန်းသော။ ပုဗ္ဗကမှိ ပါသာဒေ၊ ပုဗ္ဗကအမည်ရှိသော ပြာသာဒ်တော်၏ အနီး၌။ ရဇဂ္ဂံ၊ မြူအစုသည်။ ဥဟညတေ၊ ထောင်းထောင်းထ၏။ နော၊ ငါတို့၏။ ယသဿိနော၊ များသော အခြံအရံရှိသော။ ဓမ္မရာဇဿ၊ တရားမင်းမြတ်သည်။ ကေသာ၊ ဆံတော်တို့ကို။ ဆိန္နာ မညေ၊ ဖြတ်တော်မူချေကုန်ပြီ ထင်၏။

ဘုရားလောင်းသည် အလုပ်အကျွေးတော်ကို စေတော်မူ၍ ရဟန်းတို့၏ ပရိက္ခရာတို့ကို ဆောင်ယူစေပြီးလျှင် ဆံမုတ်ဆိတ်တော်ကို ဆေတ္တာသည်ကို ရိတ်စေ၍ တန်ဆာဆင်အပ်သော အိပ်ရာအပြင်၌ ချစေပြီးလျှင် ဖန်ရည်စွန်းသော အဝတ်တို့၏ အဆာတို့ကိုဖြတ်၍ ထိုဖန်ရည်စွန်းသော အဝတ်ကိုဝတ်လျက် မြေသပိတ်ကို လက်ဝဲပခုံးစွန်း၌ လွယ်ပြီးလျှင် သူအိုတို့၏ စွဲကိုင်ရာ တောင်ဝှေးကိုယူ၍ မြတ်သော ရွှေနန်းပြင်၌ တုံ့ပြန်လူးလာ စင်္ကြံသွားတော်မူ၍ ရွှေနန်းပြာသာဒ်တော်မှ သက်ခဲ့ပြီးလျှင် ခရီးလမ်းမ အလယ်သို့ ကြွသွားတော်မူ၏။ ကြွသွားတော်မူသော ထိုဘုရားလောင်းကိုကား တစ်စုံ တစ်ယောက်သော သူသည် မသိ။ ထိုအခါ ဘုရားလောင်း၏ ခုနစ်ရာကုန်သော မင်းသမီးဖြစ်ကုန်သော မိဖုရားတို့သည် ပြာသာဒ်ထက်သို့ တက်လတ်ကုန်၍ ထိုဘုရားလောင်း သုတသောမမင်းကို မမြင်ကုန်၍ ဝတ်ဆင်ကုန်သော တန်ဆာတော်ကိုသာလျှင် မြင်ကုန်၍ ဆင်းခဲ့ကုန်ပြီးလျှင် ကြွင်းကုန်သော တစ်သောင်း ခြောက်ထောင်ကုန်သော မိန်းမတို့၏အထံသို့ သွားကုန်၍ အို အချင်းတို့... ရှင်မတို့၏ ချစ်လှစွာသော အရှင်ဖြစ်သော သုတသောမ အမည်ရှိသော မင်းမြတ်သည် ရဟန်းပြုတော်မူလေပြီ ဟု သည်းစွာသော အသံဖြင့် ငိုကြွေးကုန်လျက် အပသို့ထွက်ကြကုန်၏။ ထိုခဏ၌ လူအများသည် ဘုရားလောင်း သုတသောမမင်း ရဟန်းပြုသည်၏အဖြစ်ကို သိကြလေ၏။ အလုံးစုံသောမြို့၌ တို့အရှင်မင်းမြတ်သည် ရဟန်းပြုတော် မူသတတ် ဟု ချောက်ချားသည်ဖြစ်၍ ထိုအခါ မင်းအိမ်တံခါးတော်၌ စည်းဝေးကြ၏။ လူများသည် ငါတို့အရှင်မင်းမြတ်သည် ဤအရပ်၌ ရှိသည်ဖြစ်လတ္တံ့၊ ထိုအရပ်၌ ရှိသည်ဖြစ်လတ္တံ့ ဟု ပြာသာဒ် အစရှိကုန်သော မင်းသုံးဆောင် စံနေတော်မူရာ အရပ်တို့သို့သွား၍ မင်းကိုမမြင်သဖြင့် လှည့်လည်လျက် ငိုကြွေးလိုရကား-

၂၂၇။ အယမဿ ပါသာဒေါ၊
သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော။
ယဟိမနုဝိစရိ ရာဇာ။
ပရိကိဏ္ဏော ဣတ္ထာဂါရေဟိ။
၂၂၈။ အယမဿ ပါသာဒေါ၊
သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၂၉။ ဣဒမဿ ကူဋာဂါရံ၊
သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္တာဂါရေဟိ။
၂၃၀။ ဣဒမဿ ကူဋာဂါရံ၊
သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၃၁။ အယမဿ အသောကဝနိကာ၊
သုပုပ္ဖိတာ သဗ္ဗကာလိကာ ရမ္မာ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္ထာဂါရေဟိ။
၂၃၂။ အယမဿ အသောကဝနိကာ၊
သုပုပ္ဖိတာ သဗ္ဗကာလိကာ ရမ္မာ။
ယဟိ မနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၃၃။ ဣဒမဿ ဥယျာနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိ မနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္တာဂါရေဟိ။
၂၃၄။ ဣဒမဿ ဥယျာနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိ မနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၃၅။ ဣဒမဿ ကဏိကာရဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္တာဂါရေဟိ။
၂၃၆။ ဣမဿ ကဏိကာရဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၃၇။ ဣဒမဿ ပါဋလိဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိ မနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္တာဂါရေဟိ။
၂၃၈။ ဣဒမဿ ပါဋလိဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၃၉။ ဣဒမဿ အမ္မဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္ထာဂါရေဟိ။
၂၄၀။ ဣဒမဿ အမ္ဗဝနံ၊
သုပုပ္ဖိတံ သဗ္ဗကာလိကံ ရမ္မံ။
ယဟိမနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဉာတိသံဃေန။
၂၄၁။ အယမဿ ပေါက္ခရဏီ၊
သဉ္ဆန္နာ အဏ္ဍဇေဟိ ဝီတိကိဏ္ဏာ။
ယဟိ မနုဝိစရိ ရာဇာ၊
ပရိကိဏ္ဏော ဣတ္တာဂါရေဟိ။
၂၄၂။ အယမဿ ပေါက္ခရဏီ၊
သဉ္ဆန္နာ အဏ္ဍဇေဟိ ဝီတိကိဏ္ဏာ။
ယဟိ မနုဝိစရိ ရာဇာ၊
ပကိဏ္ဏော ဉာတိသံဃေန။

ဟူသော ဤတစ်ဆယ့်ခြောက်ဂါထာတို့ကို ဆို၏။

၂၂၇။ သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော၊ ရွှေပန်း အထူးထူးသော ပန်းကုံးပန်းဆိုင်းတို့ဖြင့် ပြည့်သော။ အယံပါသာဒေ၊ ဤ ရွှေပြာသာဒ်တော်သည်။ အဿ၊ ထိုသုတသောမ မင်းမြတ်၏။ ပါသာဒေါ၊ စံတော်မူရာ ပြာသာဒ်တော်တည်း။ ယဟိံ၊ အကြင် ပြာသာဒ်တော်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဣတ္တာဂ့ရေဟိ၊ မင်းမောင်းမတို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံလျက်။ အနုဝိစရိ၊ စံပယ်တော်မူလှလေပြီ။

၂၂၈။ သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော၊ ရွှေပန်း အထူးထူးသော ပန်းကုံးပန်းဆိုင်းတို့ဖြင့် ပြည့်သော။ အယံ ပါသာဒေါ၊ ဤရွှေပြာသာဒ်တော်သည်။ အဿ၊ ထိုသုတသောမ မင်းမြတ်၏။ ပါသာဒေါ၊ စံတော်မူရာ ပြာသာဒ်တော်တည်း။ ယဟိံ၊ အကြင်ရွှေပြာသာဒ်တော်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံ၍။ အနူဝိစရိ၊ စံတော်မူလှလေပြီ။

၂၂၉။ သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော၊ ရွှေပန်း အထူးထူးသော ပန်းကုံးပန်းဆိုင်းတို့ဖြင့် ပြည့်ထသော။ ဣဒံ ကူဋာဂါရံ၊ ဤရတနာခုနစ်ပါးတို့ဖြင့် ဆန်းကြယ်သော နေရာရှိသော စုလစ်မွန်းချွန်တပ်သော ရွှေနန်းတော် တိုက်ခန်းသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ကူဋာဂါရံ၊ စုလစ်မွန်းချွန်တပ်သော ရွှေနန်းဆောင် တိုက်ခန်းတော်တည်း။ ယဟိံ၊ အကြင် အဆောင်တော် တိုက်ခန်း၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဣတ်ထာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၃၀။ သောဝဏ္ဏပုပ္ဖမာလျဝီတိကိဏ္ဏော၊ ရွှေပန်း အထူးထူးသော ပန်းကုံးပန်းဆိုင်းတို့ဖြင့် ပြည့်သော။ ဣဒံကူဋာဂါရံ၊ ဤ ရတနာခုနှစ်ပါးတို့ဖြင့် ဆန်းကြယ်သော နေရာရှိသော စုလစ်မွန်းချွန်တပ်သော ဤရွှေနန်းဆောင် တိုက်ခန်းသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမမင်း၏။ ကူဋာဂါရံ၊ စုလစ်မွန်းချွန်တပ်သော ရွှေနန်းဆောင် ပြာသာဒ်တော်တည်း။ ယဟိံ၊ အကြင် အဆောင်တော်တိုက်ခန်း၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ပတ်လည်ဝန်းရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၃၁။ သုပုပ္ဖိတာ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကာ၊ ဆယ့်နှစ်ရာသီ အညီမလပ် မပြတ်ပွင့်ထသော။ ရမ္မာ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ အယံ အသောကဝနိကာ၊ ဤပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်သည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ အသောက ဝနိကာ၊ ပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်တည်း။ ယဟိံ၊ အကြင် ပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဣတ္တာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၃၂။ သုပုပ္ဖိတာ၊ ကောင်းစွာပွင့်ထသော။ သဗ္ဗကာလိကာ၊ ဆယ့်နှစ်ရာသီ အညီမလပ် မပြတ်ပွင့်ထသော။ ရမ္မာ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ အယံ အသောကဝနိကာ၊ ဤပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်သည်။ အဿ၊ ထိုငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ အသောကဝနိကာ၊ ပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်တည်း။ ယဟိံ၊ အကြင် ပန်းသုဉ်းတော ဥယျာဉ်တော် မြေအရပ်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၃၃။ သုပုပ္ဖိတံ၊ ကောင်းစွာပွင့်ထသော။ သဗ္ဗကာလိကံ၊ ဆယ့်နှစ်ရာသီ အညီမလပ် မပြတ်ပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ်ရှိထသော။ ဣဒံ ဥယျာနံ၊ ဤ ဥယျာဉ်တော်သည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမမင်းမြတ်၏။ ဥယျာနံ၊ ဥယျဉ်တော်တည်း။ ယဟိံ၊ အကြင် ဥယျာဉ်တော်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမမင်းမြတ်သည်။ ဣတ္ထာဂါရေဟိ၊ မိဖုရားအလောင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၃၄။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကံ၊ ဆယ့်နှစ်ရာသီ အညီမလပ် မပြတ်သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ ဣဒံ ဥယျာနံ၊ ဤ ဥယျာဉ်တော်သည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ဥယျာနံ၊ ဥယျာဉ်တော်တည်း။ ယဟိံ၊ အကြင် ဥယျာဉ်တော်၌၊ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော် မျိုးတော်အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၃၅။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော် ပျော်ဖွယ် ရှိထသာ။ ဣဒံ ကဏိကာရဝနံ၊ ဤမဟာလှေကား ပန်းတောသည်။ အဿ၊ ထိုငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ကဏိကာရဝနံ၊ မဟာလှေကား ပန်းတောတည်း။ ယဟိံ၊ အကြင် မဟာလှေကား ပန်းတော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမမင်းမြတ်သည်။ ဣတ္ထာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြွေရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၃၆။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ ဣဒံ ကဏိကာရဝနံ၊ ဤ မဟာလှေကား ပန်းတောသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတတောမ မင်းမြတ်၏။ ကဏိကာရဝနံ၊ မဟာလှေကား ပန်းတောတည်း။ ယဟိံ၊ အကြင် မဟာလှေကား ပန်းတော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမမင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြွေရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၃၇။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ ဣဒံ ပါဋလိဝနံ၊ ဤ သခွတ်တောသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမမင်းမြတ်၏။ ပါဋလိဝနံ၊ သခွတ်တောတည်း။ ယဟိံ၊ အကြင်သခွတ်တော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဣတ္တာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၃၈။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ သဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ ဣဒံ ပါဋလိဝနံ၊ ဤ သခွတ်တောသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ပါဋလိဝနံ၊ သခွတ်တောတည်း။ ယဟိံ၊ အကြင် သခွတ်တော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမမင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၃၉။ သုပုပ္ဖိတံ၊ ကောင်းစွာပွင့်ထသော။ သဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ်ရှိထသော။ ဣဒံ အမ္ဗဝနံ၊ ဤ သရက်တောသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ အမ္ဗဝနံ၊ သရက်တောတည်း။ ယဟိံ၊ အကြင်သရက်တော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမမင်းမြတ်သည်။ ဣတ္တာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၄၀။ သုပုပ္ဖိတံ၊ ကောင်းစွာ ပွင့်ထသော။ ကဗ္ဗကာလိကံ၊ အစဉ်မပြတ် သီးပွင့်ထသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဖွယ်ရှိထသော။ ဣဒံ အမ္မဝနံ၊ ဤ သရက်တောသည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ အမ္ဗဝနံ၊ သရက်တောတည်း။ ယဟိံ၊ အကြင်သရက်တော၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံ ဃေန၊ ဆွေတော်မျိုးတော် အပေါင်းဖြင့်။ ပရိကဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုစရိ၊ စံတော်မူလှလေပြီ။

၂၄၁။ သဉ္ဆန္နာ၊ အထူးထူးသော ရေပန်း ကြည်းပန်းတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းထား။ အဏ္ဍဇေဟိ၊ ငှက်အပေါင်း တို့ဖြင့်။ ဝိကိဏ္ဏာ၊ ပြည့်ထသော။ အယံ ပေါက္ခရဏီ၊ ဤ မင်္ဂလာ ရေကန်တော်သည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ပေါက္ခရဏီ၊ မင်္ဂလာ ရေကန်တော်တည်း။ ယဟိံ၊ အကြင် မင်္ဂလာရေကန်တော်၌ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဣတ္ထာဂါရေဟိ၊ မိဖုရားအပေါင်း မောင်းမ ကိုယ်လုပ်တော်တို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

၂၄၂။ သဉ္ဆန္နာ၊ အထူးထူးသော ရေပန်း ကြည်းပန်းတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းအပ်ထသော။ အဏ္ဍဇေဟိ၊ ငှက်အပေါင်းတို့ဖြင့်။ ဝိကိဏ္ဏာ၊ ပြည့်ထသော။ အယံ ပေါက္ခရဏီ၊ ဤ မင်္ဂလာ ရေကန်တော်သည်။ အဿ၊ ထို ငါတို့သခင် အရှင်သုတသောမ မင်းမြတ်၏။ ပေါက္ခရဏီ၊ မင်္ဂလာ ရေကန်တော်တည်း။ ယဟိံ၊ အကြင် မင်္ဂလာရေကန်တော်၌။ ရာဇာ၊ ငါတို့သခင် အရှင်သုတသောမ မင်းမြတ်သည်။ ဉာတိသံဃေန၊ ဆွေတော်မျိုးတော် အပေါင်းတို့ဖြင့်။ ပရိကိဏ္ဏော၊ ဝန်းပတ်ခြံရံ ညီလာခံလျက်။ အနုဝိစရိ၊ စံတော်မူလှလေပြီ။

ဤသို့လျှင် ထိုထိုအရပ်တို့၌ ငိုကြွေးပြီးလျှင် လူအများသည် တစ်ဖန် မင်း၏ ညီလာခံတော်မူရာ အပြင်သို့ လာလတ်၍ ငိုကြွေးမြည်တမ်းလိုရကား-

၂၄၃။ ရာဇာ ဝေါ ခေါ ပဗ္ဗဇိတော။
သုတသောမော ရဇ္ဇံ ဣမံ ပဟန္တွာန။
ကာသာယဝတ္ထဝသနော၊
နာဂေါဝ ဧကကော စရတိ။

ဟူသော ဤဂါထာကို ဆို၏။

၂၄၃။ ဝေါ၊ သင်တို့၏။ သုတသောမော၊ သုတသောမ အမည်ရှိသော။ ရာဇာ၊ အရှင်မင်းမြတ်သည်။ ဣမံ ရဇ္ဇံ၊ ဤ မင်းအဖြစ်ကို။ ပဟန္တွာန၊ စွန့်တော်မူ၍။ ကာသာယဝတ္ထဝသနော၊ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လျက်။ ပဗ္ဗဇိတာ၊ ရဟန်းပြုတော်မူ၍။ နာဂေါဝ၊ ဆင်ပြောင်ကြီးကဲ့သို့။ ဧကကော၊ ကိုယ်တော် တစ်ပါးတည်း။ စရတိ၊ ကြွသွားတော်မူ၏။

လူအများ ရဟန်းပြုကြခြင်း

ဤဂါထာဖြင့် ငိုမြည်တမ်းပြီးလျှင် မိမိတို့အိမ်၌ စည်းစိမ်ဥစ္စာကို စွန့်ခဲ့သဖြင့် သားသမီးတို့ကို လက်ဆွဲ၍ အိမ်မှထွက်သဖြင့် ဘုရားအလောင်း အထံသို့လျှင် သွားကြလေ၏။ မယ်တော် ခမည်းတော်တို့သည်လည်းကောင်း၊ သားတော်သမီးတော် ကိုယ်လုပ်တော် မောင်းမတို့သည်လည်းကောင်း။ တစ်သောင်း ခြောက်ထောင်ကုန်သော ကချေသည် မိန်းမတို့သည်လည်းကောင်း ထို့အတူလျှင် သွားကြကုန်၏။ ထို့ကြောင့် မြို့အလုံးသည် အချည်းနှီးကဲ့သို့ ဖြစ်၏။ ဇနပုဒ်၌နေသော သူတို့သည်လည်း မြို့သူတို့ နောက်မှ နောက်မှ သွားကြကုန်၏။ ဘုရားလောင်းသည် တစ်ဆယ့်နှစ်ယူဇနာရှိသော ပရိသတ်ကိုယူ၍ ဟိမဝန္တာသို့ရှေးရှု သွားတော်မူ၏။ ထိုအခါ ဘုရားအလောင်း တောထွက်တော်မူခြင်းကို သိ၍ သိကြားမင်းသည် ဝိသုကြုံ နတ်သားကို ခေါ်၍ အမောင် ဝိသုကြုံနတ်သား... သုတသောမ မင်းမြတ်သည် တောထွက်တော်မူလေပြီ၊ နေရာ အရပ်ကို ရခြင်းငှာ သင့်၏။ အစည်းအဝေးသည် များလတ္တံ့၊ သွားချေ၊ ဟိမဝန္တာအရပ်၌ ဂင်္ဂါနားဝယ် အလျား သုံးဆယ့်ခြောက်ယူဇနာ အနံ တစ်ဆယ့်ငါးယူဇနာရှိသော ကျောင်းသင်္ခမ်းကို ဖန်ဆင်းချေလော့ ဟု စေလိုက်၏။

ထိုဝိသုကြုံနတ်သားသည် သိကြားမင်း မိန့်ဆိုတိုင်းပြု၍ ကျောင်းတွင်း၌ ရသေ့ရဟန်းတို့၏ ပရိက္ခရာတို့ကို စီရင်ပြီးလျှင် တစ်ဖဝါးလှမ်းလောက်ရုံသော လမ်းကို သ့ယ်ခဲ့၍ နတ်ပြည်သို့လျှင် သွားလေ၏။ ဘုရားလောင်းသည် ထို လမ်းဖြင့် သွားလေ၍ ထိုကျောင်းတွင်းသို့ ဝင်ပြီးလျှင် ရှေးဦးစွာ မိမိသည် ရဟန်းပြု၍ နောက်မှ ကြွင်းကုန်သော သူတို့ကို ရဟန်းပြုစေ၏။ နောက်၌ များစွာသော သူတို့သည် ရဟန်းပြုကုန်၏။ သုံးဆယ့် ခြောက်ယူဇနာရှိသော အရပ်သည် ပြည့်၏။ ဝိသုကြုံနတ်သား ကျောင်းသင်္ခမ်းကို ဖန်ဆင်းသော နည်းကိုလည်းကောင်း၊ များစွာသောသူတို့ ရဟန်းပြုသော နည်းကိုလည်းကောင်း၊ ဘုရားလောင်း ကျောင်း၌စီရင်သော နည်းကိုလည်းကောင်း ဟတ္ထိပါလဇာတ်၌ လာသော နည်းဖြင့်လျှင် သိအပ်၏။ ဘုရားလောင်းသည် ထိုကျောင်း၌ အကြင်အကြင် ရသေ့ရဟန်းအားလျှင် ကာမဝိတက် အစရှိသော မိစ္ဆာဝိတက်သည်ဖြစ်၏။ ထိုထိုရသေ့ရဟန်းတို့ အထံသို့ ကောင်းကင်ခရီးဖြင့် ကပ်တော်မူ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျက် အဆုံးအမပေးတော်မူလိုရကား-

၂၄၄။ မာဿု ပုဗ္ဗေ ရတိ ကီဠိတာနိ၊
ဟသိတာနိ စ အနုဿရိတ္ထ။
မာ ဝေါ ကာမာ ဟနိံသု၊ ရမ္မံ ဟိ သုဒဿနံ နဂရံ။
၂၄၅။ မေတ္တစိတ္တဉ္စ ဘာဝေထ၊
အပ္ပမာဏံ ဒိဝါ စ ရတ္တော စ။
အဂစ္ဆိတ္ထ ဒေဝပုရံ၊ အာဝါသံ ပုညကမ္မိနံ။

ဟူသော ဤဂါထာ နှစ်ခုတို့၏အပေါင်းကို ဟောတော်မူ၏။

၂၄၄။ ဘောန္တော သဇ္ဇနာ၊ အိုသူတော်ကောင်း အပေါင်းတို့။ တုမှေ၊ သင်တို့သည်။ ပုဗ္ဗေ၊ ရှေးကာလ၌။ ရတိ ကီဠိတာနိ စ၊ ကာမ၌ မွေ့လျော်ခြင်းဖြင့်လည်းကောင်း, ကိုယ်နှုတ်တို့ဖြင့် ရွှင်မြူးခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း, ဖြစ်ဖူးကုန်သော မွေ့လျော်ခြင်းတို့ကိုလည်းကောင်း။ ဟသိတာနိစ၊ ပျော်ရွှင်ခြင်းတို့ကိုလည်းကောင်း။ မာ အနုဿရိတ္ထ၊ မအောက်မေ့ကြကုန်လင့်။ ဝေါ၊ သင်တို့အား။ ကာမာ၊ ကာမတို့သည်။ မာ ဟနိံသု၊ မညှဉ်းဆဲစေကုန်လင့်။ သုဒဿနံ၊ သုဒဿန အမည်ရှိသော။ ရမ္မံ ဟိ- ရမ္မံ ဧဝ၊ နှလုံးမွေ့လျော်ဖွယ် ရှိသည်သာလျှင် ဖြစ်သော။ နဂရံ၊ နေပြည်တော်ကို။ မာ အနုဿရိတ္ထ၊ မအောက်မေ့ကြကုန်လင့်။

၂၄၅။ ဘောန္တော သဇ္ဇနာ၊ အိုသူတော်ကောင်း အပေါင်းတို့။ တုမှေ၊ သင်တို့သည်။ ဒိဝါစ၊ နေ့၌ လည်းကောင်း။ ရတ္တောစ၊ ညဉ့်၌လည်းကောင်း။ အပ္ပမာဏံ၊ အတိုင်းအရှည် မရှိသော။ မေတ္တစိတ္တဉ္စ၊ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာနှင့်ယှဉ်သော စိတ်ကိုလည်း။ ဘာဝေထ၊ ပွားစေကုန်လော့။ အထ၊ ထိုသို့ ပွားစေကုန်သည်ရှိသော်။ တုမှေ၊ သင်တို့သည်။ ပုညကမ္မိနံ၊ ဘုန်းကံရှိကုန်သော သူတို့၏။ အာဝါသံ၊ နေရာဖြစ်သော။ ဒေဝပူရံ၊ ဗြဟ္မာ့ပြည်သို့။ အဂစ္ဆိတ္ထ၊ ရောက်ကြကုန်လတ္တံ့။

ထိုရသေ့အပေါင်းသည်လည်း ဘုရားအလောင်း၏ အဆုံးအမ၌တည်၍ ဗြဟ္မာ့ပြည်သို့ လား၏။ ဤသို့အစရှိသော အလုံးစုံသော စကားကို ဟတ္ထိပါလဇာတ်၌ လာသော နည်းဖြင့်သာလျှင် သိအပ်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း မြတ်သော တောထွက်ခြင်းကို တောထွက်တော် မူဖူးသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ ရဟန်းတို... ယခုအခါ မြတ်သော သာကီဝင်မင်းမျိုး ဖြစ်ကုန်သော သိရိမဟာမာယာ, သုဒ္ဓေါဒနမင်းကြီးတို့သည် ထိုအခါ မယ်တော် ခမည်းတော်တို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ရာဟုလာ့ မယ်တော်သည် ထိုအခါ စန္ဒာဒေဝီမိဖုရားကြီး ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သားတော်အကြီး ဖြစ်ဖူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားတော်အငယ် ဖြစ်ဖူးပြီ၊ ယခုအခါ ခုဇ္ဇုတ္တရာသည် ထိုအခါ အထိန်းတော်မ ဖြစ်ဖူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ ကုလဝဍ္ဎနသူဌေးကြီး ဖြစ်ဖူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ စစ်သူကြီး ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ညီတော်သောမဒတ်မင်း ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သုတသောမမင်းမြတ် ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆံတစ်ပင်ဖြူ၊ သံဝေယူ၊ သူတော်ကောင်းများ၊ တောထွက်သွား

ငါးခုမြောက်ဖြစ်သော စူဠသုတသောမဇာတ်သည် ပြီး၏။

*****