ဆဒ္ဒန္တဇာတ်
တိံသနိပါတ်
၄။ ဆဒ္ဒန္တဇာတ်
နတ်နှင့်တကွသောလင်အပေါ် အထင်လွဲ၍ ရန်ငြိုးဖွဲ့ခြင်းအကြောင်း
ပစ္စုပ္ပန်ဝတ္ထု... လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကိံနု သောစသိ အနုစ္စင်္ဂီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဆဒ္ဒန္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းမိန်းမငယ် တယောက်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုရဟန်းမိန်းမငယ်သည် သာဝတ္ထိပြည်၌ အမျိုးသ္မီး ဖြစ်သတတ်၊ အိမ်ရာထောင်ခြင်း၏ အပြစ်ကို မြင်သဖြင့် ရဟန်းပြု၍ တနေ့သ၌ ရဟန်းမိန်းမတို့နှင့် တကွ တရားနာအံ့သောငှါ သွား၍ တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌ နေ၍ တရားဟောတော်မူသော သဗ္ဗညူ မြတ်စွာဘုရား၏ အတိုင်းအရှည်မရှိသော ဘုန်းတော် ပါရမီတော်ကြောင့် ဖြစ်သော မြတ်သော အဆင်းတော်၏ ပြည့်စုံခြင်းနှင့်ယှဉ်သော ကိုယ်တော်ကိုကြည့်၍ သံသရာ၌ ကျင်လည်ရသောငါသည် ဤယောက်ျားမြတ်၏ မယားဖြစ်ဘူး၏လောဟု ကြံ၏။ ထိုသို့ ကြံသော ခဏ၌လျှင် ထိုရဟန်းမိန်းမငယ်အား ဇာတိဿရဉာဏ်သည် ဖြစ်၏။ ဆဒ္ဒန်ဆင်မင်း ဖြစ်တော်မူသောအခါ ငါသည် ဤယောက်ျားမြတ်၏ မယားဖြစ်ဘူးပြီဟု ဇာတိဿရဉာဏ်သည် ဖြစ်၏။ ထိုအခါ ဇာတိဿရဉာဏ်ဖြင့် အောက်မေ့သော ထိုရဟန်းမိန်းမငယ်အား အားကြီးစွာသော နှစ်သက်ဝမ်းမြောက်ခြင်းသည် ဖြစ်၏။
ထိုရဟန်းမိန်းမငယ်သည် ဖြစ်သောပီတိအဟုန်ဖြင့် ပြင်းစွာသော ရယ်ခြင်းကို ရယ်ပြီး၍ တဖန် ကြံပြန်၏။ မယားတို့မည်သည်ကား လင်တို့၏ အစီးအပွားကို အလိုရှိသည်ကား နည်းလှ၏။ အစီးအပွားကို အလိုမရှိသည်ကား အလွန်များလှစွာ၏။ ငါသည် ဤယောက်ျားမြတ်၏ အစီးအပွားကို အလိုရှိလေသလော၊ ပျက်စီးခြင်းကို အလိုရှိလေသလောဟု ဆင်ခြင်လတ်သော် အစီးအပွားကို အလိုမရှိသည်သာ ဖြစ်၏ဟု သိ၍ ထိုမိန်းမငယ်သည် အစဉ်အတိုင်း အောက်မေ့သည်ရှိသော် ငါသည် အနည်းငယ်မျှဖြစ်သော အပြစ်ကို စိတ်၌ အငြိုးထား၍ အတောင် တရာ့နှစ်ဆယ်ရှိသော ဆဒ္ဒန်ဆင်မင်းကိုစဉ်လျက် သောဏုတ္တရမည်သော မုဆိုးကို စေလွှတ်၍ အဆိပ်လူးသောမြှားဖြင့် ပစ်ခတ်စေ၍ အသက်ကုန်ခြင်းသို့ ရောက်စေမိ၏ဟု မြင်လေ၏။ ထိုသို့ မြင်သောအခါ ထိုရဟန်းမိန်းမငယ်အား စိုးရိမ်ခြင်းသည် ဖြစ်၏။ နှလုံးသည် ပူ၏။ ထိုရဟန်းမိန်းမငယ်သည်ကား စိုးရိမ်ခြင်းကို တည်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ ထွက်သက်ကို ပြင်းစွာရှူ၍ သည်းစွာသောအသံဖြင့် ငို၏။ ထိုရဟန်းမိန်းမငယ်ကို မြင်တော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည် ပြုံးတော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား- ပြုံးတော်မူခြင်း၏ အကြောင်းကား အသို့နည်းဟု ရဟန်းအပေါင်းသည် မေးလျှောက်လတ်သော် ရဟန်းတို့- ဤရဟန်းမိန်းမငယ်သည် ရှေးဘဝ၌လျှင် ငါ၌ပြုမိသော အပြစ်ကို အောက်မေ့၍ ငို၏ဟု မိန့်တော်မူပြီးလျှင် အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့- လွန်လေပြီးသောအခါ ဟိမဝန္တာအရပ်၌ ဆဒ္ဒန်အိုင်ကို မှီ၍ ရှစ်ထောင်သော ဆဒ္ဒန်ဆင်မျိုးတို့သည် နေကုန်၏။ ထိုဆင်တို့သည် တန်ခိုးကြီးကုန်၏။ ကောင်းကင်သို့ ပျံသွားနိုင်ကုန်၏။ ထိုအခါ ဘုရားလောင်းသည် ထိုဆင်တို့၏ အကြီးဖြစ်သော ဆင်မင်း၏သား ဖြစ်၏။ ထိုဘုရားလောင်းသည်ကား ကိုယ်လုံးဖြူ၏။ နီသော လက်ခြေ ရှိ၏။ ထိုဘုရားလောင်းသည် နောက်အဘို့၌ ကြီးခြင်းသို့ရောက်လျှင် ရှစ်ဆယ့်ရှစ်တောင် အစောက်မြင့်၏။ အလျား အတောင် တရာ့နှစ်ဆယ် ရှိ၏။ ငါးဆယ်ရှစ်တောင်ရှိသော ငွေပန်းဆိုင်းနှင့်တူသော နှာမောင်းနှင့်ပြည့်စုံ၏။ ထိုဘုရားလောင်း၏ အစွယ်တို့သည် လုံးပတ်အားဖြင့် တဆယ့်ငါးတောင်ရှိကုန်၏။ အလျားအားဖြင့် အတောင်သုံးဆယ် ရှိကုန်၏။ ခြောက်ပါးသော အဆင်းရှိသော ရောင်ခြည်တော်တို့နှင့် ပြည့်စုံ၏။ ရှစ်ထောင်သော ဆင်တို့၏အကြီး ဆင်မင်းဖြစ်၏။ ငါးရာကုန်သော ပစ္စေကဗုဒ္ဓါတို့ကို ပူဇော်၏။ ထိုဘုရားလောင်း ဆင်မင်းအား စူဠသုဘဒ္ဒါ, မဟာသုဘဒ္ဒါဟူ၍ မိဖုယားကြီး နှစ်ယောက်တို့သည် ရှိကုန်၏။ ဆဒ္ဒန်ဆင်မင်းသည် ရှစ်ထောင်သော ဆင်အပေါင်း ခြံရံလျက် ရွှေဂူ၌နေ၏။
ဆဒ္ဒန်အိုင်သည်ကား အလျားအားဖြင့်၎င်း, အနံအားဖြင့်၎င်း ယူဇနာငါးဆယ်စီ ရှိ၏။ ထိုဆဒ္ဒန်အိုင်၏ အလယ်၌ တဆယ့်နှစ်ယူဇနာ အတိုင်းအရှည်ရှိသော အရပ်၌ မှော်သည်၎င်း, ရေညှိသည်၎င်း မရှိ၊ မြအဆင်းနှင့် တူသော ရေသည်သာလျှင် တည်၏။ ထိုမြအဆင်းနှင့်တူသော ရေ၏အခြားမဲ့၌ တယူဇနာ အနံရှိသော သက်သက်သော ကြာသိမ်တောသည် ထိုမြအဆင်းနှင့် တူသောရေကို ခြံရံ၍ တည်၏။ ထိုကြာသိမ်တော၏ အခြားမဲ့၌ အနံတယူဇနာ ရှိသည်သာလျှင်ဖြစ်သော သက်သက်သော ကြာညိုတောသည် ထိုကြာသိမ်တောကို ရံ၍တည်၏။ အနံတယူဇနာစီ ရှိသည်သာလျှင်ဖြစ်သော ကြာနီတော, ကြာပုဏ္ဍရိက်တော ကြာပဒုမာနီတော, ကြာပဒုမာဖြူ ကုမုဒြာ ကြာတောတို့သည် ရှေးရှေးဖြစ်သော တောတို့ကို ခြံရံ၍ တည်ကုန်၏။ ခုနစ်ပါးကုန်သော ဤကြာတာတို့၏ အခြားမဲ့၌ကား အလုံးစုံသော ထိုကြာသိမ်တော အစရှိသော တောတို့၏ အစွမ်းအားဖြင့် အရောဖြစ်သော တောသည် အနံတယူဇနာ ရှိသည်သာဖြစ်သော ထိုခုနစ်ထပ်ကုန်သော ကြာတောတို့ကို ခြံရံ၍တည်၏။ ထိုအရောဖြစ်သော ကြာတော၏ အခြားမဲ့၌ ဆင်တို့၏ ခါးအတိုင်းအရှည်ရှိသော ရေ၌ အနံတယူဇနာ ရှိသည်သာလျှင်ဖြစ်သော သလေးနီသည် တည်၏။ ထိုသလေးနီတော၏ အခြားမဲ့ဖြစ်သော ရေအဆုံး၌ အညို အရှေ့ အနီ အဖြူ ဖြစ်ကုန်သော ကောင်းစွာပျံ့လှိုင်သော သိမ်မွေ့သော ပန်းတို့ဖြင့် ထက်ဝန်းကျင် ပြွမ်းသော ပန်းချူံငယ်တောသည် တည်၏။ ဤသို့ ဆိုအပ်ခဲ့ပြီးသော ဆယ်ထပ်ကုန်သော တောတို့သည် အနံ တယူဇနာစီ ရှိကုန်သည်သာလျှင်တည်း။
ထိုပန်းချုံငယ်တော၏ ပြင်မှကား ပဲလွန်းငယ် ပဲလွန်းကြီး ပဲနောက်တောသည် တည်၏။ ထိုပဲနောက်တော၏ အခြားမဲ့၌ သခွါးငပြုတ်, သခွါးငကြောင်, အိမ်ဗူး, ဖရုံနွယ်တော်တို့သည် တည်ကုန်၏။ ထိုသခွါး, ဗူး ဖရုံ၏ ပြင်မှကား ကွမ်းသီးပင် အတိုင်းအရှည်ရှိသော ကြံတောသည် တည်၏။ ထိုကြံတော၏ ပြင်မှကား ဆင်စွယ် အတိုင်းအရှည်ရှိသော အသီးရှိသော ငှက်ပျောတောသည် တည်၏။ ထိုငှက်ပျောတော၏ ပြင်မှကား အင်ကြင်းတောသည် တည်၏။ ထိုအင်ကြင်းတော၏ အခြားမဲ့၌ကား အိုးစရည်းကြီး အတိုင်းအရှည် အသီးရှိသော ပိန္နဲတောသည် တည်၏။ ထိုပိန္နဲတော၏ အခြားမဲ့၌ကား ချိုသော အသီးရှိသော မန်ကျည်းတောသည် တည်၏။ ထိုမန်ကျည်းတော၏ အခြားမဲ့၌ကား ချိုသော အသီးရှိသော သရက်တောသည် တည်၏။ ထိုသရက်တော၏ အခြားမဲ့၌ကား သီးတောသည် တည်၏။ ထိုသီးတော၏ ပြင်မှကား အရောဖြစ်သော ကြီးစွာသော တောအုပ်သည် တည်၏။ ထိုတောအုပ်ကြီး၏ ပြင်မှကား ဝါးတောသည် တည်၏။
ဤသို့ ဆိုအပ်ခဲ့ပြီးသော အလုံးစုံသည် ထိုဆဒ္ဒန်ဆင်မင်း ဖြစ်တော်မူသော ကာလ၌ ထိုဆဒ္ဒန်ဆင်မင်းအား ပြည့်စုံခြင်းကို ဆိုအပ်ကုန်၏။ သံယုတ္တနိကာယ် အဋ္ဌကထာ၌ကား ယခုအခါ၌ဖြစ်သော ပြည့်စုံခြင်းကိုလျှင် ဆိုအပ်၏။
ထိုဝါးတောကိုကား ခုနစ်လုံးကုန်သော တောင်တို့သည် ခြံရံ၍ တည်ကုန်၏။ ထိုတောင် ခုနစ်လုံးတို့၏ အပအစွန်မှစ၍ကား ရှေးဦးစွာသော တောင်သည် စူဠကာဠတောင် မည်၏။ နှစ်ခုမြောက်သော တောင်သည် မဟာကာဠတောင် မည်၏။ သုံးခုမြောက်ဖြစ်သော တောင်သည် ဥဒက ပဗ္ဗတတောင် မည်၏။ ထိုဥဒကပဗ္ဗတတောင်မှ အတွင်းဖြစ်သော တောင်သည် စန္ဒပဿတောင် မည်၏။ ထိုစန္ဒပဿတောင်မှ အတွင်းဖြစ်သော တောင်သည် သူရိယပဿတောင် မည်၏။ ထိုသူရိယပဿတောင်မှ အတွင်းဖြစ်သောတောင်သည် မဏိပဿတောင် မည်၏။ ခုနစ်ခုမြောက်ဖြစ်သော တောင်သည် သုဝဏ္ဏပဿတောင် မည်၏။ ထိုသုဝဏ္ဏပဿ တောင်သည်ကား အစောက်အားဖြင့် ခုနစ်ယူဇနာရှိ၏။ ဆဒ္ဒန်အိုင်ကိုရံ၍ သပိတ်အနားရေးကဲ့သို့ တည်၏။ သုဝဏ္ဏပဿတောင်၏ အတွင်းဖြစ်သော နံပါးသည် ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ထိုတောင်၏နံပါးမှ ထွက်သောအရောင်ဖြင့် ဆဒ္ဒန်အိုင်သည် ထွက်သစ်သော နေလုလင်ကဲ့သို့ ဖြစ်၏။ သုဝဏ္ဏပဿတောင်မှ အပဖြစ်သော တောင်စဉ်ခြောက်ထပ်တို့တွင် တထပ်သောတောင်သည် အစောက် ခြောက်ယူဇနာရှိ၏။ တထပ်တောင်သည် အစောက် ငါးယူဇနာရှိ၏။ တထပ်ကား လေးယူဇနာရှိ၏။ တထပ်ကား သုံးယူဇနာရှိ၏။ တထပ်ကား နှစ်ယူဇနာရှိ၏။ တထပ်ကား တယူဇနာရှိ၏။ ဤသို့ တောင်စဉ် ခုနစ်ထပ်တို့ဖြင့် ခြံရံအပ်သော ဆဒ္ဒန်အိုင်၏ အရှေ့မြောက်ထောင့်၌ ရေမှတက်သော လေဖြင့် ခတ်ရာအရပ်၌ ပညောင်ပင်ကြီးသည် ရှိ၏။ ထိုပညောင်ပင်၏ ပင်စည်သည် လုံးပတ်အားဖြင့် ငါးယူဇနာရှိ၏။ အစောက်အားဖြင့် ခုနစ်ယူဇနာ ရှိ၏။ အရပ်လေးမျက်နှာတို့၌ လေးခုကုန်သော ခက်မတို့သည် ခြောက်ယူဇနာစီ ရှိကုန်၏။ အထက်သို့တက်သော ခက်မသည် ခြောက်ယူဇနာ ရှိသည်သာလျှင်တည်း၊ ထိုသို့ ပင်စည် ခုနစ်ယူဇနာ၊ အထက်သို့တက်သော ခက်မ ခြောက်ယူဇနာ ရှိသောကြောင့် ထိုပညောင်ပင်သည် အမြစ်ရင်းမှစ၍ အစောက်ယူဇနာ တဆယ့်သုံးယူဇနာရှိ၏။ ခက်မလေးဖြာတို့၏ ဤမှာဘက်အစွန်းမှ ထိုမှာဘက် အစွန်းတိုင်အောင် တဆယ့်နှစ်ယူဇနာရှိ၏။ ရှစ်ထောင်ကုန်သော ပါးပျဉ်းတို့ဖြင့် တန်ဆာဆင်အပ်၏။ ဦးပြည်းသော မြတောင်ကဲ့သို့ တင့်တယ်လျက် တည်၏။ ဆဒ္ဒန်အိုင် အနောက် အရပ်မျက်နှာ အဘို့ဖြစ်သော ရွှေတောင်၌ တဆယ့် နှစ်ယူဇနာရှိသော ရွှေဂူသည် ရှိ၏။ ဆဒ္ဒန်ဆင်မင်းသည် မိုဃ်းလအခါ၌ ရှစ်ထောင်သော ဆင်တို့ဖြင့် ခြံရံလျက် ရွှေဂူ၌နေ၏။ နွေကာလ၌ကား ရေမှတက်သော လေညှင်းကိုခံလျက် ပညောင်ပင်ကြီးရင်းဝယ် ပါးပျဉ်းကြား၌ နေ၏။
ထိုအခါ ဆဒ္ဒန်ဆင်မင်းအား တနေ့သ၌ များစွာသော အင်ကြင်းတောသည် ကောင်းစွာ ပွင့်အပ်ပြီဟု အခြံအရံဆင်ပျိုတို့သည် လာလတ်၍ လျှောက်ကုန်၏။ ထိုဆဒ္ဒန်ဆင်မင်းသည် အခြံအရံနှင့်တကွ အင်ကြင်းပင်တော သဘင်ကစားခြင်းကို ကစားအံ့ဟု အင်ကြင်းတောသို့ သွား၍ ကောင်းစွာပွင့်သော တခုသော အင်ကြင်းပင်ကို ဦးကင်းဖြင့် ခိုက်၏။ ထိုအခါ စူဠသုဘဒ္ဒါ မည်သော မိဖုယားသည် လေညာနံပါး၌ နေ၏။ ထိုစူဠသုဘဒ္ဒါမိဖုယား ကိုယ်ပေါ်၌ ခြောက်သောသစ်ခက်နှင့် ရောကုန်သော သစ်ရွက်ရော်တို့သည်၎င်း, ခါချဉ်တို့သည်၎င်း ကျကုန်၏။ မဟာသုဘဒ္ဒါ မိဖုယားသည် လေကြေနံပါး၌ နေ၏။ ထိုမဟာသုဘဒ္ဒါမိဖုယား ကိုယ်ပေါ်၌ကား ပန်းဝတ်မှုံ ဝတ်ဆံ ပွင့်ချပ်တို့သည် ကျကုန်၏။ စူဠသုဘဒ္ဒါသည် မိမိချစ်သော မယားအပေါ်၌ ပန်းဝတ်မှုံ ဝတ်ဆံ ပွင့်ချပ်တို့ကို ကျစေ၏။ ငါ့ကိုယ်ပေါ်၌ကား သစ်ခက်ခြောက်နှင့် ရောသော သစ်ရွက်ရော်တို့ကို၎င်း, ခါချဉ်တို့ကို၎င်း ကျစေဘိ၏။ ထိုသို့ဖြစ်စေ, သိရလတ္တံ့ဟု ဘုရားလောင်း၌ ရန်ငြိုးဖွဲ့၏။
တပါးသော နေ့၌လည်း ဆဒ္ဒန်ဆင်မင်းသည် အခြံအရံနှင့်တကွ ရေချိုးခြင်းငှာ ဆဒ္ဒန်အိုင်သို့ သက်၏။ ထိုအခါ နှစ်စီးကုန်သော ဆင်ပျိုတို့သည် နှာမောင်းတို့ဖြင့် ပန်းရင်စည်းတို့ကို ကိုင်၍ ငွေတောင်ထွဋ်ကို သုတ်သင်သကဲ့သို့ သုတ်သင်လျက် ရေချိုးစေကုန်၏။ ထိုဆဒ္ဒန်ဆင်မင်းသည် ရေချိုးပြီး၍ တက်လတ်သော် နှစ်ဦးကုန်သော စူဠသုဘဒ္ဒါ, မဟာသုဘဒ္ဒါ မိဖုယားတို့ကို ရေချိုးစေကုန်၏။ ထိုမိဖုယား ဆင်မတို့သည်လည်း ရေချိုးပြီးလျှင် တက်လတ်၍ ဘုရားလောင်းအထံ၌ နေကုန်၏။ ထို့နောင်မှ ရှစ်ထောင်ကုန်သော ဆင်တို့သည် ဆဒ္ဒန်အိုင်သို့သက်၍ ရေကစားပြီးလျှင် အိုင်မှ အထူးထူးသော ပန်းတို့ကိုဆောင်ခဲ့၍ ငွေစေတီကို တန်ဆာဆင်သကဲ့သို့ ဘုရားလောင်းကို တန်ဆာဆင်ကုန်၏။ နောက်မှ နှစ်ဦးကုန်သော စူဠသုဘဒ္ဒါ မဟာသုဘဒ္ဒါ မိဖုယားတို့ကို တန်ဆာဆင်ကုန်၏။ ထိုအခါ တစီးသောဆင်သည် ဆဒ္ဒန်အိုင်၌ လှည့်လည်သည်ရှိသော် ပွင့်ချပ်ခုနစ်ဆင့်ရှိသော သတ္တုဒ္ဒယ မည်သော ကြီးစွာသော ပဒုမာကြာပွင့်ကိုရလျှင် ဆောင်ယူခဲ့၍ ဘုရားလောင်းအား ဆက်၏။ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် ထိုကြာပွင့်ကို နှာမောင်းဖြင့်ယူ၍ ဝတ်ဆံ ဝတ်မှုံကို ဦးကင်း၌ ကြဲပြီးလျှင် မိဖုယားကြီးဖြစ်သော မဟာသုဘဒ္ဒါအား ပေး၏။ ထိုသို့ ပေးသည်ကိုမြင်၍ စူဠသုဘဒ္ဒါသည် ပွင့်ချပ် ခုနစ်ဆင့်ရှိသော ဤပဒုမာ ကြာပွင့်ကြီးကိုလည်း မိမိ ချစ်မြတ်နိုးသော မယားအားသာလျှင် ပေး၏။ ငါ့အား မပေးဟု နှလုံး၌ထား၍ တဖန်လည်း ဘုရားလောင်းအား ရန်ငြိုးဖွဲ့၏။
ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် ချိုစွာသော သစ်သီးတို့ကို၎င်း၊ ကြာစွယ် ကြာရင်းတို့ကို၎င်း ပျားရည်နှင့် ယှဉ်စေ၍ ငါးရာကုန်သော ပစ္စေကဗုဒ္ဓါတို့ကို လုပ်ကျွေးသည်ရှိသော် စူဠသုဘဒ္ဒါသည် မိမိရအပ်သော သစ်သီးကြီးငယ်ကို အရှင်ပစ္စေကဗုဒ္ဓါတို့အား လှူ၍ အရှင်ဘုရားတို့- အကျွန်ုပ်သည် ဤဘဝမှစုတေသည်ရှိသော် မဒ္ဒရာဇ်မင်းမျိုး၌ ဖြစ်၍ သုဘဒ္ဒါအမည်ရှိသော မင်းသမီးဖြစ်၍ အရွယ်ရောက်လတ်သော် ဗာရာဏသီမင်း၏ မိဖုယားကြီးအဖြစ်သို့ ရောက်သဖြင့် ထိုဗာရာဏသီမင်း၏ အလွန်ချစ်မြတ်နိုးသော မိဖုယားကြီး ဖြစ်လို၏။ ထိုဗာရာဏသီမင်းကို မိမိနှစ်သက်သော အလိုကို ပြုစိမ့်သောငှါ စွမ်းနိုင်သည်ဖြစ်၍ ထိုဗာရာဏသီမင်းအား ကြားသဖြင့် တယောက်သောမုဆိုးကို စေလွှတ်၍ ဤဆင်မင်းကို အဆိပ်လူးသောမြှားဖြင့် ပစ်သတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် အရောင်ခြောက်သွယ်တို့ဖြင့် ထွန်းတောက်ပသော အစုံဖြစ်သော အစွယ်တို့ကို ဆောင်ယူစိမ့်သောငှါ စွမ်းနိုင်သည် ဖြစ်ရလို၏ဟု ဆုတောင်းခြင်းကို ဖြစ်စေ၏။ ထိုစူဠသုဘဒ္ဒါသည် ထိုဆုတောင်းသောအခါမှစ၍ အစာကို မယူမူ၍လျှင် ခြောက်တပ်သဖြင့် မကြာမြင့်မီလျှင် သေ၍ မဒ္ဒရာဇ်တိုင်းဝယ် မဒ္ဒရာဇ်မင်းကြီး၏ မိဖုယားကြီး ဝမ်း၌ ဖြစ်၏။ ထိုမင်းသ္မီးအား သုဘဒ္ဒါဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ အရွယ်ရောက်လတ်သော် ထိုသုဘဒ္ဒါမင်းသ်မီးကို ဗာရာဏသီမင်းအား ပေးကုန်၏။ ထိုသုဘဒ္ဒါ မင်းသ္မီးကို ဗာရာဏသီမင်းသည် အလွန် ချစ်မြတ်နိုး၏။ တသောင်း ခြောက်ထောင်ကုန်သော မိန်းမတို့၏ အကြီးဖြစ်၍ ရှေးအဖြစ်ကို သိတတ်သော ဇာတိဿရ ဉာဏ်ကိုလည်း ရ၏။
ထိုသုဘဒ္ဒါ မိဖုယားသည် ငါ၏ ဆုတောင်းခြင်းသည် ပြည့်စုံပြီ၊ ယခုအခါ ထိုဆင်မင်း၏ အစုံဖြစ်သော အစွယ်တို့ကို ဆောင်ယူစေအံ့ဟု ကြံ၏။ ထိုသို့ ကြံပြီးလျှင် ကိုယ်ကို ဆီလိမ်းကျံ၍ ညစ်နွမ်းသော အဝတ်ကို ဝတ်လျက် ဖျားနာသော အခြင်းအရာကိုပြ၍ ကြက်သရေရှိသော တိုက်ခန်းသို့ဝင်၍ ညောင်စောင်းငယ်၌ အိပ်၏။ မင်းသည် သုဘဒ္ဒါကား အဘယ်မှာနည်းဟု မေး၍ ဖျားနာသည်ဟု ကြားရလျှင် ကြက်သရေရှိသော တိုက်ခန်းသို့ ဝင်ပြီးလျှင် ညောင်စောင်းငယ်၌ ထိုင်၍ ထိုသုဘဒ္ဒါမိဖုယား ကျောကို သုံးသပ်လျက် အကြောင်းကို မေးလိုရကား-
မိလာယသိ ဝိသာလက္ခိ၊ မာလာဝ ပရိမဒ္ဒိတာ။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၉၇။ အနုစ္စင်္ဂီ၊ ရွှေအဆင်းကဲ့သို့ ဝင်းဝင်းညီးသော ကိုယ်ရှိသော သုဘဒ္ဒါမိဖုယား။ တွံ၊ ရှင်မိဖုယားသည်။ ကိံ၊ အဘယ်ကို။ သောစသိ နု၊ စိုးရိမ်ဘိသနည်း။ ဝရဝဏ္ဏိနီ၊ မြတ်သော အဆင်းရှိသော သုဘဒ္ဒါမိဖုယား။ တွံ၊ ရှင် မိဖုယားသည်။ ပဏ္ဍု၊ ဖက်ရွက်ကဲ့သို့ ဖြေဖျော့တော့သော ကိုယ်ရှိသည်။ အသိ၊ ဖြစ်ဘိ၏။ ဝိသာလက္ခိ၊ တင့်တယ်သော မျက်နှာရှိသော သုဘဒ္ဒါမိဖုယား။ တွံ၊ ရှင်မိဖုယားသည်။ ပရိမဒ္ဒိတာ၊ လက်ဖြင့် ဆုပ်နယ်အပ်သော။ မာလာဝ၊ ပဒုမာ ကြာပန်းကဲ့သို့။ မိလာယသိ၊ ညှိုးနွမ်းဘိ၏။
ထိုစကားကို ကြား၍ သုဘဒ္ဒါမိဖုယားသည် မင်းကြီးအား မိမိအကြောင်းကို ကြားလိုရကား-
န သော သုလဘရူပေါဝ၊ ယာဒိသော မမ ဒေါဟဠော။
ဟူသော ဤဂါထာကို ဆို၏။
၉၈။ မဟာရာဇ၊ မြတ်သော မင်းကြီး။ မေ၊ အကျွန်ုပ်အား။ ဒေါဟဠော၊ ချင်ခြင်းသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်၏။ သုပိနန္တေန၊ အိပ်မက်၌။ ဥပဇ္ဈဂါ၊ မြင်မက်သော။ မယာ၊ အကျွန်ုပ်သည်။ ဒိဋ္ဌော၊ မြင်မက်သော။ အစ္ဆရိယော၊ အံ့ဘွယ်သရဲသည်။ အတ္ထိ၊ ရှိ၏။ ယာဒိသော၊ အကြင်သို့ သဘောရှိသော။ မမ၊ အကျွန်ုပ်၏။ ဒေါဟဠော၊ ချင်ခြင်းသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်၏။ သော တာဒိသော၊ ထိုသို့ သဘောရှိသော ချင်ခြင်းသည်။ သုလဘရူပေါဝ၊ ရလွယ်သော သဘောရှိသကဲ့သို့။ န ဟောတိ၊ မဖြစ်။
ထိုစကားကို ကြား၍ မင်းကြီးသည် မိဖုယား၏ ချင်ခြင်းကို ဝန်ခံလိုရကား-
သဗ္ဗေ တေ ပစုရာ မယှံ၊ အဟံ တေ ဒမ္မိ ဒေါဟဠံ။
ဟူသော ဤဂါထာကို ဆို၏။
၉၉။ သုဘဒ္ဒေ၊ သုဘဒ္ဒါမိဖုယား။ ဣဓ လောကမှိ၊ ဤလူ့ရွာ၌။ မာနုသာ၊ လူတို့သည်။ ကာမာ၊ တောင့်တ အပ်ကုန်သော။ ယေကေစိ၊ ခပ်သိမ်းကုန်သော ရတနာခုနစ်ပါး, ကာမဂုဏ်ငါးပါးတို့သည်။ သန္တိ၊ ရှိကုန်၏။ နန္ဒနေ၊ နှစ်သက်ဘွယ်ရှိသော သုဘဒ္ဒါမိဖုယား။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုဝတ္ထုကာမဂုဏ်, ကိလေသာ ကာမဂုဏ်တို့သည်။ မယှံ၊ ငါ့အား။ ပစုရာ၊ များစွာ ရလွယ်ကုန်၏။ အဟံ၊ ငါသည်။ တေ၊ သင့်အား။ ဒေါဟဠံ၊ ချင်ခြင်းဖြစ်သော ဝတ္ထုကို။ ဒမ္မိ၊ ပေးအံ့။
မင်းကြီးဆိုသော စကားကိုကြား၍ သုဘဒ္ဒါမိဖုယားသည် မြတ်သောမင်းကြီး- အကျွန်ုပ်၏ ချင်ခြင်းသည် အလွန်ရခဲ၏။ ထိုချင်ခြင်းကို ယခုအခါ၌ အကျွန်ုပ်သည် မပြောဆိုသေး၊ စင်စစ်သော်ကား အရှင်မင်းကြီး နိုင်ငံတော် အတွင်း၌ အကြင်မျှလောက်ကုန်သော မုဆိုးတို့သည် ရှိကုန်၏။ ထိုအလုံးစုံကုန်သော မုဆိုးတို့ကို အရှင်မင်းကြီးတို့သည် စည်းဝေးစေတော်မူကုန်လော့၊ ထိုမုဆိုးတို့၏ အလယ်၌ ပြောဆိုပါအံ့ဟု ပြလိုရကား-
ဧတေသံ အဟမက္ခိဿံ၊ ယာဒိသော မမ ဒေါဟဠော။
ဟူသော အခြားမဲ့ဖြစ်သော ဤဂါထာကို ဆို၏။
၁၀၀။ ဒေဝ၊ အရှင်မင်းကြီး။ တဝ၊ အရှင်မင်းကြီး၏။ ဝိဇိတေ၊ နိုင်ငံတော်၌။ ယေကေစိ၊ အလုံးစုံကုန်သော။ လုဒ္ဒါ၊ မုဆိုးတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ သဗ္ဗေ၊ ထိုအလုံးစုံကုန်သော မုဆိုးတို့သည်။ သမာယန္တု၊ အညီအညွတ် လာစေကုန်သတည်း။ ဧတေသံ၊ ထိုမုဆိုးတို့အား။ မမ၊ အကျွန်ုပ်၏။ ယာဒိသော၊ အကြင်သို့ သဘောရှိသော။ ဒေါဟဠော၊ ချင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တာဒိသံ၊ ထိုသို့သဘောရှိသော ချင်ခြင်းကို။ အဟံ၊ အကျွန်ုပ်သည်။ အက္ခိဿံ၊ ကြားပါအံ့။
မင်းသည် ကောင်းပြီဟုဆို၍ ကြက်သရေရှိသော တိုက်ခန်းမှ ထွက်ခဲ့ပြီးလျှင် အကြင်မျှလောက်ကုန်သော ယူဇနာ သုံးရာရှိသော ကာသိတိုင်း၌ မုဆိုးတို့သည် ရှိကုန်၏။ ထိုအလုံးစုံကုန်သော မုဆိုးတို့ကို စည်းဝေးစိမ့်သောငှါ စည်လည်စေကုန်လော့ဟု မှူးတော် မတ်တော်တို့ကို စေ၏။ မှူးတော် မတ်တော်တို့သည်လည်း မင်းကြီးဆိုတိုင်း ပြုကုန်၏။ မကြာမြင့်မီလျှင် ကာသိတိုင်း၌ နေကုန်သော မုဆိုးတို့သည် အစွမ်းအလျောက် လက်ဆောင် ပဏ္ဏာကို ယူ၍ လာလတ်ကုန်လျှင် လာသောအဖြစ်ကို မင်းအား တင်လျှောက်ကုန်၏။ ထိုအလုံးစုံကုန်သော မုဆိုးတို့သည် ခြောက်သောင်း အတိုင်းအရှည်ရှိသည် ဖြစ်ကုန်၏။ မင်းသည် မုဆိုးတို့ လာသောအဖြစ်ကို သိလျှင် လေသွန်တံခါး၌ ရပ်လျက် လက်ကိုဆန့်၍ ထိုမုဆိုးတို့ လာသောအဖြစ်ကို မိဖုယားအား ကြားလိုရကား-
ဝနညူ စ မိဂညူ စ၊ မမတ္ထေ စတ္တဇီဝိတာ။
ဟူသော ဤဂါထာကို ဆို၏။
၁၀၁။ ဒေဝိ၊ မိဖုယား။ ဣမေ တေ လုဒ္ဒကာ၊ ဤမုဆိုးတို့သည်။ ကတဟတ္ထာ၊ ထိုးပစ်ခြင်း သတ်ဖြတ်ခြင်းတို့၌ ကောင်းစွာသင်အပ်ပြီးသော အတတ်ရှိကုန်၏။ ဝိသာရဒါ၊ ကြောက်ရွံ့ခြင်း ကင်းကုန်သည်ဖြစ်၍ အလွန်ရဲရင့်ကုန်၏။ ဝနညူ စ၊ တောကိုလည်း သိကုန်၏။ မိဂညူ စ၊ သားကိုလည်း သိကုန်၏။ တေ၊ ထိုအလုံးစုံသော မုဆိုးတို့သည်။ မမ၊ ငါ၏။ အတ္ထေ၊ အကျိုးစီးပွားတော်၌။ စတ္တဇီဝိတာ၊ စွန့်အပ်ပြီးသော အသက်ရှိကုန်၏။
မင်းကြီးဆိုသော စကားကိုကြား၍ သုဘဒ္ဒါမိဖုယားသည် ထိုမုဆိုးတို့ကို ခေါ်စေ၍ မုဆိုးတို့အား မိမိချင်ခြင်းကို ကြားလိုရကား-
ဆဗ္ဗိသာဏံ ဂဇံ သေတံ၊ အဒ္ဒသံ သုပိနေ အဟံ။
တဿ ဒန္တေဟိ မေ အတ္ထော၊ အလာဘေ နတ္ထိ ဇီဝိတံ။
ဟူသော ဤဂါထာကို ဆို၏။
၁၀၂။ ဘော လုဒ္ဒပုတ္တာ၊ အို-မုဆိုးသားတို့။ ဧတ္ထ၊ ဤအရပ်၌။ ယာဝ၊ အကြင်မျှလောက်ကုန်သော သင်တို့သည်။ သမာဂတာ၊ အညီအညွတ် စည်းဝေးကုန်၏။ တာဝန္တာ၊ ထိုမျှလောက်ကုန်သော သင်တို့သည်။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ နိသာမေထ၊ နာကြကုန်။ အဟံ၊ ငါသည်။ ဆဗ္ဗိသာဏံ၊ ခြောက်ပါးသော အရောင်နှင့် ပြည့်စုံသော အစွယ်ရှိသော။ သေတံ၊ ကိုယ်လုံးဖြူသော။ ဂဇံ၊ ဆင်မင်းကို။ သုပိနေ၊ အိပ်မက်၌။ အဒ္ဒသံ၊ မြင်မက်၏။ တဿ၊ ထိုဆင်မင်း၏။ ဒန္တေဟိ၊ အစွယ်တို့ကို။ မေ၊ ငါသည်။ အတ္ထော၊ အလိုရှိ၏။ အလာဘေ၊ မရသည်ရှိသော်။ ဇီဝိတံ၊ ငါ၏ အသက်သည်။ နတ္ထိ၊ မရှိပြီ။
ထိုမိဖုယား စကားကို ကြား၍ မုဆိုးသားတို့သည် ထိုအကြောင်းကို မိဖုယားအား မေးလျှောက်လိုရကား-
ဒိဋ္ဌော သုတော ကုဉ္ဇရော ဆဗ္ဗိသာဏော။
ယ မဒ္ဒသံ သုပိနေ ရာဇပုတ္တိ၊
အက္ခာဟိ နော ယာဒိသော ဟတ္ထိနာဂေါ။
ဟူသော ဤဂါထာကို ဆိုကုန်၏။ .
၁၀၃။ ရာဇပုတ္တိ၊ မင်းသ္မီး။ ယံ၊ အကြင်သို့ သဘောရှိသောဆင်ကို။ တွံ၊ ရှင်မိဖုယားသည်။ သုပိနေ၊ အိပ်မက်၌။ အဒ္ဒသံ၊ မြင်မက်၏။ သော၊ ထိုသို့သဘောရှိသော။ ဆဗ္ဗိသာဏော၊ ခြောက်ပါးသော အဆင်းအရောင်နှင့် ပြည့်စုံသော အစွယ်ရှိသော။ ကုဉ္ဇရော၊ ဆင်ကို။ နော၊ အကျွန်ုပ်တို့၏။ ပိတူနံ၊ အဖတို့သည်၎င်း။ ပိတာမဟာနံ၊ အဘိုးတို့သည်၎င်း။ န ဒိဋ္ဌော၊ မြင်လည်း မမြင်စဘူး။ န သုတော၊ ကြားလည်း မကြားစဘူး။ ယာဒိသော၊ အကြင်သို့ သဘောရှိသော။ ဟတ္ထိနာဂေါ၊ ဆင်မင်းကို။ တယာ၊ အရှင်မိဖုယားသည်။ ဒိဋ္ဌော၊ မြင်အပ်၏။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဟတ္ထိနာဂံ၊ ဆင်မင်းကို။ နော၊ အကျွန်ုပ်တို့အား။ အက္ခာဟိ၊ ကြားတော်မူလော့။
ဤဂါထာဖြင့် မေးလျှောက်ကုန်ပြီး၍ တဖန် ထိုဆင်ရှိရာ အရပ်ကို မေးလျှောက်ပြန်လိုရကား-
ဥဒ္ဓံ အဓော ဒသ ဒိသာ ဣမာယော။
ကတမံ ဒိသံ တိဋ္ဌသိ နာဂရာဇာ၊
ယ မဒ္ဒသ သုပိနေ ဆဗ္ဗိသာဏံ။
ဟူသော ဤဂါထာကို ဆိုပြန်ကုန်၏။
၁၀၄။ ဒေဝိ၊ မိဖုယား။ စတဿော၊ လေးပါးကုန်သော။ ဒိသာ၊ တူရူ အရပ်မျက်နှာတို့သည်၎င်း။ စတဿော၊ လေးပါးကုန်သော။ ဝိဒိသာ၊ အထောင့် အရပ်တို့သည်၎င်း။ ဥဒ္ဓံ၊ အထက်အရပ်၎င်း။ အဓော၊ အောက်အရပ်၎င်း။ ဣတိ၊ ဤသို့။ ဒသ၊ ဆယ်ပါးကုန်သော။ ဣမာယော ဒိသာ၊ ဤအရပ်မျက်နှာတို့သည်။ သန္တိ၊ ရှိကုန်၏။ တွံ၊ အရှင်မိဖုယားသည်။ ယံ၊ အကြင်သို့ သဘောရှိသော။ ဆဗ္ဗိသာဏံ၊ အရောင်ခြောက်ပါးနှင့် ပြည့်စုံသော အစွယ်ရှိသော ဆင်မင်းကို။ သုပိနေ၊ အိပ်မက်၌။ အဒ္ဒသ၊ မြင်မက်တော်မူ၏။ သော နာဂရာဇာ၊ ထိုဆင်မင်းသည်။ တာသံ ဒိသာနံ၊ ထိုဆယ်ပါးသော အရပ်မျက်နှာတို့တွင်။ ကတမံ ဒိသံ၊ အဘယ်အရပ်၌။ တိဋ္ဌသိ၊ တည်သနည်း။
ဤသို့ မုဆိုးတို့ မေးလျှောက်ကုန်သည် ရှိသော် သုဘဒ္ဒါ မိဖုယားသည် အလုံးစုံသော မုဆိုးတို့ကိုကြည့်၍ ထိုမုဆိုးတို့၏ အလယ်၌ ကြီးသော ခြေဘဝါးရှိသော, ထမင်းထုပ်နှင့်တူသော သလုံးသားရှိသော, ကြီးစွာသော ပုဆစ်ဒူးရှိသော, ကြီးသော နံရိုးရှိသော, တခဲနက်ထူသော ဖွားရရားထသော မုတ်ဆိတ် ကျင်စွယ်ရှိသော, ထုတ်ချင်းလျှိုကြောင်သော မျက်စိရှိသော, မကောင်းသော အဆင်းသဏ္ဌာန်ရှိသော, ကြောက်မက်ဘွယ်သော အဆင်းရှိသော, အလုံးစုံသော မုဆိုးတို့၏ ဦးခေါင်းအထက်ဖြင့် ထင်ရှားသော, ရှေးဘဝ၌ ဘုရားလောင်း၏ ရန်သူဖြစ်ဘူးသော, သောဏုတ္တရ မည်သောမုဆိုးကို မြင်၍ ဤမုဆိုးသည် ငါ၏စကားကို လိုက်နာခြင်းငှါ တတ်နိုင်လတ္တံ့ဟု ကြံ၍ မင်းကို ခွင့်ပြုစေပြီးလျှင် ထိုသောဏုတ္တရ မုဆိုးကိုခေါ်၍ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်အပြင်သို့ တက်ပြီးလျှင် ခြင်္သေ့ခံသော မြောက်လေသွန်တံခါးကိုဖွင့်၍ မြောက်ဟိမဝန္တာသို့ ရှေးရှုလက်ဆန့်၍ ဆင်မင်းရှိရာ အရပ်ကို သောဏုတ္တရမုဆိုးအား ညွှန်ပြလိုရကား-
အတိက္ကမ္မ သော သတ္တဂိရီ ဗြဟန္တေ။
သုဝဏ္ဏပဿော နာမ ဂိရိ ဥဠာရော၊
သုပုပ္ဖိတော ကိံပုရိသာနုစိဏ္ဏော။
ဩလောကယ ပဗ္ဗတပါဒမူလံ။
အထ ဒက္ခသိ မောဃသမာနဝဏ္ဏံ၊
နိဂြောဓရာဇံ အဋ္ဌသဟဿပေါရံ။
သဗ္ဗသေတော ဒုပ္ပသဟော ပရေဘိ။
ရက္ခန္တိ နံ အဋ္ဌသဟဿေနာဂါ၊
ဤသာဒန္တာ ဝါတဇဝပ္ပဟာရိနော။
ကုပ္ပန္တိ ဝါတဿပိ ဧရိတဿ။
မနုဿဘူတံ ပန တတ္ထ ဒိသွာ၊
ဘသ္မံ ကရေယျုံ နာဿ ရဇောပိ တဿ။
ဟူသော ဤလေးဂါထာတို့ကို ဆို၏။
၁၀၅။ လုဒ္ဒ ပုတ္တ၊ အို-အမောင် မုဆိုးသား။ သော တွံ၊ ထိုသင်သည်။ ဣတော၊ ဤအရပ်မှ။ ဥတ္တရာယံ၊ မြောက်ဖြစ်သော။ ဒိသာယံ၊ အရပ်မျက်နှာသို့။ ဥဇုံ၊ ဖြောင့်ဖြောင့်။ ဂစ္ဆာဟိ၊ သွားလေလော့။ ဗြဟန္တေ၊ ကြီးကျယ်ကုန်သော။ သတ္တဂိရိ၊ တောင်စဉ် ခုနစ်ထပ်တို့ကို။ အတိက္ကမ္မ၊ လွန်၍။ သုဝဏ္ဏပဿော နာမ၊ သုဝဏ္ဏပဿမည်သော။ ဂိရိ၊ တောင်သည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုသုဝဏ္ဏပဿတောင်သည်။ ဥဠာရော၊ ခြောက်ထပ်သော တောင်တို့ထက် ကြီးမြင့်၏။ သုပုပ္ဖိတော၊ ကောင်းစွာပွင့်သော ပန်းရှိသော တောအုပ်လည်း ဖြစ်၏။ ကိံပုရိသာနုစိဏ္ဏော၊ ကိန္နရာတို့၏ မပြတ်ကျက်စားရာလည်း ဖြစ်၏။
၁၀၆။ ကိန္နရာနံ၊ ကိန္နရာတို့၏။ ဘဝနံ၊ နေရာဖြစ်သော။ သေလံ၊ သုဝဏ္ဏပဿ တောင်ထိပ်သို့။ အာရူယှ၊ တက်၍။ ပဗ္ဗတပါဒမူလံ၊ တောင်ခြေရင်းသို့။ ဩလောကယ၊ သင်ကြည့်လော့။ အထ၊ ထိုသို့ကြည့်သည်ရှိသော်။ မေဃသမာနဝဏ္ဏံ၊ တိမ်ညိုအဆင်းနှင့်တူသော အဆင်းရှိသော။ အဋ္ဌသဟဿပေါရံ၊ ရှစ်ထောင်သော ပါးပျဉ်းရှိသော။ နိဂြောဓရာဇံ၊ ပညောင်ပင်မင်းကို။ ဒက္ခသိ၊ သင်မြင်ရလတ္တံ့။
၁၀၇။ တတ္ထ၊ ထိုပညောင်ပင်ရင်း၌။ ဆဗ္ဗိသာဏော၊ အရောင် ခြောက်ပါးနှင့် ပြည့်စုံသော အစွယ်ရှိသော။ သဗ္ဗသေတော၊ ကိုယ်လုံးဖြူသော။ ပရေဘိ၊ သူတပါးတို့သည်။ ဒုပ္ပသဟော၊ နှိပ်စက်ခြင်းငှါ စွမ်းနိုင်ခဲသော။ ကုဉ္ဇရော၊ ဆင်မင်းသည်။ ဂိမှသမယေ၊ နွေကာလ၌။ ဥဒကဝါတံ၊ ရေမှတက်သော လေညှင်းကို။ သမ္ပဋိစ္ဆန္တော၊ ခံယူလျက်။ အစ္ဆတိ၊ နေ၏။ နံ၊ ထိုဆင်မင်းကို။ အဋ္ဌသဟဿေနာဂါ၊ ရှစ်ထောင်သော ဆင်တို့သည်။ ရက္ခန္တိ၊ စောင့်ရှောက်ကုန်၏။ တေ နာဂါ၊ ထိုရှစ်ထောင်သော ဆင်တို့သည်။ ဤသာဒန္တာ၊ ရထားလှည်းသန်နှင့်တူသော အစုံဖြစ်သော အစွယ်ရှိကုန်၏။ ဝါတဇဝပ္ပဟာနော၊ လေ၏ လျင်ခြင်းနှင့်တူသော လျင်ခြင်းဖြင့် လိုက်၍ ရန်သူတို့ကို သတ်တတ်သော သဘောရှိကုန်၏။
၁၀၈။ တေ၊ ထိုဆင်တို့သည်။ တုမူလံ၊ ကြောက်မက်ဘွယ်သော ပြင်းစွာသော အသံသို့ အစဉ်လိုက်သော ထွက်သက်ကို။ ပဿသန္တာ၊ လွှတ်ကုန်လျက်။ တိဋ္ဌန္တိ၊ တည်ကုန်၏။ ဧရိတဿ၊ လေခတ်သော မြက်သစ်ရွက် အစရှိသည်၏။ ယံ ဧရိတံ၊ အသံသို့ အစဉ်လိုက်သော အကြင် တုန်လှုပ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တဿပိ ဝါ၊ ထိုမြက်သစ်ရွက် စသည်၏ အသံဖြင့် တုန်လှုပ်ခြင်းကိုလည်း။ ကုပ္ပန္တိ၊ အမျက်ထွက်ကုန်၏။ တတ္ထ၊ ထိုအရပ်သို့။ အာဂတံ၊ ရောက်လာသော။ မနုဿဘူတံ ပန၊ လူဖြစ်သော သူကိုကား။ ဒိသွာ၊ မြင်သည်ရှိသော်။ ဘသ္မံ၊ ပြာကို။ ကရေယျုံ၊ ပြုကုန်ရာ၏။ တဿ၊ ထိုနှာခေါင်းလေဖြင့် ဖျက်ဆီး၍ ပြာကိုပြုအပ်သော လူ၏။ ရဇောပိ၊ မြူသည်လည်း။ တတ္ထ၊ ထိုအရပ်၌၊ န အဿ၊ ရှိသည်မဖြစ်ရာ။
ထိုမိဖုယားစကားကို ကြားလျှင် သောဏုတ္တရ မုဆိုးသည် သေဘေးမှ ကြောက်သည်ဖြစ်၍ ထိုမိဖုယားအား ပြန်လျှောက်လိုရကား-
ပိလန္ဓနာ ဇာတရူပဿ ဒေဝိ။
မုတ္တာ မဏိ ဝေဠုရိယမယာ စ၊
ကိံ ကာဟသိ ဒန္တပိလန္ဓနေန။
မာရေတုကာမာ ကုဉ္ဇရံ ဆဗ္ဗိသာဏံ၊
ဥဒါဟု ဃာတေဿသိ လုဒ္ဒပုတ္တေ။
ဟူသော ဤဂါထာကို ဆို၏။
၁၀၉။ ဒေဝိ၊ အရှင်မိဖုယား။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ ရာဇကုလမှိ၊ မင်း၏ နန်းတော်၌။ ဇာတရူပဿ၊ ရွှေငွေ၏။ ဗဟူ၊ များစွာကုန်သော။ ပိလန္ဓနာ၊ တန်ဆာသည်၎င်း။ မုတ္တမဏိဝေဠုရိယမယာ စ၊ ပုလဲ ပတ္တမြား ကျောက်မျက်ရွဲဖြင့် ပြီးကုန်သော။ ပိလန္ဓနာ၊ တန်ဆာတို့သည်၎င်း။ ဣမေ၊ ဤအလုံးစုံသော ရတနာ တန်ဆာတို့သည်။ သန္တိ၊ ရှိကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဒန္တပိလန္ဓနေန၊ ဆင်စွယ်တန်ဆာဖြင့်။ ကိံ ကာဟသိ၊ အသို့ပြုအံ့နည်း။ ဆဗ္ဗိသာဏံ၊ ရောင်ခြည်ခြောက်ပါးနှင့် ပြည့်စုံသော အစွယ်ရှိသော။ ကုဉ္ဇရံ၊ ဆင်မင်းကို။ မာရေတုကာမာ၊ သေစေလိုသည်ဖြစ်၍။ ဃာတေဿသိ၊ သတ်စေသလော။ ဥဒါဟု၊ ထိုသို့ မဟုတ်မူကား။ ပိလန္ဓနပဒေသေန၊ တန်ဆာကို အကြောင်းပြုသဖြင့်။ လုဒ္ဒပုတ္တေ၊ မုဆိုးသားတို့ကို။ ဃာတေဿသိ၊ သတ်စေလိုသလော။
ထို့နောင်မှ သုဘဒ္ဒါမိဖုယားသည် မိမိအလိုကို သောဏုတ္တရ မုဆိုးအား ကြားသဖြင့် တိုက်တွန်းပြန်လိုရကား-
ဥဒ္ဓစ္စ သုဿာမိ အနုဿရန္တီ။
ကရောဟိ မေ လုဒ္ဒက ဧတမတ္ထံ၊
ဒဿာမိ တေ ဂါမဝရာနိ ပဉ္စ။
ဟူသော ဤဂါထာကို ဆို၏။
၁၁၀။ လုဒ္ဒ၊ အမောင်မုဆိုး။ သာ အဟံ၊ ထိုငါသည်။ ဣဿာသိကာ၊ ငြူစူခြင်းရှိသည်။ အသ္မိ၊ ဖြစ်၏။ ဒုက္ခိတာ၊ စိတ်ဆင်းရဲခြင်းဖြင့် နှိပ်စက်အပ်သည်။ အသ္မိ၊ ဖြစ်၏။ တေန၊ ထိုဆင်မင်းသည်။ ကတံ၊ ပြုအပ်သော။ ဝေရံ၊ ရန်ကို။ အနုသရန္တီ၊ အဖန်တလဲလဲ အောက်မေ့သော ငါသည်။ ဣဿာဝသေန၊ ငြူစူခြင်း၏ အစွမ်းဖြင့်။ ဥဒ္ဓစ္စ၊ ငါပျံလွင့်၍။ သုဿာမိ၊ ခြောက်တပ်၏။ လုဒ္ဒက၊ အမောင် မုဆိုး။ မေ၊ ငါ၏။ ဧတမတ္ထံ၊ ဤအကျိုးစီးပွားကို။ ကရောဟိ၊ သင်ပြုလော့။ တေ၊ သင့်အား။ ပဉ္စဂါမဝရာနိ၊ တနှစ်လျှင် အခွန်တသိန်းစီထွက်သော ငါးရွာတို့ကို။ ဒဿာမိ၊ ငါပေးအံ့။
ဤသို့သော စကားကို ဆိုပြီး၍ အမောင်မုဆိုး - ထိုဆဒ္ဒန်ဆင်မင်းကို သတ်၍ အစုံဖြစ်သော အစွယ်တို့ကို ဆောင်ယူခြင်းငှါ စွမ်းနိုင်သည် ဖြစ်ရလို၏ဟု အရှင်ပစ္စေကဗုဒ္ဓါတို့အား အလှူပေး၍ ဆုတောင်းခြင်းကို ဖြစ်စေ၏။ ငါသည် အိပ်မက်ဖြင့် မြင်မက်သော မည်သည် မရှိ၊ ငါသည် တောင့်တအပ်သော ဆုတောင်းခြင်းသည် ပြည့်စုံလတ္တံ့၊ သင်သည် သွားလေလော့ဟု ထိုမုဆိုးကို နှစ်သိမ့်စေ၏။ ထိုသောဏုတ္တရ မုဆိုးသည် အရှင်မိဖုယား- ကောင်းပြီဟု ထိုသုဘဒ္ဒါ မိဖုယားစကားကို ဝန်ခံ၍ ထိုသို့တပြီးကား အကျွန်ုပ်အား ထင်စွာပြ၍ ထိုဆင်မင်း၏ နေရာအရပ်ကို ကြားတော်မူလော့ဟု ဆို၍ မေးလျှောက်လိုရကား-
ဝီထိဿ ကာ နှာနဂတဿ ဟောတိ။
ကထဉှိ သော နှာယတိ နာဂရာဇာ၊
ကထံ ဝိဇာနေမု ဂတိံ ဂဇဿ။
ဟူသော ဤဂါထာကို ဆို၏။
၁၁၁။ ဒေဝိ၊ အရှင်မိဖုယား။ နာဂရာဇာ၊ ဆင်မင်းသည်။ ကတ္ထ၊ အဘယ်အရပ်၌။ အစ္ဆတိ၊ နေသနည်း။ ကတ္ထ၊ အဘယ်အရပ်၌။ ဌာနံ၊ တည်ရာသို့။ ဥပေတိ၊ ကပ်သနည်း။ နှာနဂတဿ၊ ရေချိုးသွားသော။ အဿ၊ ထိုဆင်မင်း၏။ ကာ ဝီထိ၊ အဘယ်ခရီးသည်။ ဟောတိ၊ ဖြစ်သနည်း။ ကထံ ဟိ၊ အသို့လျှင်။ သော နာဂရာဇာ၊ ထိုဆင်မင်းသည်။ နှာယတိ၊ ရေချိုးသနည်း။ ကထံ၊ အသို့လျှင်။ ဂဇဿ၊ ဆင်မင်း၏။ ဂတိံ၊ ရေချိုးသွားရာကို။ မယံ၊ အကျွန်ုပ်တို့သည်။ ဝိဇာနေမု၊ သိရကုန်အံ့နည်း။
ထို့နောင်မှ သုဘဒ္ဒါမိဖုယားသည် ဇာတိဿရဉာဏ်၏ အာနုဘော်ဖြင့် မျက်မှောက်မြင်အပ်သော အရပ်ကို ထိုမုဆိုးအား ကြားလိုရကား-
ရမ္မာ သုတိတ္ထာ စ မဟောဒကာ စ။
သံပုပ္ဖိတာ ဘမရဂဏာနုစိဏ္ဏာ၊
ဧတ္ထ ဟိ သော နှာယတိ နာဂရာဇာ။
သဗ္ဗသေတော ပုဏ္ဍရီကတ္တစင်္ဂီ။
အာမောဒမာနော ဂစ္ဆတိ သန္နိကေတံ၊
ပုရေက္ခိတွာ မဟေသိံ သဗ္ဗဘဒ္ဒံ။
ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။
၁၁၂။ လုဒ္ဒ၊ အမောင်မုဆိုး။ တတ္ထေဝ၊ ထိုဆင်မင်းနေရာ အရပ်၌လျှင်။ အဝိဒူရေ၊ အနီး၌။ သာ ပေါက္ခရဏီ၊ ထိုဆဒ္ဒန်အိုင်သည်။ အတ္ထိ၊ ရှိ၏။ ရမ္မာ စ၊ မွေ့လျော်ဘွယ်လည်း ရှိ၏။ သုတိတ္ထာ စ၊ သာယာသော ဆိပ်လည်း ရှိ၏။ မဟောဒကာ စ၊ များသော ရေလည်း ရှိ၏။ သံပုပ္ဖိတာ၊ ကြာမျိုးငါးပါးတို့ဖြင့် ထက်ဝန်းကျင်မှ ကောင်းစွာ ပွင့်ခြင်းရှိ၏။ ဘမရဂဏာနုစိဏ္ဏာ၊ ပျား ပိတုန်းပေါင်းတို့၏ မပြတ်ကျက်စားရာ ဖြစ်၏။ ဧတ္ထ၊ ဤဆဒ္ဒန်အိုင်၌။ သော နာဂရာဇာ၊ ထိုဆင်မင်းသည်။ နှာယတိ၊ ရေချိုး၏။
၁၁၃။ သီသံနှာတော၊ ဦးခေါင်းနှင့်တကွ ရေချိုးပြီး၍။ ဥပ္ပလမာလဘာရီ၊ ကြာအစရှိသော ရေပန်း ကြည်းပန်းတို့ကို ဆင်ယင်လျက်။ ပုဏ္ဍရီကတ္တစင်္ဂီ၊ ကြာဖြူအဆင်းနှင့်တူသော အရေဟု ဆိုအပ်သော ဖြူသောအင်္ဂါနှင့် ပြည့်စုံသည်ဖြစ်၍။ သဗ္ဗသေတော၊ ကိုယ်လုံးဖြူသော ဆဒ္ဒန် ဆင်မင်းသည်။ အာမောဒမာနော၊ နှစ်လိုဝမ်းသာ။ သဗ္ဗဘဒ္ဒံ၊ သဗ်ဗဘဒ္ဒါ အမည်ရှိသော။ မဟေသိံ၊ မိဖုယားကြီးကို။ ပုရေက္ခိတွာ၊ ရှေ့ထား၍။ သကေတံ၊ မိမိနေရာအရပ်သို့။ ဂစ္ဆတိ၊ သွား၏။
ထိုစကားကို ကြား၍ သောဏုတ္တရ မုဆိုးသည် အရှင်မိဖုယား- ကောင်းပြီ၊ အကျွန်ုပ်သည် ထိုဆင်မင်းကို သတ်၍ ဆင်မင်း၏ အစွယ်တို့ကို ဆောင်ပါအံ့ဟု ဝန်ခံ၏။ ထိုအခါ မုဆိုးအား သုဘဒ္ဒါမိဖုယားသည် အလွန် နှစ်သက်သည်ဖြစ်၍ အသပြာတထောင်ကို ပေး၍ အိမ်သို့ သွားချေဦးလော့၊ ဤနေ့မှ ခုနစ်ရက်လွန်သဖြင့် ထိုဆဒ္ဒန်အိုင်သို့ သွားရလတ္တံ့ဟု ဆို၍ ထိုမုဆိုးကို လွှတ်လိုက်ပြီးလျှင် ပန်းဘဲတို့ကို ခေါ်စေ၍ အမောင်တို့- ငါတို့အား ပဲခွပ်, ပုဆိန်, ပေါက်တူး, ဆောက်, ဆောက်ပုတ်, ဝါးရုံဖြတ်စရာ ဓားမ, မြက်ရိတ်စရာ တံစဉ်, သံမယ်န, လွှ, သံတံတင်း, သံကက္ကူဆူးတို့ဖြင့် အလိုရှိ၏။ ဤအလုံးစုံကို လျင်မြန်စွာလုပ်၍ ဆောင်ခဲ့လော့ဟုစေ၍ သားရေနယ် သမားတို့ကိုလည်း ခေါ်စေပြီးလျှင် အမောင်တို့- ငါတို့အား တကုမ္ဘသော ဝန်ကို ဆောင်နိုင်သော သားရေအိတ်ကို ပြုခြင်းငှါ သင့်၏။ သားရေလွန်ကြီး, သားရေလွန်ငယ်, ဆင်ခြေဘိနပ်, သားရေထီးတို့ကိုလည်း ငါတို့အား အလိုရှိ၏။ ဤအလုံးစုံကို လျင်စွာလုပ်၍ ဆောင်ခဲ့လော့ဟု စေ၏။ ထိုနှစ်ဦးကုန်သော ပန်းဘဲ, သားရေနယ်သမားတို့သည်လည်း အလုံးစုံသော အဆောက်အဦတို့ကို လျင်မြန်စွာ လုပ်၍ ဆက်ကုန်၏။
ထိုသုဘဒ္ဒါ မိဖုယားသည် မုဆိုးအား ရိက္ခာကို စီရင်၍ ပွတ်ခုံပွတ်ကျေကို အစပြု၍ အလုံးစုံသော အဆောက်အဦကို၎င်း, လှော်သောမုံ့လုံးကို အစပြု၍ ရိက္ခာကို၎င်း သားရေအိတ်၌ ထည့်၏။ ထိုအလုံးစုံသည် တကုမ္ဘ အတိုင်းအရှည်ရှိသည် ဖြစ်၏။ (**တကုမ္ဘကား နှစ်ဆယ့်ခုနစ်တင်း နှစ်စိတ်ရှိသည် ဟူ၏။ ) သောဏုတ္တရ မုဆိုးသည်လည်း မိမိ၏ ခရီးအဆောက်အဦကို ပြု၍ ခုနစ်ရက် မြောက်သောနေ့၌ လာလတ်ပြီးလျှင် မိဖုယားကို ရှိခိုး၍ တည်၏။ ထိုအခါ မုဆိုးကို သုဘဒ္ဒါမိဖုယားသည် အမောင် မုဆိုး- သင်၏ အလုံးစုံသော အဆောက်အဦသည် ပြီးပြီ၊ ဤသားရေအိတ်ကို သင်ယူလော့ဟု ဆို၏။ ထိုသောဏုတ္တရ မုဆိုးသည်ကား ကြီးသောခွန်အားရှိ၏။ ဆင်ပြောင်ငါးစီးအားကို ဆောင်နိုင်၏။ ထို့ကြောင့် ကွမ်းထုပ်ကိုကဲ့သို့ ကောက်ယူ၍ လက်ကတီးကြား၌ထား၍ လက်ချည်းကဲ့သို့ ထင်၏။ သုဘဒ္ဒါမိဖုယားသည် မုဆိုး၏ သားမယားတို့အား ရိက္ခာကိုပေး၍ မင်းအား ကြားလျှောက်ပြီးလျှင် သောဏုတ္တရ မုဆိုးကို လွှတ်လိုက်၏။
ထို သောဏုတ္တရ မုဆိုးသည်လည်း မင်းမိဖုယားနှစ်ပါးတို့ကို ရှိခိုး၍ နန်းတော်မှ ဆင်းသက်ခဲ့ပြီးလျှင် ရထားစီး၍ များစွာသော အခြံအရံဖြင့် မြို့မှထွက်၍ ရွာ နိဂုံး အဆက်ဆက်ဖြင့် ပစ္စန္တရစ်သို့ရောက်လျှင် ဇနပုဒ်သားတို့ကို ပြန်လည်စေ၍ ပစ္စန္တရစ်ရွာသားတို့နှင့် တကွ တောသို့ဝင်၍ လူတို့၏ခရီးကို လွန်လျှင် ပစ္စန္တရစ် ရွာသားတို့ကိုလည်း ပြန်လည်စေ၍ မိမိတယောက်တည်း သွားသည်ရှိသော် ယူဇနာသုံးဆယ်သို့ ရောက်လေ၍ ရှေးဦးစွာ နေဇာမြက်တော, သမန်းမြက်တော, မြက်သာမညတော, ရုံးရိုင်းတော, ကုလားမြှားတော, တိရိဝစ္ဆ အမည်ရှိသော မြက်တောတို့၏ အစွမ်းအားဖြင့် ခြောက်ပါးသော တောတို့၎င်း, ကြခပ်ဝါးတောတို့၎င်း, ကြိမ်ပိုက်တော, အရောဖြစ်သောတော, ကျူတော, ကုလားမြှာတောနှင့် တူသော မြွေသည်လည်း ထွင်နိုင်ခဲသော မြက်တော, တခဲနက်သောတောအုပ် မထူလွန်းသော သစ်ပင်တော, ဝါးတော, ဝါးရုံချုံတော, ညွန်တော, ရေတော, တောင်ခုနစ်ထပ်ဟူသောတော, ဤသို့ တဆယ့်ရှစ်ထပ်ကုန်သော တောတို့သို့ အစဉ်အားဖြင့် ရောက်လျှင် ချဉ်းကပ်၍ နေဇာမြက် အစရှိသည်တို့ကို တံစဉ်ဖြင့်ရိတ်၍ ရုံးရိုင်း အစရှိသည်တို့ကို ဝါးရုံဖြတ်သော ဓားဖြင့်ဖြတ်၍ သစ်ပင်တို့ကို ပုဆိန်ဖြင့်ပေါက်၍ အလွန်ကြီးကုန်သော သစ်ပင်တို့ကို ဆောက်ဖြင့်ထွင်း၍ ခရီးလမ်းကိုပြုလျက် ဝါးတော၌ လှေကားကိုထောင်၍ ဝါးရုံချုံသို့ တက်ပြီးလျှင် ဝါးရုံချုံကိုဖြတ်၍ တပါးသော ဝါးရုံချုံ၏အပေါ်၌ ကျစေ၍ ဝါးရုံချုံတို့၏ အပေါ်ဖြင့် သွား၍လျှင် ညွန်တော၌ ခြောက်သော သစ်သားတို့ကို ဆက်သဖြင့် ခင်း၍ ထိုသစ်သားတို့၏ အပေါ်ဖြင့် သွားပြီးလျှင် တခုသောပျဉ်ကို ခင်းပြန်၍ နင်း၍လာခဲ့သော ပျဉ်ကိုယူ၍ တဖန် ရှေ့မှခင်းပြန်လျက် ထိုညွန်တောကိုလွန်၍ ရေတော၌ ထိုပျဉ်ကို စားကျင်းထွင်းပြီးလျှင် ထိုစားကျင်းဖြင့် ရေတောကိုကူး၍ တောင်ခြေရင်း၌ ရပ်လျက် သံကက္ကူဆူးကို လွန်ဖြင့် ချည်ပြီးလျှင် တောင်ထိပ်သို့ ပစ်လိုက်၍ တောင်၌ငြိစေ၍ ထိုလွန်ကိုဆွဲ၍ တောင်သို့တက်၍ ဝရဇိန်အဖျားနှင့်တူသော သံစို့ဖြင့် တောင်ကိုထွင်း၍ သံတံသင်းကို နှက်ပြီးလျှင် ထိုတံသတင်း၌ရပ်၍ သံကက္ကူဆူးကိုငင်ပြီးလျှင် တဖန် အထက်၌ ငြိပြန်စေ၍ ထိုသံတံသင်း၌ ရပ်လျက် သားရေလွန်ကို ဆွဲ၍ ထိုသားရေလွန်ကို ယူပြီးလျှင် သက်၍ အောက်တံသင်း၌ချည်၍ လက်ဝဲလက်ဖြင့် လွန်ကိုကိုင်၍ လကျ်ာလက်ဖြင့် ဆောက်ပုတ်ကိုယူ၍ လွန်ကိုခတ်သဖြင့် သံတံသင်းကို နုတ်၍ တဖန် တက်ပြန်၏။ ဤနည်းဖြင့် တောင်ထိပ်သို့ တက်၍ ထိုမှာဘက်သို့ သက်သည်ရှိသော် ဤမှ တပါးသော သံတံသင်းတို့ကို ရှေးနည်းဖြင့်လျှင် ရှေးဦးစွာ တောင်ထိပ်၌ သံတံသင်းကို နှက်၍ သားရေအိတ်၌ လွန်ကိုချည်၍ တံသင်းကိုရစ်၍ မိမိသည် အိတ်တွင်း၌နေ၍ ပင့်ကူတို့၏ ပင့်ကူချည်လွှတ်သော အခြင်းအရာဖြင့် လွန်ခွေကိုဖြေ၍သက်၏။ (**သားရေထီးဖြင့် လေကိုယူ၍ ငှက်ကဲ့သို့ သက်၏ဟူ၍လည်း ဆိုကုန်၏။ ) ဤသို့ ထိုသုဘဒ္ဒါ မိဖုယား၏ စကားကိုယူပြီး၍ မြို့မှထွက်ခဲ့ပြီးလျှင် တဆယ့် ခုနစ်ထပ်ကုန်သော တောတို့ကို လွန်၍ တောင်တောသို့ ရောက်လျှင် ထိုတောင်တော၌လည်း တောခြောက်ထပ်တို့ကို လွန်၍ သုဝဏ္ဏပဿ တောင်ထိပ်သို့ တက်သောအဖြစ်ကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
အာဒါယ တုဏ္ဍိဉ္စ ဓနုဉ္စ လုဒ္ဒေါ။
ဝိတုရိယတိ သတ္တဂိရီ ဗြဟန္တေ၊
သုဝဏ္ဏပဿံ နာမ ဂိရိံ ဥဠာရံ။
ဩလောကယိ ပဗ္ဗတပါဒမူလံ။
တတ္ထဒ္ဒသ မေဃသမမာနဝဏ္ဏံ၊
နိဂြောဓရာဇံ အဋ္ဌသဟဿပေါရံ။
သဗ္ဗသေတံ ဒုပ္ပသဟံ ပရေဘိ။
ရက္ခန္တိ နံ အဋ္ဌသဟဿေနာဂါ။
ဤသာဒန္တာ ဝါတဇဝပ္ပဟာရိနော။
ရမ္မံ သုတိတ္ထဉ္စ မဟောဒကဉ္စ။
သံပုပ္ဖိတံ ဘမရဂဏာနုစိဏ္ဏံ၊
ယတ္ထ ဟိ သော နှာယတိ နာဂရာဇာ။
ဝီထိ ယဿ နှာနဂတဿ ဟောတိ။
ဩပါတ မာဂစ္ဆိ အနရိယရူပေါ၊
ပယောဇိတော စိတ္တ ဝသာနုဂါယ။
ဟူသော ဤ ငါးဂါထာတို့ကို ဟောတော်မူ၏။
၁၁၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သော လုဒ္ဒေါ၊ ထိုသောဏုတ္တရ မုဆိုးသည်။ တတ္ထေဝ၊ ထိုဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် အပြင်၌လျှင်။ ဌိတာယ၊ တည်သော။ တဿာ၊ ထိုမိဖုယား၏။ ဝါကျံ၊ စကားကို။ ဥဂ္ဂဟေတွာန၊ ယူ၍။ တုဏ္ဍိဉ္စ၊ မြှားတောင့်ကို၎င်း။ ဓနုဉ္စ၊ ဗိုလ်တထောင် တင်အပ်သော လေးကြီးကို၎င်း။ အာဒါယ၊ ယူ၍။ ပဗ္ဗတဂဟနံ၊ တောင်တောသို့။ ပတွာ၊ ရောက်၍။ ဗြဟန္တေ၊ ကြီးမြင့်ကုန်သော။ သတ္တဂိရီ၊ တောင်စဉ် ခုနစ်ထပ်တို့ကို။ ဝိတုရိယတိ၊ စုံစမ်းသည်ရှိသော်။ သုဝဏ္ဏပဿံ နာမ၊ သုဝဏ္ဏပဿ အမည်ရှိသော။ ဥဠာရံ၊ ကြီးမြင့်သော။ ဂိရိံ၊ တောင်ကို။ ဒိသွာ၊ မြင်၍။
၁၁၅။ ကိန္နရာနံ၊ ကိန္နရာတို့၏။ ဘဝနံ၊ နေရာဖြစ်သော။ သေလံ၊ သုဝဏ္ဏပဿ တောင်ထိပ်သို့။ အာရူယှ၊ တက်၍။ ပဗ္ဗတပါဒမူလံ၊ တောင်ခြေရင်းသို့။ ဩလောကယိ၊ ကြည့်၏။ တတ္ထ၊ ထိုတောင်ခြေရင်း၌။ မေဃသမာနဝဏ္ဏံ၊ မိုဃ်းတိမ်ညို အဆင်းနှင့်တူသော အဆင်းရှိသော။ အဋ္ဌသဟဿပေါရံ၊ ရှစ်ထောင်သော ပါးပျဉ်းရှိသော။ နိဂြောဓရာဇံ၊ ပညောင်ပင်မင်းကို။ အဒ္ဒသ၊ မြင်လေ၏။
၁၁၆။ ဘိက္ခဝေ၊ ရဟန်းတို့။ တတ္ထ၊ ထိုပညောင်ပင်ရင်း၌။ ဌိတံ၊ တည်သော။ ဆဗ္ဗိသာဏံ၊ ရောင်ခြည် ခြောက်ပါးနှင့် ပြည့်စုံသော အစွယ်ရှိသော။ သဗ္ဗသေတံ၊ ကိုယ်လုံးဖြူသော။ ကုဉ္ဇရံ၊ ဆင်မင်းကို။ အဒ္ဒသ၊ မြင်လေ၏။ ပရေဘိ၊ သူတပါးတို့သည်။ ဒုပ္ပသဟံ၊ နှိပ်စက်ခြင်းငှာ မတတ်ကောင်းသော။ ဤသာဒန္တာ၊ ရထားလှည်းသန်နှင့်တူသော အစုံဖြစ်သော အစွယ်ရှိကုန်သော။ ဝါတဇဝပ္ပဟာရိနော၊ လေ၏ လျင်ခြင်းနှင့်တူသော လျင်ခြင်းဖြင့် လိုက်၍ ရန်သူတို့ကို သတ်တတ်သော သဘောရှိကုန်သော။ အဋ္ဌသဟဿေနာဂါ၊ ရှစ်ထောင်သော ဆင်တို့သည်။ နံ၊ ထိုဆင်မင်းကို။ ရက္ခန္တိ၊ စောင့်ကုန်၏။
၁၁၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တတ္ထ၊ ထိုသုဝဏ္ဏပဿတောင်၏အတွင်း၌။ အဝိဒူရေ၊ ပညောင်ပင်မင်း၏ အနီးသို့။ ပတွာ၊ ရောက်၍။ ယတ္ထ၊ အကြင်ဆဒ္ဒန်အိုင်၌။ သော နာဂရာဇာ၊ ထိုဆဒ္ဒန်ဆင်မင်းသည်။ နှာယတိ၊ ရေချိုး၏။ ရမ္မံ၊ မွေ့လျော်ဘွယ်ရှိသော။ သုတိတ္ထဉ္စ၊ ကောင်းသောဆိပ်လည်း ရှိထသော။ မဟောဒကဉ္စ၊ များသောရေလည်း ရှိထသော။ သံပုပ္ဖိတံ၊ ကောင်းစွာပွင့်သော ကြာမျိုးငါးပါးလည်း ရှိထသော။ ဘမရဂဏာနုစိဏ္ဏံ၊ ပျား ပိတုန်း အပေါင်းတို့ဖြင့် ထက်ဝန်းကျင်မှ ပြည့်ထသော။ တံ ပေါက္ခရဏိံ၊ ထိုဆဒ္ဒန်အိုင်ကို။ အဒ္ဒသ၊ မြင်လေ၏။
၁၁၈။ ဘိက္ခဝေ၊ ရဟန်းတို့။ နာဂဿ၊ ဆဒ္ဒန် ဆင်မင်း၏။ ဂတိဉ္စ၊ သွားရာကို၎င်း။ ဌိတဉ္စ၊ တည်ရာကို၎င်း။ ယာ ဝီထိ၊ အကြင်ခရီးသည်။ နှာနဂတဿ၊ ရေချိုးသွားသော။ အဿ၊ ထိုဆင်မင်း၏။ ဝီထိ၊ ခရီးသည်။ ဟောတိ၊ ဖြစ်၏။ တဉ္စ၊ ထိုရေချိုးသွားရာ ခရီးကို၎င်း။ သဗ္ဗံ၊ အလုံးစုံကို။ ဒိသွာန၊ မြင်ပြီး၍။ အနရိယရူပေါ၊ မကောင်းမှုကို မရှက် မကြောက်တတ်သည်၏ အဖြစ်ကြောင့် ယုတ်မာသော သဘောရှိသော မုဆိုးသည်။ စိတ္တဝသာနုဂါယ၊ စိတ်၏အလိုသို့ လိုက်တတ်သော။ တာယ၊ ထိုသုဘဒ္ဒါမိဖုယားသည်။ ပယောဇိတော၊ စေခိုင်းအပ်သည် ဖြစ်သောကြောင့်။ ဩပါတံ၊ တွင်းကို။ အာဂစ္ဆိ၊ စီရင်၏။
ထိုသို့ သောဏုတ္တရမုဆိုးသည် တွင်းကိုစီရင်ရာ၌ ဤဆိုလတ္တံ့သည်ကား အစဉ်ဖြစ်သော စကားတည်း၊ ထိုသောဏုတ္တရ မုဆိုးသည် ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း နေရာအရပ်သို့ ခုနစ်နှစ် ခုနစ်လ ခုနစ်ရက်တို့ဖြင့် ရောက်၍ ဆိုအပ်ပြီးသောနည်းဖြင့် ထိုဘုရားလောင်းဆင်မင်း နေရာအရပ်ကိုမှတ်၍ ဤအရပ်၌ တွင်းကိုတူး၍ ထိုတွင်း၌နေလျက် ဆင်မင်းကို အဆိပ်လူးသော မြှားဖြင့်ပစ်၍ အသက်ကုန်ခြင်းသို့ ရောက်စေအံ့ဟု မှတ်၍ တောသို့ ဝင်ပြီးလျှင် တိုင်အစရှိသည်တို့၏ အကျိုးငှါ သစ်ပင်ကို ခုတ်ဖြတ်၍ အဆောက် အဦတို့ကို စီရင်၍ ဆင်တို့သည် ရေချိုးပြီး၍ သွားကုန်လတ်သော် ထိုဆင်မင်း၏ နေရာအရပ်၌ ကြီးစွာသော ပေါက်တူးဖြင့် လေးထောင့်ရှိသော တွင်းကိုတူး၍ တူးအပ်သော တွင်းစာဖြစ်သော မြေမှုန့်ကို မျိုးစေ့ကို ကြဲသကဲ့သို့ ရေ၌ကြဲ၍ ကျောက်ဆုံတို့၏အပေါ်၌ တိုင်တို့ကို စိုက်၍ ထုပ်လျောက်တို့ကို တင်၍ ပျဉ်တို့ကို ခင်းပြီးလျှင် မြှားထွက်လောက်ရုံမျှသော အပေါက်ကိုဖောက်၍ အပေါ်၌ မြေမှုန့်ကို၎င်း, အမှိုက်ကို၎င်း ဖုံးလွှမ်း၍ နံပါးတဘက်ဖြင့် မိမိဝင်ရာ အရပ်ကိုပြု၍ တွင်းသည်ပြီးလတ်သော် မိုးသောက်ထ အခါ၌လျှင် ဦးစွပ်ကိုစွပ်ပြီးလျှင် ဖန်ရည်စွန်းသော အဝတ်တို့ကိုဝတ်၍ အဆိပ်လူးသော မြားနှင့်တကွ လေးကိုယူ၍ တွင်းသို့ဆင်း၍ နေ၏။
ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
အတ္တာန မောဓာယ ဓနုဉ္စ လုဒ္ဒေါ။
ပဿာဂတံ၊ ပုထု သလ္လေန နာဂံ၊
သမပ္ပယိ ဒုက္ကဋ ကမ္မကာရီ။
သဗ္ဗေ စ နာဂါ နိန္နာဒံ ဃောရရူပံ။
တိဏဉ္စ ကဋ္ဌဉ္စ ရဏံ ကရောန္တော၊
ဓာဝိံသု တေ အဋ္ဌဒိသာ သမန္တတော။
ကာသာဝ မဒ္ဒက္ခိ ဓဇံ ဣသီနံ။
ဒုက္ခေန ဖုဋ္ဌဿုဒပါဒိ သညာ၊
အရဟဒ္ဓဇော သဗ္ဘိ အဝဇ္ဈရူပေါ။
ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။
၁၁၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒုက္ကဋကမ္မကာရီ၊ မကောင်းသော အမှုကို ပြုလေ့ရှိသော။ လုဒ္ဒေါ၊ သောဏုတ္တရ မုဆိုးသည်။ ကာသုံ၊ တွင်းကို။ ခဏိတွာန၊ တူးပြီး၍။ ဓနုဉ္စ၊ လေးကို၎င်း။ သရဉ္စ၊ မြားကို၎င်း။ အဗ္ဘန္တရေ၊ တွင်းထဲ၌။ ကတွာ၊ ထားသည်ကို ပြု၍။ ဖလကေဟိ၊ ပျဉ်တို့ဖြင့်။ ဆာဒယိ၊ မိုး၏။ အတ္တာနံ၊ မိမိကိုယ်ကို။ ဩဓာယ၊ သွင်း၍။ ပဿာဂတံ၊ မိမိ၏ တွင်းအနီးသို့ လာသော။ နာဂံ၊ ဆင်မင်းကို။ ပုထုသလ္လေန၊ ကြီးစွာသော ဆိပ်လူးမြားဖြင့်။ သမပ္ပယိ၊ ပစ်၏။
၁၂၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝိဒ္ဓေါ၊ သောဏုတ္တရ မုဆိုးသည် ပစ်အပ်သော။ နာဂေါစ၊ ဆင်မင်းသည်လည်း။ ဃောရံ၊ ပြင်းစွာသော။ ကောဉ္စံ၊ ကြိုးကြာသံကို။ တိက္ခတ္တုံ၊ သုံးကြိမ်။ အနာဒိ၊ ဟည်း၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ နာဂါ စ၊ ရှစ်ထောင်ကုန်သော ဆင်တို့သည်လည်း။ ဃောရရူပံ၊ ကြောက်မက်ဘွယ်သော သဘောရှိသော။ နိန္နာဒံ၊ ပဲ့တင်သံကို။ ကရိံသု၊ ပြုကုန်၏။ တေ၊ ထိုရှစ်ထောင်ကုန်သော ဆင်တို့သည်။ တိဏဉ္စ၊ မြက်ကို၎င်း။ ကဋ္ဌဉ္စ၊ သစ်ခက်သစ်ရွက်ကို၎င်း။ ရဏံ၊ မှုန့်မှုန့်ညက်ညက်။ ကရောန္တော၊ ပြုကုန်လျက်။ သမန္တတော၊ ထက်ဝန်းကျင်မှ။ အဋ္ဌဒိသာ၊ အရပ်ရှစ်မျက်နှာတို့သို့။ ဓာဝိံသု၊ ပြေးကုန်၏။
၁၂၁။ ဘိက္ခဝေ၊ ရဟန်းတို့။ သော၊ ထိုဆဒ္ဒန် ဆင်မင်းသည်။ နံ၊ ထိုသောဏုတ္တရ မုဆိုးကို။ ဝဓိူာမီတိ၊ သတ်အံ့ဟူ၍။ ပရာမသန္တော၊ သုံးသပ်သည်ရှိသော်။ ဣသီနံ၊ သီလက္ခန္ဓ အစရှိသော ကျေးဇူးအပေါင်းကို ရှာမှီးလေ့ရှိကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏။ ဓဇံ၊ တံခွန်သဘွယ်ဖြစ်သော။ ကာသာဝံ၊ သင်္ကန်းကို။ အဒ္ဒက္ခိ၊ မြင်လေ၏။ အထ၊ ထိုသို့ မြင်သည်ရှိသော်။ ဒုက္ခေန၊ ဆင်းရဲသည်။ ဖုဋ္ဌဿ၊ နှိပ်စက်အပ်သော ဘုရားလောင်းအား။ အရဟဒ္ဓဇော၊ အရဟတ္တဖိုလ်၏ တံခွန်မည်သည်ကို။ သဗ္ဘိ၊ ပညာရှိသော သူတော်ကောင်းတို့သည်။ အဝဇ္ဈရူပေါ၊ မသတ်အပ်သော သဘောရှိ၏။ အညဒတ္ထု၊ စင်စစ်သဖြင့်ကား။ သက္ကာတဗ္ဗောယေဝ၊ ပူဇော်အပ်သည် သာလျှင်တည်း။ ဣတိ အယံ သညာ၊ ဤသို့သော အမှတ်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
ထို သောဏုတ္တရ မုဆိုး၏မြားသည် ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းချက်မှ ဖောက်ထွင်း၍ အဖျဉ်းသရက်ရွက် စသည်တို့ကို မှုန့်မှုန့်ညက်ညက် ကြေစေလျက် အအူတို့ကိုဖြတ်၍ ပုဆိန်ဖြင့် ပေါက်သကဲ့သို့ ကျောက်ကုန်းအဘို့သို့ ဖောက်၍ ကောင်းကင်သို့ ထွက်ပြေး၏။ ပေါက်သော ဆိုးရည်အိုးမှ ဆိုးရည်သည် ယိုစီးသကဲ့သို့ မြှားမှန်သော အဝမှ သွေးတို့သည် ယိုစီး၏။ သည်းစွာသော ဆင်းရဲဝေဒနာသည် ဖြစ်၏။ ထိုဘုရားလောင်း ဆင်မင်းသည် ဆင်းရဲဝေဒနာကို သည်းခံခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ရောက်လျှင် အလုံးစုံသော တောင်ကို တပြိုင်နက် ပဲ့တင်ထပ်စေသော အသံကို ပြုလျက် သုံးကြိမ် ပြင်းစွာသော ကြိုးကြာသံနှင့် တူသော အသံကို ဟည်း၏။ အလုံးစုံ ရှစ်ထောင်ကုန်သော အခြံအရံ ဆင်အပေါင်းတို့သည် ထိုဘုရားလောင်း ဆင်မင်းအသံကို ကြားကုန်လျှင် သေဘေးမှ ကျောက်ကုန်သည်ဖြစ်၍ ပြင်းထန်သော သဘောရှိသော ဘုရားလောင်းဆင်မင်း အသံသို့ အစဉ်လိုက်သော အသံကို ပြုကုန်၏။ ထိုအသံကြောင့် လာလတ်ကုန်၍ ဘုရားလောင်း ဆင်မင်းအား ဆင်းရဲဝေဒနာသို့ ရောက်ကုန်သည်ကို မြင်ကုန်လျှင် ရန်သူကို ဖမ်းကုန်အံ့ဟု ကြံ၍ မြက်သစ်ရွက် သစ်ခက်တို့ကို မှုန့်မှုန့်ညက်ညက် ကြေစေသည်တို့ကို ပြုကုန်လျက် ပြေးကုန်၏။
ဘုရားလောင်း ဆင်မင်းသည် ရှစ်ထောင်ကုန်သော အခြံအရံ ဆင်တို့သည် အရပ်တပါးသို့ ပြေးသွားကုန်သည်ရှိသော် သုဘဒ္ဒါ အမည်ရှိသော မိဖုယားကြီးသည် အပါးရင်း၌ရပ်လျက် မ, စ၍ သက်သာရာ ရစေသည်ရှိသော် ဆင်းရဲဝေဒနာကို သည်းခံလျက် မြှားလာရာအရပ်ကို မှတ်၍ အကယ်၍ ဤမြားသည် အရှေ့အရပ် အစရှိသည်တို့မှ လာသည် ဖြစ်ငြားအံ့၊ ဦးကင်း အစရှိသည်တို့မှ စူးဝင်၍ နောက်ဖြစ်သော ကိုယ်အစရှိသည်တို့မှ ထွက်ရာ၏။ ဤမြှားသည်တမူကား ချက်မှစူးဝင်၍ ကောင်းကင်သို့ ထွက်သွား၏။ ထို့ကြောင့် မြေထဲ၌ ရန်သူတည်သည် ဖြစ်လတ္တံ့ ဟုမှတ်၍ ရန်သူတည်ရာအရပ်ကို စုံစမ်းလိုသည်ဖြစ်၍ အဘယ်သူသည် သိနိုင်အံ့နည်း၊ အသို့ဖြစ်လတ္တံ့နည်း၊ သုဘဒ္ဒါကို ပြေးသွားစိမ့်သောငှါ သင့်၏ဟု ကြံ၍ ဤသို့ ဆို၏။
သုဘဒ္ဒါ- ရှစ်ထောင်ကုန်သော အခြံအရံဆင်တို့သည် ငါ၏ရန်သူကို ရှာခြင်းငှာ အရပ်မျက်နှာတို့သို့ ပြေးသွားကုန်ပြီ၊ သင်သည်ကား ငါ၏ အနီး၌ အဘယ်ကို ပြုသနည်းဟု မေး၏။ ထိုသုဘဒ္ဒါ မိဖုယားသည် အရှင်မင်းကြီး- အကျွန်ုပ်သည် အရှင်မင်းကြီးတို့ကို မ, စ၍ သက်သာစေလျက် နေပါ၏။ အကျွန်ုပ်အား သည်းခံတော် မူပါကုန်လော့ဟု တောင်းပန်၍ သုံးကြိမ် လကျ်ာရစ် လှည့်သည်ကိုပြုလျက် အရပ်လေးမျက်နှာတို့ကို ရှိခိုး၍ ထိုသုဘဒ္ဒါ မိဖုယားသည် ကောင်းကင်သို့ ပျံသွားသည်ရှိသော် ဘုရားလောင်း ဆင်မင်းသည် မြေကြီး ခြေသည်းဖြင့်ခြစ်၍ တွင်းပေါ်၌ ခင်းသောပျဉ်ကို ကွာစေ၏။ ဘုရားလောင်းသည် ထိုပျဉ်ကွာသော အပေါက်ဖြင့် ကြည့်လတ်သော် သောဏုတ္တရ မုဆိုးကိုမြင်၍ ထိုမုဆိုးကို သတ်အံ့ဟု စိတ်ကိုဖြစ်စေ၍ ငွေပန်းဆိုင်း အဆင်းနှင့်ကူသော နှာမောင်းကိုသွင်း၍ သုံးသပ်သည်ရှိသော် ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏ တံခွန်သဘွယ်ဖြစ်သော သင်္ကန်းကိုမြင်၍ မုဆိုးသည် သင်္ကန်းကို ဘုရားလောင်း နှာမောင်း၌ထား၏။ ဘုရားလောင်းသည် ထိုသင်္ကန်းကိုချီ၍ ရှေ့၌ထား၏။ ထိုသို့ ထားသောအခါ ဘုရားလောင်းအား ထိုသို့သဘောရှိသော ဆင်းရဲသည် တွေ့ငြားသော်လည်း ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏ တံခွန်ဖြစ်သော သင်္ကန်းမည်သည်ကို ပညာရှိ သူတော်ကောင်းတို့သည် မသတ်အပ်သော သဘောရှိ၏။ စင်စစ်သော်ကား အလေးအမြတ် ပူဇော်မြတ်နိုးခြင်းကို ပြုအပ်၏ဟု အသင့်နှလုံးသွင်းခြင်း အမှတ်သည် ဖြစ်၏။ ဖြစ်ပြီး၍ ထိုဘုရားလောင်းသည် ပုဆိုးနှင့်တကွ ပြောလိုရကား-
အပေတော ဒမသစ္စေန၊ န သော ကာသာဝ မရဟတိ။
ဥပေတော ဒမသစ္စေန၊ သဝေ ကာသာဝ မရဟတိ။
ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။
၁၂၂။ သမ္မ လုဒ္ဒပုတ္တ၊ အချင်းမုဆိုးသား။ အနိက္ကသာဝေါ၊ မကင်းသော ရာဂရှိသော ကိလေသာဟူသော ဖန်ရည်လည်း ရှိထသော။ ဒမသစ္စေန၊ စက္ခုစသော ဣန္ဒြေကို ဆုံးမခြင်း သစ္စာစောင့်ခြင်းမှ။ အပေတော၊ ကင်းသော။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာသာဝံ၊ ဖန်ရည်စွန်းသော။ ဝတ္ထံ၊ အဝတ်ကို။ ပရိဒဟတိ၊ ဝတ်ရုံ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ တံ ကာသာဝံ၊ ထိုသင်္ကန်းကို။ န အရဟတိ၊ မထိုက်။
၁၂၃။ သမ္မ လုဒ္ဒပုတ္တ၊ အချင်းမုဆိုးသား။ ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ ဝန္တကသာဝေါ၊ အန်အပ်ပြီးသော ကိလေသာဟူသော ဖန်ရည်ရှိသည်။ အဿ၊ ဖြစ်ရာ၏။ သီလေသု၊ စတုပါရိသုဒ္ဓိ သီလတို့၌။ သုသမာဟိတော၊ ပြည့်စုံသော သီလအကျင့်ရှိသည်။ အဿ၊ ဖြစ်ရာ၏။ ဒမသစ္စေန၊ စက္ခုစသော ဣန္ဒြေကို ဆုံးမခြင်း သစ္စာစောင့်ခြင်းနှင့်။ ဥပေတော၊ ပြည့်စုံသည်လည်း။ အဿ၊ ဖြစ်ရာ၏။ သ-သော၊ ထိုအန်အပ်ပြီးသော ကိလေသာဟူသော ဖန်ရည်ရှိသော ပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ကာသာဝံ၊ သင်္ကန်းကို။ အရဟတိ၊ ထိုက်၏။
ဤသို့ ဆိုပြီး၍ ဘုရားလောင်းသည် ထိုမုဆိုး၌ဖြစ်သော ဒေါသစိတ်ကို ငြိမ်းစေ၍ အချင်းမုဆိုး - သင်သည် အဘယ်အကျိုးငှါ ငါ့ကို ပစ်သနည်း၊ အသို့နည်း၊ မိမိ၏ အစီးအပွားကို လို၍တည်း ပစ်သလော၊ ထိုသို့မဟုတ်မူ တပါးသောသူသည် စေအပ်သည်ဖြစ်၍တည်း ပစ်သလောဟု မေး၏။
ထိုအကြောင်းကို ထင်စွာပြလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်
အဒုဋ္ဌစိတ္တော လုဒ္ဒက အဇ္ဈဘာသိ။
ကိံ ပတ္ထယံ ကိဿ ဝါ သမ္မ ဟေတု၊
မမံ ဝဓိ ကဿဝါယံ ပယောဂေါ။
ဟူသော ဤဂါထာကို ဟောတော်မူ၏။
၁၂၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ပုထုသလ္လေန၊ ကြီးစွာသောမြှားဖြင့်။ သမပ္ပိတော၊ မုဆိုးသည် ပစ်အပ်သော။ နာဂေါ၊ ဆင်မင်းသည်။ အဒုဋ္ဌစိတ္တော၊ ပြစ်မှားခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။ လုဒ္ဒကံ၊ မုဆိုးကို။ အဇ္ဈဘာသိ၊ ဤသို့ဆို၏။ သမ္မ၊ အချင်းမုဆိုး။ ကိံ၊ အဘယ်ကို။ ပတ္ထယံ၊ တောင့်တသည် ဖြစ်၍။ မမံ၊ ငါ့ကို။ အဝဓိ၊ သတ်ဘိသနည်း။ ကိဿ ဝါ ဟေတု၊ အဘယ် အကြောင်းကြောင့်မူလည်း။ အဝဓိ၊ သတ်ဘိသနည်း။ အယံ၊ ဤ ပယောဂသည်။ ကဿ ဝါ၊ အဘယ်သူ၏လည်း။ ပယောဂေါ၊ ပယောဂနည်း။
ဤသို့ ဘုရားလောင်းဆင်မင်း မေးသောအခါ သောဏုတ္တရ မုဆိုးသည် မိမိသတ်သော အကြောင်းကို ဘုရားလောင်း ဆင်မင်းအား ပြောဆိုလိုသည်ဖြစ်၍-
သာ ပူဇိတာ ရာဇကုလေ သုဘဒ္ဒါ။
သာ တံ အဒ္ဒသ သာဝ မံ အသံသိ၊
ဒန္တေဟိ အတ္ထောတိ မမံ အဝေါစ။
ဟူသော ဤဂါထာကို ဆို၏။
၁၂၅။ ဘဒ္ဒန္တေ၊ အရှင်ဆင်မင်း။ ကာသိဿရညော၊ ကာသိမင်း၏။ မဟေသီ၊ မိဖုယားကြီးသည်။ သုဘဒ္ဒါ၊ သုဘဒ္ဒါအမည်ရှိ၏။ သာ၊ ထိုသုဘဒ္ဒါ မိဖုယားကြီးကို။ ရာဇကုလေ၊ မင်းအိမ်၌။ ပူဇိတာ၊ ပူဇော်အပ်၏။ သာ၊ ထိုမိဖုယားသည်။ တံ၊ အရှင်ဆင်မင်းကို။ အဒ္ဒသ၊ အိပ်မက်၌ မြင်မက်၏။ သာဝ၊ ထို သုဘဒ္ဒါမိ ဖုယားကြီးသည်လျှင်။ မံ၊ အကျွန်ုပ်ကို။ အသံသိ၊ ပြောဆို၏။ ဒန္တေဟိ၊ အရောင်ခြောက်ပါးနှင့် ပြည့်စုံသော အစွယ်တို့ဖြင့်။ အတ္ထော၊ ငါ အလိုရှိ၏။ ဣတိ၊ ဤသို့။ မမံ၊ အကျွန်ုပ်ကို။ အဝေါစ၊ ဆို၏။
ထို မုဆိုးပြောဆိုသော စကားကို ကြား၍ ဤအမှုသည် စူဠသုဘဒ္ဒါ၏ အမှုတည်းဟု သိ၍ ဘုရားလောင်းသည် ပြင်းစွာသော ဝေဒနာကို သည်းခံ၍ ထိုသုဘဒ္ဒါသည် ငါ၏အစွယ်တို့ကို အလိုရှိသည်မဟုတ်၊ စင်စစ်သော်ကား ငါ့ကို သတ်လိုသည်၏ အဖြစ်ကြောင့် စေ၏ဟု မုဆိုးအား ပြောလိုရကား-
ယေ မေ ပိတူနဉ္စ ပိတာမဟာနံ။
ဇာနာတိသာ ကောဓနာ ရာဇပုတ္တီ၊
ဝဓတ္ထိကာ ဝေရမကာသိ ဗာလာ။
ဒန္တေ ဣမေ ဆိန္ဒ ပုရာမရာမိ။
ဝဇ္ဇာသိ နံ ကောဓနံ ရာဇပုတ္တိံ၊
နာဂေါ ဟတော ဟန္ဒ ဣမဿ ဒန္တာ။
ဟူသော ဤဂါထာ နှစ်ခုတို့၏ အပေါင်းကို ဆို၏။
၁၂၆။ သမ္မ လုဒ္ဒ၊ အချင်းမုဆိုး။ မေ၊ ငါ၏။ ပိတူနဉ္စ၊ အဖတို့၏၎င်း။ ပိတာမဟာနဉ္စ၊ အဘိုးတို့၏၎င်း။ ဥဠာရာ၊ မြတ်ကုန်သော။ ယေ ဣမေ ဒန္တယုဂါ၊ အကြင်ရွှေဂူ၌ ကောင်းစွာစု၍ ထားအပ်ကုန်သော အစွယ် အစုံတို့သည်။ ဗဟူ၊ များစွာကုန်၏။ တေ၊ ထိုအစွယ်တို့ကို။ ကောဓနာ၊ အမျက် ဒေါသနိုင်ငံသို့ လိုက်တတ်သော။ သာ ရာဇပုတ္တီ၊ ထိုမင်းသ္မီး သုဘဒ္ဒါသည်။ ဇာနာတိ၊ သိသည်သာတည်း။ ဝဓတ်ထိကာ၊ သတ်ခြင်းငှါ အလိုရှိသည်ဖြစ်၍။ ဗာလာ၊ အမိုက်မသည်။ ဝေရံ၊ ရန်ငြိုးဖွဲ့ခြင်းကို။ အကာသိ၊ ပြု၏။
၁၂၇။ သမ္မ လုဒ္ဒ၊ အချင်းမဆိုး။ တွံ၊ သင်သည်။ ဥဋ္ဌေဟိ၊ ထလော့။ ခရံ၊ လွှကို။ ဂဟေတွာ၊ ယူ၍။ ပုရာမရာမိ၊ ငါမသေမီ။ ဣမေ ဒန္တေ၊ ဤ ငါ့အစွယ်တို့ကို။ ဆိန္ဒ၊ ဖြတ်လော့။ ကောဓနံ၊ အမျက်ဒေါသနိုင်ငံသို့ လိုက်တတ်သော။ နံ ရာဇပုတ္တိံ၊ ထို မင်းသ္မီး သုဘဒ္ဒါကို။ နာဂေါ၊ ဆင်မင်းကို။ ဟတော၊ ငါသတ်ခဲ့ပြီ။ ဟန္ဒ၊ ယခု။ ဣမေ၊ ဤ အစွယ်တို့သည်။ အဿ၊ ထို ဆင်မင်း၏။ ဒန္တာ၊ အစွယ်တို့တည်း။ ဣတိ၊ ဤသို့။ ဝဇ္ဇာသိ၊ ငါမှာလိုက်သည်ဟု သင်ပြောလေလော့။
ထို သောဏုတ္တရ မုဆိုးသည် ဘုရားလောင်းစကားကို ကြားလျှင် နေရာမှထ၍ လွှကိုယူလျက် အစွယ်တို့ကို ဖြတ်အံ့ဟုကြံ၍ ဘုရားလောင်း အထံသို့ ကပ်သည်ရှိသော် ထို ဘုရားလောင်း ဆင်မင်းသည်ကား အစောက်အားဖြင့် အတောင် ရှစ်ဆယ့် ရှစ်တောင်ရှိ၏။ ငွေတောင်ကြီးကဲ့သို့ တည်သည်ဖြစ်၍ မမှီနိုင်၊ ထို့ကြောင့် ထိုသောဏုတ္တရ မုဆိုးသည် အစွယ်ရှိရာသို့ မရောက်နိုင်၊ ထိုသို့ မရောက်နိုင်သောကြောင့် ဘုရားလောင်း ဆင်မင်းသည် ကိုယ်ကိုညွတ်စေလျက် ဦးစောက်ဝပ်သောအခါ သောဏုတ္တရ မုဆိုးသည် ဘုရားလောင်း၏ ပန်းဆိုင်းနှင့်တူသော နှာမောင်းကို နင်းလျက် တက်၍ ငွေတောင်ထွဋ်၌ ရပ်သကဲ့သို့ ဦးကင်းပေါ်၌ ရပ်၍ ခံတွင်းသားအစွန်းကို ပုဆစ်ဖြင့်ကန်၍ ခံတွင်းထဲသို့ ထည့်၍ ဦးကင်းပေါ်မှ သက်ပြီးလျှင် လွှကို ခံတွင်းထဲသို့သွင်း၏။ ဘုရားလောင်းအား ပြင်းစွာသော ဝေဒနာသည် ဖြစ်၏။ ခံတွင်းသည် သွေးဖြင့်ပြည့်၏။ မုဆိုးသည် ထိုမှဤမှ တိုက်သည်ရှိသော် လွှဖြင့်ဖြတ်ခြင်းငှါ မတတ်နိုင်၊ ထိုအခါ မုဆိုးကို ဘုရားလောင်းသည် ခံတွင်းမှသွေးကိုထွေး၍ ဆင်းရဲဝေဒနာကို သည်းခံလျက် အချင်းမုဆိုး- အသို့နည်း၊ ဖြတ်ခြင်းငှါ မတတ်နိုင်သလောဟု မေး၏။ အရှင်မတတ်နိုင်ပါဟု ဆိုလတ်သော် ဘုရားလောင်းသည် သတိကိုဖြစ်စေ၍ အချင်းမုဆိုး- ထိုသို့တပြီးကား ငါ၏ နှာမောင်းကို ချီ၍ လွှအစွန်းကို ကိုင်စေလော့၊ ငါ့အား မိမိအလိုလို နှာမောင်းကိုချီခြင်းငှါ အားမရှိပြီဟု ဆို၏။ မုဆိုးသည် ဘုရားလောင်းဆိုတိုင်း ပြု၏။ ဘုရားလောင်းသည် နှာမောင်းဖြင့် လွှကိုကိုင်၍ ထိုမှဤမှ လှုပ်၏။ အစွယ်တို့သည် သစ်မြစ်နုတို့ကဲ့သို့ ပြတ်ကုန်၏။
ထိုအခါ မုဆိုးကို ထိုအစွယ်တို့ကို ဆောင်စေပြီးလျှင် နှာမောင်းဖြင့်ကိုင်၍ အချင်းမုဆိုး - ဤအစွယ်တို့ကို သင့်အား ပေးလှူသောငါသည် မချစ်မနှစ်သက်အပ်သော အစွယ်တို့တည်းဟု နှလုံးသွင်း၍ ငါမပေး၊ သိကြားမင်း စည်းစိမ်ကို တောင့်တ၍လည်း ငါမပေး၊ မာရ်မင်းစည်းစိမ်ကို တောင့်တ၍လည်း ငါမပေး၊ ဗြဟ္မာမင်းစည်းစိမ်ကို တောင့်တ၍လည်း ငါမပေး၊ စင်စစ်သော်ကား ငါသည် ဤအစွယ်တို့ထက် အဆ အရာဖြင့်၎င်း, အဆ အထောင်ဖြင့်၎င်း, အဆ အသိန်းဖြင့်၎င်း သဗ္ဗညုတဉာဏ်တည်းဟူသော အစွယ်တို့ကိုသာလျှင် အလွန်ချစ်၏။ ငါ၏ ဤကောင်းမှုသည် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိခြင်း၏ အကြောင်း ဖြစ်စေသတည်းဟုဆို၍ အစွယ်တို့ကိုပေး၍ အချင်းမုဆိုး- သင်သည် ဤအရပ်သို့ အဘယ်မျှလောက်ကာလဖြင့် လာရသနည်းဟု မေး၍ ခုနစ်နှစ် ခုနစ်လ ခုနစ်ရက်တို့ဖြင့် လာရပါ၏ဟု ဆိုလတ်သော် သင် သွားလေလော့၊ ဤအစွယ်တို့၏ အာနုဘော်ကြောင့် ခုနစ်ရက် အတွင်း၌သာလျှင် ဗာရာဏသီသို့ ရောက်လတ္တံ့ဟု ဆို၍ ထိုမုဆိုးအား ပရိတ်အရံအတားကို ပြု၍ လွှတ်လိုက်၏။ လွှတ်လိုက်ပြီး၍ကား ရှစ်ထောင်သော အခြံအရံဆင်တို့သည်၎င်း, မဟာသုဘဒ္ဒါမိဖုယားကြီးသည်၎င်း မလာကုန်မီလျှင် သေ၏။
ဤအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-
ဆေတွာန ဒန္တာနိ ဂဇုတ္တမဿ။
ဝဂ္ဂူ သုဘေ အပ္ပဋိမေ ပထဗျာ၊
အာဒါယ ပက္ကမိ တတော ဟိ ခိပ္ပံ။
ဟူသော ဤဂါထာကို ဟောတော်မူ၏။
၁၂၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သော လုဒ္ဒေါ၊ ထိုသောဏုတ္တရ မုဆိုးသည်။ ဥဋ္ဌာယ၊ ထလတ်၍။ ခရံ၊ လွှကို။ ဂဟေတွာ၊ ယူ၍။ ဂဇုတ္တမဿ၊ ဆဒ္ဒန်ဆင်မင်း၏။ ဒန္တာနိ၊ အစွယ်တို့ကို။ ဆေတွာန၊ ဖြတ်ပြီး၍။ ဝဂ္ဂူ၊ တင့်တယ် စံပယ်ခြင်းနှင့် ပြည့်စုံကုန်သော။ သုဘေ၊ ကောင်းမွန်စွာကုန်သော။ ပထဗျာ၊ မြေအပြင်၌။ အပ္ပဋိမေ၊ တပါးသော အစွယ်နှင့် မတူကုန်သော အစွယ်တို့ကို။ အာဒါယ၊ ယူ၍။ တတော၊ ထိုဝိသာလမာလက အမည်ရှိသော အရပ်မှ။ ခိပ္ပံ၊ လျင်စွာ။ ပက္ကမိ၊ ဖဲသွားလေ၏။
ထိုသောဏုတ္တရမုဆိုး သွားသည်ရှိသော် ထိုရှစ်ထောင်ကုန်သော ဆင်တို့သည် ရန်သူကိုမမြင်၍ လာလတ်ကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-
ယေ တေ နာဂါ အဋ္ဌဒိသာ ဝိဓာဝုံ။
အဒိသာန ပေါသံ ဂဇပစ္စာမိတ္တံ၊
ပစ္စာဂမုံ ယေန သော နာဂရာဇာ။
ဟူသော ဤဂါထာကို ဟောတော်မူ၏။
၁၂၉။ ဘိက္ခဝေ၊ ရဟန်းတို့။ နာဂဝဓေန၊ ဆင်သတ်မုဆိုးသည်။ ဘယဋ္ဋိတာ၊ သေဘေးဖြင့် နှိပ်စက်အပ်သည်ဖြစ်၍။ အဋ္ဋာ၊ ဆင်းရဲခြင်းသို့ ရောက်ကုန်သော။ ယေ နာဂါ၊ အကြင် ရှစ်ထောင်ကုန်သော ဆင်တို့သည်။ အဋ္ဌဒိသာ၊ အရပ်ရှစ်မျက်နှာတို့သို့။ ဝိဓာဝုံ၊ ပြေးလေကုန်၏။ တေ နာဂါ၊ ထိုရှစ်ထောင်ကုန်သော ဆင်တို့သည်။ ဂဇပစ္စာမိတ္တံ၊ ဆင်မင်းရန်သူဖြစ်သော။ ပေါသံ၊ လူကို။ အဒိသွာန၊ မမြင်သောကြောင့်။ ယေန၊ အကြင် ဝိသာလမာလက အမည်ရှိသော အရပ်၌။ သော နာဂေါ၊ ထိုဆဒ္ဒန်ဆင်မင်းသည်။ အတ္ထိ၊ ရှိ၏။ တံ ဌာနံ၊ ထိုဆင်မင်းရှိရာအရပ်သို့။ ပစ္စာဂမုံ၊ ပြန်ခဲ့ကုန်၏။
ထိုရှစ်ထောင်ကုန်သော ဆင်တို့နှင့်တကွ မဟာသုဘဒ္ဒါ မိဖုယားကြီးသည်လည်း လာ၏။ ထိုအလုံးစုံကုန်သော ဆင်တို့သည်လည်း ထိုဝိသာလမာလက အရပ်၌ ငိုကြွေးမြည်တမ်းကုန်၍ ဘုရားလောင်းဆင်မင်း၏ ဆရာဖြစ်ကုန်သော အရှင်ပစ္စေကဗုဒ္ဓါတို့၏ အထံသို့သွားကုန်၍ အရှင်ဘုရားတို့၏ ပစ္စည်းလေးပါး ဒါယကာ ဆင်မင်းသည် အဆိပ်လူးသော မြှားဖြင့်ပစ်၍ သေခဲ့ပြီ၊ ထိုဆင်မင်း၏ သင်္ချိုင်း၌ အသုဘရှုခြင်းကို ပြုခြင်းငှါ ကြွတော်မူပါကုန်လော့ဟု ပင့်လျှောက်ကုန်၏။ ငါးရာကုန်သော အရှင်ပစ္စေကဗုဒ္ဓါတို့သည်လည်းကောင်းကင်ဖြင့် ကြွလာတော်မူလတ်ကုန်၍ ဝိသာလမာလက အရပ်၌ သက်တော်မူကုန်၏။ ထိုခဏ၌ ဆင်ပျိုနှစ်ခုတို့သည် ဆင်မင်းအလောင်းကို အစွယ်တို့ဖြင့် ချီ၍ အရှင်ပစ္စေကဗုဒ္ဓါတို့ကို ရှိခိုးစေပြီးလျှင် ထင်းပုံထက်သို့တင်၍ မီးသင်္ဂြိုဟ်ကုန်၏။ အရှင်ပစ္စေကဗုဒ္ဓါတို့သည် ညဉ့်သုံးယံပတ်လုံး ဆင်မင်း သင်္ချိုင်း၌ တရားသရဇ္ဈာယ်ခြင်းကို ပြုကုန်၏။ ရှစ်ထောင်ကုန်သော ဆင်တို့သည် သင်္ချိုင်းမီးကို ငြိမ်းစေ၍ ရှိခိုး၍ ရေချိုးပြီးလျှင် မဟာသုဘဒ္ဒါ မိဖုယားကြီးကို ရှေ့ထား၍ မိမိတို့နေရာ အရပ်သို့လျှင် သွားကုန်၏။
ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
သီသေ သကေ ပံသုကံ ဩကိရိတွာ။
အာဂမံသု တေ သဗ္ဗေ သကံ နိကေတံ၊
ပုရေက္ခိတွာ မဟေသိံ သဗ္ဗဘဒ္ဒံ။
ဟူသော ဤဂါထာကို ဟောတော်မူ၏။
၁၃၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တေ နာဂါ၊ ထိုရှစ်ထောင်ကုန်သော ဆင်တို့သည်။ တတ္ထ၊ ထိုဝိသာလမာလက၌။ ကန္ဒိတွာ၊ မြည်တမ်းကုန်၍။ ရောဒိတွာ၊ ငိုကြွေးကုန်၍။ သကေ သီသေ၊ မိမိတို့ ဦးခေါင်း၌။ ပံသုကံ၊ သင်းချိုင်းပြာကို။ ဩကိရိတွာ၊ ကြဲမြှောက်ကုန်၍။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ၊ ထိုရှစ်ထောင်ကုန်သော ဆင်တို့သည်။ သဗ်ဗဘဒ္ဒါ၊ သဗ်ဗဘဒ္ဒါ အမည်ရှိသော။ မဟေသိံ၊ မိဖုယားကြီးကို။ ပုရေက္ခိတွာ၊ ခြံရံကုန်၍။ သကံနိကေတံ၊ မိမိတို့နေရာသို့။ အာဂမံသု၊ လာလတ်ကုန်၏။
သောဏုတ္တရ မုဆိုးသည်လည်း ခုနစ်ရက်မရောက်မီလျှင် ဆင်မင်းအစွယ်တို့ကိုယူ၍ ဗာရာဏသီပြည်သို့ ရောက်လေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
ဝဂ္ဂူ သုဘေ အပ္ပဋိမေ ပထဗျာ။
သုဝဏ္ဏရာဇီဟိ သမန္တမောဒရေ။
သော လုဒ္ဒကော ကာသိပုရံ ဥပါဂမိ။
ဥပနေသိ သော ရာဇကညာယ ဒန္တေ၊
နာဂေါ ဟတော ဟန္ဒ ဣမဿ ဒန္တာ။
ဟူသော ဤဂါထာကို ဟောတော်မူ၏။
၁၃၁။ ဘိက္ခဝေ၊ ရဟန်းတို့။ သော လုဒ္ဒကော၊ ထိုမုဆိုးသည်။ ဂဇုတ္တမဿ၊ ဆင်မင်း၏။ ဝဂ္ဂူ၊ တင့်တယ် စံပယ်ခြင်းနှင့် ပြည့်စုံကုန်သော။ သုဘေ၊ ကောင်းမွန်စွာကုန်သော။ ပထဗျာ၊ မြေအပြင်၌။ အပ္ပဋိမေ၊ တပါးကုန်သော ဆင်စွယ်တို့နှင့် မတူကုန်သော။ သုဝဏ္ဏရာဇီဟိ၊ ရွှေအရေးတို့မှ ထွက်ကုန်သော ရောင်ခြည်တို့ဖြင့်။ သမန္တမောဒရေ၊ ထက်ဝန်းကျင်မှ ထွန်းတောက်ပကုန်လျက် အလုံးစုံသော တောအုပ်တို့ကို ရွှေအဆင်းကဲ့သို့ ပြုတတ်ကုန်သော။ ဒန္တာနိ၊ အစွယ်တို့ကို။ အာဒါယ၊ ယူ၍။ ကာသိပုရံ၊ ဗာရာဏသီပြည်သို့။ ဥပါဂမိ၊ ရောက်လေ၏။ သော၊ ထိုသောဏုတ္တရ မုဆိုးသည်။ အယျေ၊ အရှင်မိဖုယား။ နာဂေါ၊ ဆဒ္ဒန် ဆင်မင်းကို။ မယာ၊ အကျွန်ုပ်သည်။ ဟတော၊ သတ်ခဲ့ပြီ။ ဟန္ဒ၊ ယခု။ ဣမေ၊ ဤအစွယ်တို့သည်။ အဿ၊ ထိုဆင်မင်း၏။ ဒန္တာ၊ အစွယ်တို့တည်း။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ရာဇကညာယ၊ မင်းသ္မီး သုဘဒ္ဒါမိဖုယားအား။ ဥပနေသိ၊ ဆက်၏။
ထိုသုဘဒ္ဒါ မိဖုယားသည် ခြောက်ပါးသော ရောင်ခြည်တို့ဖြင့် ဆန်းကြယ်သော ဘုရားလောင်း ဆင်မင်း၏ အစွယ်တို့ကို ပတ္တမြားစီယပ်ဖြင့် ခံ၍ ပေါင်ပေါ်၌ ထားပြီးလျှင် ရှေး၌ဖြစ်သော ချစ်လှစွာသော မိမိလင် ဆင်မင်း၏ အစွယ်တို့ကို ကြည့်သည်ရှိသော် ဤသို့ သဘောရှိသော တင့်တယ်ခြင်းအစုသို့ ရောက်သော ချစ်လင် ဆင်မင်းကို အဆိပ်လူးမြားဖြင့် အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ဤအစွယ်တို့ကို ဖြတ်ယူ၍ သောဏုတ္တရမုဆိုးသည် လာခဲ့ပြီတကားဟု ကြံမှိုင်လျက် ဘုရားလောင်းကို အောက်မေ့သဖြင့် စိုးရိမ်ပူဆွေးခြင်းကို ဖြစ်စေ၍ သည်းခံခြင်းငှါ မတတ်နိုင်ရကား ထိုအရပ်၌သာလျှင် ထိုသုဘဒ္ဒါ မိဖုယား၏ နှလုံးသည် ကွဲ၍ ထိုနေ့၌ပင်လျှင် သေ၏။
ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
ဘတ္တု ပိယဿ ပုရိမာယ ဇာတိယာ။
တတ္ထေဝ တဿာ ဟဒယံ အဖာလိ၊
တေနေဝသာ ကာလမကာသိ ဗာလာ။
ဟူသော ဤဂါထာကို ဟောတော်မူ၏။
၁၃၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ပုရိမာယ ဇာတိယာ၊ ရှေးဘဝ၌။ ဘတ္တု၊ လင်ဖြစ်ဘူးသော။ ပိယဿ၊ ချစ်စွာသော။ ဂဇုတ္တမဿ၊ ဆင်မင်း၏။ ဒန္တာနိ၊ အစွယ်တို့ကို။ ဒိသွာန၊ မြင်၍။ တတ္ထေဝ၊ ထိုနေရာ၌လျှင်။ တဿာ၊ ထိုသုဘဒ္ဒါ မိဖုယား၏။ ဟဒယံ၊ နှလုံးသည်။ အဖာလိ၊ ကွဲ၏။ တေနေဝ၊ ထိုနှလုံးကွဲသောကြောင့်လျှင်။ သာ ဗာလာ၊ ထိုသူမိုက်မသည်။ ကာလမကာသိ၊ သေ၏။
သဗ္ဗညူ အဖြစ်သို့ ရောက်တော်မူပြီးသော ကြီးသော အာနုဘော်ရှိတော်မူသော မြတ်စွာဘုရားသည် ပရိသတ်လေးပါး အလယ်၌ ပြုံးတော်မူ၏။ ဘုရားသခင်တို့မည်သည် အကြောင်း မရှိဘဲလျက် ပြုံးတော်မူခြင်းကို ပြုတော်မမူကုန်ဟု ကြံ၍ ကိလေသာမှ ကောင်းစွာ လွတ်ပြီးသော စိတ်ရှိကုန်သော ရဟန္တာကြီးတို့သည် အကြောင်းကို မေးလျှောက်ကုန်သဖြင့် ဤဆဒ္ဒန္တဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ဤဓမ္မဒေသနာကို နာရကုန်သော များစွာကုန်သော သူတို့သည် သောတာပန် အစရှိသည်တို့သည် ဖြစ်ကုန်၏။ ထိုရဟန်းမိန်းမငယ်သည်ကား နောက်မှ ဝိပဿနာကို ပွားစေ၍ အရဟတ္တဖိုလ်သို့ ရောက်၏။
ဇာတ်ပေါင်း... ဤဓမ္မဒေသနာကို ဆောင်တော်မူပြီး၍ ဇာတ်ကို ပေါင်းပြန်တော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
ကာသာယဝတ္ထံ အနဂါရိယံ စရန္တိံ။
သာ ခေါ တဒါ ရာဇကညာ အဟောသိ၊
အဟံ တဒါ နာဂရာဇာ အဟောသိ။
ဝဂ္ဂူ သုဘေ အပ္ပဋိမေ ပထဗျာ။
ယော လုဒ္ဒကော ကာသိပုရံ ဥပါဂမိ၊
သော ခေါ တဒါ ဒေဝဒတ္တော အဟောသိ။
ဥစ္စံ နီစံ စရိတမိဒံ ပုရာဏံ။
ဝီတဒ္ဒရော ဝီတသောကော ဝီတသလ္လော၊
သယံ အဘိညာယ အဘာသိ ဗုဒ္ဓေါ။
အဟောသိ တတ္ထ ဘိက္ခဝေါ။
နာဂရာဇာ တဒါ ဟောသိ၊
ဧဝံ ဓာရေထ ဇာတကံ။
ဟူသော ဤလေးဂါထာတို့ကို ဟောတော်မူ၏။
၁၃၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧတရဟိ၊ ယခုအခါ၌။ ဒဟရိံ၊ အရွယ်သို့ ရောက်သော။ ကာသာယဝတ္ထံ၊ ဖန်ရည်စွန်းသော သင်္ကန်းကို ဝတ်သော။ အနဂါရိယံ၊ ရဟန်းအဖြစ်သို့ ကပ်သော။ စရန္တိံ၊ ငါဘုရားအဆုံးအမကို ကျင့်သော။ ယံ ကုမာရိံ၊ အကြင်ရဟန်းမိန်းမငယ်ကို။ အဒ္ဒသထ၊ မြင်ကြကုန်၏လော။ သာ၊ ထိုရဟန်းမိန်းမငယ်သည်။ တဒါ၊ ထိုအခါ၌။ ရာဇကညာ၊ မင်းသ္မီး သုဘဒ္ဒါသည်။ အဟောသိ၊ ဖြစ်ဘူးပြီ။ ဧတရဟိ၊ ယခုအခါ၌။ အဟံ၊ ငါဘုရားသည်။ တဒါ၊ ထိုအခါ၌။ နာဂရာဇာ၊ ဆဒ္ဒန်ဆင်မင်းသည်။ အဟောသိ၊ ဖြစ်ဘူးပြီ။
၁၃၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝဂ္ဂူ၊ တင့်တယ်ခြင်း ရှိကုန်သော။ သုဘေ၊ ကောင်းမွန်စွာကုန်သော။ ပထဗျာ၊ မြေအပြင်၌။ အပ္ပဋိမေ၊ တပါးသောဆင်တို့၏ အစွယ်နှင့်မတူကုန်သော။ ဂဇုတ္တမဿ၊ ဆင်မင်း၏။ ဒန္တာနိ၊ အစွယ်တို့ကို။ ယော လုဒ္ဒကော၊ အကြင်သောဏုတ္တရ မုဆိုးသည်။ အာဒါယ၊ ယူ၍။ ကာသိပုရံ၊ ဗာရာဏသီပြည်သို့။ ဥပါဂမိ၊ သွားလေ၏။ တဒါ၊ ထိုအခါ၌၊ သော လုဒ္ဒကော၊ ထိုသောဏုတ္တရမုဆိုးသည်လျှင်။ ဧတရဟိ၊ ယခုအခါ၌။ ဒေဝဒတ္တော၊ ဒေဝဒတ်သည်။ အဟောသိ၊ ဖြစ်ဘူးပြီ။
၁၃၆။ ဘိက္ခဝေ၊ ရဟန်းတို့။ စိရရတ္တသံသိတံ၊ တပါးမက များစွာသော နှစ်ကုဋေထက်၌ ကျင်လည်လေ့ကျက်ဘူးသည်ကို။ ပုဗ္ဗဏှေ၊ နံနက်အခါ၌။ ကတံ၊ ပြုအပ်သည်ကို။ အနာဝသူရံ၊ နေမဝင်မီ။ သရတိ ဝိယ၊ အောက်မေ့နိုင်သကဲ့သို့။ ဝီတဒ္ဒရော၊ ရာဂအစရှိသော ပူပန်ခြင်းတို့၏ ကင်းခြင်းကြောင့် ဝိတဒ္ဒရ မည်တော်မူသော။ ဝီတသောကော၊ အဆွေအမျိုး စည်းစိမ် အစရှိသည်တို့ကြောင့် စိုးရိမ်ခြင်း၏ မရှိခြင်းကြောင့် ဝီတသောက မည်တော်မူသော။ ဝီတသလ္လော၊ ရာဂအစရှိသော မြားတို့၏ကင်းခြင်းကြောင့် ဝိတသလ္လမည်တော်မူသော။ ဗုဒ္ဓေါ၊ သင်တို့ဆရာ ငါဘုရားသည်။ ပုရာဏံ၊ ရှေး၌ဖြစ်သော။ ဥစ္စံ နီစံ၊ မိမိ၏ အကျင့်ဖြင့် မြတ်သည်၏ အဖြစ်, သုဘဒ္ဒါမိဖုယား သောဏုတ္တရ မုဆိုးတို့၏ အကျင့်အားဖြင့် ယုတ်သည်၏ အဖြစ်ကြောင့် အယုတ်အမြတ်ဖြစ်သော။ ဣမံ စရိတံ၊ ဤအကျင့်ကို။ သယံ၊ ကိုယ်တော်တိုင်။ အဘိညာယ၊ သိ၍။ အဘာသိ၊ ဟောတော်မူ၏။
၁၃၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တေန ကာလေန၊ ထိုအခါ၌။ တတ္ထ၊ ထိုဆဒ္ဒန်အိုင်၌။ အဟံ၊ ငါဘုရားသည်။ အဟောသိ၊ ဖြစ်တော်မူပြီ။ ဟောန္တော စ ပန၊ ဖြစ်တော်မူသော်လည်း။ အညော၊ မထင်ရှားသော။ ကောစိ၊ အမှတ်မရှိသော ဆင်သည်။ တဒါ၊ ထိုအခါ၌။ န အဟောသိ၊ မဖြစ်။ အထ၊ စင်စစ်သော်ကား။ နာဂရာဇာ၊ ဆင်မင်းသည်။ အဟောသိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝေါ-တုမှေ၊ သင်ရဟန်း အပေါင်းတို့သည်။ ဇာတကံ၊ ဇာတ်ပေါင်းခြင်းကို။ ဓာရေထ၊ မှတ်လေကုန်။
သည်းခံတတ်မှ၊ နိဗ္ဗာန်ရ၊ မုချမင်္ဂလာ
လေးခုမြောက်သော ဆဒ္ဒန္တဇာတ်သည် ပြီး၏။
*****