ဆန္နတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၃-ဆန္ဒတ္ထေရဝတ္ထု
၇၈။ န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဖွားဖက်တော်ဖြစ်၍ တောထွက်စဉ်က ဘုရားအလောင်းနှင့် ပါလာသော်လည်း အဂ္ဂသာဝကနှစ်ပါးတို့ကို ဆဲရေးနေသော ဆန္ဒမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။
ဒေသနာတော်အဆုံး၌ များစွာသောပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ပါပကေ၊ ယုတ်မာကုန်သော။ မိတ္တေ၊ မိတ်ဆွေတို့ကို။ န ဘဇေ၊ မဆည်းကပ်ရာ။ ပုရိသာဓမေ၊ ယုတ်မာသောအမှုကို တိုက်တွန်းသော ပုဂ္ဂိုလ်တို့ကို။ န ဘဇေ၊ မဆည်းကပ်ရာ။ ကလျာဏေ၊ ကောင်းကုန်သော။ မိတ္တေ၊ မိတ်ဆွေတို့ကို။ ဘဇေထ၊ ဆည်းကပ်ရာ၏။ ပုရိသုတ္တမေ၊ ပုဂ္ဂိုလ်မြတ်တို့ကို။ ဘဇေထ၊ ဆည်းကပ်ရာ၏။
စကားပြေ
ယုတ်မာသောမိတ်ဆွေနှင့် ယုတ်မာသောအမှုကို တိုက်တွန်းသော ပုဂ္ဂိုလ်ကို မဆည်းကပ်ရာ၊ ကောင်းသောမိတ်ဆွေနှင့် မြတ်သောပုဂ္ဂိုလ်ကို ဆည်းကပ်ရာ၏။
ပါပမိတ္တ —အရ ကာယဒုစရိုက်အစဉ်သော အကုသိုလ်အမှုတို့၌ မွေ့လျော်သော ပုဂ္ဂိုလ်ရ၏။
ပုရိသာဓမ— မလုပ်သင့် မလုပ်ထိုက်သော ခြံစည်းရိုးကို ဖျက်ဆီးသူ (၂၁)ပါးသော အနေသနတို့ကို ပြုသော သူရ၏။
ကလျာဏမိတ္တ —အရ ကာယသုစရိုက်စသော ကုသိုလ်မှု၌ မွေ့လျော်သူရ၏။
ပုရိသုတ္တမ —အရ ခြံစည်းရိုးကို မဖျက်ဆီးသူ၊ အနေသနကို မပြုသူရ၏။
ဆန္ဒထေရ်— ဘုရားလောင်း တောထွက်သည်မှစ၍ အတူတူပါသော ပုဂ္ဂိုလ်ပင်ဖြစ်သော်လည်း မာန်မာန ကြီးမားနေပြီး အဂ္ဂသာဝကနှစ်ပါးတို့အား ဆဲရေးနေသော ဆန္ဒထေရ်သည် ဘုရားရှင်ကိုယ်တိုင် သုံးကြိမ်ခေါ်၍ ဆုံးမသော်လည်း မရသဖြင့် ဘုရားရှင် ပရိနိဗ္ဗာန်စံသောအခါ ဗြဟ္မဒဏ်အပေးခံရသောကြောင့် မာနလျော့ကာ ရှင်အာနန္ဒာ ပြုပြင်ပေးသဖြင့် ရဟန္တာဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၅၀။)
ပါဠိသဒ္ဒါခက်ဆစ်
မိတ္တေ = မိဒတိ သိနေဟံ ကရောတိ ဣတိ မိတ္တော။ မိဒ် + တ။
ပုရိသာဓမေ = ပုရိသော + အဓမော ပုရိသော ပုရိသာဓမော။ ပုရိသ + အဓမ။
ကလျာဏေ = ကလိတဗ္ဗော သင်္ခတဗ္ဗော ဣတိ ကလျာဏော။ ကလ် + ယာဏ။
ပုရိသုတ္တမေ = ဥတ္တမော ပုရိသော ပုရိသုတ္တမော။ ပုရိသ + ဥတ္တမ။
ဆန္ဒတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၆-ပဏ္ဍိတဝဂ်
၃-ဆန္နတ္ထေရဝတ္ထုပါဠိဂါထာ
ဘဇေထ မိတ္တေ ကလျာဏေ, ဘဇေထ ပုရိသုတ္တမေ။
ပါပကေ၊ ယုတ်မာကုန်သော။ မိတ္တေ၊ မိတ်ဆွေတို့ကို။ န ဘဇေ၊ မမှီဝဲရာ။ ပုရိသာဓမေ၊ ယုတ်ညံ့သော ယောကျ်ားတို့ကို။ န ဘဇေ၊ ရာ။ ကလျာဏေ၊ ကောင်းမွန်ကုန်သော။ မိတ္တေ၊ တို့ကို။ ဘဇေထ၊ မှီဝဲရာ၏။ ပုရိသုတ္တမေ၊ မြင့်မြတ်သော ယောကျ်ားတို့ကို။ ဝါ၊ ယောကျ်ားမြတ်တို့ကို။ ဘဇေထ၊ ၏။ (ပါ-၇၈)
ဆန္နတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။