ဆရာတော်ဦးဥတ္တမဘွဲ့ လေးချိုးကြီး
ဝသုန်မြေပေါ်တခွင် ပန္နက်အမှတ်ထားကြတဲ့၊ ဒဂုန်ဆံတော်ရှင်ပင် ငှက်မြတ်နားဆီသို့၊ ဘဝဂ်ရပ်အဖျားဆီက ဝတ်တပါးမပေါ့ရှာ၊ စက်ပြာသာဒ် ရထားရယ်နှင့်၊ အထက်နတ်သိကြားသော်မှ ဝတ်တွားကန်တော့လာ။
မိုးကြိုးခတဲ့နိမိတ်ကိုဖြင့် အမျိုးမျိုးဆရာ့မှာထိတ်ပေမဲ့၊ အတိတ်ဟိုစဉ်အခါက၊ ပဟိုရ်ပလ္လင်ရတနာ အင်းဝ သဝေထိုးအတွင်မှ၊ ငြိုငြင်စရာ မင်းဓားပြသူခိုးလိုပါ့၊ ကိုယ်ထင်ရာ အတင်းအဓမ္မစိုးလေတဲ့၊ ထိုးကွင်းခကြောင် နဂိုဟန်ပန်နဲ့ကြွားနေကြ၊ မိုးညှင်းတန်ဆောင် သိုဟန်ဘွားမှာတော့၊ ဘုရားကို မရိုမသေချင်သနဲ့၊ တရားကို အပိုတွေထင်တဲ့ပြင်၊ သံဃာတော် အရှင်မြတ်တွေကိုမှ၊ အတွင်သတ်ကာ တမင်မအပ်မရာ ပြုသလိုဖြင့်၊ ခုလက်ထက်တော်မှာ အင်္ဂလိပ်စိုးချိန်မို့၊ ညိုးလျဖွယ် ဆရာမမြင်ဘုလို့၊ ရာဇဝင်အတိတ်ရှေ့က သဘောတွေနှင့်၊ မကြာခင် အဖိတ်နေ့ညမှာ ဟောရက်ကနှင့်၊ တောရစံ မကြည်လင်ဖို့၊ ထေရ်အရှင် ကျုပ်တို့ဆရာတစ်ပါးပေပေါ့၊ ဘုရားရှင် သာသနာတော်က၊ သမ္ဘာတော် ဇာတိတအားရယ်နဲ့၊ မြန်မာပေါ်မှာ ငါအရှိသားပေမို့၊ ယိရှားကာ မနေစေဘုလို့၊ အပြေပြေ ကမ္ဘာလှည့်လှည့်ပြီး၊ အခြေအနေကို မကြာမကြာ ကြည့်တဲ့ပြင်၊ တကာတပည့်တွေကို ကောင်းစေချင်တဲ့ စိတ်ကယ်နှင့်၊ ကောင်းဟိတ်တဝေဝေ လူဖို့တဲ့၊ ဒေါင်းရိပ်မြေဇမ္ဗူမဖြင့်၊ ပြေသူကို ဘွေမယူတဲ့ ခေတ်တွင်မှ၊ အသစ်ပြင်ရန် သဘောတွေနှင့်၊ လောကပြေမြန်မာမှာနော်ကွယ်၊ ဟောပြပေရှာ။
ထေရ်တစ်ဆူ ဥက္ကဋ္ဌတစ်ပါးရယ်ကြောင့်၊ ပြည်သူတွေ ဒုက္ခပွါးပြန်ပေါ့၊ ဗုဒ္ဓဘုရားနှင့် ဓမ္မရာဇ်သာသနာမှာ၊ အပြစ်မရှာစေဖို့ ဆရာ့အဓိဋ္ဌာန်တရား၊ မနစ်နာလေသမို့ အမတနိဗ္ဗာန်တံခါး။
သွေးမထူးချင်၊ တွေးဦးလျှင် တမြင်မြင်ပေါ့၊ ကျေးဇူးရှင် ရဟန်းတော်တစ်ပါးကိုမှ၊ အကြမ်းခေါ်ယူ ဖမ်းတော်မူလို့ သွားပေါ့တဲ့၊ ပြည်သား ပြည်သူ ရှင်လူတကာတို့၊ အသွင်တူဘာသာမှာ သာသနာကလဲ တစ်ဖက်ဟာမို့၊ အခက်တစ်ခါ ကြုံကြပေါ့၊ ရာဇဂုဏ် မင်းမာန်တင်းချိန်မို့၊ စွဲချက်ဥပဒေကို ခွဲဖျက်ထုချေလို့ ငြင်းရမဲ့၊ တိုင်းရင်းနေ တကာ တကာမတို့မှာဖြင့်၊ ဗျာပါမကြည်မရွှင် ပူပင်ဒုက္ခများပေလိမ့်၊ သည်တစ်ခွင် မနုဿတွေကိုဖြင့်၊ ကျုပ်က အလွန်သနားတယ်လို့၊ နှုတ်က တညွှန်ညွှန်နှင့် ကြားတော်မူတတ်ပေသမို့၊ ပြည်ခွင်ဥက္ကဋ္ဌ နာယက အမွန်တစ်ပါးပေပေါ့၊ (ဘေဒါရီရယ်) ထေရ်ရှင်ဥတ္တမ သာသနာတံခွန် ဘုရား။ ။