ဆရာမေတ္တာ
သင်ခန်းစာ (၂၁)
ဆရာ့မေတ္တာ
[ပြင်ဆင်ရန်]နှမ်းခိုးစားသော မင်းသားငယ် ရှေးအခါက ဘုရင့်သားတော်တစ်ပါးသည် တက္ကသိုလ်ပြည် ဆရာကြီးတစ်ဦးထံတွင် ပညာသင် ကြားနေပါသည်။ တစ်နေ့သောအခါ မင်းသားလေးသည် ရေချိုးသွားရင်း လမ်းတွင် အဘွားအိုတစ်ယောက် နေလှန်းထားသောနှမ်းများကို တွေ့သည်။ ထိုအခါ မင်းသားလေးသည် စားချင်စိတ်ပေါ်လာ၍ နှမ်း လက်တစ်ဆုပ်စာ ယူစားလိုက်လေသည်။ ထိုကဲ့သို့ နေ့စဉ် ယူစားနေသဖြင့် သုံးရက်မြောက်နေ့တွင် အဘွားအိုသည် ဆရာကြီးအား တိုင်ကြားလေသည်။ ထိုအခါ ဆရာကြီးသည် မင်းသားလေးကို ခေါ်ပြီး ဒဏ်ပေးဆုံးမသည်။ မင်းသားလေးသည် သူ့လို ဘုရင့်သားတော်တစ်ပါးကို ဒဏ်ပေးသည့်အတွက် ဆရာကြီးအား ရန်ငြိုးထားခဲ့သည်။
မင်းသားလေးသည် ပညာသင်ပြီးသောအခါ မိမိတိုင်းပြည်သို့ ပြန်သွားခဲ့သည်။ အချိန်တန်သော အခါ မင်းသားလေးသည် ဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။ ဘုရင်ဖြစ်လာသော မင်းသားလေးသည် သူ့အား ဒဏ်ပေးခဲ့သော ဆရာကြီးကို သတ်ရန် ခေါ်ခိုင်းလိုက်သည်။ ဆရာကြီးရောက်လာသောအခါ “နှမ်းတစ်ဆုပ်စားမိတာနဲ့ ကျွန်ုပ်လို မင်းသားကို ဒဏ်ပေးရဲတယ်၊ အခု သင့်ကို သတ်ဖို့ ခေါ်လိုက်တာ ဖြစ်တယ်”ဟု ပြောလေသည်။
ထိုအခါ ဆရာကြီးက “ဆုံးမတဲ့သူကို ရန်သူလို့ မသတ်မှတ်သင့်ဘူး၊ တိုင်းပြည်အုပ်ချုပ်မယ့်သူဟာ ခိုးတဲ့အကျင့် မရှိရဘူး၊ ခိုးတတ်တဲ့သူကို တိုင်းသူပြည်သားတွေက ဆန့်ကျင်ကြလိမ့်မယ်၊ အဲဒီလိုသာ ငါက ဒဏ်ပေး မဆုံးမခဲ့ရင် သင်ဟာ အခုလို ဘုရင်တောင် ဖြစ်လာမှာမဟုတ်ဘူး”ဟု ပြန်ပြောလိုက်၏။ ထိုအခါ ဘုရင်သည် အသိတရားရသွားပြီး ဆရာကြီးအား ပြန်လည်တောင်းပန်ခဲ့သည်။ ထိုနေ့မှစ၍ ဘုရင်သည် ဆရာကြီးကို ဖခင်အရာထားပြီး ပြုစုစောင့်ရှောက်သွားခဲ့လေသည်။
ဆရာကျင့်ဝတ်
[ပြင်ဆင်ရန်]အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ၊ ကျင့်ဖို့ ဝတ်ငါးဖြာ။ ။
တပည့်ကျင့်ဝတ်
[ပြင်ဆင်ရန်]ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။ ။