မာတိကာသို့ ခုန်သွားရန်

ဇဋိလတ္ထေရဝတ္ထု

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၃၃။ ဇဋိလတ္ထေရဝတ္ထု
1222ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၃၃။ ဇဋိလတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၃၃။ အရှင်ဇဋိလမထေရ်ဝတ္ထု

ယောဓ တဏှံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဇဋိလမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စေကဗုဒ္ဓါအား ကြံရည်လှူသော သူကြွယ်

(ဤဆိုလတ္တံ့သည်ကား ဇဋိလမထေရ်၏ အတ္ထုပ္ပတ္တိကို ဆိုရာဆိုကြောင်းဖြစ်သော စကားအစဉ်တည်း။)

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သူကြွယ်ညီနောင်နှစ်ယောက်တို့သည် ကြီးစွာသော ကြံခင်းကို ပြုလုပ်ကြကုန်သတတ်။ ထိုအခါ တစ်နေ့သ၌ ညီငယ်သည် ကြံခင်းသို့သွား၍ “ကြံတစ်ချောင်းကို နောင်တော်ကြီးအား ပေးပေအံ့၊ ကြံတစ်ချောင်းသည် ငါ့အဖို့ဖြစ်လတ္တံ့”ဟု နှလုံးပြုသဖြင့် ကြံချောင်းတို့ကို အရည်မထွက်စေခြင်းအကျိုးငှာ ဖြတ်ရာအရပ်၌ ဖက်စသည်ဖြင့် ဖွဲ့စည်းကာ ယူဆောင်ခဲ့လေ၏။

(ထိုအခါ၌ ကြံတို့ကို ကြံညှစ်ယန္တရားစက်ဖြင့် ညှစ်ဖွယ်ကိစ္စမရှိ။ အဖျား၌လည်းကောင်း အရင်၌လည်းကောင်း ခုတ်ဖြတ် ပင့်မြှောက်သောအခါ ဓမကရိုဏ်ရေစစ်မှ ရေယိုထွက်သကဲ့သို့ အလိုလိုသာလျှင် ကြံရည်သည် ယိုထွက်ကျစီးလေသတတ်။)

ကြံခင်းမှ ကြံချောင်းတို့ကို ယူဆောင်၍ ထိုညီငယ် သူကြွယ်လာလတ်သောအခါ ဂန္ဓမာဒနတောင်၌ အရှင်ပစ္စေကဗုဒ္ဓါသည် သမာပတ်မှ ထတော်မူ၍ “အဘယ်သူ့အား ယနေ့ ချီးမြှောက်ခြင်းအမှုကို ပြုရအံ့နည်း”ဟု စူးစမ်း ဆင်ခြင်တော်မူလတ်သည်ရှိသော် ထိုကြံချောင်းယူလာသော သူကြွယ်ကို ကိုယ်တော်၏ ဉာဏ်တော်တည်းဟူသော ကွန်ရက်၌ ဝင်လာသည်ကို မြင်တော်မူရလျှင် ထိုသူကြွယ်အား ချီးမြှောက်ထောက်ပံ့ခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သည့်အဖြစ်ကို သိတော်မူသဖြင့် သပိတ်သင်္ကန်းကိုယူလျက် တန်ခိုးတော်ဖြင့် ကြွလာတော်မူ၍ ထိုသူကြွယ်၏ရှေ့၌ ရပ်တော်မူလေ၏။ သူကြွယ်သည် ထိုပစ္စေကဗုဒ္ဓါကို မြင်လျှင်မြင်ချင်း ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ အပေါ်ရုံပုဆိုးကို မြင့်မောက်သော မြေအရပ်၌ ခင်းပြီးလျှင် “အရှင်ဘုရား- ဤနေရာ၌ သီတင်းသုံးနေတော်မူကြပါဘုရား”ဟု ရှင်ပစ္စေကဗုဒ္ဓါကို သီတင်းသုံးနေစေ၍ “သပိတ်တော်ကို ညွတ်တော်မူကြပါ, ပေးသနားပါဘုရား”ဟု လျှောက်ကြားသဖြင့် ကြံချောင်း၏ ဖွဲ့စည်းခဲ့ရာအရပ်ကို ဖြေပြီးလျှင် သပိတ်တော်၏အထက်၌ စိုက်ထောင်ခြင်းကို ပြုလေ၏။ ကြံရည်သည် ယိုသက်ကျဆင်း၍ သပိတ်ကို ပြည့်စေလေ၏။ ရှင်ပစ္စေကဗုဒ္ဓါသည် ထိုကြံရည်ကို သောက်သုံးတော်မူလတ်သည်ရှိသော် “အရှင်မြတ်သည် ငါ၏ကြံရည်ကို သုံးဆောင်တော်မူလေ၏။ ကောင်းလေစွတကား။ ငါ၏နောင်တော်ကြီးသည် အဖိုးကို အကယ်၍ ဆောင်စေသည်ဖြစ်အံ့၊ အဖိုးကို ပေးပေးအံ့၊ အလှူအဖို့ကို အကယ်၍ ဆောင်စေသည်ဖြစ်အံ့၊ အလှူအဖို့ကို ပေးပေအံ့”ဟု ကြံပြီးလျှင် “အရှင်ဘုရား- သပိတ်တော်ကို တပည့်တော်အား ပေးသနားတော်မူကြပါဦးဘုရား”ဟု လျှောက်ပြန်သဖြင့် နှစ်ခုမြောက်သော ကြံချောင်းကိုလည်း ဖြေပြီးလျှင် ကြံရည်ကို လှူပြန်လေ၏။

(ထိုညီငယ် သူကြွယ်သည် ငါ၏နောင်တော်သည်လည်း ကြံခင်းမှ တစ်ပါးသော ကြံကိုဆောင်ယူ၍ စားသုံးလတ္တံ့ဟု ဤမျှလောက်သော လှည့်စားလိုသော စိတ်မျှလည်း ထိုညီငယ်အား မဖြစ်လေသတတ်။)

အရှင်ပစ္စေကဗုဒ္ဓါသည်ကား ရှေးဦးစွာသော ကြံရည်ကို သောက်သုံးပြီးဖြစ်သောကြောင့် နောက်တစ်ကြိမ်လှူသော ထိုကြံရည်ကို တစ်ပါးသော ပစ္စေကဗုဒ္ဓါတို့နှင့်လည်း အတူ တကွ ဝေဖန်လိုသော စိတ်ရှိသည်ဖြစ်၍ အလှူခံယူ၍သာလျှင် နေတော်မူလေ၏။

ညီငယ်သူကြွယ်ဆုတောင်းပုံ

ထိုသူကြွယ်သည် ပစ္စေကဗုဒ္ဓါ၏ အမူအရာကိုသိသဖြင့် ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးပြီးလျှင် “အရှင်ဘုရား- တပည့်တော်သည် အကြင်အဦးအဖျားဖြစ်သော ကြံရည်ကိုလှူဒါန်းပါ၏။ ဤကောင်းမှု၏ အကျိုးဆက်ကြောင့် နတ်ပြည်လူ့ပြည်တို့၌ စည်းစိမ်ချမ်းသာကို အစဉ်အတိုင်း ခံစားစံစားပြီးမှ အဆုံး၌ အရှင်ဘုရားတို့ ရောက်အပ်ရအပ်သော တရားတော်မြတ်သို့သာလျှင် ရောက်ရပါလို၏ဘုရား”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကိုဖြစ်စေလေ၏။ ရှင်ပစ္စေကဗုဒ္ဓသည်လည်း ထိုသူကြွယ်အား “ဤသို့ ဒါယကာတောင်းသည့်ဆုအတိုင်း ပြည့်စုံစေသတည်း”ဟု မိန့်မြွက်တော်မူ၍ ဣစ္ဆိတံ ပတ္ထိတံ-အစရှိသော နှစ်ဂါထာတို့ဖြင့် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာကို ပြုပြီးလျှင် အကြင်အခြင်းဖြင့် ထိုသူကြွယ်သည် မြင်နိုင်၏။ ထိုအခြင်းဖြင့် ဓိဋ္ဌာန်တော်မူ၍ ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွတော်မူ၍ ငါးရာသော ပစ္စေကဗုဒ္ဓါတို့အား ထိုကြံရည်ကို လှူပြန်လေ၏။

နောင်တော်သူကြွယ်ဆုတောင်းပုံ

သူကြွယ်သည် ထိုတန်းခိုးပြာဋိဟာကို ဖူးမြင်ရလျှင် နောင်တော်အထံသို့သွားသဖြင့် “အဘယ်အရပ်သို့ သွားသနည်း”ဟု မေးလတ်သည်ရှိသော် “ကြံခင်းကို ကြည့်ရှုခြင်းငှာ သွားပါသည်”ဟု ဆိုလျှင် “အသို့နည်း၊ ကြံခင်းသို့သွားသော သင်သို့သောသူသည် တစ်ချောင်းနှစ်ချောင်းသော ကြံချောင်းတို့ကိုယူ၍လာသင့်သည် မဟုတ်လော”ဟု နောင်တော်ဆိုလတ်သည်ရှိသော် “နောင်တော်- ဟုတ်မှန်ပါ၏။ ကျွန်တော်သည် ကြံနှစ်ချောင်းတို့ကို ယူလာပါသည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးကို ဖူးမြင်ရ၍ ကျွန်တော်၏ ကြံချောင်းမှ ကြံရည်ကိုယူပြီးလျှင် အဖိုးကိုလည်းကောင်း အလှူ၏အဖို့ကိုလည်းကောင်း ပေးအံ့ဟု နောင်တော်တို့၏ကြံချောင်းမှလည်း ကြံရည်ကို ကျွန်တော်လှူဒါန်းခဲ့ပါသည်။ အသို့နည်း၊ ကြံချောင်း၏အဖိုးကိုတည်း ယူကုန်အံ့လော၊ ထိုသို့မဟုတ် အလှူအဖို့ကိုတည်း ယူကုန်အံ့လော”ဟု မေးလေ၏။ “ရှင်ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အဘယ်သို့ပြုသနည်း”ဟု မေးသည်ရှိသော် “ကျွန်တော်၏ကြံချောင်းမှ ကြံရည်ကို ဘုန်းပေးပြီးလျှင် နောင်တော်တို့၏ ကြံချောင်းမှ ကြံရည်ကို ယူဆောင်လျက် ကောင်းကင်ခရီးဖြင့် ဂန္ဓမာဒနတောင်သို့ ကြွသွားတော်မူ၍ ငါးရာသော ပစ္စေကဗုဒ္ဓါတို့အား လှူဒါန်းပါသည်”ဟု ပြောဆိုပြီးလျှင် ထိုနောင်တော် သူကြွယ်သည် ညီသူကြွယ် ပြောစဉ်ဆိုစဉ်ပင်လျှင် အကြားကွက်လပ် အပြတ်မရှိ ပီတိဖြင့်တွေ့ထိသော ကိုယ်ရှိသည်ဖြစ်၍ “ငါ့အား ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်သည် သိမြင်တော်မူအပ်သော တရားကိုသာလျှင် သိရခြင်းသည် ဖြစ်စေသော”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။

ဝိပဿီဘုရားလက်ထက် သူကြွယ်ညီနောင်ဖြစ်ခြင်း

ဤသို့လျှင် ညီသူကြွယ်သည် သုံးပါးသော လူ့ချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာနှင့် ပြည့်စုံခြင်းတို့ကို တောင့်တအပ်ကုန်၏။ နောင်တော်ကြီးသည်ကား တစ်ပုဒ်ဖြင့်သာလျှင် အရဟတ္တဖိုလ်ချမ်းသာကိုသာလျှင် တောင်းတအပ်၏။

(ဤသည်ကား ထိုသူကြွယ်နှစ်ယောက်တို့၏ ရှေး၌ဖြစ်သော ကောင်းမှုကံပေတည်း။)

ထိုသူကြွယ် နှစ်ယောက်တို့သည် အသက်အတိုင်းတည်၍ ထိုဘဝမှ စုတေမနေ ကွယ်လွန်ကြလေသည်ရှိသော် နတ်ပြည်၌ဖြစ်၍ နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလကို ကုန်လွန်စေကြလေကုန်၏။ ထိုသူကြွယ်တို့ နတ်ပြည်၌ တည်စဉ်အခါ၌သာလျှင် ဝိပဿီမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလေ၏။ ထိုသူ ကြွယ်နှစ်ယောက်တို့သည်လည်း နတ်ပြည်မှစုတေ၍ ဗန္ဓုမတီမည်သော နေပြည်တော်တွင် တစ်ခုသောအမျိုးအိမ်၌ နောင်တော်သည် အကြီးသာဖြစ်၍ ညီငယ်သည် အငယ်သာဖြစ်၍ ပဋိသန္ဓေကို ယူကြလေကုန်၏။ ထိုညီနောင်နှစ်ယောက်တို့တွင် အစ်ကိုကြီးအား သေနဟူသောအမည်ကို၊ ညီငယ်အား အပရာဇိတဟူသော အမည်ကို မှည့်ကြလေကုန်၏။ ထိုညီအစ်ကိုနှစ်ယောက်တို့သည် အရွယ်သို့ ရောက်သောအခါ ဥစ္စာနှစ်ကို ကောင်းစွာဖြစ်စေလျက် နေကြကုန်သည်ရှိသော် “ဘုရားရှင်ရတနာသည် လောက၌ ပွင့်ထွန်းပေါ်ပေါက်တော်မူ၏။ တရားတော်ရတနာ, သံဃာတော်ရတနာသည် ထင်ရှားဖြစ်တော်မူ၏။ ထို့ကြောင့် အလှူဒါနတို့ကို ပေးလှူကြပါကုန်လော့၊ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြပါကုန်လော့၊ ယနေ့ ရှစ်ရက်မြောက်သောနေ့ဖြစ်၏။ ယနေ့ တစ်ဆယ့်လေးရက်မြောက်သော နေ့ဖြစ်၏။ ယနေ့ တစ်ဆယ့်ငါးရက်မြောက်သောနေ့ဖြစ်၏။ ဥပုသ်ဆောက်တည်ကြပါကုန်လော့၊ တရားတော်နာကြားကြပါကုန်လော့”ဟု ဗန္ဓုမတီပြည်၌ တရားနာ ကြွေးကြော်တတ်သောသူ၏ ကြွေးကြော်သံကို ကြားရသောကြောင့် များစွာသော လူအပေါင်းသည် နံနက်အခါ အလှူကို ပေးလှူ၍ နေလွဲသောအခါ တရားနာခြင်းငှာ သွားလတ်သည်ကို မြင်ရလျှင် သေနအမည်ရှိသော သူကြွယ်သည် “အဘယ်အရပ်သို့ သွားကြပါကုန်အံ့နည်း”ဟု မေးမြန်းသဖြင့် “ဘုရားရှင်၏အထံတော်သို့ တရားနာခြင်းငှာ သွားကြပါကုန်၏”ဟု ဆိုသည်ရှိသော် “ငါသည်လည်း သွားဦးအံ့”ဟု ကြံ၍ ထိုသူတို့နှင့်အတူတကွသာလျှင် သွားသဖြင့် ပရိသတ်အစွန်၌ နေလေ၏။

နောင်တော်သေနသူကြွယ် ရဟန်းပြုခြင်း

မြတ်စွာဘုရားသည် ထိုသေနသူကြွယ်၏ အလိုကိုသိတော်မူသဖြင့် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ထိုသေနသူကြွယ်သည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ ရဟန်းပြုခြင်းငှာ ဖြစ်သောအားထုတ်ခြင်းရှိရကား မြတ်စွာဘုရားကို ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ ထိုအခါ သူကြွယ်ကို မြတ်စွာဘုရားသည် “သင့်အား ပန်ကြားသင့်သော အဆွေအမျိုးတို့သည် ရှိကုန်သလော”ဟု မေးတော်မူ လေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှိပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် “ထိုသို့ဖြစ်မူ ပန်ကြားပြီးမှ လာခဲ့လော့”ဟု မိန့်တော်မူလေ၏။ ထိုသေနသူကြွယ်သည် ညီငယ်၏အထံသို့သွား၍ “ဤအိမ်၌ အကြင်ဥစ္စာနှစ်သည် ရှိ၏။ ထိုအလုံးစုံသော ဥစ္စာနှစ်သည် ငါ့ညီအလို့ငှာ ဖြစ်စေလော့”ဟု ဆိုလေ၏။ “နောင်တော်- အရှင်နောင်တော်တို့ကား အဘယ်သို့ပါနည်း”ဟု မေးလျှင် “ငါကား မြတ်စွာဘုရား၏အထံတော်၌ ရဟန်းပြုတော့အံ့”ဟု ပြောဆိုလေ၏။ “အသို့ဆိုကြကုန်ဘိသနည်း၊ ကျွန်တော်သည် မိခင်ကွယ်လွန်လတ်သည်ရှိသော် မိခင်ကဲ့သို့ ဖခင်ကွယ်လွန်ခဲ့သော်လည်း ဖခင်ကဲ့သို့ နောင်တော်တို့ကို ရအပ်ပါသည်။ ဤအမျိုးအိမ်သည် များသောဥစ္စာစည်းစိမ်ရှိပါသည်။ အိမ်၌နေလျက်သာလျှင် ကောင်းမှုကုသိုလ်တို့ကို ပြုခြင်းငှာ တတ်ကောင်းပါသည်။ ဤသို့ပြုတော် မမူကြပါလင့်”ဟု တောင်းပန်စကား ပြောကြားလတ်သော် “ငါကား မြတ်စွာဘုရား၏ အထံတော်၌ တရားတော်ကို ကြားနာအပ်ပြီ။ ထိုတရားတော်ကို အိမ်ရာထောင်သော လူတို့အလယ်၌နေသဖြင့် ဖြည့်ကျင့်ခြင်းငှာ မတတ်နိုင်၊ ငါကား ရဟန်းပြုအံ့သည်သာလျှင်တည်း။ နေရစ်ခဲ့လော့”ဟု ဆိုလေ၏။ ဤသို့ ထိုသေနသူကြွယ်သည် ညီငယ်ကို နေရစ်ခဲ့စေပြီးလျှင် မြတ်စွာဘုရား၏ အထံတော်၌ ရှင်ပြု၍ ရဟန်းအဖြစ်သို့ ရလတ်သည်ရှိသော် မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ညီငယ်သည်လည်း နောင်တော်၏ ရဟန်းပြုရာ၌ ပူဇော်သက္ကာရကို ပြုအံ့ဟု ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကိုပေးလှူ၍ နောင်တော်မထေရ်ကို ရှိခိုးပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် မိမိ၏ဘဝမှ ထွက်မြောက်ကြောင်းကို ပြုတော်မူအပ်ပြီ။ တပည့်တော်သည်ကား ငါးပါးသော ကာမဂုဏ်တို့ဖြင့် နှောင်ဖွဲ့အပ်သည်ဖြစ်ရကား တောထွက်၍ ရဟန်းပြုခြင်းငှာ မတတ်နိုင်ပါ။ အိမ်၌နေသည်သာလျှင်ဖြစ်သော တပည့်တော်အားလည်း လျောက်ပတ်သော မြတ်သောကောင်းမှုကံကို ညွှန်ကြားတော်မူကြပါ”ဟု လျှောက်ကြားလေ၏။

ညီတော်အပရာဇိတ ဂန္ဓကုဋိဆောက်လုပ်ခြင်း

ထိုအခါ ညီသူကြွယ်ကို မထေရ်သည် “ပညာရှိသောငါ့ညီ- ကောင်းပေစွ, ကောင်းပေစွ၊ မြတ်စွာဘုရားအလို့ငှာ ဂန္ဓကုဋိကို ဆောက်လုပ်လေလော့”ဟု မိန့်တော်မူလေ၏။ ထိုသူကြွယ်သည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံသဖြင့် အထူးထူးသော သစ်သားတို့ကို ဆောင်ယူစေပြီးလျှင် သည်တိုင်စသည်တို့၏အကျိုးငှာ ရွေစေ၍ သည်တိုင်တစ်လုံးကို ရွှေဖြင့်ခြယ်စီအပ်သည်ကိုပြု၍ တစ်လုံးကို ငွေဖြင့်ခြယ်စီအပ်သည်ကိုပြု၍ တစ်လုံးကို ပတ္တမြားဖြင့် ခြယ်စီအပ်သည်ကိုပြု၍ ဤသို့ သည်တိုင်အလုံးစုံတို့ကို ရတနာခုနစ်ပါးတို့ဖြင့် ခြယ်စီအပ်သည်ကို ပြုစေ၍ ထိုသည်တိုင်တို့ဖြင့် ဂန္ဓကုဋိကို ဆောက်လုပ်စေပြီးလျှင် ရတနာခုနှစ်ပါးတို့ဖြင့် ခြယ်စီအပ်သည်သာလျှင် ဖြစ်ကုန်သော အမိုးအုတ်တို့ဖြင့် မိုးစေလေ၏။ ဂန္ဓကုဋိကို ဆောက်လုပ်သောအခါ၌သာလျှင် ထိုအပရာဇိတသူကြွယ်ကို မိမိနှင့်တူသော အပရာဇိတသာလျှင် အမည်ရှိသောတူသည် ချည်းကပ်၍ “ဦးရီး- ကျွန်တော်လည်း ပြုလုပ်လိုပါသည်။ ကျွန်တော်အားလည်း အဖို့ကို ကယ်မပေးသနားကြပါ”ဟု ဆိုလေ၏။ “ငါ့တူ- ငါမပေးနိုင်။ တစ်ပါးသောသူတို့နှင့် မဆက်ဆံသောကျောင်းကို ပြုလုပ်လိုသည်”ဟု ဆိုလတ်သည်ရှိသော် ထိုတူ-အပရာဇိတသည် များစွာပင် တောင်းပန်၍မျှလည်း အဖို့ကိုမရသောကြောင့် ဂန္ဓကုဋိ၏ရှေ့၌ “ကုဉ္ဇရမည်သော ဇရပ်ကိုရခြင်းငှာ သင့်၏”ဟု အကြံပြု၍ ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော ကုဉ္ဇရမည်သောဇရပ်ကို ဆောက်လုပ်စေလေ၏။ ထိုအပရာဇိတမည်သောတူသည် ဤငါတို့ဘုရား ပွင့်တော်မူသောအခါ မေဏ္ဍကသူဌေးကြီး ဖြစ်လာလေ၏။ ဂန္ဓကုဋိတိုက်၌ကားရတနာခုနစ်ပါးတို့ဖြင့် ပြီးကုန်သော သုံးခုသော လေသာပြတင်းကြီးတို့သည် ဖြစ်ကုန်၏။ ထိုလေသာပြတင်းကြီးတို့၏ ရှေးရှုရာဖြစ်သော အရပ်တွင် အောက်၌ အင်္ဂတေဖြင့် အပြေအပြစ် ပြုအပ်ကုန်သော သုံးခုသော ရေကန်တို့ကိုပြုစေ၍ နံ့သာမျိုးလေးပါးဖြင့် ထုံအပ်သောရေကို ပြည့်စေလျက် အပရာဇိတမည်သော သူ ကြွယ်သည် ငါးပါးသော အဆင်းရှိကုန်သော ပန်းပင်တို့ကို စိုက်စေလေ၏။ မြတ်စွာဘုရား အတွင်း၌ သီတင်းသုံးနေတော်မူသောအခါ လေအဟုန်ဖြင့်ဖြစ်ကုန်သော ဝတ်ဆံ ဝတ်မှုန်တို့ဖြင့် ကိုယ်တော်ကို ကြဲဖြန့်စိမ့်သောငှာ ဂန္ဓကုဋိတိုက် ထုပိကာအထွတ်ဖြစ်သော ခွက်သည် ရွှေနီဖလံဖြင့်ပြီး၏။ အထွတ်ဦးစွန်းတို့သည် သန္တာဖြင့် ပြီးကုန်၏။ အောက်၌ မိုးသောအုတ်တို့သည် ပတ္တမြားဖြင့်ပြီးကုန်၏။ ဤသို့လျှင် ထိုဂန္ဓကုဋိတိုက်သည် က,နေသော ဥဒေါင်းကဲ့သို့ တင့်တယ်လျက် တည်လေ၏။

ရတနာခုနစ်ပါး ဂန္ဓကုဋိ၌ ကြဲဖြန့်ထားခြင်း

ရတနာခုနစ်ပါးတို့တွင် ဖြတ်တောက်၍ ရစကောင်းသော ရတနာကို ဖြတ်တောက်စေ၍ ဖြတ်တောက်၍ မရစကောင်းသော ရတနာကိုတစ်ခုလုံးကိုသာ ယူစေ၍ ပုဆစ်ဒူးများ အတိုင်းအရှည်ရှိသော အပိုင်းအခြားအားဖြင့် ဂန္ဓကုဋိကို ခြံရံစေလျက် ပရိဝုဏ်ကျောင်းကို ပြည့်စေလေ၏။ ဤသို့လျှင် ဂန္ဓကုဋိကို ပြီးဆုံးစေပြီးလျှင် အပရာဇိတသူကြွယ်သည် နောင်တော်မထေရ်သို့ ချဉ်းကပ်၍ “အရှင်ဘုရား- ဂန္ဓကုဋိပြီးပါပြီ။ ထိုဂန္ဓကုဋိကို သုံးဆောင်တော်မူခြင်းကိုသာ တောင့်တပါသည်ဘုရား။ သုံးဆောင်တော်မူသဖြင့် ကြီးမြတ်သောကောင်းမှုကုသိုလ် ဖြစ်ပါသတတ်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုနောင်တော်မထေရ်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤသူကြွယ်သည် ရှင်တော်မြတ်ဘုရားတို့၏အလို့ငှာ ဂန္ဓကုဋိကို ဆောက်လုပ်စေအပ်ပါသတတ်၊ ယခုအခါ သုံးဆောင်တော်မူခြင်းကို တောင့်တပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် နေရာမှထတော်မူ၍ ဂန္ဓကုဋိသို့ ရှေးရှုကြွသွားတော်မူပြီးလျှင် ဂန္ဓကုဋိကိုခြံရံ၍ တည်ထားအပ်သော ရတနာအစုကို ကြည့်ရှုတော်မူလျက် တံခါးမုခ်၌ ရပ်တော်မူလေ၏။ ထိုအခါ သူကြွယ်သည် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဝင်ကြွတော်မူကြပါဘုရား”ဟု လျှောက်လေ၏။

ဘုရားရှင်သည် ထိုတံခါးမုခ်၌သာလျှင် ရပ်တော်မူ၍ သုံးကြိမ်မြောက် လျှောက်သောအကြိမ်၌ ထိုအပရာဇိတသူကြွယ်၏ နောင်တော်ဖြစ်သော သေနမထေရ်ကို ကြည့်ရှုတော်မူလေ၏။ မထေရ်မြတ်သည် ကြည့်ရှုတော်မူသော အခြင်းအရာအားဖြင့်သာလျှင် သိသဖြင့် ညီသူကြွယ်ကို “ညီချစ်- လာဦးလော့၊ “ဘုရားတပည့်တော်၏သာလျှင် စောင့်ရှောက်ခြင်းသည် ဖြစ်ပါလိမ့်မည်ဘုရား၊ ရှင်တော်မြတ်ဘုရားတို့သည် ချမ်းသာသည်အားလျော်စွာ အလိုတော်ရှိတိုင်း သီတင်းသုံးနေတော်မူကြပါဘုရား”ဟူ၍ မြတ်စွာဘုရားကို လျှောက်ထားချေလော့”ဟု မိန့်ဆိုတော်မူလေ၏။ သူကြွယ်သည် မထေရ်မြတ်၏စကားကို ကြားရလျှင် မြတ်စွာဘုရားကို ငါးပါးသောတည်ခြင်းဖြင့် ရှိခိုး၍ “မြတ်စွာဘုရား- လူတို့သည် သစ်ပင်ရင်း၌ ဝင်ပြီးလျှင် ငဲ့ကွက်ခြင်းမရှိကုန်ဘဲ ဖဲသွားကြသကဲ့သို့လည်းကောင်း မြစ်ကိုကူးပြီးလျှင် ဖောင်ကိုငဲ့ကွက်ခြင်းမရှိဘဲ ဖဲသွားကြသကဲ့သို့လည်းကောင်း ထို့အတူ ငဲ့ကွက်ခြင်း မရှိကြသည်ဖြစ်၍ ရှင်တော်မြတ်ဘုရားတို့သည် သီတင်းသုံးနေတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။

(မြတ်စွာဘုရားသည် အဘယ်အကျိုးငှာ ရပ်တော်မူလေသနည်းဟူမူကား- မြတ်စွာဘုရားအား ဤသို့အကြံတော်ဖြစ်သတတ်၊ “ဘုရားရှင်တို့၏ အထံတော်သို့ နံနက်အခါ၌လည်းကောင်း၊ ညချမ်းအခါ၌လည်းကောင်း များစွာသော လူတို့သည် လာကြကုန်၏။ ထိုလူတို့သည် ရတနာတို့ကိုယူ၍ ဖဲသွားကြကုန်သည်ရှိသော် ငါဘုရားတို့သည် တားမြစ်ခြင်းငှာ မတတ်ကောင်း၊ ပရိဝုဏ်၌ ဤမျှလောက်သော ရတနာပြွမ်းသည်ရှိသော် မိမိ၏အလုပ်အကျွေး ဒါယကာတို့ ဆောင်ယူကြကုန်သော်လည်း မတားမြစ်ဘိဟု သူကြွယ်သည် ငါဘုရား၌ အမျက်ဒေါသအာဃာတ ပြုမိလျှင် အပါယ်လားသည် ဖြစ်ရာ၏”ဟု နှလုံးပြု၍ ဤသို့သောအကြောင်းကြောင့် ရပ်နေတော်မူ လေသတည်း။)

တရားနာလာသူတို့ လက်ခုပ်ဖြင့်ယူနိုင်ခြင်း

ထိုသူကြွယ်သည် “မြတ်စွာဘုရား- ဘုရားတပည့်တော်၏သာလျှင် စောင့်ရှောက်ခြင်းသည် ဖြစ်ပါလိမ့်မည်ဘုရား၊ ရှင်တော်မြတ်ဘုရားတို့သည် ဝင်ကြွတော်မူကြပါဘုရား”ဟု လျှောက်လတ်သည်ရှိသော် ဝင်ကြွတော်မူလေ၏။ သူကြွယ်သည် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကိုထား၍ ထိုလူတို့ကို “အမောင်တို့- ခါးပိုက်ဖြင့်လည်းကောင်း ခြင်းတောင်းအိတ်ထောင်တို့ဖြင့်လည်းကောင်း ယူ၍သွားသောသူတို့ကို တားမြစ်ကြကုန်လော့၊ လက်ဖြင့်ယူ၍ သွားသောလူတို့ကိုကား မတားမမြစ်ကြပါကုန်လင့်”ဟု ပြောဆိုထားလေ၏။ မြို့တွင်း၌လည်း “ငါသည် ဂန္ဓကုဋိပရိဝုဏ်၌ ရတနာခုနစ်ပါးတို့ကို ဖြန့်ကြဲအပ်ကုန်၏။ မြတ်စွာဘုရား၏ အထံတော်၌ တရားကိုနာကြားပြီးလျှင် ပြန်သွားကုန်သော ဆင်းရဲသောလူတို့သည် လက်နှစ်ဖက်တို့ကို ပြည့်စေ၍ ယူ ကြပါစေကုန်သတည်း။ ချမ်းသာပြည့်စုံ ကြွယ်ဝကုန်သော လူတို့သည်လည်း လက်တစ်ဖက်ဖြင့် ယူကြပါစေကုန်သတည်း”ဟု ပြောကြားစေလေ၏။

(ထိုသူကြွယ်အား ဤသို့အကြံဖြစ်သတတ်၊ “ရတနာသုံးပါး၌ ကြည်ညိုခြင်း ရှိသောသူတို့သည် တရားတော်ကို နာလိုကြကုန်သည်ဖြစ်၍ သွားကြကုန်လတ္တံ့သာလျှင်တည်း။ သဒ္ဓါကြည်ညိုခြင်းမရှိသော သူတို့ကား ဥစ္စာကိုလိုချင်သဖြင့် လာ၍ တရားတော်ကို နာရသည်ရှိသော် ဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကြရကုန်လတ္တံ့”ဟု အကြံဖြစ်၏။ ထို့ကြောင့် လူတို့ကို သင်္ဂြိုဟ်ထောက်ပံ့ ချီးမြှောက်ခြင်းငှာ ဤသို့ ပြောကြားစေသတတ်။)

များစွာသော လူအပေါင်းတို့လည်း ထိုအပရာဇိတ သူကြွယ်ဆိုအပ်သော နည်းအားဖြင့်သာလျှင် ရတနာတို့ကို ယူ လေ၏။ တစ်ကြိမ်ဖြန့်ကြဲအပ်သော ရတနာတို့သည် ကုန်ပြီးသည်ရှိသော် သုံးကြိမ်မြောက်တိုင်အောင် ပုဆစ်ဒူးမျှ နစ်လောက်သော အပိုင်းအခြားအားဖြင့် ဖြန့်ကြဲစေသည်သာလျှင်တည်း။

သခွါးသီးမျှရှိသော ပတ္တမြား မိစ္ဆာပုဏ္ဏားယူသွားခြင်း

အထူးအားဖြင့်ကား မြတ်စွာဘုရား၏ခြေရင်းတော်၌ သခွားသီးမျှ အတိုင်းအရှည်ရှိသော အဖိုးအတိုင်းမသိ ထိုက်တန်သော ပတ္တမြားရတနာတစ်ခုကို ထားပေ၏။

(ထိုသူကြွယ်အား ဤသို့အကြံဖြစ်သတတ်၊ “ဘုရားရှင်၏ ကိုယ်တော်မှထွက်သော ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ရောင်ခြည်တော်နှင့်တကွ ပတ္တမြားရောင်ကို ကြည့်ရှုကြရကုန်သော လူတို့အား ရောင့်ရဲခြင်းမည်သည် မဖြစ်နိုင်လတ္တံ့”ဟု အကြံဖြစ်၏။ ထို့ကြောင့် ဤသို့ထားခြင်းကို ပြုလေ၏။ များစွာသော လူအပေါင်းသည်လည်း မရောင့်ရဲနိုင်သည်ဖြစ်၍သာလျှင် ကြည့်ရှုတတ်လေသတတ်။)

ထိုအခါ တစ်နေ့သ၌ မိစ္ဆာအယူရှိသော ပုဏ္ဏားတစ်ယောက်သည် “မြတ်စွာဘုရား၏ ခြေတော်ရင်း၌ အဖိုးများစွာထိုက်သော ပတ္တမြားရတနာကို ထားသတတ်။ ထိုပတ္တမြားရတနာကို ဆောင်ယူပေအံ့”ဟု နှလုံးသွင်းလျက် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးခြင်းငှာ များစွာသောလူအပေါင်းတို့၏အကြားဖြင့် ဝင်သွားလေ၏။ သူကြွယ်သည် ထိုပုဏ္ဏား၏ဝင်သော အခြင်းအရာဖြင့်သာလျှင် “ပတ္တမြားကိုယူခြင်းငှာ အလိုရှိ၏”ဟု မှတ်သားမိသဖြင့် “မယူပါဘိမူကား ကောင်းလေစွတကား”ဟု ကြံလေ၏။ ထိုမိစ္ဆာဒိဋ္ဌိပုဏ္ဏားသည်လည်း မြတ်စွာဘုရားကို ရှိခိုးလေဘိသကဲ့သို့ ခြေတော်ရင်း၌ လက်ကိုရှေးရှုညွတ်လျက် ပတ္တမြားကိုယူပြီးလျှင် ခါးတောင်းကျိုက်၌ ထားသည်ကိုပြု၍ ဖဲသွားလေ၏။ ထိုသူကြွယ်သည် ထိုမိစ္ဆာပုဏ္ဏား ပတ္တမြားယူသွားရာ၌ စိတ်ထားကြည်လင်စိမ့်သောငှာ မတတ်နိုင်ရှာလေ။ ထိုသူကြွယ်သည် တရားစကားတော်၏ အဆုံး၌ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “မြတ်စွာဘုရား- တပည့်တော်သည့် သုံးကြိမ်တိုင်အောင် ဂန္ဓကုဋိကိုခြံရံ၍ ပုဆစ်ဒူးမျှလောက်သော အပိုင်းအခြားဖြင့် ရတနာခုနစ်ပါးတို့ကို ဖြန့်ကြဲအပ်ပါကုန်၏။ ထိုရတနာခုနစ်ပါးတို့ကို ယူကြကုန်သော ထိုသူတို့အပေါ်၌ တပည့်တော်အား အမျက်ဒေါသမည်သည် မဖြစ်စဖူးပါ။ စိတ်သည် လွန်စွာကြည်လင်သည်သာ ဖြစ်ပါသည်ဘုရား။ ယနေ့မူကား ဤပုဏ္ဏားသည် ပတ္တမြားကို မယူပါဘိမူကား ကောင်းလေစွတကားဟု ကြံစည်မိသဖြင့် ထိုပုဏ္ဏားသည် ပတ္တမြားကိုယူ၍သွားသည်ရှိသော် စိတ်ထားကြည်လင်စိမ့်သောငှာ မတတ်နိုင်ပါဘုရား”ဟု နားတော်လျှောက်လေ၏။

ဥစ္စာကို ရန်သူတို့မဖျက်ဆီးနိုင်အောင် ဆုတောင်းခြင်း

မြတ်စွာဘုရားသည် ထိုအပရာဇိတသူကြွယ်၏ စကားကိုကြားတော်မူလျှင် “ဒါယကာ- မိမိ၏ဥစ္စာကို တစ်ပါးသောသူတို့သည် မဆောင်ယူနိုင်အောင် ပြုခြင်းငှာ မတတ်နိုင်ကောင်းလေသလော”ဟု နည်းကိုပေးတော်မူလေ၏။ သူကြွယ်သည် မြတ်စွာဘုရား ပေးတော်မူအပ်သော နည်း၌တည်၍ မြတ်စွာဘုရားကို ရှိခိုးလျက် “ယနေ့ကိုအစပြု၍ တပည့်တော်၏ဥစ္စာကို မိစ္ဆာချည်မျှင်ကိုမျှလည်း တပည့်တော်ကို နှိပ်စက်ဖိစီး၍ အရာမက များစွာလည်း ဖြစ်ကုန်သော မင်းတို့သည်လည်းကောင်း၊ ခိုးသူတို့သည်လည်းကောင်း ယူခြင်းငှာ စွမ်းနိုင်ကြသောမည်သည် မဖြစ်ကြပါစေကုန်သတည်း။ မီးသည်လည်း တပည့်တော်၏ ဥစ္စာကို မလောင်ကျွမ်းနိုင်ပါစေသတည်း။ ရေသည်လည်း မမျှောပါစေသတည်း”ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။ မြတ်စွာဘုရားသည်လည်း ထိုသူကြွယ်အား- “ဒါယကာ တောင်းသည့်ဆုအတိုင်း ပြည့်စုံစေသတည်း”ဟု အနုမောဒနာပြုတော်မူလေ၏။ ထိုသူကြွယ်သည် ဂန္ဓကုဋိ သာဓုခေါ်ပူဇော်ပွဲ ပြုလတ်သည်ရှိသော် ခြောက်သန်းရှစ်သိန်းသော ရဟန်းတော်တို့ကို ကျောင်းတော်အတွင်း၌သာလျှင် ကိုးလတို့ပတ်လုံး အလှူကြီးကိုပေးလှူ၍ အလှူအဆုံး၌ အလုံးစုံသော ရဟန်းတို့အား သင်္ကန်းသုံးထည်ကို လှူဒါန်းလေ၏။ အငယ်ဆုံးသော ရဟန်းအား ရအပ်သော သင်္ကန်းလျာပုဆိုးတို့သည် အဖိုးတစ်ထောင်ထိုက်တန်လေ၏။

သူဌေးသား ဇောတိကဖြစ်လာခြင်း

ဤသို့လျှင် ထိုအပရာဇိတသူကြွယ်သည် အသက်ရှည်သမျှ ကာလပတ်လုံး ကောင်းမှုတို့ကိုပြုလုပ်၍ ထိုကိုယ်အဖြစ်မှ စုတေလတ်သည်ရှိသော် နတ်ပြည်၌ဖြစ်သဖြင့် ဤမျှလောက်သော ကာလပတ်လုံး နတ်ပြည်လူ့ပြည်တို့၌ ကျင်လည်ပြီးလျှင် ဤငါတို့ဘုရား ပွင့်လင်းထွန်းပသောအခါ ရာဇဂြိုဟ်ပြည်၌ တစ်ဦးသောသူဌေး၏အိမ်၌ ပဋိသန္ဓေကိုယူ၍ လခွဲအလွန်ရှိသော ကိုးလတို့ဖြင့် မိခင်၏ဝမ်းတိုက်၌ ကိန်းအောင်းလေ၏။ ထိုသတို့သား၏ ဖွားမြင်သောနေ့၌ကား ပြည်အလုံး၌ အလုံးစုံသော လက်နက်တို့သည် တောက်ပလေကုန်၏။ အလုံးစုံသောသူတို့၏ ကိုယ်၌ဆင်အပ်ကုန်သော တန်ဆာတို့သည်လည်း တောက်ပကုန်သကဲ့သို့ အရောင်ကိုလွှတ်ကြကုန်၏။ ပြည်အလုံးသည် တစ်ပြိုင်နက် အရောင်အလင်းတောက်ပခြင်းဖြစ်လေ၏။ သူဌေးကြီးသည်ကား နံနက်စောစောကပင်လျှင် မင်းအားခစားခြင်းသို့ သွားလေ၏။ ထိုအခါ သူဌေးကြီးကို မင်းကြီးသည် “ယနေ့ အလုံးစုံသောလက်နက်တို့သည် တောက်ပကုန်၏။ ပြည်အလုံးသည် တစ်ပြိုင်နက်အရောင်အလင်းဖြစ်၏။ ဤသို့ဖြစ်ခြင်း၌ အကြောင်းကို သင်သူဌေးသိသလော”ဟု မေးလေ၏။ “အရှင်မင်းကြီး- သိပါ၏”ဟု လျှောက်တင်လတ်သော် “သူဌေးကြီး- အသို့သိသနည်း”ဟု မေးပြန်လေ၏။ “အကျွန်ုပ်အိမ်၌ အရှင်မင်းမြတ်တို့၏ ကျွန်သူငယ်သည် ဖွားမြင်ပါသည်။ ထိုသူငယ်၏ကောင်းမှု အာနုဘော်ကြောင့်သာလျှင် ဖြစ်ပါသည်”ဟု လျှောက်တင်လတ်သော် “အသို့နည်း။ ခိုးသူဖြစ်လတ္တံ့လော”ဟု မေးပြန်လေ၏။ “အရှင်မင်းကြီး ခိုးသူဖြစ်ခြင်း၏ အကြောင်းမရှိပါ။ ကောင်မှုဘုန်းကံနှင့် ပြည့်စုံသည်ဖြစ်၍ ပြုအပ်ဖူးသော ဆုတောင်းခြင်းရှိသော သတ္တဝါဖြစ်ပါသည်”ဟု လျှော်တင်လတ်သော် “ထိုသို့ဖြစ်မူ ထိုသူငယ်ကို ကောင်းစွာမွေးခြင်းငှာ သင့်၏။ ဤအသပြာသည် ထိုသူငယ်၏ နို့ဖိုးဖြစ်ပါစေလော့”ဟု နေ့တိုင်း တစ်ထောင်သောဥစ္စာကို ဖြစ်စေလေ၏။ (ထောက်ပံ့လေ၏။)

ဇောတိကသူဌေးအား ဗိမာန် မြေမှ ပေါ်ပေါက်ခြင်း

ထိုအခါသူငယ်ကို အမည်မှည့်အံ့သောနေ့၌ ပြည်အလုံး၏ တစ်ပြိုင်နက် အလင်းရောင်တောက်ပြောင် ထွန်းလင်းသည်၏အဖြစ်ကြောင့် “ဇောတိက”ဟူသောအမည်ကိုသာလျှင် မှည့်ကြလေကုန်၏။ ထိုအခါ ဇောတိကသူငယ် အရွယ်သို့ရောက်သောအခါ အိမ်ဆောက်ခြင်းငှာ မြေအပြင်ကို သုတ်သင်အပ်သည်ရှိသော် သိကြားမင်း၏နေရာသည် ပူလောင်သောအခြင်းအရာကို ပြလေ၏။ သိကြားမင်းသည် “ဤပဏ္ဍုကမ္ဗလာကျောက်ဖျာ ပူလောင်ခြင်းအကြောင်းကား အသို့နည်း”ဟု စူးစမ်းဆင်ခြင်လတ်သည်ရှိသော် “ဇောတိကသတို့သား၏ အိမ်နေရာအရပ်ကို ယူကြကုန်၏”ဟု သိသဖြင့် “ဤဇောတိကသူဌေးသားကား ဤလူတို့ဆောက်လုပ်အပ်သော အိမ်၌ မနေလတ္တံ့၊ ငါသိကြားမင်းသည်လည်း ထိုအရပ်သို့သွားခြင်းငှာ သင့်၏”ဟု လက်သမားအသွင်ဖြင့် ထိုအရပ်သို့သွားပြီးလျှင် “အဘယ်အမှုကို ပြုလုပ်ကြကုန်သနည်း”ဟု မေးလေ၏။ “ဇောတိကသူဌေးသား၏ အိမ်နေရာအရပ်ကို ယူကြပါကုန်၏”ဟု ဆိုလတ်သော် “သင်တို့ဖယ်ကြပါကုန်လော့။ ဤဇောတိကသူဌေးသားသည် သင်တို့ဆောက်လုပ်အပ်သောအိမ်၌ မနေလတ္တံ့”ဟု ဆို၍ တစ်ဆယ့်ခြောက်မင်းပယ်စာမျှလောက်သော မြေအရပ်ကို ကြည့်ရှုလေ၏။ ထိုမြေအရပ်သည် သိကြားမင်းကြည့်ကာမျှ၌ပင်လျှင် ကသိုဏ်းဝန်းကဲ့သို့ ညီညွတ်သောမြေအပြင် ဖြစ်လေ၏။ တစ်ဖန် “ဤအရပ်၌ မြေကိုဖောက်ခွဲ၍ ရတနာခုနစ်ပါးဖြင့်ပြီးသော ဘုံခုနှစ်ဆင့်ရှိသော ပြာသာဒ်သည် ပေါ်ပေါက်စေသတည်း”ဟု ကြံ၍ ကြည့်ရှုပြန်လေ၏။ ထိုခဏ၌ပင်လျှင် ပြာသာဒ်သည် ပေါ်ပေါက်လာပြန်လေ၏။

တံတိုင်း,ပဒေသာပင် စသည်တို့ ပေါ်ပေါက်လာခြင်း

တစ်ဖန် “ဤပြာသာဒ်ကိုခြံရံလျက် တံတိုင်းခုနစ်ထပ်တို့သည် ပေါ်ပေါက်စေကုန်သတည်း”ဟု ကြံ၍ ကြည့်ရှုပြန်လေ၏။ ထိုသို့သဘောရှိသော တံတိုင်းတို့သည် ပေါ်ပေါက်ကုန်၏။ ထို့နောက်မှ “ထိုတံတိုင်းခုနစ်ထပ်တို့၏ အစွန်အနား၌ကား ပဒေသာပင်တို့သည် ပေါ်ပေါက်စေကုန်သတည်း”ဟု ကြံ၍ ကြည့်ရှုပြန်လေ၏။ ထိုသို့သဘောရှိသော ပဒေသာပင်တို့သည် ပေါ်ပေါက်ပြန်လေကုန်၏။ “ပြာသာဒ်၏ လေးခုသောအထောင့်တို့၌ လေးလုံးသော ရွှေအိုးတို့သည် ပေါ်ပေါက်စေကုန်သတည်း”ဟု ကြံ၍ ကြည့်ရှုပြန်၏။ အောက်၌ အလုံးစုံသည် ထို့အတူသာလျှင် ဖြစ်လေ၏။ ရွှေအိုးတို့တွင် တစ်လုံးသည် တစ်ယူဇနာ အတိုင်းအရှည်ရှိ၏။ တစ်လုံးသည် သုံးဂါဝုတ် အတိုင်းအရှည်ရှိ၏။ တစ်လုံးသည် ယူဇနာခွဲ အတိုင်းအရှည်ရှိ၏။ တစ်လုံးသည် တစ်ဂါဝုတ် အတိုင်းအရှည်ရှိ၏။ ဘုရားလောင်းအလို့ငှာဖြစ်သော ရွှေအိုးတို့၏ကား တစ်ခုတည်းသော မျက်နှာဝပမာဏရှိလေ၏။ အိုး၏အောက်၌ မြေကြီးအဆုံးရှိကြသည်သာလျှင် ဖြစ်ကုန်၏။ ဇောတိကအလို့ငှာဖြစ်သော ရွှေအိုးတို့၏ကား မျက်နှာပမာဏကို မဆိုအပ်၊ အလုံးစုံသော မျက်နှာဝတို့သည် ဖြတ်အပ်သော ထန်းသီးကဲ့သို့ ပြည့်ကုန်သည်ဖြစ်၍သာလျှင် ပေါ်ပေါက်လာကြကုန်၏။ ပြာသာဒ်၏ လေးခုသောအထောင့်တို့၌ ထန်းပင်ပျို ပင်စည်လုံးပတ်ပမာဏရှိကုန်သော ရွှေဖြင့်ပြီးကုန်သော လေးခုသော ကြံချောင်းတို့သည် ဖြစ်လေကုန်၏။ ထိုကြံပင်တို့၏အရွက်တို့သည် ပတ္တမြားဖြင့်ပြီးကုန်၏။ ပင်စည်တို့သည် ရွှေဖြင့်ပြီးကုန်၏။

(ရှေး၌ဖြစ်သော ကောင်းမှုကံကို ဖော်ပြခြင်းအကျိုးငှာ ထိုကြံပင်တို့သည် ဖြစ်ကုန်သတတ်။)

နတ်ဘီလူးတို့ စောင့်ရှောက်ခြင်း

ခုနစ်ခုသော တံခါးမုခ်တို့၌ ခုနစ်ယောက်သော နတ်ဘီလူးတို့သည် အစောင့်အရှောက်ကို ယူကြလေကုန်၏။ ရှေးဦးစွာဖြစ်သော တံခါးမုခ်၌ ယမကောဠိ အမည်ရှိသော ဘီလူးသည် မိမိ၏အခြံအရံဖြစ်သော ဘီလူးတစ်ထောင်နှင့်အတူတကွ အစောင့်အရှောက်ကိုယူ၏။ နှစ်ခုမြောက်ဖြစ်သော တံခါးမုခ်ဝ၌ ဥပ္ပလမည်သော ဘီလူးသည် မိမိ၏အခြံအရံဖြစ်သော ဘီလူးတို့၏ နှစ်ထောင်နှင့်အတူတကွ အစောင့်အရှောက်ကိုယူ၏။ သုံးခုမြောက်ဖြစ်သော တံခါးမုခ်၌ ဝဇိရမည်သော ဘီလူးသည် ဘီလူးသုံးထောင်တို့နှင့်အတူတကွ၊ လေးခုမြောက်ဖြစ်သော တံခါးမုခ်၌ ဝဇိရဗာဟုအမည်ရှိသော ဘီလူးသည် ဘီလူးလေးထောင်တို့နှင့်အတူတကွ၊ ငါးခုမြောက်သော တံခါးမုခ်၌ ကသကန္ဒအမည်ရှိသော ဘီလူးသည် ဘီလူးငါးထောင်တို့နှင့် အတူတကွ၊ ခြောက်ခုမြောက်ဖြစ်သော တံခါးမုခ်၌ ကဋတ္ထမည်သော ဘီလူးသည် ဘီလူးခြောက်ထောင်တို့နှင့် အတူတကွ ခုနစ်ခုမြောက်ဖြစ်သော တံခါးမုခ်၌ ဒိသာပါမုခ အမည်ရှိသောဘီလူးသည် ဘီလူးခုနစ်ထောင်တို့နှင့် အတူတကွ အစောင့်အရှောက်ကို ယူ ၏။ ဤသို့လျှင် ပြာသာဒ်၏ အတွင်း၌လည်းကောင်း၊ အပ၌လည်းကောင်း မြဲစွာခိုင်ခံ့သော အစောင့်အရှောက်သည် ရှိလေ၏။ “ဇောတိကသတို့သားအလို့ငှာ ရတနာခုနစ်ပါးနှင့်ပြီးသော ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်သည် ပေါ်ပေါက်သတတ်၊ တံတိုင်းခုနစ်ထပ်တို့သည်လည်းကောင်း၊ တံခါးမုခ်ခုနစ်ခုတို့သည်လည်းကောင်း လေးလုံးသော ရွှေအိုးတို့သည်လည်းကောင်း ပေါ်လာကုန်သတတ်”ဟု သတင်းစကား ကြားရသည်ရှိသော် ဗိမ္ဗိသာရမင်းကြီးသည် သူဌေးတို့ဆောင်းထိုက်သောထီးကို စေလွှတ်ပို့စေလေ၏။ ထိုသူဌေးသည် ဇောတိကသူဌေးမည်သည် ဖြစ်လေ၏။

သူဌေးကတော်နှင့် မြောက်ကျွန်းမှပါသော ပစ္စည်းများ

ထိုဇောတိကသူဌေးနှင့် အတူတကွ ကောင်းမှုပြုဖက်ဖြစ်သော မိန်းမသည် မြောက်ကျွန်း၌ ဖြစ်လေ၏။ ထိုအခါ ထိုမြောက်ကျွန်းသူကို နတ်တို့သည် မြောက်ကျွန်းမှ ဆောင်ယူပြီးလျှင် အသရေရှိသောတိုက်ခန်း၌ နေစေကြလေကုန်၏။ ထိုမြောက်ကျွန်းသူ သူဌေးကတော်သည် မြောက်ကျွန်းမှ လာလတ်သည်ရှိသော် တစ်ကွမ်းစား တစ်စလယ်သော ဆန်ကိုလည်းကောင်း၊ ဇောတိပါသာဏမည်သော ပတ္တမြားခုံလောက် သုံးလုံးကိုလည်းကောင်း ယူခဲ့လေ၏။ ထိုဇောတိကသူဌေးမောင်နှံတို့အား အသက်ထက်ဆုံး ထိုတစ်ကွမ်းစားသော ဆန်ဖြင့်သာလျှင် ချက်အပ်သော စားတော်ထမင်းသည် ဖြစ်လေ၏။ ထိုဇောတိကသူဌေးတို့အား အကယ်၍ လှည်းအစီးတစ်ရာကိုသော်လည်း ဆန်တို့ဖြင့် ပြည့်စေခြင်းငှာ အလိုရှိကြကုန်သည် ဖြစ်ကုန်ငြားအံ့။ ထိုဆန်တစ်ကွမ်းစားသည်ပင်လျှင် လှည်းအစီးတစ်ရာဖြစ်၍ တည်လေ၏။ ထမင်းချက်သောအခါ၌ ဆန်ကိုထမင်းအိုး၌ထည့်ပြီးလျှင် ထိုဇောတိပါသာဏ ပတ္တမြားကျောက်တို့၏အထက်၌ ထားကြကုန်၏။ ပတ္တမြားကျောက်တို့သည် ထိုခဏ၌သာလျှင် မီးလျှံထွက်၍ ထမင်းသည်ကျက်ကာမျှ ဖြစ်လတ်သည်ရှိသော် ငြိမ်းအေးကုန်၏။ ထိုမီးလျှံငြိမ်းအေးသော အမှတ်ဖြင့်သာလျှင် ထမင်း၏ကျက်သည့်အဖြစ်ကို သိကြရကုန်၏။ ဟင်းလျားသည် ချက်သောအခါလည်း ဤနည်းတူသာလျှင်တည်း။ ဤသို့လျှင် ထိုဇောတိကသူဌေးကြီးတို့၏အလို့ငှာ ဇောတိပါသာဏမည်သော ပတ္တမြားကျောက်တို့ဖြင့် အစာအာဟာရသည် ကျက်၏။ ပတ္တမြားကျောက်အရောင်ဖြင့်လည်း နေကြကုန်၏။ မီး၏လည်းကောင်း၊ ဆီမီး၏လည်းကောင်း အရောင်အလင်းကိုပင် မသိကြလေကုန်။ ဇောတိကသူဌေးကြီးအား ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းသည် ဖြစ်သတတ်ဟု ဇမ္ဗူဒီပါတစ်ကျွန်းလုံး၌ ထင်ရှားပျံ့နှံ့ခြင်း ဖြစ်လေ၏။

ဇမ္ဗူဒိပ်တစ်ကျွန်းလုံး လာရောက်ကြည့်ရှုကြခြင်း

များစွာသောလူအပေါင်းသည် လှည်းယာဉ်စသည်တို့ကို ကစေလျက် ကြည့်ရှုခြင်းအကျိုးငှာ လာ၏။ ဇောတိကသူဌေးကြီးသည် လာတိုင်း,လာတိုင်းကုန်သော လူတို့အား မြောက်ကျွန်းဆန်တို့၏ ထမင်းချက်စေ၍ ပေးစေ၏။ “ပဒေသာပင်တို့မှ အဝတ်ပုဆိုးတို့ကို ယူကြကုန်လော့။ တန်ဆာတို့ကို ယူကြကုန်လော့”ဟု စေခိုင်းလေ၏။ တစ်ဂါဝုတ်အတိုင်းအရှည်ရှိသော ရွှေအိုးတို့ကို မျက်နှာဝကို ဖွင့်စေပြီးလျှင် “အသက်မွေးမျှတလောက်အောင်သော ဥစ္စာကိုယူကြကုန်လော့”ဟု စေခိုင်းလေ၏။ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းသူကျွန်းသားတို့သည် ဥစ္စာကိုယူ၍ သွားကြကုန်သော်လည်း ရွှေအိုး၌ လက်တစ်သစ်မျှလည်း ယုတ်လျော့ခြင်းသည်မဖြစ်။

(ထိုဇောတိကသူဌေး၏ ဤသို့ ပြည့်စုံရခြင်းကား ဂန္ဓကုဋိ ပရိဝုဏ်၌ သဲပြု၍ ဖြန့်ကြဲအပ်ကုန်သော ရတနာတို့၏ အကျိုးဖြစ်သတတ်။)

ဤသို့လျှင် များစွာသော လူအပေါင်းသည် အဝတ်တန်ဆာတို့ကိုလည်းကောင်း၊ ဥစ္စာတို့ကိုလည်းကောင်း အလိုရှိတိုင်းယူ၍ သွားသည်ရှိသော် ဗိမ္မိသာရမင်းကြီးသည် ထိုဇောတိကသူဌေးကြီး၏ ပြာသာဒ်ကို ကြည့်ရှုလိုလျက်ပင် များစွာသော လူအပေါင်းသည်လည်း လာခြင်းကြောင့် အခွင့်ကို မရနိုင်ခဲ့လေသတည်း။

ဗိမ္ဗိသာရမင်းကြီး ရှုစားရန် ထွက်တော်မူခြင်း

နောက်အဖို့၌ အလိုရှိတိုင်းသော ဥစ္စာကိုယူ၍ သွားပြီးသည်အဖြစ်ကြောင့် လူတို့နည်းပါးကုန်သည်ရှိသော် ဗိမ္ဗိသာရမင်းကြီးသည် ဇောတိကသူဌေးကြီး၏ဖခင်ကို “သင့်သားဇောတိက၏ ပြာသာဒ်ကို ကြည့်ရှုခြင်းငှာ အလိုရှိသည်”ဟု မိန့်ဆိုလေ၏။ ထိုဖခင်သူဌေးကြီးသည် “အရှင်မင်းကြီး- ကောင်းပါပြီ”ဟု လျှောက်ဆို၍ သွားပြီးလျှင် သားအား “ချစ်သား- ဗိမ္ဗိသာရမင်းကြီးသည် သင်ချစ်သား၏ပြာသာဒ်ကို ကြည့်ရှုခြင်းငှာ အလိုရှိသည်”ဟု ပြောကြားလေ၏။ ဇောတိကသူဌေးသည် “ဖခင်- ကောင်းပါပြီ၊ ကြွလာတော်မူပါစေသတည်း”ဟု ဆိုလတ်သော် ဗိမ္ဗိသာရမင်းကြီးသည် များစွာသော အခြံအရံနှင့်တကွ ထိုဇောတိကသူဌေး၏ နေရာပြာသာဒ်သို့ ရွှေစက်ဖြန့်တော်မူလေ၏။ ရှေးဦးစွာသော တံခါးမုခ်၌ တံမြက်လှည်း၍ တံမြက်ချေးကို စွန့်ပစ်ရသော ကျွန်မသည် မင်းကြီးအား လက်ကိုပေးလေ၏။

ကျွန်မကို သူဌေးကတော်ကြီး မှတ်ထင်ခြင်း

ဗိမ္ဗိသာရမင်းကြီးသည် “သူဌေးကတော်ကြီး”ဟု မှတ်ထင်သဖြင့် ရှက်နိုးသည်ဖြစ်၍ ထိုကျွန်မ၏လက်မောင်း၌ လက်တော်ကိုမထားဝံ့၊ ဤအတူ ကြွင်းသော တံခါးမုခ်တို့၌လည်း ကျွန်မတို့ကို “သူဌေးကတော်ကြီးတို့တည်း”ဟု အောက်မေ့မှတ်ထင်သဖြင့် ထိုကျွန်မတို့၏ လက်မောင်း၌ လက်တော်ကို မထားဝံ့၊ ဇောတိကသူဌေးသည် လာလတ်၍ မင်းကြီးကို ခရီးဦးကြိုဆိုပြီးလျှင် ရှိခိုး၍ နောက်တော်မှလိုက်၍ “အရှင်မင်းကြီး- ရှေ့သို့ကြွတော်မူပါ”ဟု လျှောက်တင်လေ၏။ မင်းကြီးအား ပတ္တမြားမြေသည် အသူတစ်ရာနက်သော ချောက်ကဲ့သို့ဖြစ်၍ ထင်လေ၏။

ချောက်သို့ချ၍ ဖမ်းအံ့ဟု မှတ်ထင်ခြင်း

ဗိမ္ဗိသာရမင်းကြီးသည် “ဤဇောတိကသူဌေးကား ငါ့ကိုဖမ်းယူခြင်းငှာ တွင်းကိုတူးထားဘိ၏”ဟု အောက်မေ့မှတ်ထင်သဖြင့် ခြေတော်ကိုလည်း ချတော်မူခြင်းငှာ မဝံ့လေ။ ဇောတိကသူဌေးသည် “အရှင်မင်းကြီး- ဤကား တွင်းမဟုတ်ပါ။ ကျွန်တော်မျိုး၏နောက်မှ ရွှေစက်ဖြန့်ကာ ကြွလာတော်မူကြပါ”ဟု လျှောက်တင်၍ ရှေ့တော်မှသွားရလေ၏။ မင်းကြီးသည် ထိုဇောတိကသူဌေး ခြေချနင်းသွားသောအခါမှ မြေကိုနင်းလျက် အောက်အပြင်မှစ၍ ပြာသာဒ်ကိုကြည့်ရှုကာ လှည့်လည်တော်မူလေ၏။

အဇာတသတ်၏ နှလုံးသွင်းပုံ

ထိုအခါ အဇာတသတ်မင်းသားသည်လည်း ခမည်းတော်၏လက်ချောင်းကို ဆွဲကိုင်လျက် လှည့်လည်သွားလာစဉ် “ငါ့ခမည်းတော်မင်းကြီးကား လွန်စွာ မိုက်မဲတွေဝေလှဘိ၏တကား၊ သူဌေးမည်သောသူသည် ရတနာခုနစ်ပါးဖြင့်ပြီးသော ပြာသာဒ်၌ နေသည်ဖြစ်ပါလျက် ငါ့ခမည်းတော်ကား မင်းကြီးဖြစ်လျက် သစ်သားဖြင့်ပြီးသောအိမ်၌ နေဘိ၏။ ငါသည် ယခုအခါ မင်းဖြစ်ပါမူကား ဤဇောတိကသူဌေးအား ဤပြာသာဒ်၌ နေစိမ့်သောငှာ မပေးအံ့”ဟုကြံစည်လေ၏။

ဇောတိကအိမ်၌ နံနက်စာပွဲတော်တည်ခြင်း

ဗိမ္ဗိသာရမင်းကြီးအားလည်း အထက်အပြင် အထပ်ထပ်တို့သို့ တက်စဉ်ပင်လျှင် နံနက်စာပွဲတော် တည်ချိန်ကာလသည် ဖြစ်လာလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် သူဌေးကိုခေါ်၍ “သူဌေးကြီး- ဤအိမ်၌သာလျှင် နံနက်စာပွဲတော်ကို စားတော်ခေါ်ကြပါစို့အံ့”ဟု မိန့်တော်မူသည်ရှိသော် “အရှင်မင်းကြီး- သိပါ၏။ အရှင်မင်းမြတ်အလို့ငှာ စားတော်အာဟာရကို စီရင်အပ်ပါပြီ”ဟု လျှောက်တင်သဖြင့် ဗိမ္ဗိသာရမင်းကြီးသည် တစ်ဆယ့်ခြောက်လုံးသော နံ့သာရေအိုးတို့ဖြင့် ရေချိုးပြီးလျှင် သူဌေး၏ ရတနာဖြင့်ပြီးသော နေရာမဏ္ဍပ်၌ ခင်းထားအပ်သော သူဌေး၏နေရာ ပလ္လင်၌သာလျှင် နေထိုင်တော်မူလေ၏။ ထို့နောက်မှ မင်းကြီးအား လက်ဆေးရေကိုပေး၍ အဖိုးတစ်သိန်းထိုက်တန်သော ရွှေခွက်၌ ပျော့ပျောင်းသော နို့ဃနာကိုခူးထည့်ပြီးလျှင် ရှေ့၌ထားကြလေကုန်၏။ မင်းကြီးသည် စားတော်ထမင်းဘောဇဉ်ဟူသော အမှတ်ဖြင့် စားသုံးခြင်းငှာ အားထုတ်လေ၏။ သူဌေးသည် “အရှင်မင်းကြီး- ဤသည်ကား စားတော်ထမင်း ဘောဇဉ်မဟုတ်ပါ။ ဤသည်ကား ပျော့ပျောင်းသော နို့ဃနာဖြစ်ပါသည်”ဟု လျှောက်တင်လေ၏။ ထို့နောက်မှ တစ်ပါးသောရွှေခွက်၌ စားတော်ထမင်း ဘောဇဉ်ကို ခူးထည့်၍ ရှေးဦးစွာဖြစ်သော ရွှေခွက်၌ တင်ထားကြလေကုန်၏။

(ထိုခွက်မှတက်သော အငွေ့အားဖြင့် ထိုစားတော် ထမင်းဘောဇဉ်ကို စားသုံးခြင်းငှာ ချမ်းသာသည် ဖြစ်သတတ်။)

စားတော်ခေါ် လွန်မည်စိုး၍ သတိပေးရခြင်း

မင်းကြီးသည် မြိန်မြတ်သော အရသာရှိသော ဘောဇဉ်ကို ပွဲတော်တည်ရသည်ဖြစ်၍ အတိုင်းအရှည်မသိနိုင်ဖြစ်ခဲ့လေ၏။ ထိုအခါ မင်းကြီးကို သူဌေးသည် ရှိခိုး၍ လက်အုပ်ချီလျက် “အရှင်မင်းကြီး- သင့်တော်လောက်ပါပြီ။ ဤမျှသုံးဆောင်ခြင်းသာလျှင် ဖြစ်ပါစေ၊ ဤအနေထက်လွန်သည်ရှိသော် အစာကြေစေခြင်းငှာ မတတ်နိုင်ပါ”ဟု လျှောက်လေ၏။ ထိုအခါ၌ သူဌေးကို မင်းကြီးသည် “သူဌေးကြီး- အသို့နည်း။ မိမိ၏ထမင်းကို အလေးပြု၍ ဆိုဘိ၏တကား”ဟု မိန့်ဆိုလေ၏။ “အရှင်မင်းကြီး- ဤထမင်း၌ အလေးပြုဖွယ်မရှိပါ။ အရှင်မင်းကြီးတို့၏ အလုံးစုံသော ဗိုလ်ပါအပေါင်းအားလည်း ဤထမင်းကိုသာလျှင် ဤဟင်းကိုသာလျှင် ပေးကျွေးပါမည်။ စင်စစ်သော်ကား ကျွန်တော်မျိုးသည် အကျော်အစောမဲ့အံ့သည်ကို ကြောက်လှပါသည်”ဟု လျှောက်တင်လတ်သော် “အဘယ်အကြောင်းကြောင့်နည်း”ဟု မေးလေ၏။ “အရှင်မင်းကြီး- အရှင်မင်းကြီးအား ကိုယ်၌ဖြစ်သော ပျင်းရိခြင်း ထိုင်းမှိုင်းခြင်းသည် အကယ်၍ဖြစ်ငြားအံ့၊ “ယမန်နေ့က မင်းကြီးသည် သူဌေး၏အိမ်၌ ထမင်းပွဲတော်တည်လေပြီ၊ သူဌေးသည် တစ်စုံတစ်ခုကို ပြုသည်ဖြစ်လတ္တံ့”ဟု ဆိုအံ့သောစကားမှ ကြောက်လှပါသည် အရှင်မင်းကြီး”ဟု လျှောက်တင်လတ်သော် “ယင်းသို့ဖြစ်မူ ထမင်းကို ယူဆောင်သွားလော့၊ ရေကိုယူခဲ့ပါလော့”ဟု မြွက်ဆိုလေ၏။ မင်းကြီး၏ စားတော်ခေါ်ခြင်းကိစ္စအဆုံး၌ အလုံးစုံသော မင်းအခြံအရံ လူအပေါင်းသည် ထိုထမင်းကိုသာလျှင် သုံးဆောင်စားသောက်လေ၏။

သူဌေးကတော် ညည်းညူပုံ

မင်းကြီးသည် ချမ်းသာစွာနေပြီးလျှင် ဇောတိကသူဌေးကို ခေါ်တော်မူ၍ “သူဌေးကြီး -အသို့နည်း၊ ဤအိမ်၌ သင့်အား သူဌေးကတော် မရှိလေသလော”ဟု မိန့်ဆိုလေ၏။ “အရှင်မင်းကြီး- ရှိပါ၏”ဟု လျှောက်တင်လျှင် “သူဌေးကတော်သည် အဘယ်မှာနည်း”ဟု မေးပြန်သဖြင့် “အသရေရှိသော တိုက်ခန်း၌ နေပါသည်။ အရှင်မင်းကြီး၏ ရွှေစက်ဖြန့် ကြွလာတော်မူသည့်အဖြစ်ကို မသိရှာပါ”ဟု လျှောက်တင်လေ၏။

(ထိုစကားမှန်၏၊ နံနက်စောစောကပင်လျှင် ဗိမ္ဗိသာရမင်းကြီးသည် အခြံအရံနှင့်တကွ အကယ်၍ကား ကြွလာခဲ့ပေ၏။ ထိုသို့ပင် ကြွလာခဲ့သော်လည်း ထိုသူဌေးကတော်သည် မင်းကြီးကြွလာသည့် အဖြစ်ကို မသိရှာသည် စင်စစ်တည်း။)

ထို့နောင်မှ ဇောတိကသူဌေးသည် “မင်းကြီးအား ငါ၏သူဌေးကတော်ကြီးကို ရှုမြင်ခြင်းငှာ အလိုရှိတော်မူ၏”ဟု ထိုသူဌေးကတော်၏အထံသို့ သွားပြီးလျှင် “မင်းကြီးကြွလာပါသည်။ သင်သည် မင်းကြီးကို ဖူးမြင်ခြင်းငှာ သင့်၏”ဟု ဆိုလေ၏ ။ သူဌေးကတော်သည် လျောင်းစက်လျက်သာလျှင် “အရှင်မင်းကြီးမည်သော ဤသူသည် အဘယ်သို့သောသူ ဖြစ်ပါသနည်း”ဟု ဆိုလေသောကြောင့် “မင်းကြီးမည်သည်ကား ငါတို့ကို အစိုးရသောသူဖြစ်၏”ဟု ဆိုသည်ရှိသော် နှလုံးမသာယာသည့်အဖြစ်ကို ပြောကြားလျက် “အကြင်ငါတို့ကို အစိုးရသောသူသည်လည်း ရှိဘိသေး၏။ ထိုငါတို့သည် ကောင်းမှုကုသိုလ်ကံတို့ကို မကောင်းသောအားဖြင့် မရိုမသေ ပြုကြဖူးလေကုန်စွတကား၊ သဒ္ဓါယုံကြည်ခြင်းမရှိဘဲ ကောင်းမှုကံတို့ကို ပြုမိခဲ့၍ ငါတို့သည် စည်းစိမ်ချမ်းသာကိုရပါလျက် တစ်ပါးသောသူ၏ အစိုးတရ ပိုင်ဆိုင်ရာဌာန၌ ဖြစ်ကြရကုန်၏၊ မချွတ်ဧကန် ငါတို့သည် မသဒ္ဓါ,မယုံကြည်ဘဲ အလှူကိုပေးလှူခဲ့သည် ဖြစ်လတ္တံ့၊ ဤသို့ဖြစ်ရခြင်းကား ထိုမယုံကြည်ဘဲပြုသော ကောင်းမှုကံ၏ အကျိုးပေတည်း”ဟုဆို၍ “အရှင်သူဌေး- ယခုအခါ အဘယ်အမှုကို ပြုရပါအံ့နည်း”ဟု ဆိုလေ၏။

သူဌေးကတော် မျက်ရည်ကျခြင်း

“ထန်းရွက်ယပ်ဝန်းကိုယူလာ၍ မင်းကြီးကို ယပ်ခတ်ချေလော့”ဟု ဆိုသည်ရှိသော် ထိုသူဌေးကတော်သည် ထန်းရွက်ယပ်ဝန်းကိုယူသွား၍ မင်းကြီးကို ယပ်ခတ်စဉ် မင်းကြီး၏ ဦးရစ်ဗောင်းတော်၏ အနံ့လေသည် သူဌေးကတော်ကြီး၏ မျက်စိတို့ကို ခတ်မိလေ၏။ ထိုအခါ သူဌေးကတော်၏ မျက်စိတို့မှ မျက်ရည်အလျဉ်တို့သည် ယိုစီးဖြစ်ပေါ်ကျလေကုန်၏။ ထိုမျက်ရည်ယိုစီးသည်ကိုမြင်လျှင် မင်းကြီးသည် သူဌေးကို “သူဌေးကြီး- မိန်းမမည်သည်ကား နည်းသောပညာရှိ၏၊ “မင်းကြီးသည် ငါ့အရှင်သူဌေးကြီး၏ စည်းစိမ်ချမ်းသာကို ယူရာ၏”ဟု ကြောက်သဖြင့် ငိုကြွေးလေယောင်တကား၊ ထိုသူဌေးမကို နှစ်သိမ့်စေပါဦးတော့၊ ငါဘုရင်မင်းကြီးသည် သင်၏စည်းစိမ်ချမ်းသာဖြင့် အလိုမရှိပါ”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- ဤသူဌေးကတော်သည် ငိုကြွေးသည်မဟုတ်ရပါ”ဟု လျှောက်တင်လတ်သော် “ထိုသို့မဟုတ်လျှင် ဤအကြောင်းကား အဘယ်နည်း”ဟု မေးပြန်လေ၏။ “အရှင်မင်းကြီးတို့၏ ဦးရစ်ဗောင်းတော်နံ့ကြောင့် သူဌေးကတော်အား မျက်ရည်တို့ဖြင့် ဖြစ်ပေါ်ယိုစီးကျပါသည်။”

(ထိုစကားမှန်၏၊ ဤသူဌေးကတော်သည် ဆီမီးအရောင်ကိုလည်းကောင်း၊ မီးအရောင်ကိုလည်းကောင်း မမြင်ရ မရှုရမူ၍ ပတ္တမြားအရောင်ဖြင့်သာ စားလည်းစား၏၊ နေလည်းနေ၏၊ အိပ်လည်းအိပ်၏။)

“အရှင်မင်းကြီးသည်ကား ဆီမီးအရောင်အလင်းဖြင့် နေတော်မူသည်ဖြစ်လတ္တံ့”ဟု လျှောက်တင်လတ်သော် “ရှင်သူဌေး- ဆီမီးရောင်ဖြင့် နေတော်မူသည် မှန်ပေ၏”ဟု မိန့်တော်မူလေ၏။ “ထိုသို့ဖြစ်မူ အရှင်မင်းကြီး- ယနေ့ကို အစပြု၍ ပတ္တမြားအရောင်အလင်းဖြင့်သာ နေတော်မူကြပါ”ဟု ကြီးသောသခွါးသီးမျှ ပမာဏရှိသော အဖိုးအတိုင်းမသိ ထိုက်တန်သော ပတ္တမြားရတနာကို ဆက်သလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် ဇောတိကသူဌေးအိမ်ကို ကြည့်ရှုပြီးလျှင် “ဇောတိကသူဌေး၏ စည်းစိမ်ချမ်းသာသည် ကြီးကျယ်ခမ်းနားလေစွတကား”ဟု ဆို၍ ပြန်ကြွတော်မူလေ၏။

(ဤသည်ကား ရှေးဦးစွာ ဇောတိကသူဌေး၏ အတ္ထုပ္ပတ္တိတည်း။)

သူဌေးသမီးနှင့် ဝိဇ္ဇာဓိုရ်

ယခုအခါ ဇဋိလသူဌေး၏ ဖြစ်ရာအတ္ထုပ္ပတ္တိကို ဤဆိုလတ္တံ့သောနည်းဖြင့် သိအပ်၏။ ဗာရာဏသီပြည်၌ တစ်ယောက်သောသူဌေးသမီးသည် အလွန်အဆင်းလှ၏။ ထိုသူဌေးသမီးကို တစ်ဆယ့်ငါးနှစ် တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ စောင့်ရှောက်ခြင်းအကျိုးငှာ အိမ်ကျွန်မတစ်ယောက်ကိုပေး၍ ဘုံခုနှစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်အပြင် အသရေရှိသောတိုက်ခန်း၌ နေစေကြလေကုန်၏။ တစ်နေ့သ၌ လေသာပြတင်းကို ဖွင့်လှစ်၍ အပကိုကြည့်နေသော ထိုသူဌေးသမီးကို ကောင်းကင်ခရီးဖြင့်သွားသော တစ်ယောက်သော ဝိဇ္ဇာဓိုရ် ယောက်ျားသည် မြင်ရလျှင် ဖြစ်သော ချစ်ခင်စုံမက်ခြင်းရှိသည်ဖြစ်၍ လေသာပြတင်းဖြင့်ဝင်၍ ထိုသူဌေးသမီးနှင့်အတူတကွ ပေါင်းဖော်ယဉ်ပါးခြင်းအမှုကို ပြုလေ၏။ ထိုသူဌေးသမီးသည် ဝိဇ္ဇာဓိုရ်ယောက်ျားနှင့် အတူတကွ ပေါင်းဖော်ခြင်းကိုစွဲ၍ မကြာမြင့်မီသာလျှင် ကိုယ်ဝန်ကို ရလေ၏။ ထိုအခါ သူဌေးသမီးဖြစ်ပုံကို အိမ်ကျွန်မ မြင်ရ၍ “ချစ်သမီး- ဤသို့ဖြစ်ရသောအကြောင်းကား အဘယ်နည်း”ဟု မေးလေသောကြောင့် “ထိုသို့ဖြစ်မူလည်း ဖြစ်ပါစေ၊ တစ်စုံတစ်ယောက်သောသူအား မပြောကြားပါလင့်”ဟု သူဌေးသမီးက ဆိုလတ်သည်ရှိသော် အိမ်ကျွန်မသည် ကြောက်သဖြင့် ဆိတ်ဆိတ် နေရရှာလေ၏။ သူဌေးသမီးသည်လည်း ဆယ်လလွန်သောအခါ သားယောကျာ်းကို ဖွားမြင်သဖြင့် အိုးသစ်ကို ဆောင်ယူစေ၍ ထိုအိုး၌ သူငယ်ကို အိပ်စေပြီးလျှင် ထိုအိုးကိုပိတ်၍ အထက်၌ ပန်းခိုင်ပန်းကုံးတို့ကိုထားလျက် “ဤအိုးကို ဦးခေါင်းဖြင့် ရွက်ယူကာသွား၍ ဂင်္ဂါမြစ်၌ မျှောချေလော့၊ “ဤသည်ကား အဘယ်နည်း”ဟု မေးအပ်သည်ရှိသော် “အကျွန်ုပ်သခင်မ၏ ဗလိနတ်စာပေးသောအမှု ဖြစ်ပါသည်”ဟူ၍ ဆိုလေလော့”ဟု မှာထား၍ ကျွန်မကို စေခိုင်းလေ၏။ ထိုကျွန်မသည် သူဌေးသမီး စေခိုင်းလိုက်သည့်အတိုင်း ပြုရလေ၏။

အိုးတစ်လုံးအတွက် မိန်းမနှစ်ဦး တရားရုံးတက်ခြင်း

ဂင်္ဂါမြစ်အောက်ဆိပ်၌လည်း မိန်းမနှစ်ယောက်တို့သည် ရေချိုးကြကုန်သည်ရှိသော် ထိုအိုး ရေ၌မျောလာသည်ကိုမြင်တဲ့လျှင် တစ်ယောက်သော မိန်းမသည် “ဤအိုးကား ငါ့အိုးတည်း”ဟု ဆိုလေ၏။ တစ်ယောက်သော မိန်းမသည်ကား “အကြင်ဝတ္ထုသည် အိုးအတွင်း၌ရှိ၏။ ထိုဝတ္ထုသည် ငါ၏ဥစ္စာတည်း”ဟု ဆိုသဖြင့် အိုးရောက်လာသည်ရှိသော် ထိုအိုးကိုယူ၍ ကြည်းကုန်း၌ထား၍ ဖွင့်ကြသည်ရှိသော် သူငယ်ကိုမြင်ရလျှင် မိန်းမတစ်ယောက်က “ငါ့အိုးဟူ၍ ဆိုအပ်သည့်အဖြစ်ကြောင့် သူငယ်သည် ငါ့ဥစ္စာသာလျှင် ဖြစ်၏”ဟု ဆိုလေ၏။ မိန်းမတစ်ယောက်က “အကြင်ဝတ္ထုသည် အိုး၏အတွင်း၌ ရှိ၏၊ ထိုဝတ္ထုသည် ငါ၏ဥစ္စာသာလျှင် ဖြစ်စေသတည်းဟု ဆိုအပ်သည့်အဖြစ်ကြောင့် သူငယ်သည် ငါ့ဥစ္စာဖြစ်၏”ဟု ဆိုလေ၏။ ထိုမိန်းမနှစ်ယောက်တို့သည် အငြင်းအခုံ ဖြစ်ကြကုန်သဖြင့် တရားဆုံးဖြတ်ရာသို့သွား၍ ထိုအကြောင်းကို ပြောကြားကြကုန်သောကြောင့် အမတ်ကြီးတို့သည် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ကြကုန်သည်ရှိသော် မင်းကြီး၏အထံသို့ သွားကြရလေကုန်၏။ မင်းကြီးသည် ထိုမိန်းမတို့၏စကားကို ကြားရလျှင် “သင်သည် သူငယ်ကို ယူလော့၊ သင်သည် အိုးကို ယူလော့”ဟု အမိန့်ချမှတ် ဆုံးဖြတ်စီရင်တော်မူလေ၏။

ဇဋိလအမည်ရ၍ အရှင်ကစ္စည်းထံ ရောက်ခြင်း

အကြင်မိန်းမသည် သူငယ်ကို ရ၏၊ ထိုမိန်းမသည် ရှင်မဟာကစ္စည်းမထေရ်၏ အလုပ်အကျွေး ဒါယိကာမဖြစ်၏။ ထို့ကြောင့် “ဤသူငယ်ကို ကစ္စည်းမထေရ်မြတ်၏ အထံတော်၌ ရှင်ပြုရပေတော့အံ့”ဟု နှလုံးပြု၍ ထိုသူငယ်ကို မွေးကျွေးသုတ်သင်၏။ ထိုသူငယ်၏ ဖွားမြင်သောနေ့၌ ကိုယ်ဝန်အညစ်အကြေးကို ဆေးကြောလျက် ရေမချိုးအပ်သည့်အဖြစ်ကြောင့် ဆံပင်တို့သည် တွန့်လိမ်ရှုပ်ထွေးသည်ဖြစ်၍ တည်ကြကုန်၏။ ထို့ကြောင့် ထိုသတို့သားငယ်အား ဇဋိလဟူသော အမည်ကိုသာလျှင် မှည့်ကြလေကုန်၏။ ထိုသူငယ်၏ ခြေဖြင့်သွားလာနိုင်သောအခါ ကစ္စည်းမထေရ်သည် ထိုအိမ်သို့ ဆွမ်းအလို့ငှာ ကြွဝင်လာလေ၏။ ဒါယိကာမသည် မထေရ်ကို နေစေပြီးလျှင် ဆွမ်းအာဟာရကို လှူဒါန်းလေ၏။ မထေရ်သည် သူငယ်ကို မြင်ရလျှင် “ဒါယိကာမကြီး- အသို့နည်း၊ သူငယ်ကို ရအပ်လေသလော”ဟု မေးလေ၏။ “အရှင်ဘုရား- ရအပ်သည် မှန်၏။ တပည့်တော်မသည် ဤသူငယ်ကို အရှင်ဘုရားတို့၏ အထံတော်၌ ရှင်ပြုပါအံ့ဟု မွေးကျွေးသုတ်သင်ပါသည်။ ထိုသူငယ်ကို ရှင်ပြုပေးတော်မူကြပါဘုရား”ဟု လျှောက်၍ အပ်နှံလေ၏။

ဇဋိလကို တက္ကသိုလ်ပြည်သို့ ပို့ထားခြင်း

မထေရ်သည် “ကောင်းပြီ”ဟု ဆို၍ ခေါ်ဆောင်ကာ ကြွသွားတော်မူစဉ် “ဤသူငယ်အား လူ၏ စည်းစိမ်ချမ်းသာကို ခံစားအံ့သောငှာ ကောင်းမှုဘုန်းကံသည် ရှိသလော”ဟု ကြည့်ရှုလတ်သည်ရှိသော် “ကြီးသော ဘုန်းကံရှိသော သတ္တဝါဖြစ်၏၊ ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစားရပေလတ္တံ့”ဟု မြင်တော်မူ၍ “ဤသူငယ်သည် ငယ်ရွယ်သေး၏။ ဤသူငယ်ဉာဏ်သည်လည်း ရင့်ကျက်ခြင်းသို့ မရောက်သေး”ဟု ကြံပြီးလျှင် ထိုသူငယ်ကို ခေါ်ဆောင်လျက် တက္ကသိုလ်ပြည်၌ အလုပ်အကျွေး ဒါယကာတစ်ဦး၏အိမ်သို့ ကြွသွားတော်မူလေ၏။ ထိုအလုပ်အကျွေး ဒါယကာသည် မထေရ်ကိုရှိခိုးပြီးလျှင် ရပ်လျက် ထိုသူငယ်ကို မြင်ရလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့သည် သူငယ်ကို ရအပ်လေသလောဘုရား”ဟု မေးလျှောက်လေ၏။ “ဒါယကာ- ရအပ်သည် မှန်ချေ၏။ ရှင်သာမဏေ ပြုလတ္တံ့၊ ယခု ငယ်သေး၏။ သင်ဒါယကာ၏ အထံ၌သာလျှင် နေသည်ဖြစ်စေဦး”ဟု မိန့်တော်မူလျှင် ထိုဒါယကာသည် “အရှင်ဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ သူငယ်ကို သားအရာ၌ထားကာ လုပ်ကျွေးပြုစုလေ၏။

ဇဋိလ ဈေးရောင်းကောင်းခြင်း

ထိုဒါယကာ၏အိမ်၌ကား တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး စုဆောင်းအပ်သော ရောင်းချစရာ ကုန်စည်ဘဏ္ဍာသည် လွန်စွာ များပြားသည်ဖြစ်၍ ထိုဒါယကာသည် ရွာတစ်ပါးသို့ သွားလတ်သည်ရှိသော် အလုံးစုံသော ထိုကုန်စည်ဘဏ္ဍာကို အိမ်ဈေးဆိုင်သို့ဆောင်ယူ၍ သူငယ်ကို ဆိုင်၌ နေစေပြီးလျှင် ထိုထိုကုန်စည်ဘဏ္ဍာတို့၏ အဖိုးကို ပြောကြားသဖြင့် “ဤမည်,ဤမည်သောဘဏ္ဍာကို ဤမျှလောက်သော အဖိုးကိုယူ၍ ပေးလော့”ဟု ပြောပြီးလျှင် ဖဲသွားလေ၏။ ထိုနေ့၌ မြို့စောင့်နတ်တို့သည် အယုတ်သဖြင့် ငရုတ်ဇီယာမျှဖြင့်လည်း အလိုရှိကုန်သော လူတို့ကို ထိုဇဋိလသူငယ်၏သာလျှင် ဆိုင်တည်ရာသို့ ရှေးရှုကြလေအောင် စောင်မပြုလုပ်ကြလေကုန်၏။ ဇဋိလသူငယ်သည် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး စုဆောင်းအပ်သော များစွာသော ကုန်စည်ဘဏ္ဍာကို တစ်နေ့ချင်း၌သာလျှင် ရောင်းချလေ၏။ သူကြွယ်သည် ပြန်လာ၍ ဈေးဆိုင်၌ တစ်စုံတစ်ခုကိုမျှ မမြင်ရသောကြောင့် “ချစ်သား- သင်သည် အလုံးစုံသောဘဏ္ဍာကို ဖျက်ဆီးဘိသလော”ဟု ဆိုလေ၏။ “ကျွန်တော် မဖျက်ဆီးပါ၊ အလုံးစုံကို ဖခင်တို့ မှာခဲ့သောနည်းဖြင့်သာလျှင် ရောင်းချပါသည်၊ ဤရွှေငွေသည် ဤမည်သော ဘဏ္ဍာ၏တန်ဖိုး ဖြစ်ပါသည်။ ဤရွှေငွေသည် ဤမည်သော ဘဏ္ဍာ၏အဖိုး ဖြစ်ပါသည်”ဟု ပြောဆိုသည်ရှိသော် သူကြွယ်သည် ကြည်လင်သောစိတ် ရှိသည်ဖြစ်၍ “အဖိုးအတိုင်းမသိ ထိုက်တန်သော ယောက်ျားတစ်ယောက် ဖြစ်ပေ၏၊ အမှတ်မရှိသောအရပ်၌ အသက်မွေးခြင်းငှာ စွမ်းနိုင်သောသူ ဖြစ်၏”ဟု မိမိ၏အိမ်၌ အရွယ်သို့ရောက်သော သတို့သမီးကို ထိုဇဋိလအား ပေးပြီးလျှင် “ဇဋိလသတို့သားအလို့ငှာ အိမ်ကို ဆောက်လုပ်လော့”ဟု ယောက်ျားတို့ကို စေခိုင်းသဖြင့် အိမ်ပြီးသည်ရှိသော် “သင်တို့ သွားကြလေကုန်။ မိမိတို့၏အိမ်၌ နေကြလေကုန်လော့”ဟု ဆိုလေ၏။

ရွှေတောင်ပေါက်၍ သူဌေးဖြစ်ခြင်းနှင့် ရဟန်းပြုလိုခြင်း

ထိုအခါ ဇဋိလသတို့သား၏ အိမ်သို့ ဝင်သောအခါ ခြေတစ်ဖက်ဖြင့် တံခါးခုံ၌ နင်းကာမျှ၌ပင် အိမ်၏နောက်အဖို့တွင် မြေကိုဖောက်ခွဲ၍ အတောင်ရှစ်ဆယ်ရှိသော ရွှေတောင်သည် ပေါ်ပေါက်လာလေ၏။ ပြည့်ရှင်မင်းကြီးသည် “ဇဋိလသတို့သား၏အိမ်၌ မြေကိုဖောက်ခွဲ၍ ရွှေတောင်ပေါ်ပေါက်သတတ်”ဟူသော စကားကို ကြားလျှင်ကြားချင်း ဇဋိလသတို့သားအား သူဌေးတို့ဆောင်းအပ်သောထီးကို စေလွှတ်ပို့သလေ၏။ ထိုသူဌေးသည် ဇဋိလသူဌေးမည်သောသူ ဖြစ်လေ၏။ ထိုဇဋိလသူဌေးအား သားသုံးယောက် ရှိကုန်၏။ ထိုဇဋိလသူဌေးကြီးသည် ထိုသုံးယောက်သော သားတို့၏ အရွယ်သို့ရောက်လတ်သောအခါ ရဟန်းပြုခြင်းငှာ စိတ်ကိုဖြစ်စေလျက် “ငါတို့နှင့် တူမျှသော စည်းစိမ်ချမ်းသာရှိသော သူဌေးမျိုးသည် အကယ်၍ ရှိသေးသည်ဖြစ်အံ့၊ ရဟန်းပြုခြင်းငှာ ပေးကြကုန်လတ္တံ့။ အကယ်၍ မရှိသည်ဖြစ်အံ့၊ မပေးကြကုန်လတ္တံ့။ ဇမ္ဗူဒီပါကျွန်း၌ ငါတို့နှင့်တူမျှသော စည်းစိမ်ဥစ္စာရတနာ ရွှေငွေရှိသောအမျိုးသည် ရှိလေသလော”ဟု စုံစမ်းခြင်းအကျိုးငှာ ရွှေဖြင့်ပြီးသော အုပ်ကိုလည်ကောင်း၊ ရွှေဖြင့်ပြီးသော နှင်တံကိုလည်းကောင်း၊ ရွှေဖြင့်ပြီးသော ခြေနင်းကိုလည်းကောင်း ပြုစေပြီးလျှင် အချင်းယောက်ျားတို့၏ လက်၌ပေး၍ “သွားကြချေလော့။ ဤရွှေအုပ်စသည်တို့ကို ယူ၍ တစ်စုံတစ်ခုကို ကြည့်ရှုဘိသကဲ့သို့ ဇမ္ဗူဒိပ်မြေအပြင်၌ လှည့်လည်သွားလာသဖြင့် ငါတို့နှင့်တူမျှသော ဥစ္စာစည်းစိမ်ရှိသော သူဌေးမျိုး၏ ရှိသည်အဖြစ်ကိုလည်းကောင်း၊ မရှိသည်အဖြစ်ကိုလည်းကောင်း သိအောင် ပြု၍ ပြန်လာကြကုန်လော့”ဟု စေလွှတ်လေ၏။

မေဏ္ဍကသူဌေး၏အကြောင်း ကြားသိရခြင်း

ထိုအချင်း ယောက်ျားတို့သည် ခရီးလှည့်လည် သွားလာကြကုန်သည်ရှိသော် ဘဒ္ဒိယမြို့သို့ ရောက်ကြလေကုန်၏။ ထိုအခါ ထိုအချင်းယောက်ျားတို့ကို မေဏ္ဍကသူဌေးကြီးမြင်လျှင် “အမောင်တို့- အဘယ်အမှုကို ပြုကြကုန်လျက် လှည့်လည်ကြကုန်ဘိသနည်း”ဟု မေးလေသောကြောင့် “တစ်စုံတစ်ခုကို ကြည့်ရှုကာ လှည့်လည်ကြပါကုန်၏”ဟု ဆိုလတ်သည်ရှိသော် “ဤအချင်းယောက်ျားတို့အား ဤရွှေအုပ်စသည်တို့ကိုယူ၍ တစ်စုံတစ်ခုကို ကြည့်ရှုခြင်းငှာ သွားလာလှည့်လည်ခြင်း ကိစ္စသည်မရှိ၊ တိုင်းပြည်နိုင်ငံကို စုံစမ်းကြကုန်လျက် လှည့်လည်ကြပေသည်”ဟု သိသဖြင့် “ငါတို့၏ အိမ်နောက်အဖို့သို့ဝင်၍ ကြည့်ရှုကြကုန်ဦးလော့”ဟု ဆိုလေ၏။ ထိုအချင်းယောက်ျားတို့သည် ထိုအိမ်၏ နောက်အဖို့၌ ရှစ်မင်းပယ်စာမျှလောက်သော အရပ်တွင် ဆင်,မြင်း,နွားလားဥသဘ ပမာဏရှိကုန်သော ကျောက်ကုန်းတစ်ခုဖြင့် ကျောက်ကုန်းတစ်ခုကို ထိခိုက်လျက် မြေကိုဖောက်ခွဲ၍ ပေါ်ပေါက်လာကြကုန်သော အောက်တစ်ဆယ့်ရှစ်ခုမြောက်၊ မလဝဂ်၌ ဆိုအပ်ခဲ့ပြီးသော အပြားရှိကြကုန်သော ရွှေဆိပ်ရုပ်တို့ကို မြင်ရလျှင် ထိုရွှေဆိတ်ရုပ်တို့၏ အကြားအကြား၌ သွားလာလှည့်ပတ်ပြီးမှ ထွက်ခဲ့ကြလေကုန်၏။ ထို့နောက်မှ ထိုအချင်းယောက်ျားတို့ကို မေဏ္ဍကသူဌေးကြီးသည် “အမောင်တို့- အကြင်ဝတ္ထုကို ကြည့်ရှုကြကုန်လျက် လှည့်လည်ကြကုန်၏။ အသင်တို့သည် ထိုဝတ္ထုကို မြင်အပ်ပြီလော”ဟု မေးလေသောကြောင့် “အရှင်သူဌေးကြီး- မြင်ရပါကုန်ပြီ”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ သွားကြကုန်လော့”ဟု လွှတ်လိုက်လေ၏။ ထိုအချင်းယောက်ျားတို့သည် ဘဒ္ဒိယမြို့မှသာလျှင် ပြန်သွားတဲ့၍ မိမိတို့၏ ဇဋိလသူဌေးကြီးက “အမောင်တို့- အသို့နည်း၊ သင်တို့သည် ငါတို့နှင့်တူမျှသော စည်းစိမ်ချမ်းသာရှိသော သူဌေးမျိုးကို မြင်ခဲ့၏လော”ဟု ဆိုအပ်သည်ရှိသော် “အရှင်သူဌေးမင်း- သူဌေးမင်း၏ ဥစ္စာစည်းစိမ်ကား အဘယ်မျှလောက် ရှိအံ့နည်း၊ ဘဒ္ဒိယမြို့၌ မေဏ္ဍကသူဌေးကြီး၏ ဥစ္စာစည်းစိမ်ကား ဤသို့ သဘောရှိသည်မည်၏”ဟု အလုံးစုံသော ထိုအကြောင်းကို ပြောကြလေကုန်၏။

တစ်သိန်းတန်ကမ္ဗလာနှင့် ဇောတိကအိမ်ကျွန်မ

ထိုစကားကို ကြားရလျှင် ဇဋိလသူဌေးကြီးသည် ဝမ်းမြောက်လှသည်ဖြစ်၍ “ရှေးဦးစွာ တစ်ဦးသောသူဌေးမျိုးကို ရအပ်ပေပြီ၊ ဤမှတစ်ပါးသော သူဌေးသည်လည်း ရှိသေးသလော”ဟု ကြံဆလျက် အဖိုးတစ်သိန်းထိုက်သော ကမ္ဗလာကိုပေး၍ “အမောင်တို့- သွားကြချေဦးလော့၊ တစ်ပါးသော သူဌေးမျိုးကိုလည်း စူးစမ်းကြလေကုန်ဦးလော့”ဟု စေလွှတ်ပြန်လေ၏။ ထိုအချင်းယောက်ျားတို့သည် ရာဇဂြိုဟ်ပြည်သို့ သွားကြသဖြင့် ဇောတိကသူဌေးကြီး၏အိမ်မှ မနီးမဝေးသောအရပ်၌ ထင်းအစုကိုပြုလျက် မီးထည့်ကာ နေကြလေကုန်၏။ “ဤသို့ မီးထည့်ခြင်းကား အဘယ်ကြောင့်နည်း”ဟု မေးလတ်သောအခါ၌လည်း “အကျွန်ုပ်တို့အား တစ်ထည်သော အဖိုးတန်ကမ္ဗလာကို ရောင်းချလိုကြကုန်သော်လည်း ဝယ်နိုင်သောသူမရှိ၊ ယူ၍ လှည့်လည်သွားလာကြရကုန်သော အကျွန်ုပ်တို့သည်လည်း ခိုးသူတို့မှ ကြောက်လန့်ကြရကုန်၏။ ထို့ကြောင့် ထိုအဖိုးတန်ကမ္ဗလာကို မီးရှို့ပြီးမှ သွားကြကုန်တော့အံ့”ဟု ဆိုကြလေကုန်၏။

ထိုအခါ ထိုအချင်းယောက်ျားတို့ကို ဇောတိကသူဌေးကြီး မြင်လျှင် “ဤသူတို့ကား အဘယ်အမှုကို ပြုလုပ်ကြကုန်ဘိသနည်း”ဟု မေးသောကြောင့် ထိုအကြောင်းကို ကြားသိရသဖြင့် ခေါ်စေပြီးလျှင် “ကမ္ဗလာသည် အဘယ်မျှ အဖိုးထိုက်တန်သနည်း”ဟု မေးမြန်းလေ၏။ “အဖိုးတစ်သိန်း ထိုက်တန်ပါသည်”ဟု ဆိုလျှင် တစ်သိန်းသော ဥစ္စာကို ပေးစေ၍ “တံခါးမုခ်ကို တံမြက်လှည်းပြီးလျှင် တံမြက်ချေးကို စွန့်ပစ်ရသော အိမ်ကျွန်မကို ပေးကြကုန်လော့”ဟု ထိုကုန်သည်တို့၏လက်၌သာလျှင် စေလွှတ်လေ၏။ ထိုအိမ်ကျွန်မသည် ကမ္ဗလာကိုယူပြီးလျှင် ငိုကြွေးလျက် သခင်ဖြစ်သော သူဌေးကြီး၏အထံသို့သွား၍ “အရှင် သူဌေးမင်း- အပြစ်ရှိသည်ရှိသော် ကျွန်မကို ရိုက်နှက်ခြင်းငှာ မသင့်ပါသလော၊ အဘယ့်ကြောင့် ကျွန်မအား ဤသို့ သဘောရှိသော ရုန့်ရင်းကြမ်းတမ်းသော ကမ္ဗလာကို ပို့ခိုင်းပါသနည်း။ ကျွန်မသည် အဘယ်သို့သော အကြောင်းဖြင့် ဤကမ္ဗလာကို ဝတ်မူလည်း ဝတ်နိုင်ပါအံ့နည်း၊ ရုံမူလည်း ရုံနိုင်ပါအံ့နည်း”ဟု ပြောကြားလေ၏။ “ငါသည် သင့်အား ထိုဝတ်ခြင်း, ရုံခြင်းငှာ ပို့လိုက်သည်မဟုတ်၊ ဤကမ္ဗလာကို ရစ်ပတ်၍ သင်၏ အိပ်ရာအနီး၌ ထားပြီးလျှင် အိပ်သောအခါ နံ့သာရည်ဖြင့် ဆေးအပ်ကုန်ပြီးသော ခြေတို့ကို သုတ်စရာအကျိုးငှာ သင့်အထံသို့ ပို့ခိုင်းလိုက်၏။ အသို့နည်း၊ ဤသို့ ခြေသုတ်စရာကိုသော်လည်း ပြုခြင်းငှာ မတတ်နိုင်ဘိသလော”ဟု ဆိုလတ်သည်ရှိသော် ထိုအိမ်ကျွန်မသည် “ဤသို့ ခြေသုတ်စရာကို ပြုခြင်းငှာ တတ်နိုင်ပါသည်”ဟု ဆို၍ ယူသွားလေ၏။

ဇဋိလသူဌေးကြီး ရဟန်းပြုရန် ခွင့်တောင်းခြင်း

ထိုဇဋိလသူဌေး စေလွှတ်သော အချင်းယောက်ျားတို့သည်လည်း ထိုအမူအရာကို မြင်ရလျှင် မိမိ၏သူဌေး ဇဋိလအထံသို့ သွားရောက်သဖြင့် “အမောင်တို့- အသို့နည်း၊ သင်တို့သည် သူဌေးမျိုးကို မြင်ခဲ့၏လော”ဟု မေးသည်ရှိသော် “အရှင်သူဌေးမင်း- အရှင်သူဌေးမင်းတို့အား စည်းစိမ်ချမ်းသာသည် အဘယ်မျှ ရှိအံ့နည်း၊ ရာဇဂြိုဟ်ပြည်၌ ဇောတိကသူဌေးကြီးအား ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာမည်သည် ရှိပါသည်”ဟု အလုံးစုံသောအိမ်၌ ပြည့်စုံသော စည်းစိမ်ချမ်းသာကို ပြောကြား၍ ထိုကမ္ဗလာ အကြောင်းအရာကို ပြောကြားကြလေကုန်၏။ ဇဋိလသူဌေးကြီးသည် ထိုအချင်းယောက်ျားတို့၏ စကားကို ကြားရလျှင် ကြည်လင်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ “ယခုအခါ ရဟန်းပြုခြင်းငှာ ရပေတော့လတ္တံ့”ဟု ပြည့်ရှင်မင်းကြီး၏အထံသို့သွား၍ “အရှင်မင်းကြီး- ရဟန်းပြုခြင်းငှာ အလိုရှိပါသည်”ဟု လျှောက်တင်လေ၏။ မင်းကြီးသည် “သူဌေးကြီး- ကောင်းလှပေ၏၊ ရဟန်းပြုလေလော့”ဟု ခွင့်ပြုအပ်သည်ရှိသော် ဇဋိလသူဌေးကြီးသည် အိမ်သို့သွားပြီးလျှင် သားတို့ကိုခေါ်စေ၍ ရွှေအရိုးရှိသော ဝဇိရစိန်အသွားရှိသော (စိန်သွားတပ်သော) ပေါက်တူးကို သားအကြီး၏ လက်၌ထား၍ “ချစ်သား- အိမ်နောက်အဖို့၌ရှိသော ရွှေတောင်မှ ရွှေအစိုင်အခဲကို ထုတ်ဆောင်ချေလော့”ဟု ဆိုလေ၏။

သားအငယ်အား အမွေပေးခြင်း

ထိုသားကြီးသည် ပေါက်တူးကိုယူ၍ သွားပြီးလျှင် ရွှေတောင်ကို ပေါက်ခွဲဖဲ့ယူလေ၏။ ကျောက်အပြင်၌ ပေါက်ခွဲရသောအခါကဲ့သို့ ဖြစ်လေ၏။ ထိုသားကြီးလက်မှ ပေါက်တူးကိုယူ၍ သားအလတ်၏လက်၌ ပေးပြီးလျှင် စေလွှတ်ပြန်လေ၏။ ထိုသားလတ်အားလည်း ရွှေတောင်ကို ပေါက်ခွဲလတ်သည်ရှိသော် ကျောက်အပြင်၌ ပေါက်ခွဲရသောအခါကဲ့သို့ ဖြစ်ပြန်လေ၏။ ထိုအခါ ပေါက်တူးကို အငယ်ဆုံးဖြစ်သော သား၏လက်၌ပေး၍ စေလွှတ်ပြန်လေ၏။ ထိုသားငယ်အား ပေါက်တူးကိုယူ၍ ပေါက်ခွဲဖဲ့ယူပြီးလျှင် အစုအပုံ ပြုအပ်သည်ရှိသော် မြေညက်ကို ပေါက်ခွဲရသောအခါကဲ့သို့ ဖြစ်လေ၏။ ထိုအခါ သားငယ်ကို ဇဋိလသူဌေးကြီးသည် “ချစ်သား- လာလှည့်၊ ဤမျှအတိုင်းအရှည်ဖြင့် ငါ့သားအား ထိုက်တန်ပေ၏”ဟု ဆိုပြီးလျှင် ထိုမှတစ်ပါး နောင်တော်နှစ်ယောက်တို့ကို ခေါ်စေ၍ “ဤရွှေတောင်သည် သင်တို့အကျိုးငှာ ပေါ်သည်မဟုတ်၊ ငါ၏လည်းကောင်း၊ သားငယ်၏လည်းကောင်း အကျိုးငှာ ဖြစ်ပေါ်၏။ ဤသားငယ်နှင့်အတူတကွ တစ်ပေါင်းတည်း ဖြစ်ကြ၍ သုံးဆောင်ခံစားရစ်ကြကုန်လော့”ဟု မှာကြားမြွက်ဆိုလေ၏။

ရေမျှောခံရကြောင်း အတိတ်ကံ

အဘယ့်ကြောင့် ထိုရွှေတောင်သည် ထိုသူနှစ်ဦးတို့၏ အကျိုးငှာသာလျှင် ဖြစ်လေဘိသနည်း။ အဘယ့်ကြောင့်လျှင် ဇဋိလသူဌေးသည် ဖွားမြင်စဖြစ်သောကာလ ရေ၌ ချအပ်လေဘိသနည်းဟု ဆိုငြားအံ့။ မိမိ၏ ပြုအပ်သောကံကြောင့်သာလျှင် ဖြစ်ကုန်၏။ ထိုအကြောင်းကို ချဲ့ဦးအံ့။ ကဿပမြတ်စွာဘုရား၏ စေတီတော်ကြီး တည်အပ်သည်ရှိသော် ရဟန္တာတစ်ပါးသည် စေတီတည်ရာအရပ်သို့ သွားရောက်၍ ကြည့်ရှုတော်မူပြီးလျှင် “ဒါယကာတို့- အဘယ့်ကြောင့် စေတီတော်ကြီး၏မြောက်ဘက် မျက်နှာမုခ်ဝ၌ (နံရံအုတ်စီ) မတက်သေးသနည်း”ဟု မေးတော်မူလေ၏။ “အရှင်ဘုရား- ရွှေမလောက်ငပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ “ငါသည် ရွာတွင်းသို့ဝင်၍ တိုက်တွန်းနှိုးဆော်ပေအံ့၊ သင်ဒါယကာတို့သည် ရိုသေကောင်းမွန်စွာ လက်အမှုကို ပြုလုပ်ကြကုန်လော့”ဟု မိန့်မြွက်တော်မူလေ၏။ ထိုရဟန္တာအရှင်မြတ်သည် ဤသို့ မိန့်မြွက်တော်မူပြီးလျှင် မြို့တွင်းသို့ ကြွဝင်တော်မူသဖြင့် “ဒါယကာ ဒါယိကာမတို့- သင်တို့၏ စေတီတော်ကြီး၏ တစ်ခုသော မျက်နှာမုခ်ဝ၌ ရွှေမလောက်င။ ရွှေကို သိကြကုန်လော့”ဟု များစွာသောလူအပေါင်းကို ကောင်းစွာ တိုက်တွန်းနှိုးဆော်တော်မူလျက် ရွှေပန်းထိမ်သည်၏အိမ်သို့ ကြွသွားတော်မူလေ၏။ ရွှေပန်းထိမ်သည်သည်လည်း ထိုခဏ၌သာလျှင် မယားနှင့်တကွ ခိုက်ရန်ဒေါသပြု၍ နေခိုက်ဖြစ်၏။ ထိုအခါ ပန်းထိမ်သည်ယောက်ျားကို ရဟန္တာမထေရ်သည် “စေတီတော်၌ သင်ဒကာတို့သည် ယူအပ်သော မျက်နှာမုခ်ဝအား ရွှေမလောက်ငသော အခြင်းအရာကို သိခြင်းငှာသင့်၏”ဟု မိန့်မြွက်တိုက်တွန်းတော်မူလေ၏။ ရွှေပန်းထိမ်သည်သည် မယားအပေါ်၌ အမျက်ဒေါသထွက်သည်၏အစွမ်းဖြင့် “အရှင်ဘုရား၏ဘုရားကို ရေ၌ပစ်၍ ကြွတော်မူလော့”ဟု ဆိုလေ၏။ ထိုအခါ ထိုရွှေပန်းထိမ်သည်ကို မယားက “သင်ကား အလွန်ကြမ်းကြုတ်သော မကောင်းမှုကံကို ပြုဘိ၏၊ ငါ့အား အမျက်ထွက်သော သင်သည် ငါ့ကိုသာလျှင် ဆဲမူလည်း ဆဲရေးအပ်၏၊ ပုတ်ခတ်မူလည်း ပုတ်ခတ်အပ်၏၊ အဘယ့်ကြောင့် အတိတ်,အနာဂတ်,ပစ္စုပ္ပန် ဖြစ်တော်မူကုန်သော သဗ္ဗညုမြတ်စွာဘုရားတို့၌ ရန်ပြုဘိသနည်း”ဟု ဆိုလေ၏။

ရွှေတောင် ပေါက်ရကြောင်း အတိတ်ကံ

ရွှေပန်းထိမ်သည်သည် ထိုခဏ၌သာလျှင် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ “အရှင်ဘုရား- တပည့်တော်အား သည်းခံတော်မူကြပါဘုရား”ဟု ဆို၍ မထေရ်မြတ်၏ခြေတော်ရင်း၌ ဝပ်လေ၏။ “ဒါယကာ- ငါ့ကို သင်သည် တစ်စုံတစ်ခွန်းသော စကားကို ပြောဆိုသည်မဟုတ်၊ ငါတို့ဆရာ ဘုရားမြတ်စွာကို တောင်းပန်ကန်တော့ချေလော့”ဟု မိန့်ဆိုတော်မူလျှင် “အရှင်ဘုရားတို့ အဘယ်သို့ပြု၍ တောင်းပန်ကန်တော့ရမည်နည်းဘုရား”ဟု လျှောက်လေ၏။ “ဒါယကာ- ရွှေဖြင့်ပြီးသော ပန်းပွင့်တို့ဖြင့် ပြည့်သော သုံးခုသော ပန်းအိုးတို့ကို ပြုလုပ်ပြီးလျှင် ဓာတ်တော် ကိန်းဝပ်ရာ ဌာပနာတိုက်၏အတွင်း၌ ထည့်သွင်း၍ စိုစွတ်သောအဝတ်ကို ဝတ်သည်၊ စိုစွတ်သော ဆံပင်ရှိသည်ဖြစ်၍ တောင်းပန်ကန်တော့ချေ ဒါယကာ”ဟု မိန့်ဆိုလေ၏။ ထိုရွှေပန်းထိမ်သည်သည် “အရှင်ဘုရား- ကောင်းလှပါပြီဘုရား”ဟု လျှောက်ဆိုပြီးလျှင် ရွှေပန်းပွင့်တို့ကို ပြုလုပ်သည်ရှိသော် သုံးယောက်သော သားတို့တွင် သားအကြီးကို ခေါ်စေသဖြင့် “ချစ်သား- လာဦးလော့၊ ငါသည် မြတ်စွာဘုရားကို ရန်မူသောစကားဖြင့် ပြစ်မှားပြောဆိုမိချေပြီ၊ ထို့ကြောင့် ဤရွှေတို့ကို ပန်းပွင့်ပြုလုပ်၍ ဓာတ်တော်ကိန်းဝပ်ရာ ဌာပနာတိုက်၌ ထည့်သွင်းကာ တောင်းပန်ကန်တော့ပေအံ့၊ သင်သည်လည်း ငါ၏အဖော် ဖြစ်ချေလော့”ဟု ဆိုလေ၏။ ထိုသားအကြီးက “မြတ်စွာဘုရားကို ကျွန်တော်သည် ရန်မူသောစကားကို မဆိုမိပါ၊ သင်-ဖခင်တစ်ယောက်တည်းသာလျှင် ပြုလုပ်ပါလော့”ဟု ဆိုသဖြင့် ကူညီပြုလုပ်ခြင်းငှာ အလိုမရှိ။ သားအလတ်ကိုခေါ်၍ ထို့အတူသာလျှင် ပြောဆိုပြန်လေ၏။ သားအလတ်သည်လည်း ထိုသားကြီးအတူသာလျှင် ဆိုတဲ့၍ ကူညီပြုလုပ်ခြင်းငှာ အလိုမရှိခဲ့လေသတည်း။

သားငယ် အမွေရကြောင်း အတိတ်ကံ

သားအငယ်ကိုခေါ်၍ ပြောဆိုပြန်၏။ ထိုသားအငယ်သည် “မိခင်ဖခင်အား ဖြစ်ပေါ်လာသော ကိစ္စမည်သည် သားသမီး၏တာဝန် ဖြစ်ပေသည်”ဟု ဆိုသဖြင့် ဖခင်၏ ကူညီဖော်ဖြစ်၍ ရွှေပန်းပွင့် ပန်းခိုင်တို့ကို ပြုလုပ်လေ၏။ ရွှေပန်းထိမ်သည်သည် တစ်ထွာ အတိုင်းအရှည်ရှိသော ပန်းပွင့်ပန်းခိုင်တို့ဖြင့်ပြည့်သော သုံးခုသော ပန်းအိုးတို့ကို ပြီးစေပြီးလျှင် ဓာတ်တော်ကိန်းဝပ်ရာ ဌာပနာတိုက်၌ ထည့်သွင်း၍ စိုစွတ်သောအဝတ်ကို ဝတ်သည်၊ စိုစွတ်သောဆံရှိသည်ဖြစ်၍ မြတ်စွာဘုရားကို တောင်းပန်ကန်တော့လေ၏။ ဤသို့သော ရှေးကံအကြောင်းကြောင့် ထိုဇဋိလသူဌေးသည် ခုနစ်ကြိမ်တိုင်အောင် ဖွားမြင်စဖြစ်သောကာလ ရေချခြင်း(မျှောခြင်း)ကို ခံရရှာလေ၏။ ဇဋိလသူဌေး၏ ဤခန္ဓာအတ္တဘောသည် အဆုံးစွန်သောဘဝ၌တည်သော ခန္ဓာအတ္တဘော ဖြစ်၏။ ဤနောက်ဆုံးဘဝ အတ္တဘော၌လည်း ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့်သာလျှင် ရေ၌ မျှောချအပ်ပေ၏။ ထိုဇဋိလသူဌေးကြီး၏ နှစ်ယောက်ကုန်သော အစ်ကိုဖြစ်ကုန်သော အကြင်သားတို့သည် ရွှေပန်းကုံး ပန်းပွင့်တို့ကို ပြုလုပ်သောအခါ ကူညီဖော်ဖြစ်ခြင်းငှာ အလိုမရှိကြလေကုန်။ ထိုအကြောင်းကြောင့် ရွှေတောင်သည် ထိုသားကြီးနှစ်ယောက်တို့အလို့ငှာ ဖြစ်ပေါ်လာသည် မဟုတ်၊ သားအငယ်အလို့ငှာကား တကွနက်ပြုအပ်သော ကောင်းမှုကံ ရှိသည်၏အဖြစ်ကြောင့် ဖြစ်ပေါ်လာလေ၏။

ဇဋိလမထေရ် ရဟန္တာဖြစ်ခြင်း

ဤသို့ ဇဋိလသူဌေးကြီးသည် သားတို့ကို “သားငယ်နှင့် အတူနေ၍ သုံးဆောင်ကြ”ဟု ဆုံးမပဲ့ပြင် သွန်သင်ပြီးလျှင် မြတ်စွာဘုရား၏အထံတော်၌ ရဟန်းပြုသဖြင့် နှစ်ရက်,သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ မြတ်စွာဘုရားသည် တစ်ပါးသောအခါ၌ ရဟန်းငါးရာတို့နှင့် အတူတကွ ဆွမ်းအလို့ငှာ လှည့်လည်တော်မူလတ်သည်ရှိသော် ထိုဇဋိလမထေရ်၏ သားတို့၏ အိမ်တံခါးသို့ ရောက်သွားတော်မူလေ၏။ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား လခွဲပတ်လုံး ဆွမ်းဟူသော အာဟာရကို လှူဒါန်းဆက်ကပ်ကြလေကုန်၏။ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်ဇဋိလ- သင်အား ယနေ့တိုင်အောင်လည်း အတောင်ရှစ်ဆယ် အတိုင်းအရှည်ရှိသော ရွှေတောင်၌လည်းကောင်း၊ သားတို့၌လည်းကောင်း တပ်ခြင်းတဏှာသည် ရှိသလော”ဟု စကားကို ဖြစ်စေကြလေကုန်၏။ “ငါ့ရှင်တို့- အကျွန်ုပ်အား ထိုရွှေတောင်နှင့် သားတို့၌ တပ်ခြင်းတဏှာသည်လည်းကောင်း၊ မာန်မာနထောင်လွှားခြင်းသည်လည်းကောင်း မရှိပါ”ဟု ပြောဆိုလတ်သည်ရှိသော် ထိုရဟန်းတို့သည် “ဤဇဋိလမထေရ်သည်ကား မဟုတ်မမှန်သော စကားကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားဘိ၏”ဟု ပြောဆိုကြလေ၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူရလျှင် “ချစ်သားရဟန်းတို့- ငါ့သားတော် ဇဋိလမထေရ်အား ထိုရွှေတောင်နှင့် သားတို့၌ တပ်ခြင်းတဏှာသည်လည်းကောင်း၊ ထောင်လွှားခြင်း မာန်မာနသည်လည်းကောင်း မရှိ”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၄၁၆] ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာ ဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓ၊ ဤလောက၌။ တဏှံ၊ တပ်ခြင်းတဏှာကို။ ပဟန္တွာန၊ ပယ်စွန့်၍။

(ခြောက်ဒွါရ၌ဖြစ်သော တဏှာကိုလည်းကောင်း၊ မာနကိုလည်းကောင်း ပယ်သည်ဟူလို။)

အနာဂါရော၊ အိမ်ရာမထောင် လူ့ဘောင်စွန့်ခွာသည်ဖြစ်၍။ ပရိပဗ္ဗဇေ၊ ရဟန်းတရား ပြုကျင့်၏။ တဏှာဘဝပရိက္ခီဏံ၊ တဏှာနှင့် ဘဝကုန်ခန်းပြီးသော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဇဋိလမထေရ်ဝတ္ထုပြီး၏။