ဇရာမရဏဆင်ခြင်ရန်
၁။ ရေသားတွန့်လိမ်၊ စားမမြိန်၊ သွားချိန်ကာလ - တန်ချေပြီ။
၂။ ပါးရေလိပ်လိပ်၊ သားရေအိတ်၊ အဆိပ်ဘယ်မှာ-မရှိပြီ။
၃။ ကြောပြိုင်းထကာ၊ ရွံစရာ၊ မှန်စွာအတိ-ဖြစ်ခဲ့ပြီ။
၄။ ရိုးကားခေါ့ခေါ့၊ ကုန်းကြော့ကြော့၊ ပြော့ပြော့ခွေကာ- လဲချေပြီ။
၅။ အရေအသား၊ ခန်းခြောက်ငြား၊ ခါးကိုင်း နားထိုင်း− ဖြစ်ချေပြီ။
၆။ အစားမမြိန်၊ သားရေလိမ်၊ သွားချိန်ကာလ-တန်ချေပြီ။
၇။ သွားကား ဘယ် ညာ၊ မရှိပါ၊ စားရှာချင်လျက် ငတ်လေပြီ။
၈။ အရိုးခေါက်ခက်၊ သွားလိုလျက်၊ သက်သက်ခုဝယ်- လဲချေပြီ။
၉။ အိပ်ရာထဲဝယ်၊ လူးလယ်လယ်၊ ထက်ဝယ်ဖွဲ့ခွေ- နေချေပြီ။
၁၀။ မရဏဇော၊ ဤသဘော၊ ဆောဆောလျင်စွာ - ပါတော့မည်။
၁၁။ ကျင်ငယ် ကျင်ကြီး၊ ယိုကျစီး၊ သက်ကြီး ရှိုက်ငင်- ပန်းခဲ့ပြီ။
၁၂။ စကားမပြော၊ တုဏှီဘော၊ မော၍တခါ-လဲချေပြီ။
၁၃။ မရဏမင်း၊ နှိပ်စက်ခြင်း၊ အတင်းမဓန- ခေါ်ချေပြီ။
၁၄။ ခေါ်၍ငင်ကာ၊ ဆွဲကြရှာ၊ မှန်စွာခုဝယ်-ပေါ်ချေပြီ။
၁၅။ အပုပ်ဖြစ်ခါ၊ အသုဘာ၊ ဝေးစွာလူများ- ပြေးချေပြီ။
၁၆။ ထွက်ပြေး၍သာ၊ ကွယ်ထောင့်ရာ၊ ရှောင်ကာလူများ- သွားချေပြီ။
၁၇။ မီး၌ဖုတ်ကာ၊ မြေမြှုပ်ကာ၊ သည်မှာပစ်၍-သွားချေပြီ၊
၁၈။ မရဏာသန္န၊ မှုတ်ချက်ကျ၊ ဆွဲချယူငင်—ခေါ်ချေပြီ။
၁၉။ ရွှေငွေ အသပြာ၊ ထုတ်၍သာ၊ ဝယ်ကာ မရပြီ။
၂၀။ အမိအဘ၊ ဆွေမျိုးစ၊ ဆွဲထ ယူငင်-မရပြီ။
၂၁။ ဆွေမျိုးတစ၊ ပူဒုက္ခ၊ ရင်ဝ ထုကာ-လဲချေပြီ။
၂၂။ ငိုကာငိုကာ၊ တစာစာ၊ ဘယ်မှာပြန်၍- မကြည့်ပြီ။
၂၃။ မိဘမယား၊ ပစ်ခါသွား၊ လားလားတွယ်တာ-မရှိပြီ။
၂၄။ အိမ်သို့ ပြန်သွား၊ သားမယား၊ အိမ်ကား ဟောင်းလောင်း တွေ့ချေပြီ။
၂၅။ ကသီလင်တ၊ ပူဆွေးရ၊ ဒုက္ခကြီးကျယ်—ခံရပြီ။
၂၆။ မျက်ရည် စက်လက်၊ သုံးလေးရက်၊ သက်သက်အစာ မစားပြီ။
၂၇။ ငါးရက်ခန့်ကျော်၊ ခြောက်ရက်ပေါ်၊ ပျော်ပျော်ပါးပါး ရှိချေပြီ။
၂၈။ ရွှင်ပျော်ပျော်ပါး၊ နေနိုင်ငြား၊ လားလားသတိ- မရပြီ။
၂၉။ ခလုတ်ထိမှ၊ အမိတ၊ မှန်လှဧကန်-မလွဲပြီ။
၃၀။ ချောက်ကမ်းနားတွင်၊ သစ်ပင်သွင်၊ ခုပင်မကြာ- လဲချေမည်။
၃၁။ ခုနေ့နက်ဖန်၊ သေရမှန်၊ ဧကန်မချွတ်-မြဲတော့မည်။
၃၂။ မုန်ညင်းဆန်သား၊ ပွတ်ဆောက်ဖျား၊ တင်ထားခုဝယ် ကျချေပြီ။
၃၃။ အသက်ခန္ဓာ၊ မရဏာ၊ မှန်စွာမလွဲ-သေတော့မည်။
၃၄။ အနိစ္စနှင့်၊ ဒုက္ခတရား၊ ခုလိုများ၊ လားလားမမြဲပြီ။
၃၅။ အနတ္တရေး၊ သာလို့ဝေး၊ သေဘေးကိုများ မကြောက်ပြီး
၃၆။ နောင်သံသရာ၊ ခံရရှာ၊ ကမ္ဘာရှည်လျား–ချေတော့မည်။
၃၇။ လွန်မှတခါ၊ ပြုချင်ရှာ၊ ဘယ်မှာအခွင့် မရပြီ။
၃၈။ နောင်တကိုသာ၊ နောက်မှသာ၊ ပြန်ကာပြန်ကာ- တတတ်သည်။
၃၉။ သင်္ဘောပမာ၊ ဤသည့်စာ၊ အောင်ချာနိဗ္ဗူ - ချဉ်းလိမ့်သောဝ်။
၄၀။ ပစ္စဝေက္ခဏာ၊ တတီယာ၊ ဤခါအောင်မြေ-နင်းလိမ့်သောဝ်။
၄၁။ မမပုညံ၊ ကုသလံ၊ နိဗ္ဗာန်ရွှေရောင်- လင်းလိမ့်သောဝ်၊
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |