မာတိကာသို့ ခုန်သွားရန်

ဇုဏှဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၅၆။ ဇုဏှဇာတ် (၂)
1247ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၅၆။ ဇုဏှဇာတ် (၂)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဧကာဒသကနိပါတ်

၂။ ဇုဏှဇာတ်

ကတိသစ္စာတည်သော ဇုဏှမင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သုဏောဟိ မယှံ ဝစနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဇုဏှဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်ရှိသော် အာနန္ဒာမထေရ်သည် ရအပ်သော ဆုရှစ်ပါးတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု...

ဥပဋ္ဌာကရဟန်း မမြဲကြောင်း

ထိုစကားကို ချဲ့ဦးအံ့။ ပဌမဗောဓိ၌ အဝါနှစ်ဆယ်တို့ပတ်လုံး ဘုရားသခင်အား အမြဲ လုပ် ကျွေးသောသူ မရှိကုန်၊ ရံခါ နာဂသမာလထေရ် လုပ်ကျွေး၏။ ရံခါ နာဂိတထေရ် လုပ်ကျွေး၏။ ရံခါ ဥပဝါဏထေရ် လုပ်ကျွေး၏။ ရံခါ သုနက္ခတ်ရဟန်း လုပ်ကျွေး၏။ ရံခါ စုန္ဒရဟန်း လုပ်ကျွေး၏။ ရံခါ နန္ဒရဟန်း လုပ်ကျွေး၏။ ရံခါ သာဂတမထေရ်လုပ်ကျွေး၏။ ရံခါ မေဃိယထေရ် လုပ် ကျွေး၏။ ထိုအခါဝယ် တစ်နေ့သ၌ ဘုရားသခင်သည် ရဟန်းတို့ကို မိန့်တော်မူ၏။ ရဟန်းတို့ ယခုအခါဝယ် ငါဘုရားသည် ကြီးရင့်တော်မူပြီ၊ အချို့ကုန်သော ရဟန်းတို့သည် ဤခရီးဖြင့် သွားကုန်အံ့ဟု ဆိုသော်လည်း တစ်ပါးသော ခရီးဖြင့်သာ သွားကုန်၏။ အချို့သောရဟန်းတို့သည် ငါဘုရား၏ သပိတ်သင်္ကန်းတို့ကို မြေ၌ချကုန်၏။ ငါဘုရားကို အမြဲလုပ်အံ့သော တစ်ယောက်သောရဟန်းကို သိကြကုန်ဟု မိန့်တော်မူ၏။

(ဘုရားသခင်သည် ဤခရီးဖြင့် သွားကုန်အံ့ဟု မိန့်တော်မူလျက် ဖျက်၍ တစ်ပါးသောခရီးသို့ သွားသည်ကား ရှင်နာဂသမာလ မထေရ်တည်း၊ ဘုရားသခင်၏ သပိတ် သင်္ကန်းတော်ကို မြေ၌ ချထား၍ သွားသည်ကား မေဃိယမထေရ်တည်း။ )

ဘုရားရှင့်စကား နားမထောင်ကြ

မြတ်စွာဘုရားသည် အခါတစ်ပါး၌ ရှင်နာဂသမာလထေရ်နှင့် အဓွန့်ရှည်သော ခရီးသို့ သွားသည်ရှိသော် ခရီးနှစ်ကြောင်းကွဲရာ အရပ်သို့ ရောက်တော်မူလေ၏။ နာဂသမာလထေရ်လည်း ခရီးမှဖဲကြဉ်၍ အရှင်ဘုရား အကျွန်ုပ်ကား ဤခရီးတစ်ကြောင်းဖြင့် သွားပါအံ့ ဟု လျှောက်၏။ ဘုရားရှင်လည်း မသွားလေလင့်၊ ဤခရီးဖြင့်သာ သွားကြကုန်အံ့ဟု မိန့်တော်မူ၏။ နာဂသမာသထရ်လည်း ဘုရားသခင်၏ သပိတ်သင်္ကန်းတော်ကို မြေ၌ချထား၍ ခရီးတစ်ကြောင်းဖြင့်သာ သွားလေ၏။ ထိုမထေရ်၏ သပိတ်သင်္ကန်းတို့ကို ခိုးသူတို့သည် လုယူကုန်ပြီး၍ ဦးခေါင်းကွဲအောင် ပုတ်ခတ်ကုန်၏။ မထေရ်လည်း ဘုရားရှင်မှတစ်ပါး ငါ၏ ကိုးကွယ်ရာ မရှိ ဟု သွေးယိုစီးလျက် အထံတော်သို့လာ၏။ ဘုရားရှင် မေးတတ်မူလတ်သော် ထိုအကြောင်းကိုလျှောက်၏။ ဘုရားရှင်လည်း ချစ်သားရဟန်း... မစိုးရိမ်လင့်၊ ဤအကြောင်းကိုမြင်၍ သင့်အား တားမြစ်သည် မဟုတ်လောဟု နှစ်သိမ့်စေတော်မူ၏။

တရံရောအခါ၌ မေဃိယမထေရ်နှင့်တကွ သားတို့နေရာဖြစ်သော အရှေ့ဝါးတော၌ ဇန္တုမည်သော ရွာငယ်တစ်ခုသို့ သွားလေ၏။ မေဃိကမထေရ်ကား ထိုရွာ၌ ဆွမ်းခံ၍ မြစ်နား၌ နှလုံးမွေ့လျော်ဖွယ်သော သရက်ဥယျဉ်တောကို မြင်လေသော် အရှင်ဘုရား၏ သပိတ်သင်္ကန်းတော်ကို ယူကုန်လော့၊ အကျွန်ုပ်ကား ဤသရက်ဥယျာဉ်၌ ရဟန်းတရားကို အားထုတ်အံ့ဟု ဆို၏။ ဘုရားရှင်လည်း သုံးကြိမ်မြောက်အောင် မြစ်တော်မူသော်လည်း နားမထောင်မူ၍ သွားလေ၏။ ထိုမထေရ်အား အကုသလဝိတက်သည် နှိပ်စက်ရကား တစ်ဖန်ပြန်၍ ထိုအကြောင်းကို ဘုရားရှင်အား လျောက်ထား၏။ ဘုရားရှင်လည်း ဤအကြောင်းကို ငါသိမြင်တော်မူ၍ မြစ်မူသည်မဟုတ်လော ဟု မိန့်တော်မူ၏။

ဥပဋ္ဌာက ရဟန်းလို

အစဉ်အတိုင်း သာဝတ္ထိပြည်သို့ ရောက်တော်မူလျှင် ထိုသာဝတ္ထိပြည်၌ ရဟန်းသံဃာ ခြံရံလျက် ဂန္ဓကုဋိတိုက်၌ ခင်းအပ်သော မြတ်သော ဘုရားနေရာ၌ နေတော်မူ၍ ချစ်သားရဟန်းတို့... ယခု ငါကား ကြီးရင့်ပြီ၊ အချို့သောရဟန်းတို့အား ဤခရီးဖြင့်သွားကုန်ဟု ငါဆိုလျက် ခရီးတစ်ပါးဖြင့်သာ သွားလေကုန်၏။ အချို့သော ရဟန်းကား ငါ၏ သပိတ်သင်္ကန်းတို့ကို ချထားကုန်ဘိ၏။ ငါ့အား မပြတ်လုပ်ကျွေးအံ့သောသူကို သိကြကုန် ဟု မိန့်တော်မူလျှင် ရဟန်းတို့အား ဓမ္မသံဝေဂဖြစ်၏။

လက်ခံတော်မမူ

ထိုအခါ အရှင်သာရိပုတ္တရာသည် ထ၍ ရှိခိုးလျက် ဘုန်းတော်ကြီးသော ရှင်ပင်ဘုရား အကျွန်ုပ်ကား ဘုရားရှင်ကို တောင့်တလျက် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတို့ကိုဖြည့်၏။ အကျွန်ုပ်ကဲ့သို့ ပညာကြီးသောသူသည် လုပ်ကျွေးအပ်၏။ အကျွန်ုပ်လျှင် လုပ်ကျွေးပါအံ့ ဟု ရွှေနားတော်လျှာက်၏။ ဘုရားရှင်လည်း ချစ်သား သာရိပုတ္တရာ မသင့်၊ အကြင်အရပ်၌ သာရိပုတ္တရာနေ၏။ ထိုအရပ်ကား ဆိတ်ညံ့ခြင်းမရှိ၊ သာရိပုတ္တရာ၏ အဆုံး အမသည်ကား ငါဘုရား၏ အဆုံးအမနှင့်တူ၏။ သာရိပုတ္တရာကား လုပ်ကျွေးဖွယ်ကိစ္စမရှိ ဟု ပယ်တော်မူ၏။ ဤသို့သောနည်းဖြင့် မဟာမောဂ္ဂလာန် အစရှိသော မဟာသဝကတို့ကိုလည်း ပယ်တော်မူ၏။

အရှင်အာနန္ဒာကား ဆိတ်ဆိတ်နေ၏။ သံဃာတို့လည်း ငါ့ရှင်အာနန္ဒာ သံဃာတို့သည် အလုပ်အကျွေးအရာကို တောင်းကြကုန်ပြီ၊ အရှင်အာနန္ဒာလည်း တောင်းလော့ ဟု ဆိုကုန်၏။ ရှင်အာနန္ဒာလည်း အရှင်တို့ တောင်း၍ ရသော အရာအထူးသည်အား အသို့လျှင်ဖြစ်သနည်း၊ အကျွန်ုပ်ကိုလည်း ဘုရားသခင် မြင်တော်မူသည်ပင်၊ အလိုတော်ရှိက အာနန္ဒာ ငါ့ကို လုပ်ကျွေးဘိလော့ ဟု မိန့်တော်မူလတ္တံ့ဟု ဆို၏။ ဘုရားရှင်လည်း ချစ်သားတို့ အာနန္ဒာကို သူတစ်ပါးတို့ မတိုက်တွန်းရပြီ၊ မိမိအလိုလိုသိ၍ ဘုရားကို လုပ်ကျွေးလတ္တံ့ ဟု မိန့်တော်မူ၏။ (ဤကား ဧကကနိပါတ် အင်္ဂုတ္တိုရ် အဋ္ဌကထာ)

အရှင်ဘုရားကို အကျွန်ုပ်သည် လုပ်ကျွေးပါအံ့ ဟု ဦးခေါင်း၌ လက်အုပ်ကိုတင်၍ ထကုန်သော သာရိပုတ္တရာမထေရ် အစရှိသည်တို့ကို သင်တို့၏ ဆုတောင်းခြင်းသည် အပြီးသို့ရောက်ကုန်ပြီ၊ မသင့်ဟု ပယ်တော်မူ၏။

အရှင်အာနန္ဒာ ဆုတောင်းပြီ

ထို့နောင်မှ ရဟန်းတို့သည် အာနန္ဒာမထေရ်ကို “ငါ့ရှင် သင်သည် အလုပ်အကျွေးအရာကို တောင်းပါလော့” ဟု ဆိုကုန်၍ အရှင်အာနန္ဒာ ဆုတောင်း၏။ တောင်းဟန်ကား-

ပယ်သောဆု လေးပါး

၁။ ဘုန်းတော်ကြီးသော အရှင်ဘုရား... အရှင်ဘုရားသည် အကျွန်ုပ်အား ကိုယ်တော်သည်ရတော်မူသောသင်္ကန်းကို မပေးပါသည်ဖြစ်အံ့။

၂။ ဘုဉ်းပေးတော်မူသော ဆွမ်းကို မပေးပါသည်ဖြစ်အံ့။

၃။ တစ်ခုသော ကုဋီတိုက်ခန်း၌ အတူတကွနေခြင်းကို မပေးပါသည် ဖြစ်အံ့။

၄။ အကျွန်ုပ်ကိုခေါ်၍ ပင့်ဖိတ်ရာသို့ မကြွသည်ဖြစ်အံ့။

တောင်းသောဆု လေးပါး

၁။ အကျွန်ုပ်သည် ပင့်အပ်သော ပင့်ဖိတ်ရာကို အရှင်ဘုရားသည် အကယ်၍ ကြွတော်မူပါသည်ဖြစ်အံ့။

၂။ အကျွန်ုပ်သည် တိုင်းတစ်ပါးမှ ဇနပုဒ်တစ်ပါးမှ အရှင်ဘုရားကို ဖူးမြင်ခြင်းငှာ လာသော ပရိသတ်ကို လာသောခဏ၌ ပြခြင်းငှာ အကယ်၍ ရပါသည်ဖြစ်အံ့။

၃။ အကြင်အခါ၌ အကျွန်ုပ်အား ယုံမှားသင်္ကာဖြစ်၏။ ထိုခဏ၌လျှင် အရှင်ဘုရားကို ဆည်းကပ်ခြင်းငှာ ရပါသည်ဖြစ်အံ့။

၄။ အရှင်ဘုရားသည် ကျွန်ုပ်၏မျက်ကွယ်၌ အကြင်တရားကိုဟောအံ့၊ ထိုတရားကို ပြန်ကြွလာသည်ရှိသော် အကျွန်ုပ်အား အကယ်၍ ဟောတော်မူပါသည်ဖြစ်အံ့။

ဤဆုရှစ်ပါးကို ရသည်ရှိသော် အရှင်ဘုရားကို အကျွန်ုပ်သည် လုပ်ကျွေးပါအံ့ဟု တောင်း၏။

ဘုရားသခင်သည်လည်း ထိုအနန္ဒာအား ပေးတော်မူ၏။ ထိုအရှင်အာနန္ဒာသည် ထိုအခါမှစ၍ နှစ်ဆယ့်ငါးဝါတို့ပတ်လုံး မြဲသောအလုပ်အကျွေးဖြစ်၏။

အရှင်အာနန္ဒာ၏ ဂုဏ် ၇-ပါး

ထိုအရှင်အာနန္ဒာသည် ငါးပါးသောအရာ၌ ဧတဒဂ်ထားခြင်းသို့ရောက်၍-

၁။ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ဆောင်နိုင်သည်နှင့် ပြည့်စုံခြင်း။

၂။ သောတာပတ္တိဖိုလ်ကိုရသည်နှင့် ပြည့်စုံခြင်း။

၃။ ရှေးကောင်းမှုအကြောင်းနှင့် ပြည့်စုံခြင်း။

၄။ မိမိစီးပွားကို မေးသည်နှင့် ပြည့်စုံခြင်း။

၅။ ဘုရားမျက်မှောက်တော်၌ နေရသည်နှင့် ပြည့်စုံခြင်း။

၆။ အသင့်အတင့် နှလုံးသွင်းခြင်းနှင့် ပြည့်စုံခြင်း။

၇။ ဘုရားကို အမှီရသည်နှင့် ပြည့်စုံခြင်း၊

ဤသို့ ခုနှစ်ပါးသောဂုဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ ဘုရားအထံတော်၌ ဆုရှစ်ပါးဟူသော အမွေကိုရ၍ ဘုရားသခင် သသနာတော်ဝယ် ကောင်းကင်လယ်၌ လကဲ့သို့ ထင်ရှားစွာ ဖြစ်လေ၏။ ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ စကးကိုဖြစ်စေကုန်၏။ “ငါ့ရှင်တို့ ဘုရားသခင်သည် ရှင်အာနန္ဒာကိုဆုပေးသဖြင့် ရောင့်ရဲစေတော်မူ၏” ဟု စကားကို ဖြစ်စေကုန်၏။ ဘုရားသခင်သည် ကြွတော်မူလာ၍ ရဟန်းတို့ ယခု ငါ လာတော်မူသောအခါ၌ အဘယ်မည်သော စကားကြောင့် စုဝေးကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သော စကားကြောင့် စုဝေးပါသည် ဟု ရွှေနားတော် လျှောက်လတ်သော် ရဟန်းတို့ ယခုသာလျှင် အာနန္ဒာကို ဆုပေးသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် အကြင်အကြင်ဆုကို အာနန္ဒာသည် တောင်း၏။ ထိုထို တောင်းတိုင်းသောဆုကို ပေးဖူးသည်သာလျှင်တည် ဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် ထိုမင်း၏ သားဖြစ်သော ဇုဏှမည်သော မင်းသားသည် ဖြစ်၍ တက္ကသိုလ်ပြည်၌ အတတ်တို့ကိုသင်၍ ဆရာအား ခက်ဆစ်ခက်ရပ် မေးလျှောက်ခြင်းကို သုတ်သင်၍ ညဉ့်အဖို့ မှောင်မိုက်သောအခါ၌ ဆရာ့အိမ်မှထွက်၍ မိမိနေရာအရပ်သို့ လျင်စွာသွားသည်ရှိသော် တစ်ယောက်သာ ပုဏ္ဏားသည် ဥစ္စာဆွမ်းခံ၍ မိမိ၏နေရာအရပ်သို့ သွားသည်ကိုမမြင်၍ လက်ရုံးဖြင့်ခတ်မိ၍ ပုဏ္ဏား၏ထမင်းခွက်သည် ကွဲ၏။ ပုဏ္ဏားသည် လူးလဲ၍ ငိုမြည်တမ်း၏။ မင်းသားသည် သနားသဖြင့် ပြန်၍ ပုဏ္ဏားကို လက်ဖြင့်ကိုင်၍ ထူ၏။

ဗာရာဏသီမင်းထံ လာခဲ့

ပုဏ္ဏားသည် ချစ်သား သင်သည် ငါ၏ ထမင်းခွက်ကို ခွဲဘိ၏။ ငါ့အား ထမင်းခွက်အဖိုးကို ပေးလော့ ဟု ဆို၏။ မင်းသားသည် ပုဏ္ဏား ငါသည် ယခုအခါ၌ သင်၏ထမင်းခွက် အဖိုးကို ပေးခြင်းငှာ မတတ်နိုင်၊ ငါသည်ကား ဗာရာဏသီမင်း၏ သားတည်း၊ ဇုဏှမင်းသားဟူသော အမည်ရှိ၏။ ငါသည် မင်းအဖြစ်၌ တည်သည်ရှိသော် လာ၍ ငါအား ဥစ္စာကို သင်တောင်းလော့ ဟု ဆို၍ အတတ်သင်ပြီးသော် ဆရာကိုရှိခိုး၍ ဗာရာဏသီပြည်သို့ ပြန်၍ အဖအား အတတ်ကိုပြ၏။ အဖသည် အသက်ရှင်စဉ် ငါ့သားကို မြင်သည်ဖြစ်ပြီ၊ မင်းဖြစ်ပြီးသော ငါ့သားကို ငါကြည့်ရှုအံ့ ဟု မင်းအဖြစ်၌ အဘိသိက်သွန်း၏။ ထိုဘုရားလောင်းသည် ဇုဏှအမည်ရှိသော မင်းဖြစ်၍ တရားနှင့်အညီ မင်းပြု၏။

ပုဏ္ဏားလာပြီ

ပုဏ္ဏားသည် ထိုအကြောင်းကိုကြား၍ ယခု ငါ၏ ထမင်းခွက်ဖိုးကို တောင်အံ့ ဟုကြံ၍ ဗာရာဏသီပြည်သို့သွား၍ တန်ဆာဆင်အပ်သောမြို့ကို လက်ယာရစ် လှည့်လည်လျက် သွားသောမင်းကို တစ်ခုသော မြင့်သောအရပ်၌ တည်လျက် လက်ကိုဖြန့်၍ အောင်ဆုပေး၏။ မင်းသည် မကြည့်မူ၍လျှင် လွန်လေ၏။

ပုဏ္ဏားသည် ထိုမင်းသည် မမြင်သာအဖြစ်ကိုသိ၍ စကားကို ဖြစ်စေလိုရကား-

၁၃။ သုဏောဟိ မယှံ ဝစနံ ဇနိန္ဒ၊
အတ္ထေန ဇုဏှမှိ ဣဓာနုပ္ပတ္တော။
န ဗြာဟ္မဏေ အဒ္ဓိကေ တိဋ္ဌမာနေ၊
ဂန္တဗ္ဗမာဟု ဒွိပဒိန္ဒ သေဋ္ဌ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၁၃။ ဇနိန္ဒ၊ မင်းမြတ်။ မယှံ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာတော်မူဦးလော့။ ဇုဏမှိ၊ ဇုဏှမင်းကြီး၌။ အတ္ထေန၊ အလိုရှိသောကြောင့်။ ဣဓ၊ ဤအရပ်သို့။ အနုပတ္တော၊ ရောက်ပါ၏။ ဒိပဒိန္ဒ၊ အခြေနှစ်ချောင်း လူအပေါင်းကို အစိုးရတော်မူသော။ သေဋ္ဌ၊ မင်းမြတ်။ အဒ္ဓိကေ၊ အဓွန့်ရှည်သောခရီးကို လာကုန်သော။ တိဋ္ဌမာနေ၊ အလှူခံရပ်ကုန်သော။ ဗြာဟ္မဏေ၊ ပုဏ္ဏတို့ကို။ အနောလောကေတွာ၊ မကြည့်မူ၍။ ဂန္တဗ္ဗံ၊ သွားအပ်၏ဟု။ န အာဟု၊ ပညာရှိတို့ မဆိုကြကုန်။

အလိုရှိရာဆိုပါ

မင်းသည် ထိုပုဏ္ဏား၏စကားကိုကြား၍ ဆင်ကို ချွန်းဖြင့်နှိမ်၍-

၁၄။ သုဏောမိ တိဋ္ဌာမိ ဝဒေဟိ ဗြာဟ္မေဖ
ယေနာသိ အတ္ထေန ဣဓာနုပတ္တော။
ကံ ဝါ တွမတ္ထံ မယိ ပတ္ထယာနော၊
ဣဓာဂမော ဗြာဟ္မေ တဒိင်္ဃ ဗြူဟိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၁၄။ ဗြာဟ္မေ၊ ပုဏ္ဏား။ သုဏောမိ၊ ငါနာအံ့။ တိဋ္ဌာမိ၊ ငါရပ်အံ့။ ယေန အတ္ထေန၊ အကြင်အကြောင်းကြောင့်လည်း။ ဣဓ၊ ဤအရပ်သို့။ အနုပတ္တော၊ ရောက်၏။ တံအတ္ထံ၊ ထိုအကြောင်းကို။ ဒေဟိ၊ သင်ဆိုတော့လော့။ တွံ၊ သင်ပုဏ္ဏားသည်။ ကံ ဝါ အတ္ထံ၊ အဘယ်အကျိုးကိုမူလည်း။ မယိ၊ ငါ၌။ ပတ္ထယာနော၊ တောင့်တ၍။ ဣဓ၊ ဤအရပ်သို့။ အာဂမော၊ လာသနည်း။ ဗြာဟ္မေ၊ ပုဏ္ဏား။ တံ၊ သင့်ကို။ ဣင်္ဃ၊ ငါ တိုက်တွန်း၏။ ဗြူဟိ၊ ကြိုက်ရာဆိုလော့။

မင်းနှင့်ပုဏ္ဏား အချေအတင်

ထိုဂါထာမှတစ်ပါး ပုဏ္ဏား၏လည်းကောင်း, မင်း၏ လည်းကောင်း စကားတုံ့လှယ် ဟောပြောလိုသော မင်းပုဏ္ဏားနှစ်ယောက်တို့သည်-

၁၅။ ဒဒါဟိ မေ ဂါမဝရာနိ ပဉ္စ၊
ဒါသီ သတံ သတ္တဂဝံသတာနိ။
ပရော သဟဿဉ္စ သုဝဏ္ဏနိက္ခေ၊
ဘရိယာ စ မေ သာဒိသီ ဒွေ ဒဒါဟိ။
၁၆။ တပေါ နု တေ ဗြာဟ္မဏ ဘိံသရူပေါ၊
မန္တာ နု တေ ဗြာဟ္မဏ စိတ္တရူပါ။
ယက္ခာ နု တေ အဿဝါ သန္တိ ကေစိ၊
အတ္ထံ ဝါ မေ အဘိဇာနာသိ ကတ္တံ။
၁၇။ န မေ တပေါ အတ္ထိ နစာပိ မန္တာ၊
ယက္ခာပိ မေ အဿဝါ နတ္ထိ ကေစိ။
အတ္ထမ္ပိ တေ နာဘိဇာနာမိ ကတ္တံ၊
ပုဗ္ဗေ စ ခေါ သင်္ဂတိမတ္တမာသိ။
၁၈။ ပဌမံ ဣဒံ ဒဿနံ ဇာနတော မေ၊
န တာဘိဇာနာမိ ဣတော ပုရတ္ထာ။
အက္ခာဟိ မေ ပုစ္ဆိတော ဧတမတ္ထံ၊
ကဒါ ကုဟိံ ဝါ အဟု သင်္ဂမော နော။
၁၉။ ဂန္ဓာရရာဇဿ ပုရမှိ ရမ္မေ၊
အဝသိမှသေ တက္ကသိလာယံ ဒေဝ။
တတ္ထန္ဓကာရမှိ တိမီသိကာယံ၊
အံသေန အံသံ သမဃဋ္ဋယိမှ။
၂၀။ တေ တတ္ထ ဌတွာန ဥဘော ဇနိန္ဒ၊
သာရဏိယံ ဝီတိသာရယိမှ တတ္ထ။
သာယေဝ နော သင်္ဂတိမတ္တမာသိ၊
တတော န ပစ္ဆာ န ပုရေ အဟောသိ။
၂၁။ ယဒါ ကဒါစိ မနုဇေသု ဗြာဟ္မေ၊
သမာဂမော သပ္ပုရိသေန ဟောတိ။
န ပဏ္ဍိတာ သင်္ဂတိ သန္ထဝါနိ။
ပုဗ္ဗေ ကတံဝါပိ ဝိနာသယန္တိ။
၂၂။ ဗာလာဝ ခေါ သင်္ဂတိ သန္ထဝါနိ၊
ပုဗ္ဗေ ကတံဝါပိ ဝိနာသယန္တိ။
ဗဟုမ္ပိ ဗာလေသု ကတံ ဝိနဿတိ၊
တထာ ဟိ ဗာလာ အကတညုရူပါ။
၂၃။ ဓီရာ စ ခေါ သင်္ဂတိ သန္ထဝါနိ၊
ပုဗ္ဗေ ကတံဝါပိ န နာသယန္တိ။
အပ္ပမ္ပိ ဓီရေသု ကတံ န နဿတိ၊
တထာ ဟိ ဓီရာ သုကတညုရူပါ။
၂၄။ ဒဒါမိ တေ ဂါမဝရာနိ ပဉ္စ၊
ဒါသီသတံ သတ္တ ဂဝံသတာနိ။
ပရော သဟဿဉ္စ သုဝဏ္ဏနိက္ခေ၊
ဘရိယာ စ တေ သာဒိသီ ဒွေ ဒဒါမိ။
၂၅။ ဧဝံ သတံ ဟောတိ သမေစ္စ ရာဇ။
နက္ခတ္တရာဇာရိဝ တာရကာနံ။
အာပူရတိ ကာသိပတိ တထာဟံ၊
တယာပိ မေ သင်္ဂမော အဇ္ဇ လဒ္ဓေါ။

ဟူသော ဤဂါထာတို့ကို ဆို၏။

စည်းစိမ်ကိုပေးပါ

၁၅။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ပဉ္စဂါမဝရာနိ၊ ငါးရွာသော ရွာဆုတို့ကို။ မေ၊ အကျွန်ုပ်အား။ ဒဒါဟိ၊ ပေးလှူတော်မူလော့။ ဒါသီသတံ၊ ကျွန်မတစ်ရာကိုလည်း။ ဒဒါဟိ၊ ပေးလော့။ သတ္တဂဝံသတာနိ၊ နို့ညှစ်နွားမ ခုနစ်ရာတို့ကိုလည်း။ ဒဒါဟိ၊ ပေးလော့။ ပရောသဟဿဉ္စ သုဝဏ္ဏနိက္ခေ၊ တစ်ထောင်မကသော ရွှေစင်နိက္ခတို့ကိုလည်း။ ဒဒါဟိ၊ ပေးတော်မူလော့။ သာဒိသီ၊ အဆင်းသဏ္ဌာန် ဇာတ် အမျိုးညွှန်းခြင်းအားဖြင့် တူကုန်သော။ ဒွေ၊ နှစ်ယောက်ကုန်သော။ ဘရိယာ စ၊ မယားတို့ကိုလည်း။ မေ၊ ငါ့အား။ ဒဒါဟိ၊ ပေးတော်မူလော့။

ဂုဏ်ကျေးဇူးရှိသလော

၁၆။ ဗြဟ္မဏ၊ ပုဏ္ဏား။ ဘိံသရူပေါ၊ ကြီးစွာသော ဂုဏ်ကျေးဇူးဟု ဆိုအပ်သော။ တပေါ၊ အကျင့်သည်။ တေ၊ သင်ပုဏ္ဏားအား။ အတ္ထိ နု၊ ရှိပါကုန်၏လော။ ဗြဟ္မဏ၊ ပုဏ္ဏား။ တေ၊ သင်ပုဏ္ဏားအား။ စိတ္တရူပါ၊ ဆန်းကြယ်သော သဘောရှိကုန်သော။ မန္တာ၊ မန္တရားတို့သည်။ အတ္ထိ နု၊ ရှိပါကုန်၏လော။ အဿဝါ၊ သင့်သောစကားကို လိုက်နာတတ်ကုန်သော။ ကေစိ၊ အချို့ကုန်သော။ ယက္ခာ၊ နတ်တို့သည်။ တေ၊ သင်ပုဏ္ဏားအား။ သန္တိ၊ ရှိပါကုန်၏လော။ မေ၊ ငါ၏။ အတ္ထံ၊ အကျိုးစီးပွါးကို။ ကတ္တံ ဝါ၊ ပြုဖူးသည်ကိုလည်း။ အဘိဇာနာသိ၊ သင်သိပါ၏လော။

မြင်ဖူးရုံပဲ ရှိပါသည်

၁၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ ငါ့အား။ တပေါ၊ အကျင့်ကျေးဇူးသည်လည်း။ န အတ္ထိ၊ မရှိပေ။ မန္တာ အပိ၊ မန္တန်သည်လည်း။ န အတ္ထိ၊ မရှိပေ။ မေ၊ အကျွန်ုပ်အား။ အဿဝါ၊ စကားကို လိုက်နာတတ်ကုန်သော။ ကေစိ၊ အချို့ကုန်သော။ ယက္ခာ စ၊ နတ်တို့သည်လည်း။ နတ္ထိ-န သန္တိ၊ မရှိပေကုန်။ တေ၊ အရှင်မင်းကြီး၏။ အတ္ထံ၊ အကျိုး စီးပွားကို။ ကတမ္ပိ၊ ပြုဖူးသည်ကိုလည်း။ နာဘိဇာနာမိ၊ မသိပေ။ ပုဗ္ဗေ စ၊ ရှေး၌မူကား။ သင်္ဂတိမတ္တံ၊ ပေါင်းမိကာမျှသည်။ အာသိ၊ ဖြစ်ဖူး၏။

ဘယ်တုန်းက မြင်ဖူးသနည်း

၁၈။ ဇာနတော၊ သိသော။ မေ၊ ငါ့အား။ ဣဒံ၊ ဤမြင်ခြင်းသည်။ ပဌမံ ဒဿနံ၊ ရှေးဦးမြင်ခြင်းတည်း။ ဣတော၊ ဤမြင်သာအခါမှ။ ပုရတ္ထ၊ ရှေး၌။ တံ၊ သင့်ကို။ နာဘိဇာနာမိ၊ မသိစဘူး။ ကဒါ ဝါ၊ အဘယ်အခါ၌လည်းကောင်း။ ကုဟိံ ဝါ၊ အဘယ်အရပ်၌လည်းကောင်း။ နော၊ ငါတို့၏။ သင်္ဂမော၊ တကွ ပေါင်းဖော်မိကြသည်။ အဟု၊ ဖြစ်သနည်း။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ကြားဘိလော့။

တိုးမိခဲ့ကြသည်

၁၉။ ဒေဝ၊ ရှင်မင်းကြီး။ ဂန္ဓာရရာဇဿ၊ ဂန္ဓာရမင်း၏။ ရမ္မေ၊ နှလုံးမွေ့လျော်ဖွယ်ရှိသော။ တက္ကသိလာယံ၊ တက္ကသိုလ်အမည်ရှိသော။ ပုရမှိ၊ ပြည်၌။ အဝသိမှသေ၊ နေဖူးကုန်၏။ တတ္ထ၊ ထိုတက္ကသိုလ်ပြည်၌။ တိမိသိကာယံ၊ တိမိသိကဟု ဆိုအပ်သော။ အန္ဓကာရမှိ၊ အမိုက်တိုက်၌။ အံသေန၊ အရှင်မင်းကြီး၏ပခုံးနှင့်။ အံသံ၊ အကျွန်ုပ်၏ပခုံးကို။ သမဃဋ္ဋယိမှ၊ ခတ်မိကုန်၏။

၂၀။ ဇနိန္ဒ၊ မင်းမြတ်။ တတ္ထ၊ ထိုခတ်မိရာ၌။ ဥဘော၊ နှစ်ယောက်ကုန်သော။ တေ မယံ၊ ထိုအကျွန်ုပ်တို့သည်။ ဌတွာန၊ ရပ်၍။ သာရဏီယံ၊ အောက်မေ့အပ်သောစကားကို။ ဝီတိယသာရယိမှ၊ ပြောကြကုန်၏။ တတ္ထ၊ ထိုခတ်မိရာ၌။ နော၊ အကျွန်ုပ်တို့အား။ သာယေဝ သင်္ဂတိမတ္တံ၊ ထိုပေါင်းဖော်ခြင်းမျှသည်။ အာသိ၊ ဖြစ်၏။ တတော၊ ထိုအခါမှ။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ ပစ်ဆာ၊ နောက်၌လည်းကောင်း။ န အဟောသိ၊ မသိကြပေ။ ပုရေ ဝါ၊ ရှေး၌လည်း။ န အဟောသိ၊ မသိကြပေ။

ပေးလှူပါမည်

၂၁။ ဗြာဟ္မေ၊ ပုဏ္ဏား။ မနုဇေသု၊ လူတို့၌။ ယဒါ ကဒါစိ၊ အမှတ်မရှိသောအခါ၌။ သပ္ပုရိသေန၊ သူတော်ကောင်းနှင့်။ သမာဂမော၊ ပေါင်းဖော်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ သင်္ဂတိ သန္ထဝါနိဝါ၊ ခဏပေါင်းဖော်ခြင်း, ရှည်မြင့်စွာ ပေါင်းဖော်ခြင်းတို့ကို လည်းကောင်း။ ပုဗ္ဗ၊ ရှေး၌။ ကတံ ဝါပိ၊ ပြုဖူးသော ကျေးဇူးကိုလည်းကောင်း။ န ဝိနာသယန္တိ၊ မဖျက်ကုန်။

၂၂။ ဗာလာဝ ခေါ၊ သူမိုက်တို့သည်သာလျှင်။ သင်္ဂတိသန္ထဝါနိဝါ၊ ခဏပေါင်းဖော်ခြင်း, ရှည်မြင့်စွာ ပေါင်းဖော်ခြင်းတို့ကို လည်းကောင်း။ ပုဗ္ဗေ၊ ရှေး၌။ ကတံ ဝါပိ၊ ပြုဖူးသော သူ့ကျေးဇူးကို လည်းကောင်း။ ဝိနာသယန္တိ၊ ဖျက်ကုန်၏။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ ဗာလာ၊ သူမိုက်တို့သည်။ အကတညုရူပါ၊ သူ့ကျေးဇူးကို မသိတတ်သော သဘောရှိကုန်၏။ တထာ တသ္မာ၊ ထို့ကြောင့်။ ဗာလေသု၊ သူမိုက်တို့၌။ ဗဟုမ္မိ၊ များစွာလည်း ဖြစ်သော။ ကတံ၊ ပြုဖူးသော သူ့ကျေးဇူးကို။ ဝိနဿတိ၊ ဖျက်ဆီးတတ်၏။

၂၃။ ဓီရာ စ ခေါ၊ ပညာရှိတို့သည်။ သင်္ဂတိ သန္ထဝါနိ ဝါ၊ ခဏပေါင်းဖော်ခြင်း, ရှည်မြင့်စွာ ပေါင်း ဖော်ခြင်းတို့ကို လည်းကောင်း။ ပုဗ္ဗေ၊ ရှေး၌။ ကတံ ဝါပိ၊ ပြုဖူးသော ကျေးဇူးကိုလည်းကောင်း။ န နာသယန္တိ၊ မဖျက်ဆီးကုန်။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ ဓီရာ၊ ပညာရှိတို့သည်။ သုကတညုရူပါ၊ ကောင်းစွာ သူ့ကျေးဇူးကို သိသော သဘောရှိကုန်၏။ တထာ တသ္မာ၊ ထို့ကြောင့်။ ဓီရေသု၊ ပညာရှိတို့၌။ အပ္ပမ္ပိ၊ အနည်းငယ်လည်းဖြစ်သော။ သုကတံ၊ ကောင်းစွာပြုအပ်သော သူ့ကျေးဇူကို။ န နဿတိ၊ မဖျက်။

၂၄။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တေ၊ သင့်အား။ ပဉ္စဂါမဝရာနိ၊ ငါးရွာသော ဆုတို့ကို။ ဒဒါမိ၊ ငါပေး၏။ ဒါသီသတဉ္စ၊ ကျွန်မိန်းမတစ်ရာကိုလည်းကောင်း။ သတ္တဂဝံသတာနိ၊ နို့ညှစ်နွားမ ခုနစ်ရာတို့ကိုလည်းကောင်း။ ပရောသဟဿဉ္စ သုဝဏ္ဏနိက္ခေ၊ အထောင်မကသော ရွှေစင်နိက္ခတို့ကိုလည်းကောင်း။ ဒဒါမီ၊ ငါပေး၏။ သာဒိသီ၊ အဆင်းသဏ္ဌာန် ဇာတ် အမျိုးညွှန်းခြင်းအားဖြင့် တူကုန်သော။ ဒွေ ဘရိယာ စ၊ မယားနှစ်ယောက်တို့ကိုလည်းကောင်း။ တေ၊ သင့်အား။ ဒဒါမိ၊ ငါပေး၏။

၂၅။ ရာဇ၊ မင်းမြတ်။ ဧဝံ၊ ဤသို့။ သတံ၊ သူတော်ကောင်းတို့နှင့်။ သမေစ္စ၊ ကပ်၍။ သင်္ဂမော၊ ပေါင်းဖော်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ကာသိပတိ၊ ကာသိတိုင်းရှင်။ တာရကာနံ၊ ကြယ်အပေါင်းတို့၏။ မဇ္ဈေ၊ အလယ်၌။ နက္ခတ္တရာဇာ၊ လမင်းသည်။ အာပူရတိ ဣဝ၊ ပြည့်သကဲ့သို့။ တထာ၊ ထို့အတူ။ အဟံပိ၊ အကျွန်ုပ်သည်လည်။ ဂါမဝရာဒီဟိ၊ ရွာဆုအစရှိသည်တို့ဖြင့်။ အာပူရတိ၊ ပြည့်၏။ ကာသိပတိ၊ ကာသိတိုင်းရှင်ဖြစ်သော မင်းကြီး။ မေ၊ အကျွန်ုပ်သည်။ တယာ၊ ရှင်မင်းကြီးနှင့်။ သင်္ဂမောပိ၊ ပေါင်းမိခြင်းကိုလည်း။ အဇ္ဇ၊ ယခု။ လဒ္ဓေါ၊ ရအပ်ပြီ။

ဘုရားလောင်းသည် ထိုပုဏ္ဏားအား များစွာသော စည်းစိမ် အခြံအရံကို ပေး၏။

ဇာတ်ပေါင်း... ဘုရားသခင်သည် ဤသို့သော ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုမှသာလျှင် အာနန္ဒာအား ဆုမြတ်တို့ကို ပေးသည် မဟုတ်သေး၊ ရှေး၌လည်း ငါသည် မြတ်သောဆုဖြင့် ရောင့်ရဲစေဖူးသည်သာတည်း ဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ ပုဏ္ဏားသည် ယခုအခါ အာနန္ဒာ ဖြစ်လာ၏။ မင်သည် သင်တို့ဆရာ ငါဘုရားဖြစ်လာ၏ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

နည်းငယ်ပေးဖူး၊ သူ့ကျေးဇူး၊ အထူးသိအပ်စွာ

နှစ်ခုမြောက်သော ဇုဏှဇာတ်သည် ပြီး၏။

*****