မာတိကာသို့ ခုန်သွားရန်

တက္ကလဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၄၆။ တက္ကလဇာတ် (၈)
1269ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၄၆။ တက္ကလဇာတ် (၈)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ဒသကနိပါတ်

၈။ တက္ကလဇာတ်

မိန်းမများသည် ဝန်တိုတတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်"န တက္ကလာ သန္တိ န အာလုဝါနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတက္ကလဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေမူစဉ် တစ်ယောက်သော အဖကို လုပ်ကျွေးသော သားကို အကြောင်းပြု၍ ဟောတော်မူ၏။

အဖကိုလုပ်ကျွေးသူ

ပစ္စုပ္ပန်ဝတ္ထု... ထိုသူသည် သူဆင်းရဲအမျိုး၌ဖြစ်၍ အမိသေလွန်သည် ရှိသော် နံနက်စောစောကသာလျှင် ထ၍ တံပူ မျက်သစ်ရေ အစရှိသည်တို့ကို ဖြစ်စေလျက် အခစားအမှုကိုလည်းကောင်း၊ လယ်ထွန်ခြင်းအမှုကိုလည်းကောင်း ပြု၍ ရအပ်သော ဥစ္စာအားလျော်စွာ ယာဂု ထမင်း အစရှိသည်တို့ကို ပြည့်စုံစေ၍ အဖကို မွေးမြူ၏။ ထိုအခါ သားကို အဖသည် ချစ်သား... သင်သည် တစ်ယောက်တည်းသည်လျှင် အိမ်တွင်းအိမ်ပ၌ ပြုအပ်သော အမှုကိစ္စကို ပြုရ၏။ သင်ချစ်သားအား တစ်ယောက်သော အမျိုးသမီးကို ဆောင်အံ့။ ထိုအမျိုးသမီးသည် အိမ်၌ သင်ပြုအပ်သော အမှုကိစ္စကို ပြုလတ္တံ့ ဟု ဆို၏။ ဖခင် မိန်းမတို့မည်သည်ကား အိမ်သို့ ရောက်ကုန်သည်ရှိသော် ငါ၏ စိတ်ချမ်းသာခြင်းကို မပြုကုန်လတ္တံ့၊ ဖခင်တို့၏ စိတ်ချမ်းသာခြင်းကိုလည်း ဓပြုကုန်လတ္တံ့၊ ထို့ကြောင့် ဤသို့သဘောရှိသော အကြံကို မကြံလင့်၊ အကျွန်ုပ်သည် အ သက်ထက်ဆုံး ဖခင်တို့ကို လုပ်ကျွေး၍ ဖခင်တို့လွန်သောကာလ၌ သိအံ့ ဟု ဆို၏။

ထိုသို့ဆိုသော်လည်း အဖသည် သား၏ အလိုမရှိစဉ်ပင်လျှင် တစ်ယောက်သော သတို့သမီးကို ဆောင်၏။ ထိုသတို့သမီးသည် ယောက္ခမအားလည်းကောင်း၊ လင်အားလည်းကောင်း၊ ကျေးဇူး ပြုသည်။ နှိမ့်ချကျိုးနွံ တုပ်ဝပ်သော အကျင့်ရှိသည် ဖြစ်၏။ လင်သည်ထည်၊ အဖအား ကျေးဇူးပြုပေ၏ ဟု မယားအား နှစ်သက်၍ ရတိုင်း ရတိုင်း နှစ်သက်ဖွယ်ရှိသော စားဖွယ် သောက်ဖွယ် စသည်တို့ကို ဆောင်၍ပေး၏။

အဖနှင့်မတည့်၍

မယားသည်လည်း ထိုလင်ပေးသမျှသော ဥစ္စာစသည်ကို ယောက္ခမအားသာလျှင်ပေး၏။ ထိုမယားသည် နောက်အဖို့၌ကြံ၏။ လင်သည် ရတိုင်းရတိုင်းသော ဥစ္စာကို အဖအားမပေးမူ၍ ငါအားသာလျှင် ပေး၏။ စင်စစ်လျှင် အဖ၌ ချစ်ခြင်းသည် မဖြစ်။ ဤသက်ကြီးအိုကို တစ်စုံ တစ်ခုသော အကြောင်းဖြင့် လင်၏ ဆန့်ကျင်ဘက်ကိုပြု၍ အိမ်မှနှင်ထုတ်စေအံ့ဟု ကြံ၏။ ထိုမယားသည် ထိုနေ့မှစ၍ အလွန်အေးသော ရေကိုလည်းကောင်း၊ အလွန်ပူသော ရေကိုလည်းကောင်း ဆောင်၏။ အလွန်ငန်သော အာဟာရကိုလည်းကောင်း အလွန်ပေါ့သော အာဟာရကိုလည်းကောင်း, မနပ်သော ထမင်းကိုလည်းကောင်း, အလွန်ပူသော ထမင်းကိုလည်းကောင်း ဤသို့ အစရှိသော အဖအား အမျက်ဒေါသဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သော အမှုတို့ကိုပြု၍ အဖသည် အမျက်ထွက်လတ်သော် ဤသက်ကြီးအိုကို အဘယ်သူသည် လုပ်ကျွေးခြင်းငှာ တတ်နိုင်လတ္တံ့နည်း ဟု ကြမ်းတမ်းရုန့်ရင်းသေ စကားကိုဆို၍ ခိုက်ရန်ကို ပွားစေပြီးလျှင် ထိုကြမ်းပြင်၌ တံတွေးပေါက် အစရှိသည်တို့ကိုစွန့်၍ လင်ကို အမျက်ထွက်စေ၏။

မိန်းမကိုနှင်ထုတ်ခြင်း

မောင့်အဖအမှုကို ကြည့်လော့၊ ဤမည်သာအမှုကို မပြုပါလင့်ဟု ဆိုသည်ရှိသော် အမျက် ထွက်၏။ ဤအိမ်၌ မောင့်အဖကိုမူလည်း မနေစေလင့်၊ ငါ့ကိုမူလည်း မနေစေလင့် ဟု ဆို၏။ ထိုသို့ ဆိုသောအခါ မယားကို လင်သည် ရှင်မ သင်သည် ပျိုရွယ်နုနယ်သေး၏။ တစ်စုံတစ်ခုသော အရပ်၌ အသက်မွေးခြင်းငှာ တတ်နိုင်သေး၏။ အဖသည် အသက်အရွယ်ကြီးပြီ၊ သင်သည် အဖအား သည်းမခံနိုင်သည်ရှိသော် ဤငါ့အိမ်မှ ထွက်လေလော့ ဟု ဆို၏။ ထိုမယားသည် ကြောက်သည်ဖြစ်၍ ဤနေ့မှစ၍ ဤကဲ့သို့ မပြုပါ ဟု ယောက္ခမ၏ ခြေတို့၌ဝပ်ပြီးလျှင် သည်းခံပါ ဟု တောင်းပန်ကန်တော့၍ ပကတိ လုပ်ကျွေးမြဲဖြင့်သာလျှင် လုပ်ကျွေးခြင်းငှာ အားထုတ်၏။ ထိုအခါ ထိုအဖကိုလုပ်ကျွေးသော ဒါယကာသည် ရှေးနေ့တို့၌ မယားသည် နှောင့်ယှက်အပ်သည်ဖြစ်၍ မြတ်စွာဘုရား အထံတော်သို့ တရားနာခြင်းငှာ မသွားမူ၍ ထိုမယားသည် ပကတိ လုပ်ကျွေးခြင်းဖြင့် လုပ်ကျွေးသောကာလ၌ သွားလေ၏။

တရားနာသွား

ထိုဒါယကာ လာသောအခါ၌ မြတ်စွာဘုရားသည် ထိုဒါယကာကို ဒါယကာ အဘယ့်ကြောင့် ခုနစ်ရက် ရှစ်ရက်တို့ပတ်လုံး တရားတော်ကိုနာခြင်းငှာ မလာသနည်း ဟု မေးတော်မူ၏။ ဒါယကာသည် ထိုမယား၏ ပြုကျင့်သော အကြောင်းကို ကြားလျှောက်၏။ ဒါယကာ ယခုအခါ၌ သင့်မယား၏ ကုန်းတိုက်သောစကားကို မယူမူ၍ သင့်အဖကို သင် မနှင်ထုတ်ပေ။ ရှေးလွန်လေပြီးသော ဘဝ၌ကား သင့်မယား၏ စကားကို နားထောင်၍ အဖကို သူကောင်ပစ်ရာ သုသာန်သို့ဆောင်ပြီးလျှင် တွင်း၌ပစ်ချ၍ သေအံ့သောအခါ ငါသည် ခုနစ်နှစ်အရွယ်သာ ရှိသေးသည်ဖြစ်လျက် မိဘတို့၏ ဂုဏ်ကျေးဇူးကိုသိ၍ ပိတုဃာတက အနန္တရိယကံမှ တားမြစ်ဖူးပြီ၊ ထိုအခါ သင်သည် ငါ့စကားကိုနားထောင်၍ သင်၏အဖကို အသက်ထက်ဆုံး ရိုသေစွာလုပ်ကျွေး၍ နတ်ပြည်သို့ လားသည်ဖြစ်ဖူးပြီ။ ငါသည် အကြင်အဆုံးအမကို ပေးအပ်၏။ ထိုငါပေးသော အဆုံးအမကို ဘဝတစ်ပါး၌ တည်သည်ဖြစ်လျှင်မူလည်း သင်သည် မစွန့်၊ ဤရှေးဘဝ၌ ဆုံးမဖူးသော အကြောင်းကြောင့် ထိုမယား၏ ကုန်းတိုက်သောစကားကို မယူမူ၍ ယခုဘဝ၌ သင်သည် အဖကို အိမ်မှ မနှင်ထုတ် ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏

အတိတ်ဝတ္ထု... ဒါယကာ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် အမှတ်မရှိသော ကာသိရွာဝယ် တစ်ယောက်သော အမျိုး၏အိမ်၌ တစ်ယောက်တည်းသော သားငယ်သည် ရှိသည်ဖြစ်၏။ အမည်အားဖြင့် သဝိဋ္ဌကအမည်ရှိ၏။ ထိုသဝိဋ္ဌကမည်သော သားငယ်သည် မိဘကို လုပ်ကျွေးစောင့်ရှောက်လျက် နောက်အဖို့၌ အမိသေလွန်သည်ရှိသော် အဖကို လုပ်ကျွေးမွေးပြု၏။

(ဤသို့ အစရှိသော အလုံးစုံသော အကြောင်းကို ပစ္စုပ္ပန်ဝတ္တုကို အစဉ်မှီလျက်သာလျှင် ဆိုအပ်၏။ ဤဆိုလတ္တံ့သည်ကား ဤအတိတ် အကြောင်း၌အထူးတည်း။ )

မိန်းမက အဖကိုသတ်ခိုင်း

ထိုအခါ၌ ထိုမိန်းမသည် မောင့်အဖအမှုကို ကြည့်ပါလော့၊ ဤမည်သော ဤမည်သောအမှုကို မပြုလင့်ဟု ဆိုသော်လည်း အမျက်ထွက်ပြန်ခဲ့၏ဟု ဆို၍ အရှင်မောင့်အဖသည် ကြမ်းတမ်း၏။ ခက်ထန်စောင်းမာန်ကြီး၏။ အခါခပ်သိမ်း ရန်ကိုပြု၏။ အလွန်အိုမင်းပြီ၊ အနာနှိပ်စက်ပြီ၊ မကြာမြင့်မီလျှင် သေလတ္တံ့၊ ငါသည်လည်း မောင့်အဖနှင့်တကွ တစ်အိမ်တည်းနေခြင်းငှာ မတတ်နိုင်ပါ၊ ထိုမောင့်အဖသည်လည်း မချွတ်လျှင် နှစ်ရက်သုံးရက်ဖြင့် သေလတ္တံ့သည်သာတည်း၊ သင်သည် သင့်အဖကို သူကောင်ပစ်ရာ သုသာန်သို့ ဆောင်ပြီးလျှင် တွင်းကိုတူး၍ ထိုတွင်း၌ သင့်အဖကိုထည့်၍ ပေါက်တူးဖြင့် ဦးခေါင်းကို ကွဲအောင်ရိုက်၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် အပေါ်၌ မြေမှုန့်ဖြင့် ဖိ၍လာခဲ့လော့ဟု ဆို၏။

မိန်းမ၏ ဉာဏ်နီဉာဏ်နက်

ထိုလင်သည် မယားသည် တဖန်တလဲလဲ ဆိုအပ်သည်ဖြစ်၍ ရှင်မ လူကိုသတ်ခြင်း မည်သည်ကား အလွန်ဝန်လေး၏။ အဘယ်သို့လျှင် အဖကိုသတ်ရအံ့နည်း ဟု ဆိုသည်ရှိသော် ငါသည် သင့်အား အကြောင်းကို ကြားအံ့ ဟု ဆိုလတ်သော် ကြားဦးလော့ဟု ဆို၏။ အရှင်သင်သည် မိုးသောက်သောကာလ၌ သင့်အဖနေရာအရပ်သို့သွား၍ အကြင်အခြင်းဖြင့် ပြုသည်ရှိသော် ခပ်သိမ်းသော သူတို့သည် ကြားကုန်၏။ ထိုအခြင်းဖြင့် သည်းသောအသံကိုပြု၍ ဖခင် ဤမည်သောရွာ၌ ဖခင်တို့၏ မိဘဥစ္စသည်ရှိ၏။ အကျွန်ုပ် သွား၍ တောင်းသည်ရှိသော် မပေး၊ ဖခင်တို့လွန်သောအခါ ပျောက်အံ့သည်သာတည်း၊ နက်ဖြန် ယာဉ်ငယ်၌စီး၍ နံနက်စောစောကလျှင် သွားအံ့ဟု ဆို၍ မောင့်အဖသည် လိုက်အံ့ဟုဆိုသောအခါ၌သာလျှင် ထ၍ ယာဉ်ကို ကပြီးလျှင် ယာဉ်၌နေစေ၍ သုသာန်သို့ဆောင်ပြီးလျှင် တွင်းကိုတူး၍ ခိုးသူတို့သည် လုယက်အပ်သကဲ့သို့သော အသံကိုပြု၍ သတ်ပြီးလျှင် တွင်း၌ချ၍ ဦးခေါင်းကိုခွဲ၍ ရေချိုး၍သာလျှင် လာခဲ့လော့ ဟု ဆို၏။

သုသာန်သို့ခေါ်သွား

သဝိဋ္ဌကသည်ဤအကြောင်းသည်ကား ရှိ၏ ဟု ထိုမယား၏စကားကို ဝန်ခံ၍ သုသာန်သို့ သွားအံ့သောငှာ အစီအရင်ကိုပြု၏။ ထိုသဝိဋ္ဌကအား တစ်ယောက်သော ခုနစ်နှစ်သာရှိသော သားသည် ရှိ၏။ ပညာရှိ၏။ ထိုသားငယ်သည် အမိစကားကိုကြား၍ ငါ့အမိသည် ယုတ်မာသော အကျင့်ရှိ၏။ ငါ့အဖကို ပိတုဃာတကကံကို ပြုစေ၏။ ဤငါ့အဖအား အဖကိုသတ်သောအမှုကို ပြုစိမ့်သောငှာ မပေးအံ့ဟု အသာအယာ သွားပြီးလျှင် အဘိုးနှင်တကွ အိပ်၏။ သဝိဋ္ဌကသည်လည်း မယားသည် ကြားအပ်သောအခါ၌ ယာဉ်ကိုက၍ ဖခင် လာလှည့်၊ မြီကို သုတ်သင်ကုန်အံ့ ဟု အဖကို ယာဉ်၌နေစေ၏။ သားငယ်သည်လည်း ရှေးဦးစွာ ယာဉ်ထက်လို့ တက်နှင့်၏။ သဝိဋ္ဌကသည် ထိုသားငယ်ကို မြစ်အံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ထိုသားငယ်နှင့်တကွသာလျှင် သုသာန်သို့သွား၍ အဖကိုလည်း သားငယ်နှင့်အတူ တစ်ခုသောအရပ်၌ ထားပြီးလျှင် မိမိသည် ယာဉ်မှဆင်းသက်၍ ပေါက်တူး, ခြင်းတောင်းကိုယူ၍ တစ်ခုသော ပုန်းကွယ်သောအရပ်၌ လေးထောင့်ရှိသောတွင်းကို တူးခြင်းငှာ အားထုတ်၏။

ဘာတွင်းတူးနေသလဲ

သားငယ်သည် ယာဉ်မှသက်၍ ထိုအဖဖြစ်သော သဝိဋ္ဌက၏အထံသို့သွား၍ မသိသကဲ့သို့ စကားကိုဖြစ်စေ၍-

၈၂။ န တက္ကလာ သန္တိ န အာလုဝါနိ၊
န ဗိဠာလိယော န ကဠမ္မာနိ တာတ။
ဧကော အရညမှိ သုသာနမဇ္ဈေ၊
ကိမတ္ထိကော တာတ ခဏသိ ကာသုံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၈၂။ တာတ၊ ဖခင်။ အရညမှိ၊ လူတိုမွေ့လျော်ရာ မဟုတ်သော။ သုသာနမဇ္ဈေ၊ သုသာန်၏ အလယ်၌။ တက္ကလာ၊ သထွေးဥတို့သည်။ န သန္တိ၊ မရှိကုန်။ အာလုဝါနိ၊ ကညင်ဥ (အာလူး)တို့သည်။ န သန္တိ၊ မရှိကုန်။ ဗိဠာလိယော၊ ပိန်းဥတို့သည်။ န သန္တိ၊ မရှိကုန်။ ကဠမ္မာနိ၊ မျောက်ဥတို့သည်။ န သန္တိ၊ မရှိကုန်။ တာတ၊ ဖခင်။ တွံ၊ သင်သည်။ ဧကော၊ တစ်ယောက်တည်း။ ကိမတ္ထိကော၊ အဘယ်ကို အလိုရှိသည်ဖြစ်၍။ ကာသုံ၊ တွင်းကို။ ခဏာသိ၊ တူးသနည်း။

မင်းအဘိုးကို သတ်မလို့

ထိုအခါ သားငယ်၏အဖသည်-

၈၃။ ပိတာမဟော တာတ သုဒုဗ္ဗလော တေ၊
အနေကဗျာဓီဟိ ဒုခေန ဖုဋ္ဌော။
တမဇ္ဇဟံ နိခဏိဿာမိ သောဗ္ဘေ၊
န ဟိဿ တံ ဇီဝိတံ ရောစယာမိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၈၃။ တာတ၊ ချစ်သား။ တေ၊ သင်ချစ်သား၏။ ပိတာမဟော၊ အဘိုးသည်။ သုဒုဗ္ဗလော၊ အလွန်အားနည်းပြီ။ အနေကဗျာဓီဟိ၊ များစွာသော အနာတို့သည်လည်းကျောင်း။ ဒုခေန၊ အိုခြင်းဆင်းရဲခြင်းသည်လည်းကောင်း။ ဖုဋ္ဌော၊ နှိပ်စက် အပ်ပြီ။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ တံ၊ သင့်အဘိုးကို။ သောဗ္ဘေ၊ လေးထောင့်တွင်း၌။ နိခဏိဿာမိ၊ မြှုပ်သတ်အံ့။ ဟိ၊ ထိုစကားသည် မှန်၏။ အဿ၊ ထိုလွန်စွာ အိုမင်းပြီးသော သင့်အဘိုး၏။ တံ ဇီဝိတံ၊ ထိုလွန်စွာ အိုမင်းဆင်းရဲလျက် အသက်ရှည်ခြင်းကို။ အဟံ၊ ငါသည်။ န ရောစယာမိ၊ မနှစ်သက်။

ပိတုဃာတက ကံကြီးထိုက်မည်

ထိုစားကိုကြား၍ သားငယ်သည်-

၈၄။ သင်္ကပ္ပ မေတံ ပဋိလဒ္ဓ ပါပကံ၊
အစ္စာဟိတံ ကမ္မံ ကရောသိ လုဒ္ဒံ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဆို၏။

၈၄။ တာတ၊ ဖခင်။ တယာ၊ သင်အဖသည်။ ပါပကံ၊ ယုတ်မာစွာသော။ ဧတံ သင်္ကပ္ပံ၊ ထိုအဖကို ဆင်းရဲမှ လွတ်စေအံ့ဟူသော အကြံကို။ ပဋိလဒ္ဓံ၊ ရအပ်ပြီ။ တွံ၊ သင်ဖခင်သည်။ အစ္စာဟိတံ၊ ပစ္စုပ္ပန်စီးပွား သံသရာစီးပွားကိုလွန်သော။ လုဒ္ဒံ၊ ကြမ်းကြုတ်သော။ ကမ္မံ၊ ပိတုဃာတကကံကို။ ကရောသိ၊ ပြုဘိ၏။

ဒါ အမျိုးတို့ ကျင့်ဝတ်လား

ဤသို့ စကားကို ဆိုပြီးလျှင် သားငယ်သည် အဖလက်မှ ပေါက်တူးကိုယူ၍ မနီးမဝေးသောအရပ်၌ တစ်ခုသော တွင်းကို တူးခြင်းငှာ အားထုတ်၏။ ထိုသို့ တူးသောကာလ၌ အဖသည် သားသို့ကပ်၍ ချစ်သား... အဘယ့်ကြောင့် တွင်းကို တူးသနည်းဟု မေး၏။ သားငယ်သည် ထိုအဖအား ပြောလိုရကား-

၈၄။ မယာပိ တာတ ပဋိလစ္ဆသေ တုဝံ၊
ဧတာဒိသံ ကမ္မံ ဇရူပနီတော။
တံ ကုလဝတ္တံ အနုဝတ္တမာနော၊
အဟမ္ပိ တံ နိခဏိဿမိ သောဗ္ဘေ။

ဟူသာ သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၈၄။ တာတ၊ ဖခင်။ တုဝံ၊ သင်ဖခင်သည်။ ဧတာဒိသံ၊ ဤသို့သဘောရှိသော။ ကမ္မံ၊ ကံကို။ ပဋိလစ္ဆသေ၊ ရပြီ။ မယာပိ၊ ငါသည်လည်း။ ဇရူပနီတော၊ အိုမင်းသောအရွယ်သို့ ရောက်သော ဖခင်ကို။ နိခဏိဿာမီတိ၊ မြှုပ်သတ်အံ့ဟူ၍။ ခဏိတော၊ တူးအပ်၏။ တံ ကုလဝတ္တံ၊ ထိုအဖတို့၏ အလေ့အကျင့်သို့။ အနုဝတ္တမာနော၊ အတုလိုက်၍ ကျင့်သည်ဖြစ်၍။ အဟမ္ပိ၊ ငါသည်လည်း။ တံ၊ သင်ဖခင်ကို။ သောဗ္ဘ၊ တွင်း၌။ နိခဏိဿာမိ၊ မြှုပ်သတ်အံ့။

အဖအကျိုး မသည်ပိုး

ထိုအခါ သားငယ်အဖဖြစ်သာ သဝိဋ္ဌကသည်-

၈၅။ ဖရုသာဟိ ဝါစာဟိ ပကုဗ္ဗမာနော၊
အာသဇ္ဇ မံ တွံ ဝဒသေ ကုမာရ။
ပုတ္တော မမံ ဩရသကော သမာနော၊
အဟိတာနုကမ္ပီ မမ တွံသိ ပုတ္တ။

ဟူသော လေးခုမြောက် ဤဂါထာကို ဆို၏။

၈၅။ ကုမရ၊ ချစ်သား။ တွံ၊ သင်ချစ်သားသည်။ ဖရုသာဟိ၊ ရုန့်ရင်းကြမ်းကြုတ်ကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ ပကုဗ္ဗမာနော၊ နှိပ်စက်လွှမ်းမိုးလျှက်။ အာသဇ္ဇ၊ ထိပါး၍။ မံ၊ ငါ့ကို။ ဝဒသေ၊ ဆိုဘိ၏။ ပုတ္တ၊ ချစ်သား။ တွံ၊ သင်ချစ်သားသည်။ မမံ၊ ငါ၏။ ဩရသကော၊ ရင်၌ဖြစ်သော။ ပုတ္တော သမာနော၊ သားဖြစ်ပါလျက်။ မမ၊ ငါ၏။ အဟိတာနုကမ္ပီ၊ အစီးအပွားကို အလိုမရှိသည်။ အသိ၊ ဖြစ်ဘိ၏။

သားငယ် တရားပြ

ဤသို့ အဖဆိုသည်ရှိသော် ပညာရှိသော သာငယ်သည်-

၈၆။ န တျာဟံ တာတ အဟိတညနုကမ္ပီ၊
ဟိတာနုကမ္ပီ တေ အဟမ္ပိ တာတ။
ပါပဉ္စ တံ ကမ္မ ပကုဗ္ဗမာနံ၊
အရဟာမိ နော ဝါရယိတုံ တတော။
၈၇။ ယော မာတရံ ဝါ ပိတရံ ဝါ သဝိဋ္ဌ၊
အဒူသကေ ဟိံသတိ ပါပဓမ္မော။
ကာယဿ ဘေဒါ အဘိသမ္ပရာယံ၊
အသံသယံ သော နိရယံ ဥပေတိ။
၈၈။ ယော မာတရံ ဝါ ပိတရံ ဝါ သဝိဋ္ဌ၊
အန္နေန ပါနေန ဥပဋ္ဌဟာတိ။
ကာယဿ ဘေဒါ အဘိသမ္ပရာယံ၊
အသံသယံ သော သုဂတိံ ဥပေတိ။

ဟူသော စကားတုံ့ပြန် တစ်ဂါထာ, ဥဒါန်းနှစ်ဂါထာအားဖြင့် ဤသုံးဂါထာတို့ကို ဆို၏။

၈၆။ တာတ၊ ဖခင်။ အဟံ၊ ငါသည်။ တေ၊ သင်ဖခင်၏။ အဟိတာနုကမ္ပီ၊ အစီးအပွားကို အလိုမရှိသည်။ န ဟောမိ၊ မဖြစ်။ တာတ၊ ဖခင်။ အဟမ္ပိ၊ ငါသည်လည်း။ တေ၊ သင်ဖခင်၏။ ဟိတာနုကမ္ပီ၊ အစီးအပွားကို အလိုရှိသည်။ အမှိ၊ ဖြစ်၏။ ပါပကမ္မံ၊ ယုတ်မာသော အနန္တရိယကံကို။ ပကုဗ္ဗမာနံ၊ ပြုသော။ တံ၊ သင်ဖခင်ကို။ အဟံ၊ ငါသည်။ ဝါရယိတုံ၊ မြစ်ခြင်းငှာ။ အရဟာမိ စ၊ ထိုက်ပါတုံသေး၏။ တတော၊ ထို့ထက်။ တွံ၊ သင်ဖခင်သည်။ နော၊ ငါတို့ကို။ ဝါရယိတုံ၊ မြစ်ခြင်းငှာ။ အရဟတိ၊ ထိုက်ပါ၏။

၈၇။ သဝိဋ္ဌ၊ သဝိဋ္ဌက အမည်ရှိသော။ တာတ၊ ဖခင်။ ပါပဓမ္မော၊ ယုတ်မာသော အကျင့်ရှိသော။ ယော ပုတ္တာ၊ အကြင်သားသည်။ မာတရံ ဝါ၊ အမိကိုလည်းကောင်း။ ပိတရံ ဝါ၊ အဖကိုလည်းကောင်း။ ဣတိ၊ ဤသို့။ အဒူသကေ၊ မပြစ်မှားအပ်သော မိခင်ဖခင်တို့ကို။ ဟိံသတိ၊ ညှဉ်းဆဲ၏။ ပုတ္တော၊ ထိုမိခင်ဖခင်တို့ကို ညှဉ်းဆဲသော သးသည်။ ကာယဿ ဘေဒါ၊ ဇီဝိတိန္ဒြေမှ ချုပ်သည်မှ။ အဘိသမ္ပရာယံ၊ အခြားမဲ့ဖြစ်သော တမလွန်ဘဝ၌။ အသံသယံ၊ ယုံမှားမရှိ။ နိရယံ၊ ငရဲသို့။ ဥပေတိ၊ လားရ၏။

၈၈။ သဝိဋ္ဌ၊ သဝိဋ္ဌက အမည်ရှိသော။ တာတ၊ ဖခင်။ ယော ပုတ္တော၊ အကြင်သားသည်။ မာတရံ ဝါ၊ အမိကိုလည်းကောင်း။ ပိတရံ ဝါ၊ အဖကိုလည်းကေားင်း။ အန္နေန၊ ထမင်းဖြင့်လည်းကောင်း။ ပါနေန၊ အဖျာ်ဖြင့်လည်းကောင်း။ ဥပဋ္ဌဟာတိ၊ လုပ်ကျွေး၏။ သော ပုတ္တော၊ ထိုမိဘတို့ကို လုပ်ကျွေးသောသားသည်။ ကာယဿ ဘေဒါ၊ ဇီဝိတိန္ဒြေ ချုပ်သည်မှ။ အဘိသမ္ပရာယံ၊ အခြားဖြစ်သော တမလွန်ဘဝ၌။ အသံသယံ၊ ယုံမှားမရှိ။ သုဂတိံ၊ လူ့ဘုံနတ်ရပ်ဟု ဆိုအပ်သော သုဂတိဘဝသို့။ ဥပေတိ၊ လားရ၏။

သင့်အမိ တိုက်တွန်းလို့

သားဖြစ်သောသူငယ်၏ တရားစကားကို နာရ၍ အဖသဝိဋ္ဌကသည်-

၈၉။ န မေ တွံ ပုတ္တ အဟိတာနုကမ္ပီ၊
ဟိတာနုကုမ္ပီ မေ တွံသိ ပုတ္တ၊
အဟဉ္စ တံ မာတရာ ဝုစ္စမာနော၊
ဧတာဒိသံ ကမ္မံ ကရောမိ လုဒ္ဒံ။

ဟူသော ရှစ်ခုမြောက်သာ ဤဂါထာကို ဆို၏။

၈၉။ ပုတ္တ၊ ချစ်သား။ တွံ၊ သင်ချစ်သားသည်။ မေ၊ ငါ၏။ အဟိတာနုကမ္ပီ၊ အစီးအပွားမဲ့ကို အလိုရှိသည်။ န အသိ၊ မဖြစ်။ တွံ၊ သင်ချစ်သားသည်။ မေ၊ ငါ၏။ ဟိတာနုကမ္ပီ၊ အစီးအပွားကို အလိုရှိသည်။ အသိ၊ ဖြစ်ပေ၏။ တံ တေ၊ သင်ချစ်သား၏။ မာတရာ၊ အမိသည်။ ဝုစ္စမာနော၊ တိုက်တွန်းအပ်သည်ဖြစ်၍။ အဟဉ္စ၊ ငါသည်လည်း။ ဧတာဒိသံ၊ ထိုသို့ သဘောရှိသော။ လုဒ္ဒံ၊ ကြမ်းကြုတ်သော။ ကမ္မံ၊ အနန္တရိယကံကို။ ကရာမိ၊ ပြုအံ့ဟု ကြံမိ၏။

အမေကို နှင်ပစ်ပါ

ထိုအဖ၏စကားကို ကြား၍ သားငယ်သည် ဖခင် မိန်းမတို့မည်သည်ကား ဒေါသဖြစ်လတ်သော် မနှိပ်အပ်ကုန်သည်ဖြစ်အံ့၊ အဖန်တလဲလဲ မကောင်းမှုကို ပြုတတ်ကုန်၏။ ငါ့အမိသည်ကား အကြင်အခြင်းဖြင့် ခြိမ်းမောင်းသည်ရှိသော် တစ်ဖန် ဤသို့ သဘောရှိသော မကောင်းမှုကို မပြု၊ ထိုအခြင်းဖြင့် အမိကို ခြိမ်းမောင်းခြင်းငှာ သင့်၏ ဟု-

၉၀။ ယာ တေသာ ဘရိယာ အနရိယရူပါ။
မာတာ မမေသာ သကိယာ ဇနေတ္တိ၊
နိဒ္ဓါပယေ တဉ္စ သကာ အဂါရာ၊
အညမ္ပိ တေသာ ဒုခမာဝဟေယျ။

ဟူသာ ကိုးခုမြောက်သော ဤဂါထာကိုဆို၏။

၉၀။ တာတ၊ ဖခင်။ တေ၊ သင်ဖခင်၏။ ယာ ဘရိယာ၊ အကြင် မယားသည်။ အနရိယရူပါ၊ သူတော်မဟုတ် သူယုတ်၏ သဘောရှိ၏။ သာ ဘရိယာ၊ ထိုမယားသည်။ တေ၊ သင်ဖခင်အား။ အညမ္ပိ ဒုခံ၊ တစ်ပါးသော ဆင်းရဲကိုလည်း။ အာဝဟေယျ၊ ဖြစ်စေရာ၏။ ဧသာ ဘရိယာ၊ ထိုဖခင်မယားသည်။ မမ၊ ငါ၏။ မာတာ၊ အမိသည်လည်းဖြစ်၏။ သကိယာ၊ ငါ့ကို ဖြစ်စေတတ်သောကြောင့်။ ဇနေတ္တိ၊ အမိရင်းလည်း မှန်၏။ တံ၊ ထိုအမိကို။ သကာ အဂါရာ၊ မိမိအိမ်မှ။ နိဒ္ဓါပယေ၊ နှင်ထုတ်ရာ၏။

အဖ သဝိဋ္ဌကသည် သားပညာရှိ၏ စကားကို ကြားရလျှင် ဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ ချစ်သား သွားကြကုန်အံ့ ဟု သားနှင့်လည်းကောင်း၊ အဖနှင့်လည်းကောင်း တကွသာလျင် ယာဉ်၌စီး၍ သွားလေ၏။

မိန်းမကို နှင်ထုတ်လိုက်ပြီ

ယုတ်မာသော အကျင့်ရှိသော ထိုမယားသည်လည်း အသရေမရှိသော သက်ကြီးအို သူယုတ်သည် ငါတို့အိမ်မှ ထွက်လေပြီ ဟု အလွန် နှစ်သက် ရွှင်လန်းလျက် စိုသော နွားချေးဖြင့် အိမ်ကိုလိမ်းကျံ၍ နို့ဃနာထမင်းကို ချက်၍ လာရာခရီးကိုကြည့်လျက် လာကုန်သော မြေးအဘိုးတို့ကိုမြင်လျှင် အိမ်မှထွက်လေပြီးသော အသရေမရှိသော သူယုတ်ကိုယူ၍ လာပြန်ခဲ့ပြီ ဟု အမျက်ထွက်၍ ဟယ် စဉ်းလဲစွာသော အိမ်မှ ထွက်လေပြီးသော အသရေမရှိသော သူယုတ်ကို တစ်ဖန်ယူ၍ လာပြန်၏ဟု ဆဲရေးရေရွတ်၏။

သဝိဋ္ဌကသည် တစ်စုံတစ်ခုသော စကားကို မဆိုမူ၍ ယာဉ်ကို ချွတ်ပြီးလျှင် ယုတ်မာသော အကျင့်ရှိသော မိန်းမယုတ် အဘယ်စကားကို နင်ဆိုသနည်း ဟု ထိုမိန်းမကို ပြင်းစွာ ထောင်းခတ် သတ်ပုတ်ပြီးလျှင် ဤနေ့မှစ၍ ဤန်းမယုတ်ကို အိမ်သို့မဝင်ရပြီ ဟု ခြေတို့ကိုကိုင်၍ နှင်ထုတ်လိုက်၏။

ထို့နောင်မှ အဖကိုလည်းကောင်းသားကိုလည်းကောင်း ရေချိုးစေ၍ မိမိနှင့်တကွ သုံးယောက်ကုန်သော သားအဖ အဘိုးတို့သည် အတူတကွ စားကြကုန်၏။ ထိုယုတ်မာသော မိန်းမသည်လည်း နှစ်ရက်သုံးရက် တစ်ပါးသော အိမ်၌သာလျှင် နေ၏။ ထိုအခါ သားပညာရှိသည် အဖကို ဖခင် ငါ့အမိသည် ဤသို့ ခြိမ်းမောင်းကာမျှဖြင့် မသိလတ္တံ့၊ သင်ဖခင်တို့သည် ငါ့အမိအား နှလုံးမသာယာသော အဖြစ်ကို ပြုခြင်းငှာ ဤမည်သောရွာ၌ သင်၏ ဦးရီးသမီးသည် ရှိ၏။ ထိုဦးရီးသမီးသည် သင့်အဖကိုလည်းကောင်း, ငါ့ကိုလည်းကောင်း ရိုသေစွာလုပ်ကျွေးလတ္တံ့။ ထိုဦးရီးသမီးကို ဆောင်အံ့ဟု ဆို၍ ပန်းနံ့သာ အစရှိသည်တို့ကိုယူ၍ လှည်းဖြင့်ထွက်၍ လယ်တောသို့ လှည့်လည်၍ ညချမ်းအခါ၌ လာခဲ့ကုန် ဟု ဆို၏။ ထိုသဝိဋ္ဌကသည် သားဆိုတိုင်းပြု၏။

အိမ်နီးချင်း မိန်းမတို့သည် သင်၏လင်သည် တစ်ပါးသောမယားကို ဆောင်အံ့သောငှါ ဤမည်သောရွာသို့ သွားသတတ်ဟု ထိုနှင်ထုတ်အပ်သော မယားအား ကြားကုန်၏။

ဝန်ချ၍ ပြန်လာရခြင်း

ထိုမယားသည် ယခုအခါ ငါသည် ပျက်ချေပြီ၊ ဤနေ့မှစ၍ တစ်ဖန် ငါ၏လင်အိမ်၌ နေခွင့်သည် မရှိပြီဟု ကြောက်သည်ဖြစ်၍ သားကိုသာလျှင် တောင်းပန်အံ့ ဟု သားပညာရှိ၏အထံသို့ သွားပြီးလျှင် ခြေတို့၌ဝပ်၍ ချစ်သား သင် ချစ်သားကိုထား၍ သင်ချစ်သားမှ တစ်ပါး ငါ၏ ကိုးကွယ်ရာသည် မရှိ၊ ဤနေ့မှစ၍ သင်ချစ်သား၏ အဖကိုလည်းကောင်း အဘိုးကိုလည်းကောင်း တန်ဆာဆင်သော စေတီကဲ့သို့ ရိုသေစွာ လုပ်ကျွေးစောင့်ရှောက်ပါအံ့၊ ထို့ကြောင့် တစ်ဖန် ငါ့ကို ဤအိမ်သို့ဝင်ရခြင်းကို ပြုလော့ ဟု ဆို၏။ မိခင် တစ်ဖန် ဤသို့သဘောရှိသော ယုတ်မာသောအမှုကို အကယ်၍ မပြုသည်ဖြစ်အံ့၊ ကောင်း၏ ဟု ဆို၏။ ချစ်သား... မပြုပါပြီ ဟု ဆို၏။ ထိုသို့တပြီးကား မမေ့မလျော့ဖြစ်လော့ ဟု ဆို၍ အဖလာသောအခါ၌-

၉၁။ ယာ တေသာ ဘရိယာ အနရိယရူပါ၊
မာတာ မမေသာ သကိယာ ဇနေတ္တိ။
ဒန္တာ ကရေဏူဝ ဝသူပနီတာ၊
သာ ပါပဓမ္မာ ပုနရာဝဇာတု။

ဟူသော ဆယ်ခုမြောက်သော ဤဂါတာကိုဆို၏။

၉၁။ တာတ၊ ဖခင်။ တေ၊ သင်ဖခင်၏။ ယာ ဘရိယာ၊ အကြင်မယားသည်။ အနရိယရူပါ၊ သူတော်မဟုတ် သူယုတ်တို့၏အကျင့်ရှိ၏။ သာ ဘရိယာ၊ ထိုမယားသည်။ မမ၊ ငါ၏။ မာတာ၊ အမိလည်းဖြစ်၏။ သကိယာ၊ ငါ့ကို ဖြစ်စေတတ်သောကြောင့်။ ဇနတ္ထိ၊ အမိရင်းလည်း မှန်၏။ ပါပဓမ္မာ၊ ယုတ်မာသော အကျင့်ရှိဖူးသော။ သာ မာတာ၊ ထိုငါ့အမိသည်။ ဒန္တာ၊ ယဉ်ကျေးပြီးသော။ ကရေဏူဝ၊ ဆင်မကဲ့သို့။ ဒန္တာ၊ ယဉ်ကျေးသည်ဖြစ်၍။ ဝသူပနီတာ၊ ငါတို့ အလိုသို့လိုက်ပြီ။ ပုနရာဝဇာတု၊ အဖအိမ်သို့ မိခင် တစ်ဖန် လာစေလော့။

ဤသို့ ထိုသားငယ် ပညာရှိသည် အဖအား တရားဟောပြီးလျှင် သွား၍ အမိကိုဆောင်ယူ၏။ ထိုအမိသည် လင်ကိုလည်းကောင်း ယောက္ခမကိုလည်းကောင်း ကန်တော့ပြီးလျှင် ထိုနေ့မှစ၍ ယဉ်ကျေးငြိမ်သက်သော သဘောနှင့် ပြည့်စုံ သည်ဖြစ်၍ လင်ကိုလည်းကောင်း ယောက္ခမကိုလည်းကောင်း, သားပညာရှိကိုလည်းကောင်း ရိုသေစွာလုပ်ကျွေး၏။ ထိုနှစ်ယောက်သော သမီးခင်ပွန်းတို့သည်လည်း သားပညာရှိ၏ အဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အဖကိုလုပ်ကျွေးသော ဒါယကာသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ဒါယကာ ယခုအခါ အဖ သား ချွေးမ သုံးယောက်တို့သည်သာလျှင် ထိုအခါ အဖ သား ချွေးမ သုံးယောက်ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သားငယ်ပညာရှိ ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သင့်မယားမိုက်၊ နှင်ထုတ်လိုက်၊ နောက်၌ဆက်စီစဉ်

ရှစ်ခုမြောက်သော တက္ကလဇာတ်သည် ပြီး၏။

*****