မာတိကာသို့ ခုန်သွားရန်

တမ္ဗဒါဌိကစောရဃာတကဝတ္ထု

ဝီကီရင်းမြစ် မှ
1317ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁။ တမ္ဗဒါဌိကစောရဃာတကဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

သဟဿဝဂ်

၁။ တမ္ဗဒါဌိက ခိုးသူသတ်ယောက်ျား ဝတ္ထု

သဟဿမပိ စေ ဝါစာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် တမ္ဗဒါဌိက ခိုးသူသတ်ယောက်ျားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူသတ်ရာထူး ငါးဆယ့်ငါးနှစ် အမှုထမ်းသူ

တစ်ယောက်ဖြင့် ယုတ်လျော့သော ငါးရာသော ခိုးသူတို့သည် ရွာကိုဖျက်ဆီးခြင်း အစရှိသည်တို့ကို ပြုကုန်လျက် အသက်မွေးမြူကြကုန်သတတ်။ ထိုအခါ ထုတ်ချင်းခတ် မျက်စိကြောင်သည်ဖြစ်၍ နီသောကြင်စွယ်ရှိသောကြောင့် တမ္ဗဒါဌိကမည်သော ယောက်ျားတစ်ယောက်သည် ထိုခိုးသူတို့၏အထံသို့ သွားပြီးလျှင် “ငါလည်း သင်တို့နှင့်အတူတကွ အသက်မွေးမြူပါအံ့”ဟု ဆို၏။ ထိုအခါ ထိုသူ့ကို ခိုးမှူးကြီးအားပြ၍ “ဤသူသည်လည်း အကျွန်ုပ်တို့အထံ၌ နေခြင်းငှာ အလိုရှိပါသတဲ့”ဟု ဆိုကြလေကုန်၏။ ထိုသူကို ခိုးမှုကြီးသည် ကြည့်ရှုလတ်သော် “ဤသူကား မိခင်၏ သားမြတ်ကို ကိုက်ဖြတ်၍ ဖခင်၏ လည်ချောင်းသွေးကိုထုတ်၍ စားသောက်ခြင်းငှာ စွမ်းနိုင်သောသူဖြစ်၍ အလွန်ကြမ်းကြုတ်သောသူတည်း”ဟု ကြံစည်မိသဖြင့် “ငါတို့အထံ၌ ဤသူ၏ နေဖွယ်ကိစ္စ မရှိ”ဟု ပယ်လေ၏။ ထိုတမ္ဗဒါဌိကသည် ဤသို့ ပယ်သော်လည်း လာပြန်၍ ထိုခိုးမှူးကြီး၏ အတွင်းနေ တပည့်တစ်ယောက်ကို ခစားလုပ်ကျွေးကာ နှစ်သိမ့်စေလေ၏။ ထိုတပည့်သည် တမ္ဗဒါဌိကကိုခေါ်၍ ခိုးမှူးကြီးသို့ ချဉ်းကပ်ပြီးလျှင် “အရှင်- ဤသူသည် ကောင်းသော သဘောရှိ၏၊ ကျွန်တော်တို့အား ကျေးဇူးများသူဖြစ်ပါလိမ့်မည်၊ ထိုယောက်ျားကို ပြုစုချီးမြှောက်ကြပါကုန်လော့”ဟု တောင်းပန်၍ ခိုးမှုကြီးကို လက်ခံစေလေ၏။

ထိုအခါ တစ်နေ့သ၌ မြို့သူမြို့သားတို့သည် မင်းချင်းယောက်ျားတို့နှင့်အတူ တစ်ပေါင်းတည်းဖြစ်၍ ထိုခိုးသူတို့ကို ဖမ်းယူပြီးလျှင် တရားဆုံးဖြတ်တတ်သော အမတ်တို့အထံသို့ ပို့ဆောင်ကြကုန်၏။ အမတ်တို့သည် ထိုခိုးသူတို့အား ပုဆိန်ဖြင့် ဦးခေါင်းဖြတ်ခြင်းကို (ဦးခေါင်းဖြတ်ရန်) အမိန့်ပေးကြလေကုန်၏။ ထို့နောက်မှ “အဘယ်သူသည် ဤခိုးသူတို့ကို သတ်နိုင်အံ့နည်း”ဟု ရှာဖွေသည်ရှိသော် ထိုခိုးသူတို့ကို သတ်ခြင်းငှာအလိုရှိသော တစ်စုံတစ်ယောက်သောသူကို မမြင်သဖြင့် ခိုးမှူးကြီးကို “သင်သည် ဤခိုးသူတို့ကိုသတ်လျှင် အသက်ကိုလည်း ရလတ္တံ့၊ ဆုလာဘ်ချီးမြှောက်ခြင်းကိုလည်း ရလတ္တံ့၊ ဤခိုးသူတို့ကို သတ်လော့”ဟု ဆိုကြကုန်၏။ ခိုးမှူးကြီးသည်လည်း မိမိကို မှီ၍နေသော တပည့်တို့ဖြစ်သောကြောင့် ထိုသူတို့ကို သတ်ခြင်းငှာ အလိုမရှိ။ ဤသို့သောနည်းဖြင့် တစ်ခုယုတ် ငါးရာသော ခိုးသူတို့ကို မေးကြကုန်၏။ အလုံးစုံသော သူတို့သည်လည်း အလိုမရှိကြကုန်။ အလုံးစုံသောသူတို့၏ နောက်၌ ထုတ်ချင်းခတ် မျက်စိကြောင်သည်ဖြစ်၍ နီသောကြင်စွယ်ရှိသော ထိုတမ္ဗဒါဌိကကို မေးကြကုန်၏။ ထိုတမ္ဗဒါဌိကသည် “ကောင်းပြီ”ဟု ဝန်ခံ၍ အလုံးစုံသော ထိုခိုးသူတို့ကို သတ်ခြင်းကြောင့် အသက်ကိုလည်း ရ၏၊ ဆုလာဘ်ချီးမြှောက်ခြင်းကိုလည်း ရလေ၏။

ဤသို့သောနည်းအားဖြင့် မြို့၏ တောင်အရပ်မှလည်း ခိုးသားငါးရာတို့ကိုဆောင်၍ အမတ်တို့အားပြလျှင် အမတ်တို့လည်း ခိုးသားတို့၏ ဦးခေါင်းဖြတ်ခြင်းကို စေအပ်ပြန်သည်ရှိသော် ခိုးမှူးကြီးကိုအစပြု၍ မေးမြန်းကြရာ တစ်စုံတစ်ယောက်သောသူမျှ သတ်ခြင်းငှာ အလိုမရှိသည်ကို မြင်ရ၍ “ရှေးဖြစ်သောနေ့၌ ယောက်ျားတစ်ယောက်သည် ငါးရာသောခိုးသူတို့ကို သတ်၏၊ ထိုယောက်ျားသည် အဘယ်မှာနည်း”ဟု မေးသဖြင့် “ဤမည်သောအရပ်၌ ငါတို့မြင်အပ်၏”ဟု ဆိုလတ်သော် ထိုခိုးသူသတ် တမ္ဗဒါဌိကကို ခေါ်ခိုင်း၍ “ဤသူတို့ကို သတ်လော့၊ ဆုတော်လာဘ်တော် ရလတ္တံ့”ဟု စေခိုင်းကြကုန်၏။ ထိုတမ္ဗဒါဌိကသည်လည်း “ကောင်းပြီ”ဟု ဝန်ခံ၍ ထိုအလုံးစုံသော သူတို့ကိုလည်း သတ်ခြင်းကြောင့် မြတ်နိုးစွာ ပေးအပ်သောဆုလာဘ်တို့ကိုရလေ၏ ထိုအခါ တမ္ဗဒါဌိကကို “ဤယောက်ျားသည် အသတ်ကောင်း၏”ဟု “ထိုယောက်ျားကို အမြဲတမ်း ခိုးသူသတ်ကိုသာ ပြုအံ့”ဟု တိုင်ပင်၍ တမ္ဗဒါဌိကအားသာလျှင် ထိုရာထူးကိုပေး၍ ဆုတော်လာဘ်တော် ပေးခြင်းကို ပြုကြလေကုန်၏။ ထိုတမ္ဗဒါဌိကသည် အနောက်မျက်နှာအရပ်မှလည်းကောင်း၊ မြောက်မျက်နှာအရပ်မှလည်းကောင်း ဆောင်ခဲ့ကုန်သော ငါးရာ,ငါးရာသော ခိုးသားတို့ကိုလည်း သတ်သည်သာလျှင်တည်း။ ဤသို့ အရပ်လေးမျက်နှာတို့မှ ဆောင်ခဲ့ကုန်သော နှစ်ထောင်သော ခိုးသားတို့ကို သတ်ပြီးလျှင် ထိုအခါမှစလျက် နေ့တိုင်း,နေ့တိုင်း ဆောင်ခဲ့ကုန်သော တစ်ယောက်, နှစ်ယောက်, သုံးယောက်ဖြစ်ကုန်သော လူတို့ကိုလည်း သတ်သဖြင့် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ခိုးသူသတ်မှုကိုသာ ပြုခဲ့လေ၏။

တမ္ဗဒါဌိက ရာထူးမှ ရွေ့လျောခြင်း

ထိုတမ္ဗဒါဌိကသည် အိုမင်းကြီးရင့်သောအခါ တစ်ချက်တည်းဖြင့်သာလျှင် ဦးခေါင်းကိုဖြတ်ခြင်းငှာ မတတ်နိုင်၊ နှစ်ကြိမ်သုံးကြိမ် ပုတ်ခတ်ရသဖြင့် လူတို့ကိုပင်ပန်းစေ၏။ မြို့သူမြို့သားတို့သည် “တမ္ဗဒါဌိကမှတစ်ပါးသော ခိုးသူသတ်ယောက်ျားသည်လည်း ပေါ်ပေါက်လာပါလိမ့်မည်၊ ဤသူသည် အလွန်လျှင် လူတို့ကို ဆင်းရဲပင်ပန်းစေ၏၊ ဤသူဖြင့် အဘယ်အကျိုးရှိအံ့နေ့ည်း”ဟု ကြံ၍ တမ္ဗဒါဌိက၏ ခိုးသူသတ်ရာထူးကို ပယ်နုတ်ကြကုန်၏။ ထိုတမ္ဗဒါဌိကသည် ရှေး၌ ခိုးသူသတ်အမှုကို ပြုရလေသောကြောင့် အစာမကြေသေးသော ပုဆိုးသစ်ဖြင့် ဝတ်ခြင်းငှာလည်းကောင်း၊ ထောပတ်သစ်ဖြင့် နို့ရည်ယာဂုကို သောက်ခြင်းငှာလည်းကောင်း၊ မုလေးပန်းကို ပန်ဆင်ခြင်းငှာလည်းကောင်း၊ နံ့သာတို့ကို လိမ်းကျံခြင်းငှာလည်းကောင်း၊ ဤလေးပါးတို့ကို မရ။ ထိုတမ္ဗဒါဌိကသည် ရာထူးမှ ရွေ့လျောသောနေ့၌ “ငါ့အလိုငှာ နို့ရည်ယာဂုကို ချက်ပေးကြကုန်လော့”ဟု ဆို၍ အစာမကျေသေးသော ပုဆိုးသစ်တို့ကိုလည်းကောင်း၊ မုလေးပန်း နံ့သာပျောင်းတို့ကိုလည်းကောင်း ယူစေ၍ မြစ်သို့သွားသဖြင့် ရေချိုးပြီးလျှင် အစာမကျေသေးသော ပုဆိုးသစ်တို့ကို ဝတ်လျက် ပန်းတို့ကို ပန်ဆင်လျက် နံ့သာတို့ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိသည်ဖြစ်၍ အိမ်သို့ပြန်လာပြီး ထိုင်နေလေ၏။ ထိုအခါ တမ္ဗဒါဌိကအလို့ငှာ ထောပတ်သစ်ဖြင့် စီရင်အပ်သော နို့ရည်ယာဂုကို ရှေ့တွင်ထား၍ လက်ဆေးရေကို ဆောင်ယူခဲ့ကြကုန်၏။ ထိုခဏ၌ အရှင်သာရိပုတြာမထေရ်သည် သမာပတ်မှထသဖြင့် “ယနေ့ အဘယ်အိမ်သို့ ငါသည် သွားသင့်မည်နည်း”ဟု ဆင်ခြင်လျက် မိမိ၏ဆွမ်းခံရာအရပ်ကို ကြည့်ရှုလတ်သော် ထိုတမ္ဗဒါဌိကအိမ်၌ နို့ရည်ယာဂုကိုမြင်ရလျှင် “ငါ့အား ထိုယောက်ျားသည် ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုနိုင်အံ့လော”ဟု စူးစမ်းဆင်ခြင်ပြန်သည်ရှိသော် “ငါ့ကိုမြင်လျှင် ငါ့အား ချီးမြှောက်ထောက်ပံ့ခြင်းကို ပြုနိုင်လတ္တံ့၊ ပြုပြီး၍ကား ဤအမျိုးသားသည် ကြီးစွာသော စည်းစိမ်ချမ်းသာကို ရလတ္တံ့”ဟု သိတော်မူ၍ သင်္ကန်းကိုရုံပြီးလျှင် သပိတ်ကိုပိုက်ယူ၍ တမ္ဗဒါဌိက၏အိမ်တံခါး၌ ရပ်လျက်သာလျှင်ဖြစ်သော မိမိကိုယ်ကို ပြလေ၏။

ထိုတမ္ဗဒါဌိကသည် မထေရ်ကိုမြင်လျှင် ကြည်လင်သောစိတ်ရှိသည်ဖြစ်၍ “ငါကား ကြာမြင့်စွာသော ကာလပတ်လုံး ခိုးသူသတ်အမှုကို ပြုအပ်၏၊ များစွာသောလူတို့ကို သတ်အပ်ကုန်၏၊ ယခုအခါ ငါ့အိမ်၌ နို့ရည်ယာဂုကို စီရင်အပ်၏။ မထေရ်သည်လည်း ကြွလာ၍ ငါ၏အိမ်တံခါး၌ ရပ်၏၊ ယခုအခါ ငါသည် ဤအရှင်မြတ်အား လှူဖွယ်ဝတ္ထုကို လှူခြင်းငှာ သင့်၏”ဟု ကြံစည်မိသဖြင့် ရှေ့၌ချထားအပ်သော ယာဂုကိုပယ်၍ မထေရ်သို့ကပ်လျက် ရှိခိုးပြီးလျှင် အိမ်တွင်း၌နေစေလျက် သပိတ်၌ နို့ရည်ယာဂုကို လောင်းထည့်၍ ထောပတ်သစ်ကို သွန်းလောင်း၍ မထေရ်ကို ယပ်ခတ်ကာ နေလေ၏။ ထိုအခါ တမ္ဗဒါဌိကအားလည်း ရှည်ကြာစွာသော ကာလပတ်လုံး မရဖူးသည်၏ အဖြစ်ကြောင့် နို့ရည်ယာဂုကိုသောက်ခြင်းငှာ အားကြီးစွာသော အလိုဆန္ဒရှိလေ၏။ အရှင်သာရိပုတြာမထေရ်သည် ထိုတမ္ဗဒါဌိကအလိုကို သိတော်မူသဖြင့် “ဒါယကာ- သင်သည် မိမိ၏ယာဂုကို သောက်လော့”ဟု ဆိုလေ၏။ ထိုတမ္ဗဒါဌိကသည် တစ်ပါးသောသူ၏လက်၌ ယပ်ကိုပေး၍ ယာဂုကို သောက်လေ၏။ မထေရ်သည်လည်း ယပ်ခတ်သောယောင်္ကျားကို “ဒါယကာ- သင်သွားလော့၊ ငါ့အား ယပ်မခတ်လင့်”ဟု ဆိုလေ၏။ ထိုတစ်ပါးသောသူ ယပ်ခတ်စဉ် တမ္ဗဒါဌိကသည် ဝမ်းပြည့်အောင် ယာဂုသောက်ပြီးမှ လာလတ်သဖြင့် မထေရ်ကို ယပ်ခတ်ကာ နေ၍ ဆွမ်းစားပြီးသော အရှင်သာရိပုတြာမထေရ်၏ သပိတ်ကို ယူလေ၏။

ကြာမြင့်စွာ လူသတ်ခဲ့၍ တရားအာရုံမယူနိုင်

အရှင်သာရိပုတြာမထေရ်သည် တမ္ဗဒါဌိကအား တရားအနုမောဒနာပြုရန် အားထုတ်တော်မူလေ၏။ ထိုတမ္ဗဒါဌိကသည် မိမိ၏စိတ်ကို မထေရ်မြတ်ဟောတော်မူသော တရားဒေသနာ၌ ယှဉ်တွဲ၍ အစဉ်လိုက်ခြင်းကို ပြုခြင်းငှာ မတတ်နိုင်။ မထေရ်သည် ထိုအမူအရာကို မှတ်သား၍ “ဒါယကာ- အဘယ့်ကြောင့် စိတ်ကို ဒေသနာတော်၌ အစဉ်လိုက်ခြင်းကို ပြုခြင်းငှာ မတတ်နိုင်လေသနည်း”ဟု မေးတော်မူလေ၏။ “အရှင်ဘုရား- တပည့်တော်သည် ရှည်ကြာစွာသော ကာလပတ်လုံး ကြမ်းတမ်းသောအမှုကို ပြုအပ်ပါသည်၊ များစွာသောလူတို့ကို သတ်အပ်ကုန်၏။ ထို မိမိ၏မကောင်းမှုကို တပည့်တော်သည် အောက်မေ့မိသည်ဖြစ်ပါ၍ စိတ်ကို အရှင်မြတ်ဘုရား၏ ဒေသနာတော်၌ ယှဉ်တွဲ၍ အစဉ်လိုက်ခြင်းကိုပြုခြင်းငှာ မတတ်နိုင်ပါဘုရား”ဟု လျှောက်လေ၏။ မထေရ်မြတ်သည်လည်း ထိုတမ္ဗဒါဌိကကို “ငါလှည့်ပတ်အံ့”ဟု ကြံတော်မူ၍ “ဒါယကာ- သင်သည် မိမိအလိုဖြင့် ပြုသလော၊ သူတစ်ပါးတို့သည် ပြုစေအပ်သလော”ဟု မေးတော်မူ၏။ “အရှင်ဘုရား- ပြည့်ရှင်မင်းကြီးသည် တပည့်တော်ကို ပြုခိုင်းပါသည်ဘုရား”ဟု လျှောက်ကြားလတ်သောအခါ “ဒါယကာ- ဤသို့ဖြစ်သည်ရှိသော် သင့်အား မကောင်းမှုအကုသိုလ်ကံ ဖြစ်သတဲ့လော”ဟု မိန့်မြွက်တော်မူလေ၏။ ပညာနုံ့သော သဘောရှိသော ဒါယကာသည် အရှင်သာရိပုတြာမထေရ် ဤသို့မိန့်သည်ရှိသော် “ငါ့အား မကောင်းမှု အကုသိုလ်ကံ မရှိလေစွတကား”ဟု မှတ်ထင်သဖြင့် “အရှင်ဘုရား- ထိုသို့ဖြစ်မူ တရားတော်ကို ဟောကြားတော်မူပါဘုရား”ဟု အားရဝမ်းသာ လျှောက်ကြားရှာလေ၏။

တမ္ဗဒါဌိက နွားမဝှေ့၍ ကွယ်လွန်

ထိုတမ္ဗဒါဌိကသည် အရှင်သာရိပုတြာ မထေရ်မြတ် အနုမောဒနာတရား ဟောကြားလတ်သည်ရှိသော် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ တရားတော်နာကြားစဉ် သောတာပတ္တိမဂ်၏ ဤမှာဘက်အတွင်းမှ အနုလောမိကခန္တီကို ဖြစ်စေလေ၏။ (အနုလောမိကခန္တီဟူသည် မဂ်အားလျော်စွာ မဂ်၏ရှေးအဖို့၌ဖြစ်သော ဝိပဿနာဉာဏ်) မထေရ်လည်း အနုမောဒနာပြုပြီးလျှင် ဖဲကြွသွားတော်မူလေ၏။ မထေရ်မြတ်ကို အတန်ငယ်လိုက်ပို့၍ ပြန်လည်လာသော တမ္ဗဒါဌိကဥပါသကာကို ဘီလူးမတစ်ယောက်သည် နွားမအသွင်ဖြင့် ပြေးလာပြီးလျှင် ရင်၌ပုတ်ခတ်၍ ဝှေ့သတ်၏။ ထိုတမ္ဗဒါဌိကသည် စုတေသေသည်ရှိသော် တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ ရဟန်းတို့သည် တရားသဘင်၌ “ခိုးသူသတ်ယောက်ျားသည် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ကြမ်းကြုတ်သောအမှုကိုပြု၍ ယနေ့ပင်လျှင် ထိုကြမ်းကြုတ်သောအမှုမှ လွတ်မြောက်၏၊ ယနေ့ပင်လျှင် အရှင်သာရိပုတြာမထေရ်အား ဆွမ်းလှူဒါန်း၍ ယနေ့ပင်လျှင် သေလွန်ရှာလေ၏၊ အဘယ်အရပ်၌ ဖြစ်လေအံ့နည်း”ဟု စကားပြောကြားကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ထိုတမ္ဗဒါဌိကသည် တုသိတာနတ်ပြည်၌ ဖြစ်၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အဘယ်သို့မိန့်တော်မူပါသနည်း၊ ဤမျှကာလတိုင်တိုင် ဤမျှလောက်သော လူတို့ကိုသတ်၍ တုသိတာနတ်ပြည်၌ ဖြစ်လေဘိသလောဘုရား”ဟု လျှောက်ပြန်လေသော် “ချစ်သားရဟန်းတို့- တုသိတာနတ်ပြည်၌ ဖြစ်သည်ကား မှန်၏။ ထိုတမ္ဗဒါဌိကသည် အဆွေခင်ပွန်းကောင်းကို ရအပ်၏။ သာရိပုတြာ၏ တရားဒေသနာကို ကြားရ၍ အနုလောမိကဉာဏ်ကို ဖြစ်စေသဖြင့် ဤဘဝ ဤကိုယ်အဖြစ်မှ စုတေသည်ရှိသော် တုသိတာနတ်ပြည်၌ ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

သုဘာသိတံ သုဏိတွာန၊ နဂရေ စောရဃာတကော။
အနုလောမခန္တိံ လဒ္ဓါန၊ မောဒတီ တိဒိဝံ ဂတော။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ နဂရေ၊ ရာဇဂြိုဟ်ပြည်၌။ စောရဃာတကော၊ ခိုးသူသတ်ယောက်ျားသည်။ သုဘာသိတံ၊ ကောင်းစွာဟောအပ်သော တရားတော်ကို။ သုဏိတွာန၊ နာကြားရ၍။ အနုလောမခန္တိံ၊ အနုလောမဉာဏ်ကို။ လဒ္ဓါန၊ ရသဖြင့်။ တိဒိဝံ ဂတော၊ တုသိတာနတ်ပြည်သို့ ရောက်လျက်။ မောဒတိ၊ မွေ့လျော်ရ၏။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အနုမောဒနာတရားဟောခြင်းမည်သည် အားမကြီးလှပါ။ ထိုတမ္ဗဒါဌိက ပြုအပ်သော အကုသိုလ်ကံကား အားကြီးလှပါ၏။ အဘယ်သို့လျှင် ဤမျှလောက်သောတရား နာကြားရုံမျှဖြင့် အကျိုးထူးကို ဖြစ်စေနိုင်ပါသနည်းဘုရား”ဟု လျှောက်ကြားကြပြန်သည်ရှိသော် မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါဘုရား ဟောကြားအပ်သော တရားတော်၏ပမာဏကို နည်းသည်ဟူ၍လည်းကောင်း၊ များသည်ဟူ၍လည်းကောင်း မမှတ်ယူကြကုန်လင့်၊ တစ်ခွန်းသော စကားသည်လည်း အကျိုးစီးပွားကို မှီခြင်းကြောင့် မြတ်သည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေကိုစပ်၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၀၀] သဟဿမပိ စေ ဝါစာ၊ အနတ္ထပဒသံဟိတာ။
ဧကံ အတ္ထပဒံ သေပျော၊ ယံ သုတွာ ဥပသမ္မတိ။

အနတ္ထပဒသံဟိတာ၊ တောဘွဲ့,တောင်ဘွဲ့ အကျိုးမဲ့သော ပုဒ်တို့ဖြင့် စပ်ယှဉ်သော။ ဝါစာ၊ စကားသည်။ သဟဿမပိ၊ ပုဒ်ပေါင်းတစ်ထောင် မြားမြောင်စွာသည်လည်း။ စေ ဟောတိ၊ အကယ်၍ ဖြစ်ခဲ့ငြားအံ့။ န သေယျော၊ မမြတ်။ အတ္ထပဒံ၊ အကျိုးပြီးစရာ ခန္ဓာစသည်ကို ပြတတ်သော ပုဒ်ဟုဆိုအပ်သော။ ယံ၊ အကြင်ပုဒ်ကို။ သုတွာ၊ နာကြားရသည်ရှိသော်။ ဥပသမ္မတိ၊ ရာဂစသည်တို့၏ ငြိမ်းခြင်းဖြင့် ငြိမ်း၏။ တံ၊ ထိုပုဒ်သည်။ ဧကမ္ပိ၊ တစ်ပုဒ်တည်းပင် ဖြစ်သော်လည်း။ သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

တမ္ဗဒါဌိကခိုးသူသတ်ယောက်ျားဝတ္ထုပြီး၏။