တယောဓမ္မဇာတ်
ဧကကနိပါတ်-အာသီသဝဂ်
၈။ တယောဓမ္မဇာတ်
ဒေဝဒတ်အလောင်းသည် ဘုရားလောင်းအား သတ်အံ့ဟု ကြံသော်လည်း မိမိသည်လျှင် ပျက်စီးသောအကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တက့သောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် ယဿ ဧတေ တယော ဓမ္မာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတယောဓမ္မဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ သတ်အံ့သောငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဒေဝဒတ်သည် မျောက်အမျိုး၌ဖြစ်၍ ဟိမဝန္တာအရပ်၌ မျောက်အပေါင်းကို ဆောင်သည်ရှိသော် မိမိကိုစွဲ၍မွေးဖွားကုန်သော မျောက်ငယ်တို့ကို ဤမျောက်ငယ်တို့သည် ကြီးပွားခြင်းသို့ရောက်ကုန်သော် မျောက်အပေါင်းကို ဆောင်ကုန်ရာ၏ဟု ကြောက်ခြင်းကြောင့် သွားတို့ဖြင့်ကိုက်၍ မျောက်ငယ်တို့၏ ဝှေးစေ့တို့ကို ထုတ်၏။ ထိုအခါ ဘုရားလောင်းသည်လည်း ထိုဒေဝဒတ်အလောင်း မျောက်မင်းကိုလျှင်စွဲ၍ တခုသောမျောက်မဝမ်း၌ ပဋိသန္ဓေကို ယူ၏။ ထိုအခါ မျောက်မသည် ကိုယ်ဝန်တည်သောအဖြစ်ကိုသိ၍ မိမိကိုယ်ဝန်ကိုစောင့်လိုသည်ဖြစ်၍ တပါးသော တောင်ခြေရင်းသို့သွား၏။ ထိုမျောက်မသည် ရင့်သော ကိုယ်ဝန်ရှိသည်ဖြစ်၍ ဘုရားလောင်းကို ဖွား၏။ ထိုဘုရားလောင်းသည် ကြီးခြင်းကိုစွဲ၍ လိမ်မာသောအဖြစ်သို့ ရောက်သည်ရှိသော် အစွမ်းနှင့်ပြည့်စုံ၏။ ထိုဘုရားလောင်းသည် တနေ့သ၌ အမိကို မိခင် ငါ၏အဘကား အဘယ်မှာနည်းဟု မေး၏။ အမောင် ဤမည်သောတောင်ခြေရင်း၌ မျောက်အပေါင်းကိုဆောင်လျက် နေ၏ဟု ဆို၏။ မိခင် အဘထံသို့ ငါ့ကိုဆောင်လောဟု ဆို၏။ အမောင် သင်သည် အဘထံသို့ သွားခြင်းငှါမသင့်၊ ထိုစကားသည် မှန်၏။ သင့်အဘသည် မိမိကိုစွဲ၍ဖြစ်သော မျောက်ငယ်တို့ကို ဤမျောက်ငယ်တို့သည် မျောက်အပေါင်းကို ဆောင်ကုန်လတ္တံ့ဟု ဆောင်အံ့သည်မှ ကြောက်သောကြောင့် သွားတို့ဖြင့်ကိုက်၍ ဝှေးစေ့တို့ကို ထုတ်၏ဟုဆို၏။ မိခင် ထိုအဘထံသို့ ငါ့ကိုဆောင်လော့၊ ငါသည် သိအံ့ဟုဆို၏။ ထိုမျောက်မသည် သားကိုယူ၍ အဘထံသို့ သွား၏။
ထိုဒေဝဒတ်အလောင်းမျောက်သည် မိမိသားကိုမြင်၍ ဤမျောက်သည်ကြီးသည်ရှိသော် ငါ့အား မျောက်အပေါင်းကို ဆောင်ခြင်းငှာမပေးလတ္တံ့၊ ယခုပင်လျှင် သတ်အံ့ဟု ထိုဘုရားလောင်းကို လည်၌ဘက်သကဲ့သို့ပြု၍ မြဲစွာနှိပ်၍ အသက်ကုန်ခြင်းသို့ ရောက်စေအံ့ဟုကြံ၍ အမောင် လာလော့၊ ဤမျှလောက်သော ကာလပတ်လုံး အဘယ်သို့ သွားကုန်သနည်းဟု ဘုရားလောင်းကို လည်၌ဘက်သကဲ့သို့ ပြု၍ နှိပ်၏။ ဘုရားလောင်းသည်ကား ဆင်ပြောင်အားနှင့်တူသော အားရှိ၏။ အစွမ်းနှင့် ပြည့်စုံ၏။ ဘုရားလောင်းသည် မျောက်မင်းကို နှိပ်၏။ ထိုအခါ မျောက်မင်း၏အရိုးတို့သည် ကွဲအံ့သကဲ့သို့ ဖြစ်ကုန်၏။ ထိုအခါ မျောက်မင်းအား ဤမျောက်ငယ်သည်ကြီးသည်ရှိသော် ငါ့ကို သတ်လတ္တံ့၊ အဘယ်ဥပါယ်ဖြင့် ရှေးဦးလျှင် သတ်ရအံ့နည်း၊ ဤသို့သောအကြံသည်ဖြစ်၏။ ထိုနောက်မှ အနီး၌ ရက္ခိုသ်စောင့်သောရေကန်သည်ရှိ၏။ ထိုရေကန်၌ ထိုမျောက်ငယ်ကို ရက္ခိုသ်စားစေအံ့ဟု ကြံ၏။ ထိုအခါ ဘုရားလောင်းကို မျောက်မင်းသည် အမောင် ငါအိုပြီ၊ ဤမျောက်အပေါင်းကို သင့်အားဆောင်နှင်းအံ့၊ ယနေ့ပင်လျှင် သင့်ကို မင်းပြုစေအံ့၊ ဤမည်သောအရပ်၌ ကန်သည်ရှိ၏။ ထိုကန်၌ ကုမုဒြာကြာနှစ်ပွင့် ဥပ္ပလကြာသုံးပွင့် ပဒုမာကြာငါးပွင့် ဤကြာပန်းတို့ကို ဆောင်ချေလောဟု ဆို၏။
ထိုဘုရားလောင်းသည် ဘခင် ကောင်းပြီ၊ ဆောင်အံ့ဟု သွား၍ အဆောတလျှင် ရေကန်သို့မသက်မူ၍ ထက်ဝန်းကျင်မှ ခြေရာကို စုံစမ်းသည်ရှိသော် သက်သောခြေရာကိုသာလျှင်မြင်၍ ဤရေကန်သည် ရက္ခိုသ်စောင့်သောရေကန်သည် ဖြစ်ရာ၏။ အဘသည် ငါ့ကို သတ်ခြင်းငှါမတတ်နိုင်၍ ငါ့ကို ရက္ခိုသ်စားစေလိုသည် ဖြစ်လတ္တံ့၊ ငါသည် ရေကန်သို့မသက်ဘဲ ကြာပန်းတို့ကိုလည်း ယူအံ့ဟု ရေမရှိရာအရပ်သို့သွား၍ အဟုန်ကိုယူ၍ ခုန်သည်ရှိသော် ရှေ့သို့သွားလျက် ရေမရှိသောကောင်းကင်၌ ရပ်လျက်သာလျှင် နှစ်ပွင့်သောကြာပန်းတို့ကိုယူ၍ ထိုမှာဘက်ကမ်း၌ ကျ၏။ ထိုမှာဘက်ကမ်းမှလည်း ဤမှာဘက်ကမ်းသို့သွား၍ ထိုနည်းဖြင့်သာလျှင် နှစ်ပွင့်သောပန်းတို့ကိုယူ၍ ဤသို့ ကမ်းနားနှစ်ဘက်တို့၌ အစုကိုပြုလျက် ကြာပန်းတို့ကိုယူ၏။ ရေစောင့်ရက္ခိုသ်၏ အာဏာတည်ရာအရပ်သို့ မသက်၊ ထိုအခါ ဘုရားလောင်းသည် ဤကြာပန်းတို့ထက် အလွန်ရွက်ဆောင်ခြင်းငှါ မတတ်နိုင်လတ္တံ့ဟု ထိုကြာပန်းတို့ကို တခုသောအရပ်၌ အစုကိုပြုစဉ် ထိုရေစောင့် ရက္ခိုသ်သည် ငါသည် ဤမျှလောက်သောကာလပတ်လုံး ဤသို့ သဘောရှိသောအံ့ဘွယ်သရဲဖြစ်သောယောက်ျားကို မမြင်စဘူး၊ ကြာပန်းတို့ကိုလည်း အလိုရှိတိုင်းယူအပ်ကုန်၏။ ငါ၏ အာဏာတည်ရာ အရပ်သို့လည်းမသက်ဟု ရေကိုနှစ်ဖြာခွဲ၍ ရေမှတက်ပြီး၍ ဘုရားလောင်းသို့ကပ်၍ မျောက်မင်း ဤလောက၌ အကြင်သူ၏ ကိုယ်တွင်း၌ သုံးပါးကုန်သောကျေးဇူးတို့သည် ရှိကုန်၏။ ထိုသူသည် ရန်သူကို လွန်နိုင်၏။ ထိုအလုံးစုံသော ကျေးဇူးတို့သည်လည်း သင်၏ကိုယ်တွင်း၌ ရှိယောင်တကားဟု ဆိုလို၍-
ဒက္ခိယံ သူရိယံ ပညာ၊ ဒိဋ္ဌံ သော အတိဝတ္တတိ။
ဟူသော ဤဂါထာကို ဆို၏။
၅၈။ ဝါနရိန္ဒ၊ မျောက်မင်း။ တဝ၊ သင်၏။ အဗ္ဗန္တရေ၊ ကိုယ်တွင်း၌။ ဒက္ခိယံ၊ ပညာနှင့်ယှဉ်သော မြတ်သောလုံ့လ။ သူရိယံ၊ ရဲရင့်ခြင်း။ ပညာ၊ ပညာ။ ဣတိ၊ ဤသို့။ တယော၊ သုံးပါးကုန်သော။ ဧတေ ဓမ္မာ၊ ထိုကျေးဇူးရှိသည်။ သန္တိ၊ ရှိကုန်၏။ သော၊ ထိုသူသည်။ ဒိဋ္ဌံ၊ ရန်သူကို။ အတိဝတ္တတိ၊ လွန်နိုင်၏။
ဤသို့ ရေစောင့်ရက္ခိုသ်သည် ဤဂါထာဖြင့် ဘုရားလောင်းအား ချီးမွမ်းခြင်းကိုပြု၍ ဤကြာပန်းတို့ကို အဘယ်အကျိုးငှါ ဆောင်ရွက်သနည်းဟု မေး၏။ ငါ့ကို အဘသည် မင်းပြုစေလို၏။ ထိုအကြောင်းကြောင့် ဆောင်၏ဟု ဆို၏။ ထိုသို့သဘောရှိသော ယောက်ျားမြတ်သည် ပန်းတို့ကို ကိုယ်တိုင်ရွက်ဆောင်ခြင်းငှါ မသင့်၊ ငါသည် ရွက်ဆောင်အံ့ဟု ကြာပန်းကိုချီ၍ ဘုရားလောင်း၏ နောက်မှ လိုက်၏။ ထိုအခါ ဘုရားလောင်း၏ အဘသည် အဝေးမှလျှင် ဘုရားလောင်းကိုမြင်၍ ငါသည် ဤမျောက်ငယ်ကို ရေစောင့်ရက္ခိုသ်၏ အစာဖြစ်လတ္တံ့ဟု စေ၏။ ထိုမျောက်ငယ်သည် ယခုအခါ၌ ရက္ခိုသ်ကို ကြာပန်းတို့ကိုထမ်းစေ၍ လာ၏။ ငါယခု ပျက်စီးပြီဟု ကြံလတ်သော် နှလုံးခုနစ်စိတ်ကွဲခြင်းသို့ရောက်၍ ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ရောက်၏။ ကြွင်းကုန်သော မျောက်တို့သည် စည်းဝေးကုန်၍ ဘုရားလောင်းကို မင်းမြှောက်ကုန်၏။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မျောက်မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မျောက်မင်း၏သားဖြစ်ဘူးပြီဟုဇာတ်ကို ပေါင်းတော်မူ၏။
သူများကိုဖျက်၊ ကိုယ်သာပျက်၊ အသက်သေရှာ မျောက်ပမာ
ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော တယောဓမ္မဇာတ်သည် ပြီး၏။
*****