တသောင်းရှစ်ပြန်-ချီ ရတု
တသောင်းရှစ်ပြန် လေးထောင်လွန်သား ယုဂန်လှည့်သွား လရထားနှင့် နတ်သားနီးကြ သောကာလဝယ် သောကဓမ္မာ ဌာပနာသား သစ္စာဉာဏ်ပေါင်း မရှုကောင်းသည် ညီနှောင်းနောင်စော မြတ်မုဋ္ဌော ကြာမောနေ့ရက် သက်ဆက်သည်ချည်း မနည်းကုံးသီ များလေပြီတည့် နွှဲမှီတူစုံ ဘုန်းချင်းဆုံကို ကြေးမုံအသွင် ရှုမြင်နေကျ ပါချင်လှ၍ ထိန်းယရွှေဖော် လျှောက်ပါသော်လည်း နားတော်မညွတ် ဆင်းကြာနတ်သည် နှုတ်လွှတ်မပါမြွက်သော့ကြောင့် ။
မပျောင်းရစ်ဟန် ဗျာပါချန်ခဲ့ ပြန်ပြန်ကြိုးခက် တုံ့မမြွက်၍ ဘုန်းစက်ဗျာဒိတ် ချစ်နိမိတ်ကို မယ့်စိတ်ယုံထိုက် သို့စင်ကြိုက်ဝယ် သုံးတိုက်ပယ်မှောင် ထွတ်ဘုန်းခေါင်လျှင် ငြိမ်းအောင်ပြေကြောင်း ဖြည့်ပါကောင်း၏ တသောင်းဇမ္ဗူ လှည့်ယူကြိုက်ရာ ရွေးခဲ့ရှာလည်း စကြာရဟတ် ပန်းကာပက်လိမ့် ညွတ်ညွတ်ခခ ယုယပျော်ပါး သနားလေလေ ထွေထွေမသိ မျက်စိတန်ဆောင် ထွန်းပြောင်လျှံဝါ သခင်သာဟု မေတ္တာမတန့် သက်လုံးခန့်သည် ကြင်ညွန့်မဖြာရက်သော့ကြောင့် ။
ခပေါင်းမြစ်ဝှန် သည်ကိုဆန်၍ ရန်မာရ်အောင်မြေ လှည့်ကြဖွေသား မင်းနေညီနောင် မြို့ထွတ်ခေါင်ဝယ် ခြောက်ရောင်ဘဝဂ် နှင့်သာစက်မျှ ကွန်ရက်ခြည်စုံ ပွင့်ငုံလျှံတောက် သုံးပါးနောက်ကို မရောက်ဘူးပါ ခုသာလျှောက်ပန်း မလွန်ခေါက်ရက် ကြားတိုင်းထက်လည်း ရွှေစက်တင်ဦး ရသော်ထူး၏ ညွတ်နူးစိမ့်သား သည်စကားမူ ပျံ့ရှားမဉ္ဇူ နှင့်သာတူရှင့် မဖြူစိတ်ညို ရှိမည်ကိုလည်း မြွက်ဆိုဟခဲ မတုံ့ဖဲသည် ချေလဲမသာခက်သော့ကြောင့် ။