မာတိကာသို့ ခုန်သွားရန်

တိဿဗုဒ္ဓဝင်

ဝီကီရင်းမြစ် မှ
1368မဟာဗုဒ္ဓဝင် — ၁၇- တိဿဗုဒ္ဓဝင်မင်းကွန်းဆရာတော်

၁၇-တိဿဗုဒ္ဓဝင်

     သိဒ္ဓတ္ထမြတ်စွာဘုရား ပွင့်တော်မူရာ ကပ်ကမ္ဘာ ကုန်ဆုံးပြီးသည့်နောက် အခြားမဲ့ဖြစ်သော ကမ္ဘာမှာ ဘုရားတဆူမျှ မပွင့်သည့် သုညကမ္ဘာ ဖြစ်လေသည်။ ထိုသုညကမ္ဘာကို လွန်မြောက်၍ ဤကမ္ဘာမှ ပြန်၍ရေတွက်လျှင် ကိုးဆယ့်နှစ်ကမ္ဘာမြောက်၌ (၁) တိဿမြတ်စွာဘုရား၊ (၂) ဖုဿမြတ်စွာဘုရားဟူ၍ ဘုရားနှစ်ဆူတို့ ပွင့်တော်မူကြသည်။ (မဏ္ဍကပ်ကမ္ဘာတည်း။)

     ထိုနှစ်ဆူသော ဘုရားရှင်တို့တွင် တိဿမြတ်စွာဘုရား၏ အကြောင်းအရာသော်ကား.. ထို ကိုးဆယ့်နှစ်ခုမြောက် ကမ္ဘာဝယ် လူတို့အသက်တမ်း အသင်္ချေယျတမ်းမှ ဆုတ်ယုတ်ခဲ့၍ အနှစ်တသိန်းတမ်းသို့ ရောက်သောအခါ တိဿမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ



၄၆၀

ခေမကနေပြည်တော် ဇနသန္ဓမင်းကြီး၏ ပဒုမာဒေဝီ အမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေနေတော်မူ၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ အနောမအမည်ရှိသော ဥယျာဉ်တော်အတွင်း၌ ဖွားမြင်တော်မူ၏။

(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှားဖြစ်ပေါ်ကုန်၏။)

အလောင်းတော်မင်းသားကို နိမိတ်ဖတ်ပညာရှိတို့နှင့် ဆွေမျိုးအပေါင်းတို့က တိဿမင်းသားဟူ၍ အမည်မှည့်ကုန်သည်။ ။(အမည်မှည့်ရာ၌ အနွတ္ထနာမ်, ရုဠှီနာမ်ဟူ၍ နှစ်မျိုးရှိရာဝယ် တစုံတခု အကြောင်းထူး အနက်ထူးကိုစွဲ၍ မှည့်ခေါ်သော အမည်ကို အနွတ္ထနာမ်ဟု ခေါ်၏၊ တစုံတခု အကြောင်းထူး အနက်ထူးကိုမစွဲမပြုပဲ ခေါ်ဝေါ်လွယ်ကာမျှ သင့်လျော်ရာ မှည့်ခေါ်အပ်သော အမည်ကို ရုဠှီနာမ်ဟူ၍ ခေါ်၏။ ဤ၌ အလောင်းတော်ကို တိဿမင်းသားဟူ၍ မှည့်ခေါ်သည်ကား “ရုဠှီ”နာမ်မျိုးဟူ၍ မှတ်ယူရာ၏။)

ထီးနန်း စိုးစံတော်မူခြင်း

     အလောင်းတော် တိဿမင်းသား အရွယ်သို့ရောက်သောအခါ (၁) ဂုဟာသေလမည်သော ရွှေနန်းဆောင်၊ (၂) နာရိသယမည်သော ရွှေနန်းဆောင်၊ (၃) နိသဘမည်သော ရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ သုဘဒ္ဒါဒေဝီ မိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း (၃၀၀၀၀) သုံးသောင်းတို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၇၀၀၀) ခုနစ်ထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။

တောထွက်တော်မူခြင်း

     အလောင်းတော် တိဿမင်းသားသည် ထီးနန်းစိုးစံတော်မူစဉ် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီး၍ သုဘဒ္ဒါဒေဝီမိဖုရားကြီးမှ



၄၆၁

အာနန္ဒအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ သောနုတ္တရအမည်ရှိသော အာဇာနည်မြင်းကိုစီးလျက် တောထွက်တော်မူပြီးလျှင် ရဟန်းပြုတော်မူ၏။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ တကုဋေသော ယောက်ျားတို့ ရဟန်းပြုကြလေသည်။

ဘုရားဖြစ်တော်မူခြင်း

     တိဿမြတ်စွာဘုရား အလောင်းတော်သည် ထိုတကုဋေသော ရဟန်းတို့နှင့်အတူတကွ ဒုက္ကရစရိယာ ရှစ်လကြာအောင် ကျင့်တော်မူပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ ဝီရအမည်ရှိသော နိဂုံးနေ ဝီရအမည်ရှိသော သူဌေး၏သမီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ ထင်းရှူးတောကြီးအတွင်းမှာပင် နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်တွင် မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ ဝိဇိတသင်္ဂါမက အမည်ရှိသော မုယောခင်း (ဂျုံခင်း)စောင့်သူ လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ (ပိတောက်)ပင်ရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် အတောင် (၄၀) လေးဆယ် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ ရှေး ဆိုအပ်ပြီးသော နည်းအတိုင်း ဘုရားအဖြစ် သို့ ရောက်တော်မူလေသည်။

တရားပွဲကြီး သုံးကြိမ်

     တိဿမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (ပိတောက်)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစားဆင်ခြင်တော်မူလတ်သော် ယသ၀တီမြို့၌ နေကြသော အဂ္ဂသာဝကအလျာ ဗြဟ္မဒေဝမင်းသားနှင့် ဥဒယမင်းသား တို့ကို အခြံအရံ



၄၆၂

ပရိသတ်တို့နှင့်တကွ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွတော်မူကာ ယသဝတီမြို့အနီး မိဂဒါယအမည်ရှိသော ဥယျာဉ်ကြီး၌ သက်ဆင်းတော်မူပြီးလျှင် ဥယျာဉ်မှူးကို စေလွှတ်ကာ မင်းသားနှစ်ယောက်တို့ကို ခေါ်စေ၍ ကိုယ်တော်ထံမှောက် ရောက်လာကြသောအခါ ပရိသတ် အခြံအရံတို့နှင့်တကွ ထိုမင်းသားနှစ်ဦးတို့ကို အမှူးပြုကာ တရားနာ လာရောက်ကြသော နတ်လူတို့အား ဖရိုဖရဲ မကြဲပဲ ပျံ့နှံ့စေနိုင်သော ချိုမြိန်လှသည့် ဗြဟ္မာမင်းအသံကဲ့သို့သော အသံတော်ဖြင့် လောကဓာတ် စကြဝဠာပေါင်း တသောင်းတိုင်အောင် ကြားသိစေလျက် ရှေးရှေး ဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သည့် ဓမ္မစကြာဒေသနာကို ဟောကြားတော်မူလေသော် ကုဋေတရာသော လူနတ်ဗြဟ္မာ သတ္တဝါတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးစွာသော ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ တိဿမြတ်စွာဘုရား အလောင်းတော်နှင့် အတူတကွ ရဟန်းပြုဖက်ဖြစ်ကြသော တကုဋေသော ရဟန်းတို့သည် (ဘုရားအလောင်းတော် မဟာဗောဓိပင်သို့ ကြွသွားတော်မူသောအခါ အရပ်တပါးသို့ ဖဲသွားခဲ့ကြ၍) တိဿမြတ်စွာဘုရား ဓမ္မစကြာတရား ဟောတော်မူပြီဟု ကြားရလျှင် ယသဝတီမြို့အနီး မိဂဒါယဥယျာဉ်ကြီးသို့ လာကြ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးလျက် ဝန်းဝိုင်းခြံရံကာ နေထိုင်ကြကုန်၏။ ထိုအခါ တိဿမြတ်စွာဘုရားသည် ထိုရဟန်းတို့ကို အဦးထား၍ တရားနာ လာရောက်ကြသော ဝေနေယျတို့အား တရားဟောတော်မူသည်ရှိသော် ထိုတကုဋေသော ရဟန်းတို့ အမှူးရှိသည့် ကုဋေကိုးဆယ်သော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ “လောကမှာ ပြည့်စုံကြီးပွါးကြောင်း ကောင်းမြတ်သော မင်္ဂလာတရားဟူသည် အဘယ်အရာများ ဖြစ်၏”ဟု လူရောနတ်ပါ များစွာညှိနှိုင်း ဆွေးနွေးကြပါသော်လည်း



၄၆၃

အများတညီတညွတ်တည်း နှစ်သက်လက်ခံနိုင်လောက်သည့် မင်္ဂလာတရားသဘောကို မရနိုင်ကြသည်ဖြစ်၍ အစည်းအဝေးပြုလုပ်ကာ မြတ်စွာဘုရားထံမှောက် လျှောက်ထားကြသည်တွင် မြတ်စွာဘုရားသည် ထိုနတ်လူအပေါင်းတို့အား မင်္ဂလာတရားကို ဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ ကုဋေခြောက်ဆယ်သော နတ်လူတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     တိဿမြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာအစည်းအဝေးကြီးတို့မှာ သုံးကြိမ်ရှိရာ ပဋ္ဌမအကြိမ်၌ ယသဝတီမြို့တွင် ဝါဆိုဦးမှာ ရဟန်းပြုကြ၍ ဝါတွင်း၌ ရဟန္တာဖြစ်ကြကုန်သော ရဟန္တာတသိန်းတို့ ခြံရံအပ်လျက် တိဿမြတ်စွာဘုရားသည် သီတင်းကျွတ်လပြည့်နေ့ဝယ် ဝိသုဒ္ဓိပဝါရဏာ ပြုတော်မူသည်။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါးဝယ် နာရိဝါဟနမြို့၌ သုဇာတမင်းကြီး၏သား နာရိဝါဟနမင်းသားသည် တိဿမြတ်စွာဘုရား နာရိဝါဟနမြို့သို့ ဒေသစာရီ ကြွချီ ဆိုက်ရောက်တော်မူသောအခါ အခြံအရံ ပရိသတ်တို့နှင့်တကွ ခရီးဦးကြိုဆို၍ ရဟန်းသံဃာနှင့် တကွသော မြတ်စွာဘုရားကို ပင့်ဖိတ်ကာ ခုနစ်ရက်ပတ်လုံး အသဒိသအလှူကြီးကို လှူဒါန်း၍ မိမိ၏ ထီးနန်းစည်းစိမ်ကို သားတော်အား အပ်နှင်းပြီးနောက် အခြံအရံ ပရိသတ်နှင့်တကွ ဘုရားအထံ၌ ရဟန်းအဖြစ်ကို တောင်းခံသည်တွင် တိဿမြတ်စွာဘုရားက ဧဟိဘိက္ခု ခေါ်တော်မူသဖြင့် အလုံးစုံ



၄၆၄

ဧဟိဘိက္ခုရဟန်းချည်း ဖြစ်ကြကုန်၏။ ထိုနာရိဝါဟနမင်း၏ ရဟန်းပြုသော အကြောင်းအရာ သတင်းစကား အလုံးစုံသော အရပ်မျက်နှာတို့၌ ပျံ့နှံ့ကျော်ကြားရကား ထိုထိုအရပ်မှ လူများအပေါင်းသည် လာရောက်ကြပြီးလျှင် နာရိဝါဟနမင်းကို အတုလိုက် (အားကျ)ကာ ရဟန်းပြုကြလေကုန်သည်။ ထိုအခါ တိဿမြတ်စွာဘုရားသည် ရဟန်းပေါင်း ကိုးသန်းတို့၏အလယ်၌ ဩဝါဒပါတိမောက် ကို ပြတော်မူ၏။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     ထို့နောက် အခါတပါးဝယ် ခေမဝတီ (ခေမက)မြို့တော် ဆွေတော်မျိုးတော်တို့၏ အစည်းအဝေးတွင် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဗုဒ္ဓဝင်ဒေသနာကို ကြားနာကြရ၍ ရှစ်သန်းသော လူတို့သည် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏၊ ထိုရဟန်းတို့ ခြံရံအပ်လျက် တိဿမြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)

**********

ဂေါတမမြတ်စွာဘုရားအလောင်း သုဇာတရသေ့ဖြစ်၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် ယသဝတီမြို့၌ သုဇာတအမည်ရှိသော မင်းဖြစ်၍ မိမိပိုင်သည့် ပြည့်စုံဝပြောသော မြို့ကြီးကို၎င်း, ကုဋေပေါင်းများစွာ ဥစ္စာဘဏ္ဍာစုကို၎င်း, အစဉ်နှစ်သက်စွာ ချဉ်းကပ်လိုသော စိတ်နှလုံးရှိကြသည့် အခြွေအရံ လူများကို၎င်း မြက်ပင် ကျူပင်များပမာ မငဲ့မကွက် ရက်ရက်ကြီး စွန့်လွှတ်ခဲ့၍ ဇာတိဒုက္ခ အစရှိသည်တို့မှ အလွန်ကြောက်ရွံ့ ထိတ်လန့်သော သံဝေဂစိတ်နှလုံး ရှိတော်မူရကား တောထွက်၍



၄၆၅

ရှင်ရသေ့ပြုပြီးလျှင် (တိဿမြတ်စွာဘုရား ပွင့်တော်မမူမီခင်ကပင်) အလွန်ထင်ရှား တန်းခိုးအာနုဘော် ကြီးမားသော ရှင်ရသေ့ဖြစ်နှင့်၍ “လောက၌ တိဿမြတ်စွာဘုရား ဖြစ်ပွင့်တော်မူပြီ”ဟူသော သတင်း စကားကို ကြားရလျှင် ငါးမျိုးသောပီတိဖြင့် တွေ့ထိပျံ့နှံ့သော ကိုယ်ရှိလျက် ရိုသေကျိုးနွံစွာ တိဿမြတ်စွာဘုရားထံသို့ ဆည်းကပ်ဝပ်လျှိုး ရှိခိုးပြီးလျှင် “ငါသည် ယခုပင် ထင်ရှားပန်း ပင်လယ်ကသစ်ပန်းစသော နတ်ပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်အံ့”ဟု ကြံစည်၍ တန်းခိုးဣဒ္ဓိပါဒ်ဖြင့် နတ်ပြည်သို့ သွားရောက်ကာ စိတ္တလတာဥယျာဉ်သို့ ဝင်ရောက်၍ တဂါဝုတ်ခန့် ပမာဏရှိသော ရတနာပန်းခြင်းတောင်းကြီး အတွင်းဝယ် ပဒုမာကြာပန်း ပင်လယ်ကသစ်ပန်း ထင်ရှားပန်းစသော နတ်ပန်းများ အပြည့်ထည့်၍ ဆောင်ယူကာ ကောင်းကင်အပြင်ဖြင့် လာရောက်လျက် အလွန်ရနံ့သင်းပျံ့ ကြိုင်လှိုင်သော နတ်ပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်လေ၏။

     ဤတွင်မျှ မဟုတ်သေး- အရိုးကား ပတ္တမြား, အထွတ်ကား ရွှေ, အရွက်ကား ပတ္တမြားနီဖြင့်ပြီး၍ ကောင်းသောရနံ့ရှိသည့် ဝတ်ဆံတို့ဖြင့် ပြုလုပ်အပ်သည့် ထီးနှင့်တူသော ပဒုမာထီးတလက်ကိုလည်း မြတ်စွာဘုရား၏ ဦးခေါင်းတော်၌ ဆောင်းမိုးလျက် ပရိသတ်လေးပါးတို့၏အလယ်တွင် ရပ်တည် ပူဇော်လေသည်။ ထိုအခါ ဘုရာ့အလျာ သုဇာတရသေ့သူမြတ်ကို တိဿမြတ်စွာဘုရားသည် “ဤကမ္ဘာမှနောက် ကိုးဆယ့်နှစ်ကမ္ဘာမြောက်၌ ဤသုဇာတရသေ့သည် ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူ၏။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံဖြစ်သည်။)

     တိဿမြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားရလျှင် အလောင်းတော် သုဇာတရှင်ရသေ့သည် အလွန်ကြည်ညိုသော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။



၄၆၆

မြို့တော်စသည်ကို ပြဆိုချက်

     တိဿမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ ခေမကမြို့တော်ဖြစ်၍ ခမည်းတော်မှာ ဇနသန္ဓမင်းကြီး, မယ်တော်မှာ ပဒုမာဒေဝီ မိဖုရားကြီးတို့ ဖြစ်ကုန်၏။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၇ဝဝဝ) ခုနှစ်ထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ ဂုဟာသေလမည်သော ရွှေနန်းဆောင်, နာရိသယမည်သော ရွှေနန်းဆောင်, နိသဘမည်သော ရွှေနန်းဆောင်တို့ ဖြစ်ကုန်၏။

     အဂ္ဂဒေဝီ မဟေသီ မိဖုရားမှာ သုံးသောင်းသော မောင်းမမိဿံ အခြံအရံရှိသည့် သုဘဒ္ဒါဒေဝီ မိဖုရားကြီးဖြစ်၍ သားတော်မှာ အာနန္ဒမင်းသား ဖြစ်လေသည်။

     နိမိတ်ကြီးလေးပါးတို့ကိုမြင်၍ တောထွက်တော်မူသော ယာဉ်မှာ သောနုတ္တရအမည်ရှိသော အာဇာနည်မြင်းယာဉ် ဖြစ်ပြီးလျှင် ရှစ်လကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။

     အဂ္ဂသာဝကအစုံတို့မှာ ဗြဟ္မဒေဝမထေရ်နှင့် ဥဒယမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သမင်္ဂမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာအစုံတို့မှာ ဖုဿာထေရီမနှင့် သုဒတ္တာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ ပိတောက်ပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သောအလုပ်အကျွေး ဒါယကာတို့မှာ သမ္ဗလသူဌေးနှင့် သိရိမာသူဌေးတို့ ဖြစ်ကြ၍ မြတ်သောအလုပ်အကျွေး ဒါယိကာမတို့မှာ ကိသာဂေါတမီ ဥပါသိကာမနှင့် ဥပသေနာ ဥပါသိကာမတို့ ဖြစ်ကြသည်။

     တိဿမြတ်စွာဘုရားသည် အရပ်တော် အတောင် (၆၀) ခြောက်ဆယ်မြင့်လျက် နှိုင်းရှည်ဖွယ်ရာ ဥပမာလည်း မရ, တူမျှသောသူလည်း ရှိတော်မမူပဲ ဟိမဝန္တာ တောင်ကြီးအသွင် ဖူးရသူတို့ ထင်မြင်ရ၏။



၄၆၇

     အတုမရှိသော တန်ခိုးတေဇော်နှင့် ပြည့်စုံတော်မူသော ထိုတိဿမြတ်စွာဘုရား၏ အသက်တော်သည်လည်း မတိုလွန်း မရှည်လွန်းချေ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော တိဿမြတ်စွာဘုရားသည် အနှစ်တသိန်းတို့ ကာလပတ်လုံး လောက၌ တည်နေတော်မူ၏။

     အဝိဇ္ဇာမှောင်ကို ပယ်နုတ်အပ်ပြီးဖြစ်၍ အလွန်မြင့်မြတ်ကာ ချီးမွမ်းအပ်သော သူတို့ထက် အထူးသဖြင့် ချီးမွမ်းအပ်တော်မူသော များလှစွာသော ကျော်စောခြင်း ဂုဏ်သတင်းသံကို အစဉ်ခံယူ သုံးဆောင်တော်မူပြီးလျှင် တပြောင်ပြောင်ထွန်းပပြီး အေးငြိမ်းသွားသည့် မီးပုံကြီးကဲ့သို့ တပည့်များစွာ ရဟန္တာအရှင်မြတ်တို့နှင့်တကွ တိဿမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံလွန်တော်မူလေပြီ။

စေတီတော်

     ဤသို့လျှင် မာရ်ငါးပါးကို အောင်တော်မူပြီးသော တိဿ မြတ်စွာဘုရားသည် သုနန္ဒဝတီမြို့အနီး နန္ဒာရာမအမည်ရှိသော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ထိုအရာမ်ကြီးအတွင်းမှာပင် ရှေးဆိုအပ်ပြီးသည့် နည်းအတိုင်း တည်ထားအပ်သော တိဿမြတ်စွာဘုရား၏ စေတီတော်ကြီးမှာ သုံးယူဇနာစွင့်စွင့် အမြင့်ရှိလေသည်။

တိဿဗုဒ္ဓဝင် ပြီး၏။

**********