မာတိကာသို့ ခုန်သွားရန်

တေမိယဇာတ်တော်ကြီး/အခန်း-၁၂

ဝီကီရင်းမြစ် မှ
1390တေမိယဇာတ်တော်ကြီး — ၁၂။ စကားပြောရန် မယ်တော် တောင်းပန်ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုသို့ ပြည့်စည်းစိမ်ကို သိမ်းယူစိုးစံစေပြီးသော် မယ်တော်မိဖုရားကြီးသည် ဘုရားလောင်းတေမိယမင်းကို ကျက်သရေရှိသော စက်မွေ့ရာသလွန်ပေါ်၌ လျောင်းစက်စေ၍ ၆-ညဉ့်ပတ်လုံး မအိပ်မစက် မျက်ရည်စီးယို ငိုလျက် ဤသို့ တောင်းပန်၏။

“ချစ်သား တေမိယကုမာရ။ မိခင်၏ပူဆွေးခြင်းကို ချစ်သား မဖျောက်ဖြေပါပြီလော။ မိခင်သည် မောင့်ကိုဖွား၍ အခါလည် ၁-နှစ်ကျော်သည်မှ ၁၆-နှစ်တိုင်တိုင် ဘယ်နေ့ဘယ်ရက်တွင်မျှ အိပ်စက်ရမှန်းမသိ။ မိခင်မျက်စိမှာ မျက်ရည်စက်ယို ငိုကြွေးမလပ် ကျိန်းစပ်ကြေကွဲ သွေးခဲသွေးပေါက် မဆောက်တည်နိုင် ကြံမှိုင်မရ ညှိုးလျဖျော့တော့ လျော့ပါးသောကိုယ်လက်ဖြင့် အသက်မသေတတ်ကာသာ ယခု မိခင် ကျန်တော့သည်။ ပူပန်ခြင်းဆင်းရဲဖြင့် နှလုံးကွဲ၍ စိတ်ထဲလှိုက်ဆူ သည်းအူကြွေပြတ်မတတ် မိခင်ရှိသည်ကို သားတော်အသိပင် ဖြစ်ပါသည်တကား။

“ချစ်သား၏ နား, ခံတွင်းမှ ကိုယ်, လက်, မချို့တဲ့။ ရှုဖွယ်တစေ ခြေ, လက်, မျက်နှာ လက္ခဏာကောင်း အပေါင်းစုံညီစွာ ဘုန်းပညာ အာဏာသတင်း ကျော်စောခြင်းရှိအံ့သော ယောက်ျားမြတ်ဖြစ်သည်ကို မိခင်သိလှပါ၏။ လိုရာအခွင့်ကို မဖွင့်မဆို၍သာ ချစ်သားလိုအင်ကို မိခင် မသိရသဖြင့် မချိနိုင်ရှိပါသည်။ မိခင်အား သနားသဖြင့် မောင်သည်သာလျှင် မိခင်၏ကိုးကွယ်ရာ ဖြစ်ပါစေလော့ ချစ်သား။ မောင်ကဲ့သို့သော ဘုန်းပညာရှိသော ယောက်ျားမြတ်မှ မိခင်၏ဆင်းရဲခြင်းကို ချမ်းသာရာမပြုလျှင် ဘုန်းပညာနည်းသောသားတို့မှာ အဘယ်သို့လျှင် မိဘကျေးဇူးကို သိပေဆောင်ပေတော့မည်နည်း။ သမုဒ္ဒရာအလယ်၌ သင်္ဘောပျက်၍ ကိုယ့်အသက်ကို လုကြကုန်သောသူတို့မှလည်း အမိ၏ဆင်းရဲခြင်းကို မမြင်ဝံ့သဖြင့် ကိုယ့်အသက်ကို စွန့်၍ပင်လည်း အမိ၏ချမ်းသာရာကိုသာ အလိုရှိခြင်းကြောင့် ပခုံး၌ အမိကိုထမ်းရွက်လျက် အပြောကျယ်စွာသော သမုဒ္ဒရာကို ကူးပါတုံသေး၏။ ထိုသို့ အတုမရှိသော လောကီပညာရှိ ယောက်ျားမြတ်တို့နှင့်သာ တူထိုက်စွာသောချစ်သားသည် အဘယ့်ကြောင့် မိခင်၏ဆင်းရဲကို ရှု၍နေဘိသနည်း။

“သစ်ပင်အသိုက်၌ မပျံတတ်သေးသော လင်းတငယ်သည် အစာမွတ်သိပ်ခြင်း ဆင်းရဲရောက်သော်လည်း ငါ့အမိသည် ညဉ့်အခါ အစာချီ၍ လာလတ္တံ့၊ နက်ဖြန်ခါ အစာချီ၍ လာလတ္တံ့ဟု တဆန့်ဆန့်တမျှော်မျှော် တောင့်တခြင်းအာသာ မပြတ်မစဲခြင်းကြောင့် ထိုလင်းတငယ်တို့ အစာငတ်မွတ်လျက် အသက်ရှင်ရသကဲ့သို့ မိခင်မှာလည်း ယနေ့ည ငါ့သား စကားပြောလတ္တံ့။ နက်ဖြန် ပြောလတ္တံ့ဟု ငံ့စားတောင့်တခြင်း အာသာမပြတ်မစဲသေးသောကြောင့်သာ ဤမျှလောက်ကာလပတ်လုံး မိခင် အသက်ရှင်နိုင်ပါသည်။ မိခင် တောင့်တခြင်းအာသာ ရှိသောအတိုင်း ပူပန်ခြင်း၊ ဆင်းရဲခြင်း ကင်းစေခြင်းငှာ မောင့်မှာလည်း ယခုကိုယ်အစွမ်းဖြင့် အလိုရှိတိုင်း ကြံဆောင်နှိုင်းချိန်နိုင်သော အရွယ်ရောက်ပါပြီ။ အခါညီလျော်သဖြင့် အခွင့်ကိုပြောဆို၍ မိခင်၏ပူဆွေးခြင်းကို ဖျောက်ပါလော့”ဟု ဤသို့စသော များစွာအသွယ်သွယ် သနားဖွယ်ငိုကြွေးလျက် ၅-ညဉ့် ၆-ရက်ပတ်လုံး ဘုရားလောင်း လျောင်းသောသလွန်ထက်၌ ပိုက်ဖက်ခယမ်း မြည်တမ်းတောင်းပန်လေ၏။

ထိုသို့ အဓိဋ္ဌာန်အမြဲ အစွဲမခိုင်လျှင် ယိုင်ညွတ်ခြင်းရှိ၍ အမိကိုသနားသဖြင့် စကားပြောဆိုစေကြောင်း အပြောင်းပြောင်းအလှယ်လှယ် မယ်တော်မိဖုရားကြီး ငိုကြွေးတောင်းပန်သော်လည်း သဗ္ဗညုတဉာဏ်တော်ကို အလိုရှိ၍ အဓိဋ္ဌာန်ပါရမီကို ဖြည့်ကျင့်တော်မူကုန်သော ဘုရားလောင်းကိုယ်တော်အဖြစ် မရေတွက်နိုင်ရာ များစွာသောဘဝတို့တွင် ပရမတ္ထအဓိဋ္ဌာန်ဖြင့် နှုန်းစံဖော်နှစ်တစ်ကိုယ်တော်မရကောင်းသော ဘုရားလောင်း တေမိမင်းသားသည် မယ်တော်အား သနားခြင်းပြင်းစွာရှိတော်မူလျက် စက်သံသရာများစွာ လူ,နတ် မြတ်တုံယုတ်တုံ စုန်ဆန်မမြဲ ဆင်းရဲအစစ် မချစ်အပ်သောကိုယ်ကို အလိုလွှတ်၍ ဝဋ်တရား၏အပြစ်ကို မမြင်သဖြင့် အဆင့်ဆင့် စက်ကြိုးသွယ်ကုန်သော သတ္တဝါအပေါင်းတို့အား ဝဋ်တရား၏အပြစ်ကို မြင်သောငါသည် ၃-ဖြာသော အဓိဋ္ဌာန်မြဲမှ အောင်ပွဲခံလွယ်မည်ဟု ရည်ရွယ်ကြိုးစား အများသတ္တဝါ၌ ကရုဏာတိုင်ဆောက်၍ မယ်တော်တစ်ယောက်ကို မထောက်မထား သနားခြင်းမရှိယောင်ဆောင်လျက် ပြကတေ့ သိမ်မွေ့တည်ကြည်စွာ မတုန်မလှုပ်သာလျှင် နေတော်မူ၏။