တေမိယဇာတ်တော်ကြီး/အခန်း-၁၉
ဗာရာဏသီ ပြည်တော်၌လည်း ရထားမှူးသုနန္ဒာလျှောက်ကြား၍ ဘုရားလောင်း မယ်တော်,ခမည်းတော်တို့ ဝမ်းမြောက်ဝမ်းသာရှိကြပြီးသောအခါ ခမည်းတော် ကာသိကရာဇ်မင်းကြီးသည် “ဤသို့သော ဘုန်းကျက်သရေနှင့်ပြည့်စုံပါလျက် အဘယ့်ကြောင့် ငါ့သား တော၌နေရအံ့နည်း။ ယခုပင် အလုံးအရင်းကြီးစွာနှင့် ငါကိုယ်တိုင်သွား၍ များစွာသောအကြောင်းဖြင့် ဖြားယောင်းသွေးဆောင်ပြီးလျှင် အဘိသိက်သွန်းလျက် ပြည်သို့ပြန်၍ မင်းပြုစေဦးအံ့”ဟု ညွှတ်ကွင်း,လက်တွင်းကမှ မဖမ်းနိုင်၍လွတ်ပြီးသည်ကို ကောင်းကင်ပျံသွားရာ မြေကလိုက်၍ဖမ်းမည်ကြံသကဲ့သို့၊ “မဖြစ်ဟူသည် ရှိရမည်လော”ဟူသော မင်းမာန်ဝင်ခြင်း, သား၏ချစ်ခြင်းဖြင့်ကြံပြီးလျှင် အလျင်တဆော ချီသွားလိုသောကြောင့် အမှုအလုံးစုံ ခွဲခန့်စီရင်စိမ့်သောငှာ ဝန်ရှင်တော်မဟာသေနာပတိ အမတ်ကြီးကိုခေါ်၍ “အမတ်ကြီး မဟာသေနာပတိ။ ယခု ငါ့ သားတော် တေမိမင်းသားအား ငါ အဆုံးအမပေးခြင်းငှာ ထွက်ချီတော်မူမည်။ ဤနေပြည်တော်မှ ငါ့သားနေရာ တောအရပ် ၃-ယူဇနာ ခရီးတာကွာဝေးသည်ဟူ၍ ငါ ကြားရသည်။ ၄င်းခရီးကို ဆင်, မြင်း, ရထား, ဗိုလ်ထုအလုံးအရင်း သွားသာအောင် သုတ်သင်သန့်ရှင်း ခင်းကျင်းရိုးရှိတိုင်း အစို့သင့်ရာခန့်ထား၍ ခင်းကျင်းနှင့်စေ။ မြင်းစီးသူရဲ,ဆင်သည်သူရဲ, ရထားစီးသူရဲတို့မှာလည်း မစွမ်းမသန်သည်များကိုထားခဲ့၍ ခိုင်ခံ့စွမ်းသန် လျင်မြန်သည့် ရထား, ဆင်, မြင်းတို့နှင့် စစ်ဝတ်စစ်ဆင် ဆောင်ရွက်ရိုးရှိတိုင်း ခင်းကျင်းစည်းဝေးစေ။ လေး, လှံ, ဓား, ကာချပ်စွဲ ခြေသည်သူရဲ ဝင်း အိပ်ဖန် ကိုယ်ရံမကြွင်း အလုံးစုံသူရဲတို့ကို အသီးအသီး ဝင်းမှူး, သင်းမှူး, ဗိုလ်မှူး, အကဲအကြပ်တို့နှင့် အဆင်သင့် စည်းဝေးခင်းကျင်းစေ။
“အလုံးစုံ သဘင်သည်တို့ကိုလည်း ခရုသင်း, နှဲ ခရာ, ပတ်သာ, စည်, မောင်း, စောင်း, ငြင်း, ထက်စည်, မြှောက်စည်, ဗဟိုရ်စည် စသောအလုံးစုံ အသီးသီး အတီးမှုတ်မျိုး တူရိယာဘဏ္ဍာတို့နှင့် စည်းဝေးခင်းကျင်း၍ တီးမှုတ်ကခုန်ခြင်း သီခြင်းတို့ဖြင့် မြူးထူးပျော်ရွှင် သဘင်ခံစေ။ ကိုယ်လုပ်မိဖုရား နန်းသူနန်းသားတို့စီးနင်းရန် ဆင်, ယာဉ်, ဝေါ, မြင်း, ရထားတို့ကိုလည်း ဆိုင်ရာအသီးသီး ပြင်ဆင်ခင်းကျင်းစေ။ ငါ့သားတော်၏ဖွားဖက် အမတ်သား ၅၀၀တို့ကိုလည်း ပြင်ဆင်စေ။ ပုဏ္ဏားပုရောဟိတ်, သူဌေးသူကြွယ်, ပြည်သူပြည်သားမှစ၍ နိုင်ငံတော်အတွင်း မြို့, ရွာ, နိဂုံး, ဇနပုဒ်တို့၌နေသူ လူအပေါင်းတို့ကိုလည်း လိုက်လိုသမျှလိုက်စေ။ အလျင်အမြန် အလုံးစုံကိုပြီးအောင် ခန့်ထားစီရင်ကြ၊ ယခုမကြာမြင့်မီပင် ငါ့သားတော်ကို အဆုံးအမပေးခြင်းငှာ ငါ ထွက်ချီတော်မူမည်။ အလျင်အမြန် ပြီးစေ”ဟု မင်းမိန့်အာဏာ ပေးတော်မူလေ၏။
ဝန့်ရှင်တော်အမတ်ကြီးသည်လည်း မင်းအမိန့်ရှိတိုင်း ဝန်ခံ၍၊ အမှူးအမတ်, အကြပ်, အကဲ, သူရဲဗိုလ်တပ်အပေါင်း စစ်အင်္ဂါအလုံးစုံကို စီရင်ခန့်ထား၍ အသီးအသီး ခင်းကျင်းစေ၏။ ဗာရာဏသီပြည် အရှေ့တံခါးမှစ၍ ဘုရားလောင်း၏ကျောင်းသင်္ခမ်း ပရိဝုဏ်တံခါးတိုင်အောင် ၃-ယူဇနာကွာသောခရီးကို ဆင်လုံးမြင်းလုံး အလုံးအရင်းများစွာသွားသာအောင် သုတ်သင်သန့်ရှင်း ခင်းကျင်းစေ၏။ အစုစု ဗိုလ်ထုပေါင်းကာ ၁၈-ခေါဘိဏီခန့် ရှိ၏။ ထို အလုံးစုံသောအခင်းအကျင်းတို့ကို ခန့်ထားစီရင် ပြင်ဆင်၍ကား ၃-ရက်တိုင်မှပြီး၏။
(ဤအရာ၌ “အက္ခောဘိဏီ”ဟူသည်ကား “နိန္နဟုတ သတသဟဿာနံ သတံ အက္ခောဘိဏီ” ဟူသည်ကား “နိန္နဟုတ တစ်သိန်းအလီ ၁၀၀သည် အက္ခောဘိဏီ မည်၏” ဟူသောကြောင့် ဧက်-တစ်လုံး၊ သုည၄၂-သည် အက္ခောဘိဏီ မည်၏။ ဤ အက္ခောဘိဏီကား အလွန် ဂဏန်းများ၏။ အက္ခောဘိဏီကြီးတည်း။
“သဋ္ဌိဝေဠု ကလာပေသု၊ ပစ္စေကံ သဋ္ဌိဝေဠုသု။
ဓူလီကတေသု သေနာ ယာ၊ ယာတိ အက္ခောဘိဏီ တိသာ ။”
ဟူသော သဒ္ဒသာရတ္ထဇာလိနီဂါထာ၌ပြအပ်သော အက္ခောဘိဏီလည်း ရေတွက်ခြင်း တစ်နည်းတည်း။
အနက်ကား--
သဋ္ဌိဝေဠုကလာပေသု၊ ဝါးလုံး၆၀ အစုအပုံတို့၌။ ပစ္စေကံ၊ တစ်လုံးစီ တစ်လုံးစီ။ သဋ္ဌိဝေဠုသု၊ ၆၀- သော ဝါးလုံးတို့ကို။ ဓူလီကတေသု၊ မှုန့်မှုန့်ညက်ညက် ကြေစေကုန်ပြီးသော်။ ယာ သေနာ၊ အကြင်စစ်သည်သည်။ ယာတိ၊ သွားအံ့။ သာ သေနာ၊ ထိုစစ်သည်ကို။ အက္ခောဘိဏီတိ၊ အက္ခောဘိဏီဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။
တံခါးဝ၌ပုံထားသော ဝါးလုံး ၆၀-တို့ကို နင်း၍ထွက်လတ်သော် ထို ၆၀-သောဝါးလုံးတို့သည် မြူမှုန့်ဖြစ်အံ့။ ထို ဗိုလ်ထုဗိုလ်လုံးကို “တစ်ခေါဘိဏီ”ဟု ဆိုအပ်၏ဟူလို။
၄င်းကျမ်း၌ပင်-
“နဝ နာဂသဟဿာနိ၊ နာဂေ နာဂေ သတံအဿာ။
အဿေ အဿေ သတံ ရထာ၊ ရထေ ရထေ သတံ ကညာ။
ကညေ ကညေ သတိတ္ထိယော၊ ဧသာ အက္ခောဘိဏီ နာမ။”
ဟူသော ဂါထာဖြင့်ပြအပ်သော အက္ခောဘိဏီလည်း တစ်နည်းတည်း။
အနက်ကား--
နဝနာဂသဟဿာနိ၊ ဆင် ၉၀၀၀ တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ နာဂေနာဂေ၊ ဆင်တစ်စီးတစ်စီးတို့၏အနီး၌။ သတံ အဿာ၊ မြင်း ၁၀၀တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အဿေ အဿေ၊ မြင်းတစ်စီးတစ်စီးတို့၏အနီး၌။ သတံရထာ၊ ရထား ၁၀၀တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ရထေ ရထေ၊ ရထားတစ်စီးတစ်စီးထက်၌။ သတံ ကညာ၊ မိန်းမမြတ် ၁၀၀စီ ၁၀၀စီတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ကညေ ကညေ၊ မိန်းမမြတ် တစ်ယောက် တစ်ယောက်၌။ သတိတ္ထိယော၊ အခြံအရံမိန်းမ ၁၀၀စီ ၁၀၀စီတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧသာ၊ ဤစစ်သည်သည်။ အက္ခောဘိဏီ နာမ၊ အက္ခောဘိဏီမည်၏။
ဆင် ၉၀၀၀, မြင်း ၉သိန်း, ရထား ၉ကုဋေ၊ ရထားစီးမိန်းမမြတ် ကုဋေ ၉၀၀, အရံမိန်းမ ကုဋေ၉သောင်း၊ ဤသည်လျှင် အက္ခောဘိဏီမည်၏ ဟူလို။ ဤ အက္ခောဘိဏီကား ပြည့်ရှင်မင်းတို့သည် မြတ်သောသူတို့ထံ ဆည်းကပ်သောအခါ စသည်တို့၌ “ပဒုမဗျူဟာ”ဆင်၍ ထွက်စံပယ်သောအခါ စစ်အင်္ဂါတည်း။
ထို ၃-ပါးသော အက္ခောဘိဏီတို့တွင် ဤဘုရားလောင်းတေမိမင်းရှိရာထွက်စံအပ်သော ကာသိကရာဇ်မင်းကြီး၏ စစ်သည်ဗိုလ်ထုကိုရေတွက်ခြင်း အက္ခောဘိဏီ၌ကား နောက်ပြအပ်သော တတိယအက္ခောဘိဏီဖြင့်ရေတွက်၍ ၁၈-ခေါဘိဏီဆိုသည်ဟု ယူခြင်းသည်သာလျှင် သင့်မြတ်နိုးမည် ထင်သည်)။
ထိုသို့ အမတ်ကြီးသေနာပတိသည် အလုံးစုံသော စစ်အင်္ဂါတို့ကိုစီရင်ပြီးသော် ၄-ရက်မြောက်သောနေ့၌ မင်းကြီးအား ပြီးကြောင်းကို လျှောက်တင်လေ၏။ ရထားမှူးသုနန္ဒာသည်လည်း အမတ်ကြီးဝန့်ရှင်တော်ကခန့်ထားတိုင်း မိမိအုပ်စုဆိုင်ရာ မင်းစီးရန် မြင်း, ဆင်, ရထားတို့ကို အစီးအနင်း သူရဲ,အကဲ,အကြပ်နှင့်တကွ ပြင်ဆင်ခင်းကျင်းစေပြီးလျှင်၊ မိမိကား မင်းကြီးစီးရန် မြင်းရထားနှင့် နန်းတော်သို့ဝင်၍ သိန္ဓောမြင်းကအပ်သောရထားကို အရှေ့မုခ်တော်တံခါးဝ၌ထားခဲ့ပြီးမှ မင်းကြီးစံရာနန်းတော်သို့တက်လျက် မင်းကြီးထံ ရိုသေစွာရှိခိုးပြီးသော် “ဘုန်းတော်အလွန်ကြီးလှသော အရှင်မင်းမြတ်။ ယခု သားတော်ဘုရားရှိရာထွက်စံတော်မူရန် အလုံးစုံစစ်အင်္ဂါခင်းကျင်း၍ ပြီးစီးပါပြီ။ စီးတော်မြင်းရထားလည်း သိန္ဓောမျိုးဖြစ်၍ လေ၏လျင်ခြင်းကဲ့သို့ လျင်ခြင်းရှိသော မင်္ဂလာမြင်းတော် ၄-စီးက၍ ယခုအသင့်အတင့် နန်းတော်တံခါးဦး၌ ဖဝါးတော်ခံရောက်ပါပြီ။ ထွက်စံချိန် အခါတန်ပါတော့သည်”ဟု လျှောက်၏။
ရထားမှုစကားကိုကြားလျှင် ကာသိကရာဇ်မင်းကြီးသည် သားတော်ထံ မြန်စွာရောက်လိုသော အာသာရှိသည်ဖြစ်၍ “ထူလာ ဇဝေန ဟာယန္တိ၊ ကိသာ ဟာယန္တိ ထာမုနာ။” ဟူသော ဂါထာဝက်ဖြင့်ဆို၏။
အဓိပ္ပာယ်ကား--
“ရထားမှူးသုနန္ဒာ။ သင် စီရင်ခန့်ထားသော မြင်းရထားအလုံးစုံတို့မှာ ရထား,ဆင်,မြင်းအပေါင်း သန်မြန်ကြပါ၏လော။ ဆူဖြိုးလွန်းသောမြင်းလည်း အားရှိစေကာမူ အသွားနှေးတတ်သည်။ ကြုံလွန်းပိန်လွန်းသောမြင်းလည်း မြန်စေကာမူ အားနွဲ့၍ ခရီးရှည်မလိုက်နိုင်ရှိတတ်သည်။ အသို့ သင့်ပါအံ့နည်း။ သင်တို့မြင်းများ စွမ်းမြန်သန်မာခြင်းနှင့် ပြည့်စုံပါ၏လော”ဟု မေး၏။
ရထားမှူး သုနန္ဒာလည်း “ကိလေ ထူလေ ဝိဝဇ္ဇေတွာ၊ သံသဋ္ဌာ ယောဇိတာ ဟယာ။ ။”ဟူသော ဂါထာဝက်ဖြင့်လျှောက်၏။
အဓိပ္ပာယ်ကား--
“အရှင်မင်းကြီး။ ကြုံလွန်းဆူလွန်းသောမြင်းတို့ကို နုတ်ထား၍ မကြုံမဆူ စွမ်းမြန်သန်မာခြင်းနှင့်ပြည့်စုံသည့် သိန္ဓောမျိုး မင်္ဂလာမြင်းတော်မြင်းကောင်းတို့ကိုသာ ရထားတို့၌ က,ပြင်ပါသည်။ မြင်းရထားကြောင့် ခရီးနှောင့်ယှက်မည် စိုးရိမ်တော်မမူပါလင့်”ဟု လျှောက်၏။
ထိုအခါ ကာသိကရာဇ်မင်းကြီးသည် “အချင်းရထားမှူး။ ယင်းသို့တပြီးကား ကောင်းပြီး၊ မိဖုရားကြီးမှစ၍ ထီးနန်းအပ်နှင်းပြီးမှ ပြည်သို့ပြန်မည်ဖြစ်သောကြောင့် ယခုပင် ထွက်တော်မူမည်။ ငါ့သားတော်ကိုလည်း ထိုတောအရပ်ကပင် အဘိသိက်သွန်း၍ ထီးနန်းနှင်းပြီးမှ ပြည်ကိုပြန်မည်ဖြစ်သောကြောင့် ရတနာသားမြီးယပ်, ရတနာသင်းကျစ်, ရတနာသန်လျက်, ရတနာခြေနင်း, ရတနာထီးဖြူ ဤမင်းမြှောက်တန်ဆာ ၅-ပါးတို့ကိုလည်း ငါစီးတော်မူရာ သင်၏ရထား၌ တင့်တယ်စွာ တင်ဆောင်ခဲ့လော့”ဟု ဆိုပြီးမှ ရထားမှူးသုနန္ဒာအား ၅-ပါးသော မင်းမြှောက်တန်ဆာတို့ကို ရထား၌တင်စေပြီး၊ နန်းတော်မှဆင်းသက်၍ ရထားမှူးသုနန္ဒာ၏ရထားထက်၌ တက်စီးလျက် များစွာသော ကိုယ်လုပ်မောင်းမ, အမှူးအမတ် သူရဲ စစ်တပ်အပေါင်း အခြံအရံနှင့်တကွ ဗာရာဏသီပြည် အရှေ့တံခါးမှထွက်၍ ကောင်းစွာပြင်ဆင်အပ်ပြီးသော မင်းလမ်းမခရီးဖြင့် ဘုရားလောင်းရှိရာ ၃-ယူဇနာကွာသော တောအရပ်သို့ ရထားမှူးသုနန္ဒာလျှင် ရှေ့ဆောင်လမ်းညွှန်ရှိသည်ဖြစ်၍ ထွက်ချီလေ၏။ စန္ဒာဒေဝီမိဖုရားကြီးသည်လည်း တစ်ခုသောမင်္ဂလာ မြင်းရထားကိုစီး၍ များစွာသော ၁-သောင်း ၆-ထောင်သော နန်းသူအပေါင်းခြံရံလျက် မင်းကြီးနောက်သို့လိုက်လေ၏။
ထို ကာသိကရာဇ်မင်းကြီးသည် ခရီးအစဉ်အတိုင်းထွက်ချီ၍ တောသို့ဝင်လျက် ဘုရားလောင်း၏ ကျောင်းသင်္ခမ်းအနီးသို့ရောက်သောအခါ သင့်တင့်ရာ တစ်ခုသောအရပ်၌ သစ်တပ်တဲနန်း စခန်းချတည်လေ၏။
ဘုရားလောင်း တေမိရှင်ရသေ့သည်လည်း ခမည်းတော်ရောက်ကြောင်းကိုသိလျှင် သောက်ရေခြေဆေးရေ မင်းနှင့်ထိုက်တန်သော နေရာပလ္လင်အလုံးစုံကို အသင့်အတင့် ပြင်ဆင်တည်ထားနှင့်လေ၏။
ကာသိကရာဇ်မင်းကြီးသည်လည်း သစ်တပ်တဲနန်း၌ ရထား, ဆင်, မြင်း အစရှိသောစစ်အင်္ဂါတို့ကို ထားခဲ့ပြီးလျှင် မှူးတော်, မတ်တော် အခြံအရံနှင့်တကွ ရထားမှသက်ဆင်း၍ ခြေဖြင့် ဘုရားလောင်းရှိရာ ကျောင်းသင်္ခမ်းသို့သွားပြီးသော် ကျောင်းသင်္ခမ်းပရိဝုဏ်သို့ဝင်သောအခါ အပေါ်ရုံကို လက်ကတော့စံပယ်တင်လျက် ကျောင်းထက်သို့တက်၍ သင့်တင့်ရာက သားတော်ဘုရားလောင်းကို ရှိခိုးကာနေလေ၏။