တောင်သူကြီး ဒုံးချင်း
ပုံပန်းသွင်ပြင်
ခက်ရင်းစွယ်စုံ စိန်တောင်ကြီးနှင့်
ငါးစီးဆင်ပြောင် အားပေကို။
ဇမ္ဗူစိုးရ နတ်ရှင့်ကျွန်
တုလို့ချွန်လျှင် ခန္ဓာစဲမယ်
ရဲရန် ညွန့်ဖြို။
ကိုးပိဿာစီး ဓားမကြီး
ရန်မီးသတ္တရု ငေါက်လျှင်ပြို
ကုန်းဘောင်ရွှေဘို ထောင်ကနက်က
ဘေးဘိုးစဉ်ဆက် ခုတိုင်အောင်
ရေးတော်မရှောင် ထမ်းတဲ့ယောက်ျား။
ယာလယ်လုပ်လို့တောမှာပျော်
စီးပွားထင်ပေါ် ပြောင်းနှင့် စပါး။
ပဲမျိုးအပြား ဘူးသခွား
ကယားမြို့မနယ်တစ်ခွင်
ဝါနှမ်းစုံလင် ချဉ်ပေါင်ခင်းနှင့်
မကြွင်း ခရမ်း သီးမျိုးလျှမ်း
ပိုက်တန်းစည်းဝိုက် ရွှေယုန်ထောင်ကာ
ချိုး နှင့် ငုံး စာငယ်ကိုလေ
ပုတတ် မွှေးကြိုင်စွာ
ဇွန်လုံး ထိန်ထိန်ဝါ။
ရေယဉ်စီးတဲ့တောမြိုင်သာ
ပြောင်းပဲရောရာ ဆန်တစ်ဝက်နှင့်
စပျစ်ကျင်းလျက်ပြည့်အနှက်
လူပျိုချက်တဲ့ ဟင်းလျာကို
ရောရာစုံ ချိုလှချည့်
အပျိုငယ် ရွှေနံကားအောင်
စားပါလှည့် ဗုန်းဗော။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |