မာတိကာသို့ ခုန်သွားရန်

ထူးတဆန်းလျှင်-ချီ ရတု

ဝီကီရင်းမြစ် မှ
ထူးတဆန်းလျှင်-ချီ ရတု
by မင်းသမန္တရာဇာ

ရေလားရတု

1440ထူးတဆန်းလျှင်-ချီ ရတုမင်းသမန္တရာဇာ

၁။ ထူးတဆန်းလျှင်၊ ဖလ်နန်းရထား၊ မြောက်သို့ပါး၍၊ လ,ကားတပေါင်း၊ ရွက်ညောင်းဖူးချင်၊ နွေသစ်ယင်က၊ မင်းလွင်အုံ့ပြ၊ သောကာလဝယ်၊ မြစ်မယဉ်ထန်၊ ရေကြောင်းဆန်၍၊ ကျွမ်းရန်ဖေါ်မဲ့၊ လာရခက်သော်၊ အံ့ဘွယ်အပ၊ ဖြူဆွသလဲ၊ ခဲလကမ်းမြေ့၊ ပြင်ထောင့်ကွေ၌၊ စုဝေးပျော်တူ၊ ရေသူဖွယ်ရာ၊ တံငါလုပ်ဖမ်း၊ ကြိုးပန်းရှာမှီး၊ အသီးသီးတည့်၊ ပိုက်ကြီးပိုက်ငယ်၊ နှစ်သွယ်ဝမ်းပူ၊ ကြီးငယ်ဟူသား၊ ပိုက်ဖြူဗူးခင်း၊ ရကွင်းဒိုင်းဝန်း၊ လက်မတန်းနှင့်၊ ရင်တွန်းလင်းဖက်၊ ယက်သဲ့ဗူးတင်း၊ ကြီးငယ်သွင်းမှ၊ ပိုက်ကွင်းနှလုံး၊ မြုံးလည်းနှစ်လီ၊ တပသီဇာ၊ သာရကာထက်၊ မှိန်းမက်ကွန်ကြီး၊ တသီးရင်ကွဲ၊ သောင်လဲသောင်ယံ၊ ပိုက်အိတ်ခံနှင့်၊ ထုံးစံတဝိုက်၊ အစဉ်လိုက်၍၊ ခတ်ဝိုက်တန်းခို၊ ဘိဟုဆိုသည်၊ ခြေတိုလိပ်က၊ မကျန်ရတည့်၊ မြစ်စတသွန်၊ လုပ်မှုပွန်သည်။ ။ အလွန်ထူးဆန်းကြယ်သကား။

၂။ ကြူးစခန်းလျှင်၊ မှတ်မှန်းလတာ၊ အဖြာဖြာတည့်၊ ရေမှာရေလိုက်၊ စဉ်စိုက်စွဲလန်း၊ တံသုတ်ကျမ်းဟု၊ ကွန့်သန်းတတည်၊ လက်ညှိုးလည်က၊ စသည်ဆိုင်းတန်း၊ လက်သန်းစိုးဟု၊ လက်ညှိုးပြုလည်း၊ နည်းဟုတသွယ်၊ ပိုက်ကြမ်းငယ်ဟု၊ လူဝယ်လုပ်ဆောင်၊ ကွင်းထောင်ရေလည်၊ ဇာလည်ဇာလောင်၊ မြှောပိုက်ထောင်၍၊ လုပ်ဆောင်ကြလစ်၊ ကော်ကဖြစ်တည့်၊ မှတ်ရစ်စေချင်၊ တုရင်ခြေတောင်၊ အိတ်ထောင်ယောင်နှင့်၊ လူ့ဘောင်နှံ့ပြား၊ ဘူးလွှားမြှားသွဲ့၊ ပိုက်စာသဲ့က၊ ကြွင်းမဲ့မထင်၊ ကြမ်းငင်တုန်ဟိုက်၊ အူလိုက်ပက်ထုတ်၊ စမ်းစုတ်ဖက်တင်၊ ထွေထွေဖြင်မျှ၊ မြစ်ခွင်ဧရာ၊ ဆန်ခဲလာသော်၊ ပမာတို့လေ၊ ကြင်သည့်ဆွေဟု၊ ထွေထွေယူတမ်း၊ လွမ်းလည်းမချိ၊ မျှော်မိမိသည်။ ။ မျက်စိပင်ပန်းဘွယ်တကား။

၃။ ရူးဘနန်းလျှင်၊ ကျင့်ဆန်းခဲအင်၊ ရုပ်အသွင်ဖြင့်၊ သောင်ခွင်မော်စာ၊ လှေမှာမှောက်ပြန်၊ တွန်းလှန်အားကြိုး၊ တင်ထိုးလက်လွန်၊ တတ်ပွန်ဘေးခတ်၊ အတတ်တစ်မျိုး၊ စန်းထိုးရန်တား၊ လုပ်ရိုးပြားသား၊ မြှားတမ်းမြှားသုတ်၊ ချက်ပြုတ်မနေ၊ စင်းလျှင်တေတည့်၊ ချလေဆူစည်း၊ ချင်လည်းချင်ကော်၊ လုပ်ဖေါ်သတင်း၊ တိမ်ညင်းတွန့်ကိုင်း၊ ပလိုင်းစွဲလေ၊ ငမြွေချိုချဉ်၊ ငစင်စတ်လှိုက်၊ နှိုးပြည့်ဝိုက်၍၊ ရေ၌နှံ့မျှ၊ တံငါ့အမျိုး၊ ရှာစားကြိုးလျှက်၊ ရေရိုး၌တွင်၊ သောသောဖြင်မျှ၊ လောင်လျင်နှင့်ရ၊ လက်ချတထောက်၊ နိုင်ရေးကောက်၍၊ သံမြောက်ကြေညာ၊ ဟိန်ဇာဟေးလား၊ အချင်းများနှင့်၊ ပျော်ပါးဘွယ်တိ၊ သဲဖြူချိဝယ်၊ ထပ်ရှိစုဝေး၊ လှူကြီးပေးသို့၊ ငှက်ကျေးဝဲပျံ၊ မြည်သံသောင်းသောင်း၊ မြစ်ရေချောင်း၌၊ ကြုံတောင်းကြံုရ၊ မြင်တို့စွဟု၊ တလည်းတခါ၊ မယ့်မှာညွတ်တိမ်း၊ ခေါင်းသို့ယိမ်းသည်။ ။ ကြောစိမ်းမြနန်းဘွယ်သကား။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။