ဒဓိဝါဟနဇာတ်
ဒုကနိပါတ်-အသဒိသဝဂ်
၆။ ဒဓိဝါဟနဇာတ်
လက်နက်စွမ်း လေးပါး
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝဏ္ဏဂန္ဓရသူပေတော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒဓိဝါဟနဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဘော်ကို မှီဝဲသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုကို အောက်၌ဆိုအပ်ပြီးသလျှင်ကတည်း၊ အထူးကား မြတ်စွာဘုရားသည် ရဟန်းတို့ သူတော်မဟုတ် သူယုတ်တို့နှင့် ပေါင်းဘော်ခြင်းမည်သည် ယုတ်မာ၏။ အကျိုးမဲ့ကို ပြုတတ်သည်သာလျှင်တည်း၊ ထိုစကား၌ လူဖြစ်၍ဖြစ်ကုန်သောသူတို့၏ သူယုတ်မာတို့နှင့်ပေါင်းခြင်း၏ အကျိုးမဲ့ကို ပြုသည် ၏အဖြစ်၌ကား အဘယ်ဆိုဘွယ်ရှိအံ့နည်း၊ ရှေး၌ကား သာယာဘွယ်မရှိသော ချိုခြင်းကင်းသော တမာပင်နှင့်တကွ ပေါင်းဘော်ခြင်းကိုစွဲ၍ နတ်တို့၌ဖြစ်သော အရသာနှင့်တူသော ချိုသောအရသာရှိသော စိတ်မရှိသော သရက်ပင်စင်လျက်လည်း အချိုကင်းသည်ဖြစ်၍ ခါးသည်ဖြစ်၏ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သည်ရှိသော် ကာသိကတိုင်း၌ ညီနောင်ဖြစ်ကုန်သော လေးယောက်ကုန်သောပုဏ္ဏားတို့သည် ရသေ့ရဟန်းပြုကုန်၍ ဟိမဝန္တာအရပ်၌ အစဉ်အားဖြင့် ကျောင်းကိုဆောက်၍ နေကုန်၏။ ထိုလေးပါးကုန်သော ရသေ့တို့တွင် အစ်ကိုကြီးရသေ့သည်စုတေ၍ သိကြားမင်းအဖြစ်သို့ ရောက်၏။ ထိုသိကြားမင်းသည် ထိုအကြောင်းကို သိ၍ အကြားအကြား၌ ခုနစ်ရက်ရှစ်ရက်လွန်သဖြင့် ညီငယ်ရသေ့တို့၏ အထံသို့ သွားသည်ရှိသော် တနေ့သ၌ ရသေ့ကြီးကိုရှိခိုး၍ လျောက်ပတ်စွာနေ၍ အရှင်ဘုရား အရှင်ဘုရားအား အဘယ်ဝတ္ထုဖြင့် အလိုရှိသနည်းဟု မေး၏။ ရသေ့သည် ဖျော့တော့နာ စွဲသည်ဖြစ်၍ ငါ့အား မီးဖြင့် အလိုရှိ၏ဟု ဆို၏။ ထိုသိကြားမင်းသည် ထိုစကားကိုကြား၍ ထိုရသေ့ကြီးအား ပဲခွပ်ပါ ပုဆိန်ကိုပေး၏။ ပဲခွပ်ပါ ပုဆိန်မည်သည်ကား အရိုးတပ်သည်၏အစွမ်းအားဖြင့် ပဲခွပ်သည်လည်း ဖြစ်၏။ ပုဆိန်သည်လည်းဖြစ်၏။ ရသေ့သည် ဤပဲခွပ်ပါပုဆိန်ကိုယူ၍ ငါ့ဘို့ အဘယ်သူသည်ထင်းတို့ကို ဆောင်လတ္တံ့နည်းဟုဆို၏။ ထိုအခါ၌ ထိုရသေ့ကို သိကြားမင်းသည် ဤသို့ဆို၏။
အဘယ်သို့ ဆိုသနည်းဟူမူကား အရှင်ဘုရား အကြင်အခါ၌ အရှင်ဘုရားအား ထင်းတို့ဖြင့် အလိုတော်ရှိသည်ဖြစ်အံ့၊ ဤပဲခွပ်ရဖြစ်သော ပုဆိန်ကို အရှင်ဘုရားသည် လက်ဖြင့်ခတ်၍ ငါ့ဘို ထင်းတို့ကိုဆောင်၍ မီးကိုပြုလော့၊ ဤသို့ ဆိုတော်မူလော့၊ ထိုအခါ၌ ထင်းတို့ကိုဆောင်၍ မီးကို ညှိ၍ ပေးလတ္တံ့ဟုဆို၍ ထိုရသေ့ကြီးအား ပဲခွပ်ရပုဆိန်ကိုပေး၍ အလတ်ဖြစ်သော ရှင်ရသေ့သို့လည်းကပ်၍ အရှင်ဘုရား အရှင်ဘုရားအား အဘယ်ဝတ္ထုဖြင့် အလိုတော်ရှိသနည်းဟု မေး၏။ ထိုရသေ့ကျောင်း၏အနီး၌ ဆင်တို့၏ သွားရာလမ်းသည်ဖြစ်၏။ ထိုရသေ့သည် ဆင်တို့သည် နှိပ်စက်အပ်သည်ဖြစ်၍ ငါ့အား ဆင်တို့၏အစွမ်းအားဖြင့် ဆင်းရဲခြင်းသည် ဖြစ်၏။ ထိုဆင်တို့ကို ပြေးစေလော့ဟုဆို၏။ သိကြားသည် ထိုရသေ့အား စည်တလုံးကိုကပ်၍ အရှင်ဘုရား ဤဘက်အပြင်ကို တီးသည်ရှိသော် အရှင်ဘုရားတို့၏ရန်သူတို့သည် ပြေးကုန်လတ္တံ့၊ ဤဘက်အပြင်ကို တီးသည်ရှိသော်ကား မေတ္တာစိတ်ရှိကုန်သည်ဖြစ်၍ အင်္ဂါလေးပါးရှိကုန်သော စစ်သည်တို့သည် ခြံရံလာကုန်လတ္တံ့၊ ဤသို့ဆို၍ စည်ကိုပေးပြီး ညီငယ်ရသေ့အထံသို့ သွား၍ အရှင်ဘုရား အရှင်ဘုရားအား အဘယ်ဝတ္ထုဖြင့် အလိုရှိသနည်း ဤသို့ မေး၏။ ထိုရသေ့ငယ်သည်လည်း ဖျော့တော့နာစွဲသော ဓာတ်ရှိသလျှင်ကတည်း၊ ထိုကြောင့် ငါ့အား နို့ဓမ်းဖြင့်အလိုရှိ၏ ဟု ဤသို့ဆို၏။ သိကြားသည် ထိုရသေ့ငယ်အား တလုံးသော နို့ဓမ်းအိုးကိုပေး၍ အရှင်ဘုရားတို့သည် အလိုရှိကုန်သည်ဖြစ်၍ ဤနို့ဓမ်းကို အကယ်၍သွန်ကုန်သည်ဖြစ်အံ့၊ မြစ်ကြီးဖြစ်၍ များစွာရေအယာဉ်ကို ဖြစ်စေ၍ အရှင်ဘုရားတို့အား မင်းအဖြစ်ကိုယူ၍ ပေးအံ့သောငှါ စွမ်းနိုင်သည် ဖြစ်လတ္တံ့ ဤသို့ဆို၍သွား၏။ ထိုအခါမှစ၍ ပဲခွပ်ရပုဆိန်သည် အစ်ကိုကြီးဖြစ်သော ရသေ့၏အကျိုးငှာ မီးကိုပြု၏။ အလတ်ဖြစ်သော ရသေ့သည် စည်အပြင်ကို တီးသည်ရှိသော် ဆင်တို့သည် ပြေးကုန်၏။ ရသေ့ငယ်သည် နို့ဓမ်းကို ဘုဉ်းပေး၏။
ထိုကာလ၌ တခုသောဝက်သည် ရှေး၌ ရွာတည်ဘူးသော တခုသောအရပ်၌ ကျက်စားသည်ရှိသော် အာနုဘော်နှင့် ပြည့်စုံသော ပတ္တမြားတုံးကိုမြင်လေ၏။ ထိုဝက်သည် ထိုပတ္တမြားတုံးကို နှုတ်သီးဖြင့်ကိုက်၍ ထိုပတ္တမြား၏အာနုဘော်အားဖြင့် ကောင်းကင်၌ပျံ၍ သမုဒ္ဒရာ၏ အလယ်၌ ကျွန်းငယ်တခုသို့ ရောက်၍ ယခုအခါ ဤကျွန်း၌ ငါသည် နေခြင်းငှါ သင့်၏ဟု ဆင်းသက်၍ ချမ်းသာရာအရပ်၌ တခုသော ရေသဖန်းပင်၏ အောက်၌ နေခြင်းကို ပြု၏။ ထိုဝက်သည် တနေ့သ၌ ထိုသဖန်ပင်ရင်းတွင် ပတ္တမြားတုံးကို ရှေ့မှထား၍ အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ ကာသိကတိုင်း၌နေသော တယောက်သောလူသည် ဤသူကား ငါတို့အား ကျေးဇူးပြုခြင်းမည်သည် မရှိဟု မိဘတို့သည် အိမ်မှနှင်ထုတ်အပ်သည်ဖြစ်၍ တခုသောသင်္ဘောဆိပ်ရွာသို့ရောက်၍ လှေသူကြီးတို့၏ အမှုအလုပ်ဖြစ်၍ လှေကိုစီး၍ သွားသည် ရှိသော် သမုဒ္ဒရာ၏အလယ်၌ လှေသည် ပျက်စီးသဖြင့် ပျဉ်၌စီးလျက် ထိုကျွန်းသို့ရောက်၍ သစ်သီးကြီးငယ်တို့ကို ရှာသည်ရှိသော် အိပ်ပျော်လျက်နေသော ထိုဝက်ကိုမြင်၍ သာယာစွာသွားလျက် ပတ္တမြားတုံးကိုယူ၍ ထိုပတ္တမြားတုံး၏ အာနုဘော်အားဖြင့် ကောင်းကင်သို့ ပျံတက်၍ ရေသဖန်းပင်၌နေလျက် ဤသို့ ကြံ၏။ ဤဝက်သည် ဤပတ္တမြားတုံး၏ အာနုဘော်အားဖြင့် ကောင်းကင်ခရီးဖြင့် ပျံသွား၍ ဤအရပ်၌ နေယောင်တကား၊ ငါသည်လည်း ရှေးဦးစွာ ဤဝက်ကို သတ်ပြီးလျှင် အသားကိုစား၍ တဖန်ပျံအံ့သောငှါသင့်၏ဟု ကြံပြီးသော် ထိုသူသည် တခုသော တုတ်လှံတန်ကိုချိုး၍ ထိုဝက်ဦးခေါင်းပေါ်သို့ ချလိုက်၏။ ဝက်သည် နိုးလတ်၍ ပတ္တမြားတုံးကို မမြင်သည်ရှိသော် တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍ ထိုမှဤမှ ပြေး၍သွား၏။ ရေသဖန်းပင်၌ နေသော ယောက်ျားသည် ရယ်၏။ ဝက်သည် ကြည့်လတ်သည်ရှိသော် ထိုယောက်ျားကို မြင်၍ ရေသဖန်းပင်ကို ဦးခေါင်းဖြင့်တိုက်၍ ထိုအရပ်၌သာလျှင်လေ၏။
ထိုယောက်ျားသည် ရေသဖန်းပင်မှ ဆင်းသက်၍ မီးကိုညှိပြီးလျှင် ထိုဝက်၏အသားကိုကင်၍ စားသောက်ပြီးလတ်သော် အထက်သို့ပျံတက်၍ ကောင်းကင်ခရီးဖြင့် သွားသောအခါ ဟိမဝန္တာ၏အပေါ်သို့ ရောက်သဖြင့် သင်္ခမ်းကိုမြင်၍ အစ်ကိုကြီးဖြစ်သော ရသေ့၏သင်္ခမ်း၌သက်၍ နှစ်ရက် သုံးရက်နေလျက် ရသေ့အား ဝတ်ကြီးဝတ်ငယ်ကို ပြု၏။ ပဲခွပ်ရဖြစ်သော ပုဆိန်၏အာနုဘော်ကိုလည်း မြင်၏။ ထိုယောက်ျားသည် ဤပဲခွပ်ရပုဆိန်ကို ငါသည် ယူအံ့သောငှာ သင့်၏ဟု ကြံ၍ ပတ္တမြားတုံး၏ အာနုဘော်ကို ရသေ့အား ပြပြီးသော် အရှင်ဘုရား ဤပတ္တမြားတုံးကိုယူ၍ အကျွန်ုပ်အား ပဲခွပ်ရဖြစ်သောပုဆိန်ကို ပေးပါလော့ဟု ဆို၏။ ရသေ့သည် ကောင်းကင်ခရီးဖြင့်သွားလိုရကား ထိုပတ္တမြားတုံးကိုယူ၍ ပဲခွပ်ရဖြစ်သောပုဆိန်ကိုပေး၏။ ထိုယောက်ျားသည် ပဲခွပ်ရဖြစ်သောပုဆိန်ကိုယူ၍ အတန်ငယ်သွားပြီးသော် ပဲခွပ်ရဖြစ်သောပုဆိန်ကိုခတ်၍ အိုပဲခွပ်ရဖြစ်သောပုဆိန် ရသေ့ဦးခေါင်းကိုဖြတ်ပြီးလျှင် ပတ္တမြားတုံးကို ဆောင်ယူလော့ဟု ဆို၏။ ထိုပဲခွပ်ရပုဆိန်သည်သွား၍ ရသေ့၏ဦးခေါင်းကို ဖြတ်ပြီးလျှင် ပတ္တမြားတုံးကို ဆောင်ယူခဲ့၏။ ထိုယောက်ျားသည် ပဲခွပ်ရပုဆိန်ကို ဖုံးကွယ်ရာအရပ်၌ထား၍ အလတ်ဖြစ်သောရသေ့ထံသို့သွား၍ နှစ်ရက်သုံးရက်နေပြီးလျှင် စည်၏အာနုဘော်ကို မြင်သဖြင့် ပတ္တမြားတုံးကိုပေး၍ စည်ကိုယူပြီးသော် ရှေးနည်း ဖြင့်သာလျှင် ထိုအလတ်ဖြစ်သော ရသေ့၏ ဦးခေါင်းကိုဖြတ်စေ၍ အငယ်ဖြစ်သော ရသေ့အထံသို့ကပ်ပြီး နို့ဓမ်းအိုး၏ အာနုဘော်ကို မြင်ခြင်းကြောင့် ပတ္တမြားထုံးကိုပေး၍ နို့ဓမ်းအိုးကိုယူပြီးလျှင် ရှေးနည်းဖြင့်သာလျှင် ထိုရသေ့ငယ်၏ ဦးခေါင်းကို ဖြတ်စေ၍ ပတ္တမြားတုံးကို၎င်း ပဲခွပ်ရဖြစ်သော ပုဆိန်ကို၎င်း စည်ကို၎င်း နို့ဓမ်းအိုးကို၎င်း ယူ၍ ကောင်းကင်သို့ ပျံသွားပြီးသော် ဗာရာဏသီပြည်၏ မနီးမဝေးဖြစ်သော အရပ်၌တည်၍ ဗာရာဏသီမင်းအား ပြည်ကိုတည်း ပေးမည်လော၊ စစ်ထိုးခြင်းကိုတည်း ပေးမည်လောဟု ယောက်ျားတယောက်၏လက်၌ အမှာစာကို သ, လိုက်၏။
မင်းသည် သတင်းစကားကိုကြား၍ ခိုးသူကိုဖမ်းအံ့ဟူ၍ မြို့မှထွက်၏။ ထိုယောက်ျားသည် စည်တဘက်အပြင်ကို တီး၏။ အင်္ဂါလေးပါးရှိသော စစ်သည် ခြံရံစေ၏။ ဗာရာဏသီမင်း၏ လွှမ်းမိုးသည်၏အဖြစ်ကိုသိ၍ နို့ဓမ်းအိုးကိုသွန်သည်ရှိသော် မြစ်ကြီးဖြစ်၍ လူများသည် နို့ဓမ်းမြစ်၌နစ်မွန်း၍ ထွက်အံ့သောမစွမ်းနိုင်၊ ပဲခွပ်ရဖြစ်သော ပုဆိန်ကိုခတ်၍ မင်း၏ ဦးခေါင်းကိုဆောင်ချေလော့ဟုဆို၏။ ပဲခွပ်ရဖြစ်သောပုဆိန်သည်သွား၍ မင်း၏ ဦးခေါင်းကိုဆောင်ယူပြီးလျှင် ခြေရင်း ၌ချ၏။ တယောက်သော သူသည်လည်း လက်နက်ကို ချီအံ့သောငှါ မစွမ်းနိုင်၊ ထိုယောက်ျားသည် များစွာသောအခြံအရံဖြင့် ခြံရံလျက် မြို့သို့ဝင်ပြီးသော် အဘိသိက်ခံခြင်းကိုပြု၍ ဒဓိဝါဟန အမည်ရှိသောမင်းဖြစ်၍ တရားနှင့်ညီသဖြင့် မင်းပြု၏။
တနေ့သ၌ ထိုဒမိဝါဟနမင်းသည် မြစ်ကြီး၌ ကြုတ်သဘွယ်ဖြစ်သော ကွန်ဖြင့် ကစားစဉ် ကဏ္ဏမုဏ္ဍအိုင်မှ နတ်တို့၏ အသုံးအဆောင်ဖြစ်သော တလုံးသော သရက်သီးမှည့်သည် မျောလာ၍ ကွန်၌ငြိ၏။ ကွန်ကို ချီကုန်သောသူတို့သည် ထိုသရက်သီးကို မြင်ကုန်၍ မင်းအား ဆက်သကုန်၏။ ထိုသရက်သီးသည် အိုးစရည်း ပမာဏရှိ၏။ လုံးဝန်း၏။ ရွှေအဆင်းနှင့် တူသော အဆင်းရှိ၏။ မင်းသည် ဤသစ်သီးကား အဘယ်မည်သော သစ်သီးနည်းဟု မုဆိုးတို့ကိုမေး၍ သရက်သီးတည်းဟု ပြန်ကြားသဖြင့် သုံးဆောင်လေ၍ ထိုသရက်သီး၏ အစေ့ကို မိမိဥယျာဉ်၌ စိုက်စေ၍ နို့ရည်ရေဖြင့် သွန်းစေ၏။ သရက်ပင်သည်ဖြစ်လတ်၍ သုံးနှစ်မြောက်၌ အသီးကို ပေး၏။ ထိုသရက်ပင်အား များစွာသော ပူဇော်သက္ကာရသည်ဖြစ်၏။ နို့ရည်ဖြင့် သွန်းလောင်းကုန်၏။ နံ့သာ အစရှိသည်တို့ဖြင့် လိမ်းကျံခြင်း ပန်းဆိုင်း အစရှိသည်တို့ဖြင့် ဆွဲခြင်း မွှေးကြိုင်သောဆီဖြင့် ဆီမီးညှိထွန်းခြင်း ပုဆိုးတင်းတိမ်ဖြင့် ကာရံခြင်းတို့ကို ပြုကုန်၏။ အသီးတို့သည် ချိုသော အရသာ ရှိကုန်၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏။ ဒဝါဟနမင်းသည် တပါးကုန်သောမင်းတို့အား သရက်သီးကို ပို့စေသည်ရှိသော် အစေ့မှ အပင်ဖြစ်လတ္တံ့သည်မှ စိုးသောကြောင့် အညွန့်ဖြစ်ရာအရပ်ကို အဆိပ်ရှိသောအရိုးဖြင့် ထိုး၍ ပို့စေ၏။ ထိုမင်းအား သရက်သီးကိုစား၍ အစေ့ကို စိုက်ပျိုးခြင်းငှါ မတတ်ကောင်းရကား ထိုမင်းတို့သည် ဤအရပ်၌ အကြောင်းသည် အသို့နည်းဟု မေးကုန်သည်ရှိသော် ထိုအကြောင်းကို သိကုန်၏။
ထိုအခါ တယောက်သောမင်းသည် ဥယျာဉ်စောင့်ကိုခေါ်၍ ဒဓိဝါဟနမင်း၏ သရက်သီးတို့၏ အရသာကိုဖျက်၍ ခါးသည်၏အဖြစ်ကို ပြုအံ့သောငှါသင်သည် စွမ်းနိုင်လတ္တံလောဟု မေး၍ မင်းမြတ် အကျွန်ုပ်သည် စွမ်းနိုင်ပါ၏ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား သွားလေလော့ဟုဆို၍ တထောင်သော ဥစ္စာကိုပေး၍ စေလိုက်၏။ ထိုဥယျာဉ်စောင့်သည် ဗာရာဏသီပြည်သို့သွား၍ တယောက်သော ဥယျာဉ်စောင့် လာ၏ဟု မင်းအား ကြားစေ၍ ထိုဒဓိဝါဟနမင်းသည် ခေါ်အပ်သည်ဖြစ်၍ မင်း၏အထံသို့ သွားပြီးလျှင် ရှိခိုးလျက် လျောက်ပတ်သောအရပ်၌ နေ၏။ မင်းသည် ဥယျာဉ်စောင့်ဟူသည် သင်လောဟု မေးသည်ရှိသော် မင်းမြတ် မှန်၏ဟု ဆို၍ မိမိအစွမ်းကို ပြောဆို၏။ ဒဓိဝါဟနမင်းသည် သွားချေလော့၊ ငါတို့၏ ဥယျာဉ်စောင့်အထံ၌ နေလော့ဟု ဆို၏။ ထိုအခါမှစ၍ နှစ်ယောက်သော ထိုသူတို့သည် ဥယျာဉ်ကို ပြုပြင်ကြကုန်၏။ ရောက်သစ်စဖြစ်သော ဥယျာဉ်စောင့်သည် အခါမဲ့ ဖြစ်ကုန်သောပန်းတို့ကို ကောင်းစွာပွင့်စေလျက် အခါမဲ့ဖြစ်ကုန်သော အသီးတို့ကို သီးစေလျက် ဥယျာဉ်ကို မွေ့လျော်ဘွယ်ရှိသည်ကိုပြု၏။ ဒဓိဝါဟနမင်းသည် ထိုရောက်သစ်စဖြစ်သော ဥယျာဉ်စောင့်အား ကြည်ညို၍ ဥယျာဉ်စောင့်ဟောင်းကို ထုတ်လိုက်၍ ထိုရောက်သစ်စဖြစ်သော ဥယျာဉ်စောင့်အားသာလျင် ဥယျာဉ်ကိုပေး၏။ ထိုဥယျာဉ်စောင့်သည် ဥယျာဉ်၏ မိမိလက်သို့ ရောက်သည်၏အဖြစ်ကိုသိ၍ သရက်ပင်ကိုခြံရံ၍ တမာပင်တို့ကို၎င်း ခွေးတောက်နွယ်တို့ကို၎င်း စိုက်ပျိုး၏။ အစဉ်သဖြင့် တမာပင်တို့သည်ကြီးကုန်၏။ တမာမြစ်တို့နှင့် သရက်မြစ်တို့သည်၎င်း တမာခက်နှင့် သရက်ခက်တို့သည်၎င်း ရောနှော ထွေးရှက်ခြင်း ဖြစ်ကုန်၏။ သာယာအပ်သော အရသာမရှိသော ချိုသော အရသာကင်းသော ထိုတမာပင်နှင့် ရောနှောခြင်းကြောင့်လျှင် ချိုသော အသီးရှိသော သရက်ပင်သည် တမာရွက်နှင့်တူသော အရသာရှိသည်ဖြစ်၍ ခါးခြင်းသို့ ရောက်၏။ ထိုဥယျာဉ်စောင့်သည် သရက်သီးတို့၏ ခါးသည်၏အဖြစ်ကို သိ၍ ပြေးလေ၏။
ဒဓိဝါဟနမင်းသည် ဥယျာဉ်သို့သွား၍ သရက်သီးကို စားသည်ရှိသော် ခံတွင်း၌ သွင်းအပ်သော သရက်ရည် အရသာသည် တမာရည်တို့ကဲ့သို့ ဖြစ်၍ မျိုအံ့သောငှါ မတတ်ကောင်းရကား ဟက်၍ ထွေး၏။ ထိုအခါ ဘုရားလောင်းသည် ဒဓိဝါဟနမင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်သည်ဖြစ်၏။ ဒိဝါဟနမင်းသည် ဘုရားလောင်းကိုခေါ်၍ ပညာရှိ ဤသရက်ပင်အား ရှေး၌ဖြစ်သော ပူဇော်သက္ကာရမှ ယုတ်ခြင်းသည် မရှိ၊ ဤသို့ ဖြစ်လျက်လည်း ထိုသရက်ပင်၏ အသီးသည် ခါး၏။ အကြောင်း အသို့နည်းဟု မေးလိုရကား-
တမေဝ ပူဇံ လဘမာနော၊ ကေနမ္ဗော ကဋုကပ္ဖလော။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၇၁။ ပဏ္ဍိတ၊ ပညာရှိ။ အယံ အမ္ဗော၊ ဤသရက်ပင်သည်။ ပုရေ၊ ရှေး၌။ ဝဏ္ဏဂန္ဓရသူပေတော၊ အဆင်း အနံ့ အရသာနှင့် ပြည့်စုံသည်။ အဟုဝါ၊ ဖြစ်သလျှင်ကတည်း။ ဣဒါနိ၊ ယခုအခါ၌။ တမေဝ ပူဇံ၊ ထိုရှေး၌ ပြုမြဲတိုင်းဖြစ်သော ပူဇော်ခြင်းကိုသာလျှင်။ လဘမာနော၊ ရပါလျက်။ အမ္ဗော၊ သရက်သည်။ ကေန၊ အဘယ်ကြောင့်။ ကဋုကပ္ဖလော၊ ခါးသောအသီးရှိလေသနည်း။
ထိုအခါ၌ ဒမိဝါဟနမင်းအား အကြောင်းကို ကြားလိုရကား ဘုရားလောင်းသည်-
မူလံ မူလေန သံသဋ္ဌံ၊ သာခါ သာခါ နိသေဝရေ။
အသာတသန္နိဝါသေန၊ တေနမ္ဗော ကဋုကပ္ဖလော။
ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။
၇၂။ ဒဓိဝါဟန၊ နို့ဓမ်းတည်းဟူသော စစ်သည်ဗိုလ်ပါရှိသော မင်းမြတ်။ တေ၊ အရှင်မင်းမြတ်၏။ အမ္ဗော၊ မင်္ဂလာ သရက်တော်သည်။ ပုစိမန္ဒပရိဝါရော၊ တမာပင်တည်းဟူသော အခြံအရံရှိ၏။ မူလံ၊ သရက်ပင်၏ အမြစ်သည်။ မူလေန၊ တမာပင်၏အမြစ်နှင့်။ သံသဋ္ဌံ၊ နှီးနှော၏။ သာခါ၊ တမာပင်၏ အခက်ရှိသည်။ သာခါ၊ သရက်ပင်၏အခက်တို့ကို။ နိသေဝရေ၊ မှီဝဲကုန်၏။ အသာတသန္နိဝါသေန၊ မချိုကုန်သော တမာပင်တို့နှင့် ပေါင်းဖော်ခြင်းတည်းဟူသော။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ အမ္ဗော၊ သရက်ပင်သည်။ ကဋုကပ္ဖလော၊ ခါးသော အသီးရှိ၏။
ဒဓိဝါဟနမင်းသည် ဘုရားလောင်း၏စကားကို ကြား၍ အမြစ်နှင့်တကွ တမာပင် ခွေးတောက်နွယ်တို့ကို ဖြတ်စေ၍ ထက်ဝန်းကျင်မှ မချိုသော မြေမှုန့်တို့ကို ပယ်စေ၍ ချိုသောမြေမှုန့်တို့ကိုတည်စေပြီးလျှင် နို့ရည်ရဲ့ သကာနံ့သာရေတို့ဖြင့် သရက်ပင်ကို ပြုပြင်စေ၏။ ထိုသရက်ပင်သည် ချိုသောအရသာရှိသော ဝတ္ထုနှင့် ပေါင်းဘော်ရပြန်သောကြောင့် တဖန် ချိုသော အသီးရှိသည်သာလျှင် ဖြစ်၏။ ဒဓိဝါဟနမင်းသည် ပြကတေ့သော ဥယျာဉ်စောင့် အားသာလျှင် ဥယျာဉ်ကိုဆောင်နှင်းသဖြင့် အသက်ထက်ဆုံးတည်၍ ကံအား လျော်စွာ လား၏။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
တမာ, ခွေးတောက်၊ ပင်ချင်းလှောက်၊ ချိုရောက်သရက် ဩဇာပျက်
ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒဓိဝါဟနဇာတ်သည် ပြီး၏။
*****