ဒုစရိုက်တရား ဆယ်ပါး
သင်ခန်းစာ (၉)
ဒုစရိုက်တရား ဆယ်ပါး
[ပြင်ဆင်ရန်]အနာထပိဏ်သူဌေးနှင့် တံခါးစောင့်နတ်
ရှေးအခါက သာဝတ္ထိပြည်တွင် နေထိုင်သော အနာထပိဏ်သူဌေးကြီးသည် အလှူဒါနပြု လုပ်ရာတွင် လေးစားအတုယူထိုက်သည့် သူဌေးကြီးတစ်ဦးဖြစ်၏။ သူသည် ဇေတဝန်ကျောင်းတော် ကြီးကို ငွေအသပြာ ၅၄ ကုဋေ အကုန်ကျခံကာ ဆောက်လုပ်လှူဒါန်းခဲ့၏။ သူဌေးကြီးသည် တစ်နေ့ သုံးကြိမ် ဘုရားကျောင်းတော်သို့ သွားရောက်လေ့ရှိ၏။ နံနက်ပိုင်းတွင် ယာဂု (ဆန်ပြုတ်)၊ နေ့လယ် ပိုင်းတွင် ဖျော်ရည်၊ ညနေပိုင်းတွင် ပန်းနံ့သာများ ယူဆောင်သွားလေ့ရှိ၏။ ။
တစ်ချိန်တွင် သူဌေးကြီးသည် စီးပွားရေး ကျဆင်းကာ ဆင်းရဲနွမ်းပါးသွား၏။ သို့ရာတွင် အလှူအတန်းကိုကား မလျှော့ပေ။ ရှိသမျှဖြင့် ဖြစ်အောင်လှူဒါန်း၏။ သူဌေးကြီးအိမ်၏ စတုတ္ထတံခါးစောင့် မိစ္ဆာဒိဋ္ဌိနတ်သည် သူဌေးကြီး အလှူအတန်းများ ရက်ရက်ရောရော ပြုလုပ်နေသည်ကို သဘော မကျနိုင် ဖြစ်နေ၏။ သူဌေးကြီးအိမ်သို့ ရဟန်းသံဃာများ ကြွလာသည့်အခါတိုင်း သူ့နေရာမှ ဖယ်ပေးနေ ရသဖြင့် ဒေါသထွက်နေ၏။ တစ်နေ့တွင် မိစ္ဆာဒိဋ္ဌိနတ်သည် ကိုယ်ထင်ပြကာ “သူဌေးကြီး ... သင်ဟာ နောင်ရေးကိုမကြည့်ဘဲ ဂေါတမမြတ်စွာဘုရားကို အလကားလှူပစ်နေလို့ ပစ္စည်းတွေ ကုန်ခန်းပြီး ဆင်းရဲခဲ့တယ်၊ မလှူနဲ့တော့ ဘာမှ အကျိုးမရှိဘူး”ဟု အပြစ်တင်စကား ပြောဆိုလေသည်။
ထိုစကားကို ကြားသောအခါ သူဌေးကြီး သည် မိစ္ဆာဒိဋ္ဌိနတ်ကို အိမ်မှ နှင်ထုတ်လိုက်လေ၏။ ထိုအခါ မိစ္ဆာဒိဋ္ဌိနတ်သည် သိကြားမင်းထံ သွား၍ အကြံဉာဏ်တောင်းလေသည်။
သိကြားမင်းက “သူဌေးကြီးဟာ အလှူ ဒါနမှာ စေတနာ ကောင်းသူဖြစ်လို့ တားမြစ်ပိတ် ပင်၍ မရနိုင်၊ ဒါပေမဲ့ အခုအချိန်မှာ ပစ္စည်း ဥစ္စာတွေ နွမ်းပါးနေလို့ သူဌေးကြီးဆီက ချေးငှား ထားသူတွေ အကြွေးပြန်ပေးကြဖို့ သင်က လိုက်လံနှိုးဆော်ပေးရမယ်”ဟု အကြံပေးလိုက် လေသည်။
သိကြားမင်း အကြံပေးသည့်အတိုင်း ကြွေးယူထားသူများကို လိုက်လံ ဆော်သြပေးရာ အကြွေးယူထားသူ အားလုံးက ပြန်လည်ပေးဆပ်ကြ၏။ သူဌေးကြီးလည်း ပြန်၍ချမ်းသာ ကြွယ်ဝလာကာ အလှူဒါနများကို စိတ်တိုင်းကျ ပြုလုပ်နိုင်တော့သည်။ မိစ္ဆာဒိဋ္ဌိနတ်သည် သူ့အမှားကို ခွင့်လွှတ်ပါရန် သူဌေးကြီးကို တောင်းပန်လေသည်။ သူဌေးကြီးကလည်း ခွင့်လွှတ်ပြီး အယူမှန်ရအောင် တရားနာရန် မြတ်စွာဘုရားရှင်ထံသို့ ခေါ်သွားလေသည်။ မြတ်စွာဘုရားရှင်၏ တရားတော်များ နာယူပြီးသောအခါ မိစ္ဆာဒိဋ္ဌိနတ်သည် အယူမှားများ ကင်းစင်ပြီး သောတာပန် ဖြစ်သွားလေသည်။
ဒုစရိုက်တရား ဆယ်ပါး
[ပြင်ဆင်ရန်](က) ကာယဒုစရိုက် (ကိုယ်ဖြင့် ပြုလုပ်သော မကောင်းမှု) သုံးပါး
၁။ ပါဏာတိပါတ (သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း)
၂။ အဒိန္နာဒါန (သူတစ်ပါးဥစ္စာကို ခိုးယူခြင်း)
၃။ ကာမေသု မိစ္ဆာစာရ (သူတစ်ပါးသားမယားကို လွန်ကျူးပြစ်မှားခြင်း)
(ခ) ဝစီဒုစရိုက် (နှုတ်ဖြင့် ပြုလုပ်သော မကောင်းမှု) လေးပါး
၁။ မုသာဝါဒ (လိမ်ညာပြောဆိုခြင်း)
၂။ ပိသုဏဝါစာ (ကုန်းတိုက်စကားပြောဆိုခြင်း)
၃။ ဖရုသဝါစာ (ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း)
၄။ သမ္မပ္ပလာပ (အကျိုးမရှိသော စကားကို ပြောဆိုခြင်း)
(ဂ) မနောဒုစရိုက် (စိတ်ဖြင့် ပြုလုပ်သော မကောင်းမှု) သုံးပါး
၁။ အဘိဇ္ဈာ (သူတစ်ပါးပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်ရင် ကောင်းမှာပဲဟု ကြံစည်ခြင်း)
၂။ ဗျာပါဒ (သူတစ်ပါး ဒုက္ခရောက်ရင် ကောင်းမှာပဲဟု ကြံစည်မှု)
၃။ မိစ္ဆာဒိဋ္ဌိ (အယူမှားခြင်း၊ ကံ ကံ၏အကျိုးကို မယုံကြည်ခြင်း စသည်)