ဒူတဇာတ် -၂
တေရသကနိပါတ်
၅။ ဒူတဇာတ်
ကယ်တင်နိုင်သူကိုမှ မိမိဒုက္ခကို ဖွင့်ပြောအပ်ကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒုတေ ဗြာဟ္မဏ ပါဟေသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒူတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကိုယ်တော်၏ ပညာတော်ကို ချီးမွမ်းခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ တရားသဘင်၌ ရဟန်းတို့သည် စကားကို ဖြစ်စေကုန်၏။ ငါ့သျှင်တို့ သဗ္ဗညူမြတ်စွာဘုရားသခင်၏ ဥပါယ်တမျဉ်၌ လိမ်မာတော်မူသည်၏ အဖြစ်ကို ရှုပါကုန်လော့၊ အမျိုးသားဖြစ်သော နန္ဒမင်းသားအား နတ်သမီးတို့ကို ပြတော်မူ၍ အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ စူဠပန္ထကအား ပုဆိုးပိုင်းကို ပေးတော်မူ၍ ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ ရွှေပန်းထိမ်သည်သားအား ကြာပဒုမာကို ပေးတော်မူ၍ အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ ဤသို့ အထူးထူးသော အကြောင်းတို့ဖြင့် သတ္တဝါတို့ကို ဆုံးမတော်မူ၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ သင်တို့ဆရာ ငါဘုရားသည် ယခုအခါ၌သာလျှင် ဤအကြောင်းဖြင့် ဤအကျိုးသည် ဖြစ်၏ဟု သတ္တဝါတို့၌ ဥပါယ်တမျဉ်ဖြင့် လိမ်မာသည်မဟုတ်သေး၊ ရှေး၌လည်း ဥပါယ်တမျဉ်၌ လိမ်မာသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဇနပုဒ်သည် ရွှေ ငွေ မရှိသည် ဖြစ်၏။ ထိုမင်းသည် ဇနပုဒ်ကို နှိပ်စက်၍ ဥစ္စာကိုသာလျှင် စုရုံး၏။ ထိုအခါ ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ဆရာ့နောက်မှ တရားနှင့်အညီ ဆွမ်းခံ၍ ဆရာဘို့ ဥစ္စာကိုပေးပါဟုဆို၍ အတတ်ကို သင်စေသဖြင့် အတတ် တတ်ပြီးသော် ခက်ဆစ် ခက်ရပ်ကို သုတ်သင်၍ ဆရာ- ဆရာဘို့ဥစ္စာကို ဆောင်ပါချေအံ့ဟု
ပန်ကြားပြီးလျှင် တက္ကသိုလ်ပြည်မှ ထွက်ခဲ့၍ ဇနပုဒ်သို့ သွားသည်ရှိသော် တရားနှင့်အညီရှာ၍ ရွှေခုနစ်နိက္ခတို့ကို ရလျှင် ဆရာ့အားပေးအံ့ဟု ကြံ၍ သွားသည်ရှိသော် ခရီးအကြား၌ ဂင်္ဂါမြစ်ကိုကူးခြင်းငှါ လှေကိုစီး၏။ ထိုဘုရားလောင်းအား ထိုဂင်္ဂါမြစ်၌ လှေသည် လှည့်သည်ရှိသော် ထိုရွှေသည် ရေ၌ကျ၏။
ဘုရားလောင်းသည် ကြံ၏။ ရွှေသည် အလွန်ရခဲ၏။ ဇနပုဒ်၌ တဖန် ဆရာဘို့ဥစ္စာကို ရှာသည်ရှိသော် ကြာမြင့်သည် ဖြစ်လတ္တံ့၊ အကယ်၍ကား ငါသည် ဂင်္ဂါမြစ်၌သာလျှင် အစာကင်းသည်ဖြစ်၍ နေအံ့၊ ထိုငါနေသောအဖြစ်ကို အစဉ်သဖြင့် မင်းသည် သိလတ္တံ့၊ ထိုသို့သိလျှင် အမတ်တို့ကို စေလတ္တံ့၊ ငါသည် ထိုအမတ်တို့နှင့်တကွ စကားမပြောအံ့၊ ထို့နောင်မှ မင်းသည် လာလတ္တံ့၊ ဤအကြောင်းဖြင့် ထိုမင်း၏အထံ၌ ဆရာဘို့ဥစ္စာကို ရလတ္တံ့ဟု ကြံ၏။ ကြံပြီးလျှင် ဂင်္ဂါမြစ်နား၌ ကိုယ်ဝတ်ပုဆိုးကို ရုံ၍ စလွယ်ကို အပ၌ထား၍ ငွေပြားအဆင်းနှင့် တူသော သဲပြင်၌ ရွှေဆင်းတုကဲ့သို့ နေတော်မူ၏။
အစာမစားဘဲနေသော ထိုဘုရားလောင်းကို မြင်၍ လူများသည် အဘယ့်ကြောင့် နေသနည်းဟု မေး၏။ တစုံတယောက်သောသူအား စကားမပြော၊ နက်ဖြန်နေ့၌ ရွာတံခါး၌ နေကုန်သော သူတို့သည် ဘုရားလောင်း ဂင်္ဂါမြစ်နား၌ နေသောအဖြစ်ကို ကြားလျှင် လာလတ်ကုန်၍ မေးကုန်၏။ ထိုသူတို့အားလည်း စကားမပြော၊ ထိုသူတို့သည် ဘုရားလောင်း ပင်ပန်းသည်ကို မြင်ကုန်လျှင် ငိုကြွေး၍ သွားကုန်၏။ သုံးရက်မြောက်သော နေ့၌ မြို့သူအပေါင်းတို့သည် လာလတ်ကုန်၏။ လေးရက်မြောက်သောနေ့၌ မြို့မှ အစိုးရသောသူတို့သည် လာလတ်ကုန်၏။ ငါးရက်မြောက်သော နေ့၌ မင်းချင်းတို့သည် လာလတ်ကုန်၏။ ခြောက်ရက်မြောက်သောနေ့၌ မင်းသည် အမတ်တို့ကို စေ၏။ ထိုအမတ်တို့နှင့်လည်း တကွ စကားမပြော၊ ခုနစ်ရက်မြောက်သော နေ့၌ မင်းသည် ကြောက်ခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍ ဘုရားလောင်း၏ အထံသို့ သွား၍
ဘုရားလောင်းကို မေးလိုရကား-
တေသံ ပုဋ္ဌော နဗျာကာသိ၊ ဒုက္ခံ တုယှံ မတံ နု တေ။
ဟူသော ရှေးဦးစွာသော ဤဂါထာတို့ကို ဆို၏။
၅၄။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဂင်္ဂါတီရသ္မိံ၊ ဂင်္ဂါမြစ်နား၌။ ဈာယတော၊ ကြံမှိုင်သော သင့်အား။ ဒူတေ၊ တမန်တို့ကို။ ပါဟေသိံ၊ ငါစေ၏။ တေသံ၊ ထိုတမန်တို့အား။ ပုဋ္ဌော၊ မေးအပ်သော သင်သည်။ န ဗျာကာသိ၊ စကားမပြော။ တုယှံ၊ သင်၏။ ဒုက္ခ၊ ဆင်းရဲကို။ တေ၊ သင်တယောက်ထည်းသာ။ မတံ နု၊ သိအပ်သလော။
ထိုစကားကို ကြား၍ ဘုရားလောင်းသည် မြတ်သောမင်းကြီး - ဆင်းရဲခြင်းမည်သည်ကို ဖျောက်ခြင်းငှါ စွမ်းနိုင်သော သူအားသာလျှင် ကြားအပ်၏။ ဆင်းရဲကို ဖျောက်ခြင်းငှါ စွမ်းနိုင်သောသူမှ တပါးသောသူအား မကြားအပ် ဟု ဆို၍ မင်းအား ကြားလိုရကား-
မာ ခေါ နံ တဿ အက္ခာဟိ၊ ယော တံ ဒုက္ခာ န မောစယေ။
ဝိပ္ပမောစေယျ ဓမ္မေန၊ ကာမံ တဿ ပဝေဒယ။
မနုဿဝဿိတံ ရာဇ၊ ဒုဗ္ဗိဇာနတရံ တတော။
ယော ပုဗ္ဗေ သုမနော ဟုတွာ၊ ပစ္ဆာ သမ္ပဇ္ဇတေ ဒိသော။
ပဝေဒယေ ဇန္တု အကာလရူပေ။
အာနန္ဒိနော တဿ ဘဝန္တိ မိတ္တာ၊
ဟိတေသိနော တဿ ဒုခီ ဘဝန္တိ။
မေဓာဝိနံ ဧကမနံ ဝိဒိတွာ။
အာစိက္ခေယျ တိဗ္ဗာနိ ပရဿ ဓီရော၊
သဏှံ ဂိရံ အတ္ထဝတိံ ပမုဉ္စေ။
နာလံ တေဟိ မယံ သုခါဂမာယ။
ဧကောဝ တိဗ္ဗာနိ သဟေယျ ဓီရော၊
သစ္စံ ဟိရောတ္တပ္ပမပေက္ခမာနော။
ဟူသော ဤခုနစ်ဂါထာတို့ကို ဆို၏။
၅၅။ ကာသီနံ၊ ကာသိတိုင်းသူတို့၏။ ရဋ္ဌဝဍ္ဎန၊ ပြည်သူတို့၏ အစီးအပွားကို ဆောင်တော်မူတတ်သော မင်းမြတ်။ သစေ၊ အကယ်၍။ တေ၊ အရှင်မင်းမြတ်အား။ ဒုက္ခံ၊ ဆင်းရဲသည်။ ဥပ္ပဇ္ဇေ၊ ဖြစ်အံ့။ ယော၊ အကြင်သူသည်။ တံ၊ အရှင်မင်းကြီးကို။ ဒုက္ခာ၊ ဆင်းရဲမှ။ န မောစယေ၊ မလွတ်စေနိုင်။ တဿ၊ ထိုသူအား။ နံ၊ ထိုဆင်းရဲကို။ မာ ခေါ အက္ခာဟိ၊ ကြားတော်မမူလင့်။
၅၆။ ယော၊ အကြင်သူသည်။ တဿ၊ ထိုသူအား။ ဒုက္ခဇာတဿ၊ ဖြစ်သောဆင်းရဲ၏။ ဘဂသော၊ အဘို့အားဖြင့်။ ဧကင်္ဂံအပိ၊ တခုသော အစိတ်ကိုမျှလည်း။ ဓမ္မေန၊ တရားနှင့်အညီ။ ဝိပ္ပမောစေယျ၊ လွတ်စေနိုင်ရာ၏။ တဿ၊ ထိုသူအား။ ကာမံ၊ စင်စစ်။ ပဝေဒယ၊ ကြားတော်မူလော့။
၅၇။ ရာဇ၊ မင်းကြီး။ သင်္ဂါလာနံ၊ မြေခွေးတို့၏၎င်း။ သကုဏာနဉ္စ၊ ငှက်တို့၏၎င်း။ ဝဿိတံ၊ မြည်သံကို။ သုဝိဇာနံ၊ သိလွယ်၏။ တတော၊ ထိုမြေခွေးသံ ငှက်သံထက်။ မနုဿဝဿိတံ၊ လူတို့၏ စကားကို။ ဒုဗ္ဗိဇာနတရံ၊ အလွန် သိနိုင်ခဲ၏။
၅၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော ပေါသော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေး၌။ သုမနော၊ ဝမ်းမြောက်သည်။ ဟုတွာ၊ ဖြစ်၍။ အယံ၊ ဤသူသည်။ မေ၊ ငါ၏။ ဉာတိ၊ ဆွေမျိုးတည်း။ ဣတိ၊ ဤသို့၎င်း။ အယံ၊ ဤသူသည်။ မေ၊ ငါ၏။ မိတ္တော၊ ချစ်သောသူတည်း။ ဣတိ ဝါ၊ ဤသို့၎င်း။ အယံ၊ ဤသူသည်။ မေ၊ ငါ၏။ သခါ၊ အသက်နှင့်တူသော အဆွေခင်ပွန်းတည်း။ ဣတိ ဝါ၊ ဤသို့၎င်း။ အပိ၊ စင်စစ်။ စေ မညတိ၊ အကယ်၍ အောက်မေ့အံ့။ သော ပေါသော၊ ထိုသူသည်။ ပစ္ဆာ၊ နောက်၌။ ဒိသော၊ ရန်သူသည်။ သမ္ပဇ္ဇတေ၊ ဖြစ်တတ်၏။
၅၉။ ယော ဇန္တု၊ အကြင်သတ္တဝါသည်။ အတ္တနော၊ မိမိ၏။ ဒုက္ခံ၊ ဆင်းရဲကို။ အနာနုပုဋ္ဌော၊ အဖန်တလဲလဲ မေးသည်ရှိသော်။ အကာလရူပေ၊ အခါမဟုတ်သောအခါ၌။ ပဝေဒယေ၊ ကြားရာ၏။ တဿ၊ ထိုသူ၏။ အမိတ္တာ၊ ရန်သူတို့သည်။ အာနန္ဒိနော၊ ဝမ်းမြောက်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တဿ၊ ထိုသူ၏။ ဟိတေသိနော၊ အစီးအပွားကို ရှာကုန်သော သူတို့သည်။ ဒုခီ၊ ဆင်းရဲခြင်းရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။
၆၀။ ဓီရော၊ ပညာရှိသည်။ ကာလဉ္စ၊ ကာလကိုလည်း။ ဉတွာန၊ သိ၍။ မေဓာဝီနံ၊ ပညာရှိတို့အား။ ဧကမနံ၊ တူသော စိတ်ရှိသည်ကို။ ဝိဒိသွာ၊ သိ၍။ ပရဿ၊ မိမိမှတပါးသော။ တထာဝိဓဿ၊ ထိုသို့သဘောရှိသောသူအား။ တိဗ္ဗာနိ၊ ပြင်းစွာသော ဒုက္ခဝေဒနာတို့ကို။ အာစိက္ခေယျ၊ ကြားရာ၏။ သဏှံ၊ သိမ်မွေ့နူးညံ့သော။ အတ္ထဝတိံ၊ အကျိုးရှိသော။ ဂိရံ၊ စကားကို။ ပမုဉ္စေ၊ လွှတ်ရာ၏။
၆၁။ သစေ၊ အကယ်၍။ အတ္တနော၊ မိမိအား။ အဝိသယှ၊ မနှိပ်စက်မူ၍။ အတိကိစ္စာနိ၊ အလွန်သော အမှုကိစ္စတို့ကို။ ဇညာ၊ သိအံ့။ တေဟိ၊ ထိုလောကဓံတရား ရှစ်ပါးတို့သည်သာလျှင်။ မယှံ၊ ငါ့အား။ သုခါဂမာယ၊ ချမ်းသာကို ဖြစ်စိမ့်သောငှာ။ နာလံ၊ မစွမ်းနိုင်ကုန်။ ဣတိ၊ ဤသို့။ ဇညာ၊ သိအံ့။ သစ္စံ၊ ထင်ရှားရှိသော။ ဟိရောတ္တပ္ပံ၊ ဟိရိဩတ္တပ္ပကို။ အပေက္ခမာနော၊ ငဲ့သော။ ဓီရော၊ ပညာရှိသည်။ ဧကောဝ၊ တယောက်တည်းသာ။ တိဗ္ဗာနိ၊ ပြင်းစွာသော ဝေဒနာတို့ကို။ သဟေယျ၊ သည်းခံရာ၏။
ဤသို့လျှင် ဘုရားလောင်းသည် ခုနစ်ဂါထာတို့ဖြင့် တရားဟော၍ မိမိဆရာဘို့ ဥစ္စာရှာသောအဖြစ်ကို ပြလိုရကား-
ဘိက္ခမာနော မဟာရာဇ၊ အာစရိယ ဓနတ္ထိကော။
အလတ္ထံ သတ္တ နိက္ခာနိ၊ သုဝဏ္ဏဿ ဇနာဓိပ။
တေ မေ နဋ္ဌာ မဟာရာဇ၊ တသ္မာ သောစာမဟံ ဘုသံ။
နာလံ ဒုက္ခာ ပမောစေတုံ၊ တသ္မာ တေသံ န ဗျာဟရိံ။
အလံ ဒုက္ခာ ပမောစေတုံ၊ တသ္မာ တုယှံ ပဝေဒယိ။
ဟူသော ဤလေးဂါထာတို့ကို ဆို၏။
၆၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ရဋ္ဌေ၊ တိုင်းပြည်တို့ကို၎င်း။ နိဂမေ၊ ရွာနိဂုံးတို့ကို၎င်း။ ရာဇဓာနိယော၊ မင်းနေပြည်တို့ကို၎င်း။ ဝိစရန္တော၊ လှည့်လည်လျက်။ အာစရိယဓနတ္ထိကော၊ ဆရာအဘို့ဥစ္စာကို အလိုရှိသည်ဖြစ်၍။ ဂဟပတီ ရာဇပုရိသေ၊ သူကြွယ်မင်းချင်းတို့ကို၎င်း။ မဟာသာလေ စ ဗြာဟ္မဏေ၊ ဗြာဟ္မဏ မဟာသာလတို့ကို၎င်း။ ဘိက္ခမာနော၊ တောင်းသည်ဖြစ်၍။ သုဝဏ္ဏဿ၊ ရွှေ၏။ သတ္တ နိက္ခာနိ၊ ခုနစ် နိက္ခတို့ကို။ အလတ္ထံ၊ ရပြီ။ ဇနာဓိပ၊ လူတို့ကိုအစိုးရတော်မူသော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်၏။ တေ၊ ထိုရွှေခုနစ်နိက္ခတို့သည်။ နဋ္ဌာ၊ ပျောက်ကုန်၏။ တသ္မာ၊ ထိုသို့ပျောက်သောကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ ဘုသံ၊ ပြင်းစွာ။ သောစာမိ၊ စိုးရိမ်၏။
၆၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တေ၊ အရှင်မင်းကြီး၏။ ပုရိသာ၊ မင်းချင်းတို့သည်။ မံ၊ အကျွန်ုပ်ကို။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစေတုံ၊ လွတ်စေခြင်းငှါ။ နာလံ၊ မစွမ်းနိုင်ကုန်။ ဣတိ၊ ဤသို့။ မနသာ၊ စိတ်ဖြင့်။ အနုဝိစိန္တိတော၊ သိအပ်၏။ တသ္မာ၊ ထိုကြောင့်။ တေသံ၊ ထို မင်းချင်းတို့အား။ အဟံ၊ အကျွန်ုပ်သည်။ န ဗျာဟရိံ၊ မကြားပေ။
၆၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တွဉ္စ ခေါ၊ အရှင်မင်းကြီးသည်သာလျှင်။ မေ၊ အကျွန်ုပ်အား။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစေတုံ၊ လွတ်စေခြင်းငှါ။ အလံ၊ စွမ်းနိုင်၏။ ဣတိ၊ ဤသို့။ မနသာ၊ စိတ်ဖြင့်။ တွံ၊ အရှင်မင်းကြီးကို။ အနုဝိစိန္တိတော၊ သိအပ်၏။ တသ္မာ၊ ထိုသို့သိသောကြောင့်။ တုယှံ၊ အရှင်မင်းကြီးအား။ အဟံ၊ အကျွန်ုပ်သည်။ ပဝေဒယိ၊ ကြားလျှောက်ပါ၏။
မင်းသည် ဘုရားလောင်း၏ တရားစကားကို ကြား၍ ပုဏ္ဏား သင် မစိုးရိမ်လင့်၊ ငါသည် သင့်အား ဆရာဘို့ဖြစ်သော ဥစ္စာကို ပေးအံ့ဟုဆို၍ နှစ်ဆတက်သော ဥစ္စာကို ပေးတော်မူ၏။ ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
ဇာတရူပမယေ နိက္ခေ၊ သုဝဏ္ဏဿ စတုဒ္ဒသ။
ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။
၆၆။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ကာသီနံ၊ ကာသိတိုင်းသူတို့၏။ ရဋ္ဌဝဍ္ဎနော၊ တိုင်းပြည်သူတို့၏ အစီးအပွားကို ဆောင်တော်မူတတ်သော ဗာရာဏသီပြည့်ရှင်မင်းသည်။ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍။ ဇာတရူပမယေ၊ ရွှေဖြင့်ပြီးသော။ သုဝဏ္ဏဿ၊ ရွှေ၏။ စတုဒ္ဒသ နိက္ခေ၊ တဆယ့်လေးနိက္ခတို့ကို။ တဿ၊ ထိုဘုရားလောင်းပုဏ္ဏားအား။ အဒါသိ၊ ပေးတော်မူ၏။
ဘုရားလောင်းသည် မင်းအား အဆုံးအမကိုပေး၍ ဆရာအား ဥစ္စာတို့ကိုပေးပြီးလျှင် ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၍ မင်းသည်လည်း ဘုရားလောင်း၏ အဆုံးအမ၌ တည်လျက် တရားနှင့်အညီ မင်းပြု၍ နှစ်ယောက်ကုန်သော သူတို့သည် ကံအားလျော်စွာ လားကုန်၏။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် ဥပါယ်တမျဉ်၌ လိမ်မာသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ဥပါယ်တမျဉ်၌ လိမ်မာဘူးသည်သာတည်းဟု မိန့်တော်မူ၍ ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်းဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ တက္ကသိုလ်ဆရာ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုဏ္ဏားလုလင် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
ကယ်နိုင်သူမှ၊ ကိုယ့်ဒုက္ခ၊ နှုတ်ဟဖွင့်ပြောရာ
ငါးခုမြောက်သော ဒူတဇာတ်သည် ပြီး၏။
*****