မာတိကာသို့ ခုန်သွားရန်

ဒေဝဒတ္တဝတ္ထု -၂

ဝီကီရင်းမြစ် မှ

ယမကဝဂ်

၁၂။ ရှင်ဒေ၀ဒတ်တ္ထု

ဣဓ တပ္ပတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှင်ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ရှင်ဒေဝဒတ်၏ ဝတ္ထုစကားအစဉ်ကို ရဟန်းပြုသော ကာလမှစ၍ မြေမျိုသည်တိုင်အောင် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူအပ်သော အလုံးစုံသော ဇာတ်တို့ကို အကျယ်ချဲ့၍ ဆိုအပ်သော်လည်း ဤဓမ္မပဒကျမ်း၌ကား အကျဉ်းသာတည်း။)

သာကီဝင်မင်းသားတို့ ရဟန်းပြုရန် ပြောကြားခြင်း

သဗ္ဗညု မြတ်စွာဘုရားသည် မလ္လာမင်းတို့၏ အနုပိယအမည်ရှိသော နိဂုံးကို အမှီပြု၍ အနုပိယမည်သော သရက်ဥယျာဉ်တော၌ သီတင်းသုံး စံနေတော်မူစဉ်ပင် ဘုရားအလောင်းတော်၏ လက္ခဏာကြီးငယ်တို့ကို ဖတ်သောနေ့၌ ရှစ်သောင်းကုန်သော ဆွေတော်မျိုးတော်တို့သည် “မင်းသည်မူလည်း ဖြစ်စေ၊ ဘုရားသည်မူလည်း ဖြစ်စေ မင်းမျိုးအပေါင်း ခြံရံလျက်သာလျှင် လှည့်လည်ရလတ္တံ့”ဟု ရှစ်သောင်းကုန်သော မင်းသားတို့ကို ဝန်ခံစေအပ်ကုန်၏။ ထိုမင်းသားတို့သည် များသောအားဖြင့် ရဟန်းပြုကြကုန်သည်ရှိသော် ဘဒ္ဒိယမင်း, အနုရုဒ္ဓါမင်းသား, အာနန္ဒာမင်းသား, ဘဂုမင်းသား၊ ကိမိလမင်းသား၊ ဒေဝဒတ်မင်းသားအားဖြင့် ဤခြောက်ယောက်ကုန်သော သာကီဝင်မင်းသားတို့သည် အစဉ်လိုက်၍ ရဟန်းမပြုသည်တို့ကို မြင်ကြကုန်သည်ရှိသော် “ငါတို့ကား မိမိတို့၏သားတို့ကို ရဟန်းပြုစေကြရကုန်၏။ ဤခြောက်ယောက်သော သာကီဝင်မင်းသားတို့သည်ကား မြတ်စွာဘုရား၏ ဆွေတော်မျိုးတော် မဟုတ်ဟန်တကား၊ အဘယ့်ကြောင့် ရဟန်းမပြုကြကုန်သနည်း”ဟု စကားကို ဖြစ်စေကြကုန်၏။ ထိုအခါ မဟာနာမ်မည်သော သာကီဝင် မင်းသားသည် အနုရုဒ္ဓါ မင်းသား၏အထံသို့ ချဉ်းကပ်၍ “အမောင် ညီတော်အနုရုဒ္ဓါ- ငါတို့၏ အမျိုး၌ ရဟန်းပြုသောသူသည် မရှိလေသေး၊ အသင် ညီတော်တည်း ရဟန်းပြုမည်လော၊ သို့တည်းမဟုတ် ငါနောင်တော်သည်ပင်လျှင် ရဟန်းပြုရအံ့လော”ဟု မေးလေ၏။

မရှိဟူသောစကားကို မကြားဖူးသော အနုရုဒ္ဓါမင်းသား

ထိုအနုရုဒ္ဓါမင်းသားသည်ကား သိမ်မွေ့နူးညံ့သော သဘောရှိ၏။ ပြည့်စုံကြွယ်ဝသော စည်းစိမ်ချမ်းသာ ရှိ၏၊ မရှိဟူသော စကားကိုမျှလည်း မကြားစဖူးပေ။ ထိုစကားသည် မှန်၏။ တစ်နေ့သ၌ ထိုခြောက်ယောက်သော မင်းသားတို့သည် ရွဲလုံးကစားခြင်းဖြင့် ကစားကြသည်ရှိသော် အနုရုဒ္ဓါမင်းသားသည် မုန့်ဖြင့် ရှုံးသည်ဖြစ်၍ မုန့်အလို့ငှာ အမိထံသို့ တမန် စေလွှတ်လိုက်၏။ ထိုအခါ မင်းသား၏မယ်တော်သည် မုန့်တို့ကို စီရင်ပြုလုပ်၍ ပို့လိုက်လေ၏။ ထိုမင်းသားတို့သည် မုန့်ကိုစား၍ တစ်ဖန် ကစားကြပြန်ရာ အနုရုဒ္ဓါမင်းသားအားသာလျှင် အဖန်ဖန် ရှုံးခြင်းသည် ဖြစ်လေ၏။ မယ်တော်သည် စေလွှတ်တိုင်း စေလွှတ်တိုင်း သုံးကြိမ်တိုင်အောင် မုန့်တို့ကိုပို့စေ၍ လေးကြိမ်မြောက် စေလွှတ်သောအခါ၌ “မုန့်မရှိပြီ”ဟု ပြောဆို၍ စေလွှတ်လိုက်၏။ အနုရုဒ္ဓါမင်းသားသည် မရှိဟူသော စကားကို မကြားဖူးသောကြောင့် “ဤမရှိဟူသော အရာသည် မုန့်အထူးတစ်မျိုးပင် ဖြစ်ပေလိမ့်မည်”ဟု အောက်မေ့မှတ်ထင်လျက် “ငါ့အား ထိုမရှိမုန့်ကိုပင် ဆောင်ခဲ့ကုန်လော့”ဟု စေလွှတ်လိုက်ပြန်၏။ မင်းသား၏ မယ်တော်သည်ကား “အရှင်မ- မရှိမုန့်ကို ပေးလိုက်ပါ”တဲ့ဟု ဆိုသည်ရှိသော် “ငါ၏ သားတော်သည် မရှိဟူသော စကားကို မကြားဖူးသည် ဖြစ်ပေလိမ့်မည်၊ ဤသို့သောဥပါယ်တံမျဉ်ဖြင့် သားတော်ကို ထိုအကြောင်းကို သိစေအံ့”ဟု တစ်စုံတစ်ရာမျှမပါသော ရွှေခွက်တစ်ခုကို ရွှေခွက်တစ်ခုဖြင့် မှောက်၍ စေလွှတ်လိုက်၏။

ထိုအခါ မြို့စောင့်နတ်တို့သည် ကြံဆင်ခြင်ကြသည်မှာ “အနုရုဒ္ဓါမည်သော သာကီဝင်မင်းသားသည် အန္နဘာရလုလင် ဖြစ်စဉ်ကာလ မိမိအဖို့ ဆောင်ယူခဲ့သောထမင်းကို ဥပရိဋ္ဌ ပစ္စေကဗုဒ္ဓါအား ပေးလှူ၍ မရှိဟူသောစကားကို ငါ့အား ကြားရခြင်းသည် မဖြစ်ပါစေသတည်း၊ ထမင်းဖြစ်ရာအရပ်ကို သိရခြင်းသည် မဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာကို ပြုခဲ့ဖူးလေ၏။ ဤအနုရုဒ္ဓါမင်းသားသည် အချည်းနှီး မုန့်မရှိသော ရွှေခွက်ကို အကယ်၍ မြင်သည်ဖြစ်ခဲ့အံ့၊ နတ်အစည်းအဝေးသို့ ဝင်ခြင်းငှာ ငါတို့ မရကုန်လတ္တံ့၊ ငါတို့၏ ဦးခေါင်းသည်လည်း ခုနစ်စိတ် ကွဲရာ၏”ဟု ကြံဆင်ခြင်ကြလေ၏။ ထိုသို့ ကြံဆင်ခြင်ကြပြီးလျှင် ထိုရွှေခွက်ကို နတ်၌ဖြစ်သော မုန့်တို့ဖြင့် ပြည့်သည်ကို ပြုကြကုန်၏။ ထိုရွှေခွက်ကို ရွဲလုံးကစားရာ တလင်းကစားဝိုင်း၌ထား၍ ဖွင့်လှစ်ကာမျှ၌ မုန့်၏အနံ့သည် အလုံးစုံသောမြို့၌ ဖုံးလွှမ်းဘိသကဲ့သို့ တည်လေ၏။ မုန့်ပိုင်းကို ခံတွင်း၌ ထည့်ကာမျှဖြင့်သာလျှင် အရသာကိုဆောင်သော ခုနစ်ထောင်ကုန်သော အကြောတို့သို့ ပျံ့နှံ့လေ၏။ အနုရုဒ္ဓါမင်းသား စဉ်းစားမိသည်မှာ “မယ်တော်သည် ငါ့ကို မချစ်ခင်၊ ဤမျှလောက်သော ကာလပတ်လုံး ငါ့အလို့ငှာ ဤမရှိမုန့်မည်သည်ကို မကြော်မချက်၊ ဤအခါမှစ၍ တစ်ပါးသောမုန့်ကို မစားတော့အံ့”ဟု ကြံစည်ကာ ထိုအနုရုဒ္ဓါမင်းသားသည် အိမ်သို့သွားပြီးလျှင် မယ်တော်ကို မေးလေ၏။ “မယ်တော်- မယ်တော်တို့သည် သားတော်ဖြစ်သော အကျွန်ုပ်ကို ချစ်ခင်လေသလော၊ မချစ်ခင်လေသလော”ဟု မေးသော အခါ “ချစ်သား- မျက်စိတစ်ဖက်သာရှိသောသူ၏ မျက်စိကဲ့သို့လည်းကောင်း၊ နှလုံးသားကဲ့သို့လည်းကောင်း အလွန်လျှင် သားမောင်ကို ငါချစ်မြတ်နိုး၏”ဟု ဆိုသော် မင်းသားက “မယ်တော်- ထိုသို့ ချစ်ခင်ပါလျက် အဘယ့်ကြောင့် ဤမျှလောက်ကာလပတ်လုံး အကျွန်ုပ်အား မရှိမုန့်ကို ကြော်ချက်၍ မပေးပါသနည်း”ဟု မေးလေ၏။

ထိုအခါ မယ်တော်သည် အလုပ်အကျွေးငယ်ကိုခေါ်၍ “အမောင်- ရွှေခွက်၌ တစ်စုံတစ်ခုသော ဝတ္ထုသည် ရှိလေသလော”ဟု မေးလေ၏။ “အရှင်မ- ရွှေခွက်သည် မုန့်တို့ဖြင့် ပြည့်ပါသည်။ ဤသို့သဘောရှိသောမုန့်ကို ဘုရား ကျွန်တော်မျိုးသည် ရှေးအခါကာလ မမြင်စဖူးပါ”ဟု လျှောက်လေ၏။ မယ်တော်သည် ဆင်ခြင်ပြန်သည်မှာ “ငါ့သားသည် ဘုန်းကံနှင့်ပြည့်စုံသော ရှေးရှေးက ပြုအပ်ခဲ့ပြီးသော ဆုတောင်းခြင်းရှိသောသူသည် ဖြစ်ပေလတ္တံ့၊ နတ်တို့သည် ရွှေခွက်ကိုပြည့်စေ၍ မုန့်တို့ကို ပို့ဆက်ကြသည် ဖြစ်ကုန်လတ္တံ့”ဟု ဆင်ခြင်မိလေ၏။ ထိုအခါ သားတော် အနုရုဒ္ဓါမင်းသားသည် “မယ်တော်- ဤနေ့မှစ၍ အကျွန်ုပ်သည် တစ်ပါးသော မုန့်မည်သည်ကို မစားတော့အံ့၊ မရှိမုန့်ကိုသာ ကြော်ချက်၍ ပေးပါလော့”ဟု ပြောလေ၏။ မယ်တော်သည်လည်း ထိုနေ့မှစ၍ ထိုအနုရုဒ္ဓါမင်းသားအား မုန့်စားလိုသည်ဟု ပြောသည်ရှိသော် အချည်းနှီးသော ရွှေခွက်ကိုသာလျှင် တစ်ပါးသော ရွှေခွက်ဖြင့် ဖုံးအုပ်၍ ပို့လိုက်လေ၏။ အကြင်မျှလောက်သော ကာလပတ်လုံး အိမ်ရာထောင်သော လူ၏ဘောင်၌ နေ၏၊ ထိုမျှလောက်သော ကာလပတ်လုံး ထိုအနုရုဒ္ဓါမင်းသားအား နတ်တို့သည်သာလျှင် မုန့်တို့ကို ပို့ဆက်ကြရကုန်၏။

ထိုအနုရုဒ္ဓါမင်းသားသည် ဤမျှကိုလည်း မသိရကား ရဟန်းအဖြစ်မည်သည်ကို အဘယ်မှာ သိနိုင်ပါလတ္တံ့နည်း။ ထို့ကြောင့် “ဤရဟန်းအဖြစ် မည်သည်ကား အဘယ်နည်း”ဟု နောင်တော်ကို မေးသည်ရှိသော် “ဆံ,မုတ်ဆိတ်တို့ကို ပယ်ချသုတ်သင်၍ ဖန်ရည်စွန်းသော အဝတ်သင်္ကန်းကို ဝတ်ရုံသုံးဆောင်သဖြင့် သစ်သား အခင်း၌လည်းကောင်း၊ ကျဲသော ညောင်စောင်း၌လည်းကောင်း အိပ်ရ၍ ဆွမ်းခံသွားသဖြင့် နေရ၏၊ ဤသည်လျှင် ရဟန်းအဖြစ်မည်၏”ဟု ဆိုသည်ရှိသော် “နောင်တော်- အကျွန်ုပ်သည် နူးညံ့သိမ်မွေ့လှပါသည်၊ ရဟန်းပြုခြင်းငှာ မတတ်နိုင်ပါ”ဟု ဆိုလေ၏။ “ညီချစ်- ထိုသို့ဖြစ်မူ လူတို့ပြုဖွယ် အမှုကိစ္စဟူသမျှကို သင်ကြားမှတ်ယူ၍ အိမ်ရာထောင်သော လူ၏ဘောင်၌ နေလေလော့၊ ငါတို့တွင် တစ်ယောက်ယောက်သောသူသည် ရဟန်းမပြုဘဲနေခြင်းငှာ မတတ်ကောင်း”ဟု ပြောဆိုလေ၏။ ထိုအခါ နောင်တော်ကို “လူတို့ပြုဖွယ် အမှုကိစ္စဟူသည်ကား အဘယ်နည်း”ဟု မေးပြန်၏။ ထမင်းဖြစ်ရာအရပ်ကိုမျှမသိသော အမျိုးကောင်းသားသည် လူ့ဘောင်လောက၌ လုပ်ဆောင်ဖွယ်ရာသော အမှုကိစ္စကို အဘယ်သို့ သိနိုင်အံ့နည်း။

ထမင်းဖြစ်ရာအရပ်ကို မသိသော မင်းသားသုံးယောက်

ထိုစကား မှန်၏။ တစ်နေ့သ၌ ကိမိလ, ဘဒ္ဒိယ, အနုရုဒ္ဓါဟူကုန်သော သုံးယောက်သော မင်းသားတို့အား “ထမင်းမည်သည် အဘယ်အရပ်၌ ဖြစ်ပေါ်လာသနည်း”ဟူသော စကားသည် ထင်ရှားစွာ ဖြစ်လေ၏။ ထိုအခါ ကိမိလမင်းသားက “ကျီ၌ ဖြစ်သည်”ဟု ဆို၏။ ထိုအခါ ဘဒ္ဒိယမင်းသားက ကိမိလမင်းသားကို “သင်သည် ထမင်းဖြစ်ရာအရပ်ကို မသိ၊ ထမင်းမည်သည်ကား အိုးခွက်ထဲ၌ဖြစ်သည်”ဟု ဆိုလေ၏။ အနုရုဒ္ဓါမင်းသားက “သင်တို့နှစ်ယောက်စလုံးပင် မသိကြကုန်၊ ထမင်းမည်သည်ကား ရတနာတို့ဖြင့် စီခြယ်အပ်သော ရွှေခွက်ကြီးထဲ၌ ဖြစ်ပေါ်လာသည်”ဟု ဆိုလေ၏။ ထိုသုံးယောက်သော မင်းသားတို့တွင် တစ်နေ့သ၌ ကိမိလမင်းသားသည် ကျီမှ စပါးထုတ်ဆောင်ယူငင်သည်တို့ကိုမြင်၍ “ဤထမင်းတို့သည် ကျီ၌သာလျှင် ဖြစ်ကုန်သည်”ဟု မှတ်ထင်လေ၏။ ဘဒ္ဒိယမင်းသားသည် တစ်နေ့သ၌ အိုးခွက်မှ ထမင်းကို ချက်ပြုတ် ခူးဆွအပ်သည်ကိုမြင်၍ “ထမင်းသည် အိုးခွက်၌သာလျှင် ဖြစ်သည်”ဟု အမှတ်ရှိလေ၏။ အနုရုဒ္ဓါမင်းသားမူကား စပါးထောင်းသည်တို့ကိုလည်းကောင်း၊ ထမင်းချက်ပြုတ်သည်တို့ကိုလည်းကောင်း၊ ထမင်းခူးဆွသည်တို့ကိုလည်းကောင်း တစ်ရံတစ်ခါမျှ မတွေ့မထင် မမြင်ဖူးပေ။ ထမင်းကိုခူးဆွ၍ ရှေ့၌ ချထားသည်မျှကိုသာလျှင် တွေ့မြင်ဖူး၏။ ထို့ကြောင့် အနုရုဒ္ဓါမင်းသားသည် စားခြင်းငှာ အလိုရှိသောအခါ၌ ထမင်းသည် ခွက်ထဲ၌သာ ဖြစ်ပေါ်လာသည်ဟူသော အမှတ်ရှိလေ၏။ ဤသို့ ထိုမင်းသားသုံးယောက်တို့သည် ထမင်းဖြစ်ရာအရပ်ကို မသိကြကုန်။

အနုရုဒ္ဓါမင်းသား ရဟန်းပြုရန် အားထုတ်ခြင်း

ထို့ကြောင့် အနုရုဒ္ဓါမင်းသားသည် ဤလူတို့ပြုဖွယ် အမှုကိစ္စမည်သည် အဘယ်နည်းဟု မေးလေသတည်း။ ရှေးဦးစွာ လယ်ကို ထွန်အပ်၏၊ ဤသို့ အစရှိသော နှစ်တိုင်းနှစ်တိုင်း၌ ပြုအပ်သော အမှုကိစ္စဟူသမျှကို ပြောဆိုသည်ကို ကြားသိရသည်ရှိသော် “အဘယ်အခါကာလ၌ လူတို့ပြုဖွယ် အမှုကိစ္စတို့၏ ပြီးဆုံးခြင်းသည် ထင်နိုင်ပါအံ့နည်း၊ အဘယ်အခါ၌ ငါတို့သည် ကြောင့်ကြမဲ့ စည်းစိမ်ချမ်းသာတို့ကို ခံစားရပါကုန်အံ့နည်း”ဟုဆို၍ ထိုပြုဖွယ်အမှုကိစ္စတို့၏ အပိုင်းအခြား မရှိသည့်အဖြစ်၊ မကုန်ဆုံးနိုင်သည့် အဖြစ်ကြောင့် “နောင်တော်သည်သာလျှင် အိမ်ရာထောင်သော လူ၏ဘောင်၌ နေပါလော့၊ ညီတော်အား ဤအိမ်ရာထောင်သော လူ့ဘောင်ဖြင့် အလိုမရှိပါပြီ”ဟု ဆိုပြီးလျှင် မယ်တော်၏ထံသို့သွား၍ “မယ်တော်- သားတော်ကို အခွင့်ပြုတော်မူပါ၊ ရဟန်းပြုပါရစေ”ဟု ခွင့်တောင်းသဖြင့် မယ်တော်သည် အထူးထူးအပြားပြား များစွာသော အကြောင်းတို့ဖြင့် သုံးကြိမ်တိုင်တိုင် ပယ်ပြီးလျှင် “ချစ်သား- သင်၏ အဆွေခင်ပွန်းဖြစ်သော ဘဒ္ဒိယမင်းသည် အကယ်၍ ရဟန်းပြုသည်ဖြစ်အံ့၊ ထိုဘဒ္ဒိယမင်းနှင့် အတူတကွ ရဟန်းပြုလေလော့”ဟု ဆိုသည်ရှိသော် ထိုဘဒ္ဒိယမင်း၏အထံသို့ ချဉ်းကပ်၍ “အဆွေ ဘဒ္ဒိယ- ငါ၏ရဟန်းအဖြစ်သည် သင်နှင့်စပ်၏”ဟု ဆိုပြီးလျှင် ထိုဘဒ္ဒိယမင်းကို အထူးထူး အပြားပြားသော အခြင်းအရာတို့ဖြင့်သိစေ၍ ခုနစ်ရက်မြောက်သောနေ့၌ မိမိနှင့်အတူတကွ ရဟန်းပြုခြင်းငှာ ပဋိညာဉ်ကို ယူလေ၏။

ဥပါလိ ဆတ္တာသည်နှင့်တကွ မင်းသားခြောက်ယောက်တို့ ရဟန်းပြုကြခြင်း

ထို့နောက်မှ ဘဒ္ဒိယ သာကီဝင်မင်း၊ အနုရုဒ္ဓါမင်းသား၊ အာနန္ဒာမင်းသား၊ ဘဂုမင်းသား၊ ကိမိလမင်းသား၊ ဒေဝဒတ်မင်းသား ဟူကုန်သော ခြောက်ယောက်ကုန်သော မင်းသားတို့သည် ဥပါလိ ဆတ္တာသည်နှင့်တကွ ခုနစ်ယောက်မြောက်ရှိကုန်သည်ဖြစ်၍ နတ်၏စည်းစိမ်ချမ်းသာကို ခံစားသော နတ်တို့ကဲ့သို့ ခုနစ်ရက်ပတ်လုံး စည်းစိမ်ချမ်းသာကို ခံစားစံစားပြီးလျှင် ဥယျာဉ်သို့ ထွက်သွားသကဲ့သို့ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့်ထွက်၍ သူတစ်ပါးတို့၏ နိုင်ငံသို့ရောက်လျှင် မင်း၏အာဏာဖြင့် စစ်သည်တို့ကို ပြန်လည်စေလွှတ်၍ သူတစ်ပါးတို့နိုင်ငံသို့ ဝင်ရောက်ကြကုန်၏။ သူတစ်ပါးတို့နိုင်ငံသို့ ချဉ်းကပ် ဝင်ရောက်မိသောအခါ၌ ခြောက်ယောက်ကုန်သော မင်းသားတို့သည် မိမိတို့၏ ဝတ်ဆင်ခဲ့သော တန်ဆာတို့ကိုချွတ်၍ အထုပ်အဖွဲ့ကို ပြုကြပြီးလျှင် “အချင်း ဥပါလိ- ဤပစ္စည်း ဥစ္စာဘဏ္ဍာတို့ကိုယူ၍ ပြန်သွား ဆုတ်နစ်နေရစ်လေလော့၊ အသင့်အား ဤမျှသော ပစ္စည်းဥစ္စာဘဏ္ဍာသည် အသက်မွေးခြင်းငှာ လုံလောက်လေပြီ”ဟုဆို၍ ဥပါလိအား ပေးကြကုန်၏။ ထိုဥပါလိသည်လည်း မင်းသားတို့၏ခြေရင်း၌ ဝပ်စင်းလူးလှိမ့်ကာ ငိုကြွေးပြီးလျှင် အာဏာကို လွန်ဆန်အံ့သောငှာ မဝံ့သည်ဖြစ်သောကြောင့် နေရာမှထ၍ ဆုတ်နစ် ပြန်လည်ခဲ့ရလေ၏။

ထိုဥပါလိနှင့် မင်းသားတို့၏ ခရီးနှစ်ဖြာ ခွဲသောအခါ၌ တောအုပ်သည် ငိုကြွေးသောအခြင်းအရာသို့ ရောက်ဘိသကဲ့သို့လည်းကောင်း၊ မြေကြီးသည် တုန်လှုပ်အံ့သော အခြင်းအရာသို့ ရောက်ဘိသကဲ့သို့လည်းကောင်း ဖြစ်လေ၏။ ဥပါလိသည် အတန်ငယ် ဆုတ်နစ်ပြန်သွားပြီးလျှင် ဤသို့ ကြံလေ၏။ “သာကီဝင်မင်းတို့မည်သည် ကြမ်းတမ်းခက်ထန်ကုန်၏၊ ဤဥပါလိသည် မင်းသားတို့ကို သတ်ဖြတ်လေပြီဟု ငါ့ကို သတ်ဖြတ်မူလည်း သတ်ဖြတ်ကြကုန်ရာ၏၊ ဤမင်းသားတို့သော်မှလည်း ဤသို့ သဘောရှိသော စည်းစိမ်ချမ်းသာကို စွန့်ပစ်၍ အဖိုးအတိုင်းမသိ ထိုက်ကုန်သော ဤတန်ဆာတို့ကို တံတွေးပေါက်ကဲ့သို့ စွန့်ပစ်ကုန်ပြီးလျှင် ရဟန်းပြုကြကုန်သေး၏၊ ငါသည် အဘယ့်ကြောင့် ရဟန်းမပြုနိုင်ဘဲ ရှိရအံ့နည်း”ဟု ကြံ၍ ဥစ္စာထုပ်ကို ချွတ်ပြီးလျှင် ထိုတန်ဆာတို့ကို သစ်ပင်၌ဆွဲ၍ “အလိုရှိသောသူတို့သည် ယူကြစေကုန်သတည်း”ဟု ဆို၍ ထိုမင်းသားတို့၏ အထံသို့ လိုက်သွားလေလျှင် ထိုမင်းသားတို့က “အဘယ့်ကြောင့် ပြန်လာသနည်း”ဟု မေးသည်ရှိသော် ထိုအကြောင်းကို လျှောက်ကြားလေ၏။

ထိုအခါ မင်းသားတို့သည် ဥပါလိ ဆတ္တာသည်ကို ယူဆောင်ခေါ်ငင်၍ မြတ်စွာဘုရားအထံသို့ သွားကြကုန်ပြီးလျှင် ဘုရားရှင်ကိုရှိခိုး၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား.. တပည့်တော်တို့ သာကီဝင်မျိုးတို့ မည်သည်ကား မာန်မာနကို အမှီပြု၍ တက်ကြွခြင်း ရှိကြပါကုန်၏၊ ဤဥပါလိသည် တပည့်တော်တို့၏ ကြာမြင့်စွာသော ကာလပတ်လုံး ပြုစုလုပ်ကျွေး၍နေသော အလုပ်အကျွေးပါတည်း၊ ဤဥပါလိကို ရှေးဦးစွာ ရဟန်းပြုတော်မူပါ၊ တပည့်တော်တို့သည် ထိုဥပါလိအား လက်အုပ်ချီမိုး ရှိခိုးခြင်း စသည်တို့ကို ပြုကြရပါကုန်လတ္တံ့၊ ဤသို့ ပြုကြရကုန်သည်ရှိသော် တပည့်တော်တို့အား တက်ကြွသော မာန်မာနသည် ပျောက်ကင်းပျက်စီးခြင်း ဖြစ်ပါလတ္တံ့”ဟု လျှောက်ထား၍ ရှေးဦးစွာ ထိုဥပါလိကို ရဟန်းပြုစေပြီးလျှင် နောက်မှ မိမိတို့သည် ရဟန်းပြုကြလေကုန်၏။

တရားထူး ရပုံနှင့် ဒေဝဒတ် အကြံဖြစ်ပုံ

ထိုခြောက်ယောက်ကုန်သော မင်းသားတို့တွင် အရှင်ဘဒ္ဒိယသည် ထိုဝါတွင်း၌သာလျှင် ပု-ဒိ-အာ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော ရဟန္တာဖြစ်လေ၏။ အရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခု အဘိညာဉ်ကိုရ၍ နောက်မှ မဟာပုရိသဝိတက္ကသုတ်ကို ကြားနာရသည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ အရှင်အာနန္ဒာသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဘဂုမထေရ်နှင့် ကိမိလမထေရ်တို့သည် နောက်အဖို့၌ ဝိပဿနာကို အဆင့်ဆင့်ပွားစေ၍ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ ရှင်ဒေဝဒတ်သည်ကား ပုထုဇဉ်အဖြစ်ဖြင့်သာလျှင် လောကီဈာန် အဘိညာဉ်တန်ခိုးနှင့် ပြည့်စုံသောအဖြစ်သို့ ရောက်လေ၏။ နောက်အဖို့ဖြစ်သောကာလ၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည်၌ သီတင်းသုံး စံနေတော်မူသည်ရှိသော် တပည့်သား သံဃာတော်အပေါင်းနှင့်တကွ မြတ်စွာဘုရားအား ကြီးကျယ်ပြန့်ပြော များမြတ်သော လာဘသက္ကာရသည် ဖြစ်လေ၏။

အဝတ်ပုဆိုး,ဆေးစသည် လက်စွဲကုန်သော လူအပေါင်းတို့သည် ကျောင်းသို့ဝင်ရောက်ပြီးလျှင် “ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အဘယ်မှာနည်း၊ အရှင်သာရိပုတြာမထေရ်သည် အဘယ်မှာနည်း၊ အရှင်မဟာမောဂ္ဂလာန်မထေရ်သည် အဘယ်မှာနည်း၊ အရှင်မဟာကဿပ မထေရ်သည် အဘယ်မှာနည်း၊ အရှင်ဘဒ္ဒိယ မထေရ်သည် အဘယ်မှာနည်း၊ အရှင်အနုရုဒ္ဓါ မထေရ်သည် အဘယ်မှာနည်း၊ အရှင်အာနန္ဒာ မထေရ်သည် အဘယ်မှာနည်း၊ အရှင်ဘဂု မထေရ်သည် အဘယ်မှာနည်း၊ အရှင်ကိမိလ မထေရ်သည် အဘယ်မှာနည်း၊” ဤသို့စသည်ဖြင့် ရှစ်ကျိပ်သော မဟာသာဝကတို့၏ နေရာအရပ်ကို ကြည့်ကုန်လျက် သွားလာလှည့်လည်ကြကုန်၏။ “အရှင်ဒေဝဒတ် မထေရ်သည်ကား အဘယ်အရပ်၌ သီတင်းသုံးသနည်း၊ အဘယ်အရပ်၌ တည်နေသနည်း”ဟူ၍ မေးမြန်းသောသူမည်သည် တစ်စုံတစ်ယောက်မျှ မရှိပေ။ ထိုအခါ ရှင်ဒေဝဒတ်သည် ဤသို့ ကြံစည်လေ၏။ “ငါသည်လည်း ထိုအရှင်ဘဒ္ဒိယစသော သူတို့နှင့် အတူတကွပင် ရဟန်းပြု၏၊ ထိုသူတို့သည်လည်း မင်းမျိုးမှ ရဟန်းပြုကြကုန်၏၊ ငါသည်လည်း မင်းမျိုးမှ ရဟန်းပြု၏၊ လာဘ်ပူဇော်သက္ကာကို လက်စွဲကုန်သော လူတို့သည် ထိုသူတို့ကိုသာလျှင် ရှာမှီးကြကုန်၏။ ငါ၏အမည်ကိုယူ၍ မေးမြန်းပြောဆို ခေါ်ဝေါ်သောသူမျှလည်း မရှိလေ၊ အဘယ်သူနှင့်ပေါင်းသင်း၍ အဘယ်သူကို ကြည်ညိုစေပြီးလျှင် ငါ့အား လာဘ်ပူဇော်သက္ကာရကို ဖြစ်စေရပါအံ့နည်း”ဟု ကြံစည်လေ၏။

ရှင်ဒေဝဒတ်သည် အဇာတသတ်မင်းနှင့် ပေါင်းခြင်း

ထို့နောက်မှ ရှင်ဒေဝဒတ်အား အကြံ ဤသို့ ဖြစ်လေ၏။ “ဤဗိမ္ဗိသာရမင်းသည် မြတ်စွာဘုရားကို ရှေးဦးအစ ပထမ ဖူးမြင်သဖြင့်သာလျှင် တစ်သိန်း တစ်သောင်းကုန်သော သူတို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေပြီ၊ ထိုဗိမ္ဗိသာရမင်းနှင့် အဆွေခင်ပွန်းဖွဲ့ခြင်းဖြင့် တစ်ပေါင်းတည်း ဖြစ်ခြင်းငှာ မတတ်ကောင်း၊ ကောသလမင်းကြီးနှင့်လည်း အတူတကွ တစ်ပေါင်းတည်းဖြစ်ခြင်းငှာ မတတ်ကောင်း၊ ဗိမ္ဗိသာရမင်း၏ သားဖြစ်သော ဤအဇာတသတ် မင်းသားသည်ကား တစ်စုံတစ်ယောက်သောသူ၏ ဂုဏ်ကျေးဇူး၊ အပြစ်ဒေါသကို မသိတတ်သေး၊ ထိုအဇာတသတ်မင်းသားနှင့် အတူတကွ တစ်ပေါင်းတည်း ဆက်ဆံပေါင်းသင်းပေအံ့”ဟု အကြံဖြစ်လေ၏။ ထိုရှင်ဒေဝဒတ်သည် ကောသမ္ဗီပြည်မှ ရာဇဂြိုဟ်ပြည်သို့သွားပြီးလျှင် သတို့သားငယ်၏ အသွင်ကို ပြုပြင်ဖန်ဆင်း၍ လျင်သောအဆိပ်ရှိသော မြွေလေးစင်းတို့ကို လက်ခြေ လေးဖက်တို့၌၊ မြွေတစ်စင်းကိုလည်ပင်း၌ မုတ်ပုတီးကဲ့သို့ ဆွဲ၍၊ မြွေတစ်စင်းကို ဦးခေါင်း၌ ခေါင်းခု ဦးရစ်ကဲ့သို့ ခွေထားသည်ကိုပြု၍၊ မြွေတစ်စင်းကို ပခုံးတစ်ဖက်၌ တင်ထား၍၊ ဤမြွေတန်ဆာဖြင့် တန်ဆာဆင်လျက် ကောင်းကင်မှဆင်းသက်၍ အဇာတသတ်မင်းသား၏ ရင်ခွင်၌ နေလတ်သည်ရှိသော် အဇာတသတ်မင်းသားသည် ကြောက်လန့်ရကား “သင်အသူနည်း”ဟု မေးသဖြင့် “ငါ ဒေ၀ဒတ်”ဟု ဆိုပြီးလျှင် ထိုမင်းသား၏ ကြောက်ခြင်းကို ပယ်ဖျောက်ခြင်းအလို့ငှာ ထိုမြွေတန်ဆာဆင်သော ကိုယ်ကိုစွန့်၍ သပိတ်သင်္ကန်းကို ဆောင်ယူလျက် ထိုအဇာတသတ်မင်းသား၏ရှေ့၌ တည်နေ၍ အဇာတသတ်မင်းသားကို ကြည်ညိုစေလျက် လာဘ်ပူဇော်သက္ကာရကို ဖြစ်စေလေ၏။

ရှင်ဒေဝဒတ်သည် ဘုရား၌ ရန်ငြိုးဖွဲ့၍ ဖဲသွားခြင်း

ထိုရှင်ဒေဝဒတ်သည် လာဘ်ပူဇော်သက္ကာရဖြင့် ပြင်းစွာ နှိပ်စက်အပ်သည်ဖြစ်၍ “ငါသည် ရဟန်းအပေါင်းတည်းဟူသော ပရိသတ်ကို ဆောင်ရွက်အံ့”ဟု ယုတ်မာသော စိတ်အကြံကို ဖြစ်စေခြင်းကြောင့် ထိုစိတ်အကြံကို ဖြစ်စေသည်နှင့်တစ်ပြိုင်နက် လောကီဈာန် အဘိညာဉ်တန်ခိုးမှ ဆုတ်ယုတ်ပျက်စီး၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဝေဠုဝန်ကျောင်းတော်၌ မင်းနှင့်တကွသော ပရိသတ်အား တရားဟောတော်မူသော မြတ်စွာဘုရားကို ရှိခိုး၍ နေရာမှထ၍ လက်အုပ်ကို မြှောက်ချီလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ယခုအခါ၌ မြတ်စွာဘုရားသည် အိုမင်းရင့်သော အရွယ်သို့ ရောက်ခဲ့ပါပြီ၊ ကြောင့်ကြမဲ့ မျက်မှောက်၌ ခံစားအပ်သော ဖလသမာပတ် ချမ်းသာဖြင့် နေခြင်းကို အားထုတ်တော်မူပါ၊ တပည့်တော်သည် ရဟန်းအပေါင်းတည်းဟူသော ပရိသတ်ကို ဆောင်ရွက်ပါအံ့၊ ရဟန်းအပေါင်းကို တပည့်တော်အား အပ်နှင်းတော်မူပါဘုရား”ဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် “တစ်ပါးသူတို့ ထွေးပစ်ထားသော တံတွေးကို မျိုသောသူ (ခေဠာသက)” ဟူသော စကားဖြင့် မောင်းမဲ ခြိမ်းခြောက်တော်မူ၍ ပယ်အပ်သည်ဖြစ်ရကား နှလုံးမသက်မသာ ပြင်းစွာ အမျက်ထွက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရား၌ ရှေးဦးစွာသော ရန်ငြိုးဖွဲ့ခြင်းကိုပြု၍ ဖဲသွားလေ၏။

ဘုရားရှင်ကို သတ်ခြင်းငှာ အမျိုးမျိုး လုံ့လပြုခြင်း

ထိုသို့ ဖဲသွားပြီးသောအခါ ရှင်ဒေဝဒတ်အား မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ပကာသနီယကံကို ပြုစေတော်မူ၏။ ထိုရှင်ဒေဝဒတ်သည်လည်း “ယခုအခါ၌ ငါ့ကို ရဟန်းဂေါတမသည် ပယ်စွန့်အပ်လေပြီ၊ ယခုအခါ ထိုရဟန်းဂေါတမ၏ အကျိုးစီးပွား ပျက်ပြားခြင်းကို ပြုတော့အံ့”ဟု ကြံပြီးလျှင် အဇာတသတ်မင်းသို့ ချဉ်းကပ်၍ “မင်းသား- ရှေးအခါ၌ လူတို့သည် ကာလမြင့်တည် ရှည်သောအသက် ရှိကြကုန်၏၊ ယခုအခါ၌မူကား နည်းပါးဆုတ်ပျက် တိုသောအသက်ရှိကြကုန်၏၊ အသင်မင်းသားသည် ပျိုမျစ်နုနယ် ငယ်ရွယ်သော အခါကာလ မင်းသား၏ အဖြစ်ကပင် စုတေမနေ သေရခြင်း၏ အကြောင်းသည်ရှိ၏၊ ထို့ကြောင့် မင်သား- သင်သည် ခမည်းတော်မင်းကြီးကို သတ်၍ မင်းဖြစ်လေလော့၊ ငါသည်လည်း မြတ်စွာဘုရားကိုသတ်၍ ဘုရားဖြစ်ပေအံ့”ဟု ဆိုပြီးလျှင် အဇာတသတ်မင်းသား မင်းအဖြစ်၌ တည်ပြီးသောအခါ မြတ်စွာဘုရားကို သတ်အံ့သောငှာ လေးသမား ယောက်ျားတို့ကို စေလွှတ်၍ ထိုယောက်ျားတို့သည် သောတာပတ္တိဖိုလ်သို့ရောက်သဖြင့် ဆုတ်နစ်ပြန်လည်ကြကုန်သည်ရှိသော် မိမိကိုယ်တိုင် ဂိဇ္ဈကုဋ်တောင်ထိပ်သို့တက်၍ “ငါကိုယ်တိုင်သာလျှင် ရဟန်းဂေါတမကို ဇီဝိတိန္ဒြေမှ ပယ်ချသတ်ဖြတ်အံ့”ဟု ကျောက်တုံးကို လှိမ့်ချ၍ သွေးစိမ်းတည်အောင် ပြုခြင်းတည်းဟူသော လောဟိတုပ္ပါဒကကံကို ပြု၍ ထိုအကြောင်းဖြင့်လည်း သတ်ခြင်းငှာ မတတ်နိုင်သည်ရှိသော် တစ်ဖန် နာဠာဂိရိဆင်ကို လွှတ်ခိုင်းပြန်၏။

ထိုနာဠာဂိရိဆင်သည် ရှေးရှူလာသည်ရှိသော် အရှင်အာနန္ဒာမထေရ်သည် မိမိ၏အသက်ကို မြတ်စွာဘုရား၏အစား စွန့်လွှတ်၍ ရှေ့တော်၌ ရပ်တည်လာ၏။ မြတ်စွာဘုရားသည် နာဠာဂိရိဆင်ကို ဆုံးမတော်မူပြီးလျှင် မြို့တော်မှ ထွက်ကြွတော်မူခဲ့၍ ကျောင်းတော်သို့ ရောက်သောအခါ အထောင်မက များစွာသော ဒါယကာတို့သည် ရှေးရှုဆောင်အပ်သော ဆွမ်းအလှူကြီးကို ခံယူသုံးဆောင်တော်မူသဖြင့် ထိုနေ့၌ စည်းဝေးရောက်လာကုန်သော တစ်ဆယ့်ရှစ်ကုဋေ အရေအတွက်ရှိကုန်သော ရာဇဂြိုဟ် ပြည်သူပြည်သားတို့အား အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူပြီးလျှင် ရှစ်သောင်း လေးထောင်ကုန်သော သတ္တဝါတို့အား အကျွတ်တရားကို ရခြင်းသည် ဖြစ်လတ်သည်ရှိသော် “ဪ- အံ့ဖွယ်ရှိပေစွ၊ အရှင်အာနန္ဒာသည် ကြီးစွာသော ဂုဏ်ကျေးဇူး ရှိပေစွ၊ ထိုသို့သဘောရှိသော ကြမ်းတမ်းခက်ထန်လှစွာသော ဆင်ပြောင်ကြီးသည် ရှေးရှုလာသည်ရှိသော် မိမိ၏ အသက်ကို စွန့်၍ မြတ်စွာဘုရား၏ ရှေ့တော်၌သာ ရပ်တည်လာပေသည်”ဟု အရှင်အာနန္ဒာမထေရ်၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ပြောဆိုသည်ကို ကြားသိတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် ငါဘုရား၏အကျိုးငှာ မိမိအသက်ကို စွန့်လွှတ်သည် မဟုတ်သေး၊ ရှေးအခါ ကာလ၌လည်း စွန့်လွှတ်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူသဖြင့် ရဟန်းတို့သည် လျှောက်ထား တောင်းပန်အပ်သည်ဖြစ်၍ “စူဠဟံသဇာတ်၊ မဟာဟံသဇာတ်၊ ကက္ကဋကဇာတ်တို့ကို ဟောကြားတော်မူလေ၏။

အရှင်ဒေဝဒတ်အားလည်း ပြုအပ်သောအမှုသည် မထင်ရှားလေသေး။ ဗိမ္ဗိသာရမင်းကြီးကို သတ်စေခြင်းကြောင့်လည်းကောင်း၊ သူသတ် လေးသမားတို့ကို စေလွှတ်ခြင်းကြောင့်လည်းကောင်း၊ ကျောက်လုံးဖြင့် လှိမ့်ချခြင်းကြောင့်လည်းကောင်း ထို့အတူ မထင်ရှားလေသေး။ အကြင်အခါ၌ နာဠာဂိရိဆင်ကို လွှတ်၏။ ထိုအခါ၌ များစွာသော လူအပေါင်းသည် “ဒေဝဒတ်သည်ပင် မင်းကြီးကိုလည်း သတ်စေအပ်၏၊ သူသတ် လေးသမားတို့ကိုလည်း စေလွှတ်အပ်၏။ ကျောက်လုံးကိုလည်း လှိမ့်ချ၏၊ ယခုအခါ၌ကား ထိုဒေဝဒတ်သည် နာဠာဂိရိဆင်ကို လွှတ်ခိုင်းပြန်လေ၏၊ ဤမျှလောက် ယုတ်မာလှသောသူကို ယူ၍ မင်းကြီးသည် လှည့်လည်၍ နေဘိ၏တကား”ဟု အုတ်အုတ်ကျက်ကျက် ကြွေးကြော်ခြင်းကို ပြုလေသတည်း။

တောင်းသောဆုငါးပါး မရသဖြင့် သံဃာကို သင်းခွဲခြင်း

အဇာတသတ်မင်းသည် ထိုလူများအပေါင်း၏ စကားကို ကြားသိရ၍ အမြဲမပြတ် တည်ထားတိုင်းဖြစ်သော ငါးရာကုန်သော ဆွမ်းချက်ဝတ်အိုးတို့ကို ရပ်ဆိုင်းရုပ်သိမ်းစေ၍ တစ်ဖန် ရှင်ဒေဝဒတ်၏ အထံသို့ ခစားဆည်းကပ်ခြင်းငှာ မသွားလေပြီ။ ပြည်သူပြည်သားတို့သည်လည်း အိမ်သို့ ကပ်ရောက်လာသော ဒေဝဒတ်အား တစ်ဇွန်းမျှလောက်သော ဆွမ်းကိုသော်လည်း မပေးလှူကြကုန်။ ထိုရှင်ဒေဝဒတ်သည် ဆုတ်ယုတ်သော လာဘ်ပူဇော်သက္ကာရ ရှိသည်ဖြစ်၍ ပလွှားမြွက်ထောင် အံ့ဖွယ်ဆောင်ခြင်းဖြင့် အသက်မွေးလိုရကား မြတ်စွာဘုရားသို့ချဉ်းကပ်၍ ငါးပါးသောဝတ္ထုတို့ကို တောင်းသဖြင့် မြတ်စွာဘုရားသည် “ငါ့ရှင်ဒေဝဒတ်- မသင့်လျော်ချေ၊ အကြင် ရဟန်းသည် အလိုရှိ၏၊ ထိုရဟန်းသည် တောကျောင်းနေ ပုဂ္ဂိုလ် ဖြစ်စေလော့”ဟု ပယ်တော်မူသည်ရှိသော် “ငါ့ရှင်တို့- အဘယ်သူ၏စကားသည် သင့်လျော်လျောက်ပတ် ကောင်းမြတ် တင့်တယ်သနည်း၊ မြတ်စွာဘုရား၏ စကားသည် ကောင်းမြတ် သင့်လျော်လေသလော၊ ငါ၏ စကားတည်း ကောင်းမြတ်သင့်လျော်လေသလော”ဟု ဆို၍ “ငါသည် မြတ်သောအကျင့်၏ အစွမ်းအားဖြင့် ဤသို့ ဆို၏၊ “မြတ်စွာဘုရား- တောင်းပန်ပါ၏-

၁။ ရဟန်းတို့သည် အသက်ထက်ဆုံး တောကျောင်းနေသောသူတို့သာ ဖြစ်ကုန်ရာ၏။
၂။ ပင့်ဖိတ်သည်ကိုပယ်လှန်၍ ဆွမ်းခံသွားသောသူတို့သာ ဖြစ်ကုန်ရာ၏။
၃။ မြေမှုန့်အလိမ်းလိမ်းကပ်ငြိသော ပံသုကူသင်္ကန်းကို ဆင်မြန်းသုံးဆောင်သော သူတို့သာ ဖြစ်ကုန်ရာ၏။
၄။ သစ်ပင်ရင်းတည်းဟူသော ကျောင်း၌ နေသောသူတို့သာ ဖြစ်ကုန်ရာ၏။
၅။ ငါးအမဲတို့ကို မစားမသောက်သောသူတို့သာ ဖြစ်ကုန်ရာ၏”ဟု

မြတ်သောအကျင့်၏ အစွမ်းဖြင့် ငါဆို၏။ အကြင်သူသည် ဆင်းရဲမှ လွတ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် ငါနှင့်အတူတကွ လိုက်စေသတည်း”ဟု ခေါ်ငင်ပြောကြား၍ ဖဲသွားလေ၏။ ထိုရှင်ဒေဝဒတ်၏စကားကို ကြား၍ ရဟန်းပြုသစ်စ (နဝက) ဖြစ်ကုန်သော အချို့ကုန်သော ရဟန်းတို့သည် နံ့နှေးသော ပညာရှိကုန်သည်ဖြစ်၍ “အရှင်ဒေဝဒတ်ကား ကောင်းသောစကားကို ပြောကြားပေ၏။ ထိုအရှင်ဒေဝဒတ်နှင့် အတူတကွ လှည့်လည်သွားလာကုန်အံ့”ဟု ဒေဝဒတ်၏အယူကို နှစ်သက်၍ ဒေဝဒတ်နှင့်အတူတကွ တစ်ပေါင်းတည်းဖြစ်ကြကုန်၏။ ဤသို့ ထိုအရှင်ဒေဝဒတ်သည် မိမိ၏နောက်သို့ လိုက်ပါကုန်သော ငါးရာကုန်သော ရဟန်းတို့နှင့်တကွ ငါးပါးကုန်သော ဝတ္ထုတို့ဖြင့် ခေါင်းပါးသောအကျင့်၌ ကြည်ညိုသော လူအပေါင်းကို ထင်ရှားသိစေလျက် ဒါယကာအိမ်တို့၌ တောင်းစားလျက် သံဃာကို သင်းခွဲခြင်းငှါ လုံ့လပြုလေ၏။

(ရုပ်ပမာဏဖြင့် ကြည်ညိုသူ သုံးပုံနှစ်ပုံ ရှိ၏။ ကျော်စောသံ၊ ပကတိအသံပမာဏဖြင့် ကြည်ညိုသူ ငါးပုံလေးပုံ ရှိ၏။ ခေါင်းပါးသော အကျင့်ပမာဏဖြင့် ကြည်ညိုသူ ဆယ်ပုံကိုးပုံရှိ၏။ တရားပမာဏဖြင့် ကြည်ညိုသူကား တစ်သိန်းလျှင်တစ်ယောက်မျှလောက် ရှိသတတ်။)

မြတ်စွာဘုရားသည် “ချစ်သားဒေဝဒတ်- သင်သည် သံဃာကို သင်ခွဲခြင်းငှါ အစုအစု အစိတ်အစိတ် ကွဲပြားစိမ့်သောငှါ လုံ့လပြု၏ဟူသည် မှန်သလော”ဟု မေးတော်မူအပ်သဖြင့် “မှန်ပါ၏”ဟု ဒေဝဒတ်လျှောက်သော် “ချစ်သား ဒေဝဒတ်- သံဃာကို သင်ခွဲခြင်းမည်သည်ကား အလွန် ဝန်လေးလှသော ဂရုကံကြီး ဖြစ်ပေသည်။” ဤသို့ အစရှိသည်ဖြင့် ဆုံးမတားမြစ်အပ်သော်လည်း ဘုရားစကားကို မနာယူမူ၍ ဖဲသွားပြီးလျှင် ရာဇဂြိုဟ်ပြည်တွင်း၌ ဆွမ်းအလို့ငှါ လှည့်လည်သော အရှင်အာနန္ဒာကိုမြင်၍ “ငါ့ရှင် အာနန္ဒာ- ယခုအခါ ယနေ့ကိုအစပြု၍ ငါသည် မြတ်စွာဘုရားကို အသီးအခြား ကြဉ်ရှောင်ဖယ်ထား၍ ဥပုသ်ပြုတော့အံ့။ သံဃာ့ကံကို ပြုတော့အံ့”ဟု ဆိုလေသည်။ အရှင်အာနန္ဒာမထေရ်သည်လည်း ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားလေ၏။ ထိုစကားကို မြတ်စွာဘုရား ကြားသိတော်မူသဖြင့် ဖြစ်သော ဓမ္မသံဝေဂ ရှိတော်မူသည်ဖြစ်၍ “ဒေဝဒတ်သည် နတ်နှင့်တကွသော လောက၏ အကျိုးစီးပွားမဲ့ကိုမှီသော မိမိ၏ အဝီစိငရဲ၌ ကျက်ရအံ့သော မကောင်းမှုကံကြီးကို ပြုလေသည်တကား”ဟု ကြံ ဆင်ခြင်တော်မူ၍-

သုကရာနိ အသာဓူနိ၊ အတ္တနော အဟိတာနိ စ။
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ၊ တံ ဝေ ပရမဒုက္ကရံ။

အတ္တနော၊ မိမိ၏။ ဝါ၊ မိမိအား။ အဟိတာနိ စ၊ အကျိုးစီးပွားမရှိသော အမှုတို့ကိုလည်းကောင်း။ အသာဓူနိ စ၊ မကောင်းသော အမှုတို့ကိုလည်းကောင်း။ သုကရာနိ၊ ပြုလွယ်ကုန်၏။ ဝေ၊ စင်စစ်။ ယံ ကမ္မံ၊ အကြင်အမှုသည်။ ဟိတဉ္စ၊ အကျိုးစီးပွားလည်း ရှိ၏။ သာဓုဉ္စ၊ ချီးမွမ်းဖွယ်အကြောင်း ကောင်းလည်းကောင်း၏။ တံ ကမ္မံ၊ ထိုအမှုကို။ ဝေ၊ စင်စစ်။ ပရမဒုက္ကရံ၊ လွန်စွာပြုနိုင်ခဲ၏။

ဤဂါထာကို ဟောကြားတော်မူပြီးလျှင် တစ်ဖန် ဤဥဒါန်းကို ကျူးရင့်တော်မူပြန်၏။

သုကရံ သာဓုနာ သာဓု၊ သာဓု ပါပေန ဒုက္ကရံ။
ပါပံ ပါပေန သုကရံ၊ ပါပံ အရိယေဟိ ဒုက္ကရံ။

သာဓုနာ၊ သူတော်ကောင်းသည်။ သာဓု၊ ကောင်းသောအမှုကို။ သုကရံ၊ ပြုလွယ်၏။ ပါပေန၊ ယုတ်မာသောသူသည်။ သာဓု၊ ကောင်းသောအမှုကို။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏။ ပါပေန၊ ယုတ်မာသော သူသည်။ ပါပံ၊ မကောင်းမှုကို။ သုကရံ၊ ပြုလွယ်၏။ အရိယေဟိ၊ မြတ်သော အရိယာပုဂ္ဂိုလ်တို့သည်။ ပါပံ၊ မကောင်းမှုကို။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏။

ထိုအခါ ရှင်ဒေဝဒတ်သည် ဥပုသ်နေ့၌ မိမိ၏ပရိသတ်နှင့်တကွ တင့်အပ်လျောက်ပတ်သော တစ်ခုသောအရပ်၌ ထိုင်နေပြီးလျှင် “အကြင်သူအား ဤငါးပါးကုန်သော ဝတ္ထုတို့ကို နှစ်သက်ကုန်၏။ ထိုသူသည် စာရေးတံတို့ကို ယူစေသတည်း”ဟု ပြောဆိုသဖြင့် ဝဇ္ဇီတိုင်းသား သိ,ကြား လိမ္မာခြင်းသို့ မရောက်သေးကုန်သော ငါးရာကုန်သော ရဟန်းငယ်တို့သည် စာရေးတံကို ယူအပ်သည်ရှိသော် သံဃာခွဲ၍ ထိုရဟန်းတို့ကိုယူပြီးလျှင် ဂယာသီသသို့ သွားလေ၏။

အရှင်သာရိပုတြာတို့ လိုက်သွား၍ တရားဟောခြင်းနှင့်ရှင်ဒေ၀ဒတ် သွေးအန်ခြင်း

ထိုအရှင်ဒေဝဒတ်၏ ဂယာသီသအရပ်သို့ ရောက်သည့်အဖြစ်ကို မြတ်စွာဘုရား ကြားသိတော်မူ၍ ထိုရဟန်းငယ်တို့ကို ပြန်၍ ဆောင်ယူစေခြင်းငှါ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို စေလွှတ်တော်မူလေ၏။ ထိုအဂ္ဂသာဝက နှစ်ပါးတို့သည် ဂယာသီသအရပ်သို့ ကြွသွားတော်မူ၍ အာဒေသနာ ပါဋိဟာရိယ၊ အနုသာသနီ ပါဋိဟာရိယဖြင့်လည်းကောင်း၊ ဣဒ္ဓိပါဋိဟာရိယ၊ အနုသာသနီ ပါဋိဟာရိယဖြင့်လည်းကောင်း အစဉ်အတိုင်း ဆုံးမတော်မူကုန်လျက် ထိုရဟန်းတို့ကို တရားအမြိုက် တိုက်ကျွေး သောက်မျိုစေကုန်သည်ဖြစ်၍ ခေါ်ဆောင်တော်မူပြီးလျှင် ကောင်းကင်ခရီးဖြင့် ကြွလာတော်မူကြကုန်၏။ ကောကာလိကသည်လည်း “ငါ့ရှင်ဒေဝဒတ်- ထလော့၊ သင်၏ ရဟန်းပရိသတ်တို့ကို သာရိပုတြာ မောဂ္ဂလာန်တို့သည် ခေါ်ဆောင်ယူငင်၍သွားကြလေကုန်ပြီ၊ ငါသည် အသင့်ကို “ငါ့ရှင် ဒေဝဒတ်- သာရိပုတြာ မောဂ္ဂလာန်တို့နှင့် အကျွမ်းမဝင်လင့်၊ သာရိပုတြာ မောဂ္ဂလာန်တို့သည် ယုတ်မာသော အလိုဆိုးရှိကြောင်း၊ အလိုဆိုးတို့၏ နိုင်ငံသို့ လိုက်တတ်ကြောင်း”ကို ငါပြောကြားဖူးသည် မဟုတ်လော”ဟု ဆိုပြီးလျှင် ပုဆစ်ဒူးဖြင့် ရင်လယ်ကို ပုတ်ခတ်လေ၏။ ထိုအရပ်၌ပင်လျှင် ရှင်ဒေဝဒတ်အား လောလောပူသော သွေးစိမ်းသည် ခံတွင်းမှ ပျို့အန်လေ၏။

ရဟန်းသံဃာအပေါင်း ခြံရံလျက် ကောင်းကင်ခရီးဖြင့် ကြွလာသော အရှင်သာရိပုတြာကို မြင်ကြကုန်၍ ရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူပေသော မြတ်စွာဘုရား- အရှင်သာရိပုတြာမထေရ်သည် ကြွသွားတော်မူသောအခါ မိမိကိုယ်လျှင် နှစ်ယောက်မြောက်သည်ဖြစ်၍ ကြွသွား၏၊ ဤယခုအခါ၌ များစွာသော အခြံအရံရှိသည်ဖြစ်၍ ပြန်ကြွလာ၏၊ တင့်တယ်လှပါသည်ဘုရား”ဟု လျှောက်ကြားသည်ရှိသော် မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့- ဤယခုအခါ၌သာလျှင် ငါ့သား သာရိပုတြာသည် တင့်တယ်သည် မဟုတ်သေး၊ ရှေးအခါကာလ တိရစ္ဆာန်အမျိုး၌ဖြစ်သော အခါ၌လည်း ငါ့သား သာရိပုတြာသည် ငါ့အထံသို့ လာသည်ရှိသော် တင့်တယ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဧကကနိပါတ် လက္ခဏမိဂဇာတ်ဂါထာကို ဟောတော်မူ၏။

ဟောတိ သီလဝတံ အတ္ထော၊ ပဋိသန္ထာရဝုတ္တိနံ။
လက္ခဏံ ပဿ အာယန္တံ၊ ဉာတိသံဃပုရက္ခတံ။
အထ ပဿသိမံ ကာဠံ၊ သုဝိဟီနံဝ ဉာတိဘိ။

သီလဝတံ-သီလဝန္တာနံ၊ သီလရှိကုန်သော။ ပဋိသန္ထာရဝုတ္တိနံ၊ ဓမ္မ,အာမိသ နှစ်ရပ်ဖြင့် စေ့စပ်သော ဖြစ်ခြင်းရှိသော သူတို့အား။ အတ္ထော၊ အကျိုးစီးပွား များခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဉာတိသံဃပုရက္ခတံ၊ ဆွေမျိုးအပေါင်း ခြံရံလျက်။ အာယန္တံ၊ ရှေ့ရှုလာသော။ လက္ခဏံ၊ လက္ခဏမည်သော သမင်ကို။ ပဿ၊ စေ့စေ့ငုငု ကြည့်ရှုလေလော့။ အထ၊ ထိုမှတစ်ပါး။ ဉာတိဘိ၊ ဆွေမျိုးအပေါင်းတို့မှ။ သုဝိဟီနံဝ၊ အလွန်ကင်းပြုတ် ဆုတ်ယုတ်ပျက်စီး၍သာလျှင်။ ဧကကံ၊ တစ်ကောင်ထီးတည်း။ အာယန္တံ၊ ရှေ့ရှုလာသော။ ဣမံ ကာဠံ၊ ဤကာဠမည်သော သမင်ကို။ ပဿသိ၊ စေ့စေ့ငုငု ကြည့်ရှုလေလော့။

ရှင်ဒေဝဒတ်ကို အကြောင်းပြု၍ များစွာသော ဇာတ်နိပါတ်တော်များကို ဟောတော်မူခြင်း

ထို့နောက် တစ်ဖန် ရဟန်းတို့သည် “မြတ်စွာဘုရား- ဒေဝဒတ်သည် နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို လက်ဝဲ လက်ယာ နံပါးနှစ်ဖက်တို့၌ ထိုင်နေစေ၍ “ဘုရား၏ တင့်တယ်စမ္ပယ်ခြင်းဖြင့် တရားဟောအံ့”ဟု မြတ်စွာဘုရားတို့၏ အမူအရာကို အတုလိုက်၍ ပြုလုပ်ပါသည်”ဟု လျှောက်ကြားသည်ရှိသော် “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် အတုလိုက်၍ ပြုသည်မဟုတ်သေး၊ ရှေးအခါ၌လည်း ဤဒေဝဒတ်သည် ငါဘုရား၏ အပြုအမူကို အတုလိုက်၍ ပြုခြင်းငှါ လုံ့လပြုဖူးလေပြီ၊ ထိုသို့ လုံ့လပြုသော်လည်း မတတ်နိုင်သည်သာတည်း”ဟု မိန့်တော်မူ၍ ဤဒုကနိပါတ် ဝီရကဇာတ်ကို ဟောတော်မူ၏။

အပိ ဝီရက ပဿသိ၊ သကုဏံ မဉ္ဇုဘာဏကံ။
မယူရဂီဝသင်္ကာသံ၊ ပတိံ မယှံ သဝိဋ္ဌကံ။
ဥဒကထလစရဿ ပက္ခိနော၊ နိစ္စ အာမကမစ္ဆဘောဇိနော။
တဿာနုကရံ သဝိဋ္ဌကော၊ သေဝါလေ ပလိဂုဏ္ဌိတော မတော။

ဝီရက၊ အရှင် ဝီရက။ အပိ၊ အကယ် မလွဲသဖြင့်။ မဉ္ဇုဘာဏကံ၊ သာယာချေငံစွာ တွန်မြူးတတ်သော အသံရှိသော။ မယူရဂီဝသင်္ကာသံ၊ ဥဒေါင်း၏ လည်ပင်းနှင့်တူစွာ ညိုသောအဆင်းဖြင့် ကြော့ရှင်းသော လည်ပင်းလည်း ရှိထသော။ သဝိဋ္ဌကံ၊ သဝိဋ္ဌက အမည်ရှိသော။ မယှံ၊ ငါ၏။ ပတိံ၊ လင်ဖြစ်သော။ သကုဏံ၊ ကျီးမင်းကို။ တွံ၊ သင်သည်။ ပဿသိ၊ တွေ့ မြင်ပါ၏လော့။

ကာကီ၊ ကျီးမ။ နိစ္စံ၊ အမြဲလျှင်။ အာမကမစ္ဆဘောဇိနော၊ သားစိမ်း,ငါးစိမ်းကို စားလေ့ရှိထသော။ ဥဒကထလစရဿ၊ ရေကြောင်း,ကြည်းကြောင်းခရီး၌ ကျက်စား သွားလာလေ့ရှိထသော။ တဿ၊ ထိုသို့ သဘောရှိသော။ ပက္ခိနော၊ ငှက်၏။ ဝါ၊ ငှက်သို့။ အနုကရံ-အနုကရောန္တော၊ အတုလိုက်၍ပြုသော။ သဝိဋ္ဌကော၊ သင်၏လင်ဖြစ်သော သဝိဋ္ဌကသည်။ သေဝါလေ၊ မှော်အကြား၌။ ပလိဂုဏ္ဌိတော၊ ကပ်ငြိမြှေးယှက်လျက်။ မတော၊ သေလေ၏။

ဤဒုကနိပါတ် ဝီရကဇာတ်ကို ဟောတော်မူပြီး၍ တစ်ပါးကုန်သော နေ့ရက်တို့၌လည်း ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော စကားကို အကြောင်းပြု၍ ဒုကနိပါတ် ကလန္ဒကဇာတ်၊ ဧကကနိပါတ် ဝိရောစနဇာတ်တို့ကို ဟောတော်မူ၏။

အစရိဝတာယံ ဝိတုဒံ ဝနာနိ၊ ကဋ္ဌင်္ဂရုက္ခေသု အသာရကေသု။
အထာသဒါ ခဒိရံ ဇာတိသာရံ၊ ယတ္ထဗ္ဘိဒါ ဂရုဠော ဥတ္တမင်္ဂံ။
လသီ စ တေ နိပ္ဖလိတာ၊ မတ္ထကော စ ဝိဒါလိတော။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဣဒါနိ ခေါ တွံ သမ္မ ဝိရောစသိ။

ဘော ကလန္ဒက၊ လက်ပံတောပေါက် သစ်တောက်မည်ရ အိုကလန္ဒက။ ဂရုဠော၊ ငှက်မြတ်ဖြစ်သော။ အယံ ဤဒိသော၊ ဤသို့ သဘောရှိသော။ တွံ၊ သင်သည်။ ဝနာနိ၊ အနှစ်မဲ့သော လက်ပံတော ကသစ်တောတို့ကို။ ဝိတုဒံ-ဝိတုဒန္တော၊ နှုတ်သီးဖြင့်တောက် ထွင်းကာဖောက်လျက်။ အသာရကေသု၊ အနှစ်မဲ့သော လက်ပံ,ကသစ် အစရှိကုန်သော။ ကဋ္ဌင်္ဂရုက္ခေသု၊ အသုံးမဝင် တောထင်းပင်တို့၌။ ဝတ၊ စင်စစ်။ အစရိ၊ ကျင်လည် ကျက်စားလှလေပြီ။ အထ၊ ထို့နောက်မှ။ ဇာတိသာရံ၊ ဇာတ်အားစင်စစ် ပင်ကိုယ်အနှစ်ရှိထသော။ ခဒိရံ၊ ရှားတောသို့။ အာသဒါ၊ ရောက်လာ၍။ ယတ္ထ၊ အကြင်သစ်ပင်၌။ တွံ၊ သင်သည်။ ဥတ္တမင်္ဂံ၊ ဦးခေါင်းကို။ အဗ္ဘိဒါ၊ တိုက်ခွဲလေပြီ။ သော ရုက္ခော၊ ထိုသစ်ပင်သည်။ ခဒိရော နာမ၊ ရှားပင်မည်၏။

ဇမ္ဗုက၊ မြေခွေး။ တေ၊ သင်၏။ လသီ စ၊ ဦးနှောက်သည်လည်း။ နိပ္ဖလိတာ၊ ယိုစီးထွက်ကျလေ၏။ မတ္ထကော စ၊ ဦးခေါင်းသည်လည်း။ ဝိဒါလိတော၊ ကွဲခဲ့လေ၏။ တေ၊ သင်၏။ သဗ္ဗာ ဖာသုကာ၊ အလုံးစုံသော နံရိုးတို့သည်။ ဘဂ္ဂါ၊ ကျိုးပျက်ကုန်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ သမ္မ၊ အချင်း မြေခွေး။ ခေါ၊ စင်စစ်။ တွံ၊ သင်သည်။ ဝိရောစတိ၊ တင့်တယ်ဘိ၏။

ဤသို့ အစရှိသော ဇာတ်တို့ကို ဟောတော်မူ၏။ ထို့နောက် တစ်ဖန် “ဒေဝဒတ်သည် သူပြုဖူးသောကျေးဇူးကို မသိတတ်”ဟူသောစကားကို အကြောင်းပြု၍ စတုက္ကနိပါတ် သကုဏဇာတ်ကို ဟောတော်မူ၏။

အကရမှသေ တေ ကိစ္စံ၊ ယံ ဗလံ အဟုဝမှသေ။
မိဂရာဇ နမော တျတ္ထု၊ အပိ ကိဉ္စိ လဘာမသေ။
မမ လောဟိတဘက္ခဿ၊ နိစ္စံ လုဒ္ဒါနိ ကြုဗ္ဗတော။
ဒန္တန္တရဂတော သန္တော၊ တံ ဗဟုံ ယမှိ ဇီဝသိ။

မိဂရာဇ၊ သားတို့၏ အရှင်ဖြစ်သော ခြင်္သေ့မင်း။ အမှာကံ၊ ငါတို့အား။ ယံ ဗလံ၊ အကြင် ခွန်အားသည်။ အဟုဝမှသေ၊ ဖြစ်ပြီ။ တေန ဗလေန၊ ထိုခွန်အားဖြင့်။ တေ၊ သင်၏။ ကိစ္စံ၊ ဆောင်ရွက်ဖွယ်မှု တစ်ခုသောကိစ္စကို။ အကရမှသေ၊ ပြုရကုန်ပြီ။ တေ၊ အသင် ခြင်္သေ့မင်းအား။ မမ၊ ကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။ ကိဉ္စိ၊ တစ်စုံတစ်ခုသော စားစရာ အမဲကို။ အပိ လဘာမသေ၊ ရနိုင်ကုန်ငြားအံ့လည်း မသိ။

နိစ္စံ၊ အမြဲ။ လုဒ္ဒါနိ၊ ကြမ်းကြုတ် ခက်ထန်သော အမှုတို့ကို။ ကြုဗ္ဗတော၊ ပြုတတ်သော။ လောဟိတဘက္ခဿ၊ အသွေးအသား စားလေ့ရှိသော။ မမ၊ ငါ၏။ ဒန္တန္တရဂတော၊ သွားကြားသို့ ရောက်သည်။ သန္တော၊ ထင်ရှားဖြစ်လျက်။ ယမှိ ဇီဝသိ၊ အကြင်ကြောင့် အသက်ရှင်၍ နေရ၏။ တံ၊ ထိုသို့ အသက်ရှင်၍ နေရခြင်းသည်။ ဗဟုံ၊ ကျေးဇူးပြန့်ပွား များလှလေပြီ။

ဤသို့ အစရှိသော ဇာတ်တို့ကို ဟောကြားတော်မူ၏။ ထို့နောက် တစ်ဖန် ထိုရှင်ဒေဝဒတ်၏ သတ်ခြင်းငှါ လုံ့လပြုသည်ကို အကြောင်းပြု၍-

ဉာတမေတံ ကုရုင်္ဂဿ၊ ယံ တွံ သေပဏ္ဏိ သေယျသိ။
အညံ သေပဏ္ဏိ ဂစ္ဆာမိ၊ န မေ တေ ရုစ္စတေ ဖလံ။

သေပဏ္ဏိ၊ ယမနေပင်။ တွံ၊ သင်သည်။ ဖလံ၊ အသီးကို။ ယံ၊ အကြင်ကြောင့်။ သေယျသိ၊ ငါ၏ရှေ့သို့ ဖရိုဖရဲ ကြဲဖြန့်ဘိ၏။ ဧတံ၊ ထိုအကြောင်းသည်။ ကုရုင်္ဂဿ၊ ဆတ်အား။ ဉာတံ၊ သိသာထင်ရှားပြီ။ တေ၊ သင်ယမနေပင်၏။ ဖလံ၊ အသီးကို။ မေ၊ ငါသည်။ န ရုစ္စတေ၊ မနှစ်သက်အပ်။ သေပဏ္ဏိ၊ ယမနေပင်။ အညံ၊ တစ်ပါးသော။ ရုက္ခံ၊ သစ်ပင်သို့။ အဟံ၊ ငါသည်။ ဂစ္ဆာမိ၊ သွားတော့အံ့။

ဤသို့ ဧကကနိပါတ် ကုရုင်္ဂဇာတ် အစရှိသည်တို့ကို ဟောတော်မူ၏။ ထို့နောက် တစ်ဖန် မိုးသောက်သောနေ့၌ “ဒေဝဒတ်သည် လာဘ်ပူဇော်သက္ကာရမှလည်းကောင်း၊ ရဟန်းအဖြစ်မှလည်းကောင်း နှစ်ပါးစုံသော အကျိုးတို့မှ ဆုတ်ယုတ်လေ၏”ဟူသော စကားတို့သည် ဖြစ်ကုန်သည်ရှိသော် “ချစ်သား ရဟန်းတို့- ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ဆုတ်ယုတ်သည်မဟုတ်သေး။ ရှေးအခါ၌လည်း ဆုတ်ယုတ်ဖူးသည်သာတည်း”ဟု မိန့်တော်မူပြီး၍-

အက္ခီ ဘိန္နာ ပဋော နဋ္ဌော၊ သခီ ဂေဟေ စ ဘဏ္ဍနံ။
ဥဘတော ပဒုဋ္ဌကမ္မန္တော၊ ဥဒကမှိ ထလမှိ စ။

ဤသို့ အစရှိသော ဧကကနိပါတ် ဥဘတောဘဋ္ဌဇာတ် စသည်တို့ကို ဟောတော်မူ၏။

ပုရိသ၊ အချင်းယောက်ျား။ တေ၊ သင်၏။ အက္ခီ၊ မျက်စိတို့သည်။ ဘိန္နာ၊ ကွဲပေါက်ခဲ့ကုန်၏။ ပဋော၊ အဝတ်ပုဆိုးသည်။ နဋ္ဌော၊ ပျောက်ခဲ့၏။ ဂေဟေ စ၊ အိမ်၌လည်း။ သခီ၊ မယားသည်။ ဘဏ္ဍနံ၊ အိမ်နီးချင်းနှင့် ခိုက်ရန်ဖြစ်ခြင်းကို။ အကာ၊ ပြုပြီ။ ဥဒကမှိ စ၊ ရေ၌လည်းကောင်း။ ထလမှိ စ၊ ကြည်းကုန်း၌လည်းကောင်း။ ဥဘတော၊ နှစ်ပါးစုံသော အရပ်တို့၌။ ပဒုဋ္ဌကမ္မန္တော၊ ပျက်စီးသောအမှု ရှိခဲ့၏။

ဤသို့ ပြဆိုအပ်ခဲ့ပြီးသော စကားအစဉ်အားဖြင့် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ နေတော်မူလျက်သာလျှင် ဒေဝဒတ်ကို အကြောင်းပြု၍ များစွာသော ဇာတ်တို့ကို ဟောကြားတော်မူ၍ ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိပြည်သို့ ကြွတော်မူပြီးလျှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး စံနေတော်မူ၏။

ရှင်ဒေဝဒတ် နောင်တရ၍ ဘုရားဖူးရန် ဇေတဝန်ကျောင်းအနီးသို့ ရောက်လာခြင်း

ဒေဝဒတ်သည်လည်း ကိုးလတို့ပတ်လုံး မကျန်းမမာ ရောဂါစွဲကပ်သည်ဖြစ်၍ နောက်ဖြစ်သော သေခါနီးကာလ၌ မြတ်စွာဘုရားကို ဖူးမြင်လိုသည်ဖြစ်ရကား မိမိ၏ တပည့်တို့ကို ခေါ်ပြီးလျှင် “ငါသည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ အလိုရှိပါသည်၊ ထိုမြတ်စွာဘုရားကို ငါ့အား ပြပါလော့”ဟု ပြောဆိုလေ၏။ “အသင်သည် စွမ်းနိုင်သောကာလ၌ မြတ်စွာဘုရားနှင့်တကွ ရန်သူဖြစ်၍ လှည့်လည်၏။ ငါတို့သည် ထိုမြတ်စွာဘုရား၏အထံသို့ ပို့ဆောင်ခြင်းငှာ မဝံ့ပါ”ဟု ပြောဆိုသည်ရှိသော် “ငါ့ကို မဖျက်ဆီးကြပါကုန်လင့်၊ ငါသည် မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့ အပ်သည်ဖြစ်၍ ပြစ်မှားမိပါသည်။ မြတ်စွာဘုရား ကိုယ်တော်မြတ်သည်ကား ငါ၏အပေါ်၌ ဆံဖျားမျှသော်လည်း ရန်ငြိုးဖွဲ့ခြင်းမရှိပေ၊ ထိုစကားသည် မှန်၏၊ ထိုမြတ်စွာဘုရားသည်-

ဝဓကေ ဒေဝဒတ္တေ စ၊ စောရေ အင်္ဂုလိမာလကေ။
ဓနပါလေ ရာဟုလေ စ၊ သဗ္ဗတ္ထ သမမာနသော။

ဝဓကေ၊ သတ်တတ်သော။ ဒေဝဒတ္တေ စ၊ ဒေဝဒတ်၌လည်းကောင်း။ အင်္ဂုလိမာလကေ၊ အင်္ဂုလိမာလ အမည်ရှိသော။ စောရေ စ၊ ခိုးသူကြီး၌လည်းကောင်း။ ဓနပါလေ စ၊ ဓနပါလ အမည်ရသော နာဠာဂိရိဆင်၌လည်းကောင်း။ ရာဟုလေ စ၊ သားတော် ရာဟုလာ၌လည်းကောင်း။ သဗ္ဗတ္ထ၊ အလုံးစုံသော သူတို့၌။ သမမာနသော၊ တူမျှသော မေတ္တာစိတ် ရှိတော်မူ၏။

ငါ့အား ထိုမြတ်စွာဘုရားကို ပြကြပါကုန်လော”ဟု အဖန်တလဲလဲ တောင်းပန်လေ၏။ ထိုအခါ ထိုရှင်ဒေဝဒတ်ကို ညောင်စောင်းဖြင့် ထမ်းဆောင်ယူငင်၍ ထွက်ခဲ့ကြကုန်၏။ ထိုရှင်ဒေဝဒတ်၏ လာသောအဖြစ်ကို ကြားသိရ၍ ရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်ဒေဝဒတ်သည် ရှင်တော်မြတ်ဘုရားတို့အား ဖူးမြော်ခြင်းငှာ လာပါသတတ်”ဟု မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏။ ထိုအခါ “ချစ်သားရဟန်းတို့- ဒေဝဒတ်သည် ဤခန္ဓာကိုယ်ဖြင့် ငါဘုရားကို ဖူးမြင်ခြင်းငှာ မရပေလတ္တံ့”ဟု မိန့်တော်မူ၏။

ထိုအခါ ရဟန်းတို့သည် “မြတ်စွာဘုရား- ဤမည်,ဤမည်ရှိသော အရပ်သို့ ရောက်လာပါပြီ”ဟု လျှောက်ထားကြသောအခါ “ချစ်သားရဟန်းတို့- လိုရာပြုသည်ဖြစ်စေ၊ ထိုဒေဝဒတ်သည် ငါဘုရားကို ဖူးမြော်ခြင်းငှာ မရလတ္တံ့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား- ဤအရပ်မှ တစ်ယူဇနာမျှလောက်သော အရပ်သို့ ရောက်လာပါပြီ၊ ယူဇနာဝက်မျှလောက်သော အရပ်သို့ ရောက်လာပါပြီ၊ တစ်ဂါဝုတ်မျှလောက်သော အရပ်သို့ ရောက်လာပါပြီ၊ ဇေတဝန်ကျောင်းတော် ရေကန်ကြီး၏အနီးသို့ ရောက်လာပါပြီဘုရား”ဟု လျှောက်ကြားကြကုန်၏။ “ချစ်သားရဟန်းတို့- ဇေတဝန်ကျောင်းတော်၏ အတွင်းသို့ အကယ်၍ ဝင်ရောက်လာစေကာမူ၊ ငါဘုရားကို ဖူးမြင်ခြင်းငှာ မရလတ္တံ့”ဟု မိန့်တော်မူ၏။

ကျောင်းတော်အနီး ရေကန်၌ ဒေဝဒတ် မြေမျိုခြင်း

ဒေဝဒတ်ကို ထမ်းဆောင်၍ လာကုန်သော သူတို့သည် ဇေတဝန်ကျောင်းတော် ရေကန်၏ကမ်းရိုး၌ ညောင်စောင်းကိုချ၍ ရေချိုးခြင်းငှာ ရေကန်သို့ သက်ဆင်းကြကုန်၏။ ဒေဝဒတ်သည်လည်း ညောင်စောင်းမှထ၍ ခြေနှစ်ဖက်တို့ကို မြေကြီး၌ ချထား၍နေ၏။ ထိုအခါ ခြေနှစ်ဖက်တို့သည် မြေထဲသို့ ဝင်ကုန်၏။ ထိုရှင်ဒေဝဒတ်သည် အစဉ်အတိုင်း ဖမျက်တိုင်အောင်၊ ပုဆစ်ဒူးတိုင်အောင်၊ ခါးတိုင်အောင်၊ သားမြတ်တိုင်အောင်၊ လည်ပင်းတိုင်အောင်ဝင်၍ မေးရိုး၏ မြေသို့ ဝင်ဆဲဆဲသော ကာလ၌-

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊ ဒေဝါတိဒေဝ နရဒမ္မသာရထိံ။
သမန္တစက္ခုံ သတပုညလက္ခဏံ၊ ပါဏေဟိ ဗုဒ္ဓံ သရဏံ ဂတောသ္မိ။

အဂ္ဂပုဂ္ဂလံ၊ များစွာထိုထို ပုဂ္ဂိုလ်အပေါင်းတို့ထက် အထူးသဖြင့် မြတ်သော ပုဂ္ဂိုလ်ဖြစ်ထသော။ ဒေဝါတိဒေဝံ၊ နတ်တကာတို့ထက် မြတ်သော ဝိသုဒ္ဓိနတ်မြတ် ဖြစ်တော်မူထသော။ နရဒမ္မသာရထိံ၊ လူနတ်တို့ကို နတ်ရွာသို့ရောက်အောင် ပို့ဆောင်ဆုံးမခြင်း၌ ရထားထိန်းသဖွယ် ဖြစ်တော်မူထသော။ သမန္တစက္ခုံ၊ ထက်ဝန်းကျင်ကို အကြွင်းမရှိ သိမြင်ခြင်းငှါ စွမ်းနိုင်သော သဗ္ဗညုတဉာဏ်ရှိတော်မူထသော။ သတပုညလက္ခဏံ၊ အရာမက များပြားလှသော ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ အဟံ၊ ငါသည်။ ဣမေဟိ အဋ္ဌီဟိ၊ ဤအရိုးတို့ဖြင့်လည်းကောင်း။ ဣမေဟိ ပါဏေဟိ၊ ဤအသက်တို့ဖြင့်လည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂတော၊ ကပ်ရောက်သောသူသည်။ အသ္မိ၊ ဖြစ်ပါ၏ဘုရား။

ဤသို့ ဤဂါထာကို ရွတ်ဆိုလေ၏။ ဤသို့သော အကြောင်းဖြစ်အင်ကို မြင်တော်မူသောကြောင့် မြတ်စွာဘုရားသည် ရှင်ဒေဝဒတ်ကို ရဟန်းပြုပေးတော်မူသတတ်။ “ထိုဒေဝဒတ်သည် အကယ်၍ ရဟန်းမပြုသည်ဖြစ်အံ့၊ လူဖြစ်၍ လေးသောကံကိုလည်း ပြုလတ္တံ့၊ နောင်အခါ၌ ဘဝမှ ထွက်မြောက်ခြင်း၏အကြောင်းကို ပြုခြင်းငှာလည်း မစွမ်းနိုင်သည် ဖြစ်လတ္တံ့၊ ရဟန်းပြု၍သော်ကား ဝန်လေးသောကံကို အကယ်၍ပင် ပြုငြားသော်လည်း နောင်အခါ ဘဝမှ ထွက်မြောက်ခြင်း၏အကြောင်းကို ပြုခြင်းငှာ စွမ်းနိုင်ပေလတ္တံ့”ဟု ဤကဲ့သို့သော အကြောင်းဖြစ်အင်ကို မြင်တော်မူသည်ဖြစ်၍ မြတ်စွာဘုရားသည် ထိုဒေဝဒတ်ကို ရဟန်းပြုပေးတော်မူသတည်း၊ ထိုစကားသည် မှန်၏၊ ထိုရှင်ဒေဝဒတ်သည် ဤကမ္ဘာမှနောက် ကမ္ဘာတစ်သိန်းထက်၌ အဋ္ဌိဿရအမည်ရှိသော ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့။

ဒေ၀ဒတ် အဝီစိငရဲ၌ ခံနေရပုံ

ဤသို့ ထိုရှင်ဒေဝဒတ်သည် မြေကြီးထဲသို့ သက်ဝင်၍ အဝီစိငရဲ၌ ဖြစ်လေ၏။ “တုန်လှုပ်ခြင်းမှ ကင်းတော်မူသော မြတ်စွာဘုရား၌ ပြစ်မှားသည်၏အဖြစ်ကြောင့် မတုန်မလှုပ်သာလျှင်ဖြစ်၍ ကျက်စေသတည်း”ဟု စီရင်ဘိသကဲ့သို့ ယူဇနာတစ်ရာရှိသော အဝီစိငရဲအတွင်း၌ ယူဇနာတစ်ရာ အစောက်မြင့်သည်သာလျှင်ဖြစ်သော ထိုဒေဝဒတ်၏ ကိုယ်ခန္ဓာသည် ဖြစ်လေ၏။ ဦးခေါင်းသည် နားရွက်စွန်းတိုင်အောင် အထက်သံပြားအမိုး၌ စူးဝင်လေ၏၊ ခြေတို့သည် ဖမျက်တိုင်အောင် အောက်သံမြေပြင်သို့ စူးဝင်လေကုန်၏၊ ထန်းပင်လုံးကြီး ပမာဏရှိသော သံတံကျင်သည် အနောက်သံနံရံမှထွက်၍ ကျောက်ကုန်း၏အလယ်ကို ဖောက်ခွဲစူးဝင်လျက် ရင်ဖြင့်ထွက်ပြီးလျှင် အရှေ့သံနံရံသို့ စူးဝင်လေ၏၊ တစ်ပါးသော သံတံကျင်သည် တောင်ဘက် သံနံရံမှထွက်၍ လက်ယာနံဘေးကို ဖောက်ခွဲစူးဝင်လျက် လက်ဝဲနံဘေးဖြင့် ထွက်ပြီးလျှင် မြောက်ဘက် သံနံရံသို့ စူးဝင်လေ၏၊ တစ်ပါးသော သံတံကျင်သည်လည်း အထက်သံပြားအမိုးမှ ထွက်လာ၍ ဦးထိပ်ကို ဖောက်ခွဲစူးဝင်လျက် အောက်အဖို့ဖြင့် ထွက်ပြီးလျှင် သံမြေသို့ စူးဝင်လေ၏။ ဤသို့လျှင် ဒေဝဒတ်သည် ထိုအဝီစိငရဲကြီး၌ မတုန်မလှုပ်သာလျှင်ဖြစ်၍ ကျက်ရလေ၏။

ရှေး၌လည်း မြေမျိုဖူးသော အတိတ်ဝတ္ထုများ

ရဟန်းတို့သည် “ဤမျှလောက်သောအရပ်သို့ ရောက်လာလျက်လည်း ဒေဝဒတ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ မရမူ၍ မြေကြီးသို့ သက်ဝင်ရရှာလေသည်”ဟူသော စကားကို ဖြစ်စေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဒေဝဒတ်သည် ယခုအခါ၌သာလျှင် ငါဘုရားကို ပြစ်မှား၍ မြေကြီးသို့ ဝင်ရသည် မဟုတ်ချေသေး။ ရှေးအခါ၌လည်း ဝင်ရဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဆင်မင်းဖြစ်သောအခါ၌ ခရီးမှားသော ယောက်ျားကို သက်သာရာ ရစေ၍ မိမိ၏ ကျောက်ကုန်းပေါ်သို့တင်လျက် ဘေးမရှိသောအရပ်သို့ ပို့လိုက်သဖြင့် တစ်ဖန် သုံးကြိမ်တိုင်အောင် ပြန်လာ၍ အစွယ်၏ အဖျားအရပ်၌လည်းကောင်း၊ အလယ်အရပ်၌လည်းကောင်း၊ အရင်အရပ်၌လည်းကောင်း၊ ဤသို့ အစွယ်ကို တောင်းဖြတ်ရာ သုံးကြိမ်မြောက်အကျ အရင်းကို ဖြတ်ပြီးသောကာလ၌ ဘုရားအလောင်းဆင်မင်း၏ မျက်စိမြင်လောက်သော အရပ်ကို လွန်လေသော် ယုတ်မာသော ထိုယောက်ျား၏ မြေသို့ သက်ဝင်ရသည့်အဖြစ်ကို ပြတော်မူခြင်းငှာ ဧကကနိပါတ် သီလဝနာဂရာဇ ဇာတ်လာ ဤဂါထာကို ဟောတော်မူ၏။

အကတညုဿ ပေါသဿ၊ နိစ္စံ ဝိဝရဒဿိနော။
သဗ္ဗံ စေ ပထဝိံ ဒဇ္ဇာ၊ နေဝ နံ အဘိရာဓယေ။

အကတညုဿ၊ သူပြုဖူးသော ကျေးဇူးကို မသိတတ်ထသော။ နိစ္စံ၊ အမြဲ။ ဝိဝရဒဿိနော၊ ဖျက်ဆီးရန်သင့် အခွင့်ကိုသာ ရှုကြည့်လေ့ရှိထသော။ ပေါသဿ၊ ယောက်ျားအား။ သဗ္ဗံ ပထဝိံ၊ အလုံးစုံသော မြေကြီးကိုပင်။ စေ ဒဇ္ဇာ၊ အကယ်၍ ပေးစေကာမူ။ နံ၊ ထိုသူယုတ်မာကို။ နေဝ အဘိရာဓယေ၊ အလိုပြီးလျက် မနှစ်သက်စေနိုင်ရာသာလျှင်ကတည်း။

ဤဧကကနိပါတ် သီလဝနာဂရာဇဇာတ်ကို ဟောတော်မူပြီး၍ တစ်ဖန်လည်း ထိုကဲ့သို့ သဘောရှိသော စကားကိုသာလျှင် ဖြစ်စေပြန်သောအခါ၌ ခန္တီဝါဒီရသေ့ဖြစ်သော မိမိ၌ ပြစ်မှားပုတ်ခတ် သတ်ဖြတ်သောကြောင့် ကလာဗုမင်းဖြစ်ဖူးသော ထိုဒေဝဒတ်၏ မြေသို့သက်ဝင်ရသည့်အဖြစ်ကို ပြတော်မူခြင်းငှာ စတုက္ကနိပါတ် ခန္တီဝါဒီဇာတ်ကိုလည်းကောင်း၊ စူဠဓမ္မပါလ မင်းသားငယ်ဖြစ်ဖူးသော မိမိ၌ ပြစ်မှားပုတ်ခတ် သတ်ဖြတ်သောကြောင့် မဟာပတာပမင်းဖြစ်ဖူးသော ထိုဒေဝဒတ်၏ မြေသို့သက်ဝင်ရသည့်အဖြစ်ကိုလည်းကောင်း၊ ပြတော်မူခြင်းငှာ ပဉ္စကနိပါတ် စူဠဓမ္မပါလဇာတ်ကိုလည်းကောင်း ဟောကြားတော်မူလေ၏။

ဒေဝဒတ်သေ၍ ဝမ်းသာကြခြင်း ပစ္စုပ္ပန်နှင့်အတိတ်

ရှင်ဒေဝဒတ်သည် မြေ၏အတွင်းသို့ သက်ဝင်ပြီးသည် ရှိသော် လူများအပေါင်းသည် ဝမ်းမြောက်ဝမ်းသာရှိသည်ဖြစ်၍ တံခွန်, ကုက္ကား, ငှက်ပျောပင်တို့ကို စိုက်စေပြီးလျှင် ရေပြည့် ကြာသွတ်အိုးတို့ကို တည်ထား၍ “အို... အချင်းတို့- ငါတို့အား လူ၏အဖြစ်ကို အရတော်လေစွတကား”ဟု ဆိုကြကုန်၍ ကြီးစွာသောပွဲသဘင်ကို ကျင်းပခံစားကြကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏။ “ချစ်သား ရဟန်းတို့- ယခုအခါ၌သာလျှင် ဒေဝဒတ်သေလွန်ရာ၌ လူများအပေါင်းသည် နှစ်သက်ကြသည် မဟုတ်သေး၊ ရှေးအခါ၌လည်း နှစ်သက်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် အလုံးစုံသော လူအပေါင်း၏ မချစ်အပ် မနှစ်လိုအပ်သော ခက်ထန်ကြမ်းကြုတ်သော ဗာရာဏသီပြည်၌ ပိင်္ဂလ အမည်ရှိသော မင်းသည် သေလွန်သည်ရှိသော် လူများအပေါင်း၏ နှစ်သက်ဝမ်းမြောက်သည်၏အဖြစ်ကို ပြတော်မူခြင်းငှါ ဒုကနိပါတ် မဟာပိင်္ဂလဇာတ်လာ ဂါထာတို့ကို ဟောတော်မူ၏။

သဗ္ဗော ဇနော ဟိံသိတော ပိင်္ဂလေန၊
တသ္မိံ မတေ ပစ္စယာ ဝေဒယန္တိ။
ပိယော နု တေ အာသိ အကဏှနေတ္တော၊
ကသ္မာ တုဝံ ရောဒသိ ဒွါရပါလ။
န မေ ပိယော အာသိ အကဏှနေတ္တော၊
ဘယာမိ ပစ္စာဂမနာယ တဿ။
ဣတော ဂတော ဟိံသေယျ မစ္စုရာဇံ၊
သော ဟိံသိတော အာနေယျ ပုန ဣဓ။

ဒွါရပါလ၊ အချင်း တံခါးစောင့်။ ပိင်္ဂလေန၊ ပိင်္ဂလမည်သော မင်းသည်။ သဗ္ဗော ဇနော၊ ခပ်သိမ်းသော လူများအပေါင်းကို။ ဟိံသိတော၊ ရိုက်ပုတ်မောင်းမဲ ညှဉ်းဆဲအပ်၏။ တသ္မိံ၊ ထိုပိင်္ဂလမင်းသည်။ မတေ၊ သေလွန်သည်ရှိသော်။ ဇနာ၊ ဗာရာဏသီ ပြည်သားတို့သည်။ ပစ္စယာ-ပီတိယော၊ နှစ်သက်ရွှင်လန်း ဝမ်းသာခြင်းတို့ကို။ ဝေဒယန္တိ၊ သိအောင် ရယ်ဟား ပြောကြားကြကုန်၏။ အကဏှနေတ္တော၊ နား,မျက်စိပါ မသက်သာအောင် ခက်မာကြမ်းကြုတ် ပြုလုပ်မြွက်ထောင် ကြောင်သောမျက်စိရှိသော ပိင်္ဂလမင်းသည်။ တေ၊ သင် တံခါးစောင့်၏။ ပိယော၊ ချစ်ခင် နှစ်သက် စုံမက်မြတ်နိုးအပ်သော မင်းကြီးသည်။ အာသိ နု၊ ဖြစ်ရှာလေသလော။ ကသ္မာ၊ အဘယ့်ကြောင့်။ တုဝံ၊ သင် တံခါးစောင့်သည်။ ရောဒသိ၊ စိုးရိမ်ပူဆွေး ငိုကြွေးဘိသနည်း။

အကဏှနေတ္တော၊ နား,မျက်စိပါ မသက်သာအောင် ခက်မာကြမ်းကြုတ် ပြုလုပ်မြွက်ထောင် ကြောင်သော မျက်စိရှိသော ပိင်္ဂလမင်းသည်။ မေ၊ ငါ တံခါးစောင့်၏။ ပိယော၊ ချစ်ခင်နှစ်သက် စုံမက်မြတ်နိုးအပ်သော မင်းကြီးသည်။ န အာသိ၊ တရံတစ်ဆစ်မျှ မဖြစ်ဖူးပါ။ ဣတော၊ ဤလူ့ဘဝမှ။ ဂတော၊ စုတေမနေ သွားလေသော ပိင်္ဂလမင်းသည်။ မစ္စုရာဇံ၊ သေမင်းကို။ ဝါ၊ ငရဲမင်းကြီးကို။ ဟိံသေယျ၊ ညှဉ်းဆဲနှိပ်စက်ရာ၏။ ဟိံသိတော၊ ညှဉ်းဆဲနှိပ်စက်အပ်သော။ သော၊ ထိုသေမင်းသည်။ ဝါ၊ ငရဲမင်းကြီးသည်။ ပုန၊ တစ်ဖန်။ ဣဓ၊ ဤလူ့ဘဝသို့။ တံ၊ ထိုပိင်္ဂလမင်းကို။ အာနေယျ၊ ပြန်၍တစ်ခါ ဆောင်ပို့ရာ၏။ တဿ၊ ထိုပိင်္ဂလမင်း၏။ ပစ္စာဂမနာယ၊ ရှေးရှုတစ်ဖန် ပြန်လာခြင်းမှ။ ဘယာမိ၊ တွေးတောရွံ့ထောက် ကြောက်လှပါ၏။

ဤသို့ ပိင်္ဂလဇာတ်ကို ဟောတော်မူလေ၏။ ရဟန်းတို့သည် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- ယခုအခါ၌ ဒေဝဒတ်သည် အဘယ်အရပ်၌ ဖြစ်လေသနည်း”ဟု မြတ်စွာဘုရားကို မေးလျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားက “ချစ်သားရဟန်းတို့- အဝီစိငရဲကြီး၌ ဖြစ်ရလေသည်”ဟူ၍ မိန့်တော်မူလျှင် “မြတ်စွာဘုရား- ဤပစ္စုပ္ပန်ဘဝ၌ ပူလောင်လျက်သာလျှင် လှည့်လည်သွားလာ၍ တစ်ဖန် ဘဝတစ်ပါးသို့ သွားရပြန်ပါသော်လည်း ပူလောင်ရာဌာန၌သာလျှင် ဖြစ်ရပြန်လေဘိသည်”ဟု လျှောက်ကြားသောအခါ “ချစ်သားရဟန်းတို့- ဪ.. ဟုတ်ပေ၏။ လူဖြစ်စေ၊ ရဟန်းဖြစ်စေ မေ့လျော့၍ နေလေ့ရှိသော သူတို့သည် ပစ္စုပ္ပန်,တမလွန် နှစ်တန်သော ဘဝတို့၌ ပူလောင်ရသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

မကောင်းမှု၏ သဘော

[၁၇] ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ပါပံ မေ ကတန္တိ တပ္ပတိ၊ ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။

ပါပကာရီ၊ မကောင်းမှု အကုသိုလ်ကံကို ပြုလေ့ရှိသောသူသည်။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌လည်း။ တပ္ပတိ၊ ပူလောင် ဆင်းရဲရ၏။ ပေစ္စ၊ တမလွန်ဘဝ၌လည်း။ တပ္ပတိ၊ ပူလောင်ဆင်းရဲရ၏။ ဥဘယတ္ထ၊ နှစ်ပါးနှစ်တန် ပစ္စုပ္ပန်,တမလွန်တို့၌။ တပ္ပတိ၊ ပူလောင် ဆင်းရဲရ၏။ မေ၊ ငါ့သည်။ ပါပံ၊ ယုတ်မာသော အကုသိုလ်ကံကို။ ကတံ၊ ပြုမိ၏တကား။ ဣတိ၊ ဤသို့။ တပ္ပတိ၊ ပူပန်ဆင်းရဲရ၏။ ဒုဂ္ဂတိံ ဂတော၊ ဒုဂ္ဂတိသို့ လားရဘိမူကား။ ဘိယျော၊ ထိုထက်လွန်စွာ။ တပ္ပတိ၊ ပူလောင်ဆင်းရဲရ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောလူတို့သည် သောတာပန် စသည် ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ရှင်ဒေဝဒတ်ဝတ္ထုပြီး၏။