မာတိကာသို့ ခုန်သွားရန်

ဒေါ်ဦးဇွန်း

ဝီကီရင်းမြစ် မှ
1498ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၃၂။ ဒေါ်ဦးဇွန်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၂) ဒေါ်ဦးဇွန်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာများကို စတင်တည်ထောင်ခဲ့သူမှာ ဒေါ်ဦးဇွန်း ဖြစ်သည်။ ဒေါ်ဦးဇွန်းသည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီးလက်ထက် ရတနာပုံနေပြည်တော်၌ မြန်မာ သက္ကရာဇ် ၁၂၃ဝ ပြည့်နှစ် ဝါခေါင်လဆန်း ၅ ရက် သောကြာနေ့တွင် ပိုးကုန်သည်ကြီး အဘဦးအိ၊ အမိဒေါ်မျှင်တို့မှ ဖွားမြင်သည့် တစ်ဦးတည်းသော သမီး ဖြစ်သည်။

ဒေါ်ဦးဇွန်းသည် ဘာသာတရားလေးစားသည့် မိဘများ၏ ဆုံးမသွန်သင်မှုကြောင့် ငယ်စဉ်ကပင် ဘာသာရေးကို အထူးကိုင်းရှိုင်းသော အမျိုးကောင်းသမီး ဖြစ်ခဲ့၏။ ပုဗ္ဗာရုံကျောင်းအမ ဝိသာခါထုံး နှလုံးမူကာ ခုနစ်နှစ်အရွယ်ကပင် ငါးပါးသီလကို နေ့စဉ် စောင့်ထိန်း၍ ဥပုသ်ရက်တို့၌ ရှစ်ပါးသီလကို အမြဲမပြတ် ဆောက်တည်ခဲ့သည်။ မင်္ဂလာတရားတော်နှင့်အညီ ခြိုးခြံစွာ ကျင့်သုံးနေထိုင်၍ ရက်ရောစွာ ပေးကမ်းလှူဒါန်းတတ်သည်။ မာန်မာနမရှိဘဲ မိမိကိုယ်ကိုယ် နှိမ့်ချ၍ နေလေ့ရှိသည်။ မိဘကျေးဇူးကို အထူးသိတတ်သည်။ အသက် ၁၆ နှစ်အရွယ်မှစ၍ ဒေါ်ဦးဇွန်းသည် မိသားစုလုပ်ငန်းဖြစ်သော ပိုးကုန်သည်အလုပ်ကို ဦးစီးလုပ်ကိုင်ခဲ့၏။ ပိုးထည်အရောင်းအဝယ်ကိစ္စနှင့် အမြို့မြို့အနယ်နယ်သို့ ကူးသန်းသွားလာရသောကြောင့် မိတ်ဆွေများ၍ လူပေါင်းဆန့်ကာ ဗဟုသုတကြွယ်ဝသည်။

ဒေါ်ဦးဇွန်း အသက် ၂၂ နှစ်အရွယ် ရောက်သောအခါ မိဘများ ကွယ်လွန်ခဲ့သည်။ ဒေါ်ဦးဇွန်းသည် အိမ်ထောင်မပြုခဲ့ပေ။ အသက် ၃ဝ အရွယ်တွင် မန္တလေးမြို့ ပတ္တမြားဆရာတော်ဘုရားကြီးအား အုတ် ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုအချိန်မှစ၍ ပတ္တမြားအုတ်ကျောင်းအမ ဒေါ်ဦးဇွန်းဟူ၍ လူသိများလာသည်။ အသက် ၄၆ နှစ်အရွယ်တွင် ပိုးထည်ရောင်းဝယ်ရေးကိစ္စဖြင့် ရန်ကုန်မြို့ သို့ ရောက်ရှိစဉ် ထင်ရှားသော ဘုရားများကို လှည့်လည်ဖူးမြော်ပြီး ဗရင်ဂျီသာသနာပြု ခရစ်ယာန်သီလရှင် ကျောင်းသို့လည်း သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ထိုကျောင်းတွင် ဗုဒ္ဓဘာသာ ဘိုးဘွားများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားသော်လည်း ဘုရားရှိခိုးခြင်း၊ ဥပုသ်စောင့်ခြင်းစသည်တို့ကို မပြု လုပ်ရဘဲ ခရစ်ယာန်ဘာသာထုံးစံအတိုင်း ဝတ်ပြုရသည်ကို တွေ့မြင်ခဲ့ရသည်။ ထိုအခါ ဗုဒ္ဓဘာသာ ဘိုးဘွားများ မိမိဘာသာကို လွတ်လပ်စွာ ကိုးကွယ်ကျင့်သုံးခွင့် ရရှိစေရန် စောင့်ရှောက်ရေး ဌာနတစ်ခု ဖွင့်လှစ်မည်ဟု ဆုံးဖြတ်လိုက်၏။

ထို့နောက် မန္တလေးမြို့ သို့ ပြန်ရောက်သောအခါ စစ်ကိုင်းတောင်ရိုး အရိယမဂ္ဂင်ချောင် ဆရာတော် ဘုရားကြီးအား လျှောက်ထား၍ မင်းကွန်းခေါင်းလောင်းကြီးအနီးတွင် ဘိုးဘွားရိပ်သာကို ၁၂၇၈ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သည်။ ရှေးဦးစွာ အဘိုးအိုတစ်ယောက်၊ အဘွားအိုနှစ်ယောက်ကို လက်ခံ၍ ဒေါ်ဦးဇွန်းကိုယ်တိုင် အဖော်မိန်းကလေးတစ်ဦးနှင့် ဝတ်ကြီးဝတ်ငယ် ပြု၍ ကျွေးမွေးစောင့်ရှောက်ခဲ့၏။ ၁၂၈ဝ ပြည့်နှစ် ရောက်သောအခါ အဘိုးအဘွား ၂ဝ ခန့်ကို စောင့်ရှောက်နိုင်ခဲ့သည်။ ထိုနှစ်တွင် အလှူပါဝင်လိုသူများထံမှ အလှူငွေ လက်ခံကာ ဘိုးဘွားရိပ်သာအသင်းကို စတင်တည်ထောင်ခဲ့သည်။

ဒေါ်ဦးဇွန်းသည် မင်းကွန်း ဗုဒ္ဓဘာသာ ဘိုးဘွားရိပ်သာ လုပ်ငန်းကို တည်ထောင်ခဲ့ပြီးနောက် ၁၂၈၉ ခုနှစ်တွင် သထုံမြို့ မြသပိတ်တောင်ခြေ၌လည်းကောင်း၊ ၁၂၉ဝ ပြည့်နှစ်တွင် ပေါင်းတည်မြို့ ၌လည်းကောင်း၊ ၁၂၉၅ ခုနှစ်တွင် ရန်ကုန်မြို့ နှင်းဆီကုန်း၌လည်းကောင်း၊ ၁၂၉၉ ခုနှစ်တွင် ပခုက္ကူမြို့ ၌လည်းကောင်း ဘိုးဘွားရိပ်သာများ တည်ထောင်ခဲ့သည်။ ထို့နောက် သူ့၌ ရှိရှိသမျှသော ပစ္စည်းအားလုံး စုစုပေါင်း နှစ်သိန်းဖိုးခန့်ကိုလည်း ဘိုးဘွားရိပ်သာများသို့ လှူဒါန်းလိုက်လေသည်။ အသက် ၆ဝ အရွယ် တွင် ပေါင်းတည်ဘိုးဘွားရိပ်သာ၌ သီလရှင်အဖြစ် ခံယူလိုက်သည်။ ဘွဲ့အမည်မှာ ဘွားသုမာလာ ဖြစ်သော်လည်း ဒေါ်ဦးဇွန်း ဟူသော အမည်ဖြင့်ပင် လူသိများသည်။

ဒေါ်ဦးဇွန်း၏ ကိုယ်ကျိုးစွန့်သော လုပ်ငန်းများကို အင်္ဂလိပ်အစိုးရက အသိအမှတ်ပြုသည့် အနေ ဖြင့် တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ကို ချီးမြှင့်လေသည်။ မီးရထား၊ မီးသင်္ဘောတို့ဖြင့် မြန်မာနိုင်ငံအနှံ့ အပြား ပထမတန်းမှ အခမဲ့ စီးနင်းသွားလာခွင့်ကိုလည်း ပေးထားလေသည်။

ဒေါ်ဦးဇွန်းသည် အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း ဘိုးဘွားရိပ်သာများကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်မှာ သူတစ်ပါးအပေါ် ကူညီစောင့်ရှောက်ချင်သော မေတ္တာ၊ ကရုဏာစိတ် ကြီး မားခြင်း၊ သက်ကြီးရွယ်အိုများကို ဘုရားရိပ်၊ တရားရိပ်တွင် အေးအေးချမ်းချမ်း နေစေချင်သော စိတ်စေတနာ ကြီးမားခြင်းတို့ကြောင့် ဖြစ်သည်။ သူသည် ဘိုးဘွားများအတွက် စည်းစိမ်နှင့် လုပ်အားကို ၂၈ နှစ် လုံးလုံး ပေးအပ်ဆောင်ရွက်ခဲ့ပြီးနောက် ၁၃ဝ၆ ခုနှစ် ကဆုန်လပြည့်ကျော် ၅ ရက်နေ့၊ အသက် ၇၆ နှစ် အရွယ်၌ မင်းကွန်းဘိုးဘွားရိပ်သာတွင် ကွယ်လွန်ခဲ့လေသည်။

ဘိုးဘွားရိပ်သာများ၏ မိခင် ကျောင်းအမကြီး ဒေါ်ဦးဇွန်း၏ စိတ်ဓာတ်မြင့်မြတ်မှု၊ စွမ်းဆောင်နိုင် မှုတို့ကို ဂုဏ်ပြုသောအားဖြင့် ထုလုပ်ထားသော သူ၏ ကြေးရုပ်တုတို့ကို သူတည်ထောင်ခဲ့သော ဘိုးဘွား ရိပ်သာများတွင် ယခုတိုင်အောင် တွေ့မြင်နိုင်ပေသည်။

ဘိုးဘိုးဘွားဘွား တန်ဖိုးထား

[ပြင်ဆင်ရန်]

ဘိုးဘိုးပြောတဲ့ရှေးစကား
တို့တွေနာကြား တန်ဖိုးထား။
ဘွားဘွားပြောတဲ့ ရှေးစကား
တို့တွေနာကြား တန်ဖိုးထား။
ဘိုးဘွားဆိုတာ ရတနာ
အတွေ့အကြုံများပေတာ။
စေတနာကို အရင်းပြု
သက်ကြီးရွယ်အို စောင့်ရှောက်မှု။
တို့တွေပြုတဲ့ ဒီကုသိုလ်
ကောင်းမှုအမြဲ တည်စေလို။
စိတ်များကိုကွယ် ဖြူအောင်ထား
ကူညီကြစို့ တို့ဘိုးဘွား။