မာတိကာသို့ ခုန်သွားရန်

နစ္စဇာတ်

ဝီကီရင်းမြစ် မှ
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၂။ နစ္စဇာတ်
1556ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၃၂။ နစ္စဇာတ်မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဧကကနိပါတ်-ကုလာဝကဝဂ်

၂။ နစ္စဇာတ်

အရှက်အကြောက်ကင်းသဖြင့် မိန်းမရတနာမှယုတ်ဘူးကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရုဒံ မနုညံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနစ္စဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် များသော ဘဏ္ဍာရှိသော တယောက်သောရဟန်းကို အကြောင်းပြု ဟောတော်မူ၏။ ဤဝတ္ထုသည် အောက် ဒေဝဓမ္မဇာတ်၌ ဝတ္ထုနှင့် တူသည်သာလျှင်တည်း၊ သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် များသော ဘဏ္ဍာရှိသတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု လျှောက်၏။ ရဟန်း သင်သည် အဘယ်ကြောင့် များစွာသောဥစ္စာ ရှိသနည်းဟု မေးတော်မူ၏။ ဤသို့သောစကားကို ကြား၍လျှင် အမျက်ထွက်၍ သင်းပိုင်ကိုယ်ရုံကိုစွန့်၍ ဤနည်းဖြင့် ကျင့်ရအံ့လောဟု မြတ်စွာဘုရားရှေ့တော်၌ ကိုယ်ချည်းသက်သက် ရပ်၏။ လူတို့သည် စက်ဆုပ်ဘွယ်ရှိဟု ဆိုကုန်၏။ ထိုရဟန်းသည် ထိုအရပ်မှလျှင် ပြေး၍ လူထွက်၏။ ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်လျက် မြတ်ဘုရားရှေ့တော်၌စင်လျက် ဤသို့သဘောရှိသည်ကို ပြုဘိ၏ဟု ထိုရဟန်း၏ ကျေးဇူးမဲ့စကားကို ဆိုကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခု ငါလာတော်မူသောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ထိုရဟန်းသည်အရှင်ဘုရားတို့၏ ရှေ့တော်၌စင်လျက် ပရိသတ်လေးပါးတို့၏ အလယ်၌ အရှက်အကြောက်ကိုစွန့်၍ လူတို့သည် စက်ဆုပ်အပ်သည်ဖြစ်၍ လူထွက်၍ သာသနာတော်မှ ယုတ်၏ဟု ထိုရဟန်း၏ ကျေးဇူးမဲ့သောစကားကိုဆိုလျက် စည်းဝေးပါကုန်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌လာလျှင် ထိုရဟန်းသည် အရှက်အကြောက် မရှိသည်ဖြစ်၍ သာသနာတော်တည်းဟူသော ရတနာမှ ယုတ်သည် မဟုတ်သေး၊ ရှေး၌လည်း မိန်းမရတနာကိုရခြင်းမှ ယုတ်ဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသောအကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကမ္ဘာဦး၌ ခြင်္သေ့ကို အခြေလေးချောင်းရှိကုန်သော သတ္တဝါတို့၌ မင်းပြုကုန်၏။ အာနန္ဒာငါးကို ငါးတို့၏ မင်းပြုကုန်၏။ ရွှေဟင်္သာကို ငှက်တို့၏ မင်းပြုကုန်၏။ ထိုရွှေဟင်္သာမင်း၏ သ္မီးဖြစ်သော ဟင်္သာမငယ်သည် အလွန်အဆင်းလှ၏။ ထိုဟင်္သာမင်းသည် သ္မီးအား ဆုကိုပေး၏။ ဟင်္သာမငယ်သည် မိမိစိတ်နှစ်သက်သောလင်ကို စုံစမ်းစေ၏။ ဟင်္သာမင်းသည် ထိုဟင်္သာမငယ်အား ဆုပေး၍ ဟိမဝန္တာ၌ အလုံးစုံသောငှက်တို့ကို စည်းဝေးစေ၏။ အထူးထူး အပြားပြားရှိကုန်သော ဟင်္သာ ဥဒေါင်း အစရှိသော ငှက်အပေါင်းတို့သည် တပေါင်းတည်းလာကုန်၍ တခုသော ကြီးစွာသော ကျောက်ဖျာအပြင်၌ စည်းဝေးကုန်၏။ ဟင်္သာမင်းသည် မိမိနှစ်သက်သောလင်ကို လာ၍ ယူစေသတည်းဟု သ္မီးကို ခေါ်စေ၏။ ထိုဟင်္သာမငယ်သည် ငှက်အပေါင်းကို ကြည့်သည်ရှိသော် ပတ္တမြားအဆင်းနှင့်တူသော လည်ရှိသော ဆန်းကြယ်သောအတောင်ရှိသော ဥဒေါင်းကိုမြင်၍ ဤဥဒေါင်းသည် ငါ၏လင်ဖြစ်စေသတည်းဟု ကြား၏။

ငှက်အပေါင်းသည် ဥဒေါင်းသို့ကပ်၍ အချင်းဥဒေါင်း ဤမင်းသ္မီးသည် ဤမျှကုန်သော ငှက်အပေါင်းတို့၏အလယ်၌ လင်ကိုကြားသည်ရှိသော် သင်၌ကြိုက်ခြင်းကို ဖြစ်စေ၏ဟု ဆိုကြကုန်၏။ ဥဒေါင်းသည် ငှက်အပေါင်းသည် ယနေ့ထက်တိုင်လည်း ငါ၏အစွမ်းကို မမြင်ကုန်သေး၊ ယခုပြအံ့ဟု အလွန်ဝမ်းမြောက်သည်ဖြစ်၍ အရှက်အကြောက်ကိုဖျက်၍ များစွာသောဘငှက်အပေါင်းတို့၏အလယ်၌ အတောင်ကိုဖြန့်၍ ကခြင်းငှါအားထုတ်၏။ ကသည်ရှိသော် မဖုံးလွှမ်းအပ်သည်ဖြစ်၍ ရွှေဟင်္သာမင်းသည် ဤဥဒေါင်း၏ အတွင်း၌ဖြစ်သောအရှက်သည် မရှိသလျှင်ကတည်း၊ အပ၌ဖြစ်သော ကြောက်ခြင်းသည် မရှိသလျှင်ကတည်း၊ ပျက်သော အရှက် အကြောက်ရှိသော ထိုဥဒေါင်းအား သ္မီးကိုမပေးဟု ငှက်အပေါင်းတို့၏အလယ်၌ ဆိုလို၍-

၃၂။ ရုဒံ မနုညံ ရုစိရာ စ ပိဋ္ဌိ၊ ဝေဠုရိယဝဏ္ဏူပနိဘာ စ ဂီဝါ။
ဗျာမမတ္တာနိ စ ပေခုဏာနိ၊ နစ္စေန ဓီတရံ နော ဒဒါမိ။

ဟူသော ဤဂါထာကို ဆို၏။

၃၂။ မောရ၊ ဥဒေါင်း။ တေ၊ သင်၏။ ရုဒံ၊ တွန်သံသည်။ မနုညံ၊ သာယာ၏။ ပိဋ္ဌိ စ၊ ကျောက်ကုန်းသည်လည်း။ ရုစိရာ၊ နှစ်သက်ဘွယ်ရှိ။ ဂီဝါ စ၊ လည်သည်လည်း။ ဝေဠုရိယဝဏ္ဏူပနိဘာ၊ ကြောင်မျက်ရွဲ မြညိုအဆင်းနှင့်တူလေ၏။ ပေခုဏာနိ စ၊ မြီးဆံတို့သည်လည်း။ ဗျာမမတ္တာနိ၊ တလံမျှ ရှိကုန်၏။ နစ္စေန၊ ကခြင်းကြောင့်။ တေ၊ သင့်အား။ မမ၊ ငါ၏။ ဓီတရံ၊ သ္မီးကို။ နော ဒဒါမိ၊ မပေး။

ဤသို့ဆို၍ ဟင်္သာမင်းသည် ပရိသတ်၏ အလယ်၌လျှင် မိမိ၏ တူဖြစ်သောဟင်္သာငယ်အား သ္မီးကိုပေး၏။ ဥဒေါင်းသည် ဟင်္သာမကိုမရခြင်းကြောင့် ရှက်၍ ထိုအရပ်မှ ပျံ၍ပြေး၏။ ဟင်္သာမင်းသည်လည်း မိမိ၏နေရာအရပ်သို့သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ယခုသာလျှင် ထိုရဟန်းသည် အရှက် အကြောက်ကို ဖျက်၍ သာသနာတည်းဟူသော ရတနာမှ ယုတ်သည်မဟုတ်သေး၊ ရှေး၌လည်း မိန်းမရတနာကို ရခြင်းမှ ယုတ်ဘူးသည်သာလျှင်တည်းဟု ဤမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကို စပ်တော်မူ၍ ယခုအခါ များသော ဘဏ္ဍာရှိသောရဟန်းသည် ထိုအခါ ဥဒေါင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဟင်္သာမင်း ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဥဒေါင်းပမာ၊ ရှက်ကြောက်ကွာ၊ ကညာ လာဘ်ကြီးပျက်

နှစ်ခုမြောက်သော နစ္စဇာတ်သည် ပြီး၏။

*****