နန္ဒိဝိသာလဇာတ်
ဧကကနိပါတ်-ကုရုင်္ဂဝဂ်
၈။ နန္ဒိဝိသာလဇာတ်
ရုန့်ရင်းကြမ်းတန်းစွာ မပြောမဆိုအပ်သည့်အကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူတို့ကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မနုညမေဝ ဘာသေယျ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနန္ဒိဝိသာလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ်ဆဗ္ဗဂ္ဂီရဟန်းတို့၏ ဆဲရေးခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန်ကို ပြုကုန်လျက် သီလကိုချစ်ကုန်သော ရဟန်းတို့ကို ဆဲရေး ရှုတ်ချကုန်၏။ နှုတ်လှံထိုးကုန်၏။ ဆယ်ပါးသော အက္ကောသဝတ္ထုတို့ဖြင့် ဆဲရေးကုန်၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား လျှောက်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကိုခေါ်စေ၍ ရဟန်းတို့ သင်တို့သည် ခိုက်ရန်ပြုကုန်သတတ်ဟူသည်ကား မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်ကုန်သည်ရှိသော် ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ရုန့်ရင်းကြမ်းတန်းသော စကားမည်သည်ကို တိရစ္ဆာန်တို့သည်လည်း မနှစ်သက်ကုန်၊ ရှေး၌လည်း တခုသောတိရစ္ဆာန်ဖြစ်သော နွားသည် မိမိကို ကြမ်းကြုတ်သော စကားဖြင့် ဆိုသောပုဏ္ဏားကို အသပြာ တထောင်ကို ရှုံးစေ၏ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ ဂန္ဓာရမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် နွားအမျိုး၌ ဖြစ်၏။ ထိုအခါ ဘုရားလောင်းကို ငယ်သောကာလ၌လျှင် ပုဏ္ဏားတယောက်သည် နွားလှူတတ်သော ဒါယကာတို့၏ အထံမှရ၍ နန္ဒိဝိသာလ ဟူသောအမည်ကို မှည့်၍ သား၏ အရာ၌ထား၍ ချစ်မြတ်နိုးသည်ဖြစ်၍ ယာဂု ထမင်း အစရှိသည်တို့ကိုပေး၍ မွေး၏။ ဘုရားလောင်းသည် အရွယ်သို့ ရောက်သည်ရှိသော် ဤပုဏ္ဏားသည် ငြိုငြင်သဖြင့် ငါ့ကို လုပ်ကျွေး၏။ အလုံးစုံသောဇမ္ဗူဒိပ်၌ ငါနှင့်တကွ ထပ်တူမျှသော တပါးသော နွားမည်သည် မရှိ၊ ငါသည် မိမိ၏အားကိုပြု၍ ပုဏ္ဏားအား မွေးကျေးဇူးကို ဆပ်ရမူကား ကောင်း၏ဟု ကြံ၏။
နန္ဒိဝိသာလသည် တနေ့သ၌ ပုဏ္ဏားကို ပုဏ္ဏား သွားချေ ဂေါဝိတ္တကသူဌေးသို့ကပ်၍ “ငါ၏ နွားသည် တစပ်ထည်းဖွဲ့အပ်သော လှည်းတရာကို လိမ့်စေနိုင်၏ဟုဆို၍ အသပြာ တထောင်ဖြင့် လောင်းခြင်းကို ပြုလော”ဟု ဆို၏။ ပုဏ္ဏားသည် သူဌေးအထံသို့ သွား၍ ဤမြို့၌ အဘယ်သူ၏နွားသည် စွမ်းအားနှင့် ပြည့်စုံသနည်းဟု စကားကို ဖြစ်စေ၏။ ထိုအခါ ပုဏ္ဏားကို ဂေါဝိတ္တက သူဌေးသည် ဤမည်သောသူ၏ နွားသည်လည်း စွမ်းအားနှင့် ပြည့်စုံ၏။ ဤမည်သောသူ၏ နွားသည်လည်း စွမ်းအားနှင့် ပြည့်စုံ၏ဟု ဆို၍ အလုံးစုံသောမြို့၌ကား ငါတို့နွားနှင့်တူသော နွားသည် မရှိဟု ဆို၏။ ပုဏ္ဏားသည် ငါ့အား တစပ်တည်း ဖွဲ့အပ်သော လှည်းတရာကို လိမ့်စေခြင်းငှါစွမ်းနိုင်သော တခုသော နွားသည်ရှိ၏ဟုဆို၏။ ဂေါဝိတ္တကသူဌေးသည် ဤသို့သဘောရှိသောနွားသည် အဘယ်မှာ ရှိသနည်းဟု ဆို၏။ ပုဏ္ဏားသည် အိမ်၌ရှိ၏ဟု ဆို၏။ ထိုသို့တပြီးကား အသာတထောင်ဖြင့် လောင်းခြင်းကို ပြုလောဟု သူဌေးက ဆို၏။ ပုဏ္ဏားသည် ကောင်းပြီ ပြုအံ့ဟု အသပြာ တထောင်ဖြင့် လောင်းခြင်းကို ပြု၏။
ပုဏ္ဏားသည် လှည်းတရာကို သဲကျောက်စရစ်တို့ဖြင့်သာလျှင် ပြည့်စေ၍ အစဉ်သဖြင့်ထား၍ အလုံးစုံသော လှည်းတို့ကို ဝင်ရိုး၌ ဖွဲ့သောလွန်ဖြင့်တပေါင်းတည်းဖွဲ့၍ နန္ဒိဝိသာလကိုရေချိုး၍ နံ့သာလက်ငါးချောင်းရာကိုပေး၍ လည်၌ပန်းကုံးစွပ်၍ ရှေးဦးစွာလှည်းဦး၌ တကောင်တည်းကိုသာလျှင်က၍ မိမိသည်လည်း လှည်းဦး၌ထိုင်၍ နှင်တံကိုမြှောက်၍ ကောက်ကျစ်သောနွား သွားလော၊ ကောက်ကျစ်" သောနွား ဝန်ကိုဆောင်လော့ဟု ဆို၏။ ဘုရားလောင်းသည် မကောက်ကျစ်သော ငါ့ကို ကောက်ကျစ်၏ ဟူသော စကားဖြင့် ဆို၏ဟူ၍ ခြေလေးဘက်တို့ကို တိုင်တို့ကဲ့သို့ မလှုပ်သည်တို့ကိုပြု၍ ရပ်၏။ ထိုခဏ၌လျှင် ဂေါဝိတ္တကသူဌေးသည် ပုဏ္ဏားကိုအသပြာတထောင်ကို လျော်စေ၏။ ပုဏ္ဏားသည် အသပြာ တထောင်မှ ရှုံးသည်ဖြစ်၍ နွားကိုချွတ်၍ အိမ်သို့သွား၍ စိုးရိမ်ခြင်း နှိပ်စက်ရကား လျောင်း၏။
နန္ဒိဝိသာလသည် ကျက်စား၍ လာပြီးသည်ရှိသော် စိုးရိမ်ခြင်းဖြင့်နှိပ်စက်သော ပုဏ္ဏားကိုမြင်၍ ကပ်လျက် ပုဏ္ဏား အဘယ့်ကြောင့် အိပ်သနည်းဟု မေး၏။ အသပြာတထောင်မှ ရှုံးသောကြောင့် ငါ့အား အဘယ်မှာ အိပ်ပျော်အံ့နည်းဟု ဆို၏။ ပုဏ္ဏား ငါသည် ဤမျှလောက်သော ကာလပတ်လုံး သင့်အိမ်၌နေသဖြင့် တစုံတခုသော ခွဲဘူးသောအိုးသည်လည်း ရှိသလော၊ နင်းနယ်ဘူးသော တစုံတခုသော ဥစ္စာသည်လည်း ရှိသလော၊ အရာမဟုတ်သည်၌ စွန့်ဘူးသော ကျင်ကြီး ကျင်ငယ်သည်မူလည်း ရှိသလောဟုမေး၏။ ချစ်သား မရှိပေဟု ဆို၏။ ထိုသို့လျက် ငါ့ကို အဘယ့်ကြောင့် ကောက်ကျစ်၏ ဟူသော စကားဖြင့် ဆိုဘိသနည်း၊ ဤအပြစ်သည် သင်၏ အပြစ်သာလျှင်တည်း၊ ငါ့အားကား အပြစ်မရှိ၊ သွားချေ ဂေါဝိတ္တက သူဌေးနှင့်တကွ အသာ နှစ်ထောင်တို့ဖြင့် လောင်းခြင်းကို ပြုချေဦးလော၊ မကောက်ကျစ်သော ငါ့ကို သက်သက် ကောက်ကျစ်၏ ဟူသောစကားဖြင့် မခေါ်ဝေါ်လင့်ဟု ဆို၏။
ပုဏ္ဏားသည် ဘုရားလောင်းစကားကိုကြား၍ အသပြာ နှစ်ထောင်တို့ဖြင့် လောင်းခြင်းကိုပြု၍ ရှေးနည်းဖြင့်သာလျှင် လှည်းတရာကို တစပ်တည်းဖွဲ့၍ နန္ဒိဝိသာလကို တန်ဆာဆင်၍ ရှေးဦးစွာသော လှည်းဦး၌ က၏။ အဘယ်သို့ ကသနည်းဟူမူကား ထမ်းပိုးဦး၌ မလှုပ်အောင်ဖွဲ့၍ တခုသောအစွန်းဖြင့် နန္ဒိဝိသာလကို က၍ တခုသော အစွန်းကို လွန်ဖြင့်ရစ်၍ ထမ်းပိုးစွန်းကို၎င်း ဝင်ရိုးကို၎င်း၊ လှည်းအိမ်ထုပ်ကို၎င်း မှီ၍ ဦးပြည်းသစ်သားကိုထောက်၍ လွန်ဖြင့်မလှုပ်အောင်ဖွဲ့၍ထား၏။ ထိုစကားသည် မှန်၏။ ဤသို့ ပြုသည်ရှိသော် ထမ်းပိုးသည် ထိုသို့၎င်း ဤသို့၎င်း မရွေ့၊ တကောင်တည်းသော နွားသည်လျှင် ငင်ခြင်းငှါ တတ်နိုင်၏။ ထိုအခါ ပုဏ္ဏားသည် လှည်းဦး၌ထိုင်၍ နန္ဒိဝိသာလ၏ ကျောက်ကုန်းကို သုံးသပ်၍ ကောင်းသောနွား သွားပါလော၊ ကောင်းသောနွား ဝန်ကို ဆောင်ပါလောဟု ဆို၏။ ဘုရားလောင်းသည် အလွန်ဖွဲ့အပ်သောလှည်းတရာကို တဟုန်တည်းခြင်းငင်၍ နောက်၌တည်သောလှည်းကို ရှေ့၌တည်သော လှည်း၏ နေရာ၌သာလျှင် တည်စေ၏။ ဂေါဝိတ္တက သူဌေးသည် ရှုံးသည်ဖြစ်၍ ပုဏ္ဏားအား အသပြာ နှစ်ထောင်တို့ကိုပေး၍ တပါးကုန်သောသူတို့သည်လည်း ဘုရားလောင်းအား များစွာသောဥစ္စာကို ပေးကုန်၏။ အလုံးစုံသောဥစ္စာသည် ပုဏ္ဏားအားသာလျှင် ဖြစ်၏။ ထိုသို့ ဘုရားလောင်းကိုမှီ၍ များစွာသောဥစ္စာကို ရ၏ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် ရဟန်းတို့ ကြမ်းကြုတ်သော စကားမည်သည်ကို တစုံတယောက်သောသူသည် မနှစ်သက်ဟု ဟောတော်မူ၍ ဆဗ္ဗဂ္ဂီ ရဟန်းတို့ကို ကဲ့ရဲ့တော်မူပြီးသော် သိက္ခာပုဒ်ကို ပညတ်တော်မူ၍ ဘုရားဖြစ်၍-
မနုညံ ဘာသာမာနဿ၊ ဂရုံ ဘာရံ ဥဒဒ္ဓရိ။
ဓနဉ္စ နံ အလာဘေသိ၊ တေန စတ္တမနော အဟု။
ဟူသော ဤဂါထာကို ဟောတော်မူ၏။
၂၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ပရေန၊ တပါးသောသူနှင့်။ သဒ္ဓိံ၊ တကွ။ ဘာသမာနော၊ ဆိုသောသူသည်။ မနုညမေဝ၊ နှစ်သက်ဘွယ်သော စကားကိုသာလျှင်။ ဘာသေယျ၊ ဆိုရာ၏။ အမနုညံ၊ မနှစ်သက်ဘွယ်သော စကားကို။ ကုဒါစနံ၊ တရံတဆစ်မျှ။ န ဘာသေယျ၊ မဆိုရာ။ မနုညံ၊ နှစ်သက်ဘွယ်သောစကားကို။ ဘာသမာနဿ၊ ဆိုသောပုဏ္ဏား၏။ ဂရုံ၊ လေးသော။ ဘာရံ၊ လှည်းတရာကို။ ဥဒဒ္ဓရိ၊ ငင်၍ တည်စေပြီ။ နံ၊ ထိုပုဏ္ဏားကို။ ဓနဉ္စ၊ ဥစ္စာကိုလည်း။ အလာဘေသိ၊ ရစေပြီ။ ဗြာဟ္မဏာ၊ ပုဏ္ဏားသည်။ တေန၊ ထို့ကြောင့်။ အတ္တမနော၊ နှစ်သက်သည်။ အဟု၊ ဖြစ်ပြီ။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် မနုညမေဝ ဘာသေယျ အစရှိသော ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ပုဏ္ဏားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ နန္ဒိဝိသာလနွားဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
ချစ်ဘွယ်သိမ်းကျူံး၊ နှုတ်လျှိုသုံး၊ အားလုံးကြိုက်တာ သတ္တဝါ
ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော နန္ဒိဝိသာလဇာတ်သည် ပြီး၏။
*****