မာတိကာသို့ ခုန်သွားရန်

နန္ဒီသေနပျို့

ဝီကီရင်းမြစ် မှ
နန္ဒီသေနပျို့ (1961)
by လက်ဝဲသုန္ဒရ, edited by မောင်သုတ

ဤစာမျက်နှာပါအကြောင်းအရာများသည် မောင်သုတ( ဗိုလ်ကြီး-ဘသောင်း (မဟာဝိဇ္ဇာ) ) တည်းဖြတ်ထားသော ၁၉၆၁ ခုနှစ်ထွက် စာမူလက်ရာဖြစ်သည်။

မူရင်း pdf ဖိုင်အား ဤနေရာ တွင် ဖတ်ရှုနိုင်သည်။

Pho Sai1579နန္ဒီသေနပျို့1961မောင်သုတ


[ Cover ]

‘လက်ဝဲသုန္ဒရ’ ဘွဲ့ခံ အမတ်ကြီး ဦးမြတ်စံ ၏

န န္ဒီ သေ န ပျို့

တည်းဖြတ်သူ

‘ မောင်သုတ ’ အမည်ခံ

ဗိုလ်ကြီး–ဘသောင်း (မဟာဝိဇ္ဇာ)

[ အခြား ပြုစု,တည်းဖြတ်ချက်များ၊၊ ‘စာဆိုတော်များ အတ္တုပ္ပတ္တိ’၊
‘ မြန်မာစာ မြှင့်ချင်လွန်းလို့ ’ ၊ ‘ စာပေ အရသာ ’ ၊ ‘ စာပေ
လက်ဆောင် ’၊‘တကျွန်းသို့’၊‘သူတို့ လက်ဆောင်’
( ‘ဤလည်း တဒုက္ခ’ နှင့် ‘ဝတ္တုတိုများ’ )၊  ‘ ဇာနည်သွေး ’၊
‘ သေနင်္ဂဗျူဟာပျို့ ’   နှင့်   ‘ ဗျူဟစက္ကိပျို့ ’ ၊
]


[ Preface ]

မြိုင်ဝေ တောကြီး၊   ဤခရီးဝယ်၊
ချည်းနှီး သက်သက်၊   သေသော့ထက်ကား၊
ဆက်လက် တညီ၊   တစီ တလျဉ်၊
သားစဉ် မြေး,မြစ်၊   ပြောထုံးဖြစ်အောင်၊
တစစ်,တမက်၊   ကိုယ် နှင့် သက် ကို၊
နှင်းဆက် တိုက်မည်၊   အားသံရည်၍၊
ဦးလည် မသုန်၊   ထမ်းပါကုန်လော့။

— လက်ဝဲသုန္ဒရ

[  ]

လက်ဝဲသုနန္ဒရ ၏

  နန္ဒီသေနပျို့

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။။   အတုလ   ဒေဝိန်၊   စောမုနိန်မူ၊   ဝရဇိန်စက်၊   လက်နက် သွေးသီ၊ ဂုဏ်မဖီသား၊ ပါရမီထူးကဲ၊ လက်စွဲတော်ပါ၊ ထက်မကွာဖြင့်[]၊ အာဏာ,ဇာတိ၊ ကြွင်းမရှိလျှင်၊ ဝိသယလုံး၊ ပတ်ကုံးတင့်စံ၊ ဂုဏ်ခံကိုးရိုး[]၊ ဂုဏ်မညှိုးက၊ ဖြတ်ချိုးခုတ်ချိုင်၊ ပွဲတိုင်းနိုင်ရှင့်။ ခေါင်တိုင် ခေါင်ထွတ်၊ တမွတ် ခေါင်ထိ ၊ ဓိပတိ မင်းစစ် ၊ သင်းကျစ် သရဖူ ၊ ဖြစ်တော် မူသည် ၊ သယမ္ဘူကျော် ၊ မြတ်ဇိနော်ကား၊ ပြည်တော်သာမိ[]၊ သာဝတ္ထိ၏၊ ပရိဝါရေ၊ သခိုက်မြေ၌၊ ရွှေဇေတဝန်၊ စိုးရှိလွန်မျှ၊ တံခွန် ထောင်စိုက်၊ ရွှေကျောင်းတိုက်ဝယ် ၊ ယာပိုက် လေးအင် ၊ မျှစဉ် တွင်၌ ၊ သခင် ကဝိ ၊ သာရိ ပုတ္တရာ၊ ထေရ်မြတ်စွာလျှင်၊ သံသာ မဆွ၊ ရှေးဘဝက၊ စစ်မ, သဘင်၊ အောင်ပွဲဆင်၍၊ အောင်မြင် သီးသီး၊ အောင်သံချီးလျက်၊ ရှားမီး ရည်တိ၊ ဉာဏ်ရောင်ညိဟု[]၊ ဝိဝရတ ၊ စသည် ဂါထာ၊ ရတနာ ပွင့်ညီ၊ ရွှေကုံး သီသို့၊ နန္ဒီသေန၊ ရှေးက အမတ်၊ ဖြစ်သောဇာတ်ကို၊ ဟောမှတ်သွယ်ဖြာ၊ ဒေသနာ သည်၊       ၊ သေနာပတိ ကျင့်ရေးတည်း။

[  ]

၂။။ ဝေသာလီပြည်၊ ပြောစည် ပူရ၊ ထိုဌာနတွင်၊ ဝါဒ ငါးရာ၊ အစုံပါ၍[]၊ လိမ္မာ မညှိုး၊ ဂုဏ်စွမ်းကိုးသည်၊ အမျိုး နှစ်ပါး၊ သင့်သော အားဖြင့်၊ ရင်သား ငါးယောက်၊ တဝမ်းပေါက်မူ၊ စွမ်းမြောက် တလောင်၊ ဝါဒ ဆောင်၏။ ဆင်းရောင် ပျိုထွား၊ သားယောက်ျားကား၊ မင်းသား မင်းမြေး၊ တဝေးမွမ်းပြင်၊ အတတ်သင်၍၊ ပြည်ထင်သိညီ၊ ဝေသာလီ၌၊ ကပ်မှီ အသင့်၊ နေပျော်တင့်၏။ လေးပွင့် ညွန့်ညှောက်၊ ရွှေပင်ပေါက်သို့၊ လေးယောက် သမီး၊ ရှုမငြီးမူ၊ အကြီး ပျိုထွတ်၊ အလတ် ပျိုရွယ်၊ အငယ် ပျိုသွေး၊ အထွေး ပျိုနု၊ ပေါင်းကြစုလျက်၊ ဇမ္ဗူ့ ဦးစွန်း၊ ပေါ်ထွန်း သရေ၊ နိမိတ်ဝေသား၊ သပြေ ပန်းခိုင်၊ ကိုယ်စီကိုင်မှ၊ တနိုင်ငံ တိုင်း၊ ခြားပိုင်း ဌာန၊ ကောသလသို့၊ ညီမ တတွေ၊ ရောက်ကြလေသော်၊ သဲမြေ ညံ့ထွား၊ မြို့တံခါး နှင့်၊ မြို့နား နောက်,တောင်၊ သာလွှတ်ခေါင်သည်[]၊     ၊ ငွေရောင်, သဲဖြူ ဖွေးဖွေးတည်း။

၃။။ ငွေရောင် သဲဖြူ၊ ဦရရူကို၊ သယ်ယူ ပုံစု၊ ဇမ္ဗူ့ ညွန့်ကိုက်၊ သပြေစိုက်မှ၊ “ထိုနှိုက် သင်္ကာ၊ ပြဿနာကို၊ ပညာ ဖြတ်ချိုင်၊ ဖြေစွမ်း နိုင်မူ၊ လေးခိုင် ပန်းနု၊ လေးစု သဲမြေ[]၊ နင်းဖျက်စေ”ဟု၊ ပုံသေ စကား၊ သူငယ်များကို၊ မှာထား ပြီးလျှင်၊ မြို့တွင်း ဝင်၏။ သခင် ဖုန်းရှိ ၊ သာရိပုတ္တရာ၊ မဟာထေရ်ပျံ၊ ဆွမ်းတော် ခံတွင်၊ တရံ တွေ့ခိုက်၊ တိုက်ရိုက် တူရူ၊ မေးတော်မူသော်၊ ထိုသူငယ်တို့၊ သဲဖို့ မြေ, ခင်း၊ ကြောင်း, အခြင်းကို၊ မကြွင်း စေ့ရေ၊ ပြန်လျှောက်လေက၊ ထိုမြေ သဲပုံ၊ ပန်းမုံ,ပန်းကိုင်း၊ ထား လေတိုင်းကို၊ ဖြတ်ပိုင်း နင်းနယ်၊ သူငယ်တို့အား၊ ခန့်ထား,နှုတ်စေ၊ “ဤသဲ မြေနှင့်၊ သပြေ ဇမ္ဗူ၊ စိုက်ထားသူကို၊ လှိုက်ဆူ ကျော်ဝှန်၊ ဇေတဝန်၌၊ အစွန် သွယ်ထုတ်၊ ရှေ့စမုတ်ဝယ်၊ မေးပုစ္ဆာခံ၊ ငါ၏ထံသို့၊ ကောင်းကြံ သေခွေ၊ လာစေ”မိန့်ရှိ၊ ဂုဏ်ရောင်ညိသား၊ သာရိပုတ္တရာ၊ မြတ်စွာမထေရ်၊ ကြွလေသည်တွင်၊ ရွှေပြည် ထုတ်ချင်း၊ ရွှေမြို့တွင်းသို့၊ ချင်းနင်းပြီးမှ၊ ညီ,အစ်မတို့၊ ရောက်ကြလေရှောင်း၊ သူငယ်ပေါင်းတို့၊ အကြောင်း မချန်၊ အ ကုန်ပြန်က၊ ဝေယန် တမျှ၊ ရွှေကျောင်းမ,ဝယ်၊ သာလှ ထွန်းပေါ်၊ စမုတ် တော်သို့[]၊ အမြော်,အဖူး၊ အထူး ပုစ္ဆာ၊ လျှောက်အံ့ငှါသည်၊၊ ဗိုလ်ပါ, စုစု ဝေးဝေးတည်း။

[  ]

၄။။ မြို့သူ,မြို့သား၊ အများ ပရိသတ်၊ ရံပတ် အပေါင်း၊ စုတုံ ရှောင်း၍၊ ကျောင်းစမုတ်တော်၊ ရောက်လေသော်လျှင်၊ ရှင်ကျော် ဖုန်းရှိ၊ သာရိပုတ္တရာ၊ထေရ်မဟာလည်း၊ဂုဏ်ဝါစိုက်လွှင့်၊မေးလျှောက်လင့်၏[]၊ စဉ်သင့် တူပေါက်၊ လေးယောက် တူကွ၊ ညီ,အစ်မတို့၊ ဝါဒ တထောင်၊ အာဂုံဆောင်၍၊  စေ့အောင် မဆိုင်း၊ မေးလျှောက်တိုင်းကို၊ ဖြတ်ပိုင်း သန်လျှက်၊ ပယ်လိုက် တွက်က၊ မြေးရှက် ကြာခြည်၊ စ,မတည် သို့၊ မေးသည် တထောင်၊ ဝါဒမှောင်ကို၊ ဉာဏ်ရောင် ဖြေဖျောက်၊ ထိုလေးယောက်လည်း၊ ဝမ်းမြောက်,နှစ်လို၊ ကျွန်ုပ်တို့ဝယ်၊ မေးဘို့ ပုစ္ဆာ၊ မရှိပါပြီ၊ ပညာလုံးလုံး၊ ထိုသို့ ရှုံး၍၊ အဆုံး အခန်း၊ ကြာနှယ် မြန်း၏။ ရဟန်းပြုပါ၊ လျှောက်ထား ရာဝယ်၊ မဟာဥပ္ပလဝဏ်၊ မွန်သည် သတင်း[၁၀]၊ မိန်းမချင်းဟု၊ ဆောင်သွင်း သာသနာ၊ မကွာ သိမ်းမြန်း၊ ရဟန်း ပြုစေ၊ ကိလေသာမှုန်၊ စင် , ကုန် , ကင်း , ပျောက်၊   ဖိုလ် , မဂ် ရောက်သည် ၊       ၊ မြိန်သောက်, မြိုက်ရည် အေးအေးတည်း။

၅။။ ဘိက္ခူနီမြောက်၊ ထိုလေးယောက်တို့၊ မခေါက် မရက်၊ ဆ,ထက်လွန်ကဲ၊ အံ့အဲဖွယ်လိ[၁၁]၊ သာရိပုတ္တရာ၊ ဂုဏ်ပညာဖြင့်၊ ပြဿနာဖြေ၊ ကယ်တင်ပေ ဟု[၁၂]၊ အုတ်တွေ များစွာ၊ မြတ်သင်္ဃာတို့၊ သာယာ ချိုမြ၊ ချီးမွမ်းကြသော်၊ လောကဝိဒု၊ သဗ္ဗညုလည်း၊ “ယခုမှသာ၊ ဝါဒ ကိုယ်စီ၊ ဘိက္ခူနီအား၊ မြှောက်ချီသောတိ၊ အကျိုးရှိအောင်၊ သာရိပုတ္တရာ၊ ရှင်မဟာထေရ်၊ ဆောင်သည် ကျေးဇူး၊ မဟုတ်ဖူးတည့်။ ရှည်ကြူး သံသာ၊ ရှေးသောခါက၊ ပြည်ပါဋလိ၊ မြို့သီရိဝယ်၊ ဘူမိပါလ၊ အဿကတွင်၊ ပြည်မ ဦးကင်း၊ သတင်း ဂုဏ်ဆီ၊ ကျော်တိုင်း ညီသည်၊ နန္ဒီသေန၊ ရူပ လက္ခဏာ၊ ဖွယ်ရာ ကျစ်လစ်၊ မတ်ကြီး ဖြစ်၍၊ စစ်မှု ဆွေးနွေး၊ စစ်ဆင်ရေးဖြင့်၊ ဤလေးယောက်အား၊ မိဖုရားစင်၊ ဖြစ်အောင်ပင်တည့်၊ ကယ်တင်လေဘူး”၊ ကျေးဇူး မြောက်မြား၊ ရှေးကြောင်းလျားကို၊ ဖုရားတို့ ထုံး၊ လုံးလုံး မချန်၊   မိန့်တော်ပြန်သည်၊၊ တောင်းပန်,စိမ့်ငှာ သွေးသွေးတည်း။

[  ]

၆။။ လောက သခင်၊ သုံးလူ့ရှင်လည်း၊ မြတ်သင်္ဃာပေါင်း၊ ခွင့်တောင်းသောအား၊ ရှစ်ပါး အင်္ဂါ၊ ပြည့်စုံစွာတည့် သာယာ သံညီ၊ အာလုပ်ချီလျက်[၁၃]၊ မဟီ,သရဘူ၊ စ၍ ယူသော်၊ ငါးဆူ ငါးရာ၊ မြစ်သီတာသို့၊ ရောက်လှာ အမြဲ၊ ဝင်မစဲတည်။ ခက်ခဲ ရေကြီး၊ ပြင်းခတ်စီးလျက်၊ ခရီးကျယ်ပြော၊ ပင်လယ်ကြောသို့၊ လေးဩသတွင်း၊ ပိုက်လှောင်သွင်းမှ၊ မဆင်း,မရဲ၊ လွှတ်မည် ပွဲလည်း၊ ခဲခဲယဉ်းယဉ်း၊ အနေကျဉ်းလျက်၊ တညှဉ်း ဆိုးဆိုး၊ တစိုး ရိမ်ရိမ်၊ တလိမ် လစ်လစ်၊ တဖြစ် သွေးသွေး၊ တအေး လူလူ၊ တပူ လောင်လောင်၊ တတောင် ပတ်ပတ်၊ တလတ် လျားလျား၊ ရှိသည်များကြောင့်၊ ငါ့အား ကြည်ညို၊ ငါ့ဝယ် ခိုလျက်၊ ငါ့ကို နှစ်သက်၊ ငါ့လက်ထက်တွင်၊ ငါ့စက်တော်ရင်း၊ ကိုယ်ကို နှင်းမှ၊ ဖြောင့်စင်းသဒ္ဓါ၊ ဘာဝနာ ချုပ်ငုံ၊ လိမ်းသပ် ထုံ၍၊ လေးစုံ ဗိုလ်,မဂ်၊ အရတက်သည်၊ ငြိမ်သက်သဘော၊ အို သားစောတို့၊ ၊ ရှေသောအခါ၊ ပြည်ပါဋလိ၊ မည်ရှိ သမိုင်း၊ တိုင်း အဿက၊ ပေါက်ပြ သီးသီး၊ ကျော်သံချီးလျက်၊ ပြည်ကြီး အင်္ဂါ၊ ပြည့်စုံစွာသား၊ အောင်ချာ စံတည်၊ ထိုရွှေပြည်ကို၊ စိုးသည် နန်းစံ၊ ရာဇဓံ၌၊ တရံ မကင်း၊ မယွင်းမယို၊ သင်္ဂြိုဟ်လေးစု၊ မင်းကျင့်မှုဝယ်၊ တခု မကျန်၊ ပြင်းထန် တန်ခိုး၊ ဖုန်းတန်း နိုးလျက်၊ ဝန်ဖြိုး ပေါက်ပြ၊ အဿကဟု၊ ထွန်းပ ထင်ပေါ်၊ အမည်တော်ကို၊ ချီငေါ် ဆင့်ပွား၊ ရွံ့,လန့်ကြား၏။ ပြည်သား,ပြည်သူ၊ စိတ်ကြည်ဖြူ၍၊၊ ဆုယူ,အောင်သံ ကြွေးကြွေးတည်း။

၇။။ အဿက ဟု၊ ဒီပ ကျွန်းလုံး၊ သတင်း ဖုံးလျက်၊ ပတ်ကုံး လွန်ထင်၊ ရွှေပြည်ရှင်၌၊ ကုံတွင်မင်းမှု၊ နှင်းတပ်စု၍၊ ရင့်,နု မဌေး၊ ပြည်ထဲရေး၌၊ ဆွေးနွေး သိမှီ၊ နန္ဒီသေန၊ တမည်ရလျက်၊ အဂ္ဂမဟာ၊ သေနာပတိ၊ ပြည်ကြီး ဆီမီး၊ အမတ်ကြီးကား၊ ဂုဏ်သီးပွားတက်၊ ဂုဏ်ရွက် ပွားစည်၊ ဂုဏ်ရည် လေးဦး၊ ကျေးဇူး သတင်း၊ မျိုး,မြတ်ခြင်းနှင့်၊ ရောင်ဆင်းလှပ၊ သီလမွေ့သိမ်၊ ငြိမ်ဆိပ် တည်ကြား၊ မြောက်မြား သုတ၊ လောဘမရှိ၊ သတိ စွဲမြဲ၊ အရဲ,အရင့်၊ အခွင့်,အလမ်း၊ အစမ်း,အစုံ၊ ထုံး, နည်းပုံကို၊ အာဂုံရွက်ဆောင်၊ မှုမြားမြောင်လည်း၊ ပြီးအောင် ပြုလေ့၊ စေ့ စေ့,ငုငု၊ အင်ရှစ်စုကို၊ တခုမယွင်း၊ အမတ်ချင်းတို့၊ ဝပ်စင်းနှစ်ခြိုက်၊ ရိုသေထိုက် ဟု၊ ကောင်းကြိုက် ပြောကြွယ်၊ နှလုံးရွှယ်လျက်၊ မဆွယ်,မရှက်၊ [  ]မဖက်,မဆိုင်၊ မပြိုင်,မခိုင်၊ ယှဉ်မနှိုင်းတည့်။ တတိုင်း, ခရိုင်၊ တခြား ပိုင်သည်၊ တနိုင်ငံ ကွဲ၊ စိုးကဲ ဆောင်ယောင်၊ တပြည်ထောင်က၊ မရှောင် ကြော့ကြမ်း၊ ဒေါသမွမ်း၍၊ အစွမ်း အဆောင်၊ ဂုဏ်ရောင် ကျေးဇူး၊ မသိ ဖူးက၊ ဝှေ့ဆူး ရဲဟုန်၊ မာန်,မကုန်သည်။၊ ပြောင်မှန် ဖြူဝင်း၊ စွယ်ရောင် ကျင်းမူ၊ ခပင်း မြားမြောင်၊ လန့်ကြောက်ရှောင်သို့၊ ပြည်ထောင် တဝိုက်၊ အတိုက်တိုက်တွင်၊ ခြိမ်းရိုက် ကျော်သံ၊ စဲ,မညံတည့်။ နိုင်ငံ ပြည်ရေး၊ ဆွေးနွေး မင်းမှု၊ စီရင်စုလည်း၊ နုသော် ဝါဂွမ်း၊ ကြမ်းသော် သံယောင်၊ ရွက်ဆောင် ဓလေ့၊ ခြင်္သေ့ မင်းစိတ်၊ ရွှံ့မထိတ်သို့၊ မဖိတ်,မလည်၊ မြဲတည်ကြည်သည်၊၊ ဂုဏ်ရည် နက်နက် လေးလေးတည်း။

၈။။ မင်းအဿက၊ စောဒေ၀နှင့်၊ မြို့ပြ, ခရိုင်၊ ကိုယ်စီပိုင်၍၊ ထီးပြိုင် ဆောင်းချိန်၊ ကိုယ် အရှိန်နှင့်[၁၄]၊ ကလိင်္ဂရာဇ်၊ ထွန်းလစ် တေဇ၊ နရိန္ဒကား၊ “ဘယ်က စစ်မက်၊ ပြိုင်ဖော် ထွက်အံ့။ လက်နက်ကရိယာ၊ ဗိုလ်ပါ, မြင်း, ဆင်၊ အားပြချင်” ဟု၊ ဆင်ယင် မငြီး၊ ရထားကြီးတွင်၊ “သမီး ကညာ၊ ပါသည် လေးပါး၊ မိဖုရားလျှင်၊ မြှောက်ထားဝံ့သူ၊ စစ်မက်မူ”ဟု၊ ဇမ္ဗူ ကျွန်းမြေ၊ လှည့်ပတ်စေသော်၊ ဘယ် ဧကရာဇ်၊ စစ်မက် မရည်၊ ဘယ်ပြည်, ဘယ်မင်း၊ ဘယ် မြို့တွင်းက၊ ရန်ဘင်း မမာ၊ ပြည်ပါဋလိ၊ ရောက်သည်ရှိသော်၊ မတ်ကြီး ရည်သွား၊ စွမ်းအား ဗလ၊ ဉာဏ ဂမ္ဘီ၊ ပြည့်စုံညီသည်၊ နန္ဒီသေန၊ ကြံရေး မ,လျက်၊ အဿက မင်းကြီး၊ ဖုန်းရောင်ညီးသည်၊ သမီးကညာ၊ ပါသည်လေးပါး၊ မိဖုရားဟု၊၊ တင်ထား,ရွှေဘုံ မြန်းလတုံအံ့[၁၅]

၉။။ ဝိဝရထိ မာသံ ဒွါရံ, နဂရံ ပပိသိတုံ မယာ၊

အရုဏ ရာဇဿာ သီဟေန, သုသေဋ္ဌေန နန္ဒိသေနေန။

ဣမာသံ၊ ဤမင်းသမီးတို့အား။ နဂရံ၊ မြို့သို့။ ပဝိသိတုံ၊ ဝင်စိမ့်သောငှါ၊ အရုဏရာဇဿ၊ အရုဏ မည်သောမင်း၏။ သီဟေန၊ ပုရိသသီဟ ဖြစ်သော။ သုသိဋ္ဌေန၊ ဆရာတို့သည် ကောင်းစွာ ဆုံးမ အပ်ပြီးသော။ နန္ဒိသေနေန၊ နန္ဒီသေန မည်သော။ မယာ၊ ငါသည်။ ပေသိတာ၊ စေအပ်ကုန်သော။ တုမှေ၊ သင်တံခါးစောင့်တို့သည်။ ဒွါရံ၊ တံခါးကို။ ဝိ၀ရထ၊ ဖွင့်ကြကုန်။

[  ]

ကလိင်္ဂဟု၊ မည်ရ ကျော်ချီး၊ ထိုပြည်ကြီးက၊ သမီး ကညာ၊ လှ,မြတ်စွာတို့၊ ပြည် ပါဋလိ၊ ရောက်သည်ရှိသော်၊ မြေကြီး အထု၊ ဂုရု ပညာ၊ လိမ္မာ သိ , ညီ၊ ရှေးထုံးမှီသည်၊ နန္ဒီသေန၊ အဂ္ဂမဟာ၊ သေနာပတိ၊ ပြည်ကြီး ဦးကင်း၊ မတ်ခေါင်ချင်းကား၊ မျှော်တင်း ခန့်ရည်၊ တံခါးသည် ကို၊ ရွှေပြည် ဒွါရ၊ ဖွင့်ကြစေပြီး၊ သမီးကညာ၊ သိ,လိမ္မာသည်၊ ကလျာ ရောင်တောက်၊ မြို့တွင်း ရောက်မှ၊ ဝှန်ချောက် သတင်း၊ ပြည့်ရှင်မင်းအား၊ နားသွင်း တုံ့ခေါက်၊ ဤသို့လျှောက်၏။ “ရှေ့,နောက်,မြောက်,တောင်၊ တိုင်း ပြည်ထောင်ကို၊ နတ် လောင်မီးကျ၊ နှိုင်းတမျှလျှင်၊ သိကြား လက် နက်၊ ဝက်ဝက် ချိုးဖဲ့၊ ရှသကဲ့သို့[၁၆]၊ ပြည်တဲ့ အလုံး၊ အုပ်ဖုံး မဆံ့၊ လေး ကျွန်းနှံ့လျက်၊ ချီးအံ့ မကုန်၊ ဝသုန္ဓရေ၊ မြေလည်း စောင်းထောင်၊ တောင် လည်း ညွတ်လျ၊ တုန်လှုပ်ရရှင့်။ အဿက ရာဇာ၊ မည်တော်သာဖြင့်၊ ဆယ် ဖြာ တရား၊ ယွင်း,မမှားတည့်။ စော်ကား ရိုင်းပြ၊ ဒေါသ မာန်ယစ်၊ ရန်သူ ဖြစ်လည်း၊ ချစ်ချစ် ခင်ခင်၊ သားနှယ်ထင်၍၊ မှက်,ခြင်,ယင် ရောက်၊ သွေး တပေါက်မျှ၊ မသောက်စေချင်၊ စိတ်တော်ကြင်သည်။ နတ်ရှင် မင်းဖျား၊ စောတရား၊ ၊ပတ္တမြားတုံး၊ စဉ်သင့်ကုံးလျက်၊ ရွဲလုံး ပြည်တန်၊ ထွန်းသော ဟန်သို့၊ ကောင်းကြန် လက္ခဏာ၊ ရှုသာ မငြီး၊ သမီး ကညာ၊ ရတနာသည်၊ သမ္ဘာတက်တုန်း၊ ဖုန်းလည်း တက်တိုး၊ တန်ခိုး တောက်ပ၊ ဆက်လှာရဟု၊ ရွှင်ပျ လန်းလန်း၊ စိတ်တော်မှန်း၍၊၊ ရွှေနန်း,တင်တော် မူပါ လော့။

၁၀။။ “ ဇမ္ဗုဒီပ၊ ဤ ကျွန်းမြထက်[၁၇]၊ ရန်စ မပြုန်း၊ ဘယ်သူ နှုန်းအံ့။ ငါ့ဖုန်း ဖြိုးဖြိုး ၊ ငါ့တန်ခိုး က ၊ ငါစိုးသည့် ပြည် ၊ ငါ့ရည် ငါ့ချင်း၊ ငါ့မြင်း ငါ့ဆင်၊ ငါ့တွင် ပြည့်နှက် ၊ ငါ့လက်ထက်တိ[၁၈]၊ ငါ့ကရိယာ ၊ ငါ့ဗိုလ် ပါနှင့် ၊ လိမ္မာ ပွန်းတီး ၊ ငါ့မတ်ကြီး၏ ၊ ထွန်းညီး ထိန်ထိန် ၊ ပညာ ရှိန်ကို ၊ ကလိင်္ဂရာဇ် ၊ မသိဖြစ်က၊ ရန်စစ်ငြူစူ၊ မီးသည် ဟူလျက်[၁၉]၊ ယူသော် မလွဲ၊ စိတ်ကျိတ်ခဲ၍၊၊ မှတ်စွဲ,ထင်တော် မူပါလော့။

၁၁။။ “ မြင့်မိုတောင်ဖျား ၊ သူ့ တိုင်းကားနှင့် ၊ သိကြား နေရာ ၊ ရန်ရှာ ရန်ခိုက် ၊ စစ်မက် တိုက်သော် ၊ တရှိုက် ရှူရှူ[၂၀] ၊ တပူ ပင်ပင် ၊ တထင် [  ]စားစား၊ တသွား လာလာ၊တဆာ လောင်လောင်၊တတောင် လည် လည်၊ တမြည် တီးတိုး ၊ တညှိုး ခြောက်ခြောက် ၊ တတောက် ပတ်ပတ် ၊ တညွတ် ယိုင်ယိုင် ၊ တမှိုင် တွေတွေ၊ တရေ ရွတ်ရွတ်၊ တဆွတ် ပျံ့ပျံ့၊ တအံ့ ချီးချီး၊ ပြည် ပျက်စီး၍၊ သမီးလည်း ဆုံး၊ နှလုံး မသာ၊ အသုရာသို့၊ အာဏာ မာန်ရှိန်၊ ညှိုးငယ်ပိန်လျက်၊ ကလိင်္ဂရာဇ်၊ တိုင်းစစ် သခင်၊ ရှိမည် ပင်တည့်။ ဆောလျင်မဆိုင်း၊ ကြံအားလှိုင်းလျက်၊ တိုင်းကလိင်္ဂ၊ မြို့, ပြ, မြင်း, ဆင် ၊ ကုန်စင် လက်နက် ၊ ယူ၍ ဆက်အံ့ ။ ရွှေလက်တော် ရောက် ၊ မဖေါက်ဧကန်၊ မှန်ပြီ မလွဲ၊ စိတ်တော်စွဲ၍၊ ၊ စစ်ပွဲ,ဝင်တော် မူပါ လော့[၂၁]။”

၁၂။။ နန္ဒီသေန၊ ပဏ္ဍိတလျှင်၊ အဿကမင်း၊ ထွတ်သနင်းအား၊ နားသွင်း လျှောက်ပြီး၊ သမီး ကညာ၊ ကလျာ ရွှေသား၊ ထိုလေးပါးသည်၊ မိဖုရားအရာ၊ ရောက်သောခါမှ၊ ဗိုလ်ပါ အများ၊ သံတို့အားကို၊ စကား မခြွင်း၊ နားပါးသွင်း၍၊၊ လင်းလင်း,ဖော်ပြ ဆိုလတည်း။

၁၃။။ “ကလိင်္ဂရာဇ်၊ မင်းစစ် စေသံ၊ ရေးရာပြုဟု၊ သူ နိုင်ငံကြီး၊ သည်ခရီးသို့၊ သမီး ကညာ၊ ဆက်ပို့လှာသည်၊ လိမ္မာ ဖြောင့်စင်း၊ အို အချင်းတို့၊၊ ရောင်ဆင်း လှတင့်၊ ပြစ်မျိုးလွင့်သည်၊ နတ်ရှင့်သမီး၊ မကြီး ရွှင်ပြုံး၊ လေးယောက်လုံးကို၊ လေးကုံး မဏိ၊ ရွှေနှင့်ညှိသို့၊ မင်းမိဖုရား၊ အရာထားလျက်၊ မြှောက်စား ကြည်လင်၊ ရွှေနန်းတင်ပြီး၊ ဆင်ယင် တန်ဆာ၊ စုံလင်စွာလျှင်၊ ပါဋလိမြို့၊ ရောက်အောင်ပို့ ဟု၊ သင်တို့ ဇနိန်၊ ကလိင်္ဂရာဇ်၊ မင်းစစ်, မင်းဖျား၊ မင်းတရားအား၊ ကြောင်းလျား ထုတ်ဖေါ်၊ ရေးရာမျှော်၍၊၊ နားတော်,သင်တို့ လျှောက်လေကုန်။

၁၄။။ “နရာဓိပ၊ အဿကဟု၊ ပေါက်ပြ ကျော်ထင်၊ တို့အရှင်နှင့်၊ ကျွမ်းဝင် ဆပွါး၊ ရွှေနှစ်ပြား ကို ၊ တပြားတည်း ထပ်[၂၂] ၊ စပ်သောအလား၊ ရေဝယ်သားက၊ အခြား မတည်၊ ပြည်နှစ်ပြည်ကို၊ တပြည်တည်း ပြွမ်း၊ မေတ္တာဆမ်းလျက်၊ ရွှေလမ်း,ငွေလမ်း၊ ပြည့်မွမ်းလာရောက်[၂၃]၊ ခရီးပေါက် ၍၊ ခံသောက် စိတ်တူ ၊ သစ္စာ ယူက၊ ထီးဖြူ နန်းအိမ် ၊ မစိုးရိမ်ပင်[၂၄] ၊ စည်း [  ]စိမ် မပျက်၊ အသက် မသေ၊ နေရာ မနိမ့်၊ ကောင်းလျှင်း စိမ့်ဟု၊ မနှိမ့်,မချ၊ မ,စ တာရှည်၊ ပြုစုမည်ကို၊၊ကြံစည်,တွေးဆ ထောက်လေကုန်။

၁၅။။ “ မီးလည်း မသေ၊ ရေလည်း မနောက်၊ မရှောက် ကြာပင်၊ မှုရေးအင်ကို၊ သင်တို့ မင်းစိုး၊ မကြိုက်နိုးက၊ တန်ခိုး ခေါင်ချာ၊ အာဏာ ခေါင်ချင်း၊ ဖုန်းဝင်းခေါင်တိုင်၊ ဖြိုးဖြိုးမြိုင်မျှ၊ စိုးပိုင်ခန့်ပိုင်း၊ အတိုင်းမသိ၊ ပါဋလိဟု၊ ပြည်ကြီးသခင်၊ စောနတ်ရှင်ဝယ်၊ ပဲ့တင် လွှမ်းညီ၊ မိုးကြိုးသီသို့၊ နန္ဒီသေန၊ ပေါက်ပြ ထုတ်ချင်း၊ သတင်း ကြေညာ၊ သေနာပတိ၊ ငါစင် ရှိလျက်၊ ထိထိ ပါးပါး၊ ဘယ် လေးစားအံ့။ မိုးဖျား စက်ရှိန်၊ တောက်လောင် ထိန်ကြောင့်[၂၅]၊ ကလိင်္ဂရာဇ်၊ တိုင်းလုံးချစ်သည်၊ သူ့စစ်သူကြီး၊ တို့နှင့် နီးသော်၊ လည်လှီး၍ ကွန့်[၂၆]၊ အသက်စွန့်က၊ ရန်ညွန့် ပျောက်ပြေ၊ တပ်လုံး ကြေမူ[၂၇]၊ စစ်မြေ အတွင်း၊ စစ် ခင်းကျင်း၍၊ ဆင်,မြင်း ကိုယ်စွမ်း၊ မစမ်းရမည်၊ သည်သာ ထဲပိုက်၊ စိုးရိမ်လိုက်၏။ သူတိုက်မည်ကြံ၊ စစ်ပွဲခံက၊ တဆံခြည်ခန့်၊ လန့်, မစိုး၊ တို့ မညှိုးတည့်။ အားကြိုး ပြင်းထန်၊ တိုက်မည် မှန်မူ၊ ခန့်ရန် ဆင်, မြင်း၊ ဖြည့်တင်း ရဲမက်၊ များ လက်နက်လည်း၊ ရေတွက် မနိုင်၊ ရုံးစုပြိုင်၍၊၊ တပ်ခိုင်,တပ်ကြီး ဆောက်လေကုန်။။ ”

၁၆။။ နန္ဒီသေန၊ မတ်လှ တန်ဆောင်၊ မတ်ခေါင်, မတ်ဖျား၊ စကား, စီကုံး၊ ခြင်္သေ့ ကြုံးသို့၊ လက်ရုံး အရည်၊ ပြလိုက်သည်နှင့်၊ နေပြည်ရပ်ဌာန်၊ စေတမန်တို့၊ ပြန်လည် ရောက်ကြ၊ ကလိင်္ဂဟု၊ မည်ရ ဟိုးဟိုး၊ ရေ,မြေ စိုးသည်၊ တန်ခိုး ထန်ပြင်း၊ ထိုသည့်မင်းကို၊ အချင်း တမန်၊ လျှောက်ပြန် စကား၊ အကုန်ကြားက၊ မီးပွါး ယမ်း၌၊ ဟူးဟူးတိုက်သို့၊ မျက်အိုက် ဒေါသ၊ ပြွမ်းပြွမ်း ထလျက်၊ လ၏ အန္တရာယ်၊ ရာဟု ကွယ်သို့၊ “အဘယ် ကြောင်းလမ်း၊ ဘယ်စွမ်းပကား၊ ဘယ်အား,ဘယ်အန်၊ ဘယ်ကျွန်,ဘယ်ကျေး၊ ဘယ်သူသွေး၍၊ ဘယ်ရေးကိစ္စ၊ မဟုတ်လှလျက်၊ အဿက မင်း၊ နှလုံးသွင်းက၊ ဖျင်းဖျင်း သိမ်သိမ်၊ အမြင်တိမ်နှင့်၊ ရန်နှိမ် ကျော်သောင်း၊ ငါ့အကြောင်းကို၊ ပွဲကောင်း ကြိုက်ဆုံ၊ မကြုံဘူး၍၊ ဆူးဆူး ရားရား၊ အကြံမှား” ဟု၊ ဗိုလ်များ အလယ်၊ တင့်တယ်စလောက်၊ တံခွန်ဆောက်သို့၊၊ အားမြောက်,သံပ ကြုံးသည်တည်း[၂၈]

[  ]

၁၇။။ “မင်းလည်း စိတ်တူ၊ အယူ ကြံသီး၊ အမတ်ကြီးတို့၊ သမီးကို ယူ၊ ထီးဖြူမနှင်း၊ အကြံတင်းလည်း၊ အတွင်း,ပြင်လုံ၊ လိုတော်ကြုံ”ဟု၊ ဗိုလ်ပုံ ခင်းကျင်း[၂၉]၊ ဆင်း,မြင်း,ရထား၊ မြည်း,လား မွမ်းဖြင့်၊ ရိက္ခာတင်လည်း၊ မြေပြင် တင်းကျမ်း၊ ညိတ်ညိတ်မွမ်းမျှ၊ ခွဲခြမ်း သီးသီး၊ ရန်တားပြီးမှ၊ “မြေကြီး အနှံ့၊ ငါချီအံ့တည့်။ ခိုင်ခံ့ လေဟန်၊ မာန်တကြွားကြွား၊ အား, တသုံးသုံး၊ ကြုံး,တလွှားလွှား၊ စကားအရေး၊ လူရည်သွေးလျက်၊ မလေး မထီ၊ မင်းကို မှီသည်။ နန္ဒီသေန၊ အစွမ်းမျှကို[၃၀]၊ ငါက သူရဲ၊ အလဲလဲနှင့်၊ တပွဲ,တလမ်း၊ စမ်းလိုက်ရစေ၊ ထိတိုင်းကြေစိမ့်”[၃၁]၊ ပိုင်မြေ, တိုင်းကား၊ ကျေးကျွန်များကို၊၊ ခန့်ထား,အကုန် ရုံးသည်တည်း[၃၂]

၁၈။။ ရထား,မြင်း,ဆင်၊ စုံလင် ပေါင်းရှက်၊ လက်နက် လေး ကိုင်၊ ဒုတ်နိုင် ဓားဆွဲ၊ စီ,ခွဲ ခန့်ထား၊ ရဲမက်များတွင်၊ ကြီးမား အချုပ်၊ တပ်အုပ်, တပ်ခေါင်း၊ တပ်ပေါင်းဆိုင်ရာ၊ ဗိုလ်ပါ အကြပ်၊ စီရင် ကွပ်၍၊ ငါ့တပ် ကျော်ချင်း[၃၃]၊ သူ့ ပြည်တွင်းသို့၊ နင်းမိသောခါ[၃၄]၊ ရိက္ခာ ဖြည့်တင်း၊ စိုင်းပြင်း အကြံ၊ မြို့ကို ရံ၍၊ နိုင်ငံတလွှား၊ စပါး, ဆန်ရေ၊ ဖျက်ဆီးစေမှ၊ ထိုမြေပြည်သူ၊ ပြင်က လူကို ၊ ဖမ်းယူ ညှဉ်းဆဲ၊ ဆင်းရဲသောခါ၊ ဘယ်နေသာအံ့။ မြို့ပါဋလိ၊ သိသိ ကြေညက်၊ မပျက် သမျှ၊ ပြည်ဗိမာန်၊ ငါမပြန် ဟု[၃၅]၊ ပြင်းထန် ထောင်းထောင်း၊ မျက်ရှိန် ခြောင်း၍၊၊ ခြိမ်းမောင်း,အာဏာ သုံးသည်တည်း[၃၆]

၁၉။။ မည်တော် အဿက၊ နရိန္ဒ လည်း၊ ကြံဆ ဆွေးနွေး၊ ရက် မဝေးလျှင်၊ စစ်ရေးပေါ်မည်၊ သိလေသည်ကြောင့်၊ ကြံစည် ထောက်ရှု၊ စီရင်မှုကို၊ ယခု မညောင်း၊ တိုင်ပင်ကောင်းဟု၊ အကြောင်း စုံစီ၊ စစ်ထား ညီအောင်၊ နန္ဒီသေန၊ မည်ရ ထင်ရှား၊ မတ်ခေါင်ဖျားအား၊ စကား မြွက်ခြည်၊ တိုင်ပင်သည်ကား၊ “ပတ်လည် မျက်နှာ၊ ရှုဘွယ်သာလျှင်၊ မြင့်စွာဖြူးဖြူး၊ တောင်ထိပ်ဦးဝယ်၊ မီးရှူး တင့်တယ်၊ ထွန်းသောနှယ်သို့၊ ပြည်စွယ်,ပြည်သွား၊ ပြည်နား,မျက်စိ၊ ပြည်ကြီး တန်ဆာ၊ ဂုဏ်,ပညာနှင့်၊ လိမ္မာ [ ၁၀ ]ပွန်းတီး၊ အမတ်ကြီး၊၊သူ့ထီး သူ့နန်း၊ သိမ်းမြန်း ထိုထို၊ ငါ ရလို၍၊ ကုသိုလ် စီးပွား၊ တရား မရှု၊ အမှု ဖွေနည်၊ မကြံသည်ကို၊ အပြည်ပြည်သား၊ တိုင်းကားမြို့နေ၊ သက်သေလည်းရှိ၊ အားလုံးသိ၏။ ထိထိခိုက်ခိုက်၊ လောဘလိုက်ဖြင့်[၃၇]၊ စစ်တိုက် သဘင်၊ ပြည်ကြီးရှင်သည်၊ သို့စင် မူ,ရူ၊ ကျင့်သည် ဟူ၍၊ ထီးဖြူ ဆောင်းချင်း၊ နောင်လာမင်းတို့၊ သတင်း ကျိုးမဲ့၊ မကဲ့ရဲ့သာ၊ ယခုမှာကား၊ မျက်ပါ ဆူးဆူး၊ ရူးမူး ထွက်ချိန်၊ မာန်အရှိန်နှင့်၊ ကလိင်္ဂရာဇ်၊ နှလုံးယစ်၍[၃၈]၊ စင်စစ် မကြာ၊ လာမည် ဧကန်၊ ဆက်ဆက် မှန်လည်း၊ ဆဒ္ဒန်ဆင်အား[၃၉]၊ ကြန်ကိုးပါးနှင့်[၄၀]၊ ထောင်ထား ကြိုးကြိုး၊ စီးချင်းထိုးလည်း၊ ဖြစ်ရိုး သက်သေ၊ မရှိလေတည့်။ စေရေ ကြောင်းခြင်း၊ အခင်းခင်းကို၊ စိုင်းပြင်း စာနာ၊ တွေးတောရှာသည်၊၊ တို့မှာ,ထွေလည် မစိုးတည်း။

၂ဝ။။ “သို့ပင်ဖြစ်လည်း၊ စစ်မက်ခန့်ရန်[၄၁]၊ နိုင်ထောက်တန်၍၊ နိုင်ဟန် မျှော်တွေး၊ နိုင်မည့်ရေးကို[၄၂]၊ မလေး,မစား၊ ကြိုးအား မထူ၊ ရှိချေမူကား၊ ထိုသူ လုံးလုံး၊ စစ်မက်ရှုံးဟု၊ ရှေးထုံး စာပေ၊ ထွက်ရှိချေ၏။ သေခွေ မူလ၊ ဝီရိယဖြင့်၊ နေ့ည မလစ်၊ အုပ်,ကံမြစ်လျက်၊ စစ်တို့သဘော၊ စစ်ဆေးကြော၍၊ စစ်ပြော စစ်ပြု၊ စစ်မှု စစ်လို၊ စစ်ဆို စစ်ထွက်၊ ဆောင်လေ့ကျက်လော့။ စစ်မက် အောင်ရာ၊ အင်္ဂါ အပြား[၄၃]၊ ဆယ်နှစ်ပါးတွင်၊ ငါကား မင်းပင်၊ သင်လည်း အမတ်[၄၄]၊ ညီညွတ်ကြစွာ၊ ငါ့ဇာတာလည်း၊ ပြစ်ဆာ သန့်ရှင်း၊ ပေးကမ်းခြင်းဖြင့်၊ ဆင်,မြင်း ဗိုလ်ပေါင်း၊ သူရဲကောင်းလည်း၊ သိန်း,သောင်း သင်္ချေ၊ ဆန်,ရေ,စပါး၊ ပြည့်စုံများလျက်၊ ပြည်သား ပြည်သူ၊ ဘေးမြူ စင်ကြယ်၊ အန္တရာယ်နှင့်၊ ပျောက်ကွယ် ရောဂါ၊ ချမ်း,ငြိမ်း, သာသည်၊၊ မြို့ရွာ,ရွှေပြည် မညှိုးတည်း။

၂၁။။ “ ဤခုနစ်ပါး ၊ အကြောင်းများနှင့် ၊ သင်ကား မတ်ကြီး၊ ခြားသီး ပညာ ၊ ရေးရာ မြော်မြင် ၊ စစ်မှုအင်ကို ၊ စီရင် လိမ္မာ ၊ မဆိုသာ တည့်။ ယာတြာမှု၊ ပြုသည် တထောင့်၊ သူလျှို နှောင့်လျက်၊ ပြည်စောင့် နတ်အား ၊ ဆပွား မလွဲ ၊ ပူဇော်မြဲတည့် ။သူရဲ ဗိုလ်လူ ၊ နှလုံးဖြူလျက်၊ [ ၁၁ ]စစ်သူကြီးက၊ ခန့်သမျှကို၊ ယွင်းခွ မဖည်၊ အာဏာတည်ဟု၊ ဤသည် လေးပါး၊ ကျန်သည်များကို၊ ခန့်ထား ပြီးစေ၊ သူ့မြေ, သူ့ပြည်၊ လိုသည် ကိစ္စ၊ ငါ မတ,လျက်၊ သူက အလျင်၊ စ၍တင်သော်၊ အောင်မြင်မည်ရေး၊ မှု,ဆွေး နွေးမှ၊ ရှာရွေး ကောက်ယူ၊ ကြံတော်မူ၏။ ရန်သူ သေပျောက်၊ ဝမ်း မြောက်မဲ့ရာ၊ ထိုနည်းလာသည်၊၊သို့သာ,ဖွေနှည် မငြိုးတည်း။

၂၂။။ “တို့နိုင်ငံတွင်း[၄၅]၊ သူက ချင်းမှ၊ မြင်းလည်း မသွယ်၊ နယ်လည်း မတား၊ ရထား ပိုက်တန်း၊ နှစ်ချက်သန်း၍၊ မှန်းထ လေးတပ်၊ တရပ် တသီး၊ နှစ်စီး ဆင်ပြောင်၊ ပိုက်သွင်းလှောင်သော်၊ မရှောင်လေကောင်း၊ ခွေပတောင်းလည်း၊ သွားကြောင်း မထွက်၊ သွားကွက် မမှန်၊ သွားအန် မစွမ်း၊ သွားလမ်း မသာ၊ ထိုပမာသို့၊ လက်ယာ တကွဲ၊ လက်ဝဲ တထောက်၊ ရှေ့ နှင့် နောက်လည်း၊ တလျှောက် ရံပတ်၊ အစာသတ်က၊ မှုတ်, ငတ် ခေါင်းပါး၊ တောင်,မြောက် သွား၍၊ အစား,ဆန်ရေ၊ ရှာဖွေသမျှ၊ ဆီးဆ တိုက်ဖျက်၊ အချက်ချက်နှင့်၊ စစ်မျက်နှာ နွမ်း၊ သို့ မစွမ်းမှ၊ ရှင်ဖမ်းယူချင်၊ စိတ်တော်ထင်၏[၄၆]။ ပုံပြင် ဆွေးနွေး၊ ဤအရေးကို၊၊ ထောက်တွေး, ဘယ့်နှယ် ထင်သနည်း။

၂၃။။ “ထူးထူးလည်လည်၊ ကြောင်းတတည်ကား၊ မုံ့သည်မ, သား၊ မုံ့နားစားသို့၊ စွန်းနား တပ်ငယ်၊ တပ်စွယ် တပ်သိမ်၊ နင်းလိုက်နှိမ်၍၊ မငြိမ်,မသက်၊ တပ်ရံ ပျက်က၊ ကိုင်းခက် ကုန်စင်၊ ပန်းသစ်ပင်သည်၊ ရှင် မည်အရေး၊ ဝေးလေသည့်နှယ်၊ နွမ်းနယ်တပ်မ၊ ရဲမက်ကြွမူ၊ ဆီးဆဗိုလ်ပါ၊ ရံဝန်းကာလျှင်၊ တငါယက်သဲ့၊ အားတိုင်းကဲ့၍၊ ကြွင်းမဲ့အားလုံး၊ ငါးပုံ ကျုံးသို့၊ ဤထုံးအသွင်၊ ငါကြိုက်ချင်၏။ စီရင် ပြီးစီး၊ ဘယ်ကိုမှီး၍၊ မတ်ကြီးစိတ်ထား၊ ဘယ်ကြံများဖြင့်[၄၇]၊ ခန့်တား,ထုံးမိတ် ချင်သနည်း။

၂၄။။ “သူ့ပြည်,သူ့မြို၊ သူတို့ တိုင်းစွန်၊ ခရီးလွန်က၊ အားခွန် လျော့ပါး၊ မြေ,ရေခြား၍၊ အဖျား အနာ၊ ရောဂါ နှိပ်ညှဉ်း၊ လမ်း ခဲယဉ်းသော်၊ လမ်းစဉ်း မသိ၊ လမ်းပင် ရှိလည်း၊ စိစိ ကြပ်ကြပ်၊ ဘယ်အရပ်တွင်၊ ဘယ်တပ် ချမည်၊ ဘယ်ပြည်,ဘယ်ရွာ၊ မသိသာတည့်။ ပမာပုံထား၊ တရွာ သွားက ၊ တအား လျော့ကြုံ ၊ ဆိုသော့ပုံသို့ ၊ တောအုံ , တောင်ကမ်း ၊ စစ် [ ၁၂ ]မြေလမ်းဝယ်၊ ထောက်လှမ်းမမီ၊ ကစီ,ကလျဉ်၊ ကစဉ်,ကလျား၊ ရဲမက် များတို့၊ စိတ်အား လောင်လင်၊ ညိုးပူပင်သော်[၄၈]၊ ဗိုလ်အင် အဖြီး၊ ရှေ့က ဆီးလျက်၊ တသီး တတိုက်၊ နောက်ကဝိုက်မှ၊ ဖူးကိုက်ညောင်ပျို၊ အားတိုင်း ခိုလျက်၊ ထန်းကို ပတ်ရစ်၊ သေအောင်ညှစ်သို့၊ မူး,မြစ် ချောင်း,မြောင်း၊ ရေကြောင်း သင့်ရာ၊ မပြန်သာအောင်၊ ကုန်းမှာတုံလည်း၊ လကောင်းနည်းလျှင်၊ ရေ,ကြည်း အစုံ၊ တပ်လုံးအုံက၊ မှုကုံတော့မည်၊ မရှည် မဝေး၊ ခန့်ရည်တွေးသည်[၄၉]၊ အရေး,ဘယ်သို့ မြင်သနည်း။။”

၂၅။။ အဿကမည်တော်၊ သိညီကျော်သည်၊ ထင်ပေါ် သတင်း၊ နတ်ရှင်မင်းက၊ လင်းလင်း ဖေါ်ပြ၊ မေးကာလ၌၊ စက်ချသောငြမ်း[၅၀]၊ နည်းနာပြွမ်း၍၊ ထုံးတမ်း ပွန်းတီး၊ မတ်ကြီး ပီပီ၊ နန္ဒီသေန၊ ကိစ္စတွေးမျှော်၊ အကြောင်းဖေါ်၍၊၊ နားတော်,သာညံ့ လျှောက်လတည်း။

၂၆။။ သေနင်္ဂါ သေနာစဂတိ၊ တထာ သေနုပဂါ သေနာ၊
ယုဒ္ဓါပဋိဂ္ဂဟာ သေနာ၊ ဘေဒါ နိဝတ္တနာ စေတိ၊
သတ္တဓာ ယုဒ္ဓဝိဓယော။

ဥရော ကစ္ဆော ပဿောစေဝ၊
မဇ္စျံ ပိဋ္ဌိ ပဋိဂ္ဂဟော၊
ကောဋိ မူလဗျူဟောစေတိ၊
သတ္တင်္ဂ ဗျူဟာ ဥစ္စရေ။

ပါသာဒိက၊ ဗျူဟောစေဝ၊
မုဒိင်္ဂ သမ ဒဏ္ဍကာ၊
စင်္ကောဋက၊ ဗျူဟောစေတိ၊
ဂတိ သေနာ စတုဗ္ဗိဓာ။

စန္ဒကာ ဗျူဟောစေဝ၊
ပဘင်္ကရ ဗျူဟောတထာ၊
ဒွိဓာ သေနု့ပသင်္ကမာ၊
ဝိညေယျာ ဗျူဟဝိညုနာ။

[ ၁၃ ]

ဒွိဇာဓိပေါ ဝါရိဧဝဂေါ၊

ဥသဘော ဓနုကောပိစ၊
မကရော ဘုဇဂေါစေတိ၊

ဆဓာ သေနာ ယုဒ္ဓါ ဗျူဟာ။

နဒိစရံ ဝိစ္ဆိကဉ္စ၊
သကဋံ မဓုဝတ္တနံ၊
ဓင်္ကပါဒံ ဥဒ္ဓနဉ္စ၊
ဆဓာ သေနာ ပဋိဂ္ဂဟာ။

ဒွိဇာဓိပေန သကဋံ
ဥသဘေနစ ဥဒ္ဓနံ
နဒိစရံ ဝိစ္ဆိကဉ္စ၊
ဝါရှိဝေဂေန ဘိန္ဒတိ။

ဓင်္ကပါဒံ မကရေန၊
ဘုဇဂေန မဓုကရံ၊
ဓနုပက္ခေန ဝိညေယျံ၊
ဆဗ္ဗိဓံ သေနဘေဒနံ။

“ မြင့်မို လက်ယာ၊ တောင်မျက်နှာထက်၊ နေဝါ ဆီမီး၊ ဖုန်းတန်းကြီး၍၊ သမီးကညာ၊ ရောက်စိမ့်ငှါဟု၊ အာဏာ မခြောင်း၊ မခြိမ်း မောင်းလျက်၊ ထီးဆောင်း နန်းပိုင်၊ ကိုယ်စီဆိုင်သား၊ တနိုင်ငံခြား၊ ထိုမင်း အားကို၊ နတ်များ နှိုးဆော်၊ ပင့်ချီခေါ်မှ၊ ထံတော် စက်အောက်၊ ဆက်လှာ ရောက်၍၊ အားမြှောက် ချီပင့်၊ ကြုံစတင့်သည်၊ လင်းပွင့် တန်ခိုး၊ ပြည့် ထိပ်မိုး၊၊မှတ်ရိုး နည်းနာ၊ စစ်ရေးမှာမူ၊ အင်္ဂါတရပ်၊ စစ်ကပ် ထုံးမှီ၊ စစ်ချီ ထုံးမျိုး၊ စစ်ထိုး ထုံးစံ၊ စစ်ခံ တချက်၊ စစ်ဖျက် တတန်၊ စစ်ပြန် တခြား၊ ခုနစ်ပါးဟု၊ ကြောင်းလျားဥဿုံ၊ အကျဉ်းစုံသည်၊၊ မှတ်ပုံ, မှတ်ဖွယ် စကားတည်း။

[ ၁၄ ]

၂၇။။ “ ထိုသို့ စီရင်၊ စစ်ရေးတွင်၌ ၊ စစ်အင်္ဂါကား ၊ ခုနှစ်ပါးမူ၊ ရှေ့ဖျား စူးစူး၊ ရှေ့ဦး ခန့်ရည်၊ ရှေ့က တည်၍၊ ချီသည် တပ်ကား၊ စစ်ဖျား,စစ်လျင်၊ ရင်တွင် ဆွယ်လျက်၊ နောက်နှစ်ဖက်တွင်၊ နှစ်လက် သွယ်ဖုံး၊ စစ်ပခုံးတည့်။ ထိုသုံးစုပြင်၊ မင်းရှေ့တွင်မူ၊ စစ်အင် မူလ[၅၁]၊ စစ်ရင်ဝတည့်။ တပ်မ အရံ၊ နှစ်ဖက်ခံမူ၊ စစ်နံ တလျှောက်၊ ထိုတပ်နောက်မှု၊ စစ်ကျောက်ကုန်းဟု၊ အမည်ပြုရှင့်၊ တစု နောက်ရံ၊ နောက်ခံ,နောက်ထား၊ ဤသို့ ပြား၏။ နှစ်ပါး ပုံခင်း၊ စစ်ကပ်ခြင်းမှု၊ ထိန်ဝင်း လျှံပတ်၊ လပြသာဒ်ဝယ်၊ နက္ခတ် တာရာ၊ ရံဝန်းကာသို့၊ ဗိုလ်ပါ စစ်သည်။ ပတ်လည် ခင်းကျင်း၊ မင်းအလယ်က၊ တပ်ချီကြမူ၊ လ,နှယ်ထွန်းသစ်၊ တူသော စစ်နှင့်၊ တက်တစ် ပြိုးပြောင်၊ ခြည်တထောင်သည်၊ တောက်လောင် သည်နှင့်၊ နှိုင်းချင့် တရည်၊ မင်းရှေ့တည်၍၊ ချီသည် စစ်ကား၊ နေမင်း လားဟု၊ နှစ်ပါး အင်္ဂါ၊ စစ်ရေးရာသည်၊၊ စဉ်လာ,အထင် အရှားတည်း။

၂၈။။ “လေးပါး ခင်းကျင်း၊ စစ်ချီခြင်းကား၊ ဆင်,မြင်း,ရထား၊ အသွား အမှတ်၊ ပြာသာဒ် တူရိုး ၊ မုရိုးစည် နှယ် ၊ တသွယ် , တကြောင်း၊ ပန်းတောင်းသဏ္ဌာန်[၅၂] ၊ ရှားလှင်ကန်နှင့် ၊ တုဟန် မယွင်း၊ စစ်ချီခြင်း တည့်။ မင်း အလယ်နေ၊ ဗိုလ်ခြေ မကွဲ၊ လက်ဝဲ နံကာ၊ လက်ယာ နံတောင်း၊ စစ်အား ပေါင်း၍၊ တကြောင်းတည်း ကွန့်၊ များအဝှန်တည့်။ တောင်ညွန့် ဂဠုန်၊ စွမ်းအားဟုန်ဖြင့်၊ ပျံခုန် ကြွားကြွား၊ သွားမည် အယောင်၊ ဂဠုန် တောင်တည့် ။ ရှေ့ဆောင် နွားလား ၊ သွားရာ စိုက်စိုက်၊ အစဉ်လိုက်သို့၊ တိုက်သည့် စစ်ကား ၊ နွားပမာဏ ၊ ဥသဘတည့် ။ ထိုမှတဆန်း၊ မကန်း ကွက်လား၊ ရှေ့ဖျား တကွဲ၊ လက်ဝဲ တဖြာ၊ လက်ယာ တစု၊ ဤသို့ ပြု သည်၊ ဗိုလ်ထု ရှက်သန်း၊ စစ်မကန်းတည့်။ ရှေ့တန်း နောက်ဝိုက်၊ တပ်စု လိုက်၍၊ တိုက်သည် တဆစ်၊ လေးပြင်းစစ်တည့်။ တိရစ္ဆာန် မြွေ၊ ပတ်မခွေပဲ၊ ဖြန့်ဖြေ ကျောကျော၊ စွယ်ငေါငေါဖြင့်၊ သွားသော ပုံယူ၊ ထို့အတူလျင်၊ မင်းမူ ရှေ့တည်၊ တိုက်သည် စစ်ကား၊ စစ်မြွေတွားတည့်။ စစ်ဖျား , စစ်လယ်၊ တပ်စဉ် သွယ်မှ၊ နောက်ဝယ် စိစိ၊ စစ်အား ဖိ၍၊ မငြိ မသွေး၊ [ ၁၅ ]ရေယဉ်ပြေးသို့၊ အရေး ထောက်ဆ၊ တပ်မ မကွဲ၊ နောက်က ကဲလျက်၊ တိုက်ပွဲစစ်ဆင်၊ ရေယဉ်သွင်သည်၊ ၊စစ်အင်,စစ်မှု ခြောက်ပါးတည်း။

၂၉။။ “ တနည်း စစ်ထိုး၊ ထုံးရိုး စိုက်စိုက်၊ ဆင်သိမ်းပိုက်အံ့။ တိမ်တိုက် မြွေတွား၊ ကျားသွား ပမာ၊ ဟင်္သာ ပျံဝဲ၊ ပိုက်စိပ် ဆွဲက၊ ပျားစွဲ တောင်ထွတ်၊ ပုံခတ် ဆိုလေ့၊ ခြင်္သေ့ သွားနင်း၊ ဖါးခုန်ဆင်း နှင့်၊ မယွင်း နှိုင်းချက်၊ ခြပုန်း တက်သည်၊ စစ်မက် ချီသွား၊ ဆယ်ပါး တွက်ဆ၊ တနည်း ပြ၏။ သကဋဗျူဟာ၊ ဆိုသည်မှာကား၊ တပ်တာ ပုံယူ၊ လှည်းဦး တူသို့၊ စစ်သူကြီးတို့၊ လေးသီး,လေးရပ်၊ စက်လေးချပ်သို့[၅၃]၊ လေးထပ်,လေးဝ[၅၄]၊ ဤသို့ ချမူ[၅၅] ၊ ရထဗျူဟာ၊ ပဒုမ္မာ ဟု၊ ရွှေကြာ ပွင့်မုံ ” ၊ တူသော ပုံကား၊ ပဒုမ္မဗျူဟာ၊ ဗိုလ်ပါ အပြည့်၊ စက်သွား လှည့်သို့၊ ဆင်သည့် မူလ၊ အဝန်း ချမှု၊ စက္ကဗျူဟာ၊ စစ်ထိုးရာသည်၊၊အင်္ဂါ,ဤသို့ ကြောင်းလျား တည်း။

၃၀။။ “သူရဲကောင်းတို့၊ လက်စောင်းနှစ်ဖက်၊ ထက်၍အားလှိုင်း၊ အလယ် ချိုင်းနှင့်၊ သည်းတိုင်း ပုံ ချ၊ ကင်းလက်မတည့်။ ထိုမှ တဆန်း၊ ရင်ဖောင်တန်းသို့၊ ရှက်သန်း စည်းကြပ်၊ အညီ ကွပ်လျက်၊ တတပ်တက် ကား၊ တတပ် စား၍၊ မသွား,မဆုတ်၊ မယုတ်,မတက်၊ မထွက်ရအောင်၊ အုပ်စည်းနှောင်မူ၊ ရင်ဖေါင်တန်းနှယ်၊ စစ်တသွယ်တည့်။ အလယ်၌မူ၊ ညံ့သော သူကို၊ ရွေးယူလေရှောင်း၊ ထားစုပေါင်းမှ၊ ကောင်းသည် သူရဲ၊ လက်ဝဲ, လက်ယာ၊ ရှေ့နောက် ကာ၍၊ ဗိုလ်ပါ ခြံရံ၊ အသက်နှံလျက်၊ ခံသည် စစ်ကား၊ ပျား၏ လပို့၊ ထိုကဲ့သို့တည့်။ သုံးဖို့ သုံးစု၊ ဗိုလ်ထု ထားမြောက်[၅၆]၊ စစ်ခုံလောက်တည့်။ နောက်က အမြဲ၊ တပ်မ ကဲလျက်၊ လက်ဝဲ လက်ယာ၊ မြန်,မာ သန်,ကြမ်း၊ ထိတ်ထိတ် မွမ်းမျှ၊ ထောက်လှမ်း တတည်၊ ရှေ့စစ်သည်လည်း၊ စွမ်းရည်ပကား၊ ရှေ့ကထားမှ၊ အဖျား ချွန်းလျက်၊ အစွန်း ထွက်၍၊ ရဲမက် ခင်းကျင်း၊ လှည်းဦး ကင်းတည့်။ သွား,နင်း မြေမှာ၊ ကျီး ခြေရာ နှင့်၊ ပမာ ပုံထား၊ စစ်တပါးတည့်။ ပိုင်းခြား စီမံ၊ စစ်ထုံးစံသည်၊ စစ်ခံ ခြောက်စု၊ သီးခြား ပြုရှင့်။ လှည်းဦး ကင်းယောင်၊ စစ်ဆင် ဆောင်က၊ ဂဠုန် တောင် တပ်၊ တိုက်ဖျက် ညှပ်မူ၊ မရပ် ရှေ့, နောက်၊ [ ၁၆ ]ပျက်စီး ရောက်လိမ့်။ ခုံလောက် ပုံသွား၊ သူ့စစ်ထားက၊ နွားလား ရှေ့ ဆောင်၊ တပ် နှင့် လှောင်လော့။ ရင်ဖေါင် တန်းတက်၊ ကင်းလက်မတူ၊ ဗိုလ်လူ တပ်စဉ်၊ သူက ယှဉ်မှု၊ ရေယဉ် စီးဆင်း၊ လေးပြင်း, မြွေတွား၊ ဤသုံးပါးဖြင့်၊ ခန့်ထား တိုက်လေ၊ ကျီးခြေ နှုန်းနှုန်း၊ သူက ပန်းမူ၊ မကန်းကွက်သို့၊ တပ် ဆီးဆို့လော့။ ပျားလဖို့နှယ်၊ ရွယ်၍ စားစား၊ သူက လွှားမူ၊ မြွေတား, လေးပြင်း၊ နှစ်နည်း ခင်းလော့။ ကြောင်းခြင်း ရုံးစည်း၊ စစ်ဖျက်နည်းဟု၊ ဤလည်းသေခွေ၊ မှတ်ရာဖွေသည်၊၊ တထွေ,စစ်မှု ထူးပြားတည်း။

၃၁။။ “စစ်ပြန် လက္ခဏာ၊ တကြောင်းမှာကား၊ ဗိုလ်ပါ ရဲမက်၊ စစ် မပျက်အောင်၊ အချက် မှတ်ပေး၊ မပြန်သေးသို့၊ အရေး ဖွယ်ရာ၊ တပ် တောင်တာကို၊ ကောင်းစွာ ပြေပြစ်၊ အသစ် လုပ်ပြင်၊ စီရင်ပြီးမှ၊ ညဉ့်,ည အခါ၊ မသိသာအောင်၊ စစ်ခွါတပါး၊ လမ်းသွား,လမ်းကူး၊ တွင်း,ကျင်း တူး၍၊ ငြောင့်ဆူး ခလုတ်၊ သစ်ငုတ် များစွာ၊ ဆီးခဲ့ကာမူ၊ စစ်ခွါ တနည်း၊ ဆင်လည်း တသင်း၊ မြင်းလည်း တကြောင်း၊ သူရဲကောင်းတို့၊ ပုန်းအောင် ပြီးစေ၊ ဗိုလ်ခြေ ဖြောင့်စွာ[၅၇]၊ ပြန်ခဲ့လာသည်၊ စစ်ခွါလည်းကောင်း၊ သူရဲ ပေါင်းတို့၊ တိမ်းစောင်းမသာ၊ အာဏာ ဖီဆန်၊ ခရီးလွန်မှ၊ မပြန်ဝံ့သည်၊ ရည်၍ တပ်မ၊ နောက်က မင်းနေ၊ ဗိုလ်ခြေ,ဆင်,မြင်း၊ မပြင်း မစွမ်း၊ ဝန်ထမ်းတို့အား၊ ရှေ့ကထား၍၊ မပြား သိမ်းအုပ်၊ စည်းချုပ် သေချာ[၅၈]၊ ထွက်ခဲ့လာသား၊ စစ်ခွါ တတန်၊ လေးရပ်မှန်သည်၊၊ စစ်ပြန်,မှတ်ဖွယ် တခြားတည်း။

၃၂။။ “ဤသို့ ထင်ရှား၊ နည်းနာများတွင်၊ နွားလား မည်ရ၊ ဥသဘသို့၊ ပုံချနှိုင်းလျော်၊ ကိုယ်တော်ရှေ့အုပ်၊ ကျွန်ုပ်ရှေ့တည်၊ စစ်သည် စည်းဝေး၊ သူရဲ ရွေးမှ၊ မလေး,မထီ၊ ညီညီ,ညွတ်ညွတ်၊ ရွတ်ရွတ်,ချွံချွံ၊ ထိုးပစ် နွှံလျက်၊ အရွံ့ ပါအောင်၊ မရှောင် မတင်း၊ ဖိစီးနင်းမှ၊ သူ့ မင်းကို ရွယ်၊ ညာ,ပယ် ဝန်းရှက်၊ တိုက်လှန်ဖျက်က၊ စစ်မျက်နှာ ညှိုး၊ တပ်မ, ကျိုးမူ၊ တပ်မျိုး မခံ၊ တပ်ရံ, တပ်သိမ်၊ မငြိမ်,မသက်၊ တပ်လုံး ပျက်၍၊ မခက်,မခဲ၊ အောင်မြင်စဲလိမ့်၊ စစ်ပွဲ,စစ်ရေး၊ စစ်ဆွေးနွေးသော်၊၊ ကြံတွေး,ကြံဆ ထင်သတည်း။

[ ၁၇ ]

၃၃။။ “သို့ပင်ဖြစ်လည်း၊ သူ့စစ်သည် နီး၊ ထုံးစံမှီး၍၊ ခရီးလမ်းစဉ်း၊ ခဲယဉ်းခက်,လွယ်၊ ကျဉ်း,ကျယ်,တို,ရှည်၊ အတည်တည်ကို၊ သိသည် ကာလ၊ ကြပ်မ တီထွင်၊ စီရင်ရမည်၊ ဖြစ်တော့သည်တည့်။ သူ့ပြည်, သူ့ရွာ၊ ခွါခဲ့ ရက်ရက်၊ အားအန် တက်လျက်၊ သူ့ရဲမက်များ၊ သူ့တပ်သားတို့၊ တိုင်းကား ပြည်စွန်၊ ခရီးလွန်မှ၊ အားခွန့် လျော့မည်၊ ရည်၍ အကြံ၊ အစစ် ခံက၊ နိုင်ငံတော်သား၊ လန့်ကြားမနေ၊ ပြည်ထဲဝေအံ့[၅၉]။ တတွေကြောင်းခြင်း၊ မည်သည့်မင်း၏၊ ပိုင်တွင်း ခြားနား၊ ရောက်လှာငြားက[၆၀]၊ စွမ်းအား ကြပ်ကြပ်၊ ဘယ်မင်းတပ်နှင့်၊ ဘယ်ရပ်,ဘယ်မြေ၊ အောင်ဘူးလေဟု၊ နန်းနေ စဉ်ဆက်၊ ဆင်းသက် မဆုံး၊ ပြောထုံး,ပြောလေ့၊ ပြော၍ ဆက်ညွှန်း၊ ကမ္ဘာခန်းလည်း၊ ဥဒါန်း မကျေ၊ သတင်းဝေစိမ့်။ ရှာဖွေဆွေးနွေး၊ ကြံဆ, တွေးသော်၊၊ အရေး,ဤသို့ မြင်သတည်း။

၃၄။။ “ဤသို့ စေ့ရေ၊ ဖြစ်သောထွေကြောင့်၊ မြေ,ရေ အတွင်း၊ သူက မင်းကို၊ မချင်း,မဝင်၊ ပါစေချင်တည့်။ သင်၏ နိုင်ငံ၊ ပိုင်းရံ ခြားသီး၊ တပ်နှင့် ဆီးလော့။ ခရီး ချရပ်[၆၁]၊ နှစ်တပ် ဖက်ပြိုင်၊ နှစ်နိုင်ငံနား၊ နှစ်ပါး ရဲစွမ်း၊ အရည်စမ်းအံ့။ မှာတမ်း,စာခွေ၊[၆၂]၊ တမန်စေ၍၊ ပုံသေ ကြောင်းရာ[၆၃]၊ ပြီးသောခါမှ၊ မြို့ရွာ,ကျေးလက်၊ စုရုံးထွက်၍၊ ရဲမက် ပေါင်းမြောက်၊ တကျိပ်ယောက်မူ၊ တယောက်တည်းအပ်၊ အကြပ် တသီး၊ တင်တုံပြီးမှ၊ အကြီးရွေးယူ၊ တကျိပ်လူတွင်၊ အုပ်သူ အမတ်၊ တယောက်မှတ် ၍၊ အမတ် ဆယ်ဦး၊ တတပ်မှူးတည့်။ တပ်မှူး ဆယ်ကို၊ ဗိုလ် တဗိုလ်တည့်။ ဆယ်ဗိုလ်တွင် ချုပ်[၆၄]၊ နတ်ရှင်အုပ်မှ၊ မလှုပ်,မရှား၊ သို့ခန့်ထား၍၊၊ ချီသွား, လုပ်ကြံ ချင်သတည်း။

၃၅။။ “ထိုကြောင့် မင်းကောင်း၊ နားတော်ညောင်းလော့။ အကြောင်း,အရေး၊ အတွေး,အခေါ်၊ အမြော်,အမြင်၊ ဆင်ခြင်,လိမ္မာ၊ ပညာ, အတတ်၊ အမတ် နှင့် မင်း၊ ညီညွတ်ခြင်းကို၊ ရန်တင်း ဘယ်က၊ ရန်စ မငြိမ်၊ တိုက်လှည်း နှိမ်အံ့[၆၅]၊ စိုးရိမ်,နှောင့်တော် မမူနှင့်။

[ ၁၈ ]

၃၆။။ “ ပကတူးလျှင်၊ လက်ဦး ယခု၊ စစ်ရေးပြု၍၊ ရဲစု,ရဲခွင့်၊ ရဲသင့်,ရဲချိန်၊ ရဲရှိန်,ပြင်းထန်၊ ရဲသန်,ရဲတုန်း၊ ရဲဘက်ဟုန်းလည်း၊ ပြိုင်နှုန်း မတန်၊ ပေါက်ကျော် မြန်သို့၊ ရဲမာန် ရဲသစ်၊ ထွက်စ ဖြစ်၍၊ ပေါင်းစစ်သည် ပုံ၊ ရဲခုံ တည်ပ၊ ရဲစ ရှိခိုက်၊ လုပ်ကြံလိုက်က၊ မြိုက်မြိုက် ကျေမွ၊ ချက်ခြင်း ရလိမ့်။ နေ့ , လ ကြာဝေး၊ တာရှည် သွေး၍၊၊ အရေး, စောင့်တော် မမူနှင့်။။”

၃၇။။ နန္ဒီသေန၊ မတ်လှ ကျော်ချီး၊ မတ်ခေါင်ကြီးက၊ ထုံးမှီး စကား၊ လျှောက်သည်များကို၊ ရွှေနား ညွှတ်ယူ၊ ကြည်ဖြူ မြတ်လေး၊ အခွင့်ပေး၍၊ “အရေးနှင့်စပ်၊ သင့်ကိုအပ်၏။ ကြပ်ကြပ်,စိစိ၊ စီရင်ဘိ”ဟု၊ ဓိပတိ မင်းကျော်၊ နှင်းလသော်လျှင်၊ ထင်ပေါ် တေဇ၊ ကလိင်္ဂသို့၊ ချမ်းမြ, သာကြည်၊ စေလိုက်သည်ကား၊ “နှစ်ပြည် အကြား၊ မြို့ရွာများက၊ ရထား ဆင်,မြင်း၊ ကျွန်,သင်း ဗိုလ်ခြေ၊ အုပ်တွေ အသင့်၊ နေပါနှင့်တော့။ ရက်မြင့် မကွာ၊ ရှည်ကြာ မငံ့၊ ချီလာအံ့” ဟု၊ ချိုပျံ့ နာသာ[၆၆]၊ အရာရာကို ၊၊ မှာစာ,တန်တား စေသတည်း။

၃၈။။ တိုင်း ကလိင်္ဂ၊ ပိုင်သ,အုပ်စိုး၊ ထွတ်နန်းရိုးကား၊ စစ်ထိုး ချင်စွာ၊ ဝါသနာကြောင့်၊ မှာစာ တန်တား၊ ရောက်သည်များကို၊ ကြား,က ဟုံးစုံး၊ လက်ရုံးတန်းဆိုင်၊ “ စစ်ပြိုင်ဘက် မျှော်၊ နေပါသော်လည်း၊ ပြိုင်ဘော် ထွက်ခဲ၊ ကြာမြင့်မြဲ၏။ စစ်ပွဲ မရှည်၊ တွေ့တော့မည် ”ဟု၊ သံရည် ကြွားကြွား၊ ပြော,ကြုံးဝါး၍၊ ပိုင်းခြား မြေစပ်၊ သူ့တိုင်းရပ်သို့၊ ရှေ့တပ်ချီသွား၊ ရဲမက်များကို၊ ဆီးတား သိမ်းခေါ်၊ ဆိုင်ရာ ဆော်၍၊၊ တပ်တော်,သိမ်းရုံး လေသတည်း။

၃၉။။ “နှစ်ပြည် အကြား၊ နိုင်ငံများတွင်၊ နှစ်ပါးမင်း ကို၊ နှစ်ဗိုလ် ဆိုင်ရပ်၊ နှစ်တပ် ပေါင်းဆိုင်၊ နှစ်ဦး ပြိုင်အံ့။ သူ့ နိုင်ငံတွင်း၊ မချင်းနင်းနှင့်။ ဆင်,မြင်း ရထား၊ ရဲမက်များကို၊ ပိုက်ဖြား ဖြည့်တင်း၊ ဆုံးမခြင်းဖြင့်၊ မယွင်း မခွ၊ စီရင်ကြ”ဟု၊ ပြသ သေချာ၊ အကြပ် မှာလျက်၊ အောင်ခါနီးပြီ၊ သောသော ညီ၍[၆၇]၊ မချီ,ဆိုင်းငံ့ နေသတည်း။

၄၀။။ အဿကရာဇာ၊ စောမဟာလည်း၊ ရတနာ သုံးပါး၊ ရိုညွတ် တွားလျက်၊ ဆ,ပွါး လေးမြတ်၊ ပြည်စောင့်နတ်အား၊ စွဲမှတ် သီးသီး၊ ပူဇော် [ ၁၉ ]ပြီးမှ၊ ကောင်းချီး ကျော်ညီ[၆၈]၊ တပ်တော်ချီအံ့။ အစီ,အရင်၊ မြင်း,ဆင် အများ၊ ရထား တတည်၊ ခြေသည် ရဲမက်[၆၉]၊ လက်နက် ဓား,လှံ၊ ဝန်းရံ လှည့်ပတ်၊ သေနတ် အမြောက်၊ ရှေ့,နောက် နေမြဲ၊ လက်ဝဲ နေရာ၊ လက်ယာ နေတုံး၊ ရုံးရုံး စည်းစည်း[၇၀]၊ ထားကမ္ဗည်းဖြင့်၊ အုန်းလည်း ညွန့်ပေါ်၊ ကံ့ကော် ညွန့်ဖြာ၊ နေဇာ ညွန့်ထွား၊ ချရား ညွန့်ဝေ၊ သပြေ, သီး, ဒန်း၊ ညွှန့်လန်းလန်းတည့်။ ပန်း ခုနစ်မြိတ်၊ ပရိတ်တော် ရေ၊ ငှဝေ, ပန်ဆင်၊ နိမိတ်ငင်လျက်၊ ရက်,မင်္ဂလာ၊ အောင်ခါထုံးစံ၊ အောင်သံ ကြွေးကြော်၊ ပေါင်းညှိဆော်သည်၊၊ တပ်တော်,ချီအံ့ ခင်းသည်တည်း။

၄၁။။ ဧရာဝဏ်ဟု၊ စွယ်ချွန် မြမြ၊ ဆင်နာဂထက်၊ မာဃ ရွှေမှောက်၊ မြင့်မိုညှောက်မှ၊ တောက်သည့်မီးတူ၊ ဖုန်းညွန့်လူလျက်[၇၁]၊ ရန် အသူရာ၊ တိုက်ဖက်ရှာသို့၊ ရတနာ မာတင်၊ မုန်ကျော်ဆင်ထက်၊ သက်တင်ယိုးနီး[၇၂]၊ ကိုယ်တော် စီး၍၊ ကြီးကြီး,ငယ်ငယ်၊ ရွယ်ရွယ်,လတ်လတ်၊ မှူး နှင့် မတ်တို့၊ လျောက်ပတ်သင့်စွာ၊ ဗိုလ်ပါ,ရဲမက်၊ ဝန်းရှက် အပြည့်၊ ခြံရံ လှည့်လျက်၊ မင်း၏ ကြက်သရေ၊ တိုးတက်ထွေသည်၊၊ တက်နေ,ရောင်သို့ လင်းသည်တည်း။

၄၂။။ ဂဏန်း ထူးခြား၊ ဟူးရားသည်လည်း၊ စနည်း အခေါင်၊ တပေါင် သိုက်ညီ၊ တပ်တော်ချီက၊ နန္ဒီသေန၊ မတ်လှ ကျော်ခေါင်၊ မတ်များနောင်လျှင်[၇၃]၊ ဆောင်ယောင် တင့်တယ်၊ နောက်တော် ဆွယ်လျက်၊ မိုးလယ် ရှက်ကူး၊ လ ထွန်းမြူးသော်[၇၄]၊ သောက်ရှူးကြယ်ရောင်၊ ကြယ်များဘောင်တွင်၊ အခေါင်စံထိ[၇၅]၊ နှိုင်းတရှိလျှင်၊ မတ်ကြီးဖွယ်ရာ၊ လက္ခဏာဖြင့်၊ အင်္ဂါ ဆန်းကြယ်၊ ဗိုလ်များ လယ်နှိုက်၊ တင့်တယ် စမှတ်၊ ထူးလျောက်ပတ်၍၊ အမတ် နှင့် မင်း၊ တော်လေခြင်းဟု၊ ပြောတင်း,ပြောပ၊ ပြောကြ ကိုယ်စီ၊ လက်အုပ် ချီလျက်၊ အောင်ပြီ သေခွေ၊ ကြားလွယ်စေဟု၊ ညောင်ရေ သွန်းလောင်း၊ ဆုတောင်း ဆုယူ၊ ရွှေပြည်သူတို့၊ တူရူ ဦးခိုက်၊ မြှောက်ကြ လိုက်၏။ ထောင် , စိုက် အောင်လံ၊ မိုးဖျား လျှံ မျှ၊ အောင်သံ [ ၂၀ ]ကြော်ကြွေး၊ အောင်စည်ပေး၍၊ အောင်ရေး သေခွေ၊ နိမိတ်ဝေသည်၊၊ အောင်မြေ,အောင်တပ် နင်းသည်တည်း။

၄၃။။ တပ်တော်ချီမြောက်[၇၆]၊ အောင်တပ်ရောက်က၊ ဝှန်ချောက်ကျော်ချီး၊ အမတ်ကြီးလျှင်၊ ထုံးတီး,နည်းနာ၊ အဖြာဖြာဖြင့်၊ ဗိုလ်ပါ အများ၊ ကြီးထုအားကို[၇၇]၊ ခန့်ထား,ဆုံးမ ဆိုလတည်း။

၄၄။။ “အတပ်တပ်တွင်၊ ကြီးကြပ် အမြဲ၊ စစ်ကဲ,နာခံ၊ ကောင်းကြံ အထူး၊ တပ်မှူး,တပ်ချုပ်၊ တပ်အုပ်,တပ်ခေါင်း၊ တပ်ပေါင်း ရှာရွေး၊ စာရေး,စာချီ၊ ကိုယ်စီ,ကိုယ်င၊ စံပ ခင်းကျင်း၊ စာရင်းတော်ယူ၊ ခန့်တော်မူ၍၊ မြှေးမြူ မပြွမ်း၊ စိတ်သာဝမ်းဖြင့်၊ မှုထမ်းကြမည်၊ အားသံရည်သည်၊ စစ်သည်တော်ပေါင်း၊ သူရဲကောင်းတို့၊၊ အကြောင်း ဆွေးနွေး၊ နာဘိသေးလော့။ မြို့ကျေး ရွာသီး၊ ခရီးတခွင်၊ ဥစ္စာရှင်က[၇၈]၊ ကြည်လင် မြတ်လေး၊ မပေး မစွန့်၊ သစ်ညွန့် တခက်၊ ဟင်းရွက် တနွယ်၊ သက်ကယ် တပျစ်၊ ဝါးတဆစ်မျှ၊ သူ့ပစ္စည်းအား၊ မပြစ်မှားနှင့်။ လမ်းသွား,လမ်းကူး၊ တပ်တော်ဦးသို့၊ ဟင်းခူး,ထင်းခွေ၊ မိုး,ရေ ခပ်,ငင်၊ မြင်း,ဆင် ထိန်း, ကျောင်း၊ မပြောင်း မထွက်၊ အသက် အသံ၊ ဆိတ်ညံကြစေ၊ သေခွေ ပတ် ချုပ်၊ ဆိုင်ရာ အုပ်လျက်၊ မလှုပ် မယိုင်၊ စိတ်ကြံ့ခိုင်၍၊၊ နိုင်နိုင်,ဆုံးမ ကွပ်လေတည်း။

၄၅။။ “ယနေ့မှစ၊ တပ်ချသော့ခါ၊ တပ်တောင်တာကို၊ သေချာကိစ္စ၊ လုပ်ပြီးမှလျှင်၊ ကြိုး,က တန်ဆာ၊ မြင်းမှ ကွာစေ[၇၉]၊ ရေးရာ ပြွမ်းပြွမ်း၊ စိတ်သာဝမ်းဖြင့်၊ ထုံးတမ်း နှိုင်းရှည့်၊ ရိပ်ခြည်ကြည့်လျက်၊ အလှည့် သင့်ငြား၊ ကင်းစောင့် ထားမူ[၈၀]၊ ကင်းသား ကင်းစေ၊ ကင်းနေ မမြဲ၊ အစွဲ မငြိမ်၊ သုံးကြိမ် ပြောင်းလွှဲ၊ သုံးကွဲ နေရာ၊ သုံးခါလဲ၍၊ သုံးလည်ရွေ့မှ[၈၁]၊ စေ့စေ့ငုငု၊ သုံးထွေပြုလျက်၊ သုံးစု ထားသော်၊ အရေးတော်အောင်[၈၂]၊ စုတ်ခေါ်သံကြား၊ မပါး မထူ၊ ကင်းသားလူနှင့်၊ တစုမူ ဆူး၊ ကင်းဦးကား မီး၊ ရှေ့က ဆီးလော့။ ရန်နီး ရန်ဝေး၊ အရေး ကြောင်းလမ်း၊ စူးစမ်း သိပြီး၊ [ ၂၁ ]သူ့ရန် နီးက၊ ကင်းဆီး တိုစေ၊ ရန်ဝေးလေမူ၊ ကင်းနေ ကင်းသား၊ ကင်းရှည်ထားလော့။ စကား နှုတ်ပေါက်၊ ရှိတိုင်းဖေါက်၍[၈၃]၊ တယောက်တခွန်း၊ အစွန်းအနား၊ ကွဲပြား ထွေထွေ၊ မများစေနှင့်[၈၄]။ မင်းဧကရာဇ်၊ အရေး ဖြစ်၍၊ စစ်အုပ် စစ်ကြပ်၊ ခန့်အပ်သည့်တိုင်း၊ မဆိုင်း တည်တံ့၊ ကြံ့ကြံ့, ခိုင်ခိုင်၊ အုပ်နက်ဆိုင်ကို၊၊ ပိုင်ပိုင်,ထုံးပြ ကြပ်စေတည်း။

၄၆။။ “အမြောက် သေနတ်၊ စွဲမှတ် လှံ,ဓား၊ လေး,မြား ခပင်း၊ ဆင်,မြင်း ကြိုး,လွန်၊ သံချွန်,မယ်န၊ ဓားမ,ပေါက်ဆိန်၊ အချိန် ရေတွက်၊ ရဲမက် လူသူ၊ မေးမြူ စိစစ်၊ မလစ်,မဟင်း၊ ခန့်ထားရင်းက၊ မယွင်း စုံလင်[၈၅]၊ မြင်း,ဆင် ခပဲ၊ ကြိုးလွန်ဆွဲလည်း၊ မြဲမြဲ မြံမြံ၊ ဓား,လှံ ကိုယ်ပါး၊ မပြတ်ထား၍၊ နိုးကြားကြစေ၊ အနေ,အသွား၊ အထား,အသို၊ အခို,အရပ်၊ တတပ်က ပေါင်း၊ တတပ် ပြောင်းလည်း[၈၆]၊ အကြောင်းစေ့ ငု၊ လုံ့လပြု၍၊ ညဉ့်မှု,နေရာ၊ မြဲစွာလုံခြုံ၊ ကြစေတုံလော့။ တပ်ပုံ,တပ်တာ၊ တပ်ခါ,တပ်သွား၊ တပ်နား,တပ်နေ၊ မှန်စေအသင့်၊ မှတ်စာနှင့်တည့်။ အခွင့်ရေးပိုင်[၈၇]၊ အဆိုင်ဆိုင်ကို၊၊ မြိုင်မြိုင်,ရုံးချ ရပ်နေတည်း။

၄၇။။ “ဘိန်း,ဘင်း ကဇော်၊ လှော်ဇာ ခေါင်သက်၊ အရက်တတည်၊ ထန်းရည် စိမ်ဆေး[၈၈]၊ ဆိုရေးများစွာ၊ သုရာမေရယ၊ ယစ်ဝသေစာ၊ ကျင့်ယုတ်မာကို၊ ဆိုင်ရာ ကံမြစ်[၈၉]၊ စစ်စစ် ကြောကြော၊ ပြော,ဟော ပြသ၊ နေ့,ည စည်းရုံး၊ ရဲမက်လုံးကို၊၊ မသုံး,မစွဲ ကြစေနှင့်။

၄၈။။ “တိုက်လည်း ဖြိုးဖြိုး၊ ထိုးလည်း ရုတ်ရုတ်၊ ဆုတ်လည်း ညီညီ၊ ချီလည်း ကြွကြွ၊ ချလည်း ကြပ်ကြပ်၊ ရပ်လည်း မှန်မှန်၊ ပြန်လည်း စိုက်စိုက်၊ စစ်တိုက်ပီပီ၊ စစ်ချီ,စစ်သွား၊ ဖြစ်သောအားကြောင့်၊ ထူးပြားမစိုး၊ မညှိုးမနွမ်း၊ တဝမ်းတည်း ဖွါး၊ လူ့အလားသို့၊ တပါးမရွယ်[၉၀]၊ ဥပါယ် မခို၊ မယို မဖိတ်၊ တစိတ်တည်း ကျုံး၊ တချာ ရုံး၍၊ ၊နှလုံး,မကွဲ ကြစေနှင့်။

[ ၂၂ ]

၄၉။။ “ ဗိုလ်မှူး အာဏာ၊ စစ်ကဲမှာလျှင်၊ တည်ရာ ကြွင်းမဲ့၊ ကြောက်တုန် လဲလော့ ။ စစ်ကဲ အာဏာ၊ တပ်မှူး မှာလျှင်၊ သေချာ စေ့ငု၊ စွဲမှတ်စုလော့ ။ တပ်မှူး အာဏာ၊ အကြပ် မှာလျှင်၊ ညီညာ နှလုံး၊ ယူ၍ ကျုံးသို့၊၊ အရုံး,မခွဲ ကြစေနှင့်[၉၁]။ ”

၅၀။။ တနည်း တနည်း၊ စာကမ္ဗည်းနှင့်၊ ရုံးစည်းတုံပြီး၊ မတ်ခေါင်ကြီးက၊ ထုံးတီး ဆွေးနွေး[၉၂]၊ ကိုယ်ရေး,မင်းမှု၊ အနု,အရင့်၊ အခွင့်,အလမ်း၊ မြှော်စူးစမ်း၍၊ ရွက်ထမ်းစိမ့်ငှာ၊ ဆုံးမခါနှိုက်၊ ဗိုလ်ပါ တသင်း၊ ဆိုကြခြင်းကား၊ “ ‘သတင်း ပညာ၊ ဝှန်ဝါ တန်ခိုး၊ မျိုးရိုး စုံညီ၊ နန္ဒီသေန၊ ဂုဏ မြင့်မို၊၊ မတ်ဝိဒိုရ်ကို၊ ငါ့ကိုယ်တော်တူ၊ မှတ်ကြယူ၍၊ ဗိုလ်လူအများ၊ ခန့်ထားသမျှ၊ ထမ်းရွက်ကြ’ဟု၊ မြွက်ဟ ထုတ်ဖော်၊ အမိန့်တော်ကို၊ ထိပ်ပေါ် ဦးချ၊ ခံစေရရှင့်။ ကာလ ထောက်ရှု၊ စစ်မှု အလျောက်၊ အရေးရောက်က၊ မထောက်မညှာ၊ မျက်နှာ မရည်၊ တည်ကြည် လျောက်ပတ်၊ စီရင်တတ်”ဟု၊ စွဲမှတ် နေ့ည၊ပြောကြ တီးတုံး၊ တရုံးရုံးသည်၊၊ တပ်လုံး, သိမ့်သိမ့် တုန်သတည်း။

၅၁။။ “တို့ မှုထမ်းများ၊ ရဲမက်အားကို၊ လက်ဝါးပြင်ထက်၊ တင်လျက် မြဲမှတ်၊ မှုတ်မတတ်လျင်၊ မြတ်မြတ်,လေးလေး၊ မေးမေး မြန်းမြန်း၊ လန်းလန်း ရွှင်ရွှင်၊ ကြင်ကြင်,နာနာ၊ သဘောလာလျက်၊ ရေးရာ ပဲ့ပြင်၊ သွန်သင် ပြသ၊ ဆုံးမ သေခွေ၊ နည်းပြပေရှင့်။ ဣန္ဒြေတည်တံ့၊ နူးညံ့ မွေ့သိမ်၊ ငြိမ်ဆိမ်လှဘိ၊ မြတ်ပဏ္ဍိနှင့်၊ သတ္တိစွမ်းဟုန်၊ ကြီးသောဂုဏ်မူ၊ မကုန်အံ့ရာ၊ ဖြစ်ခဲစွာ”ဟု၊ ဝမ်းသာရွှင်ပျ၊ နှစ်သက်ကြသည်၊၊ ပြောပ, ချီးမွမ်း ကုန်သတည်း။

၅၂။။ “ဖိုးထိုက် စားထိုက်၊ အလိုက် ကိုယ်စီ၊ အင်းကျီ ပုဆိုး၊ ထည်မျိုး ရွှေငွေ၊ ထွေထွေ ကျောက်သံ၊ တင်စံ ဆုလပ်၊ ဆင့်,ထပ် ဝေ,ငှ[၉၃]၊ ယူနှင့်ကြတော့။ လုံ့လ တိုးပွား၊ စွန့်စား ဦးလည်၊ ထမ်းရမည်တည့်။ ထမ်းရည်ရှိက၊ မြို့, ပြ, ရွာ, ပြည်၊ မည်ရည် ဆောင်ရွက်၊ တိုးတက်အောင်သာ၊ အရှင့်မှာလျှင်၊ ကောင်းစွာ ရည်ငံ၊ သနားခံ၍၊ အကြံ ရှာရွေး၊ ငါလျှင် ပေးအံ့။” ချမ်းအေး သာယာ၊ မိန့်လိုက်မှာရှင့်။ ဗိုလ်ပါ သောင်းသောင်း၊ [ ၂၃ ]ကြီး,ငယ်ပေါင်းတို့၊ အုပ်ခေါင်း,အုပ်ကြပ်၊ ဆိုင်ရာတပ်ဝယ်၊ မလပ် နေ့ရက်၊ အရှက်ရှက်တိ[၉၄]၊ ရဲမက်ဘာသာ၊ တန်ဆာဝတ်စား၊ ဒိုင်း,လွှား,ကာ က၊ ရွှင် ပျ စည်းဝေး၊ ဆော်ညှိသွေးသည်၊ ၊ ဟန်ရေး,မြူးကြ ခုန်သတည်း။

၅၃။။ သူရဲ သူခက်၊ ရဲမက်တို့အား၊ စကား ထုတ်ဖော်၊ ဆိုပြီးသော်လျှင်၊ မြို့တော်စောင့်သား၊ မှူးမတ်များကို၊[၉၅] ကြောင်းလျား သီးသီး၊ မတ်ကြီး ပီပီ၊ ရှေးထုံးမှီ၍၊၊ နန္နီသေန ဆိုလတည်း။

၅၄။။ “အရှင် မိန့်မြွက်၊ တင်,ရွက် မချာ၊ ကြည်သဒ္ဓါ၍၊ အရာ အထူး၊ မြှင့်ချီးကျူးလျက်၊ ကျေးဇူးသစ္စာ၊ စောင့်သိစွာလျှင်၊ မင်းရာ မင်းရေး၊ အတွေး အခေါ်၊ အမြော်အမြင်၊ ဆင်ခြင် သတိ၊ သီရိ သရေ၊ စောင့်နေ ထည်ကြား၊ လေးပါး ဂလိ၊ ကဝိလက္ခဏာ၊ ဂုဏ်ပညာဖြင့်၊ လုံစွာ မယွင်း၊ ကြောင်းခြင်း ဤသို့၊ ဂုဏ်ရည်တို့ကြောင့်၊ ရွှေမြို့ ရွှေပြည်၊ စောင့်ရမည်ဟု၊ ယုံကြည် ရွေးယူ၊ ခန့်တော်မူသည် ၊ ၊ လှိုက်ဆူးကျော်သောင်း၊ အမတ်ကောင်းတို့၊ အကြောင်းကုန်စင်၊ နာစေချင်၏၊ ထွက်ဝင် သွားလား၊ မြို့တံခါးနှင့်၊ ခန့်ထား မချို၊ ကင်း ကူးတို့သို့၊ ကူးဖို့ ရောက်လှာ၊ သူများစွာကို၊ မြို့,ရွာ,ရပ်,ပြည်၊ လှည့်လည် စကား၊ ရဲမက်များဟု[၉၆]၊ တပ်သား,တပ်ပြန်၊ စင်စစ်မှန်လည်း၊ ယုံတန်,ယုံလောက်၊ ယုံထောက် ပေစွာ[၉၇]၊ စွဲမပါက၊ မှုရာ သေခွေ[၉၈]၊ ချုပ်ထားစေလော့။ မသွေ မခိုင်း၊ တုံ့မဆိုင်းသည်၊၊ သည့်တိုင်း,စီရင် ကြလေလော့။

၅၅။။ “ရွှေစက်ချီရာ၊ မှုထမ်းပါသည်၊ များစွာ ဝန်းရှက်၊ ရဲမက်တော်များ၊ သား,မယားနှင့်၊ တူစား,တူနေ၊ ဖြစ်ပချေက[၉၉]၊ အိမ်ခြေ ရွာဝန်၊ တုတ်ခွန်,မှုခင်း၊ ရှင်းရှင်း လွတ်စင်၊ မြီရှင် ကြေးငွေ[၁၀၀]၊ မတောင်းစေနှင့်၊ ချမ်းရေအိုးနှိုက်၊ လက်ပိုက်ရတု၊ မှဲ့မြူ မစွန်း၊ လန်းလန်း ရွှင်ပျ၊ ရှိစေမှတည့်။ လောက်င ပြည့်စုံ၊ မကုံ စား,သောက်၊ မှုတ်ခြောက်သူအား၊ စပါး ဆန်,ရေ၊ မ,စပေလော့။ ထွေထွေ စေ့ငု၊ အစုစုတည့်[၁၀၁]၊ မြို့မှု, ပြည်ရေး၊ ခိုးသေး, မီးပါး၊ အခြားခြားကို၊ ခန့်ထား လုံစေ၊ ဓါတ်မွေ ဆူဆူ၊ [ ၂၄ ]မြတ်ရွှေဂူဝယ်၊ မြို့သူ,မြို့သား၊ လူတလွှားအား၊ ခန့်ထား ညောင်ရေ၊ လောင်း သွန်းစေလော့။ စစ်မြေရပ်သို့၊ အစို့စို့လျှင်၊ ဆန်ပို့,ဆန်ကဲ[၁၀၂]၊ ဆေး, ခဲ, လက်နက်[၁၀၃]၊ ဆက်စေ မှတ်စာ၊ ဝင်သူမှာလည်း၊ နောင်လာ ဆင့်ပွား၊ ထပ်မနားလျှင်၊ ခန့်ထား စီမံ၊ မွေးနံတော်နှင့်၊ ကြုံသော် မမေ့၊ သက်တော်စေ့လျှင်၊ တနေ့ မပြတ်၊ သူတော်မြတ်အား၊ ကြည်ညွတ် ဆ,ပွား၊ ကိုယ်စားတော်ရည်၊ လှူဝတ် တည်လော့။ မှာသည် စကား၊ အခြားခြားကို၊ နားပါး သွင်းသွင်း[၁၀၄]၊ လစ်မဟင်းသည်၊၊ မှုခင်း,ကုန်စင် ကြစေလော့။

၅၆။။ “စစ်ခေါင် မြေဝေး၊ ဦးဆွေး ဆံမြည့်၊ ထမ်းမည့်သူများ၊ ကို ထောက်ငြားက[၁၀၅]၊ မယား,သား ပစ်၊ သို့စင်ဖြစ်ရှင့်။ နေရစ်မည့်သူ၊ တို့မှာ မူကား၊ မပူ မဆာ၊ ဗျာပါ သောက၊ ကင်းပျောက်ပလျက်၊ မယာ့း ရင်ခွင်၊ သားမျက်မြင်နှိုက်၊ သို့စင် နိစ္စ၊ နေချေရရှင့်။ ထောက်ဆ စာနာ၊ လုံခြုံစွာလျှင်၊ အိမ်ရာ ကိစ္စ၊ ဆိုသမျှထက်၊ မြို့ပြ,ကျေးရွာ၊ အဖြာဖြာနှင့်၊ အောင်ချာ စံတည်၊ နေတော်ပြည်နှိုက်၊ မည်သည် မဆို၊ အမှုကိုလျှင်၊ မယို,မယွင်း၊ သတိသွင်းလော့။ လစ်ဟင်းချေက၊ နေကျ မချွတ်၊ ရာဇဝတ်သည်၊ မလွတ် ဧကန်၊ မှန်ပြီ ထက်ကြပ်၊ တို့ဝယ် ကပ်ချိမ့်၊၊ အတပ်, ထင်မြင် ကြပေလော့။။”

၅၇။။ တသင်း တသင်း၊ ဆိုင်ရာခင်း၍၊ နားသွင်း သီးသီး၊ ဆုံးမပြီးသော်၊ ကောင်းချီး မစဲ၊ အောင်သံကြဲလျက်၊ လက်ဝဲ,လက်ယာ၊ ရှေ့မှာ နောက်ထား၊ အသွား,အနေ၊ မသွေ,မယွင်း၊ ခင်းကျင်း,စီရင်၊ ရှေးနည်း ပင်တည့်။ နတ်သျှင်ကိုယ်တော်၊ ချီလေသော်လျှင်၊ ရှုမျှော် ရေးရာ၊ သမ္ဘာ လက်ရုံး၊ အာဏာ ဖုံးသည်၊ တပ်လုံး ဆီမီး၊ စစ်သူကြီးကား၊ မငြီး,မငွေ့၊ မမေ့,မကျန်၊ ခန့်ထားရန်ကို၊ ဖန်ဖန် ရွေးရှာ၊ ခြင်းရာ ရေးငန်း၊ ကြံထူးဆန်းလျက်၊ စခန်း ထောက်ထောက်၊ ရောက်ရောက်သမျှ၊ ပြပြ ပြောပြော၊ သဘော သာချမ်း၊ ကြည်သောဝမ်းဖြင့်၊ ဝေခြမ်း ရိက္ခာ၊ မမာ မကျန်း၊ မေးမြန်း ကုသ၊ မ,စ ပိုက်ဖြား၊ ချီလေသွားသော်၊ နှစ်ပါးမင်းကို၊ နှစ်ဗိုလ်,နှစ်ရပ်၊ နှစ်တပ် ရှက်ဆိုင်[၁၀၆]၊ အံ့မနိုင်သည်၊၊ တပ်ပြိုင်,မကွာ မလှမ်းတည်း။

[ ၂၅ ]

၅၀။။ အဿက ဟူသည်၊ တွင် အမည်ဖြင့်၊ နေခြည်တောက်ထိန်၊ ဖုန်းညွန့်ရှိန်၏။ ကလိင်္ဂရာဇာ၊ ထိုမင်းမှာလည်း၊ သမ္ဘာ မိုးထိ၊ ကျော်ကိတ္တိနှင့်၊ ပြည်ကြီး ရှင်ချင်း၊ တပ်ပြိုင်ခင်း၍၊ ထိုမင်း နှစ်ပါး၊ နိုင်ငံကြားဝယ်၊ တံ့စား မရွေ့၊ ကြံစုံစေ့လျက်၊ ဘယ်နေ့ တိုက်မည်၊ ဘယ်သည် မသင့်၊ ဘယ်လောက် လင့်ဟု[၁၀၇]၊ ဘယ်နှင့်သောခါ၊ သင် နှင့် ငါသည်၊ တပ်တာ တည်တံ့၊ ဆိုင်ကြအံ့ဟု၊ အနှံ့အပြား၊ စကားတုံ့ပြန်၊ အတန်တန်သည်၊၊ တမန်,စေကြ စူးစမ်းတည်း။

၅၉။။ အကြောင်းအလမ်း၊ စုံစမ်း နေ့,ရက်၊ ချိန်းချက် ခင်းကျင်း၊ မြင်းကို စီရင်၊ ဆင်ကို စွယ်ချွန်၊ သန်မြန် လူရွေး၊ လေးကို ဆိပ်သွား၊ ဓားကို စီမံ၊ လှံကို ထက်သွေး၊ ခဲ,ဆေး လုံလောက်၊ အမြောက် သေနတ်၊ မပြတ် ပြင်ဆင်၊ တတပ်တွင်လည်း၊ စီရင် ဆုံးမ၊ တတပ်ကလည်း၊ ပြသ သေချာ၊ တမင်းမှာလည်း၊ အာဏာ လွှမ်းဖုံး၊ လက်ရုံးကို ကိုး[၁၀၈]၊ တန်ခိုး ဂုဏ်ပြ[၁၀၉]၊ တမင်းကလည်း၊ ထွက်မှ,ထွက်စေ၊ သရေ တက်တုန်း၊ ဘယ်သူ နှုန်းအံ့။ သူ့ဖုန်းကို ကိုး[၁၁၀]၊ သူ့တန်ခိုးဖြင့်၊ သူကြိုးစားလှာ၊ သူ့အာဏာ သို့၊ ငါလည်း ထို့တူ၊ ထီးဖြူ ဖြန့်ကျင်း၊ ရန်နှင်ချင်း ဟု၊ ရဲတင်းစကား၊ အခြားခြားသည်၊၊ ကြုံးဝါး,ပြိုင်ကြ အစွမ်းတည်း။

၆၀။။ ကလိင်္ဂရာဇ်၊ မင်းစစ် ပေါက်ပြ၊ အဿက ဟု၊ နရ ဦးကိုင်၊ နှစ်ပါးပိုင်သည်၊ ခရိုင် သမိုင်း၊ တိုင်း,နှစ်တိုင်း၏[၁၁၁]၊ ခန့်ပိုင်း သားနား၊ မြေအကြားတွင်၊ ဖုရားအလောင်း၊ မြိုင်တောကျောင်းနှင့်၊ ဝှန်သောင်း ထင်ပေါ်၊ ရသေ့ကျော်သည်၊ မွေ့လျော် ရွှင်ပြုံး၊ သီတင်းသုံး၏။ ရှေးထုံး, ရှေးတိတ်၊ နိမိတ်,ဩဘာ၊ အရာရာကို၊ ပညာစွမ်းအန်၊ မြော်မြင်တန်ဟု၊ နန္ဒီသေန၊ မတ်လှ ကျော်ခေါင်၊ ဖုန်းရောင် ရွှင်လန်း၊ ဖုန်းတန်း တက်ဝှန်၊ ပြည်ကြီးဝန်ကြောင့်၊ အားခွန်ထုတ်မည်၊ အတည်တည်ကို၊ ကြံစည်ရေးရာ[၁၁၂]၊ စိတ်စာနာ၍၊၊ ပညာ,စိုင်းပြင်း လေသတည်း။

[ ၂၆ ]

၆၁။။ တောကျောင်း ဗိမာန် ၊ ချမ်းရပ်ဌာန်သို့ ၊ နန္ဒီသေန ၊ ရောက်လကလျှင်၊ မတ်များ မြင့်မို၊ လျှောက်,ဆို စေ့ ငု၊ “ ယခု ထင်ရှား၊ မင်းနှစ်ပါးတို့၊ ထောင်အား ကြိုးကြိုး၊ စစ်မက်ထိုးသော်၊ တန်ခိုး ဖုန်းပြိုင်၊ ဘယ်မင်းနိုင်အံ့။ ဦးကိုင်ထွတ်တင်၊ မိန့်စေချင်”ဟု၊ သို့လျှင် သံညောင်း၊ လျှောက်တုံ ရှောင်းသော်[၁၁၃]၊ အလောင်း ပွင့်လျာ၊ သူမြတ်စွာလည်း၊ “မရာ,အမှု၊ ဘဇာ ပြုအံ့[၁၁၄]။ မင်းမှု,စိုးရေး၊ မမေးသာပဲ၊ သူဆင်းရဲမှာ၊ ပြည်ထဲရေးထက်၊ ဝမ်းရေးခက်၏။ လုပ်နက် ယာ,လယ်၊ ကုန်စယ် ရှာဖွေ၊ ကြိုးပမ်းလေ” ဟု၊ ကျောင်းနေ သခင်၊ မိန့်ရာတွင်နှိုက်၊ “အရှင် ဖုရား၊ ဆင်းရဲသားမူ၊ တိုင်းကား,ပြည်ရွာ၊ စစ်ငြိမ်းပါမှ၊ ချမ်းသာရအံ့။ ယူဆ၍ ပင်၊ သိပါချင်”ဟု၊ သံလွင် တုံ့ခေါက်၊ ဆယ်စုံမြှောက်၍၊၊ ရုပ်ဖျောက်, စမ်းကာ မေးသတည်း။

၆၂။။ ဤသို့လျှောက်ခါ၊ “ရေးရာ စိစိ၊ ငါမသိတည့်။ ဂီရိ သာခေါင်၊ ရွှေတောင် ငွါးငွါး၊ မြင့်မိုဖျားက၊ သိကြား ငါ့မှာ၊ ဆည်းကပ်လှာ၏။ ကြောင်းရာ ဆွေးနွေး၊ ရှုံး,နိုင်ရေးကို၊ ငါမေးဦးမည်၊ တခေါက်လည်၍၊ ရိပ်ခြည် သိလို၊ ကျောင်းကို လာမှ၊ ကြားနာရအံ့”။ မြွက်ဟသော့ခါ၊ မတ်မဟာသည်၊၊ ဝမ်းသာ,စိတ်ကြည် အေးသတည်း။

၆၃။။ နန္ဒီသေန၊ မတ်လှ တုံ့ခေါက်၊ ပြန်သည့်နောက်ဝယ်၊ ရွှေမှောက် သိကြား၊ ရောက်လှာငြား၍၊ မြတ်ဖျား ဆရာ၊ မေးသည်မှာကား၊ “ဝှန်ဝါ ရိုက်ထိန့်၊ ကျော်သံအိန့်မျှ၊ ဝတိန့် အထွတ်၊ တန်ခိုးလွှတ်၍၊ တမွတ် အခေါင်၊ မုနောဆောင်လျက်၊ တောင်မေရုရ၊ စိုးပိုင်သသည်၊ သာသန ဒါယကာ၊ နတ်ဒေဝါ။။ အာဏာပြိုင်တုန်း၊ ဖုန်းလည်းပြိုင်ကိုး၊ တန်ခိုး ပြိုင်ကြ၊ အဿက နှင့်၊ ကလိင်္ဂမင်း၊ စစ်ဖြစ်ခြင်းကား၊ ဆင်,မြင်း,ရထား၊ လေးပါး စစ်အင်၊ အားပြချင်လည်း[၁၁၅]၊ ဘယ်တွင် စစ်မက်၊ မထွက် မမြော်၊ မပေါ် လှာပဲ၊ စစ်ပွဲ မစည်၊ နေရသည် ဟု၊ မကြည်,မလင်၊ မရွှင်,မပြုံး၊ နှလုံး မာန်ရှိန်၊ ပြင်းလောင်ထိန်လျက်၊ ကလိင်္ဂရာဇ်၊ ထိုမင်းစစ်သည်၊ စစ်ယစ်သော့အား[၁၁၆]၊ ရထား လေးစီး၊ ဆောင်ယောင်ပြီးမှ၊ သမီး လေးပါး၊ [ ၂၇ ]တင်စေငြားလျက်၊ ငါ့အား ငြင်ငြို၊ စစ်ပြိုင်လို၍[၁၁၇]၊ ငါ့ကို မရှောင်၊ အန်ထောင်ဝံ့သူ၊ သိမ်းကြယူဟု၊ ဇမ္ဗူ ပြောစည်၊ ကျွန်းကို လည်၍၊ ဘယ်ပြည်, ဘယ်နန်း၊ ဘယ်တိုင်းခန်းက၊ နှုန်းနှန်း ဖော်ဖွေ၊ မဝံ့ချေတည့်။ အောင်မြေသီရိ၊ ပါဋလိတွင်၊ ပြည်ကြီး ဂုဏ်ဆီ၊ ကျော်လွံ့ ညီ၍၊ နန္ဒိသေန၊ ကြံ, လုံ့လဖြင့်၊ အဿကမင်းကြီး၊ ဖုန်းရောင် ညီးလျက်၊ သမီး ကညာ၊ ဆင်း ဒေဝါကို၊ အောင်မျာ ဘုံခန်း၊ စိတ်ရွှင်လန်း၍၊၊ ရွှေနန်း,သိမ်းယူ တင်သတည်း။

၆၄။။ “လေးယောက် ကညာ[၁၁၈]၊ ဆင်းကလျာကို၊ ပြည် ပါဋလိ၊ ဓိပတိက၊ မင်း မိဖုရား၊ မြောက်သောအားကြောင့်၊ နှစ်ပါးမင်းကို၊ စကားဆိုလျက်၊ ရန်လို ရန်ခိုက်၊ စိတ်မာန်လိုက်၍၊ စစ်တိုက်ကြမည်၊ စစ်ပွဲစည်အောင်၊ နှစ်ပြည် စွန်းသွယ်၊ နှစ်နယ် လယ်၏၊ ရှက်သွယ် မြေစပ်၊ ခရီးရပ်တွင်၊ နှစ်တပ် ရွယ်စောင်၊ ဗိုလ်မြားမြောင်နှင့်၊ ဘယ်တောင်,ဘယ်ကမ်း၊ ဘယ်လမ်း မဆံ့၊ မြေပြင်နုမျှ၊ တိုက်အံ့ ဘယ်,ညာ၊ ချီကြလာသည်[၁၁၉]၊ ဗိုလ်ပါ, သောင်းသောင်း ပြင်သတည်း။

၆၅။။ “သူတော် မထေရ်၊ ငါ့အရည်နှင့်၊ ငါသည် တွေးဆ၊ ငါ့စိတ်ကမူ၊ ဒုက္ခ မချွတ်၊ ဤဝဋ်တွင်းမှာ၊ သတ္တဝါတို့၊ ကြမ္မာ မလွတ်၊ ဥပဒ်ဖြစ်လို၊ တိမ်းပြို ပြည်တဲ၊ ဆင်းရဲ တာရှည်၊ ဖြစ်ကြမည်တည့်။ နှစ်ပြည် ကွပ်ထိုင်း[၁၂၀]၊ နှစ်တိုင်းစိုးသား၊ မင်းနှစ်ပါးတို့၊ ရန်ပွား မျက်မှုန်၊ အရေး ကုန်မှ၊ မတုန် မလန့်၊ အဝှန့် ဗိုလ်ပါ၊ ချမ်းသာမည်ပင်၊ ငါစိတ်ထင်၍၊ နတ်သျှင် နရ၊ အဿကနှင့်၊ ဘူပ ဇနိန်၊ ကလိင်္ဂရာဇ်၊ ကြံသည့်စစ်တွင်၊ ဖုန်းသစ် လျှံဝင်း၊ ဘယ်သည့် မင်းက၊ အောင်ခြင်း ရောက်မည်၊ သို့ဖြစ်သည်ကို၊ နှစ်ပြည် စိုးကာ[၁၂၁]၊ တန်ခိုး ဖြာသည်၊ ဒါယကာမြတ်၊ မြင့်မို နတ်လျှင်၊ ပြတ်ပြတ် ရွေးကောက်၊ ယခု လျှောက်လော့။ ထောက်ထောက် တွေးတွေး၊ နောက် နှင့် ရှေးကို၊၊ ကြောင်းရေး,ငါသိ ချင်သတည်း။

၆၆။။ ရသေ့ ခေါင်ဖျား၊ မေးသောအားဖြင့်၊ သိကြား ဒေဝါ၊ လျှောက်သည်မှာကား၊ “ဝဋ် , ကာမ ဝဲ၊ သုံးဘုံ ထဲ နှိုက်၊ ဆင်းရဲ ကြီးစွာ၊ [ ၂၈ ]သံသရာဝယ်၊ သတ္တဝါအများ၊ သူတို့အားကို၊ သနား ကြည်ဖြူ၊ ကယ်တော်မူအံ့။ ဆုယူ အလောင်း၊ မြတ်ရာ ချောင်းသည်၊ ဖုန်းပေါင်း တောက်ထိန်၊ စောမုနိန်၊၊ ကလိင်္ဂရာဇ်၊ မင်းစစ် အဿက၊ ရန်ဖြစ်ကြ၍၊ ရန်စ မကွာ၊ ရန်ရှာ ရန်ခိုက်၊ စစ်တိုက်သောခါ၊ မဟာရာဇ၊ အဿာကဟု၊ သိင်္ဂ မုနော[၁၂၂]၊ ထုတ် မင်းစောကို၊ စောင့်သောနတ်သည်၊ မွေးရည် တန်ဆာ၊ ဖြူ,ပြာ, စိန်,ရွှေ[၁၂၃]၊ ထွေထွေ မရော၊ နတ်ကျော မည်းရောင်၊ ဖိတ်ဖိတ်ပြောင်မျှ၊ မင်းခေါင် နရ၊ ကလိင်္ဂကို၊ စောင့်ထ နတ်မူ၊ အဖြူ သန့်ရှင်း၊ ထွတ်ထွတ် ဝင်းတိ[၁၂၄]။ မင်းကြီး ရုပ်ဝါ၊ ဆင်တန်ဆာဖြင့်၊ ဦးစွာ ရှေ့ဖျား၊ ခွန်အား ထုတ်ထုတ်၊ လွန်ကြိုးကုတ်လျက်၊ နွားဥဿဘ၊ ဖန်ဆင်းကြ၍၊ လောကထွတ်ထား၊ မင်းနှစ်ပါး၏၊ ကိုယ်စားတော် ကြိုး[၁၂၅]၊ လှုံ့ဆော် နှိုး၍၊၊ စစ်ထိုး,ပွဲဦး ပြိုင်လတ္တံ့။

၆၇။။ “ထိုမင်းနှစ်ပါး၊ ကံအလားလျှင်၊ စွမ်းအား ဗလ၊ ဥသဘတို့၊ တိုက်ကြလေမူ၊ မည်သသူမျှ၊ မွေးမြူ မမြင်၊ နတ်သျှင် ထွတ်ထား၊ နှစ်ပါး မင်းသာ၊ မြင်တို့ရာ၏။ ပမာ နှိုင်းနှုန်း၊ ပိတုန်း မြတောင်၊ နွားနက်ရှောင်၍[၁၂၆]၊ ဖြူရောင် နွားမင်း၊ တိုက်လံ ခွင်းက၊ သတင်း နွမ်းညှိုး၊ တန်ခိုးနွမ်းလျော်၊ ဖုန်းတော် နွမ်းလျ၊ အဿကတည့်။ ကာလ ထိုချိန်၊ ဖုန်းတော်ထိန်၍[၁၂၇]၊ ကလိင်္ဂမင်း နိုင်လတ္တံ့။

၆၈။။ “ ထိုနွား နှစ်ဦး၊ ဝှေ့စူး တိုက်ရာ၊ ထိုဩဘာကြောင့်၊ ပြည်ပါဋလိ၊ အမည်ရှိသည်၊ မင်းကြီး ရဲဘော်၊ စစ်သည်တော်တို့၊ နွမ်းလျော်ရှောင်သွေ၊ ပျက်စီးချေ၍၊ ထွန်းနေလဝါ၊ တက်လျှံ ြာသို့၊ မဟာရာဇ[၁၂၈]၊ ကလိင်္ဂသည်၊ ဒီပတရိုး၊ အခေါင်မိုး၍၊ ၊တန်ခိုး,ဖုန်းတန်း လှိုင်လတ္တံ့။

၆၉။။ ထိုသို့ ဩဘာ၊ ထင်ခြင်းရာကို၊ ဣန္ဒာဒေဝ၊ ကိစ္စ စုံစေ့၊ ရှင်ရသေ့အား၊ ချမ်းမြေ့ ထူးလည်၊ သာကြည် လျှောက်ထား[၁၂၉]၊ ထို စကား [ ၂၉ ]ကို၊ နှစ်ပါးမင်းက၊ ကြောင်း,ခြင်း စိစွေး၊ ချောင်းမြောင်းမေးလည်း၊ အရေးကြားတိုင်း၊ မဆိုင်း မချန်၊ ပြန်၍ ကြောင်းစ၊ မိန့်လိုက်ဟရှင့်။ ကလိင်္ဂမင်း၊ ထွတ်သနင်းကား၊ ရွှင်ခြင်း,ရွှင်တင့်၊ ရွှင်ပန်းပွင့်၍[၁၃၀]၊ စစ်ခွင် စစ်မှု၊ အစုစု ကို၊ ဂရု မထူ၊ နိုင်မည်သူဟု၊ စိတ်ယူ သတိ၊ လျော့ချေမိ၏။ ပါဋလိပြည်၊ စိုးသည် ရာဇ၊ နရိန္ဒကား၊ သူက စစ်အောင်၊ တို့ စစ်ရှောင်အံ့[၁၃၁]။ တိမ်တောင် မိုးနတ်၊ နိမိတ်ဖတ်ဟု၊ စွဲမှတ် ဝမ်းမှာ၊ မသက်သာ၍၊၊ ကြောင်း,ချာ စေ့စုံ ဆိုလတုံ၏။

၇၀။။ လုံးလုံး ထွေးထွေး[၁၃၂]၊ နှလုံးလေးလျက်၊ စစ်ရေး မှုအင်၊ မတ်ကျော်ထင်ကို၊ တိုင်ပင်သည်ကား၊ “ ဂုဏ်ရည် ထွန်းညိ၊ အရေး ရှိမှု၊ ပဏ္ဍိသရေ၊ တိုး လေလေတည့်။ ပဒေသာဉာဏ်၊ ညွန့်သန် ခိုင်ဖြီး၊ ဆွတ်တိုင်း သီးရှင့်။ နောင်ကြီး အသွင်၊ ငါ့စိတ်ထင်သည်၊ ဂုဏ်အင် မြောက် မြား၊ မတ်ခေါင်ဖျား၊၊ လေးပါး စစ်အင်၊ ဝန်းကျင် ရံပတ်၊ သင်အမတ် နှင့်၊ ငါနတ်သျှင်ကိုယ်၊ ချီသည်ကိုလျှင်၊ ဘယ်ဗိုလ်,ဘယ်မင်း၊ ဘယ်က တင်း၍၊ ဘယ်ခင်းရေးရာ၊ ဘယ်အာဏာကြောင့်၊ ငါတို့သည်သူ၊ အောင်လံ ထူလျက်၊ ရည်တူ လက်ရုံး၊ ဘယ်ကကြုံး၍၊၊ စစ်ရှုံး, တို့ခံ သင့်သလော။

၇၁။။ “နိုင်ငံတဝိုက်၊ ကိုယ်စီတိုက်ဖြင့်၊ ငါ့နှိုက်ဆိုဘွယ်၊ သူ့ ဝယ် ဆိုရာ၊ မရှိသာတည့်။ မြို့ရွာ ပတ်လည်၊ ရွှေပြည် စိုးချာ၊ သို့နေရာတွင်၊ မျက်ပါ မာန်တက်၊ နှလုံးထွက်၍၊ လက်နက် ဆင်,မြင်း၊ လုံးရင်း လူဗိုလ်၊ ခိုင်း နှိုင်းလိုဟု၊ ငါ့ကို မတူ၊ သူ့စိတ်ယူရှင့်။ ငါ့မူလည်းထောက်၊ ဂုဏ် မမြောက်တည့်[၁၃၃]။ လာရောက် မဆိုင်း၊ ဂုဏ်သံ လှိုင်းလျက်၊ တို့တိုင်း ပြည်တိုင်၊ သူ့ ခရိုင်က၊ တို့နိုင်ငံတွင်း၊ တမန်ချင်း၍၊ ရန်တင်း မေးလှာ၊ ရန်စရှာလျက်၊ ရန်တာ ပွါးစည်၊ ကြုံတော့မည်တည့်။ သူ ပြည်ကြီးပိုင်၊ ငါ နိုင်ငံစိုး၊ ဂုဏ်ချင်းကိုး၍၊ တန်ခိုး ဖုန်းတန်း၊ ပြိုင်နှုန်းနှန်း၏။ ဂဏန်း တခြား၊ ဟူးရား တလည်၊ စနည် မြားမြောင်၊ တပေါင်,အတိတ်၊ နိမိတ်, ဩဘာ၊ အရာရာကို၊ ရှာရှာ,ရွေးရွေး၊ ဉာဏ်ရည် သွေး၍၊၊ အရေး,သို့ကြံ သင့်သလော။။”

[ ၃၀ ]

၇၂။။ နတ်သျှင့် စကား၊ ကြားလတ်တုံပြီး၊ အမတ်ကြီးကား၊ “ဖုန်းမီး နေတူ၊ တက်ထွန်းပြူက၊ ရန်သူတော်ပေါင်း၊ ၀ပ်ညောင်းရမည်၊ ဘယ်သည်ကိုမှ၊ မကြောင့်ကြနှင့်။ လုံ့လ မြဲမြံ၊ ကျွန်ုပ် ကြံအံ့။” ဝန်ခံခဲ့ပြီး၊ စစ်သူကြီးနှင့်၊ မသီး,မကွဲ[၁၃၄]၊ သူရဲစုတွင်၊ စွမ်းအင် အရည်၊ ရှုရိပ်ခြည်ဖြင့်၊ ဖွေနှည် ရွေးကောက်၊ ခေါ်ခဲ့မြောက်မှ၊ တောချောက် ဂနိုင်၊ စုံမြိုင် ချမ်းရိပ်၊ တောင်ညွန့်ထိပ်ဝယ်၊ စိပ်စိပ် ဖြာဖြာ၊ နာသာ စကား၊ ဆိုမြွက်ကြား၏။ “ပိုက်ဖြား မြတ်လေး၊ ကိုယ်တော် မွေး၍၊ အရေးတော်ယူ၊ ချစ်တော်မူသည်၊ အို သူရဲပေါင်း၊ မှုထမ်းကောင်းတို့၊၊ အလောင်း နတ်သျှင်၊ တို့သခင်အား၊ ကြင်ကြင်,ချစ်ချစ်၊ နှစ်နှစ်,လို့လို့၊ သင်တို့ အသက်၊ နှင်း, ဆက်ကြမည်၊ စိတ်ရည် တံ့စား၊ တည်ကြား မသုန်၊ ရှိပါကုန်မူ၊ ဆင်းခုန် ယခု၊ တစု,တရုံး၊ နှလုံး မတွန့်၊ ဤတောင်ညွန့်မှ၊ သက်စွန့်ကြပါ၊” ဆိုသော ခါသည်။။ လိုရာ,လိုက်မည် ငင်းငင်းတည်း။

၇၃။။ တောင်ထက် ခုန်ဆင်း၊ ရပ်မတင်းဟု၊ တသင်း ဗိုလ်ခြေ၊ ရှိကြလေသော်၊ “ မြိုင်ဝေ,တောကြီး၊ ဤခရီးဝယ်၊ ချည်းနှီး သက်သက်၊ သေသော့ထက်ကား၊ ဆက်လက် တညီ၊ တစီ တလျဉ်၊ သားစဉ် မြေး,မြစ်၊ ပြောထုံးဖြစ်အောင်၊ တစစ်,တမက်၊ ကိုယ် နှင့် သက်ကို၊ နှင်းဆက် တိုက်မည်၊ အားသံရည်၍၊ ဦးလည် မသုန်၊ ထမ်းပါကုန်လော့။ ဂဠုန်မင်းအား၊ မရှောင်ရှားပဲ၊ နဂါး ရန်တွေ့၊ ခြင်္သေ့ နှင့် ယုန်၊ ပြိုင်သော့ဂုဏ်သို့၊ မာန်ဟုန် ပြင်းချိန်၊ ကလိင်္ဂရာဇ်၊ ပေါ်သော စစ်ကို၊ မနစ်,မဆုတ်၊ အားထုတ် ဝမ်းရွှင်၊ ထမ်းစေချင် ”ဟု၊၊ ပဲ့ပြင်,နားပါး သွင်းသွင်းတည်း။

၇၄။။ နန္ဒီသေန၊ မြွက်ဟ စကား၊ ကြားကြလေရှောင်း၊ သူရဲပေါင်းလည်း၊ လွှဲပြောင်း မရှိ၊ တညီညှိသို့၊ “သတိ မယွက်၊ စိတ်စက် မထူး၊ ကျေးဇူး သစ္စာ၊ စောင့်သိစွာလျှင်၊ ထမ်းပါကြအံ့။ ခိုင်ကြံ့ကြံ့ တည့်။ တည်တံ့ မယို၊ ယုဂန္ဓိုရ်နှင့်၊ မြင့်မိုတောင်ထိ၊ ရန်သူ ဖိလည်း၊ တစိ မညံ့၊ စိုး,မရွံ့”ဟု၊ ခိုင်ခံ့ တည်ပ၊ လုံ့လ အစွန်[၁၃၅]၊ နတ်သျှင့်ကျွန်တို့၊၊ ခံဝန်, ကြပ်ကြပ် တင်းတင်းတည်း။

၇၅။။ ရဲစု, ရဲဘော်၊ ညီကြသော်လျှင်၊ တပ်တော်ရှိရာ၊ ထွက်ခဲ့ လာမှ၊ လောကာဓိပ၊ အဿက အား၊ သာရဂမ္ဘီ၊ ပြည့်စုံညီသည်၊ နန္ဒီသေန၊ ကြောင်းကိစ္စကို၊၊ ဖော်ပြ,စေ့ရေ လျှောက်တုံပေ၏။

[ ၃၁ ]

၇၆။။ “ဒီပကျွန်းငူ၊ ကျွန်းလေးဆူတွင်၊ ဇမ္ဗူ တဘီး၊ ဤကျွန်း ကြီးထက်၊ ဆောင်းထီး နန်းစံ၊ နိုင်ငံ မြို့,ရွာ၊ ဗိုလ်ပါ လက်နက်၊ တိုက်ဖက် အင်တူ၊ ဖြစ်လေ မူလည်း၊ အယူ အတွေး၊ ကြံရေး ပညာ၊ မတူလှာ၍၊ လိမ္မာ ဆန်းပြား၊ ကျော်ထင်ရှားသည်။ တရား မင်းမြတ်၊ လောကနတ်၊၊ တွင်မှတ် နဂိုရ်၊ တက္ကသိုလ် နှင့်၊ မည်ဆို ပူရ၊ ဗာရာဏ ဟု၊ ပြည်မ အကြား၊ အလား အလာ ၊ လူ များစွာကို၊ အစာ မရွေး ၊ ကိုယ် အမွေးဖြင့် ၊ သစ္စေး ဂွမ်းတင်[၁၃၆] ၊ ငြိသော သွင်သို့ ၊ တွေ့မြင်ရာ ဖမ်း၊ ဘီလူးကြမ်း၏ ၊ ပိုင်လမ်း ကန္တာ၊ ရောက်တုံလှာသား၊ ပဉ္စာဝုဓ၊ မည်ရ သညာ၊ လောင်းပွင့်လျာ သည်၊၊ ဗာရာ,ပြည်မ နန်းရိုးတည်း။

၇၇။။ “သိလေသဟု၊ လောမ ဆိုးသွမ်း၊ ဘီလူးကြမ်းလျှင်၊ လိုက်ဖမ်းသော့ခါ၊ စကြာ မုံထွား၊ ထိုမင်းသားကား၊ လှံ,ဓား မကြွင်း၊ ခက်ရင်း ဒုတ်,လေး၊ ပစ်သော ဘေးလျှင်၊ အမွေးသို့ ရောက်၊ စူး မပေါက်၍၊ ခြေကျောက် လက်ခတ်၊ တွန်းသတ် တတန်၊ အားထုတ်ပြန်လည်း၊ စွမ်းအန် မရှိ၊ မွေးတွင် ငြိက၊ သတိ မလွင့်၊ ဥက္ခောင်းဖြင့်လျှင်၊ ထပ်ဆင့် တိုးဝှေ့၊ ခြင်္သေ့ နှိုင်းရာ၊ စိတ်ခိုင်မာသည်၊၊ ရွံ့ရှာ,မလန့် မစိုးတည်း။

၇၈။။ “ပဉ္စာဝုဓ၊ မည်ရ ထင်ရှား၊ ထိုမင်းသားသည်၊ တည်ကြား ကြံ့တင်း[၁၃၇]၊ ရဲရင့်ခြင်းကြောင့်၊ ဝမ်းတွင်း လန့်စိုး၊ နှလုံးညှိုးလျက်၊ မကြိုး, မပမ်း၊ ဘီလူးကြမ်းက၊ ကြောင်းလမ်း ဆွေးနွေး၊ ဤသို့ မေး၏။ ‘အဝေး, အနီး၊ ခရီး လာ,သွား၊ လူတလွှားကို၊ ဖမ်းစားလှပြီ၊ မထီမဲ့မြင်၊ သို့စင်ကြောင်းရေး ၊ သေမည့် ဘေးကို၊ မလေး မလောက် ၊ မကြောက်, မထိတ်၊ ရွှံ့စိတ် မငဲ့၊ မတုန်လှဲ့တည့်။ သင်ကဲ့သို့ပင်၊ မမြင်တွေ့ဘူး၊ ရဲရည်ထူး’ဟု၊ ဘီလူး စကား၊ ဆိုသံကြားက၊ မင်းသား သွယ်ဝယ်၊ ပရိယာယ်ဖြင့်၊ ‘တကယ် ငါ့အား၊ သင်တည်း စားအံ့၊ စိန်ဓား သန်လျှက်၊ လက်နက် ဝမ်းမှာ၊ ငါ့ တွင် ပါရှင့်။ သင်သာ ခုသည် ၊ ဘေး သင့်မည်ကြောင့် ၊ ကြံစည် တွေး ထောက်၊ ငါမကြောက်’ဟု၊ စွမ်းမြောက် ဆိုသား၊ ထိုစကားကြောင့်၊ မစားဝံ့ချေ၊ မင်းသား နေသည်၊ အောင်မြေ ဗာရာ၊ ပြည်သို့ သာလျှင်၊ နောက်ပါ မ,စ [ ၃၂ ]ပို့လိုက်ရရှင့်။ လုံ့လလည်း ရှိ၊ ဉာဏ်ကဝိ နှင့်၊ သတ္တိ ရဲရောင်[၁၃၈]၊ ပွဲကြီး အောင်သည်၊၊ စွမ်းဆောင်,လုံ့လ အကျိုးတည်း။

၇၉။။ “ဤပုံ,ဤထုံး၊ နည်းကို ကျုံး၍၊ နှလုံးတော်စား၊ မှုခင်းများကို၊ ခွန်အား ထုတ်ထုတ်၊ ကြိုးကုတ် စိတ်ပိုင်၊ ကြံ့ကြံ့ခိုင်လော့။ နိုင်မည်,ရှုံးမည် ဆိုသည်စကား၊ ဘယ်သူအားလျှင်၊ ထင်ရှား တပ်တပ်၊ သိလေအပ်လိမ့်။ ကြပ်ကြပ်,တည်းတည်း၊ စည်းစည်း,ရုံးရုံး၊ နှလုံး စိတ်စက်၊ မငဲ့ကွက်အောင်၊ ရဲမက်တို့အား၊ နားပါး ချချ၊ ပြပြ,ပြောပြော၊ သဘော ဓလေ့၊ ညီကြ၍လျှင်၊ အရှေ့ နေဝင်၊ ယဉ်ရှင် သီတာ၊ အညာ ဆန်သွား၊ မိုးကား အောက်နေ၊ မြေကား ထက်ယံ၊ ဓူဝံ ရှိရာ၊ တောင်မျက်နှာ ဟု၊ သေချာ စုံပြည့်၊ ပြောပေလှည့်လည်း၊ လွဲ၏ မထင်၊ ရဲစိတ်ဝင်သား။ သို့စင် စွမ်းရည်၊ သျှင့်စစ်သည်တို့၊ ဦးတည် စွန့်စား၊ ထမ်းမည်အားလည်း၊ အခြား မဖီ၊ နှလုံးညီရှင့်။ ချီမည်, ထွက်မည်၊ တိုက်မည် နေ့ရက်၊ ချိန်းချက်ရာက၊ မလွန်ရအောင်၊ များလှ ဗိုလ်ခြေ၊ ရံအုပ်တွေဖြင့်၊၊ အောင်မြေ, နင်းတော် မူပါလော့။

၈၀။။ “သူ့တပ်,တို့တပ်၊ စစ်မြေရပ်ဝယ်၊ ကြပ်ကြပ်တည်းတည်း၊ စည်းစည်း,ရုံးရုံး၊ နှလုံး မတွန့်၊ စိတ်လိုလွန့်လျက်၊ သက်စွန့် များသူ၊ နိုင်မြဲ ယူလော့။ သူတို့ မှတ်ရိုး၊ စစ်မက်ထိုးသော်၊ အားကြိုး တင်းတင်း၊ လူချင်း ချင်းကို၊ ဘယ်မင်း ဖက်ပြိုင်၊ ဘယ်တပ် ဆိုင်အံ့။ သူ့ နိုင်ငံသား၊ သံမှုန့် စားမှ၊ တို့ဓား တုံးမည်၊ မှတ်တော်တည်လော့။ တိုင်းပြည်,စိုးရ၊ ကလိင်္ဂ အား၊ ဥသဘယောင်၊ ဆောင်၍ စွဲမှတ်၊ စောင့်သောနတ်ကို၊ မှူးမတ် ဗိုလ်ပါ၊ များစွာ ဖြီးထူ၊ ရှိပါမူလည်း၊ မည်သူအားမှ၊ မမြင်ရတည့်။ ထင်ပြ, မဖေါ်၊ လျှို့ဝှက်သော်လည်း၊ ကိုယ်တော်တပါး၊ ဖုန်းတော်အားကြောင့်၊ ရှေ့ဖျား, တူရူ၊ မြင်တော်မူလိမ့်။ ရောင်ဖြူ လွလွ၊ ဥသဘလည်း၊ တပ်မ ဆီလျော်၊ စွန်းစွန်းပေါ်တွင်၊၊ ကိုယ်တော်,ခွင်းတော် မူပါလော့။

၈၁။။ “ရောင်ဖြူလွလွ၊ ဥသဘကို၊ တမျှ နတ်စက်၊ ရွှေလက်နက် ဖြင့်၊ ရွှေလက်တော် ညွတ်၊ ထိုးလိုက်လွှတ်မှ၊ မလွတ် ဆီလျော်၊ အာနုဘော်ကြောင့်၊ လှံတော် လွှတ်ရာ၊ ထိုမျက်နှာသို့၊ ဗိုလ်ပါ လှည့်လည်၊ တိုက်စည် ဆော်နှိုး၊ ဝန်း၍ ထိုးသော်၊ နွမ်းညှိုး ဆုတ်ရှောင်၊ တပ်ဦး အောင်က၊ မြား [ ၃၃ ]မြောင် တပ်ပြိုင်၊ ဘယ်ခံနိုင်အံ့။ စိုးပိုင် တဝ၊ ကလိင်္ဂ က၊ ပွဲရလိမ့်မည်၊ နှစ်ပြည် စိုးခြင်း၊ မိုးနတ်မင်း၏၊ သတင်း စကား၊ တဆင့်ကြားကို၊ ရွှေနား မနာ၊ တွေးထောက်စာ၍၊၊ သင်္ကာ,ကင်းတော် မူပါလော့။။”

၈၂။။ ဤသို့ သီးသီး၊ အမတ်ကြီးက၊ နည်းမှီး ထုံးရပ်၊ တော်ရာ ချပ်၍၊ ကြပ်ကြပ် စိစိ၊ လျှောက်သည်ရှိသော်၊ ဘူမိပါလ၊ အဿကလည်း၊ “ပြသ ထုံးတီး၊ နည်းကို မှီး၍၊ မတ်ကြီး ရှာရွေး၊ သည်အရေးမူ၊ တွေးတွေး, ဆဆ၊ တော်,လျော်စွတည့်။ နေ့ , လ မရှည်၊ တိုက်မည်ကိုသာ၊ ရှာရှာ, ဖွေဖွေ၊ စီရင်လေ”ဟု၊ ရေမြေ စိုးရ၊ နရိန္ဒက၊ ကိစ္စ မှုခင်း၊ အကုန် နှင်း၏။ မင်းအဿက၊ စိုးရ ရွှေပြည်၊ တပတ်လည်တွင်၊ နှုန်းရည် မမီ၊ ရေပေါ်ဆီသို့၊ နန္ဒီသေန၊ ဉာဏ စိုက်ထောင်၊ မတ်ကျော်ခေါင်ကား၊ စေ့အောင် မလပ်၊ အတပ်တပ်ကို၊ အရပ်,အနေ၊ နှိုးဆော်စေမှ၊ သေခွေ မပျက်၊ ရှေး ချိန်းချက်သည့်၊ နေ့,ရက် ရောက်ခါ၊ များဗိုလ်ပါနှင့်၊ ချီလာ အုတ်ကျက်၊ တပ်မ ထွက်၍၊ ရဲမက် စည်းဝေး၊ တိုက်သံ ပေးသည်၊၊ ဟစ်ကြွေး, ကြော် သံ သောင်းသောင်းတည်း။

၈၃။။ ပါဋလိပုတ်၊ သမုတ် အမည်၊ ထိုရွှေပြည်ကို၊ စိုးသည် မင်းခေါင်၊ ဖုန်းရောင် တက်သစ်၊ ဧကရာဇ်လျှင်၊ ရန်စစ်သည်ကောင်း၊ မှူးမတ်ပေါင်းနှင့်[၁၃၉]၊ သောင်းသောင်း ဝန်းကျင်၊ ထွက်သည် မြင်က၊ နတ်သျှင် ပဝရ[၁၄၀]၊ ကလိင်္ဂလည်း၊ “တပ်မ, တပ်ခံ၊ တပ်ရံ, တပ်သိမ်၊ အာဏာ နှိမ်က၊ ငြိမ်ဆိမ် သေခွေ၊ စီရင်လေ”ဟု၊ ဗိုလ်ခြေ ရုရု၊ တပ်ပေါင်းစုလျက်၊ ဗိုလ်ထု အုတ်ကျက်၊ ဆီးကြိုထွက်၏။ နှစ်ဖက် တပ်ဖျား၊ နှစ်ပြည်သားတို့၊ တည်ကြား ညီညှိ၊ တပ်ပြိုင်မိသော်၊ တပ်ကြီး ရံဆွယ်၊ တပ်လယ်စွယ်ကို၊ သွယ်ဝယ် မဆိုင်း၊ ခုန်ပြေး စိုင်းလျက်၊ ဒိုင်း နှင့် ကာ,လွှား၊ ရင်တား ကတုတ်၊ ဓား,ဒုတ် လှံရေး၊ ပြောင်း,လေး သေနတ်၊ ပစ်ခတ်မည်သွင်၊ ဆင် မှာ, ဆင်ချင်း၊ မြင်းမှာ,မြင်းလျောက်၊ ဆိုင်ရာ ကောက်၍[၁၄၁]၊ ရွံ့,ကြောက်လေအောင်၊ မြောက်,တောင် ပြေးထွက်၊ ဝန်းရှက်ကြကုန်၊ ရဲမက်ဟုန်ဖြင့်၊ မြူး,ခုန် ရွှင်ပျ၊ ဟန်ရေးပြလျက်၊ ဆီးဆ ကြော်ငြာ၊ သောင်းသောင်း လာသည်၊၊ မျက်ပါ,မာန်ရှိန် ခြောင်းခြောင်းတည်း။

[ ၃၄ ]

၈၄။။ မင်းနှစ်ပါး၏ ၊ ဆီးတား နှိုးဆော်[၁၄၂]တပ်မတော် က၊ မကြော်,မညံ၊ အသံမထွက်၊ လက်နက် မလွှတ်၊ ညီညွတ်ကြစွာ၊ မင်းအာ ဏာနှင့်၊ မှတ်စာ ရိပ်ခြည်၊ မပြသည်ကြောင့်[၁၄၃]၊ တိုက်စည် မနှိုး၊ ရှေ့မတိုးပဲ၊ မစိုး,မရိမ်၊ တပ်လုံး ငြိမ်၏။ တပ်သိမ်,တပ်ငယ်၊ တပ်စွယ်,တပ်ရံ၊ တပ်ခံ, တပ်ပေါင်း၊ တပ်လက်စောင်းမူ၊ နှစ်ကြောင်း သွယ်ထား၊ နှစ်ဖက်သားပင်၊ စိမ်းစားမည့်ယောင်၊ လက်နက်စောင်၍၊ ဟန်ဆောင် ထွက်,ဝင်[၁၄၄]၊ ရေးရာ ဆင်သည်၊၊ကောင်းကင်,မြေမှုန့် ထောင်းထောင်းတည်း။

၈၅။။ တပ်တာ ခင်းကျင်း၊ တပ်စွယ်ချင်းတွင်၊ တပ်မင်း,တပ်ချုပ်၊ တပ်အုပ်, တပ်သား၊ တပ်တော်ဖျားက၊ ကစား ခုံမင်၊ အလျင်, အနှေး၊ ဟန်ပန်ပေး၍၊ စစ်ရေး ငင်ချိန်၊ ထို အရှိန်တွင်၊ ကလိင်္ဂစော၊ မြတ်မုနောကို၊ စောင့်သော နတ်ကျော်၊ စစ်ကူဘော်ကား၊ ရှေ့တော်က ဆောင်၊ နွားအယောင်လျှင်၊ ဖြူရောင် ဆင်းဝါ၊ ထွက်ပေါ်လာသော်၊ နရာဓိပ[၁၄၅]၊ အဿကလည်း၊ လှံမ,တော် စွဲ၊ ကိုယ်တော် နွှဲ၍၊ ရဲရဲ တောက်ထိန်၊ ဝရဇိန်သို့၊ လက်ချိန် ကိုင်,မိုး၊ ပစ်လိုက်ထိုးက၊ ထစ်ကြိုး အသံ၊ တော်ဟည်း ညံ ၏[၁၄၆]။ ရွှေလှံ လွှတ်ရာ၊ ရဲ,ဗိုလ်ပါတို့၊ ကြော်ငြာ အားကြိုး၊ ဝန်း၍ ထိုးက၊ နတ်မျိုး ဒေဝ၊ ဥသဘလည်း၊ ရှ,န တုံးလုံး၊ သေလေဆုံးသော်၊ မရုံးကြနိုင်၊ တပ်ဦး ယိုင်သည်၊၊ မခိုင်,မြေလုံး နိမ့်နိမ့်တည်း။

၈၆။။ မတည်,မရပ်၊ ကိုယ်စီကြပ်လည်း၊ တတပ် ရိပ်ခြည်၊ တတပ် တည်၍၊ ဖြစ်မည်မထင်၊ ကြောက်စိတ်ဝင်မှ[၁၄၇]၊ မရွှင်,မပျ၊ စစ်ခြေကြွသော်၊ အဿကမင်း၊ စောရန်ခွင်း၏၊ ကျွန်ရင်း ရဲဘော်၊ စစ်သည်တော်တို့၊ ထိုရော် စိုက်စိုက် ၊ ဖိစီး တိုက်သော်[၁၄၈] ၊ တောင်ဝိုက်, မြောက်ဝေ့ ၊ တပ်ပေါင်းရွေ့ [ ၃၅ ]လျက်၊ ရှိန်ငွေ့ အာဏာ၊ တည်စိမ့်ငှာလျှင်၊ ဆိုင်ရာ ဆို့, ဆီး၊ အသီးသီး လျှင်၊ အကြီး,အချုပ်၊ မအုပ်နိုင်ပြီ၊ ကစီ,ကလျဉ်၊ ကစဉ်,ကမျော၊ ကရော, ကပါး၊ ပြေးထွက်သွားသော်၊ မြင်းသား ဆင်သည်၊ အတည်တည်လျှင်၊ လှည့်လည် တန့်ရပ်[၁၄၉]၊ ဝန်း၍ ကြပ်မှ၊ နောက်တပ် စူးစူး၊ ခံ,ရပ် ပူးလျက်၊ ရှေးဦး ကတန့်၊ သေနတ် ကန့်၍၊ မလန့်ကြောက်ဟန်၊ ဆီးကြိုပြန်မှ၊ အတန်တန် တား[၁၅၀]၊ သေနတ်များတွင်၊ ရှေ့ဖျား အလယ်၊ နောက်ဆွယ် ရိပ်ကြည့်၊ ဆေး,ခဲ တည့်၍၊ တလှည့်စီ ခံ၊ တပ်ပေါင်း လံလည်း[၁၅၁]၊ တပ်ရံ လက်နက်၊ ကွာ,မပျက်တည့်၊ စစ်မက် မပြိုင်၊ စစ်ဦးယိုင်ဟု၊ စစ်နိုင် ပီပီ၊ သောင်းသောင်း ညီမျှ၊ ကိုယ်စီ,ကိုယ်င၊ ခံမှ,ခံစေ၊ ရှောင်လေ ဆုတ်ဖိ၊ ပါဋလိသား၊ တွေ့တိုင်း ဝါးချိမ့်၊ တရား ဖုန်းဝှန်၊ နတ်သျှင့်ကျွန်ဟု၊ တံခွန် စိုက်ထောင်၊ အောင်လံ မရုံး[၁၅၂]၊ သံပ,ကြုံးသည်၊၊ မိုးလုံး,တပြင် ခြိမ့်ခြိမ့်တည်း။

၇။။ မြို့ပါဋလိ၊ တပ်က ဖိလျက်၊ ခုတ်မိမျှ ခုတ်၊ ဓား, ဒုတ် ရှက်ထိုး၊ မြားမိုး ဖြိုင်ဖြိုင်၊ စစ်နိုင်တို့ ထုံး၊ စုရုံး လှည့်ပတ်၊ သေနတ်,မီး ပေါက်၊ မီးတောက်, မီးလျှံ၊ တက်ပျံ ထိန်ထိန်၊ လက်နက်ရှိန်ကြောင့်၊ ကလိင်္ဂသား၊ စစ်သည်များမူ၊ မသွားသာအောင်၊ ဦးလည်စောင်လျက်၊ ထိုတောင်, ထိုကမ်း၊ ထိုလမ်း တကြော၊ ထိုတော, ထိုခြုံ၊ စုထားပုံသို့၊ မှောက်ခုံ တုံးလုံး၊ မြေ ခေါင်းအုံးလျက်၊ ရှက်ဖုံး အောက်,ထက်၊ ပရွက်,ပလူ၊ ဖြီးထူ နန္တ၊ ဆုံးရှုံးကြ၏။ ကလိင်္ဂမင်း၊ မျက်တော်ပြင်း၍၊ မြို့တွင်းက ထွက်၊ အားတက် အကြံ၊ စီးချင်း ခံလည်း[၁၅၃]၊ နောက်ရံ နံတောင်း၊ လက်စောင်း,လက်နား၊ အပါးတော် လူ၊ ဆင်ကူ,မြင်းကူ၊ မည်သူကားငဲ့၊ မရှက်ခဲ့၍[၁၅၄]၊ ဘေးမဲ့စိမ့်ငှာ[၁၅၅]၊ ဖွေရှာ ဝမ်းတွင်း၊ အကြံသွင်း၍၊ မင်းလည်း လွတ်ရာ၊ ဗိုလ်ပါ လွတ်ကြောင်း၊ နှင်လိုက်,မောင်း သို့၊ တပ်ပေါင်း အခြံ၊ ရှေးနည်း ရံ၍၊ မခံကြနိုင်၊ ပြို,ယိုင် ပျက်စီး၊ သူ့ရန်နီးသည်၊၊ ကြက်သီး,မွေးညင်း စိမ့်စိမ့်တည်း[၁၅၆]

[ ၃၆ ]

၈၈။။ ကလိင်္ဂစော၊ မုနော ခေါင်ချာ၊ များဗိုလ်ပါနှင့်၊ ထိုခါ အုတ်ကျက်၊ မဖက်,မဆိုင်၊ မပြိုင်,မပူး၊ ရွှံလန့်မူးလျက်၊ မြင်ဦးလှည့်လည်[၁၅၇]၊ ထွက်ပြေးသည်တွင်၊ တောင်တည် နေခင်း၊[၁၅၈]၊ ထိုသည် မင်း၏၊ တပ်တွင်း,တပ်ပြင်၊ တပ်ဝန်းကျင်မှ၊ လမ်းခွင် သွားရာ၊ များဥစ္စာသည်၊ မြေတာ ကြွင်းမဲ့၊ ကြဲသကဲ့သို့၊ လက်ဖွဲ့,လက်စွပ်၊ လက်ကြပ်,လက်ကောက်၊ စိန်,ကျောက် ထွေထွေ၊ ရွှေ,ငွေ စည်ဖောင်း၊ ပုံ,မောင်း ပတ်သာ၊ တန်ဆာ မှောက်တို၊ မိန်ညို ချပ်,ကာ၊ ပူတာ,ခွက်အုပ်၊ အထုပ်,အပိုး၊ ပုဆိုး သင်ထည်၊ မည်သည် မသိ[၁၅၉]၊ သွားတိုင်း ငြိရှင့်။ ကရိယာများ၊ ဒိုင်း နှင့် လွှားက၊ လှံ,ဓား ရှုပ်ထွေး[၁၆၀]၊ ပြောင်း,လေး သေနတ်၊ မလွတ် ဖြင်ပည်း၊ လား,မြည်း ဝန်တင်၊ မြင်း,ဆင် လူသူ၊ ဖမ်းယူကုန်ကြ၊ သုံ့,လက်ရသည်[၁၆၁]၊ ကိုယ်င,ကိုယ်စီ၊ မချီ,ပိုးနိုင်၊ အဆိုင်ဆိုင်တည့်။ စိုးပိုင် သခင်၊ စောနတ်သျှင်လည်း၊ ချစ်ကြင် လွန်ပြင်း၊ အကုန် နှင်း၏။ မင်းဆွေ,စိုးမျိုး၊ မှူးရိုး, မတ်ခြား၊ မင်းသား, မင်းသမီး၊ လက်နက်ကြီးကို၊ သင်းသီး ဗိုလ်ပါ၊ မယူသာတည့်။ လိုရာ ကိစ္စ၊ ကြွင်းသမျှမူ၊ လက်ရ ယူစေ၊ ထိမ်းမှတ်ပေရှင့်။ ခြေတော်တင်ရ၊ ဆင်နာဂကို၊ ရကြသူအား၊ အဖိုးထား၍၊ ရွေးစားတော်မူ၊ မှုထမ်းသူတို့၊ တယူ ချီးမွမ်း[၁၆၂]၊ ရေ့နှယ်ချမ်းသည်၊၊ ရွှင်ဝမ်း,သာယာ ငြိမ်းသတည်း။

၈၉။။ အောင်လံ စိုက်ထူ၊ အောင်တော်မူသည်၊ အောင်သူတို့မင်း၊ ခန့်ရန် တင်းလျက်[၁၆၃]၊ ကြောင်းခြင်း စုံစီ၊ နှလုံးညီအောင်၊ နန္ဒီသေန၊ မတ် ကြီး စသည်၊ များလှ အပေါင်း၊ ခေါ်တုံ ရှောင်း၍၊ အကြောင်း ဆင်ခြင်၊ မှုရေးအင်ကို၊ တိုင်ပင်သည်ကား၊ “ ငါ့ဖုန်းအားကြောင့်၊ လျင်လျား, မကြာ၊ ရန်ပေါင်း ကွာ၏။ ဗိုလ်ပါ ဆင်,မြင်း၊ ဖြည့်တင်း မွေ့လျော်၊ နေပြည်တော်သို့၊ ပြန်သော် သင့်မည်၊ သူ့ ပြည် ခရိုင်၊ သူ့ နိုင်ငံသို့၊ သူ့ နန်းမြို့ကို၊ ငါတို့ ရအောင်[၁၆၄]၊ စွမ်းဆောင်ကြမည်” ၊ အတည်တည်ကို၊ အရှည် မျှော်တွေး၊ စုံစမ်း မေးလျက်၊ ဖုန်းရေး ကံယွင်း၊ မင်းလည်း တိမ်းပြို၊ [ ၃၇ ]ဗိုလ်လည်းတိမ်းလည်၊ စစ်သည်တိမ်းပါး၊ လေသောအားကြောင့်၊ ရှေ့ဖျား စွန်းစွန်း၊ လက်နက်ဝန်းလျက်၊ လိုက်လွန်းသသူ၊ ဗိုလ်လူတို့အား၊ ခန့်ထား လျင်စွာ၊ လည်စိမ့်ငှါဟု ၊၊ ထိုခါ,တပ်တော် သိမ်းသတည်း။

၉၀။။ တပ်တော် သိမ်းမြောက်၊ စခန်းထောက်တွင်၊ ရွှေမှောက် မင်းဖျား၊ မေးသည်များကို၊ မင်းပါး ကပ်မှီ၊ ဦးဖြင့် ချီလျက်၊ နန္ဒီသေန၊ မြွက်မဟက၊ များလှ ဗိုလ်ပါ၊ မတ်တကာတို့၊ ဂူဟာ ခြင်္သေ့၊ နေသော ရှေ့ကို၊ ကြောက်၍ တုံ့ပယ်၊ ယုန်သူငယ်လျှင်၊ နွမ်းနယ် ကြောက်ရွံ့၊ မသန်းဝံ့သို့၊ ဆိုင်းငံ့ လည်လှည့်၊ တပ်လုံးပြည့်မျှ၊ ရှုကြည့် တူရူ၊ နေကြ မူလည်း၊ မည်သူအားမျှ၊ မလျှောက်ကြတည့်။ ပြည်မ ဆီမီး၊ အမတ်ကြီး က၊ အပြီးစကား၊ သို့လျှောက်ကြား၏။ “ စက်သွား ဝရဇိန်၊ လက်နက်ရှိန်ကြောင့်၊ ကလိင်္ဂရာဇ်၊ မင်းစစ် ထွက်ရာ၊ ဗိုလ်ပါအများ၊ ဖိဆီးထားက၊ ပြေးသွား မသာ၊ ထိုမြို့ရွာဝယ်၊ ဘယ်မှာ ခန့်ထား၊ မြို့တံခါးကို၊ ဆီးတား ပိတ်ပင်၊ မသိမ်းခင်လျှင်၊ တိုက်ဝင်မိမည်၊ ဖြစ်တော့သည်တည့်။ ရိပ်ခြည်ထောက်မြော်၊ ရှင့်ဖုန်းတော်ကို၊၊ ထိုရော်,ပြောပ ခြိမ်းသတည်း။

၉၁။။ “သို့ပင်ဖြစ်လည်း၊ စိစစ် ဆွေးနွေး၊ မင်းမှုရေးကို၊ ကြံတွေး ထောက်မြော်၊ အောက်မေ့သော်မူ၊ ကိုယ်တော်လက်တွင်၊ ရွှေနန်းတင်သည်၊ ရင်နှစ်တော်ကြီး[၁၆၅]၊ သူ့ သမီးလည်း၊ ထံနီးတော်ပါး၊ ခ,စား မကွာ၊ သို့ခြင်း ရာကြောင့်၊ စဉ်လာ ရုံးစည်း၊ ရှေးဆိုနည်းမူ၊ လက်သည်း ဆိတ်ရာ၊ လက် သာနာ ဟု[၁၆၆]၊ ပမာဆိုရိုး၊ သည် ထုံးမျိုးကြောင့်၊ စိုးစိုးရိမ်ရိမ်၊ အာဏာနှိမ်သည်၊ စည်းစိမ် သခင်၊ အရှင်တို့သာ၊ စိုးပိုင်ရာရှင့်။ ပမာနည်းကို၊ တကြောင်း ဆိုပိမ့်။ မြွေဖို,မြွေမ၊ မဆိုရတည့်။ ရှ,န ပြတ်နှိပ်၊ အဆိပ်သဖွယ်၊ ဓားလွယ်,ဓားမ၊ မကွဲကြတည့်။ ထိက မနား[၁၆၇]၊ အသွားနှင့်ချည်း၊ ဖြစ်သတည်းဟု၊ ထုံးနည်းကိုမျှော်၊ ကျွန်ုပ်သော်မူ၊ ကိုယ်တော်ကြိုက်ရာ၊ စိတ် ညီပါ”ဟု၊ နာသာမငြီး၊ လျှောက်ကန့်ဆီးသည်၊၊ မတ်ကြီး, နန္ဒီသေန တည်း။

[ ၃၈ ]

၉၂။။ ဤသို့လျှောက်လျှင်၊ ရွှေနန်းရှင်လည်း၊ ဆင်ခြင် အကြံ၊ ငါ၏ထံသို့၊ စေသံ နေ့ည[၁၆၈]၊ ကလိင်္ဂက၊ ဝန်ချလာမည်။ မှတ်တော်တည်၍၊ မည်သည်ကိုမျှ၊ မထွက်ရလျှင်၊ တဲ ချ တပ်တာ[၁၆၉]၊ နေသည်သာတည်း။ မဟာ ပဝရ၊ ကလိင်္ဂ ကား၊ များလှ ဗိုလ်လယ်၊ စိတ် နွမ်းနယ်၍၊ ကြိုးငယ် ရူတ၊၊ ဆိုမြွက်ဟ၏။ “အဿက မည်ခေါ်၊ အကြည်တော်မူ၊ ရေးမြော် စုံညီ၊ ပါရမီကြောင့်၊ နန္ဒီသေန၊ ဉာဏ ရောင်ရွှန်း၊ မတ်ကောင်းတွန်း၏။ တကျွန်း စိုးပိုင်၊ တခရိုင်ဖြင့်[၁၇၀]၊ တနိုင်ငံ စိုး၊ တန်ခိုး ထန်ပြင်း၊ ထီးဆောင်းချင်းကို၊ ကံရင်း နွမ်းလျော်၊ ငါတုံသော်ကား၊ ဖုန်းတော် ယွင်းယို၊ ငါ့ တကိုယ်ကို၊ ဆယ်ကိုယ် လှည့်ပတ်၊ ထားမတတ်တည့်၊ အမတ် ငါပင်၊ ဘုရင်လည်း ငါ၊ ငါ့ကိုယ်သာလျှင်၊ ရေးရာ ကိစ္စ၊ စီရင်ရခဲ့။ ခေတ္တ မရှု၊ ဘယ် အမှုမှ၊ စေ့ငု သေခွေ၊ စီရင်ပေ ဟု၊ ငါ့ရွှေမျက်နှာ၊ မလွဲသာတည့်။ ကြမ္မာ ဥပဒ်၊ ဘယ်ဂြိုဟ်နတ်ကြောင့်၊ အမတ်တန်မဲ့[၁၇၁]၊ ညှဉ်းဆဲခဲ့၍၊ ပြည်တဲ့ သခင်၊ ငါဘုရင်သည်၊ သို့စင် ဒုက္ခ၊ ဆင်းရဲ ရ”ဟု၊ များလှ ဗိုလ်ပါ၊ မတ်တကာတို့၊ ထိုခါ ရှေ့တွင်၊ အပြစ်တင်၍၊ မရွှင် မပြုံး၊ ဗျာပါ ဖုံးသည်၊၊ နှလုံး, စိတ်စက် ရှုတတည်း။

၉၃။။ ဤသို့ ရူတ၊ မရွှင်ပျ၍၊ အဿကမင်း၊ ထံတော်ရင်းသို့၊ ကြောင်းခြင်း တုံ့ပြန်၊ စေတမန်နှင့်၊ တောင်းပန်သည်ကား၊ ဆက်ရှည် များစွာ၊ သံသရာက၊ သဒ္ဓါ သီလ၊ သုတ ဆင့်ပွါး၊ ဖုရား မြတ်စွာ၊ ပစ္စေကာ နှင့်၊ သံဃာတို့အား၊ ညွတ်တွား မကင်း၊ ကုသိုလ်ရင်းကြောင့်၊ ဆောင်းချင်း ထီးဖြူ၊ မင်းပင် ဟူလည်း၊ မတူကြလှာ၊ ဖုန်းတန်း သာသည်။ နရာ ဓိပ[၁၇၂]၊ အဿက၊၊ တွေးဆ မမျှော်၊ အကြည်တော်မူ၊ လ,သော်တာ မြန်း၊ ရာဟု သန်းသို့၊ ဖုန်းတန်း တန်ခိုး၊ ရှိမည် ကိုး၍၊ စစ်ထိုး ချင်စွာ၊ ဝါသနာကြောင့်၊ ပညာ မမှီး၊ အကြံ ကြီး၍၊ သမီးကို ဆက်၊ နတ်ရှင် လက်ဝယ်၊ နန်းထက် ထားတင်၊ သို့ကို စင်လျက်၊ ဆင်ခြင် မရှိ၊ စစ်ပြိုင် မိ၍၊ သိသိ ညက်ကြေ၊ ဗိုလ်ခြေလည်း ဆုံး၊ စစ်လည်း ရှုံး၏။ နှလုံး ပူဆာ၊ တို့ ပြည်ရွာသို့၊ ရောက်လှာ နိုးနိုး ၊ တစိုး ရိမ်ရိမ်၊ မငြိမ် , မသက်၊ ပြည် ပျက်တော့မည်၊ ဖြစ်ခဲ့သည်တည့်။ အရှည် မျှော်တွေး၊ ချမ်းသာ [ ၃၉ ]ရေးကို၊ မပေးဘူးပင်၊ စိတ်တော်ထင်လည်း၊ ရင်ခွင်ဝယ် ကြီး၊ ရူမငြီးသည့်၊ သမီး လေးပါး၊ မိဖုရားကို၊ ထောက်ထား၍သာ၊ သည်းခံပါ”ဟု၊ တန်ဆာ ဝတ်စား၊ ဖလား လက်ကောက်၊ ထိုက်လျောက် များစွာ၊ ရတနာကို၊ သည်မှာ တခြား၊ သမီးအားလျှင်၊ သုံးစား ဝတ်ဆင်၊ ရံထားပြင်၍၊ နတ်ရှင်မင်းအား၊ ပတ္တမြား လျှံတောက်၊ ပြည်တန်ကျောက်နှင့်၊ အမြောက် သေနတ်၊ မင်းဝတ်,မင်းစား၊ များလှ,သီးသီး၊ ဆင်ကြီး,မြင်းကြီး၊ ပုံဖြီး ပဏ္ဏာ၊ အစုံပါသည်၊၊ ပန်ထွာ,ခွင့်တောင်း ညွတ်,ခတည်း။

၉၄။။ မင်း,မိဖုရား၊ လေးပါး သခင်[၁၇၃]၊ ရွှေနန်းရှင်က၊ ဆောလျင် မကြာ၊ သံ ရောက်လာသော်၊ သံစာကို ကြား၊ သံစကားကို၊ ရွှေနားတော်ယူ၊ ထီးဖြူ နန်းအိမ်၊ စည်းစိမ်က စ၊ မြို့ပြနိုင်ငံ၊ ခြွေရံ,လက်ပါး၊ မှုထမ်းများအား၊ ထောက်ထား ယူဆ၊ အဿကဟု၊ နရ အထွတ်၊ လောက နတ်လျှင်၊ မသတ် ခွင့်ရေး၊ ချမ်းသာ ပေး၍၊ ဆွေးနွေး မှာစာ၊ ပြန်သည်မှာကား၊ “သစ္စာ ခွေရစ်၊ ယွင်း မလစ်လျှင်၊ နှစ်သစ် သဘင်၊ ဝါဝင်, ဝါကျွတ်၊ သုံးလည် ဝတ်ကို၊ မချွတ် မလွဲ၊ ကန်တော့ပွဲနှင့်၊ အမြဲရောက်စေ”၊ မိန့်ခဲ့ပေမှ၊ အနေ,အထား၊ အသွား,အထွက်၊ ဘယ် နေ့ရက်ကို၊ ရွှေစက် ဖြန့်လည်၊ သို့ ရိပ်ခြည်နှင့်၊ အတည် အရပ်၊ လိုက်မြဲ အပ်၍၊ အတပ်တပ် သား၊ အခြားခြားကို၊၊ ခန့်ထား,ရန်တော် မူ၏တည်း။

၉၅။။ ခန့်ထား ရန်ပြီး၊ အသီးသီးလျှင်၊ မတ်ကြီး လျှောက်ထား၊ ထုံး စကားကို[၁၇၄]၊ ရွှေနားတော်ငွေ့၊ မစဲ၍လျှင်၊ စေ့စေ့ ငုငု၊ စီရင်မှု၌၊ တခု မကျန်၊ ဝေဖန် သိမ်းမြန်း၊ မကျန်း မမာ၊ စစ်ကြောရှာ၍၊ ဆရာ,သမား၊ ကုစား ထက်ကြပ်၊ ကိုယ်စီအပ်မှ၊ တပ်စခန်းမှာ၊ တရက်လာကို၊ သာသာ ဖြည်းဖြည်း၊ နှစ်ရက် တည်း၍[၁၇၅]၊ တစည်း တရုံး၊ တလုံးတည်းသာ၊ ပြန်ခဲ့လာမှ၊ အောင်ချာ မှန်ကင်း၊ ရောက်လေလျှင်း၍၊ ရွှေမြင်းမိုတောင်၊ သူရာ့ဘောင်၌၊ ဆောင်ဆောင် ဗိမာန်၊ မနှိုင်းတန်သည်[၁၇၆]၊ ဝေယန် [ ၄၀ ]ဥကင်၊ သိကြား ဝင်သို့၊ သဘင် ထူးဆန်း၊ ရှု,မခန်းသည်၊၊ ရွှေနန်း, ဝင်တော် မူ၏တည်း။

၉၆။။ နောက်,ရှေ့ ထောက်မြော်[၁၇၇]၊ ဘေးလောင်းတော်တို့၊ မွေ့ လျော် စံမြဲ၊ စစ်အောင်ပွဲသို့၊ ပြည်ထဲ ပြည်ပ၊ လောက ထိပ်မိုး၊ အစဉ် ကိုးသည်၊ ပုထိုး ရွှေဂူ၊ အဆူဆူဝယ်၊ အလှူ အတန်း၊ ထီး,ပန်း တံခွန်၊ မိုးစွန် လွှင့်ထား၊ တရား ပေစာ၊ သင်္ဃာတော်အား၊ ဝပ်တွား ချမ်းမြေ့၊ ပူဇော်၍လျှင်၊ အရှေ့ ဧသာန်၊ စ၍ ရန်သော်၊ ဗိမာန် ရှစ်ထောင့်၊ မြို့စောင့် ပြည်နတ်၊ ပြာသာဒ် ထီးချက်၊ ညွန့် ကြက်သရေ၊ စောင့်နေ ရံပတ်၊ သမ္မာ နတ်အား၊ မလွတ် ပ,သ၊ ပြီးခါမှလျှင်၊ နန်းမ တောင်ညာ၊ သည်လျှာ မျိုးဘော်၊ ဆွေတော် မျိုးနီး၊ မှူးကြီး,မတ်ဖျား၊ အများ ရံပတ်၊ မှူးလတ် မတ်ငယ်၊ အသွယ်သွယ်တည့်။ နန်းလယ် တင်လျက်၊ အောင်ပွဲ ဆက်၍၊ ဖုန်း ကြက်သရေ၊ ရွှန်းရွှန်း ဝေမျှ၊ အောင်မြေ ပြည်တဲ၊ အောင်စည် သဲသည်[၁၇၈]၊ အောင်ပွဲ,ဆင်တော် မူ၏တည်း။

၉၇။။ ပြည်များ သာမိ၊ သာဝတ္ထိတွင်၊ သာရိပုတ္တရာ၊ ရှင်မြတ် စွာလျှင်၊ ဒါယိကာမ၊ သဟဿ,တိ၊ ဝါဒ စွမ်းမြောက်၊ ပေါင်း လေးယောက်ကို၊ မခေါက်မရက်၊ ဖိုလ်မဂ် အဝင်၊ ချွတ်ရာတွင်၌၊ မြော်မြင် ထောက်ရှု၊ အကြောင်းပြု၍၊ သုံးလူ့ မုနိန်၊ မြတ် သိရိန်လျှင်၊ ကလိင်္ဂ ဇာတ်၊ အတ္ထုပ္ပတ်ကို၊ ဟောမှတ် ပိုက်ထုပ်၊ သေချာ အုပ်၍၊၊ ဇာတ်ချုပ်, ဤတွင် ပေါင်းလတ္တံ့။

၉၈။။ သတ္ထာ ဣမံဓမ္မဒေသနံ အာဟရိတွာ ဇာတကံ
သမောဓာနေသိ၊ တဒါ ကလိင်္ကရညော ဒီတရော
ဣမာဒဟရ၊ ဘိက္ခုနီယော အဟေသုံ၊
နန္ဒီသေနော သာရိပုတ္တော၊ တာပသောပန
အဟမေ ဝ အဟောသိံ န္တိ။

သန္ဓေ ဇာတိ၊ ဗျာဓိ ဇရာ၊ မရဏာဟု၊ ပြင်းစွာ ပူပန်၊ အတန် တန်တည့်။ အမှန် မချွတ်၊ သံသာဝဋ်မှ၊ ကိုယ်လွတ် ခွါခွါ၊ ရှင်းစိမ့် ငှါဟု၊ စင်စွာ ချပ်ငုံ၊ ခုနစ်စုံကို၊ ကိုယ်လုံ အစ၊ ဝီရိယဖြင့်၊ လုံ့လ စီးဖြန်း၊ [ ၄၁ ]ကမ္မဋ္ဌာန်းကို၊ နှုတ်မန်း ကုသ၊ နိဗ္ဗာနသို့၊ အရ ကြံကြောင်း၊ ကြံချက် ကောင်းသည်၊ ထေရ်ပေါင်း အများ၊ အို ချစ်သားတို့၊၊ ကျော်ကြား ဝှန်ဝါ၊ ထိုအခါဝယ်၊ မဟာ ဇနိန်၊ စောနရိန်ဟု[၁၇၉]၊ ကလိင်္ဂရာဇ်၊ မည်စစ် တသီး၊ ထို မင်းကြီး၏၊ သမီး လေးပါး၊ မိဖုရားကား၊ အများ ဘဝ၊ ကျင်လည်ကြ၍၊ ကာလ သင့်စွာ၊ ယခုခါ၌၊ ဝေသာလီမြေ၊ ချက်မြှုပ် ကြွေမှ၊ သပြေလေးခိုင်၊ လေးယောက်ကိုင်၍၊ စွမ်းနိုင် ဝါဒ၊ သဟဿကြောင့်၊ ဒီပ သာစည်၊ ကျွန်းကြီးလည်သော၊ ရွှေပြည် သာမိ၊ သာဝတ္ထိတွင်၊ သာရိပုတ္တရာ၊ ဂုဏ်ပညာ ဖြင့်၊ ပုစ္ဆာလည်း ဖြေ၊ ကိလေသာ ကုန်၊ နေအရုဏ်သည်၊ ရက် ပုဏ္ဏချိန်၊ ရောင် မမှိန်ပဲ၊ သူရိန် နတ်သား၊ ရန်ဝေး သွားသို့၊ ထို့လား သွေးသီ၊ ဘိက္ခူနီတည့်။ ဝေသာလီတွင်၊ ပြည်တခွင်၌၊ အထင် အရှား၊ လွန်ကျော်ကြားလျက်၊ စွမ်းအား ငါးရာ၊ ဂုဏ် ပုစ္ဆာကို၊ ပညာ နှုတ်ငုံ၊ တတ် ကုံလုံသည်၊၊ ဆွေစုံ,မိဘ သမီးတည်း။

၉၉။။ ထိုရောအခါ၊ ပြည် ပါဋလိ၊ နား,မျက်စိဟု၊ ပြည်ကြီး ဂုဏ်ဆီ၊ ပြည်လုံး မှီသည်၊ နန္ဒီသေန၊ ပေါက်ပြ ကျော်ထင်၊ မင်းတိုင်ပင်ကား၊ များသင်္သရာ၊ ဆက်များစွာဝယ်၊ မြတ်ပါရမီ၊ စုံစီ ကြိုးစား၊ ဖြည့်သောအားဖြင့်၊ တရား ရှေးရှူ ၊ ယခုမူကား၊ အတူ မပြောင်း၊ ကြောင်းလည်း မကွာ၊ ဆရာ မကွဲ၊ လက်ဝဲ လက်ယာ၊ တူလာ တူသွား၊ ထူးမပြားလျှင်၊ တရား ညီညှိ၊ စွမ်း,သတ္တိဖြင့်၊ ကောလိယ နောင်၊ ဂုဏ်ထူးဆောင်လျက်၊ ဖုန်းခေါင် ရှေ့မှောက်၊ ငါ့ထံရောက်သော်၊ နှစ်ယောက်တူကူ ၊ဖိုလ်,မဂ် ရ၍၊ ငါက ချီးမြောက်၊ ငါ့လက်အောက်တွင်၊ ငါ့လောက် ဆိုဖွယ်၊ ပညာကျယ်၍၊ အံ့ဘွယ်တည့်ချည်း၊ ဆိုင်ရာ ပည်း၏။ လည်သည်းတော်ကြီး၊ သင်္ဃာ့ ထီးဟု၊ ယှဉ်မှီး မက္ခာ၊ ခိုရောက်လှာက၊ မဟာ ပဏ္ဍိ၊ ပညာရှိဟု၊ သာရိပုတ္တရာ၊ ခေါ်မည်သာသည်၊၊ လက်ယာ,တော်ရံ သားကြီးတည်း။

၁၀၀။။ ကလိင်္ဂ ရညော၊ မြတ် မုနောနှင့်၊ မင်းစော အဿက၊ စိုး,ပိုင်းသသည်[၁၈၀]၊ ပြည်မ တိုင်းစပ်၊ မြေ အလပ်တွင်၊ လူ့ရပ် ရှောင်ရှောင်၊ လူ့ဘောင် ရှင်းရှင်း၊ သတင်း သုံးသုံး၊ နှလုံး ချင့်ချင့်၊ အကျင့် ဖွေဖွေ၊ ရွှေကျောင်း နေ၍၊ သရေထူးမြတ်၊ ကျော်လွှံ့ပတ်သည်၊ မိုးနတ် ဆရာ၊ သူတော်စွာ ကား၊ ဤကာလ ခေတ်၊ ယခု ဖြစ်တွင်၊ ဧကရာဇ် တကာ၊ ရခဲ [ ၄၂ ]စွာသည်၊ မဟာ ကပိလ၊ ရွှေပြည်ရ၍၊ ဒီပ တကြော၊ လွန် ကျော်စောသည်၊ သုဒ္ဓေါဒန၊ မွေးဖ နတ်ရှင်၊ ရွှေနန်း တင်သား၊ မိခင် မာယာ၊ လွယ်ကာ သိမ်းပိုက်၊ ရွှေကြာတိုက်တွင်၊ ကောင်းမြိုက် သန္ဓေ၊ ကိန်းအောင်း နေမှ၊ နန်း ရွှေ ဥကင်၊ ဖွားမြော်မြင်၍၊ ရုပ်သွင် ကျစ်လစ်၊ ဆဲ့ခြောက်နှစ်တွင်၊ ကျွမ်းချစ် ယသော်၊ တောင်ညာပျော်နှင့်၊ မွေ့လျော် ရွှင်စံ၊ မောင်နှံ စိုးနှိမ်၊ မင်း စည်းစိမ်ကို၊ ငြိမ်ဆိမ် ဖွင့်လှစ်၊ ဆယ့်သုံးနှစ်တည့်။ မင်းဖြစ် မလို၊ တောကြီး ခို၍၊ မြင့်မို မက၊ အာကာသ က၊ ဗြဟ္မာ့ သင်္ကန်း၊ ထွေထွေဆန်းဖြင့်၊ ရဟန်းတော်ဖြစ်၊ မြှေး မညစ်တည့်။ လေးသစ္စာ မြင်၊ ဗောဓိပင် ဝယ် ၊ ပယ်ထွင် ငါးကြိမ်၊ ငါးမာန် နှိမ်၍၊ ဂုဏ်အိမ် ကိုးစု ၊ စတု ဝေသာ၊ စ၍ ဖြာလျက်၊ သမ္မာ သမ္ဗုဒ္ဓ၊ လောကမှန်ကူ၊ ဖြစ်တော်မူ၍၊ မပူစိမ့်ငှါ၊ သတ္တဝါကို၊ ခေမာပြည်သို့၊ ရောက်အောင်ပို့သည်၊၊ လူတို့ဆရာ ရွှေထီးတည်း။

၁၀၁။။ ပြည် သာဝတ္ထိ၊ နရတိတွင်၊ ကျောင်းကြီး အလယ်၊ ဂုဏ် ကိုးသွယ်နှင့်၊ စံပယ် စီလျဉ်၊ နေခါစဉ်၌၊ ဂုဏ် ပညာရ၊ သဟဿတည့်၊ ဝါဒ ပုစ္ဆာ၊ အစုံပါနှင့်၊ ဝေသာလီက၊ ရောက်လှာကြသည်၊ မိဘ မခြား၊ စွမ်းအား ရည်တူ၊ လေးယောက်သူကား၊ ဘိက္ခူနီစစ်၊ ရဟန်းဖြစ်၍၊ မြှေးရစ် ဝေမှောင်၊ ကင်းလေအောင်လျှင်၊ ရွက်ဆောင် သတ္တိ၊ ဂုဏ်ထူး ရှိသည်၊ သာရိပုတ္တရာ၊ ရှင်မြတ်စွာ ကို၊ မဟာဝိဒု၊ အကြောင်းပြု၍၊ သုံးလူ့ ရပ်နေ၊ လူတတွေကို၊ သံဝေ ဇီဝိန်၊ ကြောက်လန့် မှိန်အောင်၊ ကလိင်္ဂဇာတ်၊ ဟောတုံမှတ်သည်၊ ကျမ်းမြတ်က ထွက်၊ အချက်ချက်ကို၊ ဆောင်ရွက် သေခွေ၊ နာပါစေဟု၊ သက်သေ ထုံးညီ၊ သင့်ရာ မှီ၍၊ နန္ဒီသေန၊ ထွန်းပ တန်ဆာ၊ ဆင်စရာသည်၊၊ ရွှေစာ,စုံစေ့ ဤတွင် ရွေ့တည်း။

[ ၄၃ ]

နိဂုံး

၁၀၂။။ ကြားပိမ့် သီးသီး၊ နိဂုံး ချီးအံ့[၁၈၁]။ ရစ်စီး တွေတွေ၊ ခုနစ် ခွေနှင့်၊ ရေလည်း ရှက်မှီ၊ ယဉ်သီတာ ဖုံး၊ ခုနှစ်လုံးတိ၊ ပတ်ကုံး တောင်ညို၊ တောင်ရိပ် ခိုသည်။ မြင့်မိုတောင်ကြီး၊ တောင်ဆီမီးထက်၊ နတ်ထီး ရိပ်ဖြူ၊ ဖွင့်လှစ် ထူလျက်၊ အသူရာ အောင်၊ မုနောဆောင်သား၊ ရွှေတောင် ပူရ၊ အယုဇ္စျသို့၊ မြစ်မ ယဉ်ရှင်၊ ငါးစင်းပြင်ကို၊ စီးဝင် ညိုရစ်၊ ဖုန်းတော်ဖြစ်ဟု၊ တမြစ် သီတာ၊ တဂင်္ဂါမူ၊ မြစ်သာ စီးဆင်း၊ ရေထွက် သွင်း၍၊ ခြောက်စင်း ပတ်ရံ၊ တန်ခိုး လျှံသည်၊ မင်းဝံတောင်မှိုင်း၊ တောင်ကသိုဏ်းဟု၊ တောင်တိုင်း ကြေးမုံ၊ သန်လျှက်ခုံထက်၊ မြစ်ဆုံ ကမ်းမော်[၁၈၂]၊ ဘေးလောင်းတော်တို့၊ ပျော်ရာ ဘူမိ၊ မြေသီရိတွင်၊ ကျွန်းကြီး တန်ဆာ၊ ဖြစ်စိမ့်ငှါဟု၊ ရတနာ ရွှေပြည်၊ ရွှေမြို့ တည်၍၊ ပတ်လည် ခရိုင်၊ အဆိုင်ဆိုင်တည့်။ အနိုင်နိုင်ငံ၊ ရိုကျိုးနွံလျက်၊ နှုန်းစံ မနှိုင်း၊ အတိုင်းတိုင်းက၊ ညွတ်ကိုင်း ဦးချီ၊ ဝင်ရောက် မှီသည်၊၊ တောင်ဒီပါလုံး ကသိုဏ်းတည်း။

၁၀၃။။ ပူရ ရတနာ၊ ရွှေပြည်သာမှ၊ အညာ ရပ်ဆန်၊ ဆိုစတန်ရှင့်။ ဧသာန် ကသည်၊ လှည့်လည် စွဲမှတ်၊ လက်ယာ ပတ်သား၊ ဂြိုဟ်နတ် ယှဉ်မှီး၊ ယာဉ် ရှစ်စီးတွင်၊ ဟိုင်းကြီး ရံစောင့်၊ ယွန်း၍ ထောင့်ရှင့်။ တသောင်း ခြောက်ထောင်၊ ချင့်ဆောင်တာကျ၊ ထိုဘူမထက်၊ တွက်ချ နယ်သွင်း၊ ပယ်အချင်းကို၊ စာရင်း ကမ္ပည်း၊ မှတ်ရုံးစည်းလျက်၊ မန်ကျည်းတုံရွာ၊ တည်သည်မှာကား၊ သုနာပရန်၊ ကျော်ဝှန် သမိုင်း၊ မည်သော တိုင်း၌၊ စစ်ကိုင်းမြို့တည်၊ နိုင်ငံပြည်ကို၊ စိုးသည် ရာဇာ၊ သင်္ခယာဟု၊ စကြာ လျှံ ပွင့်၊ ရိပ်ဖြူ ဖွင့်သည်၊ နတ်ရှင့် လက်ထက်၊ ပြည်ထောင်ဘက်ဟု၊ ပန္နက် သေချာ၊ စွဲမှတ်ရာသား၊ ကျိန်စာ ဖွင့်လှစ်၊ သဲ,ကျောက်စစ်ဖြင့်၊ ခံသစ္စာ ပေး၊ သူရဲရွေးမှ၊ ရှေးက ကိုးသင်း၊ မြောက်ဖက်မြင်းတွင်၊ ဖွဲ့ရင်းစုမှာ၊ ကိုယ်စီ ပါ၍၊ ကိုးရာ ပိုင်းခြား၊ စားမြေများ ဖြင့်၊ မှတ်သား မြဲနှောင်၊ ရွာကြီး ထောင်လျက်၊ မြောက်, တောင် ကန်, ချောင်း၊ ဂူ, ကျောင်း ကုန်း, ကြည်း၊ အနည်းနည်းတည့်။ ကမ္ဗည်း အမှန်၊ ကိုးချက် ကန်သည်၊၊ ရွာ, မန်ကျည်းတုံ သမိုင်းတည်း။

[ ၄၄ ]

၁၀၄။။ ရွာ,မန်ကျည်းတုံ၊ နတ်ဘုံတမျှ၊ မိဘ မိုးမြေ၊ မွေးချက် ကြွေတွင်၊ မျိုး,ဆွေ စည်းဝေး၊ ချမ်းသာ အေးလျက်၊ ဘေးလည်း မညှိုး၊ ဘိုးလည်း မလျ၊ ဘလည်း မနွမ်း၊ မင်းရေးကျွမ်း၍၊ မှုထမ်း မူလ၊ မတိမ်း ရတည့်။ မွေးဖ မိခင်၊ ထားရင်ခွင်ဖြင့်၊ လည်တွင် ခွေရစ်၊ ပျော်တုံ ဖြစ်သား၊ ခုနစ်နှစ်,သက်၊ ငယ်ရွယ်ချက်နှင့်၊ လိုက်ဖက် မတန်၊ လေ့ကျက်ဟန်ကား၊ ကျမ်းဂန် ပေစာ၊ သဒ္ဒါ လက်ဦး၊ ဆွတ်ယူ,ခူးမှ၊ ကျေးဇူး တီထွင်၊ သွန်သင် သိမ်းရုံး၊ ဆယ့်သုံးနှစ်တိုင်၊ လက်စွဲကိုင်လျက်၊ တတ်နိုင် အစွမ်း၊ အကျမ်း ကျမ်းကို၊ ကြိုးပမ်း လုံ့လ[၁၈၃]၊ အခြေရသား၊ ကြီးမားဂုဏ်ရည်၊ ဆရာ သည်မူ၊ ပတ်လည် ရှာဆည်း၊ ရေသော် ပည်းရှင့်။ မန်ကျည်းတုံရွာ၊ ရွှေဘုံသာနှင့်၊ ရတနာပူရ၊ ရွှေအင်းဝ၌၊ ဒုတိယ မှန်စီ၊ ထံတော်မှီမှ၊ သီရိမာန်အောင်၊ ပြိုးပြိုးပြောင်တည့်။ တိမ်တောင် တက်ဆို့၊ ရွှေမြင့်မြို့ဝယ်[၁၈၄]၊ နေသို့ တောက်ထိန်၊ ဝင်းဝင်းရှိန်သည်၊ အစိန္တေယျံ၊ မုဋ္ဌောမံ၏[၁၈၅]၊ ကျောင်းရံတော်မှ၊ ဝိဟာရနှင့်၊ ထိန်လှ ဝင်းဝါ၊ အာကာ မို့မှိုင်း၊ တောင် ဆိုင်းဆိုင်းတည့်။ စစ်ကိုင်း သာစံ၊ မင်းဝံ နကို၊ တောင်ရိုးခိုလျက်၊ ထိုထို ဆင့်ပွါး၊ သင် ကြိုးစားမှ၊ တိုးပွါး ရာရာ၊ ဇာတိမှာလျှင်၊ မဟာပဝရ၊ သမ္ဗောဓတိ၊ ကဝိ ဖုန်းစည်၊ မြတ်မထေရ်မူ၊ ဂုဏ်ရည် ဖက်ကင်း၊ ဆရာရင်းတည့်။ သတင်း ချီးကျူး၊ သို့စင်ထူးသည်၊ ကျေးဇူးရှင်များ၊ အပါးပါးတွင်၊ ညွှတ်တွား ကြည်လင်[၁၈၆]၊ စာပွဲဝင်သည်၊၊ သွန်သင်,ဆော်လှုံ့ အလိုင်းတည်း။

၁၀၅။။ ဆယ့် တနှစ်သာ၊ ငယ်နုစွာက၊ သာသနာ ပွဲနေ၊ ရဲစိတ်ဝေလျက်၊ သာမဏေပျို၊ သုံးဝါဆိုမှ၊ ထိုထိုနှံ့အောင်၊ လူ၏ဘောင်ဝယ်၊ ရွက်ဆောင် စေ့ငု၊ မင်းမှု,မင်းရေး၊ ဆွေးနွေး ပညာ၊ တတ်လိမ္မာလည်း၊ ဟံသာရောက်မင်း၊ လျှံဝင်း ညွန့်လူ၊ ရိပ်ဖြူ လွလွ၊ စိုးကာလ၌၊ မိဘလယ်တွင်၊ ချစ်ကြင် ခွေရစ်၊ ငယ်သည်ဖြစ်၍၊ ကျစ်လစ် သေချာ၊ ထုံးစံ ရှာလျက်၊ ရောက်လှာ မလပ်၊ မင်းနေရပ်ဝယ်၊ ကြပ်ကြပ် စိစိ၊ မထမ်းမိတည့်။ သီရိ သရေ၊ လျှံဝေ ကြီးထု၊ကေတုမတီ၊ ရွှေပြည်ညီဟု၊တူပြီ မယွင်း၊ [ ၄၅ ]အမည် ခင်း၍၊ ပယ်ခွင်း ရန်စစ်၊ ဥကင်လှစ်သား၊ ဧကရာဇ်ပြိုင်၊ ရွှေနန်း ထိုင်သည်၊ စည်ခိုင် တောင်ယံ၊ တောင်သာစံထက်၊ ကျော်သံ ရိုက်အိန့်၊ ပတ်ဝန်း ထိန့်သည်။ ကိုးသိန်းသခင်၊ လက်ထက်တွင်မူ၊ ခိုဝင် ခယမ်း၊ မပြတ်ထမ်းရှင့်။ မည်းသမ်း မိုက်ညို၊ ရာဟုဂြိုဟ်လျှင်၊ ဖမ်းမျို ပြစ်ဆာ၊ လသော်တာသို့၊ ပြည်ရွာ ညှိုးယော်၊ တိမ်းယိမ်းသော်လည်း၊ ရှုမျှော်ကျင်ကျွမ်း၊ ပညာစွမ်းကြောင့်၊ မနွမ်း, မပါး၊ မျိုးဆွေများနှင့်၊ တရားဆောင်ရာ[၁၈၇]၊ အရောက်ရှာ၍၊ ရတနာသိင်္ခ၊ ဌာနသာစည်၊ ကုန်းဘောင် ပြည်သို့၊ စိတ်ကြည် သာရွှင်၊ မှုထမ်းဝင်သည်၊၊ သဘင်,ရွှေမှောက် မင်းပွဲတည်း။

၁၀၆။။ သိင်္ခ ကုန်းဘောင်၊ သမိုက်ဆောင်သား၊ ကိုးတောင်ပို့ငူ၊ မုဆိုးဂူဝယ်၊ ဆင်ဖြူတော် ချည်၊ သရက်စည်သား။ ပြည်တည် မန္ဓတ်၊ သောင်းလုံးနတ်၏၊ သက်မှတ် သည်းချာ၊ ဥပရာ ဟု၊ တေဇာ လျှံညီး၊ သားကြီး သက်နှံ၊ အိမ်ရှေ့စံတွင်၊ ကျွန်ခံလက်ဦး၊ ပြုစုဘူးသည်၊ ကျေးဇူးမြုတေ၊ ချီးတိုင်း ဝေရှင့်။ ဝိဒေဟရ၊ လက်တော်မှလျှင်၊ ပဉ္စာလတိုင်း၊ ကွပ်ထိုင်း စိုးမှတ်၊ ဗြဟ္မဒတ်က၊ မြတ်မြတ် လေးလေး၊ အရေးတော်ယူ၊ သိမ်းတော်မူသည်၊ လှိုက်ဆူ လွှံ့ပတ်၊ မဟော်မတ်သို့၊ ကောင်းမြတ် လွန်ကြူး၊ အထူးထူးတိ၊ ကျေးဇူး ချီးမြှင့်၊ မကုံသင့်သား၊ ရွှေမြင့်မြို့စား၊ မုံထွား ပွင့်လျာ၊ လက်တော်မှာလျှင်၊ ရေးရာကျွမ်းကျင်၊ ဖန်,စီရင်သည်၊၊ ယခင်,ထုံးပုံ မလွဲတည်း။

၁၀၇။။ လက်ဝဲသုန္ဒရ၊ မျို့ဦးစမှ[၁၈၈]၊ ဘယရန္တမိတ်၊ ပဏ္ဍိတ် ဟူသည်၊ မည်ရည် ဘွဲ့ခံ[၁၈၉]၊ သတင်းသံနှင့်၊ ကျော်ညံ မစဲ၊ သူတော်ပွဲ၌၊ စွမ်းရဲ တည်ကြည်၊ အမတ်သည်လျှင်၊ ကြံစည် ရှာရုံး၊ ဉာဏ်ဖြင့်ကျုံး၍၊ ဆယ့်သုံး နှစ်ကျော်၊ လေးလပေါ် တွင်၊ မဟော် ရွှေကျမ်း၊ မိန့်တော်တမ်းကို၊ ခွဲခြမ်း ဖွေနှည်၊ ပြုစုသည်နှင့်၊ ရွှေပြည်ရောက်ခါ၊ လင်္ကာသီရိ၊ အမည်ရှိသား၊ ကဝိကျော်ခေါင်၊ ကျမ်းတစောင်ကို၊ ရွက်ဆောင်သည့်နောက်၊ တွေးထောက် ဆင်ခြင်၊ နေစဉ်တွင်၌၊ ကျော်ထင်သင်္ခယာ၊ ဘွဲ့မည်သာနှင့်၊ ပညာ ပြည့်စုံ၊ သမတ်ခုံလျှင်၊ လုံခြုံပြီးကြောင်း၊ တရားပေါင်းကို၊ တောင်းပန် သော့အား၊ ကိုးပါး ရံပတ်၊ နဝရတ်သို့၊ဓမ္မသတ် လင်္ကာ၊ ရွှေကျမ်းစာကို၊ [ ၄၆ ]ဖွေရှာ တသီး၊ ပြုစုပြီးမှ၊ တိမ်နီးယိုးမှား၊ မှန်ကင်းလားလျှင်၊ ပတ္တမြားပွင့်၊ ရွှေကြုတ်ဆင့်၍၊ လှစ်ဖွင့်ခဲစွာ၊ ရတနာကို၊ ပညာသော့ညှပ်၊ ထုတ်ယူလှပ်မှ၊ ပွင့်ချပ်ကုံးသီ၊ ရွှေခြယ်စီသို့၊ နန္ဒီသေန၊ ဤကျမ်းမကို၊ လုံ့လထူထူ၊ မည်သူ အားကြိုး၊ မဆော်နှိုးလည်း၊ ကောင်းကျိုးမှုခင်း၊ နှလုံးသွင်း၍၊ မှန် ကင်း တဆူ၊ စိုက်ထောင်ထူသည်၊၊စစ်သူကြီးတို့ လက်စွဲတည်း။

၁၀၈။။ သက်ခုနစ်နှစ်၊ ငယ်နုမျစ်က၊ ကျစ်လစ်,ဖွယ်ရာ၊ လက္ခဏာ နှင့်၊ သဒ္ဒါ လက်ဦး၊ ဂုဏ်ညွန့်ခူး၍၊ ကျေးဇူး လွှံ့ကျော်၊ သတင်း ပေါ်၏။ မြင်မြော် ရှေးထုံး၊ ပညာကျုံးလျက်၊ ဆယ့်သုံးနှစ်ရွယ်၊ သို့စင်ငယ်လျက်၊ ရွေးချယ် စုံစေ့၊ စာဆိုလေ့နှင့်[၁၉၀]၊ မွေ့မွေ့,လျော်လျော်၊ ရွှင်မြူး ပျော်၏။ ထင်ပေါ် ထုတ်ချင်း၊ ဂုဏ်သတင်းကြောင့်၊ စိုးမင်းထံမှာ၊ မှုရေးရာကို၊ မခြာ ကြပ်မ၊ စီရင်ရ၍၊ ထွန်းပ ထင်ပေါ်၊ ဟိုးဟိုး ကျော်၏။ ထုတ်ဖော် မထား၊ ဂုဏ်ထူးလွှားလျက်၊ စကား သွယ်ခွေ၊ မာန်တက်ချေဟု၊ ဆိုလေ လိမ့်နိုး၊ ကြောင့်ကြစိုးလည်း၊ မကြိုး မစား၊ စာသင်သားတို့၊ ဆိုထား သိမ်းပိုက်၊ ငယ်ရွယ်ခိုက်က၊ နည်းလိုက် သက်သေ၊ အားကျစေဟု၊ သေခွေ စကား၊ ညွှန်ပြထားသည်၊၊ အများ,ယှဉ်ရာ လမ်းသီးတည်း[၁၉၁]

၁၀၉။။ ရွှေထီး ဆက်ဆက်၊ ရွှေလက်ထက်က၊ ကျမ်းထွက် နည်းနာ၊ ဤရွှေစာသည်၊ သဒ္ဓါ အမြိုက်၊ နှစ်အင်ခြိုက်ရှင့်။ စိုးထိုက် မင်းသုံး၊ ယူနှလုံးဖြင့်၊ ကုံးကုံး,ဆင်ဆင်၊ ကြံစီရင်၍၊ ယခင် ရှေးခါ၊ ရှေးဆရာဟု၊ ရှေးပညာကျော်၊ ရှေးကသော်လည်း၊ စပ်တော်မူသင့်၊ လေသည်ခွင့်တွင်၊ ကံနှင့်အညီ၊ သိကြားဖီ၍၊ နန္ဒီသေန၊ ဤကျမ်းမကို၊ ဘယရန္တမိတ်၊ ရွှေစိတ်ကြည်ညို၊ နောက်စာဆိုလျှင်၊ ကုသိုလ် ရှာဖွေ၊ ပြုစုစေဟု၊ ချန်လေသော့လား၊ ရှိသောအားကြောင့်၊ တရား,ဓမ္မ၊ နှစ်သာရကို၊ ဆွတ်ကြပါစေ၊ စိုက်ထောင်ပေသည်၊၊ ပဒေသာခိုင် အဖြီးတည်း။

၁၁၀။။ သက္ကရာဇ၊ ဒီဃမှန်အောင်၊ တွက်ကိန်းဆောင်မူ၊ထောင်, ရာတွက်ချဲ့၊နှစ်ဆဲ့ရှစ်ခု၊ ဥတုချမ်းမြ၊ ဟေမန္တတည့်။မူလမည်မှတ်၊နက္ခတ် ထွန်းတောက်၊ ရောက်နေ ဗြိစ္ဆာ၊ ကြတ္တိကာ၌၊ နေ့ ကြာသပတေး၊ ဆန်းလေးရက်သာ၊ ကောဇာလက်မိန်၊ ထိုအချိန်တွင်၊ ကလိင်္ဂဇာတ်၊ အတ္ထုပ္ပတ်ကို၊ စွဲမှတ် စေ့ငု၊ ဝတ္ထု ပုံထုံး၊ သင့်ရာသုံး၍၊ စီကုံး စာစောင်၊ ကျမ်းထွတ် [ ၄၇ ]ခေါင်ဟု၊ ရွှေတန်ဆောင်ကြီး၊ ထောင်၍ပြီးရှင့်။ အစီးအပွား၊ လူတို့အားကို၊ သိကြား အတူ၊ ရှာတော်မူ၍၊ မပူ အေးမြ၊ ငြိမ်းပေရဟု၊ နှိုင်းဆ မမြော်၊ ကျေးဇူးတော်ကို၊ ချီငေါ် အသင့်၊ နှလုံး ချင့်လျက်၊ အရှင့် ရေးရာ၊ ကြုံသောခါလျှင်၊ မဟာဂမ္ဘီ၊ ဉာဏ်ဂုဏ်ဆီဖြင့်၊ နန္ဒီသေန၊ ပေါက်ပြ လွှပတ်၊ ရှေးအမတ်သို့၊ စွဲမှတ် ရွက်ဆောင်၊ မူမြားမြောင်ကို၊ အန်ထောင် ကြိုးပမ်း၊ ညီညာ ထမ်းစိမ့် ။ ထုံးတမ်း နည်းမှီ ၊ သင့်ရာစီသည်၊၊ နန္ဒီသေန ကျမ်းကြီးတည်း။

၁၁၁။။ အဿကတိုင်း၊ ကျော်သံလှိုင်းလျက်၊ နှုန်းနှိုင်း မရှိ၊ ပါဋလိဟု၊ ပြည်ကြီးသခင်၊ စောနတ်ရှင်လျှင်၊ နေသွင် ရွှန်းရွှန်း၊ ဖုန်းတော် ထွန်း၍၊ ပတ်ဝန်း သိမ်းယူ၊ အောင်တော်မူလျက်၊ ဇမ္ဗူ ဝိုက်ချီး၊ အောင်စည်တီးမှ၊ ဆင်ကြီး မြင်းကြီး၊ သမီး ကညာ၊ ဆက်ရောက်လှာသို့၊ မဟာမိုးနတ်၊ တူတမှတ်လျှင်၊ မန္ဓာတ် မခြား၊ တရားစောင့်သိ၊ ကျွန်းကြီးသခင်[၁၉၂]၊ တို့အရှင်ဝယ်၊ မြင်း,ဆင် ကညာ၊ ရတနာတိ၊ ဆက်လှာ မစဲ၊ ထပ်ဆင့်ကဲမျှ၊ ပြည်တဲ သာယာ၊ မဆိုသာတည့်။ သမ္ဘာ ဆုံပေါင်း၊ ဖုန်းတော်ဟောင်းတွင်၊ ဆင့်လောင်း မခြာ၊ ဤကျမ်းစာကြောင့်၊ စကြာယာဉ်ကြီး၊ ထူးလည် စီးလျက်[၁၉၃]၊ ရိုက်ချီး အောင်ပွဲ၊ လပ်မစဲသည်၊၊ ပြည်တဲ,ငြိမ်းချမ်း စေသတည်း။

၁၁၂။။ ကုသိုလ် ဆယ်ဖြာ၊ ဆယ်ရပ်မှာလျှင်၊ ဝေယျာဝစ္စ၊ သည်အရသည်၊ လုံ့လ စွမ်းအင်၊ အရှင်မှုတော်၊ ထမ်းမှသော်လျှင်၊ ရှုမျှော် နှစ်တန်၊ ပစ္စုပ္ပန်နှင့်၊ နောင်ဖန် သံသာ၊ စီးပွားလာလျက်၊ ကောင်းတာ ရှည်မြောက်၊ ကောင်းရာ ရောက်လိမ့်၊ ကြံ အောက်မေ့လျက်၊ အချက်ချက် ကို၊ စိတ်စက် စွဲနှောင်၊ လွှဲ, မရှောင်သည်၊၊ ရွက်ဆောင်, မှုထမ်း စေသတည်း။

၁၁၃။။ နန္ဒီသေန၊ ရှေးက အမတ်၊ လောကနတ်တွင်၊ လျောက် ပတ် စေ့ ငု၊ အရှင့်မှုလည်း၊ တခု မကျန်၊ ဝေဖန် ခွဲခြမ်း၊ ရွက်ထမ်းသည်မှ၊ များလှ ဖြင်ပြွမ်း၊ ကုသိုလ်စွမ်းနှင့်၊ ကြိုးပမ်း စုံညီ၊ ပါရမီကြောင့်၊ မဟီ တလ၊ လောက ထွတ်ထား၊ ဖုရားသခင်၊ ပွင့်ရာတွင်နှိုက်၊ သို့စင်တော်မှီ၊ [ ၄၈ ]ကြုံသည်ရှိ၍၊ သာရိပုတ္တရာ၊ မည်တော်သာဖြင့် ၊ လက်ယာတော်ရံ၊ ပညာ လျှံ၍၊ နှိုင်းစံ မတူ၊ ဖြစ်တော်မူသည်၊၊ နည်းယူ,ရှာလှမ်း စေ သတည်း[၁၉၄]


ရှင်းလင်းချက် မှတ်စုတိုများ

  1. လက်မကွာဖြင့် (ဦး,မန်း)
  2. ဂုဏ်ခံကိုးဟိုး (မန်း)
  3. ပြည်ကျော်သာမိ (မန်း)
  4. စွမ်းဉာဏ်ရှိ ဟု (မန်း)
  5. အစုံပါ၍ (မန်း-မူ၊ ဟံ-မူ တို့တွင် မပါ)
  6. မြို့နား မြောက်,တောင်၊ သာလွန်ဆောင်သည် (မန်း)
  7. လေးစု သပြေ (မန်း)
  8. ရွှေကျောင်းတော်သို့ (ဦး)
  9. မေးလျှောက်တင့်သော် (မန်း)၊
    မေးလျှောက်လင့်သော် (စွယ်)
  10. မှန်သည် သတင်း (ဦး, မန်း)
  11. အံ့အဲဖွယ်ရှိ (မန်း, ဟံ)
  12. ဆကဲပေဟု (ဟံ)
  13. သာယာ သညီ၊ အားလုံးချီ၏။ (မန်း)
  14. ထိုအရှိန်ဖြင့် (ဟံ)
  15. ထင်ရှား,ရွှေဘုံ ပြန်တုံတုံအံ့ (မြန်)၊ ထင်ရှား,ရွှေဘုံ မြန်းတုံတုံအံ့ (ဦး)
  16. ရှိသကဲ့သို့ (ဟံ)
  17. ဤကျွန်းမထက် (ဟံ)
  18. ငါ့လက်နက်တိ (ဟံ)
  19. မိသည်ဟူလျက် (ဟံ)
  20. တဟိုက်ရှူရှူ (ဆုံ, ဟံ)
  21. စစ်ပွဲ,ဆင်တော် မူပါလော့ (ဆုံ, စွယ်, ဟံ)
  22. တသားတည်း ထပ် (ဦး)
  23. ပည်းမွှမ်း လာရောက် (ဟံ)
  24. မစိုးရိမ်တွင် (ဦး, စွယ်, ဟံ)
  25. ပြင်းလောက်ထိန်ကြောင့် (ဟံ)
  26. လည်လှီး၍ တွန့် (ဟံ)
  27. တပ်လုံးကြွေမူ (ဦး, ဟံ)
  28. အားမြောက်,သံပ ကြုံးသတည်း (မန်း)
  29. အတွင်း,ပြင်လုံး၊ လိုတော်ကြုံးဟု၊ ဗိုလ်ထုံး ခင်းကျင်း (မန်း)
  30. အစွမ်းပြကို (မန်း)
  31. ထိတိုင်း ကြွေစိမ့် (မန်း, ဟံ)
  32. ခန့်ထား,အကုန် ရုံးသတည်း (မန်း)
  33. ငါ့တပ်တော်ချင်း (ဦး, မန်း)
  34. နင်းမိမှသာ (ဦး)
  35. ပြင်ပလူကို (မန်း)
  36. ခြိမ်းမောင်း,အာဏာ ဖုံးသတည်း (မန်း)
  37. လောဘလိုက်၍ (မန်း, ဟံ)
  38. နှလုံးညစ်၍ (မန်း)
  39. ဆဒ္ဒန်အင်အား (မန်း, ဆုံ)
  40. ကြန်ကိုးပါးလျှင် (ဦး, ဟံ)
  41. စစ်မက် ခံရန် (မန်း)
  42. နိုင်မည့်ရေးလည်း (မန်း, ဟံ)
  43. အင်္ဂါအများ (မန်း)
  44. သင်ကား အမတ် (ဦး)
  45. တိုင်းနိုင်ငံတွင်း (ဟံ)
  46. စိတ်တော် ထင်၍ (မန်း)
  47. ဘယ်သို့များဖြင့် (မန်း)
  48. ညှိုးပူပင်မှ (မန်း, ဟံ)
  49. ခန့်ရည်သွေးသည် (ဦး)၊ ရန်ရည်တွေးသည် (မန်း)၊ ခန့်ရေတွေးသည် (စွယ်)
  50. စက်ရှသောငြမ်း (မန်း, ဟံ)
  51. စစ်ဆင်မူလ (ဦး, ဟံ)
  52. မုရိုး စည်ယောင်၊ ပန်းတောင် သဏ္ဌာန် (မန်း)
  53. စစ်လေးချပ်သို့ (မန်း)
  54. လေးတပ်,လေးဝ (မန်း)
  55. အစွန်းချမူ (ဦး)
  56. ဗိုလ်ထု အားမြောက် (ဦး, ဟံ)
  57. ပုန်းအောင်းစေပြီး၊ ဗိုလ်ထီး,ဖြောင့်စွာ (မန်း)
  58. မပြား သိမ်းထုပ်၊ စဉ်အုပ် သေချာ (မန်း)
  59. ပြည်တဲ မွှေအံ့ (မန်း)
  60. ရောက်လှာမှားက (မန်း)
  61. ခရီးချီရပ် (မန်း)
  62. မှာတမ်း စာခွေ (မန်း)
  63. ပုံသေ ကြောင်းခြာ (မန်း)
  64. ဆယ်ဗိုလ် တင်ချုပ် (မန်း)
  65. တိုက်လှန် နှိမ်အံ့ (မန်း)
  66. ချိုပျံ့ သာယာ (ဟံ)
  67. သောင်းသောင်း ညီ၍ (မန်း, ဟံ)
  68. ကောင်းချီး ကျော်ညီ (မန်း)၊
    ကျော်ချီး ကျော်ညီ (ဦး)
  69. နေသည် ရဲဘက် (မန်း)
  70. လက်ရုံး စည်းစည်း (မန်း)
  71. ဖုန်းညွန့်လူလျှင် (ဦး)
  72. သက်တင်ရိုးနီး (မန်း)
  73. မတ်များ နောင်လည်း
    (ဦး, မန်း, ဟံ)
  74. လ ကွန့်မြူးသော် (ဆုံ)
  75. အခေါင်စံသိ (မြန်)
  76. တပ်တော်ချမြောက် (မြန်, ဟံ)
  77. ကြီးသူအားကို (ဦး)
  78. ဦးစွာရှင်က (မြန်)
  79. မြင်းက ကွာစေ (မြန်)
  80. ကင်းစောင့်ထားမှ (ဦး)
  81. သုံးလည်ရွှေ့မှ (ဦး,မြန်-တွင်မပါ)
  82. အရေးတော်အောင် (ဦး,မြန်-တွင်မပါ)
  83. ရှိတိုင်းကောက်၍ (မန်း)
  84. မပြားစေနှင့် (မြန်)
  85. မယွင်းစုံလင် (ဦး-မူတွင် မပါ)
  86. တတပ်ကပြောင်း၊ တတပ်ပေါင်းလည်း (မြန်)
  87. အခွင့်ရန်ပိုင် (ဦး, မန်း)၊ အခွင့်ရပိုင် (မြန်)
  88. ထန်းရည် ပင်ဆေး (ဦး)၊
    ထန်းရည် ဘင်းဆေး (မန်း)
  89. ဆိုင်ရာက မြစ်(ဦး)
  90. တပါးတည်း ရွယ် (ဦး)
  91. တရုံးမကွဲ ကြစေနှင့် (ဦး)
  92. ထုံးမှီး ဆွေးနွေး (မြန်)
  93. ဆင်,တပ် ဝေ,ငှ (ဆုံ)၊
    တင့်အပ် ဝေ,ငှ (မြန်)
  94. အဆက်ဆက်တိ (မြန်)
  95. မြို့တော်စောင့်အား၊
    မှူးမတ်များကို (မြန်)
  96. ရဲမက်များကို (မြန်)
  97. ယုံထောက် ပေစာ (ဦး, ဟံ)
  98. မူရာ သေခွေ (မြန်)
  99. ဖြစ်တို့ပေက (မန်း, ဟံ)
  100. မြို့ရှင် ကြေးငွေ (ဦး)
  101. အစုစုတည့် (မန်း-မူတွင် မပါ)
  102. ထန်းပို့ ထန်းကဲ (မန်း)
  103. ဆေး,ပဲ,လက်ဖက် (စွယ်)
  104. နားပါး ထွင်းထွင်း (မန်း)
  105. ကို ထောက်ထားက (ဦး)
  106. နှစ်တပ် ဖက်ဆိုင် (မန်း)
  107. ဘယ်လောက် လင့်လော့ (မန်း)
  108. လက်ရုံး ကိုးရိုး (ဦး, ဟံ)
  109. တန်ခိုးကို ပြ (ဦး)
  110. သူ့ဖုန်း ကိုးရိုး (ဦး, ဟံ)
  111. အဿကဟု၊ နာမ နှစ်ရပ်၊ ကျောစပ် နံခိုင်း၊ တိုင်း,နှစ်တိုင်း၏ (မြန်, ဟံ)
  112. ကြံစည် ရွေးရှာ (မြန်, ဟံ)
  113. ဦးတင် သံညောင်း၊ ထုံးလျှောက်ရှောင်းသော် (မြန်)
  114. အရာ အမှု၊ ဘယ်စာပြုအံ့ (မြန်)
  115. အားပြကျင်လည်း (မြန်)
  116. စိတ်ညစ်သောအား (မန်း)၊ စစ်ညှစ်သောအား (မြန်)
  117. စစ်ပြုလို၍ (မြန်)
  118. လေးယာက် သညာ (မြန်)
  119. ချီအံ့လာသည် (မြန်, ဟံ)
  120. နှစ်ပြည် ကွပ်ဆိုင်း (မြန်)
  121. နှစ်ပြည် စိုးချာ (ဦး)
  122. သိင်္ခ မုနော (ဦး)
  123. မွေးရှည် တန်ဆာ၊ ဖြူ,ဝါ,စိမ်း
    ရွှေ (မြန်, ဟံ)
  124. ထွတ်ထွတ်ဝင်းဘိ (မြန်)
  125. ကိုယ်စားတော် ကျိုး (မန်း, ဆုံ)
  126. နွားနက်ရှောင်၏ (ဦး)
  127. ဖုန်းတော် မှိန်၍ (မန်း, ဆုံ)
  128. မဟာ တေဇ (ဦး)၊ မဟာ ပဝရ (မန်း)
  129. သာကြည် ထောက်ထား (ဦး)
  130. ရွှင်ပန်းပွင့် (ဦး-မူတွင် မပါ)
  131. တို့စစ်အောင်၍ (ဦး)
  132. လုံးထွေး လုံးထွေး (ဦး)
  133. ငါမူသည်လောက်၊ မာန်မမောက်တည့် (ဦး)
  134. မတီး မကွဲ (မြန်)
  135. လုံ့လ အားခွန် (မြန်, မန်း, ဟံ)
  136. သစ္စေး ဂွမ်းတွင် (ဦး, ဟံ)
  137. တည်ကြား ကြပ်တင်း (ဦး, မြန်)
  138. သတိ ရဲရောင် (ဦး)
  139. ရန်စစ်သည်ပေါင်း၊ မှူးမတ်ကောင်းနှင့် (မြန်)
  140. နတ်သျှင် နရိန္ဒ (မြန်)
  141. ဆိုက်ရာကောက်၍ (မြန်)
  142. ထိန်းထား နှိုးဆော် (မြန်, ဟံ)
  143. မပြုသည်ကြောင့် (မြန်)
  144. လက်နက်စောင်၍၊ မြောက်,တောင်, ထွက်,ဝင် (ဦး)
  145. နရာဒိပွ (ဦး)
  146. အဿကလည်း၊ လှံမ,တော် စွဲ၊ ကိုယ် တော်ခဲ၍၊ ရဲရဲ တောက်ထိန်၊ လက်(နက်) စိန်သို့၊ လှံချိန်၍ လွှတ်၊ ဘယ်မှာ လွတ်အံ့။ တိမ်းညွတ်တိုင်းမိုး၊ ပစ်လိုက်ထိုးက၊ ထစ်ကြိုးအသံ၊ တော်ဟည်းညံနှင့် (မြန်, ဟံ)
  147. တတပ်ရိပ်ခြည်၊ တတပ်လည်၍၊ ဖြစ်မည်အထင်၊ ကြောက်စိတ်ဝင်မှ (မန်း)
  148. ဖိစီးလိုက်သော် (မြန်, ဟံ)
  149. လှည့်လည် နေရပ် (မန်း, ဟံ)
  150. အတန်တန် ဓား (မြန်)
  151. တပ်ပေါင်း လံလျက် (ဦး)
  152. အောင်သံ မရုံး (မြန်)
  153. ဆီးကြိုခံလည်း (ဦး)
  154. မရှိခဲ့၍ (ဦး, မန်း)
  155. လာခဲ့စိမ့်ငှါ (မြန်)
  156. ကြက်သီး,မွေးညင်း သိမ့်သိမ့်တည်း (ဦး, မြန်)
  157. မြင်းဦး လှည့်လည် (ဦး, မန်း)
  158. တောင်တည် နေမင်း (မြန်)
  159. မည်သည် မဖိ (မြန်)
  160. လှံ,ဓား ရှက်ထွေး (ဦး)
  161. သုံ့,လက်ရလည်း (ဦး, မန်း)
  162. တူရူ ချီးမွမ်း (ဦး)
  163. ခန့်ရပ်တင်းလျက် (မြန်)
  164. ငါတို့ရောက်အောင် (မြန်, ဦး)
  165. ရွှေရင်တော်ကြီး (မန်း)၊ ရင်ခွင်တော်ကြီး (ဟံ)
  166. ထံနီးတော်ပါး၊ ခ,စားမြှောက်ချီ၊ ရှိချေပြီတည့်။ ထုံးမှီ ရှာဆည်း၊ ရှေးဆိုနည်းမူ၊ လက်သည်း ဆိတ်ရာ၊ လက်သာ နာဟု (မန်း, ဟံ)
  167. ထိက မနား၊ လက်မ,အားလည်း (မန်း)
  168. နည်းခံ နေ့ည (စွယ်)
  169. တပ်ချ တပ်တာ (စွယ်)
  170. တခရိုင်ကြောင့် (မန်း)
  171. အမှတ်တမဲ့ (စွယ်)
  172. နရာ ဒိပွ (မန်း, ဟံ)
  173. လေးပါး ဖခင် (မန်း)
  174. ထိုစကားကို (ဦး)
  175. နေ့ရက်တည်း၍ (ဟံ)
  176. ရွှေမြင်းမိုတောင်၊ သူရာအောင်တွင်၊ ဆောင်ယောင် ဗိမာန်၊ မနှုန်းတန်သား (ဦး)။ ရွှေမြင်းမိုတောင်၊ သူရာအောင်လျှင်၊ ဆောင်ဆောင် ဗိမာန်၊ မနှုန်းတန်သား (ဟံ)။
  177. ရှေ့,နောက် ထောက်မြော် (ဦး)
  178. စည်သဲသဲသည် (ဦး,မန်း)
  179. စောရန်ရှိန်ဟု (မန်း)
  180. စိုးပိုင်ကြသည် (ဟံ)
  181. ဂုဏ်ဝှဲချီးအံ့ (မန်း)
  182. မြစ်ဆုံ ကမ်းပေါ် (မန်း)
  183. ဆယ့်သုံးနှစ်မြောက်၊ သက်ရွယ်ရောက်အောင်၊ ရှေ့နောက် ဆင်ခြင်၊ မြော်မြင် လုံ့လ (ဦး, ဟံ)
  184. ရွှေပြည်မြို့ဝယ် (ဟံ)
  185. ဗုဒ္ဓေါမံ၏ (မန်း, ဟံ)
  186. ဆ,ပွါး ကြည်လင် (မန်း)
  187. တရားစောင့်ရာ (မန်း, ဟံ)
  188. မျို့ဦးစမှ (ဟံ မူတွင်သာပါသည်)
  189. နှစ်မည် ဘွဲ့ခံ (မန်း)
  190. သတိလေ့နှင့် (ဟံ)
  191. အများယှဉ်ရာ လမ်းမှီးတည်း (ဦး)
  192. တရား စောင့်သီး၊ ကျွန်းကြီးသခင် (ဟံ)
  193. ဆူလှယ်စီးလျက် (မန်း, ဟံ)
  194. နတ်လူ, ရှာလှမ်း စေ သတည်း (မန်း)

အခြားကြည့်ရန်


Myanmar Public domain
ဤပုံ သို့မဟုတ် မီဒီယာသည် ယခုအခါ မြန်မာနိုင်ငံတွင် ယင်း၏ မူပိုင်ခွင့်သက်တမ်းကုန်လွန်ခဲ့ပြီး ဖြစ်သောကြောင့် အများပြည်သူပိုင် (public domain) အဖြစ် သတ်မှတ်နိုင်သည်။ မြန်မာနိုင်ငံ၏ စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေ ၂၀၁၉ အရ အောက်ပါတို့အနက် တစ်ခုခုနှင့် ကိုက်ညီနေပါက အများပြည်သူပိုင်ဟု သတ်မှတ်နိုင်သည် -
  1. ဤသည်မှာ အရုပ်အသံလက်ရာ သို့မဟုတ် ရုပ်ရှင်ဖန်တီးမှုလက်ရာဖြစ်ပြီး မူလလက်ရာရှင်၏ ခွင့်ပြုချက်ဖြင့် အများပြည်သူရရှိခံစားနိုင်စေရန် ဆောင်ရွက်ပြီးသည့်နှစ်မှ နှစ် ၅၀ သို့မဟုတ် ထိုသို့ဆောင်ရွက်ခဲ့ခြင်းမရှိပါက လက်ရာကိုပြုလုပ်ပြီးသည့်နှစ်မှ နှစ် ၅၀ ကျော်လွန်ပြီးဖြစ်ခြင်း။ (ဆိုလိုသည်မှာ ယင်းကို မတ် ၁၆, ၁၉၇၆ မတိုင်မီ သို့မဟုတ် ထိုနေ့တွင်ဖြန့်ချိခဲ့ခြင်း)
  2. ဤသည်မှာ စာပေ သို့မဟုတ် အနုပညာလက်ရာတစ်ခုဖြစ်ပြီး မူလလက်ရာရှင် သက်ရှိထင်ရှားရှိစဉ်ကာလအပြင် ကွယ်လွန်ပြီးသည့်နှစ်မှ နှစ် ၅၀ ကျော်လွန်ခဲ့ပြီးဖြစ်ခြင်း။ (ဆိုလိုသည်မှာ မူလလက်ရာရှင်သည် မတ် ၁၆, ၁၉၇၆ မတိုင်မီ သို့မဟုတ် ထိုနေ့တွင်ကွယ်လွန်ခဲ့ခြင်း)
  3. ဤသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ စာပေ သို့မဟုတ် အနုပညာလက်ရာဖြစ်ပြီး ယင်းအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ပထမမူပိုင်ခွင့် ပိုင်ရှင်အဖြစ် စာပေ သို့မဟုတ် အနုပညာလက်ရာကို ဖန်တီးပြုလုပ်ထားခြင်း၊ အများပြည်သူရရှိခံစားနိုင်ရန် တရားဝင် စတင်ဆောင်ရွက်ခြင်း သို့မဟုတ် ပထမအကြိမ် ထုတ်ဝေခြင်း တစ်ရပ်ရပ်အနက် နောက်ကျရာ နှစ်မှ နှစ် ၅၀ ကျော်လွန်ပြီး ဖြစ်ခြင်း။ (ဆိုလိုသည်မှာ မတ် ၁၆, ၁၉၇၆ မတိုင်မီ (သို့) ထိုနေ့တွင် ဖန်တီးခြင်း (သို့) ဖြန့်ချိခြင်း)
  4. ဤသည်မှာ အသုံးချအနုပညာလက်ရာဖြစ်ပြီး ယင်းလက်ရာပြုလုပ်ပြီးသည့်နှစ်မှ ၂၅ နှစ်ကျော်လွန်ပြီးဖြစ်ခြင်း။ (ဆိုလိုသည်မှာ ယင်းကို မတ် ၁၆, ၂၀၀၁ မတိုင်မီ (သို့) ထိုနေ့တွင်ပြုလုပ်ခဲ့ခြင်း)
  5. ဤသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဦးစီးဌာနများမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊ တရားရုံးစီရင်ချက်များနှင့် အမိန့်များ ဖြစ်ခြင်း

ဤအရာအား မြန်မာနိုင်ငံပြင်ပ၌ "အများပြည်သူပိုင်"အဖြစ် သတ်မှတ်ထားလိမ့်မည်ဟု ယူဆ၍မရပေ။ ထို့ကြောင့် ဤအရာအား အခြားဘာသာစကားသုံး ဝီကီရင်းမြစ် ဒိုမိန်းများသို့ ပြောင်းရွှေ့ခြင်းမပြုသင့်ပါ။


ဖိုင်တင်သူများသို့။ ကျေးဇူးပြု၍ ဖန်တီးမှုလက်ရာ အမျိုးအစား၊ ပထမဆုံး ဖြန့်ချိသည့် ရက်စွဲ သို့မဟုတ် ဖန်တီးသည့် ရက်စွဲနှင့် အခြား အသုံးဝင်သည့် အချက်အလက်များကို သေချာစွာ ဖော်ပြပေးပါ။

PD-MM //my.wikisource.org/wiki/%E1%80%94%E1%80%94%E1%80%B9%E1%80%92%E1%80%AE%E1%80%9E%E1%80%B1%E1%80%94%E1%80%95%E1%80%BB%E1%80%AD%E1%80%AF%E1%80%B7