မာတိကာသို့ ခုန်သွားရန်

နာရဒဇာတ်တော်ကြီး/အခန်း-၀၅

ဝီကီရင်းမြစ် မှ
1602နာရဒဇာတ်တော်ကြီး — ၅။ ရုဇာမင်းသမီး တရားဟောခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုသို့ပြောဆိုကြသောအသံကို ရုဇာမင်းသမီး၏ အထိန်းတော်သည် ကြားလတ်၍ ရုဇာမင်းသမီးအား ခမည်းတော်သည် တက္ကတွန်းကဿပကိုမှီ၍ အယူမှားသောအကြောင်းကို အကြွင်းမဲ့ ကြားလျှောက်၏။ ထိုစကားကို ရုဇာမင်းသမီးကြားလျှင် ပြင်းစွာနှလုံးမသာရှိလျက် “အဘယ့်ကြောင့် ငါ့ခမည်းတော်သည် အကျင့်သီလ မရှိ၊ အရှက်အကြောက်လည်း မရှိ၊ အဝတ်မျှမဝတ်သော တက္ကတွန်းထံသို့ကပ်၍ ပြဿနာကို မေးလေဘိသနည်း။ တရားကျင့်သော ရဟန်းပုဏ္ဏားတို့ကိုသာလျှင် ကပ်၍ ပြဿနာတို့ကို မေးအပ်သည်တကား။ ငါ့ခမည်းတော်၏ မိစ္ဆာအယူကိုပယ်၍ သမ္မာအယူ၌ တည်စေခြင်းငှာ ငါမှတစ်ပါး စွမ်းနိုင်သောသူမည်သည် မရှိ။ အဘယ့်ကြောင့်နည်းဟူမူကား ငါသည် ဤကိုယ်အဖြစ်သို့ မရောက်မီ နတ်သမီးဖြစ်သောအခါကပင် လွန်လေပြီးသော ၇-ဖြစ်ကိုလည်းကောင်း, လာလတ္တံ့သော ၇-ဖြစ်ကိုလည်းကောင်း, ဤ၁၄-ဖြစ်ကို သိ၏။ ထို့ကြောင့် ငါသည် ရှေး၌ပြုဖူးသော မကောင်းမှု၏အပြစ်ကိုပြ၍ ခမည်းတော်ကို သိစေအံ့။ ထိုသို့ဖြစ်သော်လည်း ယခု ငါ့ခမည်းတော်ထံသွားသော် မသင့်သေး။ အဘယ့်ကြောင့်နည်းဟူမူကား ငါသည် အကယ်၍ ယခု သွားအံ့။ ငါ၏ခမည်းတော်သည် ငါ့ကို ဆိုရာ၏။ “ချစ်သမီး။ အခါတစ်ပါးကား လခွဲတစ်ကြိမ် လာ၏။ ယခုကား လ,မပြည့်မီ အဖိတ်နေ့ကပင် လာပြီးဖြစ်လျက်လည်း နေ့ရက်မရောက်မီ အခေါက်ခေါက် အဘ့ယ်ကြောင့် လာသနည်း။ အခွင့်ရှိသလော”ဟု ဆိုလတ္တံ့။ ထိုသို့ဆိုရာ၌ “ခမည်းတော်သည် မိစ္ဆာဒိဋ္ဌိအယူရှိသည်”ဟု ကြားသောကြောင့် လာသည်ဟု အကယ်၍ ဆိုချေအံ့။ ခမည်းတော်သည် ငါ့စကားကို အလေးအမြတ် မပြုရာချေ။ ထိုသို့ဖြစ်သောကြောင့် ယခု ငါ မသွားသေးမူ၍ ဤနေ့မှ ၁၄-ရက်မြောက်ဖြစ်သော လ,မကွယ်မီ အဖိတ်နေ့မှ ပြကတေ့သောအခြင်းအရာဖြင့် ခမည်းတော်၏အကြောင်းကို မသိသကဲ့သို့ သွား၍ အလှူအဖို့ ပေးမြဲတိုင်းသော ၁၀၀၀-သောဥစ္စာကို ခမည်းတော်အား တောင်းအံ့။ ထိုအခါ ခမည်းတော်သည် မိစ္ဆာအယူကို ဆိုလတ္တံ့ဆိုလျှင် ခမည်းတော်မင်းကြီးအား ငါ၏အစွမ်းဖြင့် မိစ္ဆာအယူကို စွန့်စေအံ့”ဟုကြံ၏။

တန်ဆောင်မုန်းလမကွယ်မီ အဖိတ်နေ့ရောက်လတ်သော် ရုဇာမင်းသမီးသည် နတ်တို့၏ အဝတ်တန်ဆာနှင့်တူသော အထူးထူးသောအဝတ်တန်ဆာ ရတနာတို့ကို ဝတ်စားဆင်ယင်လျက် အမွှေးအထုံ နံ့သာတို့ဖြင့်ထုံ၍ အခြံအရံ ရွေဖော်မင်းသမီး ၅၀၀-တို့ကိုလည်း ဝတ်စားတန်ဆာ ဆင်ယင်စေ၍၊ ရွေဖော်-၅၀၀ ခြံရံလျက် အထိန်းတော်နှင့်တကွ ဘုံ၇-ဆင့်ရှိသော နန်းပြာသာဒ်မှ တိမ်တိုက်မှထွက်သော လပြည့်ဝန်းအရောင်ကဲ့သို့ တစ်နန်းလုံးကို ပြောင်ပြောင်လင်းစေလျက် ဆင်းသက်ခဲ့၍ ခမည်းတော်စံရာ စန္ဒကပြာသာဒ်သို့ သွားလေ၏။

ခမည်းတော်အထံသို့ ရောက်လျှင် တင့်အပ်သောမင်းသမီးနေရာ၌ နေ၏။ အင်္ဂတိမင်းကြီးသည် သမီးတော်ကိုမြင်လျှင် ဤသို့ သာရဏီယကထာ ပြောဟော၏။

“ချစ်သမီး။ ဘုံ၇-ဆင့်ရှိသော နန်းပြာသာဒ်, ကြာမျိုး ၅-ပါးတို့ဖြင့် ဖုံးလွှမ်းအပ်သောရေကန်တို့၌ မွေ့လျော်ပျော်ပါးပါ၏လော။ အထူးထူးသော အဝတ်တန်ဆာ ရတနာတို့သည်လည်းကောင်း, မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့သည်လည်းကောင်း တစ်နေ့မပြတ် ရောက်ပါ၏လော။ စံကား, သဇင်စသော ပန်းတို့ကို သတို့သမီးတို့သည် သီကုံး၍ မညှိုးမနွမ်း အခါခပ်သိမ်း ပန်ဆင်ရပါ၏လော။ ချစ်သမီး။ အဘယ်ကို အလိုရှိသနည်း။ ခမည်းတော်အား ကြားလော့။ ချစ်သမီး အလိုရှိရာ ယခုပြီးစေအံ့”ဟု ဆို၏။

ရုဇာမင်းသမီးလည်း ဤသို့လျှောက်၏။ “ခမည်းတော်မင်းကြီး။ ခမည်းတော်ပေးသော အလုံးစုံသည် ခမည်းတော်၏ကျေးဇူးတော်, ဘုန်းတော်ကြောင့် ပြည့်စုံပါ၏။ ခမည်းတော်မင်းကြီး နက်ဖြန်ခါ နတ်တို့စည်းဝေးရာဖြစ်သော လကွယ်ဥပုသ်နေ့တည်း။ အကျွန်ုပ်အား ပေးမြဲသော ၁၀၀၀-သော ဥစ္စာကို ပေးတော်မူပါ။ အကျွန်ုပ်သည် ပေးလှူမြဲတိုင်း ရသေ့, ပုဏ္ဏား, ဖုန်းတောင်းယာစကာ, ဥစ္စာကုန်၍ရောက်လာသော သူတို့အား ပေးလှူစွန့်ကြဲပါအံ့”ဟုဆို၏။

ထိုစကားကို မင်းကြီးကြားလျှင် ဤသို့ဆို၏။ “ချစ်သမီး၊ အကျိုးမရှိ၊ အချည်းနှီး များစွာသောဥစ္စာကို ဖျက်ဆီးဘိ၏တကား။ ချစ်သမီး။ အခါခပ်သိမ်း ဥပုသ်စောင့်သောသင်သည် ထမင်း, အဖျော်စသည်ကို မသုံးဆောင်ရတကား။ ထိုထမင်း, အဖျော် စသည်တို့ကို မသုံးဆောင် မစားသောက်ဘဲ နေသောသူကား ကောင်းမှု မဖြစ်။ ထိုစကားသည် မှန်၏။ ချစ်သမီး။ အရှင်ကဿပအထံသို့ ငါတို့ ဆည်းကပ်သောအခါ ဗီဇကအမည်ရှိသော ကျွန်သည် အရှင်ကဿပတရားကိုနာ၍ အဖန်တလဲလဲ ရှိုက်တငင်ငင်ငိုကြွေး၏။ ချစ်သမီး။ သင်သည် အသက်ရှည်သမျှကာလပတ်လုံး ထမင်းအဖျော် အစရှိသည်ကို စားသောက်၍ ကာမဂုဏ်ချမ်းသာကိုသာ ခံစားလေလော့။ နေလွဲသောအခါ ခဲဖွယ်ဘောဇဉ်တို့ကိုမစားဘဲ မနေလင့်။ ချစ်သမီး။ တမလွန်လောကဟူ၍ မရှိဘဲလျက် အဘယ့်ကြောင့် ဆင်းရဲခံဘိသနည်း”ဟု ဆို၏။

ခမည်းတော်စကားကိုကြားလျှင် ရှေ့ဘဝနောက်ဘဝကို မြော်မြင်နိုင်သော ရုဇာမင်းသမီးသည် တရားရှိသည့်အတိုင်း သိရကား-

“သုတမေဝ ပုရေ အာသိ၊ သက္ခိ ဒိဋ္ဌမိဒံ မယာ။

ဗာလူပသေဝီ ယော ဟောတိ၊ ဗာလောဝ သမပစ္စထ။”

“မူဠှော ဟိ မူဠှမာဂမ္မ၊ ဘိယျော မောဟံ နိဂစ္ဆတိ။

ပတိရူပံ အလာတေန၊ ဗီဇကေန စ မုယှိတုံ။”

“တွဉ္စ ဒေဝေါသိ သပ္ပညော၊ ဓီရော အတ္ထဿ ကောဝိဒေါ။

ကထံ ဗာလေဟိ သဒိသံ၊ ဟီနဒိဋ္ဌိံ ဥပါဂမိ။”

“သစေ ဟိ သံသာရပထေန သုဇ္ဈတိ၊ နိရတ္ထိကာ ပဗ္ဗဇာ ဂုဏဿ။

ကီဋောဝ အဂ္ဂိံ ဇလိတံ အပါပတံ၊ ဥပပဇ္ဇတိ မောဟမူဠှော နဂ္ဂဘာဝံ။”

“သံသာရသုဒ္ဓီတိ ပုရေ နိဝိဋ္ဌာ၊ ကမ္မံ ဝိဒူသေန္တိ ဗဟူ အဇာနံ။

ပုဗ္ဗေ ကလီ ဒုဂ္ဂဟိတောဝ အတ္ထာ၊ ဒုမ္မော စ ယာ ဗလိသာ အမ္ဗုဇောဝ။”

ဟူသော ၅-ဂါထာတို့ဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“ခမည်းတော်မင်းကြီး။ “သူမိုက်ကို ပေါင်းဖော်မှီဝဲ ဆည်းကပ်သောသူသည် မိုက်သောအဖြစ်သို့သာ ရောက်၏”ဟူ၍ အကျွန်ုပ်သည် ရှေး၌လည်း ကြားဖူး၏။ မျက်မှောက်လည်း မြင်ဖူး၏။ ထိုစကားသည် မှန်၏။ အရှင်မင်းကြီး။ သူမိုက်သည် သူမိုက်ကိုမှီ၍ အတိုင်းထက်အလွန် မိုက်ခြင်းသို့ ရောက်၏။ အလာတအမတ်, ဗီဇကသူဆင်းရဲတို့သည် ကဿပတက္ကတွန်းမိုက်ကို မှီဝဲမိ၍ မိုက်သောအဖြစ်သို့ ရောက်ကုန်၏။ ခမည်းတော်မင်းကြီးကား ပညာအဆင်အခြင်နှင့်လည်း ပြည့်စုံ၏။ အကျိုးစီးပွား ရှိသည်,မရှိသည်၊ အကြောင်းဟုတ်သည်, မဟုတ်သည်၌လည်း လိမ္မာ၏။ အဘယ့်ကြောင့် မိုက်စွာသော အလာတအမတ်, ဗီဇကတို့နှင့်အတူ အယူမှားသောတက္ကတွန်းသို့ ဆည်းကပ်ပါသနည်း။ အရှင်မင်းကြီး။ အကယ်၍ တက္ကတွန်းဆိုတိုင်း ကမ္ဘာ ၈၄-ကမ္ဘာရောက်မှ သံသရာအစဉ် ပြတ်မည်မှန်လျှင် ကဿပတက္ကတွန်းသည် မိမိရဟန်းပြုသောအရာ အကျိုးမဲ့ဖြစ်ရာ၏။ အလျှံတပြောင်ပြောင် တောက်လောင်သောမီးအလျှံသို့ ဆင်းဝင်သော ပိုးဖလံကဲ့သို့ မိုက်လှစွာသော ကဿပတက္ကတွန်းသည် အချည်းနှီးသောအဖြစ်သို့ ရောက်ရာ၏။ အရှင်မင်းကြီး။ သံသရာဖြင့် စင်ကုန်၏ဟု ရှေး၌ယူမိကုန်သော သူမိုက်တို့သည် မသိသောသူအပေါင်းတို့ကို ဖျက်ဆီးကုန်၏။ ထိုသူတို့သည် မိစ္ဆာအယူမှ လွတ်နိုင်ခဲ၏။ သံမြားချိတ်မှ မလွတ်နိုင်သော ငါးကဲ့သို့တည်း။”

ထို့ထက်အလွန် ဥပမာဆောင်၍ ဆိုပြန်လိုရကား-

“ဥပမန္တေ ကရိဿာမိ၊ မဟာရာဇ တဝတ္ထယာ။

ဥပမာယ မိဓေကစ္စေ၊ အတ္ထံ ဇာနန္တိ ပဏ္ဍိတာ။”

“ဝါဏိဇာနံ ယထာ နာဝါ၊ အပ္ပမာဏဘာရာ ဂရုံ။

အတိဘာရံ သမာဒါယ၊ အဏ္ဏဝေ အဝသီဒတိ။”

“ဧဝမေဝ နရော ပါပံ၊ ထောကံ ထောကမ္ပိ အာစိနံ။

အတိဘာရံ သမာဒါယ၊ နိရယေ အဝသီဒတိ။”

“န တာဝ ဘာရော ပရိပူရော၊ အလာတဿ မဟီပတိ။

အာစိနာတိ စ တံ ပါပံ၊ ယေန ဂစ္ဆတိ ဒုဂ္ဂတိံ။”

“ပုဗ္ဗေဝဿ ကတံ ပုညံ၊ အလာတဿ မဟီပတိ။

တဿေဝ ဒေဝ နိဿန္ဒော၊ ယဉ္စ သော လဘတေ သုခံ။”

“ခီယတေ စဿ တံ ပုညံ၊ တထာ ဟိ အဂုဏေ ရတော။

ဥဇုမဂ္ဂံ အဝဟာယ၊ ကုမဂ္ဂံ အနုဓာဝတိ။”

“တုလာ ယထာ ပဂ္ဂဟိတာ၊ ဩဟိတေ တုလမဏ္ဍလေ။

ဥန္နမေတိ တုလာသီသံ၊ ဘာရေ သြရောပိတေ သတိ။”

“ဧဝမေဝ နရော ပုညံ၊ ထောကံ ထောကမ္ပိ အာစိနံ။

သဒ္ဓါဓိမာနော ဒါသောဝ၊ ဗီဇကော သာတဝေ ရတော။”

“ယမဇ္ဇ ဗီဇကော ဒါသော၊ ဒုက္ခံ ပဿတိ အတ္တနိ။

ပုဗ္ဗေဝဿ ကတံ ပါပံ၊ တမေသော ပတိသေဝတိ။”

“ခီယတေ စဿ တံ ပါပံ၊ တထာဟိ ဝိနယေ ရတော။

ကဿပဉ္စ သမာပဇ္ဇ၊ မာ ဟေ ဝုပ္ပထ မာဂမာ။”

ဟူသော ၁၀-ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ သင့်အား ဥပမာ ဆောင်ဦးအံ့။ သင်၏အကျိုးစီးပွားကို ပြုတတ်သော ဥပမာ၏အနက်ကို ဤလူ့ရွာ၌ အချို့သောပညာရှိတို့သည် သိကုန်၏။ ဥပမာကား အရှင်မင်းကြီး။ ကုန်သည်တို့၏လှေသည် အနည်းငယ် အနည်းငယ်သောဝန်ကို ဆည်းပူး၍တင်သဖြင့် ကြာမြင့်လတ်သော် လေးသောအဖြစ်သို့ ရောက်၏။ ထိုဝန်လေးစွာသောလှေသည် ဝန်ကို ကောင်းစွာယူ၍ မဟာသမုဒ္ဒရာ၌ နစ်လေ၏။ ထို့အတူလျှင် အကြင်သူမိုက်တို့သည် မကောင်းမှုကို အတန်ငယ် အတန်ငယ် ဆည်းပူး၍ မကောင်းမှုများလတ်သော် ထိုမကောင်းမှုတည်းဟူသောဝန်ကို ဆောင်၍ ငရဲ၌ နစ်ရလေ၏။ မြေကြီးသေဌ်နင်းဖြစ်တော်မူသော ခမည်းတော်မင်းကြီး။ အပါယ်ဒုဂ္ဂတိသို့ လားရခြင်းအကြောင်းဖြစ်သော မကောင်းမှုကိုဆည်းပူးသော အလာတအမတ်အား အကြင်မျှလောက် မကောင်းမှုတည်းဟူသောဝန်သည် မပြည့်မလေးသေး။ ထိုမျှလောက်ကာလပတ်လုံး ထိုအလာတအမတ်အား ရှေး၌ပြုအပ်သော ကောင်းမှုကြောင့် ဤကိုယ်အဖြစ်ကို ရ၏။ ထိုကောင်းမှု ကုန်လတ်သော် ကျေးဇူးမရှိသော မကောင်းမှု၌မွေ့လျော်သော အလာတအမတ်သည် ဖြောင့်သောခရီးဖြစ်သော သုဂတိလမ်းကိုပယ်စွန့်၍ ခရီးကောက်ဖြစ်သော အပါယ်ခရီးသို့ အစဉ်အတိုင်း ပြေးရလိမ့်သတည်း။

“ဥပမာကား- မြေကြီးသေဌ်နင်းဖြစ်တော်မူသော ခမည်းတော်မင်းကြီး။ လူတို့သည် ချိန်အပ်သောချိန်ခွင်၌ ဝန်ကိုချသည်ရှိသော် ချိန်ပေါင်သည် အထက်သို့တက်၍ စောင်းထောင်နေသကဲ့သို့ ဤအတူ လူသူတော်ကောင်းဖြစ်သော ဗီဇကသည် အတန်ငယ်အတန်ငယ် ကောင်းမှုကိုဆည်းပူး၍ နတ်ပြည်ခရီးဖြစ်သော ကောင်းမှုသာလျှင် မွေ့လျော်၏။ ယခုကား ထိုဗီဇကသည် ရှေးမကောင်းမှုကြောင့် ကျွန်အဖြစ်ကို ရ၏။ ထိုမကောင်းမှု၏ အကျိုးကုန်သည်ရှိသော် ကောင်းမှု၌မွေ့လျော်သော ဗီဇကသည် တက္ကတွန်းကဿပကို မကပ်မူ၍ ကောင်းသောအယူကို ယူသည်ရှိသော် သုဂတိသို့ လားရလိမ့်သတည်း”ဟု ဆို၏။

တစ်ဖန် သူမိုက်ကိုမှီဝဲဆည်းကပ်ခြင်း၌ အပြစ်ကိုလည်းကောင်း, သူတော်ကောင်းတို့ကို မှီဝဲခြင်း၌ အကျိုးကိုလည်း ပြလိုသည်ဖြစ်၍-

“ယံ ယံ ဟိ ရာဇ ဘဇတိ” အစရှိသော ၆-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ခမည်းတော်မင်းကြီး။ အကြင်သူသည် သူတော်ကောင်းလည်း ဖြစ်စေ, သူတော်မဟုတ် သူယုတ်မာလည်းဖြစ်စေ, သီလရှိသည်မူလည်း ဖြစ်စေ, သီလမရှိသည်မူလည်းဖြစ်စေ ထိုသူတို့ကို ဆည်းကပ်သောသူသည် ထိုသူတို့၏ အလိုသို့သာ လိုက်ရလေကုန်၏။ အရှင်မင်းကြီး။ အကြင်သူသည် အဆွေခင်ပွန်းကို အလေးအမြတ်ပြု၍ ဆည်းကပ်၏။ ထိုသူသည် ထိုမိမိမှီဝဲသော အဆွေခင်ပွန်းနှင့် သွားခြင်း, စားခြင်း အစရှိသောအမူအရာ တူသည်သာလျှင် ဖြစ်၏။ အရှင်မင်းကြီး။ မကောင်းသောအယူ၊ မကောင်းသောအကျင့်ရှိသော သူယုတ်နှင့် အကြင်သူသည် ပေါင်းဖော်အံ့။ ထိုသူယုတ်၏အကျင့်သည် ထိုသူ၌ လိမ်းကျံကပ်ငြိလေ၏။ ဥပမာကား- အန္တရာယ်ကိုပြုတတ်သော ဆိပ်လူးမြား၏ တည်ရာဖြစ်သော မြားတောင့်ကဲ့သို့တည်း။ ထို့ကြောင့် ပညာရှိသောသူသည် မကောင်းမှုလိမ်းကျံအံ့သည်မှ ကြောက်သောကြောင့် ယုတ်မာသောအဆွေခင်ပွန်းကို ဝေးစွာကြဉ်ရာ၏။

“အရှင်မင်းကြီး၊ နာတော်မူဦးလော့။ အကြင်သူသည် ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်၏။ ထိုသမန်းမြက်သည်လည်း အပုပ်အတိသာ လှိုင်၏။ ထို့အတူ သူမိုက်နှင့်ပေါင်းဖော်သောသူသည် မိုက်သည်သာဖြစ်၏။ အရှင်မင်းကြီး။ အကြင်သူသည် တောင်ဇလပ်စသော ပန်းတို့ကို ပေါက်ရွက်ဖြင့် ထုပ်၏။ ထိုပေါက်ရွက်သည် မွှေးသောအနံ့ဖြင့်သာ လှိုင်၏။ ထို့အတူ ပညာရှိနှင့် ပေါင်းဖော်ရသောသူသည် ပညာရှိသည်သာတည်း။ ထို့ကြောင့် ပေါက်ရွက်ဖြင့်ထုပ်သော ပန်းနံ့ကဲ့သို့ မိမိ၏အကျိုးစီးပွားကိုသိသောပညာရှိသည် သူတော်ကောင်းမဟုတ်သောသူကို မမှီဝဲရာ။ သူတော်ကောင်းကိုသာ မှီဝဲရာ၏။ သူတော်ကောင်းမဟုတ်သောသူသည် ငရဲသို့သာလျှင် ဆောင်တတ်၏။ သူတော်ကောင်းသည် နတ်ပြည်သို့ ရောက်စေတတ်၏။”