နာရဒဇာတ်တော်ကြီး/အခန်း-၁၁
ထိုအခါ ဘုရားလောင်း နာရဒဗြဟ္မာမင်းသည် “ဤမင်းကား အလွန်လျှင် မိစ္ဆာအယူကို မြဲစွာယူ၏။ ထိုမင်းအား ငရဲဘေးဖြင့် ခြိမ်းခြောက်၍ မိစ္ဆာအယူကို လွတ်စေပြီးသော်၊ တစ်ဖန် နတ်ပြည်ခရီးဖြင့် ထိုမင်းကြီးကို နှစ်သိမ့်စေအံ့”ဟု ကြံ၍၊ “မင်းကြီး။ သင်သည် အကယ်၍ မိစ္ဆာအယူကို မစွန့်အံ့။ မရေတွက်နိုင် ဆင်းရဲလှစွာသော ငရဲသို့ ရောက်လိမ့်သတည်း”ဟုဆိုပြီးလျှင် ငရဲအကြောင်းကို ပြလိုသည်ဖြစ်၍-
“ဣတော စုတော ဒက္ခသိ တတ္ထ ရာဇ၊ ကာလောလ သင်္ဃေဟိ ဝိကဿမာနံ။
တံ ခဇ္ဇမာနံ နိရယေ ဝသန္တံ၊ ကာကေဟိ ဂိဇ္ဈေ စ သောဏကေဟိ။
သံဆိန္နာဂတ္တံ ရုဟိရဿဝန္တံ၊ ကော စောဒယေ ပရလောကေ သဟဿံ။”
ဟူသော ဂါထာဖြင့်ကြားပေ၏။
အဓိပ္ပာယ်ကား-
“မင်းကြီး၊ ဤကိုယ်၏အဖြစ်ကို သင်သည် စုတေမနေ သေလွန်လတ်သော် ကြီးစွာသောငရဲ၌ ကျီးအပေါင်းတို့ဖြင့် ထိုးဖောက်ကုန်လျက်ခံရကုန်သော ငရဲသူတို့ကို မင်းကြီး မြင်ရလတ္တံ့။ ထိုငရဲ၌ ကျီး, လင်းတ, သိန်း, စွန်, ခွေးတို့သည် အထွင်းအထွင်း အစုတ်အစုတ် ထိုးခုတ်ကိုက်ခဲ၍ သွေးဖြာဖြာယိုစီးလျက် ခံရသော သင်မင်းကြီးကို တမလွန်၌ “ဥစ္စာ ၁၀၀၀-ကို လိုသည်”ဟူ၍ အဘယ်သူ သင့်ထံလာ၍ တောင်းပချေအံ့နည်း။ ထိုငရဲကြီး၌ သင် မဖြစ်ရမူ လောကန္တရိက်ငရဲ၌ ဖြစ်ရလတ္တံ့”ဟု ဆို၍၊
ထိုလောကန္တရိက်ငရဲကို ပြအံ့သောငှာ-
“အန္ဓတမံ တတ္ထ န စန္ဒသူရိယာ၊ နိရယော သဒါ တု မူဠှော ဃောရရူပေါ။
သာ နေဝ ရတ္တိ န ဒိဝါ ပညာယတိ၊ တထာဝိဓေ ကော ဝိစရေ ဓနတ္ထိကော။”
ဟူသောဂါထာကိုဆို၏။
အဓိပ္ပာယ်ကား-
“မင်းကြီး။ ထိုလောကန္တရိက်ငရဲ၌ လ, နေတို့သည် မရှိကုန်သည်ဖြစ်၍ အလွန်မိုက်၏။ အုတ်အုတ်ကျက်ကျက် ကြောက်မက်ဖွယ်လည်း ရှိ၏။ ညဉ့်နေ့ဟူ၍လည်း မရှိ။ ထိုငရဲ၌ ခံရလေသောသင့်ကို “ဥစ္စာ-၁၀၀၀ လိုသည်” ဟူ၍ အဘယ်သူ သင့်ထံလာ၍ တောင်းပချေအံ့နည်း”
ဤသို့သော လောကန္တရိက်ငရဲကို အကျဉ်းအားဖြင့်ပြပြီး၍ “မင်းကြီး။ မိစ္ဆာအယူကို မစွန့်သောသူသည် ထိုလောကန္တရိက်ငရဲ၌ မဖြစ်မူ တစ်ပါးသောငရဲ၌ ခံရလိမ့်သတည်း”ဟု ဆိုပြန်လို၍-
“သဗလော စ သာမော စ ဒုဝေသုဝါနာ၊ ပဝဍ္ဎကာယာ ဗလိနော မဟန္တာ။
ခါဒန္တိ ဒန္တေဟိ အယောမယေဟိ၊ ဣတော ပနုဏ္ဏံ ပရလောကေ ပတန္တံ။”
“တံ ခဇ္ဇမာနံ နိရယေ ဝသန္တံ၊ လုဒ္ဒဟိ ဝါဠေဟိ အဃမှိကေဟိ စ။
သံဆိန္နာဂတ္တံ ရုဟိရဿဝန္တံ၊ ကော စောဒယေ ပရလောကေ သဟဿံ။”
ဟူသော ၂-ဂါထာတို့ကိုဆို၏။
အဓိပ္ပာယ်ကား-
“မင်းကြီး။ ပြောက်ကျားသောအဆင်းရှိသော ခွေး, ရွှေသောအဆင်းရှိသော ခွေး၊ ဤငရဲ၌ ခွေး၂-ကောင်တို့သည် ကြီးသောကိုယ်လည်း ရှိကုန်၏။ အားနှင့်လည်း ပြည်စုံကုန်၏။ ဤလူ့ပြည်မှ သေခဲ့သော် မင်းကြီးသည် ဤငရဲ၌ကျလေ၍ သင့်ကို ထိုခွေးတို့သည် သံဖြင့်ပြီးသောသွားတို့ဖြင့် ကိုက်ဖဲ့၍ စားလေကုန်အံ့သတည်း။ အလွန် သည်းမခံနိုင်သော ကြမ်းကြုတ်လှစွာသော ခွေးကျားကြီးငရဲ၌ အစုတ်အစုတ် အထွင်းအထွင်းသောကိုယ်ဖြင့် သွေးယိုစီးလျက်ခံရသော သင်မင်းကြီးကို ဥစ္စာ-၁၀၀၀ လိုသည်ဟူ၍ အဘယ်သူ တောင်းလာပချေအံ့နည်း။”
“မင်းကြီး။ မိစ္ဆာအယူကို မစွန့်သောသင်သည် ထိုငရဲ၌ မခံရမူ ထိုမှတစ်ပါးသောငရဲ၌ ခံရလတ္တံ့”ဟု ပြလိုသည်ဖြစ်၍- “ဥသူဟိ သတ္တီဟိ စ သုနိသိတာဟိ” အစရှိသော ၁၆-ဂါထာတို့ကို ဆို၏။
အဓိပ္ပာယ်ကား-
“မင်းကြီး။ ရှေး၌ မကောင်းမှုကိုပြုကုန်သော ငရဲသားအပေါင်းတို့ကို ငရဲထိန်းတို့သည် ထက်လှစွာသော မြားတို့ဖြင့်လည်းကောင်း, လှံတို့ဖြင့်လည်းကောင်း ကြောက်မက်ဖွယ် ထိုးသတ်ကုန်၏။ ထိုငရဲ၌ ငရဲထိန်းတို့သည် ပြင်းစွာညှဉ်းဆဲလျက် ဝမ်းကိုလည်းကောင်း, နံထောင်း၂-ဘက်ကိုလည်းကောင်း ခွဲ၍ အစုတ်အစုတ် အထွင်းအတွင်းသောကိုယ်ဖြင့် ယိုသောသွေးရှိသော သင်မင်းကြီးကို ဥစ္စာ-၁၀၀၀ လိုသည်ဟူ၍ အဘယ်သူ တောင်းလာပချေအံ့နည်း။”
“မင်းကြီး။ ထိုငရဲ၌ မခံရမူ လှံ, မြား, ချွန်းတောင်း, ခက်ရင်း အစရှိသော လက်နက်မိုးတို့သည်လည်း ရွာကုန်၏။ မီးကျီးကဲ့သို့ ပြိုးပြိုးပြက်သော လက်နက်မိုးတို့သည်လည်း ဦးခေါင်းထက်၌ ကျကုန်၏။ ရဲရဲတောက်သော ကျောက်ဖျာမိုးကြိုးတို့သည်လည်း ကျကုန်၏။ သည်းမခံနိုင် ပူလှစွာသော လေတို့သည်လည်း လာကုန်၏။ တစ်ခဏမျှ ချမ်းသာကို မရ။ ထိုငရဲ၌ ကြမ်းကြုတ်သော မကောင်းမှုကို ပြုကုန်သောသူတို့သည် ခံရကုန်၏။ ထိုသံမြေငရဲ၌ ညစ်ညမ်းကျင်နာစွာခံရသော သင်မင်းကြီးကို တမလွန်၌ ဥစ္စာ ၁၀၀၀-ကို လိုသည်ဟူ၍ အဘယ်သူ တောင်းပချေအံ့နည်း။”
“မင်းကြီး။ ရထားတို့၌ က,သော အလျှံတပြောင်ပြောင်တောက်သော သံမြေငရဲကို ထွန်တုံးလောက်ရှိသော သံလှံတံတို့ဖြင့် ပြင်းစွာပုတ်ခတ်လျက် ပြေးရှာရသော သင်မင်းကြီးကို တမလွန်၌ ဥစ္စာ ၁၀၀၀-ကို လိုသည်ဟူ၍ သင့်ကို အဘယ်သူ တောင်းလာပချေအံ့နည်း။”
“မင်းကြီး၊ သင်တုန်းသွားအတိ ခတ်အပ်သော ကြောက်မက်ဖွယ် အလျှံတပြောင်ပြောင် တောက်လောင်သောတောင်သို့ တက်လျက် အစုတ်စုတ် အထွင်းအထွင်းသောကိုယ်ဖြင့် သွေးယိုစီးသော သင်မင်းကြီးကို ဥစ္စာ ၁၀၀၀ လိုသည်ဟူ၍ အဘယ်သူ တောင်းလာပချေအံ့နည်း။”
“မင်းကြီး၊ တောင်ထွတ်နှင့်တူစွာ ကြောက်မက်ဖွယ် ရဲရဲတောက်သော မီးကျီးစုသို့ တက်ရသည်ဖြစ်၍ လောင်သောကိုယ်ရှိသော တစ်ယောက်တည်း ငိုမြည်တမ်းလျက်ခံရသော သင်မင်းကြီးကို “ဥစ္စာ ၁၀၀၀ လို၏”ဟူ၍ အဘယ်သူ တောင်းလာပချေအံ့နည်း။”
“မင်းကြီး ဆူးအတိစီအပ်သော တိမ်တိုက်တရှိမြင့်စွာသော ငရဲလက်ပံပင်တို့၌ ထက်လှစွာသော သံဆူးတို့သည် ငရဲသူတို့၏အသွေးကို သောက်ကုန်၏။ မင်းကြီး။ သူ့မယားကိုခိုးကုန်သော ယောက်ျားတို့သည်လည်းကောင်း, မိမိလင်မှတစ်ပါးသော ယောက်ျားကို ခိုးကုန်သောမိန်းမတို့သည်လည်းကောင်း ထိုငရဲလက်ပံပင်သို့ တက်ရကုန်၏။ လှံ လက်စွဲကုန်လျက် ငရဲထိန်းတို့သည် ပြင်းစွာထိုးသတ်ကုန်၏။ သွေးအလိမ်းအလိမ်းကပ်လျက် ထိုငရဲလက်ပံပင်ကိုတက်သဖြင့် လောင်သောကိုယ်ရှိသော, အရေမရှိသည်ဖြစ်၍ အလွန်နာကျင်သော, ထွက်သက်ဝင်သက်ကို အဖန်တလဲလဲ ပင်ပန်းစွာရှိုက်ရှူရသော, ဆင်းရဲကြီးစွာခံရလျက် ငရဲလက်ပံပင်၌ ရှေးမကောင်းမှုကြောင့်နေရသော သင်မင်းကြီးကို “ဥစ္စာ ၁၀၀၀ လိုသည်”ဟူ၍ အဘယ်သူ တောင်းလာပချေအံ့နည်း။”
“မင်းကြီး သန်လျက်ဓားအရွက်အတိ စီထသော, ထက်လှစွာသော သံဆူးအတိ စီထသော ငရဲသစ်ပင်တို့သည် တိမ်တိုက်နှင့်အတူ မြင့်ကုန်၏။ ထိုသစ်ပင်ထက်သို့ အစုတ်အစုတ် အထွင်းအထွင်းသောကိုယ်ဖြင့် သွေးယိုစီးလျက်တက်ရသော သင်မင်းကြီးကို “ဥစ္စာ ၁၀၀၀ လိုသည်”ဟူ၍ အဘယ်သူတောင်းလာပချေအံ့နည်း။”
“မင်းကြီး။ ထိုသန်လျက်ဓားအတိစီသော ငရဲလက်ပံပင်မှ ဝေတရဏီအမည်ရှိသော ကြိမ်ပိုက်ချောင်း၌ကျသော သင်မင်းကြီးကို အဘယ်သူဥစ္စာ ၁၀၀၀ လိုသည်ဟူ၍ တောင်းလာပချေအံ့နည်း။ မင်းကြီးမူ သံလျက်သွားကဲ့သို့ ကြမ်းကြုတ်စွာ ပူလည်းပူစွာသော ရေလည်းရှိသော ကူးနိုင်ခဲသော ဝေတရဏီအမည်ရှိသော ကြိမ်ပိုက်ချောင်းသည်ကား သံမြားအတိ စီသော ကြာရွက်ဖြင့် ဖုံးလွှမ်း၏။ ထက်စွာသောအရွက်တို့ဖြင့် စီအပ်၏။ မင်းကြီး။ ထိုကြိမ်ပိုက်ချောင်း၌ သွေးအလိမ်းလိမ်းကပ်လျက်ခံရသော သင်မင်းကြီးကို “ဥစ္စာ ၁၀၀၀ လိုသည်”ဟူ၍ အဘယ်သူ လာ၍တောင်းလာပချေအံ့နည်း”ဟု ဆို၏။
ဘုရားလောင်း နာရဒဗြဟ္မာမင်းသည် ပြအပ်သော ဤသို့သော ငရဲစကားကိုကြားလျှင် အင်္ဂတိမင်းကြီးသည် ထိတ်လန့်သောနှလုံး ရှိသည်ဖြစ်၍ ဘုရားလောင်းကိုသာလျှင် ကိုးကွယ်ရာပြုလျက်-
“ဝေဓာဓိ ရုက္ခာဝိယ ဆိဇ္ဇမာနော၊ ဒိသံ န ဇာနာမိ ပမုဠှသညော။
ဘယာနုတပ္ပါမိ မဟာ စ မေ ဘယာ၊ သုတွာန ကထာ တဝ ဘာသိတာ ဣသေ။”
“အာဒိတ္တေ ဝါရိမဇ္ဈံဝ၊ ဒီပံ ဝေါဃေ မဟဏ္ဏဝေ။
အန္ဓကာရေဝ ပဇ္ဇောတော၊ တွံ နောသိ သရဏံ ဣသေ။”
“အတ္ထဉ္စ ဓမ္မဉ္စ အနုသာသ မံ ဣသေ။ အတီတမဒ္ဓ အပရာဇိတံ မယာ။
အာစိက္ခ မေ နာရဒ သုဒ္ဓိမဂ္ဂံ၊ ယထာအဟံ နော နိရယံ ပတေယျံ။”
ဟူသော ၃-ဂါထာတို့ကို ဆို၏။
အဓိပ္ပာယ်ကား-
“ရှင်ရသေ့။ အရှင်ဘုရား၏စကားကို ကြားလတ်၍ အမြစ်အရင်းပြတ်သော သစ်ပင်ကြီးကဲ့သို့ အကျွန်ုပ် တုန်လှုပ်၏။ တောင်မြောက်ဟူ၍ အရပ်များကိုမျှ မသိနိုင်၊ တွေဝေမိန်းမော၏။ နောင်တ အလိုလိုရှိလျက် အကျွန်ုပ်အား ကြီးစွာသောကြောက်လန့်ခြင်းသည် ဖြစ်၏။”
“ရှင်ရသေ့။ ကြည်း၌တင်၍ ပူပန်လှသောငါးကို ရေ၌ချဘိသကဲ့သို့, သမုဒ္ဒရာဝဲသြဃ၌ မျောပါသောသူအား ကိုးကွယ်ရာ ကျွန်းပေါ်သကဲ့သို့, အမိုက်တိုက်၌ ဆီမီးထွန်းသကဲ့သို့ အလွန်ပူဆာလှသော အကျွန်ုပ်၏ ကိုးကွယ်ရာ ဖြစ်တော်မူပါလော့။”
“ရှင်ရသေ့။ အကျွန်ုပ်ကို အကျိုးအားဖြင့်လည်းကောင်း, အကြောင်းအားဖြင့်လည်းကောင်း ဆုံးမတော်မူပါလော့။ အကျွန်ုပ်သည် အကုသိုလ်ကို ပြုမိ၏။”
“ရှင်ရသေ့။ အကျွန်ုပ်သည် အကြင်မျှလောက် ငရဲသို့မကျသေး။ ထိုငရဲသို့မကျမီ သုဂတိဘဝသို့ လားခြင်းအကြောင်းဖြစ်သော မြတ်သောခရီးကို ကြားတော်မူပါလော့”