နာရဒဇာတ်တော်ကြီး/အခန်း-၁၄
မြတ်စွာဘုရားသည် ရှေးစကားကို စပ်တော်မူလို၍ “ချစ်သားရဟန်းတို့။ ယခုသာလျှင် ဥရုဝေဠကဿပ၏ မိစ္ဆာကွန်ရက်ကိုဖျက်၍ ငါ၏အဆုံးအမ၌ တည်စေသည်မဟုတ်။ ရှေး၌လည်း မိစ္ဆာကွန်ရက်ကိုဖျက်၍ ငါ၏ အဆုံးအမတော်၌ တည်စေသေးသည်”ဟု မိန့်တော်မူ၍-
“အလာတော ဒေဝဒတ္တောသိ၊ သုနာမော အာသိ ဘဒ္ဒဇိ။
ဝိဇယော သာရိပုတ္တောသိ၊ မောဂ္ဂလာနောသိ ဗီစကော။”
“သုနက္ခတ္တော လိစ္ဆဝိပုတ္တော၊ ဂုဏော အာသိ အစေလကော။
အာနန္ဒော သာ ရုဇာ အာသိ၊ ယော ရာဇာနံဝ သာဒယိ။”
“ဥရုဝေဠကဿပေါ ရာဇာ၊ ပါပဒိဋ္ဌိ တဒါ အဟု။
မဟာဗြဟ္မာ ဗောဓိသတ္တော၊ ဧဝံ ဓာရေထ ဇာတကံ။”
ဟူသော ၃-ဂါထာဖြင့် ဇာတ်တော်ကို ပေါင်းတော်မူ၏။
အဓိပ္ပာယ်ကား-
“ချစ်သားရဟန်းတို့။ ငါ နာရဒဗြဟ္မာ ဖြစ်သောအခါ “အလာတ”အမတ်ကြီးသည် ယခုအခါ “ဒေဝဒတ်” ဖြစ်လာ၏။ “သုနာမ” မည်သော အမတ်ကြီးသည် “ဘဒ္ဒဇိ ဖြစ်လာ၏။ “ဝိဇယ” အမည်ရှိသော အမတ်ကြီးသည်ကား ယခုအခါ တရားစစ်သူကြီးအရာ လိမ္မာကျွမ်းကျင်သော လက်ယာရံ “သာရိပုတ္တရာ” ဖြစ်လာ၏။ “ဗီဇက”အမည်ရှိသော သူဆင်းရဲသည် လက်ဝဲရံ “မဟာမောဂ္ဂလာန်” ဖြစ်လာ၏။ အဝတ်မဝတ်သော “ကဿပတက္ကတွန်း”ကား ယခုအခါ လိစ္ဆဝီမင်းသား “သုနက္ခတ်” ဖြစ်လာ၏။ “ရုဇာ”မင်းသမီးကား ယခုအခါ ဘထွေးတော်သား “အာနန္ဒာထေရ်” ဖြစ်လာ၏။ ထိုအခါ မိစ္ဆဒိဋ္ဌိအယူကိုယူသော “အင်္ဂတိ”မင်းကြီးသည်ကား ယခုအခါ “ဥရုဝေဠကဿပ” ဖြစ်လာ၏။ “နာရဒ”မည်သော ဗြဟ္မာမင်းသည်ကား လူ၃-ပါးတို့၏ ရိုသေမြတ်နိုး ကိုးကွယ်ရာဖြစ်သော အလုံးစုံသောတရားတို့ကို အလိုလိုသိမြင်တော်မူသည်နှင့်အညီ ယခုအခါ “ငါဘုရား”လျှင်တည်း”ဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။
(ဤနာရဒဇာတ်တော်သည် ဤကမ္ဘာတွင်း၌ ကဿပမြတ်စွာဘုရားနှင့် ငါတို့မြတ်စွာဘုရား၏ အကြားတွင်ဖြစ်တော်မူသော ဇာတ်တော်တည်း။ အဘယ့်ကြောင့် သိရသနည်းဟူမူ ဤဇာတ်တော်တွင် ရုဇာမင်းသမီးသည် ကမ္ဘာ၁-သိန်းဖြည့်ပြီးသော ပါရမီရှိ၏ဟု ဆိုသောကြောင့် လည်းကောင်း၊ ဗီဇကသူဆင်းရဲသည် ကဿပမြတ်စွာဘုရား၏ တပည့်ရဟန်းတစ်ပါးအား ပြစ်မှားမိဖူးသော မကောင်းမှုအကျိုးဆက်ကြောင့် သူ့ကျွန်ဖြစ်ရသည် ဆိုသောကြောင့်လည်းကောင်း ဤသို့ ရုဇာမင်းသမီး၏အတ္ထုပ္ပတ္တိ, ဗီဇကဝတ္ထုတို့ကိုထောက်၍ သိအပ်၏။)