နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဉာဏဒဿနဝိသုဒ္ဓိစခန်းသို့
ဉာဏဒဿနဝိသုဒ္ဓိစခန်းသို့
သင်္ခါရုပေက္ခာဉာဏ်မှ အရိယမဂ်ဉာဏ်သို့
ထိုသင်္ခါရုပေက္ခာဉာဏ်သည် ရင့်ကျက်၍ နိဗ္ဗာန်တရားတော်မြတ်ကြီးကို ငြိမ်သက်သောအားဖြင့် = ရုပ်နာမ်ဓမ္မ သင်္ခါရတို့မှ ကင်းငြိမ်းနေသဖြင့် မဖြစ်မပျက်သည့် ဓာတ်သဘောအားဖြင့် အကယ်၍ သိမြင်ငြားအံ့၊ အလုံးစုံသော သင်္ခါရတို့၏ ဖြစ်ခြင်းသဘောကို စွန့်လွှတ်၍ သင်္ခါရတို့၏ ပျက်မှုကို မမြင်တော့ဘဲ သင်္ခါရတို့ မရှိရာ, သင်္ခါရတို့မှ ငြိမ်းအေးရာ = မဖြစ်မပျက်ရာ အငြိမ်းဓာတ်နိဗ္ဗာန်သို့သာ စိတ်သည် ပြေးဝင်သွား၏၊[မှတ်စု ၁]
ထိုသင်္ခါရုပေက္ခာဉာဏ်သည် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ငြိမ်သက်အေးမြသော သန္တသဘော = သန္တိသုခသဘောအားဖြင့် အကယ်၍ မမြင်သေးငြားအံ့၊ ထိုသင်္ခါရုပေက္ခာဉာဏ်သည် ရင့်ကျက်ခြင်းသို့ မရောက်ရှိ သေးရကား အဖန်တလဲလဲ သင်္ခါရတရားလျှင် အာရုံရှိသည်ဖြစ်၍သာလျှင် = သင်္ခါရတို့၏ အပျက်ကို အာရုံပြု၍သာလျှင် ဖြစ်ပေါ်နေမည် ဖြစ်သည်။[မှတ်စု ၂]
ထိုသို့ဖြစ်နေလျှင် သင်္ခါရုပေက္ခာဉာဏ်ကို ရင့်ကျက်လာအောင် ––
၁။ ရံခါ ရုပ်တရား,
၂။ ရံခါ နာမ်တရားတို့ကို
၃။ ရံခါ အဇ္ဈတ္တ၌
၄။ ရံခါ ဗဟိဒ္ဓ၌
၅။ ရံခါ အနိစ္စလက္ခဏာ တင်၍
၆။ ရံခါ ဒုက္ခလက္ခဏာ တင်၍
၇။ ရံခါ အနတ္တလက္ခဏာ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။
၈။ ရံခါ အကြောင်းတရား
၉။ ရံခါ အကျိုးတရားတို့ကိုလည်း အလားတူပင် လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ တွင်တွင်ကြီး ဝိပဿနာ ရှုပါ။။ အတိတ် အနာဂတ်တို့၌လည်း ပုံစံတူပင်ရှုပါ။ ခန္ဓာငါးပါးနည်းဖြင့်လည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သမထယာနိကပုဂ္ဂိုလ်ဖြစ်ခဲ့ပါမူ .. မိမိ ကြိုက်နှစ်သက်ရာ စျာနသမာပတ္တိဝီထိ နာမ်တရားတို့ကို ဦးစားပေး၍ လက္ခဏာရေးသုံးတန်တွင်လည်း အနတ္တလက္ခဏာကို ဦးစားပေး၍ တစ်ဖန် ဝိပဿနာပြန်ရှုပါ။ အထူးသဖြင့် စတုတ္ထစျာန်နာမ်တရားတို့ကို အနတ္တလက္ခဏာတင်လျက် ဦးစားပေး၍ ဝိပဿနာ ရှုနေပါ။ ရံခါ ရှုသည့် ဝိပဿနာဉာဏ် = ဝိပဿနာဇောဝီထိ နာမ်တရားတို့ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။ သင်္ခါရုပေက္ခာဉာဏ်သည် ရင့်ကျက်လာသောအခါ –
၁။ ပဝတ္တဟူသော သင်္ခါရတို့၏ ပျက်မှုသဘောမှ
၂။ အပဝတ္တဟူသော သင်္ခါရတို့၏ မဖြစ် မပျက်မှုသဘောသို့ ..
ဉာဏ်သည် သက်ဝင်ဆိုက်ရောက်သွားမည် ဖြစ်ပေသတည်း။
အကယ်၍ မဆိုက်ရောက်နိုင်သေးသည်ဖြစ်အံ့၊ အနုပဒဓမ္မဝိပဿနာ ရှုပွားနည်းကို ကြိုးစားအားထုတ်ကြည့်ပါ။ ပုံစံဆိုရသော် ပထမစျာန်ကို ဝင်စားပါ။ ပထမစျာန်မှထ၍ ပထမစျာန်နာမ်တရား (၃၄)လုံးတို့ကို သိမ်းဆည်းပါ။ ထိုတွင် စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီကို လက္ခဏာယာဉ် တစ်ချက်စီ တင်၍ ဝိပဿနာရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ အလားတူပင် မိမိ ရရှိထားသမျှ နေဝသညာနာသညာယတနစျာန်မှ တစ်ပါးကုန်သော စျာန်တို့ကိုလည်း အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပါ။[မှတ်စု ၃] လက္ခဏာရေးသုံးတန် စုံအောင်ရှုပါ။ ကာမာဝစရ နာမ်တရားတို့ကိုလည်းကောင်း, ရုပ်တရားတို့ကိုလည်းကောင်း အနုပဒဓမ္မဝိပဿနာနည်းဖြင့် ရှုပါ။ ရုပ်တရားတို့ကို အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာရှုရာ၌ စက္ခုဒသကကလာပ် စသော ထိုထိုရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပထဝီစသော ပရမတ္ထဓာတ်သားတို့ကို တစ်လုံးစီ တစ်လုံးစီ လက္ခဏာယာဉ် တင်၍ ဝိပဿနာ ရှုပါ။ ဒွါရ (၆)ပါးနှင့် (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ကုန်စင်အောင် ဝိပဿနာရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။အလားတူပင် ကာမာဝစရနာမ်တရားတို့ကို အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုရာ၌လည်း နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် စက္ခုဒွါရဝီထိစသည့် ထိုထိုဝီထိတို့၏ စိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာကာ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပါ။
ဤအနုပဒဓမ္မဝိပဿနာနည်းဖြင့်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်ပေသည်။ အကယ်၍ မဆိုက်ရောက်နိုင်ခဲ့သည် ဖြစ်အံ့၊ ကလာပသမ္မသနဝိပဿနာရှုနည်းဖြင့်လည်း အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း သမ္မသနဉာဏ်မှစ၍ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။ ပါရမီအားလျော်စွာ အောင်မြင်မှုကို ရရှိနိုင်ပေသည်။