မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း (၄) နည်း

ဝီကီရင်းမြစ် မှ

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း (၄) နည်း

နွယ်ခွေကြကုန်သော ယောက်ျားလေးဦးတို့၏ နွယ်ကို ဆွဲယူခြင်းကဲ့သို့ အလားတူပင် ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ––

၁။ အစမှ အဆုံးသို့တိုင်အောင်လည်းကောင်း,
၂။ အလယ်မှ အဆုံးသို့တိုင်အောင်လည်းကောင်း,
၃။ အဆုံးမှ အစသို့တိုင်အောင်လည်းကောင်း,
၄။ အလယ်မှ အစသို့တိုင်အောင်လည်းကောင်း - ဤသို့လျှင် (၄)မျိုးသော အပြားအားဖြင့် ဟောကြားထားတော်မူ၏၊

၁။ အစမှ အဆုံးသို့ = အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် (၁)

တောအတွင်း၌ နွယ်ကို ခွေယူကြကုန်သော ယောက်ျားလေးဦးတို့တွင် တစ်ယောက်သော ယောက်ျားကား နွယ်အရင်းပိုင်းကိုသာ ရှေ့ဦးစွာ တွေ့မြင်၏၊ ထိုယောက်ျားသည် ထိုနွယ်ကို အရင်း၌ ဖြတ်၍ နွယ်အားလုံးကို အဖျား (= အဆုံး)သို့တိုင်အောင် ဆွဲငင်ယူဆောင်၍ နွယ်ဖြင့် ပြုလုပ်ရမည့် ချည်တုပ်ရမည့် ပြုဖွယ်လုပ်ငန်းကိစ္စ၌ ဆောင်ယူ အသုံးပြုသကဲ့သို့ အလားတူပင် ဘုရားရှင်သည် ..

“ရဟန်းတို့ ... ဤသို့လျှင် အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊ ပ။ ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏၊”[မှတ်စု ၁]––

ဤသို့လျှင် .. အစဖြစ်သော အဝိဇ္ဇာမှ အဆုံးဖြစ်သော ဇရာမရဏသို့ တိုင်အောင်လည်း ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောကြားတော်မူ၏၊[မှတ်စု ၂]

၂။ အလယ်မှ အဆုံးသို့ = အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် (၂)

တစ်ဖန် ထိုယောက်ျားလေးဦးတို့တွင် တစ်ယောက်သော ယောက်ျားသည် နွယ်၏ အလယ်ပိုင်းကို ရှေ့ဦးစွာ တွေ့မြင်၏၊ ထိုယောက်ျားသည် နွယ်၏ အလယ်ပိုင်း၌ ဖြတ်တောက်၍ နွယ်၏ အထက်ပိုင်းအဖို့ဟူသော အဖျားပိုင်းကို သာလျှင် ဆွဲငင်ယူဆောင်၍ နွယ်ဖြင့် ပြုလုပ်ရမည့် ချည်တုပ်ရမည့် ပြုဖွယ်လုပ်ငန်းကိစ္စ၌ ဆောင်ယူ အသုံးပြုသကဲ့သို့ အလားတူပင် ဘုရားရှင်သည် ..

“ထို ဝေဒနာကို အလွန်နှစ်သက်သော, ကောင်းပေစွ ကောင်းပေစွဟု လွန်စွာပြောဆိုသော မျိုမတတ်စွဲလမ်း၍ တည်နေသော ထိုပုဂ္ဂိုလ်၏ သန္တာန်၌ နှစ်သက်မှု နန္ဒီတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဝေဒနာတို့၌ ယင်းနှစ်သက် ခြင်း နန္ဒီကား ဥပါဒါန်တည်း။ ထိုယောက်ျား၏ သန္တာန်၌ ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဘဝဖြစ်ခြင်းကြောင့် ဇာတိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏသည် ထင်ရှားဖြစ်ပေါ် လာ၏၊”[မှတ်စု ၃]––

ဤသို့လျှင် အလယ်ဖြစ်သော ဝေဒနာမှ စ၍ အဆုံးဖြစ်သော ဇရာမရဏသို့ တိုင်အောင်လည်း ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောကြားတော်မူ၏၊[မှတ်စု ၄]

၃။ အဆုံးမှ အစသို့ = ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း (၁)

တစ်ဖန် ထိုယောက်ျားလေးဦးတို့တွင် တစ်ယောက်သော ယောက်ျားသည် နွယ်၏အဖျားပိုင်းကို ရှေ့ဦးစွာ တွေ့မြင်၏၊ ထိုယောက်ျားသည် နွယ်ဖျား၌ ဆွဲကိုင်ယူငင်၍ နွယ်ဖျားကို အစဉ်အလျှောက်သဖြင့် နွယ်ဖျားမှ နွယ်ရင်းသို့ တိုင်အောင် နွယ်အားလုံးကို ယူဆောင်၍ နွယ်ဖြင့် ပြုလုပ်ရမည့် ချည်တုပ်ရမည့် ပြုဖွယ်လုပ်ငန်းကိစ္စ၌ ဆောင်ယူ အသုံးပြုသကဲ့သို့ အလားတူပင် ဘုရားရှင်သည် ..

“ဇာတိအကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏ဟူသော ဤစကားကို ငါဘုရားသည် ဟောကြားတော်မူအပ်ပြီ။ ရဟန်းတို့ ... ဇာတိအကြောင်းခံကြောင့် ဇရာမရဏသည် ဖြစ်သလော သို့မဟုတ် မဖြစ်သလော။ အဘယ်သို့လျှင် ဤအရာ၌ သင်တို့၏ အယူအဆသည် ဖြစ်သနည်း၊ ဤသို့ မေးတော်မူ၏ ..။

မြတ်စွာဘုရား ... ဇာတိအကြောင်းခံကြောင့် ဇရာမရဏသည် ဖြစ်ပါ၏၊ ဤအတိုင်းသာ ဤအရာ၌ ဇာတိအကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏ဟူ၍ တပည့်တော်တို့၏ အယူအဆသည် ဖြစ်ပါ၏ဟု လျှောက်ထားကြကုန်၏၊

ဘဝအကြောင်းခံကြောင့် ဇာတိ ဖြစ်၏၊ ပ။ အဝိဇ္ဇာအကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကြကုန်၏ဟူ၍ ဤစကားကို ငါဘုရားသည် ဟောကြားတော်မူအပ်ပြီ။ ရဟန်းတို့ ... အဝိဇ္ဇာအကြောင်းခံကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်သလော သို့မဟုတ် မဖြစ်ကုန်သလော။ အဘယ်သို့လျှင် ဤအရာ၌ သင်တို့၏ အယူအဆသည် ဖြစ်သနည်း၊ ဤသို့လျှင် မေးတော်မူ၏၊

မြတ်စွာဘုရား ...အဝိဇ္ဇာအကြောင်းခံကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏၊ ဤအတိုင်းသာ ဤအရာ၌ အဝိဇ္ဇာအကြောင်းခံကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏ဟူ၍ တပည့်တော်တို့၏ အယူအဆသည် ဖြစ်ပါ၏ ––- ဟု လျှောက်ထားကြကုန်၏၊”[မှတ်စု ၅]––

ဤသို့လျှင် အဆုံးဖြစ်သော ဇရာမရဏမှ စ၍ အစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင်လည်း ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောကြားတော်မူ၏၊[မှတ်စု ၆]

တဏှာသည်။ ပ။ ဝေဒနာသည်။ ဖဿသည်။ သဠာယတနသည်။ နာမ်ရုပ်သည်။ ဝိညာဏ်သည်။ ပ။ သင်္ခါရတို့သည် အဘယ်တရားလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်သနည်း၊ (ဂတိ-ဥပဓိ-ကာလ-ပယောဂဟူသော)

၄။ အလယ်မှ အစသို့ = ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် (၂)

တစ်ဖန် ထိုနွယ်ခွေယောက်ျား လေးဦးတို့တွင် တစ်ယောက်သော ယောက်ျားသည် နွယ်၏ အလယ်ပိုင်းကို သာလျှင် ရှေ့ဦးစွာ တွေ့မြင်၏၊ ထိုယောက်ျားသည် နွယ်၏အလယ်ပိုင်း၌ ဖြတ်တောက်၍ အောက်ပိုင်းအဖို့သို့ သက်ဆင်းလျက် နွယ်၏ အရင်းပိုင်းသို့တိုင်အောင် ဆွဲငင်ယူဆောင်၍ နွယ်ဖြင့် ပြုလုပ်ရမည့် ချည်တုပ်ရမည့် ပြုဖွယ် လုပ်ငန်းကိစ္စ၌ ဆောင်ယူ အသုံးပြုသကဲ့သို့ အလားတူပင် ဘုရားရှင်သည် ..

“ရဟန်းတို့ ... ဤအာဟာရလေးပါးတို့သည် အဘယ်တရားလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်သနည်း၊ (ဂတိ-ဥပဓိ-ကာလ-ပယောဂဟူသော) ကြွင်းသော အကြောင်းနှင့် ပေါင်းမိလတ်သော် အဘယ်တရားလျှင် ဖြစ်ကြောင်း သမုဒယ ရှိကုန်သနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်း ဇာစ်မြစ် = ဖြစ်ကြောင်း ဇာတိ ရှိကုန်သနည်း၊ အဘယ် တရားလျှင် အကြောင်းရင်း အမွန်အစ ပဘဝ ရှိကုန်သနည်း။

ဤအာဟာရလေးပါးတို့သည် တဏှာလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်၏၊ (ဂတိ-ဥပဓိ-ကာလ-ပယောဂ ဟူသော) ကြွင်းသော အကြောင်းနှင့် ပေါင်းမိလတ်သော် တဏှာလျှင် ဖြစ်ကြောင်း သမုဒယ ရှိကုန်၏၊ တဏှာလျှင် ဖြစ်ကြောင်း ဇာစ်မြစ် = ဖြစ်ကြောင်း ဇာတိ ရှိကုန်၏၊ တဏှာလျှင် အကြောင်းရင်း အမွန်အစ ပဘဝ ရှိကုန်၏၊

ကြွင်းသော အကြောင်းနှင့် ပေါင်းမိလတ်သော် အဘယ်တရားလျှင် ဖြစ်ကြောင်း သမုဒယ ရှိကုန်သနည်း၊ အဘယ် တရားလျှင် ဖြစ်ကြောင်း ဇာစ်မြစ် = ဖြစ်ကြောင်း ဇာတိ ရှိကုန်သနည်း၊ အဘယ်တရားလျှင် အကြောင်းရင်း အမွန်အစ ပဘဝ ရှိကုန်သနည်း။

သင်္ခါရတို့သည် အဝိဇ္ဇာလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်၏၊ (ဂတိ-ဥပဓိ-ကာလ-ပယောဂဟူသော) ကြွင်းသော အကြောင်းနှင့် ပေါင်းမိလတ်သော် အဝိဇ္ဇာလျှင် ဖြစ်ကြောင်း သမုဒယ ရှိကုန်၏၊ အဝိဇ္ဇာလျှင် ဖြစ်ကြောင်း ဇာစ်မြစ် = ဖြစ်ကြောင်း ဇာတိ ရှိကုန်၏၊ အဝိဇ္ဇာလျှင် အကြောင်းရင်း အမွန်အစ ပဘဝ ရှိကုန်၏၊” [မှတ်စု ၇]––

ဤသို့လျှင် အလယ်ဖြစ်သော အာဟာရလေးပါးမှ သို့မဟုတ် ကမ္မဘဝမှ သို့မဟုတ် တဏှာမှ အစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဟောကြားတော်မူ၏၊[မှတ်စု ၈]

ဤအထက်ဖော်ပြပါ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း (၄)နည်းတို့တွင် အမှတ် (၁)ဖြစ်သော အစ အဝိဇ္ဇာမှသည် အဆုံး ဇရာမရဏသို့တိုင်အောင် ဟောကြားထားတော်မူအပ်သော အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်း ကို ဤကျမ်းစာတွင် ရေးသားတင်ပြ၍ ပြီးလေပြီ။ ယခုအခါတွင် အလယ်မှ အဆုံးသို့တိုင်အောင် ဟောကြားထားတော် မူအပ်သော အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်းကို ဆက်လက်၍ ရေးသားတင်ပြပေအံ့ ..။

၂။ အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်း (၂)

မဟာတဏှာသင်္ခယသုတ္တန်[မှတ်စု ၉]တွင် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူခဲ့၏ ..။ “ရဟန်းတို့ ...ထိုသူငယ်သည် ကြီးထွားခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းကို အစွဲပြု၍ နှစ်လိုဖွယ်ဖြစ်သော နှစ်သက်ဖွယ်ဖြစ်သော မြတ်နိုးဖွယ် ဖြစ်သော ချစ်အပ်သော သဘောရှိသော ကာမရာဂနှင့် စပ်သွယ်သော တပ်မက်ဖွယ် ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း, သောတဝိညာဏ်ဖြင့် သိရသော အသံ, ဃာနဝိညာဏ်ဖြင့် သိရသော အနံ့, ဇိဝှါဝိညာဏ်ဖြင့် သိရသော အရသာ, နှစ်လိုဖွယ်ဖြစ်သော နှစ်သက်ဖွယ်ဖြစ်သော မြတ်နိုးဖွယ်ဖြစ်သော ချစ်အပ်သော သဘောရှိသော ကာမရာဂနှင့် စပ်သွယ်သော တပ်မက်ဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိ - ဤကာမဂုဏ် ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံသည်ဖြစ်၍ ပျော်ပါးလျက်နေ၏၊

ထိုသူငယ်သည် မျက်စိဖြင့် အဆင်းရူပါရုံကို မြင်၍ ချစ်နှစ်သက်ဖွယ်သဘောရှိသော အဆင်းရူပါရုံ၌ တပ်စွန်း၏၊ မချစ်မနှစ်သက်ဖွယ်သဘောရှိသော အဆင်းရူပါရုံ၌ ဒေါသစိတ် ဖြစ်၏၊ ကာယဂတာသတိ မထင်ဘဲ သေးသိမ်သောစိတ် ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ၏ အကြွင်းမဲ့ ချုပ်ငြိမ်းရာဖြစ်သော, ယုတ်ညံ့သော အကုသိုလ် တရားများမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုလည်း အမှန်အတိုင်း ခွဲခြား၍ မသိ။ ထိုသူသည် ဤသို့လျှင် ရာဂဖြင့် လိုက်လျောခြင်း ဒေါသဖြင့် ဆန့်ကျင်ခြင်းသို့ ရောက်လျက် ချမ်းသာကို ဖြစ်စေ ဆင်းရဲကိုဖြစ်စေ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုဖြစ်စေ တစ်စုံတစ်ခုသော ဝေဒနာကို ခံစား၏၊ ထိုသူသည် ထိုခံစားမှု ဝေဒနာကို နှစ်သက်၏၊ ကောင်းလေစွ ကောင်းလေစွဟု အားရပါးရ ပြောဆို၏၊ မျိုမတတ် သက်ဝင်စွဲလမ်း၍ တည်နေ၏၊ ထိုခံစားမှု ဝေဒနာကို နှစ်သက်ခြင်း အားရပါးရ ပြောဆိုခြင်း မျိုမတတ် သက်ဝင် စွဲလမ်း၍ တည်နေခြင်းကြောင့် ထိုသူ၏ သန္တာန်၌ နှစ်သက်ခြင်း နန္ဒီရာဂတရားသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ ခံစားမှုဝေဒနာတို့၌ နှစ်သက်ခြင်း နန္ဒီရာဂသည် စွဲလမ်းမှု ဥပါဒါန်တည်း။ ထိုသူ၏ သန္တာန်၌ ဥပါဒါန်ကြောင့် ဘဝ, ဘဝကြောင့် ဇာတိ, ဇာတိကြောင့် ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတရားတို့သည် ထင်ရှားဖြစ်ပွားလာကြကုန်၏၊ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ပွား ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏၊” (သောတဒွါရစသည်တို့၌လည်း နည်းတူပင်တည်း။)

ဤအထက်ပါ ဒေသနာတော်နှင့်အညီ ..
(၁) သဠာယတနမှစ၍ ဖြစ်စေ, (၂) ဝေဒနာမှစ၍ ဖြစ်စေ ––

ဤပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ရှုကွက်ကို ရှုနိုင်ပါသည်။ အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်းသဠာယတန-ရှုကွက်မှ ဇရာမရဏ-ရှုကွက်သို့တိုင်အောင်သော ရှုကွက်နှင့် တူညီပြီ။

၁။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (အဝိဇ္ဇာ)၊ တဏှာ၊ ဥပါဒါန်၊ ဘဝ = (ကမ္မဘဝ-သင်္ခါရ)တို့ကား ပစ္စုပ္ပန်။
၂။ ဇာတိ၊ ဇရာမရဏတို့ကား ပထမအနာဂတ်။

တစ်ဖန် အနာဂတ်သံသရာခရီး ထင်ရှား ရှိနေသေးလျှင် ––
၁။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (အဝိဇ္ဇာ)၊ တဏှာ၊ ဥပါဒါန်၊ ဘဝ = (ကမ္မဘဝ-သင်္ခါရ)တို့ကား ပထမအနာဂတ်။
၂။ ဇာတိ၊ ဇရာမရဏတို့ကား ဒုတိယအနာဂတ်။
ဤသို့စသည်ဖြင့် သံသရာခရီး ဆုံးသည်တိုင်အောင် အနာဂတ် အဆက်ဆက်ကိုလည်း သဘောပေါက်ပါ။

တစ်ဖန် အတိတ်သံသရာခရီးဘက်သို့ ရွှေ့ပြောင်း၍ ရှုနိုင်ပါသည်။

၁။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (အဝိဇ္ဇာ)၊ တဏှာ၊ ဥပါဒါန်၊ ဘဝ = (ကမ္မဘဝ-သင်္ခါရ)တို့ကား ပထမအတိတ်။
၂။ ဇာတိ၊ ဇရာမရဏတို့ကား ပစ္စုပ္ပန်။

၁။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (အဝိဇ္ဇာ)၊ တဏှာ၊ ဥပါဒါန်၊ ဘဝ = (ကမ္မဘဝ-သင်္ခါရ)တို့ကား ဒုတိယအတိတ်။
၂။ ဇာတိ၊ ဇရာမရဏတို့ကား ပထမအတိတ်။

၁။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (အဝိဇ္ဇာ)၊ တဏှာ၊ ဥပါဒါန်၊ ဘဝ = (ကမ္မဘဝ-သင်္ခါရ)တို့ကား တတိယအတိတ်။
၂။ ဇာတိ၊ ဇရာမရဏတို့ကား ဒုတိယအတိတ်။

ဤသို့စသည်ဖြင့် အတိတ်သံသရာ အဆက်ဆက်သို့လည်းကောင်း ဉာဏ်ကို ရှေးရှု ဆောင်ယူ၍လည်း ရှုပါလေ။ ဘဝနှစ်ခုနှစ်ခုကို ကွင်းဆက်၍ ရှုခြင်း ဖြစ်သည်။ ထိုသို့ သိမ်းဆည်း ရှုပွားနိုင်ခဲ့သော် = အတိတ်သံသရာ အဆက်ဆက် မှသည် အနာဂတ်ဆုံးသည်တိုင်အောင် သိမ်းဆည်း ရှုပွားနိုင်ခဲ့သော် ပဋိစ္စသမုပ္ပါဒ်ပထမနည်းနှင့် တူညီမှုရှိသည်ကို သဘောပေါက်နိုင်ပေ၏၊ အကြောင်းမူ –– ဇာတိဟူသည် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့ပင် ဖြစ်သောကြောင့်လည်းကောင်း, တဏှာ ဥပါဒါန်တို့၌ အဝိဇ္ဇာပါဝင်လျက်ရှိသောကြောင့်လည်းကောင်း, ကမ္မဘဝ၌ သင်္ခါရ ပါဝင်လျက်ရှိသောကြောင့်လည်းကောင်း တစ်နည်းဆိုသော် ––- တဏှာ ဥပါဒါန် ဘဝဟူသည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ပင် ဖြစ်သောကြောင့်လည်းကောင်း ဖြစ်ပေသည်။

ထိုကြောင့် အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်း၌လည်းကောင်း, ပဋိစ္စသမုပ္ပါဒ်ပိုင်း (က)တွင် တင်ပြခဲ့သော ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း ရှုကွက်၌လည်းကောင်း ကျွမ်းကျင်ပြီးသော သူတော်ကောင်းတစ်ဦးအဖို့ ဤ အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်း ရှုကွက်မှာ လွယ်ကူလျက်ပင် ရှိနေပေမည်။

၃။ အဆုံးမှ အစသို့ = ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် (၁)

ဤပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းကား အဆုံးဖြစ်သော ဇရာမရဏမှသည် အစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်လှန်၍ ဟောကြားတော်မူအပ်သော ဒေသနာတော် ဖြစ်၏၊ ယင်းပဋိလောမအစဉ်မှာ

(၁) ဇရာမရဏ, (၂) ဇာတိ - ဤတရားနှစ်ပါးကား အနာဂတ်အဓွန့်ကာလတရားစုတည်း။ (၃) ဘဝ, (၄) ဥပါဒါန်, (၅) တဏှာ, (၆) ဝေဒနာ, (၇) ဖဿ, (၈) သဠာယတန, (၉) နာမရူပ, (၁၀) ဝိညာဏ် - ဤတရားစုတို့ကား ပစ္စုပ္ပန်အဓွန့်ကာလတရားစုတို့တည်း။

(၁၁) သင်္ခါရ, (၁၂) အဝိဇ္ဇာ - ဤတရားစုတို့ကား အတိတ်အဓွန့်ကာလတရားစုတို့တည်း။

တစ်ဖန် အနာဂတ်ဘက်သို့ ဆက်၍ ရှုလိုသော် အောက်ပါအတိုင်းလည်း ရှုနိုင်၏၊

ဇရာမရဏ-ဇာတိတို့ကား ဒုတိယအနာဂတ်အဓွန့်ကာလတရားစုတို့တည်း။

ဘဝ-ဥပါဒါန်-တဏှာ-ဝေဒနာ-ဖဿ-သဠာယတန-နာမရူပ-ဝိညာဏ် ဤတရားစုတို့ကား ပထမအနာဂတ် အဓွန့်ကာလတရားစုတို့တည်း။

သင်္ခါရ-အဝိဇ္ဇာတို့ကား ပစ္စုပ္ပန်အဓွန့်ကာလတရားစုတို့တည်း။

ဤသို့လည်း အနာဂတ်ဆုံးသည်တိုင်အောင် အကြောင်းအကျိုးစပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ တစ်ဖန် အတိတ် သံသရာခရီးဘက်သို့လည်း ဉာဏ်ကို စေလွှတ်၍ ရှုနိုင်ပြန်သည် –– ဇရာမရဏ-ဇာတိတို့ကား ပစ္စုပ္ပန်အဓွန့်ကာလတရားစုတည်း။

ဘဝ-ဥပါဒါန်-တဏှာ-ဝေဒနာ-ဖဿ-သဠာယတန-နာမရူပ-ဝိညာဏ် ဤတရားစုတို့ကား ပထမအတိတ် အဓွန့်ကာလတရားစုတို့တည်း။

သင်္ခါရ-အဝိဇ္ဇာတို့ကား ဒုတိယအတိတ်အဓွန့်ကာလတရားစုတို့တည်း။

ဤသို့လည်း အတိတ်သံသရာအဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ စွမ်းအားရှိသမျှ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ပေသည်။ ဘဝသုံးခုသုံးခုတို့ကို အကြောင်းအကျိုး စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်းပင်တည်း။ ဤရှုကွက်မှာလည်း အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်း၌ ကျွမ်းကျင်သူအဖို့ မခက်ခဲတော့ပြီ။ ပြောင်းပြန်လှန်၍ သိမ်းဆည်းခြင်းသာ ဖြစ်သည်။

ရှုကွက်ပုံစံအချို့

ယောဂီသူတော်ကောင်းသည် ဇရာမရဏသည် ဇာတိကြောင့် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ––ဤသို့ အကြောင်းတရား အကျိုးတရားကို သိမ်းဆည်းပါ။

ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏၊ ဇာတိက အကြောင်းတရား၊ ဇရာမရဏက အကျိုးတရား။

တစ်ဖန် ကမ္မဘဝဖြစ်ခြင်းကြောင့် ဇာတိဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍လည်း ဤသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

ကမ္မဘဝဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏၊ ကမ္မဘဝက အကြောင်းတရား၊ ဇာတိက အကျိုးတရား။

ဤသို့စသည်ဖြင့် ပြောင်းပြန်လှန်၍ အရင်းဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် သိမ်းဆည်းရှုပွားပါ။

၄။ အလယ်မှ အစသို့ = ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်း (၂)

အာဟာရ (၄) ပါး

ဤရှုကွက်၌ အဋ္ဌကထာများက နိဒါနဝဂ္ဂသံယုတ်ပါဠိတော်၌ လာရှိသော အာဟာရသုတ္တန်ကို ကောက်နုတ်၍ ရှင်းပြထားတော်မူကြ၏၊ ထိုသုတ္တန်၌ ဘုရားရှင်သည် အာဟာရ (၄)ပါးမှ စတင်၍ အလယ်မှသည် အစအရင်း အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်အားဖြင့် ပဋိလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောကြားထားတော်မူ၏၊ သို့အတွက် အာဟာရ (၄)ပါးကို ရှေ့ဦးစွာ ရှင်းလင်းတင်ပြအပ်ပါသည်။

၁။ ကဗဠီကာရအာဟာရ = ကြမ်းတမ်းသည်လည်းဖြစ်စေ နူးညံ့သည်လည်းဖြစ်စေ အလုတ်အလွေးပြု၍ မမျိုအပ် သော်လည်း မျိုအပ်သကဲ့သို့သော အာဟာရ၊
၂။ ဖဿာဟာရ = အာရုံကို တွေ့ထိမှု အာဟာရ၊
၃။ မနောသေဉ္စတနာဟာရ = စိတ်ကို လှုံ့ဆော်မှု အာဟာရ၊
၄။ ဝိညာဏာဟာရ = အထူးသိမှု အာဟာရ ––- ဤသို့လျှင် အာဟာရ (၄)မျိုး ရှိ၏၊

ဝိပါကဝဋ် ဖြစ်ကြကုန်သော ပဋိသန္ဓေအခါ ပဝတ္တိအခါ ဖြစ်ကြကုန်သော ––
၁။ ဖဿာဟာရ = ဝိပါက်ဝိညာဏ်နှင့်ယှဉ်သော ဖဿ၊
၂။ မနောသေဉ္စတနာဟာရ = ဝိပါက်ဝိညာဏ်နှင့်ယှဉ်သော စေတနာ၊
၃။ ဝိညာဏာဟာရ = ဝိပါက်ဝိညာဏ်၊
၄။ ကဗဠီကာရာဟာရ = ကမ္မသမုဋ္ဌာန်ရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇဩဇာ၊

ဤအာဟာရလေးမျိုးတို့ကို ရည်ရွယ်တော်မူ၍ – စတ္တာရော အာဟာရာ တဏှာနိဒါနာ = လေးမျိုးကုန်သော ဤအာဟာရတို့သည် တဏှာဟူသော အကြောင်းရင်း နိဒါန်း ရှိကြကုန်၏ –– ဤသို့ စသော ဒေသနာတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။ ထိုသို့ပင် ဝိပါကဝဋ် ဖြစ်ကုန်သော အာဟာရလေးပါးတို့ကို ရည်ရွယ်တော်မူ၍ တိုက်ရိုက် သိစေအပ်သော အနက်သဘောရှိသော နီတတ္ထနည်းအားဖြင့် ဟောကြားတော်မူအပ်ပါ သော်လည်း ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တို့၏ အဆက်မပြတ် လည်ပတ်၍နေသော သံသရာဝဋ်ဒုက္ခ၏ အဆက် မပြတ်ဖြစ်ရေး စည်ပင်ရေးအတွက် အားပေးထောက်ပံ့တတ်ကုန်သော ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုတတ်ကုန်သော အခြားအခြားကုန်သော အကမ္မဇအာဟာရတို့သည်လည်း ထိုတဏှာဟူသော အစအမွန်သည် ထင်ရှား မရှိလတ်သော် ထင်ရှား မရှိနိုင်ကုန် မဖြစ်နိုင်ကုန်သောကြောင့် တဏှာလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်၏ဟူ၍ ဆိုခြင်းငှာ သင့်မြတ်ကုန်သည်ဟု မှတ်ပါ။[မှတ်စု ၁၀]

အကမ္မဇ အာဟာရ = အနုပါဒိဏ္ဏကအာဟာရ

သံယုတ်အဋ္ဌကထာ[မှတ်စု ၁၁] သံယုတ်ဋီကာ[မှတ်စု ၁၂]တို့၏ ဖွင့်ဆိုချက်နှင့်အညီ ဝိပါကဝဋ်တွင် အကျုံးဝင်သော အထက်တွင် ဖော်ပြထားသော အာဟာရ (၄)မျိုးကား ဥပါဒိဏ္ဏကအာဟာရ (၄)မျိုးတည်း။ အနုပါဒိဏ္ဏကအာဟာရ သို့မဟုတ် အကမ္မဇအာဟာရ (၄)မျိုးကား ဤသို့တည်း။ –

၁။ ကုသိုလ်စိတ် အကုသိုလ်စိတ် ကြိယာစိတ်တို့နှင့်ယှဉ်သော ဖဿဟူသော ဖဿာဟာရ၊
၂။ ကုသိုလ်စေတနာ အကုသိုလ်စေတနာ ကြိယာစေတနာဟူသော မနောသေဉ္စတနာဟာရ၊
၃။ ကုသိုလ်ဝိညာဏ် အကုသိုလ်ဝိညာဏ် ကြိယာဝိညာဏ်ဟူသော ဝိညာဏာဟာရ၊
၄။ စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာဟူသော ကဗဠီကာရအာဟာရ ––

ဤအာဟာရလေးမျိုးတို့သည် အကမ္မဇအာဟာရ = အနုပါဒိဏ္ဏကအာဟာရ (၄)မျိုးတို့တည်း။ သံသရာဝဋ်ဆင်းရဲ ဒုက္ခကို အားပေးထောက်ပံ့တတ်ကုန်သော အာဟာရတို့ပင်တည်း။ ယင်းအာဟာရတို့သည်လည်း တဏှာဟူသော အစအမွန်သည် ထင်ရှားမရှိလတ်သော် ထင်ရှားမရှိနိုင် မဖြစ်နိုင်ကုန်သောကြောင့် ဆောင်၍ သိစေအပ်သော နေယျတ္ထ အနက်သဘောအားဖြင့် တဏှာလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်၏ဟု ဆိုခြင်းငှာ သင့်မြတ်ကုန်သည်သာ ဟူလိုသည်။

ကဗဠီကာရ အာဟာရ

အထက်တွင် တင်ပြထားသော အနုပါဒိဏ္ဏကဩဇာတွင် အာဟာရဇဩဇာလည်း ပါဝင်လျက် ရှိ၏၊ ယင်း အာဟာရဇဩဇာ၌ –

၁။ ကမ္မဇဩဇာကြောင့်ဖြစ်သော အာဟာရဇဩဇာ,
၂။ စိတ္တဇဩဇာကြောင့်ဖြစ်သော အာဟာရဇဩဇာ,
၃။ ဥတုဇဩဇာကြောင့်ဖြစ်သော အာဟာရဇဩဇာ,
၄။ အာဟာရဇဩဇာကြောင့်ဖြစ်သော အာဟာရဇဩဇာ –
ဤအာဟာရဇဩဇာ (၄)မျိုးလုံး ပါဝင်သည်ဟု မှတ်ပါ။ ကဗဠီကာရအာဟာရအကြောင်းကို ရှေ့ပိုင်း[မှတ်စု ၁၃]တွင် ပြန်ကြည်ပါ။

အာဟာရ (၄) ပါးတို့၏ စွမ်းအင်

၁။ ကဗဠီကာရာဟာရသည် ဩဇဋ္ဌမကရုပ်တို့ကို ဆောင်တတ်၏ = ဖြစ်စေ၏၊
၂။ ဖဿာဟာရသည် ဝေဒနာသုံးမျိုးတို့ကို ဆောင်တတ်၏ = ဖြစ်စေ၏၊
၃။ မနောသေဉ္စတနာဟာရသည် ဘဝသုံးပါးတို့ကို ဆောင်တတ်၏ = ဖြစ်စေ၏၊
၄။ ဝိညာဏာဟာရသည် ပဋိသန္ဓေနာမ်ရုပ်ကို ဆောင်တတ်၏ = ဖြစ်စေ၏၊

၁။ ကဗဠီကာရာဟာရသည် အထက်တွင် ရှင်းပြထားသည့်အတိုင်း ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမက ရုပ်တို့ကို ဖြစ်စေခြင်းဖြင့် ဩဇဋ္ဌမကရုပ်တရားတို့ကို ဆောင်ထားတတ်၏၊

၂။ ဖဿာဟာရ– သုခဝေဒနာ ဖြစ်နိုင်လောက်သည့် စွမ်းအားရှိသော ဖဿသည် ထင်ရှား ဖြစ်ပေါ်လာသော် သာလျှင် ဖဿာဟာရက သုခဝေဒနာကို ဆောင်ထားတတ်၏၊ ဒုက္ခဝေဒနာ ဖြစ်နိုင်လောက်သည့် စွမ်းအားရှိသော ဖဿသည် ထင်ရှား ဖြစ်ပေါ်လာသော်သာလျှင် ဖဿာဟာရက ဒုက္ခဝေဒနာကို ဆောင်ထားတတ်၏၊ ဥပေက္ခာဝေဒနာ ဖြစ်နိုင်လောက်သည့် စွမ်းအားရှိသော ဖဿသည် ထင်ရှား ဖြစ်ပေါ်လာသော်သာလျှင် ဖဿာဟာရက ဥပေက္ခာဝေဒနာကို ဆောင်ထားတတ်၏၊ ဖြစ်စေ၏ ဟူလို။[မှတ်စု ၁၄]

၃။ မနောသေဉ္စတနာဟာရ– ကာမဘဝသို့ ကပ်ရောက်စေတတ်သော ကံသည် ကာမဘဝကို ဆောင်ထားတတ်၏ = ဖြစ်စေ၏၊ ရူပဘဝ အရူပဘဝတို့သို့ ကပ်ရောက်စေတတ်ကုန်သော ကံတို့သည် ကံနှင့်လျော်ညီရာ ထိုထိုဘဝကို ဆောင်ထားတတ်ကြကုန်၏ = ဖြစ်စေကုန်၏၊ ဤသို့လျှင် မနောသေဉ္စတနာဟာရသည် ဘဝသုံးပါးတို့ကို ဆောင်ထား တတ်၏ = ဖြစ်စေ၏၊[မှတ်စု ၁၅]

၄။ ဝိညာဏာဟာရ – ဝိညာဏာဟာရသည်ကား ပဋိသန္ဓေခဏ၌ မိမိနှင့် ယှဉ်ဖက် သမ္ပယုတ်နာမ်ခန္ဓာတို့ကို လည်းကောင်း, ကမ္မဇရုပ်တို့ကိုလည်းကောင်း သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ဆောင်ထားတတ်၏ = ဖြစ်စေ တတ်၏၊[မှတ်စု ၁၆]

မနောသေဉ္စတနာဟာရက ဘဝသုံးပါးတို့ကို ဆောင်ထားတတ်၏ = ဖြစ်စေ၏ဟူသော ဤစကားရပ်ကို သံသရာဝဋ်ကို လည်ပတ်စေတတ်သည့် စွမ်းအားရှိသော အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာကိုသာလျှင် ရည်ရွယ်၍ ဖွင့်ဆိုထားသည်ဟု မှတ်ပါ။ သံသရာဝဋ်ကို လည်ပတ်စေရာ၌ ထူးကဲသော အကြောင်းတရား ဖြစ်ခြင်းကြောင့်သာလျှင် ထိုသို့ ဖွင့်ဆိုခြင်း ဖြစ်သည်။ အထူးမမ သာမညအားဖြင့် ဆိုရမူ လောကီ (ကုသိုလ် အကုသိုလ် အဗျာကတ) စေတနာဟူသမျှသည် မိမိနှင့် သမ္ပယုတ်ဖြစ်သော နာမ်တရားစုတို့အားလည်းကောင်း စိတ္တဇရုပ်တို့အားလည်းကောင်း ဖြစ်စေတတ်သော အကြောင်းတရား ဖြစ်သည်သာဟု သိရှိပါလေ။

ဝိညာဏံ ပဋိသန္ဓိနာမရူပံ အာဟရတိ = ဝိညာဏ်သည် ပဋိသန္ဓေနာမ်ရုပ်ကို ဆောင်ထားတတ်၏ = ဖြစ်စေ၏ ဟူရာ၌ ပဋိသန္ဓေဝိညာဏ်ကိုသာလျှင် ဟောကြားထားတော်မူ၏၊ အထူးမမသာမညအားဖြင့် ဆိုရမူ ဝိညာဏ်သည် မိမိနှင့် ယှဉ်ဖက် ထိုထိုသမ္ပယုတ်တရားတို့အားလည်းကောင်း, ထိုထိုစိတ္တဇရုပ်တို့အားလည်းကောင်း ဆောင်ထားတတ် သောကြောင့် အာဟာရမည်၏ဟူ၍ သိရှိပါလေ။[မှတ်စု ၁၇]

၁။ ဤအာဟာရလေးမျိုးတို့တွင် ကဗဠီကာရအာဟာရသည် (= စတုသမုဋ္ဌာနိကဩဇာသည်) အထက်တွင် ရှင်းပြ ခဲ့သည့်အတိုင်း ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းဖြင့်သာလျှင် စတုသမုဋ္ဌာနိကရုပ်အား အားပေးထောက်ပံ့လျက် အာဟာရကိစ္စကို ပြီးစေ၏ = ဆောင်ထားခြင်းကိစ္စကို ပြီးစေ၏၊

၂။ ဖဿာဟာရသည် အာရုံကို တွေ့ထိခြင်းကိစ္စကို ပြုလုပ်လျက်သာလျှင် အာရုံကို တွေ့ထိမှုကို ပြုလုပ်ရမှသာလျှင် အာဟာရကိစ္စကို = ဝေဒနာကို ဆောင်ထားခြင်းကိစ္စကို ပြီးစေ၏၊ ဝေဒနာကို ဖြစ်စေနိုင်၏၊

၃။ မနောသေဉ္စတနာဟာရသည် စိတ်ကို လှုံ့ဆော်လျက်သာလျှင် အကြောင်းတရားနှင့် အကျိုးတရားကို ဖြစ်ပေါ်နိုင်လောက်အောင် ဆက်စပ်မှုရှိအောင် အားထုတ်နိုင်ပါမှသာလျှင် အာဟာရကိစ္စကို ဘဝသုံးပါးကို ဆောင်ထားနိုင်၏ = ဖြစ်စေနိုင်၏၊

၄။ ဝိညာဏ်သည် = ပဋိသန္ဓေဝိညာဏ်သည် ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း ဥပပတ္တိကို ကြံဆသည်၏အစွမ်းဖြင့် အာရုံကို ပိုင်းပိုင်းခြားခြား သိမှသာလျှင် သမ္ပယုတ်တရားနှင့် ကမ္မဇရုပ် သို့မဟုတ် စိတ္တဇရုပ်တို့ကို ဖြစ်စေခြင်း အာဟာရကိစ္စကို ပြီးစီးစေနိုင်၏၊[မှတ်စု ၁၈]

၁။ ကဗဠီကာရာဟာရသည် ဩဇဋ္ဌမကရုပ်ကို ဖြစ်စေခြင်းဖြင့် စတုသမုဋ္ဌာနိကရုပ်အား အားပေးထောက်ပံ့လျက် သာလျှင် ရူပကာယကို ရုပ်သန္တတိ အစဉ်မပျက်အောင် တည်အောင်ထားခြင်းဖြင့် သတ္တဝါတို့၏ တည်တံ့ခြင်း၏ အကြောင်းတရားဖြစ်၏၊ မှန်ပေသည် – ဤရူပကာယသည် ကံသည် ဖြစ်စေအပ်သည် မှန်သော်လည်း ကဗဠီကာရာဟာရက ခိုင်ခံ့အောင် ထောက်ပံ့ထားခဲ့သော် (၁၀)နှစ်တို့ပတ်လုံးသော်လည်းကောင်း, အနှစ် (၁၀၀) ပတ်လုံးသော်လည်းကောင်း သက်တမ်းကုန်ဆုံးသည်တိုင်အောင် တည်နိုင်၏၊ အဘယ်ကဲ့သို့နည်းဟူမူ ––- ကလေးသူငယ်သည် အမိက ဖြစ်စေအပ်သည် မှန်သော်လည်း နို့ထိန်းက နို့ရည်စသည်တို့ကို တိုက်ကျွေးလျက် မွေးမြူပေးမှသာလျှင် ရှည်မြင့်စွာ တည်နိုင်၏၊ ကျားခေါ်သော သစ်သားချောင်းဖြင့် ထောက်ကန်ထားသော အိမ်သည် မလဲမပြိုသကဲ့သို့ အာဟာရ၌ ရပ်တည်လျက်ရှိသော ဤရူပကာယကြီးသည် အာဟာရကို အစွဲပြု၍ မလဲမပြို ရပ်တည်နိုင်၏၊

ဤသို့လျှင် ကဗဠီကာရာဟာရက စတုသမုဋ္ဌာနိကရုပ်အား အားပေးထောက်ပံ့လျက် အာဟာရကိစ္စကို ပြီးစီး စေသော်လည်း အာဟာရသမုဋ္ဌာန်ရုပ်, ဥပါဒိဏ္ဏကရုပ် (= ကမ္မဇရုပ်) ဟူသော နှစ်မျိုးသော ရုပ်သန္တတိအစဉ်တို့၏ အကြောင်းတရား ဖြစ်၏၊ ကမ္မဇရုပ်တို့အား စောင့်ရှောက်တတ်သော အနုပါလကသတ္တိဖြင့် ကျေးဇူးပြု၏၊ အာဟာရ သမုဋ္ဌာန်ရုပ် = အာဟာရဇရုပ်တို့အား တိုက်ရိုက်ဖြစ်စေတတ်သော ဇနကသတ္တိဖြင့် ကျေးဇူးပြု၏၊

၂။ ဖဿာဟာရသည် သုခဝေဒနာစသည့် ဝေဒနာ၏ တည်ရာဝတ္ထုဖြစ်သော အာရုံကို တွေ့ထိလျက်သာလျှင် သုခဝေဒနာစသော ဝေဒနာကို ဖြစ်စေခြင်းဖြင့် သတ္တဝါတို့၏ တည်တံ့ခြင်း၏ အကြောင်းတရား ဖြစ်၏၊ ၃။ မနောသေဉ္စတနာဟာရသည် ကုသိုလ်ကံ အကုသိုလ်ကံ၏ အစွမ်းဖြင့် ကံကို အားထုတ်လျက်သာလျှင် ဘဝ၏ အခြေခံအကြောင်းရင်းမူလကို ဖြစ်စေခြင်းကြောင့် သတ္တဝါတို့၏ တည်တံ့ခြင်း၏ အကြောင်းတရား ဖြစ်၏၊ ၄။ ဝိညာဏာဟာရသည် အာရုံကို ပိုင်းပိုင်းခြားခြား သိလျက် နာမ်ရုပ်ကို ဖြစ်စေခြင်းဖြင့် သတ္တဝါတို့၏ တည်တံ့ ခြင်း၏ အကြောင်းတရား ဖြစ်၏၊[မှတ်စု ၁၉]

အထက်တွင် သံယုတ်အဋ္ဌကထာက ကဗဠီကာရာဟာရက ကမ္မဇရုပ် = ဥပါဒိဏ္ဏရုပ်တို့အား အနုပါလကသတ္တိဖြင့်

အာဟာရသမုဋ္ဌာန်ရုပ်တို့အား ဇနကသတ္တိဖြင့် ကျေးဇူးပြုကြောင်းကို ဖွင့်ဆိုထား၏၊ ဥပါဒိဏ္ဏရုပ် = ကမ္မဇရုပ် သန္တတိအစဉ်အား ထောက်ပံ့ခြင်းဖြင့်ပင်လျှင် ဥတုဇရုပ် စိတ္တဇရုပ် သန္တတိအစဉ်အားဖြင့် ထောက်ပံ့ခြင်းကိစ္စသည် ပြီးစီးပြီးသာ ဖြစ်၏၊ ထိုကြောင့် - ဥပါဒိဏ္ဏရုပ် = ကမ္မဇရုပ်နှင့် အာဟာရဇရုပ်ဟူသော ရုပ်သန္တတိအစဉ် နှစ်မျိုးတို့အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို ဖွင့်ဆိုခြင်း ဖြစ်၏၊ အားပေးထောက်ပံ့ခြင်း ဥပတ္ထမ္ဘနသဘောကိုသာလျှင် ရည်ရွယ်၍ အနုပါလကသတ္တိဖြင့် ကျေးဇူးပြုကြောင်းကို အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်၏၊ ရူပကာယ တစ်ခုလုံး၏ တည်တံ့ခြင်း၏ အကြောင်းတရား ဖြစ်မှုသည်ပင် မျှစေခြင်း စောင့်ရှောက်ခြင်း အနုပါလနာ မည်ပေသည်။[မှတ်စု ၂၀]

ရှုကွက်ရှုရန် လိုရင်းအချက်

၁။ ဝိပါကဝဋ်ဖြစ်သော အာဟာရ (၄)ပါး,
၂။ ကမ္မဝဋ်ဖြစ်သော အာဟာရ (၄)ပါး - ဟု အာဟာရအရ ကောက်ယူပုံ နှစ်နည်း ရှိ၏၊

အာဟာရအရ ဝိပါကဝဋ်ဖြစ်သော အာဟာရ (၄)ပါးကို ကောက်ယူပုံကို အာဟာရသုတ္တန်အဋ္ဌကထာ[မှတ်စု ၂၁]၌ ဖွင့်ဆိုလျက် ရှိ၏၊ အာဟာရ-အရ ကမ္မဝဋ်ဖြစ်သော အာဟာရ (၄)ပါးကို ကောက်ယူပုံကိုလည်း ကျမ်းဂန်[မှတ်စု ၂၂]တို့၌ ဖွင့်ဆိုလျက် ရှိ၏၊ ယောဂီသူတော်ကောင်းသည် ဝိပါကဝဋ်တွင် အကျုံးဝင်သော အာဟာရ (၄)ပါးမှ စတင်၍ ရှုလိုသည် ဖြစ်အံ့၊ အောက်ပါအတိုင်း ပဋိသန္ဓေအခိုက် ဝိပါကဝဋ်တရား (၄)ပါးမှ စတင်၍ ရှုကြည့်ပါ။ ဘဝတစ်လျှောက် ဖြစ်ပေါ်နေသော ဝိပါကဝဋ်တရားမှလည်း စတင်၍ ပုံစံတူ ရှုနိုင်ပေသည်။

ဝိပါကဝဋ် အာဟာရ (၄) ပါးမှ စတင်၍ ရှုပုံ

ယောဂီသူတော်ကောင်းသည် တိဟိတ်သောမနဿပဋိသန္ဓေတည်နေခဲ့သူ ဖြစ်အံ့၊ ယောဂီသူတော်ကောင်း၏ ပဋိသန္ဓေအခိုက်၌ နာမ်တရား (၃၄)လုံးနှင့် ကမ္မဇရုပ် (၃၀) ရှိမည် ဖြစ်၏၊ ယင်းပဋိသန္ဓေအခိုက် အာဟာရ (၄)ပါးတို့မှာ ဤသို့ ဖြစ်၏ ..။

၁။ ကဗဠီကာရာဟာရ = ကမ္မဇရုပ် (၃၀)တို့၌ ပါဝင်သော ကမ္မဇဩဇာ၊
၂။ ဖဿာဟာရ = ပဋိသန္ဓေဝိညာဏ်နှင့် ယှဉ်သော ဖဿ၊
၃။ မနောသေဉ္စတနာဟာရ = ပဋိသန္ဓေဝိညာဏ်နှင့် ယှဉ်သော စေတနာ၊
၄။ ဝိညာဏာဟာရ = ပဋိသန္ဓေဝိညာဏ်။

ဤအာဟာရ (၄)ပါးကို စတင် သိမ်းဆည်း၍ ရှုပါ။ ယင်းသို့ ရှုခဲ့သော် ဤရှုကွက်မှာ ကာလအားဖြင့် ခွဲဝေခဲ့သော် ဤသို့ဖြစ်၏၊

၁။ အာဟာရ (၄)ပါး (= ဝိပါကဝဋ်အာဟာရလေးပါး)ကား ပစ္စုပ္ပန် ဥပပတ္တိဘဝ = ဇာတိတည်း။
၂။ ဘဝ (= ကမ္မဘဝ)၊ ဥပါဒါန်၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်တို့ကား ပထမအတိတ်၊
၃။ သင်္ခါရ၊ အဝိဇ္ဇာတို့ကား ဒုတိယအတိတ် –

ဤသို့လျှင် အတိတ်အဆက်အဆက်သို့လည်းကောင်း၊ အနာဂတ်အဆက်ဆက်သို့လည်းကောင်း ဘဝသုံးခု သုံးခုကို အကြောင်းအကျိုးစပ်လျက် သိမ်းဆည်း ရှုပွားပါ။ ကျန်ဝိပါကဝဋ်အာဟာရ (၄)ပါးတို့မှ စတင်၍လည်း ပုံစံတူပင် ရှုနိုင်ပေသည်။

ကမ္မဝဋ် အာဟာရ (၄) ပါးမှ စတင်၍ ရှုပုံ

ယောဂီသူတော်ကောင်းသည် အကယ်၍ ကမ္မဝဋ်၌ အကျုံးဝင်သော အာဟာရ (၄)ပါးမှ စတင်၍ သိမ်းဆည်း ရှုပွားလိုသည် ဖြစ်အံ့၊ ယောဂီသူတော်ကောင်းကိုယ်တိုင် အနာဂတ်သံသရာခရီးအတွက် ပြုစုပျိုးထောင်နေသော ကမ္မဝဋ်တရားများက စတင်၍ ရှုပါ။ အကယ်၍ ယောဂီသူတော်ကောင်းသည် နောင်အနာဂတ်ကာလ၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်သည့် ရဟန်းတော်တစ်ပါးဖြစ်ရန်ဟူသော ဦးတည်ချက်ဖြင့် ကုသိုလ်ကံများစွာကို ပြုစုပျိုးထောင် နေသည် ဖြစ်အံ့၊ ထိုကုသိုလ်ကံများစွာထဲက အမှတ်တရ ကုသိုလ်ကံတစ်ခုကို ရွေးချယ်ပါ။ ထိုကံကို ထူထောင်စဉ်၌ ဖြစ်ပေါ်သွားကြကုန်သော အာဟာရ (၄)ပါးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏၊ ––

၁။ ကံကို ထူထောင်စဉ် နှလုံးအိမ်အတွင်း၌ တည်ရှိကြသော (၆၃)မျိုးကုန်သော စတုသမုဋ္ဌာနိကရုပ်တို့တွင် ပါဝင် တည်ရှိသော စတုသမုဋ္ဌာနိကဩဇာ အသီးအသီးကား, တစ်နည်း - ခန္ဓာကိုယ်၌ တည်ရှိသော စတုသမုဋ္ဌာနိက ဩဇာ အသီးအသီးကား ကဗဠီကာရာဟာရတည်း။
၂။ ထိုကုသိုလ်နာမ်တရားစုတို့တွင် ဖဿကား ဖဿာဟာရတည်း။
၃။ စေတနာကား မနောသေဉ္စတနာဟာရတည်း။
၄။ အသိစိတ် = ကုသိုလ်ဝိညာဏ်ကား ဝိညာဏာဟာရတည်း။ (= ကမ္မဝိညာဏ်တည်း။)

ဤအာဟာရ (၄)ပါးတို့ကို စတင် သိမ်းဆည်းပါ။ ဖဿ စေတနာ ဝိညာဏ်တို့ကား ကမ္မဝဋ်တွင် အကျုံးဝင်သော ကမ္မဘဝအမည်ရသော ကုသိုလ်သင်္ခါရတရားစုတို့သာ ဖြစ်ကြသည်။

၁။ ကမ္မဘဝ = အာဟာရ (၄)ပါး၊ ဥပါဒါန်၊ တဏှာ၊ (အဝိဇ္ဇာ)၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ် (= ဝိပါက်ဝိညာဏ်)တို့ကား ပစ္စုပ္ပန်တရားစုတို့တည်း။
၂။ သင်္ခါရ၊ အဝိဇ္ဇာတို့ကား ပထမအတိတ်တရားစုတို့တည်း။
ဤနည်းကို ဆောင်၍ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌ သဘောပေါက်ပါလေ။

တစ်နည်းဖွင့်ဆိုပုံ

ယခုလက်ရှိဘဝ၌ ပြုစုပျိုးထောင်လိုက်သော တဏှာသည် (= အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံထားအပ်သော ကံသည်) ဖြစ်စေထိုက်ကုန်သော အနာဂတ်ဘဝ၏ ပဋိသန္ဓေအခိုက်၌ ဖြစ်ကြကုန်သော အာဟာရလေးမျိုးတို့ကို အာဟာရသုတ္တန်ပါဠိတော်၌ လာရှိသော ‘စတ္တာရော အာဟာရာ’-အရ ကောက်ယူပါ။ အကယ်၍ ယင်းအနာဂတ် ပဋိသန္ဓေသည် တိဟိတ်သောမနဿပဋိသန္ဓေ ဖြစ်အံ့၊ ပဋိသန္ဓေနာမ်တရား (၃၄)လုံး ရှိမည် ဖြစ်သည်။ ယောဂီ သူတော်ကောင်း မျှော်လင့်တောင့်တထားသည့် အရဟတ္တဖိုလ် ရနိုင်သည့် အနာဂတ်ရဟန်းဘဝပဋိသန္ဓေကိုပင် အာရုံ ယူထားပါ။ ယင်းအနာဂတ်ပဋိသန္ဓေကား ဥပပတ္တိဘဝ = ဇာတိပင်တည်း။ ယင်းအနာဂတ်ပဋိသန္ဓေတရားစုတို့တွင်..

၁။ ကမ္မဇရုပ်တို့တွင် ပါဝင်သော ကမ္မဇဩဇာကား ကဗဠီကာရာဟာရတည်း။
၂။ ပဋိသန္ဓေဝိညာဏ်နှင့်ယှဉ်သော ဖဿကား ဖဿာဟာရတည်း။
၃။ ပဋိသန္ဓေဝိညာဏ်နှင့်ယှဉ်သော စေတနာကား မနောသေဉ္စတနာဟာရတည်း။
၄။ ပဋိသန္ဓေဝိညာဏ်ကား ဝိညာဏာဟာရတည်း။

၁။ ဤအာဟာရလေးပါးတို့ကား အနာဂတ်အဓွန့်ကာလတရားစုတို့တည်း။
၂။ ယင်းအနာဂတ်အာဟာရလေးပါးတို့၏ အကြောင်းရင်းခံဖြစ်သော တဏှာစသော တရားတို့ကား (= ကမ္မဘဝ၊ ဥပါဒါန်၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်တို့ကား) ပစ္စုပ္ပန်အဓွန့်ကာလတရားစုတို့တည်း။
၃။ သင်္ခါရနှင့် အဝိဇ္ဇာတို့ကား အတိတ်အဓွန့်ကာလတရားစုတို့တည်း။[မှတ်စု ၂၃]

ဤယူဆနည်း၌ အနာဂတ်အဓွန့်ကာလတရား, ပစ္စုပ္ပန်အဓွန့်ကာလတရား, အတိတ်အဓွန့်ကာလတရားဟူသော အဓွန့်ကာလတရား (၃)မျိုးလုံး ပါဝင်ပေသည်။ ရှုကွက်မှာ ယင်းအနာဂတ်ပဋိသန္ဓေဟူသော အာဟာရ (၄)ပါးက စ၍ အတိတ်အဓွန့်ကာလတရားဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်လှန်၍ အကျိုးနှင့်အကြောင်း ဆက်နွယ်မှု သဘောတရားကို တစ်စတစ်စ သိမ်းဆည်းရမည် ဖြစ်သည်။

  1. ဣတိ ခေါ ဘိက္ခဝေ အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ပ။ ဇာတိပစ္စယာ ဇရာမရဏံ။ (မ၊၁၊၃၂၈။)
  2. (အဘိ၊ဋ္ဌ၊၂၊၁၂၄။ ဝိသုဒ္ဓိ၊၂၊၁၅၄၊၊)
  3. တဿ တံ ဝေဒနံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ။ ယာ ဝေဒနာသု နန္ဒီ၊ တဒုပါဒါနံ။ တဿုပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ။ (မ၊၁၊၃၃၃။ သံ၊၂၊၁၃။)
  4. (အဘိ၊ဋ္ဌ၊၂၊၁၂၄။ ဝိသုဒ္ဓိ၊၂၊၁၅၄-၁၅၅။)
  5. ဇာတိပစ္စယာ ဇရာမရဏန္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဇာတိပစ္စယာ နု ခေါ ဘိက္ခဝေ ဇရာမရဏံ နော ဝါ၊ ကထံ ဝါ ဧတ္ထ ဟောတီတိ။
    ဇာတိပစ္စယာ ဘန္တေ ဇရာမရဏံ၊ ဧဝံ နော ဧတ္ထ ဟောတိ ‘ဇာတိပစ္စယာ ဇရာမရဏ’န္တိ။
    ဘဝပစ္စယာ ဇာတိ။ ပ။ အဝိဇ္ဇာပစ္စယာ သင်္ခါရာတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ အဝိဇ္ဇာပစ္စယာ နု ခေါ ဘိက္ခဝေ သင်္ခါရာ နော ဝါ၊ ကထံ ဝါ ဧတ္ထ ဟောတီတိ။
    အဝိဇ္ဇာပစ္စယာ ဘန္တေ သင်္ခါရာ၊ ဧဝံ နော ဧတ္ထ ဟောတိ ‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ’တိ။ (မ၊၁၊၃၂၈။)
  6. (အဘိ၊ဋ္ဌ၊၂၊၁၂၄။ ဝိသုဒ္ဓိ၊၂၊၁၅၅။)
  7. ဣမေ ခေါ ဘိက္ခဝေ စတ္တာရော အာဟာရာ ကိံနိဒါနာ ကိံသမုဒယာ ကိံဇာတိကာ ကိံပဘဝါ။ ဣမေ စတ္တာရော အာဟာရာ တဏှာနိဒါနာ တဏှာသမုဒယာ တဏှာဇာတိကာ တဏှာပဘဝါ။ တဏှာ စာယံ ဘိက္ခဝေ ကိံ နိဒါနာ။ ဝေဒနာ။ ဖေဿာ။ သဠာယတနံ။ နာမရူပံ။ ဝိညာဏံ။ သင်္ခါရာ ကိံနိဒါနာ။ ပ။ သင်္ခါရာ အဝိဇ္ဇာနိဒါနာ အဝိဇ္ဇာသမုဒယာ အဝိဇ္ဇာဇာတိကာ အဝိဇ္ဇာပဘဝါ။ (သံ၊၁၊၂၅၃။)
  8. (အဘိ၊ဋ္ဌ၊၂၊၁၂၄-၁၂၅။ ဝိသုဒ္ဓိ၊၂၊၁၅၄-၁၅၅။)
  9. (မ၊၁၊၃၃၃။)
  10. ဝိပါကဝဋ္ဋဘူတေ ပဋိသန္ဓိပဝတ္တိဖဿာဒိကေ ကမ္မသမုဋ္ဌာနဉ္စ ဩဇံ သန္ဓာယ “စတ္တာရော အာဟာရာ တဏှာနိဒါနာ”တိအာဒိ ဝုတ္တံ၊ ဝဋ္ဋူပတ္ထမ္ဘကာ ပန ဣတရေပိ အာဟာရာ တဏှာပဘဝေ တသ္မိံ အဝိဇ္ဇမာနေ န ဝိဇ္ဇန္တီတိ “တဏှာနိဒါနာ”တိ ဝတ္တုံ ဝဋ္ဋန္တိ။ (မူလဋီ၊၂၊၈၅။ မဟာဋီ၊၂၊၂၄၃။)
  11. ဣမေသံ သတ္တာနံ ခါဒန္တာနမ္ပိ အခါဒန္တာနမ္ပိ ဘုဉ္ဇန္တာနမ္ပိ အဘုဉ္ဇန္တာနမ္ပိ ပဋိသန္ဓိစိတ္တေနေဝ သဟဇာတာ ကမ္မဇာ ဩဇာ နာမ အတ္ထိ၊ သာ ယာဝပိ သတ္တမာ ဒိဝသာ ပါလေတိ၊ အယမေဝ ဥပါဒိဏ္ဏကကဗဠီကာရာဟာရောတိ ဝေဒိတဗ္ဗော။ တေဘူမကဝိပါက ဝသေန ပန ဥပါဒိဏ္ဏကဖဿာဒယော ဝေဒိတဗ္ဗာ၊ တေဘူမကကုသလာကုသလကိရိယဝသေန အနုပါဒိဏ္ဏကာ။ လောကုတ္တရာ ပန ရုဠှီဝသေန ကထိတာတိ။ (သံ၊ဋ္ဌ၊၂၊၂၃-၂၄။)
  12. ပဋိသန္ဓိစိတ္တေနေဝ သဟဇာတာတိ လက္ခဏဝစနမေတံ၊ သဗ္ဗာယပိ ကမ္မဇရူပပရိယာပန္နာယ ဩဇာယ အတ္ထိဘာဝဿ အဝိစ္ဆေဒပ္ပဝတ္တိသမ္ဘဝဒဿနတ္ထော။ သတ္တမာတိ ဥပ္ပန္နဒိဝသတော ပဋ္ဌာယ ယာဝ သတ္တမဒိဝသာပိ။ ရူပသန္တတိံ ပါလေတိ ပဝေဏိဃဋနဝသေန။ အယမေဝါတိ ကမ္မဇဩဇာ။ ကမ္မဇဩဇံ ပန ပဋိစ္စ ဥပ္ပန္နဩဇာ အကမ္မဇတ္တာ အနုပါဒိဏ္ဏအာဟာရောတွေဝ ဝေဒိတဗ္ဗော။ (သံ၊ဋီ၊၂၊၂၇။)
  13. (စာမျက်နှာ၊၃၂၅ .. စသည်။)
  14. (သံ၊ဋ္ဌ၊၂၊၂၄။)
  15. (သံ၊ဋ္ဌ၊၂၊၂၄။)
  16. (သံ၊ဋ္ဌ၊၂၊၂၄။)
  17. ဧတ္ထ စ “မနောသေဉ္စတနာ တယော ဘဝေ အာဟရတီ”တိ သာသဝကုသလာကုသလစေတနာဝ ဝုတ္တာ။ “ဝိညာဏံ ပဋိသန္ဓိနာမရူပံ အာဟရတီ”တိ ပဋိသန္ဓိဝိညာဏမေဝ ဝုတ္တံ။ အဝိသေသေန ပန တံသမ္ပယုတ္တတံသမုဋ္ဌာနဓမ္မာနံ အာဟရဏတောပေတေ “အာဟာရာ”တိ ဝေဒိတဗ္ဗာ။ (သံ၊ဋ္ဌ၊၂၊၂၅။)
    သာသဝကုသလာကုသလစေတနာဝ ဝုတ္တာ ဝိသေသပစ္စယဘာဝဒဿနံ ဟေတန္တိ၊ တေနာဟ “အဝိသေသေန ပနာ”တိအာဒိ။ ပဋိသန္ဓိဝိညာဏမေဝ ဝုတ္တန္တိ ဧတ္ထာပိ ဧသေဝ နယော။ ယထာ တဿ တဿ ဖလဿ ဝိသေသတော ပစ္စယတာယ ဧတေသံ အာဟာရတ္ထော၊ ဧဝံ အဝိသေသတောပီတိ ဒေဿတုံ “အဝိသေသေနာ”တိအာဒိ ဝုတ္တံ။ (သံ၊ဋီ၊၂၊၂၈-၂၉။)
  18. (သံ၊ဋ္ဌ၊၂၊၂၅။)
  19. (သံ၊ဋ္ဌ၊၂၊၂၅။)
  20. ဥပါဒိဏ္ဏရူပသန္တတိယာ ဥပတ္ထမ္ဘနေနေဝ ဥတုစိတ္တဇရူပသန္တတီနမ္ပိ ဥပတ္ထမ္ဘနသိဒ္ဓိ ဟောတီတိ “ဒွိန္နံ ရူပသန္တတီန”န္တိ ဝုတ္တံ။ ဥပတ္ထမ္ဘနမေဝ သန္ဓာယ “အနုပါလကော ဟုတွာ”တိ စ ဝုတ္တံ။ ရူပကာယဿ ဌိတိဟေတုတာ ဟိ ယာပနာ အနုပါလနာ။ (သံ၊ဋီ၊၂၊၂၉။)
  21. (သံ၊ဋ္ဌ၊၂၊၂၇။)
  22. (သံ၊ဋ္ဌ၊၂၊၂၄။ မူလဋီ၊၂၊၈၆။ မဟာဋီ၊၂၊၂၄၅။)
  23. အာဟာရာ ဝါ တဏှာယ ပဘာဝေတဗ္ဗာ အနာဂတော အဒ္ဓါ၊ တဏှာဒယော ပစ္စုပ္ပန္နော၊ သင်္ခါရာဝိဇ္ဇာ အတီတောတိ။ (မူလဋီ၊၂၊၈၆။ မဟာဋီ၊၂၊၂၄၄-၂၄၅။)