နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း
ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း
မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိတစ်ခုခုကို ပြန်လည်ထူထောင်ပါ။ ထိုသမာဓိကြောင့် လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းလင်းရောင်ခြည် အကူအညီဖြင့် အဇ္ဈတ္တ သို့မဟုတ် ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့တွင် အဆီခဲ၏ သို့မဟုတ် ကျင်ငယ်၏ အဝါရောင်ကို အာရုံယူကာ –
ပီတကံ - ပီတကံ - ပီတကံ = အဝါ - အဝါ - အဝါဟု နှလုံးသွင်းပါ။
ကြွင်းသော အချက်အလက်များကို ဩဒါတကသိုဏ်း, နီလကသိုဏ်းတို့၌ ဆိုခဲ့သည့် အကြောင်းအရာများကို နည်းမှီ၍ သိရှိပါလေ။ စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် အဇ္ဈတ္တ ကျင်ငယ်, ဗဟိဒ္ဓ ကျင်ငယ် နှစ်မျိုးလုံး၌ တစ်လှည့်စီ ပွားများပါ။
ကျင်ကြီး ကျင်ငယ်တို့သည် သဘာဝအားဖြင့် အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ကောဋ္ဌာသများပင် ဖြစ်ကြ၏၊ မည်မျှပင် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ကောဋ္ဌာသပင် ဖြစ်ချင်ဖြစ်ပါစေ၊ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရတရားသည် ထင်ရှားတည်ရှိနေသည်ဖြစ်အံ့၊ ထိုကျင်ကြီးသည် သို့မဟုတ် ထိုကျင်ငယ်သည် အဝါရောင်ဖြစ်ပါက ဝါရွှေသော အရောင်ရှိသော ထိုကျင်ကြီးက သို့မဟုတ် ထိုကျင်ငယ်က ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် စတုတ္ထစျာန်သမာဓိ ဖြစ်ပေါ်လာသည့်တိုင်အောင် အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့် အားကြီးသော မှီရာအာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးနေမည်သာ ဖြစ်ပေသည်။ ယင်းစတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြုကာ ဝိပဿနာသို့ ကူးခဲ့သော် ပါရမီအား လျော်စွာ အရဟတ္တဖိုလ်သို့တိုင်အောင်ပင် ဆိုက်ရောက်နိုင်ပေသည်။ ထိုကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ယောနိသောမနသိကာရကို အမြဲတမ်း မွေးမြူပါ။ အနှစ်သာရ ဘာမျှ ရှာမရသော ခန္ဓာအိမ်အတွင်းမှ ဘာဝနာဟူသော အနှစ်သာရကို ရရှိအောင် ထုတ်ယူတတ်ပါစေ၊ တန်ဖိုးရှိသော ဘဝတစ်ခု ဖြစ်အောင် ကြိုးပမ်းပါလေလော့။
ပန်းပိတောက်နှင့် ငုရွှေဝါ
ပိတောက်တွေ ရွှေရည်လူးသည့်.. အတာကူးသည့် လတန်ခူးဝန်းကျင်တွင် ပင်လုံးကျွတ် ဖူးပွင့်ဝေဆာလျက် ရှိကြသော ပန်းပိတောက်နှင့် ငုရွှေဝါတို့က ယခုကဲ့သို့ အဝါရောင် ပီတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည် တိုင်အောင် ပွားများအားထုတ်ထားပြီးသည့် သူတော်ကောင်း တစ်ဦးကို “လာစမ်းပါ ရှုကြည့်ကြစမ်းပါ”- ဟု ဖိတ်ခေါ်နေသကဲ့သို့ ရှိကြ၏၊ အဝါရောင် ပီတကသိုဏ်း၌ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ထားပြီးသည့် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ပင်လုံးကျွတ်ပွင့်နေသော ပန်းပိတောက် တို့ကို တွေ့မြင်ရသောအခါ၌လည်းကောင်း, ပင်လုံးကျွတ်ပွင့်နေသော ငုရွှေဝါတို့ကို တွေ့မြင်ရသောအခါ၌လည်းကောင်း ရှေးရှေးဘာဝနာသမာဓိတို့၏ အကူအညီကို ယူ၍ဖြစ်စေ, မယူဘဲနှင့်ပင်ဖြစ်စေ ယင်းပင်လုံးကျွတ်ပွင့်နေသော ပန်းတို့၏ အဝါရောင်ကို ပီတကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်ပါက အချိန်အနည်းငယ်အတွင်းမှာပင် တစ်လောက လုံးကို အဝါရောင်ဖြင့် လွှမ်းခြုံထားသည်ကို တွေ့မြင်ရကာ စတုတ္ထစျာန်သမာဓိသို့တိုင်အောင် အဆင့်ဆင့်သော သမာဓိကို လွယ်ကူစွာပင် ထူထောင်ရရှိကြသော ဟူ၏၊ ယင်းသမာဓိကို ကားစီးကာ သွားလျက်ပင် လေ့ကျင့်၍ ရတတ်ကြ၏၊ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရတရား ထင်ရှားရှိနေသည့် ယောဂါဝစရ ပုဂ္ဂိုလ်တစ်ဦးအဖို့ အဝါရောင် ဝတ်စုံတစ်ခုကလည်း ပီတကသိုဏ်း၏တည်ရာ အာရုံနိမိတ် ဖြစ်နိုင်၏၊ အဝါရောင် ဆေးဒန်းမြင်းသီလာ ကျောက်ဖျာတစ်ချပ်ကလည်း ပီတကသိုဏ်း၏တည်ရာ အာရုံနိမိတ် ဖြစ်နိုင်၏၊ ယင်းအဝါရောင် ဝတ်စုံတစ်ခုက သို့မဟုတ် ယင်းအဝါရောင် ဆေးဒန်းမြင်းသီလာ ကျောက်ဖျာတစ်ခုက ပီတကသိုဏ်းကို ပွားများလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏သန္တာန်၌ စတုတ္ထစျာန်သမာဓိ ဖြစ်ပေါ်လာသည့်တိုင်အောင် အာရမ္မဏပစ္စယ သတ္တိဖြင့် အာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးလျက်ပင် ရှိပေသည်။