မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဘဝပစ္စယာ ဇာတိ

ဝီကီရင်းမြစ် မှ

ဘဝပစ္စယာ ဇာတိ = (ကမ္မ) ဘဝ ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏၊

ဘဝပစ္စယာ ဇာတိ - ဟူသော ဤအရာ၌ ဘဝအရ ဇာတိကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော ကမ္မဘဝကို သာလျှင် အလိုရှိအပ်၏၊ မှန်ပေသည် - ထိုကမ္မဘဝသည်သာလျှင် ဇာတိ၏ အကြောင်းရင်းစစ် ဖြစ်၏၊ ဥပပတ္တိဘဝ သည်ကား ဇာတိ၏ အကြောင်းရင်းစစ် မဟုတ်ပေ။[မှတ်စု ၁]

ဥပပတ္တိဘဝ၏ ဖြစ်ခြင်းသည်ပင် ဇာတိဖြစ်ရကား - “ဥပပတ္တိဘဝသည် ဇာတိ၏ အကြောင်းရင်းစစ် မဟုတ်ပေ” ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။[မှတ်စု ၂]

ထိုကြောင့် ဇာတိအရ ဥပပတ္တိဘဝအမည်ရသော အနာဂတ်ခန္ဓာငါးပါးတို့၏ ရှေ့ဦးအစဖြစ်ခြင်းသဘောကို ကောက်ယူပါ။ ရှေ့ဦးအစဖြစ်သော ပဋိသန္ဓေခန္ဓာငါးပါးကို ကောက်ယူပါဟု ဆိုလို၏၊

အကယ်၍ ယောဂီသူတော်ကောင်းသည် ဩဒါတကသိုဏ်း စတုတ္ထစျာန်ကမ္မဘဝကြောင့် အနာဂတ် ဗြဟ္မာဘဝ ဇာတိကို ရရှိကြောင်းကို ဉာဏ်ဖြင့် တွေ့မြင်သည် ဖြစ်အံ့၊ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်သည် ဖြစ်အံ့၊ ထိုဗြဟ္မာဘဝ ဇာတိ ခန္ဓာငါးပါး၌ .. ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒဟူသော ပသာဒရုပ် အကြည်ဓာတ်များနှင့် ဘာဝရုပ်တို့ မပါဝင်ကြသဖြင့် ဃာနဒသကကလာပ် ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်တို့ မရှိမှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သိမ်းဆည်းရှုပွားပါ။ သတိပြု၍ ရှုကြည့်ပါလေ။

ရှုကွက်ပုံစံ - အနည်းငယ်

၁။ ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏၊ ကမ္မဘဝက အကြောင်းတရား၊ ဇာတိက အကျိုးတရား။

မေးမြန်းဖွယ်ရာအချက်

အမေး–– ကမ္မဘဝသည် ဇာတိ၏ အကြောင်းတရားဖြစ်ပုံကို အဘယ်သို့လျှင် သိရှိနိုင်ပါသနည်းဟူငြားအံ့၊

အဖြေ–– အဇ္ဈတ္တ သန္တာန်မှ ပြင်ပ၌ ဖြစ်ကုန်သော အကြောင်းတရားတို့၏ တူကုန်သည်၏အဖြစ်သည် ထင်ရှား ရှိပါသော်လည်း သတ္တဝါတို့၏ ယုတ်ညံ့သည်၏အဖြစ် မြင့်မြတ်သည်၏အဖြစ် ရုပ်အဆင်းလှသည်၏အဖြစ် ရုပ်အဆင်း မလှသည်၏အဖြစ် အစရှိသော မတူထူးခြား ကွဲပြားမှုကို မြင်တွေ့ရခြင်းကြောင့် ကမ္မဘဝသည် ဇာတိ၏ အကြောင်း ဖြစ်ကြောင်းကို သိရှိနိုင်ပေသည်။ ဖြစ်စေတတ်သောအဖ ဖြစ်စေတတ်သောအမိတို့၏ သုက်သွေး, အစာအာဟာရ အစရှိကုန်သော အဇ္ဈတ္တသန္တာန်မှ ပြင်ပ၌ ဖြစ်ကုန်သော အကြောင်းတရားတို့၏ တူမျှကုန်သည်၏ အဖြစ်သည် ထင်ရှားရှိပါသော်လည်း အမြွှာပူးသတ္တဝါတို့ အချင်းချင်းသော်မှလည်း ယုတ်ညံ့သည်၏အဖြစ် မွန်မြတ်သည်၏အဖြစ် အဆင်းလှသည်၏အဖြစ် အဆင်းမလှသည်၏အဖြစ် အစရှိသော ထူးထွေကွဲပြားမှုကို တွေ့ရှိရ၏၊

ထိုကဲ့သို့ မတူထူးခြား ကွဲပြားမှုကား အကြောင်းမရှိဘဲ ဖြစ်ပေါ်လာသည်ကား မဟုတ်ပေ။ အဘယ်ကြောင့်နည်း ဟူမူ –– အခါခပ်သိမ်းလည်းကောင်း အလုံးစုံသော သတ္တဝါတို့၏ သန္တာန်၌လည်းကောင်း မရှိ ခြင်းကြောင့် ဖြစ်၏၊ ကမ္မဘဝမှ အခြားတစ်ပါးသော အကြောင်းတရားလည်း မရှိနိုင်။ အကြောင်းမူ –– ထိုကမ္မဘဝကြောင့် ဖြစ်ရသော သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်၌ ကမ္မဘဝမှ အခြားတစ်ပါးသော အကြောင်းတရား၏ မရှိခြင်းကြောင့်တည်း။ ထိုကြောင့် ထို အယုတ် အမြတ်, လှ မလှ စသော ထူးထွေကွဲပြားမှုသည် ကမ္မဘဝဟူသော အကြောင်း ရှိသည်သာ ဖြစ်၏၊ မှန်ပေသည် ––- ကံသည် သတ္တဝါတို့၏ အယုတ် အမြတ်, လှ မလှ စသည်တို့၏ ထူးသော အကြောင်းတရားတည်း။ ထိုကြောင့် ဘုရားရှင်သည် စူဠကမ္မဝိဘင်္ဂသုတ္တန်[မှတ်စု ၃]၌ ဤသို့ ဟောကြားထားတော်မူ၏ ..။

ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပဏီတတာယ ...

= ကံတရားသည် သတ္တဝါတို့ကို ယုတ်ညံ့သူဖြစ်အောင် မြင့်မြတ်သူဖြစ်အောင် ခွဲခြားဝေဖန်၏ ...။” ထိုကြောင့် ကမ္မဘဝသည် ဇာတိ၏ အကြောင်းတရားဖြစ်ကြောင်းကို သိရှိနိုင်ပါ၏ ဟူပေ။ [မှတ်စု ၄]

  1. ဘဝေါတိ ပနေတ္ထ ကမ္မဘဝေါဝ အဓိပ္ပေတော။ သော ဟိ ဇာတိယာ ပစ္စယော န ဥပပတ္တိဘဝေါ။ (အဘိ၊ဋ္ဌ၊၂၊၁၇၈။ ဝိသုဒ္ဓိ၊၂၊၂၁၀။)
  2. ဥပပတ္တိဘဝုပ္ပတ္တိယေဝ ဇာတီတိ အာဟ “န ဥပပတ္တိဘဝေါ”တိ။ (မဟာဋီ၊၂၊၃၃၄။)
  3. (မ၊၃၊၂၄၄။)
  4. (အဘိ၊ဋ္ဌ၊၂၊၁၇၈-၁၇၉။ ဝိသုဒ္ဓိ၊၂၊၂၁၀။)