နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/မေတ္တာဘာဝနာကမ္မဋ္ဌာန်း
စတုရာရက္ခကမ္မဋ္ဌာန်းပိုင်း
ဗြဟ္မဝိဟာရကမ္မဋ္ဌာန်းပိုင်း - မေတ္တာဘာဝနာကမ္မဋ္ဌာန်း
ဤမေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် “ဤပုဂ္ဂိုလ်တို့၌ ရှေးဦးစွာ မေတ္တာဘာဝနာကို မပွားအပ်၊ ဤပုဂ္ဂိုလ်တို့၌ အချင်းခပ်သိမ်း မေတ္တာဘာဝနာကို မပွားအပ်”ဟု မေတ္တာဘာဝနာကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်တို့ကို သိထားသင့်၏၊
၁။ အပ္ပိယပုဂ္ဂလ= မချစ်အပ်သောပုဂ္ဂိုလ်၊
၂။ အတိပ္ပိယသဟာယက = အလွန်ချစ်အပ်သော အပေါင်းအဖော်ပုဂ္ဂိုလ်၊
၃။ မဇ္ဈတ္တပုဂ္ဂလ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
၄။ ဝေရီပုဂ္ဂလ= ရန်သူပုဂ္ဂိုလ်၊
ဤပုဂ္ဂိုလ် (၄)မျိုးတို့၌ မေတ္တာစျာန်ကို မရသေးမီ ရှေးဦးစွာ အဦးဆုံး မပွားအပ်။ မေတ္တာစျာန်ကို ရရှိပြီးသော အခါ၌ကား (အတ္တ-ပိယ-မဇ္ဈတ္တ-ဝေရီ ဟူသော) အစီအစဉ်အတိုင်း မေတ္တာစျာန်ကို ရရှိအောင် ပွားနိုင်သည်။ သို့သော် ယင်းပုဂ္ဂိုလ်တို့မှာ လိင်တူပုဂ္ဂိုလ် အသက်ရှင်ဆဲပုဂ္ဂိုလ်တို့သာ ဖြစ်ရမည်။[မှတ်စု ၁]
၅။ လိင်္ဂဝိသဘာဂ = လိင်မတူသောပုဂ္ဂိုလ်၊
ဤပုဂ္ဂိုလ်ကို သီးသန့် မေတ္တာမပွားအပ်။ အမျိုးသမီး ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသားတစ်ဦးကို အာရုံယူ၍ သီးသန့် မေတ္တာမပွားအပ်၊ အမျိုးသား ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသမီးတစ်ဦးကို အာရုံယူ၍ သီးသန့် မေတ္တာ မပွားအပ်။ ရာဂဖြစ်တတ်သောကြောင့် ထိုသို့ သီးသန့် မပွားသင့်ခြင်း ဖြစ်၏၊
၆။ ကာလကတပုဂ္ဂလ = သေသွားသောပုဂ္ဂိုလ်၌ အချင်းခပ်သိမ်း မေတ္တာ မပွားအပ်။
အကြောင်းပြချက်– အပ္ပိယပုဂ္ဂိုလ်ကို ပိယပုဂ္ဂိုလ်အရာ၌ထားလျက် မေတ္တာပွားသောပုဂ္ဂိုလ်သည် ပင်ပန်း တတ်၏၊ အတိပ္ပိယသဟာယကပုဂ္ဂိုလ်ကို မဇ္ဈတ္တပုဂ္ဂိုလ်အရာ၌ထားလျက် မေတ္တာပွားသောပုဂ္ဂိုလ်သည် ပင်ပန်းတတ်၏၊ ထိုအတိပ္ပိယသဟာယကပုဂ္ဂိုလ်၏ သန္တာန်ဝယ် အနည်းငယ်မျှသာလျှင်ဖြစ်သော ဆင်းရဲဒုက္ခသည် ဖြစ်ပေါ်လာလတ်သော် ငိုအံ့သော အခြင်းအရာသို့ ရောက်သကဲ့သို့ ဖြစ်တတ်၏၊ မဇ္ဈတ္တပုဂ္ဂိုလ်ကို လေးစားထိုက်သောပုဂ္ဂိုလ် အရာ၌လည်းကောင်း, ပိယပုဂ္ဂိုလ်အရာ၌လည်းကောင်း ထားလျက် မေတ္တာဘာဝနာကို ပွားများသောသူသည် ပင်ပန်းတတ်၏၊ ဝေရီပုဂ္ဂိုလ်ကို အဖန်တလဲလဲ အောက်မေ့သော ယောဂါဝစရပုဂ္ဂိုလ်အား အမျက်ဒေါသသည် ထင်ရှား ဖြစ်ပေါ်လာတတ်၏၊ ထို့ကြောင့် ဤပုဂ္ဂိုလ် (၄)မျိုးတို့၌ ရှေးဦးစွာ မေတ္တာဘာဝနာကို မပွားများသင့်ပေ။ လိင်္ဂဝိသဘာဂ = လိင်မတူသောပုဂ္ဂိုလ်၌ကား ရာဂဖြစ်တတ်သောကြောင့် သီးသန့်မေတ္တာဘာဝနာကို မပွားသင့်ခြင်း ဖြစ်၏၊ သို့သော် “သဗ္ဗာ ဣတ္ထိယော = အမျိုးသမီးအားလုံးတို့သည် ဘေးရန်ကင်းကြပါစေ၊ သဗ္ဗေ ပုရိသာ = အမျိုးသားအားလုံးတို့သည် ဘေးရန်ကင်းကြပါစေ” ဤသို့စသည်ဖြင့် မေတ္တာစျာန်ကို ရရှိ ပြီးရာ သီမာသမ္ဘေဒကို ပြိုအောင် ဖြိုပြီးရာအခါ၌ မေတ္တာကို ပွားများနိုင်သည်။ သေလွန်သွားပြီးသော ပုဂ္ဂိုလ်၌ မေတ္တာဘာဝနာကို ပွားများခဲ့သည်ရှိသော် မေတ္တာအပ္ပနာ စျာန်သို့လည်း မဆိုက်ရောက်နိုင်၊ ဥပစာရစျာန်သမာဓိသို့လည်း မဆိုက်ရောက်နိုင်။ ထိုကြောင့် သေသူကို အာရုံယူ၍ မေတ္တာကို မပွားပါနှင့်။[မှတ်စု ၂]
မေတ္တာပွားရမည့် ပုဂ္ဂိုလ်အစဉ်မှာ ..
၁။ အတ္တ= မိမိ,
၂။ ပိယ= ချစ်ခင်လေးစားအပ်သူနှင့် အလွန်ချစ်မြတ်နိုးအပ်သူ,
၃။ မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်,
၄။ ဝေရီ= ရန်သူပုဂ္ဂိုလ် ––
ဤပုဂ္ဂိုလ် (၄)ဦးကို အစဉ်အတိုင်းပွားပါ။ မိမိကိုယ်ကို မိမိ စ၍ မေတ္တာပွားခြင်းမှာ သက်သေအရာ၌ ထားရန် အတွက်သာ ဖြစ်၏၊ အပ္ပနာစျာန်ကို ရရှိရေးအတွက်ကား မဟုတ်ပေ။ မှန်ပေသည် – ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် နှစ်ပေါင်းတစ်ရာကာလပတ်လုံးသော်လည်းကောင်း, နှစ်ပေါင်းတစ်ထောင်ကာလပတ်လုံးသော်လည်းကောင်း “အဟံ သုခိတော ဟောမိ= ငါသည် ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်း ရှိသည် ဖြစ်ပါစေ” ဤသို့ စသောနည်းဖြင့် မိမိ၌ မေတ္တာကို အကယ်၍ ပွားစေကာမူ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အပ္ပနာစျာန်သည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်။ “အဟံ သုခိတော ဟောမိ= ငါသည် ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာ ခြင်းရှိသည် ဖြစ်ပါစေ”ဟု မိမိကိုယ်ကို မိမိ မေတ္တာပွားသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ငါသည် ချမ်းသာသုခကို အလိုရှိသကဲ့သို့, ဆင်းရဲကို စက်ဆုပ်သကဲ့သို့, အသက်ရှည်လိုသကဲ့သို့, မသေလိုသကဲ့သို့, အလားတူပင် ငါမှ တစ်ပါးကုန်သော သတ္တဝါတို့သည်လည်း ချမ်းသာကို အလိုရှိကြကုန်သည် ဆင်းရဲကို စက်ဆုပ်ကြကုန်သည် အသက်ရှည်လိုကြကုန်သည် ဖြစ်ပေကုန်၏ဟု ဤသို့လျှင် မိမိကိုယ်ကို သက်သေပြု၍ အခြားသောသတ္တဝါတို့၌ စီးပွားချမ်းသာကို အလိုရှိသည့် စိတ်နေစိတ်ထားသည် ဖြစ်ပေါ်လာတတ်၏၊
သဗ္ဗာ ဒိသာ အနုပရိဂမ္မ စေတသာ၊ နေဝဇ္ဈဂါ ပိယတရမတ္တနာ ကွစိ။
ဧဝံ ပိယော ပုထု အတ္တာ ပရေသံ၊ တသ္မာ န ဟိံသေ ပရမတ္တကာမော။[မှတ်စု ၃]
“ခပ်သိမ်းသော အရပ်မျက်နှာတို့သို့လည်း စိတ်ဖြင့် ထက်ဝန်းကျင် ရှာဖွေသောအားဖြင့် အစဉ်လှည့်ပတ်၍ ရှာဖွေသော်လည်း မိမိထက် သာလွန် ချစ်မြတ်နိုးအပ်သော အခြားတစ်ပါးသော သတ္တဝါကို မည်သည့်အရပ်၌မျှ မရနိုင်လေရာ မတွေ့မြင်နိုင်လေရာ။ ဤသို့ မိမိထက် ချစ်မြတ်နိုးအပ်သူကို မရနိုင်ခြင်း မတွေ့မြင်နိုင်ခြင်း၏ အစွမ်းဖြင့် အသီးအသီး ကိုယ်စီကိုယ်စီ မိမိမှ တစ်ပါးကုန်သော ထိုထိုသတ္တဝါတို့သည်လည်း သူတို့ကိုယ်ကို သူတို့ ချစ်မြတ်နိုးကြ၏၊ ထိုကြောင့် မိမိ၏ စီးပွားချမ်းသာကို လိုလားတောင့်တသော သူတော်ကောင်းသည် တစ်ပါးသော သတ္တဝါကို မညှဉ်းဆဲလေရာ။”[မှတ်စု ၄]
ဤညွှန်ကြားချက်များနှင့်အညီ စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာရန် ကိုယ်ချင်းစာတရား ကိန်းဝပ်လာရန်အတွက် ရှေ့ဦးစွာ မိမိကိုယ်ကိုမိမိ မေတ္တာ အချိန်အနည်းငယ် ပွားပါ။
၁။ အဟံ အဝေရော ဟောမိ = ငါသည် ဘေးရန် ကင်းပါစေ၊
၂။ အဗျာပဇ္ဇော ဟောမိ = စိတ်ဆင်းရဲ ကင်းပါစေ၊
၃။ အနီဃော ဟောမိ= ကိုယ်ဆင်းရဲ ကင်းပါစေ၊
၄။ သုခီ အတ္တာနံ ပရိဟရာမိ= ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။
စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာ၍ ကိုယ်ချင်းစာတရားများ စွမ်းအားကြီးမားလာသောအခါ .. အခြား သတ္တဝါများကို ပြောင်း၍ မေတ္တာပွားနိုင်ပါသည်။ သို့သော် စိတ်ဓာတ် နူးညံ့ပျော့ပျောင်းပြီးသူ, ကိုယ်ချင်းစာတရား အားကောင်းပြီးသူ, အခြားသတ္တဝါတစ်ယောက်ကို အာရုံယူ၍ မေတ္တာဘာဝနာကို မငြိုမငြင် မပင်မပန်း လွယ်လွယ်ကူကူ ပွားများနိုင်သူတို့အဖို့ကား ဤ မိမိကိုမိမိ မေတ္တာပွားမှုမှာ အလွန်ကြီး မလိုအပ်ပါ။ အခြားသတ္တဝါတစ်ဦးကို မေတ္တာစျာန် ဆိုက်အောင် မေတ္တာပွားလိုပါက အောက်ပါ အစီအစဉ်အတိုင်း ပြုကျင့်ပါ။
ပိယဂရုဘာဝနီယ လိင်တူပုဂ္ဂိုလ်
ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကိုဖြစ်စေ, စွမ်းနိုင်ပါက ဩဒါတ ကသိုဏ်း စတုတ္ထစျာန်သမာဓိကိုဖြစ်စေ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသည့်တိုင်အောင် တစ်ဖန် ပြန်၍ သမာဓိ ထူထောင်ပါ။ ဩဒါတကသိုဏ်းသမာဓိမှာ ပို၍ ကောင်းမွန်ပေ၏၊ ယင်းသမာဓိနှင့် ယင်းလင်းရောင်ခြည် စွမ်းအင်တို့၏ အကူအညီကို ရရှိသော, ယင်းသမာဓိတို့၏ အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကို ဆက်ခံရသော ယောဂါဝစရပုဂ္ဂိုလ်၏ မေတ္တာဘာဝနာသည် ချောမောလွယ်ကူလျက် ရှိနေမည်သာ ဖြစ်၏၊ အကြောင်းမူ ယင်းစတုတ္ထစျာန်သမာဓိကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်ဓာတ်သည် အနင်္ဂဏဝိဂတူပက္ကိလေသ = ရာဂ ဒေါသ မောဟ စသည့် ကိလေသာအညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်လျက် ရှိ၏၊ မုဒုဘူတ = နူးညံ့ပျော့ပျောင်းလျက် ရှိ၏၊ ကမ္မနိယ = ထိုထိုဘာဝနာမှု၌ ပွားများဖို့ရန် အခန့်သင့် ဖြစ်နေ၏၊ ပရိသုဒ္ဓပရိယောဒါတ = ထက်ဝန်းကျင်မှ ဖြူစင်လျက် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းလည်း ရှိနေ၏၊ ဤကဲ့သို့သော စွမ်းအင်များက ယောဂါဝစရပုဂ္ဂိုလ်၏ မေတ္တာဘာဝနာကို လွယ်ကူချောမောအောင် အချိန်အနည်းငယ်အတွင်း၌ မေတ္တာစွမ်းအင်များ ပြည့်ဝလာအောင် အားပေးကူညီလျက် ရှိနေသောကြောင့် ဖြစ်၏၊ ထိုသို့ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသောအခါ ယောဂါဝစရ ပုဂ္ဂိုလ်ကိုယ်တိုင်က အလွန် ချစ်ခင်လေးစား မြတ်နိုးအပ်သော လိင်တူပုဂ္ဂိုလ် တစ်ဦးကို လှမ်း၍ အာရုံယူပါ။ ယောဂါဝစရပုဂ္ဂိုလ်၏ စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဝန်းကျင်ပတ်ချာ ခပ်သိမ်းသော အရပ်မျက်နှာ၌ ပြန့်နှံ့နေမည်သာ ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်က လှမ်း၍ အာရုံ ယူလိုက်သော မေတ္တာဘာဝနာ၏ အရှုခံ ထိုပုဂ္ဂိုလ်ကို ထိုလင်းရောင်ခြည်အတွင်း၌ တွေ့မြင်နေမည်သာ ဖြစ်၏၊ ထိုသူတော်ကောင်း၏ ထိုင်နေသည့်ပုံ ရပ်နေသည့်ပုံ စသည်တို့တွင် မိမိ အနှစ်ခြိုက်ဆုံး စိတ်အချမ်းသာဆုံးပုံကို ရွေးချယ်ပါ။ မိမိ မြင်ဖူးသော ထိုသူတော်ကောင်း၏ ရုပ်ပုံတို့တွင် စိတ်အချမ်းသာဆုံး မြင်ဖူးထားသည့်ပုံကို လှမ်းအာရုံယူပါ။ မိမိနှင့် လေးတောင်ခန့် ငါးတောင်ခန့်တွင် တည်ရှိနေအောင် အာရုံယူပါ။ ထိုသူတော်ကောင်းကို အလင်းရောင်အောက်တွင် ရှင်းရှင်းလင်းလင်း တွေ့မြင်ရပါက အောက်ပါအတိုင်း မေတ္တာပွားပါ။
အယံ သပ္ပုရိသော= ဤသူတော်ကောင်းသည် ––
၁။ အဝေရော ဟောတု = ဘေးရန် ကင်းပါစေ၊
၂။ အဗျာပဇ္ဇော ဟောတု= စိတ်ဆင်းရဲ ကင်းပါစေ၊
၃။ အနီဃော ဟောတု= ကိုယ်ဆင်းရဲ ကင်းပါစေ၊
၄။ သုခီ အတ္တာနံ ပရိဟရတု= ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။
ဤမေတ္တာပွားနည်း လေးချက်ကို သုံးလေးခေါက်လောက် ပွားကြည့်ပါ။ ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ကြိုက်နှစ်သလို ပွားများနိုင်သည်။ ထို့နောင် ထိုမေတ္တာပွားနည်း လေးမျိုးတို့တွင် မိမိနှစ်သက်ရာ တစ်မျိုးမျိုးကို ရွေးချယ်ပါ။ ဥပမာ – “စိတ်ဆင်းရဲ ကင်းပါစေ” – ဟူသော မေတ္တာပွားနည်းကို ရွေးချယ်သည် ဆိုပါစို့။ ထိုသူတော်ကောင်း၏ စိတ်ဆင်းရဲခြင်း ကင်း၍ ပြုံးရွှင်နေသည့်ပုံကို အာရုံယူ၍ စိတ်ပါလက်ပါ ဤသူတော်ကောင်းသည် “စိတ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ ..”ဟု ကြိမ်ဖန်များစွာ မေတ္တာပွားပါ။ ထိုပုံ၌ ဘာဝနာစိတ်သည် အလွန်ငြိမ်သက်စွာ ကပ်၍တည်လာပါက စျာန်အင်္ဂါများကို ဆင်ခြင်ကြည့်ပါ။ ပထမစျာန် ဒုတိယစျာန် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် အစဉ်အတိုင်း ပွားများပါ။ ထို့နောင် အထက်ပါ မေတ္တာပွားနည်း လေးချက်လုံး၌ တစ်ချက် တစ်ချက်ဝယ် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် အစဉ်အတိုင်း မေတ္တာပွားပါ။ ထိုသို့ ပွားရာ၌ “ဘေးရန် ကင်းပါစေ”ဟု မေတ္တာပွားလျှင် ဘေးရန် ကင်းနေသည့်ပုံ, “စိတ်ဆင်းရဲ ကင်းပါစေ”ဟု မေတ္တာပွားလျှင် စိတ်ဆင်းရဲ ကင်းနေသည့်ပုံ, “ကိုယ်ဆင်းရဲ ကင်းပါစေ”ဟု မေတ္တာပွားလျှင် ကိုယ်ဆင်းရဲ ကင်းနေသည့်ပုံ, “ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ”ဟု မေတ္တာပွားလျှင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နေသည့် ပုံများ ပေါ်နေပါစေ။ ယင်းမေတ္တာစျာန်အသီးအသီး၌လည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၅] ဋီကာ[မှတ်စု ၆]အဖွင့်တို့နှင့် အညီ ပုဂ္ဂိုလ်တစ်ဦးတစ်ဦး၌ မေတ္တာစျာန် တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မေတ္တာပွားရခြင်း ဖြစ်၏၊ မေတ္တာပွားနည်း လေးချက်ရှိရာ အချက်တိုင်း အချက်တိုင်း၌ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ ယင်း စျာန်အသီးအသီး၌ ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဘေးရန်ကင်းစေလိုသောစိတ်ထား, စိတ်ဆင်းရဲကင်းစေလိုသောစိတ်ထား, ကိုယ်ဆင်းရဲကင်းစေလိုသောစိတ်ထား ဤသို့ စသော အကျိုးကို လိုလားတောင့်တသော စိတ်ထားတို့ကား ဥပေက္ခာသဘော မဟုတ်သဖြင့် စတုတ္ထစျာန်သို့ တိုင်အောင် မဆိုက်နိုင်ခြင်း ဖြစ်၏၊
အောင်မြင်မှုရရှိသောအခါ အလားတူပင် ချစ်ခင်လေးစားအပ်သော ပိယဂရုဘာဝနီယ လိင်တူပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီး တစ်ယောက် မေတ္တာကို ပွားပါ။ အနည်းဆုံး (၁၀)ယောက်ခန့်လောက် အောင်အောင်မြင်မြင် မေတ္တာ ပွားပြီးသောအခါ သိပ်ချစ်သည့် အတိပ္ပိယသဟာယက လိင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီးတစ်ယောက် အာရုံယူ၍ အလားတူပင် မေတ္တာစျာန်များကို တတိယစျာန်သို့ တိုင်အောင် ရရှိအောင် ပွားများပါ။ ပိယဂရုဘာဝနီယ ပုဂ္ဂိုလ်နှင့် အတိပ္ပိယပုဂ္ဂိုလ် - ဤပုဂ္ဂိုလ် နှစ်မျိုးလုံး၌ မေတ္တာချင်း ညီမျှအောင် အားလုံး ပိယပုဂ္ဂိုလ်အရာ၌ပင် တည်အောင် ပွားများပါ။
ထို့နောင် မဇ္ဈတ္တ= မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်တို့၌ အနည်းဆုံး (၁၀)ယောက်ခန့်လောက် တစ်ယောက်ပြီး တစ်ယောက် အာရုံယူ၍ အလားတူပင် တတိယစျာန်သို့ အသီးအသီး ဆိုက်သည့်တိုင်အောင် မေတ္တာပွားပါ။ ထိုပုဂ္ဂိုလ်အားလုံးတို့သည်လည်း လိင်တူ အသက်ရှင်ဆဲပုဂ္ဂိုလ်တို့သာ ဖြစ်ကြပါစေ။ ထို့နောင် ဝေရီ = ရန်သူပုဂ္ဂိုလ် = မုန်းသည့်ပုဂ္ဂိုလ်တို့၌ မေတ္တာပွားပါ။ ထိုသို့မေတ္တာပွားရာ၌ အမုန်းဆုံးပုဂ္ဂိုလ်ကို နောက်ဆုံးထားကာ အနည်းငယ် မကျေမနပ်ဖြစ်ဖူးသူကို ရှေးဦးစွာ မေတ္တာပွားပါ။ အောင်မြင်မှုကို ရရှိပါက ဝေရီပုဂ္ဂိုလ်များကို တစ်ယောက်ပြီး တစ်ယောက် အာရုံယူကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းရေချမ်းဖြင့် စျာန်ဆိုက်သည့်အထိ ပက်ဖျန်းပေးပါ။ ပုဂ္ဂိုလ်တိုင်း၌ မေတ္တာပွားနည်း လေးနည်းလုံးဝယ် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာပွားပါ။ အားလုံး လိင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်တို့သာ ဖြစ်ကြပါစေ။ အကြင်ပုဂ္ဂိုလ်အဖို့ ရန်သူဟူသည် မရှိ၊ မုန်းသည့်ပုဂ္ဂိုလ်ဟူသည် မရှိ၊ မဟာပုရိသဇာတ် ရှိတော်မူကြကုန်သော အလောင်းတော်တို့၏ စိတ်ထားမျိုးရှိသဖြင့် နန္ဒိယမျောက်မင်းကဲ့သို့ မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုကုန်သော သူတစ်ပါးတို့အပေါ်၌သော်လည်း ဝေရီဟူသော အမှတ်သညာသည်ပင် ဖြစ်ပေါ်၍ မလာ၊ ထိုပုဂ္ဂိုလ်သည် ဝေရီပုဂ္ဂိုလ်ကို ရှာကြံ၍ မေတ္တာပွားရန် မလိုပါ။ ဝေရီရှိသူသည် ဝေရီပုဂ္ဂိုလ်၌ မေတ္တာပွားပါ။
(၁) ပိယပုဂ္ဂိုလ် (၂) အတိပ္ပိယပုဂ္ဂိုလ် (၃) မဇ္ဈတ္တပုဂ္ဂိုလ် (၄) ဝေရီပုဂ္ဂိုလ်ဟု မေတ္တာဘာဝနာ၏ အရှုခံပုဂ္ဂိုလ်အုပ်စု (၄)စု ရှိ၏၊ ကောဋ္ဌာသ (၄)ခုဟု ခေါ်ဆို၏၊ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ကောဋ္ဌာသတစ်ခုတစ်ခု၌ မိမိ၏ ဘာဝနာစိတ်ကို နူးညံ့အောင်, ထိုထိုဘာဝနာမှု၌ ခံ့ညားအောင် ပြုပြီးမှ (တတိယစျာန်သို့ ဆိုက်အောင်ပွားပြီးမှ) အခြားအခြားသော ကောဋ္ဌာသ၌ ဘာဝနာစိတ်ကို ရှေးရှုဆောင်ယူပါ၊ စျာန်စိတ်ကို ဖြစ်စေပါ၊၊[မှတ်စု ၇]
သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုဖျက်ခြင်း
၁။ ပိယမနာပဂရုဘာဝနီယ = ချစ်ခင်မြတ်နိုးလေးစားထိုက်သော ကုသိုလ်တရားကို တိုးပွားစေတတ်သောပုဂ္ဂိုလ်၊
၂။ အတိပ္ပိယသဟာယက = အလွန်ချစ်ခင်အပ်သော အဆွေခင်ပွန်း အပေါင်းအဖော်ပုဂ္ဂိုလ်၊
၃။ မဇ္ဈတ္တ= မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
၄။ ဝေရီ= ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ်၊
ဤပုဂ္ဂိုလ်လေးမျိုးတို့၌ မေတ္တာစျာန်ကို တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် နိုင်နိုင်နင်းနင်း ပွားများပြီးသော အခါ ပိယမနာပဂရုဘာဝနီယပုဂ္ဂိုလ်နှင့် အတိပ္ပိယသဟာယကပုဂ္ဂိုလ်တို့အပေါ်၌လည်း မေတ္တာချင်း ညီမျှသွားသဖြင့် ပိယပုဂ္ဂိုလ်အရာ၌သာ တည်သွားသောအခါ ..
၁။ အတ္တ = မိမိကိုယ်၊
၂။ ပိယ= ချစ်ခင်မြတ်နိုးလေးစားအပ်သူ + အလွန်ချစ်ခင်အပ်သူ၊
၃။ မဇ္ဈတ္တ= မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ်၊
ဤ ပုဂ္ဂိုလ်လေးဦးတို့အပေါ်၌ မေတ္တာစိတ်ကို ညီမျှအောင် ပြုကျင့်ပါ။
၁။ ဤပုဂ္ဂိုလ်ကား အတ္တပုဂ္ဂိုလ်၊
၂။ ဤပုဂ္ဂိုလ်ကား ပိယပုဂ္ဂိုလ်၊
၃။ ဤပုဂ္ဂိုလ်ကား မဇ္ဈတ္တပုဂ္ဂိုလ်၊
၄။ ဤပုဂ္ဂိုလ်ကား ဝေရီပုဂ္ဂိုလ် –– ဟု
ဤကဲ့သို့သော ပိုင်းခြားကန့်သတ်ချက် ကင်းအောင် မေတ္တာစိတ်ထားချင်း ညီမျှအောင် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ။[မှတ်စု ၈] ထိုသို့ မေတ္တာပွားရာ၌ မိမိကိုယ်ကို အာရုံပြု၍ မေတ္တာပွားခဲ့သော် စျာန်သို့ကား မဆိုက်ရောက်နိုင်။ သို့သော် ဤအပိုင်း၌ကား အတ္တ ပိယ မဇ္ဈတ္တ ဝေရီဟူသော ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် = ညီမျှသော မေတ္တာစျာန်စိတ်ချည်း အဆက်မပြတ် ဖြစ်အောင် ပွားများခြင်းသာ ဖြစ်၏၊ မေတ္တာစိတ်ထားချင်း ညီမျှခဲ့သော် သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်၏၊ ယင်းသီမာသမ္ဘေဒအလို့ငှာသာ မိမိကိုယ်ကို မေတ္တာပွားခြင်းဖြစ်၏၊
ရှေးဦးစွာ မိမိရရှိထားပြီးသော (အာနာပါနစတုတ္ထစျာန် ဩဒါတကသိုဏ်းစတုတ္ထစျာန်) သမာဓိတို့ကို ပြန်လည်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ အချိန်အနည်းငယ်ခန့် (မိနစ်ပိုင်း သို့မဟုတ် စက္ကန့်ပိုင်းလောက်) မိမိကိုယ်ကို မိမိ မေတ္တာပွားပါ။ ထိုနောင် ပိယပုဂ္ဂိုလ်တစ်ဦးကို အာရုံယူ၍ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ ထိုနောင် အလယ်အလတ်ပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ ထိုနောင် ဝေရီပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။
ထိုနောင် အတ္တ = မိမိကိုယ်ကို တစ်ဖန်ပြန်၍ အလားတူ မေတ္တာပွားပါ။ ထိုနောင် နောက်ထပ် အခြားပိယပုဂ္ဂိုလ် တစ်ဦးကို, ထိုနောင် နောက်ထပ် အခြားမဇ္ဈတ္တပုဂ္ဂိုလ် တစ်ဦးကို, ထိုနောင် အခြားဝေရီပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ အလားတူပင် မေတ္တာပွားပါ။ ထိုသို့ မေတ္တာပွားရာဝယ် ပိယ-မဇ္ဈတ္တ-ဝေရီပုဂ္ဂိုလ်တို့ကို မေတ္တာပွားရာ၌ကား ပုဂ္ဂိုလ်တိုင်း၌ မေတ္တာစျာန်ကို တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ မေတ္တာပွားနည်း လေးမျိုးလုံး၌ တတိယစျာန်သို့ ဆိုက်ပါစေ။
ဤနည်းအားဖြင့် ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲ၍ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ၊ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီဟူသော ပုဂ္ဂိုလ်စဉ်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မေတ္တာဘာဝနာကို ပွားများပါ။ မေတ္တာဘာဝနာကို ပွားများနေသော မေတ္တာစိတ်ချည်းဖြစ်အောင် ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ ညီမျှသော မေတ္တာစျာန်စိတ်ချည်း ဖြစ်အောင် လေ့ကျင့်ပါ။ ညီမျှသော မေတ္တာစိတ်ထားရှိအောင် ညီမျှသော မေတ္တာစျာန်ကို ရရှိအောင် ပွားများနိုင်ခဲ့သော် သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ပြီ၊ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းပေပြီ။ ထိုအခါတွင် ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (၃၁၄)၌ လာရှိသည့်အတိုင်း ..
၁။ အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅)မျိုး၊
၂။ ဩဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇)မျိုး၊
၃။ ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၁၀)မျိုး၊
ဤမေတ္တာဘာဝနာတို့ကို ဆက်လက်၍ ပွားနိုင်ပြီ ဖြစ်ပေသည်။
အထက်ပါ အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ စသော မေတ္တာဘာဝနာတို့ကား အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီဟူသော ပုဂ္ဂိုလ်အပိုင်းအခြားကို ပြိုအောင် ဖြိုခွဲဖျက်ဆီးနိုင်သဖြင့် ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ အပ္ပနာစျာန်သို့ ဆိုက်အောင် ရောက်အပ်ပြီး ရအပ်ပြီးသော အပ္ပနာမေတ္တာစိတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြီးစီးပြည့်စုံနိုင်၏ဟု သိရှိပါလေ။[မှတ်စု ၉]
ဤစည်းမျဉ်းဥပဒေသကား သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု..ဤသို့စသည်ဖြင့် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ဦးထိပ်ရွက်ပန်ဆင်လျက် ရိုသေစွာ လိုက်နာပြုကျင့်သင့်သော စည်းမျဉ်း ဥပဒေသ တစ်ခုပင် ဖြစ်ပေသည်။
အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅) မျိုး၏ အရှုခံ အာရုံ
ရည်ညွှန်းပိုင်းခြားခြင်းမရှိ ပျံ့နှံ့စေအပ်သော မေတ္တာ စေတောဝိမုတ္တိ (၅)မျိုး –
၁။ သဗ္ဗေ သတ္တာ = ခပ်သိမ်းကုန်သော ခန္ဓာ (၅)ပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တဝါတို့သည်။
၂။ သဗ္ဗေ ပါဏာ = ခပ်သိမ်းကုန်သော ဝင်သက်-ထွက်သက် ရှိကြကုန်သော သတ္တဝါတို့သည်။
၃။ သဗ္ဗေ ဘူတာ = ခပ်သိမ်းကုန်သော ကံ ကိလေသာကြောင့် ထင်ရှားဖြစ်ကြကုန်သော သတ္တဝါတို့သည်။
၄။ သဗ္ဗေ ပုဂ္ဂလာ = ခပ်သိမ်းကုန်သော ငရဲ၌ကျရောက်ခြင်းသဘော ရှိကြကုန်သော သတ္တဝါတို့သည်။
၅။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ= ခပ်သိမ်းကုန်သော ခန္ဓာကိုယ် အတ္တဘော၌ အကျုံးဝင်ကြကုန်သော သတ္တဝါတို့သည်။
ဩဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇) မျိုး၏ အရှုခံ အာရုံ
ရည်ညွှန်းပိုင်းခြားခြင်း ရှိသော ပျံ့နှံ့စေအပ်သော မေတ္တာ စေတောဝိမုတ္တိ (၇)မျိုး –
၁။ သဗ္ဗာ ဣတ္ထိယော = ခပ်သိမ်းကုန်သော အမျိုးသမီးတို့သည်။
၂။ သဗ္ဗေ ပုရိသာ = ခပ်သိမ်းကုန်သော အမျိုးသားတို့သည်။
၃။ သဗ္ဗေ အရိယာ= ခပ်သိမ်းကုန်သော အရိယာပုဂ္ဂိုလ်တို့သည်။
၄။ သဗ္ဗေ အနရိယာ = ခပ်သိမ်းကုန်သော အရိယာမဟုတ်သော ပုဂ္ဂိုလ်တို့သည်။
၅။ သဗ္ဗေ ဒေဝါ = ခပ်သိမ်းကုန်သော နတ်တို့သည်။
၆။ သဗ္ဗေ မနုဿာ = ခပ်သိမ်းကုန်သော လူသားတို့သည်။
၇။ သဗ္ဗေ ဝိနိပါတိကာ= ခပ်သိမ်းကုန်သော အပါယ်သား သတ္တဝါတို့သည်။
မေတ္တာပွားပုံစနစ်
ရှေးဦးစွာ ဩဒါတကသိုဏ်းစတုတ္ထစျာန်သို့ ဆိုက်သည့်တိုင်အောင် သမာဓိကို ပြန်လည် ထူထောင်ပါ။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ မေတ္တာစိတ်ထားချင်း ညီမျှအောင် မေတ္တာစျာန်ကို (အထက်တွင် ရေးသားတင်ပြခဲ့သည့် အတိုင်း) ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝင်စားပါ။ မေတ္တာချင်း ညီမျှ၍ အပိုင်းအခြား ကင်းသောအခါ မိမိ စွမ်းနိုင်သမျှ ကျောင်းပရိဝုဏ်တစ်ခုအတွင်း၌ သို့မဟုတ် အိမ်ပရိဝုဏ်တစ်ခုအတွင်း၌ တည်ရှိသော သတ္တဝါအားလုံးကို လှမ်း၍ အာရုံယူပါ။ ထိုအချိန်အခါဝယ် ယောဂါဝစရပုဂ္ဂိုလ်၏ မေတ္တာဘာဝနာတည်းဟူသော သမထဘာဝနာစိတ်ကြောင့်လည်း လင်းရောင်ခြည်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပနေမည်သာ ဖြစ်ပေသည်။ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် မိမိပိုင်းခြားထားသည့် နယ်မြေအတွင်း၌ တည်ရှိသော သတ္တဝါအားလုံးကို လှမ်း၍ အာရုံယူလိုက်သောအခါ ယင်းသတ္တဝါအားလုံးကို ယင်းလင်းရောင်ခြည်အောက်တွင် ထင်ထင်ရှားရှား တွေ့မြင်နေပါစေ။ ယင်းသို့ တွေ့မြင်သောအခါမှ အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅)မျိုး၊ ဩဒိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇)မျိုး - နှစ်ရပ်ပေါင်း (၁၂)မျိုးသော မေတ္တာတို့ကို ဆက်လက်၍ ပွားပါ။ ထိုသို့ပွားရာ၌ ယင်း (၁၂)မျိုးတို့၌ တစ်မျိုးမျိုးလျှင် မေတ္တာပွားနည်း (၄)မျိုးစီ ရှိပြန်သဖြင့် (၁၂ ဍ္ဍ ၄ = ၄၈) မျိုးသော မေတ္တာပွားနည်းတို့ကို ပွားများရမည် ဖြစ်သည်။ ပွားပုံမှာ – ဤသို့ ဖြစ်၏၊
၁။ သဗ္ဗေ သတ္တာ= ခပ်သိမ်းကုန်သော ခန္ဓာ (၅)ပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တဝါတို့သည် -
(က) အဝေရာ ဟောန္တု= ဘေးရန်ကင်းကြပါစေ။ (တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)
( ခ ) အဗျာပဇ္ဇာ ဟောန္တု= စိတ်ဆင်းရဲ ကင်းကြပါစေ။ (တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)
( ဂ ) အနီဃာ ဟောန္တု= ကိုယ်ဆင်းရဲ ကင်းကြပါစေ။ (တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)
(ဃ) သုခီ အတ္တာနံ ပရိဟရ န္တု= ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင် နိုင်ကြပါစေ။ (တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)
ဤသို့ မေတ္တာ (၄)ချက်ပွားရာ အချက်တိုင်း၌ တတိယစျာန်သို့ ဆိုက်ရောက်ပါစေ။ မေတ္တာစျာန်၏ အရှုခံ အာရုံဖြစ်သည့် သတ္တဝါအားလုံးကိုလည်း ရှင်းရှင်းလင်းလင်း ဉာဏ်လင်းရောင်ခြည်ဖြင့် တွေ့မြင်နေပါစေ။ အောင်မြင်မှု ရရှိလာသောအခါ သဗ္ဗေ ပါဏာ - ၌လည်း အလားတူပင် (၄)ချက် ပွားပါ။ တစ်ချက်တစ်ချက်၌ တတိယစျာန်သို့ ပေါက်ပါစေ။ အလားတူပင် (၄)ချက် ပွားပါ။ အလားတူပင် သဗ္ဗေ ဘူတာ- စသည့် ကြွင်းကျန်သော ပုဂ္ဂိုလ်တို့၌လည်း (၄)ချက်စီပင် ဆက်လက်၍ မေတ္တာပွားပါ။ သဗ္ဗာ ဣတ္ထိယော= အမျိုးသမီးအားလုံးတို့သည်ဟု မေတ္တာပွားရာ၌ မိမိပိုင်းခြားထားသော နယ်မြေအတွင်း၌ တည်ရှိသော အမျိုးသမီးအားလုံးတို့ကို လင်းရောင်ခြည်အောက်တွင် မြင်တွေ့နေပါစေ။ သဗ္ဗေ ပုရိသာဟု မေတ္တာပွားရာ၌လည်း အမျိုးသားအားလုံးကို မြင်တွေ့နေပါစေ။ သဗ္ဗေ ဒေဝါဟု ပွားရာ၌ မိမိပိုင်းခြားထားသည့် နယ်မြေအတွင်း၌ တည်ရှိသော နတ်အားလုံးကို, သဗ္ဗေ မနုဿာဟု ပွားရာ၌လည်း အလားတူပင် လူသားအားလုံးကို, သဗ္ဗေ ဝိနိပါတိကာဟု ပွားရာ၌လည်း အလားတူပင် မိမိပိုင်းခြားထားသည့် နယ်မြေအတွင်း၌ တည်ရှိသော အပါယ်သား သတ္တဝါအားလုံးကို ဉာဏ်ဖြင့် ငုံနိုင်သမျှ ခြုံငုံ၍ ရှုပါ။ ဤ (၄၈)မျိုးသော မေတ္တာတို့ကို ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။
ကျောင်းပရိဝုဏ်တစ်ခုအတွင်း၌ သို့မဟုတ် အိမ်ပရိဝုဏ်တစ်ခုအတွင်း၌ အောင်မြင်မှုကို ရရှိသောအခါ ကျောင်းဝိုင်းတစ်ဝိုင်းလုံး ကျောင်းတိုက်တစ်ခုလုံးအတွင်း၌ (၄၈)မျိုး, ကျောင်းတိုက် (၂)တိုက်အတွင်း၌ (၄၈)မျိုး, ဤသို့စသည်ဖြင့် တဖြည်းဖြည်း မေတ္တာစျာန်ကို ဖြန့်ကြက်ပါ။ ရွာတစ်ရွာ, တစ်မြို့နယ်, နှစ်မြို့နယ်, ပြည်နယ်တစ်ခု, ပြည်နယ်နှစ်ခု, တစ်ပြည်လုံး, တစ်ကမ္ဘာလုံး, (၃၁)ဘုံလုံး - ဤသို့စသည်ဖြင့် (၄၈)မျိုးစီ တဖြည်းဖြည်း ဖြန့်ကြက်၍ ရှုပါ။ အောင်မြင်မှု ရရှိသောအခါ အနန္တစကြဝဠာသို့တိုင်အောင် (၄၈)မျိုးသော မေတ္တာဘာဝနာတို့ကို ဖြန့်ကြက်၍ ရှုပါ။ ထိုနောင် ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၁၀)မျိုးသို့ ပြောင်းရှုပါ။
ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၁၀) မျိုး
အရပ် (၁၀)မျက်နှာတို့၌ ပျံ့နှံ့စေအပ်သော မေတ္တာ စေတောဝိမုတ္တိ (၁၀)မျိုး –
၁။ အရှေ့ အရပ်မျက်နှာ၌ (၄၈)မျိုး၊
၂။ အနောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၃။ တောင် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၄။ မြောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၅။ အရှေ့တောင် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၆။ အနောက်တောင် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၇။ အနောက်မြောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၈။ အရှေ့မြောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၉။ အထက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၁၀။ အောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
အားလုံးပေါင်းသော် အရပ် (၁၀)မျက်နှာ၌ (၁၀ x ၄၈ = ၄၈၀) ဖြစ်၏၊ အထက်တွင် အနန္တစကြဝဠာသို့ တိုင်အောင် သတ္တဝါအားလုံးကို ခြုံငုံ၍ ဖြန့်ကြက်ကာ ပွားများထားအပ်သော (၄၈)မျိုးသော မေတ္တာနှင့် ဤ (၄၈၀)တို့ကို ပေါင်းသော် (၅၂၈)သွယ် မေတ္တာ ဖြစ်၏၊
ဤ ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိကို ပွားရာ၌ အရှေ့တည့်တည့် အရပ်မျက်နှာဘက်၌ တည်ရှိသော အနန္တစကြဝဠာသို့တိုင်အောင် သတ္တဝါအားလုံးကို အာရုံယူ၍ ယင်းသတ္တဝါအားလုံးတို့ကို လင်းရောင်ခြည်၏ အောက်၌ တွေ့မြင်နေသောအခါမှ (၄၈)မျိုးသော မေတ္တာဘာဝနာတို့ကို စီးဖြန်းပါ။ အနောက်အရပ်မျက်နှာ စသည့် ကြွင်းကျန်သော အရပ်မျက်နှာတို့၌လည်း နည်းတူပင် ရှုပါ။ အောင်မြင်မှုရရှိသောအခါ မေတ္တသုတ္တန် စသည်တို့၌ လာရှိသော မေတ္တာပွားနည်းများကိုလည်း ဆက်လက်၍ ပွားများနိုင်ပေသည်။ ဤသို့ (၅၂၈)သွယ်သော မေတ္တာတို့ကို စနစ်တကျ ပွားများနိုင်သောအခါ ယောဂါဝစရပုဂ္ဂိုလ်၏ မေတ္တာဘာဝနာကမ္မဋ္ဌာန်းသည် အောက်ပါ ဘုရားဟော ဒေသနာတော်နှင့် အံဝင်ခွင်ကျနေသဖြင့် ဘုရားရှင်၏ အလိုတော်ကျအတိုင်း ပွားများနေသည်ကို ယောဂါဝစရပုဂ္ဂိုလ် ကိုယ်တိုင် သိရှိပေလိမ့်မည်။
“ထိုယောဂါဝစရပုဂ္ဂိုလ်သည် မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို, သုံးခုမြောက် အရပ်မျက်နှာကို, လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့်အတူ ပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏၊”[မှတ်စု ၁၀]
- ↑ မှတ်ချက်---- အပ္ပိယပုဂ္ဂလ = မချစ်အပ်သောပုဂ္ဂိုလ်ဟူသည်---- မိ မိ ၏ အ ကျိုးစီးပွားကို မပြုလုပ်သောပုဂ္ဂိုလ်, မိမိချစ်သူ၏ အကျိုးစီးပွားကို မပြုလုပ်သောပုဂ္ဂိုလ်, မိမိမချစ်သောသူ၏ အကျိုးစီးပွားကို ပြုလုပ်ပေးသောပုဂ္ဂိုလ်, “ငါ၏ အကျိုးစီးပွားကို မပြုကျင့်ခဲ့လေပေါ့” “ငါ ချစ်မြတ်နိုးသူ၏ အကျိုးစီးပွားကို မပြုကျင့်ခဲ့လေပေါ့” .. ဤသို့ စသည်ဖြင့် ရန်ငြိုးဖွဲ့ခြင်း အာဃာတဝတ္ထု၏ တည်ရာဖြစ်သောပုဂ္ဂိုလ်- ဤပုဂ္ဂိုလ်မျိုးကို ဆိုလိုသည်။ ဝေရီပုဂ္ဂလ = ရန်သူပုဂ္ဂိုလ်ဟူသည်---- မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်သောပုဂ္ဂိုလ်, မိမိချစ်မြတ်နိုးသူ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်သောပုဂ္ဂိုလ်- ဤပုဂ္ဂိုလ်မျိုးကို ဆိုလိုသည်။ (မဟာဋီ၊၁၊၃၅၁)
- ↑ (ဝိသုဒ္ဓိ၊၁၊၂၈၇-၂၈၈- ကြည့်ပါ။)
- ↑ (သံ၊၁၊၇၅။ ခု၊၁၊၁၃၃။)
- ↑ (သံ၊၁၊၇၅။ ခု၊၁၊၁၃၃။)
- ↑ ဧဝရူပေ စ ပုဂ္ဂလေ ကာမံ အပ္ပနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၉။)
- ↑ စျာနစိတ္တံ ဥပနေတဗ္ဗံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)
- ↑ ဘာဝေန္တေန စ ဧကေကသ္မိံ ကောဋ္ဌာသေ မုဒုံ ကမ္မနိယံ စိတ္တံ ကတွာ တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၈၉ ) တေန ဝုတ္တံ “တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ”န္တိ၊ စျာနစိတ္တံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)
- ↑ အထာနေန ပုနပ္ပုနံ မေတ္တာယန္တေန အတ္တနိ ပိယပုဂ္ဂလေ မဇ္ဈတ္တေ ဝေရီပုဂ္ဂလေတိ စတူသု ဇနေသု သမစိတ္တတံ သမ္ပာဒေန္တေန သီမာသမ္ဘေဒေါ ကာတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၃၀၀။)
သမစိတ္တတန္တိ ဟိတူပသံဟာရေန သမာနစိတ္တတံ။ သီမာသမ္ဘေဒေါ သာ ဧဝ သမစိတ္တတာ။ (မဟာဋီ၊၁၊၃၆၂။) - ↑ တမ္ပိ အပ္ပနာပ္ပတ္တစိတ္တေဿဝ သမ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၃၀၂။)
- ↑ သော မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ။ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။ (ဒီ၊၁၊၂၃၄။ တေဝိဇ္ဇသုတ်။)