မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ယုတ်ညံ့သူနှင့် မြင့်မြတ်သူ

ဝီကီရင်းမြစ် မှ

ယုတ်ညံ့သူနှင့် မြင့်မြတ်သူ

အရိယသစ္စာလေးရပ် တရားမြတ်တို့ကို .. သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်သူတို့ကား သူတစ်ပါးတို့၏ မျက်နှာကို မော်ကြည့်နေရသူများသာ ဖြစ်ကြသည်မဟုတ်သေး၊ ပညာမျက်စိ ကာဏ်းနေကြသဖြင့် ပြုသင့်သည့်အမှု မပြုသင့်သည့်အမှုကို နားမလည်ကြသည့်အတွက် ဝဋ္ဋနိဿိတ ကောင်းမှု ကုသိုလ်ကံတို့ကိုလည်း ပြုစုပျိုးထောင်တတ်ကြပြန်၏၊ မကောင်းမှု အကုသိုလ်ကံတို့ကိုလည်း မြတ်မြတ်နိုးနိုး သည်ပိုး ရွက်ဆောင်ထားတတ်ကြပြန်ကုန်၏၊ ယင်းမကောင်းမှု အကုသိုလ်ကံတို့က ယုတ်ညံ့သူတစ်ဦး ဖြစ်အောင်, ကောင်းမှု ကုသိုလ်ကံတို့ကလည်း မြင့်မြတ်သူတစ်ဦး ဖြစ်အောင် တည်ထောင် ဖန်ဆင်းတတ်ကြပြန်ကုန်၏၊ ဤကဲ့သို့သော အကြောင်းအရာများကို ဘုရားရှင်သည် စူဠကမ္မဝိဘင်္ဂသုတ္တန်[မှတ်စု ၁]တွင် ဝေဖန်ဟောကြားထားတော်မူခဲ့ပေသည်။

တုဒိရွာကို အပိုင်စားရသည့် တောဒေယျပုဏ္ဏားကြီးသည်ကား ကောသလမင်းကြီး၏ မင်းဆရာ ပုရောဟိတ် ပုဏ္ဏားကြီး တစ်ဦး ဖြစ်ခဲ့၏၊ တစ်နေ့တွင် ကွယ်လွန်သွားသောအခါ မိမိ၏ စည်းစိမ်ဥစ္စာတို့အပေါ်တွင် တွယ်တာ မက်မောသည့် ဓနလောဘကို အကြောင်းခံကာ မိမိအိမ်တွင်ပင် တစ်ဖန်ပြန်လည်၍ ခွေးဘဝသို့ ရောက်ရှိခဲ့၏၊ သို့သော် မကြာမီ ခွေးဘဝမှ ကွယ်လွန်သွားသောအခါ ငရဲသို့ ရောက်ရှိသွားခဲ့၏၊ ဤကဲ့သို့သော အကြောင်းအရာများကို သားဖြစ်သူ သုဘလုလင်က ဘုရားရှင်၏ထံတော်မှ တစ်ဆင့် သိရှိခွင့် ရရှိခဲ့သည့်အတွက် မေးခွန်း (၁၄)ခုတို့ကို စီစဉ်ပြီးလျှင် ဘုရားရှင်၏ ထံတော်မှောက်သို့ လာရောက်ကာ ထိုမေးခွန်းတို့၏ အဖြေများကို မေးမြန်းလျှောက်ထားခဲ့၏၊ ယင်းအမေး-အဖြေတို့မှာ ယုတ်ညံ့သူတစ်ဦး ဖြစ်အောင်, သို့မဟုတ် မြင့်မြတ်သူတစ်ဦး ဖြစ်အောင် ကံတရားက မည်သို့မည်ပုံ စီမံနေသည်ကို ရှင်းလင်းဖော်ပြထားကြသော တရားတော်များပင် ဖြစ်ကြပေသည်။ ယင်းသုတ္တန်မှာ ဤသို့ ဖြစ်၏ ..။

“တပည့်တော် အာနန္ဒာသည် ဘုရားရှင်၏ ထံတော်မှောက်မှ ဤစူဠကမ္မဝိဘင်္ဂသုတ္တန်တရားဒေသနာတော်ကို ဤသို့ နာခံမှတ်သား ဆောင်ထားလိုက်ရပါသည်ဘုရား ..။ (ဤစကားကား အရှင်အာနန္ဒာမထေရ်မြတ်က ပထမသင်္ဂါယနာ တင်ပွဲတွင် အရှင်မဟာကဿပမထေရ်မြတ်ကြီး၏ မေးခွန်းကို ပြန်လည်ဖြေကြား လျှောက်ထားသောစကား ဖြစ်ပေသည်၊၊)

အခါတစ်ပါး၌ .. မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်ပေ၏၊ ထိုအခါ တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင် သည် မြတ်စွာဘုရားထံတော်မှောက်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာအရပ်၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ ..။

အရှင်ဂေါတမ...လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် (= လူချင်း တူကြပါကုန်လျက်) ယုတ်ခြင်း, မြတ်ခြင်းတို့ကို တွေ့မြင်ကြရပါကုန်၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း။

အရှင်ဂေါတမ ... အသက်တိုသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၁)
အသက်ရှည်သော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၁)
အနာရောဂါများသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၂)
အနာရောဂါကင်းသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၂)
အဆင်းမလှသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၃)
အဆင်းလှသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၃)
အခြံအရံမရှိသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၄)
အခြံအရံများသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၄)
စည်းစိမ်ဥစ္စာနည်းသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၅)
စည်းစိမ်ဥစ္စာများသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၅)
အမျိုးယုတ်သော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၆)
အမျိုးမြတ်သော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၆)
ပညာမဲ့သော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၇)
ပညာရှိသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၇)

အရှင်ဂေါတမ... လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် (= လူချင်း တူကြပါကုန်လျက်) ယုတ်ခြင်း, မြတ်ခြင်းတို့ကို တွေ့မြင်ကြရပါကုန်၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်းဟု လျှောက်ထား၏၊

ဒါယကာ သုဘလုလင်... သတ္တဝါတို့သည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာရှိကြကုန်၏၊ ကံ၏ အမွေခံတို့သာ ဖြစ်ကြကုန်၏၊ ကံသာလျှင် အကြောင်းရင်း ရှိကြကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကြကုန်၏၊ ကံသာလျှင် မှီခို အားထားရာ ရှိကြကုန်၏၊ ကံသည်သာလျှင် သတ္တဝါတို့ကို အယုတ်-အမြတ် ဖြစ်ခြင်းငှာ ခွဲခြမ်းဝေဖန်၏ ..ဟု မိန့်ကြားတော်မူလိုက်၏၊

အရှင်ဂေါတမသည် အကျဉ်းချုပ်အားဖြင့်သာ ဟောကြားထားတော်မူ၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်သေးသော ဤတရားစကားတော်၏ ဆိုလိုရင်း အနက်သဘောတရားကို အကျယ်အားဖြင့် တပည့်တော် မသိပါ၊ တောင်းပန်ပါ၏၊ အရှင်ဂေါတမသည် အကျဉ်းချုပ်အားဖြင့်သာ ဟောကြားထားတော်မူ၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်သေးသော ဤတရားတော်၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ကို တပည့်တော် သိနိုင်လောက်အောင် တရားတော်ကို ဟောကြားပေးတော်မူပါဟု လျှောက်ထားတောင်းပန်၏၊

ဒါယကာ သုဘလုလင်... ထိုသို့ဖြစ်ပါမူကား နာကြားလေလော့၊ ကောင်းစွာ နှလုံးသွင်းလေလော့၊ ဟောကြား တော်မူပေအံ့ဟု မိန့်ကြားတော်မူ၏၊

အရှင်ဂေါတမ ...ကောင်းပါပြီဟု တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားလေ၏၊ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော တရားစကားတော်ကို မိန့်ကြားတော်မူ၏..။

ဒါယကာ သုဘလုလင်... ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏၊ အလုံးစုံသော သတ္တဝါတို့၌ သနားကြင်နာခြင်း ကင်းမဲ့၏၊ ထို သူ့အသက်ကိုသတ်လေ့ရှိသူသည် ဤသို့ ပြည့်ပြည့်စုံစုံပြုကျင့်ထားအပ်သော, ဤသို့ မှားယွင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှု ပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အသက်တိုရ၏၊ ဒါယကာ သုဘလုလင်...ထို သူ့အသက်ကို သတ်ခြင်း, ကြမ်းကြုတ်ခြင်း, သွေးစွန်းသော လက်ရှိခြင်း, သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း, အလုံးစုံသော သတ္တဝါတို့၌ သနားကြင်နာခြင်း ကင်းမဲ့ခြင်းသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သူ့အသက် သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားကြင်နာခြင်း ရှိ၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားတောင့်တလျက် နေထိုင်၏၊ ထို သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အသက်ရှည်ရ၏၊ ဒါယကာ သုဘလုလင်...ထို သူ့အသက်သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း, တုတ်ကို ချထားပြီး ဖြစ်ခြင်း, လက်နက်ကို ချထားပြီးဖြစ်ခြင်း, အရှက်ရှိခြင်း, သနားကြင်နာမှု ရှိခြင်း, အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားတောင့်တခြင်းသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် လက်ဖြင့် လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းပန်း နှိပ်စက်လေ့ရှိ၏၊ ထိုသတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လေ့ရှိသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှု ပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အနာရောဂါ များပြားရ၏၊ ဒါယကာ သုဘလုလင်... လက်ဖြင့် လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းပန်း နှိပ်စက်လေ့ရှိခြင်းသည် အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ အချို့သောသူသည် လက်ဖြင့် လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းပန်း နှိပ်စက်လေ့ မရှိ။ ထိုသတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လေ့မရှိသောသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အနာရောဂါ ကင်း၏၊ ဒါယကာ သုဘလုလင်...လက်ဖြင့်လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လေ့ မရှိခြင်းသည် အနာရောဂါကင်းခြင်းကို ဖြစ်စေ တတ်သော အကျင့်တည်း။ (၂)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် အမျက်ဒေါသ ထွက်တတ်၏၊ ပြင်းစွာ စိတ်ပင်ပန်းခြင်း များ၏၊ အနည်းငယ်မျှပင် မနှစ်သက်ဖွယ်စကားကို ပြောဆိုသည်ရှိသော် လွန်စွာ စွဲမြဲငြိကပ်၏၊ အမျက်ထွက်တတ်၏၊ ဖျက်ဆီးတတ်၏၊ ဆန့်ကျင်ဘက် ပြုလုပ်ကာ ရပ်တည်နေတတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း, ဖျက်ဆီးလိုခြင်းကိုလည်းကောင်း, မကျေနပ် မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြတတ်၏၊ ထိုဒေါသကြီးသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာ ကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အကျဉ်းတန် အရုပ်ဆိုး၏၊ ဒါယကာ သုဘလုလင်... အမျက် ဒေါသထွက်ခြင်း၊ ပြင်းစွာစိတ်ပင်ပန်းမှု များခြင်း၊ အနည်းငယ်မျှလည်း မနှစ်သက်ဖွယ်စကားကို ပြောဆိုသည်ရှိသော် လွန်စွာ စွဲမြဲငြိကပ်ခြင်း, အမျက်ထွက်ခြင်း, ဖျက်ဆီးလိုခြင်း, ဆန့်ကျင်ဘက်ပြုလုပ်ကာ ရပ်တည်နေခြင်း, အမျက် ထွက်ခြင်းကိုလည်းကောင်း ဖျက်ဆီးလိုခြင်းကိုလည်းကောင်း မကျေနပ် မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြခြင်းသည် အကျဉ်းတန် အရုပ်ဆိုးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် အမျက်ဒေါသ ထွက်လေ့ မရှိ၊ ပြင်းစွာ စိတ်ပင်ပန်းခြင်း များလေ့မရှိ၊ များစွာလည်း မနှစ်သက်ဖွယ်စကားကို ပြောဆိုသော်လည်း လွန်စွာ စွဲစွဲမြမြဲ မငြိကပ်၊ အမျက်မထွက်တတ်၊ မဖျက်ဆီးတတ်၊ ဆန့်ကျင်ဘက်ပြုလုပ်ကာ ရပ်တည်မနေတတ်၊ အမျက်ထွက်ခြင်းကိုလည်းကောင်း, ဖျက်ဆီးလိုခြင်းကိုလည်းကောင်း, မကျေနပ် မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်မပြတတ်။ ထိုဒေါသမကြီးသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ကောင်းမှု ပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ လှပသော ရုပ်အဆင်းရှိ၏၊ ဒါယကာ သုဘလုလင်...အမျက်ထွက်လေ့မရှိခြင်း၊ ပြင်းစွာစိတ်ပင်ပန်းမှု မများခြင်း၊ မနှစ်သက်ဖွယ်စကားကို များစွာ ပြောဆိုသော်လည်း လွန်စွာစွဲစွဲမြဲမြဲ မငြိကပ်ခြင်း, အမျက်မထွက်ခြင်း, မဖျက်ဆီးလိုခြင်း, ဆန့်ကျင်ဘက် ပြုလုပ်ကာ ရပ်တည်မနေခြင်း, အမျက်ထွက်ခြင်းကိုလည်းကောင်း ဖျက်ဆီးလိုခြင်းကိုလည်းကောင်း မကျေနပ် မနှစ်သက်ခြင်းကို လည်းကောင်း ထင်ရှားစွာ မပြုလုပ်ခြင်းသည် လှပသော ရုပ်အဆင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)

ဒါယကာ သုဘလုလင်... ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) ‘ဣဿာ’တရားနှင့် ယှဉ်သော စိတ်ထားရှိ၏၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်း သော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား) ရှိ၏၊ ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေးပြစ်မှားတတ်၏၊ ငြူစူ စောင်းမြောင်းသောစိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား)ကို ဖွဲ့ချည်ထားတတ်၏၊ ထိုငြူစူမနာလိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အခြံအရံ နည်းပါး၏၊ ဒါယကာ သုဘလုလင်... ငြူစူခြင်း ‘ဣဿာ’တရားနှင့် ယှဉ်သော စိတ်ထား ရှိခြင်း, သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်း တို့၌ ငြူစူစောင်းမြောင်းသောစိတ်ထား ရှိခြင်း, ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေးပြစ်မှားခြင်း, ငြူစူစောင်းမြောင်းသော စိတ်ထားကို ဖွဲ့ချည်ထားခြင်းသည် အခြံအရံနည်းပါးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၄)

ဒါယကာ သုဘလုလင်... ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) ‘ဣဿာ’တရားနှင့် ယှဉ်သော စိတ်ထားမရှိ၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်း သောစိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား) မရှိ၊ ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားတတ်၊ ငြူစူ စောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား)ကို ဖွဲ့ချည်မထားတတ်။ ထိုငြူစူခြင်း မနာလိုခြင်း ကင်းသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှု ပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အခြံအရံ များ၏၊ ဒါယကာ သုဘလုလင်... ငြူစူခြင်း ‘ဣဿာ’တရားနှင့် ယှဉ်သော စိတ်ထား မရှိခြင်း, သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထားမရှိခြင်း, ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားခြင်း, ငြူစူစောင်းမြောင်းသော စိတ်ထားကို ဖွဲ့ချည်မထားတတ်ခြင်းသည် အခြံအရံ များခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၄)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သမဏအား လည်းကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးကို မပေးလှူ။ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက် ရ၏၊[မှတ်စု ၂] အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ စည်းစိမ်ဥစ္စာ နည်းပါး၏၊ ဒါယကာ သုဘလုလင်... သမဏအား လည်းကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးကို မပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ နည်းပါးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သမဏအား လည်းကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးကို ပေးလှူ၏၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ စည်းစိမ်ဥစ္စာ ပေါများ၏၊ ဒါယကာ သုဘလုလင်...သမဏအားလည်းကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးကို ပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ ပေါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် စိတ်ဓာတ် ခက်ထန် တင်းမာ၏၊ ထောင်လွှားတက်ကြွ၏၊ ရှိခိုးထိုက်သူကို ရှိမခိုး၊ ခရီးဦး ကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆို၊ နေရာပေးထိုက်သူကို နေရာမပေး၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေး၊ အရိုအသေပြုထိုက်သူကို အရိုအသေမပြု၊ အလေးဂရုပြုထိုက်သူကို အလေးဂရုမပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်။ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ

ဤအရာဝယ် မလှူခြင်းကြောင့် ငရဲသို့ ရောက်သည်ကား မဟုတ်၊ မိမိ၏ လှူဖွယ်ဝတ္ထု ဖြစ်ထိုက်သည့် ပစ္စည်းဥစ္စာအပေါ်၌ ဝန်တိုခြင်း မစ္ဆရိယကြောင့်သာ ငရဲသို့ ရောက်ရှိရခြင်း ဖြစ်ပေသည်။

နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အမျိုးယုတ်၏၊ ဒါယကာ သုဘလုလင်...ထို စိတ်ဓာတ် ခက်ထန်တင်းမာခြင်း, ထောင်လွှားတက်ကြွခြင်း, ရှိခိုးထိုက်သူကို ရှိမခိုးခြင်း, ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆိုခြင်း, နေရာပေးထိုက်သူကို နေရာမပေးခြင်း, လမ်းခရီးပေးထိုက်သူကို လမ်းခရီး မပေးခြင်း, အရိုအသေပြုထိုက်သူကို အရိုအသေမပြုခြင်း, အလေးဂရုပြုထိုက်သူကို အလေးဂရုမပြုခြင်း, မြတ်နိုးထိုက် သူကို မမြတ်နိုးခြင်း, ပူဇော်ထိုက်သူကို မပူဇော်ခြင်းသည် ယုတ်နိမ့်သောအမျိုး၌ ဖြစ်စေတတ်သော အကျင့်တည်း၊၊(၆)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် စိတ်ဓာတ် မခက်ထန် မတင်းမာ၊ မထောင်လွှား မတက်ကြွ၊ ရှိခိုးထိုက်သူကို ရှိခိုး၏၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးကြိုဆို၏၊ နေရာပေးထိုက်သူကို နေရာပေး၏၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေး၏၊ အရိုအသေပြုထိုက်သူကို အရိုအသေ ပြု၏၊ အလေးဂရုပြုထိုက်သူကို အလေးဂရုပြု၏၊ မြတ်နိုးထိုက်သူကို မြတ်နိုး၏၊ ပူဇော်ထိုက်သူကို ပူဇော်၏၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည် နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အမျိုးမြတ်၏၊ ဒါယကာ သုဘလုလင်...ထို စိတ်ဓာတ် မခက်ထန် မတင်းမာခြင်း, မထောင်လွှားခြင်း မတက်ကြွခြင်း, ရှိခိုးထိုက်သူကို ရှိခိုးခြင်း, ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးကြိုဆိုခြင်း, နေရာပေးထိုက် သူကို နေရာပေးခြင်း, လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေပြုခြင်း, အလေးဂရုပြုထိုက်သူကို အလေးဂရုပြုခြင်း, မြတ်နိုးထိုက်သူကို မြတ်နိုးခြင်း, ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်တည်း။ (၆)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သမဏကို လည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ‘အရှင်ဘုရား... အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်းပါ သနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း၊ အဘယ်သို့ ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားများခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း’ ဟု အဖန်ဖန် မေးမြန်းခြင်းကို မပြု။ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာ ကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲပြိုကွဲ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊[မှတ်စု ၃]အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှု ပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ ပညာမဲ့၏၊ ဒါယကာ သုဘလုလင်... သမဏကိုလည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ‘အရှင်ဘုရား... အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်းပါသနည်း၊ အဘယ် တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားများခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း’ဟု အဖန်ဖန် မေးမြန်းခြင်းကို မပြုခြင်းသည် ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇)

ဤအရာဝယ် ယင်းကဲ့သို့ မမေးမြန်းခြင်းကြောင့် ငရဲသို့ ရောက်ရသည်ကား မဟုတ်၊ ထိုကဲ့သို့ မမေးမြန်းသည့်အတွက် “ဤကား ကုသိုလ်, ဤကား အကုသိုလ်, ဤကား ပြုထိုက်သည့်ကုသိုလ်တရား, ဤကား မပြုထိုက်သည့် အကုသိုလ်တရား”ဟု ကွဲကွဲပြားပြား မသိ၊ ထိုသို့ မသိခြင်းကြောင့် ပြုထိုက်သည့်ကုသိုလ်ကိုလည်း မပြုမိ၊ မပြုထိုက်သည့် အကုသိုလ်ကိုလည်း ပြုလုပ်မိ၏၊ ထို့ကြောင့် ငရဲသို့ ရောက်ရှိရခြင်း ဖြစ်သည်။

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သမဏကို လည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ‘အရှင်ဘုရား... အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်း ပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်သော တရားပါနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားများခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း’ဟု အဖန်ဖန်မေးမြန်းခြင်းကို ပြု၏၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက် ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊[မှတ်စု ၄] အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည် နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ ပညာကြီး၏၊ ဒါယကာ သုဘလုလင်...သမဏကိုလည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ‘အရှင်ဘုရား... အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်မရှိပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါ သနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားများခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း’ဟု အဖန်ဖန် မေးမြန်းမှု ပြုခြင်းသည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့် တည်း။ (၇)

ဒါယကာ သုဘလုလင်...ဤသို့လျှင် –
၁။ အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်တိုခြင်းသို့ ဆောင်တတ်၏၊
၁။ အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်ရှည်ခြင်းသို့ ဆောင်တတ်၏၊
၂။ အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါများခြင်းသို့ ဆောင်တတ်၏၊
၂။ အနာရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါကင်းခြင်းသို့ ဆောင်တတ်၏၊
၃။ အဆင်းမလှခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်းမလှခြင်းသို့ ဆောင်တတ်၏၊
၃။ အဆင်းလှခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်းလှခြင်းသို့ ဆောင်တတ်၏၊
၄။ အခြံအရံမရှိခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံမရှိခြင်းသို့ ဆောင်တတ်၏၊
၄။ အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံများခြင်းသို့ ဆောင်တတ်၏၊
၅။ စည်းစိမ်ဥစ္စာနည်းပါးခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာနည်းပါးခြင်းသို့ ဆောင်တတ်၏၊
၅။ စည်းစိမ်ဥစ္စာများပြားခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာများပြားခြင်းသို့ ဆောင်တတ်၏၊
၆။ အမျိုးယုတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးယုတ်ခြင်းသို့ ဆောင်တတ်၏၊
၆။ အမျိုးမြင့်မြတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးမြင့်မြတ်ခြင်းသို့ ဆောင်တတ်၏၊
၇။ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာမဲ့ခြင်းသို့ ဆောင်တတ်၏၊
၇။ ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာကြီးခြင်းသို့ ဆောင်တတ်၏၊

ဒါယကာ သုဘလုလင်... သတ္တဝါတို့သည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ကံ၏ အမွေခံတို့သာ ဖြစ်ကြကုန်၏၊ ကံသာလျှင် အကြောင်းရင်း ရှိကြကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကြကုန်၏၊ ကံသာလျှင် မှီခို အားထားရာ ရှိကြကုန်၏၊ ကံသည်သာလျှင် သတ္တဝါတို့ကို အယုတ်-အမြတ် ဖြစ်ခြင်းငှာ ခွဲခြမ်းဝေဖန်၏ - ဟု မိန့်ကြားတော်မူ၏၊

ဤသို့ မိန့်ကြားတော်မူလတ်သော် တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ ..။

အရှင်ဂေါတမ...တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဂေါတမ...တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဂေါတမ... ဥပမာအားဖြင့် မှောက်ထားသည့် အရာဝတ္ထုကို လှန်ပြဘိသကဲ့သို့ လည်းကောင်း, ဖုံးလွှမ်းထားသည့် အရာဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း, လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားပြဘိသကဲ့သို့လည်းကောင်း, ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်း ရူပါရုံတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ကိုင်ဆောင်ပြဘိသကဲ့သို့လည်းကောင်း အရှင်ဂေါတမ...ဤအတူသာလျှင် အရှင်ဂေါတမသည် များစွာသော အကြောင်းပရိယာယ်ဖြင့် တရားတော်ကို ဟောကြားပြသပေးတော်မူပါပေ၏၊ အရှင်ဂေါတမ... ထိုတပည့်တော်သည် အရှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အရှင်ဂေါတမသည် တပည့်တော်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာ ဒါယကာဟု မှတ်ယူတော်မူပါဘုရား ..ဟု လျှောက်ထားလေ၏”။

မလ္လိကာမိဖုရား၏ ခံဝန်ချက် သုံးမျိုး

အချို့အချို့သော သူတို့ကား ကံများကို ထူထောင်ကြရာ၌ ကံတို့ကို အရောရော အနှောနှော ထူထောင် မိတတ်ကြ၏၊ ယင်းသို့ အရောရော အနှောနှော ထူထောင်မိခြင်းကြောင့် ယင်း အရောရော အနှောနှော ကံတို့က အကျိုးဝိပါက်ကို ဖြစ်စေသော ဘဝဝယ် အကျိုးတရားတို့မှာလည်း အရောရော အနှောနှောပင် ဖြစ်နေတတ်ကြ၏၊ ဤအကြောင်းအရာမျိုးများနှင့် ဆက်စပ်၍ တစ်ချိန်တွင် မလ္လိကာမိဖုရားကြီးက ဘုရားရှင်အား မေးခွန်း လေးရပ်တို့ကို မေးမြန်းလျှောက်ထားခဲ့ဖူး၏၊ ယင်းမေးခွန်းများနှင့် ဘုရားရှင်၏ ဖြေကြားချက်များကို သင်္ဂါယနာမထေရ်မြတ်တို့က မလ္လိကာဒေဝီသုတ္တန်[မှတ်စု ၅]တွင် ဤသို့ မှတ်တမ်းတင်ထားတော်မူခဲ့ကြ၏ ..။

“အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်၏၊ ထိုအခါ မလ္လိကာမိဖုရားကြီးသည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီး၍ ရှိသေစွာ ရှိခိုးပြီးလျှင် သင့်တင့်လျောက်ပတ်သော တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဘုရားရှင်အား ဤစကားကို မေးမြန်းလျှောက်ထား၏ ..။

အမေး (၄) ထွေ

အမေး (၁)

မြတ်စွာဘုရား...ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊ ဆင်းရဲလည်း ဆင်းရဲ၏၊ ကိုယ်ပိုင်စည်းစိမ်ဥစ္စာနှစ်လည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း နည်းပါး၏၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း မြတ်စွာဘုရား။

အမေး (၂)

မြတ်စွာဘုရား...ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊ သို့သော်လည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်း တရားကား အဘယ်ပါနည်း မြတ်စွာဘုရား။

အမေး (၃)

မြတ်စွာဘုရား...ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း အလွန် လှပ၏၊ ကြည့်ရှုချင် စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်း အသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊ သို့သော်လည်း ဆင်းရဲနွမ်းပါး၏၊ ကိုယ်ပိုင်စည်းစိမ်ဥစ္စာနှစ်လည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း မရှိ၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်း တရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း မြတ်စွာဘုရား။

အမေး (၄)

မြတ်စွာဘုရား...ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း အလွန် လှပ၏၊ ကြည့်ရှုချင် စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်း အသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊ ကြွယ်ဝလည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း မြတ်စွာဘုရား။ ––- ဤသို့ လျှောက်ထားလေ၏၊

အဖြေ (၄) ရပ်

အဖြေ (၁)

မလ္လိကာ... ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသကြီး၏၊ စိတ်ပင်ပန်းခြင်း များ၏၊ အနည်းငယ်မျှကို ပြောဆိုကာမျှဖြစ်လျက်လည်း (ဒေါသဖြင့်) ကပ်ငြိနေတတ်၏၊ အမျက်ထွက်တတ်၏၊ ဒေါသဖြင့် ဖောက်ဖောက်ပြန်ပြန် ပြုလုပ်ပြတတ်၏၊ ရန်ငြိုးထားတတ်၏၊ စိတ်ဆိုးခြင်းကိုလည်းကောင်း, အမျက်ထွက်ခြင်းကို လည်းကောင်း, မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြတတ်၏၊ (က)

ထိုမာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကိုလည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကိုလည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကို လည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်းအဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း မပေးလှူတတ်ပေ၊ (ခ)

ထိုမာတုဂါမသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) ‘ဣဿာ’တရားနှင့် ယှဉ်သော စိတ်ထား ရှိ၏၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုး ခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား) ရှိ၏၊ ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေးပြစ်မှားတတ်၏၊ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား)ကို ဖွဲ့ချည်ထားတတ်၏၊ (ဂ)

ထိုမာတုဂါမသည် ထိုဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ကပ်ရောက်လာသည်ဖြစ်ငြားအံ့၊ ထိုမာတုဂါမ သည် ဖြစ်လေရာရာ ဘဝ၌ ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊(က)၊ ဆင်းရဲလည်း ဆင်းရဲ၏၊ ကိုယ်ပိုင်စည်းစိမ်ဥစ္စာနှစ်လည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း နည်းပါး၏၊(ခ)၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊(ဂ)။

အဖြေ (၂)

မလ္လိကာ... ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသကြီး၏၊ စိတ်ပင်ပန်းခြင်း များ၏၊ အနည်းငယ်မျှကို ပြောဆိုကာမျှဖြစ်လျက်လည်း (ဒေါသဖြင့်) ကပ်ငြိနေတတ်၏၊ အမျက်ထွက်တတ်၏၊ ဒေါသဖြင့် ဖောက်ဖောက်ပြန်ပြန် ပြုလုပ်ပြတတ်၏၊ ရန်ငြိုးထားတတ်၏၊ စိတ်ဆိုးခြင်းကိုလည်းကောင်း, အမျက်ထွက်ခြင်းကို လည်းကောင်း, မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြတတ်၏၊ (က)

ထိုမာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကိုလည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကိုလည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကို လည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်းအဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း ပေးလှူတတ်၏၊ (ခ)

ထိုမာတုဂါမသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) ‘ဣဿာ’တရားနှင့် မယှဉ်သော စိတ်ထား ရှိ၏၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုး ခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာမနာလိုသော စိတ်ထား) မရှိ၊ ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားတတ်၊ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား)ကို ဖွဲ့ချည် မထားတတ်။ (ဂ)

ထိုမာတုဂါမသည် ထိုဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ရောက်လာသည် ဖြစ်အံ့၊ ထိုမာတုဂါမသည် ဖြစ်လေရာရာဘဝ၌ ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊(က)၊ သို့သော်လည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊(ခ)၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊(ဂ)။

အဖြေ (၃)

မလ္လိကာ... ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသ မကြီး၊ စိတ်ပင်ပန်းခြင်း မများပြား၊ များစွာ ပြောဆိုသော်လည်း ဒေါသဖြင့် မကပ်ငြိတတ်၊ အမျက်မထွက်တတ်၊ ဒေါသဖြင့် ဖောက်ဖောက်ပြန်ပြန် ပြုလုပ် မပြတတ်၊ ရန်ငြိုးမထားတတ်၊ စိတ်ဆိုးခြင်းကိုလည်းကောင်း, အမျက်ထွက်ခြင်းကိုလည်းကောင်း, မနှစ်သက်ခြင်း ကိုလည်းကောင်း ထင်စွာ ပြုလုပ်မပြတတ်၊ (က)

ထိုမာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကိုလည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကိုလည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကို လည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်းအဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း မပေးလှူတတ်၊ (ခ)

ထိုမာတုဂါမသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) ‘ဣဿာ’တရားနှင့် ယှဉ်သော စိတ်ထား ရှိ၏၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုး ခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား) ရှိ၏၊ ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေးပြစ်မှားတတ်၏၊ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား)ကို ဖွဲ့ချည်ထားတတ်၏၊ (ဂ)

ထိုမာတုဂါမသည် ထိုဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ရောက်လာသည် ဖြစ်အံ့၊ ထိုမာတုဂါမသည် ဖြစ်လေရာရာဘဝ၌ ရုပ်အဆင်းလည်း အလွန်လှပ၏၊ ကြည့်ရှုချင်စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်းအသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊(က)၊ သို့သော်လည်း ဆင်းရဲနွမ်းပါး၏၊ ကိုယ်ပိုင်စည်းစိမ်ဥစ္စာနှစ်လည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း မရှိ၊(ခ)၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊(ဂ)။

အဖြေ (၄)

မလ္လိကာ... ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသ မကြီး၊ စိတ်ပင်ပန်းခြင်း မများပြား၊ များစွာ ပြောဆိုသော်လည်း ဒေါသဖြင့် မကပ်ငြိတတ်၊ အမျက်မထွက်တတ်၊ ဒေါသဖြင့် ဖောက်ဖောက်ပြန်ပြန် ပြုလုပ် မပြတတ်၊ ရန်ငြိုးမထားတတ်၊ စိတ်ဆိုးခြင်းကိုလည်းကောင်း အမျက်ထွက်ခြင်းကိုလည်းကောင်း မနှစ်သက်ခြင်းကို လည်းကောင်း ထင်စွာ ပြုလုပ်မပြတတ်၊ (က)

ထိုမာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကိုလည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကိုလည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကို လည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်းအဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း ပေးလှူတတ်၏၊ (ခ)

ထိုမာတုဂါမသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) ‘ဣဿာ’တရားနှင့် မယှဉ်သော စိတ်ထား ရှိ၏၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုး ခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား) မရှိ၊ ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေးမပြစ်မှားတတ်၊ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား)ကို ဖွဲ့ချည် မထားတတ်။ (ဂ)

ထိုမာတုဂါမသည် ထိုဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ရောက်လာသည် ဖြစ်အံ့၊ ထိုမာတုဂါမသည် ဖြစ်လေရာရာဘဝ၌ ရုပ်အဆင်းလည်း အလွန်လှပ၏၊ ကြည့်ရှုချင်စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်းအသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊(က)၊ ကြွယ်ဝလည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊(ခ)၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊(ဂ)။

မလ္လိကာ... အကြင်အကြောင်းကြောင့် ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊(က)၊ ဆင်းရဲလည်း ဆင်းရဲ၏၊ ကိုယ်ပိုင်စည်းစိမ်ဥစ္စာလည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း နည်းပါး၏၊(ခ)၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊(ဂ)။ မလ္လိကာ... ဤ ဆိုခဲ့ပြီးသည်ကား ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရား အားပေးထောက်ပံ့တတ်သော အကြောင်းတရားပေတည်း။ (၁)[မှတ်စု ၆]

မလ္လိကာ... အကြင်အကြောင်းကြောင့် ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊(က)၊ သို့သော်လည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊(ခ)၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊(ဂ)။ မလ္လိကာ... ဤဆိုခဲ့ပြီးသည်ကား ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရား အားပေး ထောက်ပံ့တတ်သော အကြောင်းတရားပေတည်း။ (၂)[မှတ်စု ၇]

မလ္လိကာ... အကြင်အကြောင်းကြောင့် ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း အလွန်လှပ၏၊ ကြည့်ရှုချင်စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်းအသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊(က)၊ သို့သော်လည်း ဆင်းရဲနွမ်းပါး၏၊ ကိုယ်ပိုင် စည်းစိမ်ဥစ္စာနှစ်လည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း မရှိ၊(ခ)၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊(ဂ)။ မလ္လိကာ...ဤဆိုခဲ့ပြီးသည်ကား ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရား အားပေးထောက်ပံ့တတ်သော အကြောင်းတရား ပေတည်း။ (၃)[မှတ်စု ၈]

မလ္လိကာ... အကြင်အကြောင်းကြောင့် ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း အလွန်လှပ၏၊ ကြည့်ရှုချင်စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်းအသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊(က)၊ ကြွယ်ဝလည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ် လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊(ခ)၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊(ဂ)။ မလ္လိကာ... ဤဆိုခဲ့ပြီးသည်ကား ထိုသို့ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရား အားပေးထောက်ပံ့တတ် သော အကြောင်းတရားပေတည်း (၄)[မှတ်စု ၉]–– ဟု မိ န့်ကြားတော်မူ၏၊

ဤသို့ ဟောကြားတော်မူလတ်သော် မလ္လိကာမိဖုရားသည် ဘုရားရှင်အား ဤစကားကို လျှောက်ထား၏ ..။

ခံဝန်ချက် သုံးမျိုး

မြတ်စွာဘုရား...တပည့်တော်မသည် လွန်ခဲ့သော အတိတ်ဘဝ၌ အမျက်ဒေါသ ကြီးခဲ့ဖူးလေယောင်တကား၊ စိတ်ပင်ပန်းခြင်း များပြားခဲ့လေယောင်တကား၊ အနည်းငယ် ပြောဆိုခံရကာမျှဖြင့်လည်း (ဒေါသဖြင့်) ငြိကပ်တတ်သော စိတ်ထား ရှိခဲ့လေယောင်တကား၊ အမျက်ထွက်ခဲ့လေယောင်တကား၊ (ဒေါသဖြင့်) ဖောက်ဖောက်ပြန်ပြန် ပြုလုပ်ပြခဲ့ လေယောင်တကား၊ ရန်ငြိုးကို ဖွဲ့ချည်ထားခဲ့လေယောင်တကား၊ စိတ်ဆိုးခြင်းကိုလည်းကောင်း အမျက်ထွက်ခြင်းကို လည်းကောင်း မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြခဲ့ဖူးလေယောင်တကား၊ မြတ်စွာဘုရား... ထိုတပည့်တော်မသည် ယခုဘဝ၌ ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိပါ မြတ်စွာဘုရား ..။ (က)

မြတ်စွာဘုရား...တပည့်တော်မသည် လွန်ခဲ့သော အတိတ်ဘဝ၌ သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကိုလည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကို လည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကိုလည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်း အဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း ပေးလှူခဲ့ဖူးလေယောင်တကား၊ မြတ်စွာဘုရား...ထို တပည့်တော်သည် ယခုဘဝ၌ ကြွယ်ဝချမ်းသာပါ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိပါ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိပါ၏ မြတ်စွာဘုရား ..။ (ခ)

မြတ်စွာဘုရား...တပည့်တော်မသည် လွန်ခဲ့သော အတိတ်ဘဝ၌ ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) ‘ဣဿာ’တရားနှင့် မယှဉ်သော စိတ်ထား ရှိသည် ဖြစ်ခဲ့ဖူးလေယောင်တကား၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ မငြူစူ မစောင်းမြောင်းတတ်သည် (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား) မရှိတတ်သည်, ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားတတ်သည်, ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား)ကို ဖွဲ့ချည်မထားတတ်သည် ဖြစ်ခဲ့ဖူးလေယောင်တကား၊ မြတ်စွာဘုရား...ထိုတပည့်တော်မသည် ဤဘဝ၌ ဘုန်းတန်ခိုး ကြီးမားပါ၏၊ မြတ်စွာဘုရား...ဤမင်း၏ နန်းတော်၌ အကြင်မင်းသမီးတို့သည်လည်းကောင်း, ပုဏ္ဏားသတို့သမီးတို့ သည်လည်းကောင်း, သူကြွယ်သတို့သမီးတို့သည်လည်းကောင်း ရှိကြပါကုန်၏၊ မြတ်စွာဘုရား... ထိုတပည့်တော်မသည် ထိုသတို့သမီးအပေါင်းတို့ကို အစိုးရခြင်းဖြင့် အကြီးအမှူးအဖြစ်ကို ပြုလုပ်ရပါ၏ မြတ်စွာဘုရား ..။ (ဂ)

အရှင်ဘုရား... ထိုတပည့်တော်မသည် ယနေ့မှ စ၍ ..

၁။ အမျက်ဒေါသ မကြီးတော့ပါအံ့၊ များပြားသော စိတ်ပင်ပန်းခြင်း မရှိတော့ပါအံ့၊ များစွာ အပြောဆိုခံရပါသော် လည်း (ဒေါသဖြင့်) ငြိကပ်တတ်သော စိတ်ထား မရှိတော့ပါအံ့၊ အမျက်မထွက်တော့ပါအံ့၊ (ဒေါသဖြင့်) ဖောက်ဖောက် ပြန်ပြန် ပြုလုပ်မပြတော့ပါအံ့၊ (ဒေါသဖြင့်) ရန်ငြိုးကို ဖွဲ့ချည်မထားတော့ပါအံ့၊ စိတ်ဆိုးခြင်းကိုလည်းကောင်း အမျက်ထွက်ခြင်းကိုလည်းကောင်း မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်မပြတော့ပါအံ့။

၂။ သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကို လည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကိုလည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကိုလည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်းအဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း ပေးလှူပါတော့အံ့။

၃။ ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) ‘ဣဿာ’တရားနှင့် ယှဉ်သော စိတ်ထား မဖြစ်တော့ပါအံ့၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော် ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား) မရှိတော့ပါအံ့၊ ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားတော့ပါအံ့၊ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား) ကို ဖွဲ့ချည်မထားတော့ပါအံ့။

မြတ်စွာဘုရား...တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ပ။ မြတ်စွာဘုရား...မြတ်စွာဘုရားသည် တပည့်တော်မကို ယနေ့မှ စ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသိကာမဟူ၍ မှတ်ယူတော်မူပါ မြတ်စွာဘုရား ..ဟု လျှောက်ထားလေ၏”။။

ကံကို ကုန်စေတတ်သော နည်းလမ်းကောင်းများ

သတ္တဝါတစ်ဦးသည် အတိတ်သံသရာအဆက်ဆက်တွင်လည်းကောင်း, ဤပစ္စုပ္ပန်ဘဝတွင်လည်းကောင်း ကုသိုလ် ကံတို့ကိုလည်း ထူထောင်ခဲ့ဖူးသည်သာ ဖြစ်၏၊ အကုသိုလ်ကံတို့ကိုလည်း များစွာ ထူထောင်ခဲ့ဖူးသည်သာ ဖြစ်၏၊ ထိုကံတို့တွင် ရင့်ကျက်လာသော ကုသိုလ်ကံတို့ကလည်း အလိုရှိအပ် ကောင်းမြတ်သည့် အကျိုးတရားများကို ဖြစ်ထွန်း စေကြသကဲ့သို့ အလားတူပင် အကုသိုလ်ကံတို့ကလည်း အလိုမရှိအပ် မနှစ်သက်အပ်သည့် အကျိုးတရားများကို ဖြစ်ပေါ်စေကြမည်သာ ဖြစ်၏၊ ထိုကဲ့သို့ အကျိုးပေးနေသော ကံတို့မှ လွတ်မြောက်ကြောင်းဖြစ်သည့် ကျင့်စဉ်များကို အောင်အောင်မြင်မြင် ပြည့်ပြည့်စုံစုံ မဖြည့်ကျင့်နိုင်ပါက ယင်းရင့်ကျက်လာသော အကုသိုလ်ကံတို့က ငရဲသို့ရောက်အောင် ပို့ဆောင်ကြမည်သာ ဖြစ်၏၊ သို့သော် ယင်းကံတို့မှ လွတ်မြောက်ကြောင်း ကျင့်စဉ်ကောင်းတို့ကို အောင်အောင်မြင်မြင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်သူတို့ကား ငရဲအစရှိသည့် အပါယ်လေးဘုံတို့မှလည်းကောင်း သုဂတိသံသရာမှလည်းကောင်း လွတ်မြောက်နိုင်ကြမည်သာ ဖြစ်ပေသည်။ ဤအကြောင်းအရာများကို ဘုရားရှင်က ဤလောဏကပလ္လသုတ္တန်[မှတ်စု ၁၀]တွင် ဤသို့ ဟောကြားထားတော်မူခဲ့ပေသည် ..။

“ချစ်သား ရဟန်းတို့...’ဤသတ္တဝါသည် ကံကို ပြုစုပျိုးထောင်ခဲ့သော အခြင်းအရာအားဖြင့် ထိုကံ၏ အကျိုး တရားကို ခံစားရ၏’ဟု တစ်စုံတစ်ယောက်သောသူက ပြောဆိုလာငြားအံ့၊ ချစ်သား ရဟန်းတို့... ဤသို့ ပြောဆိုသည့် အတိုင်း ဖြစ်လတ်သော် မြတ်သောအကျင့်ကို ကျင့်သုံးမှုသည် မဖြစ်နိုင်တော့ချေ၊ ကောင်းမွန်စွာ သံသရာဝဋ်ဆင်းရဲ ဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ရန် အခွင့်အလမ်း မရှိတော့ချေ။

ချစ်သား ရဟန်းတို့...’ဤသတ္တဝါသည် ခံစားအပ် ခံစားထိုက်သော ကံကို ပြုစုပျိုးထောင်ခဲ့သော အခြင်းအရာ အားဖြင့် ထိုကံ၏ အကျိုးတရားကို ခံစားရ၏’ဟု တစ်စုံတစ်ယောက်က ပြောဆိုလာငြားအံ့၊ ချစ်သား ရဟန်းတို့... ဤသို့ ပြောဆိုသည့်အတိုင်း ဖြစ်လတ်သော် မြတ်သောအကျင့်ကို ကျင့်သုံးမှုသည် ဖြစ်နိုင်၏၊ ကောင်းမွန်စွာ သံသရာ ဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ရန် အခွင့်အလမ်း ရှိနိုင်၏၊

ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော အနည်းငယ်မျှသော မကောင်းမှု အကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊ ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ်မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။

ချစ်သား ရဟန်းတို့... အဘယ်သို့သော သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော အနည်းငယ်မျှဖြစ်သော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်သနည်း? ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာသတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း မပွားများ၊ သီလကျင့်စဉ်ကိုလည်း မပွားများ၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း မပွားများ၊ ဝိပဿနာပညာကိုလည်း မပွားများ၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) ငယ်၏၊ (သီလ-သမာဓိ-ပညာဂုဏ် ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ မကောင်းမှုအကုသိုလ် အနည်းငယ်ဖြင့် ပင်ပန်းဆင်းရဲစွာ နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော အနည်းငယ် မျှသော မကောင်းမှု အကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊

ချစ်သား ရဟန်းတို့... အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ် မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်းဟူသည် အဘယ်နည်း? ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာ သတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း ပွားများ၏၊ သီလကျင့်စဉ်ကိုလည်း ပွားများ၏၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း ပွားများ၏၊ ဝိပဿနာ ပညာကိုလည်း ပွားများ၏၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) မငယ်၊ (သီလ-သမာဓိ-ပညာဂုဏ် ကြီးမားသော အားဖြင့်) ခန္ဓာကိုယ်ကြီး၏၊ (နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့်) အတိုင်းအတာပမာဏ မရှိသော စိတ်ထားဖြင့် နေထိုင်ရ၏၊[မှတ်စု ၁၁] ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘော ရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း အနည်းငယ်မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။[မှတ်စု ၁၂]

ချစ်သား ရဟန်းတို့... ယောကျ်ားတစ်ယောက်သည် ဆားခွက်ကို ရေနည်းပါးသော ခွက်ထဲ၌ ထည့်ငြားအံ့၊ ချစ်သား ရဟန်းတို့... ထိုအရာကို အဘယ်သို့ မှတ်ထင်ယူဆကြကုန်သနည်း၊ အနည်းငယ်သော ထိုရေသည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေ ဖြစ်ရာအံ့လောဟု မေးမြန်းတော်မူ၏၊ မသောက်နိုင်သော ဆားငန်ရေ ဖြစ်ပါသည် မြတ်စွာဘုရား၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ – မြတ်စွာဘုရား... ရေခွက်၌ ရေအနည်းငယ်သာ ရှိသောကြောင့် .. ထိုအနည်းငယ်သော ရေသည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေဖြစ်ရာပါ၏ဟု လျှောက်ထားကြကုန်၏၊

ချစ်သား ရဟန်းတို့...ယောကျ်ားတစ်ယောက်သည် ဆားခွက်ကို ဂင်္ဂါမြစ်ထဲ၌ ထည့်ငြားအံ့၊ ချစ်သား ရဟန်းတို့... ထိုအရာကို အဘယ်သို့ မှတ်ထင်ယူဆကြကုန်သနည်း၊ ထိုဂင်္ဂါမြစ်သည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေ ဖြစ်ရာအံ့လောဟု မေးမြန်းတော်မူ၏၊ မဖြစ်နိုင်ပါ မြတ်စွာဘုရား၊ ထိုသို့ မဖြစ်နိုင်ခြင်း သည် အဘယ်အကြောင်းကြောင့်နည်းဟူမူ – မြတ်စွာဘုရား...ဂင်္ဂါမြစ်၌ ရေထုများပြားသောကြောင့် ထိုများသော ရေထုသည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေ မဖြစ်နိုင်ပါဟု လျှောက်ထားကြကုန်၏၊

ချစ်သား ရဟန်းတို့...ဤဥပမာအတူသာလျှင် ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုလုပ်အပ်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊ ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက် ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ်မျှသော အကျိုးတရား သည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။

ချစ်သား ရဟန်းတို့... အဘယ်သို့သော သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော အနည်းငယ်မျှဖြစ်သော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်သနည်း? ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာသတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း မပွားများ၊ သီလကျင့်စဉ်ကိုလည်း မပွားများ၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း မပွားများ၊ ဝိပဿနာပညာကိုလည်း မပွားများ၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) ငယ်၏၊ (သီလ-သမာဓိ-ပညာဂုဏ် ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ မကောင်းမှုအကုသိုလ် အနည်းငယ်ဖြင့် ပင်ပန်းဆင်းရဲစွာ နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော အနည်းငယ် မျှသော မကောင်းမှု အကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊

ချစ်သား ရဟန်းတို့... အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ် မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်းဟူသည် အဘယ်နည်း? ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာ သတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း ပွားများ၏၊ သီလကျင့်စဉ်ကိုလည်း ပွားများ၏၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း ပွားများ၏၊ ဝိပဿနာ ပညာကိုလည်း ပွားများ၏၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) မငယ်၊ (သီလ-သမာဓိ-ပညာဂုဏ် ကြီးမားသော အားဖြင့်) ခန္ဓာကိုယ်ကြီး၏၊ (နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့်) အတိုင်းအတာပမာဏ မရှိသော စိတ်ထားဖြင့် နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘော ရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း အနည်းငယ်မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။ (၁)

ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရ၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရ၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် မခံရ။

ချစ်သား ရဟန်းတို့...အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင်ခံရသနည်း၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင်ခံရသနည်း၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင်ခံရသနည်း? ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောသူသည် ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာ နည်းပါး၏၊ ကိုယ်ပိုင်အသုံးအဆောင် ပရိဘောဂ နည်းပါး၏၊ ချစ်သား ရဟန်းတို့...ဤသို့သဘောရှိသော သူဆင်းရဲသည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊

ချစ်သား ရဟန်းတို့...အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရသနည်း၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရသနည်း၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် မခံရသနည်း? ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောသူသည် ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂရှိ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသော ကြွယ်ဝချမ်းသာသူသည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရ၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရ၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် မခံရ။

ချစ်သား ရဟန်းတို့...ဤဥပမာအတူသာလျှင် ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုလုပ်အပ်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊ ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက် ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ်မျှသော အကျိုးတရား သည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။

ချစ်သား ရဟန်းတို့... အဘယ်သို့သော သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော အနည်းငယ်မျှဖြစ်သော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်သနည်း? ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာသတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း မပွားများ၊ သီလကျင့်စဉ်ကိုလည်း မပွားများ၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း မပွားများ၊ ဝိပဿနာပညာကိုလည်း မပွားများ၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) ငယ်၏၊ (သီလ-သမာဓိ-ပညာဂုဏ် ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ မကောင်းမှုအကုသိုလ် အနည်းငယ်ဖြင့် ပင်ပန်းဆင်းရဲစွာ နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော အနည်းငယ် မျှသော မကောင်းမှု အကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊

ချစ်သား ရဟန်းတို့... အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ် မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်းဟူသည် အဘယ်နည်း? ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာ သတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း ပွားများ၏၊ သီလကျင့်စဉ်ကိုလည်း ပွားများ၏၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း ပွားများ၏၊ ဝိပဿနာ ပညာကိုလည်း ပွားများ၏၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) မငယ်၊ (သီလ-သမာဓိ-ပညာဂုဏ် ကြီးမားသော အားဖြင့်) ခန္ဓာကိုယ်ကြီး၏၊ (နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့်) အတိုင်းအတာပမာဏ မရှိသော စိတ်ထားဖြင့် နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘော ရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း အနည်းငယ်မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။ (၂)

ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သော ဆိတ်ပိုင်ရှင်သည်လည်းကောင်း, ဆိတ်သတ်သမားသည် လည်းကောင်း ဆိတ်ကို ခိုးယူသူအချို့ကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန်သော်လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း တတ်စွမ်းနိုင်၏၊ အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အချို့သူကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန် သော်လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ်စွမ်းနိုင်။

ချစ်သား ရဟန်းတို့... ဆိတ်ပိုင်ရှင်သည်လည်းကောင်း, ဆိတ်သတ်သမားသည်လည်းကောင်း အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အဘယ်သို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန်သော်လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း တတ်စွမ်းနိုင်သနည်း?

ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောသူသည် ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာ နည်းပါး၏၊ ကိုယ်ပိုင် အသုံးအဆောင် ပရိဘောဂ နည်းပါး၏၊ ချစ်သား ရဟန်းတို့... ဆိတ်ပိုင်ရှင်သည်လည်းကောင်း, ဆိတ်သတ်သမား သည်လည်းကောင်း အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော ဤသို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန်သော်လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော် လည်းကောင်း တတ်စွမ်းနိုင်၏၊

ချစ်သား ရဟန်းတို့... ဆိတ်ပိုင်ရှင်သည်လည်းကောင်း, ဆိတ်သတ်သမားသည်လည်းကောင်း အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အဘယ်သို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန်သော်လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ်စွမ်းနိုင်သနည်း?

ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောသူသည် ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂရှိ၏၊ မင်းသော်လည်း ဖြစ်၏၊ အမတ်ကြီးသော်လည်း ဖြစ်၏၊ ချစ်သား ရဟန်းတို့... ဆိတ်ပိုင်ရှင်သည်လည်းကောင်း, ဆိတ်သတ်သမားသည်လည်းကောင်း အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော ဤသို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန်သော် လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ်စွမ်းနိုင်။ စင်စစ်သော်ကား လက်အုပ်ချီလျက် ‘အရှင်... ဆိတ်ကို ဖြစ်စေ၊ ဆိတ်၏ တန်ဖိုးကို ဖြစ်စေ အကျွန်ုပ်အား ပေးသနားပါ’ဟု ထိုသူကို တောင်းပန်ရ၏၊

ချစ်သား ရဟန်းတို့...ဤဥပမာအတူသာလျှင် ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုလုပ်အပ်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊ ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက် ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ်မျှသော အကျိုးတရား သည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။

ချစ်သား ရဟန်းတို့... အဘယ်သို့သော သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော အနည်းငယ်မျှဖြစ်သော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်သနည်း? ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာသတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း မပွားများ၊ သီလကျင့်စဉ်ကိုလည်း မပွားများ၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း မပွားများ၊ ဝိပဿနာပညာကိုလည်း မပွားများ၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) ငယ်၏၊ (သီလ-သမာဓိ-ပညာဂုဏ် ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ မကောင်းမှုအကုသိုလ် အနည်းငယ်ဖြင့် ပင်ပန်းဆင်းရဲစွာ နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော အနည်းငယ် မျှသော မကောင်းမှု အကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊

ချစ်သား ရဟန်းတို့... အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ် မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်းဟူသည် အဘယ်နည်း? ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာ သတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း ပွားများ၏၊ သီလကျင့်စဉ်ကိုလည်း ပွားများ၏၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း ပွားများ၏၊ ဝိပဿနာ ပညာကိုလည်း ပွားများ၏၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) မငယ်၊ (သီလ-သမာဓိ-ပညာဂုဏ် ကြီးမားသော အားဖြင့်) ခန္ဓာကိုယ်ကြီး၏၊ (နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့်) အတိုင်းအတာပမာဏ မရှိသော စိတ်ထားဖြင့် နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘော ရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း အနည်းငယ်မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။ (၃)

ချစ်သား ရဟန်းတို့...’ဤသတ္တဝါသည် ကံကို ပြုစုပျိုးထောင်ခဲ့သော အခြင်းအရာအားဖြင့် ထိုကံ၏ အကျိုး တရားကို ခံစားရ၏’ဟု တစ်စုံတစ်ယောက်သောသူက ပြောဆိုလာငြားအံ့၊ ချစ်သား ရဟန်းတို့... ဤသို့ ပြောဆိုသည့် အတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှုသည် မဖြစ်နိုင်တော့ချေ၊ ကောင်းမွန်စွာ သံသရာဝဋ်ဆင်းရဲ ဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ရန် အခွင့်အလမ်း မရှိတော့ချေ။

ချစ်သား ရဟန်းတို့...’ဤသတ္တဝါသည် ခံစားအပ် ခံစားထိုက်သော ကံကို ပြုစုပျိုးထောင်ခဲ့သော အခြင်းအရာ အားဖြင့် ထိုကံ၏ အကျိုးတရားကို ခံစားရ၏’ဟု တစ်စုံတစ်ယောက်က ပြောဆိုလာငြားအံ့၊ ချစ်သား ရဟန်းတို့... ဤသို့ ပြောဆိုသည့်အတိုင်း ဖြစ်လတ်သော် မြတ်သောအကျင့်ကို ကျင့်သုံးမှုသည် ဖြစ်နိုင်၏၊ ကောင်းမွန်စွာ သံသရာ ဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ရန် အခွင့်အလမ်း ရှိနိုင်၏”ဟု မိန့်ကြားတော်မူ၏၊

အရိယသစ္စာလေးပါး သိမြင်ရေး အရေးကြီးပုံ

တစ်ဖန် ဘုရားရှင်သည် ကာယဘာဝနာကို မပွားများခြင်း, သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို မကျင့်ခြင်းကြောင့် အနည်းငယ်မျှသော အကုသိုလ်ကံတစ်ခုခုက အပါယ်သို့ ပစ်ချလိုက်သည့်အခါ ငရဲဒုက္ခတွင်သာမက တိရ စ္ဆာန်ဘဝ၌ ခံစားခဲ့ရသည့် ခံစားရတော့မည့် ဆင်းရဲဒုက္ခအဝဝတို့ကို ညွှန်ပြတော်မူလျက် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်ရေးအတွက် ကာယဘာဝနာကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်၊ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန် သတ္တိသတ သုတ္တန်[မှတ်စု ၁၃]တွင် ဤသို့ တိုက်တွန်းထားတော်မူခဲ့၏ ..။

“ချစ်သား ရဟန်းတို့... ဥပမာသော်ကား ယောက်ျားတစ်ယောက်သည် အသက် အနှစ်တစ်ရာ ရှိ၏၊ အနှစ်တစ်ရာ အသက်ရှည်၏၊ ထိုသူ့ကို ‘အမောင်ယောက်ျား...လာလော့၊ နံနက်အခါ၌ သင့်ကို လှံချက်တစ်ရာဖြင့် ညှဉ်းပန်းကုန်လတ္တံ့၊ မွန်းတည့်အခါ၌ လှံချက်တစ်ရာဖြင့် ညှဉ်းပန်းကုန်လတ္တံ့၊ ညနေချမ်းအခါ၌ လှံချက်တစ်ရာဖြင့် ညှဉ်းပန်းကုန်လတ္တံ့၊ အမောင်ယောက်ျား...နေ့တိုင်းနေ့တိုင်း လှံချက် သုံးရာသုံးရာတို့ဖြင့် ညှဉ်းပန်းခံရသော သင်သည် အသက် အနှစ်တစ်ရာရှိသည် ဖြစ်၍, အနှစ်တစ်ရာ အသက်ရှည်သည် ဖြစ်၍, အနှစ်တစ်ရာ ကုန်လွန်သောအခါ ထိုးထွင်းမသိရသေးသော အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိရလိမ့်မည်’ဟု ဤသို့ ပြောဆိုလာငြားအံ့။

ချစ်သား ရဟန်းတို့...မိမိ၏ အကျိုးစီးပွားကို လိုလားတောင့်တလျက်ရှိသော အမျိုးကောင်းသားသည် အညှဉ်းပန်းခံရန် ကပ်ရောက်ထိုက်၏၊ ထိုသို့ ကပ်ရောက်ထိုက်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့... ဤသံသရာ၏ အစကို မသိနိုင်ရကား လှံအထိုးခံရသည့်ဘဝ, သန်လျက်ဖြင့် အဖြတ်ခံရသည့်ဘဝ, မြားအပစ်ခံရသည့်ဘဝ, ပုဆိန်အပေါက်ခံရသည့်ဘဝတို့၏ ရှေးအစွန်းသံသရာသည် မထင်ရှားနိုင်သောကြောင့်တည်း။

ချစ်သား ရဟန်းတို့...ဤကဲ့သို့ လှံအထိုးခံရ၍ သန်လျက်ဖြင့် အဖြတ်ခံရ၍ မြားအပစ်ခံရ၍ ပုဆိန်အပေါက် ခံရ၍ သစ္စာလေးပါးကို သိမြင်ခဲ့မူ အရိယသစ္စာလေးပါးသိမြင်မှုကို ဆင်းရဲခြင်း နှလုံးမသာယာခြင်းနှင့် တကွ ဖြစ်၏ဟူ၍ ငါဘုရား ဟောကြားတော်မမူပါ၊ ချစ်သား ရဟန်းတို့... စင်စစ်သော်ကား အရိယသစ္စာလေးပါးသိမှုကို ချမ်းသာခြင်း ဝမ်းမြောက်ခြင်းနှင့် တကွသာ ဖြစ်၏ဟု ငါဘုရား ဟောကြားတော်မူပါ၏၊ အဘယ်လေးပါးတို့နည်းဟူမူကား –

ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’။ပ။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တို့တည်း။

ချစ်သား ရဟန်းတို့... ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရားတည်း’ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ”ဟု မိန့်ကြားတော်မူ၏၊

အပါယ်မှ လွတ်မြောက်ရန် ခက်ခဲပုံ

အကယ်၍ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် မကျင့်နိုင်သဖြင့် မကောင်းမှု အကုသိုလ်ကံတစ်ခုခုက အပါယ်သို့ ပစ်ချလိုက်သောအခါ အပါယ် သံသရာမှ တစ်ဖန်ပြန်လည်ကာ ကျွတ်လွတ်ထွက်မြောက်ဖို့ရန် ခက်ခဲပုံကိုလည်း “လိပ်ကာဏ်း ထမ်းပိုး” ဥပမာဖြင့် ပဌမဆိဂ္ဂဠယုဂသုတ္တန်[မှတ်စု ၁၄]တွင် ဘုရားရှင်က ဤသို့ ဆိုဆုံးမထားတော်မူခဲ့၏ ..။

“ချစ်သား ရဟန်းတို့... ဥပမာသော်ကား ယောကျ်ားတစ်ယောက်သည် မဟာသမုဒ္ဒရာ၌ အပေါက်တစ်ခုသာ ရှိသော ထမ်းပိုးတစ်ခုကို ပစ်ချထားလေရာ၏၊ ထိုသမုဒ္ဒရာ၌လည်း လိပ်ကာဏ်းတစ်ကောင်သည် ရှိလေရာ၏၊

ထိုလိပ်ကာဏ်းသည် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ၌ တစ်ကြိမ် တစ်ကြိမ်သာလျှင် ရေမျက်နှာပြင် ထက်သို့ ပေါ်တက်လာလေရာ၏၊ ချစ်သား ရဟန်းတို့...ထိုအရာကို အဘယ်သို့ မှတ်ထင်ယူဆကြကုန်သနည်း၊ စင်စစ်အားဖြင့် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ၌ တစ်ကြိမ်တစ်ကြိမ်သာလျှင် ရေမျက်နှာပြင်ထက်သို့ ပေါ်တက်လာသော လိပ်ကာဏ်းသည် ဤအပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လိပ်၏လည်ပင်းသည် စွပ်မိနိုင်ရာ သလောဟု မေးမြန်းတော်မူ၏၊

မြတ်စွာဘုရား...ရှည်ကြာသောကာလ ကုန်လွန်သည်ရှိသော် တစ်ခါတစ်ရံ စွပ်မိနိုင်ကောင်းတန်ရာပါ၏ဟု ပြန်လည်လျှောက်ထားကြကုန်၏၊

ချစ်သား ရဟန်းတို့...အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ တစ်ကြိမ်တစ်ကြိမ်သာလျှင် ရေမျက်နှာ ပြင်ထက်သို့ ပေါ်တက်လာသော ထိုလိပ်ကာဏ်းသည် ဤအပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်းစွပ်မိနိုင်ခြင်းက ပို၍ မြန်ရာသေး၏၊ တစ်ကြိမ်မျှ (အပါယ်သို့) ပျက်စီးကျရောက်သွားသော လူမိုက်သည် လူအဖြစ်ကို တစ်ဖန် ပြန်လည်ရရှိရန် မလွယ်ကူတော့ချေဟု ငါဘုရား ဟောကြားတော်မူပါ၏၊

ထိုကဲ့သို့ဖြစ်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့...ဤအပါယ်ဘုံ၌ တရားနှင့်အညီ ကျင့်ခြင်း, မျှမျှတတ ကျင့်ခြင်း, ကုသိုလ်ကောင်းမှုကို ပြုခြင်းသည် မရှိနိုင်၊ အချင်းချင်းသတ်စားခြင်း အားနည်းသူကို အားကြီးသူက သတ်စားခြင်းသည်သာ ထင်ရှားဖြစ်နေ၏၊ ထိုကဲ့သို့ဖြစ်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့... အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို မသိမမြင်ခြင်းကြောင့်တည်း။ အဘယ်လေးပါးတို့နည်းဟူမူကား –

ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’။ပ။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တို့တည်း။

ချစ်သား ရဟန်းတို့... ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရားတည်း’ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ”ဟု မိန့်ကြားတော်မူ၏၊

အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မသိမမြင်သေးသူတို့အဖို့ အပါယ်သို့ ရောက်ရှိ ဖို့ရန် အခွင့်အလမ်းကား ပွင့်လန်းဝေဆာလျက်ပင် ရှိနေပေ၏၊ သံသရာတစ်လျှောက် ဆည်းပူးစုဆောင်းခဲ့သော အကုသိုလ်ကံအမျိုးမျိုးတို့ကလည်း ရင့်ကျက်သည့်အချိန်ကာလသို့ ရောက်ရှိလာသောအခါ အကျိုးပေးရတော့မည့် အခွင့်အလမ်းကို အမြဲတမ်း စောင့်မျှော်လျက် ရှိနေကြ၏၊ အကယ်၍ ယင်းအကုသိုလ်ကံတစ်ခုခုက အကျိုးပေးခွင့်သာ၍ ငရဲသို့ ကျရောက်ခဲ့လျှင် ကြွင်းကျန်နေသေးသည့် အကျိုးမပေးရသေးသော အကုသိုလ်ကံတို့က အကျိုးပေးဖို့ရန် အခွင့်အလမ်း သာလာကြသဖြင့် တစ်ခုပြီးတစ်ခု ဆင့်ကာဆင့်ကာ အကျိုးပေးနေတတ်ကြပြန်၏၊ ကံအရှိန်အဝါ အားပျော့လာသောအခါ ငရဲမှ လွတ်မြောက်လာပြန်လျှင်လည်း ပြိတ္တာဘဝက ဆီးကြိုလျက် ရှိနေပြန်၏၊ တစ်ဖန် ပြိတ္တာဘဝက လွတ်မြောက်လာပြန်လျှင်လည်း တိရ စ္ဆာန်ဘဝက ဆီးကြိုလျက် ရှိနေပြန်၏၊ တိရ စ္ဆာန်ဘဝဟူသည် ဤဆိဂ္ဂဠယုဂသုတ္တန်တွင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း အားရှိသူက အားနွဲ့သူကို သတ်ဖြတ်ကာ စားသောက်နေသည့် နိုင်ရာစားလောကတစ်ခု ဖြစ်၏၊ ယင်းမကောင်းမှုအကုသိုလ်ဒုစရိုက်တို့ကြောင့် သေသည်၏ အခြားမဲ့၌ ငရဲသို့ တစ်ဖန် ပြန်လည်ရောက်ရှိနိုင်ပြန်၏၊ ဤနည်းအားဖြင့် ငရဲမှ ပြိတ္တာ၊ ပြိတ္တာမှ တိရ စ္ဆာန်၊ တိရ စ္ဆာန်မှ ငရဲ – ဤသို့ စသည်ဖြင့် အဆက်မပြတ် လည်ပတ်နေရကား အပါယ်သို့ တစ်ကြိမ်တစ်ခါ ရောက်ရှိသွားပါက အပါယ်မှ လွတ်မြောက်ဖို့ရန် ခဲယဉ်းသည့်အကြောင်းကို ဘုရားရှင်က “လိပ်ကာဏ်း ထမ်းပိုး” ဥပမာဖြင့် ဟောကြားထားတော် မူခြင်း ဖြစ်ပေသည်။

လားရာဂတိ မသေချာသည့် သံသရာခရီးသည်

အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် အစရှိသည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသည့် သမ္မာဒိဋ္ဌိ ဉာဏ်ပညာတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးသူတို့အဖို့ အနာဂတ် သံသရာခရီးသည်ကား ကောင်းရာသုဂတိဟူသည့် သို့မဟုတ် နိဗ္ဗာန်သို့ ဝင်စံရခြင်းဟူသည့် ကျိန်းသေမြဲသော လားရာဂတိ ရှိနေပေ၏၊ သို့သော် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြသေးသည့် ပုထုဇန်ငမိုက်သားတို့အဖို့ကား အနာဂတ်သံသရာခရီး၏ မြဲသော လားရာဂတိ မရှိသေးသည်ကို အောက်ပါ ဒဏ္ဍသုတ္တန်[မှတ်စု ၁၅]တွင် ဘုရားရှင်က ဟောကြားထားတော်မူခဲ့၏၊ ကျိန်းသေမြဲသော လားရာ ဂတိရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရေးအတွက် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်ကိုလည်း ဆက်လက်ကာ တိုက်တွန်းထားတော်မူခဲ့ပေသည်။

“ချစ်သား ရဟန်းတို့... ဥပမာသော်ကား ကောင်းကင်ထက်သို့ ပစ်လွှင့်သော တုတ်ချောင်းတစ်ခုသည် တစ်ခါ တစ်ရံလည်း အရင်းဖြင့် မြေပေါ်သို့ ပြန်ကျ၍ တစ်ခါတစ်ရံလည်း အဖျားဖြင့် မြေပေါ်သို့ ပြန်ကျသကဲ့သို့ ချစ်သား ရဟန်းတို့... ဤဥပမာအတူပင် (အရိယသစ္စာလေးပါးတို့ကို မသိမမြင်မှု, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားမှု) အဝိဇ္ဇာဖြင့် ပိတ်ဆို့ခံကြရကုန်သည်ဖြစ်၍, တွယ်တာမှု တဏှာဖြင့် အချည်နှောင် ခံကြရကုန်သည် ဖြစ်၍ (ဤဘဝမှ ထိုဘဝ, ထိုဘဝမှ ဤဘဝသို့ တပြောင်းပြန်ပြန်) ကျင်လည်ကျက်စား ပြေးသွားကြရ ကုန်သော သတ္တဝါတို့သည် တစ်ခါတစ်ရံလည်း ဤလောကမှ တမလွန်လောကသို့ သွားရကုန်၏၊ တစ်ခါတစ်ရံလည်း တမလွန်လောကမှ ဤလောကသို့ လာရကုန်၏၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့... အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို မသိမမြင်ကြခြင်းကြောင့်တည်း။ အဘယ်လေးပါး တို့နည်းဟူမူကား –

ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’။ ပ။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တို့တည်း။

ချစ်သား ရဟန်းတို့... ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရားတည်း’ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ”ဟု မိန့်ကြားတော်မူ၏၊

ဦးထိပ်ထက်၌ မီးစွဲလောင်ခံနေရသူပမာ

ထိုကဲ့သို့ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် ဦးထိပ်ထက်၌ မီးစွဲလောင်ခံနေရသူကို ပမာထားကာ အပြင်းအထန် ကြိုးစားအားထုတ်ရန်ကိုလည်း ဘုရားရှင်က စေလသုတ္တန်[မှတ်စု ၁၆]တွင် ဤသို့ တိုက်တွန်းထားတော်မူခဲ့၏ ..။

“ချစ်သား ရဟန်းတို့...အဝတ်ပုဆိုး၌သော်လည်းကောင်း, ဦးခေါင်းထက်၌သော်လည်းကောင်း မီးစွဲလောင်နေ သည်ရှိသော် အဘယ်သို့ ပြုလုပ်ရာသနည်းဟု ဘုရားရှင်က မေးမြန်းတော်မူ၏၊ မြတ်စွာဘုရား...အဝတ်ပုဆိုး၌သော် လည်းကောင်း, ဦးခေါင်းထက်၌သော်လည်းကောင်း မီးစွဲလောင်နေသည်ရှိသော် ထိုအဝတ်ပုဆိုးကိုသော်လည်းကောင်း, ဦးခေါင်းကိုသော်လည်းကောင်း စွဲလောင်နေသည့် မီးကို ငြိမ်းအေးစေခြင်းငှာ လွန်ကဲသော အလို ‘ဆန္ဒ’, လုံ့လ ကြိုးကုတ်အားထုတ်မှု, အပြင်းအထန် ကြိုးစားအားထုတ်မှု, မဆုတ်မနစ်ကြိုးစားအားထုတ်မှု, အောက်မေ့မှု, ဆင်ခြင်ဉာဏ်ကို ပြုလုပ်ရပါ၏ မြတ်စွာဘုရား ..ဟု လျှောက်ထားကြကုန်၏၊

ချစ်သား ရဟန်းတို့... မီးစွဲလောင်နေသော အဝတ်ပုဆိုးကိုသော်လည်းကောင်း, ဦးခေါင်းကိုသော်လည်းကောင်း လျစ်လျူရှု၍ နှလုံးမသွင်းမူ၍ ထိုးထွင်းမသိရသေးသော အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်း အကျိုးငှာ လွန်ကဲသော အလို ‘ဆန္ဒ’, လုံ့လကြိုးကုတ်အားထုတ်မှု, အပြင်းအထန် ကြိုးစားအားထုတ်မှု, မဆုတ်မနစ်ကြိုးစားအားထုတ်မှု, အောက်မေ့မှု, ဆင်ခြင်ဉာဏ်ကို ပြုလုပ်ရမည်။ အဘယ်လေးပါး တို့နည်းဟူမူကား –

၁။ ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’၊
၂။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယ အရိယသစ္စာတရား’၊
၃။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓ အရိယသစ္စာတရား’၊
၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တို့တည်း။

ချစ်သား ရဟန်းတို့...ထို့ကြောင့် ဤသာသနာတော်၌ ..
၁။ ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ။
၂။ ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယ အရိယသစ္စာတရား’တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။
၃။ ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓ အရိယသစ္စာတရား’တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။
၄။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ”ဟု မိန့်ကြားတော်မူ၏၊

အလားတူပင် ဖေဏပိဏ္ဍူပမသုတ္တန်[မှတ်စု ၁၇]၌လည်း ဤဥပမာကိုပင် စံထားကာ ဤသို့ ဘုရားရှင်က တိုက်တွန်း ထားတော်မူခဲ့လေသည် ..။

“ဇဟေယျ သဗ္ဗသံယောဂံ၊ ကရေယျ သရဏတ္တနော။
စရေယျာဒိတ္တသီသောဝ၊ ပတ္ထယံ အစ္စုတံ ပဒံ။

ပတ္ထယံ အစ္စုတံ ပဒံ = သေခြင်းကင်းရာ အမြိုက်နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အမျိုးကောင်းသား/ အမျိုးကောင်းသမီးသည် (အကယ်စင်စစ် လိုလားတောင့်တသူမှန်လျှင်) ..

၁။ ဇဟေယျ သဗ္ဗသံယောဂံ = သံယောဇဉ် အနှောင်အဖွဲ့ အားလုံးကို စွန့်လွှတ်လိုက်ပါ၊
၂။ ကရေယျ သရဏတ္တနော = မိမိ၏ ကိုးကွယ်ရာ အားထားရာကို မိမိကိုယ်တိုင်ပင် ပြုလုပ်ပါ၊
၃။ စရေယျာဒိတ္တသီသောဝ = ‘ဦးထိပ်ထက်၌ မီးစွဲလောင်နေသူပမာ’ .. သမထ ဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။”

ဤတွင် .. အလင်္ကာဂုဏ်မြောက်စွာ အနှစ်သာရ ပြည့်ဝစွာဖြင့် ဖွဲ့ဆိုသီကုံး ရေးသားထားတော်မူသော ကျေးဇူးတော်ရင် လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမလွှာ တစ်ပုဒ်ကို ထည့်သွင်း၍ လက်ဆောင်ပါးလိုက်ပါသည်။

ကိုယ့်တွက်ကိုယ်တာ ကျင့်ကြံပါ

ဆိုပိန့်ဟုတ်ရာ၊ စဉ်းစားပါလော့ ...၊ ခန္ဓာဘာရ၊ ပဉ္စကကား (= ခန္ဓာငါးပါးတည်းဟူသော ဝန်ထုပ် ဝန်ပိုးကြီးကား) ယုယခင်မင်၊ စိန်ရွှေဆင်၍၊ ပြုပြင်ပိုက်ထွေး၊ နင်ကျွေးမွေးလည်း၊ အရေးမရောက်၊ သဲရေမှောက်သို့၊ နင့်နောက်မပါ၊ နင်လိုရာကို၊ ဘယ်ခါမလိုက်၊ နင့်အကြိုက်နှင့်၊ တိုက်ရိုက်ဖီလာ၊ ဆန့်ကျင်ပါခဲ့။

ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏၊ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏၊

နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကိုမထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကိုသေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏၊

လ-ရက်-နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ဝိပလ်မှောင့်၍၊ တကြောင့်ကြကြ၊ ပြုခဲ့လှပြီ။

ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှုလော့၊ ....

ဥတုဂိမှန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက္ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ (နည်း)၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့။

သူငါကစ၊ ရှိသမျှလည်း၊ နေ့ညဉ့်မလပ်၊ အစဉ်စပ်လျက်၊ ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏၊

ငါငါတက်ကြွ၊ မာန်မာနနှင့်၊ လောဘဒေါသာ၊ အစဖြာသား၊ ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးက မလာ၊ ကင်းရှင်း ကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။

လူ့ရပ်နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊ ရှစ်ဝမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊ ရောက်ရလိုမူ၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊ လုံ့လသဲလော့။

ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊ ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊ ဉာဏ်ကျယ်သလောက်၊ အပြစ် ကောက်၍၊ တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊ အရချောင်းသို့၊ တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ်၊ တော-တောဆို၍၊[မှတ်စု ၁၈] မဂ်ဖိုလ်မနှောင်း၊ အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းလွတ်ရဟု၊ ဗုဒ္ဓရွှေနှုတ်၊ ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊ နင်ကား နင့်တွက် ကျင့်တော့တည်း။

“သံသရာတစ်ခွင်မှ ကျွတ်လွတ်ထွက်မြောက်လိုကြသည့် ယောဂီသူတော်စင်အားလုံးတို့သည် အပါယ်ဘေးဆိုးကြီးမှ လွတ်မြောက်ရာ, အိုဘေးဆိုးကြီးမှ လွတ်မြောက်ရာ, နာဘေးဆိုးကြီးမှ လွတ်မြောက်ရာ, သေဘေးဆိုးကြီးမှ လွတ်မြောက်ရာ ဧကန်အစစ် အဖြစ်ကြီးဖြစ်ပေသော မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကြီးကို ရည်မျှော်လျက် ..

၁။ မဖြစ်ပေါ်ကြသေးကုန်သော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန်,
၂။ ဖြစ်ပေါ်ကြပြီးကုန်သော အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်ရန်,
၃။ မဖြစ်ပေါ်ကြသေးကုန်သော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာစေရန် (= အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်း မသိမမြင်သေးပါက အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်တတ်သည့် ဝိပဿနာသမ္မာဒိဋ္ဌိ အရိယမဂ္ဂသမ္မာဒိဋ္ဌိ ကုသိုလ်တရားတို့ ထင်ရှားဖြစ်ပေါ်လာစေရန်),
၄။ ဖြစ်ပေါ်ကြပြီးကုန်သော ကုသိုလ်တရားတို့ကို တိုင်းထက်အလွန် တိုးပွားရန် (သောတာပတ္တိမဂ်ကုသိုလ်ကဲ့သို့သော အရိယမဂ္ဂသမ္မာဒိဋ္ဌိဖြင့် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်ပြီးပါက ရှေးသို့ အဆင့်ဆင့် တိုးတက်ကာ အရဟတ္တမဂ်ကုသိုလ်တိုင်အောင်သော အရိယမဂ္ဂသမ္မာဒိဋ္ဌိဖြင့် သစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်နိုင်ရန်) –– လွန်ကဲမြင့်မြတ်သော အလိုဆန္ဒဖြင့် ..

၁။ ရှေးဦးအစ လုံ့လကြိုးကုတ်အားထုတ်ခြင်း အာရမ္ဘဝီရိယ,
၂။ ကိလေသာတို့ကို အဆင့်ဆင့် နှိပ်ကွပ်နိုင်ရန် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း ပရက္ကမဝီရိယ,
၃။ ကိလေသာတို့မှ လွတ်မြောက်သွားအောင် မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း နိက္ကမဝီရိယ ––

ဟူသည့် ဤဝီရိယတို့ ခြံရံကာ ..

သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အသုဘ အခြင်းအရာကို အဖန်ဖန် အထပ်ထပ် အောက်မေ့မှု သတိ,

သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အသုဘ အခြင်းအရာကို ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်တို့နှင့် ပြည့်စုံအောင် ..

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့စွာဖြင့် သမထ ဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် .................”

ဖားအောက်တောရဆရာတော်

  1. (မ၊၃၊၂၄၃-၂၄၉၊ စာပိုဒ်၊၂၈၉-၂၉၇။)
  2. န ဒါတာ ဟောတီတိ မစ္ဆရိယဝသေန န ဒါတာ ဟောတိ။ (မ၊ဋ္ဌ၊၄၊၁၈၀။)
  3. န ပရိပုစ္ဆိတာ ဟောတီတိ ဧတ္ထ ပန အပရိပုစ္ဆနေန နိရယေ န နိဗ္ဗတ္တတိ။ အပရိပုစ္ဆကော ပန “ဣဒံ ကာတဗ္ဗံ ဣဒံ န ကာတဗ္ဗ”န္တိ န ဇာနာတိ၊ အဇာနန္တော ကာတဗ္ဗံ န ကရောတိ၊ အကာတဗ္ဗံ ကရောတိ။ တေန နိရယေ နိဗ္ဗတ္တတိ၊ ဣတရော သဂ္ဂေ။ (မ၊ဋ္ဌ၊၄၊၁၈၀။)
  4. မှတ်ချက်---- ဤသူကား သိသည့်အတိုင်း မပြုသင့် မပြုထိုက်သည့် အကုသိုလ်ကို မပြုလုပ်ဘဲ ပြုသင့် ပြုထိုက်သည့် ကုသိုလ်ကိုသာ ပြုလုပ်သူတည်း။ (မ၊ဋ္ဌ၊၄၊၁၈၀။)
  5. (အံ၊၁၊၅၂၃-၅၂၆၊ စာပိုဒ်၊၁၉၇။)
  6. ဒေါသ ကြီးခဲ့ခြင်း ဒါနမပြုခဲ့ခြင်း ဣဿာတရား များပြားခဲ့ခြင်း---- ဤအကြောင်းတရား (၃)ပါးတည်း။
  7. ဒေါသ ကြီးခဲ့ခြင်း ဒါန ပြုခဲ့ခြင်း ဣဿာတရား နည်းပါးခဲ့ခြင်း---- ဤအကြောင်းတရား (၃)ပါးပင်တည်း။
  8. ဒေါသမကြီးခဲ့ခြင်း ဒါနမပြုခဲ့ခြင်း ဣဿာတရား များပြားခဲ့ခြင်း---- ဤအကြောင်းတရား (၃)ပါးပင်တည်း။
  9. ဒေါသမကြီးခဲ့ခြင်း ဒါန ပြုခဲ့ခြင်း ဣဿာတရား နည်းပါးခဲ့ခြင်း---- ဤအကြောင်းတရား (၃)ပါးပင်တည်း။
  10. (အင်္ဂုတ္တိုရ်၊ တိကနိပါတ်၊ အံ၊၁၊၂၅၀-၂၅၄၊ စာပိုဒ်၊၁၀၁။ အံ၊ဋ္ဌ၊၂၊၂၂၅-၂၆။)
  11. ရာဂ ဒေါသ မောဟတို့၏ များပြားမှု နည်းပါးမှု မရှိမှုကို ကြည့်ကာ “ဤသူကား သောတာပန်, ဤသူကား သကဒါဂါမ်, ဤသူကား အနာဂါမ်, ဤသူကား ရဟန္တာ”ဟု ဆုံးဖြတ်ရ၏၊ သို့အတွက် ယင်းရာဂ ဒေါသ မောဟတို့သည် ပုဂ္ဂိုလ်တစ်ယောက်ကို နှိုင်းယှဉ်ကြောင်းတရားများ ဖြစ်ကြ၏၊
  12. အရှင်အင်္ဂုလိမာလ မထေရ်မြတ်ကဲ့သို့သော ရဟန္တာအရှင်မြတ်များကို ရည်ညွှန်းထားပေသည်။
  13. (သံ၊၃၊၃၈၅-၃၈၆၊ စာပိုဒ်၊၁၁၀၅။)
  14. (သံ၊၃၊၃၉၇၊ စာပိုဒ်၊၁၁၁၇။)
  15. (သံ၊၃၊၃၈၄၊ စာပိုဒ်၊၁၁၀၃။)
  16. (သံ၊၃၊၃၈၅၊ စာပိုဒ်၊၁၁၀၄။)
  17. (သံ၊၂၊၁၁၇။)
  18. အနိစ္စတော ပလောကတော စလတော ..စသည့် ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်ကို ရှုလျက်ဟု ဆိုလိုသည်။ ၁၁၈၀