မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဝိပဿနာဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုခြင်း

ဝီကီရင်းမြစ် မှ
1734နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းဝိပဿနာရှုနေသော ဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုခြင်း = ပဋိဝိပဿနာဖားအောက်တောရဆရာတော်

ဝိပဿနာရှုနေသော ဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုခြင်း = ပဋိဝိပဿနာ

ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ ဝိပဿနာဉာဏ်ဖြင့် တွေ့မြင် နေသောအခါ၌ ကာလသုံးပါး, သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားဟူသော ဝိပဿနာဉာဏ်ဖြင့် ရှုရမည့် သိရမည့် ဉာတအမည်ရသည့် သင်္ခါရတရားတို့ကိုလည်းကောင်း, ယင်းဉာတတရားတို့ကို ဝိပဿနာရှုနေသော ဉာဏအမည်ရသော ဝိပဿနာဉာဏ်ကိုလည်းကောင်း – ဤဉာတ ဉာဏ အမည်ရသော တရား (၂)မျိုးလုံးကိုပင် ဝိပဿနာရှုရမည် ဖြစ်သည်။[မှတ်စု ၁] ဉာဏအမည်ရသော ဝိပဿနာရှုနေသော ဉာဏ်မှာလည်း ဝိပဿနာဉာဏ် ပြဓာန်းလျက်ရှိသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်ပင် ဖြစ်၏၊ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ သို့သော် ဤအပိုင်း၌ နိဗ္ဗိဒါဉာဏ်ကဲ့သို့သော အားကောင်းသော ဗလဝဝိပဿနာဉာဏ်နှင့် ကပ်လျက် ရှိခြင်းကြောင့် တဒါရုံမကျသည်က များတတ်ပေသည်။

ယောဂီသူတော်ကောင်းသည် ယင်းမနောဒွါရိကဇောဝီထိစိတ်အစဉ်ဟူသော ရှုနေသော ဝိပဿနာဉာဏ်ကိုလည်း လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။

ရှုကွက်ပုံစံအချို့

၁။ ရုပ်ရှု-ရုပ်-ပျက်-အနိစ္စ၊ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ၊
၂။ နာမ်ရှု-နာမ်-ပျက်-အနိစ္စ၊ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ၊ (ဒုက္ခ-အနတ္တ – နည်းတူ ရှုပါ။)

ဤသို့ရှုရာ၌ –
၁။ ရံခါ အဇ္ဈတ္တ,
၂။ ရံခါ ဗဟိဒ္ဓ, ထိုတွင်လည်း ..
၃။ ရံခါ ရုပ်တရား,
၄။ ရံခါ နာမ်တရား,
၅။ ရံခါ အကြောင်းတရား
၆။ ရံခါ အကျိုးတရားတို့ကို –

လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။ အတိတ် အနာဂတ်တို့၌လည်း နည်းတူပင် လှည့်လည်၍ ဝိပဿနာရှုပါ။ အလားတူပင် ခန္ဓာငါးပါးနည်းဖြင့်လည်း ငါးပုံ ပုံ၍ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာတို့ကိုလည်း ဝိပဿနာ ရှုပါ။ ဤအပိုင်းတွင် အနတ္တလက္ခဏသုတ္တန်၌ လာရှိသော ခန္ဓာငါးပါးရှုကွက်မှာ ယောဂီသူတော်ကောင်းတို့အဖို့ အလွန်အဖိုးတန်သော အလွန်လျှင် ဝိပဿနာဉာဏ်ကို ရင့်ကျက် စေသော ရှုကွက်ပင် ဖြစ်သည်။

အကြောင်းတရား အကျိုးတရားတို့ကို ဝိပဿနာရှုရာ၌ အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံဟူသော ဥပါဒိန္နကပဝတ္တသဘောကို ဤဘင်္ဂဉာဏ်ခန်းတွင် နှလုံးမသွင်း၍ မတွေ့မြင်သော်လည်း ယင်းဥပါဒိန္နကပဝတ္တသဘောကို ပစ္စယပရိဂ္ဂဟဉာဏ်ခန်း သမ္မသနဉာဏ်ခန်း ဥဒယဗ္ဗယဉာဏ်ခန်းတို့၌ ပုံစံမှန် ရှုခဲ့ပြီး ဝိပဿနာဉာဏ်ဖြင့် သိမြင်ပြီးဖြစ်ရကား ဤဘင်္ဂဉာဏ်ခန်းတွင်လည်း အဝိဇ္ဇာစသော အကြောင်းတရား သင်္ခါရစသော အကျိုးတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် လှမ်း၍ အာရုံယူကြည့်ပါက အလွယ်တကူပင် သိရှိနေမည် မြင်နေမည်သာ ဖြစ်ပေသည်။ ယင်းအကြောင်းတရား အကျိုးတရားတို့၏ ပျက်မှုသဘောကိုလည်း ဝိပဿနာဉာဏ်ဖြင့် တွေ့မြင် နေမည်သာ ဖြစ်ပေသည်။

အပျက်မြင်မှုစွမ်းအင်

ဤဘင်္ဂါနုပဿနာဉာဏ်ကို အားသစ်စဖြစ်သော ဤဘင်္ဂါနုပဿနာဉာဏ်ပိုင်းသို့ ရောက်သစ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ဘင်္ဂါနုပဿနာဉာဏ် မရင့်ကျက်သေးမီ အချိန်ပိုင်း၌ ထိုင်လျှင်ထိုင်ချင်း ချက်ချင်း အမြဲတမ်း သင်္ခါရတို့၏ အပျက်သက်သက်ကိုသာ မြင်နေသည်ကား မဟုတ်ပါ။ ဘင်္ဂဉာဏ်သို့ မဆိုက်မီ ရှုခါစ အစပိုင်းတွင်ကား ဖြစ်မှုပျက်မှု နှစ်မျိုးလုံးကိုပင် အတော်အသင့် တွေ့မြင်နေဦးမည်သာ ဖြစ်သည်။ ဝိပဿနာရှုရင်း ဉာဏ်ထက်မြက်စူးရှ လာသောအခါ သင်္ခါရတို့၏ ဖြစ်မှုကို မမြင်တော့ဘဲ ပျက်မှုသက်သက်ကိုသာ တွေ့မြင်မည် ဖြစ်သည်။ ဘင်္ဂဉာဏ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားရာအခါ၌ကား သင်္ခါရတို့၏ အပျက်သက်သက်ကို အမြဲတမ်း ဉာဏ်ဖြင့် တွေ့မြင်နေမည် ဖြစ်ပေသည်။[မှတ်စု ၂]

ဘင်္ဂဉာဏ် ရင့်ကျက်ရေးအတွက် ဘင်္ဂဉာဏ်၏ အထွတ်အထိပ်သို့ မရောက်မီ ရှေးပိုင်း၌ကား နည်းအမျိုးမျိုးဖြင့် ဝိပဿနာ ရှုပွားမှုကို အလိုရှိအပ်သည်သာ ဖြစ်ပေသည်။[မှတ်စု ၃]

နှစ်ခြိုက်ရာကို ဦးစားပေး၍ ရှုနိုင်သည်

ဤဘင်္ဂဉာဏ်ခန်း၌ သင်္ခါရတရားတို့၏ အပျက်ကို ဝိပဿနာရှုရာ၌ ရုပ်တရားကို ဝိပဿနာရှု၍ ပိုကောင်းပါက ရုပ်တရားကို ဦးစားပေး ရှုနိုင်သည်၊ နာမ်တရားကို ဝိပဿနာရှု၍ ပိုကောင်းပါကလည်း နာမ်တရားကို ဦးစားပေး၍ ဝိပဿနာရှုနိုင်သည်။ ဤသည်မှာလည်း ရှုကွက်စုံအောင် ကြိမ်ဖန်များစွာ ဝိပဿနာရှုပြီးသောအခါ၌သာ ရှုရန်ဖြစ်သည်။ တစ်ဖန် နာမ်တရားတို့တွင်လည်း အပျက် သိပ်အားကောင်းလာပါက ရှုကွက်လည်း စုံသွားသောအခါ ကုသိုလ်ဇောဝီထိ အကောင်းအုပ်စု နာမ်တရားတို့ကိုသာ ဦးစားပေး၍ ဝိပဿနာရှုလိုက ရှုနိုင်သည်။ ထိုတွင်လည်း မနောဒွါရိက ကုသိုလ် ဇောဝီထိ နာမ်တရားများကို ဦးစားပေး၍ ရှုပါ။ ထိုတွင်လည်း ယောဂီသူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါက စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော စျာန်နာမ်တရားတို့ကို ဦးစားပေး၍ ဝိပဿနာ ရှုပါ။ လက္ခဏာရေးသုံးတန်တွင်လည်း လက္ခဏာရေးသုံးတန်လုံး အကွက်စေ့အောင် ရှုပြီးပါက မိမိ ကြိုက်နှစ်သက်ရာ ပို၍ ရှုကောင်းရာ လက္ခဏာတစ်ပါးကို ဦးစားပေး၍ ရှုနိုင်သည်။ ဝတ္ထု+အာရုံ+ဝေဒနာ, ဝတ္ထု+အာရုံ+ဝိညာဏ်, ဝတ္ထု+အာရုံ+ဖဿ – ဤရှုကွက်များကိုလည်း ရှုသည့် ဉာဏ်၏ ပျက်မှုကိုပါ ရောနှော၍ ဝိပဿနာရှုနိုင်သည်။ ရှုကွက်မှာ ..

၁။ ဝတ္ထု-ရှု-ဝတ္ထု-ပျက်-အနိစ္စ။ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ။
၂။ အာရုံ-ရှု-အာရုံ-ပျက်-အနိစ္စ။ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ။
၃။ ဝေဒနာ-ရှု-ဝေဒနာ-ပျက်-အနိစ္စ။ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ။

ဝတ္ထု+အာရုံ+ဝိညာဏ်, ဝတ္ထု+အာရုံ+ဖဿ - ဤရှုကွက်တို့ကိုလည်း ပုံစံတူပင် ဆက်ရှုပါ။ ဒုက္ခ အနတ္တ လက္ခဏာယာဉ် တင်၍လည်း နည်းတူ ရှုပါ။ ဒွါရ (၆)ပါးလုံး ကုန်အောင်ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ ကာလသုံးပါးလုံး၌ ရှုပါ။

ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့ကိုလည်း ထိုထိုဣရိယာပထ ထိုထိုသမ္ပဇညအခိုက်တို့၌ တည်ရှိကြသော သင်္ခါရတရားတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာ ရှုပါလေ။

ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက်သက်သက်ကိုလည်း အာရုံယူ၍ လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပါ။ ထိုသို့ ရှုရာ၌ ‘အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ’ .. စသည့် ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို အာရုံ မယူတော့ဘဲ အပျက်သက်သက်ကိုသာ အာရုံယူ၍ ဝိပဿနာ ရှုပါ။ ကာလသုံးပါး သန္တာန် နှစ်ပါးလုံး၌ ရှုပါ။ ရံခါ ရှုသည့်ဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။ ပဋိဝိပဿနာတည်း။

ဤအပိုင်းမှ စ၍ အရိယမဂ်သို့ ဆိုက်ရောက်သည်တိုင်အောင်သော ဉာဏ်ပိုင်းတို့ကား အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်-နာမ်-ကြောင်းကျိုး သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုလည်းကောင်း, ရံခါ ရှုနေသော ဝိပဿနာဉာဏ်၏ အပျက်သက်သက်ကို လည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ တွင်တွင်ကြီးသာ ဝိပဿနာရှုရမည့် ဉာဏ်ပိုင်းတို့သာ ဖြစ်ကြပေသည်။

ဤသို့ ရှုရာ၌ နာမ်တရားများစာရင်းတွင် စျာန်နာမ်တရားတို့လည်း ပါဝင်ကြ၏၊ အထူးသဖြင့် အာနာပါန စျာန်လေးပါးတို့လည်း ပါဝင်ကြ၏၊ ယင်းစျာန်လေးပါးတို့ကို ဘင်္ဂဉာဏ်သို့တိုင်အောင် တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်ပါက ဘုရားရှင် ဟောကြားထားတော်မူသည့် အာနာပါနစတုက္ကလေးခုတို့၌ လာရှိသော ရှုကွက်တို့လည်း အကျုံးဝင်သွားပြီ ဖြစ်ပေသည်။[မှတ်စု ၄]

ဘင်္ဂဉာဏ်ခန်း ပြီး၏၊

  1. ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)
  2. (မဟာဋီ၊၂၊၄၄၁။)
  3. တတော ပန ပုဗ္ဗဘာဂေ အနေကာကာရဝေါကာရာ အနုပဿနာ ဣစ္ဆိတဗ္ဗာဝ။ (မဟာဋီ၊၂၊၄၄၁။)
  4. မှတ်ချက်---- အာနာပါနစတုက္ကလေးမျိုးတို့ကို စာမျက်နှာ (၁၉၅) စသည်တို့တွင် ပြန်ကြည့်ပါ။