မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဝိပဿနာဉာဏ်၏ အရှုခံအာရုံ

ဝီကီရင်းမြစ် မှ

ဝိပဿနာကမ္မဋ္ဌာန်းပိုင်း

မွန်မြတ်သော အသက်ရှင်ခြင်း

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ၊
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

အကြင်သူသည် ..
ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်း = ဥဒယဗ္ဗယကို ဝိပဿနာဉာဏ်ပညာဖြင့် မသိမမြင်ဘဲ, နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်လေရာ၏၊
ထိုပုဂ္ဂိုလ်၏ ..နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်ရခြင်းထက် ...
ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်း = ဥဒယဗ္ဗယကို ဝိပဿနာဉာဏ်ပညာဖြင့် အကယ်တိတိ သိမြင်သော ပုဂ္ဂိုလ်၏ ..
တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်၍ မွန်မြတ်လှပေ၏၊
(ဓမ္မပဒ၊ ဂါထာ၊၁၁၃။)

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ၊
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

အကြင်သူသည် ..
မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကို မသိမမြင်ဘဲ,
နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်လေရာ၏၊
ထိုပုဂ္ဂိုလ်၏ ..နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်ရခြင်းထက် ... မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကို အကယ်တိတိ သိမြင်သော ပုဂ္ဂိုလ်၏ .. တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်၍ မွန်မြတ်လှပေ၏၊
(ဓမ္မပဒ၊ ဂါထာ၊၁၁၄။)

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ၊
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

အကြင်သူသည် ..
မွန်မြတ်သော လောကုတ္တရာတရားကို မသိမမြင်ဘဲ,
နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်လေရာ၏၊
ထိုပုဂ္ဂိုလ်၏ ..နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်ရခြင်းထက် ...
မွန်မြတ်သော လောကုတ္တရာတရားကို အကယ်တိတိ သိမြင်သော ပုဂ္ဂိုလ်၏ .. တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်၍ မွန်မြတ်လှပေ၏၊
(ဓမ္မပဒ၊ ဂါထာ၊၁၁၅။)

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသ - သမ္မသနဉာဏ်ခန်း

ဤ ဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသမှ လွတ်မြောက်သွားသော ဝိပဿနာလမ်းရိုးလမ်းဟောင်း အတိုင်း လမ်းမှန်သွားနေသော ဝိပဿနာပညာသည် အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော လမ်းမှန်လမ်းရိုး ပုဗ္ဗဘာဂမဂ် တည်း။ ဤဩဘာသစသော (၁၀)မျိုးသော ဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသသည် အရိယမဂ်၏ ရှေးအဖို့၌ ဖြစ်သော ဝိပဿနာလမ်းမှန်လမ်းရိုး ပုဗ္ဗဘာဂမဂ် မဟုတ်။ ဤသို့လျှင် အရိယမဂ်၏ ရှေးအဖို့၌ ဖြစ်သော ဝိပဿနာ လမ်းမှန်လမ်းရိုးဖြစ်သည့် ပုဗ္ဗဘာဂမဂ်ကိုလည်းကောင်း၊ ဝိပဿနာလမ်းမှန်လမ်းရိုး မဟုတ်သည့် မဂ်ကိုလည်းကောင်း မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း နားလည်ပိုင်းခြား ကောင်းစွာမှတ်သား၍ တည်သော ဉာဏ်သည် “မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ = ဤကား..လမ်းမှန်, ဤကား..လမ်းမှားဟု သိမြင်သည်ဖြစ်၍ ဝိပဿနာအညစ်အကြေးမှ စင်ကြယ်သော ဉာဏ်” မည်၏၊[မှတ်စု ၁]

ကလာပသမ္မသန - နယဝိပဿနာ

ထို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဉာဏ်အမြင်ကို ပြီးစီးပြည့်စုံစေလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ကလာပသမ္မသန ဟု ခေါ်ဆိုအပ်သော နယဝိပဿနာက စ၍ အားသစ်ပါ။[မှတ်စု ၂]

ကလာပသမ္မသန – အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် ရုပ်တရား နာမ်တရားတို့ကို အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်သော နည်းသည် ကလာပသမ္မသန မည်၏၊ ဤကလာပသမ္မသနဟူသော အမည်သည် ဇမ္ဗုူဒိပ်ကျွန်း၌ သီတင်းသုံးတော်မူကြကုန်သော မထေရ်မြတ်ကြီးတို့၏ အခေါ်အဝေါ် အသုံးအနှုန်း ဖြစ်၏၊

နယဝိပဿနာ – ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ စသည်ဖြင့် အနတ္တလက္ခဏသုတ္တန် စသော ထိုထို တေပရိဝဋ္ဋဓမ္မဒေသနာတော်တို့၌ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း –အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး) ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ အမည်ရသော –

၁။ ရုပ်တရား အစုအပုံ = ရူပက္ခန္ဓာ၊
၂။ ဝေဒနာတရား အစုအပုံ = ဝေဒနာက္ခန္ဓာ၊
၃။ သညာတရား အစုအပုံ = သညာက္ခန္ဓာ၊
၄။ သင်္ခါရတရား အစုအပုံ = သင်္ခါရက္ခန္ဓာ၊
၅။ ဝိညာဏ်တရား အစုအပုံ = ဝိညာဏက္ခန္ဓာ –

၁။ ဤတရားအစုအပုံတို့ကို အစုအပုံအလိုက် (၅)ပုံ ပုံ၍ လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း (= ခန္ဓာ - ၅-ပါးနည်း)၊
၂။ (၁၂)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း (= အာယတန - ၁၂ -ပါးနည်း)၊
၃။ (၁၈)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း (= ဓာတ် - ၁၈-ပါးနည်း) –

ဤသို့ စသော ဝိပဿနာရှုနည်းများသည် နယဝိပဿနာ မည်၏၊ ဤနယဝိပဿနာဟူသော အမည်သည် သီဟိုဠ်ကျွန်း၌ သီတင်းသုံးတော်မူကြကုန်သော မထေရ်မြတ်ကြီးတို့၏ အခေါ်အဝေါ်အသုံးအနှုန်း ဖြစ်၏၊[မှတ်စု ၃]

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ

၁။ ဒွါရ-အာရုံတို့နှင့် အတူတကွ ထိုထို ဒွါရ၌ ဖြစ်ကုန်သော စက္ခုဒွါရိကဓမ္မ သောတဒွါရိကဓမ္မ ဃာနဒွါရိကဓမ္မ ဇိဝှါဒွါရိကဓမ္မ ကာယဒွါရိကဓမ္မ မနောဒွါရိကဓမ္မ ဟူသော ဓမ္မ (၆)မျိုး၊
၂။ ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ဟူသော ခန္ဓာ (၅)ပါး၊
၃။ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရ ဟူသော ဒွါရ (၆)ပါး၊
၄။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ ဟူသော အာရုံ (၆)ပါး၊
၅။ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် မနောဝိညာဏ် ဟူသော ဝိညာဏ် (၆)ပါး၊
၆။ စက္ခုသမ္ဖဿ သောတသမ္ဖ္ပဿ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿ ဟူသော ဖဿ (၆)ပါး၊
၇။ စက္ခုသမ္ဖဿဇာဝေဒနာ သောတသမ္ဖဿဇာဝေဒနာ ဃာနသမ္ဖဿဇာဝေဒနာ ဇိဝှါသမ္ဖဿဇာဝေဒနာ ကာယသမ္ဖဿဇာဝေဒနာ မနောသမ္ဖဿဇာဝေဒနာ ဟူသော ဝေဒနာ (၆)ပါး၊
၈။ ရူပသညာ သဒ္ဒသညာ ဂန္ဓသညာ ရသသညာ ဖောဋ္ဌဗ္ဗသညာ ဓမ္မသညာ ဟူသော သညာ (၆)ပါး၊
၉။ ရူပသေဉ္စတနာ သဒ္ဒသေဉ္စတနာ ဂန္ဓသေဉ္စတနာ ရသသေဉ္စတနာ ဖောဋ္ဌဗ္ဗသေဉ္စတနာ ဓမ္မသေဉ္စတနာ ဟူသော စေတနာ (၆)ပါး၊
၁၀။ ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ ဟူသော တဏှာ (၆)ပါး၊
၁၁။ ရူပဝိတက္က သဒ္ဒဝိတက္က ဂန္ဓဝိတက္က ရသဝိတက္က ဖောဋ္ဌဗ္ဗဝိတက္က ဓမ္မဝိတက္က ဟူသော ဝိတက် (၆)ပါး၊
၁၂။ ရူပဝိစာရ သဒ္ဒဝိစာရ ဂန္ဓဝိစာရ ရသဝိစာရ ဖောဋ္ဌဗ္ဗဝိစာရ ဓမ္မဝိစာရ ဟူသော ဝိစာရ (၆)ပါး၊
၁၃။ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ် ဟူသော ဓာတ် (၆)ပါး၊
၁၄။ ကသိုဏ်း (၁၀)ပါး၊
၁၅။ (၃၂) ကောဋ္ဌာသ၊
၁၆။ အာယတန (၁၂)ပါး၊ ၁၇။ ဓာတ် (၁၈)ပါး၊
၁၈။ ဣန္ဒြေ (၂၂)ပါး၊
၁၉။ ကာမဓာတ် ရူပဓာတ် အရူပဓာတ် ဟူသော ဓာတ် (၃)ပါး၊
၂၀။ ကာမဘဝ ရူပဘဝ အရူပဘဝ၊ သညီဘဝ အသညီဘဝ နေဝသညီနာသညီဘဝ၊ ဧကဝေါကာရဘဝ (= အသညသတ်) စတုဝေါကာရဘဝ (= အရူပလေးဘုံ) ပဉ္စဝေါကာရဘဝ (= ကာမ - ၁၁ဘုံ, ရူပ - ၁၅ဘုံ) ဟူသော ဘဝကြီး (၉)ဘဝ၊
၂၁။ ရူပစျာန် (၄) ပါး၊
၂၂။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသော အပ္ပမညာတရား (၄)ပါး၊
၂၃။ အရူပစျာန်သမာပတ် (၄)ပါး၊
၂၄။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ် –
ဤတရားအစုအပုံတို့ ဖြစ်ကြသည်ဟု မှတ်ပါ။[မှတ်စု ၄]

သုံးမျိုးကုန်သော သတ္တဝါတို့ကို ချီးမြှောက်တော်မူရန်

ချေချွတ်တော်မူရမည့် ကျွတ်ထိုက်သသူ ဝေနေယျကြာ သတ္တဝါတို့သည်ကား သုံးမျိုးသုံးစား ရှိကြ၏၊ ထိုသတ္တဝါ သုံးမျိုး သုံးစားလုံးကို ချီးမြှောက်တော်မူရန်အလို့ငှာ ဘုရားရှင်သည် ခန္ဓာငါးပါးနည်း စသည့် အမျိုးမျိုးသောနည်းတို့ဖြင့် ဝိပဿနာရှုကွက်ကို ညွှန်ကြားပြသပေးတော်မူရလေသည်။

ခန္ဓာငါးပါးနည်းဖြင့် ဝိပဿနာဘာဝနာကို နှလုံးသွင်းရှုပွားပါကလည်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သည် သာ ဖြစ်၏၊ အာယတန (၁၂)ပါးနည်းဖြင့် ဝိပဿနာဘာဝနာကို နှလုံးသွင်းရှုပွားပါကလည်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သည်သာဖြစ်၏၊ ဓာတ် (၁၈)ပါးနည်းဖြင့် ဝိပဿနာဘာဝနာကို နှလုံးသွင်းရှုပွားပါကလည်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊ ဤသို့ စသည်ဖြင့် တစ်မျိုးမျိုးသော နည်းလမ်းဖြင့် ဝိပဿနာ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါကလည်း အရဟတ္တဖိုလ်ဟူသော လိုအပ်သော အကျိုးတရား၏ ပြီးစီးပြည့်စုံခြင်းသည် ဖြစ်နိုင်ပါလျက် အဘယ်ကြောင့် နည်းလမ်းတစ်မျိုးကိုသာ မဟောဘဲ နည်းလမ်းအမျိုးမျိုးကို ဟောကြားတော်မူရပါသနည်း ဟူမူ အဖြေမှာ သုံးမျိုးပြားသော သတ္တဝါတို့ကို ချီးမြှောက်တော်မူရန်အလို့ငှာ ဟောကြားတော်မူရသည် ဟူပေ။

၁။ ရူပသမ္မူဠှာ = ရုပ်တရား၌ တွေဝေသော သတ္တဝါ,
၂။ အရူပသမ္မူဠှာ = နာမ်တရား၌ တွေဝေသော သတ္တဝါ,
၃။ ဥဘယသမ္မူဠှာ = ရုပ်+နာမ် နှစ်မျိုးလုံး၌ တွေဝေသော သတ္တဝါ,

၁။ တိက္ခိန္ဒြိယာ = ဣန္ဒြေထက်မြက်သော သတ္တဝါ,
၂။ မဇ္ဈိမိန္ဒြိယာ = ဣန္ဒြေ မနုံ့မထက် အလယ်အလတ်ရှိသော သတ္တဝါ,
၃။ မုဒိန္ဒြိယာ = ဣန္ဒြေနုံ့သော သတ္တဝါ,

၁။ သံခိတ္တရုစီ = အကျဉ်းနည်းကို နှစ်ခြိုက်သော သတ္တဝါ,
၂။ မဇ္ဈိမရုစီ = မကျဉ်းမကျယ် အလယ်အလတ်နည်းလမ်းကို နှစ်ခြိုက်သော သတ္တဝါ,
၃။ ဝိတ္ထာရရုစီ = အကျယ်နည်းလမ်းကို နှစ်ခြိုက်သော သတ္တဝါ,

ဤသို့လျှင် ကျွတ်ထိုက်သသူ ဝေနေယျကြာသတ္တဝါတို့၌ သုံးမျိုး သုံးစား ရှိနေပေ၏၊ ထိုသုံးမျိုး သုံးစားသော သတ္တဝါတို့ကို ချီးမြှောက်တော်မူရန် အလို့ငှာ ဘုရားရှင်သည် ထိုကဲ့သို့ တရားတော်ကို နည်းမျိုးစုံဖြင့် တန်ဆာဆင်၍ ဟောကြားတော်မူရပေသည်။

၁။ (က) နာမ်တရား၌ တွေဝေသော အရူပသမ္မူဠှာပုဂ္ဂိုလ်,
( ခ ) ဣန္ဒြေထက်မြက်သော တိက္ခိန္ဒြိယပုဂ္ဂိုလ်,
( ဂ ) အကျဉ်းနည်းကို နှစ်ခြိုက်သော သံခိတ္တရုစီပုဂ္ဂိုလ် –

ဤပုဂ္ဂိုလ်မျိုးတို့ကို ချီးမြှောက်တော်မူခြင်းငှာ – အနတ္တလက္ခဏသုတ္တန်ကဲ့သို့သော ဒေသနာတော်များဖြင့် ခန္ဓာ (၅)ပါးနည်းဖြင့် ဝိပဿနာရှုကွက်ကို သင်ပြပေးတော်မူလေသည်။

၂။ (က) ရုပ်တရား၌ တွေဝေသော ရူပသမ္မူဠှာပုဂ္ဂိုလ်,
( ခ ) ဣန္ဒြေ အလယ်အလတ်ရှိသော မဇ္ဈိမိန္ဒြိယပုဂ္ဂိုလ်,
( ဂ ) မကျဉ်းမကျယ် အလယ်အလတ်ကျင့်စဉ်ကို နှစ်ခြိုက်သော မဇ္ဈိမရုစီပုဂ္ဂိုလ် –

ဤပုဂ္ဂိုလ်မျိုးတို့ကို ချီးမြှောက်တော်မူရန်အလို့ငှာ အာယတန (၁၂)ပါး[မှတ်စု ၅]နည်းဖြင့် ဝိပဿနာရှုကွက်ကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူလေသည်။

၃။ (က) ရုပ်+နာမ် နှစ်မျိုးလုံး၌ တွေဝေသော ဥဘယသမ္မူဠှာပုဂ္ဂိုလ်,
( ခ ) ဣန္ဒြေနုံ့သော မုဒိန္ဒြိယာပုဂ္ဂိုလ်,
( ဂ ) အကျယ်နည်းလမ်းကို နှစ်ခြိုက်သော ဝိတ္ထာရရုစီပုဂ္ဂိုလ် –

ဤပုဂ္ဂိုလ်မျိုးတို့ကို ချီးမြှောက်တော်မူရန်အလို့ငှာ ဓာတ် (၁၈)ပါး[မှတ်စု ၆]နည်းဖြင့် ဝိပဿနာရှုကွက်ကို ညွှန်ကြား ပြသပေးတော်မူလေသည်။

အနတ္တလက္ခဏာကို ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်ရန်အလို့ငှာ ဣန္ဒြိယဒေသနာတော် နည်းဖြင့် ဝိပဿနာရှုကွက်ကို ဟောကြားပြသပေးတော်မူလေသည်။

၁။ ပဝတ္တိ = ဘုံသုံးပါး၌ ထင်ရှားဖြစ်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရား,
၂။ ပဝတ္တိဟေတု = ယင်းဒုက္ခသစ္စာတရားတို့ကို ဖြစ်ပေါ်စေတတ်သည့် အကြောင်းသမုဒယသစ္စာတရား,
၃။ နိဝတ္တိ = ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာတရား,
၄။ နိဝတ္တိဟေတု = ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ချုပ်ငြိမ်းကြောင်း ကျင့်စဉ် မဂ္ဂသစ္စာတရား

ဤလေးချက်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါမှသာလျှင် ယင်းအထက်ပါ ဝိပဿနာရှုကွက်အမျိုးမျိုးသည် မဂ်ဖိုလ် နိဗ္ဗာန်ဟူသော အကျိုးစီးပွားအမျိုးမျိုးကို ရွက်ဆောင်နိုင်ပေသည်။ ယင်း လေးချက်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိပါက မဂ်ဖိုလ် နိဗ္ဗာန်ဟူသော အကျိုးကို မရွက်ဆောင်နိုင်ဟု သိရှိစေရန် ရည်ရွယ်တောင့်တတော်မူ၍ သစ္စာဒေသနာတော်နည်း ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် နည်းနှင့် ဆက်စပ်သော ဝိပဿနာရှုကွက်တို့ကိုလည်း ဟောကြားပြသ ဆိုဆုံးမပေးတော်မူလေသည်။[မှတ်စု ၇] ၅။ တစ်ဖန် ယင်းရုပ်နာမ်တို့ကိုပင် (၂၂)ပုံ ပုံ၍ ဣန္ဒြိယဒေသနာတော်နည်းဖြင့် လောကီဣန္ဒြေတို့ကို ဝိပဿနာ ရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊

သတိပြုရန်

စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟု ပရမတ်တရား (၄)မျိုး ရှိ၏၊ ထိုတွင် စိတ်-စေတသိက်-ရုပ် ပရမတ်တို့ကား အနိစ္စပရမတ် ဒုက္ခပရမတ် အနတ္တပရမတ်တရားတို့ ဖြစ်ကြ၏၊ နိဗ္ဗာန်တရားတော်မြတ်ကား နိစ္စပရမတ် သုခပရမတ် အနတ္တပရမတ်တရား ဖြစ်၏၊

ယင်း နိစ္စပရမတ် သုခပရမတ် အနတ္တပရမတ် အစစ် အဖြစ်ကြီးဖြစ်တော်မူသော စတုတ္ထပရမတ်ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကြီးကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းသည် ပထမပရမတ် ဒုတိယပရမတ် တတိယပရမတ်ဖြစ်သည့် စိတ်+စေတသိက်+ရုပ်တရားတို့ကို အကြောင်းတရားနှင့်တကွ သိမ်းဆည်းလျက် လက္ခဏာရေး သုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုရမည် ဖြစ်ပေသည်။

ထိုသို့ ရှုရာဝယ် ..

၁။ စိတ်နှင့် စေတသိက်ကို နာမ်တရားအဖြစ် (၁)ပုံ ပုံ၍, ရုပ်တရားကို (၁)ပုံ ပုံ၍ - ဤသို့လျှင် ရုပ် (၁)ပုံ နာမ် (၁)ပုံဟူသော ရုပ်-နာမ် (၂)ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ဆိုက်ရောက် နိုင်သည်သာ ဖြစ်၏၊

၂။ ရုပ်တရားကို (၁)ပုံ, နာမ်တရားကို ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ဟု (၄)ပုံ ပုံ၍ ခန္ဓာ (၅)ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊ ၃။ တစ်ဖန် ယင်းရုပ်နာမ်တို့ကိုပင် (၁၂)ပုံ ပုံ၍ အာယတန (၁၂)ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊

၄။ တစ်ဖန် ယင်းရုပ်နာမ်တို့ကို (၁၈)ပုံ ပုံ၍ ဓာတ် (၁၈)ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊

၆။ တစ်ဖန် ယင်းရုပ်နာမ်တို့ကို အင်္ဂါရပ် (၁၂)ရပ်ဖြင့် ခွဲတမ်းချ၍ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊

၇။ တစ်ဖန် သစ္စာဒေသနာတော်နည်းအရ ဒုက္ခသစ္စာ (၁)ပုံ သမုဒယသစ္စာ (၁)ပုံ၊ ဤသို့ (၂)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊

ဤသို့ စသည်ဖြင့် နိဗ္ဗာန်သို့ရောက်ရန် ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် ရှုပွားသုံးသပ်ရသော ရုပ်-နာမ် (၂)ပါး, ခန္ဓာ (၅)ပါး, အာယတန (၁၂)ပါး, ဓာတ် (၁၈)ပါး, ဣန္ဒြေ (၂၂)ပါး, ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်, ဒုက္ခသစ္စာ သမုဒယသစ္စာတရားတို့ဟူသည်မှာ – စိတ်+စေတသိက်+ရုပ်တရားတို့သာ ဖြစ်ကြသည်။ ရှုပွားပုံ နည်းစနစ် ကွာခြားသော်လည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် အခြေခံ ပရမတ္ထဓာတ်သားချင်းကား တူညီလျက်ပင် ရှိပေသည်။

ထိုကြောင့် ဝိပဿနာကို စတင်အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော ..

၁။ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးဖြစ်ခြင်း,
၂။ အကြောင်းတရားတို့ကို သိမ်းဆည်းပြီးဖြစ်ခြင်း - ဟူသော ––

နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးတို့ကို ရရှိထားပြီး ဖြစ်ရပေမည်။ ထိုသို့ သိမ်းဆည်း ထားပြီးသော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့တွင် မည်သည့်တရားက စတင်၍ ဝိပဿနာ ရှုပွားသုံးသပ် ရမည်နည်းဟု မေးရန်ရှိ၏၊ အဖြေမှာ အောက်ပါအတိုင်းဖြစ်၏ ..။

  1. (ဝိသုဒ္ဓိ၊၂၊၂၄၁။)
  2. (ဝိသုဒ္ဓိ၊၂၊၂၄၁။)
  3. (မဟာဋီ၊၂၊၃၈၆။)
  4. (ဝိသုဒ္ဓိ၊၂၊၂၄၃-၂၄၄။)
  5. စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတန ဟူသော အတွင်းအာယတန (၆)ပါး + ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတန ဟူသော အပြင်အာယတန (၆)ပါး = အာယတန (၁၂)ပါး၊
  6. စက္ခုဓာတ် သောတဓာတ် ဃာနဓာတ် ဇိဝှါဓာတ် ကာယဓာတ် မနောဓာတ် + ရူပဓာတ် သဒ္ဒဓာတ် ဂန္ဓဓာတ် ရသဓာတ် ဖောဋ္ဌဗ္ဗဓာတ် ဓမ္မဓာတ် + စက္ခုဝိညာဏဓာတ် သောတဝိညာဏဓာတ် ဃာနဝိညာဏဓာတ် ဇိဝှါဝိညာဏဓာတ် ကာယဝိညာဏဓာတ် မနောဝိညာဏဓာတ် = ဓာတ် (၁၈)ပါး၊
  7. (မဟာဋီ၊၂၊၈၄-၈၅၊၊)