မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/သမာဓိသုတ္တန်

ဝီကီရင်းမြစ် မှ

သမာဓိသုတ္တန်

သာဝတ္ထိနိဒါန်း။ပ။ ချစ်သား ရဟန်းတို့... စိတ်တည်ကြည်မှု ‘သမာဓိ’ကို ပွားများကြကုန်လော့၊ ချစ်သား ရဟန်းတို့... စိတ်တည်ကြည်မှု သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိမြင်၏၊ အဘယ်သို့လျှင် ဟုတ်တိုင်း မှန်စွာ သိသနည်း?

၁။ “ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’တည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊

၂။ “ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယ အရိယသစ္စာတရား’တည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊ ၃။ “ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓ အရိယသစ္စာတရား’တည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊

၄။ “ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်း”ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊

ချစ်သား ရဟန်းတို့ ... စိတ်တည်ကြည်မှု ‘သမာဓိ’ကို ပွားများကြကုန်လော့၊ ချစ်သား ရဟန်းတို့ ... စိတ်တည်ကြည်မှု သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိမြင်၏၊

ချစ်သား ရဟန်းတို့...ထို့ကြောင့် ဤသာသနာတော်၌ ..

၁။ “ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’တည်း”ဟု သိအောင် ကြိုးစား အားထုတ်ရမည်။

၂။ “ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယ အရိယသစ္စာတရား’တည်း”ဟု သိအောင် ကြိုးစားအားထုတ်ရမည်။

၃။ “ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓ အရိယသစ္စာတရား’တည်း”ဟု သိအောင် ကြိုးစားအားထုတ်ရမည်။

၄။ “ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’တည်း”ဟု သိအောင် ကြိုးစားအားထုတ်ရမည်”ဟု မိန့်ကြားတော်မူ၏၊