မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဥပေက္ခာဘာဝနာ

ဝီကီရင်းမြစ် မှ

ဥပေက္ခာဘာဝနာ

ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ––

၁။ ဩဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ..
၂။ မချစ်မမုန်း အလယ်အလတ် မဇ္ဈတ္တ လိင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်တစ်ဦးကို အာရုံပြု၍ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
၃။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ကရုဏာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
၄။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မုဒိတာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။

ထိုကဲ့သို့ မဇ္ဈတ္တ လိင်တူပုဂ္ဂိုလ်တစ်ဦးကို အာရုံယူကာ မေတ္တာ, ကရုဏာ, မုဒိတာ ဘာဝနာအသီးသီး၌ ရအပ်ပြီးသော တတိယစျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာအပ်ပြီးသော အစဉ်အတိုင်း ဝင်စားထားပြီးသော ယင်းဗြဟ္မဝိဟာရ (မုဒိတာ) တတိယစျာန်မှ ထ၍ ..

၁။ သုခိတာ ဟောန္တု= သတ္တဝါတို့သည် ချမ်းသာခြင်းသို့ ရောက်ကြပါစေကုန်သတည်း .. ဟု ဤသို့ စသည်ဖြင့် မေတ္တာဗြဟ္မဝိဟာရ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းသည် ယင်း တတိယစျာန်၏ သတ္တဝါတို့အပေါ်၌ မြတ်နိုးတနာ ပြုသောအားဖြင့် နှလုံးသွင်းခြင်းနှင့် ယှဉ်သည်၏ အဖြစ်ကြောင့် လည်းကောင်း,

၂။ ဒုက္ခာ မုစ္စန္တု= သတ္တဝါတို့သည် ဆင်းရဲဒုက္ခမှ လွတ်ကြပါစေကုန်သတည်း .. ဤသို့ ကရုဏာဗြဟ္မဝိဟာရ ဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် စီးဖြန်းခြင်းသည် ယင်းတတိယစျာန်၏ မုန်းခြင်း ချစ်ခြင်း၏ အနီး၌ ကျင်လည်သည်၏ အဖြစ်ကြောင့်လည်းကောင်း,

၃။ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု= သတ္တဝါတို့သည် ရရှိပြီးသော စည်းစိမ်ချမ်းသာမှ မရွေ့လျောကြပါစေကုန် သတည်း .. ဤသို့ မုဒိတာဗြဟ္မဝိဟာရဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် စီးဖြန်းခြင်းသည် ယင်းတတိယစျာန်၏ ဝမ်းမြောက်ခြင်း သောမနဿနှင့် ယှဉ်သည်၏အဖြစ်ကြောင့် ရုန့်ရင်းသည်၏အဖြစ်ကြောင့် လည်းကောင်း ––

ဤသို့လျှင် မေတ္တာဗြဟ္မဝိဟာရ တတိယစျာန်, ကရုဏာဗြဟ္မဝိဟာရ တတိယစျာန်, မုဒိတာဗြဟ္မဝိဟာရ တတိယစျာန်တို့၌ အပြစ်ကို မြင်အောင် ရှု၍ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်၏ ငြိမ်သက်သော သဘောရှိသည်၏ အဖြစ်ကြောင့် အကျိုးအာနိသံသကိုလည်း မြင်အောင်ရှု၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ပြကတေ့အားဖြင့်သာလျှင် လျစ်လျူ ရှုလေ့ရှိသော ဥပေက္ခာအရာ၌ ထားနိုင်သော (အထက်၌ တင်ပြထားသည့်အတိုင်း မေတ္တာဗြဟ္မဝိဟာရ တတိယစျာန်, ကရုဏာဗြဟ္မဝိဟာရ တတိယစျာန်, မုဒိတာဗြဟ္မဝိဟာရ တတိယစျာန်တို့ကို ပွားများထားပြီးသော) အကြင် အလယ်အလတ် မချစ်မမုန်း မဇ္ဈတ္တပုဂ္ဂိုလ်သည် ရှိ၏၊ ထိုပြကတေ့ မဇ္ဈတ္တပုဂ္ဂိုလ်ကို လျစ်လျူ ရှု၍ ဥပေက္ခာ ဗြဟ္မဝိဟာရဘာဝနာကို ဖြစ်စေအပ်၏၊ ပွားများပုံမှာ – ထိုမဇ္ဈတ္တပုဂ္ဂိုလ်တစ်ဦးကိုပင် အာရုံပြု၍ မေတ္တာဗြဟ္မဝိဟာရ တတိယစျာန်, ကရုဏာဗြဟ္မဝိဟာရ တတိယစျာန်, မုဒိတာဗြဟ္မဝိဟာရ တတိယစျာန်တို့ကို ဝင်စားပြီးနောက် အထက်ပါအတိုင်း ဆင်ခြင်၍ သို့မဟုတ် –– ဤသူတော်ကောင်းသည် ငါက ..

၁။ ဘေးရန်ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ဘေးရန် ကင်းချင်မှ ကင်းမည်၊ စိတ်ဆင်းရဲ ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း စိတ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊ ကိုယ်ဆင်းရဲ ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ကိုယ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ချင်မှ ရွက်ဆောင်နိုင်မည်။

၂။ ဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ကရုဏာဘာဝနာကို ပွားများသော်လည်း ဆင်းရဲဒုက္ခမှ လွတ်ချင်မှ လွတ်မည်။

၃။ ရရှိပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေသတည်းဟု မုဒိတာဘာဝနာကို ပွားများသော်လည်း ရရှိပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောဘဲ ရှိချင်မှ ရှိမည်။

၄။ အဘယ်ကြောင့်နည်းဟူမူ သတ္တဝါအားလုံးတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြကုန်၏ဟု ဤသို့ ဆင်ခြင်၍ “အယံ သပ္ပုရိသော ကမ္မဿကော = ဤသူတော်ကောင်းသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိ၏၊”

ဤသို့လျှင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဥပေက္ခာဘာဝနာကို ပွားများပါ။ မေတ္တာ, ကရုဏာ, မုဒိတာ ဗြဟ္မဝိဟာရတရားတို့၌ တတိယစျာန်ကို အခြေခံပြီးမှ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာသို့ တက်ရောက်လာသဖြင့် ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြောင့် နောက်နောက်သော ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာသည် မကြာမီအချိန်ကာလအတွင်းမှာပင် စတုတ္ထစျာန်သို့ ဆိုက်ရောက်သွားပေလိမ့်မည်။

အောင်မြင်မှုကို ရရှိပါက အလားတူပင် မဇ္ဈတ္တပုဂ္ဂိုလ် (၁၀)ယောက်ခန့်လောက်ကို တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဗြဟ္မဝိဟာရတရားတို့ကို ဆက်လက် ပွားများပါ။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၌ မေတ္တာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင်, ကရုဏာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင်, မုဒိတာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပြီးပါမှ ယင်းပုဂ္ဂိုလ်ကိုပင် အာရုံယူကာ ဥပေက္ခာဘာဝနာကို စတုတ္ထစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပါ။ ဥပေက္ခာဘာဝနာ၌ ပထမစျာန် ဒုတိယစျာန် တတိယစျာန် မရှိသည်ကို, စတုတ္ထစျာန်သာ ရှိသည်ကို သတိပြုပါ။ သို့သော် ယင်းဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်မှာ မေတ္တာ, ကရုဏာ, မုဒိတာ ဘာဝနာအသီးအသီး၌ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန် အသီးအသီး ကို ရရှိအောင် ပွားများထားပြီးသည့် ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် ပွားများ၍ ရရှိနိုင်သော စျာန်မျိုး ဖြစ်ပေသည်။ အာနာပါနတတိယစျာန် သို့မဟုတ် ကသိုဏ်းဘာဝနာတတိယစျာန်တို့ကို အခြေခံကာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို တက်ရောက်ပွားခဲ့သော် (ယင်းတတိယစျာန်တို့၏ အာရုံမှာ သတ္တဝါပညတ်အာရုံ မဟုတ်ကြသောကြောင့်) ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်သို့ မဆိုက်ရောက်နိုင်ဟု မှတ်သားပါလေ။

မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ် တော်တော်များများတို့၌ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဗြဟ္မဝိဟာရတရားတို့ကို အစဉ်အတိုင်း ပွားများ၍ စတုတ္ထစျာန်သို့ တိုင်အောင်သော အောင်မြင်မှုကို ရရှိသောအခါ..

၁။ ပိယပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၂။ အတိပိယပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၃။ မဇ္ဈတ္တပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၄။ ဝေရီပုဂ္ဂိုလ် (၁၀)ယောက်ခန့် သို့မဟုတ် ရှိသမျှ ––

ဤပုဂ္ဂိုလ် ခပ်များများ၌ တစ်ဦးချင်းကို အာရုံပြု၍ ပုံစံတူပင် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဘာဝနာတို့ကို ပွားများပါ။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၌ မေတ္တာ, ကရုဏာ, မုဒိတာစျာန်တို့ကို အခြေမခံဘဲ ဥပေက္ခာဘာဝနာကို ပွားများလို့ မရရှိနိုင်သည်ကို သတိပြုပါ။ ထိုသို့ ပွားများရာ၌ ..

၁။ ပိယပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၂။ အတိပ္ပိယပုဂ္ဂိုလ်တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၃။ မဇ္ဈတ္တပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၄။ ဝေရီပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန် ––

ဤသို့ စျာန်အသီးအသီးကို ရရှိအောင် ပွားများပါ။ တစ်ဖန် ဒုတိယအကြိမ် ဒုတိယအခေါက်ဝယ် ..

၁။ နောက်ပိယပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၂။ နောက်အတိပ္ပိယပုဂ္ဂိုလ်တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၃။ နောက်မဇ္ဈတ္တပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၄။ နောက်ဝေရီပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်

ဤသို့ စျာန်အသီးအသီးကို ရရှိအောင် ထပ်မံ ပွားများပါ။ ဤနည်းစနစ်ကို အသုံးပြု၍ ပုဂ္ဂိုလ် (၄)မျိုးကို ပြောင်းကာ ပြောင်းကာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပွားများပါ။ ပိယပုဂ္ဂိုလ်နှင့် အတိပ္ပိယပုဂ္ဂိုလ် နှစ်ဦးတို့ဝယ် မေတ္တာချင်း ကရုဏာချင်း မုဒိတာချင်း ဥပေက္ခာချင်း ညီမျှ သွားသောအခါ ပိယ, မဇ္ဈတ္တ, ဝေရီဟု ပုဂ္ဂိုလ် (၃)မျိုးသာ ယင်းစျာန်တို့၏ တည်ရာအာရုံများ ဖြစ်နေကြပေလိမ့်မည်။

ထိုနောင် အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် ပုံစံတူပင် မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်တို့ကို ရရှိအောင် ပွားများအားထုတ်ပါ။ သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုဖျက်နိုင်အောင် သီမာသမ္ဘေဒကို ပြု၍ ယင်းသို့ သီမာသမ္ဘေဒကို ပြုပြီးနောက် ရရှိလာသော ထိုသတ္တဝါပညတ် နိမိတ်ကိုပင် အာရုံပြု၍ –

၁။ မေတ္တာ –ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်
၂။ ကရုဏာ –ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်
၃။ မုဒိတာ –ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်
၄။ ဥပေက္ခာ –စတုတ္ထစျာန်

ဤသို့ ဗြဟ္မဝိဟာရဘာဝနာ အသီးအသီး၌ ဆိုင်ရာဆိုင်ရာ စျာန်အသီးအသီးကို ရရှိသည်တိုင်အောင် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ, ဗြဟ္မဝိဟာရဘာဝနာတို့ကို မှီဝဲပါ, ပွားများပါ, ကြိမ်ဖန်များစွာ အလေ့အလာပြုပါ။ ဤကဲ့သို့ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဗြဟ္မဝိဟာရဘာဝနာတို့ကို အစဉ်အတိုင်း ပွားများနေခြင်းကိုပင် ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို ပွားများအားထုတ်သည်ဟု ဆိုပေသည်။ ဤကဲ့သို့ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် ပြုပြီးသည့်နောက် ရရှိလာသော သတ္တဝါပညတ်နိမိတ်ကို အာရုံပြု၍ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို မှီဝဲသော ပွားများသော ကြိမ်ဖန်များစွာ အလေ့အလာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်သည် ဖြစ်ပေါ်၍ လာပေ၏၊ ထိုနောင် ..

၁။ အနောဓိသောဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၅) မျိုး
၂။ ဩဓိသောဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၇) မျိုး
၃။ ဒိသာဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၁၀x၁၂ = ၁၂၀) မျိုး
အားလုံးပေါင်းသော် ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၁၃၂) မျိုး –

ဤ (၁၃၂)မျိုးသော ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာတို့ကို ဆက်လက်၍ ပွားများအားထုတ်ပါ။ ဥပေက္ခာ ဗြဟ္မဝိဟာရဘာဝနာဆိုသော်လည်း ဥပေက္ခာဗြဟ္မဝိဟာရ တစ်ခုတည်းကိုသာ ပွားများရသည်ကား မဟုတ်၊ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာတို့ကို အစဉ်အတိုင်း စျာန်အသီးအသီးသို့ ဆိုက်အောင် ပွားရသည်ဟု မှတ်ပါ။

မေးသင့်သော မေးခွန်း

အမေး– ဤဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်သည် ပထဝီကသိုဏ်း စသည်တို့၌ ဖြစ်ပြီးသော တတိယစျာန် ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဖြစ်လေသလောဟု မေးရန် ရှိ၏၊

အဖြေ – မဖြစ်ဟူပေ။ အဘယ်ကြောင့်နည်းဟူမူ – ပထဝီကသိုဏ်း စသည်တို့၌ တတိယစျာန်ကား ပထဝီကသိုဏ်း စသည်လျှင် အာရုံရှိ၏၊ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်ကား သတ္တဝါပညတ်လျှင် အာရုံရှိ၏၊ ထိုသို့ အာရုံ၏ သဘောမတူသည်၏ အဖြစ်ကြောင့်တည်း။ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်တို့၏ အာရုံနှင့် စတုတ္ထစျာန်၏ အာရုံမှာ အာရုံချင်း မတူ ကွဲပြားသောကြောင့် မရနိုင်ဟု ဆိုလိုသည်။ အလျော်အားဖြင့်ဆိုရမူ မေတ္တာကမ္မဋ္ဌာန်း, ကရုဏာကမ္မဋ္ဌာန်း, မုဒိတာကမ္မဋ္ဌာန်းတို့၌ ဖြစ်ပြီးသော တတိယစျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ဤ ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်သည် ဖြစ်ပေါ်လာနိုင်၏၊ အဘယ်ကြောင့်နည်းဟူမူ သတ္တဝါပညတ် အာရုံချင်း သဘောတူညီမှု ရှိသည်၏ အဖြစ်ကြောင့်တည်း။ ပိယပုဂ္ဂိုလ်၌ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်တို့ကို ဖြစ်စေလျှင် ယင်းပုဂ္ဂိုလ်၌ပင် ဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို ဖြစ်စေနိုင်၏၊ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်တို့၏ အာရုံနှင့် ဤဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်၏ အာရုံသည် အာရုံချင်း တူညီနေရမည်ဟု ဆိုလို၏၊ ဤသို့ စသည်ဖြင့် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ စျာန်အသီးအသီးတို့၏ အာရုံသည် ပိယပုဂ္ဂိုလ်ချင်း, မဇ္ဈတ္တပုဂ္ဂိုလ်ချင်း, ဝေရီပုဂ္ဂိုလ်ချင်း တူညီကြ၏၊ တစ်ဖန် သတ္တဝါအားလုံးတို့၌ မေတ္တာတတိယစျာန်, ကရုဏာတတိယစျာန်, မုဒိတာတတိယစျာန်တို့ကို ဖြစ်စေလျှင် ယင်းသတ္တဝါအားလုံးတို့၌ပင် ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်ကို ဖြစ်စေနိုင်၏၊ ဤသို့လျှင် ဗြဟ္မဝိဟာရဘာဝနာတို့၌ သတ္တဝါပညတ်အာရုံချင်း တူညီမှု ရှိ၏၊[မှတ်စု ၁]

  1. (ဝိသုဒ္ဓိ၊၁၊၂၈၇-၃၁၉-ကြည့်ပါ။)