မာတိကာသို့ ခုန်သွားရန်

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/(၆) ဒွါရ၌ ရုပ်ကလာပ်များကို ဓာတ်ခွဲပုံ

ဝီကီရင်းမြစ် မှ
1626နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း(၆) ဒွါရ၌ ရုပ်ကလာပ်များကို ဓာတ်ခွဲပုံ = ရုပ်တို့ကို သိမ်းဆည်းပုံဖားအောက်တောရဆရာတော်

(၆) ဒွါရ၌ ရုပ်ကလာပ်များကို ဓာတ်ခွဲပုံ = ရုပ်တို့ကို သိမ်းဆည်းပုံ

ကာယအကြည်ဓာတ်ပါဝင်သော ကာယဒသကကလာပ်မှာ (၆)ဒွါရလုံး၌ ပျံ့နှံ့တည်ရှိ၏၊ ဘာဝရုပ်ပါဝင်သော ဘာဝဒသကကလာပ်မှာလည်း (၆)ဒွါရလုံး၌ပင် ပျံ့နှံ့တည်ရှိ၏၊ ဇီဝိတရုပ်လျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ကလာပ်မှာလည်း (၆)ဒွါရလုံး၌ပင် ပျံ့နှံ့တည်ရှိ၏၊ စက္ခုအကြည်ဓာတ် ကာယအကြည်ဓာတ်စသော ပသာဒ (= အကြည်)ရုပ်တို့ ပါဝင်တည်ရှိသော စက္ခုဒသကကလာပ် ကာယဒသကကလာပ်စသော ထိုထိုရုပ်ကလာပ်တို့သည်ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောနှောပေါင်းစပ်ထားသကဲ့သို့ စက္ခုစသော (၆)ဒွါရတို့၌ ရောနှောလျက် တည်ရှိကြ၏၊

စက္ခုဒသကကလာပ်ကား စက္ခု (= မျက်စိ)၌သာ တည်ရှိ၏၊ သောတဒသကကလာပ်ကား နား၌သာ တည်ရှိ၏၊ ဃာနဒသကကလာပ်ကား နှာခေါင်း၌သာ တည်ရှိ၏၊ ဇိဝှါဒသကကလာပ်ကား လျှာ၌သာ တည်ရှိ၏၊ ဟဒယဒသက ကလာပ်ကား နှလုံး၌သာ တည်ရှိ၏၊ ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ကား မျက်စိနား-နှာ-လျှာ-ကိုယ်-နှလုံးဟူသော (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိကြ၏၊ ထိုကြောင့် စက္ခု၌ စက္ခုဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, နား၌ သောတဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, နှာခေါင်း၌ ဃာနဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, လျှာ၌ ဇိဝှါဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, ကိုယ်၌ ကာယဒသက ကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် တစ်မျိုး, နှလုံး၌ ကာယဒသကကလာပ်ဟု ကြည်သည့် ရုပ်ကလာပ်တစ်မျိုး ဤသို့ အသီးအသီး ရှိ၏၊ မျက်စိ-နား-နှာ-လျှာတို့၌ ကြည်သည့်ရုပ်ကလာပ် နှစ်မျိုးစီ အကြည်ဓာတ်လည်း နှစ်မျိုးစီ ရှိနေသဖြင့် ထိုအကြည်ဓာတ် အကြည်ရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ်ဖို့ လိုအပ်ပေသည်။ ယောဂါဝစရ ပုဂ္ဂိုလ်အနေဖြင့်ကား ဤအဆင့်တွင် ကြည်သည့် ရုပ်ကလာပ်အမှုန်အနေဖြင့်သာ မြင်တွေ့နေဦးမည် ဖြစ်ပေသည်။

စက္ခုအကြည်ဓာတ်

ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော, မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်းသဘောလက္ခဏာ ရှိသော တရားသည် စက္ခုအကြည်ဓာတ် မည်၏၊ တစ်နည်း - ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောလက္ခဏာမျှသည် စက္ခုအကြည်ဓာတ် မည်၏၊[မှတ်စု ၁]

ကာယအကြည်ဓာတ်

ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေဇော-ဝါယော) ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော, မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော တရားသည် ကာယအကြည်ဓာတ် မည်၏၊ တစ်နည်း - ဖောဋ္ဌဗ္ဗာရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော, မဟာဘုတ် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောလက္ခဏာမျှသည် ကာယအကြည်ဓာတ် မည်၏၊[မှတ်စု ၂]

ဤရှင်းလင်းချက်များနှင့်အညီ စက္ခုအကြည်ဓာတ်မှာ ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော အကြည် ဖြစ်၏၊ ကာယအကြည်ဓာတ်မှာ ဖောဋ္ဌဗ္ဗာရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော အကြည် ဖြစ်၏၊ မျက်စိ၌ စက္ခုအကြည်ဓာတ် ပါဝင်သော စက္ခုဒသကကလာပ်နှင့် ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသကကလာပ်ဟု ကလာပ်နှစ်မျိုးတို့သည် သမအောင် ရောနှောလျက် တည်ရှိနေကြ၏၊ “မည်သည့်အကြည်ဓာတ်က စက္ခုအကြည် ဖြစ်သည်၊ မည်သည့်အကြည်ဓာတ်က ကာယအကြည် ဖြစ်သည်၊ မည်သည့်ရုပ်ကလာပ်က စက္ခုဒသကကလာပ် ဖြစ်သည်၊ မည်သည့်ရုပ်ကလာပ်က ကာယဒသကကလာပ် ဖြစ်သည်”ဟု ရိုက်ခတ်သော အာရုံနှင့် တိုက်ဆိုင်၍ ခွဲခြားယူရမည် ဖြစ်သည်။ သို့သော် ယင်းအကြည်ဓာတ်တို့မှာ ကလာပ်တူ ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှသာ ဖြစ်ကြသဖြင့် ယင်းတို့ စွဲမှီရာ ကလာပ်တူ ဓာတ်ကြီးလေးပါးတို့ကို ထပ်ကာထပ်ကာ သိမ်းဆည်းထားပြီးဖြစ်ဖို့လည်း အထူး လိုအပ်ပေသည်။

စက္ခုအကြည် – စက္ခုအကြည်ကို သိမ်းဆည်းရှုပွားလိုပါက ရှေးဦးစွာ မျက်စိ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းရှုပွားပါ။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ကြည်သည့် ရုပ်ကလာပ်အမှုန်တစ်ခုကို အာရုံယူ၍ သိမ်းဆည်းပါ။ ယင်းရုပ်ကလာပ်၌ ပါဝင်သော ရုပ်သဘောတရား (၁၀)မျိုးကို ဆက်လက်သိမ်းဆည်းပါ။ ယင်း (၁၀)မျိုးမှ ပသာဒ = အကြည်ဓာတ်ကို သိမ်းဆည်းထားပါ၊ သို့မဟုတ် ကြည်သည့် ရုပ်ကလာပ်အများစု၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ ယင်းအကြည်ဓာတ်နှင့် မလှမ်းမကမ်းတွင် တည်ရှိသော ရုပ်ကလာပ်တို့၌ ပါဝင်သော ရူပါရုံကို သို့မဟုတ် ရုပ်ကလာပ် တစ်ခု၌ ပါဝင်သော ရူပါရုံကို လှမ်း၍ အာရုံယူကြည့်ပါ။[မှတ်စု ၃]

အကယ်၍ ထိုရူပါရုံက ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါလျှင် ထိုအကြည်ဓာတ်မှာ စက္ခုအကြည်ဓာတ်ပင် ဖြစ်သည်။ ထိုစက္ခုအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ စက္ခုဒသကကလာပ်ပင် ဖြစ်သည်။ ယင်းစက္ခုဒသက ကလာပ်အတွင်း၌ တည်ရှိသော ရုပ်သဘောတရား (၁၀)မျိုးတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် တစ်လုံးစီ တစ်လုံးစီ ပိုင်းခြားယူပါ။ အကယ်၍ ထိုရူပါရုံက ထိုအကြည်ဓာတ်ကို ရှေးရှု မရိုက်ခတ်လျှင် ထိုအကြည်ဓာတ်မှာ စက္ခုအကြည်ဓာတ် မဟုတ်ပေ၊ ကာယအကြည်ဓာတ်သာ ဖြစ်ဖွယ်ရာရှိသည်။ မျက်စိ၌ စက္ခုအကြည်ဓာတ်နှင့် ကာယအကြည်ဓာတ် နှစ်မျိုးသာ တည်ရှိနေသောကြောင့် ဖြစ်သည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည် ကိုလည်း အောက်ပါအတိုင်း စမ်းသပ်ကြည့်ပါ။

ကာယအကြည် – ဖောဋ္ဌဗ္ဗာရုံ (= ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်) ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ရှေးရှုရိုက်ခတ်ခံရသော အကြည်ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ်သည်။ မျက်စိ၌ပင် တည်ရှိသော ဓာတ်ကြီး လေးပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ကြည်သည့်ရုပ်ကလာပ်အမှုန်တစ်ခု၌ သို့မဟုတ် အများစု၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ ယင်းရုပ်ကလာပ်နှင့် အနီးကပ်ဆုံး ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော သို့မဟုတ် ရုပ်ကလာပ်အများစုအတွင်း၌ တည်ရှိသော ပထဝီ တေဇော ဝါယောဟူသော ဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုကို လှမ်း၍ အာရုံယူပါ၊ သိမ်းဆည်းပါ၊ စိုက်ရှုပါ။ (ဥပမာ - မာသည့် သဘောတစ်ခုကို စိုက်ရှုပါ။) အကယ်၍ ထိုဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုက ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါလျှင် ထိုဖောဋ္ဌဗ္ဗဓာတ်တစ်ခုခု၏ ရှေးရှုရိုက်ခတ်မှုကို ခံယူရသော ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ်ပင် ဖြစ်သည်။ ယင်းကာယအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ ကာယဒသကကလာပ်ပင် ဖြစ်သည်။ အကယ်၍ ထိုအကြည် ဓာတ်ကို ဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုက ရှေးရှုရိုက်ခတ်မှု မရှိလျှင် ထိုအကြည်ဓာတ်မှာ စက္ခုအကြည်ဓာတ် ဖြစ်ဖွယ်ရာ ရှိ၏၊ စက္ခုအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို အထက်၌ တင်ပြထားသော စက္ခုအကြည်ဓာတ်ကို ရှုပုံစနစ်နှင့် စမ်းသပ်ကြည့်ပါ။

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် စက္ခုဒွါရ (= မျက်စိ)၌ စက္ခုဒသကကလာပ်နှင့် ကာယဒသကကလာပ်တို့ကို ခွဲခြား၍ရှုနိုင်ပြီ ဖြစ်သည်။ စက္ခုဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရား, ကာယဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဆက်လက်၍ သိမ်းဆည်းပါ။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် မျက်စိ၌ပင် မကြည်သော ရုပ်ကလာပ်တို့တွင် ပါဝင်သော ဘာဝရုပ်ပါသည့် ဘာဝဒသက ကလာပ်ကိုပါ ပရမတ်သို့ ဆိုက်အောင် ဆက်လက် သိမ်းဆည်းနိုင်သည် ဖြစ်အံ့၊ ဇီဝိတနဝကကလာပ်ကိုလည်း ဆက်လက် သိမ်းဆည်းနိုင်သည် ဖြစ်အံ့၊ မျက်စိ၌ စက္ခုဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝက ကလာပ်တို့ကို သိမ်းဆည်းပြီး ဖြစ်ပေပြီ။ ယင်းရုပ်ကလာပ် လေးမျိုးတို့ကား အတိတ်ဘဝတစ်ခုခုက အဝိဇ္ဇာ-တဏှာဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ခဲ့သော သင်္ခါရ-ကံတို့ကြောင့် ဖြစ်ပေါ်လာရသော ကမ္မဇရုပ်တို့ပင် ဖြစ်ကြသည်။ စက္ခုဒွါရ၌ ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ကို ရှုပုံစနစ်ကိုပင် နည်းမှီ၍ သောတဒွါရစသည့် ကျန်ငါးဒွါရတို့၌လည်း ပုံစံတူပင် ရှုပါ။

သောတအကြည်ဓာတ်

သဒ္ဒါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်းသဘော = ဓာတ်ကြီး လေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှသည် သောတပသာဒတည်း။[မှတ်စု ၄] နား၏အတွင်းဘက်၌ တည်ရှိသော ဓာတ်ကြီး လေးပါးကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သိမ်းဆည်းပါ၊ စိုက်ရှုပါ။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ကြည်သည့် ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော အကြည်ဓာတ်ကို သို့မဟုတ် ကြည်သည့်ရုပ်ကလာပ် အများစု၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ၊ အာရုံယူထားပါ။ အသက်ရှူသံကဲ့သို့သော အဇ္ဈတ္တအသံကိုပင်ဖြစ်စေ, ဗဟိဒ္ဓက အသံကိုပင်ဖြစ်စေ အသံတစ်ခုခုကို လှမ်း၍ အာရုံယူကြည့်ပါ။ အကယ်၍ ထိုအသံက ထိုအကြည်ဓာတ်ကို ရှေးရှု ရိုက်ခတ်နေပါလျှင် ထိုသို့ အသံ၏ ရှေးရှု ရိုက်ခတ်မှုကို ခံယူရသော ထိုအကြည်ဓာတ်မှာ နားအကြည်ဓာတ် ဖြစ်၏၊ ယင်း နားအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ သောတဒသကကလာပ် ဖြစ်၏၊ ယင်းရုပ်ကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ၊ တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အကယ်၍ နား၌ တည်ရှိသော ထိုအကြည်ဓာတ်ကို အသံတစ်ခုခုက ရှေးရှုရိုက်ခတ်မှု မရှိလျှင် ထိုအကြည်ဓာတ်မှာ သောတအကြည်ဓာတ် မဟုတ်ဘဲ ကာယအကြည်ဓာတ်ပင် ဖြစ်ဖွယ်ရာ ရှိပေသည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို သိရှိရန် ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ၍ အထက်တွင် ရေးသားခဲ့သည့်အတိုင်း ရှုကြည့်ပါ။ နား၌လည်း သောတဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ကို ဆက်လက်၍ ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။ ကမ္မဇရုပ်ကလာပ်တို့ပင်တည်း။

ဃာနအကြည်ဓာတ်

အနံ့ (= ဂန္ဓာရုံ) ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်းသဘော = ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှသည် ဃာနပသာဒ မည်၏၊[မှတ်စု ၅] နှာခေါင်း၏အတွင်း နှာနုရှိရာအရပ်၌ ဓာတ်ကြီးလေးပါးကို မြင်အောင်ရှုပါ၊ သိမ်းဆည်းပါ။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ကြည်သည့် ရုပ်ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိသော အကြည်ဓာတ်ကို သို့မဟုတ် ကြည်သည့်ရုပ်ကလာပ် အများစု၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ ခန္ဓာကိုယ်အတွင်းဝယ် မည်သည့်နေရာ၌ မဆို တည်ရှိနေသော ရုပ်ကလာပ် တစ်ခု၏ သို့မဟုတ် ရုပ်ကလာပ်အများစု၏အတွင်း၌ တည်ရှိသော အနံ့ (= ဂန္ဓာရုံ)ကို လှမ်း၍ အာရုံယူပါ။ အကယ်၍ ထိုအနံ့ဂန္ဓာရုံက ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါလျှင် ထိုအနံ့ဂန္ဓာရုံ၏ ရှေးရှုရိုက်ခတ်မှုကို ခံယူရသော ထိုအကြည်ဓာတ်မှာ ဃာနအကြည်ဓာတ် ဖြစ်သည်။ ယင်းဃာနအကြည်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်မှာ ဃာနဒသကကလာပ် ဖြစ်သည်။ ယင်းဃာနဒသကကလာပ်ကို ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရား (၁၀)မျိုးတို့ကို သိမ်းဆည်းပါ။ အကယ်၍ ထိုအကြည်ဓာတ်ကို အနံ့ဂန္ဓာရုံက ရှေးရှုရိုက်ခတ်မှု မရှိလျှင် ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ်ဖွယ်ရာ ရှိသည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို တိကျစွာ သိရှိနိုင်ရန် ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ၍ အထက်တွင် တင်ပြထားသည့်အတိုင်း ရှုကြည့်ပါ။ အောင်မြင်မှု ရရှိပါက နှာခေါင်း၌ ဃာနဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။ ကမ္မဇရုပ်တို့ပင်တည်း။

ဇိဝှါအကြည်ဓာတ်

ရသာရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်းသဘောသည် = မဟာဘုတ် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှသည် ဇိဝှါပသာဒ မည်၏၊[မှတ်စု ၆] လျှာတွင် တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပါ၊ စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိသောအခါ ကြည်သည့်ရုပ်ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိသော သို့မဟုတ် ကြည်သည့်ရုပ်ကလာပ်အများစု၏အတွင်း၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ နီးစပ်ရာ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော သို့မဟုတ် ရုပ်ကလာပ်အများစု၏ အတွင်း၌ တည်ရှိသော ရသဓာတ်ကို လှမ်း၍ အာရုံယူပါ။ အကယ်၍ ထိုရသဓာတ်က ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါက ရသာရုံ၏ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ထိုအကြည်ဓာတ်မှာ ဇိဝှါအကြည်ဓာတ် ဖြစ်၏၊ ယင်းဇိဝှါအကြည်ဓာတ် = ဇိဝှါပသာဒလျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်မှာ ဇိဝှါဒသကကလာပ်ဖြစ်၏၊ ယင်းရုပ်ကလာပ်ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်ခွဲလျက် (၁၀)မျိုးသော ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ အကယ်၍ .. ထိုရသာရုံက ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်မှုမရှိလျှင် ယင်းအကြည်ဓာတ်မှာ ကာယအကြည်ဓာတ်ပင် ဖြစ်ဖွယ်ရာ ရှိပေသည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို သေချာရန် ယင်းအကြည်ဓာတ်နှင့် အနီးကပ်ဆုံး အရပ်၌ တည်ရှိသော ရုပ်ကလာပ်တစ်ခု၏ သို့မဟုတ် ရုပ်ကလာပ်အများစု၏ ဖောဋ္ဌဗ္ဗာရုံကို အာရုံလှမ်းယူ၍ စမ်းသပ်ကြည့်ပါ။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို သိရှိနိုင်ပေသည်။ သေချာသည့်အခါ လျှာ၌လည်း ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်ဟူသော ကမ္မဇရုပ်ကလာပ် သုံးမျိုးတို့၌ တည်ရှိသော (၁၀)မျိုးစီသော ပရမတ်ရုပ်တရားတို့ကိုလည်းကောင်း, ဇီဝိတနဝကကလာပ်၌ တည်ရှိသော (၉)မျိုးသော ပရမတ်ရုပ်တရားတို့ကို လည်းကောင်း သိမ်းဆည်းထားပါ။

ကာယဌာန - ကာယဒွါရ၌ကား ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်ဟု ကမ္မဇရုပ်ကလာပ် သုံးမျိုးသာ ရှိ၏၊ ရှုပုံမှာ ထင်ရှားပြီ။ ထိမှုကို သိသည့်နေရာတိုင်း၌ ကာယဒသကကလာပ်ကား ရှိနေ၏၊ အလားတူပင် ဘာဝဒသကကလာပ်နှင့် ဇီဝိတနဝကကလာပ်မှာလည်း မျက်စိ-နား-နှာ-လျှာ-ကိုယ်နှလုံးဟူသော (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိနေ၏၊ ဘာဝရုပ်ကား အများနားလည်နေသော ဘာဝရုပ်နှင့် မတူညီပေ။ ဤဘာဝရုပ်က ဤသူကား အမျိုးသားဟု ထင်ရှားပြနေသောကြောင့်, ဤသူကား အမျိုးသမီးဟု ထင်ရှားပြနေသောကြောင့် အမျိုးသားနှင့် အမျိုးသမီးကို ခွဲခြား၍ ယူနိုင်ခြင်း ဖြစ်သည်။ ဘာဝရုပ်ကို စက္ခုဝိညေယျတရားဟု ဆိုလိုသည်ကား မဟုတ်ပါ။ ဤဘာဝရုပ်ကြောင့်ပင် အမျိုးသမီးတို့၏ အသွင်အပြင် ပုံသဏ္ဌာန် အပြုအမူ, အမျိုးသားတို့၏ အသွင်အပြင် ပုံသဏ္ဌာန် အပြုအမူတို့ကို သိရှိခွင့် ရနိုင်ခြင်းကိုသာ ဆိုလိုသည်။ ထိုဘာဝရုပ်ကို ရှုရာ၌ အမျိုးသား ယောဂီသည် ဇီဝိတပါဝင်သော မကြည်သော ရုပ်ကလာပ်အချို့၌ ပုရိသဘာဝရုပ်ကို ရှာဖွေကြည့်လိုက်သောအခါ ကျန်းတမ်းသော ကျားကျားလျားလျား အမူအရာ သဘောတရားတစ်ခုကို တွေ့ရှိတတ်၏၊ ဤအမှတ်အသားကြောင့် ယောက်ျားဖြစ်နေရသည်ဟု သဘောပေါက်တတ်၏၊ သို့သော် ယင်းကျန်းတမ်းသော အမူအရာသဘောမှာ ပထဝီဓာတ်၏ ကျန်းတမ်းခက်မာမှုနှင့် မတူညီသည်ကိုကား အများအားဖြင့် သဘောပေါက် နားလည်နေတတ်ပေသည်။ အလားတူပင် အမျိုးသမီးယောဂီသည်လည်း မိမိ၏အဇ္ဈတ္တသန္တာန်ဝယ် ဇီဝိတပါဝင်သော မကြည်သော ရုပ်ကလာပ်အချို့၌ ဣတ္ထိဘာဝ ရုပ်ကို ရှာဖွေကြည့်လိုက်သောအခါ နူးညံ့ပျော့ပျောင်းသော သဘာဝတစ်မျိုးကို တွေ့ရှိတတ်၏၊ ဤအမှတ်အသားကြောင့် အမျိုးသမီး ဖြစ်နေရသည်ဟုလည်း သဘောပေါက်တတ်၏၊ သို့သော် ယင်းနူးညံ့ပျော့ပျောင်းသော သဘာဝသည် ပထဝီဓာတ်၏ နူးညံ့ပျော့ပျောင်းမှုနှင့် မတူသည်ကိုကား သဘောပေါက် နားလည်နေတတ်ပေသည်။ (၆)ဒွါရလုံး၌ ရှုကြည့်ပါ။

မနောဒွါရ - ဟဒယဝတ္ထု

မနောဓာတ် အမည်ရသော ဘဝင်မနောအကြည်နှင့် မနောဝိညာဏဓာတ် အမည်ရသော ပဉ္စဝိညာဏ်မှ တစ်ပါး သော မနောဝိညာဏ်စိတ်တို့၏ မှီ၍ဖြစ်ရာ ရုပ်သည် ဟဒယဝတ္ထုရုပ်တည်း။ ယင်းမနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာသဘောရှိသော ရုပ်ဖြစ်သည်။[မှတ်စု ၇] ရှုနည်းမှာ နှလုံးအိမ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့သောအခါတွင် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။ သမထပိုင်း ကတည်းက ဘဝင်မနောအကြည်ကို သိမ်းဆည်းထားတတ်ပြီးသော သူတော်ကောင်းတစ်ဦးအဖို့ ဤအပိုင်းတွင် ဘဝင်မနောအကြည်ဓာတ်ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရန်မှာ မခက်ခဲတော့ပြီ။ ယင်းဘဝင်မနောအကြည်တွင် ဘာဝနာစိတ်ကို စိုက်ထား၍ လက်ညှိုးတစ်ချောင်းကို ကွေးကြည့်ပါ-ဆန့်ကြည့်ပါ။ ကွေးချင်သောစိတ် ဆန့်ချင်သောစိတ် = ကွေးနေသောစိတ် ဆန့်နေသောစိတ်ကို မြင်အောင် ဆက်ကြည့်ပါ။ စိတ်ကို သိမ်းဆည်းနိုင်သောအခါ ယင်းစိတ်၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်ကို ဆက်လက် သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အကယ်၍ အောင်မြင်မှုကို ရရှိပါက ဘဝင်မနောအကြည်နှင့်တကွ ကွေးချင်ဆန့်ချင်သောစိတ် အဝင်အပါ မနောဝိညာဏဓာတ် ဟူသမျှသည် ယင်းဟဒယဝတ္ထုရုပ်ကိုပင် မှီတွယ်၍ ဖြစ်နေပုံကို သဘောပေါက်အောင် ဆက်ရှုပါ။ ယင်း ဟဒယ ဝတ္ထုရုပ်မှာ အထက်ပါ မနောဓာတ် မနောဝိညာဏဓာတ်တို့၏ အောက်တွင် တည်ရှိသော ရုပ်ကလာပ်အမှုန်တို့တွင် ပါဝင်သော ရုပ်တစ်မျိုး ဖြစ်သည်။ ဤ၌ မှီဖြစ်သည်ဟူသည် ဟဒယဝတ္ထုနှင့် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ ဆက်စပ်လျက်ဖြစ်မှုသဘောကိုသာ ဆိုလိုသည်။ ဟဒယဝတ္ထုမရှိက ယင်း ဝိညာဏ်တို့၏ မဖြစ်နိုင်ခြင်းသည်ပင် ဆက်စပ်မှုသဘောတည်း။ ယင်းဟဒယဝတ္ထု ပါဝင်သော ရုပ်ကလာပ်မှာ ဟဒယဒသကကလာပ်ဖြစ်၏၊ ယင်းဟဒယ ဒသကကလာပ်ကို ဓာတ်ခွဲလျက် (၁၀)မျိုးသော ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဤ၌ ကွေးချင်ဆန့်ချင်သောစိတ် စသည့်စိတ်ကို အလျင် သိမ်းဆည်းခြင်းမှာ စိတ်၏မှီရာ ဟဒယဝတ္ထုရုပ်ကို တိတိကျကျ သဘောပေါက်ရန်အတွက်သာ ဖြစ်သည်။ အချို့ယောဂီများသည်ကား ဘဝင်မနောအကြည်ကို သိမ်းဆည်းမိက ယင်းဘဝင်မနောအကြည်၏ မှီရာ ဟဒယဝတ္ထုရုပ်ကိုလည်း လွယ်လွယ်ကူကူပင် သိမ်းဆည်း၍ ရရှိတတ်ပေသည်။ ဟဒယဒသကကလာပ်ကို ပရမတ်သို့ ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ နှလုံးအိမ်၌ပင် ကာယဒသကကလာပ်နှင့် ဘာဝဒသက ကလာပ်တို့ကိုလည်း ဆက်လက်၍ ဓာတ်ခွဲကာ ပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဤသို့လျှင် နှလုံးအိမ်၌လည်း ဟဒယဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်ဟု ကမ္မဇရုပ်ကလာပ် လေးမျိုးပင် ရှိပေသည်။

ဘဝင်မနောအကြည်နှင့် ကာယအကြည်

နှလုံးအိမ်၌ အကြည် နှစ်မျိုး ရှိနေ၏၊ ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ[မှတ်စု ၈] ဟူသော ဒေသနာတော်နှင့် အညီ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော အိမ်ရှင်ဘဝင်စိတ်သည်လည်း ကြည်လင်လျက်ရှိ၏၊ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပလျက် ရှိ၏၊ (ဖလူပစာရ စကားတည်း သို့မဟုတ် ကာရဏူပစာ စကားတည်း) သဘာဝေါ ဝါယံ စိတ္တဿ ပဏ္ဍရတာ[မှတ်စု ၉] ဟူသော မူလဋီကာနှင့် အညီ ဟဒယဝတ္ထုကို မှီ၍ဖြစ်နေသော စိတ်အားလုံးသည်လည်း ကြည်သည် ဖြူစင်သည်သာဖြစ်၏၊ (အကုသိုလ်စေတသိက်ကသာ သို့မဟုတ် အကုသိုလ်စေတသိက်ကြောင့်သာ ညစ်နွမ်းရသည် ဟူလို။)

ဤဒေသနာတော်များနှင့် အညီ နှလုံးအိမ်အတွင်း၌ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းကို ဖြစ်စေတတ်သော ဘဝင်မနောအကြည်လည်း ရှိ၏၊ နာမ်အကြည်ဓာတ်တည်း။ ထိမှုကို သိနိုင်သည့် ကာယဝိညာဏ်စိတ်၏ မှီရာ ကာယအကြည်ဓာတ်လည်း ရှိ၏၊ ရုပ်အကြည်ဓာတ်တည်း။ ကာယအကြည်ဓာတ်မှာ ရုပ်ကလာပ်အမှုန်အနေဖြင့်သာ ဖြစ်၏၊ ကြည်သော ရုပ်ကလာပ်အမှုန်တွင် ပါဝင်၏၊ ဘဝင်မနောအကြည်ကား မကြည်သည့် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေရသော အကြည်ဓာတ်တစ်မျိုး ဖြစ်၏၊ ရုပ်ကလာပ်အမှုန် မဟုတ်ပေ။ ရှေး သမထကမ္မဋ္ဌာန်းပိုင်းစသည်တို့တွင် ရှင်းပြခဲ့သည့်အတိုင်း စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်နှင့် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၌ တည်ရှိသော ရုပ်ကလာပ်အများစု၏ ရူပါရုံအရောင်၏ ကြည်လင်တောက်ပမှုသာတည်း။ ယင်းဘဝင်မနောအကြည် = မနောဒွါရကား ကြည်၏၊ ယင်းမနောဒွါရ၏ မှီရာ ဟဒယဝတ္ထုရုပ်ကား မကြည်ပေ။ ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသကကလာပ်မှာ နှလုံးအိမ် တစ်ခုလုံး၌ အနှံ့အပြား တည်ရှိနေ၏၊ ဘဝင်မနောအကြည်၏ ပတ်ဝန်းကျင်တွင် အမှုန်အနေဖြင့် ပျံ့နှံ့လျက် တည်နေ၏၊[မှတ်စု ၁၀]

(၆)ဒွါရ၌ တည်ရှိသော ကမ္မဇရုပ်တို့ကား ဘဝတစ်ခု ဖြစ်ပေါ်လာအောင် စတင်၍ ပြည်တည်ပေးသော ရုပ်တရားတို့တည်း။ အချို့သော ကမ္မဇရုပ်တို့ကား ပဋိသန္ဓေဝိညာဏ်နှင့် အတူ စတင်၍ ဥပါဒ်ခဲ့ကြ၏၊ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အကြောင်းရင်းကံ၏ စွမ်းအင်သတ္တိ မကုန်သေးသမျှ ဘဝတစ်လျှောက်ဝယ် ဖြစ်-ပျက် အစဉ်အတန်းအနေဖြင့် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြမည်သာဖြစ်၏၊ ယင်းကမ္မဇရုပ်တို့ကို (၆)ဒွါရလုံး၌ အောင်အောင်မြင်မြင် သိမ်းဆည်းမိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ကြွင်းကျန်သော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရှုပွားနိုင်ပေပြီ။

စိတ္တဇရုပ် ရှုပုံ

ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းတတ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဤစိတ္တဇရုပ်ရှုကွက်မှာ လွယ်ကူနေမည် ဖြစ်သည်။ နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုကို မှီ၍ဖြစ်နေကြသော စိတ်တို့တွင် ပဋိသန္ဓေစိတ်ကလွဲလျှင် ဘဝတစ်လျှောက်လုံး၌ ဖြစ်ပေါ်နေသော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော စိတ်အားလုံးသည် စိတ္တဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်ချည်းပင် ဖြစ်၏၊ ယင်းစိတ်တစ်ခုတစ်ခုသည် ဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်း များစွာကို တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်စေနိုင်၏၊ သို့သော် စိတ်တို့၏ ဓမ္မတာမှာ ဥပါဒ်ကာလ၌သာ အားရှိကြသဖြင့် ဥပါဒ်ကာလအခိုက်၌သာ စိတ္တဇရုပ်တို့ကို ဖြစ်စေနိုင်ပေသည်။ ရှုပုံမှာ - မနောအကြည်တွင် စိတ်စိုက်၍ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ်များကြောင့် ရုပ်ကလာပ်များ အဆက်မပြတ် ဖြစ်နေပုံကို မြင်အောင် ရှုပါ။ မထင်ရှားပါက မနောအကြည်တွင် စိတ်စိုက်ထား၍ လက်ညှိုးတစ်ချောင်းကို ကွေးဆန့် ကြည့်ပါ။ ကွေးချင်သောစိတ် ဆန့်ချင်သော စိတ်တို့ကြောင့် ရုပ်ကလာပ်များ များစွာဖြစ်နေပုံနှင့် (၆)ဒွါရလုံး၌ အနှံ့အပြား ဖြစ်နေပုံကို မြင်အောင် ရှုပါ။ ထိုမျှဖြင့် မထင်ရှားသေးပါက မျက်လုံးကို အနည်းငယ် လှုပ်ကြည့်ပါ။ မျက်လုံးအိမ် ရှိလောက်ရာအရပ်တွင် စိတ္တဇရုပ်ကလာပ် ပေါင်းများစွာ ဖြစ်နေပုံကို တွေ့မြင်နိုင်ပေသည်။ ကျန် (၅)ဒွါရတို့၌လည်း နည်းတူ ရှုကြည့်ပါ။ ယင်းရုပ်ကလာပ်တို့မှာ မကြည်ကြပေ။ ဓာတ်ခွဲကြည့်ပါက ရုပ်ကလာပ်အသီးအသီး၌ ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏ (ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားတွင် ကြည့်ပါ)။ ယင်းပရမတ္ထရုပ်တို့ကို (၆)ဒွါရလုံး၌ လှည့်လည်၍ သိမ်းဆည်းပါ။

ဥတုဇရုပ် ရှုပုံ

စက္ခုဒသကကလာပ်စသော (၆)ဒွါရ၌ တည်ရှိသော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇ ကလာပ်တို့၏ အတွင်း၌ တည်ရှိသော တေဇောဓာတ်ကို ဥတုဟု ခေါ်ဆို၏၊ ယင်းဥတုခေါ် တေဇောဓာတ်သည် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်၏ (ဥတု၏ သားတည်း)။ ထိုဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင်လည်း တေဇောဓာတ် = ဥတု ပါဝင်လျက်ပင် ရှိပြန်၏၊ ယင်း တေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပြန်၏ (ဥတု၏ မြေးတည်း။) ဤသို့စသည်ဖြင့် ကံ-စိတ်-ဥတု-အာဟာရဟူသော ဆိုင်ရာ အကြောင်းတရားတို့ အပေါ်၌ အခြေစိုက်၍ ရုပ်ကလာပ်တို့သည် အနည်းနှင့်အများ အဆင့်ဆင့် ဖြစ်ပွားတတ်ကြပေသည်။[မှတ်စု ၁၁]

ဤတင်ပြချက်မှာ ဉာဏ်နုံ့သူတို့အတွက်သာဟု မှတ်ပါ။ ဉာဏ်ထက်မြက်သူ သူတော်ကောင်းတို့ကား ခန္ဓာကိုယ်ကို ခြုံ၍ ဓာတ်ကြီးလေးပါးကို ရှုလိုက်သောအခါ တစ်ကိုယ်လုံး၌ အတုံးအခဲကို မတွေ့တော့ဘဲ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့နေ၏၊ တစ်ဖန် (၆)ဒွါရလုံး၌လည်း ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင်၏၊ ထိုအဆင့်တွင် ထိုသူတော်ကောင်းတို့သည် မျက်စိကို အာရုံပြုသော်လည်း မျက်လုံးကို မတွေ့တော့ဘဲ ရုပ်ကလာပ်အမှုန်တို့ကိုသာ တွေ့နေ၏၊ ထိုကဲ့သို့ ရုပ်ကလာပ်တို့ကိုသာ တွေ့နေသော သူတော်ကောင်းတို့သည် မျက်လုံးကို တစ်ဖန် ပြန်ရှာဖွေ၍ ယင်းမျက်လုံး၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သီးသန့် ပြန်၍ သိမ်းဆည်းနေရန် မလိုပါ။ မျက်လုံးအိမ်၌ ရုပ်ကလာပ်တို့ကို လွယ်လွယ်ကူကူ တွေ့ရှိနေသော သူတော်ကောင်းတို့သည် ယင်းရုပ်ကလာပ်တို့၌ အကျုံးဝင်သော စက္ခုဒသက ကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်ခွဲလျက် သိမ်းဆည်းပါ။ နား-နှာ-လျှာ-ကိုယ်-နှလုံးတို့၌လည်း နည်းတူ သဘောပေါက်ပါ။ ကြွင်းကျန်နေသေးသော စိတ္တဇ, ဥတုဇ, အာဟာရဇ ဩဇဋ္ဌမကကလာပ်တို့ကို ဆက်လက် သိမ်းဆည်းရှုပွားရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ကမ္မဇတေဇောဓာတ် = ဥတု – အကယ်၍ ထိုတေဇောဓာတ်မှာ စက္ခုဒသကကလာပ်ကဲ့သို့သော ကမ္မဇရုပ် ကလာပ်တို့၏ အတွင်း၌ တည်ရှိသော တေဇောဓာတ် = ဥတုဖြစ်လျှင် ယင်းကမ္မဇတေဇောဓာတ် = ဥတုသည် အထက်ပါအတိုင်း (၄-၅)ဆင့်သော ဥတုဇရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏၊[မှတ်စု ၁၂]

ထိုသို့ ဖြစ်စေရာ၌ ယင်းတေဇောဓာတ်ဥတုသည် ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်၌သာလျှင် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်၏၊ ရုပ်တို့၏ ဓမ္မတာအတိုင်း ဌီကာလသို့ ရောက်ရှိပါမှသာလျှင် အားရှိ သောကြောင့် ဖြစ်သည်။ ဤ၌ (၄-၅)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏ဟူသည်မှာ တူညီသော ရုပ်အစဉ်သန္တတိ၏အစွမ်းဖြင့်သာ ပြောဆိုခြင်း ဖြစ်သည်။[မှတ်စု ၁၃]

၁။ ကမ္မဇတေဇောဓာတ် (= ဥတု)သည် ကံ၏ အထောက်အပံ့ကောင်း,
၂။ စိတ္တဇတေဇောဓာတ် (= ဥတု)သည် စျာန်စိတ် ဝိပဿနာစိတ် မဂ်စိတ် ဖိုလ်စိတ်တို့ကဲ့သို့သော မွန်မြတ်သော စိတ်တို့၏ အထောက်အပံ့ကောင်း,
၃။ ဥတုဇတေဇောဓာတ် (= ဥတု)သည် သပ္ပါယမျှတသော ဥတုကောင်းတို့၏ အထောက်အပံ့ကောင်း,
၄။ အာဟာရဇတေဇောဓာတ် (= ဥတု)သည် နတ်ဩဇာကဲ့သို့ မွန်မြတ်သော အစာအာဟာရဩဇာ၏ အထောက်အပံ့ ကောင်း –

ဤကဲ့သို့သော အထောက်အပံ့ကောင်းများကို ရရှိပါက – ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိဏ္ဏပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိယေဝ[မှတ်စု ၁၄] = သက်မဲ့အနုပါဒိဏ္ဏအဖို့၌ ရပ်တည်၍သော်လည်း ဥတုသမုဋ္ဌာန်ဖြစ်သော မတူကုန်သော များစွာကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့ကိုလည်း ဆက်စပ်စေ၏ဟု မှတ်ပါ။[မှတ်စု ၁၅]

ဤ၌ သက်မဲ့ အနုပါဒိဏ္ဏအဖို့၌ ရပ်တည်၍သော်လည်း ဖြစ်၏ဟူသည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ဖြစ်မှုမျိုး, သေပြီးနောက်ပိုင်းကာလ အလောင်းကောင်အဆင့်သို့တိုင်အောင် ဖြစ်မှုမျိုး, အစာသစ်ကောဋ္ဌာသအဖြစ် တည်ရှိခိုက် ခန္ဓာအိမ်အတွင်းသို့ မပြန့်မီ ဥတုဇရုပ်တို့၏ ဖြစ်မှုမျိုးများတည်း။ ဗဟိဒ္ဓသို့တိုင်အောင် ဖြစ်မှုဟူသည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့သော မွန်မြတ်သော ပဏီတစိတ်တို့ကြောင့် ဖြစ်ပေါ်သွား ကြကုန်သော စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့သည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့ တိုင်အောင် သမထလင်းရောင်ခြည် ဝိပဿနာလင်းရောင်ခြည်အနေဖြင့် ဖြစ်မှုမျိုးတို့ပင်တည်း။[မှတ်စု ၁၆]

စိတ္တဇတေဇောဓာတ် = ဥတု– ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော အဆင့်မြင့်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်မှ တစ်ပါးသော ပကတိသော ကာမစိတ်ကြောင့် ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်တို့တွင်လည်း တေဇောဓာတ် = ဥတု ပါဝင်လျက် ရှိ၏၊ ယင်းတေဇောဓာတ် = ဥတုသည်လည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏ (စိတ္တဇတေဇောဓာတ် = ဥတု၏ သားတည်း)။ ယင်း သားအရင်းဖြစ်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တွင်ပါဝင်သော တေဇောဓာတ် ဥတုကလည်း အခြားသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏ (ယခင် စိတ္တဇတေဇောဓာတ် = ဥတု၏ မြေးတည်း)။ ယင်းမြေးအရင်းဖြစ်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏ (မြစ် ရပြန်ပြီ ဟူလိုသည်)။ ဤသို့သော နည်းအားဖြင့် နှစ်ကြိမ် သုံးကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏၊[မှတ်စု ၁၇]

ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမထဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ်, မဂ်စိတ်, ဖိုလ်စိတ် - ဤမွန်မြတ်သော ပဏီတစိတ်တို့ကြောင့်ဖြစ်သော စိတ္တဇရုပ်များတွင် ပါဝင်သော တေဇောဓာတ် = ဥတုကား ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အဆက်ဆက်ကို အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့ တိုင်အောင်, သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲလျက် ရှိသော ဉာဏ်၏အာနုဘော်က ကြီးလျှင် ကြီးသလို, သေးလျှင် သေးသလို, သမာဓိ အားကောင်းလျှင် ကောင်းသလို, အားနည်းလျှင် နည်းသလို ပျံ့နှံ့လျက် အကြိမ်များစွာတို့ပတ်လုံးလည်း ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်စေပေသည်။[မှတ်စု ၁၈]

အဆင့်မြင့်နေသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကား အလွန်မွန်မြတ်သော ပဏီတစိတ်တို့ ဖြစ်ကြ၏၊ ယင်းမွန်မြတ်သော စိတ်တို့၏ စွမ်းအင်ကား ကြီးမားလှ၏၊ အထူးသဖြင့် စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော စျာန်ဇော, ဖလသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော ဖိုလ်ဇောတို့ကား နာရီပေါင်းများစွာ ရက်ပေါင်းများစွာသော်လည်း ဖြစ်နိုင်သည့် စွမ်းအားရှိကြ၏၊ ယင်းကဲ့သို့ စွမ်းအင်ကြီးမားကြသော မိနစ်ပေါင်းများစွာ နာရီပေါင်းများစွာ အဆက်မပြတ် ဆက်တိုက် ဖြစ်နေကြသော မွန်မြတ်သော စိတ်တို့ကြောင့် ဖြစ်ပေါ်လာကြကုန်သော စိတ္တဇရုပ်တို့သည်လည်း မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့သာ ဖြစ်ကြ၏၊ ယင်းစိတ္တဇရုပ် တို့၏ ပြန့်ပြောကြီးကျယ် မွန်မြတ်မှုကြောင့် ယင်းစိတ္တဇရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကြောင့် ဖြစ်သော ရုပ်တို့သည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင်ပင် ရှေးနှင့်နောက် ဆက်စပ်လျက် အကြိမ်များစွာ အထပ်ထပ် ဖြစ်နေကြပေသည်။[မှတ်စု ၁၉] ထိုသို့ ဖြစ်စေရာ၌လည်း ယင်း တေဇောဓာတ် = ဥတုသည် ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်၌သာ ဖြစ်စေနိုင်သည်ဟု မှတ်ပါ။(မဟာဋီ၊၂၊၄၀၃၊၊) မှတ်ချက်---- ယင်းစိတ္တဇတေဇောဓာတ် = ဥတုကြောင့်ဖြစ်သော ဥတုဇရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိပါက အာဟာရဇဩဇဋ္ဌမကရုပ်များကို အဇ္ဈတ္တ၌ ဖြစ်စေနိုင်ပြန်သည်ဟု မှတ်ပါ။

တစ်ဖန် နောက်တွင် ဆက်လက်ဖော်ပြလတ္တံ့သော အာဟာရဇရုပ်ကလာပ်များတွင်လည်း တေဇောဓာတ် = ဥတုပါဝင်လျက်ပင် ရှိ၏၊ ယင်းအာဟာရဇတေဇောဓာတ် = ဥတုကလည်း ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏ (သားရပြီ ဟူလို)။

ယင်း သားရင်းဖြစ်သော ဥတုဇရုပ်ကလာပ်တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏ (မြေးရပြန်ပြီ ဟူလို)။ ယင်းမြေးရင်းဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏ (မြစ်ရပြန်ပြီ ဟူလို)။ ဤသို့သော နည်းဖြင့် (၁၀)ကြိမ် (၁၂)ကြိမ်သော ရုပ်ကလာပ်တို့၏ဖြစ်ခြင်းကို ဆက်စပ်စေ၏၊ သို့သော် နတ်ဩဇာ စသည်တို့ကဲ့သို့သော မွန်မြတ်သော အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိခဲ့ပါမူ ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် တည်ရှိသော တေဇောဓာတ် = ဥတုသည် ရှည်မြင့်စွာသော ကာလပတ်လုံးသော်လည်း ဥတုဇဩဇဋ္ဌမကရုပ်များကို ဖြစ်စေနိုင်သည်သာတည်း။[မှတ်စု ၂၀] [မှတ်စု ၂၁]

အစာအိမ်တွင်ရှိသော အစာသစ်ကောဋ္ဌာသမှ အာဟာရဇရုပ်များ စတင်ဖြစ်ပေါ်လာပုံ ဇယား

ကမ္မဇရုပ်ကလာပ်အတွင်း၌ တည်ရှိသော တေဇောနှင့် ဩဇာမှ ဥတုဇရုပ်နှင့် အာဟာရဇရုပ်များ (၄-၅) ကြိမ်တိုင်အောင် နှစ်ခွ နှစ်ခွ ပွားပုံ ဇယား

မှတ်ချက် –– စိတ္တဇ-, ဥတုဇ-, အာဟာရဇ-ရုပ်ကလာပ်အတွင်း၌ တည်ရှိသော တေဇောနှင့် ဩဇာမှ ဥတုဇရုပ်နှင့် အာဟာရဇရုပ်များ နှစ်ခွ နှစ်ခွ ပွားပုံကိုလည်း နည်းတူသဘောပေါက်ပါ။

အာဟာရဇရုပ် ရှုပုံ

ကမ္မဇရုပ်ကလာပ်, စိတ္တဇရုပ်ကလာပ်, ဥတုဇရုပ်ကလာပ်, အာဟာရဇရုပ်ကလာပ်ဟူသော ရုပ်ကလာပ် အသီးအသီး၌ ပါဝင်တည်ရှိသော ဩဇာသည် အာဟာရ မည်၏၊ ထိုသို့ စတုသမုဋ္ဌာန်ရုပ်တို့၌ ပါဝင်သော ဩဇာ အသီးအသီးသည် အာဟာရမည်ပါသော်လည်း ထိုစတုသမုဋ္ဌာန်ဩဇာဟူသော အာဟာရသည် ထမင်းလုတ်စသည့် စားဖွယ် ခဲဖွယ် သောက်ဖွယ် လျက်ဖွယ်ကို အလုတ်အလွေးပြုလုပ်၍ ရှေးရှု ဆောင်ယူအပ် စားမျိုအပ်သည် ဖြစ်မှသာလျှင် အာဟာရဇရုပ်ကို ဖြစ်စေခြင်းဖြင့် အာဟာရကိစ္စကို ပြုလုပ်ပေးနိုင်၏၊ ယင်းထမင်းလုတ် စသည့် စားဖွယ် ခဲဖွယ် သောက်ဖွယ် လျက်ဖွယ်သည် ခန္ဓာကိုယ်ပြင်ပ ဗဟိဒ္ဓ တစ်နေရာ၌ တည်နေသည် ဖြစ်လတ်သော် ယင်းစတုသမုဋ္ဌာန် ဩဇာသည် အာဟာရဇရုပ်ကို ဖြစ်စေခြင်းဟူသော အာဟာရကိစ္စကို ပြုလုပ် မပေးနိုင်။ ထိုကြောင့် “အာဟာရော” ဟူ၍သာ မဟောမူ၍ ကဗဠီကာရော အာဟာရောဟု ပဋ္ဌာန်းပါဠိတော်[မှတ်စု ၂၂]၌ ဘုရားရှင်သည် ဟောကြားထားတော် မူပေသည်။

တစ်နည်း – အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့ စားမျိုထိုက်သော အစာ (= အာဟာရ) ဟူသော တည်ရာဝတ္ထုရှိသောကြောင့် ယင်းအာဟာရ၏ အထောက်အပံ့ကို ရရှိပါမှ အာဟာရဇရုပ်ကို ဖြစ်စေခြင်းဟူသော အာဟာရကိစ္စကို ရွက်ဆောင်နိုင်သောကြောင့် ထိုကဗဠီကာရအာဟာရဟူသော ဤအမည်သည် ထိုစတုသမုဋ္ဌာနိက ဩဇာ၏ အမည် ဖြစ်သည်။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏၊ ကဗဠီကာရအာဟာရဟူသော ဤအမည်သည် စားမျိုထိုက်သော အစာဟူသော တည်ရာရှိသော စတုသမုဋ္ဌာနိကဩဇာတည်း။ ထိုစတုသမုဋ္ဌာနိကဩဇာဟူသော အာဟာရက အလုတ် အလွေးပြု၍ စားမျိုအပ်သော အစာ၌ တည်သောကြောင့် တည်ရာဖြစ်သော အစာ၏ ကဗဠီကာရအာဟာရဟူသော အမည်ကို တည်တတ်သော စတုသမုဋ္ဌာနိကဩဇာ၌ တင်စား၍ စတုသမုဋ္ဌာနိကဩဇာဟူသော အာဟာရကိုလည်း ဌာနူပစာရအားဖြင့် ကဗဠီကာရအာဟာရဟု ခေါ်ဆိုထားသည် ဟူလို။[မှတ်စု ၂၃]

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂၄]၏ ဖွင့်ဆိုချက်နှင့် အညီ (၁) အစာသစ်, (၂) အစာဟောင်း, (၃) ပြည်, (၄) ကျင်ငယ် ဤကောဋ္ဌာသ (၄)မျိုးတို့ကား ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ် = ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစု သာတည်း။ ယင်းကောဋ္ဌာသတို့၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ စိုက်ရှုလိုက်ခဲ့သော် ယင်းကောဋ္ဌာသတို့မှာ ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်သည်ကို တွေ့ရှိနိုင်၏၊ ယင်းရုပ်ကလာပ်တိုင်းတွင် ရုပ်သဘောတရား (၈)မျိုးစီရှိရာ တေဇောဓာတ် ဥတုလည်း ပါဝင်၏၊ ယင်းတေဇောဓာတ် ဥတုကြောင့် ရုပ်ကလာပ်များ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြပေသည်။

ထို့ကြောင့် စားမျိုထိုက်သော အစာဟူသည် .. ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုမျှသာတည်း။ ယင်းဥတုဇရုပ်တို့၌ တည်သော ဩဇာကား အာဟာရတည်း။ ယင်းအာဟာရသည် မိမိချည်းသက်သက် = ဩဇာချည်း သက်သက် အခြား ကလာပ်တူရုပ်တို့ မပါဘဲ ဝါးမျို စားမျို၍ ရထိုက်သော တရားကား မဟုတ်ပေ။ အခြား ကလာပ်တူ ရုပ်တို့နှင့်တကွ ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့၏ များစွာသော အပေါင်းအစုကိုသာ အလုတ်ပြု၍ စားမျိုနိုင်၏။ ထို့ကြောင့် ယင်းဩဇာကို ကဗဠီကာရ-သဒ္ဒါဖြင့် ကူစွက်၍ ကဗဠီကာရအာဟာရဟု ဟောကြားထားတော်မူ၏။ ဤရှင်းလင်းချက် မှာလည်း သမုတိသစ္စာနယ်နှင့် မကင်းသေးသော ရှင်းလင်းချက်သာတည်း။ ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် အစာသစ်ကောဋ္ဌာသကို မစားမီ ပန်းကန် သပိတ်အတွင်း စသည်၌ တည်ရှိခိုက်၌ပင် ဖြစ်စေ, စားပြီး၍ အစာသစ်ကောဋ္ဌာသအဖြစ် အစာအိမ်အတွင်း၌ တည်ရှိခိုက်၌ပင်ဖြစ်စေ, စားခိုက် ဝါးခိုက် ခံတွင်း၌ တည်ရှိခိုက်၌ပင်ဖြစ်စေ ယင်းကောဋ္ဌာသ၌ တည်နေသော ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏၊ ယင်းရုပ်ကလာပ်တို့ကား သို့မဟုတ် ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ရုပ်တရားတို့ကား ဖြစ်ပြီးသည်နှင့် အလွန် လျင်လျင်မြန်မြန် ဖြစ်သည့်နေရာ၌ပင် ပျက်သွားကြ၏၊

အနုဋီကာ[မှတ်စု ၂၅]၏ ဖွင့်ဆိုချက်နှင့်အညီ ရုပ်ပရမတ်တရားတို့ကား ဖြစ်သည့်နေရာ၌သာ ပျက်သွားကြ၏၊ တစ်နေရာမှ တစ်နေရာသို့ ပြောင်းနိုင်သည့် စွမ်းအား မရှိကြပေ။ ထိုကြောင့် သပိတ်အတွင်း ပန်းကန်အတွင်း၌ တည်ရှိကြသော ဥတုဇဩဇဋ္ဌမကရုပ်တို့သည် ပါးစပ်အတွင်းသို့ မရောက် မပြောင်း၊ ပါးစပ်အတွင်း၌ တည်ရှိကြသော ဥတုဇဩဇဋ္ဌမကရုပ်တို့သည်လည်း အစာအိမ်အတွင်းသို့ မပြောင်းနိုင်၊ အစာသစ်ကောဋ္ဌာသအဖြစ်နှင့် ပြောင်းရွှေ့၍ မတည်နိုင်၊ ထိုမျှလောက် ပြောင်းရွှေ့နိုင်လောက်အောင် ပြောင်းရွှေ့၍ တည်နေနိုင်လောက်အောင် သက်တမ်း မရှိ ကြပေ။ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့သည်နှင့် ချုပ်ပျက်သွားကြ၏၊ သို့သော် ယင်းဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တိုင်း၌ တေဇောဓာတ် = ဥတု ပါဝင်၏၊ ယင်းတေဇောဓာတ် = ဥတုတိုင်းသည် ယေဘုယျအားဖြင့် ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိသည်ချည်းပင် ဖြစ်၏၊ ယင်းဥတုဇတေဇောဓာတ်၏ ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိ မကုန်သေးသမျှ ကာလပတ်လုံး ပန်းကန်အတွင်း၌ဖြစ်စေ, သပိတ်အတွင်း၌ဖြစ်စေ, ပါးစပ်အတွင်း၌ ဖြစ်စေ, အစာသစ်အိမ်အတွင်း၌ ဖြစ်စေ ရှေးနှင့်နောက် ဆက်စပ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်နေကြသည်သာ ဖြစ်၏၊ ထိုကြောင့် ပရမတ္ထသစ္စာနယ်မှ အတိအကျပြောဆိုရလျှင် ပရမတ်ရုပ်တရားတို့ကို = ပရမတ်ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့ကို ထမင်းလုတ် စသည်ဖြင့် အလုတ်အလွေးပြု၍ တကယ် ဝါးမျို စားမျို၍ကား မရနိုင်။ ထို့ကြောင့် သိတော်မူ မြင်တော်မူကြကုန်သော ကျေးဇူးတော်ရင် ရှေးရှေး ဆရာတော်ဘုရားကြီးများက .. ကဗဠီကာရော အာဟာရော = အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရဩဇာသည်ဟု ဘာသာပြန်ဆိုတော် မူကြသည်။ ဤရှင်းလင်းချက်များအရ ယင်းဥတုဇရုပ်တို့တွင် ပါဝင်သော ဩဇာချည်းသက်သက်လည်း စားမျို ဝါးမျို၍ မရနိုင်၊ ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုကိုလည်း စားမျို ဝါးမျို၍ မရနိုင်ဟု မှတ်ပါ။ သို့သော် ယင်းဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်း၌ တည်ရှိသော တေဇောဓာတ် = ဥတု၏ သားစဉ်မြေးဆက် အဆက်ဆက် ဟူသော ရုပ်အစဉ်အတန်း သန္တတိအတုံးအခဲကိုသာလျှင် စားမျို ဝါးမျိုသည်ဟု သမုတိသစ္စာနယ်မှ ခေါ်ဝေါ်ခြင်း ဖြစ်သည်ဟု မှတ်ပါ။

အစာသစ်ကောဋ္ဌာသဟု ခေါ်ဆိုအပ်သော ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့သည် အထက်တွင် ရှင်းပြထားသည့် အတိုင်း ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော တေဇောဓာတ်ကြောင့် အသစ်အသစ် ဖြစ်ပေါ်နေရသော ရုပ်တရားတို့သာ ဖြစ်ကြ၏၊ တေဇောဓာတ်တည်းဟူသော မဟာဘုတ်ကြောင့် အဆက်မပြတ် အထပ်ထပ် ဖြစ်နေရသော ရုပ်တရားတို့သာ ဖြစ်ကြ၏၊ ယင်းသို့ ဖြစ်မှုကို ဘုတ်အဆက်ဆက် ရိုက်ခတ်၍ ဖြစ်ခြင်းဟု ရှေးရှေးဆရာတော်ကြီးများက ခေါ်ဝေါ် သုံးစွဲထားတော်မူကြသည်။ ဤ ရုပ်ကမ္မဋ္ဌာန်းရှုကွက်၌ အထူးသဖြင့် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ရှုကွက်၌ ယင်းကဲ့သို့ ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ဖြစ်မှုသဘောကို နက်ရှိုင်းစွာ ရှုမြင်တတ်ဖို့ အထူး လိုအပ်ပေသည်။ ထိုသို့ ရှုမြင်တတ်ဖို့ရန် ပဋ္ဌာန်းပါဠိတော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ မဟာဋီကာတို့[မှတ်စု ၂၆]၌ လာရှိသည့် အဆိုအမိန့်များကို ထပ်မံဖော်ပြအပ်ပါသည်။ ယင်းကျမ်းဂန်တို့၏ သဘောအဓိပ္ပါယ်ကို နားလည်အောင် ကြိုးစားပါ။ ယင်း ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းကို ခြုံငုံ၍ ရှုကွက်ကို ရေးသားတင်ပြပေအံ့ ..။

အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ကလာပ်တူရုပ်တရားတို့နှင့် တကွ စားမျိုထိုက်သော အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အစာသစ်ကား အစာသစ်အိမ် စသည်တို့၏အတွင်း၌ အစာသစ်ကောဋ္ဌာသ အဖြစ် တည်ရှိခိုက် ခန္ဓာအိမ်အတွင်းသို့ မပျံ့နှံ့မီ၌ ဘုတ်အဆက်ဆက် ရိုက်ခတ်၍ ဖြစ်နေသော ဥတုဇဩဇဋ္ဌမက ရုပ်တို့၏ အပေါင်းအစုမျှသာတည်း။ ယင်းဥတုဇရုပ်တို့တွင် ပါဝင်သော ဩဇာကား ဥတုဇဩဇာပင်တည်း။ ယင်း ဥတုဇဩဇာကား တိုက်ရိုက်အားဖြင့် ကဗဠီကာရ-အာဟာရ မည်၏၊

တစ်ဖန် ယင်းကဗဠီကာရ-အာဟာရ အမည်ရသော ယင်းဥတုဇရုပ်တို့တွင် ပါဝင်တည်ရှိသော အဆီအစေး ဩဇာသည် အစာကို ကြေကျက်စေတတ်သော (အစာအိမ်ပတ်ဝန်းကျင်စသည့် ထိုထိုအရပ်၌ တည်ရှိသော ဇီဝိတနဝကရုပ်ကလာပ်တို့၌ တည်ရှိသော) ပါစကတေဇောဓာတ်ဟူသော ကမ္မဇဝမ်းမီး၏ တစ်နည်း - ကမ္မဇမဟာဘုတ်၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ အခြားအခြားသော ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏၊ ယင်းရုပ်တို့ကား ဥတုဇဩဇာကြောင့် ဖြစ်ပေါ်လာကြရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တည်း။ (စားမျိုလိုက်သော ကဗဠီကာရာဟာရ = ဥတုဇဩဇာ၏ သားတည်း။)

အစာသစ်ကောဋ္ဌာသဟု အမည်တပ်ထားသော ဖခင်ဖြစ်သော ယင်း ဥတုဇရုပ်ကလာပ်တို့၏ အရေအတွက် = ယင်းဥတုဇဩဇာတို့၏ အရေအတွက်က များလျှင်များသလို သားသမီးဖြစ်ကြသော အာဟာရဇဩဇဋ္ဌမကရုပ်တို့၏ အရေအတွက်လည်း ယေဘုယျအားဖြင့် များပြားနိုင်၏၊ ယင်းသားရင်း သမီးရင်း ဖြစ်ကြသော အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် တည်ရှိသော ဩဇာအသီးအသီးသည် ကလာပ်ပြား ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အထောက် အပံ့နှင့် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသောအခါ (၁၀)ဆင့် (၁၂)ဆင့် တိုင်အောင်သော အာဟာရဇဩဇဋ္ဌမက ရုပ်တို့ကို ဆင့်ကာဆင့်ကာ ဖြစ်စေပေ၏၊ ဤသို့ ဖြစ်စေရာ၌ အဆင့်တိုင်းတွင် ကလာပ်ပြား ဥပတ္ထမ္ဘက-အာဟာရဇ ဩဇာနှင့် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကား လိုအပ်လျက်ပင် ရှိသည်။ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့သည် (သမုတိသစ္စာနည်းအရ ရသဓာတ်ရည်အဖြစ်ဖြင့်) ပရမတ္ထသစ္စာနည်းအရ ရုပ်ကလာပ်တို့အနေဖြင့် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ခန္ဓာကိုယ် တစ်ကိုယ်လုံးသို့ = (၆)ဒွါရလုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားနေကြ၏၊ ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်တို့၌ ပါဝင်တည်ရှိသော ဩဇာကား –– “ဩဇာလက္ခဏော ကဗဠီကာရော အာဟာရော” .. ဟူသော အဋ္ဌကထာ အဖွင့်အရ ဩဇာလက္ခဏာသို့ ရောက်ရှိလာသော ကဗဠီကာရအာဟာရတည်း။

ထပ်မံရှင်းလင်းချက်

(၆)ဒွါရလုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားနေပုံကို ထပ်မံကာ ရှင်းလင်းတင်ပြအပ်ပါသည် ..။

အထူးသဖြင့် အစာသစ်အိမ်အတွင်း၌ အစာသစ်ကောဋ္ဌာသအဖြစ် တည်ရှိနေကြသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့ကား မရေမတွက်နိုင်အောင် အလွန့်အလွန် များပြားလှ၏၊ ယေဘုယျအားဖြင့်[မှတ်စု ၂၇]ယင်းရုပ်ကလာပ် အများစုတို့၌ တည်ရှိကြသော ဩဇာအသီးအသီးကား ကမ္မဇဝမ်းမီးအမည်ရသည့် ဇီဝိတနဝကကလာပ်ရုပ်တို့၌ တည်ရှိကြသော ပါစကတေဇောဓာတ်အသီးအသီး၏ အားပေးထောက်ပံ့မှု အကူအညီကို ရရှိသောအခါ ဩဇာလျှင် (၈)ခုမြောက်ရှိသည့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ပြိုင်တူ ထပ်မံဖြစ်စေပြန်၏၊ ယင်းအာဟာရဇ ဩဇဋ္ဌမကရုပ်ကလာပ်အသီးအသီး၌ တည်ရှိသော အသီးအသီးသော ဩဇာကား ဩဇာလက္ခဏာသို့ ရောက်ရှိလာသော ကဗဠီကာရအာဟာရတည်း။

ဤနေရာတွင် ပါစကတေဇောဓာတ်ပါဝင်သည့် ဇီဝိတနဝကကလာပ်များအကြောင်းကို အနည်းငယ် ထပ်မံ ရှင်းလင်းတင်ပြလိုပေသည်။ ခေတ်ပေါ်သိပ္ပံဆရာဝန်တို့၏ အယူအဆအရ ပြောဆိုရပါမူ အစာသစ်ကောဋ္ဌာသများသည် အစာသစ်အိမ်အတွင်း၌ တည်ရှိလာကြသောအခါ ခန္ဓာကိုယ်တစ်ခုလုံး၌ တည်ရှိနေကြသော သွေးအများစုတို့မှာ အစာချေဖို့ရန်အတွက် အစာအိမ်ဝန်းကျင်တွင် စုစည်းမိလာကြ၏၊ သို့သော် ဗုဒ္ဓအဘိဓမ္မာနည်းအရ ပြောဆိုရပါမူ ရုပ်တရားတို့ကား တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ဖြစ်ရိုး ဓမ္မတာကား မရှိကြပေ၊ ဖြစ်သည့်နေရာ၌သာ ပျက်သွားကြ၏၊ သို့သော် အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံ၏စွမ်းအားကြောင့် အစာအိမ်ဝန်းကျင်တွင် အစာကို ကြေကျက်စေတတ်သည့် ပါစကဝမ်းမီး = ပါစကတေဇောဓာတ်တို့ ပါဝင်ကြသည့် ဇီဝိတနဝကကလာပ်ရုပ်များ အဆက်မပြတ် များစွာ စုပေါင်းလျက် ပြိုင်တူ ဖြစ်ပေါ်တည်နေကြ၏၊ ယင်းဇီဝိတနဝကကလာပ်ရုပ်တိုင်းတွင် ပါဝင်သော တေဇောဓာတ်အသီးအသီးက အထက်ပါ အစာသစ်ကောဋ္ဌာသ အမည်ရသည့် ဥတုဇဩဇဋ္ဌမကရုပ် အသီးအသီး၌ တည်ရှိသော ဩဇာအသီးအသီးအား ပြိုင်တူ ဝိုင်းဝန်းကာ အသီးအသီး ထောက်ပံ့လိုက်သောအခါ ယင်းဥတုဇဩဇာ အသီးအသီးက အသစ်အသစ်သော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီးကို ပြိုင်တူ ဖြစ်ပေါ်စေ၏၊ ဆိုလိုသည်မှာ – ဤဇီဝိတနဝကကလာပ်၌ တည်ရှိသော ပါစကတေဇောဓာတ်က (အစာသစ်ကောဋ္ဌာသဖြစ်သည့်) ဤဥတုဇဩဇဋ္ဌမကရုပ်ကလာပ်၌ တည်ရှိသော ဩဇာကို၊ ထိုဇီဝိတနဝကကလာပ်၌ တည်ရှိသော ပါစကတေဇောဓာတ်က (အစာသစ်ကောဋ္ဌာသဖြစ်သည့်) ထိုဥတုဇဩဇဋ္ဌမကရုပ်ကလာပ်၌ တည်ရှိသော ဩဇာကို အသီးအသီး ထောက်ပံ့သည်ဟု ဆိုလိုသည်။ ဤကား ပထမအဆင့်တည်း။

ဤအဆင့်တွင် ဩဇာလက္ခဏာသို့ ရောက်ရှိလာသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်များ များစွာ ရှိနေသည်ကို သတိပြုပါ။ ယင်းရုပ်ကလာပ်တို့တွင် တည်ရှိသော အချို့အချို့သော ဩဇာက ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘကအာဟာရဇဩဇာတို့၏ အကူအညီဖြင့် ဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေတတ်သည့် ဇနက-ဩဇာများ ဖြစ်ကြ၏၊ အချို့အချို့သော ဩဇာက အခြားအခြားသော ရုပ်ကလာပ်တို့၌ တည်ရှိသော (ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြား အာဟာရဇဩဇာဟူသည့်) ဩဇာအသီးအသီးအား အားပေးထောက်ပံ့တတ်သည့် ဥပတ္ထမ္ဘကဩဇာများ ဖြစ်ကြ၏၊ ယင်းကဲ့သို့ ဩဇာလက္ခဏာသို့ ရောက်ရှိလာသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့မှာ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြသည်ကိုလည်း သတိပြုပါ။

ယင်းဩဇာလက္ခဏာသို့ ရောက်ရှိလာသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့၌ တည်ရှိသော ဩဇာကား အဇ္ဈတ္တိကာဟာရတည်း (= အဇ္ဈတ္တိက + အာဟာရတည်း)။ အစာသစ်ကောဋ္ဌာသအဖြစ် တည်ရှိနေကြသည့် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် တည်ရှိသော ဩဇာကား ဗာဟိရာဟာရတည်း (= ဗာဟိရ + အာဟာရတည်း)။ ယင်း အဇ္ဈတ္တိကာဟာရ အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် တည်ရှိကြသော အချို့သော ဩဇာမှာ ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အာဟာရဇဩဇာတို့၏ အကူအညီဖြင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသည့် ဇနက-ဩဇာများ ဖြစ်ကြောင်းကို တင်ပြခဲ့၏၊ တစ်ဖန် အချို့အချို့သော ဩဇာက အခြားအခြားသော ရုပ်ကလာပ်တို့၌ တည်ရှိသော (ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြား အာဟာရဇ ဩဇာဟူသည့်) ဩဇာအသီးအသီးအား အားပေးထောက်ပံ့တတ်သည့် ဥပတ္ထမ္ဘက-ဩဇာများ ဖြစ်ကြောင်းကိုလည်း တင်ပြခဲ့၏၊ သို့သော် ယင်းသို့ ဖြစ်စေတတ်သော ဇနက-ဩဇာ တည်ရှိရာ ရုပ်ကလာပ်နှင့် ဥပတ္ထမ္ဘက-ဩဇာ တည်ရှိရာ ရုပ်ကလာပ်တို့မှာ ရုပ်ကလာပ်ချင်း မတူဘဲ ကွဲပြားနေကြသည့်အတွက် ရှေးရှေးဆရာတော်ဘုရားကြီးများက ကလာပ်ပြား ဩဇာများဟု ခေါ်ဝေါ်သုံးစွဲထားတော်မူကြသည်။

ဩဇာလက္ခဏာသို့ ရောက်ရှိလာသော အာဟာရဇဩဇာ

ဩဇာလက္ခဏာသို့ ရောက်ရှိလာသည်ဟူသည်မှာ ယင်းအာဟာရဇ ဩဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော ဩဇာကသာလျှင် ဌာနူပစာရအားဖြင့် ကဗဠီကာရအာဟာရ အမည်ရသော စတုသမုဋ္ဌာနိကဩဇာအား (ဩဇဋ္ဌမက ရုပ်များ အသစ်အသစ် ဖြစ်ပေါ်လာအောင်) အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်၏၊ မူလအစာသစ်ကောဋ္ဌာသ = ဥတုဇဩဇဋ္ဌမကရုပ်တို့၌ တည်ရှိသော (ဗာဟိရ-အာဟာရ) ဥတုဇဩဇာက –

၁။ ကမ္မဇရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇဩဇာ,
၂။ စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော စိတ္တဇဩဇာ,
၃။ ဥတုဇရုပ်ကလာပ်တို့၌ တည်ရှိသော ဥတုဇဩဇာ,
၄။ ကလာပ်ပြား အာဟာရဇဩဇာ (= စားမျိုလိုက်သော ဥတုဇရုပ်တို့၌ပါသော ဩဇာကြောင့် ဖြစ်သော အာဟာရဇရုပ်တို့၌ ပါဝင်တည်ရှိသော ကလာပ်ပြား အာဟာရဇဩဇာ) –

ဤစတုသမုဋ္ဌာနိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူး မပြုနိုင်၊ အားပေးထောက်ပံ့မှုကို မပြုနိုင်။ ယင်းမူလအစာသစ်ကောဋ္ဌာသအဖြစ်၌ တည်ရှိသော ဥတုဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော (ဗာဟိရ-အာဟာရ) ဥတုဇဩဇာသည် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ဖြင့် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကိုသာ ဖြစ်စေနိုင်သော ဇနကသတ္တိရှိ၏၊ ယင်းဇနကသတ္တိကြောင့် ဖြစ်ပေါ်လာသော ရုပ်ကလာပ်တို့ကို အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့ ဟူ၍ ခေါ်ဆို၏၊ ယင်းရုပ်ကလာပ်တို့တွင် ပါဝင်သော ဩဇာမှာလည်း ဩဇာလက္ခဏာသို့ ဆိုက်ရောက်လာသော အဇ္ဈတ္တိကာဟာရ အမည်ရသည့် ဩဇာပင် ဖြစ်သည်။

ယင်း အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော အဇ္ဈတ္တိကာဟာရ-ဩဇာကား မိမိနှင့် ကလာပ်တူ မဟာဘုတ်တို့ကိုသာ မှီ၍ ဖြစ်လာရ၏၊ ရှေးယခင် ခန္ဓာအိမ်အတွင်းသို့ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အဖြစ်ဖြင့် မပျံ့နှံ့မီ (ဗာဟိရ-အာဟာရ) အစာသစ်ကောဋ္ဌာသအဖြစ်ဖြင့် တည်ရှိခိုက် ဥတုဇဩဇဋ္ဌမကရုပ်တို့၌ တည်ရှိသော ကလာပ်ပြား ဓာတ်ကြီးလေးပါးကိုကား မှီ၍မဖြစ်ပေ။ ရသဓာတ်ရည်အဖြစ်ဖြင့် ခန္ဓာအိမ်အတွင်းသို့ ပျံ့နှံ့ဖြစ်ပွား လာသော ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော (အဇ္ဈတ္တိက-အာဟာရ) ဩဇာကသာလျှင်

၁။ ကမ္မဇရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇဩဇာ,
၂။ စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော စိတ္တဇဩဇာ,
၃။ ဥတုဇရုပ်ကလာပ်တို့၌ တည်ရှိသော ဥတုဇဩဇာ,
၄။ ကလာပ်ပြားဖြစ်သော အာဟာရဇရုပ်ကလာပ်တို့၌ တည်ရှိသော အာဟာရဇဩဇာ ––

ဤစတုသမုဋ္ဌာနိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏၊ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်တို့ အဆင့်ဆင့် ဖြစ်ပေါ်လာအောင် အားပေးထောက်ပံ့နိုင်၏၊ ယင်းစတုသမုဋ္ဌာနိကဩဇာက (အဇ္ဈတ္တိကအာဟာရဇဩဇာ၏ အထောက်အပံ့ဖြင့်) ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာဝယ် ဌီကာလသို့ ရောက်ရှိမှသာလျှင် ဖြစ်စေနိုင်၏၊ ကမ္မဇဝမ်းမီးခေါ်သည့် ကမ္မဇတေဇောဓာတ်၏ အားပေးထောက်ပံ့မှုကိုလည်း ရရှိပါမှသာလျှင် ဖြစ်စေနိုင်၏၊ သို့အတွက် အထက်တွင် တင်ပြထားသော စတုသမုဋ္ဌာနိကဩဇာ အသီးအသီးက ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာ၌ ထောက်ပံ့တတ်သော အဇ္ဈတ္တိက-အာဟာရ-ဩဇာနှင့် ကမ္မဇဝမ်းမီး တို့က ပြိုင်တူအားပေးထောက်ပံ့ပါမှသာလျှင် ဖြစ်စေနိုင်၏ဟု မှတ်ပါ။ ဤကား ဒုတိယအဆင့်တည်း။ ဤအဆင့်မှ စ၍ လေးဆင့် ငါးဆင့် .. ဆယ်ဆင့် ဆယ့်နှစ်ဆင့်သို့ တိုင်အောင် ဩဇာအသီးအသီးက ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို အဆင့်ဆင့် ဖြစ်စေရာ၌ အဆင့်တိုင်းဝယ် ယင်းအဇ္ဈတ္တိက-အာဟာရ-ဩဇာနှင့် ကမ္မဇဝမ်းမီးတို့က ပြိုင်တူ အားပေးထောက်ပံ့ပါမှသာလျှင် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များ ပြိုင်တူ ဖြစ်နိုင်သည်ကို သဘောပေါက်ပါ။

ဤ၌ အာဟာရဇရုပ်ကလာပ်မှာ နှစ်မျိုး ရှိနေသည်ကို သတိပြုပါ။ အာဟာရဇရုပ်ကလာပ်မှာ နှစ်မျိုးရှိနေသဖြင့် အာဟာရဇဩဇာမှာလည်း နှစ်မျိုးပင် ရှိနေ၏၊ ထောက်ပံ့တတ်သော အာဟာရဇဩဇာနှင့် အထောက်ပံ့ခံရသော အာဟာရဇဩဇာတည်း။ ထောက်ပံ့တတ်သော အာဟာရဇဩဇာမှာ အထက်တွင် ဖော်ပြထားသော အစာသစ် ကောဋ္ဌာသ၌ အကျုံးဝင်သော ဥတုဇဩဇာကြောင့် ဖြစ်ပေါ်လာရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင် တည်ရှိသော ဩဇာတည်း။ အထောက်ပံ့ခံရသော အာဟာရဇဩဇာကား ယင်းထောက်ပံ့တတ်သော အာဟာရဇဩဇာနှင့် ကလာပ်ပြားဖြစ်သော အညာဟာရသမုဋ္ဌိတ = အခြားသော ရုပ်ကလာပ်တွင် တည်ရှိသော ဩဇာကြောင့် ဖြစ်သော, ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော ဩဇာတည်း။ ယင်း အညာဟာရသမုဋ္ဌိတဩဇာနှင့် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာတို့ကိုကား အထက်ပါ အဇ္ဈတ္တိက-အာဟာရဇဩဇာက အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက-အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏၊ ယင်းအဇ္ဈတ္တိက-အာဟာရဇဩဇာက အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် ကမ္မဇဝမ်းမီးကလည်း အားပေးထောက်ပံ့ပါမှသာလျှင် အထက်ပါ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာနှင့် အညာဟာရသမုဋ္ဌိတ-အာဟာရဇဩဇာဟူသည့် ကလာပ်ပြား အာဟာရဇ ဩဇာတို့သည် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို အဆင့်ဆင့် ပြိုင်တူ ဖြစ်ပေါ်စေနိုင်ကြပေသည်။ သို့သော် ယင်းသို့ အားပေးထောက်ပံ့တတ်သော အာဟာရဇဩဇာသည်လည်း အစာသစ်ကောဋ္ဌာသ၌ တည်ရှိသော ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော ဥတုဇဩဇာက (ကမ္မဇဝမ်းမီး၏ အထောက်အပံ့ အကူအညီဖြင့်) တိုက်ရိုက် ဖြစ်စေတတ်သော ဇနကသတ္တိ (= ဇနက-အာဟာရပစ္စယသတ္တိ)ဖြင့် ကျေးဇူးပြုပေးသောကြောင့်သာလျှင် ဖြစ်ပေါ် လာရ၏၊ ယင်းဥတုဇဩဇာကား သို့မဟုတ် ယင်းဥတုဇရုပ်တို့ကား ဗာဟိရ-အာဟာရတည်း။ ဤသဘောတရားကိုပင် ရည်ရွယ်၍ .. ဗာဟိရ-အာဟာရတည်းဟူသော အကြောင်းတရားကို ရရှိပါမှသာလျှင် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အညာဟာရသမုဋ္ဌိတ အာဟာရဇဩဇာဟူသော ကလာပ်ပြား အဇ္ဈတ္တိက-အာဟာရသည် (အဇ္ဈတ္တိကအာဟာရဇဩဇာသည်) ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏ - ဟု ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။[မှတ်စု ၂၈]

အညာဟာရသမုဋ္ဌိတ-အာဟာရဇဩဇာ = အထက်တွင် ရှင်းပြထားသော အခြားသော ဥတုဇဩဇဋ္ဌမက ရုပ်တို့တွင် ပါဝင်သော ကလာပ်ပြားဩဇာကြောင့် ဖြစ်နှင့်သော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော အာဟာရဇ ဩဇာကိုလည်းကောင်း, ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ရှုပွားနေသော အစာသစ်ကောဋ္ဌာသ၌ အကျုံးဝင်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကြောင့် ဖြစ်ပေါ်လာရသော အာဟာရဇဩဇာကိုလည်းကောင်း အဇ္ဈတ္တိက-အာဟာရဟု ခေါ်ဝေါ်သုံးစွဲထားသည်။ အစာသစ်ကောဋ္ဌာသအဖြစ် ဥတုဇရုပ်အဖြစ်ဖြင့် တည်ရှိခိုက်၌ အစာအိမ်အတွင်း အူအတွင်း စသည်တို့၌ တည်ရှိနေသော်လည်း အဇ္ဈတ္တိက-အာဟာရဟု မခေါ်ဆိုဘဲ ဗာဟိရအာဟာရဟုသာ ခေါ်ဆိုသည်။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသော ယင်းဗာဟိရ-အာဟာရဟူသော ဥတုဇဩဇာက ဖြစ်စေအပ်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့ကိုသာ အဇ္ဈတ္တိက-အာဟာရဟု ခေါ်ဆိုသည် မှတ်ပါ။ ယင်းအဇ္ဈတ္တိက-အာဟာရ-ဩဇာက အားပေးထောက်ပံ့မှသာလျှင် စတုသမုဋ္ဌာနိကဩဇာသည် ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်။ ယင်း အဇ္ဈတ္တိက-အာဟာရက ဩဇဋ္ဌမကရုပ်ကို ဖြစ်စေရာ၌ ဗာဟိရ-အာဟာရနှင့်ကား ဆက်စပ်လျက် ရှိ၏၊ ထို့ကြောင့် ယင်းဗာဟိရ-အာဟာရသည် ဩဇာလက္ခဏာသို့ ရောက်ရှိနေသော အဇ္ဈတ္တိက-အာဟာရ၏ ဩဇဋ္ဌမကရုပ်ကို ဖြစ်စေရာ၌ အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်ရပေသည်။

ယင်း ဗာဟိရ-အာဟာရဟူသော ဥတုဇဩဇာက အာဟာရဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေရာ၌လည်း ဥပါဒိဏ္ဏ ကမ္မဇရုပ်ဟူသော ပါစကဝမ်းမီး ကမ္မဇတေဇောဓာတ်၏ အထောက်အပံ့ကို ရရှိပါမှသာလျှင် ဖြစ်စေနိုင်၏၊

ယင်းအဇ္ဈတ္တိက-အာဟာရဇဩဇဋ္ဌမကရုပ်တို့ကား ဩဇာလက္ခဏာသို့ ရောက်ရှိလာသော ဩဇာပါဝင်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့တည်း၊ စားမျိုလိုက်သော ဗာဟိရ-အာဟာရဟူသော ကဗဠီကာရအာဟာရ (= ဥတုဇ ဩဇာ)၏ သားရင်းတည်း။ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့၌ တည်ရှိသော ဩဇာကို အဇ္ဈတ္တိက-အာဟာရ-ဩဇာနှင့် ကမ္မဇဝမ်းမီးတို့က ပြိုင်တူ အဆင့်ဆင့် အားပေးထောက်ပံ့လိုက်သောအခါ အသစ်အသစ်သော အာဟာရဇ ဩဇဋ္ဌမကရုပ်တို့သည် (၆)ဒွါရလုံးသို့ ပျံ့နှံ့ဖြစ်ပွားနေကြ၏၊ ဤ၌ အဆင့်တိုင်းတွင် တည်ရှိသော ဩဇာတိုင်းကို အသီးအသီးသော အာဟာရဇဩဇာနှင့် ကမ္မဇဝမ်းမီးတို့က ထောက်ပံ့နေသည်ကို သဘောပေါက်အောင် ရှုပါ။ ထိုသို့ ရှေးနှင့်နောက် ဆက်စပ်လျက် အာဟာရဇရုပ်ကလာပ်တို့၏ ဆက်ကာ ဆက်ကာ (၆)ဒွါရလုံးသို့ တိုင်အောင် အထပ်ထပ် ဖြစ်နေခြင်းကိုပင် သမုတိနယ်သုံးဝေါဟာရအားဖြင့် ရသဓာတ်ရည်များ (၆)ဒွါရလုံးသို့ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ယင်းသားရင်းဖြစ်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာလက္ခဏာသို့ ဆိုက်ရောက်လာသော ယင်းဩဇာကား ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် အထက်တွင် ရှင်းပြထားသော စတုသမုဋ္ဌာနိကဩဇာအား (တစ်ကြိမ် စားရုံမျှဖြင့်) (၇)ရက်ပတ်လုံးသော်လည်း ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အားပေးထောက်ပံ့ထားနိုင်၏၊ တစ်နေ့ စားသော ဗာဟိရ-အာဟာရသည် အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အဆက်မပြတ် အထပ်ထပ်ဖြစ်စေခြင်းဖြင့် စတုသမုဋ္ဌာနိကဩဇာအား ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် (၇)ရက်ပတ်လုံးသော်လည်း အားပေးထောက်ပံ့ထားနိုင်၏၊ (ထမင်းအသက် ခုနစ်ရက်ဟူသော ဆိုရိုးစကားမှာ ဤမှဆင်းသက်လာသော စကား တည်း။) နတ်ဩဇာဖြစ်မူကား တစ်လပတ်လုံးသော်လည်းကောင်း, နှစ်လပတ်လုံးသော်လည်းကောင်း အလားတူပင် ထောက်ပံ့ထားနိုင်၏၊ မိခင်စားမျိုလိုက်သော အာဟာရသည်လည်း ကိုယ်ဝန်သားငယ်၏ ကိုယ်တွင်းသို့ ချက်ကြိုးမှ တစ်ဆင့် ပျံ့နှံ့လျက် ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်၌ ကိုယ်ဝန်သားငယ်သန္တာန်၌ တည်ရှိသော ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏၊ ယင်းအာဟာရဇဩဇာကလည်း ကိုယ်ဝန်သားငယ်၏ သန္တာန်၌ တည်ရှိသော စတုသမုဋ္ဌာနိကဩဇာအား ကိုယ်ဝန်သားငယ်၏ သန္တာန်၌ တည်ရှိသော ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏၊ တစ်ဖန် .. ခန္ဓာကိုယ်ဝယ် လိမ်းကျံ ပေးလိုက်သော ဗာဟိရ-အာဟာရသည်လည်း ခန္ဓာကိုယ်အနှံ့အပြား၌ တည်ရှိသော ဇီဝိတနဝကရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ် ဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်သာ ဖြစ်၏၊ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကား ဩဇာလက္ခဏာသို့ ရောက်ရှိလာသော ဩဇာပင်တည်း။ ယင်း ဩဇာကလည်း ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် စတုသမုဋ္ဌာနိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် ဩဇဋ္ဌမကရုပ်များ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်သည်သာတည်း။ သို့အတွက် လက်တွေ့ရှုရန်စနစ်မှာ ဤသို့ ဖြစ်၏၊

လက်တွေ့ရှုပုံ နည်းစနစ်များ

၁။ စားသောက်နေဆဲအချိန်– စားသောက်နေဆဲအချိန်၌လည်း ရှုနိုင်၏၊ စားသောက်နေဆဲအချိန်၌လည်း ခံတွင်း လည်ပင်း စသည့်အရပ်တို့မှ စ၍ အစာသစ်အိမ် အူစသော ထိုထိုအရပ်တို့မှ အာဟာရဇရုပ်များသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားနိုင်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် စွမ်းနိုင်ပါက စားသောက်နေဆဲအချိန်မှာပင် သမာဓိကို အဆင့်ဆင့် ထူထောင်၍ ပါးစပ်အတွင်း အစာသစ်အိမ်အတွင်း အစရှိသည့် မိမိရှုလိုသည့် ထိုထိုအရပ်ဝယ် အစာသစ်ကောဋ္ဌာသ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်၏၊ မိမိရှုနေသည့် အစာသစ်ကောဋ္ဌာသ၏ တည်ရာ ထိုထိုနေရာဝန်းကျင်၌ တည်ရှိသော အစာကို ကြေကျက်စေတတ်သော ဂဟဏီအမည်ရသော ဇီဝိတနဝကရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ် ဝမ်းမီး၏ အားပေးထောက်ပံ့ မှုဖြင့် ယင်းဥတုဇရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော (ဗာဟိရ-အာဟာရ) ဩဇာကြောင့် ရုပ်ကလာပ် အသစ် အသစ်များသည် ပြိုင်တူ ဖြစ်ပွားနေကြသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။[မှတ်စု ၂၉] ပထမဆင့် အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့ပင်တည်း။ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော ဩဇာကား ဩဇာလက္ခဏာသို့ ဆိုက်ရောက်လာသော အဇ္ဈတ္တိက-အာဟာရဇဩဇာပင်တည်း။ ယင်းဩဇာကို ကမ္မဇဝမ်းမီးနှင့် ကလာပ်ပြား အဇ္ဈတ္တိကအာဟာရဇဩဇာတို့က အားပေးထောက်ပံ့လိုက်သောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များ တစ်ကိုယ်လုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားနေကြသည်ကိုလည်းကောင်း၊ ယင်းကလာပ်ပြား အဇ္ဈတ္တိက-အာဟာရဇဩဇာနှင့် ကမ္မဇဝမ်းမီးတို့၏ ထောက်ပံ့မှုဖြင့် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာတို့ကြောင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များ တစ်ကိုယ်လုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားနေကြသည်ကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။ ယင်းအဇ္ဈတ္တိက-အာဟာရဇရုပ်ကလာပ်တို့တွင် အချို့အချို့သော ဩဇာတို့ကား (ကမ္မဇဝမ်းမီးနှင့် ကလာပ်ပြား အဇ္ဈတ္တိက-အာဟာရဇဩဇာတို့၏ အထောက်အပံ့ဖြင့်) ဩဇဋ္ဌမကရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေတတ်သော ဇနက-ဩဇာများ ဖြစ်ကြ၏၊ အချို့အချို့သော ဩဇာတို့ကား ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာတို့အား အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက-ဩဇာများ ဖြစ်ကြ၏၊

၂။ စားသောက်ပြီးရာအချိန်– စားသောက်ပြီးရာအချိန်၌လည်း ရှုနိုင်၏၊ စားသောက်ပြီး၍ တရားထိုင်သော အခါ၌လည်း ရှုနိုင်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးသောအခါ အစာသစ်အိမ် အတွင်း၌ တည်ရှိသော အစာသစ်ကောဋ္ဌာသဝယ် ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့နိုင်သည်။ (အူ၏အတွင်း၌ တည်ရှိသော အစာသစ်ကောဋ္ဌာသ၌လည်း နည်းတူ ရှုနိုင်သည်။) ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုဖြင့် ယင်းဥတုဇရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ဩဇာကြောင့် အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်များ ဖြစ်ပွားနေကြသည်ကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ယင်းရုပ်ကလာပ်တို့ကား မကြည်ကြပေ။ ဓာတ်ခွဲသော် ရုပ်သဘောတရား (၈)မျိုးစီ အသီးအသီး ရှိ၏၊ ယင်းရုပ်ကလာပ်တို့ကား အဇ္ဈတ္တိက-အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် တို့ပင်တည်း။ အထက်က ရှင်းပြခဲ့သည့်အတိုင်း ယင်းရုပ်ကလာပ်တို့တွင် ပါဝင်ကြသော အချို့အချို့သော ဩဇာတို့ကား ဇနက-ဩဇာ၊ အချို့အချို့သော ဩဇာတို့ကား ဥပတ္ထမ္ဘက-ဩဇာတို့ ဖြစ်ကြ၏၊ ကမ္မဇဝမ်းမီး၏ ထောက်ပံ့မှု ကလာပ်ပြား အာဟာရဇဩဇာ၏ ထောက်ပံ့မှုဖြင့် ယင်းဇနက-ဩဇာအသီးအသီးက (၁၀)ဆင့် (၁၂)ဆင့် တိုင်အောင်သော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များကို တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်ပွားစေပုံကိုလည်းကောင်း၊ ကမ္မဇဝမ်းမီးနှင့် ယင်းဥပတ္ထမ္ဘက-ဩဇာ၏ အထောက်အပံ့ဖြင့် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာ အသီးအသီးက အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်ပွားစေပုံကို လည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့၏ (၆)ဒွါရလုံးသို့ ပျံ့နှံ့ ဖြစ်ပွားနေပုံကို ဉာဏ်ဖြင့် မြင်သောအခါ (၆)ဒွါရ (၄၂)ကောဋ္ဌာသသို့ ပြောင်းရှုနိုင်ပေပြီ။

မျက်စိ၌ ရှုပုံ ပုံစံတစ်ခု

ယောဂါဝစရပုဂ္ဂိုလ်သည် သမာဓိကို အဆင့်ဆင့် ထူထောင်၍ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်များ၏ မျက်စိသို့တိုင်အောင် ပျံ့နှံ့ဖြစ်ပွားနေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်းရုပ်ကလာပ်တို့တွင် တည်ရှိကြသော (၈)မျိုးသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ယင်းရုပ်သဘောတရား (၈)မျိုးတို့တွင် ပါဝင်တည်ရှိသော အချို့သော ဩဇာမှာ စတုသမုဋ္ဌာနိကဩဇာအား အားပေးထောက်ပံ့နိုင်သည့် စွမ်းအားရှိသော ဥပတ္ထမ္ဘက-ဩဇာ ဖြစ်၏၊ အချို့သော ဩဇာမှာ အာဟာရဇရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်သော ဇနကဩဇာ ဖြစ်၏၊ ဥပတ္ထမ္ဘက-ဩဇာကား ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား ဇနက-အာဟာရဇဩဇာ တို့အား အားပေးထောက်ပံ့၏၊ ဇနက-ဩဇာကား အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊ (အောက်ပါ နံပါတ်-၄-ကို ကြည့်ပါ။)

၁။ ကမ္မဇဩဇာ – စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော ကမ္မဇဩဇာဓာတ်နှင့် မျက်လုံးအိမ်သို့ တိုင်အောင် ပျံ့နှံ့၍ ဖြစ်ပွားနေကြသော ယင်းဥပတ္ထမ္ဘက-အာဟာရဇဩဇာတို့ ဩဇာအချင်းချင်း ပေါင်းဆုံမိသောအခါ ယင်း ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသဖြင့်, ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကိုလည်း ရရှိသဖြင့် စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော ကမ္မဇဩဇာသည် လေးဆင့် ငါးဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့ကို ဆက်စပ်မိစေ၏၊[မှတ်စု ၃၀]ယင်းစက္ခုဒသကကလာပ်၌ ရှိသော ဩဇာကြောင့် ဩဇဋ္ဌမကရုပ်ကလာပ် ဖြစ်လာ၏၊ ယင်းဩဇဋ္ဌမကရုပ်ကလာပ်၌ တည်ရှိသော ဌီကာလသို့ ရောက်ရှိလာသော ဩဇာကြောင့် အခြားသော အဇ္ဈတ္တိကအာဟာရ-ဩဇာ၏ အားပေးထောက်ပံ့မှုဖြင့်, ကမ္မဇဝမ်းမီး၏လည်း အားပေးထောက်ပံ့မှုဖြင့် ဩဇဋ္ဌမကရုပ်ကလာပ် အသစ် ဖြစ်ပေါ်လာပြန်၏၊ ဤသို့လျှင် လေး-ငါးကြိမ်သော ရုပ်ကလာပ်တို့သည် ဆင့်ကာဆင့်ကာ ဖြစ်ပေါ်လာကြသည်။[မှတ်စု ၃၁]

မျက်စိတွင်ပင်တည်ရှိသော ကာယဒသကကလာပ်၏ ဩဇာ, ဘာဝဒသကကလာပ်၏ ဩဇာ, ဇီဝိတနဝက ကလာပ်၏ ဩဇာတို့ကလည်း ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိရာ၌ အာဟာရဇ ဩဇဋ္ဌမကရုပ်များကို အဆင့်ဆင့် ဖြစ်စေပုံကိုလည်းကောင်း, ယင်းရုပ်ကလာပ်တို့တွင်ပါဝင်သော တေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်များကို အဆင့်ဆင့် ဖြစ်စေပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်းရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

၂။ စိတ္တဇဩဇာ– တစ်ဖန် မျက်စိ၌ တည်ရှိသော စိတ္တဇဩဇဋ္ဌမကကလာပ်အသီးအသီးတွင်လည်း ဩဇာ ပါဝင်လျက် ရှိ၏၊ ယင်းစိတ္တဇဩဇာသည်လည်း ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ နှစ်ဆင့် သုံးဆင့်သော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်များကို ဖြစ်စေပြန်၏၊ နှစ်ဆင့် သုံးဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏၊[မှတ်စု ၃၂] – မြင်အောင် ရှုပါ။

ဤ၌ အဆင့်မြင့်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်အဖြစ်သို့ မရောက်ရှိသေးသော ရိုးရိုး ပကတိသော ကာမာဝစရစိတ်၏ အစွမ်းဖြင့် နှစ်ဆင့်-သုံးဆင့်သော ဩဇဋ္ဌမကရုပ်တို့၏ ဖြစ်ခြင်းကို ဖွင့်ဆိုခြင်းဖြစ်သည်။ မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့၏ အစွမ်းဖြင့်ကား များစွာသော ဩဇဋ္ဌမကရုပ်တို့၏ ဖြစ်ခြင်းကိုလည်း အလို ရှိအပ်သည်သာ ဖြစ်သည်။ ထိုမဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့၏ ပြန့်ပြောကြီးကျယ် မြင့်မြတ်သောကြောင့် ဖြစ်၏၊[မှတ်စု ၃၃] [မှတ်စု ၃၄]

၃။ ဥတုဇဩဇာ – တစ်ဖန် မျက်စိ၌ အထက် ဥတုဇရုပ်ရှုကွက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ကမ္မဇတေဇော စိတ္တဇတေဇော ဥတုဇတေဇော အာဟာရဇတေဇောဟူသော တေဇောဓာတ် ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသီးအသီး၌လည်း ဩဇာသည် ပါဝင်လျက်ပင် ရှိ၏၊ ယင်းဥတုဇဩဇာ အသီးအသီးသည်လည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ (၁၀)ဆင့် (၁၂)ဆင့်သို့ တိုင်အောင်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏၊ မြင်အောင် ရှုပါ။[မှတ်စု ၃၅]

ယောဂါဝစရပုဂ္ဂိုလ်သည်ကား ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း ကလာပ်တစ်ခုစီ တစ်ခုစီ ခွဲ၍ သီးသန့် ရှုရန် လိုအပ်ပါသည်။[မှတ်စု ၃၆]

၄။ (ဇနက) အာဟာရဇဩဇာ – တစ်ဖန် မျက်စိဝယ် စားမျိုလိုက်သော ကဗဠီကာရအာဟာရတွင် တည်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာက ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် များကို ဖြစ်ပွားစေကြောင်းကိုလည်း ရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်၏၊ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကား ဩဇာလက္ခဏာသို့ ဆိုက်ရောက်လာသော အာဟာရဇဩဇာတည်း။ ယင်း အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ဇနကဩဇာ အသီးအသီးကား ကမ္မဇဝမ်းမီး အသီးအသီး၏ အားပေးထောက်ပံ့မှုဖြင့်, ကလာပ်ပြားဖြစ်သော ဥပတ္ထမ္ဘကအာဟာရဇဩဇာအသီးအသီး၏လည်း အားပေးထောက်ပံ့မှုဖြင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို အထပ်ထပ် ဖြစ်စေကြပြန်၏၊ တစ်ကြိမ် စားမျိုလိုက်သော အာဟာရသည်ပင် (၇)ရက်ပတ်လုံးသော်လည်း အာဟာရဇ ဩဇဋ္ဌမကရုပ်များကို အဆက်မပြတ် ဖြစ်နေအောင် အားပေးထောက်ပံ့ထားနိုင်သော စွမ်းအား ရှိနေ၏၊

ယင်းသို့ အထပ်ထပ် ဖြစ်နေကြသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် အာဟာရဇဩဇာသည် အညာဟာရသမုဋ္ဌိတ-အာဟာရဇဩဇာဟူသော ကလာပ်ပြား အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော ဥပတ္ထမ္ဘက-ဩဇာ၏ အားပေးထောက်ပံ့မှုနှင့် ကမ္မဇဝမ်းမီး၏ ထောက်ပံ့မှုတို့ကို ရရှိပါက ဌီကာလသို့ ရောက်ရှိခိုက်ဝယ် (အစာကို ကြေကျက်စေတတ်သော ပါစကတေဇောဓာတ် = ကမ္မဇဝမ်းမီး၏ ထက်မြက်မှု မထက်မြက်မှု, အာဟာရဇ ဩဇာ၏ သို့မဟုတ် အာဟာရဇဩဇာ၏ တည်ရာ စားမျို ဝါးမျိုလိုက်သော ဗာဟိရ-အာဟာရ၏ မွန်မြတ်မှု မမွန်မြတ်မှုတို့ အပေါ်၌ အခြေစိုက်၍) အကြိမ် အနည်းငယ်သော်လည်းကောင်း, အကြိမ်များစွာသော်လည်းကောင်း ရုပ်ကလာပ် အသစ်အသစ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏၊ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ = (၁၀)ကြိမ် (၁၂)ကြိမ်သော ရုပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏၊[မှတ်စု ၃၇] –– မြင်အောင် ရှုပါ။

ဤအပိုင်းတွင်ကား အထောက်အပံ့ ခံရသော ဩဇာမှာလည်း အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာတည်း။ ယင်းဩဇာကို ဇနက-ဩဇာဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။ အားပေးထောက်ပံ့တတ်သော ဩဇာမှာလည်း အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာပင်တည်း။ ယင်းဩဇာကို ဥပတ္ထမ္ဘက-ဩဇာဟု ခေါ်ဝေါ် သုံးစွဲထားပေသည်။ အကျိုးလည်း အာဟာရဇဩဇာ, အကြောင်းလည်း အာဟာရဇဩဇာတည်း။ သို့သော် ကလာပ်ချင်း မတူညီဘဲ ကလာပ်ချင်း ကွဲပြားကြသည်။[မှတ်စု ၃၈]ယင်းဇနက-ဩဇာ ဥပတ္ထမ္ဘက-ဩဇာ နှစ်မျိုးလုံးတို့ကို အဇ္ဈတ္တိက- အာဟာရဟုလည်းကောင်း, အဇ္ဈတ္တိက-အာဟာရ-ဩဇာဟုလည်းကောင်း, အဇ္ဈတ္တိက-အာဟာရဇဩဇာဟု လည်းကောင်း ခေါ်ဝေါ်သုံးစွဲထားပေသည်၊ စကားအသုံးအနှုန်း ကွဲပြားသော်လည်း တစ်ခုတည်းသော အနက် အဓိပ္ပါယ်ကိုသာ ရည်ညွှန်းထားသည့် အဓိပ္ပါယ်တူစကားလုံးများဟု မှတ်သားပါ။

လိုရင်းမှတ်သားထားရန်

ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ တေဇောဓာတ် (= ဥတု)နှင့် ဩဇာတို့ကား ပါမြဲဓမ္မတာပင် ဖြစ်၏၊ ယေဘုယျအားဖြင့် ရုပ်ကလာပ်တိုင်း၌ တည်ရှိသော ဥတုကြောင့်လည်းကောင်း, ဩဇာကြောင့်လည်းကောင်း (ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့၏ အထောက်အပံ့ကို ရရှိသောအခါ) ရုပ်ကလာပ်တို့သည် နှစ်ခွ နှစ်ခွ ပွားနေကြ၏၊ ဥပမာ - စက္ခုဒသကကလာပ်ကို ဓာတ်ခွဲကြည့်ပါက ရုပ်သဘောတရား (၁၀)မျိုး ရှိ၏၊ ထိုတွင် တေဇောဓာတ် = ဥတုနှင့် ဩဇာတို့ ပါဝင်ကြ၏၊ ဥတုကလည်း (ဥပါဒိန္နကရုပ်၏ အားပေးထောက်ပံ့မှု အထောက်အပံ့အကြောင်းကို ရရှိခဲ့သော်) ဌီကာလသို့ ရောက်ခိုက်ဝယ် ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏၊ တစ်ဖန် ယင်းစက္ခုဒသကကလာပ် အတွင်း၌ တည်ရှိသော ဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အဇ္ဈတ္တိက-အာဟာရ-ဩဇာ၏ အားပေး ထောက်ပံ့မှုကို ရခဲ့သော် ဌီကာလသို့ ရောက်ခိုက်ဝယ် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏ (သားရင်းများတည်း)။

တစ်ဖန် ယင်းစက္ခုဒသကကလာပ်၌ တည်ရှိသော တေဇောဓာတ် ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်ကို ပြန်၍ ဓာတ်ခွဲကြည့်ပါက ရုပ်သဘောတရား (၈)မျိုး ရှိနေ၏၊ ယင်းရုပ်ကလာပ်၌ တေဇောဓာတ်လည်း ပါဝင်ပြန်၏၊ ဩဇာလည်း ပါဝင်ပြန်၏၊ ကမ္မပစ္စယ-ဥတုဇတေဇော ကမ္မပစ္စယ-ဥတုဇဩဇာတို့ပင်တည်း။ ယင်းကမ္မပစ္စယဥတုဇတေဇောဓာတ်ကလည်း (ဥပါဒိန္နကကမ္မဇရုပ်၏ အထောက်အပံ့ကောင်းကို ရရှိသောအခါ) အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏၊ အလားတူပင် ယင်းကမ္မပစ္စယ-ဥတုဇဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘကအဇ္ဈတ္တိက-အာဟာရ-ဩဇာ၏ အားပေး ထောက်ပံ့မှုကို ရခဲ့သော် ဌီကာလသို့ ရောက်ခိုက်ဝယ် အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏ (မြေးရပြန်ပြီ ဟူလို)။[မှတ်စု ၃၉]ဤနည်းအားဖြင့် (၄)ဆင့် (၅)ဆင့်သော အာဟာရဇ ရုပ်ကလာပ်များကို ဆင့်ကာ ဆင့်ကာ ဖြစ်ပေါ်စေကြပေသည်။

သတိပြုသင့်သော စိတ်ဝင်စားဖွယ်ရာ ဖွင့်ဆိုချက်များ

ဤအရာတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၄၀]နှင့် မဟာဋီကာ[မှတ်စု ၄၁]တို့ ဖွင့်ဆိုချက်များ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏..။ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဥတု ခေါ် တေဇောဓာတ်သည် ဥပါဒိန္နက အမည်ရသည့် ကမ္မဇရုပ်နှင့် ကင်း၍လည်း ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သော်ငြားလည်း ဣန္ဒြေတို့နှင့် ဆက်စပ်နေသည့် သက်ရှိလောကဝယ် ယင်း ဥပါဒိန္နက ခေါ် ကမ္မဇရုပ်နှင့် ကင်း၍ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်ကိုကား မဖြစ်စေနိုင်။ ဥပါဒိန္နက အမည်ရသည့် ကမ္မဇရုပ်နှင့် ကင်းပြီး ယင်း ဥတု = တေဇောဓာတ်က ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်ကို ဖြစ်စေခြင်းမည်သည် မရှိစကောင်းပေ။ ထို့ကြောင့် ဥပါဒိန္နက ခေါ် ကမ္မဇရုပ်၏ အကြောင်းအထောက်အပံ့ကို ရရှိပါမှ ယင်းဥတု ခေါ် တေဇောဓာတ်က ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်ကို ဖြစ်စေနိုင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်ပေသည်။ အစာသစ်ကောဋ္ဌာသကဲ့သို့သော ဥတုကြောင့်ဖြစ်သည့် ဥတုသမုဋ္ဌာန်ရုပ်တို့၌ ပါဝင် တည်ရှိသော ဥတု ခေါ် တေဇောဓာတ်ကသာလျှင် ဥပါဒိန္နက ခေါ် ကမ္မဇရုပ်နှင့် ကင်းပြီး ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်များကို ဖြစ်စေနိုင်ပေသည်။

ဆိုလိုရင်းသဘောကို ထပ်ရှင်းပြပေအံ့ ..။ ဤခန္ဓာအိမ်ဝယ် အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံကြောင့် ဖြစ်ပေါ်နေကြကုန်သော ကမ္မဇရုပ်တို့ ရှိကြ၏၊ ယင်း ကမ္မဇရုပ်တို့ကို ဥပါဒိန္နကကမ္မဇရုပ်များဟု ခေါ်ဆို၏၊ အတိတ် ဘဝဝယ် တဏှာ-ဒိဋ္ဌိတို့ကို အခြေခံကာ ပြုစုပျိုးထောင်ခဲ့သော ကံက “ငါ၏ အကျိုး”ဟု စွဲယူအပ်သည့် ရုပ်တရားတို့ ဖြစ်ကြ၏၊ ယင်းရုပ်တရားတို့ကို ဖြစ်ပေါ်စေတတ်သော အကြောင်းကံသည် အကယ်၍ အကျိုးဆက်ပေးနိုင်သည့် အရှိန်အဝါ ကုန်ဆုံးသွားသဖြင့် ကမ္မဇရုပ်အသစ်အသစ်တို့ ထပ်မံ မဖြစ်ပေါ်လာကုန်သည် ဖြစ်ငြားအံ့၊ ယင်းကမ္မဇရုပ်တို့ မရှိကြတော့သဖြင့် ကမ္မဇရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုလည်း မရှိနိုင်တော့ပြီ၊ ကမ္မဇဩဇာလည်း မရှိနိုင်တော့ပြီ။ ယင်းသို့ဖြစ်လျှင် ကမ္မဇတေဇောဓာတ် = ဥတုကြောင့် ဖြစ်ပေါ်ရမည့် ဥတုဇဩဇဋ္ဌမကရုပ်တရား တို့လည်း မဖြစ်နိုင်ကြတော့လေကုန်ရာသည်။ ကမ္မဇဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာတို့၏ အထောက်အပံ့ဖြင့် အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို မဖြစ်စေနိုင်လေရာ။

အလားတူပင် ကမ္မဇရုပ်တို့ ချုပ်ဆုံးသွားကြသဖြင့် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဟဒယဟူသော နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်တို့လည်း မရှိကြကုန်ပြီ ဖြစ်၏၊ မှီရာဝတ္ထုရုပ်တို့ မရှိကြကုန်သော် ယခုကဲ့သို့ ခန္ဓာငါးပါး ရှိသည့် ပဉ္စဝေါကာရဘုံဝယ် စိတ်စေတသိက် = နာမ်တရားတို့လည်း ဖြစ်နိုင်ခွင့် မရှိကြလေကုန်ရာ။ ယင်းသို့ဖြစ်သော် စိတ်စေတသိက်တို့ကြောင့် ဖြစ်ကြရမည့် စိတ္တဇရုပ်တို့လည်း မရှိနိုင်ကြလေကုန်ရာ။ စိတ္တဇရုပ်တို့ မရှိကြတော့ခြင်းကြောင့် စိတ္တဇဥတု, စိတ္တဇဩဇာတို့လည်း မရှိကြတော့သဖြင့် စိတ္တဇဥတုကြောင့် ဖြစ်ကြရမည့် ဥတုဇဩဇဋ္ဌမကရုပ်, စိတ္တဇ ဩဇာကြောင့် ဖြစ်ကြရမည့် အာဟာရဇဩဇဋ္ဌမကရုပ်တို့လည်း မရှိနိုင်ကြလေကုန်ရာ။

အလားတူပင် ကမ္မဇရုပ်တို့ ချုပ်ဆုံးသွားကြသဖြင့် ကမ္မဇဝမ်းမီးလည်း မရှိနိုင်တော့လေရာ။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကောင်းကို မရတော့သည့်အတွက် အစာသစ်ကောဋ္ဌာသဖြစ်သည့် ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဥတုဇဩဇာကလည်း အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့ကို မဖြစ်စေနိုင်လေရာ။ ဩဇာလက္ခဏာသို့ ဆိုက်ရောက် လာသော ယင်းအာဟာရဇဩဇာ မရှိတော့သဖြင့် အခြားအခြားသော ကလာပ်ပြားဩဇာတို့ကို အားပေးထောက်ပံ့ တတ်သော ဩဇာလည်း မရှိနိုင်တော့လေရာ။ ယင်းသို့ဖြစ်သော် အာဟာရဇရုပ်ကလာပ် အစဉ်အတန်းသည်လည်း ပျက်စီးပြီးသာ ဖြစ်သွားပေသည်။

ကမ္မဇရုပ်များ ချုပ်ဆုံးပြီးနောက် ဆက်လက် ဖြစ်နိုင်သော ရုပ်တရားတို့မှာ အလောင်းကောင်အဖြစ်နှင့် တည်ရှိနေကြသော ဥတုဇရုပ်တို့သာတည်း။ အလောင်းကောင်၌ တည်ရှိသော ရုပ်တရားတို့ကား ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့သာတည်း။ ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားနေသော ဥတုဇရုပ်တို့၏ အစဉ်အတန်းသာ ဖြစ်ပေသည်။ ယင်းဥတုဇရုပ်တို့တွင် ပါဝင်တည်ရှိသော တေဇောဓာတ် = ဥတုတို့ကား ကမ္မဇရုပ်တို့၏ အထောက်အပံ့နှင့် ကင်း၍လည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိကြပေသည်။

ထိုကြောင့် ဣန္ဒြေတို့နှင့် ဆက်စပ်နေသည့် သက်ရှိလောကဝယ် ကမ္မဇဥတု, စိတ္တဇဥတု, အာဟာရဇဥတု ဟူသော ဥတုအသီးအသီးတို့က ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေရာ၌ ဥပါဒိန္နကအမည်ရသည့် ကမ္မဇရုပ်တို့၏ အထောက်အပံ့ကား လိုအပ်လျက်ပင် ရှိပေသည်။ အစာသစ်ကောဋ္ဌာသကဲ့သို့သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဥတု ခေါ် တေဇောဓာတ်က ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေရာ၌သာ ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို မလိုဟု မှတ်သားပါလေ။ သက်မဲ့လောက ဥတုဇရုပ်တို့၌လည်း ပုံစံတူပင် မှတ်သားပါလေ။

နှစ်ခွ နှစ်ခွ ပွားပုံ

တစ်ဖန် ယင်းစက္ခုဒသကကလာပ်၌ တည်ရှိသော တေဇောဓာတ် ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမက ရုပ်တို့တွင် ပါဝင်သော ဩဇာသည်လည်း ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အထောက်အပံ့ကောင်းကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏ (မြေးရပြန်ပြီ ဟူလိုသည်)။ ဤနည်းအားဖြင့် စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော တေဇောဓာတ်ကို အခြေတည်၍ ဖြစ်ပေါ်လာသော ဥတုဇဩဇဋ္ဌမက ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ်နှင့် ဩဇာကြောင့် (၄-၅)ဆင့်သော သားစဉ်မြေးဆက် ဥတုဇရုပ် အာဟာရဇရုပ်တို့ ဖြစ်ပုံကို မြင်အောင် ရှုပါ။

တစ်ဖန် ယင်းစက္ခုဒသကကလာပ်တွင်ပင် ဩဇာ ပါဝင်လျက် ရှိ၏၊ ကမ္မဇဩဇာတည်း။ ယင်းဩဇာသည် ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်ကို ဖြစ်စေ ပြန်၏၊ ယင်းရုပ်ကလာပ်တွင် တေဇောဓာတ်နှင့် ဩဇာတို့ ပါဝင်ပြန်၏၊ ယင်း တေဇောဓာတ်နှင့် ဩဇာတို့ကလည်း အထက်ပါအတိုင်း (၄-၅)ဆင့်သော ရုပ်ကလာပ်တို့ကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်ပြန်၏၊ မြင်အောင် ရှုပါ။ နှစ်ခွ နှစ်ခွ ပွားသွားပုံကို သဘောပေါက်အောင် အထပ်ထပ် လေ့လာပါ။[မှတ်စု ၄၂]

တစ်ဖန် .. မျက်စိ၌ပင် တည်ရှိသော ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ် စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမကကလာပ် အာဟာရဇဩဇဋ္ဌမကကလာပ်ဟူသော ရုပ်ကလာပ်အသီးအသီး၌ တည်ရှိသော တေဇောဓာတ် (= ဥတု)နှင့် ဩဇာတို့ကလည်း ဥတုဇရုပ် အာဟာရဇရုပ်တို့ကို နှစ်ခွ နှစ်ခွ ဖြစ်ပွား သွားစေပုံကို မြင်အောင် ရှုပါ။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ပုံစံတူ ရှုရန် ဖြစ်သည်။[မှတ်စု ၄၃]

ဤဖော်ပြပါ ရုပ်တို့၏ ဖြစ်ပုံကို သေချာစေ့ငု ဖတ်ရှု၍ ရုပ်ကမ္မဋ္ဌာန်းဇယားများကို ကြည့်၍ ဆရာသမားနှင့်လည်း စနစ်တကျ လေ့ကျင့်ပေးပါက ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရားလေးပါးကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် စနစ်တကျ ရှုပွားတတ် သိမ်းဆည်းတတ် ဉာဏ်ဖြင့် ပိုင်းခြားယူတတ်မည် ဖြစ်ပေသည်။

  1. ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ ... စက္ခု။ (ဝိသုဒ္ဓိ၊၂၊၇၄။)
  2. ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော ....ကာယော။ (ဝိသုဒ္ဓိ၊၂၊၇၄ )
  3. ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ရူပါရုံကား စက္ခုဝိညာဏ်၏လည်းကောင်း စက္ခုဒွါရဝီထိနာမ်တရားစု၏လည်းကောင်း အာရုံ မဖြစ်နိုင်၊ ဝိပဿနာမနောဒွါရိကဇောဝီထိနာမ်တရားစု၏သာ အာရုံဖြစ်ပေသည်။ သို့သော် ရုပ်ကလာပ်အများစု၏ ရူပါရုံမှာကား စက္ခုဝိညာဏ်နှင့် တကွသော စက္ခုဒွါရဝီထိနာမ်တရားစု၏လည်းကောင်း ဝိပဿနာမနောဒွါရိကဇောဝီထိ နာမ်တရားစု၏လည်းကောင်း အာရုံဖြစ်နိုင်ပေသည်။ (မူလဋီ၊၂၊၄၈။ အနုဋီ၊၂၊၅၆။)
  4. သဒ္ဒါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ...သောတံ။ (ဝိသုဒ္ဓိ၊၂၊၇၄။)
  5. ဂန္ဓာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ ... ဃာနံ။ (ဝိသုဒ္ဓိ၊၂၊၇၄ )
  6. ရသာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏာ ... ဇိဝှါ။ (ဝိသုဒ္ဓိ၊၂၊၇၄။)
  7. မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု။ (ဝိသုဒ္ဓိ၊၂၊၇၇။)
  8. (အံ၊၁၊၉။)
  9. (မူလဋီ၊၁၊၁၂၅။)
  10. မှတ်ချက်---- ဤ ၌ (၆)ဒွါရ၌ တည်ရှိသော ကမ္မဇရုပ်ကလာပ်တို့ကို ရှုရာ၌ မျက်စိ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းရန်, နား-နှာ-လျှာ-ကိုယ်-နှလုံးတို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းရန် ရေးသားတင်ပြထား၏၊
  11. တတ္ထ ဥတု နာမ စတုသမုဋ္ဌာနာ တေဇောဓာတု၊ ဥဏှဥတု သီတဥတူတိ ဧဝံ ပနေသ ဒုဝိဓော ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁ )
  12. ကမ္မဇတေဇောဓာတု ဌာနပ္ပတ္တာ ဥတုသမုဋ္ဌာနံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဥတု အညံ ဩဇဋ္ဌမကန္တိ ဧဝံ စတေဿာ
    ဝါ ပဉ္စ ဝါ ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)
  13. (ဝိသုဒ္ဓိ၊၂၊၂၅၀။)
  14. (ဝိသုဒ္ဓိ၊၂၊၂၅၂၊၊)
  15. စတေဿာ ဝါ ပဉ္စ ဝါ ပဝတ္တိယော ဃဋေတီတိ သဒိသသန္တတိဝသေန စတေဿာ ဝါ ပဉ္စ ဝါ ရူပကလာပပ္ပဝတ္တိယော သန္တာနေတိ။ ဗာဟိရပစ္စယဝိသေသေန ပန ဝိသဒိသာ ဗဟူပိ ပဝတ္တိယော ဃဋေတီတိ ဝဒန္တိ။ (မဟာဋီ၊၂၊၄၀၁။)
  16. မှတ်ချက်---- ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ဩဇာလည်း ပါဝင်လျက် ရှိ၏၊ ယင်းဩဇာကလည်း အာဟာရဇဩဇာနှင့် ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်များကို ဖြစ်စေနိုင်ပြန်သည်။ ထိုကြောင့် ယေဘုယျအားဖြင့် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော တေဇောဓာတ် ဥတုကလည်း ဩဇဋ္ဌမကရုပ်ကို ဖြစ်စေသည်၊ ဩဇာကလည်း ဩဇဋ္ဌမကရုပ်ကို ဖြစ်စေသည်ဟု အတိုချုပ် မှတ်သားထားပါ။
  17. ဧဝံ ဒွေ တိဿော ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)
  18. စိတ္တသမုဋ္ဌာနာနံ ပန ဝသေန ဒွတ္တိပ္ပဝတ္တိဃဋနံ တံပါကတိကစိတ္တဝသေန၊ မဟဂ္ဂတာနုတ္တရစိတ္တဝသေန ပန ဗဟုတရာပိ ပဝတ္တိယော ဣစ္ဆိတဗ္ဗာ။ တံနိဗ္ဗတ္တာနံ စိတ္တဇရူပါနံ ဥဠာရပဏီတဘာဝတော။ (မဟာဋီ၊၂၊၄၀၃၊၊)
  19. (မဟာဋီ၊၂၊၄၀၃။ ၄၂၈-၄၂၉-လည်း ကြည့်ပါ။)
  20. အာဟာရပစ္စယဥတုနောပိ ဥတုပစ္စယာဟာရဿ ဝိယ ဒသ ဒွါဒသ ဝါရေ ပဝတ္တိဃဋနာ ဝေဒိတဗ္ဗာ။ ဝုတ္တနယတ္တာ န ဥဒ္ဓတန္တိ ဝဒန္တိ။ (မဟာဋီ၊၂၊၄၀၃။)
  21. မှတ်ချက်---- ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက် အပံ့ကို ရရှိပါက အခြားသော အာဟာရဇဩဇဋ္ဌမကရုပ်များကို ရုပ်၏ ဌီကာလသို့ ရောက်ခိုက်၌ အဇ္ဈတ္တသန္တာန်ဝယ် ဖြစ်စေသည်သာဟု မှတ်ပါ။
  22. (ပဋ္ဌာန၊၁၊၇။)
  23. တတ္ထ အာဟာရော နာမ ကဗဠီကာရော အာဟာရော။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)
    ကဗဠီကာရော အာဟာရောတိ စတုသန္တတိသမုဋ္ဌာနေ ရူပေ ဩဇာ အာဟာရော နာမ။ သော ပန ယသ္မာ ကဗဠံ ကရိတွာ အဇ္ဈောဟရိတောဝ အာဟာရကိစ္စံ ကရောတိ၊ န ဗဟိ ဌိတော၊ တသ္မာ အာဟာရောတိ အဝတွာ “ကဗဠီကာရော အာဟာရော”တိ ဝုတ္တံ။ ကဗဠံ ကရိတွာ အဇ္ဈောဟရိတဗ္ဗဝတ္ထုကတ္တာ ဝါ ကဗဠီကာရောတိ နာမမေတံ တဿ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)
    ကဗဠံ ကရိတွာ အဇ္ဈောဟရိတောဝါတိ အသိတပီတာဒိဝတ္ထူဟိ သဟ အဇ္ဈောဟရိတောဝါတိ ဝုတ္တံ ဟောတိ။ ပါတဗ္ဗသာယိတဗ္ဗာနိပိ ဟိ သဘာဝဝသေန ကဗဠာယေဝ ဟောန္တီတိ။ (မူလဋီ၊၃၊၁၉၀။)
    ကေဝလာယ ဩဇာယ အဇ္ဈောဟရဏဿ အဘာဝါ “ အသိတပီတာဒိ ဝတ္ထူဟိ သဟ အဇ္ဈောဟရိတောဝါ”တိ ဝုတ္တံ။ ခါဒနီယဘောဇနီယပ္ပဘေဒေ အသိတေ တာဝ ကဗဠီကာရတာ ဟောတု၊ ပါတဗ္ဗာဒိကေ ပန ကထန္တိ အာဟ “ပါတဗ္ဗ။ ပ။ ဟောန္တီ”တိ။ ယေဘုယျဝသေန ဝါ ဧဝံ ဝုတ္တန္တိ ဝေဒိတဗ္ဗံ။ (အနုဋီ၊၃၊၂၅၈။)
  24. ဥဒရိယံ ကရီသံ ပုဗ္ဗော မုတ္တန္တိ ဣမေသု စတူသု ဥတုသမုဋ္ဌာနေသု ဥတုသမုဋ္ဌာနေဿဝ ဩဇဋ္ဌမကဿ ဝသေန အဋ္ဌ အဋ္ဌ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)
  25. ဥပ္ပတ္တိဝသေန အာဂတာနီတိ ဧတေန ရူပဓမ္မာပိ ယတ္ထ ဥပ္ပဇ္ဇန္တိ၊ တတ္ထေဝ ဘိဇ္ဇန္တိ၊ န ဒေသန္တရံ သင်္ကမန္တီတိ ဒေဿတိ။ (အနုဋီ၊၁၊၁၆၂။)
  26. ရူပါရူပါနံ ဥပတ္ထမ္ဘကဋ္ဌေန ဥပကာရကာ စတ္တာရော အာဟာရာ အာဟာရပစ္စယော။ ယထာဟ “ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော”တိ။ (ပဋ္ဌာန၊၁၊၇။)
    ပဥှာဝါရေ ပန (ပဋ္ဌာန၊၁၊၁၅၆။) “ပဋိသန္ဓိက္ခဏေ ဝိပါကာဗျာကတာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော”တိပိ ဝုတ္တံ။ (ဝိသုဒ္ဓိ၊၂၊၁၇၀။)
    သတိပိ ဇနကဘာဝေ ဥပတ္ထမ္ဘကတ္တံ အာဟာရာနံ ပဓာနကိစ္စန္တိ အာဟ “ရူပါရူပါနံ ဥပတ္ထမ္ဘကတ္တေနာ”တိ။ (မဟာဋီ၊၂၊၂၈၂၊၊) ဩဇာလက္ခဏော ကဗဠီကာရော အာဟာရော။ (ဝိသုဒ္ဓိ၊၂၊၈၀။)
    ဩဇာလက္ခဏောတိ ဧတ္ထ အင်္ဂမင်္ဂါနုသာရိနော ရသဿ သာရော ဥပထမ္ဘဗလကရော ဘူတနိဿိတော ဧကော ဝိသေသော ဩဇာ။ ကဗဠံ ကရီယတီတိ ကဗဠီကာရော။ အာဟရီယတီတိ အာဟာရော။ ကဗဠံ ကတွာ အဇ္ဈောဟရီယတီတိ အတ္ထော။ ဣဒံ ပန သဝတ္ထုကံ ဩဇံ ဒေဿတုံ ဝုတ္တံ။ ဗာဟိရံ အာဟာရံ ပစ္စယံ လဘိတွာ ဧဝ အဇ္ဈတ္တိကာဟာရော ရူပံ ဥပ္ပါဒေတိ။ သော ပန ရူပံ အာဟရတီတိ အာဟာရော။ တေနာဟ “ရူပါဟရဏရသော”တိ။ တတော ဧဝ ဩဇဋ္ဌမကရူပုပ္ပါဒနေန ဣမဿ ကာယဿ ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော။ ဩဇာယ ရူပါဟရဏကိစ္စံ ဗာဟိရာဓီနန္တိ အာဟ “အာဟရိတဗ္ဗဝတ္ထုပဒဋ္ဌာနော”တိ။ (မဟာဋီ၊၂၊၁၀၄။)
    တတ္ထ အာဟာရော နာမ ကဗဠီကာရော အာဟာရော။ အာဟာရသမုဋ္ဌာနံ နာမ ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ တတ္ထ ပတိဋ္ဌာယ ဌာနပ္ပတ္တာယ ဩဇာယ သမုဋ္ဌာပိတံ ဩဇဋ္ဌမကံ, အာကာသဓာတု, လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယော, သန္တတီတိ စုဒ္ဒသဝိဓံ ရူပံ။ အာဟာရပစ္စယံ နာမ “ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယောတိ ဧဝံ ဝုတ္တံ စတုသမုဋ္ဌာနရူပံ။ အာဟာရပစ္စယအာဟာရသမုဋ္ဌာနံ နာမ အာဟာရသမုဋ္ဌာနေသု ရူပေသု ဌာနပ္ပတ္တာ ဩဇာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညန္တိ ဧဝံ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ။ ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ ဒိဗ္ဗာ ပန ဩဇာ ဧကမာသံ ဒွေမာသမ္ပိ ဥပတ္ထမ္ဘေတိ။ မာတရော ပရိဘုတ္တာဟာရောပိ ဒါရကဿ သရီရံ ဖရိတွာ ရူပံ သမုဋ္ဌာပေတိ။ သရီရေ မက္ခိတာဟာရောပိ ရူပံ သမုဋ္ဌာပေတိ။ ကမ္မဇာဟာရော ဥပါဒိဏ္ဏကာဟာရော နာမ။ သောပိ ဌာနပ္ပတ္တော ရူပံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညံ သမုဋ္ဌာပေတီတိ ဧဝံ စတေဿာ ဝါ ပဉ္စဝါ ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁၊၊)
    “ဥပါဒိန္နံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ”တိ ဧတေန ဗဟိဒ္ဓါ အနုပါဒိန္နဩဇာ ရူပါဟရဏကိစ္စံ န ကရောတီတိ ဒေဿတိ။ ပစ္စယလာဘော စဿ ကမ္မဇဘူတသန္နိဿယတာဝသေနာတိ အာဟ “တတ္ထ ပတိဋ္ဌာယာ”တိ။ ပ။ ဥပါဒိန္နကော အနုပါဒိန္နကောတိ ဒုဝိဓေ အာဟာရေ ပုဗ္ဗေ အနုပါဒိန္နကော အာဟာရပစ္စယအာဟာရော ဒဿိတောတိ ဣတရံ ဒေဿတုံ “ကမ္မဇာဟာရော”တိအာဒိ ဝုတ္တံ။ (မဟာဋီ၊၂၊၄၀၃။)
  27. မှတ်ချက်---- ဤ ၌ ယေဘုယျဟု ဆိုခြင်းမှာ အချို့အချို့သော အစာသစ်ကောဋ္ဌာသတို့သည် ပိုးစာ ကျင်ကြီး ကျင်ငယ် စသည်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ဆိုခြင်း ဖြစ်သည်။
  28. ဗာဟိရံ အာဟာရံ ပစ္စယံ လဘိတွာ ဧဝ အဇ္ဈတ္တိကာဟာရော ရူပံ ဥပ္ပါဒေတိ။ (မဟာဋီ၊၂၊၁၀၄။)
  29. မှတ်ချက်---- ထိုသို့ ပျံ့နှံ့သွားရာ၌ အဆင့်တိုင်းတွင် ကလာပ်ပြား အဇ္ဈတ္တိက-အာဟာရ-ဩဇာနှင့် ကမ္မဇဝမ်းမီးတို့က ပြိုင်တူ အားပေးထောက်ပံ့ပါမှသာလျှင် ယင်းအဇ္ဈတ္တိက-အာဟာရ-ဩဇာ အသီးအသီးက ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များကို (၁၀)ဆင့် (၁၂)ဆင့် တိုင်အောင်ပင် ဖြစ်စေနိုင်သည်ကို သဘောပေါက်အောင် ရှုပါ။ နေရာတိုင်း၌ နည်းတူမှတ်ပါ။
  30. (ဝိသုဒ္ဓိ၊၂၊၂၅၁။)
  31. မှတ်ချက်---- ကံ၏ အထောက်အပံ့ အားကောင်းမှု မကောင်းမှု, ဗာဟိရ-အာဟာရ (ဩဇာ)၏ မွန်မြတ်မှု မမွန်မြတ်မှု စသည့် အကြောင်းတရားတို့၏ အပေါ်၌ မူတည်၍ အကြိမ် အနည်းအများကား ရှိနိုင်ပေသည်။ တစ်ဖန် ယင်း လေး-ငါးဆင့်သော ရုပ်ကလာပ်တို့တွင် တေဇောဓာတ် ပါဝင်လျက် ရှိ၏၊ ယင်းတေဇောဓာတ် ဥတုကလည်း ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်၏ဟု မှတ်ပါ။
  32. (ဝိသုဒ္ဓိ၊၂၊၂၅၁၊၊)
  33. (မဟာဋီ၊၂၊၄၀၃။)
  34. မှတ်ချက်---- ယ င်း ရု ပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်ပြန်၏၊ အကယ်၍ ထိုစိတ်သည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် မဂ်စိတ် ဖိုလ်စိတ်တို့ကဲ့သို့သော မွန်မြတ်သော ပဏီတစိတ်ဖြစ်ခဲ့မူ ယင်းတေဇောဓာတ် = ဥတုသည် အဇ္ဈတ္တ၌သာမက ဗဟိဒ္ဓသို့တိုင်အောင်ပင် ဥတုဇဩဇဋ္ဌမက ရုပ်များကို ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အဆင့်ဆင့် ရှည်မြင့်စွာသော ကာလပတ်လုံးလည်း ဖြစ်ပေါ်စေနိုင်ပြန်သည်။ ဉာဏ်အလင်းရောင်ဟူသည်မှာလည်း အဇ္ဈတ္တ၌ ယင်းစိတ္တဇကလာပ် ဥတုဇကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဝဏ္ဏဓာတ် = ရူပါရုံ၏ တောက်ပမှုသာ ဖြစ်သည်။ ဗဟိဒ္ဓ၌ကား ယင်း (စိတ္တပစ္စယ) ဥတုဇကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဝဏ္ဏဓာတ် = ရူပါရုံ၏ တောက်ပမှုသာ ဖြစ်သည်။
  35. ဥတုသမုဋ္ဌာနာ ဌာနပ္ပတ္တာ ဩဇာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညန္တိ ဧဝံ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)
  36. မှတ်ချက်---- တစ်ဖန် ယင်းအာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း (၁၀)ဆင့် (၁၂)ဆင့်သို့ တိုင်အောင်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေပြန်၏ဟု မှတ်ပါ။ (မဟာဋီ၊၂၊၄၀၃၊၊)
  37. (ဝိသုဒ္ဓိ၊၂၊၂၅၁။)
  38. မှတ်ချက်---- တစ်ဖန် ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ် = ဥတုလည်း ပါဝင်လျက် ရှိ၏၊ ယင်းတေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်ပေါ်စေနိုင်ပြန်၏၊ မြင်အောင် ရှုပါ။
  39. ဥတုသမုဋ္ဌာနံ နာမ စတုသမုဋ္ဌာနော ဥတု ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ ဌာနပ္ပတ္တော သရီရေ ရူပံ သမုဋ္ဌာပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁၊၊)
  40. ဥတုသမုဋ္ဌာနံ နာမ စတုသမုဋ္ဌာနော ဥတု ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ ဌာနပ္ပတ္တော သရီရေ ရူပံ သမုဋ္ဌာပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁၊၊)
  41. ယဒိပိ ဥတု ဥပါဒိန္နကေန ဝိနာပိ ရူပံ သမုဋ္ဌာပေတိ၊ ဣန္ဒြိယဗဒ္ဓေ ပန တေန ဝိနာ တဿ ရူပုပ္ပါဒနံ နတ္ထီတိ အာဟ “ဥပါဒိန္နကံ ပစ္စယံ လဘိတွာ”တိ။ တေနာဟ “စတုသမုဋ္ဌာနော ဥတူ”တိ။ ဥတုသမုဋ္ဌာနောယေဝ ဟိ ဥတု ဥပါဒိန္နကေန ဝိနာ ရူပံ သမုဋ္ဌာပေတိ။ (မဟာဋီ၊၂၊၄၀၄။)
  42. (မဟာဋီ၊၂၊၄၀၁- ကြည့်ပါ။)
  43. သတိပြုရန်---- ထိုကဲ့သို့ (၂)ဆင့် (၃)ဆင့် (၄)ဆင့် (၅)ဆင့် (၁၀)ဆင့် (၁၂)ဆင့်, အဆင့်များစွာ တိုင်အောင်, အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ရုပ်ကလာပ်တို့ကို အဆင့်ဆင့် ဖြစ်စေရာ၌ နောက်ဆုံးအဆင့်တွင် တည်ရှိသော ရုပ်ကလာပ်တွင်ပါဝင်သော တေဇောဓာတ်နှင့် ဩဇာတို့သည် အသစ်အသစ်သော ဥတုဇရုပ်ကလာပ်နှင့် အာဟာရဇရုပ်ကလာပ်ကို မဖြစ်စေနိုင်ဟု မှတ်ပါ။