မာတိကာသို့ ခုန်သွားရန်

နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေ

ဝီကီရင်းမြစ် မှ

Page တမ်းပလိတ်:ခေါင်းစီး/styles.css has no content.

Page တမ်းပလိတ်:ခေါင်းစီး/main block/styles.css has no content.
Script error: No such module "ခေါင်းစီး". Script error: No such module "ခေါင်းစီး". Script error: No such module "ခေါင်းစီး".Script error: No such module "ခေါင်းစီး".Script error: No such module "ခေါင်းစီး".Script error: No such module "ခေါင်းစီး".
Script error: No such module "ခေါင်းစီး".

Script error: No such module "ခေါင်းစီး".Script error: No such module "ခေါင်းစီး".Script error: No such module "ခေါင်းစီး".

သမတအိမ်တော်၊ ရန်ကုန်မြို့။

၁၉၅၀ ပြည့်နှစ်၊ နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေ။

[၁၉၅၀ ပြည့်နှစ်၊ အက်ဥပဒေအမှတ် ၅၇။]

၁၃၁၂ ခု၊ သီတင်းကျွတ်လဆုတ် ၈ ရက်။

(၁၉၅၀ ခု၊ နိုဝင်္ဘာလ ၃ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါ အက်ဥပဒေကို ထုတ်ပြန်ကျေ ညာသည်။

အပိုင်း ၁ ။

[ပြင်ဆင်ရန်]
ပဏာမ။

၁။ ။ (၁) ဤ အက်ဥပဒေကို၊ ၁၉၅၀ ပြည့်နှစ်၊ နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေဟု ခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ပြည်ထောင်စု မြန်မာနိုင်ငံတဝန်းလုံးနှင့် သက်ဆိုင်ရမည်။
(၃) ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမတက၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကျေညာ၍ သတ်မှတ်သည့် နေ့တွင် အာဏာတည်ရမည်။


၂။ ။ ဤအက်ဥပဒေတွင်၊ အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင် -

(က) “အဖွဲ့” ဆိုသည်မှာ၊ ဤအက်ဥပဒေပုဒ်မ ၃ အရ၊ ဖွဲ့စည်းသည့် နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်း ဝယ်ရေးအဖွဲ့ကို ဆိုလိုသည်။
(ခ) “ကောက်ပဲသီးနှံ” ဆိုသည့်စကားရပ်မှာ၊ ဤအက်ဥပဒေပါ အချက်များနှင့်သက်ဆိုင်စေရမည်ဟု ဤအက်ဥပဒေ ပုဒ်မ ၁၇ (က) အရ၊ အဖွဲ့ကကျေညာသည့် ပစ္စည်းကိုဆိုလိုသည်။
(ဂ) “ပြဋ္ဌာန်းသည်” ဆိုသည်မှာ၊ ပုဒ်မ ၉ အရ ပြုလုပ်သည့်နည်းဥပဒေများအရ ပြဋ္ဌာန်းသည်ကိုဆိုလို သည်။

အပိုင်း ၂ ။

[ပြင်ဆင်ရန်]
အဖွဲ့ ဖွဲ့စည်းပုံ။


၃။ ။ (၁) နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေး အဖွဲ့ဟူသောအမည်ဖြင့်၊ အဖွဲ့တခုကို နိုင်ငံတော် သမတ က အမိန့်ကြော်ငြာစာထုတ်ပြန် ကျေညာလျက် သတ်မှတ် သည့်နေ့မှစ၍ ဖွဲ့စည်းရမည်။

(၂) အဖွဲ့သည်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်နိုင်ခွင့်နှင့်တကွ အဖွဲ့ပိုင် တံဆိပ်တခုရှိသော တရားဝင် အဖွဲ့ဖြစ်ရမည့်ပြင်၊ အဆိုပါ အမည်ဖြင့် တရားစွဲဆိုနိုင်၍ တရားစွဲဆိုခြင်းကိုလည်း ခံရမည်။
(၃) ၁၉၄၇ ခုနှစ်၊ အရေးကြီးသော ကုန်စည်ပစ္စည်းများနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေအရ (The Essential Supplies and Services Act, 1947) ဖွဲ့စည်းထားသော နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ ရံပုံငွေကို၎င်း၊ ထိုနိုင်ငံတော် ကောက်ပဲသီးနှံရောင်းဝယ်ရေး အဖွဲ့ပိုင်ပစ္စည်းနှင့် ကြွေး မြီတာဝန်အားလုံးကို၎င်း၊ အဖွဲ့ကဆက်ခံရမည့်ပြင်၊ အဆိုပါ ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့က ချုပ်ဆိုခဲ့သော ပဋိညာဉ်အားလုံးကိုလည်း အဖွဲ့ကပင်ချုပ်ဆိုသည်ဟု မှတ်ယူရမည်။


၄။ ။ အဖွဲ့တွင် နိုင်ငံတော်သမတက ခန့်ထားသော ဥက္ကဋ္ဌနှင့် အခြားအဖွဲ့ဝင်လူကြီးဆယ်ဦး ပါရှိရမည်။ ဥက္ကဋ္ဌမှတပါး အခြားအဖွဲ့ဝင် လူကြီးများအနက် တဝက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ လယ် ယာစိုက်ပျိုးရေးဌာနနှင့် အခြားသက်ဆိုင်ရာ အစိုးရဌာနများမှ အရာရှိများဖြစ်၍၊ ကျန်တဝက်မှာ အစိုးရ အရာရှိ မဟုတ်သူများ ဖြစ်ရမည်။


၅။ ။ (၁) ပုဂ္ဂိုလ်တဦးကို အဖွဲ့ဝင်လူကြီးအဖြစ် မခန့်ထားမီ၊ ထိုပုဂ္ဂိုလ်က အဖွဲ့ဝင်လူကြီးအဖြစ် မိမိ၏ အလုပ်ဝတ်တရားများ ဆောင်ရွက်ခြင်းကို ထိခိုက်ဘွယ်ရာရှိသည့် ငွေရေးကြေးရေး အကျိုးသက်ဆိုင် ခွင့်၊ သို့တည်းမဟုတ် အခြားအကျိုးသက်ဆိုင်ခွင့် ရှိမည်မဟုတ်ဟု နိုင်ငံတော်သမတက ကျေနပ်ရမည့် ပြင်၊ အဖွဲ့ဝင် လူကြီးတဦးဦး၌ ထိုသို့သော အကျိုးသက်ဆိုင်ခွင့်မရှိဟူ၍ လည်းအခါအားလျော်စွာ နိုင်ငံတော် သမတက ကျေနပ်ရမည်။

(၂) အဖွဲ့က ပြုလုပ်သည့်၊ သို့တည်းမဟုတ် ပြုလုပ်ရန်ကြံရွယ်သည့် ပဋိညာဉ်၊ ရောင်းမှု၊ သို့တည်း မဟုတ် ဝယ်မှုတခုခုတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တနည်းနည်းဖြင့် အကျိုးသက်ဆိုင် သည့် အဖွဲ့ဝင်လူကြီးသည်၊ မိမိမည်သို့ အကျိုးသက်ဆိုင် ကြောင်းကို၊ အဖွဲ့အစည်းအဝေးတွင် ထုတ်ဖေါ် ပြောဆိုရမည်။ ထိုသို့ ထုတ်ဖေါ်ပြောဆိုချက်ကို အဖွဲ့အစည်းအဝေးမှတ်တမ်းများတွင် ရေးမှတ်ထား ရမည်။ ထို့ပြင် ထိုအဖွဲ့ဝင်လူကြီးသည် ထိုပဋိညာဉ်ပြုလုပ်မှု၊ ရောင်းမှု၊ သို့တည်းမဟုတ် ဝယ်မှု နှင့် ပတ်သက်၍ ၊ အဖွဲ့က ဆွေးနွေးရာတွင်၊ သို့တည်းမဟုတ် ဆုံးဖြတ်ရာတွင် မပါဝင်ရ။


၆။ ။ အစိုးရအရာရှိမဟုတ်သော အဖွဲ့ဝင်လူကြီးတို့၏ ရာထူးသက်တမ်းသည် ၊ နိုင်ငံတော်သမတက ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်ရမည်။ အဖွဲ့ဝင်လူကြီးတဦးဦး၏ ရာထူး လက်ရှိဆောင်ရွက်ခြင်းကို နိုင်ငံတော် သမတ က အချိန်မရွေး ရပ်စဲနိုင်သည်။


၇။ ။ အဖွဲ့နှင့် လက်အောက်အဖွဲ့များတွင် ပါဝင်သော အစိုးရအရာရှိမဟုတ်သူ လူကြီးများအား၊ နိုင်ငံတော် သမတက သတ်မှတ်သည့်အခများနှင့် စရိတ်ကြေးငွေများ ပေးရမည်။


၈။ ။ (၁) သေဆုံး၍ဖြစ်စေ၊ ရာထူးမှ နုတ်ထွက်၍ဖြစ်စေ၊ ရာထူးမှနုတ်ပယ်ခြင်း ခံရ၍ဖြစ်စေ၊ အခြား အကြောင်းကြောင့်ဖြစ်စေ၊ အဖွဲ့ဝင်လူကြီးရာထူး လစ်လပ်သည့်အခါ၊ ထိုလစ်လပ်သည့်နေရာတွင် အဖွဲ့ ဝင်လူကြီးသစ်တဦးကို အဖွဲ့ဝင်လူကြီးဟောင်းအား ခန့်ထားသည့်နည်းတူ ဖြည့်သွင်းခန့်ထားရမည်။ ထိုသို့ ခန့်ထားခြင်းခံရသော အဖွဲ့ဝင်လူကြီးသစ်သည်၊ မိမိအားခန့်ထားသည့်နေရာတွင်၊ အဖွဲ့ဝင်လူကြီး ဟောင်း၏ ရာထူးသက်တမ်းစေ့ကုန်မည့် အချိန်အထိသာ၊ ရာထူးလက်ရှိ ထမ်းရွက်ရမည်။

(၂) အဖွဲ့က စီမံဆောင်ရွက်သည့် မှုခင်းကိစ္စများသည်၊ အဖွဲ့ဝင်လူကြီး ရာထူးလစ်လပ်သည့် အကြောင်း ကြောင့် သော်၎င်း၊ အဖွဲ့ဝင်လူကြီးတဦးဦး ခန့်ထားရာတွင် ချို့ယွင်းချက်တခုခုရှိသည့် အကြောင်းကြောင့် သော်၎င်း မပျက်ပြယ်စေရ။

အပိုင်း ၃။

[ပြင်ဆင်ရန်]
အဖွဲ့နှင့် ပတ်သက်သည့် နိုင်ငံတော်သမတ၏အာဏာများ။


၉။ ။ နိုင်ငံတော်သမတသည်၊ အောက်ပါကိစ္စများအတွက် နည်းဥပဒေများကို အမိန့်ကြော်ငြာစာ ထုတ်ပြန် ကျေညာ၍ ပြုလုပ်နိုင်သည်။

(က) အဖွဲ့ဥက္ကဋ္ဌ၏ လစာနှင့် စရိတ်ကြေးငွေများကို၎င်း၊ အမှုထမ်းစည်းကမ်းများကို၎င်း ပြဋ္ဌာန်းရန် ကိစ္စ။
(ခ) ပုဒ်မ ၁၇ (ဆ)အရ၊ ခန့်ထားသည့်၊ သို့တည်းမဟုတ် အမည်တင်သွင်းခန့်ထားသည့် ပုဂ္ဂိုလ်တို့အား ပေးသင့်သည့် အခနှင့် စရိတ်ကြေးငွေများကို သတ်မှတ်ရန်ကိစ္စ။
(ဂ) အဖွဲ့အတွက် မြေသိမ်းယူနိုင်သည့်အချက်များနှင့် နည်းလမ်းကို ပြဋ္ဌာန်းရန်ကိစ္စ။
(ဃ) နိုင်ငံတော်သမတက အဖွဲ့သို့ ပုဒ်မ ၂၁ အရ၊ ထုတ်ချေးသည့် ငွေများ ပြန်လည်ပေးဆပ်ရမည့် နည်းလမ်းကို သတ်မှတ်ရန်ကိစ္စ။
(င) ပုဒ်မ ၁၇ (က) အရ၊ အဖွဲ့ကသုံးစွဲနိုင်သည့် အာဏာများနှင့် ထိုအာဏာများကို သုံးစွဲသည့်နည်း လမ်းများကို ပြဋ္ဌာန်းရန်ကိစ္စ။
(စ) ပုဒ်မ ၁၇ (ခ) အရ ၊ အဖွဲ့ကသုံးစွဲနိုင်သည့် အာဏာများအနက် မည်မျှ သုံးစွဲရမည်၊ မည်သို့ သုံးစွဲ ရမည်ဟု ပြဋ္ဌာန်းခြင်းကိစ္စ။
(ဆ) အဖွဲ့အစည်းအဝေး၊ သို့တည်းမဟုတ် လက်အောက် အဖွဲ့အစည်းအဝေး၊ သို့တည်းမဟုတ် ကော်မီ တီအစည်းအဝေး အထမြောက်စေရန် တက်ရောက်ရမည့် လူကြီးဦးရေကို သတ်မှတ်ရန်။
(ဇ) ယေဘုယျအားဖြင့်၊ ဤအက်ဥပဒေပါကိစ္စများကို ဆောင်ရွက်ရန်ကိစ္စ။


၁၀။ ။ နိုင်ငံတော် သမတသည်၊ အဖွဲ့နှင့်ညှိနှိုင်းတိုင်ပင်ပြီးနောက်၊ နိုင်ငံတော်အကျိုးနှင့် သက်ဆိုင်သည် ဟု မိမိထင်မြင်သောကိစ္စများနှင့် စပ်လျဉ်း၍ ၊ အဖွဲ့အား၎င်း၏ အလုပ်ဝတ်တရားများကို မည်သို့ဆောင် ရွက်ရမည်ဟု ဆင့်ဆိုနိုင်သည်။ ထိုသို့ဆင့်ဆိုသည့်အတိုင်း အဖွဲ့က လိုက်နာဆောင်ရွက်ရမည်။


၁၁။ ။ နိုင်ငံတော် သမတသည် အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ပြီးနောက်၊ အဖွဲ့အား ၎င်း၏လုပ်ငန်းဆောင်တာ တရပ်ရပ်ကို ရပ်စဲရန် ဆင့်ဆိုနိုင်သည်။ ထိုသို့ဆင့်ဆိုသည့်အတိုင်း၊ အဖွဲ့ကလိုက်နာ ဆောင်ရွက်ရမည်။


၁၂။ ။ (၁) ဤအက်ဥပဒေဖြင့် ပေးအပ်ထားသော တာဝန်ဝတ်တရား၊ အလုပ်ဝတ်တရားနှင့် အခြားတာ ဝန်များကို၊ အဖွဲ့ကဆောင်ရွက်ရန် ပျက်ကွက်သည်ဟု နိုင်ငံတော်သမတ က ထင်မြင်သဘောရရှိလျှင်၊ နိုင်ငံတော်သမတသည်၊ အမိန့်ကြော်ငြာစာထုတ်ပြန်ကျေညာ၍ အဖွဲ့ကိုဖျက်သိမ်းနိုင်သည်။ ထိုသို့ ကျေညာ ပြီးနောက်အဖွဲ့၏ လုပ်ငန်းအရပ်ရပ်စီမံခန့်ခွဲ ညွှန်ကြားဆောင်ရွက်မှုကို၊ နိုင်ငံတော်သမတက ခန့်ထားသော ကိုယ်စားလှယ်သို့ အပ်နှင်းရမည်။ ထိုသို့ အပ်နှင်းခြင်းခံရသော ကိုယ်စားလှယ်သည်၊ ဤအက်ဥပဒေအရ အဖွဲ့ကသုံးစွဲဆောင်ရွက်နိုင်သည့် အာဏာနှင့် အလုပ်ဝတ်တရားများကို သုံးစွဲ ဆောင်ရွက်နိုင်သည်။

(၂) ပုဒ်မခွဲ (၁) အရ အရေးယူသောအခါ၊ နိုင်ငံတော် သမတသည် ထိုသို့အရေးယူရသည့် အကြောင်း ရင်း အခြေအနေများနှင့် အရေးယူပုံအစုံအလင် ဖေါ်ပြပါရှိသော အစီရင်ခံစာကို ပါလီမန်သို့အဖွဲ့အား ဖျက်သိမ်းကြောင်း ကျေညာသည့်နေ့မှ စ၍ သုံးလအတွင်း လျင်မြန်နိုင်သမျှ လျင်မြန်စွာတင်ပြရမည်။
(၃) ဤပုဒ်မ အရ ထုတ်ပြန်ကျေညာသော မည်သည့်အမိန့်ကြော်ငြာစာမျှ ခြောက်လထက်ပို၍ အာဏာ မတည်စေရ။ သို့ရာတွင် နိုင်ငံတော် သမတသည်၊ ထိုကဲ့သို့ ထုတ်ပြန်ကျေညာသည့် အမိန့်ကြော်ငြာစာကို အသစ်ထပ်မံ၍ ထုတ်ပြန်ကျေညာနိုင်သည်။ ထိုသို့အသစ်ထပ်မံ၍ ထုတ်ပြန်ကျေညာသည့် အမိန့်ကြော် ငြာစာတိုင်းသည် ခြောက်လထက်ပို၍ အာဏာမတည်စေရ။
ခြွင်းချက်။ ။ သို့ရာတွင် နိုင်ငံတော်သမတသည်၊ ဤပုဒ်မအရ အဖွဲ့ကိုဖျက်သိမ်းပြီးသည့်နောက်၊ မည်သည့်အခါ၌မဆို သင့်လျော်သည်ဟု ထင်မြင်လျှင်၊ ဤအက်ဥပဒေ ပုဒ်မ ၃ အရ အဖွဲ့အသစ် တဖွဲ့ကို ဖွဲ့စည်းနိုင်သည်။

အပိုင်း ၄။

[ပြင်ဆင်ရန်]
အဖွဲ့၏အလုပ်ဝတ်တရားများ။


၁၃။ ။ (၁) အဖွဲ့၏ အလုပ်ဝတ်တရားများသည် ကောက်ပဲသီးနှံများကို ခွဲကြိတ်ပြုပြင်ခြင်းနှင့် ရောင်း ဝယ်ခြင်းတို့ကို ယေဘုယျအားဖြင့် ကြီးကြပ်အုပ်ချုပ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် တိုးတက်အောင်ဆောင်ရွက် ခြင်းတို့ ဖြစ်သည့်ပြင်၊ ဤအက်ဥပဒေအရ အဖွဲ့၏ အလုပ်ဝတ်တရားများကို နည်းလမ်းတကျ ဆောင်ရွက် ရန်အလို့ငှါ လိုအပ်သော၊ သို့တည်းမဟုတ် သင့်လျော်သောအခြားလုပ်ငန်းဆောင်တာများ ကိုလည်း လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်သည်။

(၂) အထက်ပါပြဋ္ဌာန်းချက်၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အဆိုပါ အလုပ်ဝတ်တရားများတွင် အထူးသဖြင့် အောက်ပါတို့လည်း ပါဝင်ရမည်။
(က) ကောက်ပဲသီးနှံများကို လက်ခံခြင်း၊ ရယူခြင်း၊ ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ တင်ချခြင်း၊ သို့တည်း မဟုတ် သယ်ယူပို့ဆောင်ခြင်း။
(ခ) ကောက်ပဲသီးနှံများကို ခွဲကြိတ်ပြုပြင်သည့် လုပ်ငန်းကိုဆောင်ရွက်ခြင်း။
(ဂ) ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ကောက်ပဲသီးနှံများကို ရောင်းချ ခြင်း၊ သို့တည်းမဟုတ် ထုခွဲခြင်း။
(ဃ) ဝတ္တုပစ္စည်းများ၊ ယာဉ်များ၊ စက်ကိရိယာများ၊ စက်ပစ္စည်းများနှင့် အခြား ပစ္စည်းများကို ဝယ်ယူ ခြင်း၊ငှါးရမ်းခြင်း၊ ရောင်းချခြင်း၊ သို့တည်းမဟုတ် ထုခွဲခြင်း။
(င) မြေ၊ စက်ရုံများ၊ ကုန်လှောင်ရုံများနှင့် အခြားအဆောက်အဦများကို ဝယ်ယူခြင်း၊ ဆောက်လုပ် ခြင်း၊ ငှါးရမ်းခြင်း၊ ရောင်းချခြင်း၊ သို့တည်းမဟုတ် ထုခွဲခြင်း။
(စ) ကြည့်ရှုစီစစ်မှု၊ စမ်းသပ်မှုနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်း။


၁၄။ ။ အဖွဲ့သည်၊ မိမိ၏အလုပ်ဝတ်တရားများကို ဆောင်ရွက်ရာ၌ ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာ စိုက်ပျိုးရေး၊ စက်မှုလက်မှုလုပ်ငန်းနှင့် အများပြည်သူတို့၏ အကျိုးများကို အထူးရှေးရှု၍၊ ကုန်သွယ် လုပ်ငန်းစည်းမျဉ်းများအတိုင်း ဆောင်ရွက်ရမည့်ပြင်၊ လိုက်နာရမည့်မူနှင့် ပတ်သက်သည့်အချက်များ တွင်၊ နိုင်ငံတော်သမတက အဖွဲ့အား ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။


၁၅။ ။ အဖွဲ့သည်၊ မိမိအစည်းအဝေးအားလုံး၏ လုပ်ငန်းအစီအစဉ်နှင့် မှတ်တမ်းမိတ္တူများကို နိုင်ငံတော် သမတ ထံပေးပို့ရမည်။


၁၆။ ။ အဖွဲ့သည်၊ အဖွဲ့၏ ဘဏ္ဍာတော်နှစ်အသီးသီးကုန်ဆုံးပြီးနောက် ဆောလျင်နိုင်သမျှ ဆောလျင် စွာ ထိုနှစ်အတွင်းအဖွဲ့၏ အလုပ်ဝတ်တရားများကို ဆောင်ရွက်ခြင်းနှင့်၎င်း၊ အဖွဲ့ကလိုက်နာသည့်မူ နှင့် ၎င်း၊ လုပ်ငန်းစဉ်များနှင့်၎င်း ပတ်သက်၍ နိုင်ငံတော်သမတထံ အစီရင်ခံစာတင်သွင်းရမည်။ နိုင်ငံတော် သမတသည်၊ အဆိုပါအစီရင်ခံစာအသီးသီး၏ မိတ္တူကို ပါလီမန်သို့ တင်ပြရမည်။

အပိုင်း ၅။

[ပြင်ဆင်ရန်]
အဖွဲ့၏ အာဏာများ။


၁၇။ ။ ဤအက်ဥပဒေဖြင့် အပ်နှင်းထားသော အာဏာများ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အဖွဲ့ မှာ ဤအက်ဥပဒေအရ အဖွဲ့၏ အလုပ်ဝတ်တရားများကို ဆောင်ရွက်ရန် အလို့ငှါ လိုအပ်သော ၊ သို့ တည်းမဟုတ် သင့်လျော်သော မည်သည့်ကိစ္စမဆို ပြုလုပ်နိုင်သည့် အာဏာများရှိရမည်။ ထို့အပြင် အဆို ပါ အာဏာများတွင် အောက်ပါအာဏာများလည်း ပါဝင်ရမည်။

(က) အပင်မှ၊ သို့တည်းမဟုတ် အနွယ်မှထွက်သည့် ပစ္စည်းတခုခုကို ဤအက်ဥပဒေပါ ကိစ္စများအလို့ငှါ ကောက်ပဲသီးနှံများဖြစ်သည်ဟု အမိန့်ကြော်ငြာစာ နှင့် ထုတ်ပြန်ကျေညာနိုင်သည့်အာဏာ၊ ထို့ပြင် အဆိုပါ ပစ္စည်းတခုခုကို ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဖြစ်စေ၊ ပြဋ္ဌာန်းချက် တခုခုနှင့်ဖြစ်စေ၊ သက်ဆိုင်ခြင်းမှ ရပ်စဲရမည်ဟု လည်း မည်သည့်အခါမဆို အလားတူ ကျေညာနိုင်သည့် အာဏာ။
(ခ) ကောက်ပဲသီးနှံများ ခွဲကြိတ်ပြုပြင်ခြင်းကို၎င်း၊ ရောင်းဝယ်ခြင်း ကို၎င်း၊ ထိုသို့ရောင်းဝယ်မှုနှင့် ပတ်သက်သည့် ဆက်ဆံမှုများကို၎င်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းကို၎င်း၊ ကောက်ပဲသီးနှံ များ ခွဲကြိတ်ပြုပြင်သော စက်များဆောက်လုပ်ခြင်းကို၎င်း၊ စက်ရုံများ၏ လုပ်ငန်းဆောင်တာ လုပ်ကိုင်ခြင်း ကို၎င်း၊ ကြီးကြပ်အုပ်ချုပ်နိုင်သည့် အာဏာ။
(ဂ) နိုင်ငံတော် သမတ ၏ ကြိုတင်သဘောတူညီချက်ဖြင့် ငွေချေးယူရန် နှင့် ငွေထုတ်ချေးရန် အာဏာ။
(ဃ) အဖွဲ့၏အမှုဆောင်အရာရှိချုပ် ဖြစ်မည့်ဥက္ကဋ္ဌအား၊ ဤအက်ဥပဒေပါ ကိစ္စများဆောင်ရွက်ရန် အလို့ငှါ အဖွဲ့ကလိုအပ်သည် ထင်မြင်သည့် အဖွဲ့၏အလုပ်ဝတ်တရားများနှင့် အာဏာများကို လွှဲအပ် နိုင်သည့်အာဏာ။
(င) အဖွဲ့ဝင် လူကြီး နှစ်ဦးဖြစ်စေ၊ နှစ်ဦးထက် ပို၍ဖြစ်စေ ပါဝင်သည့် ကော်မီတီများကို ခန့်ထား၍ ထိုကော်မီတီများအား ဤအက်ဥပဒေပါကိစ္စများ ဆောင်ရွက်ရန်အလို့ငှါ အဖွဲ့က လိုအပ်သည်ထင်မြင် သည့် အဖွဲ့၏ အလုပ်ဝတ်တရားများနှင့် အာဏာများကို လွှဲအပ်နိုင်သည့် အာဏာ။
(စ) ကိုယ်စားလှယ်များခန့်၍၊ ဤအက်ဥပဒေပါကိစ္စများ ဆောင်ရွက်ရန် အလို့ငှါ၊ အဖွဲ့ကလိုအပ်သည် ဟု ထင်မြင်သည့်အဖွဲ့၏ အလုပ်ဝတ်တရားများနှင့် အာဏာများကို၊ ထိုကိုယ်စားလှယ်တို့အား လွှဲအပ်နိုင် သည့်အာဏာ။
(ဆ) ကိစ္စတခုခုနှင့်ပတ်သက်၍၊ အဖွဲ့အား အကြံဉာဏ် ပေးရန် ပုဂ္ဂိုလ်တဦးဦးကို ခန့်ထား၍၊ သို့တည်း မဟုတ် အမည်တင်သွင်း၍ ထိုပုဂ္ဂိုလ်တို့အား၊ နိုင်ငံတော်သမတက ပြဋ္ဌာန်းသည့် အခများနှင့် စရိတ်ကြေး ငွေများပေးနိုင်သည့်အာဏာ။


၁၈။ ။ (၁) ဤအက်ဥပဒေပါကိစ္စများအလို့ငှါ၊ ထားရန်လိုအပ်သည်ဟု အဖွဲ့ကထင်မြင်သော၊ သို့တည်း မဟုတ် ထားရန်သင့်သည်ဟု အဖွဲ့ကထင်မြင်သော ရာထမ်းမှုထမ်းစာရင်းများကို ၊ အခါအားလျော်စွာ အဖွဲ့က စီစဉ်ရေးသား၍ အစည်းအဝေး၌ ဆုံးဖြတ်ခွင့်ပြုရမည်။

(၂) ဆိုခဲ့သည့် အရာရှိအသီးသီးအတွက် သော်၎င်း၊ အမှုထမ်းအသီးသီးအတွက်သော်၎င်း၊ အဖွဲ့ကခွင့် ပြုသည့် လစာများ၊ အခများနှင့် စရိတ်ကြေးငွေများ၏ အရေအတွက်နှင့် အမျိုးအစားကို၊ ထိုစာရင်း များတွင် ဖေါ်ပြရမည်။
(၃) အဖွဲ့က နောက်ဆုံးခွင့်ပြုသည့် စာရင်းအားလုံးကို ပုဒ်မ ၂၅ အရ ပြုလုပ်သည့် နှစ်စဉ်ရ - သုံးမှန်းခြေ ငွေစာရင်းနှင့် ပူးတွဲ၍ နိုင်ငံတော်သမတ၏ သဘောတူညီချက်ရရှိရန် အလို့ငှါ တင်ပြရမည်။
(၄) ရာထမ်း မှုထမ်းများနှင့် ပတ်သက်သည့် အခြားအမှုထမ်း စည်းကမ်းများကို အဖွဲ့က နိုင်ငံတော် သမတ ၏ ကြိုတင်သဘောတူညီချက်ကို ခံယူလျက်၊ စည်းကမ်း ဥပဒေဖြင့် ပြဋ္ဌာန်းရမည်။


၁၉။ ။ အဖွဲ့သည်၊ မိမိ၏လုပ်ငန်းကို စီမံခန့်ခွဲရန်အလို့ငှါ၊ ဤအက်ဥပဒေနှင့်ညီညွတ်သော စည်းကမ်း ဥပဒေများကို ပြုလုပ်ရမည်။ ထို့အပြင် ဤအက်ဥပဒေဖြင့် အပ်နှင်းထားသောအာဏာများ၏ ယေဘုယျ သဘောကို မထိခိုက်စေဘဲ ၊ ထိုစည်းကမ်းဥပဒေများသည်၊ အထူးသဖြင့် အောက်ပါကိစ္စများအတွက် ဖြစ် ရမည်။

(က) အဖွဲ့၏လုပ်ငန်းကို စီမံဆောင်ရွက်ခြင်းနှင့် အဖွဲ့၏အစည်းအဝေးများ တွင်လိုက်နာရန်ကျင့်ထုံး။
(ခ) အဖွဲ့၏ ရာထမ်းမှုထမ်းများ၏ တာဝန်ဝတ်တရားများနှင့် အာဏာများ။
(ဂ) အဖွဲ့က မိမိ၏အာဏာများကို ဥက္ကဋ္ဌ၊ လက်အောက်အဖွဲ့၊ ကော်မီတီများ၊ သို့တည်းမဟုတ် ကိုယ် စားလှယ် များသို့ လွှဲအပ်ခြင်း။
(ဃ) အဖွဲ့ကိုယ်စား၊ ပဋိညာဉ်များနှင့် အခြားစာတမ်းအမှတ်အသားများကို လက်မှတ်ရေးထိုးခြင်း။
(င) အဖွဲ့သို့အပ်နှင်းထားသော တာဝန်ဝတ်တရားများကို ယေဘုယျအားဖြင့် ထိရောက်စွာ ဆောင်ရွက် ခြင်း။

အပိုင်း ၆။

[ပြင်ဆင်ရန်]
ငွေရေးကြေးရေးနှင့် ငွေစာရင်းများ။


၂၀။ ။ အဖွဲ့သည်၊ နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ ရံပုံငွေဟုခေါ်တွင်သည့် ရံပုံငွေတခု ထားရှိ၍ အောက်ပါငွေများကို ထိုရံပုံငွေ၌ထည့်သွင်းရမည်။

(က) ဤအက်ဥပဒေအရ အဖွဲ့ကရရှိသော ငွေအားလုံး။
(ခ) မိမိ၏အာဏာများနှင့် အလုပ်ဝတ်တရားများကို အဖွဲ့ကသုံးစွဲဆောင်ရွက်နိုင်ရန် နိုင်ငံတော် သမတ ထံမှရရှိသော ငွေများ။


၂၁။ ။ အဖွဲ့က မိမိ၏အာဏာများနှင့် အလုပ်ဝတ်တရားများကို အဖွဲ့ကသုံးစွဲဆောင်ရွက်နိုင်ရန်အလို့ငှါ၊ နိုင်ငံတော်သမတသည် မိမိသင့်သည်ထင်မြင်သည့်ငွေများကို၊ မိမိသင့်သည်ထင်မြင်သည့် စည်းကမ်းချက် များဖြင့် အခွန်ငွေတွင် စာရင်းချမှတ်၍ ဖြစ်စေ၊ မ တည်ငွေတွင် စာရင်းချမှတ်၍ဖြစ်စေ၊ အဖွဲ့သို့ ထုတ် ပေး နိုင်သည်။


၂၂။ ။ (၁) အဖွဲ့သည် ချက်ခြင်းအသုံးမလိုသည့် မိမိ၏ငွေအားလုံးကို နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာတော် ငွေထားရှိသော ဘဏ်တွင်၊ သို့တည်းမဟုတ် ဘဏ်များတွင် ထားရမည်။

(၂) အဖွဲ့၏ရံပုံငွေများကို၊ အဖွဲ့ကပြုလုပ်သည့် စည်းကမ်းဥပဒေများအရ ထုတ်ယူသုံးစွဲရမည်။


၂၃။ ။ အဖွဲ့၏ရံပုံငွေများကို၊ နိုင်ငံတော်သမတ၏ ကြိုတင်သဘောတူညီချက်ဖြင့်သာ ရင်းနှီးရမည်။


၂၄။ ။ အောက်ပါကိစ္စများအတွက် အဖွဲ့၏ရံပုံငွေများကို အဖွဲ့ကသုံးစွဲရမည်။

(က) အဖွဲ့သို့ နိုင်ငံတော်သမတက ထုတ်ချေးထားသော ငွေများနှင့်စပ်လျဉ်း၍ အရင်းကို၊ သို့တည်း မဟုတ် အတိုးများကို ပေးဆပ်ခြင်း။
(ခ) အဖွဲ့၏ရာထမ်း မှုထမ်းတို့ လစာစသည်တို့အတွက် စရိတ်ကျခံခြင်း။
(ဂ) လိုအပ်သည်ဟု ထင်မြင်သည့် အခြားအသုံးစရိတ်များကို နိုင်ငံတော်သမတ၏ သဘောတူညီချက် ဖြင့် ကျခံခြင်း။


၂၅။ ။ (၁) အဖွဲ့သည်၊ ဘဏ္ဍာတော်နှစ်အသီးသီးမကုန်မီ ထိုနှစ်နောက်လာမည့် ဘဏ္ဍာတော်နှစ်အတွက် မိမိ၏ ရ-သုံးခန့်မှန်းခြေစာရင်းကို နိုင်ငံတော်သမတထံ အခွင့်အမိန့်ရရန် တင်သွင်းရမည့်ပြင်၊ အဆိုပါ ခန့်မှန်းခြေစာရင်းများကို ပြင်ဆင်သည့် နောက်ထပ်ခန့်မှန်းခြေစာရင်းများကိုလည်း၊ အခါအားလျော်စွာ ထိုနည်းတူ တင်သွင်းနိုင်သည်။

(၂) ပုဒ်မခွဲ (၁) အရ၊ ခွင့်ပြုသည့် ခန့်မှန်းခြေစာရင်းထက်ပို၍ မည်သည့်အသုံးစရိတ်ကိုမျှ အဖွဲ့ကမကျ ခံရ။


၂၆။ ။ (၁) အဖွဲ့သည်၊ ငွေစာရင်းများကို၎င်း၊ ထိုငွေစာရင်းများနှင့်သက်ဆိုင်သည့် အခြားမှတ်တမ်း များကို ၎င်းထားရှိရမည့်ပြင်၊ အဖွဲ့၏ အလုပ်လုပ်ကိုင်သည့်နှစ် အသီးသီးအတွက် နှစ်ချုပ်ငွေစာရင်းကို လည်း နိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်စာရင်းစစ်ချုပ် သတ်မှတ်သည့်ပုံစံဖြင့် စီစဉ် ရေးသားရမည်။

(၂) အဖွဲ့၏ ငွေစာရင်းများကို နိုင်ငံတော်စာရင်းစစ်ချုပ်က နှစ်စဉ်စစ်ဆေး၍ နိုင်ငံတော်သမတထံ အစီရင် ခံစာတင်သွင်းရမည်။ ထိုအစီရင်ခံစာကို နိုင်ငံတော်သမတက ပါလီမန်သို့တင်ပြရမည်။ သို့ရာ တွင် အဖွဲ့ သည်၊ နိုင်ငံတော်စာရင်းစစ်ချုပ်၏ ကြိုတင် သဘောတူညီချက်ဖြင့် ခန့်သော ပြည်သူ့ ဝန်ထမ်းမဟုတ် သည့် နာမည်ရ ငွေစာရင်းစစ်အား၊ နိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့် အဖွဲ့၏ငွေစာရင်းများကို ကုန်သည်တို့နည်းလမ်းအတိုင်း ကြားဖြတ် စစ်ဆေးစေနိုင်သည်။


၂၇။ ။ ကုမ္ပဏီတခုက မိမိ၏အသားတင်ဝင်ငွေပေါ်တွင် အခွန်များပေးဆောင်ရသည့် နည်းလမ်းအတိုင်း ထိုကုမ္ပဏီ၌ အခွန်ပေးဆောင်ရန် တာဝန်ရှိသည့်နှင့်အမျှ၊ အဖွဲ့မှာလည်း မိမိ၏အသားတင် ဝင်ငွေပေါ် တွင် အခွန်များပေးဆောင်ရန် တာဝန်ရှိရမည်။


၂၈။ ။ အဖွဲ့သည်၊ တန်ဘိုးယုတ်လျော့ခြင်းအတွက်နှင့် သီးသန့်ရံပုံငွေမှစ၍ အခြား ရံပုံငွေများအတွက်၊ နိုင်ငံတော်သမတက နိုင်ငံတော်စာရင်းစစ်ချုပ်နှင့် ညှိနှိုင်းတိုင်ပင်၍ သတ်မှတ်သည့်နှုန်းများနှင့် စည်း ကမ်းချက်များအတိုင်း ရံပုံငွေစီမံ ရာထားရမည်။


၂၉။ ။ ပုဒ်မ ၂၈ တွင်ဖေါ်ပြထားသည့်ရံပုံငွေ စီမံရာထားပြီးသည့်နောက် သတ်မှတ်ရမည့်အဖွဲ့၏ အသားတင် အမြတ်ငွေကို၊ အခါအားလျော်စွာ အဖွဲ့နှင့်ညှိနှိုင်းတိုင်ပင်၍ နိုင်ငံတော်သမတက ဆုံးဖြတ် သည့် နည်းလမ်းအတိုင်း သုံးစွဲရမည်။

အပိုင်း ၇။

[ပြင်ဆင်ရန်]
လက်အောက်အဖွဲ့များ။


၃၀။ ။ (၁) နိုင်ငံတော်သမတသည်၊ အဖွဲ့၏ ထောက်ခံချက်အရ အဖွဲ့၏ လက်အောက်ခံ လက်အောက် အဖွဲ့များကို ဖွဲ့စည်းနိုင်သည်။ အဆိုပါ လက်အောက် အဖွဲ့များသည်၊ အဖွဲ့၏ကြီးကြပ်အုပ်ချုပ်ခြင်းကို ခံ၍ အဖွဲ့က ထိုလက်အောက် အဖွဲ့များအား လွှဲအပ်သည့် အဖွဲ့၏အာဏာများနှင့် တာဝန်ဝတ်တရားများ ကို သုံးစွဲဆောင်ရွက်ရမည်။

(၂) လက်အောက်အဖွဲ့များ၏ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်လူကြီးတို့ကို နိုင်ငံတော်သမတက အဖွဲ့နှင့်ညှိနှိုင်းတိုင် ပင်လျက် ခန့်ထားရမည်။

အပိုင်း ၈။

[ပြင်ဆင်ရန်]
အထွေထွေ။


၃၁။ ။ အဖွဲ့၏ ရာထမ်း မှုထမ်းအားလုံးသည်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် သောအခါ၊ သို့တည်းမဟုတ် ဆောင်ရွက်သည့် သဘောသက်ရောက်သော အပြုအမှုကို ပြုသောအခါ၊ ရာဇ သတ်ကြီးပုဒ်မ ၂၁ ၏ အဓိပ္ပါယ်အရ ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု မှတ်ယူရမည်။


၃၂။ ။ ဤအက်ဥပဒေအရ ၊ သဘောရိုးဖြင့်ပြုလုပ်သော၊ သို့တည်းမဟုတ် ပြုလုပ်သည့် သဘောသက် ရောက်သော အပြုအမှုတခုခုနှင့်ပတ်သက်၍ ၊ အဖွဲ့အပေါ်တွင် ဖြစ်စေ၊ အဖွဲ့ဝင်လူကြီး တဦးဦးပေါ်တွင် ဖြစ်စေ၊ လက်အောက်အဖွဲ့ အပေါ်တွင်ဖြစ်စေ၊ ထိုအဖွဲ့ဝင်လူကြီး တဦးဦးအပေါ်တွင်ဖြစ်စေ၊ အဖွဲ့၏ ရာထမ်း မှုထမ်းတဦးဦးအပေါ်တွင် ဖြစ်စေ တရားမမှုစွဲဆိုခြင်း၊ သို့တည်းမဟုတ် ရာဇဝတ်မှုစွဲဆိုခြင်း မပြုရ၊ သို့တည်းမဟုတ် အခြားအမှုအခင်း မပြုရ။ သို့ရာတွင် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတခုက တရားမမှုစွဲဆိုနိုင်သကဲ့သို့၊ သို့တည်းမဟုတ် စွဲဆိုခံရထိုက်သကဲ့သို့ အလားတူအမှုများတွင် အလားတူ နည်းလမ်း ဖြင့်အဖွဲ့က၊ သို့တည်းမဟုတ် ဆိုခဲ့သည့်ပုဂ္ဂိုလ်ကဖြစ်စေ အဖွဲ့ကို၊ သို့တည်းမဟုတ် ဆိုခဲ့သည့် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ တရားမမှု စွဲဆိုခြင်းကို၊ ဤပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပိတ်ပင်ခြင်းမရှိစေရ။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်၊

နိုင်ငံတော်ယာယီ သမတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။


ရန်ကုန်မြို့၊ ၁၃၁၂ ခု၊ သီတင်းကျွတ်လဆုတ် ၈ ရက်။

(၁၉၅၀ ခု၊ နိုဝင်္ဘာလ ၃ ရက်။)


အမိန့်အရ၊

ခင်မောင်ဖြူ၊

နိုင်ငံတော်သမတအတွင်းဝန်။

[အမှတ် ၁၀၁]